ကဝေပျံရှင်နှောင်း - အတွဲ (၃) အပိုင်း(၅)
lotaya.mpt.com.mm
|
2023-09-22

အခန်း (၁၀)

မယ်တော်အဖြစ် ပူပူနွေးနွေးဖြစ်သွားသည့်အချိန်မှာ မယ်တော်ဖြစ်ပြီး ဆယ်မိနစ်ပင်မကြာလိုက်ပေ ကဝေပျံဘိုးပြောင်၏ စိန်ခေါ်မှုကိုခံနေရပြီဖြစ်သည်။ ကဝေများ၏ စည်းကမ်းအရ လူတစ်ဦးတစ်ယောက်ကို မယ်တော်အဖြစ်တင်မြှောက်ရန်မှာ ကဝေများအားလုံးနှင့် မသက်ဆိုင်ဘဲ ကဝေပျံခြောက်ဦးနှင့်သာ သက်ဆိုင်သည်။ သို့သော်လည်း မယ်တော်နေရာကိုတပ်မက်သူ မည်သူမဆို မယ်တော်အားစိန်ခေါ်နိုင်ပြီး စိန်ခေါ်သူအနိုင်ရပါက ထိုသူအား မယ်တော်၊ ဘိုးတော်အဖြစ်လွှဲပြောင်းပေးရသည်မှာ ကဝေစည်းမျဉ်း နံပါတ်တစ်ဆယ့်သုံးအချက်ဖြစ်သည်။ ထိုစည်းမျဉ်းအတိုင်းပင် မယ်တော်အဆက်ဆက်အား ကဝေများက စိန်ခေါ်တိုက်ခိုက်ကြသော်လည်း မယ်တော်များ ရှုံးနိမ့်သည့် အစဉ်အလာမရှိခဲ့ပေ။

ရှင်နှောင်းက အရှေ့သို့ထွက်လိုက်ကာ ဘိုးပြောင်အရှေ့တွင် မားမားမတ်မတ်ရပ်လိုက်သည်။

"ရှင်စိန်ခေါ်တာကို ကျွန်မလက်ခံတယ် ဘိုးပြောင်"

ဘိုးပြောင်က ရယ်မောလျက်

"ကောင်းတာပေါ့၊ မယ်တော်ဆိုတာ အဲဒီလိုရဲရင့်ရမယ်"

ဘိုးပြောင်က တခြားကဝေပျံများဘက်သို့လှည့်လိုက်ပြီး

"ခင်ဗျားတို့က ကဝေပျံတွေလုပ်နေပြီးတော့ ဒီကလေးမလေး လောက်တောင် သတ္တိမရှိကြဘူး"

မယ်စိမ်းတို့က ရှင်နှောင်းအနားသို့တိုးကပ်လာသည်။

"ရှင်နှောင်း၊ မင်းအခုငြင်းလိုက်လို့လည်း မင်းကိုဘယ်သူမှ အပြစ်တင်မှာမဟုတ်ဘူး၊ မင်းက မနေ့တစ်နေ့ကမှ ဒီကိုရောက်လာတဲ့သူတစ်ယောက်ပဲ၊ မိုးပျံဂိုဏ်းခေါင်းဆောင် ဘိုးပြောင်နဲ့ မင်းယှဉ်နိုင်မှာမဟုတ်ဘူး"

အဘခင်က အနားသို့တိုးကပ်လာသည်။

"ဟုတ်တယ်ရှင်နှောင်း၊ မင်းစိန်ခေါ်တာကို လက်ခံလိုက်ပေမယ့် ပြိုင်ဆိုင်မယ့်ရက်ကို နည်းနည်းအနောက်ဆုတ်လိုက်လို့ရပါတယ်၊ ပြိုင်ပွဲရက်ကိုရွှေ့လိုက်စမ်းပါ၊ ငါမင်းကို ကဝေပညာတွေအများကြီး သင်ပေးမယ်"

တွေဝေနေသော ရှင်နှောင်း၏ လက်ကိုအရီးဒေါင်းကဆွဲလိုက်သည်။

"ဘခင်ပြောတာမှန်တယ်ရှင်နှောင်း၊ ဘွားမယ်သုန်ဘာဖြစ်သွားတယ်ဆိုတာ မင်းမျက်မြင်ပဲမဟုတ်လား၊ ဘိုးပြောင်က မင်းကိုအလျော့ပေးမှာမဟုတ်ဘူး"

ရှင်နှောင်းက အံကြိတ်လိုက်သည်။

"ဘွားမယ်သုန်ကြောင့်ပဲ ကျွန်မ သူ့ကိုပြိုင်ဖြစ်တာ၊ ဘွားမယ်သုန်အတွက် ဒီဘိုးပြောင်ဆိုတဲ့လူကြီးကို ကျွန်မပြန်ပြီးလက်စားချေမယ်"

"မင်းတို့ခေါင်းချင်းဆိုင်ပြီး ဘာလုပ်နေကြတာလဲ၊ ငါ့ကိုကောက်ကျစ်တဲ့နည်းနဲ့ အနိုင်ယူဖို့များ တိုင်ပင်နေတာလားကွ"

မယ်စိမ်းက အားလုံးကြားစေရန်အတွက် ကြေငြာလိုက်သည်။

"ပထမတိုက်ပွဲပြီးသွားတဲ့အတွက် ဆယ့်ငါးမိနစ်နားမယ်၊ ပြီးရင် ပြိုင်ပွဲပြန်စကြမယ်"

မယ်စိမ်းက ရှင်နှောင်းလက်ကိုဆွဲကာ အထူးတန်းပွဲကြည့်စင်ပေါ်သို့ပျံတက်သွားလိုက်သည်။

"မင်းသူ့ကိုနိုင်မယ်လို့ထင်လို့လားရှင်နှောင်း"

ရှင်နှောင်းက ခေါင်းခါလိုက်သည်။

"နိုင်တာ မနိုင်တာအရေးမကြီးဘူး၊ အရေးကြီးတာက ဘွားမယ်သုန်အတွက်လက်စားပြန်ချေဖို့ပဲ"

"မင်းရူးနေပြီကလေးမ"

ထိုအခါ ရှင်နှောင်းက သူ့လက်ပတ်နာရီကလေးကိုပြလိုက်သည်။

"ဘွားမယ်သုန်က သူမသေခင် ကျွန်မကိုတစ်ခုမှာခဲ့တယ်၊ ဟောဒီလက်ပတ်နာရီကလေးက အမှန်တရားကိုပြလိမ့်မယ်တဲ့၊ ကျွန်မတော့ ဘွားမယ်သုန်က ဘိုးပြောင်နဲ့ပြိုင်ဆိုင်တာဟာ မယ်တော်နေရာလိုချင်တာတစ်ခုထဲနဲ့ မဟုတ်လောက်ဘူး"

အားလုံးက လက်ပတ်နာရီကလေးကိုကြည့်လိုက်သည်။ မယ်စိမ်းက အထူးတန်းပွဲကြည့်စင်အား မည်သူမှ မမြင်တွေ့နိုင်စေရန်အတွက် အကာအကွယ်အစီအရင်တစ်ခုဖြင့် ဖုံးအုပ်ကာကွယ်လိုက်သည်။ သူတို့အရှေ့တွင် ရှိနေသော စားပွဲအပေါ်သို့ ရှင်နှောင်းက လက်ပတ်နာရီကလေးကိုချလိုက်သည်။ ထိုအခါ လက်ပတ်နာရီကလေးမှာ အလင်းရောင်များထွက်လာသည်။

"ဘွားမယ်သုန်က တစ်ခုခုဝှက်ထားခဲ့ပုံပဲ"

အလင်းရောင်များထဲတွင် ဘွားမယ်သုန်ပုံရိပ်က ပေါ်ပေါက်လာလေသည်။ ရှင်နှောင်းက ဘွားမယ်သုန်ကိုအော်ခေါ်နေသော်လည်း ဘွားမယ်သုန်က ကြားပုံမရပေ၊ မယ်စိမ်းက ရှင်နှောင်းလက်ကိုဆွဲထားလိုက်သည်။

