
စ...ဆုံး
ကောင်းကင်၌လမင်းကြီးကထိန်ထိန်သာနေခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး၌လည်း
ပုရစ်အော်သံနှင့် ရံဖန်ရံခါကြားရသော
ညငှက်တို့၏အော်သံများမှလွှဲ၍မည်သည့်အသံမှ
မကြားရပေ။
ထိုအချိန် ပြေးလွှားသံတစ်ချို့ထွက်ပေါ်လာခဲ့၏။
“လာ....ညို...အစ်ကိုတို့အမြန်ပြေးကြမှရလိမ့်မယ်”
ဟုသောအသံနှင့်အတူ တစ်ယောက်ကိုတစ်ယောက်
လက်ကိုခိုင်ခိုင်တွဲထားပြီး နောက်ကိုတကြည့်ကြည့်ဖြင့်
ပြေးလွှားနေသော ယောကျာ်းတစ်ယောက်နှင့်မိန်းမတစ်ယောက်တို့ရောက်ရှိလာခဲ့သည်။
လရောင်အောက်တွင်သူတို့နှစ်ဦး၏
မျက်နှာကစိုးရိမ်ထိတ်လန့်နေမှုများက
အထင်းသားပေါ်လွင်နေခဲ့သည်။
မကြာပါထိုနေရာကိုသူတို့ကျော်ဖြတ်သွားအပြီး
အနောက်ဆီမှတုတ်များ၊ ဓားများဆွဲ၍
ဒေါသတကြီးလိုက်လာသည့်
လူဆယ်ယောက်မကသည့် အုပ်စုတစ်စုရောက်လာခဲ့ပြန်သည်။
“တောက်...ရှာကြစမ်း...သေသေချာချာရှာကြ....
ဒီခွေးမနဲ့ခွေးကောင်ကို တွေ့တဲ့နေရာကဆွဲခေါ်ခဲ့ကြ”
“ဟုတ်ကဲ့သူဌေး...”
အသက်ငါးဆယ်ကျော်လူကြီး၏စကားကိုကျန်လူများက
ခေါင်းညိတ်၍ပြောကြသည်။
ထိုလူကြီး၏စကားအတိုင်းလည်း
နေရာလွတ်မကျန်ရှာဖွေကြ၏။
သို့သော် အစောပိုင်းကအမျိုးသားနဲ့အမျိုးသမီးသည်က
ဝေးနိုင်သမျှဝေးဝေးပြေးနေကြလေပြီ။
ရွာတစ်ရွာထဲသို့ သုတ်သီးသုတ်ပျာပြေးလာကြသော
အမျိုးသားနဲ့အမျိုးသမီးကိုရွာမှလူများက
ဝိုင်းကြည့်ကုန်ကြသည်။
အမျိုးသားက...
“ဒီရွာက ဖိုးကျော်တို့အိမ်ကိုညွှန်ပေးလို့ရမလားခင်ဗျ”
“ဖိုးကျော်တို့အိမ်လား...
အရှေ့ကရေချမ်းအိုးချထားတဲ့အိမ်ပဲ”
“သြော်...ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ”
ဟုပြော၍ အမျိုးသမီးကိုလက်မှဆွဲ၍သွားကြတော့သည်။
သူတို့နှစ်ဦးကိုကြည့်၍ ကျန်လူများကလည်း
စူးစမ်းနေကြလေသည်။
“ဖိုးကျော်ရေ...ဖိုးကျော်...”
ဟုအိမ်အပြင်ဆီမှအော်ခေါ်လိုက်တော့ ပုဆိုးခပ်တိုတိုဝတ်ဆင်ထားသော လူတစ်ယောက်အိမ်ထဲမှထွက်လာခဲ့၏။
“ဟာ...မင်းမောင်...”
“အေး...ငါပါကွ”
ဖိုးကျော်ကခြံတံခါးကိုဖွင့်ပေးရင်း မင်းမောင်နှင့်အတူပါလာသော မိန်းကလေးကိုကြည့်၍...
“သူက...”
ဟုမေးလေတော့ မင်းမောင်ကပြုံး၍...
“ဒါ...ငါ့ချစ်သူ ညိုညိုလှတဲ့...
ငါတို့ခိုးပြေးလာကြတာကွ”
“ဟေ...ခိုးပြေးလာကြတယ်...ဒါဆို”
ဖိုးကျော်က မင်းမောင်ကိုစိုးရိမ်ထိတိလန့်ဟန်ဖြင့်ပြောလေသည်။
“အေး...ငါ့အဖေကသဘောမတူဘူးကွ...
ငါတို့ကိုလိုက်ရှာနေတယ်...ငါလည်းမင်းကိုသတိရမိတာနဲ့
ဒီကိုလာခဲ့တာ”
“အေးလေ...ဖြစ်ပြီးမှတော့ဘယ်တတ်နိုင်မလဲ...
ဒါပေမယ့်မင်းတို့ဒီမှာနေလို့လည်းအဆင်မပြေနိုင်ဘူး
ဒီရွာကမင်းတို့ရွာနဲ့နီးတော့ မင်းအဖေအချိန်မရွေးရှာတွေ့နိုင်တယ်ကွ”
“ဒါဆိုငါတို့ကဘယ်သွားရမှာလဲကွာ...”
“နေပါဦး...အေး...ငါအကြံရပြီ...
ငါ့အဘိုးအဘွားတွေနေတဲ့ရွာတော့ရှိတယ်ကွ...
ဒီရွာနဲ့အတော်ဝေးတယ်...အဲ့သည်မှာဆိုရင်
မင်းအဖေတို့ရှာတွေ့ဖို့လမ်းမမြင်ဘူး...
မင်းတို့ကိုငါကိုယ်တိုင်လိုက်ပို့ပေးမယ်ကွာ...”
“အားကိုးပါတယ်သူငယ်ချင်းရယ်...
ငါ့မှာမင်းပဲရှိတာပါ...”
“အေးပါကွာ...စိတ်ချစမ်းပါ...
မင်းတို့ဘာမှမဖြစ်စေရဘူး...
ဒါနဲ့ ငါအခုမှသေသေချာချာကြည့်မိတယ်...
မင်းတို့နှစ်ယောက်ကအတော်လိုက်ဖက်တာပဲကွ...
မင်းကလည်းညိုချော...
မညိုညိုလှကလည်းညိုချောဆိုတော့...
မင်းတို့က နတ်ဖက်တဲ့စုံတွဲပဲကွ”
ဖိုးကျော်စကားကြောင့်မင်းမောင် နဲ့ညိုညိုလှတို့လည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍
ပြုံးသွားကြရှာသည်။
ခဏကြာတော့ ဖိုးကျော်ကနွားလှည်းပြင်၍
မင်းမောင်နဲ့ညိုညိုလှတို့ကို
သူ၏အဘိုး...အဘွားနေထိုင်သောရွာလေးဆီသို့
ခေါ်သွားခဲ့တော့၏။
“မင်းတို့ဟိုရောက်ရင်ဘာမှမပူကြနဲ့...
ငါ့အဘိုးနဲ့အဘွားက လယ်ရှင်...ယာရှင်တွေဆိုတော့...
နေစားမခက်ပါဘူးကွာ...”
