
Part - 20 ဂျော်နီသည် အရက်သောက်ထားသဖြင့် သွေးကကြွနေသလို အိမ်ပြန်ရောက်လာသည့်တိုင် မိန်းမဖြစ်သူကို မမြင်တော့ စိတ်ကပိုတိုသွား၏။ စောင့်နေရင်းကို ကြာလာလေဒေါသပိုထွက်လာလေ ဖြစ်နေရာမှ အိမ်ထဲဝင်လာတာမြင်သည်နှင့် ဒေါသတကြီးပါးကိုပြေးရိုက်ပစ်သည်။
! ဖြောင်း!
" အမလေး!"
ခွေကျသွားကာ ကြမ်းပြင်ပေါ် လဲကျသွားသည့် ချစ်သမီး။ ဂျော်နီသည် မူးလာလျှင် သွေးဆိုးသူဖြစ်၏။ ကြမ်းပြင်ပေါ် လက်ကလေးထောက်ကာ လဲကျနေသည့် ချစ်သမီး၏အနားလျှောက်လာရင်းမှ ဆံပင်တွေကို လက်ဖြင့်ဆောင့်ဆွဲကာ နှစ်ပတ်မျှရစ်ပစ်လိုက်သည်။
" ကိုကို့.....အားးးနာတယ် နာတယ် "
" ကောင်မ.....နင် ဘယ်ကပြန်လာတာလဲ...ဟမ်။ ဒီအချိန်ထိဘယ်ကောင်နဲ့သွားတွေ့နေတာလဲ။ "
ကြီးမူက အတင်းပြေးလာရင်း ဂျော်နီ့လက်ထဲမှ ချစ်သမီးဆံပင်တွေကို ပြန်ဖြည်ရန်ကြိုးစားရင်း ရှင်းပြ၏။
" အမလေးလေး.....မမလေးတော့ သေပါပြီ။ သူ့အဖေအိမ်ကပြန်လာတာပါကွယ်....မင်း လက်မပါပါနဲ့။ "
အပေါ်ထပ်မှ ဂျော်နီ့အဖေ ဦးရွှေမိုးလဲ ဆူညံသံတွေကြောင့် ပြေးဆင်းလာကာ အဖြစ်အပျက်ကိုမြင်တော့ အနားရောက်လာရင်း သားဖြစ်သူကိုဆူ၏။
" ဟိတ်ကောင်.....မင်း ဘာလုပ်တာလဲကွ။ လွှတ်စမ်း......မင်း ကွာ......"
ချစ်သမီးက ကြောက်လန့်တာရော ဝမ်းနည်းတာပါပေါင်းကာ ရောငိုရှာ၏။ ရင်တွေတလှပ်လှပ်တုန်ယင်နေသလို ဖခင်ကျစ်ပေးထားသည့် ကျစ်ဆံမြီးမှာ ဆုတ်ဖွာလျက် ခေါင်းတစ်ခုလုံး မူးနောက်ထုံကျဥ်နေ၏။ မျက်ရည်စတွေက တလိမ့်ပြီးတလိမ့်စီးကျနေသလို မေးဖျားလေးက တဆတ်ဆတ်တုန်ယင်နေ၏။ ဂျော်နီငွေမိုးကတော့ ချစ်သမီးကို စူးစူးရဲရဲကြီး စိုက်ကြည့်ကာ တောက်တစ်ချက်ပြင်းပြင်းခေါက်ကာ အပြင်ထွက်သွား၏။
ထိုညကလဲ ထုံးစံအတိုင်း ဂျော်နီတစ်ယောက် အိမ်ပြန်မလာပေ။ ချစ်သမီးမှာလဲ လင်ဖြစ်သူကို စိတ်လဲဆိုး၊ကြောက်လဲကြောက်သွားသည်။နေ့လည်လောက်မှ ပြန်လာကာ ပြန်လာတော့ အချိုးကပြောင်းလာ၏။
" မိန်းမ.....မိန်းမရေ......မိန်းမ...."
