
အခန်း (၆)
ကျောက်ဂူခန်းမကြီးပေါ်သို့ ကျောက်သားဖြင့်ပြုလုပ်ထားသည့်် ကြောင်လိမ်လှေကားကြီးက ကွေ့ဝိုက်ကာတည်ရှိနေလေသည်။ ကျောက်တောင်ကြီးမှာ အတွင်းတွင် လှိုဏ်ခေါင်းပုံသဏ္ဍာန်ကြီးဖြစ်နေသည်။ ကျောက်သားကြောင်လိမ်လှေကားကြီးအတိုင်း အရှေ့ဆုံးမှ မယ်စိမ်းဦးဆောင်ကာ၊ ထို့အနောက်မှ ဘိုးပြောင်၊ အဘခင်နှင့်် အရီးဒေါင်း၊ သူတို့အနောက်မှ ရှင်နှောင်းလိုက်ပါလာကာ ဖွားမယ်သုန်ကတော့ တောင်ဝှေးကြီးကို အားပြုလျက် အနောက်ဆုံးမှ တစ်လှမ်းချင်းဆီခပ်ဖြည်းဖြည်းလိုက်လာလေသည်။
ကျောက်လှေကားထစ်ကြီးအလယ်လောက်တွင် အခန်းတံခါးပေါက်ကြီးတစ်ခုရှိသည်။ ကျောက်သားဖြင့်ထွင်းထုပုံဖော်ထားသည့် တံခါးကြီးဖြစ်ပြီး ထိုတံခါးကြီးတွင်လည်း မှော်စာလုံးများ၊ ရုပ်ပုံများကိုရေးဆွဲထားသည်။ မယ်စိမ်းက သူလွယ်ထားသည့် လက်တစ်ဝါးခန့်သာရှိသည့် လွယ်အိတ်သေးသေးကလေးထဲသို့ လက်နှိုက်လိုက်ပြီး စာရွက်အပိုင်းကလေးတစ်ခုထုတ်လိုက်သည်။ ထိုစာရွက်အပိုင်းကလေးဖြင့် ကျောက်သားတံခါးကို ကပ်လိုက်ရာ ကျောက်သားတံခါးတွင် အဝါရောင်၊ အနီရောင်၊ အပြာရောင်၊ အစိမ်းရောင် အစရှိသည့်အလင်းတန်းများပေါ်ပေါက်လာပြီးနောက် ကျောက်တံခါးတွင်ပုံဖော်ထားသည့် မှော်စာလုံးများအတွင်းသို့စီးဝင်သွားသည်။ ခဏအကြာတွင် ကျောက်သားတံခါးကြီးမှာ လူတစ်ဦးက တွန်းဖွင့်လိုက်သကဲ့သို့ ပွင့်သွားလေသည်။
ရှင်နှောင်းကတော့ အံ့သြစွာဖြင့် ကျောက်တံခါးကြီးကို ငေးကြည့်နေမိသည်။ အားလုံးအလျှိုလျှိုကျောက်တံခါးအတွင်းသို့ဝင်သွားရာ ရှင်နှောင်းတစ်ယောက်သာ အပြင်တွင်ကျန်နေခဲ့လေသည်။
"ရှင်နှောင်း၊ မဝင်ဘူးလား"
အရီးဒေါင်းက လှမ်းခေါ်သော်လည်း ရှင်နှောင်းက ခေါင်းခါလိုက်သည်။
"ဘွားမယ်သုန်၊ ဟိုးအောက်မှာ ကျန်နေခဲ့တယ်လေ"
"သူ့ဖာသာသူ တက်လာပါလိမ့်မယ်၊ လာစမ်းပါ ကလေးရဲ့"
ဘွားမယ်သုန်က လူအားလုံးလှေကားပေါ်သို့တက်ပြီးသည့်အခါ တောင်ဝှေးဖြင့်လှေကားကို သုံးချက်ခန့် တဒေါက်ဒေါက်ခေါက်လိုက်သည်။ ထိုအခါ ကြောင်လိမ်လှေကားကြီးက စက်လှေကားသဖွယ်သူ့အလိုလိုလှုပ်ရှားလာပြီး လည်ပတ်နေကာ မကြာခင်မှာပင် ဘွားမယ်သုန်က လှေကားထိပ်သို့ရောက်လာလေသည်။
"ငါ့ကိုစောင့်နေတာလား ကလေးမလေးရဲ့"
"ဘယ်လိုလုပ်လိုက်တာလဲအဘွား"
"အဲဒါကို အသုံးချမှော်အတတ်လို့ခေါ်တယ်ကွဲ့ ကလေးမရဲ့၊ လာပါ အထဲဝင်ကြစို့"
ဘွားမယ်သုန်နှင့်အတူတူ ရှင်နှောင်းတစ်ယောက်အခန်းထဲသို့ဝင်လိုက်သည်။ မယ်စိမ်းက မှော်မီးတောက်တစ်ချို့ကိုဖန်တီးလိုက်ပြီး လေနှင့်မှုတ်ထုတ်လိုက်ရာ မီးတောက်ကလေးများမှာ အခန်းအတွင်းတွင် ဝဲပျံနေပြီး မီးတိုင်ခွက်များဆီသို့ အလျှိူလျှိုရောက်သွားကြကာ မီးတိုင်ခွက်များတွင် မီးတောက်များအဖြစ်စွဲလောင်သွားလေသည်။ အခန်းထဲတွင် မှော်စာအုပ်စာတမ်းများက နံရံအပြည့်နီးပါးရှိနေသည်။ အခန်းအလယ်တွင် ကျောက်စားပွဲခုံကြီးနှင့် ကျောက်ထိုင်ခုံကြီးတစ်ခုရှိသည်။ ကျောက်စားပွဲခုံကြီးဟုဆိုသော်လည်း မှန်သားတမျှကြည်လင်တောက်ပနေပြီး မီးအလင်းရောင်ကြောင့်် တဖိတ်ဖိတ်တောက်ပနေလေသည်။
"ဝါး၊ စားပွဲခုံကြီးက မိုက်လိုက်တာ"
ရှင်နှောင်းက စားပွဲခုံကြီးကို လက်နှင့်ကိုင်ပွတ်ကြည့်သည်။ ကျောက်သားများမှာ အေးစက်နေသလို ချောမွေ့နေလေသည်။
"အဲဒါ မယ်တော်တွေအစဉ်အဆက် အသုံးပြုခဲ့တဲ့ သလင်းကျောက်စားပွဲကြီးပေါ့ ရှင်နှောင်း"
မယ်စိမ်းက စားပွဲပေါ်သို့ လက်နှစ်ဖက်ထောက်လိုက်ပြီး မန္နန်တစ်ခုကိုရွတ်ဖတ်လိုက်ရာ အစိမ်းရောင်လဲ့နေသည့်် မြစိမ်းသေတ္တာတစ်လုံး စားပွဲပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ မှန်သားကဲ့သို့ကြည့်လင်နေသော်လည်းအတွင်းကို ထိုးဖောက်မမြင်ရဘဲ အစိမ်းရောင်အလင်းတန်းများသာ တိုးထွက်နေလေသည်။ သေတ္တာမှာ တစ်ပေခန့်အလျားရှိပြီး ခြောက်လက်မခန့်အနံရှိလေသည်။
"ကျုပ်တို့ ဒီသေတ္တာကိုဖွင့်ကြစို့"
ဘိုးပြောင်က သေတ္တာကို ကိုင်လိုက်သည့်အခါ သေတ္တာမှ အစိမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ဘိုးပြောင်အားထိမှန်သွားသဖြင့် ဘိုးပြောင်အနောက်သို့ ခြေသုံးလှမ်းခန့်ဆုတ်သွားသည်။ မယ်စိမ်းက သက်ပြင်းချပြီး
"မယ်တော်က ကာကွယ်ရေးစက်လက်နက်တွေ တပ်ဆင်ထားတယ်ဘိုးပြောင်၊ ဒီအတိုင်းဖွင့်လို့မရဘူး"
ဘိုးပြောင်က ရယ်မောလိုက်ကာ သူ့လက်နှစ်ဖက်ကို ရင်ဝတွင်စုပြီး လက်အုပ်ချီသကဲ့သို့ပူးလိုက်သည်။
"ကာကွယ်ရေးစက်လက်နက်တဲ့လား"
သူ့လက်နှစ်ဖက်ကိုပြန်လည်ခွာလိုက်ရာ လက်ဝါးအတွင်းတွင် အနက်ရောင်ကြိုးမျှင်ကလေးများထွက်လာလေသည်။ ဘိုးပြောင်က ထိုကြိုးမျှင်ကလေးများကို သေတ္တာဆီသို့ လှမ်းပစ်လိုက်ရာ ကြိုးမျှင်ကလေးများက မြွေများကဲ့သို့ သေတ္တာပေါ်တွင် တွန့်လိမ်ကာ သွားလာနေပြီး မကြာခင်မှာပင် ပေါက်ကွဲမှုသုံးလေးချက်ဖြစ်ပေါ်သွားသည်။ ထိုတော့မှ ဘိုးပြောင်က သေတ္တာကိုကိုင်လိုက်သည်။