"ဒါက မှော်ပုံရိပ်တစ်ခုပဲ၊ မှော်ပုံရိပ်ဆိုတာ တီဗွီလိုပဲ တစ်ဖက်ကပဲမြင်နိုင်တယ်၊ မင်းပြောတာကို သူကြားနိုင်မှာမဟုတ်ဘူး"

ဘွှားမယ်သုန်ပုံရိပ်က နှုတ်ခမ်းလှုပ်လာလေသည်။

"အရင်မယ်တော်က ငါနဲ့တစ်ခုတိုင်ပင်ဖူးတယ်၊ အဲဒါက ဘာလဲဆိုတော့ ဟောဒီကဝေပျံတွေထဲမှာ သစ္စာဖောက်တစ်ယောက်ရှိနေနိုင်တယ်တဲ့၊ ဒါကြောင့်မို့ သူက ငါ့ကိုအစီအစဉ်တစ်ခုချသွားပေးခဲ့တယ်၊ အဲဒါကတော့ သူသေဆုံးသွားတဲ့အခါမှာ ကဝေပျံတွေကို လေ့လာဆန်းစစ်ပြီး သစ္စာဖောက်ကို ဖော်ထုတ်ဖို့ပဲ၊ အမျှော်အမြင်ကြီးမားတဲ့ မယ်တော်က လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဒီအကြောင်းကိုရိပ်မိခဲ့တာပဲ"

"အခု ဘိုးပြောင်ကို ငါမသင်္ကာဘူး၊ ဘိုးပြောင်က ငါတို့ရခဲ့တဲ့ သက်သေကိုဖျက်ဆီးတယ်၊ နောက်ပြီးတော့ ဘိုးတော်အရမ်းဖြစ်ချင်နေတယ်၊ ဒါကြောင့် ငါမသင်္ကာတဲ့အတွက် ငါသူနဲ့ပြိုင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာပဲ၊ သူနဲ့ပြိုင်ဆိုင်လိုက်ရင် သူကစွမ်းအင်တွေထုတ်သုံးရလိမ့်မယ်၊ သူသုံးတဲ့စွမ်းအင်တွေကို ငါ့ရဲ့ခြေရာခံတဲ့ ကဝေအတတ်နဲ့ ခြေရာခံပြီးတော့ သူကတကယ်သစ္စာဖောက်ဟုတ်မဟုတ်ကို ဖော်ထုတ်ဖို့ပဲ၊ ဒါကြောင့် ငါသူနဲ့တိုက်ခိုက်ဖို့ရွေးချယ်လိုက်တာ"

"ငါအခုသူနဲ့တိုက်ရတော့မယ်၊ ငါသူနဲ့တိုက်တဲ့အခါ သူ့ရဲ့မှော်ပညာအသုံးပြုမှုတွေကို သုတေသနလုပ်ပြီး စစ်ဆေးကြည့်မယ်၊ သူ့စွမ်းအင်တွေရဲ့ အတိမ်အနက်ကိုခန့်မှန်းမယ်၊ ငါသေသွားခဲ့တယ်ဆိုရင်တောင်မှ ဒီနာရီကလေးထဲမှာ ငါ့ရဲ့စမ်းသပ်ချက်အဖြေကိုထည့်ထားပေးခဲ့မယ်"

ထို့နောက် ဘွားမယ်သုန်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ မကြာခင် နာရီကလေးက လင်းလက်လာပြန်သည်။ ဒီတစ်ခါတော့ ဘွားမယ်သုန်၏ ပုံရိပ်ကိုမမြင်ရတော့ဘဲ တုန်ယင်နေသည့် ဘွားမယ်သုန်၏ အသံကိုသာကြားရသည်။

"ငါထင်တာမှန်တယ်၊ ဘိုးပြောင်က သစ္စာဖောက်ပဲ၊ သူက ကဲရိသဆိုတဲ့လူနဲ့ ပူးပေါင်းနေတယ်၊ နောက်ပြီး သောမာဂိုဏ်းအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်နေတယ်၊ သူ၊ သူက ငါတို့မယ်တော် ရှင်ထိပ်တင်ကို သတ်ခဲ့တာပဲ"

ဘွားမယ်သုန်အသံများက တုန်ယင်ကာ ကွယ်ပျောက်သွားလေသည်။ ကဝေပျံများအားလုံး ထိတ်လန့်နေကြသည်။

"ဘွားမယ်သုန်က သူ့အသက်ကိုတောင်စတေးပြီး ဒီသစ္စာဖောက်ကို ဖော်ထုတ်ခဲ့တာပဲ"

ရှင်နှောင်းက ရေရွတ်လိုက်ပြီး အခန်းအပြင်သို့ထွက်ရန်ကြိုးစားလိုက်သည်။ အဘခင်က ရှင်နှောင်းလက်ကိုဖမ်းဆွဲလိုက်သည်။

"မင်းဘာလုပ်မလို့လဲရှင်နှောင်း"

"ဘာလုပ်ရမလဲအဘခင်၊ ဒီနာရီကိုလူတိုင်းမြင်အောင်ပြမယ်၊ ပြီးတော့ ဘိုးပြောင်က သစ္စာဖောက်ဆိုတာကို အားလုံးသိအောင်ဖွင့်ချပြမယ်"

အဘခင်က သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။

"ဒီလိုလုပ်လို့မဖြစ်သေးဘူး ရှင်နှောင်း"

ကဝေပျံများက တစ်ခုခုကိုလေးလေးနက်နက်တွေးနေပုံရသည်။ ထိုသို့ အေးတိအေးစက်နိုင်လှသည်ကို ရှင်နှောင်းက မကျေနပ်ပေ။

"ရှင်တို့ဘာတွေကြောက်နေတာလဲ၊ ဘွားမယ်သုန်က သူ့အသက်ကိုစတေးပြီးတော့ ဘိုးပြောင်ရဲ့သရုပ်မှန်ကို ဖော်ထုတ်သွားပေးခဲ့တယ်၊ ရှင်တို့သုံးယောက်က သစ္စာဖောက်ကြီးတစ်ယောက်လုံးကို သိနေတာတောင်မှ သူ့ကိုမဖော်ထုတ်ဝံ့လောက်အောင် ကြောက်နေကြတာလား"

"ဒီကိစ္စက မင်းထင်သလောက်မလွယ်ဘူးရှင်နှောင်း"

အရီးဒေါင်းက ဝင်ပြောသည်။

"ရှင်တို့အတွက် ဘာတွေများခက်ခဲနေလို့လဲ"

မယ်စိမ်းက ရှင်နှောင်းပုခုံးကို ကိုင်လိုက်ပြီး

"စိတ်အေးအေးထားစမ်းပါ ရှင်နှောင်း၊ မင်းစိတ်လိုက်မာန်ပါလုပ်မှ ပြဿနာတွေက ပိုဆိုးလာမယ်၊ ငါတို့ ဘိုးပြောင်က သစ္စာဖောက်ဆိုတာ သိပေမယ့် သူ့ကိုချက်ချင်းဖော်ထုတ်လို့မဖြစ်သေးဘူး"

မယ်စိမ်းက လက်တစ်ချောင်းထောင်လိုက်သည်။

"တစ်အချက်ကတော့ ဘိုးပြောင်က မိုးပျံဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်နေတယ်၊ မိုးပျံဂိုဏ်းဆိုတာ သွေးသစ်ဂိုဏ်းလောက် လူမများပေမယ့် ကဝေတွေအားလုံးက အထက်တန်းစား အဆင့်မြင့်ကဝေတွေချည်းပဲ၊ ဒီတော့ ဘိုးပြောင်မွှေရင် ဂိုဏ်းတွေအချင်းချင်း မသင့်မမြတ်ဖြစ်ကုန်မယ်"

မယ်စိမ်း၏ အဖြေကို ရှင်နှောင်းက မကျေနပ်ပေ။

"ဒါပေမယ့် ဟောဒီသက်သေကြီးတစ်ခုလုံးရှိနေတယ်လေ"