“ရပါတယ်ဖိုးကျော်ရာ...ငါတို့အတွက်နေစရာလေးရရင်ကို
ကျေနပ်ပါပြီ...စားဖို့အတွက်ကတော့
ငါကြုံရာအလုပ်လုပ်မှာပါကွ...”
“အိုတော်...အစ်ကိုမလုပ်ရပါဘူး...အစ်ကိုကမွေးကတည်းက
ဆင်းရဲဒဏ်ခံခဲ့ဖူးသူမဟုတ်ဘူး...
ကျုပ်လယ်တောလိုက်ပြီးအစ်ကို့ကိုရှာကျွေးမှာပါ...”
“အမယ်လေးဗျာ...အစ်ကို ကယောကျာ်းပါညိုရယ်...
မိန်းမတစ်ယောက်လုပ်စာကိုထိုင်စားရလောက်တဲ့အထိ
အစ်ကိုက မယုတ်ညံ့သေးပါဘူးကွာ...”
“ညို အဲ့လိုပြောတာမဟုတ်ပါဘူးအစ်ကိုရယ်...
အစ်ကိုပင်ပန်းမှာဆိုးလို့ပါ...”
“ကိုယ့်မိန်းမအတွက်ပဲဘာပင်ပန်းရမှာလဲညိုရယ်...”
“အို...အစ်ကိုကလည်း...”
မင်းမောင် နဲ့ညိုညိုလှတို့၏စကားများကိုနားထောင်ရင်း
နွားလှည်းမောင်းနေသောဖိုးကျော်မှာ ပြုံးစစဖြစ်နေခဲ့၏။
“မင်းတို့ကွာ...ငါတစ်ယောက်လုံးရှိပါသေးတယ်ဟ...
တော်ယုံပဲ...ပြောကြစမ်းပါကွာ....”
“မ...မဟုတ်ပါဘူး ဖိုးကျော်ရာ...”
“ဟားးး...ဟားးး...ဟားးးး....ငါသိပါတယ်မင်းမောင်ရာ...
မင်းတို့အခုလိုတစ်ယောက်အပေါ်မှာတစ်ယောက်မေတ္တာထားကြတာမြင်တော့ငါသဘောကျမိလို့ပါကွာ...
မပူပါနဲ့ကွာဟိုကျရင်ငါအဘိုးနဲ့အဘွားဆီမှာ
မင်းတို့ကိုသေချာအပ်ခဲ့ပေးမှာပါ”
“ကျေးဇူးပါပဲကွာ...”
မင်းမောင်နဲ့ညိုညိုလှတို့လည်းတစ်ယောက်ကိုတစ်ယောက်
ကြည့်ရင်းပြုံးနေကြတော့၏။
ဖိုးကျော်၏အဘိုးတို့ရှိသောရွာသို့အနှောက်အယှက်ကင်းကင်းရောက်ရှိလာကြသည်။
ဖိုးကျော်၏အဘိုးအိမ်မှာခြံဝန်းမှာအတော်ကျယ်၏။
နွားများထားရာနေရာကတစ်ခု...
ခြံထဲ၌သီးပင်စားပင်များစိုက်ပျိုးထားသောကြောင့်
အရိပ်ရပေသည်။
“မင်းမောင်....လာကြကွ”
နွားလှည်းဖြုတ်ပြီးသည်နှင့် ဖိုးကျော်ကပျဥ်ထောင်နှစ်ထပ်ဖြင့်
တည်ဆောက်ထားသော ဖိုးကျော်၏အဘိုးအိမ်ထဲသို့
မင်းမောင်တို့ကိုခေါ်သွားခဲ့သည်။
“ဟ...ငါ့မြေးဖိုးကျော်ပါလား...
အဘိုးက မင်းဦးကြီးမှတ်နေတာကွ...လာကြထိုင်ကြကွာ...”
“ဟုတ်ကဲ့အဘိုး...”
သွားသုံးလေးချောင်းသာရှိပြီးပါးစပ်ထဲ၌ကွမ်းကိုမြုံထားသော
ဖိုးကျော်၏အဘိုးက သူတို့အားမြင်မြင်ခြင်းပြောလိုက်သည်။
“ဟုတ်တယ်အဘိုးရေ...ကျုပ်လည်းကိစ္စပေါ်လာလိုရောက်လာခဲ့တာဗျ...ဒါနဲ့အဘွားကောဘယ်သွားတုန်းဗျ”
“မင်းအဘွားအနောက်အိမ်မှာ သွားလည်နေလေရဲ့...
ကဲပါ...ဆိုစမ်းပါဦး...ဘာတွေများအရေးကြီး
လာကြတာတုန်းကွ”
“အရေးကြီးဆို...ဒါကျုပ်သူငယ်ချင်းမင်းမောင်လို့
ခေါ်တယ်အဘိုး...ဒါကသူ့ချစ်သူ ညိုညိုလှတဲ့ဗျ”
ဟု...ဖိုးကျော်ကမိတ်ဆက်ပေးလေတော့ အဘိုးကြီးက
မင်းမောင်တို့နှစ်ယောက်ကိုကြည့်၏။
ပြီးလေမှ မျက်နှာကပြုံးသွားကာ...
“သိပြီ...သိပြီ...ငါ့မြေးတို့နှစ်ယောက်က
ခိုးပြေးလာကြတယ်ပေါ့...ဒါကြောင့်ဒီကိုရောက်လာကြတာမဟုတ်လား”
အဘိုးကြီးစကားကြောင့်မင်းမောင်ကပြုံးပြီး
ညိုညိုလှကတော့ရှက်သလိုမျက်နှာလေးအောက်ငုံ့ထားလေသည်။
“မရှက်ပါနဲ့ကွယ်...ဒီအဘိုးကြီးက
ငယ်ရာကကြီးလာတာပါမြေးတို့ရဲ့...
အဘိုးအိမ်မှာနေချင်သလောက်နေ...
အေးဒါပေမယ့် မိသားစုစိတ်ဓာတ်တော့အပြည့်ရှိရမယ်နော်...”
“စိတ်ချပါအဘိုး...ကျုပ်တို့နှစ်ယောက်အဘိုးပြောတဲ့
အတိုင်းနေပါ့မယ်”
“အေး...အေး..ဒါနဲ့အဘိုးနာမည်လဲမှတ်ထားကွ...
အဘိုးနာမည်က ဦးဖိုးလုံးလို့ခေါ်တယ်...
မင်းတို့အဘွားနာမည်ကတော့ ဒေါ်စိန်ကြီးတဲ့ကွာ...”
“ဟုတ်ကဲ့...”
“ဟိုကောင်ဖိုးကျော်...”
“ဗျာအဘိုး...”
“မင်းအဘ လယ်တောဒီနှစ်ဘယ့်နဲ့လဲ...”
“နှမ်းရတာတော့မဆိုးပါဘူးအဘိုးရာ...စားဖို့တော့ရပါတယ်”
“အေး...စားဖို့မရရင်တော့မင်းတို့ညံ့လို့ပေါ့ကွာ...”
“အဘိုးကလည်းဗျာ...ကျုပ်အဘကိုဆိုရင်
ဘယ်တုန်းကမှအမြင်မကြည်ဘူး...”
“ဟကောင်ရ...မင်းအဘက ငပျင်းဟ...
ငါ့သမီးလေးကပဲနေရာတကာ
ဦးစီးဦးဆောင်နေရတာလေကွာ...