"ကာကွယ်ရေးစက်လက်နက်က ငါ့ကိုမတားဆီးနိုင်ပါဘူးကွာ"
ဘိုးပြောင်က သေတ္တာကိုဖွင့်လိုက်သည့်အခါ သေတ္တာအတွင်း မက်မန်းသီးခန့်အရွယ်ရှိသည့် ဖန်လုံးကလေးတစ်လုံးသာရှိသည်။ မယ်စိမ်းက ထိုဖန်လုံးကလေးကိုယူပြီး နံရံတွင်ချိတ်ဆွဲထားသည့် မှန်ကြီးတစ်ချက်အနီးသို့လှမ်းလျှောက်သွားသည်။ ထိုမှန်ကြီးကို ကနုတ်ပန်းများဖြင့်အလှဆင်ထားပြီး မှန်၏ နဖူးစီးတွင် အခေါင်းပေါက်ကလေးတစ်ခုရှိရာ မယ်စိမ်းက ထိုအခေါင်းပေါက်ကလေးအတွင်းသို့ သူ့လက်ထဲမှ ဖန်လုံးကလေးကိုထည့်လိုက်သည်။ မကြာမီ မှန်ကြီးတွင် မယ်တော်၏ ပုံရိပ်ပေါ်ပေါက်လာသည်။
မယ်တော် ရှင်ထိပ်တင်၏ မျက်နှာက အေးဆေးတည်ငြိမ်စွာပြုံးနေလေသည်။
"ကျုပ်ရဲ့အခုအမှာစကားကို ရှင်တို့မြင်နေရပြီဆိုရင် ကျုပ်အသက်မရှိတော့ဘူးဆို ရှင်တို့အားလုံးသိပြီးလောက်ပြီပေါ့"
မယ်စိမ်းက ထပြီးငိုတော့သည်။ ကျန်သူများလည်းစိတ်မကောင်းကြပေ။
"ကျုပ်တို့ ဘယ်သူမှန်းမသိတဲ့ မှော်ပညာရှင်တစ်ဦးနဲ့ရင်ဆိုင်နေရပြီဆိုတော့ ဒီအမှာစကားကြားနေတဲ့အချိန်မှာ ကျုပ်ကိုလည်း အဲဒီမှော်ပညာရှင်က အဆုံးသတ်လိုက်ရောပေါ့၊ ဒီတော့ ကျုပ်မှာကြားစရာ နှစ်ခုရှိတယ်"
"ပထမတစ်ခုကတော့ ဖန်ပေါင်းချောင်ကြီးကိုဖွင့်လိုက်ဖို့ပါ၊ နောက်တစ်ခုကတော့ အခုစကားကိုကြားပြီးတာနဲ့ ချက်ချင်း မယ်တော်၊ ဘိုးတော်အသစ်ရွေးချယ်ပွဲကို ကျင်းပရပါမယ်"
ဘိုးပြောင်က အားရကျေနပ်စွာ ပြုံးရယ်လိုက်သည်။
"ဒါပဲပေါ့၊ မယ်တော်ဆိုတာ ဒီလိုမျိုးအမြင်ကျယ်နေရမယ်၊ ကျုပ်ပြောတယ်မဟုတ်ဘူးလား ရွှေတောင်ရွာကြီးက အုပ်ချုပ်တဲ့လူမရှိရင် ကဝေတွေကြားထဲမှာ တစ်ယောက်တစ်မျိုးနဲ့ ပျက်စီးသွားနိုင်တယ်မဟုတ်လား၊ အခု မယ်တော်လည်းမရှိတော့ဘူးဆိုတာ့ သူမှာထားတဲ့အတိုင်း ကျုပ်တို့ ဘိုးတော်၊ မယ်တော် ရွေးပွဲကို ခပ်မြန်မြန်ကျင်းပရအောင်"
မယ်စိမ်းက လက်ဝါးကာပြီး ဟန့်တားလိုက်သည်။
"နေအုံးလေ၊ မှာကြားတာ နောက်တစ်ခုကျန်သေးတယ်"
မယ်တော် ရှင်ထိပ်တင်က
"ဒုတိယအချက်ကတော့ မင်းတို့ရှင်နှောင်းကိုတွေ့ပြီဆိုရင် ဒုတိယအချက်ကိုရွေးရမယ်"
ဘိုးပြောင်မျက်လုံးပြူးသွားသလို ကဝေပျံများအားလုံးကလည်း ရှင်နှောင်းကိုဝိုင်းကြည့်လိုက်သည်။
"မင်းတို့ရှင်နှောင်းကို တွေ့ထားပြီဆိုရင်တော့ သူ့ကိုမယ်တော်အဖြစ်ခန့်အပ်လိုက်ပြီး မယ်တော်ဆောင်းတဲ့သရဖူကို လွှဲပြောင်းပေးအပ်လိုက်ပါ"
ဘိုးပြောင် ခေါင်းခါသည်။
"မဖြစ်ဘူးလေ၊ မယ်တော်ရဲ့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ သူက အခုမှပေါ်လာတဲ့လူ၊ မှော်ပညာ၊ ကဝေပညာဆိုတာလည်း ဘာမှတတ်သေးတဲ့သူမှမဟုတ်တာ၊ နောက်ပြီးပိုဆိုးတာက သူကအပြင်လူလေ"
ဘိုးပြောင်အမျိုးစုံပြောနေသော်လည်း မယ်တော်ရှင်ထိပ်တင်က ပြုံးနေလျှက်
"ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရှင်နှောင်းဟာ မယ်တော်တစ်ယောက်ရဲ့အရည်အချင်းအပြည့်ရှိပြီးသားပဲ၊ မင်းတို့ ယုံမှားသံသယမဖြစ်ကြနဲ့"
ထိုသို့မှာကြားပြီး မယ်တော်ရှင်ထိပ်တင်၏ ပုံရိပ်က မှေးမှိန်ကာ ပျောက်ကွယ်သွားသည်။ မကျေနပ်သူကတော့ ဘိုးပြောင်ဖြစ်သည်။
"ဒီကလေးမလေးက ဘယ်လိုလုပ်ပြီး မယ်တော်တာဝန်ကိုယူနိုင်မှာလဲ၊ ရွှေတောင်ရွာကြီးနဲ့ ဂိုဏ်းပေါင်းစုံက ကဝေတွေကို ဦးဆောင်နိုင်မှာလဲ ဟုတ်တယ်မဟုတ်လား၊ ဟား၊ ဟား"
ဘိုးပြောင်အား အားလုံးက ဝိုင်းကြည့်လိုက်သည်။
"ဒါရယ်စရာမဟုတ်ဘူး ဘိုးပြောင်"
မယ်စိမ်းက ဝင်ရောက်ပြောဆိုလိုက်သည်။ ထို့နောက် အားလုံးကိုတစ်ချက်ကြည့်လိုက်ပြီး
"ကျွန်မ မယ်စိမ်းကတော့ မယ်တော်ရဲ့စကားအတိုင်းလိုက်နာပါ့မယ်"
မယ်စိမ်းက လက်ကိုမိုးပေါ်သို့ထောင်လိုက်သည်။
အဘခင်က လက်ကိုမိုးပေါ်သို့ထောင်လိုက်ပြန်သည်။
"မယ်တော်ရှင်ထိပ်တင်ဆိုတာ ကျုပ်တို့ထက် အသက်ငယ်တယ်ဆိုပေမယ့် မှော်ပညာအရရော၊ အသိအမြင်ဗဟုသုတအရာမှာပါ ကျုပ်တို့ထက်အများကြီးအရှေ့ပြေးတယ်၊ ဒီကိစ္စမှာလည်း မယ်တော်က အကြောင်းတစ်ခုခုကြောင့် ရှင်နှောင်းကို မယ်တော်အပ်ဖို့ စီစဉ်ခဲ့တာဖြစ်မယ်၊ ကျုပ်လည်းလက်ခံပါတယ်"
"ကျုပ်လည်းအတူတူပါပဲတော်"
အရီးဒေါင်းလည်း လက်ထောင်သည်။ ကျန်နေသည့် ဘိုးပြောင်နှင့် ဘွားမယ်သုန်ကိုအားလုံးက ကြည့်နေသည်။ ဘွားမယ်သုန်က လက်မထောင်ပေ။ မယ်စိမ်းက ဘွားမယ်သုန်ကိုကြည့်လိုက်သည်။
"ဘွားမယ်သုန်ရဲ့ ဆန္ဒကရော"
"ငါကတော့ ငါ့ကိုယ်ငါပဲ မယ်တော်အဖြစ်ထောက်ခံတယ်၊ ဘာလို့လဲဆိုတော့ ဒီရွှေတောင်ရွာကြီးက ရှင်နှောင်းလုပ်ပေးသွားတယ်ဆိုပေမယ့်၊ ဒီရွာထဲမှာ ရှိသမျှအဆောက်အအုံတွေ၊ နေရာထိုင်ခင်းတွေ၊ နောက်ပြီးဒီတောင်ကြီးကို ရွှေတောင်ကြီးဖြစ်အောင်လုပ်တာတွေမှာ ငါပဲအကုန်ဦးစီးပြီးလုပ်ခဲ့ရတာချည်းဘဲ၊ ဒါကြောင့်မို့လို့ ငါပဲ မယ်တော်ဖြစ်သင့်တယ်"
ဘွားမယ်သုန်က သူ့သဘောထားကိုပြောလိုက်သဖြင့် အားလုံးအံ့သြသွားရသည်။ ဘိုးပြောင်ကလည်း ရယ်မောလိုက်ပြီးနောက်
