
ထမင်းဗူးလေးကို နှမြောတသစွာ ငေးကြည့်ရင်း ပန်းရဲ့မျက်နှာကလေးသည် ငိုချတော့မယောင် ခပ်မဲ့မဲ့လေးဖြစ်နေ၏။ မေမေထည့်ပေးလိုက်သည့် ပန်းကြိုက်တတ်သော ဟင်းလေးတွေကို ပလုတ်ပလောင်း စားနေသည့် ခတ္တာ နဲ့ သူ့မောင် သူရိန်ကိုကြည့်ရင်း စိတ်ထဲက မကျေနပ်ပေ။ ဘာလို့များ တစ်ခန်းထဲလာကျသလဲဟု တွေးမိသလို လူကောင်ချင်း မယှဥ်နိုင်တာမို့ ပန်းသာ ခံရသည်။
" သက်သက်လူပါးဝတာဟယ်.....ပန်း နင့်ကိုကိုနဲ့ သွားတိုင်။ "
ဟုတ်သားပဲ။
ပန်း မျက်ဝန်းလေးတွေ လက်ခနဲ ဖြစ်သွားရသလို အခန်းထဲမှ ပြေးထွက်ရင်း ကိုကို့အခန်းဆီ အားကိုးတကြီး ရောက်လာ၏။
" ကိုကို....အဟင့်....အင့် ကိုကိုရေ...."
စွယ်တော် ထမင်းချိုင့်လေးဖွင့်ရုံရှိသေး ငိုကြီးချက်မဖြင့် သူ့အခန်းဆီပြေးလာသည့် ညီမလေးကို မြင်လိုက်ရသဖြင့် ကပျာကယာထရပ်လိုက်သည်။
" ညီမလေး.....ဘာလို့ ငိုနေတာလဲ။ ဘာဖြစ်တာလဲ .... ဟမ် ။ ကိုကို့ကိုပြောစမ်း.....ဘာဖြစ်လို့လဲ။ "
သူ့အမေးကို ချက်ချင်း မဖြေနိုင်သေးပဲ တစ်ချက်ရှိုက်လိုက်ရင်းမှ ငိုသံလေးဖြင့် ဗလုံးဗထွေး ပြန်ဖြေလာသည်။
" ပန်း....ပန်းရဲ့ထမင်းဗူးကို မမခတ္တာတို့ လုစားပစ်တယ်။ ပန်းကိုလဲလေ....အနိုင်ကျင့်တယ် သိလား။ ခေါင်းကိုလဲခေါက်တယ်။ ပန်း လုပ်လာတဲ့အိမ်စာတွေလဲ ယူသွားတာ.....ဆရာမက ပန်းကို အိမ်စာမလုပ်လာလို့ ရိုက်တယ်။ သူကျ အရိုက်မခံရဘူး.....အင့်....ဟင့်...."
စွယ်တော် ညီမလေး၏ လက်ဖဝါးမှ ကြိမ်လုံးရာလေးကို ကြည့်ရင်း ရင်ထဲတေးထားလိုက်၏။ ဟန်ဆောင်ပြုံးလိုက်ရင်းမှ ညီမလေး၏ခေါင်းကို ခပ်ဖွဖွပုတ်ကာ.....
" ဟုတ်ပြီ.....နောက်တစ်ခါ ညီမလေးကို ဘယ်သူမှ အနိုင်မကျင့်စေရဘူးနော်။ အခု ကိုကို့ညီမလေး ဘာမှမစားရသေးဘူး မဟုတ်လား။ ကိုကို့ထမင်းဗူးစားလိုက်......ကိုကိုခွံ့ကျွေးမယ်။ "
ဒီလိုဆိုတော့လဲ သွားလေးဖြီးကာ သွားစွယ်လေးတွေနဲ့ ရယ်ပြလာရင်း....
