ရန်ကုန်တစ်ဖက်ကမ်းမြို့ဆီအလည်တစ်ခေါက် …
lotaya.mpt.com.mm
|
2023-08-21

ရှည်လျားတဲ့ တံတားကို ဖြတ်နေတဲ့အချိန်မှာ တစ်ဖက်က ဆောက်လက်စ တံတားကြီးက မျက်နှာပြောင်ပြနေသလို ခံစားရသည်။ အကြောင်းရင်းကား ..လက်ရှိတံတားပေါ်မှာ တစ်လမ်းသွားမှာ တစ်မိနစ်ကို တလှိမ့်နှုန်းနှင့် ရွေ့နေရသောကြောင့်ပင်။ စိတ်ရှည်ရှည်ထား၊ မြစ်ကိုဖြတ်တိုက်လာတဲ့လေကို အားရပါးရရှုပြီး တံတားပေါ်ကနေ သန်လျင်မြေကို စတင်လိုက်ချိန်မှာတော့။

အိစက်ညက်ညောတဲ့ကတ္တရာသားက လူကို အခြားတစ်နေရာရောက်သွားစေသလို ခံစားရစေသည်။ ကိုယ်စီးလာတဲ့ကားက စုတ်ချာတဲ့အထဲပါတာတောင် အသံဆူညံမှုတွေလျော့ပါးသွားသည်။ ဒီလိုနှင့် အရမ်းကောင်းတဲ့လမ်းမတန်းကြီးကနေ ရပ်ကွက်ထဲကို အရောက်မှာ…။

“အမလေး .. ကုန်ပါပြီတော် .. ကုန်ပါြပီ..”

“ဟာ … ကြီးတော် .. ဘာဖြစ်လို့လဲဗျ”

“ငါ .. ၆ထိပ်အပိုင်ဆိုပြီး အောလိုက်တာ .. အခု ၃ထိပ်ဖြစ်သွားလို့”

“အာ …”

အခုတလော သန်လျင်မှာ ခိုးဆိုးလုနှိုက်တွေအရမ်းပေါနေကြောင်း အရင်ရက်တွေက သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ထားတာကြောင့် တစ်ခုခုများအခိုးခံလိုက်ရတာလို့ ထင်မိလိုက်သည်။ ပြီးမှ သူက နှလုံးထီထိပ်စည်းလွဲသွားတာကို ကြေကွဲနေခြင်းဖြစ်နေ၏။

“ပလိန်းတစ်ခွက်ဆေးလိပ်တစ်ပွဲလောက်”

ရပ်ကွက်လမ်းထိပ်မှာ ကယ်ရီဂိတ်ရှိသည်။ ပြီးတော့ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ တိုရှည်ဆိုင်၊ ဓမ္မာရုံ တို့ ရှိကြသည်။ ရပ်ကွက်ထိပ်က နှစ်ရပ်ကွက်ကြားဖြစ်နေတာကြောင့် ဆုံချက်လိုဖြစ်နေပြီး ပိုမိုစည်ကားလေသည်။ သို့သော် .. လက်ဖက်ရည်ဆိုင်ကတော့ နည်းနည်းစုတ်ချာသည်။

“ဟဲ့ …မိစံ .. နင့်ဆိုင် .. ဆိုင်းဘုတ်လေးဘာလေးတင်ပါလား”

“ဦးလေးရယ် မနောက်ပါနဲ့ .. အခုတောင် ဆိုင်ခန်းခအလျင်မမီလို့”

ပြောတဲ့သူကလည်း အာချောင်တာပဲဖြစ်လိမ့်မည်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်၊ ပလိန်း၊ ဆေးလိပ်နှင့် မနက်ပိုင်း ထမင်းကြော်တစ်မျိုးသာရသည်။ စားပွဲဝိုင်းကလည်း လေးဝိုင်းသာရှိသည်။ အမိုးက ဓနိမိုးထားပြီး ဝါးတိုင်ခြောက်တိုင်နှင့် ဖြစ်သလို လုပ်ထားခြင်းဖြစ်သည်။ ဒါပေမဲ့ သွားရှုပ်လို့တော့မရဘူး။ အောက်ကိုတော့ ကွန်ကရစ်ခင်းထားသည်။