"မင်းရဲ့သက်သေက ငါတို့အတွက်ကောင်းတယ်ဆိုပေမယ့် ဒီအချိန်မှာ ဘယ်သူမှယုံမှာမဟုတ်ဘူးကွ၊ ဘာလို့လဲဆိုတော့ မင်းက ဘိုးပြောင်နဲ့တိုက်ခိုက်မယ်ဆိုပြီး ပြောထားတဲ့သူမဟုတ်လား၊ ဒီအချိန်မှာ သက်သေချပြပြီး ဘိုးပြောင်ကို သစ္စာဖောက်လို့ ပြောတာက မင်းက ဘိုးပြောင်ကိုအနိုင်မတိုက်နိုင်လို့ တမင်ဇာတ်လမ်းဆင်တယ်လို့ အားလုံးကထင်သွားနိုင်တယ်"

"ဒါဆို ဘွားမယ်သုန်က ဘာမှမဟုတ်တာအတွက် အသက်ပေးလိုက်ရတာလား"

"ဒီလိုလည်းမဟုတ်သေးဘူးရှင်နှောင်း၊ မင်းက ဒီကိုရောက်တာရက်ပိုင်းပဲရှိပါသေးတယ်၊ ဘွားမယ်သုန်ဆိုတာ ငါတို့ကလေးဘဝကတည်းက ရင်းနှီးခဲ့ရတဲ့သူပါ၊ သူသေသွားတာ အချည်းနှီးမဖြစ်စေရဘူးလို့ ငါအာမခံတယ်၊ အခုတော့ ငါတို့စိတ်ကိုလျော့ထားပြီး ဘာလုပ်သင့်သလဲဆိုတာကို အေးအေးဆေးဆေးတိုင်ပင်မှရမယ်၊ နောက်ပြီးတော့ ဘိုးပြောင်သစ္စာဖောက်ဆိုတာကို လူအများယုံကြည်ဖို့က မင်းရဲ့နာရီထက် ပိုပြီးခိုင်လုံတဲ့ သက်သေတွေလိုအပ်တယ်"

"ဒီအချိန်မှာ ဒီထက်ပိုပြီးအရေးကြီးတာ တစ်ခုရှိတယ်"

အဘခင်က ပြောဆိုရင်း ပြိုင်ပွဲကွင်းအတွင်းသို့ဝင်လာသည့် ဘိုးပြောင်ကိုလက်ညှိုးထိုးပြလိုက်သည်။ ဘိုးပြောင်က အကာအကွယ်အစီအရင်လုပ်ထားသည့် ပွဲကြည့်စင်ကိုကြည့်လိုက်ပြီးနောက်

"ကျုပ်သာ ရွှေတောင်ရွာမှာ အစွမ်းအရှိဆုံး၊ ကျုပ်သာ ဘိုးတော်ဖြစ်ရမယ်၊ ရွှေတောင်ရွာကြီးကို မိုးပျံဂိုဏ်းသားတွေပဲ အုပ်စိုးရမယ်ကွ"

ဘိုးပြောင်က အော်ဟစ်လိုက်သည့်အခါ မိုးပျံဂိုဏ်းသားများက တစ်ခဲနက်အားပေးလိုက်ကြသည်။ အဘခင်က ရှင်နှောင်း၏ ဘယ်ဖက်လက်ဝါးကို ဆုပ်ကိုင်လိုက်သည်။

"မင်းမှာ တိုက်ခိုက်ရေးအတတ်တွေ မတတ်သေးဘူး၊ ဒီတော့ ငါမင်းကို တိုက်ခိုက်ရေးမှော်စက်ဝန်း ရေးဆွဲပေးမယ်၊ တိုက်ခိုက်ရေးနည်းလမ်းတစ်ချို့သင်ပေးမယ်"

ရှင်နှောင်းက သူ့လက်ကိုရုတ်သိမ်းလိုက်သည်။

"အချိန်မမီတော့ဘူး အဘခင်၊ ဘိုးပြောင်ကို ကျွန်မက အသုံးချတည်ဆောက်မှုအတတ်ပညာတွေနဲ့ပဲ အနိုင်ယူတိုက်ခိုက်မယ်"

ရှင်နှောင်းက ညာဖက်လက်ဖဝါးကိုဖြန့်ပြလိုက်သည့်အခါ အဝါရောင်စက်ဝိုင်းကြီးက အလင်းတန်းများထွက်ပေါ်လာလေသည်။ အဘခင်၊ အရီးဒေါင်းနှင့် မယ်စိမ်းတို့မျက်နှာတွင်တော့ ရှင်နှောင်းအား အလွန်စိတ်ပူသည့်အရိပ်အယောင်များ ဖုံးလွှမ်းထားသည်။ မယ်စိမ်းက အစိမ်းရောင်စက်ဝန်းတစ်ခုကိုဖန်တီးလိုက်ပြီး ရှင်နှောင်းရင်ဘတ်တွင်ကပ်ပေးလိုက်သည်။

"ဒါက အသက်အန္တရာယ်ကာကွယ်ရေး အဆောင်ပဲ၊ မင်းကို အသက်ဘေးကနေ တစ်ကြိမ်ကာကွယ်ပေးနိုင်လိမ့်မယ်"

အဘခင်က ရှင်နှောင်းအား မျှော်လင့်တကြီးကြည့်လိုက်သည်။

"ရှင်နှောင်း၊ မင်းကိုငါတို့ယုံကြည်တယ်၊ ဒီသစ္စာဖောက်ကောင် ဘိုးတော်ဖြစ်ရင် ငါတို့ရွာကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"

"စိတ်ချပါအဘခင်၊ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်"

ရှင်နှောင်းက ပြိုင်ပွဲကွင်းအတွင်းသို့ ဆင်းသွားလေသည်။ မယ်စိမ်းက အလွန်စိတ်လှုပ်ရှားနေသည်။

"ဒီပွဲက ဘယ်လိုဖြစ်မလဲ အဘခင်"

အဘခင်က ခေါင်းခါလိုက်သည်။

"ဒီကလေးမရဲ့ ကံတရားကိုပဲ အားကိုးရတော့မယ်ထင်ပါတယ်ကွာ"

အခန်း (၁၁)

ပြိုင်ပွဲကွင်းကြီးအတွင်းသို့ ရှင်နှောင်းဝင်လိုက်သည်နှင့် ပရိသတ်များအားလုံးကို တစ်ခဲနက်အော်ဟစ်အားပေးလိုက်သည်။ ရှင်နှောင်းမှာ ကောင်းမွန်သည့်အစဉ်အလာရှိခဲ့ပြီး ကဝေများအကုန်လုံး အားကျရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်မို့ အခုလည်း အားလုံးက သူ့ကိုအားပေးနေကြလေသည်။ ဘိုးပြောင်ပင် ရှင်နှောင်းကိုကြည့်ပြီး မနာလိုဖြစ်နေမိသည်။

"ကဲ ရှင်နှောင်း၊ ကျုပ်က စိန်ခေါ်သူဆိုတော့ ထုံးစံအတိုင်း ဘယ်လိုနည်းနဲ့ပြိုင်မလဲဆိုတာကို ကျုပ်ရွှေးချယ်မယ်"

"ကောင်းပြီလေ"

"ကျုပ်က တစ်လှည့်စီတိုက်ခိုက်တဲ့နည်းလမ်းကို ရွေးချယ်မယ်၊ အရင်ဆုံး သေတဲ့လူက အရှုံးပဲ၊ ဒါမှမဟုတ် အရင်ဆုံးအရှုံးပေးတဲ့သူက အရှုံးပဲ"

ပရိတ်သတ်များက အံ့အားသင့်သွားကြသည်။ ရှင်နှောင်းကတော့ ခပ်ထေ့ထေ့ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ရှင်ပြောတာကို သဘောတူတယ်"

"ကဝေပညာပြိုင်ပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် အသက်အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ မင်းသိပြီးဖြစ်မှာပါ ကလေးမ၊ ဒီပွဲမှာ မင်းသေသွားနိုင်တယ်နော်"

"ရှင်လည်း ထိုနည်းလည်းကောင်းပါပဲ"

ဘိုးပြောင်ဒေါသထွက်သွားသည်။

"မျက်ကန်း တစ္ဆေမကြောက်ဆိုသလိုပဲ ငါဘယ်လောက်စွမ်းသလဲဆိုတာ မင်းကမသိတော့ ငါ့ကိုမကြောက်ဘူးပေါ့၊ ဟုတ်လား"