"ကျုပ်လည်း ကျုပ်ကိုယ်ကျုပ် ဘိုးတော်ဖြစ်ဖို့ထောက်ခံတယ်၊ ရွှေတောင်ရွာကို မယ်တော်တွေအစဉ်အဆက်အုပ်ချုပ်ခဲ့တယ်ဆိုပေမယ့် အခုကျုပ်အုပ်ချုပ်ဖို့အလှည့်ရောက်ပြီလို့ထင်တယ်၊ ကျုပ်က မယ်တော်သုံးဆက်တိုင်တိုင်အကြံပေးအဖြစ် လုပ်လာခဲ့တယ်၊ ကျုပ်ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးပညာနဲ့ ရန်စွယ်တွေကို ချေမှုန်းပေးခဲ့တယ်၊ အခုရွှေတောင်ရွာမှာ တိုက်ခိုက်ရေးမှော်ပညာခေါင်းဆောင်ဆိုလို့ ကျုပ်တစ်ယောက်ပဲကျန်တော့တယ်၊ ဒီတော့ ကျုပ်သာ ဘိုးတော်ဖြစ်သင့်တယ်"
ကဝေပျံတွှေအကုန်ရှုပ်ထွေးကုန်သည်။ ဘိုးပြောင်က မယ်စိမ်းဘက်သို့လှည့်လိုက်ပြီး
"မယ်စိမ်း၊ နင်ဘာတွေစဉ်းစားနေတာလဲ၊ ငါ့ကိုဘိုးတော်ရာထူး အခုပေးစမ်း"
မယ်စိမ်းက ခေါင်းခါသည်။ ထို့နောက် သူ့လွယ်အိတ်ကလေးထဲမှ ကြီးမားထူထဲသည့် စာအုပ်ကြီးတစ်အုပ်ကိုဆွဲထုတ်လိုက်သည်။ ထိုစာအုပ်ကြီးမှာ ကဝေများလိုက်နာရမည့် စည်းကမ်းကို အစဉ်အဆက်ရေးဆွဲကာ ထုတ်ပြန်ထားသည့် ကျမ်းကြီးဖြစ်သည်။
"စည်းကမ်းချက်နံပါတ်တစ်အရ၊ မယ်တော်တစ်ဦးက နောက်ဆက်ခံမယ့် သူမသေခင် ရွေးချယ်ပေးခဲ့ရမယ်"
"ဒီအချက်က အသုံးမဝင်တော့ဘူးမယ်စိမ်း၊ မယ်တော်က သေနှင့်ပြီးပြီ"
မယ်စိမ်းက နောက်တစ်ချက်ကိုရွတ်ဖတ်ပြလိုက်သည်။
"မယ်တော်က မရွေးချယ်ဖြစ်ခဲ့လျှင် ကဝေပျံခြောက်ယောက်က မယ်တော်ဖြစ်မည့််သူအား မဲပေးရွေးချယ်ရမည်ဖြစ်ပြီး အနည်းဆုံး လေးမဲရသူ(သို့မဟုတ်) ကဝေပျံလေးယောက်၏ ထောက်ခံချက်ရသူသာ မယ်တော်ဖြစ်ရမည်"
မယ်စိမ်းက ထိုစာပိုဒ်ကို ရွတ်ဖတ်ပြီး
"ဒီတော့ ရှင်နှောင်းကိုရွေးတာက ကျွန်မရယ်၊ အဘခင်ရယ်၊ အရီးဒေါင်းရယ်၊ သုံးယောက်ရှိနေပြီ၊ သေသွားတဲ့ မယ်နီကိုပါ ရွေးလိုက်ရင် စုစုပေါင်း လေးမဲရပြီ"
"တိတ်စမ်းမယ်စိမ်း၊ မင်းတို့လိုရာမဆွဲနဲ့ သေသွားတဲ့မယ်နီက ဘာလို့ဒီကလေးမကို ထောက်ခံမှာလဲ၊ သူသာအသက်ရှိနေသေးတယ်ဆိုရင် ကျုပ်ကိုပဲထောက်ခံမှာဗျ"
ဘိုးပြောင်ကထပြောသည်။ ထိုအခါ ဘွားမယ်သုန်က
"အောင်မာ၊ နင့်လို ငပြောင်ကိုများ ထောက်ခံမတဲ့လား၊ မယ်နီက ငါနဲ့တူမအရင်းတွေလိုမျိုး လက်ပွန်းတတီးနေလာခဲ့တာ၊ သူက ငါ့ကိုသိပ်ချစ်ရှာတာ၊ ထောက်ခံခိုင်းမယ်ဆိုရင် ငါ့ကိုထောက်ခံမှာဟဲ့"
"ကဲ အားလုံးပဲတိတ်ကြစမ်း"
အရီးဒေါင်းက အော်ပြောလိုက်တော့မှ အဘိုးပြောင်နှင့် ဘွားမယ်သုန်တို့ ငြိမ်သက်သွားသည်။ အဘခင်က မယ်စိမ်းဘက်သို့ကြည့်လိုက်ပြီး
"မယ်စိမ်းရေ၊ အငြင်းပွားမှုအတွက်ပတ်သက်ပြီး ဘာတွေရေးထားသေးသလဲ"
မယ်စိမ်းက စာရွက်များကိုလှန်လှောနေသည်။
"စည်းကမ်းနံပါတ် ရှစ်မှာ ရေးထားတာက မဲပေးသူချင်းမညီညွတ်ခဲ့လျှင် အချင်းချင်းတိုက်ခိုက်ရန် ယှဉ်ပြိုင်နိုင်ပြီး တိုက်ပွဲတွင် အနိုင်ရရှိသူ၏မဲအား ရှုံးနိမ့်သူက ထောက်ခံပေးရမည်"
ဘိုးပြောင်က မျက်လုံးများကိုစေ့လိုက်ကာ မယ်စိမ်းတို့သုံးယောက်ကို စိုက်ကြည့်နေလေသည်။ ထို့နောက် သူတို့ကိုလက်ညှိုးထိုးလျက်
"မင်းတို့သုံးကောင်ပေါင်းလို့တောင် ငါ့ကိုနိုင်မှာမဟုတ်ပါဘူးကွ၊ ဟား၊ဟား"
"ဟဲ့ ငပြောင်၊ နင်နဲ့ငါနဲ့ အရင်ပြိုင်ပါရစေအုံး"
ဘိုးပြောင်က စကားဖြတ်ပြောသည့် ဘွားမယ်သုန်ကိုကြည့်လိုက်သည်။ ထို့နောက်ရယ်မောလိုက်သည်။
"တိုက်ခိုက်ရေးပညာတွေတစ်ခုမှမတတ်ဘဲ၊ တည်ဆောက်ရေးနဲ့ အသုံးချမှော်ပညာတွေပဲ တတ်တဲ့ ခင်ဗျားလိုအဘွားကြီးက ကျုပ်ကိုတိုက်မလို့တဲ့လား၊ ဟား၊ ဟား"
"နင်ရှုံးမှာကြောက်လို့ မတိုက်ရဲဘူးလား ငပြောင်"
ဘွားမယ်သုန်အပြောကြောင့် ဘိုးပြောင်ထိတ်လန့်သွားသည်။
"ခင်ဗျားလိုအဘွားကြီးလောက်တော့ ကျုပ်က တစ်ရေးနိုးထတိုက်တောင်မှ နိုင်ပြီးသားဗျ"
"ကဲ တော်ကြတော့"
ဘိုးပြောင်နှင့် ဘွားမယ်သုန်က တစ်ယောက်ကိုတစ်ယောက်ရန်ဆောင်နေသဖြင့် မယ်စိမ်းက တားလိုက်သည်။
"မယ်တော်မှာခဲ့တာ နှစ်ချက်မဟုတ်လား၊ တစ်အချက်က ဖန်ပေါင်းချောင်ကြီးကိုဖွင့်ဖို့နဲ့ နောက်တစ်ခုက မယ်တော်အသစ်ရွေးချယ်ဖို့မဟုတ်လား၊ ဒီတော့ ပထမအချက်ဖြစ်တဲ့ ဖန်ပေါင်းချောင်ကြီးကို အရင်ဖွင့်ရမယ်၊ နောက်ပြီး ကျွန်မဆီကို မယ်တော်က ဒီရွာကြီးကို အပ်ခဲ့တာမို့လို့ ကျွန်မက လောလောဆယ်ရွာမှာ အာဏာအရှိဆုံးလူဆိုတာကို မမေ့ပါနဲ့"
အဘခင်က စဉ်းစားနေရင်း
"မယ်တော်က ဖန်ပေါင်းချောင်ကြီးကိုဖွင့်ခိုင်းတယ်ဆိုတော့ ဘာလုပ်မလို့များပါလိမ့်နော်"
"သူက ရွှေတောင်ရွာကြီး အန္တရာယ်ကျမှာကို စိုးရိမ်လို့ထင်တယ်၊ အခု ကဲရိသဆိုတဲ့ရန်သူနဲ့ ကဝေခြောက်ရာကျော်သွားပြီးတိုက်ခိုက်တာတောင်မှ ဘိုးပြောင်တစ်ယောက်ထဲ ပြန်လာနိုင်တယ်မဟုတ်လား"
"ကဲလာကြ၊ အချိန်ရှိတုန်း ဖန်ပေါင်းချောင်ကြီးကိုဖွင့်လိုက်မယ်"
မယ်တော်၏အခန်းမှထွက်လာခဲ့ပြီး ကျောက်လှေကားကြီးအဆုံးထိ ဆက်တက်ခဲ့ကြသည်။ ရှင်နှောင်းက သူ့နံဘေးနားတွင်ရှိနေသော အရီးဒေါင်းကိုမေးလိုက်သည်။
