ပန်းစွယ်တော်ပုံပြင် .........(အပိုင်း - ၂)
lotaya.mpt.com.mm
|
2023-09-17

Part - 2

ခြံထဲရှိ ဒန်းပေါ်တွင်ထိုင်ကာ မေမေဝယ်ပေးထားသည့် ဘာဘီရုပ်ကလေးဖြင့် တစ်ယောက်ထဲထိုင်ဆော့နေသည့် ပန်းကလေး။ အနားလာဝင်ထိုင်သည့်လူကို ဖျတ်ခနဲ ကြည့်လိုက်တော့ ဒေါ်ကြီးကေသီ သမီး မိညို။

" အတူတူဆော့ကြမယ်လေနော်။ "

မေမေက ချစ်ချစ်ခင်ခင် နေရမည်ဟု ပြောထားသဖြင့် စပြီးခေါ်လိုက်ပေမယ့် ပန်း လက်ထဲက အရုပ်ကလေးကို ဆွဲလုလိုက်သဖြင့် ကပျာကယာပြန်ဆွဲမိသည်။

" ဘာလုပ်တာလဲ.....ပြန်ပေး ဒါ ပန်းရဲ့အရုပ်နော် မမမိညို။ "

" ဘာမိညိုလဲ....ငါနာမည်ပြောင်းထားတယ်။ ခတ္တာတဲ့.....နင့်နာမည်ထက် လှတယ်။ "

ပန်း မျက်နှာကလေးက စူပုတ်သွားသလို ကလေးပီပီ ပြန်ငြင်း၏။

" ဘာမှလှဘူး။ ပန်းနာမည်က ပိုလှတာ။ ပန်းကလေးက အလှဆုံး...အရုပ်ပြန်ပေးဆို။ "

နှစ်ယောက်သား အရုပ်ကိုပြိုင်လုပေမယ့် ပန်းက အကောင်လေးညှက်သည်မို့ ယှဥ်မလုနိုင်ပေ။ ခဏခဏ အတွန်းထုတ်ခံနေရတော့ မခံချင်စိတ်ကလေးဖြင့် အားကုန်သုံးကာ မိညိုကို ဆောင့်တွန်းပစ်၏။

" အားးးးအီးးဟီးးးးးမေကြီးရေ......ဟီးးးအီးးး"

မသီရိ နှင့် မကေသီမှာ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေရင်း ခြံထဲမှ ကလေးတွေ၏အော်ငိုသံကြောင့် နှစ်ယောက်သား ကပျာကယာပြေးထွက်လာခဲ့သည်။

အို!

ခြံထဲရောက်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မသီရိမှာ အံ့သြသွားရသလို မကေသီကိုလဲ အားနာသွား၏။ မိညိုလေးမှာ မြက်ခင်းပေါ်လဲကျနေသလို သမီးငယ်က ဘေးကနေရပ်ကြည့်နေတာမို့ ဒက်ခနဲသိလိုက်သည်။

" ဟဲ့...ဟဲ့....သမီး မိညို... ငိုကြီးချက်မနဲ့အေ။ "

" သမီးကို ပန်း တွန်းလိုက်တာ....အီးဟီးးးးးအီး "

ကိုယ့်သမီးကို ကြည့်လိုက်မိတော့ ခေါင်းလေးငုံ့နေတာမို့ မသီရိ သက်ပြင်းချလိုက်ရင်းမှ...

" သမီးငယ်....ဘာလို့ အဲ့လိုလုပ်ရတာလဲ။ "

" ပန်း အရုပ်ကလေးကို လုတယ်လေ....."

" ဘာမှလုဘူး.....ညာနေတာ....အီးးဟီးးးသမီးနာမည်ခတ္တာပြောင်းထားတယ်ပြောတာကို မလှဘူးတဲ့။တောသူမ နာမည်ကြီးလို့လဲ ပြောတယ်။ "

ပန်း မျက်ဝန်းလေးတွေ ဝိုင်းစက်သွားရသလို ငြင်းချိန်ပင် မရလိုက်ပဲ တင်းပါးပေါ် မေမေ့လက်ဝါးဖြင့် ရိုက်ချက်က နှစ်ချက်ရောက်လာသည်။ 

" အီးးးးနာတယ်....နာတယ် "

" နောက်အဲ့လို လုပ်ဦးမလား......ကိုယ့်အိမ်မှာ လာနေတဲ့သူကို အဲ့လိုအနိုင်ကျင့်တာ မေမေလုံးဝ မကြိုက်ဘူးနော် သမီးငယ်။ "

" မေမေ့....."