“မကြီးမိစံက ဂေါ်တယ်နော် … ဆိုင်ကသာအစုတ်။ အောက်က ကွန်ကရစ်နဲ့”

“ဟဲ့ .. ဘယ်လောက်ဆင်းရဲဆင်းရဲ ထမိန်တထည်တော့ ရအောင်ဝတ်ထားရသလိုပေါ့”

ဒီဆိုင်လေးက မနက်ဆိုရင် လူစည်ကားသည်။ ဘာလို့လည်းဆိုတော့ သူတို့တစ်ဆိုင်ပဲရှိသောကြောင့်ပင်။ ကြိုက်ကြိုက်မကြိုက်ကြိုက် ကောင်းကောင်းမကောင်းကောင်း ဒီဆိုင်မှာသာ ထိုင်ကြရသည်။ ဆုံကြရသည်။

“မင်းသိပြီးပြီလား”

“ဘာကိုလဲဟ အစမရှိအဆုံးမရှိ”

“အောင်ကို ပိုက်ဆံအိတ်နဲ့ဖုန်းနဲ့ အလုခံလိုက်ရတာလေ”

“ဟေ .. ပြောစမ်းပါဦး”

အောင်ကို ပိုက်ဆံအိတ်နဲ့ဖုန်းနဲ့ အလုခံရတဲ့ကိစ္စမပြောခင် အောင်ကို အကြောင်းကို နည်းနည်းပါးပါးပြောဖို့လိုမည်။

အောင်ကို က အင်မတန်ကပ်စေးနဲသလောက် အကြွားသန်သည်။ အခုနောက်ပိုင်းပိုဆိုးသွားတာက သူ့သူငယ်ချင်းက နိုင်ငံခြားကနေသူ့အတွက် ပိုက်ဆံအိတ်တစ်လုံး လက်ဆောင်ပို့ပေးလိုက်သည်။ အဲဒီနောက်ပိုင်းသူက အဲဒီပိုက်ဆံအိတ်ကို ခါးကြားမှာမပြတ်တမ်းထိုးထားတော့၏။

“ရှင်းမယ် .. ဘယ်လောက်ကျလဲ”

“၇၅၀”

ခါးကြားထဲက ပိုက်ဆံအိတ်ကြီးကို ဟန်ပါပါထုတ်ကာ .. ဟိုကြည့်ဒီကြည့်နှင့်

“အကြွေမရှိလို့ .. နောက်တစ်ခေါက်မှယူတော့”

“ဟဲ့ .. မသာ .. နင့်ဟာ ဘယ်လောက်တန်လဲ … ပေး .. ငါအမ်းပေးမယ်”

“ဘယ်လို ဈေးသည်တုန်းဟ .. စကားပြောတာရင့်လိုက်တာ”

အဲဒီအချိန်ဘေးမှာထိုင်နေတဲ့တစ်ယောက်က ..

“ဆိုင်နာမည်က ပြေပြေလည်လည်ဆိုင်လေကွာ”

ဘေးကဝင်ပြောတဲ့သူကို မိစံကလည်း ပက်ကနဲ..

“သဒေါင်းဇား .. နင်ဝင်ပြီး အာမချောင်နဲ့”

အမှန်တကယ်တော့ အောင်ကို ရဲ့ ပိုက်ဆံအိတ်ထဲမှာ နှစ်ရာတန်တစ်ရွက်နှင့် ဗိုလ်ချုပ်ပုံတစ်ထောင်တန်တစ်ရွက်သာ ပါသည်။ ဗိုလ်ချုပ်ပုံတစ်ထောင်တန်က အလယ်က ထပ်ပိုင်းပြဲနေတာကို တိတ်နှင့်ပြန်ကပ်ထားခြင်းဖြစ်၏။ ဗိုလ်ချုပ်ပိုက်ဆံရဲ့ အရောင်က တစ်သောင်းတန်နှင့်ဆင်တူတာကြောင့် .. အောင်ကို က ဟိတ်ဟန်များနေခြင်းဖြစ်သည်။ ဒါပေမဲ့ .. မိစံ ကိုတော့ ဒါမျိုးလာလုပ်လို့မရဘူး။

အောင်ကို ..က မျက်နှာငယ်လေးဖြင့် ..

