တောနက်ထဲကမိန်းကလေး
lotaya.mpt.com.mm
|
2023-10-03

(၁)
မင်းလွင်တောင်တန်းကြီးက မှိုင်းညို့အုံ့ဆိုင်းနေလေသည်။ မိုးသားတိမ်လိပ်များက တောင်ထိပ်ပိုင်းကိုဖုံးအုပ်ထားလေသည်။ ထိုအဖြစ်ကိုပင် သူတို့ဒေသအခေါ် တောင်ကြီးခေါင်းမြီးခြုံသည်ဟု ခေါ်သည်။ မင်းလွင်တောင်တန်းကြီး ခေါင်းမြီးခြုံလျှင် တောင်တန်းအောက်ခြေနှင့် တောင်စွယ်တောင်ကြားများထဲတွင်ပါ မြူထူများကျဆင်းနေတတ်သည်။

မုဆိုး ဒီးဒီးအဖို့တော့ ဒီလိုနေ့ရက်မျိုးဆိုလျှင် အိမ်ကပ်သည့်နေ့ရက်ဖြစ်သည်။ အနှစ်သုံးဆယ်နီးပါး အမဲလိုက်လာသည့်အတွေ့အကြုံအရ ယခုလိုမိုးအုံ့သည့်နေ့မျိုးဆိုလျှင် သားကောင်ကောင်းကောင်းရှာမရတတ်ပေ။ မိုးအုံ့သည့်အခါ သားကောင်များသည်လည်း သူတို့အသိုက်အမြုံတွေထဲ ကွေးနေတတ်ကြရာ အမဲလိုက်လျှင်လည်း အချိန်ကုန်၊ လူပန်းဖြစ်တတ်သည်မို့ တောမလိုက်ခြင်းဖြစ်သည်။ တမြန်နေ့က တောဝက်တစ်ကောင်အားပစ်ခတ်ရရှိထားသည်မို့ လတ်တလောရိက္ခာဖူလုံနေသဖြင့်် အေးအေးလူလူ အနားယူနိုင်သည့်နေ့ဖြစ်ရာ ဇနီးသည်ဖြစ်သူပြင်ပေးသည့် နံနက်စာ စားသောက်ပြီးသည်နှင့် ဆေးလိပ်တစ်လိပ်ကိုခဲလိုက်ပြီး ကာတွန်းစာအုပ်တစ်အုပ်ဖြင့် အိမ်ရှေ့တွင်ထိုင်နေလိုက်တော့သည်။

"ကိုကြီး ဒီးဒီး"

ခြံရှေ့တွင်ခေါ်သံကြားလိုက်ရပြီး လူရိပ်များလှမ်းတွေ့လိုက်ရသည်။ ခေါ်သံကိုနားစွင့်လိုက်ရာ ရွာထဲမှ ဖိုးမောင်ဆိုသည့် နွားကျောင်းသားလေးဖြစ်မည်ဟု တန်းသိလိုက်သည်။

"အေး၊ ဖိုးမောင်ရေ၊ ဝင်ခဲ့လေကွာ"

"ဟုတ်ကဲ့ကိုကြီး၊ တခြားဧည့်သည်တွေလည်းပါလို့ ခွေးကြည့်ပေးပါအုံး"

"ဝင်သာဝင်ခဲ့ကွာ"

ဖိုးမောင်က လူနှစ်ယောက်ကို ဦးဆောင်ကာ ခြံထဲသို့ဝင်လာသည်။ လူစိမ်းများကိုမြင်သဖြင့် အမဲလိုက်ဖော်ခွေးကြီး ဗဂျူးက ခေါင်းထောင်လိုက်ပြီးအခြေအနေကိုကြည့်နေလေသည်။ ဒီးဒီးက လေတစ်ချက်ချွန်လိုက်ရာ ဗဂျူးမှာ မြေပြင်ပေါ်သို့ပြန်ဝပ်သွားပြီး အေးအေးလူလူပင်ပြန်အိပ်နေလေသည်။

"ကဲ၊ လာကြဗျာ၊ အရင်ထိုင်ကြပါဦး"