ရှင်နှောင်းက ပြီတီတီမျက်နှာထားနှင့်

"ကျွန်မက ကြောက်စရာကောင်းတဲ့လူကိုမှ ကြောက်တာရှင့်၊ ရှင့်လို နဖူးပြောင်ပြောင်နဲ့ ရယ်စရာရုပ်ပေါက်နေတဲ့သူကို ကျွန်မက ကြောက်မလား"

ဘိုးပြောင်အလွန်ဒေါသထွက်နေပြီး တရှူးရှူးတရှဲရှဲဖြစ်သွားသည်။

"အပိုတွေမပြောနဲ့တော့၊ ဒီတစ်ခါ ငါတိုက်ရမယ့်အလှည့်၊ မင်းခံနိုင်ရင် ခံစမ်း"

ဘိုးပြောင်က လေပေါ်သို့ပျံတက်သွားလေသည်။ လက်နှစ်ဖက်ကိုလေပေါ်သို့မြှောက်တင်လိုက်ပြီး

"တစ်ရာ့တစ်ကွက် စက်လက်နက်ကွ"

ဘိုးပြောင်က အပြာရောင်မှော်စက်ဝန်းကြီးတစ်ခုကိုဖန်တီးလိုက်ပြီး ထိုစက်ဝန်းအတွင်းမှ တစ်ရာ့တစ်စင်းသော အပြာရောင်စက်လက်နက်များသည် ဝဲပျံထွက်လာလေသည်။ ရှင်နှောင်းက မည်သို့ပြန်လည်ခုခံရမည်ကိုတွေးနေလိုက်စဉ်မှာပင် စက်လက်နက်များက လျှင်မြန်စွာပျံသန်းလာကာ ရှင်နှောင်းအားထိမှန်သွားလေသည်။ သို့သော် မယ်စိမ်း၏ အကာအကွယ်ကြောင့် ရှင်နှောင်းအားတိုက်ရိုက်မထိဘဲ အကာအကွယ်အစီအရင်နှင့်ထိတွေ့ကာ ပေါက်ကွဲသွားလေသည်။ သို့သော်လည်း စက်လက်နက်များပေါက်ကွဲသည့်အရှိန်ကြောင့် ရှင်နှောင်းမှာအနောက်သို့လွင့်ထွက်သွားသည်။ သူ့ရင်ဘတ်မှ အစီအရင်ကလည်း ပျက်ပျယ်သွားလေသည်။

မယ်စိမ်းမှာ ကိုယ့်နဖူးကိုယ်ပုတ်လိုက်မိသည်။

"သွားပြီရှင်နှောင်းရာ၊ မင်းက ခုခံတဲ့ကဝေအတတ်ကိုတောင်မှ ထုတ်မသုံးလိုက်နိုင်ပါလား"

ပေါက်ကွဲသည့်အရှိန်ကြောင့် ရှင်နှောင်းတစ်ကိုယ်လုံး ပွန်းပဲ့သည့် ဒဏ်ရာများရရှိသွားလေသည်။ ဘိုးပြောင်က ရှင်နှောင်းအား လက်ညှိုးထိုးကာ ခွက်ထိုးခွက်လန်ရယ်မောနေလေသည်။

"မင်းက သိပ်အပြောကြီးတဲ့ကောင်မလေးပဲ၊ ခုခံတဲ့အတတ်ကိုတောင် မင်းမထုတ်နိုင်ခဲ့ဘူး၊ ဒီတော့ မင်းတစ်လှည့်အောက်သွားပြီ"

ရှင်နှောင်းမျက်လုံးများပြူးကျယ်သွားသည်။

"စည်းမျဉ်းအရ တစ်ဖက်ကတိုက်ခိုက်တဲ့အတတ်ကိုထုတ်တဲ့အချိန်မှာ တစ်ဖက်က ခုခံတဲ့အတတ်ကိုထုတ်ရမယ်၊ မထုတ်နိုင်ခဲ့ရင် တစ်လှည့်အောက်တယ်၊ ဒီတော့ အခုလည်း ငါတိုက်ခိုက်ရမယ့်အလှည့်ပဲ"

လူအများက ရှင်နှောင်းကိုကြည့်ကာ စိတ်ပျက်နေကြသည်။ ဘိုးပြောင်တိုက်ခိုက်သည့် ပထမတိုက်ကွက်ကိုပင် မရှောင်တိမ်း၊ မကာကွယ်နိုင်ခဲ့သည့်အတွက် ရှင်နှောင်းကိုစိတ်ပျက်နေကြခြင်းဖြစ်သည်။ ရှင်နှောင်းက မတ်တပ်ရပ်လိုက်ပြီး အသက်ကို၀၀ရှုသွင်းနေလိုက်သည်။ ဘိုးပြောင်က နောက်တစ်ကြိမ်ထပ်မံ၍ မိုးပေါ်ပျံတက်သွားလိုက်သည်။

"ပထမတိုက်ကွက်ကို မင်းမခုခံနိုင်ခဲ့ဘူး၊ မယ်စိမ်းရဲ့အကာအကွယ်ကြောင့် မင်းမသေတာကံကောင်းတာပဲ၊ ကဲ ဒီတစ်ကြိမ်တော့ ရှောင်နိုင်ရင် ရှောင်စမ်းဟေ့"

"ဒီတစ်ခါတော့ ပစ်မလွှဲမြားကိုးစင်းထုတ်မယ်"

ဘိုးပြောင်လက်ထဲမှ မြားကိုးစင်းထွက်ပေါ်လာကာ လေပေါ်တွင်ဝဲပျံနေလေသည်။ မြားတံကြီးများမှာ တစ်လံခန့်ရှိပြီး အပြာလဲ့ရောင်ထွန်းလင်းတောက်နေလေသည်။ ဘိုးပြောင်က ရှင်နှောင်းကိုလက်ညှိုးဖြင့်ထိုးလိုက်သည့်အခါ မြားတံကြီးများက ရှင်နှောင်းဆီသို့ ပြေးဝင်လာကြသည်။

ရှင်နှောင်းက အကြံထုတ်နေမိသည်။ အမှန်တော့ ခုခံသည့်ကဝေအတတ်များကို သူတစ်ခုမှမတတ်ပေ။ ထိုစဉ်မှာပင် ကောင်းကင်ယံမှ မီးတောက်မီးလျှံများတောက်လောင်နေသည့် မီးငှက်ကြီးတစ်ကောင်ဆင်းသက်လာလေသည်။ မီးငှက်ကြီးက ရှင်နှောင်းအားကုတ်ချီလိုက်ပြီး သူ့လည်ပင်းပေါ်သို့ ပစ်တင်လိုက်သည်။ ရှင်နှောင်းအံ့သြနေမိစဉ်မှာပင် မြားတံကြီးများက မီးငှက်ကြီးထံသို့ ပြေးဝင်လာသည်။ မီးငှက်ကြီးမှာ ပြိုင်ပွဲကွင်းကြီးကို လှည့်ပတ်ပြေးလွှားနေလေသည်။ မြားတံကိုးစင်းကလည်း မီးငှက်ကြီးအနောက်သို့ တစိုက်မတ်မတ်လိုက်နေလေသည်။ ရှင်နှောင်းက ဘိုးပြောညင်ကိုကြည့်လိုက်သည့်အခါ ဘိုးပြောင်က သူ့လက်ညှိုးဖြင့် ရှင်နှောင်းအားထိုးကာ လိုက်လံချိန်ရွယ်နေလေသည်။

"ဧကန္တ သူငါ့ကိုလက်ညှိုးညွှန်နေလို့များ၊ ငါ့အနောက်ကိုလိုက်နေတာလား"