"ဖန်ပေါင်းချောင်ဆိုတာ ဘာကြီးလည်း အဘွား"
"ဖန်ပေါင်းချောင်ဆိုတာ စကားဝှက်တစ်ခုပဲ၊ ရွှေတောင်ရွာကြီးကို လုံခြုံအောင်စီရင်ထားတဲ့ နည်းလမ်းတွေကိုပြောတာပေါ့၊ အဲဒီအထဲမှာဘာတွေရှိသလဲဆိုတာ မယ်တော်တွေကလွဲလို့ ဘယ်သူမှမသိကြဘူး၊ ဒါကြောင့်မို့ အဘွားလည်းမသိဘူး"
ကျောက်လှေကားကြီးဆုံးသွားသည့်အခါ အခန်းတံခါးတစ်ခုပေါ်လာပြန်သည်။ ထိုအခန်းတံခါးကိုတော့ မယ်စိမ်းက အသာကလေးဖွင့်လိုက်သည်။ အခန်းကြီးတစ်ခုလုံးရွှေရောင်လင်းလက်နေပြီး ပြာလဲ့နေသည့် ကောင်းကင်ကြီးကိုမြင်တွေ့ရသည်။
"ဒါက ဘယ်နေရာလဲ"
"ရွှေတောင်ကြီးရဲ့ ထိပ်ပေါ့ကွယ်"
အခန်းတစ်ခုလုံးဘာမှမရှိဘဲ အခန်းအလယ်တွင် ကလပ်တစ်ခုရှိကာ ထိုကလပ်အပေါ်တွင်တော့ ဖန်ပေါင်းချောင်တစ်ခုကိုတင်ထားသည်။
"အထဲမှာဘာမှမရှိပါလား"
ရှင်နှောင်းက ရေရွတ်လိုက်သည်။ ဖန်ပေါင်းချောင်ကြီးမှာ အတွင်းသို့အတိုင်းသားမြင်နေရပြီး အတွင်းတွင် မည်သည့်အရာမှ ရှိမနေပေ။
"တစ်ခါတစ်လေတော့ မင်းရဲ့အမြင်နဲ့ပဲ အရာအားလုံးကိုဆုံးဖြတ်လို့မရဘူး ကလေးမ"
အဘခင်က ပြောလိုက်ပြီးနောက် ကဝေပျံများအားလုံး ဖန်ပေါင်းချောင်ကိုလက်ညှိုးထိုးလိုက်ကြသည်။ ထို့နောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး မှော်မန္တန်တစ်ခုကို ပြိုင်တူရွတ်ဆိုလိုက်ကြသည်။ ထိုအခါ ဖန်ပေါင်းချောင်ကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားပြီး အတွင်းတွင် စာရွက်ကလေးများထပ်ထားသည်ကိုမြင်တွေ့ရသည်။ သူတို့အနီးကပ်ပြီးကြည့်လိုက်သည့်အခါ စာရွက်အဖြူကလေးများဖြစ်နေသည်။
"ရွှေတောင်ရွာကို ကာကွယ်ဖို့က စာရွက်တွေပဲလား"
ဘိုးပြောင်က ရေရွတ်လိုက်လေသည်။ ထိုစဉ်မှာပင်စာရွက်များမှာ မိုးပေါ်သို့ခုန်တက်သွားကြပြီး မိုးပေါ်ရောက်သည့်အခါ စက္ကူငှက်ကလေးများအဖြစ် သူ့အလိုလိုပြောင်းလဲသွားကြသည်။ စာရွက်များလည်း ထောင်ချီပြီးရှိသည်မို့ စက္ကူငှက်ကလေးများလည်း ထောင်နှင့်ချီကာ ပျံသန်းသွားကြလေသည်။ စက္ကူငှက်ကလေးများမှာ ရွှေတောင်ရွာတစ်ဝိုက်ကိုပျံသန်းထွက်ခွာသွားကြလေသည်။
ရှင်နှောင်းက ထိုအခန်းအစွန်းမှနေ၍ ရွှေတောင်ရွာကြီးကို အပေါ်စီးမှ ဆီးကြည့်လိုက်သည်။ တောင်ကြီး၏ထိပ်တွင်ဖြစ်သဖြင့် လေကဝေ့၀ဲကာတိုက်ခတ်နေသည်။ ရွှေတောင်ရွာကြီးကို တောင်ခြေတွင်မြင်တွေ့ရပြီး မိုးကုပ်စက်ဝိုင်းအဆုံးထိ နက်ရှိုင်းသည့် သစ်တောကြီးများ၊ မြစ်ချောင်းများကို မြင်တွေ့နေရသည်။
"လှလိုက်တာ၊ ဒါက ဘယ်လိုနေရာမျိုးလဲ"
ဘွားမယ်သုန်က ရှင်နှောင်းအနီးသို့တိုးကပ်လာသည်။
"ဒါက မင်းနားလည်အောင်ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိနေတဲ့ နောက်ထပ်ကမ္ဘာတစ်ထပ်ပဲ၊ ဒီနေရာကို ရှင်နှောင်းက မှော်ပညာနဲ့တွေ့ခဲ့ပြီးသားဖြစ်တယ်၊ ဒီကမ္ဘာကြီးပေါ်မှာ ဟောဒီတောင်ကြီးရယ်၊ ရွှေတောင်ရွာကြီးရယ်ကလွဲလို့ ကျန်တဲ့နေရာတွေမှာ နေထိုင်တဲ့လူမရှိဘူး"
"အံ့သြစရာကောင်းတဲ့ မှော်ကမ္ဘာကြီးပေါ့နော်"
"ဒီလိုမျိုးကမ္ဘာအသေးလေးတွေ ထောင်သောင်းနဲ့ချီပြီးရှိနေနိုင်သေးတယ်၊ ငါတို့တွေ မတွေ့မြင်ကြသေးတာ၊ ဒါမှမဟုတ်လည်း တွေ့မြင်ဖို့အစွမ်းမရှိသေးတာကြောင့်ပေါ့"
ဘိုးပြောင်က သက်ပြင်းချလိုက်သည်။
"ကဲ ဒါဆို အခုဘာဆက်လုပ်မလဲ မယ်စိမ်း"
"ဒီနေ့ကတော့ တော်လောက်ပြီ၊ မနက်ဖြန်မှာ ဘွားမယ်သုန်နဲ့ ဘိုးပြောင် တိုက်ခိုက်ပြီး မဲခံယူတဲ့ပြိုင်ပွဲကျင်းပမယ်၊ အခုတော့ ဘိုးပြောင်အေးအေးဆေးဆေးအနားယူလိုက်ပါအုံး"
ဘိုးပြောင်က ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှထွက်ခွာသွားသည်။ ကဝေပျံများထွက်ခွာသွားသော်လည်း ဘွားမယ်သုန်နှင့် ရှင်နှောင်းသာကျန်နေခဲ့လေသည်။
"ဒီရွာကြီးတစ်ခုလုံးကို ဘွားမယ်သုန်တည်ဆောက်ထားတာလား"
ဘွားမယ်သုန်က ခေါင်းကိုဖြေးညှင်းစွာညိတ်သည်။
"ဒီလိုရွာကြီးဖြစ်ဖို့ကို လမ်းတိုင်းလမ်းတိုင်း၊ အိမ်တိုင်း အိမ်တိုင်းကို ငါ့ရဲ့အတတ်ပညာတွေနဲ့ တည်ဆောက်ခဲ့ကြတာပေါ့၊ ကဲလာပါ၊ ငါတို့သွားရအောင်၊ ရွှေတောင်ရွာကြီးတစ်ပတ် မင်းကိုငါလိုက်ပြမယ်"
ကြောင်လိမ်လှေကားထိပ်တွင်ရပ်လိုက်သည်နှင့် ဘွားမယ်သုန်က တောင်ဝှေးကိုလေးငါးချက်ဆောင့်လိုက်ရာ လှေကားကြီးများလိမ်ပတ်လှုပ်ရှားသွားပြီး မကြာခင် သူတို့အောက်ဆုံးသို့ပြန်ရောက်ခဲ့သည်။ ကျောက်ဂူကြီးအတွင်းမှထွက်လိုက်တော့ အဘခင်က စောင့်နေသည်။
"လာစမ်း ကလေးမ၊ မင်းနေရမယ့်နေရာကိုငါပြမယ်"
ရှင်နှောင်းက ခေါင်းခါလိုက်ပြီး
"ဘွားမယ်သုန်က ကျွန်မကို ရွှေတောင်ရွာတစ်ပတ်ကို ပတ်ပြီးလိုက်ပြမလို့တဲ့"
အဘခင်က သံသယမျက်လုံးများဖြင့် ဘွားမယ်သုန်ကိုစိုက်ကြည့်လိုက်သည်။ ဘွားမယ်သုန်ကတော့ မျက်လွှာချထားပြီး
"ငါက ရှင်နှောင်းကို တစ်ခုခုလုပ်လိုက်မှာကို နင်စိုးရိမ်နေတယ်မဟုတ်လား ဘခင်"