ဖိုးမောင်က လူပျိုပေါက်ဖြစ်သည်။ သူနှင့်အတူပါလာသူများအနက် တစ်ယောက်မှာ အသက်ငါးဆယ်ခန့်ရှိမည်ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ အသက်နှစ်ဆယ်ကျော်လောက်သာ ရှိဦးမည်ဟု ဒီးဒီးက ခန့်မှန်းလိုက်သည်။ ထိုလူများက ဒီးဒီးထိုင်နေသည့် အိမ်ရှေ့တံစက်မြိတ်အောက် ကွပ်ပျစ်တွင် ဝင်ရောက်ထိုင်လိုက်ကြသည်။

"ကဲ ဆိုပါဦး၊ ဘာကိစ္စနဲ့လာခဲ့ကြတာလဲဗျို့"

အသက်ကြီးကြီးနှင့်လူကြီးက သူဆောင်းထားသည့် ဦးထုပ်ကိုချွတ်လိုက်သည်။ ထိပ်ကပြောင်နေပြီး ဆံပင်ဖြူတွေက နားထင်နှင့်ဦးခေါင်းအနောက်ဘက်တွင် ပေါက်ရောက်နေကြသည်။

"ခင်ဗျားက မုဆိုးတစ်ယောက်ဆို"

"ဟုတ်ပါတယ်၊ ဒီရွာနီးတစ်ဝိုက်၊ မုဆိုးဒီးဒီးဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲဗျာ"

"ဒီလိုပါ၊ ကျုပ်တို့က အပျော်တမ်းဗီဒီယိုရိုက်တဲ့ ဝါသနာရှင်တွေပါ၊ အခု နိုင်ငံတကာမှာကျင်းပမည့် မှတ်တမ်းရုပ်ရှင်ပွဲတော်တစ်ခုမှာ ဝင်ပြိုင်မလို့ပါ"

ဒီးဒီးက မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒါ ကျုပ်နဲ့ဘာဆိုင်လို့လဲဗျ"

"ဒီလိုပါဗျာ၊ မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ ရိုက်ရမည့်ခေါင်းစဉ်က မုဆိုးတစ်ယောက်ရဲ့ တစ်နေ့တာဆိုတဲ့ ခေါင်းစဉ်ပါ"

ထိုတော့မှ ဒီးဒီးခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ ကျုပ်နားလည်ပါပြီ၊ ခင်ဗျားတို့က ကျုပ်လုပ်ပုံကိုင်ပုံတွေကို ရိုက်ချင်တယ်ဆိုပါတော့"

ထိုလူကြီးက ခေါင်းညိတ်လိုက်လေသည်။

"ဘယ်နေ့စရိုက်မှာလဲ"

"ကျုပ်တို့မှာ အချိန်သိပ်မရှိဘူးဆိုတော့၊ ဖြစ်နိုင်ရင် ဒီနေ့ပဲရိုက်သွားချင်ပါတယ်"

ဒီးဒီးက တောင်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းကိုဖြေးညှင်းစွာခါလိုက်သည်။

"မဖြစ်ဘူးဗျ၊ ဒီလိုနေ့မျိုးဆို သားကောင်မထွက်ဘူး၊ ဒီတော့ ခင်ဗျားတို့ ဘာကိုမှရမှာမဟုတ်ဘူး"

ထိုလူကြီးမျက်နှာပျက်သွားသည်။ အတူပါလာသည့် လူငယ်ကိုကြည့်ရင်း မျက်လုံးချင်းစကားပြောနေလေသည်။ ထို့နောက် ဒီးဒီးဘက်သို့လှည့်လိုက်ပြီး

"ရပါတယ်၊ ကျုပ်တို့အဖို့သားကောင်မလိုပါဘူး၊ ခင်ဗျားလုပ်ပုံကိုင်ပုံ၊ တောတိုးပုံ၊ နောက်ပြီး သဘာဝတောတောင်ရေမြေပုံတွေကို ရိုက်မယ်ဗျာ၊ သားကောင်မရလည်း ကျုပ်တို့လိုချင်တဲ့ ရှုခင်းရှုကွက်ရရင် အိုကေပြီ"

ဘေးနားမှလူငယ်ကလည်း

"ကူညီပါဗျာ၊ ကျုပ်နဲ့ကျုပ်ဆရာက ဒီလိုရက်မျိုးကိုရိုက်ချင်လို့ ရန်ကုန်ကနေ တကူးတက ခွင့်ယူပြီးလာခဲ့ရတာပါ"