" ကိုကိုလဲ တူတူစားရမယ်နော်။ "
ညီမလေးကို ထမင်းခွံ့ပြီး အခန်းပြန်လိုက်ပို့ပေးတော့ ဟိုမောင်နှမ နှစ်ယောက်က မသိဟန်ဆောင်နေကြသည်။ ဘာအပြစ်မှ မလုပ်ထားသလို အေးအေးဆေးဆေး ရှိနေ၏။ မေမေ မှာထားလို့ ညှာပေးနေပေမယ့် သူ့ညီမလေးကို လာထိလျှင်တော့ သူကြည့်နေမှာ မဟုတ်။
-------------
ကျောင်းဆင်းချိန်ရောက်ပြီမို့ ပန်းက ကားဆီပြေးလာသလို ကားထဲဝင်ထိုင်လိုက်ပေမယ့် ဘယ်သူမှ မရောက်သေးတာမို့ ကားမောင်းသည့် ဦးဆွေအား လှမ်းမေးမိသည်။
" ဘယ်သူမှ မရောက်သေးဘူးလား ဦးဦး။ "
" အေးကွဲ့.....သမီးကိုကိုလဲ မလာသေးဘူး။ "
ပန်း၏ နှုတ်ခမ်းလေးမှာ စုထော်သွားရင်း....
" ဟွန်း....ကိုကိုကလဲလေ..."
ကျောင်း၏ နောက်ဖက်မြေပြင်ပေါ် လဲကျနေသည့် သူရိန်နှင့် အနားရပ်ကာ ကြောက်ကြောက်ဖြင့်ငိုနေသည့် ခတ္တာ။ သူရိန့်မျက်နှာက အထိုးခံထားရသဖြင့် မေးစေ့မှာညိုနေသလို ထရန်ပြင်တော့ အနောက်ကကျောင်းသားတစ်ယောက်က ထပ်ကန်ပစ်၏။
" ရပြီ ကိုဇော်.....ရပ်လိုက်တော့။ "
အစထဲက အေးဆေးရပ်ကြည့်နေသည့် စွယ်တော် တစ်လှမ်းချင်း သူရိန့်ရှေ့လျှောက်လာကာ ရပ်လိုက်သည်။ ကျောင်းဆင်းသည်နှင့် ကိုဇော်တို့က သူ့ဆီ ဒီမောင်နှမနှစ်ယောက်လုံးအား ဆွဲခေါ်လာပေးခဲ့သည်။ သူ လက်ဖျားနှင့်ပင် ထိစရာမလိုပဲ ပညာပေးနိုင်သည်။
" ထပ်ပြောမယ် သူရိန်.....ငါ့ညီမကို မထိနဲ့။ မင်းတို့မောင်နှမနှစ်ယောက်ကို ကိုယ့်နေရာကိုယ်သိစေချင်တယ်။ နောက်တစ်ခါ ငါ့ညီမကို အနိုင်ကျင့်ရင် ဒီကျောင်းမှာတက်ရတာ နောက်ဆုံးဖြစ်သွားမယ်။ "
စွယ်တော် နဲ့ ပန်းကလေးက မောင်နှမပေမယ့် အကျင့်စရိုက် မတူကြပါ။ စွယ်တော်က ထက်သည်။ မဟုတ်မခံပေမယ့် သွေးအေး၏။ အေးအေးဆေးဆေးနေတတ်သလို စိတ်တိုလျှင်လဲ ဘယ်သူ့မှမနိုင်သည့်စရိုက်ရှိ၏။ ပန်းကလေးကျ ချစ်စရာကောင်းသလို နူးညံ့၏။ စကားပြောလဲ ချစ်စရာလေးဖြစ်သလို ဘယ်သူ့ကိုမှလဲ မမုန်းတတ်။ သိပ်ဖြူစင်သည့် ကလေးမ။
မောင်နှမနှစ်ယောက်၏ တူသောအချက်သည် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြခြင်းပင်။ ထိုတစ်ချက်နှင့်ပင် ကွာဟမှုတွေကို ထပ်တူကျသွားစေ၏။
@@@@@@@@@@@@@
! ဒေါက်....ဒေါက်....ဒေါက်!
