
အခန်း(၈)
မယ်စိမ်းက မနက်မိုးမလင်းခင်ကတည်းက ကျောက်ဂူခန်းမကြီးထဲရှိ ဧည့်ခန်းကြီးကိုရှင်းလင်းကာ ပြင်ဆင်နေလေသည်။ ရွှေတောင်ရွာကောင်းကင်ကြီးမှာ တစ်ချိန်လုံးထွန်းလင်းနေသဖြင့် နေ့ညဟူ၍မရှိပေ။ ဒုတိယရောက်ရှိလာသူက အဘခင်ဖြစ်သည်။ အရီးဒေါင်းကတော့ ရှင်နှောင်းကိုသွားနှိုးနေသဖြင့် မရောက်လာသေးပေ။ မကြာမီ ဘိုးပြောင်တစ်ယောက် မိုးပေါ်ပျံပြီးရောက်လာလေသည်။ မယ်စိမ်းပြင်ဆင်နေသည်ကိုမြင်ပြီး အံ့သြသွားသည်။
"မင်းဘာတွေလုပ်နေတာလဲ မယ်စိမ်း"
"ဧည့်သည်တော်တွေလာမှာမို့လို့ သူတို့ကိုဧည့်ခံဖို့ပြင်ဆင်နေတာလေ"
"ဘယ်သူတွေလာမှာမို့လို့လဲကွ"
"စက္ကူငှက်ရုပ်ကလေးတွေ ရသွားတဲ့သူတွေ လာကြမှာပေါ့"
မကြာခင်မှာပင် ကျောက်ဂူကြီးအရှေ့သို့ မြင်းအနက်ခြောက်ကောင်ဆွဲသည့် မြင်းလှည်းကြီးရောက်လာခဲ့သည်။ ထိုမြင်းလှည်းကြီးပေါ်မှ ရုပ်ရည်တစ်ထေရာတည်းတူသည့် မိန်းကလေးနှစ်ဦးဆင်းလာကြသည်။ မိန်းကလေးနှစ်ဦးစလုံးမှာ အနက်ရောင်ဂါဝန်ကြီးများကို ဝတ်ဆင်ထားကြသည်။
မယ်စိမ်းက ကျောက်ဂူခန်းမအဝသို့ ထွက်လိုက်ကာ ထိုမိန်းကလေးနှစ်ဦးကိုနှုတ်ဆက်လိုက်သည်။
"မင်းတို့က ရှိုင်းယားနယ်က အနက်ရောင်ညီအမတွေဖြစ်မယ်"
ထိုမိန်းကလေးနှစ်ယောက်ကလည်း မယ်စိမ်းကိုပြန်လည်နှုတ်ဆက်ကြသည်။
"ရှင်က ရွှေတောင်ရွာကြီးရဲ့မယ်တော်လား"
"မယ်တော်တော့မဟုတ်ပါဘူး၊ ဒါပေမယ့် လောလောဆယ် ရွှေတောင်ရွာကို အုပ်ချုပ်နေတဲ့သူပါ၊ ကဲ ခန်းမထဲကိုကြွကြပါဦးရှင်၊ အစားအသောက်တွေနဲ့ ဧည့်ခံပါရစေ"
မိန်းကလေးနှစ်ယောက် ခန်းမထဲသို့ဝင်သွားသည့်အချိန်မှာပင် အဖြူရောင်ကားကြီးတစ်စီးက ကျောက်ဂူကြီးရှေ့တွင်ရပ်သွားပြန်သည်။ တစ်ကိုယ်လုံးအဖြူရောင်ခြုံထည်ကြီးကိုဝတ်ဆင်ထားသည့် အမေရိကန်ကြီးတစ်ဦးက ကားပေါ်မှဆင်းလာသည်။
"ဒီဟာက ရွှေတောင်ရွာဖြစ်မယ်ထင်တယ်"
"ကြိုဆိုပါတယ် အားနက်စ်"
ကမ္ဘာတစ်ဝှမ်းမှ မှော်ပညာရှင်များ၊ တိုက်ခိုက်ရေးသမားများမှာ မကြာခင် ရွှေတောင်ရွာကြီးဆီသို့ တဖွဲဖွဲရောက်လာကြလေသည်။ ကျောက်ဂူခန်းမကြီးထဲတွင် စားပွဲများနှင့် ဆက်တီခုံများ အများအပြားချထားရာ မကြာခင်မှာပင် လူများနှင့်ပြည့်နှက်သွားလေသည်။ ဘိုးပြောင်က ထိုအဖြစ်ကိုကြည့်ပြီး နားမလည်နိုင်တော့ပေ။
"မယ်စိမ်း၊ ဘယ်လိုဖြစ်တာလဲ၊ ဘာလို့ရွာထဲကို လူစိမ်းတွေရောက်နေတာလဲ"
"လူစိမ်းတွေမဟုတ်ပါဘူး ဘိုးပြောင်၊ ဒီလူတွေက မှော်ပညာနယ်ပယ်မှာ နာမည်ကြီးတဲ့ တိုက်ခိုက်ရေးသမားတွေပါ"
"သူတို့ကို မင်းကဘာလို့ခေါ်ထားတာလဲ"
"ကျုပ်ခေါ်တာမဟုတ်ဘူးဘိုးပြောင်၊ ဒီလူတွေက ဖန်ပေါင်းချောင်ကြီးဖွင့်လိုက်လို့ ရောက်လာတဲ့သူတွေပဲ၊ ဖန်ပေါင်းချောင်ဖွင့်တဲ့အခါ ထွက်သွားတဲ့ စက္ကူငှက်ကလေးတွေ တစ်ကမ္ဘာလုံးက မှော်ပညာရှင်တွေကို ဖိတ်ခေါ်လိုက်ပြီးသားဖြစ်တယ်၊ ဒါဟာ သူ့အစီအစဉ်အတိုင်းသွားနေတာပဲ"
ဘိုးပြောင်ဘာမှမပြောနိုင်တော့၊ သူ့အကြံအစည်တွေကိုများ ဒီလူတွေက ဖျက်မလားဆိုပြီး အလွန်စိုးရိမ်နေသည်။ တစ်နာရီခန့်ကြာသည့်အခါ လူများအားလုံးစုံသလောက်ဖြစ်သွားသည်။ ထိုစဉ် လူငယ်တစ်ဦးက ဆိုင်ကယ်တစ်စီးကို အရှိန်မြှင့်မောင်းနှင်လာပြီး ကျောက်ဂူကြီးအရှေ့တွင် ကျွိခနဲရပ်လိုက်သည်။ ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်သည့်အခါ ရွှေရောင်ဆံနွယ်များက လေတွင်ဝေ့သွားသည်။ ထိုလူငယ်က ကလေးသာသာရှိပြီး ပုပုညှက်ညှက်နှင့်ဖြစ်သည်။ ကျောက်သားလှေကားထစ်ကြီးများအတိုင်း ခန်းမကြီးဆီသို့တက်လာသည်။ ခန်းမအတွင်းသို့ဝင်လိုက်သည့်အခါ လူတွေအကုန်လုံးက ထိုလူငယ်အား ငေးစိုက်ကြည့်နေကြသည်။ မယ်စိမ်းကလည်း အံ့သြနေပြီး ထိုလူငယ်အနီးသို့တိုးကပ်သွားသည်။
"ဒီမယ် ကောင်လေး၊ မင်းဘာကိစ္စနဲ့ဒီကိုလာတာလဲ"
ထိုကောင်လေးက ဒေါသထွက်သွားသည်။
"ကျုပ်က ကလေးမဟုတ်ပါဘူး၊ ကျုပ်ဒီကိုလာခဲ့တာ ဒီကိစ္စအတွက်ပဲ"
ကောင်လေးက လက်ဝါးဖြန့်ပြလိုက်သည့်အခါ စက္ကူငှက်ကလေးတစ်ကောင်ကိုတွေ့ရသည်။
"ဒါဆို မင်းလည်း ဒီကိစ္စနဲ့သက်ဆိုင်တဲ့သူပေါ့၊ မင်းနာမည်ဘယ်လိုခေါ်သလဲ"
"လှို့ဝှက်တဲ့အေးဂျင့်တွေက ဘယ်တုန်းက နာမည်အစစ်ကိုသုံးဖူးလို့လဲ၊ ကျုပ်နာမည် အယ်လ်(L)"
မယ်စိမ်းက ခေါင်းညိတ်ရင်း
"ကောင်းပါပြီ အယ်လ်၊ ရှင်အဆင်ပြေတဲ့နေရာမှာ ဝင်ထိုင်ပါ"