ဒါတွေပြောရင်ဒေါတွေပါတယ်ဟေ့...”
“စိတ်တွေလျော့ပါအဘိုးရာ...
ကျုပ်တို့ညီအစ်ကိုရှိပါတယ်ဗျ...
အဘိုးသမီးအတွက်စိတ်မပူပါနဲ့ဗျာ...”
“အေး...မင်းတို့ရှိလို့စိတ်အေးတာဟေ့...
မှတ်ထားကြငါ့မြေးတွေ ယောကျာ်းဆိုတာ...
အိမ်ထောင်ဦးစီးပဲ...အိမ်တစ်အိမ်ကိုဦးစီးရမယ့်လူက
မိန်းမရဲ့လုပ်စာကိုထိုင်စားပြီးအိမ်ထောင့်တာဝန်မကျေတာဟာ...ယောကျာ်းကောင်းမပီသတာပဲကွ...
ယောကျာ်းပဲကွာ...ကိုယ့်မိန်းမ...ကိုယ့်သားသမီးတာဝန်ကို
ကျေကျေနပ်နပ်ကြီးထမ်းရမှာပေါ့...
အဘိုးပြောတာမဟုတ်ဘူးလား....”
“ဟုတ်ပါတယ်အဘိုး...အဘိုးပြောသလိုပဲ
ကျုပ်လည်းအဲ့သည်စိတ်မွေးထားပါတယ်...”
“ငါ့မြေးစိတ်ဓာတ်ကိုတော့အဘိုးကြိုက်သွားပြီဟေ့...
ငါ့မြေးနာမည်ကဘာ...”
“မင်းမောင်ပါ အဘိုး...”
“အေး...မင်းမောင်...ဟုတ်ပြီ...ဟုတ်ပြီ...”
ထိုသို့ဖြင့်မင်းမောင်နဲ့ညိုညိုလှတို့မှာ
အဘိုးတို့၏အိမ်၌နေထိုင်ဖို့ဖြစ်လာခဲ့သည်။
ဖိုးကျော်ကတော့နောက်တစ်ရက်မနက်အစော၌
သူ၏ရွာသို့ပြန်သွားတော့သည်။
မင်းမောင်ကတော့ အဘိုးဦးဖိုးလုံး၏သားအကြီးဖြစ်သူနှင့်
လယ်တောကိုလိုက်ကာဝိုင်းကူပေးပြီး...
ညိုညိုလှကတော့ အဘွားဒေါ်စိန်ကြီးနှင့်အတူတူထမင်းဟင်းများဝိုင်းကူချက်ပေးရှာသည်။
“ငါ့မြေးမလေးကမချောဘူးလားအေ့...”
“ချောပါ့အဘွားရယ်...သူ့ယောကျာ်းနဲ့သူနဲ့က
နေနဲ့လ...ရွှေနဲ့မြပါတော်...”
“ဟုတ်ပါ့အေ...ငါ့မြေးမလေးတို့ဒီလောက်လိုက်ဖက်နေတာကို
ဘာလို့များသဘောမတူကြတာပါလိမ့်”
ဟု...အဘွားဒေါ်စိန်ကြီးကအားမလိုအားမရပြောလေတော့
ညိုညိုလှမှ...
“ကျုပ်ကဆင်းရဲလို့ပါဘွားရယ်...
နောက်ပြီးကျုပ်ကမိဘတွေမရှိတော့တဲ့သူ...
အစ်မအိမ်မှာကပ်နေရတဲ့သူဆိုတော့...သဘောမတူကြတာပါ”
“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့မြေးရယ်...
အခုဆို မင်းမောင်လေးကလည်းယောကျာ်းကောင်းပီပီ
ငါ့မြေးအတွက်ကြိုးစားနေရှာတာပါ...
ဒီတော့ဘာမှမပူကြနဲ့အဘွားတို့က ငါ့မြေးတို့ကိုတစ်သက်လုံးခေါ်ထားနိုင်ပါတယ်...”
“အဲ့သည်လိုလည်းဘယ်ဟုတ်မလဲဘွားရယ်...”
“ဟုတ်ကိုဟုတ်ပါတယ်အေ...
ညည်းအဘိုးက ညည်းယောကျ်ားရဲ့အလုပ်အပေါ်ကြိုးစားစိတ်ကို သဘောကျသလို...အဘွားကလည်းဟောသည်က
မြေးမလေးကိုချစ်တော့...တစ်သက်လုံးခေါ်ထားချင်တယ်အေ”
အဘွားဒေါ်စိန်ကြီး၏စကားကိုဘေးရှိရွာသူများက
သဘောကျစွာပြုံးသကဲ့သို့ ညိုညိုလှသည်လည်းကျေနပ်အပြုံးလေးပြုံးသွားရှာ၏။
အဘိုးနဲ့အဘွားတင်သာမက မင်းမောင်နှင့်ညိုညိုလှဆိုလျှင်
ရွာကလူများကပါချစ်ခင်ကြသည်။
ကူညီဖို့ဝန်မလေးတတ်သော...ဖော်ရွေတတ်သော
သူတို့နှစ်ဦးမှာလူချစ်လူခင်ပေါများပေသည်။
“အမေ...ဟောသည်မှာထွေးကြည်တို့အိမ်က
မုန့်ဆီကြော်တွေပေးလိုက်တယ်...”
ဒေါ်ဝင်းက ပန်းကန်တစ်ချပ်ကိုင်၍ ခြံဝိုင်းထဲဝင်လာခဲ့သည်။
ဘွားမယ်စိန်ရှိသော ကွပ်ပျစ်ခင်းဆီရောက်တော့
မုန့်ဆီကြော်ပန်းကန်ကိုချပေးရင်းပြောလိုက်ခြင်းဖြစ်သည်။
“ထွေးကြည်မ မုန့်ဆီကြော်ကဆီကိုအိနေတာပဲအေ့”
“စားလို့ကောင်းတယ်မလားအမေ”
“အေးကောင်းပါတယ်”
ဘွားမယ်စိန်ကမုန့်ဆီကြော်ကိုလက်ဖြင့်ဆွဲဖဲ့၍
စားလိုက်၏။
ပြီးနောက်အကြမ်းရည်လေးကိုမော့သောက်လိုက်သည်။
“အမေ့မြေးကော...အိမ်ပြန်မလာသေးဘူးလား”
“ညည်းနဲ့လိုက်သွားတာပဲလေ...ဘယ်ရောက်ဦးမလဲအေ့”
“ဒီကလေးမ ထွေးကြည်မသမီးနဲ့ဆော့နေခဲ့တာထင်တယ်...
ကျုပ်ကရှာမတွေ့လို့ အိမ်ပြန်ရောက်နေပြီလို့ထင်နေတာ...”
“ဟော...ဟိုမှာညည်းသမီး...ဗွက်လူးလာတယ်ထင်ပါ့”
ဘွားမယ်စိန်ကခြံဝကိုကြည့်ကာပြောလေတော့
ဒေါ်ဝင်းလည်းလည်ပြန်ကာကြည့်လိုက်သည်။
အမှန်ပင်...မျက်နှာနှင့်အဝတ်အစားများ၌ ရွံရည်များဖြင့်
ပေပွနေသော နန်းကြိုင်တစ်ယောက်အိမ်ဝိုင်းထဲသို့ကုပ်ကုပ်လေးဝင်လာခဲ့သည်။
ဒေါ်ဝင်းကတော့မျက်လုံးအပြူးသားဖြင့်...
