
(၁)
"ကွပ်၊ ကွပ်၊ ကွပ်"
ဖားအော်သံတွေကို ကွင်းပြင်ကြီးအတွင်း ဆူညံစွာကြားလိုက်ရသဖြင့် မသိန်းကြည်တစ်ယောက် အလွန်ပျော်ရွှင်သွားမိသည်။ သို့နှင့် ဓါတ်မီးကိုအသာအုပ်ထိုးလိုက်ပြီး ကွင်းထဲသို့တစ်ချက်ဝေ့ကြည့်လိုက်သည့်အခါ ကွင်းထဲတွင် ကြယ်ကလေးများပမာ တောက်ပနေသည့် ဖားမျက်လုံးကလေးများကို တလက်လက်နှင့်မြင်တွေ့လိုက်ရသည်။
"ကိုသောင်းတန်၊ ရှင်ဟိုဘက်ကနေပတ်သွားလိုက်၊ အဲဒီဘက်က ရိုက်လို့ရတဲ့အကောင်တွေကို ရိုက်ခဲ့၊ ကျုပ်က ဒီဘက်ကနေဆီးရိုက်မယ်"
ကိုသောင်းတန်က မသိန်းကြည်ပြောသည့်အတိုင်း ဓါတ်မီးကလေးနှင့် ကွင်းကိုပတ်ကာ ခြေသံလုံလုံနှင့် သွားနေလေသည်။ မိုးဦးကျအစောပိုင်းမို့ ကောင်းကင်တွင် မိုးတိမ်များက အုပ်ဆိုင်းနေသည် မိုးက တစ်ပြိုက်နှစ်ပြိုက် ကောင်းကောင်းရွာလိုက်ပြီဖြစ်ရာ တစ်နွေလုံးတွင်းတူးလျှက် ပုန်းအောင်းနေခဲ့သော စားဖားကြီးများသည်လည်း မိုးကောင်းကောင်းရွာလိုက်သဖြင့် ပုန်းအောင်းရာ တွင်းများမှ ထွက်လာသည့်အချိန်အခါလည်းဖြစ်သည်။
မကြာခင် ကိုသောင်းတန်က ကွင်းတစ်ဖက်သို့ ရောက်သွားပြီဖြစ်သည်။ တစ်နွေလုံးရေခန်းခြောက်ပြီး မြက်ခြောက်များသာရှိနေသည့် ကွင်းကြီးမှာ ယခုတော့ မြက်အနုကလေးများနှင့် စိမ်းစိုနေလေသည်။ ကွင်းကြီးအတွင်း ဖားမျိုးစုံတို့၏ အော်ဟစ်သံများက ဆူညံနေလျှက်ရှိသည်။ ကိုသောင်းတန်က ဖားများကိုစပြီးရိုက်သည့်အခါ ဖားများမှာ လူသံကြားသဖြင့် မသိန်းကြည်ဘက်သို့ ခုန်ဆွခုန်ဆွနှင့် ပြေးလာကြသည်။ အချို့ဖားကြီးများမှာတော့ မခုန်ဘဲ လေးဘက်တွားသွားပြီး ပြေးလွှားနေကြလေသည်။
"ရပြီ လာထား"
မသိန်းကြည်က ရေရွတ်လိုက်ပြီး သူ့အရှေ့မြက်ဖုတ်ထဲမှထွက်လာသည့် စားဖားကြီးတစ်ကောင်ကို တုတ်နှင့်ရိုက်ထည့်လိုက်သည်။ စားဖားကြီး တုတ်စာမိပြီး ငြိမ်သက်သွားတော့မှ သူ့နံဘေးတွင်ရှိသည့် လေးထောင့်သံပုံးကြီးအတွင်းသို့ ဖားကိုကောက်ကာ ပစ်ထည့်လိုက်သည်။
"ကြည့်စမ်း၊ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူး၊ တစ်ကောင်ကို ငါးဆယ်သားလောက်ရှိမယ်"
မသိန်းကြည်ပျော်ရွှင်နေမိသည်။ ထပ်မံထွက်လာသည့် ဖားများကိုလည်းရိုက်နှက်ကာ ဖမ်းဆီးရသည်။ ရိုက်နှက်သည်ဟုဆိုရာတွင်လည်း သေအောင်ရိုက်နှက်ခြင်းမဟုတ်ဘဲ မသေမရှင်ဖြစ်အောင်ရိုက်နှက်ခြင်းဖြစ်သည်။ ထိုမှသာ ဖားများက မနက်ဈေးသွားရောင်းသည့်အခါ လတ်ဆတ်နေမည်ဖြစ်သည်။ ဖားရိုက်တဲ့အလုပ်ကလည်း လွယ်တော့မလွယ်လှ၊ လက်စလက်နမှန်ဖို့အရေးကြီးသည်။ တုတ်အားပြင်းပါက ဖားကျောကုန်းရှိအရိုးများ၊ ပေါင်ရိုးများ ကျိုးသွားတတ်သည်၊ ထိုသို့ကျိုးကြေသွားပါက ဈေးကောင်းမရနိုင်တော့ပေ။
ကျယ်ပြောလှသည့် ကွင်းကြီးထဲတွင် သူတို့လိုဖားရိုက်နေသူများကို ဟိုတစ်စု၊ သည်တစ်စု တွေ့ရသည်။ ဖားရိုက်ရာတွင် ဖားကိုဓါတ်မီးဖြင့်အကြာကြီး မထိုးရပေ၊ မီးရောင်ကြောင့် တခြားဖားများလည်း ထွက်ပြေးသွားတတ်သည်။ ထို့ကြောင့် မီးရောင်ကို ဝေ့ဝိုက်ထွန်းရှာပြီး မျက်လုံးလက်လက်ကလေးကို မြင်တော့မှသာ လိုက်ရိုက်ခြင်းဖြစ်သည်။
ရွာဦးကျောင်းက မနက်ခင်း အုန်းမောင်းခေါက်သံကြားတော့မှသာ မသိန်းကြည်တို့ လင်မယားပြန်လာခဲ့သည်။ ကိုသောင်းတန်ကတော့ ဖားထည့်ထားသည့် လေးထောင့်သံပုံးကြီးနှစ်ပုံးကို ထမ်းပိုးဖြင့်သိုင်းကာ ထမ်းလာခဲ့သည်။
"ဒီအတိုင်းဆိုရင် မဆိုးဘူး အကိုသောင်းတန်ရေ"
"ဟုတ်တယ်၊ စားဖားကြီးတွေက တော်တော်အလေးချိန်စီးတယ်ကွ၊ ငါတို့တော့ နေ့တွက်ကိုက်ပြီဟေ့"
အိမ်ရောက်တော့ ကိုသောင်းတန်က ရေမိုးချိုးအဝတ်အစားလဲပြီးဖားရောင်းထွက်ရန်ပြင်ဆင်သည်။ ပုံးထဲမှဖားကြီးတွေက မသေကြသေးဘဲ လူးလွန့်နေလေသည်။ မသိန်းကြည်က အိမ်ရှေ့သို့ထွက်လာပြီး ဖားပုံးထဲမှ ဖားအကောင်ကြီးနှစ်ကောင်ကို ရွေးထုတ်နေသေည်။
"မိန်းမရာ၊ ဒီကောင်ကြီးတွေက အကြီးကြီးတွေ၊ဈေးကောင်းရမှာကွ၊ မစားပါနဲ့လား"
"အိုတော်၊ ကျုပ်စားချင်လို့ ကျုပ်ရိုက်တာ ဘာဖြစ်လဲ၊ ကျုပ်က ဖားသားကြိုက်တာကို ရှင်သိရဲ့သားနဲ့"
မသိန်းကြည်က ပြောပြောဆိုဆိုနှင့် ဖားကြီးနှစ်ကောင်ကို ဆွဲထုတ်ပြီးဇောက်ထိုးကိုင်လာခဲ့သည်။ ချက်ပြုတ်ရန်အတွက် ရေကပြင်တွင် ဖားနှစ်ကောင်ကိုချလိုက်သည့်အခါ ဖားများက ရုန်းကန်နေလေသည်။ ဖားတစ်ကောင်၏ ခေါင်းကို ဓါးနှောင့်နှင့်ထုထည့်လိုက်ရာ ထိုဖားက တွန့်လိမ်နေသေးသည်။ နောက်ဖားတစ်ကောင်ကတော့ မသိန်းကြည်ကို စိုက်ကြည့်နေသလို ခံစားရသည်။
"နင်ကများ ငါ့ကိုကြည့်နေသေးတယ်ပေါ့၊ ဘာလဲ နင့်ကိုငါကသတ်မှာ ကြောက်လို့လား"
ထိုဖားကြီးက နောက်ဆုံးကျန်သည့်အားဖြင့် တွားသွားနေသေးသည်။ ထိုအခါ မသိန်းကြည်က ဖားကြီး၏ ခေါင်းကို ဓါးနှောင့်နှင့် သုံးလေးချက်ထုလိုက်ပြန်သည်။ ဒီတော့မှ ဖားကြီးက ငြိမ်ကျသွားသည်။
"ကဲ နင်ပြေးလို့လဲမလွတ်ပါဘူးဟာ၊ နင်တို့နှစ်ကောင်က ကြိမ်းသေပေါက် ငါ့ဗိုက်ထဲရောက်ရမှာပါ"
မသိန်းကြည်က သေဆုံးသွားသည့်ဖားများကို ရင်ခွဲကာ ချက်ပြုတ်ရန်ပြင်ဆင်နေလေသည်။ ထိုအချိန် ကိုသောင်းတန်ကတော့ ဖားပုံးဆွဲကာ ဈေးသို့ထွက်ခဲ့ပြီဖြစ်သည်။
(၂)
အချိန်ကာလအားဖြင့် ခရစ်နှစ် ၁၉၉၀ ပြည့်ဝန်းကျင်ခန့်ကဖြစ်သည်။ မသိန်းကြည်တို့နေထိုင်သည့်ရွာကလေးမှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကဒတ်ချောင်းရွာကလေးဖြစ်သည်။ ရွာကလေးမှာ ကဒတ်ချောင်းဟုခေါ်သည့် ချောင်းကလေးဘေးတွင်တည်ရှိပြီး အိမ်ခြေသုံးဆယ်ခန့်သာရှိသည့် ရွာငယ်ကလေးတစ်ရွာဖြစ်သည်။ ကဒတ်ချောင်းဘေးတွင် ရွာများတည်ဆောက်ထားကြသည်မို့ သူတို့ရွာကို ကဒတ်ချောင်းရွာကလေးဟုခေါ်သည်။ ကဒတ်ချောင်းအထက်ဘက်တွင် ရွာကြီးတစ်ရွာရှိကာ ထိုရွာကိုတော့ ကဒတ်ချောင်းရွာ၊ ကဒတ်ချောင်းရွာကြီးဟု ခေါ်ဝေါ်ကြလေသည်။ ချောင်းကမ်းနံဘေးတွင်ရှိသည်မို့ တစ်ရွာလုံးက ရေလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ငါးရှာ၊ ဖားရှာနှင့် တံငါသည်များဖြစ်သည်။ ရွာအနောက်ပိုင်းတွင် ရေနက်ကွင်းပြင်များ၊ အင်းအိုင်များရှိသည်။
