ရှတနေ့ရက်များ
lotaya.mpt.com.mm
|
2023-09-18

လကုန်ခါနီးလာလေလေ လူက ကြပ်တည်းလာလေလေပဲ။ လစာကလည်းမရသေးတဲ့အချိန် ဘော်ဒါအပေါင်းအသင်းတွေကလည်း သူလိုကိုယ်လို လခစားတွေဆိုတော့ .. ငွေလှည့်ဖို့ကလည်း မလွယ်။

“တောင့်ထား သားကြီး .. ၃ရက်ပဲလိုတော့တယ်”

လကုန်ဖို့ ၃ရက်အလိုဟာ ၃ကမ္ဘာလောက်ကြာသလားထင်ရသည်။ ဒီနေ့က ၂၉ရက်နေ့။ ဒီလက ၃၁မှကုန်မှာ။ ကြားထဲက သုံးရက်မှာ ဘာနဲ့သွားသုံးမလဲ။ ရုံးအပြန်လမ်းတစ်လျှောက် စိတ်ထဲမှာ ချေးငှားလို့ရလောက်မယ့်သူတွေကို စဉ်းစားလာမိသည်။ လူကူးမျဉ်းကြားရောက်တော့ ကားတွေရှုပ်နေတာကြောင့် တော်တော်ကြာကြာစောင့်လိုက်ရသေးသည်။ သက်ပြင်းမောကို မှုတ်ထုတ်လိုက်၏။ ပြီးနောက် ကားကလည်း ရှင်းသွားတာကြောင့် လမ်းကူးဖို့ ဟန်ပြင်လိုက်ချိန်မှာ ..

“အစ်ကို .. “

အသက် ၂၃နှစ်အရွယ် ညီလေးတစ်ယောက်က လှမ်းခေါ်လိုက်တော့ ကားလမ်းကူးမယ့်ဆဲဆဲခြေလှမ်းတွေ ရပ်တန့်သွားသည်။ ကျွန်တော်က .. သူ့ကို သေချာကြည့်တော့ သူ့ပုံစံ ရှက်ရွံသလိုလိုနှင့် ..

“ကျွန်တော် အနှောက်အယှက်ပေးသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျွန်တော်စရိတ်ပြတ်သွားလို့ .. ကျွန်တော့်ကို ဘတ်စ်ကားခလေးများ ကူညီပေးနိုင်မလား”

လူတစ်ယောက်ရဲ့ အတွေးက တစ်စက္ကန့်ကို ဘယ်လောက်ထိတွေးနိုင်သလဲလို့ထင်ကြလဲ..? ။ ကျွန်တော်ကတော့ နှစ်စက္ကန့်လောက်အတွင်း တစ်နေ့တာအဖြစ်အပျက်တွေကို တွေးနိုင်တယ်လို့တောင်ဆိုရမည်။ ကျွန်တော်မနက်က ရုံးကိုလာတော့ အိတ်ထဲမှာ ၄၅၀၀ ပါလာသည်။ အဆာပြေစာမုန့်ဟင်းခါးတစ်ပွဲစားသည်။ ၁၂၀၀ကျသည်။ ပြီးတော့ ပိုတဲ့ပိုက်ဆံ ၃၃၀၀ ကို နေ့လယ်ထမင်းဖိုးအဖြစ် ချန်ထားလိုက်သည်။ နေ့လယ်ထမင်းစားတော့ .. လက်ဖက်ထမင်းကြက်ဥနဲ့ ၂၅၀၀ ပေးရသည်။ ၈၀၀ ပိုသည်။ ညနေ ၃နာရီလောက် လက်ဖက်ရည်ထွက်သောက်တာ ၂၀၀ လိုနေလို့ ရုံးက တစ်ယောက်ကတောင် စိုက်ပေးခဲ့ရသေးသည်။ ဆိုတော့ လက်ထဲမှာ တစ်ပြားမှမရှိ။

ကျွန်တော့်အနေနဲ့ လက်ထဲမှာ ကိုင်ထားတာက အိုင်ဖုန်း။ ကျောပိုးအိတ်ကလည်း တန်ဖိုးနည်းနည်းကြီးသည်။
အောက်က ရှူးကလည်း နိုက်ခီ တံဆိပ်။ ကျွန်တော့်ရဲ့ ဝတ်စားဆင်ယင်မှုနှင့် ဘတ်စ်ကားခ ပိုက်ဆံလေး ၄၀၀ မှ မရှိဘူးဆိုရင်လည်း သိက္ခာက ကျစရာဖြစ်ဦးမည်။ အခု အကူညီတောင်းနေတဲ့သူကလည်း တကယ်အခက်ခဲဖြစ်လို့ အကူညီတောင်းနေပုံရသည်။ ခက်တာက ကိုယ်ကလည်း မကူညီနိုင်။ အကူညီတောင်းတဲ့ ညီလေးကလည်း ရှက်ရွံ့နေသည်။ ကျွန်တော်ကလည်း တော်တော်ရှက်နေမိသည်။ ဒီပိုက်ဆံလေး ၄၀၀ လောက်ကို မရှိဘူး ညီလေး လို့ ပြောလိုက်ရင် သူ ပိုပြီးသိမ်ငယ်သွားနိုင်သည်။
ပြီးတော့ ကျွန်တော့်ကိုလည်း အထင်သေးသွားနိုင်သည်။ စိတ်ထဲမှာ အကောင်းဆုံးက ဘာဖြစ်မလဲလို့ တွေးနေရင်း .. အကြံတစ်ချက်ပေါ်လာသည်။