“ဟယ်...ဘယ်လိုတွေဖြစ်လာရတာတုန်း...”
ဟုမေးလေသည်။
နန်းကြိုင်ကတော့ဘွားမယ်စိန်ကို အားကိုးတကြီးကြည့်လေသည်။
“ကလေးပဲဆော့လာတာနေမှာပေါ့...
သွား...သွားရေသွားချိုးလိုက်တော့”
“မဟုတ်သေးပါဘူးအမေရယ်...
ကျုပ်သမီးအခုလိုတစ်ခါမှဆော့တာမမြင်ဖူးပါဘူး...
ပြောစမ်းသမီးဘယ်သူကညည်းဘာလုပ်လိုက်တာလဲ”
ဒေါ်ဝင်းအသံကမာလာသည်။
“အမေ...အဲ့....အဲ့တာက”
“ပြောလို့ပြောနေတယ်လေ...”
“ဟို...ဟို...အရီးထွေးကြည်မ သမီးက
သမီးကိုဗွက်အိုင်ထဲတွန်းလိုက်လို့...ပေ...ပေလာတာပါ”
“ဘယ်လို...ထွေးကြည်မသမီးက...
တွန်းတယ်...ဟုတ်လား....အမယ်လေးနော်....
မိဝင်းဒေါသကိုလာစမ်းနေတာထင်တယ်...”
ဒေါ်ဝင်းကဒေါသထွက်လာပြီးလေသံကအစပို၍
ကျယ်လာခဲ့သည်။
“ဟဲ့မိဝင်း...ကလေးဆိုတာကလေးစိတ်အေ့...
ကလေးချင်း...စကြနောက်ကြလို့ဖြစ်တယ်လို့ပဲ
တွေးစမ်းပါအေ...ဘယ့်နဲ့လုပ်ဒေါသတွေ
ကြီးနေရတာလဲညည်းက”
ဟု...ဘွားမယ်စိန်ကပြောတော့ ဒေါ်ဝင်းမှာ...
“အမေကလည်း...”
“အမေက မလည်းနဲ့...သွား...ညည်းသမီးရေချိုးပေးလိုက်...
ဒီညကစပြီး...ညည်းငါနဲ့အတူတရားထိုင်ရမယ်...
ဘယ့်နဲ့အသက်သာကြီးတယ်ဒေါသကိုမထိန်းနိုင်သေးဘူး...
ခက်တယ်...ညည်းကတော့အတော်ခက်တယ်မိဝင်းရယ်...”
ဟုဘွားမယ်စိန်ကပြောနေချိန် ဒေါ်ဝင်းနဲ့နန်းကြိုင်တို့မှာ
ရေတွင်းဆီသို့အပြေးသွားကြတော့၏။
ထိုစဥ်...
“အိမ်ရှင်တို့...အိမ်ရှင်တို့.......”
“ဝင်ခဲ့ကြလေ...ခြံတံခါးကဖွင့်ထားတယ်ကွဲ့”
ခြံဝိုင်းအပြင်မှအော်ခေါ်သံကြောင့် ဘွားမယ်စိန်ကပြန်၍
အော်ကာပြောလိုက်ရသည်။
ခြံတံခါးကိုဆွဲဖွင့်ပြီးဝင်လာကြသည်က ဘွားမယ်စိန်
မမြင်ဘူးသော လူစိမ်းနှစ်ဦးဖြစ်နေခဲ့၏။
“ဘွားမယ်စိန်ဆိုတာ...ဒီကအဘွားလားခင်ဗျ...”
“အေး...ဟုတ်ပါရဲ့...ဒီကမောင်ရင်တို့က
ဘယ်သူတွေများတုန်း...”
လူလတ်ပိုင်းယောက်ျားနှစ်ဦးကို ကွပ်ပျစ်ခင်း၌ဝင်ထိုင်စေသည်။
“ကျုပ်တို့က ထန်းခြောက်ပင်ရွာကလာကြတာပါ...”
“ထန်းခြောက်ပင်...သြော်...အေးကွယ်...ဝေးသား...
ဘာကိစ္စနဲ့များရောက်လာကြတာလဲကွဲ့”
“ဟုတ်ကဲ့ဘွား...ကိစ္စကတော့အရေးကြီးလို့ပါဗျာ...
ကျုပ်နာမည်ကဖိုးကျော်ပါ...ဒါက ကျုပ်သူငယ်ချင်း
မင်းမောင်လို့ခေါ်ပါတယ်...”
“အေးကွယ်...ပြောပါဦး”
“ဒီလိုပါဗျ...ကျုပ်သူငယ်ချင်းမိန်းမ
အအိပ်အစားမမှန်သလိုဖြစ်ပြီးတစ်ခါတစ်ခါကျ
သရဲပူးသလိုအမူအရာတွေဖြစ်နေလို့ပါ...”
“သရဲပူးသလိုဆိုတော့ မောင်ရင်တို့ဘက်က
ဘာအမှားများလုပ်ထားကြသေးလဲကွဲ့”
“ကျုပ်ပြောပြပါ့မယ် အဘွားရယ်...”
မင်းမောင်မျက်နှာကအတော်ပင်ပန်းနေပုံရသည်။
ဘွားမယ်စိန်ကိုသူပြောပြမည်ဟုစကားစလိုက်တော့၏။
“အဘိုး...ဒီခြံထောင့်ကအပင်အိုကြီးကို
မခုတ်ပစ်တော့ဘူးလားဗျ...
ကြာရင်အိမ်အပေါ်ကိုလဲလာနိုင်တယ်ဗျ”
မင်းမောင်က ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ရင်း
အိမ်ထဲသို့ဝင်လာကာပြောလိုက်သည်။
မင်းမောင်စကားကြောင့် အဘိုးမှာမျက်လုံးပြူးသွားပြီး
ပြာပြာသလဲဖြင့်...
“ငါ့မြေး...အဲ့အပင်ကိုခုတ်မယ့်အကြောင်းမပြောနဲ့...
သူမကြိုက်ဘူးကွ”
“ဘယ်သူကမကြိုက်တာတုန်းဗျ”
“အဲ့အပင်မှာနေတဲ့ပုဂ္ဂိုလ်ပေါ့မြေးရဲ့...”
“နေပါဦးအဘိုးရဲ့ အဲ့မန်ကျည်းပင်မှာဘယ်သူနေလို့လဲဗျ”
မင်းမောင်ကသိချင်စိတ့်ဖြင့်မေးတော့သည်။
“အဲ့အပင်ကအဘိုးတို့မမွေးခင်ကတည်းကရှိတာကွ...
မိုးကျိုးမှန်ထားတော့အပင်ကယိုင်နေတာ...
အဘိုးမိဘများလည်းခုတ်ဖို့လုပ်သေးတယ်ကွ...
မင်းလိုပဲ အဘိုးရဲ့ဦးလေးကအပင်ကိုတက်ခုတ်တာဟေ့...
မကြာဘူးး သူ့လက်တစ်ဖက်လည်းအနာဖြစ်ပြီး
တစ်ဖက်ဖြတ်ပစ်လိုက်ရတာကွ”
“ဟာ...အဘိုးကလည်းမဆိုင်လိုက်တာဗျာ...”