လက်ထဲစားစရာတွေဆွဲလျက် အိမ်ထဲရွှင်မြူးစွာ ဝင်လာရုံမက သူ့အမှားသူသိကာ တောင်းပန်ချော့မြူလာသည်။
" ကိုယ် အရမ်းမူးနေလို့ပါ မိန်းမရယ်.....ကိုယ်မှားသွားတယ်နော်။အိမ်ပြန်လာတော့ ငါ့မိန်းမကို မမြင်တော့ ပိုဆိုးသွားတာ။ "
အတင်းကလူကာမြူကာ ချော့လာတော့လဲ စိတ်ဆိုးပြေပေးရ၏။ မပြေပေးလို့လဲ လင်မယားမှမကွဲနိုင်ပဲ။ စကားနာထိုးနေလျှင်လဲ အိမ်ထောင်ရေး မသာမယာဖြစ်တာသာ ရှိတော့မည်။ ထိုစိတ်ဖြင့် သည်းခံလျစ်လျူရှုလိုက်ပေမယ့် ဒီလိုပုံစံတွေဟာ အမြဲလိုလို အက်ကြောင်းထပ်လာခဲ့သည်။ အရက်မူးလာလျှင် ဂျော်နီသည် သွေးဆိုးသည်။ မိန်းမကို ရန်မရှာလျှင် ကြီးမူကိုရန်ရှာ၏။ရာဇဘွားက တမင်လွှတ်ပြီး သူ့ကိုစုံစမ်းတာဟုပြောသလို ပစ္စည်းတွေဆိုတာလဲ ထုရိုက်ချခွဲလွန်း၍ အိမ်တွင်အကောင်းထက် အကျိုးအပဲ့တွေသာ များလာသည်။
@@@@@@@@@@@@@
" ကဲ...ကော်ဖီသောက်ပါဦး ကိုဂျော်နီ။ မြလေးဖို့ လက်ဆောင်တွေ မဝယ်ခဲ့ပါနဲ့တော့။အားနာဖို့ သိပ်ကောင်းနေပြီကွယ်။ "
မမြလေး၏စကားကြောင့် ဂျော်နီသည် တဟဲဟဲရယ်ရင်း ပြီတီတီမျက်နှာပေးဖြင့် မမြလေးမျက်နှာကို စူးစိုက်ကြည့်လာသည်။
" အားမနာပါနဲ့ မြရဲ့။ ကိုယ်က ဘာလေးပဲမြင်မြင် မြကိုပဲပြေးမြင်နေတော့လဲ ခက်သားလား။ "
ဂျော်နီ့စကားကြောင့် မမြလေးကား မျက်စောင်းကို အမူပိုပိုထိုးလိုက်သည်။
" ကဲ...ဒါဖြင့် အိမ်ကမိန်းမကိုရော ဘယ်အချိန်တွေမှာ သတိရတုန်းရှင့်။ "
ဂျော်နီ့မျက်နှာက ကွက်ခနဲပျက်သွားသလို ဟန်ဆောင်ကာ မျက်နှာလေးငယ်ချရင်း သက်ပြင်းချ၏။ "
ဒီမိန်းမအကြောင်းတော့ ပြောမနေပါနဲ့ မြရယ်။ အချိန်ပြည့် အလှပြင်ရုံကလွဲ ဘာမှလုပ်တတ်တာ မဟုတ်ဘူး။ လင်ကိုပြုစုဖို့ နေနေသာသာ လင်ကသူ့ပြန်ပြုစုစေချင်တာ.....သူ့အဖေစနက်တွေလေ။ ကိုယ်စားဖို့ ထမင်းဟင်းတောင် ကိုယ်ချက်တတ်တဲ့မိန်းမ မဟုတ်ဘူး။"
မမြလေးက ခိုးခိုးခစ်ခစ်ပြုံးရယ်လာရင်းမှ....
" ကဲပါ......မြအိမ်မှာ လာစားပါရှင်။မြက ဟင်းချက်ကောင်းတယ်နော်။ "
ဂျော်နီ့မျက်နှာက မှိုရသလို ဝင်းလက်သွား၏။
" မြကိုရတဲ့ အမျိုးသားကတော့ သိပ်ကံကောင်းမှာပဲ။ "
နှစ်ယောက်သား၏အကြည့်တွေသည် အဓိပ္ပာယ်ကိုယ်စီဖြင့် ပြုံးမိသွားကြ၏။ မမြလေးကလဲ ဓာတ်ပြားခွေသာထုတ်ချင်တာမို့ ဂျော်နီ့ကို အလိုက်အထိုက် ဆက်ဆံပေးသည်။ ဂျော်နီကလဲ စားနေကျကြောင်ဖားပီပီ ပါးပါးနပ်နပ်ရှိသည်။ ချစ်သမီး ဒီနေ့အိမ်ကိုစောပြန်လာသည့် လင်ဖြစ်သူကြောင့် ထမင်းပွဲကို ကပျာကယာအသင့်ပြင်ကာ စောင့်နေလိုက်သည်။ ဟင်းတွေကဖွယ်ဖွယ်ရာရာပေမယ့် ဘိုဆန်ဆန်ဖြစ်အောင် ပြင်ရသည်။ဘိလပ်ရည်ကိုလဲ အဆင်သင့်ချထားရသလို ဇွန်းနဲ့ခက်ရင်းနဲ့မှ စားတာမို့အသင့်ပြင်ထားပေး၏။
" ကိုကို....လာလေ ထိုင်။ "
အပျိုတုန်းက အိမ်မှာ ရွှေပေါ်မြတင် ဟိတ်ကြီးဟန်ကြီးဖြင့် ထောင်လွှားခဲ့သမျှ လင်ရတော့ ပြားပြားဝပ်နေရသလိုပင်။ ဂျော်နီက ဟင်းချိုကို တစ်ဇွန်းခပ်မြည်းရင်းမှ ချလွမ်ခနဲ ပစ်ချလိုက်သဖြင့် ချစ်သမီးရော ကြီးမူပါ ထိတ်ထိတ်ပြာပြာဖြစ်သွားကြကာ အကြည့်ချင်းဆုံသွား၏။
" ဒီဟင်းချို ဘယ်သူချက်တာလဲ။ "
ချစ်သမီး သက်ပြင်းချလိုက်ရင်းမှ တံတွေးကို ဂလုခနဲ မျိုချမိသည်။
" ဘာ...ဘာဖြစ်လို့လဲဟင်။ "
" ဟ!ဘာအရသာမှကို မရှိဘူး။ မင်းတော်တော်အသုံးမကျတဲ့မိန်းမပဲ ချစ်သမီး။ ငါ လုပ်လိုက်ရ...."