သူတို့တစ်ရွာလုံးက ဗုဒ္ဓဘာသာဝင်များဆိုသော်လည်း ဘုရားတရားကို ဘာမှန်းမသိကြပေ၊ မသိန်းကြည်အသက်ပင် လေးဆယ်ပြည့်တော့မည်ဆိုသော်လည်း ယခုထိ ဩကာသ ဘုရားကန်တော့ချိုးကို အလွှတ်မရသေးပေ။ ကိုသောင်းတန်က သူ့ထက် သုံးနှစ်ကြီးသော်လည်း စာလဲတစ်လုံးမှမတတ်သလို၊ ဘုရားမြင်လျှက် ဦးကုန်းချသည်ကလွဲလို့ ဘာမှမတတ်ပေ၊ ကိုရင်ဝတ်ဖို့ ရှင်ပြုဖို့ဆိုတာ ဝေလာဝေး၊ တစ်သက်လုံး ငယ်စဉ်ကတည်းက ငါးရှာ၊ ပုစွန်ရှာနှင့်သာ လုပ်ကိုင်စားသောက်ခဲ့ရသည်။
သူတို့ရွာကလေးတွင် ဘုန်းကြီးကျောင်းမရှိပေ၊ ရွာရှိအိမ်ကလေးများမှာလည်း သစ်တိုသစ်စ၊ ဝါးတိုဝါးစဖြင့် အဖြစ်ဆောက်လုပ်ထားသည့် အိမ်ကလေးများဖြစ်သည်။ ရွာက သုံးနှစ်တစ်ခါလောက် ကဒတ်ချောင်းတစ်ဝိုက် ပြောင်းရွှေ့ဆောက်လုပ်နေထိုင်လေ့ရှိသည်။ မြစ်ချောင်းများ ပေါများသည်မို့ တစ်အိမ်နှင့်တစ်အိမ် ကူးလူးသည်ကအစ လှေကိုသာ အားကိုးပြီး သွားလာရလေသည်။
ကိုသောင်းတန်နှင့် မသိန်းကြည်တို့မှာ အိမ်ထောင်သက် ဆယ်နှစ်နီးပါးရှိသော်လည်း သားသမီးမဖြစ်ထွန်းကြပေ။ ကိုသောင်းတန်က အရင်အိမ်ထောင်နှင့်ရသည့် သားသမီးများရှိသော်လည်း အခြားရွာတစ်ရွာတွင် နေထိုင်လေသည်။ မသိန်းကြည်ကလည်း အိမ်ထောင်နှစ်ဆက်ဖြစ်ပြီး သားသမီးတစ်ယောက်မှ မဖြစ်ထွန်းခဲ့ပေ။
မသိန်းကြည်က ဖားသားကိုတော့ အလွန်ကြိုက်သည်။ အခြားအသားများ၊ ငါးများထက် မက်မက်မောမောပိုကြိုက်သည်။ အသားမှာဝက်ဆိုသည့် ဝက်သားဖြင့်ပင် ဖားသားကိုမလဲနိုင်ပေ။ အခုလည်း ဖားကြီးနှစ်ကောင်ကို အစပ်ချက်ပြီး ထမင်းကျက်သည့်အခါ ငါးပိရည်၊ တို့စရာကောင်းကောင်းဖြင့် မြိန်ရေရှက်ရေ စားသောက်နေမိသည်။
ထိုညတော့ ဖားမလိုက်တော့ပေ၊ ဖားက ညတိုင်းမလိုက်ကြ၊ အိပ်ရေးပျက်သည်က တစ်ကြောင်း၊ နောက်ပြီး တံငါများ၏ စည်းကမ်းအရ အခြားလူများကို အလှည့်ပေးချင်တာကတစ်ကြောင်းမို့ဖြစ်သည်။ ကိုသောင်းတန် ကတော့ မြစ်ရိုးတစ်လျှောက်တွင် မြှုံးဖြင့် ငါးလိုက်ထောင်သည်မို့ မိုးမချုပ်ခင်ကပင် အိမ်မှထွက်သွားပြီဖြစ်သည်။
မသိန်းကြည်က အိပ်မည်ဟုတွေးလိုက်ပြီး မီးခွက်ကိုမှုတ်လိုက်သည်။ တစ်ရွာလုံးလည်း တိတ်ဆိတ်နေသည်။ လသာညဖြစ်ပြီး တိမ်တွေကင်းစင်နေသဖြင့် အိမ်ရှေ့ချောင်းရေပြင်ကို လရောင်ဖြင့်အတိုင်းသားမြင်နေရသည်။ သူတို့အိမ်ကလေးတွေမှာ ပြတင်းပေါက်တို့၊ အိမ်တံခါးတို့မရှိဘဲ ဒီအတိုင်း ဟောင်းလင်းဖွင့်ကာနေထိုင်ကြရသည်။ ရွာအတွင်းရှိ ရွာသားများမှာလည်း အားလုံးလိုလိုဆင်းရဲကြသူများမို့ သူခိုးသူဝှက်လည်းမရှိပေ။
မသိန်းကြည်က အိပ်ခန်းထဲတွင်အိပ်ရန်အတွက် ခေါင်းချလိုက်သည်။ ထိုစဉ် ဖားအော်သံများကိုကြားလိုက်ရသည်။
"နင်တို့အော်ထားကြအုံးပေါ့ဟာ၊ မနက်ဖြန်ညကျမှ ငါနဲ့တွေ့မယ်ဟေ့"
စိတ်ထဲမှကြိမ်းဝါးရင်း ဖားသားအကြောင်းကိုတွေးကာ ပျော်ရွှင်နေမိသည်။ တဖြည်းဖြည်းနှင့် ဖားအော်သံတွေက ဆူညံလာသည်။ ဖားများက တစ်ကောင်တစ်လေအော်ခြင်းမဟုတ်ဘဲ အကောင်ပေါင်းများစွာ အော်ဟစ်နေသည့်အသံဖြစ်သည်။ အသံတွေက ချောင်းရိုးအတိုင်း ကြားနေရပြီး တဖြည်းဖြည်းနီးကပ်လာလေသည်။ ဖားများနီးကပ်လာလေလေ အသံတွေက ကျယ်လောင်လာလေလေဖြစ်သည်။ နောက်ဆုံးတော့ ဖားတွေက သူတို့အိမ်ကိုပတ်ပြီး အော်ဟစ်နေလေရာ ဆူညံနေတော့သည်။ မသိန်းကြည်လည်း ထူးဆန်းသွားပြီး အိမ်ရှေ့ကိုထွက်လိုက်သည်။ ထိုအခါ ချောင်းအတွင်းမှ ဖားများက အိမ်ပေါ်သို့ ခုန်တက်လာလေသည်။ ဖားတွေက အလွန်များပြားပြီး ထောင်သောင်းမကရှိမည်ဟု မသိန်းကြည်ခန့်မှန်းမိသည်။ ဖားတွေက အလုံးအရင်းနှင့် အိမ်ပေါ်တက်လာရာ မကြာခင် ကြမ်းပြင်တစ်ခုလုံး ခြေချစရာပင်မရှိအောင် ဖားများနှင့် ပြည့်နှက်သွားသည်။ မသိန်းကြည်က အနီးမှ သူဖားရိုက်နေကျ တုတ်ကိုယူလိုက်ပြီး ဖားတွေကိုရိုက်နှက်နေမိသည်။
"ကောင်းလိုက်တာ၊ နင်တို့က ငါ့ဆီကိုရောက်လာကြတာဆိုတော့ ငါတကူးတကလိုက်ရှာနေစရာ မလိုတော့ဘူးပေါ့"
ဖားများက အလုံးလိုက်ကြီး သူ့ခြေထောက်ကို တိုက်လိုက်သဖြင့် မသိန်းကြည်လဲကျသွားသည်။ ထိုအခါ ဖားများက သူ့ကိုယ်ပေါ်သို့ ခုန်တက်ကြလေသည်။ မသိန်းကြည်ထိုတော့မှ ကြောက်လန့်သွားပြီး အော်ဟစ်နေမိသည်။ သူကြိုးစားရုန်းကန်ပါသော်လည်း ရုန်းမရတော့ပေ၊ ထိုစဉ် ဖားကြီးတစ်ကောင်က သူ့ရင်ဘတ်ပေါ်မှနေပြီး သူ့ကိုအုပ်မိုးကာ ကြည့်နေလေသည်။
"ငါနင့်ဆီကိုလာပြီ"
"မလုပ်နဲ့၊ မလုပ်ပါနဲ့"
မသိန်းကြည်က တားဆီးသော်လည်း ဖားကြီးက တွားသွားလာရင်း သူ့ပါးစပ်အတွင်းသို့ အတင်းတိုးဝင်လေသည်။
"အား၊ ကယ်ပါ၊ ကယ်ကြပါ"
မသိန်းကြည် ငေါက်ခနဲထပြီးထိုင်လိုက်သည်။ ထိုအခါ သူ့ဘေးနားတွင် ခွေခွေကလေးအိပ်နေသည့် ကိုသောင်းတန်ကပါ လန့်နိုးပြီးငုတ်တုတ်ထထိုင်လိုက်သည်။
"ဘာဖြစ်တာလဲကွ"
"ဖားတွေ၊ ဖားတွေ ကျုပ်တို့အိမ်ပေါ်ကိုတက်လာတယ်၊ ကျုပ်ပါးစပ်ထဲကိုဝင်တယ်"
ကိုသောင်းတန်က ပြုံးရယ်လိုက်သည်။
"မင်းကတော့ကွာ၊ နေ့လည်က ဖားတွေစားပြီးတော့ အခုညကျတော့ စိတ်စွဲပြီးမက်တာနေမှာပါကွာ"
အိပ်မက်မှန်းသိသော်လည်း အပြင်မှာတကယ်ဖြစ်နေသည့်အတိုင်း ခံစားရသည်မို့ မသိန်းကြည်အလွန်တုန်လှုပ်နေမိသည်။ အိပ်ရာဘေးမှ နာရီကိုကြည့်လိုက်တော့ မနက်နှစ်နာရီပင်ထိုးနေပြီ၊ မြှုံးသွားချသည့် သူ့ယောက်ျားကိုသောင်းတန်ပင် အိမ်ပြန်ရောက်နေခဲ့ပြီမဟုတ်ပါလား၊ မသိန်းကြည် အိပ်ရာပေါ်သို့ လှဲချလိုက်သော်လည်း ဆက်အိပ်မရတော့ပေ။
(၃)
နောက်တစ်လခန့်ကြာသည့်အခါ မသိန်းကြည်တစ်ယောက်စိတ်လှုပ်ရှားနေမိသည်။ တစ်ရက်တော့ သူ့ယောကျ်ားကိုသောင်းတန် ငါးပိုက်ချပြီးပြန်အလာတွင် ကိုသောင်းတန်အနီးသို့ကပ်လိုက်ပြီး