“ဆိုင်တယ်မြေးရဲ့...အဲ့အပင်ကပုဂ္ဂိုလ်က အဘိုးရဲ့
အဖေကိုအိမ်မက်ပေးတယ်တဲ့...အိမ်မက်ထဲမှာ
ဒီအပင်ကိုမခုတ်ကြဖို့...ခုတ်ရင်လည်းခွင့်မလွှတ်ကြောင်းတွေ
ပြောသွားတယ်တဲ့လေ...အဲ့တာကြောင့်အဘိုးတို့လည်း
မခုတ်ပစ်ဘဲဒီတိုင်းထားထားကြတာ...”
“ဒါဆို အဲ့အပင်ကအဘိုးတို့ငယ်ငယ်ကအတိုင်းပဲပေါ့...”
“အဲ့အတိုင်းပါပဲမြေးရယ်...
ဒါပေမယ့်အဘိုးအဖေတို့လက်ထက်တုန်းကတော့
ခြံဝန်းခတ်မထားဘူးကွ...အဘိုးလက်ထက်ကြမှပဲခြံဝန်းသေချာခတ်လိုက်ရတာ...”
“သြော်...”
မင်းမောင်စိတ်ထဲတော့အဘိုးပြောသောပုဂ္ဂိုလ်ဆိုတာကို
မယုံကြည်မိ။
အဘိုးမရှိခိုက် ရအောင်ခုတ်ပစ်မည်ဟု...တွေးထား၏။
ထိုသို့နေရင်းတစ်ညမှာတော့ မင်းမောင်အိမ်မက်မက်သည်။
အိမ်မက်ထဲ၌ အသက်ကြီးကြီးလူကြီးတစ်ယောက်သည်
သူ့အား မျက်တောင့်နီကြီးဖြင့်ဒေါသတကြီးကြည့်နေခဲ့၏။
ပြီးနောက်သူ့အားလက်ညိုးငေါက်ငေါက်ထိုးကာ...
“မင်းအကြံငါသိတယ်...အဲ့အပင်ကို
ထိကြည့်ရဲရင်ထိကြည့်လိုက်...မင်းဘဝတစ်ခုလုံးပြောင်းပြန်ဖြစ်သွားစေရမယ်...”
ဟု...ပြောကာနေရာမှပျောက်ကွယ်သွားခဲ့၏။
သို့သော်လည်းထိုအိမ်မက်က မင်းမောင်ကဘယ်သူ့ကိုမှ
မပြောပြခဲ့သလို သူကိုယ်တိုင်လည်းစိတ်စွဲ၍မက်ခြင်းဟုသာ
လက်ခံထားလေသည်။
ဖြစ်ချင်တော့အဘိုးဦးဖိုးလုံးတစ်ယောက်တစ်ဖက်ရွာက
အလှူတစ်ခုသွားဖို့အကြောင်းဖန်လာခဲ့၏။
အဘိုးဦးဖိုးလုံးသွားမည့်ရက်ကို ချိန်စ၍
မင်းမောင်ကရွာထဲမှအဖော်နှစ်ယောက်ကိုခေါ်ကာ
သစ်ပင်ကိုခုတ်ဖို့တိုင်ပင်တော့သည်။
ထိုသို့တိုင်ပင်နေကြစဥ်...
“အမယ်လေး...လာကြပါဟဲ့...ညိုညိုလှ
လဲသွားလို့လာကြပါဦးဟဲ့”
နောက်ဖေးရေတွင်းအနီးမှအော်သံကြောင့် မင်းမောင်တို့
အပြေးသွားလေတော့ ညိုညိုလှ၏အဖော်လက်ထဲ၌
ညိုညိုလှမှာ သတိမေ့မြောနေခဲ့သည်။
မင်းမောင်လည်းညိုညိုလှကိုပွေ့ချီကာ
သူတို့အိပ်သို့ကုတင်ပေါ်သို့ခေါ်သွားလေသည်။
ကျန်လူများကတော့ဆေးဆရာအပြေးခေါ်ကြ၏။
ဆေးဆရာရောက်လာပြီးအချိန်မှ
ညိုညိုလှသတိပြန်ရလာခဲ့သည်။
ထိုအခါမှ မင်းမောင်လည်းသက်ပြင်းကိုခပ်ရဲရဲချနိုင်ခဲ့ရှာသည်။
ညိုညိုလှအတွက်ပူပန်သွားပြီးသစ်ပင်ခုတ်မည့်ကိစ္စကို
မေ့လျော့သွားတော့၏။
နောက်ရက်များ၌ ညိုညိုလှတစ်ယောက်ပုံမှန်အတိုင်းမဟုတ်ခဲ့။
အဘယ့်ကြောင့်ဆို ခြေလေးချောင်းအသားမစားသော
ညိုညိုလှကအသားဟင်းကိုအရသာတွေ့နေခဲ့သည်။
အဘွားဒေါ်စိန်ကြီးနှင့်အတူ မီးဖိုချောင်ဝင်သောအခါ၌...
“ဟယ်...ငါ့မြေးဘာတွေစားနေတာလဲ”
မီးဖိုချောင်အတွင်း၌ မြင်လိုက်ရသော.ညိုညိုလှ၏
ပုံစံကြောင့်အဘွားဒေါ်စိန်ကြီးမှာ မျက်လုံးအပြူးသားဖြင့်
ထိတ်လန့်တကြားမေးလိုက်လေသည်။
ညိုညိုလှသည်ချက်ဖို့ဝယ်ထားသောအသားစိမ်းများကို
ပါးစပ်ထဲ၌ ပလုတ်ပလောင်းစားနေခဲ့ပြီး အဘွားဒေါ်စိန်ကြီး၏အော်သံကိုကြားလေမှ အလန့်တကြားဟန်ဖြင့်...
နေရာမှ ကောက်ခါငင်ကာလဲကျသွားတော့သည်။
“ဟင်...လာ...လာကြပါဦးဟဲ့...
ဒီမှာညိုညိုလှလဲသွားပြန်ပြီ...လာကြပါဦး”
အဘွားဒေါ်စိန်ကြီးကညိုညိုလှကိုပြေးကာပွေ့၍
ဘေးလူများကြားစေရန်အော်ဟစ်ကာပြောတော့သည်။
ညိုညိုလှကတော့ထုံးစံအတိုင်း ဆေးဆရာပြေးကာပင့်ပေးလေမှ...သတိပြန်ရလာခဲ့၏။
သို့သော် ထိုအသားစိမ်းများကိုသူမစားပါ...
သူမမှတ်မိပါဟုသာ...အဘွားဒေါ်စိန်ကြီး၏စကားကို
ငြင်းဆန်လေသည်။
“ငါ့မြေး...မင်းမောင်...”
“ဗျာ...အဘိုး...”
“မင်းမိန်းမတစ်ခုခုဖြစ်နေပြီထင်တယ်ကွ”
“အဲ့သည်အကြောင်းပဲ
ကျုပ်လည်းခေါင်းကိုက်နေတာပါအဘိုးရယ်...
ကျုပ်မိန်းမဘာဖြစ်နေတယ်လို့အဘိုးတို့ထင်ကြလဲဗျ...
ကျုပ်ကိုလည်းပြောကြပါဦးဗျာ...”
“အေး...အခုလိုတော့ တစ်ခါမှအဘိုးတို့မကြုံဖူးဘူးငါ့မြေးရဲ့...