ညဖက်ကြီး အခန်းတံခါးခေါက်သံကြောင့် မသီရိ အိပ်ယာပြင်နေရာမှ ထလာကာ အခန်းတံခါးကိုဖွင့်လိုက်တော့ အခန်းဝတွင် မျက်နှာပျက်ယွင်းကာ ရပ်နေသည့် မကေသီ။
" ကေသီ.....ညီမ ဘာဖြစ်လို့လဲ။ "
" သားငယ်လေး နေမကောင်းလို့ပါ အစ်မရယ် ။ ကိုယ်တွေ အရမ်းပူနေတယ်။ အဲ့ဒါ ဆေးခန်းသွားပြချင်လို့။ "
သူရိန်လေး နေမကောင်းဘူးတဲ့လား။
မသီရိက ကပျာကယာ အခန်းထဲပြန်ဝင်လာသလို ရေချိုးခန်းထဲမှ ထွက်လာသည့် ကိုဌေးအောင်ကလဲ မကေသီကို လှမ်းမြင်တော့ အကျိုးအကြောင်းလှမ်းမေး၏။
" သီရိ.....ဘာဖြစ်တာလဲ။ "
" သြော်....သူရိန်လေး ထဖျားလို့တဲ့ အစ်ကိုရယ်။ ကဲ.....ကဲ....ကေသီ ညီမ ကလေးကို ဆေးခန်းသွားပြလိုက်နော်။ အိမ်ကကားယူသွား။ ရော့ လိုလိုမယ်မယ် ပိုက်ဆံယူသွားဦး။ "
တစ်သောင်းတန်ဆယ်ရွက်ကို လက်ထဲထည့်ပေးလိုက်သလို ကိုယ်လဲမိဘမို့ ကိုယ်ချင်းစာသည်။ သားသမီးအပူက ကြီးသည် မဟုတ်လား။
" ငါ့မိန်းမကတော့လေ....စိတ်ကောင်း အရှိလွန်နေတယ်ဗျာ။ "
ခပ်ပြုံးပြုံးဖြင့် အနားရောက်လာကာ ပြောလာသည့် ယောကျာ်းဖြစ်သူအားကြည့်ပြီး မသီရိမျက်နှာက ပြုံးသွား၏။ အင်္ကျီကြယ်သီးတွေကို ကူတပ်ပေးရင်း.....
" ကိုယ့်အိမ်မှာ အတူနေကြတာဆိုတော့ ကိုယ့်မှာ တာဝန်ရှိတယ်လေ အစ်ကိုရဲ့။ လူလူချင်းအတူတူကို အလုပ်ရှင်၊အလုပ်သမားဆိုပြီး ခွဲခြားမဆက်ဆံချင်ပါဘူး အစ်ကိုရယ်။ ပြီးတော့ ဆွေမျိုးတွေပဲဟာ.....သီရိတို့က ပိုတောင်ကြည့်ရှုစောင့်ရှောက်ပေးရဦးမယ်။ "
ဇနီးဖြစ်သူကို ခပ်ပြုံးပြုံးငေးကြည့်ရင်း ကိုဌေးအောင်တစ်ယောက် စိတ်ထဲက တောင်းပန်မိသည်။ သူ့ဇနီးကို သူချစ်သလို သူ့မိသားစုကိုလဲ သူတန်ဖိုးထားသည်။ ဟိုမိန်းကလေးကိစ္စကို အမြန်ရှင်းရမည်။
" သား နဲ့ သမီးကို မှာထားဦး။ မနက်ဖန် အစ်ကိုနားတုန်း မိသားစုပျော်ပွဲစားထွက်ကြမယ်လို့။ "
" ပြောထားပြီးပါပြီရှင်....မောင်နှမ နှစ်ယောက်လုံး ပျော်နေလေရဲ့။ "
သူ ရှာဖွေသမျှဟာ သူ့ဇနီးနဲ့သားသမီးတွေ ပြည့်ပြည့်စုံစုံ နေနိုင်ရန်၊ပျော်ရွှင်ရန်ပင်။ ထို့ကြောင့် မိသားစုကိုလဲ မရမကအချိန်ပေး၏။ အလုပ်တွေဖိလုပ်ပြီး မိသားစုကို မပစ်ထားမိစေရန် ကြိုးစား၏။ သူတို့လေးတွေသာ မပျော်ရွှင်နေလျှင် သူကြိုးစားနေသမျှက အချည်းနှီးပဲ မဟုတ်လား။