အတင်းအကြပ်အကူအညီတောင်းနေသည်မို့ ဒီးဒီးစဉ်းစားနေရသည်။ ထိုအခါ လူကြီးက သူ့အကျီအိတ်ထဲမှ စက္ကူအိတ်တစ်ခုကိုထုတ်လိုက်သည်။

"တစ်နေ့လုံးစာအတွက် ငါးသောင်းကန်တော့ပါ့မယ်မုဆိုးကြီးရာ၊ ကျုပ်တို့ကိုကူညီပါ"

ငွေငါးသောင်းလည်း ရဦးမည်မို့ နောက်ဆုံး ဒီးဒီးခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ ခင်ဗျားတို့လည်းအဆင်ပြေ၊ ကျုပ်လည်းအဆင်ပြေပေါ့၊ ဒါနဲ့ ဘယ်လောက်ကြာမှာလဲ"

"နေ့တစ်ပိုင်းလောက်ပဲရိုက်မှာပါ"

ဒီးဒီးက မတ်တပ်ရပ်လိုက်ကာ နံရံတွင်ချိတ်ဆွဲထားသည့်် အမဲလိုက်ရိုင်ဖယ်သေနတ်ကြီးကိုဆွဲယူလိုက်သည်။ ဖိုးမောင်ကိုတော့ မုန့်ဖိုးအနည်းငယ်ပေးလိုက်ရာ ဖိုးမောင်က ပြန်သွားလေသည်။

"ဒါဆိုရင် အခုပဲသွားရအောင်ဗျာ၊ နည်းနည်းတောင်နောက်ကျနေပြီဗျ၊ တောထဲက မိုးမချုပ်ခင်ပြန်မှ တော်ကာကျမယ်"

ထိုလူကြီးက ဒီးဒီးကိုစာအိတ်ထိုးပေးရင်း

"ကျုပ်နာမည် ဦးအံ့ပါ၊ သူကတော့ မိုးကောင်းလို့ခေါ်တယ်"

ထိုလူကြီးက သူလွယ်လာသည့်အိတ်ကိုဖြေချလိုက်ကာ အတွင်းမှ ဗီဒီယိုကင်မရာအသေးလေးတစ်လုံးကိုထုတ်လိုက်သည်။ ဦးအံ့က ကင်မရာတစ်လုံး၊ မိုးကောင်းက ကင်မရာတစ်လုံး ကိုင်လိုက်သည်။ ထို့နောက် သူ့အိမ်နံရံရှိ သားကောင်များ၏ ဦးချိုများ၊ အရိုးများကို ရိုက်ကူးမှတ်တမ်းတင်နေလေသည်။

"အိမ်ကထွက်လို့ရပြီလား"

"ရပါပြီ၊ ကျုပ်တို့အိမ်အောက်ကနေစောင့်နေမယ်၊ ခင်ဗျားက သေနတ်ကိုင်ပြီးတော့ အိမ်ပေါ်ကဆင်းတဲ့အခန်းရိုက်မယ်"

ဒီးဒီးက ကရင်အကျီ အနီနှင့် အနက်ကြားကိုဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ဦးထုပ်တစ်လုံးကိုဆောင်းလိုက်ကာ ကရင်ပုဆိုးတိုတိုကိုဝတ်ဆင်လျက် သေနတ်လွယ်ပြီးအိမ်ပေါ်မှဆင်းလိုက်သည်။ လှေကားရင်းတွင်အိပ်နေသည့် ခွေးကြီးဗဂျူးကလည်း ဒီးဒီးအနောက်သို့လိုက်လာသည်။

"ကောင်းတယ်ဗျာ၊ ရိုက်ချက်ကတော့ရှယ်ပဲ၊ အရမ်းသဘာဝဆန်တယ်"

သို့နှင့် တောအုပ်အတွင်းသို့ ချီတက်ခဲ့ကြသည်။

(၂)

ရွာမှထွက်ပြီး တောင်ခြေကိုလှမ်းမြင်လိုက်ရသည်နှင့် တောင်ခြေတွင် မြူထူကဲ့သို့ အဖြူရောင်အငွေ့များက ရစ်ဆိုင်းနေလေသည်။ တောင်တန်းကြီးမှာတော့ မိုးသားတိမ်လိပ်များက ရစ်ဆိုင်းလွှမ်းခြုံထားသည်။