ရှင်နှောင်းက လက်ထဲမှ အဝါရောင်စက်ဝန်းကိုထုတ်လိုက်ကာ မှန်တစ်ချက်ကိုဖန်တီးလိုက်ပြီး ဘိုးပြောင်အရှေ့သို့ ထိုမှန်ကြီးကို ပစ်သွင်းလိုက်သည်။ မှန်မှာကြည့်မှန်ကြီးတစ်ချပ်ဖြစ်ပြီး ဘဲဥပုံစံ ကိုယ်လုံးပေါ်မှန်ကြီးဖြစ်သည်။ ရုတ်တရက်ဘိုးပြောင်ရှေ့တွင် မှန်ချပ်ကြီးပေါ်သွားသည်မို့ ဘိုးပြောင်လန့်သွားသည်။ ထိုစဉ် ကြည့်မှန်ထဲမှ သူ့အရိပ်ကိုသူ လက်ညှိုးပြန်ထိုးလိုက်မိသည်။

"ဟိုက်၊ သွားပြီ"

မြားတံကြီးများက ဘိုးပြောင်ထံသို့ အလျှင်အမြန်ပြေးဝင်လာသည်။ မှန်ချပ်ကြီးကို မြားတံများက ဖောက်ဝင်သွားပြီး ဘိုးပြောင်အနောက်သို့လိုက်လေသည်။ ဘိုးပြောင်က စက်လက်နက်ကိုးခုကို ဖန်တီးလိုက်ပြီး သူဖန်တီးခဲ့သည့် မြားတံများကို သူကိုယ်တိုင်ဖျက်ဆီးလိုက်ရတော့သည်။

"တယ်၊ ဒီကောင်မလေးတော့"

ရှင်နှောင်းက မီးလျှံငှက် ပေါ်မှခုန်ဆင်းလိုက်သည်။ ကြီးမားသည့် မီးလျှံငှက်ကြီးမှာ ရှင်နှောင်းခေါင်းပေါ်တွင် အတော်ပံဖြန့်လျှက် အော်ဟစ်လိုက်လေသည်။

"ဟာ အဲဒါ ဒဏ္ဍာရီထဲက မီးလျှံငှက်လား"

ပရိသတ်များ အံ့အားသင့်စွာဖြင့် ရေရွတ်နေကြသည်။

"ဒီတစ်ခါ ကျွန်မတိုက်ရမယ့် အလှည့်ပေါ့"

မီးလျှံငှက်က ကောင်းကင်ပေါ်သို့ပျံတက်သွားပြီး သူ့နှုတ်သီးမှ မီးလုံးများကိုအန်ချလိုက်သည်။ ထို့နောက် အတောင်ပံများ၊ အမြီးများဖြင့် ထိုမီးလုံးများကို ဘိုးပြောင်ဆီသို့ ပုတ်ထုတ်လိုက်လေရာ မီးလုံးများမှာ လျင်မြန်သည့်အရှိန်အဟုန်ဖြင့် ဘိုးပြောင်ထံပြေးဝင်သွားကြသည်။ ဘိုးပြောင်က အပြာရောင်စက်လုံးကြီးကို ဖန်တီးလိုက်ပြီး သူ့ကိုယ်သူလွှမ်းခြုံလိုက်ကာ ကာကွယ်နေလိုက်သည်။ မီးလုံးများက ဘိုးပြောင်၏ အကာအကွယ်စက်လုံးကြီးနှင့် ထိသည့်အခါ တစ်ဝုန်းဝုန်းနှင့် ပေါက်ကွဲကုန်ကြသည်။ မီးလုံးများ ကုန်ခမ်းသွားသည့်အခါ မီးလျှံငှက်က မိုးပေါ်သို့အလွန်မြင့်မားစွာ ပျံသန်းလိုက်ပြီးနောက် ပြင်းထန်လှသည့်အဟုန်ဖြင့် ဘိုးပြောင်ဆီသို့ တစ်ဟုန်ထိုးဆင်းချလာလေသည်။

ဘိုးပြောင်အား မီးလျှံငှက်က ဝင်တိုက်လိုက်သည့်အခါ ဘိုးပြောင်၏ အကာအကွယ်စက်လုံးကြီးမှာ ပေါက်ကွဲထွက်သွားပြီး ဘိုးပြောင်လည်း လွင့်စင်သွားရသည်။ ဘိုးပြောင်အဝတ်အစားများကို မီးတောက်မီးလျှံများက တိုက်စားသွားသဖြင့် အဝတ်အစားများမီးကျွမ်းကာ ပေါက်ပြဲကုန်သည်။ ဘိုးပြောင်တစ်ကိုယ်လုံးမှလည်း မီးခိုးငွေ့များတထောင်းထောင်းနှင့် ထွက်ပေါ်နေသည်။

ဘိုးပြောင်မှာ မီးလျှံငှက်ကြီးကိုတွေ့ပြီး တော်တော်ထိတ်လန့်သွားမိသလို ရှင်နှောင်းကိုလည်း အထင်မသေးရဲတော့ပေ။

"ဒီကောင်မလေးက လူသာငယ်ပေမယ့် မှော်စွမ်းအင်တွေကြီးမားလှချည်လား"

"ဘိုးပြောင် ရှင့်ဆံပင်တွေ မီးလောင်နေပြီ"

ရှင်နှောင်းက ပြောလိုက်သဖြင့် ဘိုးပြောင်က သူ့နောက်စေ့ရှိဆံပင်များကို မီးငြိမ်းနေလေသည်။ ရှင်နှောင်းက အားရစွာရယ်မောလျှက်

"ဘိုးပြောင် ရှင်အဲဒီဆံပင်တွေသာ ပြောင်သွားလို့ကတော့ လူတွေက ရှင့်ကိုဘိုးပြောင်လို့မခေါ်တော့ဘဲ ဘိုးကတုံးလို့ ပြောင်းခေါ်ကြမှာ"

ဘိုးပြောင်မှာ ရှင်နှောင်း၏ စကားများကြောင့် ပိုမိုဒေါသထွက်နေရသည်။ ရှင်နှောင်းကလည်း ဘိုးပြောင်ဒေါသထွက်နေမှန်းသိသည်မို့ တမင်ပြောဆိုနေခြင်းဖြစ်သည်။ အဘခင်က ရှင်နှောင်းအဖြစ်ကိုမြင်သည့်အခါ သဘောကျပြီးပြုံးနေလေသည်။

"ဒီကောင်မလေးက မခေဘူးကွ၊ ကိုယ်တိုက်ခိုက်မယ့်လူရဲ့ အားနည်းချက်ကိုသိတယ်၊ ဘိုးပြောင်ရဲ့အားနည်းချက်က ဒေါသထွက်လွယ်တာပဲ၊ ဒေါသကြီးရင် မှားတတ်တယ်ဆိုတဲ့စကားအတိုင်း မကြာခင် ဘိုးပြောင်တစ်ယောက် အမှားတွေလုပ်မိမှာ မြင်ယောင်သေးတယ်"

လူအများရှေ့တွင် အရှက်ခွဲခံရသဖြင့် ဘိုးပြောင်ပိုပြီးဒေါသထွက်ရခြင်းဖြစ်သည်။

"ဒီတစ်ခါ ငါ့အလှည့်ပေါ့ကွာ၊ ဒီတစ်ကြိမ်တော့ မင်းသေစေရမယ်ဟေ့"

ဘိုးပြောင်က သူ့လက်နှစ်ဖက်ကို ပူးလိုက်ကာ မှော်စက်ဝန်းအစိမ်းကြီးတစ်ခုကိုဖန်တီးလိုက်သည်။ မိုးပျံဂိုဏ်းမှာ မှော်စက်ဝန်းအပြာရောင်ကိုသာ အသုံးပြုသော်လည်း ယခုဘိုးပြောင်က မှော်စက်ဝန်းအစိမ်းထုတ်လိုက်သဖြင့် အားလုံးက အံ့သြနေလေသည်။ မှော်စက်ဝန်းအတွင်းမှ အရိုးခေါင်းကြီးတစ်ခုက တဖြည်းဖြည်းထွက်ပေါ်လာပြီး ကြီးမားလာလေသည်။ အရိုးခေါင်းကြီး၏ မျက်လုံးပေါက်တွင် အနီရောင်အလင်းရောင်များ လင်းလက်နေသလို၊ အရိုးခေါင်းကြီးတစ်ခုလုံးလည်း မီးခိုးရောင်အခိုးငွေ့များက လျှံတက်နေလေသည်။