"တော့ကို ပြောစရာရှိတယ်ကိုသောင်းတန်"
"ပြောလေ သိန်းကြည်ရဲ့"
"ကျုပ်၊ ကျုပ် ရာသီသွေးမပေါ်တာ တစ်လကျော်လို့ နှစ်လနားနီးနေပြီတော့"
ကိုသောင်းတန်အလွန်အံ့သြသွားသည်။ ထို့နောက် ပျော်ရွှင်သွားမိသည်။
"ရာသီသွေးမပေါ်ဘူးဆိုတော့၊ မင်း၊ မင်း ကိုယ်ဝန်ရှိနေတာများလားကွာ"
"တပ်အပ်တော့မပြောနိုင်သေးဘူးရှင့်၊ နားလည်တဲ့ ဆေးဆရာဖြစ်ဖြစ် ပြသမှရမှာ"
ထိုညနေပင် သူတို့လှေကလေးနှင့် ကဒတ်ချောင်းအထက်ဘက်သို့ တက်ခဲ့ကြသည်။ မကြာခင် ကဒတ်ချောင်းရွာကြီးကိုရောက်သည်။ ကဒတ်ချောင်းရွာကြီးက မသိန်းကြည်တို့ ဇာတိဖြစ်ပြီး ထိုရွာတွင် သူ့မိခင်နှင့် ဆွေမျိုးသားချင်းများ နေထိုင်လျှက်ရှိကြသည်။ အိမ်ခြေတစ်ရာကျော်ရှိပြီး စာသင်ကျောင်းများ၊ ဈေးဆိုင်များရှိသည်။ ကဒတ်ချောင်းရွာကြီးကို ရောက်တော့ ဆေးဆရာကြီးအိမ်သို့ သွားကြသည်။ ဆေးဆရာကြီးက စမ်းသပ်စစ်ဆေးလိုက်ပြီးတော့မှ သူတို့ပျော်ရွှင်နိုင်ကြသည်။
"ဟုတ်တယ်၊ ညည်းမှာ ကိုယ်ဝန်ရှိနေပြီ သိန်းကြည်ရဲ့"
မသိန်းကြည်ရော ကိုသောင်းတန်ရော ပျော်ရွှင်သွားမိသည်။ ဆေးဆရာအိမ်မှအပြန်တွင် မသိန်းကြည်က သူ့အမေ ဒေါ်လုံးအိမ်သို့ဝင်လိုက်သည်။
"ဟဲ့ သမီး၊ ဘယ်ကလှည့််လာတာလဲ၊ လာလာ၊ မောင်သောင်းတန်လည်း အိမ်ပေါ်ကိုတက်ခဲ့"
သစ်သားအိမ်အပေါ်သို့တက်လိုက်သည့်အခါ မသိန်းကြည်အမေ ဒေါ်လုံးက နှုတ်ဆက်လေသည်။ အိမ်ထဲတွင်တော့ မသိန်းကြည်၏ ညီမခင်စန်း နှင့် သူတို့မိသားစုကလည်း ဆီးကြိုလေသည်။
"အမေ၊ သမီး ရာသီသွေးမပေါ်တာကြာလို့ ဆေးဆရာကြီးဆီ လာပြတာအမေရဲ့"
အမေက စိုးရိမ်သွားသည်။
"ဒါဆို ညည်း ဟိုဟာ၊ ဟိုဟာ"
မသိန်းကြည်က ခေါင်းညိတ်လိုက်သည်။
"အေးဟယ်၊ ငါက ညည်းဒီတစ်သက် ကလေးမရတော့ဘူးထင်နေတာ၊ အသက်ကြီးမှရတယ်ဆိုပေမယ့်လည်း တင်အောင်မွေးဟဲ့"
သူ့ညီမ ခင်စန်းကတော့ အိမ်ထောင်ကျပြီးတော့ ကလေး သုံးယောက်ရနေပြီဖြစ်သည်။ သူ့မတ်ကလေးကိုတင့်က ဆန်စက်တွင် အလုပ်လုပ်ကိုင်နေသောကြောင့် သူတို့မိသားစုမှာ အဆင်ပြေလှသည်။ မိခင်ကြီး ဒေါ်လုံးကိုလည်း သူ့ညီမလင်မယားက တင်ကျွေးထားခြင်းဖြစ်သည်။
"မိုးချုပ်နေပြီအမရေ၊ ညအိပ်သွားပါလား၊ မနက်မှထပြန်ပေါ့"
မသိန်းကြည်က ကိုသောင်းတန်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
"မပြန်လို့မရဘူးညီမလေးရေ၊ ကိုသောင်းတန် ဒီည မြှုံးချရအုံးမယ်မဟုတ်လား၊ သွားမှဖြစ်မယ်ဟေ့"
မသိန်းကြည်က အိမ်ပေါ်မှဆင်းခဲ့သည်။ သူတို့လှေကလေးပေါ်သို့ တက်လိုက်ပြီး လှေကိုချောင်းရိုးအတိုင်း စုန်ဆင်းလာခဲ့သည်။
"မင်းပင်ပန်းနေပါအုံးမယ်ကွာ၊ မင်းတို့အိမ်မှာ တစ်ညအိပ်လိုက်တာမဟုတ်ဘူး"
"မဟုတ်ပါဘူးအကိုသောင်းတန်ရယ်၊ ကျုပ်က ရှင့်မျက်နှာကိုကြည့်လို့ ကျွန်မ မအိပ်တော့တာပဲ၊ အမေက ရှင်နဲ့ကသိပ်မကြည်ဘူးမဟုတ်လား၊ နောက်ပြီး အိမ်က နဂိုကတည်းက ခပ်ကျဉ်းကျဉ်းမဟုတ်လားရှင့်"
လင်မယားနှစ်ယောက် စကားတပြောပြောနှင့် လှေစီးလာခဲ့ကြသည်။ ညဘက်မို့ ချောင်းရိုးကြီးက ဖြူးနေလေသည်။ ချောင်းအတွင်း လှေတစ်စင်းမှပင်မရှိပေ၊ မသိန်းကြည်က ဓါတ်မီးကိုလှေဦးတွင်ထိုးထားရင်း လှော်ခတ်လာခဲ့ကြသည်။ ချောင်းရိုးတစ်နေရာအရောက်တွင် ရေအောက်မှ အစိမ်းရောင်အလုံးကလေးများ ပေါ်ထွက်လာသည်ကိုတွေ့လိုက်ရသည်။ မသိန်းကြည်လည်း ထူးဆန်းသွားသဖြင့် ကိုသောင်းတန်ကိုလှမ်းအော်လိုက်သည်။
"အကို ရေထဲမှာ ဘာလေးတွေလဲ၊ အကိုတွေ့လား"
"ဖားပေါက်ကလေးတွေ၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းကလေးတွေဖြစ်မယ်ကွ၊ ဒီရာသီက သူတို့ပေါက်တဲ့အချိန်မဟုတ်လား"
အစိမ်းရောင်မျက်လုံးကလေးများမှာ အမှောင်ထဲတွင်ဝင်းလက်နေပြီး မကြာခင်တဖြည်းဖြည်းများလာကာ သူတို့လှေအနားတစ်ဝိုက်တွင် ထွန်းလင်းနေလေသည်။
"ထူးဆန်းလိုက်တာ ကိုသောင်းတန်ရယ်၊ ကျုပ်တို့ဗိုက်ထဲက ကလေးလေးက ဖားကလေးတွေနဲ့များ ဆက်စပ်နေမလားပဲနော်"
"အယူမသည်းစမ်းပါနဲ့ သိန်းကြည်ရာ"
ကိုသောင်းတန်က လှေတက်ဖြင့် ရေပြင်ကို တဝုန်းဝုန်းရိုက်ခတ်လိုက်တော့မှ ထိုဖားကလေးများမှာ ပျောက်ကွယ်သွားကြလေသည်။
(၄)
တစ်ဖြည်းဖြည်းနှင့် မသိန်းကြည်ကိုယ်ဝန်က ရင့်မာလာခဲ့သည်။ မသိန်းကြည်က သူ့ဘဝတွင် ပထမဆုံးအနေဖြင့် မွေးရမည့်ကလေးမို့ အလွန်စိတ်လှုပ်ရှားနေသည်။ ကိုသောင်းတန်ကတော့ အရင်မိန်းမနှင့် ကလေးမွေးဖူးသည့် အတွေ့အကြုံရှိသည်မို့ သူ့အားပြုစုလေသည်။ ငါးလခန့်ရောက်သည့်အခါ မသိန်းကြည်ကို ကိုသောင်းတန်က ထမင်းဟင်းပင် မချက်ခိုင်းတော့ပေ၊ စားသောက်စရာမှစ၍ လျှော်ဖွပ်သည်အထိ ကိုသောင်းတန်က အကုန်ပြုစုလုပ်ကိုင်ပေးလေသည်။
တစ်ရက်တော့ ကိုသောင်းတန် ပိုက်ဖော်ကာ ငါးဒိုင်တွင် ငါးရောင်းပြီး အိမ်ကိုပြန်လာခဲ့သည်။ မသိန်းကြည်ကတော့ မနက်စောစောမို့ ဆက်အိပ်နေမိသည်။ မီးဖိုချောင်တွင် ကိုသောင်းတန်တစ်ယောက် ထမင်းဟင်းချက်ပြုတ်နေသံများကိုကြားရသည်။ တစ်နာရီခန့်ကြာသည့်အခါ ကိုသောင်းတန်အိပ်ခန်းအတွင်းသို့ဝင်လာသည်။
"သိန်းကြည်ရေ၊ ထတော့ကွာ၊ မနက်စာစားရအောင်"
ကိုသောင်းတန်ခေါ်လိုက်သဖြင့် မသိန်းကြည်ထပြီးထွက်လာခဲ့သည်။ မျက်နှာကပြာကယာသစ်ပြီး ထမင်းဝိုင်းတွင်ထိုင်နေလိုက်သည်။ ကိုသောင်းတန်က ဟင်းတစ်ခွက်ကို ခပ်ယူလာပြီး မသိန်းကြည်အရှေ့တွင်ချလိုက်သည်။
"ရော့ ဒီမှာ ကျော်စံကေးလေးတွေရလာတယ်ကွာ၊ မင်းအကြိုက် ကင်ပွန်းချဉ်ရွက်နဲ့ အကောင်လိုက်ချက်ထားတယ်"
မသိန်းကြည်က ထိုဟင်းခွက်ကိုကြည့်ပြီး အံ့သြနေမိသည်။ ကျော်စံကေးဆိုသည်မှာ စားဖားအသေးလေးတွေကိုခေါ်ခြင်းဖြစ်သည်။ အချို့က ဖားအသေးလေးများကို နုပ်နုပ်စင်းလျှက် ချက်စားတတ်သော်လည်း မသိန်းကြည်ကတော့ ဖားကလေးများကို အကောင်လိုက်ချက်စားလေ့ရှိသည်။ ယခင်က အလွန်ကြိုက်နှစ်သက်ခဲ့သော်လည်း အခုတော့ ဟင်းခွက်ကိုကြည့်ပြီး မသတီသလိုလို၊ ရွံသလိုလိုဖြစ်နေသည်။