မင်းတို့ဘာအမှားတွေများလုပ်မိကြသေးလဲကွ”
“အမှား....ဘာအမှားမှ....ဟင်....အဲ့တာကြောင့်များ
လားမသိဘူးအဘိုး”
“ဘာအဲ့တာကြောင့်လဲကွ”
“အဘိုးကိုအမှန်တိုင်းဝန်ခံရရင်...ကျုပ်မိန်းမပထမဆုံး
မေ့လဲတဲ့နေ့က ကျုပ်က မန်ကျည်းပင်ကြီးကိုခုတ်ဖို့စီစဥ်နေခဲ့တာဗျ...”
“ဟေ...အမယ်လေး...ဘုရား...ဘုရား...
ငါ့မြေးရာ...မင်းကိုအဘိုးဒီအပင်အကြောင်းပြောထားရဲ့နဲ့...
မင်းမလို့ခုတ်ပစ်ဖို့ကြံရတယ်လို့ကွာ...”
“ကျုပ်ကအဲ့လိုမျိုးတွေအယုံအကြည်မရှိလို့ပါအဘိုးရယ်...”
“ကဲ...မင်းအယုံအကြည်မရှိတာထား...
ခုမင်းမိန်းမကို ဝင်ဝင်ပူးပြီး အသားစိမ်းတွေစားတဲ့
ကိစ္စဘယ့်နဲ့လုပ်မလဲ...”
“ကျုပ်ဆရာရှာမယ်ဗျာ...ဆရာရအောင်ရှာပြီး
ကျုပ်မိန်းမကိုယ်ထဲဝင်ဝင်ပူးနေတဲ့အကောင်ကိုရှင်းပစ်မယ်ဗျ”
“အေး...အေး...အေး...ငါ့မြေးကောင်းသလိုပဲ
ဆက်ပြီးစီစဥ်ကွယ်...”
“ဟုတ်ကဲ့အဘိုး...”
“အဲ့သည်လိုနဲ့ကျုပ်တို့လည်း လိုက်စုံစမ်းရင်းကနေ
ဘွားအကြောင်းတွေသိလိုက်ရလို့...ဒီရွာကိုရောက်အောင်
လာခဲ့ကြတာပါဗျာ...”
မင်းမောင်ပြောပြသော အကြောင်းအရာများကို
ဘွားမယ်စိန်နားထောင်ပြီးချိန်၌
သူ၏ခေါင်းကိုတစ်ချက်ညိတ်၍...
“ဒါလိုတွေဖြစ်တယ်ဆိုရင်တော့
အဲ့သည်အပင်မှာကပ်တွယ်နေ နေတဲ့
ပုဂ္ဂိုလ်ကဘယ်လိုနည်းနဲ့မှ ကောင်းတဲ့ပုဂ္ဂိုလ်တော့
မဖြစ်နိုင်ဘူးကွဲ့...အပင်ကိုစိတ်စွဲတာလား...
ဒါမှမဟုတ်တစ်ခုခုကိုစိတ်စွဲနေပြီး
မကျွတ်လွတ်နိုင်ဖြစ်နေတဲ့ တစ္ဆေတစ်ကောင်
ကောင်ပဲဖြစ်လိမ့်မယ်...”
“သြော်...အဲ့သည်လိုလားအဘွား”
မင်းမောင်နဲ့ဖိုးကျော်လည်းတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းများချကုန်ကြသည်။
“ဒါပေမယ့်ကလေးမလေးအတွက် ဘွားလိုက်ခဲ့ပေးပါ့မယ်...
ဘွားတတ်စွမ်းနိုင်သလောက်တော့ မောင်ရင်တို့ကို
ကူညီပေးမှာပါကွယ်...”
“ဝမ်းသာလိုက်တာဗျာ...ကျုပ်တို့နဲ့လိုက်ပ
လိုက်နိုင်ပါ့မလားလို့စိတ်ပူနေမိတာဗျ”
မင်းမောင်ကဝမ်းသာဟန်ဖြင့်ပြောလိုက်သည်။
ဖိုးကျော်ကတော့ပြုံးနေခဲ့၏။
“ဘွားတစ်ယောက်ထဲတော့မဟုတ်ဘူးကွဲ့...
ဘွားသားနှစ်ယောက်ကိုပါအဖော်ခေါ်ခဲ့မှရမယ်နော်...”
“ရပါတယ်ဗျာ...ခေါ်ခဲ့ပါဗျ”
ထိုသို့ဖြင့်ဘွားမယ်စ်ိန်လည်းဒေါ်ဝင်းကိုမောင်တိုးနဲ့မောင်အုန်းကို သွားခေါ်စေသည်။
မောင်တိုးနဲ့မောင်အုန်းရောက်လာလေတော့ ထန်းခြောက်ပင်ရွာသို့သွားရမည့်အကြောင်းပြောကာ ချက်ချင်းလှည်းပြင်၍
ထိုရွာသို့ခရီးထွက်ခဲ့ကြတော့၏။
ဘွားမယ်စိန်တို့ထန်းခြောက်ပင်ရွာသို့ရောက်တော့
အဘိုးဦးဖိုးလုံးနဲ့အဘွားဒေါ်စိန်ကြီးတို့က ဝမ်းပန်းတသာကြိုဆိုကြသည်။
ဘွားမယ်စိန်ကအိမ်ထဲမဝင်ခင်
မန်ကျည်းပင်ကြီးကိုသေချာသွားကြည့်လေသည်။
ပြီးလေမှအိမ်ထဲသို့ဝင်ကြ၏။
“လာကြပါ...ဝင်ထိုင်ကြပါ...”
ဘွားမယ်စိန်နဲ့မောင်တိုးတို့ ဧည့်ခန်းရှိခုံ၌
ဝင်ထိုင်လိုက်ကြသည်။
“ခရီးပန်းလာကြမှာပဲ...နားဦးမလား...
ဒါမှမဟုတ်ထမင်းအရင်စားကြမလား “
“အရင်ဆုံး ခဏနားပါဦးမယ်...”
“အင်းလေ...ဒါနဲ့...ဒီကဆရာမကြီးက
အသက်ဘယ်လောက်ရှိပြီလဲဗျ”
“ကျုပ်အသက်က ခြောက်ဆယ့်ရှစ်နှစ်ပါ...”
“သြော်...ကျုပ်ထက်ငယ်တာပဲဗျ...ကျုပ်ကခုနှစ်ဆယ့်သုံး...
ဒီက ကျုပ်မိန်းမက ခုနှစ်ဆယ့်တစ်ဗျ”
“ဒါဆိုညီမလို့ပဲခေါ်ရတာပဲ...ကျုပ်နာမည်က
ဒေါ်စိန်ကြီးတဲ့ညီမရဲ့”
အဘွားဒေါ်စိန်ကြီးနှင့်အဘိုးဦးဖိုးလုံးတို့နဲ့ဘွားမယ်စိန်
တစ်ယောက်စကားလက်ဆုံကျနေခဲ့၏။
ခဏမျှကြာတော့...
“ကလေးမလေးကော...ဘယ်မှာထားသလဲ”
“အပေါ်ထပ်ကသူတို့အခန်းထဲမှာပဲ တစ်နေကုန်နေတာ...