@@@@@@@@@@@@
" ဘာ! ဂိုဒေါင်ထဲက ပစ္စည်းတွေလျော့နေတယ် ဟုတ်လား။ "
" ဟုတ်တယ် သူဌေး....အစကတော့ မသိသာဘူး။ အခုကျ စားရင်းတွေထဲ မရှိပဲကို ပျောက်နေတာ။ "
PA ၏ စကားကြောင့် ကိုဌေးအောင်တစ်ယောက် စဥ်းစားသွားရသည်။ ကုမ္ပဏီမှာ ဒီလို အကျင့်ပျက်တာမျိုးကို သူ လုံးဝ ခွင့်မလွှတ်နိုင်ပါ။
" ကောင်းပြီလေ.....ဂိုဒေါင်က CCTV Record တွေ ယူလာခဲ့။ ဘယ်သူဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူမယ်။ "
--------------
" ကဲ.......နာရီကို ဘယ်သူ ယူထားတာလဲ။ မှန်မှန်ဖြေနော်။ "
အတန်းထဲရှိ ကျောင်းသူ၊ကျောင်းသားအကုန်လုံး မတ်တတ်ကလေးရပ်ကာ လက်ပိုက်ထားကြသလို ငြိမ်သက်နေကြ၏။
" ကောင်းပြီလေ....ဝန်မခံမှတော့ ဆရာမကိုယ်တိုင်ပဲ ရှာမယ်။ လွယ်အိတ်တွေ ခုံပေါ်တင်ထားကြစမ်း။ "
ခတ္တာ လွယ်အိတ်ကို ရှေ့မှစားပွဲပေါ် တင်လိုက်ရင်း မလှမ်းမကမ်းမှ ပန်းကလေးကို ငဲ့ကြည့်မိ၏။ လွယ်အိတ်ကလေး ရှေ့ချကာ လက်ကလေးပိုက်၍ မတ်တတ်ရပ်နေပုံက အရမ်းအပြစ်ကင်းသည့် သိုးငယ်လေးလိုပင်။
ဟွန်း.....စောင့်ကြည့်ထား အစုတ်ပလုတ်မ။ မကြာခင် သိုးငယ်လေးကနေ သူခိုးမ ဖြစ်တော့မှာ။
ပန်းကလေး လက်ကလေးပိုက်ထားရင်းမှ အရှေ့ရောက်လာသည့် ဆရာမကို ငေးငေးလေးကြည့်မိ၏။ လွယ်အိတ်ကလေးကို ဆရာမက ယူစစ်ရင်းမှ သွန်ချလိုက်စဥ် ဂလောက်ခနဲ ကျလာသည့် နာရီလေးကြောင့် ပန်း၏မျက်နှာကလေးမှာ တအံ့တသြဖြစ်သွားရသည်။
" ဟင်....ပန်းကလေး။ သမီးက...."
ဆရာမဆီမှ တအံ့တသြ အသံနဲ့အတူ အတန်းသားတွေဆီမှ တီးတိုးတီးတိုးပြောသံတွေပါ ထွက်လာ၏။
" ဟယ်! ကြည့်စမ်း......ပန်းကလေးက ခိုးထားတာတော့။ "
" သူခိုးမလေးဟယ်......"
" သူခိုးက ပန်းပေါ့။ "
ပန်း ခေါင်းလေးတခါခါဖြင့် လက်ကလေးနှစ်ဖက်ကို ခါယမ်းရင်း မျက်ရည်တွေ ကျလာ၏။ မဟုတ်ဘူး.....ပန်း မဟုတ်ပါဘူး။ ပန်း မခိုးဘူး။ ပန်းက သူခိုးမ မဟုတ်ရပါဘူး။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 4
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