“ညီလေးက ဘယ်ပြန်ရမှာလဲ”
“မြောက်ဥက္ကလာ”
“ဒီလိုလုပ်ပါလား ..ညီလေး .. အစ်ကို့အိမ်က ဒီနားလေးတင်.. အစ်ကို့အိမ်လိုက်ယူပါလား”

ကောင်လေးက ဝေခွဲရခက်သွားပုံရသည်။ သူ့ပုံစံက နောက်လူတစ်ယောက်ဆီက အကူညီထပ်တောင်းဖို့ကိုလည်း ဝန်လေးမည့်ပုံစံပင်။

“ဟို .. ဟို .. အစ်ကို့မှာ မပါလို့လား”

“အေးကွ .. အစ်ကို က ငွေသားသိပ်မကိုင်ဖြစ်လို့ .. အဲဒါကြောင့် .. “

ကောင်လေး ခေါင်းကုတ်သွားသည်။ ပြီးတော့ ..

“ဟုတ် .. ကျွန်တော် လိုက်ယူမယ်နော်”

အမှန်တကယ်တော့ အိမ်မှာ အဲဒီပိုက်ဆံ ၄၀၀ ရှိမရှိက သိပ်မသေချာဘူး။ ဒါပေမဲ့ ဒီပိုက်ဆံလောက်ကတော့ အိမ်ရှေ့က ချေးပြီးပေးပေးလို့ရသည်လို့ တွေးမိတာကြောင့် အိမ်ကိုခေါ်လာခဲ့ခြင်း ဖြစ်သည်။

“ညီလေးက ဘယ်လိုဖြစ်တာတုန်း”

“မပြောချင်ပါဘူးအစ်ကိုရာ .. ကျွန်တော့်ဘော်ဒါနဲ့လာတွေ့တာ။ ကျွန်တော်က အလာကားခပဲရှိတယ်။ သူနဲ့တွေ့ပြီး သူ့ဆီက ကားခပြန်ယူသွားမယ်လို့ စိတ်ကူးထားတာ။ သူ့အိမ်က သော့ကြီးခတ်ထားတယ်ဗျာ”

“ညီလေးက ဖုန်းကြိုမဆက်ဘူးလား”

“ဖုန်းက ပြင်ဆိုင်ပို့ထားရလို့။ ပြီးတော့ ဒီနေ့ကျမှ တစ်အိမ်လုံးသော့ခတ်သွားကြလို့။ အခြားအိမ်သားတစ်ယောက်ယောက်ရှိရင်တောင် အဆင်ပြေသေးတယ်”

“အေးပါ .. ဖြစ်တတ်ပါတယ်”

ကျွန်တော်လည်း အိမ်ရောက်တော့ အိမ်ရှေ့ကို လှမ်းကြည့်လိုက်သည်။ ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ အကြောင်းရင်းက ကျွန်တော့်အိမ်ရှေ့အိမ်ကလည်း သော့ကြီးခတ်ထားသောကြောင့်ပင်။ အရှက်တော့ ပိုကွဲပြီလို့ ကျွန်တော်တွေးမိသည်။ အိမ်ခေါ်လာပြီးမှ ကားခမပေးလိုက်ပြန်ရင်လည်း စော်ကားသလိုတောင်ဖြစ်သွားဦးမည်။ ခက်တော့ခက်ပြီ။

“လာ .. ညီလေး.. အိမ်ထဲ ခဏဝင်”

“ရတယ်.. အစ်ကို ကျွန်တော်မဝင်တော့ဘူး။ နောက်ကျမှာစိုးလို့”

“လာပါ .. ညီရ .. အေးဆေး .. ကော်ဖီလေးဘာလေးသောက်သွားပါဦး”