အဘခင်ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ၊ ငါတို့အသက်တွေကလည်း မငယ်တော့ဘူး၊ ဘယ်ဟာက အဓိကလဲ၊ ဘယ်ဟာလဲ သာမညလဲဆိုတာကို ငါခွဲတတ်ပါတယ်"
အဘခင်က ရှင်နှောင်းကိုတစ်ချက်ကြည့်လျက်
"ညဆယ့်တစ်နာရီမထိုးခင် ဒီကိုပြန်လာရမယ် ကလေးမ"
ရှင်နှောင်းက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး
"အခုက ဘယ်အချိန်လဲ"
အဘခင်က ဘွားမယ်သုန်ကိုလက်ညှိုးထိုးပြလိုက်ကာ
"မင်းဘေးမှာရှိနေတဲ့သူ သိပါတယ်"
အဘခင်က ထွက်သွားတော့သည်။ ဘွားမယ်သုန်က ပြုံးရယ်လိုက်ပြီး ရှင်နှောင်း၏ ဘယ်ဖက်လက်ကို ဆွဲကိုင်ကြည့်လိုက်သည်။
"အသားကလေးကတော့ တော်တော်ချောချောမွေ့မွေ့နဲ့ ကိုင်လို့ကောင်းလိုက်တာ"
ထို့နောက် ရှင်နှောင်း၏ လက်ကောက်ဝတ်ကို သူ့လက်ဖဝါးနှင့် ပွတ်သပ်နေရင်း ရှင်နှောင်းလက်တွင် ရွှေရောင်လက်ပတ်နာရီကလေးတစ်လုံး ပေါ်ပေါက်လာခဲ့သည်။ ရှင်နှောင်းအလွန်အံ့သြသွားသည်။
"ဟာ၊ ရွှေရောင်လက်ပတ်နာရီကလေးပါလား"
ရှင်နှောင်း အံ့သြပျော်ရွှင်နေသည်ကို ဘွားမယ်သုန်က ငေးကြည့်နေရင်း
"မင်းကိုငါလုပ်ပေးတာ၊ မင်းဒီကိုပထမဆုံးရောက်တဲ့အထိန်းအမှတ်အနေနဲ့ သိမ်းထားပေါ့"
ရှင်နှောင်းက နာရီကိုကြည့်လိုက်ရင်း
"ဆယ်နာရီတောင်ထိုးတော့မယ်၊ ဒါက မနက်ဆယ်နာရီမဟုတ်လား"
ဘွားမယ်သုန်က ပြုံးရင်း
"မဟုတ်ဘူးလေ၊ ညဆယ်နာရီပေါ့"
ရှင်နှောင်းအလွန်အံ့သြသွားမိသည်။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည့်အခါ ပြာလဲ့ပြီးလင်းလက်နေလေသည်။
"မိုးလင်းနေတယ်လေ၊ ညဆယ်နာရီဆိုတာ ဟုတ်ပါ့မလား ဘွားမယ်သုန်ရဲ့"
"အဲဒီကောင်းကင်ကြီးကို အဇဋာကာသလို့ခေါ်တယ်၊ အပြင်ကမ္ဘာက ကောင်းကင်လို နေတွေလတွေမရှိဘူး၊ ဒါကြောင့် ညဆိုတာလည်းမရှိဘူး၊ အမြဲတမ်းတစ်ချိန်လုံးလင်းနေတယ်၊ မိုးရွာတာ၊ နှင်းကျတာလည်းမရှိဘူး၊ ရာသီဥတုက အမြဲပုံမှန်ပဲ"
"ထူးဆန်းလိုက်တာနော်"
"ဒီထက်ထူးဆန်းတာတွေကို မင်းတွေ့ရအုံးမှာပါ၊ ကဲ ငါနဲ့လိုက်ခဲ့"
အခန်း (၇)
ရွှေတောင်ရွာကြီးက စည်ကားနေလေသည်။ ဘွားမယ်သုန်က ညာဖက်လက်ညှိုးဖြင့် မြေကြီးတစ်နေရာကိုထိုးလိုက်သည်။ ထိုအခါ မြေကြီးအတွင်းမှ ကျောက်သားစိုက်ကြီးတစ်ခုက တိုးထွက်လာလေသည်။
"ထိုင်ခုံဖြစ်စမ်း၊ ငါတို့နှစ်ယောက်ထိုင်ဖို့ဆိုတော့ နှစ်ယောက်ထိုင်တဲ့ခုံကြီးပေါ့"
ကျောက်တုံးကြီးက ရွံ့တုံးလို ပုံစံအမျိုးမျိုးဖြစ်ပေါ်နေကာ နောက်ဆုံးနှစ်ယောက်ထိုင်နိုင်သည့် ထိုင်ခုံရှည်တစ်ခုဖြစ်သွားသည်။
"ဟိုဟိုဒီဒီသွားမှာဆိုတော့ ဘီးလည်းပါမှဖြစ်မယ်"
ထိုင်ခုံအောက်ခြေတွင် ဘီးလုံးလေးလုံးထွက်ပေါ်လာလေသည်။ ထိုအဖြစ်များကို ရှင်နှောင်းတစ်ယောက် အံ့အားသင့်စွာဖြင့်ကြည့်နေမိသည်။
"ကဲလာ၊ သွားထိုင်ရအောင်"
သူတို့နှစ်ယောက်သွားထိုင်လိုက်သည်။ ကျောက်သားခုံကြီးက လက်ရာသေသပ်လှသော်လည်း ထိုင်လိုက်သည့်အခါ အေးစက်မာကြောနေသည်။
"ဟုတ်သားပဲ၊ ထိုင်ရတာမာလိုက်တာ"
ဘွားမယ်သုန်က မတ်တပ်ရပ်လိုက်ပြီး ထိုင်ခုံကိုလက်ညှိုးထိုးလိုက်သည်။ ထိုအခါ မွေးပွများက ထိုင်ခုံတွင်ပွတက်လာပြီး အချိန်ခဏအတွင်းမှာပင် ဆိုဖာကူရှင်များဖြစ်သွားသည်။ ဆိုဖာကူရှင်များက ထိုင်ခုံ၏ နောက်ကျောဘက်နှင့် လက်တင်သည့်နေရာ၊ ဖင်ခုထိုင်သည့်နေရာများတွင် အသီးသီးထွက်ပေါ်လာကြလေသည်။
"ရပြီ၊ ဒီလောက်ဆို သက်တောင့်သက်သာဖြစ်ပြီ၊ ကဲ ထိုင်ခုံရေ သွားပေတော့"
ဘွားမယ်သုန်က ထိုင်ခုံကိုလက်နှင့်ပုတ်လိုက်သည့်အခါ ထိုင်ခုံက ကားတစ်စီးကဲ့သို့ပင် မောင်းနှင်ထွက်ခွာသွားသည်။
"ငါတို့တွေကိုတော့ လက်သမားတွေလို့ ခေါ်ကြတယ်၊ ငါတို့ တတ်တဲ့ပညာကိုတော့ အသုံးချမှော်ပညာလို့ခေါ်တယ်၊ ငါကတော့ အဲဒီလိုခေါ်တာကိုမကြိုက်ဘူး ဖန်တီးမှု မှော်ပညာလို့ ခေါ်ချင်တယ်၊ ဒီရွာကြီးတစ်ရွာလုံးကို ငါတို့လို လက်သမားတွေက ဖန်တီးတည်ဆောက်ထားတာပေါ့၊ ဟောဒီလမ်းတွေ၊ တံတားတွေ၊ အိမ်တွေ၊ အဆောက်အဦးတွေအားလုံးကို ငါတို့ဖန်တီးခဲ့တာပေါ့"
သူတို့စကားပြောရင်း မြို့တစ်ဝှန်းလုံးကို ဖြတ်သန်းကြည့်ရှုနေကြသည်။
"လက်သမားဂိုဏ်းဟာ ရွှေတောင်ရွာက ဂိုဏ်းတွေထဲမှာ လူအနည်းဆုံးနဲ့ အားအနည်းဆုံးဂိုဏ်းတစ်ခုပဲ၊ အရင်ရွာကြီးစတည်ထောင်ခါစကဆိုရင် ငါတစ်ယောက်တည်းပဲရှိတာ၊ ဒါကြောင့်မို့ ဒီရွာကြီးကို ငါ့လက်နဲ့ပုံဖော်ခဲ့တယ်လို့ ဆိုတာပေါ့၊ အခုဆိုလက်သမား ခြောက်ဆယ့်လေးယောက်ရှိပေမယ့် တခြားဂိုဏ်းတွေနဲ့စာရင် အရမ်းနည်းတယ်"
"ဒါဆိုရွှေတောင်ရွာကြီးမှာ ဂိုဏ်းတွေအများကြီးရှိတာပေါ့နော်"
"ရှိတာပေါ့၊ ဂိုဏ်းကြီး ခြောက်ဂိုဏ်းရှိတယ်၊ မိုးပျံဂိုဏ်း၊ ခြင်နီဂိုဏ်း၊ အဂ္ဂိရတ်ဂိုဏ်း၊ သောမာဂိုဏ်း၊ မာတာဂိုဏ်းနဲ့ စေသနိဂိုဏ်းဆိုပြီး ဂိုဏ်းခြောက်ဂိုဏ်းရှိတယ်"