"ဒါ၊ ဒါ သောမာဂိုဏ်းသားတွေ အသုံးပြုတဲ့ ဇီဝန်ချွေအရိုးခေါင်းပဲ"

မယ်စိမ်းက ရေရွတ်လိုက်သည်။ ပရိသတ်များကလည်း ဘိုးပြောင်သုံးသည့်အတတ်ပညာအပေါ် ဝိုင်းပြီးဝေဖန်နေကြသည်။ ဘိုးပြောင်ကတော့ ဝေဖန်ချက်များကို ဂရုမစိုက်ဘဲ ဇီဝန်ချွေအရိုးခေါင်းကြီးထဲတွင် ရှိသမျှ မှော်စွမ်းအင်များကို စုပေါင်းထည့်လိုက်ကာ ရှင်နှောင်းထံသို့ ပစ်ခတ်လိုက်တော့သည်။

အရိုးခေါင်းကြီးက အလွန်မြန်ဆန်စွာပျံသန်းလာရာ ရှင်နှောင်းဘာမှလုပ်ချိန်မရလိုက်တော့ဘဲ သူ့မျက်နှာထံသို့ တန်းတန်းမတ်မတ်ပြေးဝင်လာသည်။ ရှင်နှောင်းကလည်း အရိုးခေါင်းကြီးကို စိုက်ကြည့်နေလိုက်သည်။ အရိုးခေါင်းကြီးမှာ ရှင်နှောင်း၏ နှာခေါင်းနှင့် ထိလုဆဲဆဲတွင် ရပ်တန့်သွားလေသည်။ ရှင်နှောင်းက အရိုးခေါင်းကြီးအား စိုက်ကြည့်မြဲ စိုက်ကြည့်နေလေသည်။ အရိုးခေါင်းကြီးမှာ တဖြည်းဖြည်းတုန်ခါလာပြီးနောက် တစ်ဖက်သို့ပြန်လည်သွားသည်။

ဘိုးပြောင်၏ နဖူးပြောင်ပြောင်ကြီးမှ ချွေးသီးချွေးပေါက်များကျဆင်းနေလေသည်။ အရိုးခေါင်းကြီးက သူ့အားပြန်ကြည့်ပြီးနောက် သူ့ထံသို့ ပြေးဝင်လာတော့သည်။ ဘိုးပြောင်လည်း ကြောက်ကြောက်လန့်လန့်နှင့် အပြာရောင်အလင်းတန်းများကို အရိုးခေါင်းကြီးဆီသို့ ပစ်ခတ်သော်လည်း အရိုးခေါင်းကြီးမှာ ဘာမှမဖြစ်ဘဲ အရှိန်နှင့်ပြေးဝင်လာလေသည်။ ဘိုးပြောင်နှင့် မထိခင် လက်တစ်ကမ်းအလိုတွင်တော့ ဝုန်းခနဲပေါက်ကွဲသွားသည်။

ဘိုးပြောင်က အလွန်ထိတ်လန့်တုန်လှုပ်နေလေသည်။ ဇောချွေးများလည်း ပြန်နေသည်။

"မဖြစ်နိုင်ဘူး၊ ဇီဝန်ချွေအရိုးခေါင်းကြီးက ဘယ်လိုလုပ် သူ့ကိုဘာမှမလုပ်တာလဲ"

ပါးစပ်မှလည်း တတွတ်တွတ်ရွတ်နေလေသည်။ ရှင်နှောင်းက ဘိုးပြောင်ဆီသို့ တစ်လှမ်းချင်းလျှောက်လာသည်။ ထိုစဉ်

"အားလုံးနေကြအုံး"

မိုးပေါ်မှ လူတစ်ဦးက ပျံသန်းလာကာ ပြိုင်ပွဲကွင်းအတွင်းသို့ ကျဆင်းသွားသည်။ မယ်စိမ်းနှင့် အဘခင်တို့က ပျံသန်းလာပြီး ထိုလူကို ပွေ့ချီလိုက်လေသည်။

"ဟင်၊ မယ်နီပါလား"

ဆံပင်နီကြောင်ကြောင်နှင့် မယ်နီမှာ တစ်ကိုယ်လုံးဒဏ်ရာများနှင့် စုတ်ပြတ်နေလေသည်။ မယ်နီက မျက်လုံးပြူးပြီး ဘိုးပြောင်အားစိုက်ကြည့်လိုက်သည်၊ ထို့နောက် ဘိုးပြောင်အားလက်ညှိုးထိုးလျက်

"ဒီလူဘိုးပြောင်ဟာ သစ္စာဖောက်တယ်၊ မယ်တော်ကို သူကိုယ်တိုင် ဇီဝိန်ချွေအရိုးခေါင်းနဲ့ သတ်ပစ်ခဲ့တယ်"

ပရိသတ်များအားလုံး အံ့သြသွားကုန်သည်။

"ဟုတ်တယ်၊ ဘိုးပြောင်က ကျူးကျော်လာသူရဲ့ အစေခံတစ်ယောက်ပဲ၊ သူက သောမာဂိုဏ်းနဲ့ပြန်ပြီးဆက်သွယ်နေတယ်"

မယ်နီပြောသည့်အခါ မယ်စိမ်းကလည်း ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ ခုနက ဘိုးပြောင်သုံးတဲ့အတတ်က သောမာဂိုဏ်းသားတွေသုံးတဲ့ အောက်လမ်းအတတ်တစ်ခုပဲ"

မိုးပျံဂိုဏ်းမှ လူများပင် ဘိုးပြောင်အား မယုံကြည်သည့်အကြည့်များဖြင့် ကြည့်ကုန်ကြသည်။ ဘိုးပြောင်က လက်ကာလိုက်ပြီး

"မဟုတ်ပါဘူးကွာ၊ သူတို့ငါ့ကို ချောက်ချစွပ်စွဲနေတာပါ"

မယ်နီက

"တိုက်ပွဲမှာ ကျုပ်တို့ဖက်က ကေ၀ ခြောက်ရာကျော်သေဆုံးသွားတယ်၊ အဲဒီအထဲမှာ မယ်တော်လည်းပါတယ်၊ ဒီတော့ ဘိုးပြောင်၊ ရှင့်ရဲ့သစ္စာဖောက်မှုအတွက် ရှင်ကိုယ်တိုင်ပြန်ပြီးပေးဆပ်ရမယ်"

ထိုအချိန် ရှင်နှောင်းက သူ့လက်ထဲမှာ နာရီကလေးကိုဖွင့်လိုက်ကာ ဘွားမယ်သုန်ပြောခဲ့သည့် စကားများကိုအားလုံးကြားစေရန်ဖွင့်ပြလိုက်သည်။ ရွှေတောင်ရွာရှိ လူအားလုံးမှာ ဘိုးပြောင်အကြောင်းများသိကုန်သဖြင့် ဘိုးပြောင်အား အလွန်စက်ဆုပ်မုန်းတီးသွားသည်။ မိုးပျံဂိုဏ်းမှ လူများပင် ဘိုးပြောင်အား မထောက်ခံတော့ပေ။

"သစ္စာဖောက်ကို သတ်ပစ်"

"သစ္စာဖောက်ကို အပြစ်ပေးပါ"

ကဝေများအားလုံး ဝိုင်းဝန်းအော်ဟစ်နေကြလေသည်။ မယ်နီက ရှင်နှောင်းကိုကြည့်လိုက်သည်။

"ကဝေပျံကို ကဝေပျံအချင်းချင်းအပြစ်မပေးနိုင်ပါဘူး၊ စည်းမျဉ်းအရတော့ မယ်တော်က အပြစ်ပေးရမှာပါ"

"ကျွန်မဘယ်လိုအပြစ်ပေးရမလဲ"

"ဒါကတော့ မယ်တော်ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်"