ကျုပ်အစောကတက်ကြည့်တာတော့အိပ်နေလေရဲ့”
“ကဲပါ....အရင်ဆုံးထမင်းစားကြပါဦး...
ကလေးမတွေခေါ်ပြီးထမင်းဝိုင်းပြင်ပေးလိုက်တော့”
အဘိုးဦးဖိုးလုံး၏စကားအတိုင်း.ဘွားမယ်စိန်တို့လည်း
ထမင်းအရင်စားလိုက်ကြသည်။
ထမင်းစားပြီးချိန်၌ ပြောင်းဖူးပြုတ်များ၊ထန်းလျက်များ၊
ပဲကြော်သုပ်များဖြင့် ဧည့်ခံကြပြန်သည်။
“ကလေးမလေးဆီဘွားကို
လိုက်ပို့ပေးပါလား...မောင်ရင်”
မင်းမောင်ကို ဘွားမယ်စိန်ကပြောလိုက်သည်။
“ဟုတ်ကဲ့...ကျုပ်လိုက်ပို့ပေးပါ့မယ်ဘွား...”
“ကျန်လူတွေကတော့နေခဲ့ကြပါ...
လူများလို့ရှိရင်ရင်ပိုဆိုးလာမှာကြောင့်ပါ...”
ဘွားမယ်စိန်စကားအတိုင်း
မောင်တိုးတို့နှစ်ယောက်ကိုသာခေါ်လာခဲ့၏။
မင်းမောင်ကအခန်းတံခါးကိုဖွင့်ပြချိန် ကျောပေးကာ
အိပ်နေသော.အမျိုးသမီးကို ဘွားမယ်စိန်မြင်လိုက်ရသည်။
“မောင်ရင်တို့တတွေအခန်းအပြင်မှာပဲ...
နေခဲ့လိုက်ကြတော့”
အခန်းထဲသို့ဘွားမယ်စိန်တစ်ယောက်ထဲ ဝင်လာခဲ့သည်။
ဘွားမယ်စိန်၏ တောင်ဝှေးနှင့်ကြမ်းပြင်ထိသံမှာ
တစ်တောက်တောက်...ထွက်ပေါ်လာခဲ့သည်။
“သမီး...ညိုညိုလှ...”
ဟု...ဘွားမယ်စိန်သည် လေသံအေးအေးလေးဖြင့်
ခေါ်လိုက်၏။
ဘွားမယ်စိန်၏ခေါ်သံကို အိပ်နေသောညိုညိုလှကြားသွားပုံ
ရပြီး မျက်လုံးကိုဖြေးညှင်းစွာဖွင့်လာခဲ့၏။
အစားအသောက်ကောင်းကောင်းမစားသော
ညိုညိုလှ၏ကိုယ်မှာနဂိုထက်ပိုပိန်နေကာ...
အသားအရည်များကလည်း ဖြူဖျော့နေရှာသည်။
ညိုညိုလှ၏အသွင်ကိုကြည့်၍
ဘွားမယ်စိန်စိတ်မကောင်းဖြစ်သွားရှာပြီး ညိုညိုလှ၏
ခေါင်းလေးကိုသူ၏လက်ဖြင့်ညှင်သာစွာ
ပွတ်သပ်ပေးလေသည်။
ပြီးနောက်ညိုညိုလှကိုခဏမျှကြည့်ပြီး
အခန်းပြင်ကိုပြန်ထွက်လာခဲ့တော့၏။
“ဒီတစ္ဆေက ကလေးမလေးကိုအစာမဝင်နိုင်အောင်
လုပ်ထားတာကွဲ့...သူပူးပြီးစားသွားသမျှကဒီကလေးမဆီမှာ
မကျန်ခဲ့ဘူး...အချိန်ဆွဲလို့လည်းကောင်းတာမဟုတ်ဘူး...
ဘာလို့ဆိုရင်ဒီကောင်ကနှစ်ချို့တစ္ဆေဖြစ်နေတယ်ကွဲ့...”
“ဒါဆို...ဘယ်လိုလုပ်ရမလဲဘွား...”
“လာ...ဘွားနဲ့အခုလိုက်ခဲ့ကြ”
“ဟုတ်ကဲ့”
ဘွားမယ်စိန်၏ အနောက်သို့မင်းမောင်နဲ့မောင်တိုးတို့
လိုက်လာခဲ့ကြသည်။
အိမ်အောက်ထပ်ရောက်တော့
ဖိုးကျော်နဲ့လူကြီးများကပါလိုက်လာကြ၏။
“အစ်မကြီးတို့က ညိုညိုလှဘေးမှာနေပေးကြပါ...
သူ့လက်မှာလည်းဒီချည်မန်းကွင်းလေးကိုဝတ်ပေးထားပါ”
ဟုအဘွားဒေါ်စိန်ကြီးကိုပြောလိုက်သည်။
အဘွားဒေါ်စိန်ကြီးနှင့် အဖော်များကလည်း ညိုညိုလှဆီသွားကြတော့၏။
“မောင်ရင်တို့လေးယောက်...ဒီအပင်ကိုခုတ်ရမယ်...”
“ဟင်...”
“ဗျာ...”
“ဖြစ်ပါ့မလားညီမရယ်...”
မင်းမောင်နဲ့ဖိုးကျော်၏အံ့သြသံနှင့်အတူ
အဘိုးဦးဖိုးလုံးကပါဝင်မေးလေသည်။
“ကျုပ်ပြောတဲ့နေရာကိုပဲသေချာခုတ်ထွင်ရင်ရပါတယ်”
“ဒါဆိုရင်လည်းဘွားပြောတဲ့အတိုင်းလုပ်ပါမယ်ဗျာ...”
မင်းမောင်နဲ့မောင်တိုးတို့သည် ပုဆိုးများကို
ခါးတောင်းကျိုက်၍ မိုးကြိုးထိမှန်ထားသော မန်ကျည်းပင်ကြီးကိုခုတ်ဖို့ပြင်ဆင်ကြတော့၏။
ဘေးပတ်ဝန်းကျင်က လူများကလည်းစိတ်ဝင်တစား
လာကြည့်ကြသည်။
သစ်ပင်မခုတ်ခင်၌ ဘွားမယ်စိန်က အပင်အနီးသို့သွား၍...
“ဒီအပင်မှာစွဲကပ်နေတဲ့ ပုဂ္ဂိုလ်...
ယခု...ဒီအပင်ကိုခုတ်ထွင်ကြမယ့်ကလေးများကို
သင်ဝင်ရောက် မနှောက်ယှက်ပါနဲ့...
သင်နှောက်ယှက်ခဲ့ရင်လည်း
ကျွန်ုပ်ကိုယ်တိုင်သင့်ကိုဆုံးမရပါလိမ့်မယ်...
သင့်ရဲ့စွဲလမ်းနေတဲ့အရာကိုလည်း
ယခုပင်ကျွန်ုပ်ရှင်းလင်းပေးပါ့မယ်...”
ဟုပြောလိုက်သည်။
ပြီးလေမှအနောက်သို့ပြန်ကာဆုတ်ခွာလာပြီး...
“ရပြီ...မောင်ရင်တို့ဒီအပိုင်းကိုအရင်ခုတ်ကြ”
ဘွားမယ်စိန်ခုတ်ခိုင်းသောနေရာကို
မင်းမောင်တို့လေးယောက်ခုတ်ကြသည်။
အတော်လေးခုတ်အပြီး...