အသံနဲ့အတူ အိမ်ထဲမှပြေးထွက်လာသည့် သားကြီးစွယ်တော်။ သူ့အစ်ကို ကိုမြင်တော့ သမီးငယ်က အတင်းပြေးသွားသလို စွယ်တော်ကလဲ သူ့ညီမကို နောက်ပို့ဝှက်ထားလိုက်သည်။

" ညီမလေးကို အဲ့လောက်မရိုက်ပါနဲ့ မေမေရယ်။"

" မိပန်း....ကြပ်ကြပ်သတိထားနော်။ "

သားကြီးက သူ့ညီမ​လေးကို သိပ်ချစ်သည်။ ငယ်ငယ်ထဲကလဲ အမြဲထိန်းသလို သူ့ညီမအပေါ်လဲ အတော်စိတ်ရှည်၏။ အခုလဲ အိမ်ပေါ်စာကျက်နေရာကနေ သူ့ညီမငိုသံကြားလို့ ရောက်လာပုံရသည်။ မအေထပ်ရိုက်မှာစိုး၍ အတင်းအိမ်ထဲခေါ်သွားသလို ချော့နေဦးမှာပင်။ 

@@@@@@@@@@@@

" ကိုကို.....ကိုကိုရေ......အီးးးဟီးးးး "

ညီမလေးငိုသံကြောင့် စာဖတ်နေရာမှ ကပျာကယာ ထလာခဲ့သလို ငိုကြီးချက်မဖြစ်နေတာ မြင်လိုက်ရတော့ ရင်ထဲထိတ်သွားရ၏။

" ညီမလေး.....ဘာဖြစ်လို့လဲ။ "

" ဒီမှာ ကြည့်ပါဦး ကိုကိုရယ်။ "

ဟာ!!

အမှိုက်ပုံးထဲရောက်နေသည့် ညီမလေး၏ ဘာဘီရုပ်ကလေး။ လက်နဲ့ခြေတွေ ပြုတ်နေသလို ဆံပင်တွေလဲ မရှိတော့။ 

" ပန်းရဲ့ အရုပ်ကလေး......"

နှမြောတသဖြစ်စွာ ငိုယိုနေတာမို့ သူလဲ ဘာလုပ်ပေးရမှန်းပင် မသိ။ 

" တိတ်ပါ ညီမလေးရယ်.....တိတ်ပါ....ကိုကို အသစ်ပြန်ဝယ်ပေးမယ်နော်။ "

ပန်း၏ မျက်နှာကလေးက တည်သွားရင်းမှ....

" ဒါ ခတ္တာလုပ်တာ.....ပန်း သိတယ်။ "

နေရာမှပြေးထွက်သွားသည့် ညီမလေးကြောင့် သူ အနောက်မှ တကြော်ကြော်ခေါ်ရင်း ပြေးလိုက်လာခဲ့သလို ပန်းကတော့ ဧည့်ခန်းထဲတွင် TV ထိုင်ကြည့်နေသည့် ခတ္တာဆီသို့ ပြေးသွားကာ လူကြီးတွေရှိနေတာကိုပင် ဂရုမစိုက်ပဲ သူမလက်ကလေးဖြင့် လိုက်ထုရိုက်၏။

" ဟဲ့....ဟဲ့ သမီးငယ်....ရပ်စမ်းးးးမေမေ ပြောနေတယ်လေ။ "

" ညီမလေး.....ညီမလေး မလုပ်ရဘူးလေ။ "

စွယ်တော် ညီမလေးကို လှမ်းဆွဲလိုက်ပေမယ့် မေမေက စိတ်အရမ်းတိုသွားသည်။ 

" သူ ပန်းအရုပ်ကလေးကို ဖျက်ဆီးတယ်။ "

" ဟင့်အင်း....ဟင့်အင်း.....ခတ္တာမလုပ်ဘူး။ "

ထိုနေ့က ညီမလေး အပြစ်ပေးခံရသည်။ ခြံထဲတွင် လက်မြှောက်ပြီးနေရသလို သူကလဲ ညီမလေးနဲ့အတူ ထိုင်စောင့်၏။ အိမ်ပေါက်ဝက​နေ လူကြီးတွေ မသိအောင် လာပြောင်ပြနေသည့် ခတ္တာကို ကြည့်ရင်း စိတ်တိုပေမယ့် ရင်ထဲက တေးထားလိုက်သည်။

ကျောင်းရောက်မှ တွေ့မည်။

@@@@@@@@@@@

" သောက်ပါ ကိုဌေးအောင်ရဲ့......တစ်ခါတစ်လေပဲဟာ။ "