ရှင်နှောင်းက အလွန်ကျေနပ်အားရစွာပြုံးလိုက်လေသည်။ ထိုအခါ မယ်နီက ဘိုးပြောင်၏ လက်တစ်ဖက်ကို အနီရောင်စက်လက်နက်တစ်ခုနှင့် ပစ်ခတ်လိုက်ကာ ဖမ်းချုပ်ထားလိုက်သည်။ တစ်ဖန် မယ်စိမ်းက ဘိုးပြောင်၏ နောက်လက်တစ်ဖက်ကိုလည်း မယ်နီကဲ့သို့ပင် ပစ်ခတ်ကာ ဖမ်းချုပ်ထားလိုက်လေသည်။

ရှင်နှောင်းက လက်နှစ်ဖက်ကိုစုစည်းလိုက်ပြီး အဝါရောင်စက်ဝန်းကြီးတစ်ခုကိုဖန်တီးလိုက်သည်။

"ဘွားမယ်သုန် ကိုရှင်သတ်ခဲ့တဲ့အတွက် ရှင်ပြန်ပြီးပေးဆပ်ရမယ်"

ရှင်နှောင်းက အားလုံးကြားနိုင်ရန်အတွက် အော်ပြောလိုက်သည်။

"သစ္စာဖောက်ဘိုးပြောင်ကို လူစင်စစ်ကနေ ကြေးရုပ်တုကြီးဖြစ်သွားအောင်လို့ ပြောင်းလဲပစ်မယ်၊ ပြီးတော့ နောင်လာနောက်သားတွေ ဒီလိုအဖြစ်မျိုးကို ရှုမြင်ပြီး သံဝေဂရစေဖို့အတွက် ဘိုးပြောင်ရုပ်တုကြီးကို ဒီပြိုင်ပွဲကွင်းအရှေ့မှာ တပ်ဆင်ထားမယ်"

ရှင်နှောင်းက အဝါရောင်အလင်းတန်းတစ်ချို့ဖြင့် ဘိုးပြောင်အားပစ်ခတ်လိုက်သည်။ ဘိုးပြောင်ခြေထောက်အောက်ရှိ မြေကြီးမှာ ပွက်ပွက်ဆူနေသည့် ကြေးရည်များအဖြစ်ပြောင်းလဲသွားပြီးနောက် နီရဲနေသည့် ကြေးရည်များသည် ဘိုးပြောင်ခြေထောက်များဆီသို့ တရွေ့ရွေ့နှင့်တက်လာခဲ့သည်။ မကြာခင် ဘိုးပြောင်ခြေထောက်များကို ကြေးရည်များက ဖုံးလွှမ်းသွားပြီး ခြေထောက်အောက်ပိုင်းမှာ ကြေးရုပ်ခြေထောက်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။

"ကဲ၊ အားလုံးပဲတော်လောက်ပြီ"

ထိုစဉ် မိုးကောင်းကင်မှ အသံကြီးတစ်သံကိုကြားလိုက်ရသည်။ ပြိုင်ပွဲကွင်းအတွင်းမှ လူများအားလုံး ထိုအသံရှင်ကိုကြည့်လိုက်ကြသည်။ အသံရှင်မှာ တစ်ကိုယ်လုံး နေရောင်ခြည်ကဲ့သို့ ဝင်းလက်သည့် ရောင်ခြည်များထွက်နေပြီး သူဝတ်ထားသည့် ဝတ်ရုံရှည်ကြီးမှာလည်း လေတွင်ပျံဝဲနေလေသည်။

"အဲ၊ အဲဒါ ကျူးကျော်သူပဲ"

မယ်နီက ရေရွတ်လိုက်သည့်အချိန်မှာပင် ကဲရိသက အလင်းတန်းနှစ်ခုဖြင့် ပစ်ခတ်လိုက်သည်။ ထိုအလင်းတန်းက ရှင်နှောင်းဆီသို့ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။ မယ်နီက ရှင်နှောင်းအရှေ့တွင်ရပ်လိုက်ပြီး မှော်စက်လုံးကြီးတစ်ခုကို ဖန်တီးကာ အလင်းတန်းအားကာကွယ်လိုက်သည်။

မယ်စိမ်းက ရှင်နှောင်း၏ လက်ကိုဆွဲပြီး အမြန်ပျံသန်းလိုက်လေသည်။ ကဲရိသပစ်လွှတ်လိုက်သည့် အလင်းတန်းကြီးက မယ်နီ၏ စက်လုံးကြီးကို ဖောက်ဝင်သွားပြီး မယ်နီ၏ ရင်ဝသို့ အလင်းတန်းများက တိုးဝင်သွားလေသည်။ မယ်နီမှာ မတ်တပ်ရပ်နေရင်းပင် သူ့လက်ဖျားများမှ အလင်းရောင်များထွက်ပေါ်လာပြီးနောက် တစ်ကိုယ်လုံးလင်းထိန်သွားကာ မကြာခင် ပျောက်ကွယ်သွားလေသည်။ ကဲရိသက ကျယ်လောင်သည့်ရယ်သံကြီးနှင့် ရယ်မောလိုက်သည်။

"အားလုံးအတူတူရှိနေကြတယ်ဆိုတော့ ကျုပ်အတွက်ဟန်ကျတာပေါ့"

ကဲရိသက လက်နှစ်ဖက်ကိုမြှောက်တင်လိုက်သည့်အခါ ကြီးမားသည့် ကွန်ချာကြီးတစ်ခုက မိုးပေါ်မှတဖြည်းဖြည်းထွက်ပေါ်လာကာ ပြိုင်ပွဲကွင်းကြီးတစ်ခုလုံးကို ဖုံးအုပ်နေလေသည်။

"အားလုံးပဲ မယ်တော်ကိုကာကွယ်ကြ"

မယ်စိမ်းအော်လိုက်သည့်အခါ ကဝေများက စက်လက်နက်များဖြင့် ကဲရိသအားပစ်ခတ်လိုက်ကြသည်။ သို့သော် ကဝေများ မှော်ပညာသုံးလိုက်သည့်အချိန်မှာပင် ကဲရိသဖန်တီးထားသည့် ကွန်ချာကြီးဆီမှ အလင်းတန်းများထွက်ပေါ်လာပြီး ကဝေများကိုထိမှန်သဖြင့် ကဝေများထိခိုက်ဒဏ်ရာ ရကုန်သည်။

"ဒါက ထောင်ချောက်တစ်ခုပဲ၊ ကဝေထောင်ချောက် အကြီးစားတစ်ခုပဲ"

ကဝေများမှာ မှော်ပညာကိုအသုံးမပြုဝံ့တော့ပေ။

"ကျုပ်တို့ဒီထဲမှာ ဖမ်းချုပ်ခံလို့မဖြစ်ဘူး မယ်စိမ်း၊ ဒီတော့ မယ်တော်ကိုခေါ်ပြီး မင်းပြေးတော့"

ကဲရိသက မိုးပေါ်မှဆင်းသက်လာသဖြင့် အယ်လ်က အလင်းဓါးကိုထုတ်လိုက်ကာ ကဲရိသထံသို့ပြေးဝင်သွားသည်။ အလင်းဓါးခုတ်ချက်များမှာ ပေါ့ပါးမြန်ဆန်လှသည်ဖြစ်ရာ ကဲရိသက သူ့အစွမ်းများဖြင့် အယ်လ်၏ ဓါးခုတ်ချက်များအား ကာကွယ်နေရသည်။ အယ်လ်မှာ မှော်ပညာအသုံးပြုချင်းမဟုတ်သဖြင့် ကဝေထောင်ချောက်များမှာ အယ်လ်အား မပစ်ခတ်ပေ။

ကဲရိသမှာ အယ်လ်၏ ခုတ်ချက်ကိုရှောင်တိမ်းလိုက်ပြီး အယ်လ်၏ ရင်ဝကိုဆောင့်ကန်ထည့်လိုက်သည်။ အယ်လ်က အနောက်သို့လွင့်ထွက်သွားသော်လည်း မြေပြင်ပေါ်သို့ နောက်ကျွမ်းထိုးပြီး ပြန်လည်ခုန်ဆင်းလိုက်သည်။ ကဲရိသက လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ့ဝတ်ရုံအတွင်းမှ မှော်မျက်လုံးကြီးတစ်လုံးထွက်လာလေသည်။ ထိုမျက်လုံးကြီးအတွင်းမှ အလင်းတန်းများဖြင့် အယ်လ်အား လိုက်လံပစ်ခတ်တော့သည်။ လျှင်မြန်ပေ့ါပါးသည့် အယ်လ်မှာ မျက်လုံးကြီးမှ အလင်းတန်းများကို ခုန်ပေါက်ကျွမ်းထိုးကာ ရှောင်တိမ်းနေရလေသည်။