ကောင်လေးက နှစ်ယောက်ထိုင်ဆက်တီခုံတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး ဆက်တီပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။ ထို့နောက် သူ့ရှေ့စားပွဲတွင်ပြင်ဆင်ထားသည့် စားစရာများအနက်မှ ပန်းသီးတစ်လုံးကို ကောက်ယူလိုက်ကာ ဝါးစားနေလေသည်။ ထိုကောင်လေးကိုကြည့်ရသည်မှာ တစ်ချက်မှ အငြိမ်မနေဘဲ မျောက်တစ်ကောင်နှင့်ပင် တူနေလေသည်။
မယ်စိမ်းက ကျောက်ဂူတံခါးကြီးကို မှော်ပညာဖြင့်လှမ်းပိတ်လိုက်လေသည်။ ကျောက်ဂူတံခါးကြီးမှာ တဖြည်းဖြည်းပိတ်သွားတော့သည်။ ထို့နောက် လူများအားလုံးဘက်သို့လှည့်လိုက်ကာ အရိုအသေပေးလိုက်ပြီး
"ကဲ အခုလူတွေအကုန်စုံပြီဆိုတော့ ကျွန်မတို့စလိုက်ကြရအောင်"
"ဝုန်း"
ထိုစဉ် ဝုန်းခနဲမြည်သံကြီးကြားလိုက်ရပြီး ကျောက်ဂူတံခါးကြီးမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားလေသည်။ ကျောက်မှုန်များမှာ မီးခိုးများသဖွယ်ဖြစ်နေကာ မှုန်ဝါးနေလေသည်။ ထိုအထဲမှ ထောင်ထောင်မောင်းမောင်းလူကြီးတစ်ယောက်ထွက်လာသည်။ အားလုံးက စိတ်ဝင်တစားနှင့် ထိုလူကြီးကိုကြည့်နေလေသည်။
"တောင်းပန်ပါတယ် ကျုပ်နောက်ကျသွားတယ်"
ထိုလူကြီးက အနက်ရောင်ခမောက်တစ်လုံးကို ခပ်ငိုက်ငိုက်စောင်းထားသည်။ အနက်ရောင်ဆံနွယ်တွေက ခမောက်အောက်မှ ဖရိုမဖရဲတိုးထွက်နေလေသည်။ အနက်ရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ခြုံလွှမ်းထားပြီး တစ်လှမ်းချင်းလှမ်းလျှောက်လာလေသည်။
"ဧည့်သည်ဖြစ်ပြီး တံခါးကိုချိုးဖျက်ပြီးဝင်လာတယ်ဆိုတော့ မင်းမှာ ယဉ်ကျေးမှုမရှိဘူးလားကွ"
ခုံပေါ်တွင်ထိုင်ကာ ပန်းသီးစားနေသည့် အယ်လ်ဆိုသည့် ကောင်လေးမှာ အရှေ့သို့ခုန်ပျံကာထွက်သွားသည်။ ထို့နောက် သူ့ဘောင်းဘီအိတ်ထဲမှ တစ်ထွာခန့်ရှိသည့် ငွေရောင်သံချောင်းကလေးတစ်ခုကိုထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုသံချောင်းကလေးမှာ အလင်းတန်းများထွက်ပေါ်လာပြီး ဓါးတစ်စင်းအသွင်ဖြစ်သွားသည်။ ကြည့်နေသူများအားလုံး အံ့သြသွားမိသည်။
"ဒါဆိုဒီကောင်လေးက အလင်းဓါး အယ်လ်ပေါ့"
ကြည့်နေသူများက တစ်ယောက်တစ်မျိုးရေရွတ်နေကြသည်။ အယ်လ်ကတော့ တစ်လံခန့်ရှိသည့် သူ့လက်ထဲမှ အလင်းဓါးကိုဝှေ့ယမ်းနေရင်း
"ဒါပေါ့၊ ဒီမှာကိုယ့်လူ၊ ဒီနေရာကို ခင်ဗျားလာခွင့်မရှိဘူး"
ထိုလူကြီးက အယ်လ်ကိုတစ်ချက်ကြည့်လိုက်သည်။ ထိုလူကြီး၏ မျက်ဆံများသည် မီးဝင်းဝင်းတောက်သည့်နှယ် နီရဲတောက်လောင်နေလေသည်။
"ငါဒီကိုလာတာ မင်းနဲ့ရန်ဖြစ်ဖို့မဟုတ်ဘူး"
"ကျုပ်ကတော့ ခင်ဗျားနဲ့ဖြစ်ချင်တယ်"
အယ်လ်က ရှေ့ကျွမ်းတစ်ပတ်ထိုးပြီး ထိုလူကြီးထံသို့ခုန်ဝင်သွားသည်။ တစ်ဆက်တည်းမှာပင် ထိုလူကြီးအား အလင်းဓါးဖြင့် အုပ်မိုးကာ ခုတ်ထည့်လိုက်သည်။ ထိုလူကြီး၏ အနက်ရောင်ဝတ်ရုံကြီးလွင့်သွားပြီး ဝတ်ရုံအောက်မှ အဖြူရောင်ဓါးတစ်လက်ထွက်ပေါ်လာသည်။ အယ်လ်မိုးခုတ်သည့် ဓါးချက်ကို ထိုလူကြီးက သူ၏ဓါးဖြူကြီးဖြင့် ပင့်ကာခံလိုက်သည်။
ဓါးနှစ်လက်ထိမိပြီး အဖြူရောင်အလင်းတန်းကြီးထွက်ပေါ်သွားသည်။ အယ်လ်က တစ်ကိုယ်လုံးအားကိုသုံးပြီး ထိုလူကြီးအားဖိနေသလို ထိုလူကြီးကလည်း သူ့ထံတွင်ရှိသည့်အားများဖြင့် အယ်လ်ကို ပြန်တွန်းထားသည်။ မယ်စိမ်းမနေနိုင်တော့ပေ။
"တော်ကြပါတော့၊ ရှင်တို့ဘယ်သူဘယ်ဝါမှန်းတောင်မသိသေးဘူး စပြီးတိုက်ခိုက်နေကြပြီလား၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့"
ထိုလူကြီးက အယ်လ်ကိုလက်တစ်ဖက်ဖြင့်တွန်းထုတ်လိုက်ရာ အယ်က အနောက်ကျွမ်းသုံးလေးပတ်ပစ်ပြီးနောက် ကြောင်ကလေးတစ်ကောင်လို မြေပြင်တွင်ကျသည်။ သူ့လက်ထဲမှ အလင်းဓါးမှာ တဖြည်းဖြည်းတိုဝင်သွားလေသည်။
"ကောင်းပြီ၊ ဟောဒီက မိန်းမတောင်းပန်လို့ ခင်ဗျားကိုကျုပ်လွှတ်ပေးလိုက်တာ"
"အောင်မာ၊ မင်းလိုကောင်လေးကို ငါကကြောက်မယ်များထင်နေသလား"
"တော်ကြပါတော့၊ စကားနိုင်လုမနေပါနဲ့တော့၊ ရှင်ဘယ်သူလဲ၊ ဘာကိစ္စနဲ့ဒီကိုရောက်လာတာလဲ"
အနက်ရောင်ဝတ်ဆင်ထားသည့်လူကြီးက သူ့ဓါးကိုပြန်သိမ်းလိုက်ပြီး လက်ထဲမှ စက္ကူငှက်ရုပ်ကလေးကို မယ်စိမ်းထံသို့လှမ်းပစ်ပေးလိုက်သည်။
"ကျုပ်နာမည် ကေ"
ထိုလူကြီးက တစ်လုံးတည်းပြောလိုက်ပြီး ယောင်ပေပေနှင့် မတ်တပ်ရပ်နေလေသည်။ မယ်စိမ်းက အားလုံးဘက်သို့လှည့်လိုက်ပြီး
"ဒီလောက်ဆိုလူစုံပြီထင်ပါတယ်၊ ကျွန်မပြောမယ့်အကြောင်းအရာတွေကိုအားလုံးက သေသေချာချာနဲ့ နားထောင်ပေးကြပါ"
မယ်စိမ်းက စာအုပ်တစ်အုပ်ကိုယူလိုက်ပြီး စင်မြင့်ပေါ်သို့တက်လိုက်သည်။