"လှလိုက်တဲ့ရှုခင်းဗျာ"

ဦးအံ့နှင့် မိုးကောင်းတို့က ရှုခင်းများကို အကျအနရိုက်ကူးကြသည်။ မကြာခင် သူတို့တောစပ်အတွင်းသို့ဝင်လာခဲ့ကြသည်။

"မြူတွေကျနေတာလားဗျ"

"ရေခိုးရေငွေ့တွေပေါ့ဗျာ၊ ဒီလိုရက်ဆိုရင် တောထဲက သစ်ပင်တွေ၊ စိမ့်စမ်းတွေက ထွက်တဲ့ရေငွေ့တွေရော၊ မိုးပေါ်က ကျလာတဲ့ ရေခိုးတွေရောကြောင့် အခုလိုဖြစ်နေတတ်တယ်၊ သတိတော့ထားကြဗျို့၊ မြင်ကွင်းက သိပ်မရှင်းလှဘူး"

တောက အောက်ခြေရှုပ်လှသည်။ ဗွက်များ၊ ရွံ့ညွံ့များလည်းရှိသလို အမျိုးအမည်မမှန်းဆနိုင်သည့် ချုံပင်များ၊ နွယ်ပင်များကလည်း ထူထပ်စွာပေါက်နေလေသည်။ ခွေးကြီးကတော့ တစ်ခုခုကိုအနံ့ခံလျက် သူတို့အရှေ့မှ ပြေးသွားနေလေသည်။

"မိုးကောင်း၊ မင်းမုဆိုးကြီးကို အရှေ့ကနေသွားရိုက်ကွာ၊ ငါက သူ့အနောက်ကနေရိုက်မယ်"

မိုးကောင်းဆိုသည့် လူငယ်ကလေးက ဒီးဒီးကိုပတ်သွားလိုက်ပြီး ဒီးဒီးအရှေ့မှသွားရောက်ရိုက်ကူးသည်။ ဝါးရုံပင်တစ်ပင်နားအရောက်တွင် ဒီးဒီးက

"ဟေ့၊ အဲဒီကနေဆက်မသွားနဲ့တော့"

မိုးကောင်းကိုအော်လိုက်သဖြင့် မိုးကောင်းအလွန်ထိတ်လန့်သွားသည်။

"ဘာ၊ ဘာဖြစ်လို့လဲ"

"မင်းရဲ့ခြေထောက်နားမှာ ကိုင်းထောင်ထားတာရှိတယ်ကွ၊ မင်းနင်းမိရင် ဒဏ်ရာရသွားနိုင်တယ်"

မိုးကောင်းက အသေအချာကြည့်လိုက်တော့မှ ထောင်ခြောက်နှင့် ကြိုးကိုတွေ့ရတော့သည်။

"ခင်ဗျားထောင်ထားတာလား"

ဒီးဒီးက ခေါင်းခါပြသည်။

"တောဆိုတာ ကျုပ်တစ်ယောက်တည်းနဲ့ဆိုင်တာမဟုတ်ဘူးဗျ၊ ဒီနားက ရွာတွေအကုန်လုံးက ဒီတောကိုအားကိုးနေတာဆိုတော့ တခြားရွာသားတစ်ယောက်ယောက်ထောင်ထားတာဖြစ်နိုင်တယ်၊ တောထဲသွားရင် သားကောင်တွေကိုလည်း ဂရုစိုက်ရသလို၊ သူများတွေထောင်ထားတဲ့ ထောင်ခြောက်တွေကိုလည်း သတိထားနိုင်မှဗျ"

ယခုလိုရက်မျိုးတွင် တောအုပ်ကြီးက စိမ့်နေအောင်အေးသည်။ နာရီဝက်လောက် တောတိုးပြီးသောအခါ စမ်းချောင်းကလေးတစ်ခုကိုတွေ့ရသည်။ စမ်းချောင်းကလေး၏ ရေမျက်နှာပြင်ပေါ်တွင်လည်း အခိုးအငွေ့များက ရစ်ဆိုင်းနေလေသည်။

"မုဆိုးကြီး၊ ဒီနားမှာ စမ်းချောင်းရှိတယ်ဆိုတော့၊ ရေတံခွန်တို့ တခြားလှပတဲ့နေရာတွေရော မရှိဘူးလား"