ထိုစဉ် ကေက ပြိုင်ပွဲစင်ပေါ်မှ ခုန်ဆင်းလာကာ မျက်လုံးကြီးနံဘေးမှ ဖြတ်သန်းပျံသွားလိုက်သည်။ မျက်လုံးကြီးမှာ နှစ်ပိုင်းပြတ်ထွက်သွားပြီးနောက် မြေပြင်သို့ပြုတ်ကျကာ ပေါက်ကွဲသွားလေသည်။

"ငါတို့ဒီကောင့်ကိုတားထားလိုက်မယ်၊ မင်းတို့သွားတော့"

ကေက ပြောလိုက်ပြီး ကဲရိသထံသို့ ပြေးဝင်သွားလိုက်သည်။ ကဲရိသကို ကေနှင့်် အယ်လ်တို့က ပူးပေါင်းကာ နှစ်ဖက်ညှပ်တိုက်နေလေသည်။ ကဲရိသဖန်ဆင်းထားသည့် ကွန်ချာကြီးမှာ တဖြည်းဖြည်းမြေသို့ထိတော့မည်ဖြစ်သည်။ အဘခင်က မယ်စိမ်းလက်ကိုဆွဲလိုက်ပြီး

"ငါ မှော်ပညာတစ်ခုသုံးထားလိုက်မယ်၊ ဒီကွန်ချာကြီးအုပ်မိသွားရင် ငါတို့တွေအကုန်လုံး ဒီကောင့်လက်ထဲက ငှက်ကလေးတွေလိုဖြစ်သွားလိမ့်မယ်၊ ဒါကြောင့်မို့လို့ မင်းတို့ပြေးတော့"

အဘခင်က အရီးဒေါင်းဘက်သို့ကြည့်လိုက်ပြီး

"ငါမှော်အစွမ်းသုံးနေတဲ့အချိန်မှာ မင်းက ရွှေ့ပြောင်းသွားလာနိုင်တဲ့အတတ်ကို သုံးလိုက်တော့၊ ပြီးရင် မင်းတို့သုံးယောက်ပြေးကြတော့"

အဘခင်က ရှင်နှောင်းမျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီး

"မင်းအသက်ရှင်နေရမယ်ရှင်နှောင်း၊ မင်းသေသွားတာနဲ့ လူသားတွေအကုန်လုံး ရှုံးနိမ့်ကြရလိမ့်မယ်"

အဘခင်က လက်နှစ်ဖက်ကိုဝှေ့ယမ်းလိုက်ပြီး ခရမ်းရောင်စက်ဝန်းကြီးတစ်ခုကိုဖန်တီးလိုက်သည်။ စက်ဝန်းကြီးကို သူ့တွင်ရှိသမျှ မှော်စွမ်းအင်များအကုန်သုံး၍ ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထိုအခါ ကွန်ချာကြီးရှိ အကွက်များမှာ အလင်းတန်းများက စုပြုံဆင်းလာကာ အဘခင်အားပစ်ခတ်လိုက်ကြလေသည်။

"အခုလုပ်တော့"

အဘခင်က အသံကုန်အော်ဟစ်လိုက်သည်။ အရီးဒေါင်းက မြေပြင်တွင် မှော်စက်ဝန်းတစ်ခုကိုဖန်တီးလိုက်ပြီး ထိုစက်ဝန်းအတွင်းသို့ ရှင်နှောင်း၊ မယ်စိမ်းတို့နှင့် အတူတူဝင်ရပ်လိုက်သည်။ အဘခင်၏ မှော်စက်ဝန်းက အရီးဒေါင်း၏ မှော်စက်ဝန်းထက် ပိုမိုအားကောင်းနေသောကြောင့် အရီးဒေါင်းထံသို့ အလင်းတန်းများမဝင်ရောက်လာဘဲ အဘခင်ဆီသို့သာ အလင်းတန်းများက ပစ်ခတ်ဝင်ရောက်နေခြင်းဖြစ်သည်။ အရီးဒေါင်းက ရွှေ့လျားသည့် မန္တန်တစ်ခုကိုရွတ်ဖတ်လိုက်သည်။

သူတို့ခြေထောက်အောက်ရှိ မှော်စက်ဝန်းကြီးမှာ လည်ပတ်လာပြီးနောက် လေဟာနယ်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ ကဲရိသာက တိုက်ခိုက်နေရင်း အရီးဒေါင်းလုပ်နေသည်များကိုလှမ်းတွေ့လိုက်သဖြင့် သူ့လက်မှ အလင်းတန်းသုံးခုကိုပစ်လွှတ်လိုက်သည်။

"မင်းတို့ ထွက်မပြေးရဘူးကွ"

အလင်းတန်းသုံးခုအနက် တစ်ခုသောအလင်းတန်းမှာ မယ်စိမ်းကိုထိမှန်သွားကာ မယ်စိမ်းလွင့်ထွက်သွားလေသည်။ ကျန်သည့်အလင်းတန်းနှစ်ခုက ရှင်နှောင်းအား ထိမှန်တော့မည့်အချိန်တွင် ရှင်နှောင်းနှင့် အရီးဒေါင်းတို့ လေဟာနယ်ကြီးအတွင်းသို့ ပြုတ်ကျသွားလေသည်။

အရီးဒေါင်းနှင့် ရှင်နှောင်းတို့ လေဟာနယ်ထဲတွင် လွင့်မြောနေကြသည်။ ထို့နောက် နက်ရှိုင်းလှသည့် ချောက်နက်ကြီးတစ်ခုအတွင်းသို့ ပြုတ်ကျနေသကဲ့သို့ ခံစားရသည်။ ထိုအချိန် ရှင်နှောင်းမျက်ဝန်းထဲတွင် အလင်းရောင်များကိုမြင်တွေ့လိုက်ရသည်။ ကဲရိသ ပစ်ခတ်လိုက်သည့် အလင်းတန်းနှစ်ခုက လေဟာနယ်ထဲအထိ လိုက်လာခြင်းဖြစ်သည်။ အရီးဒေါင်းက စက်လက်နက်တစ်ခုဖြင့် အလင်းတန်းတစ်ခုကို ပစ်ခတ်လိုက်ရာ အလင်းတန်းမှာ လေဟာနယ်အတွင်း ပေါက်ကွဲသွားတော့သည်။ သို့သော် နောက်အလင်းတန်းတစ်ခုမှာတော့ ရှင်နှောင်း၏ ရင်ဝတည့်တည့်သို့ တိုးဝင်ပေါက်ထွက်သွားသည်။

"ရှင်နှောင်း . . ."

ထိုစဉ် သူတို့ပတ်ဝန်းကျင်တွင် သစ်ပင်များ၊ သစ်ရွက်များပုံသဏ္ဍာန်များပေါ်ပေါက်လာလေသည်။ မကြာခင်တွင် သစ်တောကြီးအတွင်းသို့ သူတို့နှစ်ယောက် ခြေချမိသည်။ ရှင်နှောင်းက ကိုယ့်ရင်ဘတ်ကိုယ် ပြန်ငုံ့ကြည့်လိုက်သည့်အခါ ရင်ဘတ်တွင် ဟောင်းလောင်းပေါက်ကြီးတစ်ပေါက် ပေါက်ထွက်နေပြီး ထိုအထဲမှ သွေးများက စီးကျနေလေသည်။ ရှင်နှောင်းမျက်လုံးများ ပြာဝေလာပြီးနောက် မြေပြင်ပေါ်သို့ခွေလဲကျသွားတော့သည်။

"ရှင်နှောင်း၊ သတိထားပါဦး၊ ရှင်နှောင်း . . ."

အရီးဒေါင်း၏ အော်သံကို ရှင်နှောင်းနားထဲတွင် တိုးတိုးကလေးကြားနေရလေသည်။

အပိုင်း (၆) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..