"ရွှေတောင်ရွာကြီးဆိုတာ မှော်သမိုင်းမှာ ထင်ရှားတဲ့ရွာကြီးတစ်ရွာပါ၊ ကျွန်မတို့ရွာရဲ့ မယ်တော်ဆိုရင်လည်း ကမ္ဘာတစ်ဝှမ်းက မှော်ဆရာအသိုင်းကြားထဲမှာ နာမည်ရပြီးသား သူတစ်ယောက်ပါ၊ အခုမကြာခင်ကပဲ ဂျာဒူးလ်ရွာ အတိုက်ခိုက်ခံခဲ့ရပါတယ်၊ အဲဒီရွာက ဆရာမကြီး ကရာမာသီလည်း သေဆုံးသွားခဲ့ပါတယ်"
"ဟုတ်တယ်၊ ငါတို့လဲသတင်းကြားလိုက်တယ်၊ ကရာမာသီကို သေအောင်သတ်နိုင်တဲ့လူက နှယ်နှယ်ရရတော့မဟုတ်ဘူး"
အောက်မှတက်ရောက်လာသူများက တစ်ယောက်တစ်ပေါက်မှတ်ချက်ပေးသည်။
"ကျွန်မဆက်ပြောပါ့မယ်၊ အဲဒီဂျာဒူးလ် ရွာကိုတိုက်ခိုက်ခဲ့တဲ့သူဟာ လွန်ခဲ့တဲ့ရက်တွေက ကျွန်မတို့ရွှေတောင်ရွာက ကဝေတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးပါပြီ၊ အဲဒီတိုက်ပွဲမှာ ကျွန်မတို့မယ်တော် ရှင်ထိပ်တင်လည်း အသက်ပေးခဲ့ရပါတယ်"
တက်ရောက်လာသူများ အံ့သြသွားပြန်သည်။
"ဒါကြောင့်မို့ မယ်တော်အဆက်ဆက်လက်ဆင့်ကမ်းလာတဲ့အလေ့အထအရ၊ ဖန်ပေါင်းချောင်ကိုဖွင့်လိုက်တာပါပဲ၊ ဖန်ပေါင်းချောင်ကို ဖွင့်တယ်ဆိုတဲ့သဘောက ရွှေတောင်ရွာကြီးရဲ့လုံခြုံရေးအတွက် ရွှေတောင်ရွာထဲက ကဝေတွေတင်မဟုတ်ဘဲ၊ အခြားအနယ်နယ် အရပ်ရပ်က မှော်ပညာရှင်တွေ၊ ကဝေတွေနဲ့ တိုက်ခိုက်ရေးသမားတွေကိုပါ ရွှေတောင်ရွာထဲကိုခေါ်ပြီး ကာကွယ်ခိုင်းတဲ့သဘောပါပဲ၊ ဒီအကြောင်းတွေကို ရှင်တို့ရခဲ့တဲ့ စက္ကူငှက်ကလေးတွေမှာ အကြမ်းဖျင်းရေးသားပြီးဖြစ်မှာပါ"
"ဒီတော့ ငါတို့လုပ်ရမှာကဘာလဲ၊ ငါတို့အတွက် ဘာအကျိုးအမြတ်ရမှာလဲ"
"ရှင်တို့လုပ်ရမှာက ဒီနေ့ကစပြီး ရွှေတောင်ရွာကြီးကို ခုနစ်ရက်တိတိစောင့်ရှောက်ပေးရမယ်၊ အဲဒီခုနစ်ရက်အတွင်းမှာ ကျွန်မတို့က မယ်တော်အသစ်၊ ဘိုးတော်အသစ်ရွေးချယ်ပွဲတွေပြုလုပ်မယ်၊ ခုနစ်ရက်ပြည့်ပြီဆိုရင်တော့ ရှင်တို့တစ်ယောက်ကို ရွှေပြားတစ်ထောင်ဆီရမယ်"
နားထောင်နေသူများ အံ့သြမှင်တက်သွားလေသည်။ အနက်ရောင်ညီအမက
"ရွှေပြားဆိုတော့၊ အဲဒီရွေပြားတွေက မှော်အဖွဲ့အစည်းကထုတ်တဲ့ရွှေပြားတွေလား"
"ဒါပေါ့ရှင်၊ တစ်ကမ္ဘာလုံးက မှော်အဖွဲ့အစည်းတွေမှာ အသုံးပြုလို့ရတဲ့ ရွှေပြားအစစ်တွေပါ"
အမေရိကန်ကြီး အားနက်စ်က
"တကယ်လို့ အဲဒီခုနစ်ရက်လုံးမှာ ငါတို့ဘာမှလုပ်စရာမရှိရင်ရော"
မယ်စိမ်းက ပြုံးလိုက်ပြီး
"ဘာမှမလိုပါဘူး ခုနစ်ရက်ပြည့်တာနဲ့ ရွှေပြားတွေက ရှင်တို့အတွက်ဖြစ်နေမှာပါ၊ ရွှေတွေယူပြီး ကိုယ့်အိမ်ကိုယ်ပြန်ရုံပါပဲ"
"ဟား၊ ဟား ဒီလောက်လွယ်လွယ်နဲ့ ငွေရတာ ကမ္ဘာမှာ ရှိပါ့ဦးမလား"
ယင်နှင့် ယန်ဟုအမည်ရသည့် တရုတ်လင်မယားက ထပြီးရယ်မောကာပြောဆိုလေသည်။
"ခင်ဗျားတို့ရယ်မနေကြနဲ့၊ အဲဒီခုနစ်ရက်အတွင်းမှာ ခုနကပြောတဲ့ ဂျာဒူးလ်ရွာကို တိုက်ခိုက်ခဲ့တဲ့လူက ဒီကိုရောက်လာတယ်ဆိုရင်ရော၊ ရွှေပြားမရဘဲ အကုန်လုံးမသာပေါ်နေအုံးမယ်"
လူထွားကြီး ကေ ကဝင်ပြောလိုက်တော့မှ ပျော်ရွှင်နေပုံရသည့်သူများ စိတ်ဓါတ်ကျသွားသည်။
"လုပ်တာမလုပ်တာ၊ ရှင်တို့ရဲ့ရွေးချယ်မှုပါပဲ၊ ကျွန်မအတင်းအကြပ်မခိုင်းပါဘူး၊ ဒီတော့ ကျွန်မကမ်းလှမ်းတာကို လက်မခံတဲ့လူတွေက ခန်းမထဲကနေ ထွက်ခွာသွားလို့ရပါပြီ၊ လာရောက်ပေးတဲ့အတွက် ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ တစ်ယောက်ကို ရွေဆယ်ပြားပေးပါ့မယ်"
ခန်းမအတွင်းမှလူများ တွေဝေကုန်ကြသည်။ နှစ်ယောက်၊ သုံးယောက်ရှိသူများက တစ်ယောက်နှင့်တစ်ယောက်တိုင်ပင်နေလေသည်။ ထို့နောက် အသီးသီးမတ်တပ်ထရပ်ကုန်သည်။
"ကျုပ်တို့မလုပ်ဘူး၊ တကယ်လို့ ခုနက ပြောတဲ့သူရောက်လာခဲ့ရင် ကျုပ်တို့မှာတားဆီးနိုင်စွမ်းမရှိဘူး၊ မှော်ဆရာလောကမှာ နာမည်ကြီးတဲ့ ကရာမာသီတို့၊ မယ်တော်ရှင်ထိပ်တင်တို့တောင်မှ မနိုင်ဘူးဆိုရင် ကျုပ်တို့က ဘာလုပ်နိုင်မှာ မို့လို့လဲ"
မယ်စိမ်းက အပေါက်ဝတွင် ရပ်နေလေသည်။ ထွက်ခွာသွားသူများအား သေတ္တာတစ်ခုအတွင်းမှ ရွှေပြားကလေးများကို ထုတ်ပေးနေလေသည်။ ဧည့်ခန်းမကြီး ပြည့်လျှံလုနီးပါးရှိနေခဲ့သည့် ဧည့်သည်များမှာ တဖွဲဖွဲနှင့်ပြန်ထွက်သွားကြသည်။ နောက်ဆုံးတော့ အနက်ရောင်ညီအမ၊ အားနက်စ်၊ ယင်နှင့်ယန် လင်မယား၊ လူ့ဖလံလေး အယ်လ် နှင့် လူထွားကြီး ကေတို့သာ ကျန်နေခဲ့သည်။
"ရှင်တို့ရွေးချယ်ပြီးရင် ပြန်လှည့်လို့မရဘူးနော်"
မယ်စိမ်းအမေးကို အားလုံးက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ ပဋိညာဉ်မှာ လက်မှတ်ထိုးဖို့လိုအပ်လာပါပြီ၊ ဟောဒီစာရွက်ကလေးတွေမှာ အသေးစိတ်အချက်အလက်တွေရေးသားထားတယ်၊ ရှင်တို့ဖတ်ကြည့်ပြီးတော့ အောက်မှာလက်မှတ်ထိုးပေးကြပါ"