“ဘွား...ဒီမှာသစ်ခေါင်းဗျ...”
မောင်တိုး၏အော်သံကြောင့်ဘွားမယ်စိန်ပြုံးသွားသည်။
“ဒါဆိုရင်အဲ့သည်သစ်ခေါင်းထဲကို
သေချာကြည့်ကြည့်ကြ...
ဘာတွေ့လဲ...တွေ့တာရှိရင်ဘွားကိုပြော”
မောင်တိုးတို့လည်းသစ်ခေါင်းကိုသေချာကြည့်ကြသည်။
မမြင်ရသောကြောင့်သစ်ခေါင်းကိုထပ်ခွဲကြ၏။
“ဘွား...အထုပ်တစ်ထုပ်တွေ့ပြီဗျို့...”
ဟုပြောကာမင်းမောင်ကအထုပ်ကိုဆွဲယူ၍
မန်ကျည်းပင်အပေါ်မှဆင်းလာခဲ့သည်။
အထုပ်တစ်ထုပ်ရသည်ဆို၍ အားလုံးကအံ့သြတကြီးဖြင့်
ဝိုင်းကြည့်ကုန်ကြ၏။
အထုပ်ကိုဘွားမယ်စိန်လက်သို့ မင်းမောင်ကပေးလိုက်သည်။
ဘွားမယ်စိန်ကလည်းမြေပေါ်သို့အထုပ်ကိုချ၍ဖြည်လိုက်ချ်ိန်...
“ဟာ.....”
“ဟယ်...”
ဆိုသော အသံများကထွက်ပေါ်လာခဲ့၏။
ထိုသို့ဖြစ်ရခြင်းက ဘွားမယ်စိန်ဖြည်လိုက်သောအထုပ်ထဲမှ
ရွှေဒင်္ဂါးများ...လက်ဝတ်လက်စားများမှာ
အရောင်တလက်လက်ဖြင့်ထွက်ပေါ်လာသောကြောင့်ပင်။
“ကဲ...တွေ့ကြပြီမလား...ဒီတစ္ဆေက သူ့ပစ္စည်းကို
စွဲနေတာကွဲ့”
“ဘယ်လိုများဖြစ်တာပါလိမ့်...”
“ဘယ်လိုဖြစ်ရမှာလဲကိုဖိုးလုံးရယ်...
ဒီတစ္ဆေက သူခိုးတစ်ယောက်ပဲဖြစ်ရမယ်...
ခိုးလို့ရလာတဲ့ပစ္စည်းကို ဒီမန်ကျည်းပင်ရဲ့
အခေါင်းထဲပစ်ထည့်ခဲ့ပုံရတယ်...
နှစ်ကာလကြာလာတော့မန်ကျည်းပင်က
အကိုင်းအခက်တွေထပ်ပေါက်ပြီး သစ်ခေါင်းကိုဖုံးသွားတယ်လေ...ဟော...ဒီပစ္စည်းတွေကိုခိုးတဲ့သူခိုးကလည်း
ပြန်လာမယူနိုင်ခင်အကြောင်းအမျိုးမျိုးကြောင့်သေခဲ့ရပြီး...
သူလူ့ဘဝတုန်းကဝှက်ထားတဲ့ပစ္စည်းနေရာကိုစိတ်စွဲပြီး
ကပ်တွယ်နေခဲ့တာပေါ့...ဒီအပင်ကြီးကိုခုတ်ပစ်ရင်သူ့ပစ္စည်းတွေကို တစ်ပါးသူ ရမှာလည်း စိုးရိမ်ရှာမှာပေါ့လေ”
“ဟာ...ဒါဆိုရင်...ဒီရွှေတွေကိုသူကစွဲလမ်းနေတာဆိုတော့...
ဒါတွေကိုကျုပ်တို့က ဘယ်လိုလုပ်ရမှာလဲဘွားရဲ့”
“ဘယ်လိုလုပ်ရမလဲဆိုတော့...ဒီရွှေတွေကို
လှူဖို့တန်းဖို့နေရာမှာသုံးရမှာပေါ့ကွယ်...
လှူတဲ့အခါရောက်ရင်လည်း ဒိတစ္ဆေကြီးအတွက်
အမျှအတန်းပေးဝေကြရမှာပေါ့...”
“သြော်...ဒီလိုလုပ်ပေးရင်ကျုပ်တို့ကို
ဆက်ပြီး ဒုက္ခမပေးလောက်ပါဘူးနော်ဘွား”
“သူကဒီလိုနေ့ကိုစောင့်နေတာကွဲ့...
သူလည်းကျွတ်လွှတ်ချိန်တန်ပါပြီ...”
ဘွားမယ်စိန်ကခုတ်လက်စ မန်ကျည်းပင်ကြီးကိုကြည့်၍
ပြောလိုက်တော့၏။
ထိုနေ့ကမန်ကျည်းပင်ကြီးကိုခုတ်ထွင်ပစ်နိုင်လိုက်ကြသည်။
ညိုညိုလှကလည်းထူထူထောင်ထောင်ဖြစ်လာခဲ့၏။
ဘွားမယ်စိန်တို့အဘိုးဦးဖိုးလုံးတို့လူကြီးများက
စကားလက်ဆုံးကြနေသကဲ့သို့...
မောင်တိုးတို့မင်းမောင်တို့ကလည်း
အတော်ခင်မင်နေကြလေပြီ။
ထိုသို့ဖြင့် တစ္ဆေကြီး၏ရွှေငွေများကို
ရွာဘုန်းကြီးကျောင်း၌ရေတွင်းတူးဖို့နှင့်အုတ်တံတိုင်းကာရံဖို့
အစုစုတို့၌သုံးဖို့ရန်လှူဒါန်းကြဖို့ဆုံးဖြတ်လိုက်ကြလေသည်။
ဘွားမယ်စိန်တို့ကိုလည်းအလှူပြီးမှပြန်ဖို့တားဆီးထားကြ၏။
တစ္ဆေကြီး၏အလှူ၌ တစ်ရွာလုံးမီးခိုးတိတ်
ထမင်းကျွေးလေသည်။
တစ်ရွာလုံးကလည်းပျော်မဆုံးဖြစ်ကြရသည်။
အလှူရှင် ကဗ္ဗည်း၌လည်း မန်ကျည်းပင်မှတစ္ဆေကြီးကောင်းမှု
ဟုသာရေးထိုးပေးလိုက်ကြသည်။
ကိစ္စအားလုံးပြီးဆုံးလေမှဘွားမယ်စိန်တ်ို့လည်း
သောင်ထွန်းရွာကိုပြန်လာကြတော့၏။
မင်းမောင်နဲ့ညိုညိုလှတို့ကိုတော့ အဘိုးဦးဖိုးလုံးနဲ့
အဘွားဒေါ်စိန်ကြီးတို့က မွေးစားလိုက်ကြ၏။
ဒါကိုလည်းဖိုးကျော်တို့ဆွေမျိုးများက သဘောတူကြရှာသည်။
မင်းမောင်၏အဖေသူဌေးကြီးကတော့ မင်းမောင်အပေါ်၌
စိတ်ဆိုးမပြေသေးဘဲ...ပစ်ပယ်ကာထားလေသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ယဥ်မင်း(ကန့်ဘလူ)