"မိုးပျံဂိုဏ်းဆိုတာကတော့ အဆင့်မြင့်တဲ့ကဝေအတတ်တွေကို တတ်မြောက်တဲ့ကဝေဂိုဏ်းပေါ့၊ ဒီကဝေတွေက ရှေးဟောင်း ရွှေတောင်ရွာကြီးက ကဝေပညာသည်တွေရဲ့မျိုးဆက်တွေပဲ၊ ပြောရရင်တော့ သူတို့သာ ကဝေအစစ်အမှန်၊ သူတို့ကသာ ကဝေမျိုးရိုးအစစ်ဆိုပြီးတော့ ဂုဏ်ကျယ်နေတဲ့သူတွေပေါ့၊ အင်းလေ၊ သူတို့ကျယ်လဲ ကျယ်ချင်ရှာမှာပေါ့၊ သူတို့အားလုံးလိုလိုက မျိုးရိုးအလိုက် လက်ဆင့်ကမ်းလာတဲ့ ကဝေပညာတွေကို တတ်မြောက်တဲ့ အဆင့်မြင့်ကဝေတွေကိုး၊ ဘိုးပြောင်ဦးစီးနေပြီးတော့ သူတို့ဂိုဏ်းမှာ အဖွဲ့ဝင် တစ်ထောင်နီးပါးလောက်ရှိတယ်ကွဲ့"
"ခြင်နီဂိုဏ်းကတော့ သွေးသစ်ဂိုဏ်းလို့ခေါ်တယ်၊ ရွှေတောင်ရွာကြီးမှာ မှော်ပညာတွေ၊ ကဝေအတတ်တွေထွန်းကားလာတာနဲ့အမျှ ကဝေပညာတွေကိုသင်ကြားချင်လာကြတဲ့သူတွေရှိတယ်၊ များသောအားဖြင့်ကတော့ ကဝေတွေနဲ့ ကဝေမဟုတ်တဲ့သူတွေကနေ မွေးဖွားလာတဲ့ လူတွေပေါ့၊ သူတို့ကို သွေးတစ်ဝက်နှောတွေလို့ခေါ်တယ်၊ သူတို့တွေဖွဲ့စည်းထားတဲ့ ဂိုဏ်းကိုသွေးသစ်ဂိုဏ်းလို့ အမည်တွင်ကြတာ၊ ဒီတော့ ယေဘုယျအားဖြင့် မိုးပျံဂိုဏ်းနဲ့ သွေးသစ်ဂိုဏ်းက ရန်ဖက်တွေပေါ့၊ သူတို့က မတည့်ကြဘူး၊ သွေးသစ်ဂိုဏ်းက အဖွဲ့ဝင်အများဆုံးပဲ၊ ရွှေတောင်ရွာမှာပဲ အဖွဲ့ဝင်သုံးထောင်ရှိတယ်၊ ကမ္ဘာတစ်ဝှမ်းမှာဆိုရင် တစ်သန်းလောက်နီးပါးရှိတယ်"
"အဂ္ဂိရတ်ဂိုဏ်းကတော့ သတ္တုတွေကို စီရင်တဲ့ဂိုဏ်းပေါ့၊ အဲဒီဂိုဏ်းဝင်ကဝေတွေက ကဝေအတတ်တွေတတ်ပေမယ့် သူတို့က သတ္တုတွေနဲ့ပေါင်းစပ်ပြီး အသုံးပြုရသတဲ့၊ ဆိုလိုချင်တာကတော့ တို့တွေလို့ ကဝေအတတ်တွေကို တန်းပြီးမသုံးနိုင်ဘဲ ဓါးလှံလက်နက်တွေကနေတဆင့် အသုံးပြုကြတဲ့ဂိုဏ်းပေါ့။ ရွှေတောင်ရွာကြီးရဲ့ မြောက်ဖက်ခြမ်းမှာနေပြီး လူဦးရေ သုံးရာနီးပါးလောက်ရှိတယ်"
"မာတာဂိုဏ်းဆိုတာကတော့ ဆေးကုသသူတွေ၊ ကုသရေးအတတ်တွေ တတ်မြောက်တဲ့ကဝေတွေရဲ့ ဂိုဏ်းပေါ့၊ လောလောဆယ် မယ်စိမ်းဦးဆောင်နေတယ်၊ သူတို့က ရွှေတောင်ရွာကြီးရဲ့ ဆေးကုသရေးဆောင်ကြီးမှာ နေထိုင်ကြတယ်၊ လူဦးရေ တစ်ရာလောက်ပဲရှိတယ်"
"စေသနိဂိုဏ်းဆိုတာကတော့ အရင်ကပြောခဲ့သလို ငါတို့တွေရဲ့လက်သမားတွေကို ခေါ်ကြတာပေါ့၊ ဖြစ်ချင်တာ၊ ဖြစ်စေလိုတာကို ကဝေအတတ်နဲ့ပုံဖော်တဲ့ဂိုဏ်းပေါ့၊ ကဝေတော်တော်များများက ဒီဂိုဏ်းကို မကြိုက်ကြဘူးလေ၊ လက်သမားဖြစ်ရတာကို သူတို့က တန်းနိမ့်တယ်လို့ ထင်ကြတာကိုး"
"မဟုတ်တာပဲ၊ ရှင်နှောင်းကတော့ ဒီဂိုဏ်းကိုကြိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်ချင်တာအကုန် ဖန်တီးလို့ရတယ်မဟုတ်လား"
ဘွားမယ်သုန်က ရှင်နှောင်းမျက်နှာကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"မင်းကတကယ်ပြောတာလား"
"တကယ်ပေါ့ဘွားမယ်သုန်ရဲ့၊ လက်သမားတွေဆိုတာထက် ဖန်တီးရှင်တွေလို့ ကျွန်မကတော့တင်စားချင်တယ်၊ ဒီရွာကြီးတစ်ရွာလုံးကို ဖန်တီးခဲ့တဲ့သူတွေဆိုမှတော့ တခြားသူတွေထက် နိမ့်ကျပါ့မလား၊ တခြား ဂိုဏ်းတွေအားလုံးထက် အဆင့်အတန်းမြင့်တဲ့သူတွေပါ"
ဘွားမယ်သုန်က ရှင်နှောင်းကိုကြည့်လျက် ကျေကျေနပ်နပ်ကြီးပြုံးလိုက်လေသည်။
"မင်းတကယ်ကြိုက်တယ်ဆိုရင်ကောင်းတာပေါ့၊ ငါက မကြာခင်သွားရတော့မှာဆိုတော့ မင်းကိုဒီပညာတွေသင်ပေးခဲ့ချင်တယ်၊ ဒီဂိုဏ်းသားတွေကိုလည်း လွှဲပေးခဲ့ချင်တယ်"
ရှင်နှောင်းက ခေါင်းညိတ်ရင်း ဘွားမယ်သုန်ပြောသည့်စကားများကိုပြန်တွေးနေမိသည်။
"ဒါနဲ့ ခုနက ပြောသွားတော့ ဂိုဏ်းခြောက်ဂိုဏ်းရှိတယ်ဆိုပြီး၊ သောမာဂိုဏ်းဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်းအကြောင်းကိုတော့ မပြောသွားပါလား ဘွားမယ်သုန်"
သူတို့သွားနေသည့် ထိုင်ခုံကြီးရပ်တန့်သွားသည်။ ဘွားမယ်သုန် မျက်နှာပျက်သွားသည်။
"သောမာဂိုဏ်းအကြောင်းပြောဖို့ ရွာထဲမှာတားမြစ်ထားတယ်၊ ဒါပေမယ့် ရှိစေတော့၊ မင်းကိုတော့ ငါသိအောင်ပြောပြလိုက်မယ်၊ သောမာဂိုဏ်းဆိုတာ မကောင်းတဲ့အတတ်တွေကို ကျင့်သုံးတဲ့ဂိုဏ်းပဲ၊ ဒါကြောင့် ဒီဂိုဏ်းကိုဝိုင်းပြီးသုတ်သင်လိုက်ပြီ၊ အခုမရှိတော့ဘူး"
"သူတို့က ဘယ်လိုမျိုးမကောင်းတဲ့အကျင့်တွေကို ကျင့်ကြံကြလို့လဲ"
"လွယ်လွယ်ပြောရရင်တော့ အမှောင်သခင်ကြီးကို စောင့်နေကြတဲ့သူတွေပေါ့၊ ကဝေရှင်တစ်ချို့လဲပါဝင်နေတယ်၊ ကဲပါ အဲဒါတွေထားလိုက်ပါတော့၊ ငါတို့ ဂိုဏ်းကိုသွားရအောင်"
နှစ်ယောက်ထိုင်ခုံကြီးက လျှင်မြန်စွာဖြင့် မောင်းနှင်နေလေသည်။ မကြာခင် ပုံစံအချိုးအစားမကျနစွာဆောက်လုပ်ထားသည့် အဆောက်အဦးကြီးရှေ့တွင်ရပ်သွားလေသည်။ ထိုအဆောက်အဦးကြီးတွင်တော့ တူကိုင်ထားသည့် လက်ပုံပါသည့် အလံတစ်ခုကိုလွှင့်ထူထားသည်။ အလံအရောင်ကတော့ အဝါရောင်တောက်တောက်ဖြစ်သည်။ အဆောက်အဦးကြီးအတွင်းသို့ ဝင်ခဲ့သည့်အခါ အရာအားလုံးက တိတ်ဆိတ်နေသည်။
"ဒါကတော့ ငါတို့ရဲ့ စေသနိဂိုဏ်း အဆောက်အဦးပဲကွဲ့"
ရှင်နှောင်းကလှည့်ပတ်ကြည့်လိုက်ပြီး
"ဒါနဲ့ တခြားလက်သမားတွေရော"