ကေက ဖတ်ပင်မကြည့်တော့ဘဲ စာရွက်တွင်လက်မှတ်ရေးထိုးလိုက်သည်။ အလားတူ အယ်လ် ကလည်း လက်မှတ်ကိုအမြန်ရေးထိုးလိုက်သည်။ ကျန်သူများကတော့ စာရွက်ကိုဖတ်ကြည့်ပြီး အသီးသီးလတ်မှတ်ရေးထိုးပေးလိုက်ကြသည်။ မယ်စိမ်းက ထိုစာရွက်ကလေးများကို လိပ်လိုက်ကာ သေတ္တာထဲတွင်ထည့်သိမ်းလိုက်သည်။
"ကဲ ဒါဆိုရင် တာဝန်တွေခွဲကြမယ်၊ ရှင်တို့ရထားတဲ့ စက္ကူငှက်ကလေးတွေကို လက်ထဲမှာသေသေချာချာကိုင်ထားကြပါ"
အားလုံးက လက်ထဲတွင် စက္ကူငှက်ကလေးများကို ကိုင်ထားလိုက်ကြသည်။ မယ်စိမ်းက မျက်လုံးများကိုမှိတ်ပြီးတစ်ခုခုကိုရေရွတ်နေလေသည်။
"ရပါပြီ၊ အားလုံးပဲ၊ စက္ကူငှက်ကလေးတွေကို ဖြေကြည့်လိုက်ကြပါ"
အနက်ရောင်ညီအမက
"ကျုပ်တို့က အဝင်ဝကို စောင့်ရမယ်တဲ့"
ယင်နှင့် ယန်က
"ကျုပ်တို့က ရွာကြီးကိုစောင့်ရမယ်"
မယ်စိမ်းက ခေါင်းညိတ်လိုက်သည်။
"ကျုပ်က တောင်ကြီးကိုစောင့်ရမယ်တဲ့"
အားနက်စ်က ထပြောလေသည်။ နောက်ဆုံး အယ်လ်နှင့် ကေသာကျန်နေတော့သည်။ အယ်လ်က သူ့စက္ကူငှက်ကလေးကို အသာကလေးဖြေကြည့်လိုက်သည်။
"ဘယ်လက်ရုံးဆိုပါလား"
ကေက သူ့စက္ကူငှက်ကလေးကို ဖြေကြည့်ရန်ကြိုးစားနေစဉ်မှာပင် မယ်စိမ်းက ကေအားကြည့်လျက်
"မဖြေနဲ့တော့၊ သူက ဘယ်လက်ရုံးဆိုရင်၊ ရှင်က ညာလက်ရုံးပေါ့"
"ကျုပ်တို့က ဘာလုပ်ရမှာလဲ"
"ရှင်တို့နှစ်ယောက်ပေါင်းပြီးတော့ လူတစ်ယောက်ကို စောင့်ရှောက်ရမယ်"
"ဘယ်သူလဲ"
အယ်လ်နှင့်ကေ နှစ်ယောက်သား သိချင်ဇောဖြင့် ပြိုင်တူမေးလိုက်သည်။ ထိုအခါ အရီးဒေါင်းနှင့်အတူ ရှင်နှောင်းက ခန်းမထဲသို့ဝင်လာသည်။
"ရှင်တို့စောင့်ရှောက်ရမှာ သူ့ကိုပဲ"
အယ်လ်နှင့်ကေတို့ ရှင်နှောင်းအားပြိုင်တူကြည့်လိုက်ကြသည်။ ကေက
"ကျုပ် ကလေးမထိန်းတတ်ဘူး"
"ရှင်တို့ပြန်လှည့်လို့မရတော့ဘူးနော်၊ နောက်ပြီးတော့ သူကလည်းကလေးမဟုတ်ဘူး၊ အသက်ဆယ့်ရှစ်နှစ်ပြည့်တော့မှာပါ"
ကေက သက်ပြင်းချလိုက်သည်။ အယ်လ်ကတော့ ရှင်နှောင်းကိုလှည့်ပတ်ကြည့်နေသည်။
"မင်းကိုစောင့်ရှောက်ရမှာဆိုတော့၊ မင်းဆီက ဘာကိုလိုချင်နေကြလို့လဲ"
အယ်လ်က ရှင်နှောင်းအား စူးစူးရဲရဲကြည့်နေသဖြင့် ရှင်နှောင်းက အယ်လ်အား လက်ဝါးဖြင့်ရိုက်လိုက်သည်။ အယ်လ်က ရှင်နှောင်း၏လက်ကိုဖမ်းဆုပ်လိုက်ပြီး
"တွေ့ရတာ ဝမ်းသာပါတယ် မိန်းမချောလေးရယ်"
ထိုအခါ ကေက ထပြီးရယ်မောလိုက်လေသည်။
"ဒီလောက်မျက်နှာမှာ အမှတ်ကြီးနဲ့ကို မိန်းမချောလေးတဲ့လားကွာ၊ ဟား၊ ဟား"
ရှင်နှောင်းက သူ့ကိုပြောသဖြင့်စိတ်ဆိုးသွားပြီး ကေကိုမျက်စောင်းတစ်ချက်ထိုးလိုက်ကာ လှည့်ထွက်သွားလေသည်။ အယ်လ်က ကေ၏အနီးသို့တိုးကပ်သွားသည်။
"ကျုပ်တို့ပြန်တွေ့ကြပြီပေါ့ မိတ်ဆွေကြီး"
ကေက ခေါင်းခါလျက်
"မင်းက ငါ့မိတ်ဆွေမဟုတ်ဘူး၊ မင်းက ငါ့အတွက်ရန်သူပဲ"
အခန်း (၉)
"မကောင်းတော့ဘူး၊ မကောင်းတော့ဘူး သခင်မတို့"
ခန်းမအတွင်းသို့ သီရိကအော်ဟစ်လျက် ပြေးဝင်လာလေသည်။
"ဘာတွေဖြစ်လို့လဲ သီရိရဲ့"
မယ်စိမ်းက မေးလိုက်သော်လည်း သီရိမှာ မောပန်းနေသဖြင့် စကားပြန်မပြောနိုင်သေးပေ။
"ရွာ၊ ရွာထဲမှာ ဂိုဏ်းတွေ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း တိုက်ခိုက်ကုန်ကြပြီ"
"ဟေ"
ကဝေပျံများမျက်လုံးပြူးသွားသည်။ မယ်စိမ်းက ချက်ချင်းမိုးပေါ်ပျံထွက်သွားလိုက်သလို သူ့အနောက်မှ အခြားကဝေများကလည်း ပျံသန်းကာလိုက်ပါသွားသည်။ သီရိပြောသည့်အတိုင်း ရွှေတောင်ရွာကြီးတွင် ကဝေများအချင်းချင်း တိုက်ခိုက်နေကြလေသည်။ အပြာရောင်ကိုဝတ်ဆင်ထားသည့် မိုးပျံဂိုဏ်းနှင့် အနီရောင်အဝတ်အစားများနှင့် သွေးသစ်ဂိုဏ်းတို့မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြင်းအထန်တိုက်ခိုက်နေကြလေသည်။ ရောင်စုံ စက်လက်နက်များကို ပစ်ခတ်နေကြသည်။
"ရပ်ကြစမ်း၊ ဘာဖြစ်လို့တိုက်ခိုက်နေတာလဲ၊ ရပ်ကြစမ်း"
မယ်စိမ်းက အော်ဟစ်လိုက်သော်လည်း သူ့အသံကို မည်သူမှ ကြားပုံမရပေ။
"ဘိုးပြောင်၊ မိုးပျံဂိုဏ်းကို ရအောင်ထိန်းပါ"
ဘိုးပြောင်က သက်ပြင်းချလိုက်သည်။
"သူတို့တွေအများကြီးကို ကျုပ်ကဘယ်လိုလုပ်ပြီးထိန်းနိုင်ပါ့မလဲ"