“ဟိုဟာ ..လေ … ဒါက ထက်ပိုင်းပြဲနေလို့”

“အဲဒါဆို ..ပိုက်ဆံမပါဘူးပေါ့”

“ဟီး .. နှစ်ရာတန်တစ်ရွက်ပဲ ပါတယ်”

“ပေး.. အဲဒီ နှစ်ရာ .. ငါးရာ့ငါးဆယ်ကျန်။ နောက်ကို ပိုက်ဆံမရှိဘဲ ဖင်မယားနဲ့”

အမှန်တကယ်တော့ အောင်ကို က ဝင်ငွေကောင်းသည်။ ဒါပေမဲ့ အပြင်ထွက်ရင် ဘယ်တော့မှ ပိုက်ဆံလုံလုံလောက်လောက်မထည့်။ အခု အောင်ကို ပိုက်ဆံအိတ်အလုခံလိုက်ရတယ်ဆိုတော့ .. လူတွေအားလုံးက .. သနားဂရုဏာဖြစ်ကြသည်။

“အေးဟယ် .. သနားပါတယ်”

“ကံဆိုးလိုက်တာ”

“ဟုတ်ပ .. “

သူတို့အားလုံး သနားနေကြတော့ အောင်ကို က ..

“ဘာမှစိတ်မပူပါနဲ့ .. အဲဒီထဲမှ တစ်ထောင်တန်အပြဲတစ်ရွက်ပဲပါသွားတာပါ”

“ဟဲ့ .. ငါတို့ သနားနေတာ .. နင့်ပိုက်ဆံအိတ်လုသွားတဲ့သူကိုဟဲ့ ..”

“အေးလေ … ဘယ်လောက် ကံဆိုးလိုက်လဲ”

“သူ့ခမျာ မရှိလို့ လု စားပါတယ်ဆိုမှ .. နင့် အိတ်ကိုမှ လုရတယ်လို့”

အကုန်လုံးက သူ့ကို ဝိုင်းသနားနေတာမဟုတ်မှန်းသိတော့ အောင်ကိုက မခံချင်စိတ်ဖြင့် .. ထပြောသည်။

“ကျွန်တော်လိမ်ပြောနေတာ .. အဲဒီအိတ်ထဲမှာ ပိုက်ဆံက တစ်ထောင်တန်တစ်ရွက်ထဲမဟုတ်ဘူးဗျ”

အားလုံးမယုံနိုင်ဖြစ်သွားကြသည်။ ပြီးတော့ .. အောင်ကို က မျက်ရည်တွေဝေ့တက်လာကာ ..

“ပြီးတော့ .. ကျွန်တော့်ဖုန်းလည်း ပါသွားသေးတယ်ဗျာ”

အားလုံးတိတ်ဆိတ်သွားကြသည်။ ဘာပဲဖြစ်ဖြစ် ဖုန်း တောင်ပါသွားတယ်ဆိုတော့ ဒီတစ်ခါတော့ အောင်ကို ကို အမှန်အကန်သနားကြတော့မလို့ ဟန်ပြင်နေချိန်မှာပဲ ..

“တီ .. တီ.. တီ.. တီ..”