"ရှိတယ်၊ ခလောက်တောင်ကြောဖက်မှာ သုံးထပ်ရေတံခွန်ရှိတယ်"

ဒီးဒီးစကားကိုကြားလိုက်တော့ ဦးအံ့ကြီး မျက်လုံးများအရောင်လက်သွားသည်။

"အဲဒီနေရာကဝေးလားဗျ"

"ဒီလိုရာသီဥတုနဲ့ဆို ခလောက်တောင်ကြောဖက်ကို မသွားတာအကောင်းဆုံးပါဗျာ"

ဦးအံ့ကြီးက ဒီးဒီးအနားသို့တိုးကပ်လာသည်။

"သိပ်မဝေးဘူးဆိုရင် ကျုပ်တို့ကိုလိုက်ပို့ပေးဗျာ၊ ကျုပ်တို့က သဘာဝရှုခင်းကောင်းကောင်းလေးတွေလည်း ရိုက်ချင်သေးတယ်"

ဒီးဒီးစဉ်းစားနေမိသည်။ ငွေငါးသောင်းလည်း ပေးထားသည်မို့ နောက်ဆုံး သူတို့ကိုလိုက်ပို့ပေးဖို့ သဘောတူလိုက်ရသည်။

"ကောင်းပြီဗျာ၊ ဒါပေမယ့် တောထဲရောက်ပြီဆိုတော့ အမြဲတမ်းသတိထားနေမှရမယ်ဗျို့၊ တောဆိုတာက မာယာခပ်များများဗျ"

ဦးအံ့ကြီးက ရယ်မောလိုက်ကာ

"အိုဗျာ၊ တောက ဘယ်လောက်ပဲမာယာများများ ကျုပ်တို့ဆီမှာ မုဆိုးကြီးရှိတယ်မဟုတ်လား"

ဒီးဒီးက ရယ်မောလျက် ခလောက်တောင်ဘက်သို့ ခရီးဆက်ခဲ့ကြသည်။

(၃)

ခလောက်တောင်ကြောမှာ သိပ်မဝေးသော်လည်း တောင်ဆင်းတောင်တက် မက်စောက်လှသည်။ နေ့လည်တစ်နာရီခန့်တွင် ရေတံခွန်အနားသို့ရောက်လာခဲ့ကြသည်။ သစ်ရိပ်ဝါးရိပ်ကောင်းလွန်းပြီး အလွန်အေးစိမ့််နေသည်။ မြူထူတွေကျဆင်းနေပြီး နေပြောက်ပင်မထိုးပေ။ ရေတံခွန်တွင် အဖြူရောင်ရေအလျင်က သုံးဆင့်စီးဆင်းနေလေရာ အတော်လှပပေသည်။

"မုဆိုးကြီး ဒီနားမှာနေအုံးဗျာ၊ ပြီးရင် ရေတံခွန်ကိုဖြတ်လျှောက်ပေး၊ ကျုပ်တို့က ရှုခင်းကောင်းကောင်းနောက်ခံထားပြီးရိုက်မယ်"

မိုးကောင်းဆိုသည့်လူငယ်က ရေတံခွန်အောက်ဘက်သို့ဆင်းသွားသလို ဦးအံ့ကြီးက ရေတံခွန်အပေါ်ဘက်နားတွင် နေရာယူလိုက်သည်။ ရေတံခွန် ဟိုဖက်ဒီဖက်ကို ကျောက်တုံးကလေးများအပေါ်မှ ဖြတ်ကူးနိုင်သည်မို့ ဒီးဒီးက ထိုကျောက်တုံးကလေးများအပေါ်မှ ဖြတ်ကူးလိုက်သည်။ တစ်ဖက်သို့ရောက်သွားသည့််အခါ ဦးအံ့ကြီးကဆင်းလာသည်။

"ကောင်းတယ်ဗျာ၊ ဒီလိုသဘာဝအလှတွေကို နိုင်ငံခြားသားတွေက သိပ်ကြိုက်တာဗျ"