မယ်စိမ်းက မိုးပေါ်သို့ပျံတက်လိုက်ပြီး အစိမ်းရောင်ဖန်လုံးကြီးတစ်လုံးကို ဖန်တီးလိုက်ကာ ထိုဖန်လုံးကြီးကို မြေကြီးပေါ်သို့ ပစ်ပေါက်ချလိုက်သည်။ ဖန်လုံးကြီးကွဲသွားသည့်အခါ အပိုင်းအစများမှာ လွင့်စင်ပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးကိုထိမှန်သွားသည်။ ဖန်လုံးအပိုင်းအစနှင့် ထိုမှန်သည့်သူများသည် မှော်ပညာများကို အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြု၍မရတော့ပေ။ ထိုတော့မှ တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြသည်။
"မင်းတို့ဘာလို့ အချင်းချင်းတိုက်ခိုက်နေကြတာလဲ၊ ဒါရွှေတောင်ရွာကွ၊ မင်းမဲ့တိုင်းပြည်မဟုတ်ဘူး"
"မင်းမဲ့သွားပြီလေ၊ မယ်တော်သေဆုံးသွားခဲ့ပြီလေ၊ ခင်ဗျားတို့ ကဝေပျံတွေ ဘာတွေမဟုတ်တာကြံချင်လို့ သတင်းမှောင်ချထားတာလဲ"
မိုးပျံဂိုဏ်းရော ခြင်နီဂိုဏ်းကပါ အကုန်လုံး ဆူပူအော်ဟစ်ကုန်ကြသည်။
"မပူပါနဲ့၊ မယ်တော်သေသွားတာတော့ ဟုတ်ပါတယ်၊ ဒီအတောအတွင်းမှာ မယ်တော်အသစ်ခန့်ဖို့ ငါတို့စီစဉ်နေကြပါပြီ၊ အချိန်တန်ရင် မင်းတို့ကိုအသိပေးမလို့ပါပဲ"
ဂိုဏ်းများက ထိန်းမရလောက်အောင်ကိုဆူညံနေတော့သည်။ ထိုစဉ် ဘွားမယ်သုန်က ရောက်ချလာသည်။
"ဟဲ့ကောင်တွေ ဘာတွေဆူနေတာလဲ၊ နင်တို့နဲ့မယ်တော်နေရာနဲ့ဘာဆိုင်လို့လဲ၊ နင်တို့မရပ်ရင် ငါဆောက်ထားတဲ့အရာတွေအကုန်လုံးကို အခုဖြိုချပစ်လိုက်မယ်"
ထိုတော့မှ ဂိုဏ်းအသီးသီးမှ ကဝေများမှာရပ်တန့်သွားသည်။
"နင်တို့ ကိုယ့်နေရာကိုယ်သိကြစမ်း၊ မယ်တော်ဘယ်သူဖြစ်မဖြစ်ဆိုတာ ကဝေပျံတွေသာဆုံးဖြတ်ရမယ့်ကိစ္စ၊ စည်းမျဉ်းတွေအရ နင်တို့တစ်ယောက်ချင်းနဲ့ ဘာမှမပတ်သက်ဘူး၊ မယ်တော်ဘိုးတော် ဘယ်သူဖြစ်မလဲဆိုတာကို ဒီလောက်စိတ်ဝင်စားနေရင် နင်တို့အရင် ကဝေပျံဖြစ်အောင်လုပ်ကြ"
ဘွားမယ်သုန်စကားကို မကျေနပ်သော်လည်း ကဝေများက ငြိမ်သက်သွားကြလေသည်။ ဘိုးပြောင်က ဘွားမယ်သုန်ကိုကြည့်ပြီး
"မယ်တော်ကိစ္စက သူတို့နဲ့မဆိုင်ဘူးဆိုပေမယ့် သူတို့က သူတို့မဖြစ်စေချင်တဲ့သူဖြစ်သွားမှာကို စိုးရိမ်နေကြလို့ပါ"
ဘိုးပြောင်က ပြောရင်း ဘွားမယ်သုန်ကိုမျက်စောင်းထိုးလိုက်သည်။ ဘွားမယ်သုန်ကလည်း ဘိုးပြောင်ကိုမျက်စောင်းပြန်ထိုးရင်း
"အေး၊ ငါကလည်း ငါမဖြစ်စေချင်တဲ့လူ ဘိုးတော်ဖြစ်လို့ကတော့ ဒီတစ်ရွာလုံးက အဆောက်အဦးတွေကို ပြာဖြစ်အောင်လုပ်လိုက်မယ်ဟဲ့"
မယ်စိမ်းက အသံအကျယ်ကြီးဖြင့်
"ကဲ၊ အခုအချိန်ကတော့ မယ်တော်အဖြစ်ယှဉ်ပြိုင်မယ့် ဘွားမယ်သုန်ရယ်၊ ဘိုးတော်အဖြစ် ယှဉ်ပြိုင်မယ့် ဘိုးပြောင်ရယ် မဲအဆုံးအဖြတ်ရဖို့ တိုက်ခိုက်ကြမယ့်အချိန်ပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ပြိုင်ပွဲကွင်းကို အကုန်လုံးသွားကြမယ်"
ကဝေများအားလုံး စုဝေးကာ ပြိုင်ပွဲကွင်းဆီသို့ လမ်းလျှောက်လာကြသည်။ ရွှေတောင်ရွာကြီး၏ အရှေ့မြောက်ထောင့်တွင် အဝိုင်းပုံစံတည်ဆောက်ထားသည့် ပြိုင်ပွဲကွင်းကြီးရှိသည်။ မှော်ပညာ၊ ကဝေအတတ်နှင့် ဆိုင်သည့် ပြိုင်ပွဲများကို ကျင်းပလေ့ရှိသည့်နေရာဖြစ်သည်။ မကြာမီ တစ်ရွာလုံးအနှံ့သတင်းပြန့်သွားရာ ပြိုင်ပွဲကွင်းကြီးတွင် တစ်ရွာလုံးမှ ကဝေများအားလုံး စုစည်းမိကြလေသည်။ ပွဲကလည်း ပွဲကြီးပွဲကောင်းတစ်ခုပင်ဖြစ်သည်။ ကဝေသက်တမ်းအရှည်ဆုံး ဘွားမယ်သုန်နှင့် ချေမှုန်းရေးကဝေအတတ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်ပြီး မိုးပျံဂိုဏ်း၏ လက်ရှိခေါင်းဆောင်ဖြစ်သည့် ဘိုးပြောင်နှင့် တိုက်ခိုက်ကြမည့်ပွဲဖြစ်သည်။
တစ်ရွာလုံးရှိ ယောက်ျား၊ မိန်းမနှင့် ကလေးပါမကျန် ပြိုင်ပွဲကွင်းတွင် ရောက်ရှိနေကြလေသည်။ ပြိုင်ပွဲကွင်းကြီးက ဘောဘုံးကွင်းတစ်ကွင်းစာလောက်ကြီးမားကျယ်ပြန့်ပြီး လေးဖက်လေးတန်တွင်လည်း ပွဲကြည့်စင်များကို အထပ်ထပ်ဆောက်လုပ်ထားသည်။ တိုက်ပွဲစရန်အသင့်ဖြစ်သည့်အချိန်တွင် ကွင်းထဲသို့ မယ်စိမ်းဝင်ရောက်လာသည်။ ဘွားမယ်သုန်နှင့် ဘိုးပြောင်က တစ်ဖက်တစ်ချက်ရှိ တိုက်ပွဲပြိုင်ဆိုင်သူများ ရပ်ရမည့်အမှတ်အသားတွင် ရပ်နေလေသည်။
"အားလုံးပဲနားထောင်ကြပါ၊ ဒီပွဲကတော့ ဘိုးတော်၊ မယ်တော် ရွှေးချယ်တဲ့ပွဲဖြစ်ပါတယ်၊ အခုပွဲမှာ အနိုင်ရသူရွေးချယ်မဲ့သူကို ရှုံးနိမ့်သူက လိုက်လျောပေးရမှာဖြစ်ပါတယ်"
မယ်စိမ်းအသံက ကွင်းကြီးတစ်ခုလုံးဟိန်းထွက်နေလေသည်။ မယ်စိမ်းစကားပြောပြီးသည့်အခါ ကွင်းအတွင်းမှလူများမှာ ခြိမ့်ခြိမ့်သဲသဲအားပေးကြသည်။ မယ်စိမ်းက ပြိုင်ပွဲဝင်မည့်နှစ်ယောက်ကိုသေချာကြည့်လိုက်ပြီး
"ရှင်တို့အဆင်သင့်ဖြစ်ပြီမဟုတ်လား၊ ရှင်တို့စည်းကမ်းကိုသိပါတယ်၊ အခုရပ်နေတာနေရာကနေ အရင်ရွေ့သွားတဲ့သူဟာ အရှုံးပဲ"