"လက်သမားဆိုတာ ရွှေတောင်ရွာမှာအလုပ်အများဆုံးသူတွေပဲလေ၊ ဟိုအိမ်ကခေါ်ပြီး သူကြိုက်တဲ့အတိုင်းပြင်ခိုင်းလိုက်၊ ဒီအိမ်က ခေါ်ဆောက်ခိုင်းလိုက်နဲ့ အားရတယ်ကိုမရှိဘူး"
ရှင်နှောင်းက နာရီကိုကြည့်လိုက်သည်။ အချိန်က ဆယ်နာရီခွဲနေပြီဖြစ်သည်။
"အချိန်သိပ်မရှိတော့ဘူး ဘွားမယ်သုန်"
"အေး၊ ငါ့မှာလည်းအချိန်မရှိတော့ဘူး၊ မနက်ဖြန်ဆိုရင် ငါ ဘိုးပြောင်နဲ့တိုက်ခိုက်ရမယ်"
"ဘွားမယ်သုန်က မယ်တော်တကယ်ဖြစ်ချင်နေတာလား၊ အဲဒါဆိုရင် ရှင်နှောင်းမယ်တော်သရဖူကို ဘွားမယ်သုန်ကိုပေးမယ်လေ၊ အဘခင်တို့ အရီးဒေါင်းတို့ကို ဘွားမယ်သုန်ကိုထောက်ခံဖို့ပြောလိုက်မယ်"
ရှင်နှောင်းစကားကြားတော့ ဘွားမယ်သုန်က လက်ကာပြလိုက်သည်။
"မလိုပါဘူး၊ ငါမယ်တော်ဖြစ်ဖို့ ဘယ်သူရဲ့အကူအညီမှမလိုဘူး"
ဘွားမယ်သုန်က သစ်သားဖြင့်ပြုလုပ်ထားသည့် စားပွဲကြီးတွင်ထိုင်လိုက်သည်။ ထို့နောက် သေတ္တာကြီးတစ်လုံးကိုဖွင့်လိုက်သည်။
"မင်းရဲ့ညာဖက်လက်ဝါးကို ငါ့ကိုပေး"
ရှင်နှောင်းက လက်ဝါးကိုပေးလိုက်သည့််အခါ ဘွားမယ်သုန်က သေတ္တာအတွင်းမှ ရွှေရောင်ကညစ်ကလေးတစ်ခုကိုထုတ်ယူလိုက်သည်။ ကညစ်ကလေး၏ ဖင်တွင် အဖြူရောင်ငှက်မွှေးတစ်ချောင်းဖြင့်အလှဆင်ထားသည်။ ဘွားမယ်သုန်က ကညစ်အားကောက်မကိုင်သေးဘဲ မန္တန်တစ်ခုကိုရွတ်ဖတ်လိုက်ပြီး ကညစ်အားလက်ဖြင့်ပွတ်လိုက်ရာ ငှက်မွှေးမှာ ရွှေရောင်များဝင်းလက်လာလေသည်။
ထို့နောက် ရှင်နှောင်း၏ လက်ဖဝါးတွင် ထိုကညစ်ဖြင့် စက်ဝိုင်းပုံများရေးဆွဲနေလေသည်။
"အဲဒါဘာလုပ်တာလဲ ဘွားမယ်သုန်၊ ယားတော့ယားတယ်"
"မှော်စက်ဝန်းကို ရေးဆွဲပေးတာကွဲ့၊ ရွှေတောင်ရွာရဲ့ စည်းကမ်းအသစ်အရ လူတစ်ယောက်က မှော်ပညာကိုတစ်ခုကိုသာ သင်ကြားခွင့်ရတယ်၊ ငါတို့ဂိုဏ်းကိုဝင်မယ်ဆိုရင်တော့ ငါတို့ဂိုဏ်းသားတွေမှာရှိသင့်တဲ့ မှော်စက်ဝန်းတွေကို လက်မှာရေးဆွဲပေးလိုက်တယ်၊ ခေတ်သစ်မှော်ပညာအရ မှော်ပညာကိုအသုံးပြုရင် စေညွှန်ရာမလိုတော့ဘဲ လက်ဖဝါးက မှော်စက်ဝန်းကနေတဆင့် သုံးပေးရတာပေါ့"
ရှင်နှောင်း နည်းနည်းပါးပါး နားလည်သလိုဖြစ်လာသည်။ ဘွားမယ်သုန်ကိုလည်း သူ့အဘွားအရင်းလိုပင် ချစ်ခင်လာမိသည်။ ခဏကြာသည့်အခါ သူ့လက်တွင် မှော်စက်ဝန်းကလေးတစ်ခုက ထင်ရှားစွာပေါ်နေပြီဖြစ်သည်။ အဝါရောင်များဝင်းလက်နေပြီး အဝိုင်းပုံစံတစ်ခုပါကာ စက်ဝိုင်းသုံးခုလည်း အတွင်းတွင်ပါဝင်သည်။ လက်ဖဝါးအလယ်တွင်တော့ ကုဗပုံစံ အတုံးကလေးတစ်ခုကိုရေးဆွဲထားသည်။
"မှော်စက်ဝန်းပြီးပြီဆိုရင် မှော်ပညာတွေသင်ကြားပေးလို့ရပြီ၊ တို့ဂိုဏ်းမှာ အဆင့််လေးခုရှိတယ်၊ အဆင့်တစ်ခုတတ်မြောက်သွားတိုင်း စက်ဝိုင်းကလေးတစ်ခုထဲမှာ စာသားလေးတွေပေါ်လာလိမ့်မယ်၊ နောက်ဆုံးလေးဆင့်မြောက်တတ်သွားပြီဆိုရင်တော့ ကုဗတုံးထဲမှာပါ မှော်စာသားတွေ ပေါ်လာလိမ့်မယ်"
ထို့နောက်ရှင်နှောင်းအား စာအုပ်လေးတစ်အုပ်ထုတ်ပေးသည်။ စာအုပ်အဖုံးတွင်တော့ အသုံးချတည်ဆောက်မှုအတတ်ပညာ ဟုရေးသားထားသည်။
"ကဲ အချိန်လင့်နေပြီ၊ မင်းပြန်သင့်ပြီ၊ ဘခင်က သိပ်စိတ်ရှည်တတ်တဲ့လူမဟုတ်ဘူး"
ရှင်နှောင်းက ပြန်ရန်အတွက် မတ်တပ်ရပ်လိုက်စဉ် ဘွားမယ်သုန်က မြေကြီးပေါ်တွင် သစ်သားတုံးတစ်ခုကိုဖန်တီးလိုက်သည်။
"စာမျက်နှာ ငါးဆယ့်ငါးကိုလှန်လိုက်ကွဲ့"
ရှင်နှောင်းလည်း စာမျက်နှာ ငါးဆယ့်ငါးကိုလှန်လိုက်သည်။
"သွားလာခြင်းစက်ကိရိယာဆိုပါလား"
ဘွားမယ်သုန်က ခေါင်းညိတ်လိုက်သည်။
"အလာလမ်းတုန်းက ငါကဖန်တီးခဲ့ပေမယ့် မင်းပြန်ဖို့အတွက်တော့ မင်းကိုယ်တိုင်ဖန်တီးယူရလိမ့်မယ်"
ရှင်နှောင်းမျက်လုံးပြူးသွားသည်။
"ဖြစ်၊ ဖြစ်ပါ့မလား ဘွားမယ်သုန်ရဲ့"
"ဖြစ်ပါတယ်၊ မင်းသာရှင်နှောင်းဆိုရင် မင်းတတ်မြောက်လွယ်မှာပါ၊ ကဲ မင်းရဲ့မှော်စက်ဝန်းပါတဲ့လက်နဲ့ သစ်သားတုံးကိုထိုးချိန်လိုက်၊ ပြီးရင် စာအုပ်ထဲကပါတဲ့ မန္တန် ကိုရွတ်လိုက်၊ စိတ်ထဲကနေတော့ မင်းဖြစ်ချင်တဲ့ပုံစံကို စိတ်ကူးနေလိုက်"
မန္တန်ကိုရွတ်လိုက်သည့်အခါ မှော်စက်ဝန်းမှ အဝါရောင်အလင်းတန်းကြီးထွက်လာပြီး သစ်သားတုံးကြီးကိုထိသွားသည်။
"မြန်မြန်ပြန်ရမယ်ဆိုတော့ ဘာလုပ်ရရင်ကောင်းမလဲ"
"မိုးပေါ်မပျံတဲ့ဟာသာ ကြိုက်တာလုပ်၊ ဘာလို့လဲဆိုတော့ ရွှေတောင်ရွာထဲမှာ ကဝေပျံတွေကလွဲလို့ ဘယ်သူမှ မိုးပေါ်မပျံရဘူး"
"ဟုတ်ပြီ၊ ဒါဆိုရင် ဖိနပ်တစ်ရံ၊ ဘီးတွေပါတယ်၊ သူ့အလိုလိုသွားလိမ့်မယ်"
သစ်သားတုံးမှာ တဖြည်းဖြည်းဖိနပ်တစ်ခုဖြစ်ပေါ်လာသည်။ စကိတ်ပုံစံအဖြစ် ရှင်နှောင်းကတွေးနေခြင်းဖြစ်သည်။
"ဖိနပ်က သေးလွန်းတယ်၊ မင်းရဲ့အစွမ်းနဲ့ပိုပြီးကြီးတာလုပ်ပြ"
"ဒါဆိုရင်လည်း လှည်းကြီးတစ်ခုဖြစ်သွားစမ်း"
ဘီးလေးလုံးတပ်ထားသည့် ရထားလုံးကြီးအဖြစ်သို့ သစ်သားများက သူ့အလိုလိုပြောင်းလဲသွားလေသည်။ ရှင်နှောင်းလည်း ကိုယ့်ကိုယ်ကိုယ်အံ့သြရင်း ပျော်ရွှင်နေမိသည်။ ဘွားမယ်သုန်က နောက်ထပ်သစ်သားတုံးများကို ထပ်ဖန်တီးပေးလိုက်သည်။ သစ်သားတုံးလေးတုံးကို ရှင်နှောင်းက မြင်းလေးကောင်အဖြစ်ဖန်တီးလိုက်ကာ လှည်းတွင်တပ်ဆင်လိုက်သည်။ အားလုံးပြီးသည့်အခါ လက်ပတ်နာရီကိုငုံ့ကြည့်လိုက်ရာ အချိန်ဆယ်မိနစ်သာကျန်တော့သည်။