" များနေပြီဗျ....တော်ပါပြီ။ "

" ကဲ....ကျုပ်ကို ခင်ရင် ဒီတစ်ခွက်တော့ သောက်လိုက်ဗျာ။ "

လခထုတ်ရက်မို့ ဒီနေ့ ကိုဌေးအောင်က ကိုချမ်းသာကို လခထုတ်ပေးသလို ကျေးဇူးတင်သည်ဆိုပြီး ပြုစုချင်တယ်ဆိုတာမို့ ဆိုင်ရောက်နေခြင်းပင်။ သိပ်သောက်လေ့သောက်ထ မရှိပေမယ့် ငြင်းရမှာအားနာတာရော၊ကိုယ့်လူရင်းပဲဆိုကာ သောက်လိုက်တော့ အမူးလွန်ကာ ကိုဌေးအောင် တစ်ယောက် နောက်ဆုံးမှောက်သွား၏။ 

" ဟဲ့....ရော့.....သေချာခေါ်သွား။ ဂရုတစိုက်လုပ်နော်.....မှာထားတာ မလွဲစေနဲ့။ "

ခပ်ဟော့ဟော့မိန်းမတစ်ဦးကို ပိုက်ဆံထုတ်ပေးရင်းမှ နှစ်ယောက်သား ကိုဌေးအောင်ကိုတွဲကာ အခန်းတစ်ခုငှား၍ ခေါ်လာခဲ့သည်။ အိပ်ယာထက်လှဲချပေးလိုက်ရင်း မြည်လာသည့် ဖုန်းသံကြောင့် ကြည့်မိတော့ ကိုဌေးအောင်၏ဖုန်းကို လှမ်းခေါ်နေသည့် မသီရိ။

" ဟယ်လို! အစ်မ.....အစ်ကိုက အလုပ်တွေရှုပ်နေတယ်ခင်ဗျ။ ဒီနေ့ ကုန်တွေဆိုက်လာလို့ ပြန်မလာဖြစ်လောက်ဘူး။ "

" ဟုတ်လား.....အင်းပါ ကိုချမ်းသာလဲ အစ်ကို့ကို ဂရုစိုက်ပေးပါဦးနော်။ "

" စိတ်ချပါခင်ဗျ။ "

ဖုန်းချသွားသည်နှင့် ကောက်ကျစ်သော အပြုံးတစ်ခုက ကိုချမ်းသာ၏နှုတ်ခမ်းထက် အထင်းသားပေါ်လာ၏။ စိတ်ချ.....ခင်ဗျား ယောကျာ်းကို သေချာ ဂရုစိုက်ပေးမှာ။

------------------

အခန်းထဲ ခေါင်းငိုက်စိုက်ချကာ မျက်နှာအကြီးအကျယ် ပျက်ယွင်းနေသည့် ကိုဌေးအောင်။ ညက သူ ဘာမှမမှတ်မိသလို နိုးလာတော့ သူ့ဘေး မိန်းမတစ်ယောက်ရှိနေသည်။

" ကျွန်တော် တကယ်တားပါတယ်ဗျာ။ ကျွန်တော့်ကို ထိုးမယ်၊ရိုက်မယ်လုပ်တာရော မမှတ်မိဘူးလား။ "

သူက ဒီလိုတွေ လုပ်ခဲ့သည်တဲ့လား။

တွေ့တဲ့မိန်းမကို အတင်းခေါ်ကာ အိပ်ခဲ့ရုံမက တားတဲ့သူကိုပါ ပြဿနာရှာခဲ့သည်တဲ့လေ။

" မင်းအစ်မရော ဖုန်းဆက်သေးလား။ "

" ဆက်တယ် အစ်ကို။ ကျွန်တော် ကြည့်ပြောပေးထားတယ်။ "

ဘာတွေဖြစ်ကုန်လဲ မသိပေမယ့် ထိုမိန်းမက သူ့ကို အလွတ်ပေးမည့်ပုံမပေါ်ပါ။ သူ သီရိကို တကယ်ချစ်သည်။ဖောက်ပြန်ဖို့ဆိုတာ စိတ်ကူးနဲ့ပင် မတွေးဖူးခဲ့။ သားနဲ့သမီးကလဲ သူ့အသက်ပင်။ 

တစ်ခုခု​လွဲမှားနေသလို ခံစားနေရပေမယ့် သူကိုယ်တိုင် မှားနေခဲ့ပြီပင်။ သူ ရှေ့ဆက် ဘာလု​ပ်ရမလဲ ။

To be continue P - 3

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..