ကိုသောင်းတန်က ဟင်းခွက်ထဲမှ ဖားအကောင်လိုက်ကလေးကို ခပ်လိုက်ပြီး မသိန်းကြည်ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။
"သိန်းကြည်၊ စားလေကွာ"
မသိန်းကြည်က ဖားအသေကောင်ကိုကြည့်ပြီး အလွန်ထိတ်လန့်သွားကာ ထမင်းပန်းကန်ကိုလွှင့်ပစ်လိုက်မိလေသည်။ ကိုသောင်းတန်က မသိန်းကြည်၏ အပြုအမူများကိုကြည့်ရင်း အံ့သြနေလေသည်။
"မင်းဘာလုပ်တာလဲ သိန်းကြည်"
"တောင်းပန်ပါတယ် အကိုရယ်၊ အဲဒီဟင်းကို ကျွန်မအရှေ့မှာ မချပါနဲ့လား၊ ကျွန်မ ဖားတွေကိုကြည့်ပြီး တစ်မျိုးကြီးဖြစ်နေတယ်"
ကိုသောင်းတန်လည်း ဟင်းခွက်ကိုသိမ်းလိုက်တော့သည်။ ကိုယ်ဝန်လွယ်ထားရသည့်အခါတွင် မိန်းကလေးများ စိတ်အပြောင်းအလဲဖြစ်သည်ကို ကြားဖူးထားသည်ကြောင့် မသိန်းကြည်လည်း ထိုသို့ပင်ဖြစ်လိမ့်မည်ဟု တွေးထားလိုက်သည်။
(၅)
မိုးများသည်းထန်စွာ ရွာသွန်းနေသည့် နေ့တစ်နေ့တွင် မသိန်းကြည် မီးဖွားပြီဖြစ်သည်။ ကဒတ်ချောင်းကြီးမှ လက်သည်တစ်ဦးနှင့် ရွာထဲမှ မိန်းမတစ်ချို့က ကူညီကာ မွေးဖွားပေးကြသည်။
"ဟေ့၊ မွေးပြီဟေ့၊ မိန်းကလေးဟဲ့"
ကိုသောင်းတန် အလွန်ပျော်ရွှင်ရသလို သူ့ထက်ပျော်ရွှင်နေသည့်သူက မသိန်းကြည်ဖြစ်သည်။ ဘဝတွင် ပထမဆုံးအကြိမ် မွေးသည့်ကလေးဖြစ်သည်မို့ မသိန်းကြည်တစ်ယောက် ပြောမပြတတ်အောင် ပျော်ရွှင်နေမိသည်။ ကလေးမီးဖွားပြီးတော့ ကလေးကိုအနှီးဖြင့်ထုပ်ပိုးပြီး မသိန်းကြည်နို့ကိုစို့ခိုင်းလေသည်။
မသိန်းကြည်လည်း သမီးလေး၏ မျက်နှာကိုငုံ့ကြည့်လိုက်သည်။
"ဟင်၊ သမီး၊ သမီးလေးမျက်နှာမှာ အကွက်တွေနဲ့ပါလား"
အသားဖြူဖြူတွင် အနက်ရောင်အကွက်အဝိုင်းလေးတွေ ထွက်နေလေသည်။
"မစိုးရိမ်ပါနဲ့အေ၊ မွေးကင်းစမှာဒါမျိုးက ဖြစ်တတ်ပါတယ်"
နို့တိုက်ပြီးတော့ မသိန်းကြည်အိပ်ပျော်သွားလေသည်။ အိမ်အပြင်တွင် စောင့်နေသည့် ကိုသောင်းတန်တစ်ယောက် မီးဖွားခန်းရှေ့တွင်ရပ်လိုက်ကာ အော်လိုက်သည်။
"ဟေ့၊ ကျုပ်သမီးလေးကို ကျုပ်ကိုပြကြပါအုံး"
လက်သည်က ကလေးအနှီးထုပ်ကလေးကို ချီပိုးလိုက်ပြီးတော့ ကိုသောင်းတန် လက်ထဲသို့ထည့်ပေးလိုက်သည်။ ကိုသောင်းတန်မှာ ကလေးကိုကြည့်ရင်း အလွန်ထိတ်လန့်သွားသည်။
"သူ့မှာ ဘာတွေပေါက်နေတာလဲ"
ကလေးမျက်နှာတွင် အညိုရောင်၊ အနက်ရောင်ဖြင့် အဝိုင်းကလေးများ နေရာအနှံ့ပေါက်နေသည်။ ကိုသောင်းတန်လည်း အနှီးထုပ်ကို ဖြေကြည့်လိုက်ရာတွင် ကျောပြင်များ၊ လက်များနှင့် ခြေထောက်များတွင်လည်း ထိုအစက်အပြောက်များက နေရာအနှံ့ပေါက်နေကြသည်။
"ဘာ၊ ဘာဖြစ်တာလဲ"
"အဲဒါ သူငယ်နာပါအေ၊ ကလေးက သွေးသားမမှန်သေးလို့ ပေါက်နေတာပါ၊ နောက်တော့ ပျောက်သွားမှာပါ"
လက်သည်စကားကို ကိုသောင်းတန် လက်ခံလိုက်ရသည်။ တစ်ပတ်ခန့်ကြာသည်အထိ ကလေးအနာက ထူးမလာခဲ့ပေ၊ ထိုအချိန်တွင် ကိုသောင်းတန်နှင့် မသိန်းကြည်တို့ ဆုတောင်းတူခဲ့လေသည်။ ကလေးတွင်ပေါက်နေသည့် အနာများအမြန်ပျောက်သွားဖို့ကိုသာ ဆုတောင်းနေမိသည်။ အနာဆိုသော်လည်း အနာမှ သွေးတွေ၊ ပြည်တွေမထွက်ဘဲ ထိုအကွက်ကလေးများသာ စွဲနေခြင်းဖြစ်သည်။
တစ်လခန့်ကြာသည့်အခါမှာတော့ မသိန်းကြည်စိတ်လျှော့လိုက်တော့သည်။
"ကျုပ်ပြောသားပဲ ကိုသောင်းတန်၊ ကျုပ်တို့သမီးလေးက ဖားဘဝကနေလာတာပါလို့"
ကိုသောင်းတန်က လက်မခံချင်သေးပေ။ သို့သော် ပတ်ဝန်းကျင်ကလည်း ထိုအတိုင်းပြောနေပြီဖြစ်သည်။
"သိန်းကြည်မက ဖားသားသိပ်ကြိုက်တာမဟုတ်လား၊ အခု ဖားကလေးက လူဝင်စားပြီးတော့ သူ့ကိုဒုက္ခပေးဖို့ ရောက်လာတာဖြစ်မယ်"
"ဟုတ်ပတော်၊ ကလေးကိုဆေးကုဖို့ မောင်သောင်းတန်လည်း ငွေရှာနေရတာ အိမ်မှာ နေ့ရောညရော မကပ်နိုင်ပဲလေ"
ပတ်ဝန်းကျင်က အမျိုးမျိုးပြောဆိုကြသည်။ ထိုကလေးက ဖားကလေးတစ်ကောင်ဖြစ်ပြီး သူတို့လင်မယားကို ဒုက္ခပေးဖို့၊ လက်တုံ့ပြန်ဖို့ ရောက်လာသည်ဟု ပြောဆိုကြသည်။ တကယ်လည်း ကိုသောင်းတန် အိမ်မကပ်နိုင်ပေ၊ ကလေးကို ရောဂါကုသရန်အတွက် ဆေးဆရာပြရသည်။ သောက်ဆေး၊ လိမ်းဆေးတွေ အမျိုးမျိုးဝယ်ယူရသည်။ ထို့ကြောင့် ကိုသောင်းတန်လည်း အိမ်ကပ်ရသည်ကိုမရှိတော့ပေ၊ မနက်ပိုင်းတွင်လည်း ငါးဖမ်းထွက်ရပြီး ညရောက်သည့်အခါတွင်လည်း မြှုံးထောင်၊ ပိုက်တန်းချ နှင့် ဆေးဖိုးအတွက် ပင်ပန်းကြီးစွာ ရှာဖွေနေရလေသည်။
သုံးလခန့်ကြာခဲ့သော်လည်း သမီးလေးကိုယ်လုံးမှ အစက်အပြောက်များက ပျောက်မသွားသည့်အပြင် ပိုပိုတိုးလာလေသည်။ သမီးလေးကို ကြမ်းပြင်တွင်ချထားသည့်အခါ ဖားကလေးတစ်ကောင်နှင့်ပင်တူလှသည်။ မျက်လုံးပြူးပြူး၊ ပါးစပ်ပြဲပြဲကလေးဖြစ်ပြီး တစ်ကိုယ်လုံးတွင်လည်း အစက်အပြောက်များနှင့်မို့ မသိန်းကြည်တစ်ချိန်က ရိုက်သတ်ခဲ့သည့် စားဖားများနှင့်ပင် တူနေတော့သည်။ အရပ်ထဲတွင်လည်း ဖားမလေးဟုသာ ခေါ်ဝေါ်ကြသည်။ မသိန်းကြည်နှင့် ကိုသောင်းတန်တို့ နှစ်ယောက် တိုင်ပင်ပြီး သမီးကလေးအား သိန်းသန်းဦးဟု နာမည်ပေးခဲ့သည်။
တစ်ရက်တော့ မသိန်းကြည်တစ်ယောက်က ကလေးကိုနို့တိုက်နေလေသည်။ နို့တိုက်ရင်း ကိုသောင်းတန်ကို မျှော်နေမိသည်။ ကိုသောင်းတန်တစ်ယောက် ပြန်လာသင့်သည့်အချိန်ထက်ကျော်လွန်နောက်ကျနေပြီဖြစ်သည်။ မနေ့ ညနေကတည်းက ငါးမြှုံးထောင်ဖို့ ထွက်သွားသည့် ကိုသောင်းတန်မှာ ပုံမှန်အတိုင်းဆိုလျှင် ဖမ်းမိသည့်ငါးများကို မနက်စောစော ငါးဒိုင်သို့ဝင်ရောင်းပြီး မနက် ခုနစ်နာရီ၊ ရှစ်နာရီခန့်တွင် ပြန်လာတတ်သော်လည်း အခုတော့ ဆယ်နာရီထိုးတော့မည် ကိုသောင်းတန်ပြန်မလာသေးပေ။
"သိန်းကြည်ရေ၊ ဟေ့ သိန်းကြည်"