ဘိုးပြောင်က ခပ်ထေ့ထေ့ပြုံးလိုက်ရင်း
"အခုရပ်နေတဲ့အဘွားကြီးကို ရွေ့သွားအောင်တင်မဟုတ်ဘဲ လေပေါ်လွင့်သွားအောင်ပါ လုပ်ပေးလိုက်မယ်၊ ဟား၊ ဟား"
ဘိုးပြောင်က ရယ်မောလိုက်သည့်အခါ ဘွားမယ်သုန်ကလည်း ရယ်မောလိုက်သည်။
"ဖျက်ဆီးတယ်ဆိုတာ လွယ်တယ်ဟဲ့၊ ဖန်တီးတယ်ဆိုတာခက်တာ၊ နင့်လောက်ကတော့ ငါကအပျော့ပဲ"
မယ်စိမ်းက အထူးတန်းပွဲကြည့်စင်ပေါ်သို့ပျံတက်သွားလိုက်သည်။ ပွဲကြည့်စင်ပေါ်တွင် ရှင်နှောင်းပါ ထိုင်နေလေသည်။
"ဒါဆို တိုက်ပွဲစတင်ပါပြီ"
ဘိုးပြောင်က အပြာရောင်အလင်းလုံးကြီးတစ်ခုနှင့် ဘွားမယ်သုန်ကိုလှမ်းပစ်ထည့်လိုက်သည်။ ဘွားမယ်သုန်က မြေကြီးပေါ်သို့ အဝါရောင်အလင်းတန်းကြီးကို ထိုးလိုက်သည့်အခါ ကျောက်တုံးကြီးတစ်တုံးက မိုးပေါ်သို့ပျံတက်လာကာ ဘိုးပြောင်ပစ်လိုက်သည့် အပြာလုံးကြီးနှင့် ထိတွေ့ကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။
ဘိုးပြောင်က အံကိုကြိတ်လိုက်ပြီး အလင်းလုံးကြီးတစ်လုံးကို ထပ်မံပစ်လွှတ်လိုက်ပြန်သည်။ အလင်းလုံးကြီးက ပျံသန်းလာရင်း တစ်လုံးမှ နှစ်လုံးအဖြစ်ကွဲသွားသည်၊ နှစ်လုံးမှ လေးလုံးအဖြစ်ပြောင်းလဲသွားကာ ထပ်ဆင့်ကွဲသွားပြီး မရေမတွက်နိုင်လောက်အောင် မြောက်များလှသည့် အလင်းလုံးများအဖြစ်ပြောင်းလဲသွားကာ ဘွားမယ်သုန်ထံသို့ ပျံသန်းဝင်ရောက်လာသည်။
ဘွားမယ်သုန်က လက်နှစ်ဖက်ကိုဝှေ့ယမ်းပြီး မိုးပေါ်သို့မြှောက်တင်လိုက်ရာ အလွန်ကြီးမားသည့် အုတ်တံတိုင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုအုတ်တံတိုင်းကြီးအား ဘိုးပြောင်၏ အပြာရောင်အလင်းလုံးများက ထိမှန်သွားကာ ပေါက်ကွဲပျက်စီးသွားလေသည်။
"ဟင်း၊ ဒီအဘွားကြီးကတော့ ဒီတစ်ခါ ငါ့တိုက်ကွက်ကို ခံနိုင်မယ်မထင်ဘူး"
ဘိုးပြောင်က အပြာရောင်အလင်းလုံးကြီးတစ်လုံးကို မိုးပေါ်သို့ပစ်တင်လိုက်သည်။ အလင်းလုံးကြီးက မိုးပေါ်သို့ မြင့်မားစွာပျံတက်သွားပြီး ကောင်းကင်တွင် ပေါက်ကွဲထွက်သွားလေသည်။ ဘိုးပြောင်အသုံးပြုလိုက်သည့် တိုက်ကွက်အား မိုးပျံဂိုဏ်းသားများက ကြည့်ပြီး အံ့သြနေကြသည်။
"ဒါ၊ မိုးပျံဂိုဏ်းရဲ့ ဒေါသမိုးလို့အမည်ရတဲ့ စက်လက်နက်တစ်ခုပဲ"
ပေါက်ကွဲသွားသည့် အပြာရောင်အလင်းလုံးကြီးမှ အလင်းအမှုန်အစများက မိုးစက်များသဖွယ်ပြင်းထန်စွာကျဆင်းလာသည်။ မိုးစက်မှုန်များ ထောင်သောင်းမကရှိပြီး ပျံသန်းကျဆင်းလာသည်။ ထိုမိုးစက်တစ်စက်နှင့် ထိုတွေ့လိုက်မိပါက သာမန်လူတစ်ယောက်ပင် အငွေ့ပျံပြီး အရည်ပျော်သွားနိုင်အောင် ပြင်းထန်လှပေသည်။ ဘွားမယ်သုန်က ကြီးမားသည့်သံဒယ်အိုးကြီးတစ်ခုကိုဖန်တီးလိုက်ပြီး သူ့ခေါင်းပေါ်တွင် ခမောက်သဖွယ်ဆောင်းလိုက်လေသည်။ မိုးစက်မိုးပေါက်များမှာ သံဒယ်အိုးကြီးနှင့် ထိတွေ့သည့်အခါ တဝုန်းဝုန်းနှင့်ပေါက်ကွဲသွားကြသည်။ ဘိုးပြောင်မျက်လုံးပြူးနေသည်။
"မဖြစ်နိုင်ဘူး၊ သံဒယ်အိုးက ကျုပ်ရဲ့မိုးစက်တွေကို ကာကွယ်နိုင်မှာတဲ့လား"
ဘွားမယ်သုန်က ရယ်မောရင်း သံဒယ်အိုးကြီးကို ခေါက်ပြသည်။
"ဒါရိုးရိုးဒယ်အိုးမဟုတ်ဘူးလေ၊ အင်းဒယ်အိုးလို့ခေါ်တယ်"
သံဒယ်အိုးကြီး၏ အတွင်းတွင် ဘွားမယ်သုန်က အင်းကွက်များကိုရေးဆွဲထားခြင်းဖြစ်သည်။ ဘိုးပြောင်အလွန်ဒေါသထွက်နေပြီဖြစ်သည်။
"ကဲ နောက်ဆုံးတိုက်ကွက်ဖြစ်တဲ့ ဖောက်ထွင်းပစ်ချက်ကွ"
ဘိုးပြောင်က သူ့လက်နက်ဖက်ကို ရင်ဝတွင်စုစည်းလိုက်ကာ အပြာရောင်မှော်စက်ဝန်းကြီးကို ဖန်တီးလိုက်သည်။ အပြာရောင်မှော်စက်ဝန်းအလယ်တွင်တော့ မျက်လုံးပုံစံတစ်ခုရှိပြီး ထိုမျက်လုံးက ပွင့်သွားကာ အတွင်းမှ အလင်းတန်းကြီးတစ်ခုပြေးထွက်လာလေသည်။ ထိုအလင်းတန်းကြီးမှာ ဘွားမယ်သုန်ဆီသို့ ပျံသန်းလာပြန်သည်။ ဘွားမယ်သုန်က အုတ်တံတိုင်းကြီးကို ဖန်တီးလိုက်သော်လည်း အလင်းတန်းက အုတ်တံတိုင်းကြီးကို ထွင်းဖောက်ကာ ပျံသန်းလာပြန်သည်။ ဘွားမယ်သုန်က ကျောက်တုံးကြီးဖန်တီးလိုက်ပြန်သော်လည်း ကျောက်တုံးကြီးကို ဖောက်ထွင်းသွားပြန်သည်။ ဘွားမယ်သုန်က အင်းဒယ်အိုးနှင့် ကာလိုက်ပြန်ရာ ထိုအလင်းတန်းကြီးက အင်းဒယ်အိုးကို နှစ်ခြမ်းကွဲဖောက်ထွက်သွားပြီး ဘွားမယ်သုန်ထံသို့ ပျံဝင်လာသည်။ ဘွားမယ်သုန်လည်း ဘာမှမလုပ်နိုင်တော့ဘဲ လက်ထဲမှတောင်ဝှေးကို မြေပေါ်သို့ဆောင့်ချလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် ဘိုးပြောင်၏အလင်းတန်းကြီးက ဘွားမယ်သုန်၏ ရင်ဝကိုတိုးဝင်သွားသည်။ ဘွားမယ်သုန်တစ်ကိုယ်လုံးတုန်ယင်နေပြီးနောက် ထိုင်ကျသွားလေသည်။ ဘွားမယ်သုန်၏ ပါးစပ်ပေါက်၊ နှာခေါင်းပေါက်နှင့် နားအတွင်းမှ အခိုးအငွေ့များ တိုးထွက်လျှက်ရှိသည်။