“ဗျာ .. “

ကျွန်တော်ကလည်း အချိန်ဆွဲလို့ ရလိုရငြား ခေါ်ကြည့်လိုက်တာ။ ကောင်လေးကလည်း အားနာတတ်ပုံရသည်။ အိမ်ထဲဝင်လာသည်။ ကော်ဖီလေးတစ်ထုတ်လောက်တော့ ကျန်ကောင်းပါတယ်ဆိုပြီး အခန်းထဲဝင်ရှာကြည့်တော့ ကော်ဖီထုတ်မတွေ့။ ချွေးပါပြန်လာသည်။ အုပ်ဆောင်းအောက်၊ ပန်းကန်စင်၊ ဘေစင်၊ နောက်ဆုံးရေချိုးခန်းထဲထိ သွားရှာကြည့်တာတောင် ကော်ဖီထုတ်ကိုမတွေ့။ ကော်ဖီမှ မဖျော်တိုက်နိုင်ရင် ပိုပြီး စော်ကားရာရောက်တော့မည်။ အကြံထုတ်ရင်းနဲ့ .. မီးပျက်နေတာကို သတိရသွားသည်။

“ညီလေးရေ .. မီးပျက်နေတော့ .. ရေနွေးတည်ဖို့.. ဖို့..ဖို့..”

စကားပင်မဆုံးလိုက် မီးကဖြတ်ကနဲဆို လာသည်။ သွားပြီ။ ဒီတစ်ခါတော့ အီးပီစီကို စိတ်ထဲကနေ ပျစ်ပျစ်နှစ်နှစ်ဆဲမိ၏။

“ညီလေး ခဏနော် အစ်ကိုရေနွေးလေးတည်လိုက်ဦးမယ်”

“အစ်ကိုရယ် .. တကူးတကကြီး .. မလုပ်ပါနဲ့”

“အေးဆေးပေါ့ .. ညီလေးရာ”

ကျွန်တော့်မှာ အနောက်ထဲမှာ ကော်ဖီထုတ်လေးများ တွေ့လိုတွေ့ငြားဆိုပြီး ရေနွေးတည်ရင်း ထပ်ရှာမိသည်။ ဒါပေမဲ့မတွေ့။ ရေနွေးကလည်း ဆူနေပြီ။ ကော်ဖီမတိုက်တော့ဘဲ ရေနွေးကြမ်းလောက်ဆိုလည်း ဖြစ်တာပဲဆိုပြီး လက်ဖက်ခြောက်ဘူးကို ကြည့်လိုက်တော့ ပြောင်သလင်းခါနေသည်။ ကျွန်တော်လည်း အသာလေး အပြင်ပြန်ထွက်လာပြီး ..

“ညီလေးရေ .. ကော်ဖီထုတ်တွေ ကုန်နေတယ်ကွ။ အဲဒါ အစ်ကိုသွားဝယ်လိုက်ဦးမယ်”

“ဟာ .. မဝယ်နဲ့တော့ အစ်ကို .. ရတယ် .. ရတယ်။ ကျွန်တော်လည်း ပြန်ဖို့ နောက်ကျနေပြီဆိုတော့လေ .. အဲဒါကားခလေးပဲ”

“အော်.. အေး .. အေး .. ပေးမယ်နော်”

ကျွန်တော် အခန်းထဲ ပြန်ဝင်လာသည်။ ကျွန်တော့်အိမ်မှာ ဝိုင်ဖိုင်ရော၊ တီဗီရော၊ ရေခဲသေတ္တာရော အိမ်ထောင်ပရိဘောဂအစုံရှိ၏။ ဒါကို ဒီကောင်လေးလည်း မြင်ထားမည်။ ပြဿနာက လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိတာပင်။ အခုလည်း မျက်နှာပူလို့သာ အခန်းထဲဝင်လာတာ ဘာဆက်လုပ်လို့လုပ်ရမယ်မှန်းမသိ။ နောက်ဆုံးမျှော်လင့်ချက်တစ်ခုတော့ရှိသည်။ မလျှော်ရသေးတဲ့ ဘောင်းဘီအိတ်ကပ်တွေကို ရှာကြည့်ဖို့ပင်။ တခါတလေ ၅၀၀ တန်လေးတစ်ရွက်လောက် ကပ်ပြီး ကျန်နေတတ်သည်။ ဒါကြောင့် လျှော်မယ့်ခြင်းထဲက ဘောင်းဘီအိတ်တွေကို လိုက်ဖြဲကြည့်နေမိသည်။
ဘောင်းဘီတစ်ထည်ရဲ့ အိတ်ကပ်ထဲမှာတော့ ခိုးလို့ခုလုဟာလေး တစ်ခုတွေ့တော့ ဝမ်းသာသွားသည်။ အားရပါးရနှိုက်ချလိုက်တော့ .. ထွက်ကျလာသည်။

“ဟင် .. ကွန်ဒုံးကြီး .. “

အဲဒီအချိန်မှာ ကောင်လေးက .. အခန်းအရှေ့ရောက်လာသည်။ ကျနော်က ပြုံးပြလိုက်သည်။ ကွန်ဒုံးကိုင်ထားပြီး ပြုံးပြလိုက်တဲ့ ကျွန်တော့်အပြုံးကို သူဘယ်လိုအဓိပ္ပာယ်ဖွင့်သွားသလဲ မသိ။ အခန်းရှေ့က ချာကနဲလှည့်ထွက်ပြီး ပြေးထွက်သွားလေတော့သည်။