အိမ်ရှေ့မှ ခေါ်သံကြားသဖြင့် ကလေးကို ပုခက်အတွင်းထည့်ခဲ့ပြီး အိမ်ရှေ့သို့ပြေးထွက်ခဲ့သည်။ ရွာထဲမှ လူကြီးသုံးယောက်လောက်က ကိုသောင်းတန်၏ လှေကို ဆွဲလာလေသည်။ လှေပေါ်တွင် ကိုသောင်းတန် ပါမလာခဲ့သည်မို့ မသိန်းကြည်တစ်ယောက် ရင်ထိတ်သွားသည်။
"အကိုသောင်းတန်၊ အကိုသောင်းတန် ဘာဖြစ်လို့လဲ"
"သောင်းတန်ကို ငါးခိုးတဲ့လူတွေက ဓနိတောထဲမှာ သတ်သွားတယ်ဟ၊ အခုတော့ သူ့အလောင်းကို သယ်သွားကြပြီ"
မသိန်းကြည်တစ်ယောက် မတ်တပ်ရပ်နေရာမှာ လဲပြိုကျသွားသည်။
"ငါလဲပြောဖူးပါတယ်၊ ငါးမြှုံးတွေကို ခိုးဖော်နေတဲ့သူတွေရှိလို့ သတိထားလို့ သောင်းတန်ကိုမှာဖူးတယ်၊ အခုလည်း ငါးခိုးတဲ့လူတွေနဲ့တွေ့တော့၊ သောင်းတန်နဲ့ရန်ဖြစ်ကြပြီး ဟိုလူတွေက သောင်းတန်ကို သတ်သွားတာပဲဖြစ်မယ်"
ဒီလိုနှင့် ကိုသောင်းတန်တစ်ယောက် ဆုံးပါးသွားတော့သည်။ သူ့ကိုသတ်သည့်သူမှာလည်း မည်သူမည်ဝါမှန်းပင် မသိလိုက်ရပေ၊ အလုပ်ကိုလက်ကြောတင်းတင်းလုပ်မစားချင်သည့်သူများက ထိုကဲ့သို့သူများချထားသည့် မြှုံးတွေ၊ ပိုက်တန်းတွေမှ ငါးကိုခိုးယူလေ့ရှိသည်။ ကိုသောင်းတန် နာရေးပြီးတော့ မသိန်းကြည်စဉ်းစားရပြီဖြစ်သည်။ သူတို့ရှေ့ရေးအတွက် အလွန်ရင်လေးနေမိသည်။ ငွေရှာပေးမည့် လင်သားမှာလည်း ဆုံးပါးသွားခဲ့ပြီမဟုတ်လား၊ ပုခက်ထဲက သမီးလေးကတော့ ဘာမှမသိဘဲ ပြုံးရယ်နေလေသည်။
"သြော်၊ သမီးလေးရယ်၊ သမီးလေးက တစ်ကယ်ပဲ အမေတို့ကို ဒုက္ခပေးဖို့လာခဲ့တာလား"
ပတ်ဝန်းကျင်က လူတွေကတော့ ဖားမလေးက ကိုသောင်းတန်ကို လက်တုံ့ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။ သို့သော်မသိန်းကြည်က တစ်ဦးတည်းသော ကလေးမို့ ထိုစကားများကို နားမဝင်ခဲ့ပေ။
"သမီးလေးက ဒီလိုမဟုတ်ပါဘူး၊ ဒီလူတွေက လျှောက်ပြောနေတာနေမှာပါ"
(၆)
ကိုသောင်းတန်မရှိတော့သဖြင့် မသိန်းကြည်တစ်ယောက် ရုန်းကန်ရပြီဖြစ်သည်။ လှေကလေးဖြင့် တစ်ရွာဝင်တစ်ရွာထွက် အိုးတိုက်ဖွဲပြာ၊ မီးသွေး စသည်များကို လိုက်လံရောင်းချရသည်။ သမီးလေးကိုလည်း ပုဆိုးနှင့်ပတ်ကာ ရင်ခွင်တွင် ချည်နှောင်ထားရသည်။ တစ်နေကုန် နေပူပူထဲ ဈေးရောင်းထွက်ရသော်လည်း မသိန်းကြည်တစ်ယောက် စားလောက်ရုံထက် ပိုမရခဲ့ပေ။
"ကျုပ်အိမ်ကိုပေါင်ချင်တယ်"
ရွာထဲမှ ငွေကြေးအနည်းငယ်အဆင်ပြေသည့်သူတစ်ဦးအား ပြောဆိုလိုက်လေသည်။ ထိုလူက မသိန်းကြည်ကိုကြည့်ပြီး
"ညည်းအိမ်စုတ်ကို ငါကဘာလုပ်ရမှာလဲ၊ အဲ တစ်ခုတော့ရှိတယ်၊ ညည်းလှေကတော့ ကောင်းသားဟ"
"လှေကိုတော့ မလုပ်ပါနဲ့ရှင်၊ ကျုပ်က ဒီလှေကလေးကို အရင်းပြုပြီး ရှာစားနေရတာပါ"
"အိုဟာ၊ ငါကတော့ လှေပဲလိုချင်တယ်၊ နင်မရောင်းနိုင်ရင်လည်း သွားတော့"
မသိန်းကြည်ရွေးချယ်စရာမရှိတော့၊ ထမင်းတောင် တစ်နေ့ကိုတစ်နပ် မစားနိုင်တဲ့အခြေအနေဖြစ်နေပြီ၊ သမီးလေးကလည်း အစားစားနေပြီမို့ နောက်ဆုံးမတတ်နိုင်ဘဲ ကိုသောင်းတန်သိပ်တန်ဖိုးထားသည့် သူ့လှေကို ရောင်းချခဲ့ရတော့သည်။ သူ့လှေကို ခေါင်းပုံဖြတ်ပြီး တစ်ဝက်ဈေးပင်မပေးဘဲ သူခိုးဈေးသာသာနှင့် ဝယ်ယူလိုက်မှန်းသိသော်လည်း မသိန်းကြည်ဘာမှမတတ်နိုင်ပေ၊ ထိုလူပေးသည့် ငွေကိုသာ ရေတွက်နေမိသည်။ ထိုလူကြီးက မသိန်းကြည်အားကြည့်ရင်း မသိန်းကြည်ရင်ခွင်ထဲမှ ဖားမလေးကို တစ်ချက်ကြည့်လိုက်သည်။
"ငါပြောပြမယ်သိန်းကြည်၊ နင့်ကလေးက ဖားဝင်စားကလေးဟ၊ နင်တို့တံငါလုပ်ခဲ့တာတွေကို မကျေနပ်လို့ ဒုက္ခပေးဖို့ရောက်လာတာနေမှာ၊ သူမွေးပြီးကတည်းက ညည်းယောက်ျားလည်းသေ၊ ညည်းလည်းအခုလို ဘဝပျက်ရပြီမဟုတ်လား၊ ဒီကလေးလေးကို စွန့်ပစ်လိုက်ပါဟာ၊ သားသမီးဆိုတာ ထပ်မွေးလို့ရပါတယ်"
မသိန်းကြည်က တောက်ခေါက်လိုက်သည်။
"ရှင် ကျုပ်ကလေးကို အဲဒီလိုမပြောနဲ့နော်"
မသိန်းကြည်ဒေါသထွက်သွားသဖြင့် ထိုလူကြီးကပင် လန့်သွားရသည်။
"ငါက ညည်းကိုကောင်းစေချင်လို့ပြောတာဟဲ့၊ နင့်ကလေးက လူမဟုတ်ဘူး၊ မကောင်းဆိုးဝါး၊ သန္ဓေယုတ်ကလေး၊ အဲဒီကလေးက နင်တို့တွေအကုန်လုံးကို အသေသတ်လိမ့်မယ်ဟဲ့၊ ငါပြောတာမယုံရင် နင်စောင့်ကြည့်နေစမ်းပါ"
မသိန်းကြည်က ပိုက်ဆံကိုလက်ထဲကျစ်နေအောင်ဆုပ်ကိုင်ပြီး ထိုအိမ်ပေါ်မှဆင်းခဲ့သည်။
လှေရောင်းထားသည့် ငွေက တစ်ပတ်စာပင် စားမလောက်ပေ၊ မသိန်းကြည်အလွန်ပင်စိတ်ပူနေလေသည်။ သမီးကလေးကတော့ ဘာမှမသိရှာပေ၊ စကားနည်းနည်းပြောနေသော်လည်း လူများလို ဝူးဝူးဝါးဝါးမပြောဘဲ ဖားအော်သံကိုသာ အော်နေတတ်လေသည်။ မိုးရွာသည့်နေ့များဆိုလျှင် အိမ်ရှေ့တွင်ထိုင်ကာ ချောင်းရေပြင်ကိုကြည်ပြီး ဖားများလို အော်ဟစ်နေတတ်သည်။
"ဟဲ့ သိန်းကြည်၊ သမီး"
အိမ်ရှေ့မှ ခေါ်သံကြားသဖြင့် ကြည့်လိုက်ရာ အမေဖြစ်နေသည်။ အမေက လှေတစ်စီးကိုစီးလာသည်။ လှေကိုတော့ မတ်ကလေး ကိုတင့်က လှော်ခတ်နေခြင်းဖြစ်သည်။
"ညည်းယောက်ျားသေသွားပြီး ညည်းအဆင်မပြေဘူးဆို"
အမေပြောတော့ မသိန်းကြည်ဘာမှမပြောနိုင်တော့ဘဲ ခေါင်းညိတ်ရင်း မျက်ရည်များစီးကျလာခဲ့သည်။ သို့နှင့် အမေက မသိန်းကြည်တို့သားအမိအား သူတို့ဇာတိ ကဒတ်ချောင်းရွာကြီးသို့ ပြန်ခေါ်သွားတော့သည်။
ကဒတ်ချောင်းမှ သူ့အမေဒေါ်လုံးပိုင်ဆိုင်သည့် သစ်သားအိမ်ကလေးက သိပ်မကျယ်သော်လည်း မသိန်းကြည်တို့ သားအမိနှစ်ယောက်အတွက်တော့ သိပ်ပူပန်စရာမလိုပေ။ အမေတို့အိမ်ကို ပြန်ရောက်သည့်အခါ ဘာပဲပြောပြော မသိန်းကြည်ရင်ထဲက ပူဆွေးမှုတစ်ခုတော့ ပြေလည်သွားရသည်။
မတ်ကလေးက အလုပ်အကိုင်ကောင်းသဖြင့် ညီမ ခင်စန်းတို့မိသားစုမှာ အဆင်ပြေလှသည်။ ညီမမှာ ရွေတွဲလွဲ ငွေတွဲလွဲဖြစ်နေသည်။ စားဖို့သောက်ဖို့ကတော့ ပူစရာမလိုပေ၊ သို့သော် မသိန်းကြည်က အလကားတော့ တက်မစားချင်ပေ၊ သူလည်းငွေရှာပြီး ညီမဖြစ်သူကို တစ်ဖက်တစ်လမ်းက ကူညီပေးချင်သည်။
"ဘိုကလေးမှာ ငါးဈေး ပုစွန်ဈေးတွေ ကောင်းချက်အေ၊ တို့ရွာတွေမှာသာ ဈေးတွေနှိမ်ပြီးဝယ်ကြတာ"