သူတို့အတော်ကြာသည်အထိစောင့််နေသော်လည်း မိုးကောင်းက ပြန်တက်မလာခဲ့ပေ၊ သို့နှင့် ဒီးဒီးရော ဦးအံ့ကြီးပါ ရေတံခွန်အောက်ဘက်သို့ဆင်းလာခဲ့သည်။ မိုးကောင်းက ဝါးရုံတစ်ခုအနားတွင် ကွယ်ကာ တစ်ခုခုကိုချောင်းနေပုံရသည်။ သူတို့လည်း မိုးကောင်းအနီးသို့တိုးကပ်သွားသည်။

"ဟေ့ကောင် ဘာတွေချောင်းနေတာလဲ"

မိုးကောင်းက တိတ်တိတ်နေရန် ခြေဟန်လက်ဟန်ပြုလုပ်ပြပြီးနောက် ဝါးရုံတစ်ဖက်ခြမ်းရှိ ရေအိုင်ကလေးကို လက်ညှိုးထိုးပြသည်။ သူတို့နှစ်ယောက်လည်း ရေအိုင်ကလေးကိုကြည့်လိုက်ရာ မိန်းကလေးတစ်ဦးက ရေချိုးနေလေသည်။ မိန်းကလေးက ကရင်မလေးဖြစ်ဟန်တူသည်။ အသားအရေကဖြူဝင်းအိစက်နေပြီး နက်မှောင်ရှည်လျားသည့် ဆံနွယ်များလည်းရှိသည်။ ကရင်ထဘီနီကျင့််ကျင့်တစ်ထည်ကို ရင်လျားထားကာ ရေအိုင်ထဲတွင် ရေချိုးနေလေသည်။

မိုးကောင်းက ကင်မရာကလေးဖြင့် ထိုမိန်းကလေးကို မှတ်တမ်းတင်နေလေသည်။

"သူများ သားသမီးကို ဗွီဒီယိုခိုးရိုက်တာ မကောင်းပါဘူးဗျာ၊ လာ၊ သွားကြရအောင်"

ဒီးဒီးကခေါ်သော်လည်း မိုးကောင်းက တုတ်တုတ်မျှမလှုပ်ပေ၊ ဦးအံ့ကြီးမှာလည်း မျက်တောင်မခတ်ဘဲ ထိုမိန်းကလေး၏ အလှအပများကိုငေးမောကြည့်နေပုံရသည်။ ဒီးဒီးက မိုးကောင်းပုခုံးကိုပုတ်လိုက်သည်။

"ကဲ၊ မင်းတို့လိုချင်တဲ့ပုံရပြီမဟုတ်လား၊ သွားကြစို့ကွာ၊ တော်ကြာ သူသိသွားရင် ငါတို့ကို ပြဿနာရှာနေအုံးမယ်ကွ"

"နေစမ်းပါအုံးဗျာ၊ ခဏလေးပါ"

ထိုစဉ် ဒီးဒီးက ကျောက်တုံးကလေးတစ်လုံးကိုကောက်ယူလိုက်ပြီး ရေအိုင်အတွင်းသို့လှမ်းပစ်ထည့််လိုက်သည်။ ရေအိုင်အတွင်း ခဲကျလာသည့်အတွက် မိန်းကလေးက သူတို့ကိုလှမ်းကြည့်ပြီး ရေအိုင်တစ်ဖက်သို့ကူးခတ်သွားလေသည်။ ထိုမိန်းကလေးမှာ ရေခိုးရေငွေ့များကြားထဲ ပျောက်ကွယ်သွားတော့သည်။

သူတို့လည်းဆက်ပြီးထွက်ခွာလာခဲ့သည်။ မိုးကောင်းကြည့်ရတာ စိတ်နှင့်လူနှင့် ကပ်ပုံမရပေ။

"ခင်ဗျားတို့ ရိုက်ပြီးပြီဆိုရင်လည်း ပြန်ကြမယ်၊ အခုတစ်နာရီကျော်နေပြီဆိုတော့ ပြန်ရမှာနဲ့ဘာနဲ့ဆို သုံးနာရီလောက်မှ တောင်ပေါ်ကဆင်းနိုင်မယ်ထင်တယ်"

"ကောင်းပြီလေ၊ ဒါပေမယ့် ခင်ဗျားသားကောင်ကိုပြေးလိုက်တဲ့ပုံစံ၊ နောက်ပြီးတော့ သေနတ်လည်း တစ်ချက်လောက်တော့ ဖောက်ပေးစမ်းပါဗျ"