" အမလေး!!...."
ကြီးမူက ချစ်သမီးရှေ့မှ ကပျာကယာပြေးကာသသည်။ ဂျော်နီက နှစ်ယောက်လုံးကို ဒေါသတကြီးစိုက်ကြည့်ရင်း ဆဲဆိုအော်ဟစ်ကာ အိမ်ပေါ်ထပ်တက်သွားသည်။ထိုအခါမှ အသက်ရဲရဲရှူနိုင်ရင်း ချစ်သမီးအံလေးကြိတ်ထားမိ၏။ ဖေကြီးရေ.....သမီးမှားပြီ။
@@@@@@@@@@@@
" မြလေးဆိုတာ ဘယ်ကောင်မလဲ ကိုကို။"
ဂျော်နီ့အကြည့်က ချစ်သမီးဆီ စူးခနဲရောက်သွား၏။ "
မင်း ဘာတွေလာပြောနေတာလဲ။ "
" မြလေးဆိုတဲ့မိန်းမနဲ့ကိုကို့သတင်းတွေ ကြားနေရတာ ကြာပြီ။ ကိုကို့မယားငယ်လား။ "
ရိုက်နှက်တုန်းက သီးခံနိုင်ပေမယ့် မိန်းမသားပီပီ ဖောက်ပြန်တာတော့ ဘယ်လိုမှသီးခံနိုင်စွမ်းမရှိပေ။ ဒေါသထွက်လွန်း၍ အသားတွေတဆတ်ဆတ်တုန်နေသလို ရင်ထဲကနာနေ၏။
" ချစ်သမီး....မင်းငါ့ကို ဘယ်လေသံနဲ့ပြောနေတာလဲ။ မြလေးကို မင်း ဘာမှပြောနေစရာမလိုဘူး။သူနဲ့မင်းက ယှဥ်စရာကိုမလိုတာ.... မင်းကဘယ်နေရာတွေအသုံးကျနေလို့လဲ။ "
" ဘာ!...ဘာပြောတယ်။ "
ချစ်သမီး ဒေါသတကြီးရှေ့တိုးသွားရုံရှိသေး ဂျော်နီက ခြေထောက်ဖြင့်လှမ်းကန်ပစ်တာမို့ ကြမ်းပြင်ပေါ်လဲကျသွားရသည်။ အခန်းအပြင်မှ ရင်တထိတ်ထိတ်ဖြင့်အကဲခတ်နေသည့် ကြီးမူမှာ လာပြေးဆွဲရန်ပြင်ရုံရှိသေး ဂျော်နီက အခန်းတံခါးကိုပြေးပိတ်ပစ်သည်။
" ဝုန်း.....ခွမ်း "
" ဒုန်း!...!
" အားးးးလူယုတ်မာကြီး။ "
အခန်းထဲမှအသံတွေက ဗြောင်းဆန်နေသလို ကြီးမူမှာလဲ ဘာလုပ်လို့လုပ်ရမှန်းမသိ ။ အခန်းတံခါးကို တဒုန်းဒုန်းပြေးထုလိုက်၊အော်ခေါ်လိုက်ဖြင့် အိမ်မှာ ဦးငွေမိုးလဲမရှိတာမို့ ကူမည့်ကယ်မည့်သူကမရှိ။
" အမလေးးးးသတ်ကုန်ပြီ သတ်ကုန်ပြီတော်။သေတော့မှာပဲ။ "
ကြံရာမရသည့်အဆုံး ရာဇဘွားရှိရာ ဆန်စက်ဆီ မြင်းလှည်းငှားပြီးပြေးသွား၏။ ဆန်စက်ထဲငိုကြီးချက်မဖြင့် ထဘီမနိုင်ပုဝါမနိုင်ပြေးဝင်သွားရင်း....
" ဆရာရေ.....ကယ်ပါဦး။ မမလေး....မမလေးကို ဂျော်နီသတ်နေပြီ။ "
ရာဇဘွားက သူ့သမီးကို နဂိုသဲသဲလှုပ်သူပင်။ လေသံလေးပင် မာမာပြောသည့်လူမဟုတ်သလို မူမူ့စကားကြားလိုက်ရသည့်ခဏ ဆောက်တည်ခြင်းကင်းမဲ့သွား၏။
သူ့သမီးကို.....ရာရာစစ သူ့သမီးလေးကို ဒီကလေကချေကောင်က ရိုက်နှက်သည်တဲ့လား။
@@@@@@@@@@@@@@@@@@@@@
To be continue P - 21
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