"ဟုတ်သားပဲအမ၊ ဒီရွာနားကထွက်တဲ့ ငါးတွေ၊ ပုစွန်တွေယူပြီးတော့ ဘိုကလေးကိုတက်ရောင်းပါလား"
ညီမဖြစ်သူကလည်း အကြံပေးသဖြင့်် မသိန်းကြည် ငါးရောင်းဖြစ်သွားသည်။ ရွာနားကထွက်သည့် ငါးတွေ၊ ပုစွန်တွေဝယ်ကာ ကူးတို့စက်လှေစီးပြီး ဘိုကလေးသို့ တက်ရောင်းချသည်။ ရွာမှပေါက်ဈေးနှင့် ဘိုကလေးမြို့မှ ငါးဈေးမှာ သုံးဆတစ်ဆလောက်ကွာသည်မို့ မသိန်းကြည်အဆင်ပြေသည်ဟု ပြောနိုင်သည်။
"ညည်းသမီးကို ခေါ်သွားရင် ဈေးရောင်းလို့ ဘယ်ကောင်းပါ့မလဲ၊ ငါ့မြေးကို ငါနဲ့ထားခဲ့၊ ငါထိန်းပေးမယ်"
အမေက အကြံပေးသည်။ မသိန်းကြည်လည်း ဈေးရောင်းရင်း တစ်ခုခုကို သတိထားမိခဲ့သည်။ ထိုအရာကတော့ သမီးကလေးကို ခေါ်သွားပြီး ဈေးရောင်းသည့်နေ့တွင် သိပ်မရောင်းရပေ၊ သမီးကလေးမပါသည့်နေ့တွင်တော့ ဈေးပိုရောင်းကောင်းသည်ကို သတိထားမိသည်။ ထို့ကြောင့် သမီးကလေးကို ဘွားအေဖြစ်သူနှင့် အိမ်တွင်ထားခဲ့ရသည်။ ညီမ၏ ကလေးသုံးယောက်က သမီးလေးကို မဆက်ဆံချင်ကြပေ၊ တစ်ကိုယ်လုံး အကွက်အကွက်များဖြစ်နေသည်မို့ ရွံ့ရှာသောကြောင့်ဟုဆိုသည်။ မသိန်းကြည်လည်း ငါးရောင်းရတာအဆင်ပြေလာပြီး ရွှေတိုငွေစကလေးများပါ စုဆောင်းမိလာသည်။
အသက် တစ်နှစ်ကျော်သည်အထိ ဖားမလေးမှာ လူစကားမပြောတတ်သေးပေ၊ အုအု အွအွနှင့်သာ ပြောတတ်သည်။ တစ်ခါတစ်ရံ ဖားများလို အုံးအွမ်နှင့် အော်ဟစ်နေတတ်သည်ဟုဆိုသည်။
(၇)
"မသိန်းကြည် ကားတိုက်လို့တဲ့ အခုဆေးရုံမှာ"
သတင်းကြားသဖြင့် မသိန်းကြည်အမေ ဒေါ်လုံး နှင့် ညီမဖြစ်သူ ခင်စန်း က ဘိုကလေးမြို့ ဆေးရုံသို့လိုက်သွားကြသည်။ မသိန်းကြည်မှာ သွေးထွက်လွန်နေပြီးတော့ သတိပင်မလည်သေးပေ။ ဈေးကအထွက်ကားလမ်းတွင် လိုင်းကားတစ်စီးက ဘရိတ်ပေါက်ပြီး ဝင်တိုက်သွားခြင်းဖြစ်သည်ဟု သိရသည်။ ခြေထောက်နှစ်ချောင်း သွင်သွင်ကျိုးသွားသည့် မသိန်းကြည်မှာ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်တော့ပေ၊ စုဆောင်းထားသမျှလည်း ဆေးဖိုးနှင့် ကုန်သွားလေသည်။
"အမသမီးက ဖားဝင်စားတဲ့လူဆို၊ နောက်ပြီးတော့ အမတို့ကို ဒုက္ခပေးဖို့ လူဖြစ်လာခဲ့တာဆိုတာ တကယ်လား"
မသိန်းကြည်တစ်ယောက် ညီမဖြစ်သူ ခင်စန်း၏အမေးကို ဘာမှမပြန်မပြောနိုင်တော့ပေ၊ ထိုသံသယများသည်လည်း တဖြည်းဖြည်းနှင့် သူ့စိတ်ထဲ စွဲကပ်လာခဲ့ပြီဖြစ်သည်။
"အမယောက်ျားသေရတာလည်း သူ့ကြောင့်၊ အမတို့ ဆင်းရဲသွားတာလည်းသူ့ကြောင့်၊ အမအခုလို ဒုက္ခိတဘဝရောက်ရတာကလည်း သူ့ကြောင့်ဖြစ်ချင်ဖြစ်နေမှာ"
"တော်စမ်းအငယ်မ၊ ညည်းဘာမှဝင်မပြောနဲ့"
ဒေါ်လုံးက မာန်မဲလိုက်သဖြင့် ခင်စန်းပါးစပ်ပိတ်သွားသည်။ သို့သော် သိပ်ပြီးကျေနပ်ပုံမရတော့ပေ။
"ဘာမှ ခံစားမနေပါနဲ့ သမီးရယ်၊ နင့်ညီမက ဒီလိုပဲပြောတတ်တယ်မဟုတ်လား"
"သမီးလည်းမသိတော့ပါဘူးအမေရာ၊ တကယ်ပဲ ကျွန်မသမီးလေးကြောင့် ကျွန်မဒီလိုဖြစ်ခဲ့တာလား"
"သိပ်လည်း အယူမသည်းပါနဲ့ သမီးရာ"
မည်သို့ပင်ဆိုစေကာမူ ဖားမလေးကြောင့် အဖေသေပြီး အမေဒုက္ခိတဖြစ်ရသည့် သတင်းမှာတော့ ကဒတ်ချောင်းရွာကြီးအတွင်း တောမီးပမာ ပျံ့နှံ့သွားခဲ့လေသည်။
ဒုက္ခိတ ဖြစ်နေသည့် မသိန်းကြည်မှာ အိမ်ခန်းအတွင်းလဲလျှောင်း၍သာနေရသည်။ အမေကတော့ ကလေးကိုလည်းကြည့်ရသည်၊ မသိန်းကြည်၏ ဝေယျာဝစ္စတွေကိုလည်း လုပ်ပေးလေသည်။ အသက်ကြီးနေပြီဖြစ်သော်လည်း ကိုယ်မွေးထုတ်ထားသည့်သားသမီးကို မငြူမစူပြုစုပေးနေသည့် အမေ့ကိုကြည့်ပြီး မသိန်းကြည်တစ်ယောက် ကြီးမားလှသည့် မိခင်မေတ္တာအကြောင်း ပိုမိုနားလည်လာခဲ့သည်။ ထိုအခါ သူ့အနားတွင် လာထိုင်ဆော့နေသည့် သမီးကလေးကိုကြည့်ရင်း သူဝမ်းနည်းနေမိသည်။ အိမ်တွင် သမီးကလေးကို ခေါ်ပြောသူမှာ ဖွားအေဖြစ်သူမှလွှဲ၍ မည်သူမှမရှိပေ။ ညီမခင်စန်းကလည်း မသိန်းကြည် ဒုက္ခိတဖြစ်သွားကတည်းက အခေါ်အပြော သိပ်မလုပ်တော့ပေ၊ ထိုစဉ် အိမ်ရှေ့ခန်းတွင် တီးတိုးစကားဆိုသံများကိုကြားရသည်။
"ငါက ညည်းတို့ကောင်းစေချင်လို့ပြောတာ၊ နင့်အမရဲ့ ကလေးလေးက ဂြိုလ်ဆိုးလေးနော်၊ လူဆိုပေမယ့် လူပုံတောင်ပေါက်တာမဟုတ်ဘူး၊ နင်တို့လက်ခံထားလို့ တစ်ချိန်ကျရင် နင်တို့လည်း ဂြိုလ်ဆိုးဝင်လာနိုင်တယ်မဟုတ်လား"
အိမ်နီးနားချင်းတစ်ဦးမှ ညီမဖြစ်သူအား ကုန်းချောပြောဆိုနေသည့် စကားသံများကိုကြားရပြီး မသိန်းကြည်တစ်ယောက် ရှိုက်ငိုနေမိသည်။
"ကျုပ်လည်း မထားချင်တော့ပါဘူး၊ ဒါပေမယ့် အမေက ရှိသေးတယ်မဟုတ်လား၊ အမေက ဘာလို့ အဲဒီ လူမဟုတ်တဲ့ကလေးကိုမှ ချစ်နေသလဲဆိုတာ ကျုပ်ဖြင့်မတွေးတတ်တော့ဘူး"
ညီမဖြစ်သူ၏ စကားကိုကြားသည့်အခါ မသိန်းကြည်ပိုပြီးစိတ်ထိခိုက်မိသည်။ ဘာမှမသိနားမလည်သည့် သမီးကလေးကိုကြည့်ရင်း မသိန်းကြည်ရေရွတ်လိုက်မိသည်။
"သမီးလေးရယ်၊ သမီးလေးရဲ့ကံကလည်း ဆိုးပါတယ်ကွယ်"
(၇)
ကံဆိုးမှုက အပေါင်းအပါနှင့်လာတတ်သည်ဆိုသည့် စကားမှာ မှန်ကန်လွန်းလှသည်။ သုံးလခန့်ကြာသည်အခါ အမေဖြစ်သူ ဒေါ်လုံးက အလှူတစ်ခုတွင် အုန်းနို့ခေါက်ဆွဲစားပြီး ပြန်လာခဲ့ရာမှ အိမ်ရောက်တော့ အိပ်ချင်သည်ဟုဆိုကာ ထိုးအိပ်လိုက်ပြီး ပြန်လည်မနိုးထလာခဲ့တော့ပေ။
"အဲဒါနင့်သမီးကြောင့်"
ညီမဖြစ်သူခင်စန်းက မသိန်းကြည်အား လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောဆိုလေသည်။ သို့သော် အရပ်ထဲမှ သက်ကြီးဝါကြီးလူများက
"မဟုတ်ပါဘူးဟာ၊ နင့်အမေသေရတာက သွေးတိုးရောဂါနဲ့သေတာဟ"
သို့သော် ညီမဖြစ်သူက လက်ခံပုံမရ၊ အမေသေသည့်အတွက် ညီမဖြစ်သူ ပူဆွေးရသလို မသိန်းကြည်က ပို၍ပင် ပူဆွေးရလေသည်။ သမီးလေးကို အဖက်လုပ်သည့်လူမရှိတော့ပေ၊ အမေသေဆုံးပြီးသည့်အခါ သူတို့ဆက်ဆံရေးတွေ ပိုပြီးဆိုးလာခဲ့သည်။ မသွားနိုင်မလာနိုင်သည့် မသိန်းကြည်အား မည်သူမှ ထမင်းခူးခပ်မကျွေးတော့ပေ၊ မသိန်းကြည်တစ်ယောက် တုံးလုံးကြီးတွားသွားရင်း မီးဖိုအတွင်းသို့ဝင်ကာ ထမင်းခူးစားရသည်။ ထိုအဖြစ်ကို ညီမဖြစ်သူက တွေ့သည့်အခါ ဒီအတိုင်းထိုင်ကြည့်နေလေသည်။ သူ့တစ်ကိုယ်ရေတစ်ကာယအလုပ်များကိုလည်း မသိန်းကြည်ကိုယ်တိုင်ပင် တရွတ်တိုက်ဆွဲကာ သွားလာရင်း လုပ်ကိုင်နေရသည်။