"ဘွားမယ်သုန်"
ရှင်နှောင်းက အော်ဟစ်လိုက်မိသည်။ ထိုအချိန် ဘိုးပြောင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ
"ကဲ အဘွားကြီး၊ ကျုပ်ရဲ့ဒီလက်နက်ကိုထိပြီးရင် ခင်ဗျားမကြာခင်သေဆုံးရတော့မှာ"
ထိုအခါ မယ်စိမ်းက မိုးပေါ်ပျံလျက်ဆင်းလာကာ
"ပြိုင်ပွဲပြီးပြီ၊ အနိုင်ရသွားတဲ့သူကတော့ ဘွားမယ်သုန်ပဲဖြစ်ပါတယ်"
ဘိုးပြောင်မျက်လုံးပြူးသွားသည်။
"မယ်စိမ်း၊ ဘယ်သူနိုင်သွားတယ်ဆိုတာ အသိသာကြီးပဲ၊ ဒီကလူတွေအားလုံးမှာ မျက်လုံးပါတယ်ဟ"
မယ်စိမ်းက ဘိုးပြောင်ဘက်သို့လှည့်လိုက်ကာ
"ကဲ ဒါဆိုရင်လည်း ရှင်ဘယ်နေရာမှာ ရပ်နေသလဲဆိုတာကိုသာ ပြန်ကြည့်လိုက်တော့"
ဘိုးပြောင်က မြေကြီးသို့ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူရပ်နေသည့်နေရာမှာ မြက်ခင်းအတွင်းဖြစ်နေသည်။ ပြိုင်ပွဲယှဉ်ပြိုင်သူ ရပ်သည့်နေရာမှာ မရှိတော့ပေ။
"ဒါ ညစ်ပတ်တာ၊ ဒါသက်သက်ညစ်ပတ်တာ"
"ဘိုးပြောင် ရှင်လည်းပြိုင်ပွဲစည်းကမ်းကိုသိတယ်မဟုတ်လား၊ ပြိုင်ပွဲဝင်တဲ့သူ ရပ်ရမယ့် နေရာမှာ မရပ်တဲ့လူက အရှုံးပဲမဟုတ်လား"
ဘိုးပြောင် ခေါင်းငိုက်စိုက်ကျသွားသည်။ ဘွားမယ်သုန်က ရယ်မောလျက်
"ဟား၊ ဟား ငပြောင်၊ ဒီကွင်းဆိုတာ ငါတည်ဆောက်ခဲ့တာပါဟဲ့၊ ဟား၊ ဟား"
ပွဲကြည့်နေသူများကလည်း ဘွားမယ်သုန်အနိုင်ရသွားသည်ကို လက်ခံလိုက်ကြသည်။ ထိုစဉ် ဘွားမယ်သုန်နှုတ်ခမ်းမှ အပြာလဲ့ရောင်အရည်များ စီးကျလာပြီမို့ မယ်စိမ်းက သူ့လက်နှင့် ဘွားမယ်သုန်ရင်ဘတ်ကိုထိကာ ကုသပေးလိုက်သည်။
"မရတော့ဘူးမယ်စိမ်း၊ ငါ့ကိုယ်ငါသိတယ်၊ ငါ့သွေးတွေ၊ ငါ့နှလုံးသားတွေကို အပြာရောင်အဖျက်စွမ်းအင်တွေက ဝါးမြိုနေပြီ"
"ကျွန်မ ဘွားမယ်သုန်ကို ရအောင်ကုသမယ်"
ဘွားမယ်သုန်က မယ်စိမ်းလက်ကိုဆွဲဖယ်လိုက်သည်။
"မဲခွဲဖို့သာအမြန်လုပ်တော့"
မယ်စိမ်းက မတ်တပ်ထလိုက်ပြီး
"ကဲ၊ ကျွန်မက ကဝေပျံတစ်ယောက်အနေနဲ့ မယ်တော်ရာထူးကို ဟောဟိုမှာထိုင်နေတဲ့ ရှင်နှောင်းကိုပေးဖို့ သဘောတူပါတယ်"
မယ်စိမ်းက လက်ထောင်လိုက်သည်။ ထိုအခါ အဘခင်နှင့် အရီးဒေါင်းတို့ကလည်း
"ငါတို့လည်း ရှင်နှောင်းကို သဘောတူလက်ခံပါတယ်"
ထိုအခါ မဲသုံးမဲရရှိသွားပြီဖြစ်သည်။ မယ်တော်ဖြစ်ရန် အနည်းဆုံး မဲလေးမဲရရန်လိုအပ်သည်။ မယ်စိမ်းကပင်ဆက်လက်ပြီး
"ခြင်နီဂိုဏ်းခေါင်းဆောင် မယ်နီက မယ်တော်နဲ့တိုက်ပွဲအတွင်းမှ ကျဆုံးသွားတဲ့အတွက် မယ်နီရဲ့မဲကိုတော့ ပယ်ပါတယ်၊ အခုတစ်ခါ အလှည့်ကျတာကတော့ ပြိုင်ပွဲအနိုင်ရသွားတဲ့ ဘွားမယ်သုန်အလှည့်ပါပဲ"
ဘွားမယ်သုန်က အလွန်အားနည်းနေသည်။ သို့သော် တောင်ဝှေးအားကိုပြုပြီး မတ်တပ်ရပ်ထလိုက်သည်။ ထို့နောက် လက်တစ်ဖက်ကိုမိုးပေါ်ထောင်လိုက်သည်။
"ငါကလည်း ရှင်နှောင်းကို မယ်တော်အဖြစ်လက်ခံပါတယ်"
မထင်မှတ်ထားသည့် စကားကြောင့် အားလုံးလန့်သွားသည်။ မယ်စိမ်းက ခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင် ပြိုင်ပွဲနိုင်ထားတဲ့ ဘွားမယ်သုန်က ရှင်နှောင်းကို ထောက်ခံတာကြောင့်၊ ပြိုင်ပွဲရှုံးထားတဲ့ ဘိုးပြောင်ပါ ရှင်နှောင်းကိုထောက်ခံပြီးသားဖြစ်ပါပြီ၊ ဒီတော့ ကဝေပျံတွေရဲ့ ဆန္ဒအတိုင်း ရှင်နှောင်းကို မယ်တော်ရာထူးအပ်ပြီး၊ မယ်တော်သရဖူ ပေးအပ်မှာဖြစ်ပါတယ်"
ပြိုင်ပွဲကွင်းတစ်ခုလုံးတိတ်ဆိတ်နေသည်။ ဘွားမယ်သုန်က လက်ခုပ်ထတီးလိုက်တော့မှ အားလုံးက လက်ခုပ်လက်ဝါးတီးကြသည်။ ရှင်နှောင်းကို အဘခင်နှင့် အရီးဒေါင်းတို့က တွဲချီလျက် ပျံသန်းလာကြကာ ဘွားမယ်သုန်အနီးတွင် ဆင်းသက်လိုက်သည်။ ရှင်နှောင်းက ဘွားမယ်သုန်ကို ပွေ့ဖက်လိုက်သည်။ ရှင်နှောင်းမျက်ရည်တွေက ပါးပြင်ပေါ်သို့စီးကျလာလေသည်။
"ဘွားမယ်သုန်၊ ဘွားမယ်သုန် ဘာလို့ဒီလိုလုပ်တာလဲ"
"အားလုံးက မယ်တော်ရဲ့ဆန္ဒတွေချည်းပါပဲကွယ်၊ အဟွတ်"
ဘွားမယ်သုန်ချောင်းဆိုးလိုက်တိုင်း ပါးစပ်မှ အပြာရောင်အရည်များက စီးကျလာသည်။ ဘွားမယ်သုန်၏ မျက်လုံးမျက်ဆန်များလည်း အပြာရောင်သို့ပြောင်းလဲနေပြီဖြစ်သည်။
"လုပ်ပါအုံးအမမယ်စိမ်း၊ အမမယ်စိမ်းက ကုသသူဆို၊ ဘွားမယ်သုန်ကို ကုသနိုင်တယ်မဟုတ်လား"
မယ်စိမ်းက မျက်ရည်လည်ရွဲဖြင့်် ခေါင်းခါပြသည်။