သူတို့အတူတူခလောက်တောင်ကြောပေါ်မှဆင်းခဲ့သည်။ တစ်နေရာအရောက်တွင် ခွေးကြီးဗဂျူးက တရှူးရှူး တရှဲရှဲဖြစ်နေလေသည်။ ခွေးကြီး ဗဂျူးနှင့် ဒီးဒီးမှာ အမြဲတမ်းအမဲလိုက်နေကျမို့ တစ်ယောက်အပြုအမူကို တစ်ယောက်အကဲခတ်တတ်သော်လည်း အခုတော့ ခွေးကြီးဗဂျူး၏ အပြုအမူက ထူးဆန်းနေလေသည်။

"အသံ၊ အသံတစ်ခုကြားရတယ်"

မိုးကောင်းက ပြောလိုက်လေသည်။ ထိုအခါ ဦးအံ့ကြီးက ရပ်ပြီးနားထောင်လိုက်သည်။ အသံကလေနှင့်အတူ ပျံ့လွင့်လာလေသည်။ ကြားနေရသည့်အသံက ကရင်ဘာသာဖြင့် သီဆိုနေသည့် သီချင်းသံဖြစ်ပြီး မိန်းကလေးတစ်ဦး သီဆိုနေသည့်အသံဖြစ်သည်။ သီချင်းတေးသွားကလည်း သာယာနာပျော်ဖွယ်ကောင်းလှသည်။

"ခုနက မိန်းကလေး ဆိုနေတာဖြစ်မယ်ဗျ"

ဒီးဒီးရင်တွေ စိုးထိတ်လာသည်။

"ဟုတ်ရင်ဟုတ်မှာပေါ့ဗျာ၊ ကဲပါ ပြန်ကြစို့"

"ဒီမိန်းကလေးကို ကျုပ်ရှာချင်တယ် ဦးအံ့ကြီး၊ သူ့ပုံကိုလည်းခုနက ရိုက်ခဲ့တာဆိုတော့ သူ့ကိုအကျိုးအကြောင်းပြောပြပြီးတော့ သူနဲ့အခန်းနည်းနည်းလောက်ဆက်ရိုက်မယ်"

မိုးကောင်းပေးသည့်အကြံကို ဦးအံ့ကြီးကလက်ခံလိုက်သည်။ ဒီးဒီးက ဦးအံ့ကြီးလက်ကိုဆွဲလိုက်သည်။

"ခင်ဗျားတို့က မုဆိုးအကြောင်းရိုက်ဖို့လာတာမဟုတ်လား၊ အခုကျုပ်အကြောင်းရိုက်ပြီးပြီပဲ ပြန်ကြစို့ဗျာ"

"နေပါအုံး မုဆိုးကြီးရဲ့၊ ဒီနားမှာ တောင်ပေါ်ရွာကလေးတွေဘာတွေရှိနေမလားပဲ၊ ရှိနေတယ်ဆိုရင်တော့ တိုင်းရင်းသားဓလေ့လေးတွေ ကျုပ်တို့ရိုက်ပြချင်တယ်"

ဒီးဒီးက ခေါင်းခါလိုက်သည်။

"ခလောက်တောင်ကြောမပြောနဲ့၊ ဒီတောင်တန်းကြီးတစ်ခုလုံးမှာ လူနေတဲ့ရွာဆိုလို့ ကျုပ်တို့ရွာကလွဲပြီးမရှိဘူးဗျ၊ ကဲပါ ပြန်ကြပါစို့"

ထိတ်ထိတ်ပြာပြာဖြစ်နေသည့် ဒီးဒီးကိုကြည့်ရင်း ဦးအံ့ကြီးတို့မှာထူးဆန်းနေလေသည်။

"ခင်ဗျားဘာဖြစ်နေတာလဲဗျ၊ ဘာကိုကြောက်နေတာလဲ"

ဒီးဒီးမျက်နှာအမူအရာမှာ ဟန်မဆောင်နိုင်လောက်အောင်ကို ပျက်ယွင်းနေသည်။

"ကျုပ်ရှင်းရှင်းပဲပြောမယ်ဗျာ၊ ဒီလိုတောင်ခိုးတွေ၊ မြူခိုးတွေဝေနေတဲ့အချိန်ကို ကျုပ်တို့အခေါ် လမိုင်းထချိန်လို့ခေါ်တယ်၊ ဘယ်သူမှ တောထဲတောင်ထဲ မလာဝံ့ဘူးဗျ၊ ပြီးတော့ ခုနက ခင်ဗျားတို့တွေ့ခဲ့တဲ့ မိန်းကလေး၊ အဲဒီမိန်းကလေးကလည်း လူမဖြစ်နိုင်ဘူး"