"အလကားဟာကြီး၊ သေသွားရင် အေးရော"
ညီမဖြစ်သူ ခင်စန်း၏ စကားကိုကြားရသည့်အခါ မသိန်းကြည်အလွန်စိတ်ဆင်းရဲရသည်။ သမီးလေးကိုလည်း ကျွေးမည့်သူမရှိတော့၊ မသိန်းကြည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန်အတွက် အကြိမ်ကြိမ်ဆုံးဖြတ်ခဲ့ဖူးသည်။ သို့သော် သမီးလေးမျက်နှာကို သူထောက်နေရသည်။ အမေရှိလျှက်နှင့်တောင် တစ်မိသားစုလုံး၊ တစ်ဆွေလုံးတစ်မျိုးလုံး၊ တစ်ရွာလုံး၏ အပယ်ခံဖြစ်နေသောသမီးငယ်ကလေးမှာ သူမရှိလျှင် အားကိုးရာမဲ့မှာ အသေအချာပင်ဖြစ်သည်။
နောက်ပိုင်းတော့ ညီမဖြစ်သူတို့က ပိုပြီးဆိုးရွားလာသည်။ မသိန်းကြည်တို့သားအမိကို အိမ်အပြင်တွင် အဖီကလေးထိုးပေးထားပြီး ဓနိဖြင့်ကာရံပေးထားသည်။ မနက်မိုးလင်းသည်နှင့် တစ်မိသားစုလုံးအိမ်မှထွက်ခွာသွားတတ်ကြသည်။ သူ့ယောက်ျားဘက်မှ အမျိုးအိမ်ကို သွားရောက်နေထိုင်ကြသည်ဟု ဆိုသည်။ မသိန်းကြည်က သမီးလေးဗိုက်ဆာသဖြင့် အရပ်ထဲတွင် လိုက်လံတောင်းရမ်းပြီး ရှာဖွေကျွေးမွေးရသည်။ မသိန်းကြည်တို့ သားအမိမှာ ညီမအရင်းဖြစ်သူ၏ အိမ်တွင်နေထိုင်ရင်း ငတ်နေကြသည်။ ညနေ မတ်ဖြစ်သူပြန်လာတော့မှ သူတို့သားအမိတွေလည်း ပြန်လာကြသည်။ မီးဖိုချောင်အတွင်း ချက်ပြုတ်ကာ စားသောက်တတ်သည်။ ထိုစဉ် သမီးလေးက အော်ဟစ်ငိုယိုပြီးပြန်လာခဲ့သည်။
"သမီးလေး ဘာဖြစ်တာလဲ"
သမီးက သူ့လက်ကိုပြသည်။ သူ့လက်တွင် ဟင်းချက်သည့် ဇွန်းခွက်အပူလောင်ရာကြီးကိုတွေ့ရသည်။ သမီးလေးက ဗိုက်ဆာလွန်းသဖြင့် တစ်ခုခုကိုသွားဆွဲပုံရသည်။ ညီမဖြစ်သူက ဇွန်းခွက်အပူနှင့် ရိုက်ထည့်လိုက်ရာ အပူလောင်သွားပုံရသည်။ မသိန်းကြည်သည်းမခံနိုင်တော့ဘဲ တရွတ်ဆွဲကာ ထွက်ခဲ့သည်။
"ဟဲ့ အငယ်မ၊ နင်ငါ့သမီးကို ဘာလုပ်လိုက်တာလဲ"
"နင့်သမီးက သူခိုးမ၊ သူခိုးလို့ ငါကဆုံးမလိုက်တာလေ၊ နင်မကျေနပ်ဘူးလား"
"ဟဲ့၊ ဆုံးမစရာရှိရင် ပါးရိုက်ပြီးဆုံးမစမ်းပါ ငါလက်ခံနိုင်ပါတယ်၊ အခုတော့ နင်ကလေးလက်ကို ဒီလိုလုပ်စရာလား"
"အမ မကျေနပ်ဘူးလား၊ မကျေနပ်ရင် ဒီအိမ်မှာမနေနဲ့၊ သားအမိနှစ်ယောက်စလုံး ဆင်းသွားကြ"
မသိန်းကြည်ဘာမှမပြောနိုင်တော့ပေ၊ သမီးလေးကို ဖက်ထားရင်းသာ ငိုကြွေးနေမိသည်။ ထိုရက်များက မသိန်းကြည်အတွက် အလွန်ခက်ခဲသောရက်များဖြစ်သည်။ သမီးလေးကတော့ မသေထမင်း၊ မသေဟင်းကိုသာ စားနေရသည်။ အရပ်ထဲမှ သနားသည့်လူများက သူတို့သားအမိကို လာရောက်ကျွေးမွေးကြသည်။ သို့သော် တစ်ရွာလုံးတွင် သူတို့သားအမိအား၊ အထူးသဖြင့် သူ့သမီးလေးအား ကြည့်မရသည့်သူက များသည်။ မသိန်းကြည်လည်း ဘုရားတရားကို သိတတ်လာခဲ့ပြီ။ ဘုရားရှိခိုးသည်၊ ဘုန်းကြီးဟောသည့် တရားတွေနာရင်း အားလုံးကိုနားလည်တတ်လာခဲ့ပြီ။
"ဒါ သမီးလေးကြောင့်မဟုတ်ပါဘူးကွယ်၊ ဒါက ဝဋ်ကြွေးတွေပါ၊ အမေတို့တစ်သက်လုံး ငါးရှာ၊ ဖားရိုက်နဲ့ လုပ်ခဲ့တဲ့ ဝဋ်ကြွေးတွေပေါ့သမီးရယ်၊ အမေက တစ်ချိန်က စားဖားတွေကို မသေမရှင်ဖြစ်အောင်ရိုက်သတ်ခဲ့လို့ အခုလိုအမေပြန်ပြီးခံစားရတာ"
ထိုအဖြစ်များဖြစ်ပျက်ပြီး ခြောက်လခန့်ကြာသည့်အချိန်၊ မှတ်မှတ်ရရ ထိုနေ့က အာဇာနည်နေ့ဖြစ်သည်။ ရွာကျောင်းတွင် အာဇာနည်နေ့အခမ်းအနားကျင်းပနေသည်။ မြို့မှ စာရေးဆရာကြီးများ၊ ဆရာကြီးများက အာဇာနည်နေ့အကြောင်း ဟောပြောပွဲပြုလုပ်ကြသည်။ ထိုစဉ် ရွာထဲမှလူတစ်ချို့ပြေးလွှားလာပြီး သူတို့အိမ်ကိုရောက်လာခဲ့သည်။
"မခင်စန်း၊ မခင်စန်းရေ၊ နင့်ယောက်ျား အဖမ်းခံရတယ်တဲ့"
ခင်စန်းတစ်ယောက် ပြာပြာသလဲနှင့် အိမ်ပေါ်မှ ပြေးဆင်းလာသည်ကို မသိန်းကြည်တွေ့လိုက်ရသည်။
"ဘာ၊ ဘာဖြစ်လို့လဲ"
"နင့်ယောက်ျားက ဆန်စက်ကနေ ဆန်တွေခိုးထုတ်နေတာကြာပြီတဲ့ အခု ပိုင်ရှင်ကစောင့်ဖမ်းရင်း လက်ပူးလက်ကြပ်မိသွားလို့ ရဲခေါ်ပြီး ဖမ်းခိုင်းလိုက်သတဲ့"
ညီမဖြစ်သူမျက်လုံးတွေပြူးကျယ်သွားသည်။ မသိန်းကြည်လည်း အဖီကလေးမှနေ၍ ခေါင်းပြူပြီးကြည့်နေတာကြောင့် ဖြစ်ပျက်သမျှအကုန်လုံးကိုမြင်နေရသည်။ သမီးလေးကတော့ အခန်းထဲတွင် ဆော့ကစားနေလေသည်။ ညီမဖြစ်သူက မျက်ထောင့်နီကြီးဖြင့် သူတို့ အဖီကလေးဆီကို လှမ်းကြည့်သည်။ မသိန်းကြည် တစ်ခုခုကို သဘောပေါက်လိုက်ပြီ။
"သမီး၊ သမီးလေး၊ ပြေးတော့၊ ပြေးတော့"
သမီးငယ်က မသိန်းကြည်ကို အံ့အားသင့်စွာနှင့်ကြည့်နေသည်။ မသိန်းကြည်က သမီးလေးကိုလှမ်းခေါ်ပြီး
"သမီး၊ ရွာကျောင်းကိုသွားတော့၊ ရွာကျောင်းမှာ သာကူတိုက်မယ်တဲ့"
သမီးကလေး မျက်လုံးက အရောင်လက်သွားပြီးတော့ အခန်းအပြင်သို့ပြေးထွက်သွားလေသည်။
"ဟို ဂြိုလ်ဆိုးမ၊ မပြေးနဲ့ ရပ်လိုက်"
အိမ်နောက်ဖေးမှ ပြန်ထွက်လာသည့် ညီမဖြစ်သူ ခင်စန်း၏ လက်ထဲတွင် ဓါးမတစ်ချောင်းကို ကိုင်ထားလေသည်။ ဖားမလေး အနောက်သို့ ပြေးလိုက်ရန်ပြင်ဆင်လိုက်သဖြင့် မသိန်းကြည်က အိမ်ပေါက်ဝသို့ အမြန်တွားသွားလိုက်ပြီး ညီမဖြစ်သူကိုလှမ်းဆွဲလိုက်သည်။ မသိန်းကြည်က ခြေထောက်ကိုဆွဲလိုက်သဖြင့် ခင်စန်းက အရှိန်လွန်သွားကာ သစ်သားခြံတံခါးပေါင်နဲ့ နဖူးနှင့်တိုက်မိသွားလေသည်။ မျက်ခုံးကွဲသွားပုံရပြီး သွေးတွေဖြာကျလာခဲ့သည်။
"အောင်မာ၊ ဂြိုလ်ဆိုးမကြီး သေစမ်း"
ညီမဖြစ်သူခင်စန်းက ဒေါသထွက်ထွက်နှင့် ဓါးမဖြင့် မသိန်းကြည်၏ခေါင်းကို လေးငါးချက်ခန့်ခုတ်ထည့်လိုက်သည်။ မသိန်းကြည်ခေါင်းတွေပူထူသွားပြီး စေးကပ်သည့်သွေးရည်များက နဖူးပေါ်မှစီးကျလာလေသည်။ ထိုအချိန်အထိ မသိန်းကြည်မှာ သူ့ညီမခြေထောက်ကို မလွတ်တမ်း ကိုင်ဆွဲထားလေသည်။
"ပြေးတော့၊ သမီးလေး ပြေးတော့"