“ညီလေး .. ညီလေး .. နေဦးလေ”

ခေါ်လည်း လုံးဝလှည့်မကြည့်တော့။ သွားပြီ ..ဆိုတာ ကျွန်တော် သိလိုက်သည်။ ဘာတတ်နိုင်မှာတုန်း။ လမ်းမှာကတည်းက ပွင့်ပွင့်လင်းလင်း မရှိဘူးပြောလိုက်ရင် ပြီးနေတာကို ဘာကိုအားနာလို့အားနာမှန်းမသိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဒေါသထွက်မိသည်။ အဲဒီလိုနှင့် အဝတ်လျှော်စရာရှိတာလျှော်၊ ရေချိုး၊ ရေခဲသေတ္တာထဲက ငံပြာရည်ကြော်လေးကိုထုတ်၊ မနက်ကချက်ထားပြီးကျန်တဲ့ ထမင်းကြမ်းနှင့် ဗိုက်ဖြည့်။ ပြီးတော့ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်မယ်ဆိုပြီး .. စိတ်ကူးနေတုန်း .. ဖုန်းဝင်လာသည်။

“ကိုကို .. “

“အင်း .. ပြောလေ .ချစ်”

“လိုင်းပေါ်တက်ခဲ့ဦး”

“ဘာလို့လဲ”

“အရေးကြီးလို့”

လိုင်းဖွင့်လိုက်တော့ .. ကောင်မလေးက မက်ဆင်ဂျာမှာ စကရင်ရှော့တွေ ပို့ထားသည်။

“လူတွေက အရမ်းကြောက်ဖို့ ကောင်းနေပြီ ..
ဘတ်စ်ကားခလေး အကူညီတောင်းတာကို အိမ်ခေါ်ပြီး စားဖို့အထိ ကြိုးစားနေကြပြီ”

အဆိုပါ စာသားနှင့် ကျွန်တော့်ပုံကြီး ကို စတေကာအုပ်ပြီး အကောင့်တစ်ခုက တင်ထားခြင်းဖြစ်သည်။ အောက်က စာတွေကို ဆက်ဖတ်ကြည့်တော့ ..

“ဒီနေ့ ကျွန်တော် စရိတ်လေးပြတ်သွားလို့ လမ်းမှာတွေ့တဲ့ အစ်ကိုတစ်ယောက်ဆီက ကားခလေးအကူညီတောင်းမိပါတယ်။ သူ့ပုံစံက ကူညီတတ်မယ့်ပုံစံဖြစ်နေတာကြောင့် အကူညီလေးတောင်းမိတာပါ။ ကျွန်တော့်ကို အိမ်လိုက်ယူဖို့ပြောတယ်။ ကျွန်တော်လည်း အော် .. သူ့လက်ထဲ မပါလို့ထင်ပြီး လိုက်သွားတယ်။ ကော်ဖီတိုက်မယ်ပြောတယ်။ ပြီးတော့ ကော်ဖီထုတ်ကုန်နေတယ်။ သွားဝယ်ပေးမယ်တဲ့။ ကျွန်တော်က မဝယ်နဲ့တော့ ကားခလေးပဲ ပေးပါပြောတော့ အခန်းထဲပြန်ဝင်သွားတယ်။ တော်တော်ကြာတဲ့အထိ ပြန်မထွက်လာလို့ အခန်းဝသွားကြည့်လိုက်တော့ .. လက်ထဲမှာလည်း ကွန်ဒုံးကြီးနဲ့ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်ပြီး ညီလေး လို့ ခေါ်လို့ အသက်လုပြေးခဲ့ရတယ်ဗျာ”

ဆိုပြီး တင်ထားတာဖြစ်သည်။ ကျွန်တော့်မှာ မျက်ရည်တွေဝဲတက်လာပြီး ဖုန်းကိုင်ထားတဲ့ လက်က တုန်ယင်လာသည်။ ပြီးတော့ .. ကောင်မလေးက စာထပ်ပို့သည်။

“ကိုကို က တကယ်ပဲ အဲဒီလိုမျိုးကြီးဆိုရင် .. ချစ်တို့ လမ်းခွဲကြမယ်နော်။”

“အေးဟယ် .. ညည်းသဘော ..ညည်းသဘော ..” ဆိုပြီး စာပြန်ပို့ကာ လိုင်းပိတ်၊ ဖုန်းပိတ်ပြီး အိပ်ချပစ်လိုက်တော့သည်။          ။

ခြူသစ်မောင်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ChuThitMg




Some text some message..