"မရတော့ဘူး၊ ဘိုးပြောင်ရဲ့ အဖျက်စွမ်းအင်တွေက အရမ်းကြီးတာကြောင့် ဘယ်လိုမှ မကုသနိုင်တော့ဘူး"
ဘွားမယ်သုန်က ရှင်နှောင်းညာဖက်လက်ကိုဆွဲကိုင်လိုက်သည်။
"အခုကစပြီး စေသနိဂိုဏ်းကို မင်းကိုလွှဲအပ်ခဲ့ပြီ"
ဘွားမယ်သုန်လက်က ခွေကျသွားသည်။ ရှင်နှောင်းက သူ့လက်ကိုကြည့်လိုက်ရာ သူ့လက်ဝါးရှိ မှော်စက်ဝန်းတွင်တော့ စာများနှင့်ပြည့်နှက်နေပြီး မှော်စက်ဝန်းအလယ်တွင်ရှိ ကုဗတုံးပုံကလေးတွင်လည်း မှော်စာလုံးများ၊ သင်္ကေတများဖြင့် ပြည့်နှက်လျှက်ရှိသည်။
"ဘွားမယ်သုန်၊ ဘွားမယ်သုန် မသေရဘူး"
ဘွားမယ်သုန်က ရှင်နှောင်းလက်တွင် ပျော့ခွေလျှက်ရှိသည်။
"အားလုံးက တစ်နေ့ကျရင်အဆုံးသတ်ရမှာပဲ၊ မမေ့ပါနဲ့ရှင်နှောင်း၊ မင်းရဲ့နာရီလေးက အမှန်တရားကိုပြလိမ့်မယ်"
ထိုသို့ပြောပြီး ဘွားမယ်သုန်ငြိမ်သက်သွားလေသည်။ မယ်စိမ်းက ရှင်နှောင်းကိုဆွဲထူလိုက်သည်။ ဘွားမယ်သုန်၏ ရုပ်အလောင်းက မြေပြင်ပေါ်သို့ကျသွားပြီးနောက် သူ့တစ်ကိုယ်လုံးအပြာရောင်အပိုင်းအစကလေးများအဖြစ်ပြောင်းလဲသွားလေသည်။ မယ်စိမ်းနှင့် ကျန်သည့်သူများမှာ စိတ်မကောင်းကြပေ။
မယ်စိမ်းက ရှင်နှောင်းကိုလှမ်းဆွဲလိုက်သည်။ ရှင်နှောင်းမတ်တပ်ရပ်လိုက်သည့်အချိန်တွင် ဖန်သားကဲ့သို့ကြည်လင်တောက်ပြောင်နေသည့် မယ်တော်များဝတ်ဆင်လေ့ရှိသည့် မကိုဋ်သရဖူကို လက်နှစ်ဖက်ဖြင့်အသေအချာကိုင်ပြီး ရှင်နှောင်းခေါင်းပေါ်သို့ တင်ပေးလိုက်သည်။ ရှင်နှောင်းမှာ သရဖူ၏ အလေးချိန်ကြောင့် အလွန်လေးလံလာသလိုခံစားရသည်။ ကြည်လင်တောက်ပနေသည့် သရဖူတွင် ရွှေရောင်စာသားများပေါ်ပေါက်လာပြီး အလင်းရောင်စဉ်တန်းများမှာလည်း ဖြာထွက်လာလေသည်။
"ရွှေတောင်ရွာကြီးက မယ်တော်အသစ်တစ်ယောက် ရရှိခဲ့ပြီ၊ အဲဒါကတော့ ဟောဒီက မယ်တော်ရှင်နှောင်းပဲ"
ပွဲကြည့်စင်မှလူများက တစ်ခဲနက်အားပေးကြသည်။
"ရှင်နှောင်းတဲ့လား၊ ဒါဆိုသူက ရွှေတောင်ရွာကြီးကိုတည်ထောင်ခဲ့တဲ့သူလား"
"အရင်ရှင်နှောင်းက နောက်တစ်ကြိမ်ပြန်ပြီး ဝင်စားခဲ့တာဆိုပဲ"
ရွှေတောင်ရွာသူရွာသားများမှာ ရှင်နှောင်းဆိုသည့်လူနှင့် မစိမ်းတော့သဖြင့် အားလုံးက ရှင်နှောင်းကိုထောက်ခံကြသည်။ ကဝေများက ၎င်းတို့လက်ဖဝါးမှ သက်ဆိုင်ရာစက်လက်နက်များကို မိုးပေါ်သို့ပစ်တင်ဖောက်ခွဲကာ မယ်တော်အသစ်ဖြစ်သည့် ရှင်နှောင်းကိုဂုဏ်ပြုကြသည်။ တစ်ချိန်လုံးငြိမ်နေခဲ့သည့် ဘိုးပြောင်က မတ်တပ်ထရပ်လိုက်သည်။
"ပြီးပြီလား၊ မယ်တော်အသစ်တက်ပွဲပြီးခဲ့ပြီလား"
မယ်စိမ်းက ဘိုးပြောင်ကိုမျက်စောင်းထိုးလိုက်ပြီး
"ဘိုးပြောင်၊ ရှင်ရှုံးနိမ့်သွားပြီလေ၊ ရှင်မကျေနပ်သေးဘူးလား"
"ဟား၊ ဟား၊ ဟား"
ဘိုးပြောင်က အသံနက်ကြီးဖြင့် ရယ်မောလိုက်သဖြင့် လူများအားလုံးတိတ်ဆိတ်ငြိမ်သက်သွားလေသည်။
"ခုနက ငါရှုံးတယ်၊ အခုငါနိုင်တော့မယ်ကွ"
ဘိုးပြောင်က ရှင်နှောင်းအား လက်ညှိုးထိုးလိုက်ပြီး
"ကဝေစည်းမျဉ်း အမှတ် တစ်ဆယ့်သုံးအရ၊ မယ်တော်အား မည်သူမဆို နှစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် စိန်ခေါ်နိုင်သည်၊ အကယ်၍ စိန်ခေါ်သူအနိုင်ရသွားပါက လက်ရှိမယ်တော်က ထိုသူအား ရာထူးကိုလွှဲပြောင်းပေးရမည်တဲ့"
ပြိုင်ပွဲကွင်းအတွင်းမှ လူများအားလုံး အံ့သြလွန်းသဖြင့် အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။ ဘိုးပြောင်က ရှင်နှောင်းအားလက်ညှိုးထိုးပြီး
"ဒီတော့မယ်တော်ရှင်နှောင်း၊ ခင်ဗျားကိုကျုပ်စိန်ခေါ်တယ်၊ ခင်ဗျားနဲ့ကျုပ် နှစ်ယောက်ချင်းတိုက်ခိုက်ကြမယ်"
မယ်စိမ်းက ရှင်နှောင်းအရှေ့တွင် ဝင်ရပ်လိုက်သည်။
"မဖြစ်နိုင်တာဘိုးပြောင်၊ ရှင်နှောင်းက မနေ့တစ်နေ့ကမှ ဒီကိုရောက်လာခဲ့တဲ့သူ၊ သူက ရှင်နဲ့ ယှဉ်နိုင်ပါ့မလား"
"မယ်စိမ်း၊ နင်အသာဖယ်နေစမ်း၊ မယ်တော်တွေအဆက်ဆက်ချမှတ်သွားတဲ့ စည်းကမ်းကိုနင်က ချိုးဖောက်ချင်တာလား"
မယ်စိမ်းနှုတ်ဆိတ်သွားသည်။ အဘခင်နှင့် အရီးဒေါင်းတို့က ရှင်နှောင်းအရှေ့တွင်မတ်တပ်ရပ်လိုက်ကြသည်။
"မင်းအတင်းအကြပ်လုပ်မယ်ဆိုရင် ငါတို့မင်းကိုတားဆီးရလိမ့်မယ်ဘိုးပြောင်"
"ဟား၊ ဟား ခင်ဗျားတို့ ကဝေပျံတွေဖြစ်ပြီး ကဝေတွေရဲ့စည်းမျဥ်းကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ကြမယ်ပေါ့လေ"
ထိုအခါ ရှင်နှောင်းက အရှေ့သို့တက်လာသည်။
"ကောင်းပြီ၊ ကျုပ် မယ်တော်ရှင်နှောင်း ရှင်စိန်ခေါ်တာကိုလက်ခံတယ်"
အပိုင်း (၅) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်