"အချိန်မရှိတော့ဘူး ကျွန်မသွားရတော့မယ်ဘွားမယ်သုန်၊ နှုတ်ဆက်ခဲ့ပါတယ်"
မြင်းလှည်းပေါ်သို့တက်လိုက်ပြီး မြင်းလေးကောင်ကို အဝါရောင်အလင်းတန်းနှင့်ထိုးလိုက်သည်။
"တောင်ခြေကိုအမြန်မောင်းတော့"
သစ်သားမြင်းရုပ်ကြီးလေးကောင်မှာ ဟီးခနဲထပြီးအော်ဟစ်လျက် အဆောက်အအုံအတွင်းမှ အမြန်ပြေးထွက်လေသည်။ ဘွားမယ်သုန်က အဝါရောင်အလင်းတန်းကြီးဖြင့် အဆောက်အဦးတံခါးအား အလွန်ကြီးမားသည့် တံခါးကြီးတစ်ခုအဖြစ်ပြောင်းလဲပေးလိုက်သည်။ မြင်းလေးကောင်က ဒုန်းစိုင်းမောင်းနှင်လျှက် မြင်းလှည်းကြီးမှာ မိုးပေါ်ပျံနေသည့်အလား လျှင်မြန်သည့်အမြန်နှုန်းဖြင့် ရွေ့လျားနေတော့သည်။ ဘွားမယ်သုန်ကတော့ ထွက်သွားသည့် သူ့တပည့်ဖြစ်သူကိုကြည့်ရင်း ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်နေလေသည်။
"အဘွားလည်း မင်းကိုနှုတ်ဆက်ခဲ့ပါတယ်၊ မင်းနဲ့အဘွားနဲ့ အချိန်အကြာကြီးအတူတူရှိနေရရင် သိပ်ကောင်းမှာ"
ရွှေတောင်ရွာတစ်နေရာ။
မြင့်မားလှသည့် မျှော်စင်ကြီးပေါ်သို့ ဘိုးပြောင်တက်လာခဲ့သည်။ မျှော်စင်ထိပ်ရှိ အုတ်နံရံကြီးအား လက်ဖြင့်သပ်လိုက်သည့်အခါ အုတ်ချပ်များက သူ့အလိုလိုပွင့်သွားလေသည်။ ထိုအခန်းက ဘိုးပြောင်၏ လှို့ဝှက်အခန်းတစ်ခုဖြစ်သည်။ အခန်းအတွင်းတွင် တံခါးမရှိသဖြင့် မှောင်မိုက်နေလေသည်။ ဘိုးပြောင်ဝင်လိုက်တော့မှ အခန်းမျက်နှာကျက်မှာ အပြာရောင်ဖန်လုံးကလေးက မီးထွန်းလင်းသွားသဖြင့် လင်းထိန်သွားသည်။ အခန်းအတွင်းရှိ စားပွဲတစ်လုံးတွင် တစ်ကိုယ်လုံးကို အနက်ရောင်အဝတ်စကြီးများဖြင့် လွှမ်းခြုံထားသည့် လူကြီးငါးယောက်က ထိုင်နေလေသည်။
"ဘာထူးလဲ"
"ပြဿနာတစ်ခုတော့ စလာပြီ၊ သူတို့ရှင်နှောင်းကိုတွေ့သွားပြီ"
ထိုလူကြီးများ တုန်လှုပ်သွားပုံရသည်။
"ဆိုးတာပဲ၊ ကျုပ်တို့က အခုထိ ဘကောင်းဘယ်မှာမှန်း မသိသေးဘူးမဟုတ်လား"
ထိုလူကြီးများမှာ သောမာဂိုဏ်းအဖွဲ့ဝင်များဖြစ်သည်။ ဘိုးပြောင်က ထိုင်ခုံတွင်ဝင်ထိုင်ချလိုက်ကာ မှန်အကွဲလေးတစ်ခုကို စားပွဲပေါ်သို့တင်လိုက်သည်။ ထိုမှန်ကွဲကလေးက တဖြည်းဖြည်းအရည်ပျော်ကျသွားပြီး စားပွဲပေါ်တွင် ပြန့်ကားသွားကာ မှန်ချပ်ကြီးတစ်ခုဖြစ်သွားလေသည်။ မှန်ချပ်ကြီးထဲတွင် လူတစ်ယောက်၏ အရိပ်ပေါ်လာခဲ့သည်။
"ကဲရိသ သခင်ကြီး"
"ဘိုးပြောင်၊ ဘာထူးခြားသေးလဲ၊ မယ်တော်က တတိယအပိုင်းအစအတွက် သဲလွန်စတွေ ချန်ထားပေးခဲ့သေးလား"
ဘိုးပြောင်စိတ်ညစ်စွာဖြင့်် ခေါင်းခါလိုက်သည်။
"ဒါဆို ကျုပ်တို့လမ်းဆုံးနေပြီပေါ့"
သောမာဂိုဏ်းသားများက ပြောဆိုကာ သက်ပြင်းချသည်။ ကဲရိသက မှန်ထဲမှနေ၍
"ငါ့ကိုအကုန်ပြောစမ်း၊ မယ်တော်က ဘာတွေမှာသွားသေးသလဲလို့"
"ရွှေတောင်ရွာကြီးကို လုံခြုံအောင်လို့ ဖန်ပေါင်းချောင်လို့ အမည်ပြောင်ပေးထားတဲ့ အကာအကွယ်အစီအရင်ကို ဖွင့်ခိုင်းတယ်၊ နောက်ပြီးတော့ ဟို ရှင်နှောင်းဆိုတဲ့ ကောင်မလေးကို မယ်တော်ရာထူးပေးခိုင်းလိုက်တယ်၊ သူမှာသွားတာ အဲဒါတွေပဲ"
ထိုအခါ ကဲရိသက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရာ အခန်းအတွင်းမှလူများ အံ့သြကုန်သည်။ ဘိုးပြောင်က မျက်မှောင်ကြုတ်လျှက်
"ကျုပ်ပြောတဲ့စကားထဲမှာ ဘာတွေများရယ်စရာတွေပါနေလို့လဲ ကဲရိသ"
"ခင်ဗျားက တော်တော်တုံးတဲ့လူပဲ ဘိုးပြောင်၊ ရွှေတောင်ရွာကြီးကို မယ်တော်က ဘာလို့လုံခြုံအောင်လုပ်ခိုင်းတာလဲ"
ဘိုးပြောင်က မျက်မှောင်ကြုတ်လျှက် တွေးတောလိုက်သည်။
"ဒါဆို ခင်ဗျားဆိုလိုချင်တာက . . ."
"ဟုတ်တာပေါ့ဗျာ၊ တတိယအပိုင်းအစက ရွှေတောင်ရွာကြီးမှာ ရှိနေလို့ပေါ့ဗျ"
ဘိုးပြောင်က ထိုတော့မှ ကျေနပ်စွာဖြင့်ပြုံးလိုက်သည်။
"ဒါဆိုစိတ်ချ၊ ဒီပစ္စည်းဘယ်မှာထားသလဲဆိုတာ ကျုပ်မကြာခင်သိရတော့မှာ၊ ကျုပ်သာဘိုးတော်ဖြစ်ရင် မယ်တော်တွေအဆင့်ဆင့််လက်ဆင့်ကမ်းလာတဲ့ လှို့ဝှက်ပုရပိုက်ကို ကျုပ်ကိုင်ရပြီလေ၊ ဒါဆို ဘယ်နေရာမှာ ဝှက်ထားတယ်ဆိုတာ သိရမှာပဲ"
"ဘိုးပြောင်၊ ခင်ဗျားဖြစ်ပါ့မလား၊ ခင်ဗျားနဲ့မပြီးရင် ကျုပ်လာမယ်နော်"
"စိတ်ချပါ၊ ဒီလောက်က ဘိုးပြောင်တို့အတွက် အပျော့ပဲ"
ထိုအခါ စားပွဲပေါ်မှ မှန်ချပ်ကြီးမှာ တချွမ်းချွမ်းနှင့် သူ့အလိုလိုကွဲထွက်သွားပြီး အပိုင်းအစကလေးများဖြစ်သွားလေတော့သည်။ သောမာဂိုဏ်းသားများက မတ်တပ်ရပ်လိုက်ကြပြီး
"ကျုပ်တို့ကရော ဘာလုပ်ရမှာလဲ"
ဘိုးပြောင်က စဉ်းစားလိုက်ပြီး
"ခင်ဗျားတို့က မယ်တော် တိုက်ပွဲမှာ ကျဆုံးသွားပြီဆိုတဲ့အကြောင်းကို တစ်ရွာလုံးသိအောင် ဒီညတွင်းချင်းပဲ သတင်းဖြန့်ပေတော့"
အပိုင်း (၄) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်