အောင်ကို့ ဖုန်း က ထမြည်လာခြင်းဖြစ်သည်။

“ဟင် .. မင်းပြောတော့ .. ဖုန်းပါသွားတယ်ဆို”

“ဒါက မိန်းမဖုန်းဗျ”

“ဒါဆို .. ပါသွားတဲ့မင်းဖုန်းကို မခေါ်ကြည့်ဘူးလား”

“ခေါ်တယ် .. စက်ပိတ်ထားလို့..”

“အခုခေါ်ကြည့်ကွာ”

အားလုံးဝိုင်းပြီး တိုက်တွန်းတော့ အောင်ကို ခေါ်ကြည့်သည်။ ဒီတစ်ခါတော့ ဖုန်းက ဝင်သွားသည်။ ပုံမှန်ဆို အောင်ကို အနေနဲ့ ကိုယ့်ပစ္စည်းပြန်ရဖို့ မျှော်လင့်ချက်ရှိတဲ့အခြေအနေမှာ ပျော်ရမှာဖြစ်ပေမဲ့ သူ့မျက်နှာပျက်သွားသည်။ ဖုန်းကို စပီကာဖွင့်ပြီးနောက် …

“ဟဲလို …”

“ဟေ့ကောင် .. ဖုန်းသူခိုး .. “

“အော် ..ခင်ဗျားက ဖုန်းပိုင်ရှင်လား”

“အေး … ဟုတ်တယ် .. ငါ့ ဖုန်းပြန်လာပေး”

“လာတော့မပေးနိုင်ဘူး။ နာရီစင်ထိပ်က အမှိုက်ပုံပေါ်မှာ ခင်ဗျားပိုက်ဆံအိတ်ရော၊ ဖုန်းရော ပြန်တင်ထားခဲ့မယ်”

ကျန်တဲ့သူတွေအားလုံး အံ့အားသင့်သွားကြသည်။ ဒီလောက်လွယ်လွယ်ကြီး ပြန်ရလိမ့်မယ်လို့ မထင်ထားကြ။ အဲဒါနဲ့ မနေနိုင်တဲ့တစ်ယောက်က အောင်ကို ပြောနေတဲ့ဖုန်းကို ဆွဲယူလိုက်ပြီး ..

“နေပါဦး… မင်းက သူ့ဆီက ဖုန်းတွေပိုက်ဆံအိတ်တွေ လုတုန်းကလုပြီး ဘာလို့အခုပြန်ပေးနေတာလဲ”

“ထွီ .. ကျွန်တော့် ဘဝတစ်လျှောက် ခိုးလိုက်, လုလိုက်လုပ်လာတာ ဆယ်နှစ်လောက်ရှိပြီ။ ဒီလောက် မွဲ တဲ့ကောင် မတွေ့ဖူးဘူး။ ဝတ်ထားတာမှအားမနာ..။ အိတ်ထဲမှာ ပိုက်ဆံက တစ်ထောင်တန်အပြဲတစ်ရွက်နဲ့ ငါးဆယ်တန်အနွမ်းတစ်ရွက်”

အကုန်လုံးက အောင်ကို ကို ဝိုင်းကြည့်ကြတော့ .. အောင်ကိုက

“တစ်ထောင်တန်တစ်ရွက်ထဲ မဟုတ်ဘူးလို့ပဲ ပြောခဲ့တာလေ”

တစ်ဖက်က ဆက်ပြောသည်။

“ဖုန်းကလည်း ကီးပတ်ဖုန်းကို မှန်က ကွဲနေသေးတယ်ဗျာ … ပြီးတော့ .. ဘေလ်က ကုန်နေတဲ့အပြင် ချေးတောင်ချေးထားသေးတယ်။ အဲဒီဘဲကို မြန်မြန်လာယူခိုင်းလိုက်တော့ .. ကျွန်တော် ဘေလ်တစ်ထောင်ပါထည့်ပေးထားတယ်ဗျာ”

ကျွန်တော့်မှာ အောင်ကို အကြောင်းကြားပြီး ငိုရမလို ရယ်ရမလိုဖြစ်နေတော့သည်။

ခြူသစ်မောင် 

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ChuThitMg




Some text some message..