နှစ်နှစ်ခွဲအရွယ်ခန့် ရှိနေပြီဖြစ်သည့် ဖားမလေးကတော့ ရွာလမ်းအတိုင်းပြေးထွက်သွားလေသည်။ ခင်စန်းက မသိန်းကြည်အား ခြေထောက်ဖြင့်အချက်ပေါင်းများစွာကန်တော့မှ မသိန်းကြည်လက်တွေ လွတ်သွားသည်။ ခင်စန်းလည်း ဖားမလေးအနောက်သို့ ပြေးလိုက်သွားလေသည်။ ဖားမလေးက အနောက်သို့လှည့်ကြည့်လိုက်ရာ အော်ဟစ်ပြေးလိုက်လာသည့် အဒေါ်ဖြစ်သူကို တွေ့လိုက်ရသည်မို့ ကြောက်လန့်တကြားနှင့် ပြေးတော့သည်။
အာဇာနည်နေ့ ဟောပြောပွဲ အပြီးတွင် ပြန်လာကြသည့် လူကြီးများမှာ လှေဆိပ်သို့ဆင်းလာခဲ့ကြသည်။ ထိုအခါ လမ်းတွင် ကလေးငယ်ကလေးတစ်ယောက် ပြေးလွှားလာသည်ကိုမြင်လိုက်ရသည်။
"ဂြိုလ်ဆိုးမလေး နင့်ကြောင့် ငါ့ယောက်ျားအခုလိုဖြစ်ရတာ၊ သေစမ်း၊ နင့်ကိုငါသတ်ပစ်မယ်"
ဓါးမကိုင်လျှက် ဆဲဆိုကာပြေးလိုက်လာသည့် ခင်စန်းကို မြင်တွေ့လိုက်ရသည်။ လူကြီးများနှင့် အတူ ရွာမှလူကြီးများက ခင်စန်းကို ဝိုင်းဆွဲထားကြသည်။ ဖားမလေးကတော့ လူကြီးတစ်ယောက်၏ အနောက်တွင် ကွယ်ရပ်နေလေသည်။ ကြောက်လန့်လွန်းလှသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေလေသည်။
(၈)
"အဲဒီကလေးကိုထုတ်ပေးစမ်းပါ၊ ကျုပ်ဒီကောင်မလေးကို သတ်ချင်နေတာကြာပြီ"
"ခင်စန်းရာ နင့်စိတ်ကိုနင်ထိန်းစမ်းပါဟ"
ခင်စန်းလက်မှ ဓါးမတွင် သွေးစက်များက စီးကျနေသည်မို့ ရွာသားများက ခင်စန်းကို ဝိုင်းပြီးပွေ့ဖက်က ဖမ်းဆီးချုပ်နှောင်ထားကြသည်။ ဟောပြောပွဲလာသည့် ဆရာကြီးတစ်ယောက်က ခင်စန်းအဖြစ်ကိုကြည့်ရင်း ရွာလူကြီးကို မေးမြန်းလိုက်ရာ ရွာလူကြီးက အကြောင်းစုံကိုရှင်းပြလိုက်သည်။ မကြာခင် ရွာသားနှစ်ယောက် ပြေးလာပြီး
"သူကြီး၊ မသိန်းကြည်၊ မသိန်းကြည်သေပြီ၊ ခင်စန်းဓါးနဲ့ခုတ်သတ်လိုက်တာဖြစ်မယ်"
"ခင်စန်းကို ဖမ်းလိုက်ကြဟေ့၊ သူ့ကိုလူသတ်မှုနဲ့ ရဲလက်ကိုအပ်ရမယ်"
ခင်စန်းက မြေပြင်တွင် လူးလှိမ့်ရင်း ငိုကြွေးနေသည်။
"ကျုပ်ကိုမဖမ်းပါနဲ့၊ ကျုပ်မရှိရင် ကျုပ်သားသမီးတွေ ခွေးဖြစ်မှာတော့၊ အီး၊ ဟီး"
အငြိမ်းစားပညာရေးမှူးကြီး ဦးငြိမ်းက အားလုံးအရှေ့ကိုထွက်လိုက်သည်။ သူ့ပုဆိုးစကို ဖားမလေးက ဆွဲထားပြီး ကြောက်လွန်းသဖြင့် ပုဆိုးကြားထဲဝင်ပုန်းနေလေသည်။
"ခင်ဗျားတို့ အကုန်မှားနေကြပြီ၊ ဒီအဖြစ်တွေအကုန်လုံးက ဒီကလေးမလေးနဲ့ ဘာမှမဆိုင်ဘူးလေ၊ လူတိုင်းဟာ ကံစီမံရာကို ဖြစ်ပေါ်နေကြတာမဟုတ်လား၊ ကျုပ်ကတော့ ဒီအဖြစ်တွေက တိုက်ဆိုင်မှုတွေလို့ပဲ မြင်တယ်"
ဆရာကြီးကပြောနေသော်လည်း ပညာနည်းပါးသည့် ရွာခံများကတော့ ဖားမလေးက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်ဟုသာ ထင်မှတ်ယူနေကြသည်။
"အခု သူ့အမေလည်းသေပြီဆိုတော့၊ သူ့ကို ဘယ်ဆွေမျိုးသားချင်းက ဆက်ပြီးစောင့်ရှောက်မလဲ"
ဆရာကြီးမေးလိုက်သည့်အခါ ရွာသားများတစ်ယောက်မှ အသံမထွက်ရဲကြပေ။ နောက်ဆုံးတော့ ဆရာကြီးဦးငြိမ်းက ဖားမကလေးကို ပွေ့ချီလိုက်သည်။
"ကောင်းပြီလေ၊ ခင်ဗျားတို့ မမွေးရင် ကျုပ်မွေးမယ်၊ ဒီကလေးဟာ သာမန်ကလေးတစ်ယောက်ပဲဆိုတာ ကျုပ်လက်တွေ့ပြမယ်"
ရွာသားများက ဆရာကြီးအား ဝိုင်းဝန်းတားမြစ်ကြသော်လည်း ဆရာကြီးကတော့ လက်မခံပေ၊ သို့နှင့် ဆရာကြီးဦးငြိမ်းပြန်သည့်အခါ ဖားမကလေးကို တစ်ပါတည်းခေါ်ဆောင်သွားတော့သည်။
"အဖြစ်ကတော့ အဲဒါပါပဲ ဆရာရယ်"
အေးချမ်းဆိတ်ငြိမ်သည့် ဘုရားတန်ဆောင်းတစ်ခုအတွင်းတွင် မသိန်းသန်းဦးအမည်ရ ဖားမလေးမှာ ကျွန်တော်နှင့်အတူ စကားစမြည်ပြောနေရင်း သူ့ဘ၀ နောက်ကြောင်းများကို ပြန်လည်တွေးတောလျှက် မျက်ရည်တွေကျဆင်းနေလေသည်။
"ဒါဆိုရင် ခင်ဗျားက တကယ်ပဲ ဖားမလေးလား"
"အဲဒါတော့မသိပါဘူး၊ ကျွန်မရဲ့ မွေးစားအဖေ အဖေငြိမ်းက ကျွန်မကို ရန်ကုန်ကိုခေါ်လာပြီး ဆေးကုသပေးပါတယ်၊ သိနားလည်တဲ့ ဆရာဝန်နဲ့ပြသကြည့်တော့ မွေးရာပါ အရေပြားရောဂါတစ်မျိုးလို့ သိရတယ်၊ အဖေငြိမ်းဆေးကုပေးလို့ အသက်ခုနစ်နှစ်လောက်ရောက်တော့ အနာတွေအကုန်ပျောက်သွားခဲ့တယ်"
မသိန်းသန်းဦး အသားအရည်ကိုကျွန်တော်ကြည့်လိုက်သည့်အခါတွင် သူ့အသားတွင် အနက်ရောင်၊ အညိုရင့်ရောင်ရှိသည့် အစက်အပြောက်ကလေးများမှာ ယခုတော့ မှေးမှိန်နေပြီး သာကူစေ့ခန့်အရွယ်သာ ရှိတော့သည်။
"ကလေးတွေတောင် လာနေပြီဆရာ၊ ကျွန်မသွားတော့မယ်၊ နောက်ကြုံရင် ကျွန်မတို့အိမ်ကို ဝင်လည်ပါအုံးဆရာ"
ကျွန်တော့်ကို နှုတ်ဆက်လိုက်ပြီးသည့်အခါ သူ့သားသမီးနှစ်ယောက်က ပြေးလာကာ သူ့ကိုဖက်လိုက်ကြသည်။ သူတို့သားအမိသုံးယောက် ဘုရားတန်ဆောင်းပေါ်မှ ပြန်ဆင်းသွားကြလေသည်။ တစ်ချိန်က ဖားမလေးအဖြစ်နှင့် တစ်ရွာလုံးက ဝိုင်းဝန်းပစ်ပယ်ထားသည့် မသိန်းသန်းဦးမှာ အခုတော့ ကျောင်းဆရာမတစ်ယောက်ဖြစ်နေပြီး နိုင်ငံတာဝန်ကိုထမ်းဆောင်နေခဲ့ပြီဖြစ်သလို အိမ်ထောင်ကျပြီး သားသမီးနှစ်ယောက်နှင့်အတူ နွေးထွေးသည့်မိသားစုဘဝကလေးတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပါသည်။
"လူတစ်ယောက်ကို ပတ်ဝန်းကျင်က ပုံဖော်လေ့ရှိတယ်၊ အောင်မြင်တဲ့လူကတော့ ကိုယ့်ကိုယ်ကိုယ် ပုံဖော်နိုင်ရမယ်"
ကျွန်တော်ကြားဖူးသည့် ဆိုရိုးစကားတစ်ခွန်းကို ပြန်လည်ကြားယောင်မိရင်း မသိန်းသန်းဦး၏ ကျောပြင်ကိုငေးကြည့်နေမိသည်။ အသက်ငယ်ရွယ်လွန်းသေးသည့် ကလေးတစ်ယောက်၏ စရိုက်ကို စိတ်ကူးဖြင့် ဝိုင်းဝန်းပုံဖော်ခဲ့ကြသည့် ပတ်ဝန်းကျင်တစ်ခုမှ မသိန်းသိန်းဦး လွတ်မြောက်ခဲ့သည်ကတော့ ကုသိုလ်ကံ ကောင်းလွန်း၍ဖြစ်မည်ဟု တွေးထင်လိုက်မိပါသည်။
(ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ စီကုံးရေးသားလိုက်ပါသည်။ အမည်နာမနှင့် နေရာဒေသအချို့ကိုတော့ ကာယကံရှင်များ ထိခိုက်နစ်နာမည်စိုး၍ လွှဲပြောင်းရေးသားထားပါသည်)
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်