ဦးအံ့ကြီးက တွေဝေသွားသော်လည်း မိုးကောင်းကတော့ မယုံနိုင်ပေ။

"ခင်ဗျားဗျာ၊ ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ဒါမျိုးတွေယုံကြည်နေသေးလားဗျ၊ ခင်ဗျားတို့ရွာက မိန်းကလေးတစ်ယောက်ရော မဖြစ်နိုင်ဘူးလား"

ဒီးဒီးက မိုးကောင်းဆီသို့လျှောက်သွားလိုက်ကာ မိုးကောင်းပုခုံးကိုသေသေချာချာကိုင်လိုက်သည်။

"ဒီမှာ မိုးကောင်း၊ ငါ့ရွာမှာ ငါမသိတဲ့လူမရှိဘူး၊ နောက်ပြီး ဒီခလောက်တောင်ကြောဆိုတာ တောခြောက်လွန်းလို့ ရွာသူမပြောနဲ့ တို့ရွာက ရွာသားတွေတောင်မှ ဒီတောင်ကြောကိုမလာရဲဘူးကွာ၊ ဒီတော့ မင်းဘာမှဆက်မပြောဘဲ ငါပြောတဲ့အတိုင်းသာလုပ်၊ အခုပြန်ကြမယ်၊ ငါ့နောက်လိုက်ခဲ့ကြ"

ဒီးဒီးက အရှေ့မှတောတိုးသွားသည်။ ဦးအံ့ကြီးကတော့ မိုးကောင်းကိုခေါ်လျှက် အနောက်မှလိုက်လာခဲ့ကြလေသည်။ သီချင်းသံက တဖြည်းဖြည်းကျယ်လောင်လာလေသည်။ သူတို့တောတိုးရာလမ်းရှိ ဝါးရုံပင်ကြီးတစ်ပင်အောက်တွင် ထိုမိန်းကလေးက ဆောင့်ကြောင့်ထိုင်နေလေသည်။ ဒီးဒီးတို့အရှေ့တွင် ဘွားခနဲပေါ်လာသဖြင့် ဒီးဒီးက ရှောင်လွှဲမရတော့ပေ။

"ဘယ်သူမှ သူ့ကိုအဖက်မလုပ်ကြနဲ့၊ ကျုပ်တို့ဆက်သွားကြမယ်"

မိန်းကလေးမှာ အနီးကပ်ကြည့်တော့မှ အတော်ချောမောလှပသည်။ မျက်လုံးမျက်ဆန်နက်ပြီး မျက်ခုံးကောင်းသည်။ ကရင်ထမီအတိုကလေးမှာ မိန်းကလေး၏ ပေါင်သားအလှများ၊ ခြေသလုံးအလှများကို မဖုံးအုပ်နိုင်ဘဲ အတိုင်းသားမြင်နေရသည်။ သူတို့က မိန်းကလေးအရှေ့မှ ဖြတ်လျှောက်လိုက်သည်။ မိန်းကလေးက သူတို့လာတာကိုမြင်သည်နှင့်

"အကိုကြီးတို၊ အကိုကြီးတို့"

"ဟဲ့ကောင်မ၊ နင်နဲ့ငါတို့မသိဘူး၊ သွားစမ်း"

ဒီးဒီးက ပိတ်အော်ပြီး ရှေ့ဆက်လာသည်။ ဦးအံ့ကြီးကတော့ ထိုမိန်းကလေးကိုတစ်ချက်သာလှည့်ကြည့်သည်။ မိုးကောင်းဖြတ်လျှောက်တော့ မိန်းကလေးက မိုးကောင်းလက်ကိုလှမ်းဆွဲသည်။

"အကိုကြီးတို့၊ ညီမဗိုက်ဆာလို့ မုန့်တစ်ခုခုကျွေးပါလား"

ဒီးဒီးက မိုးကောင်းဆီသို့လှမ်းလျှောက်ခဲ့ပြီး မိုးကောင်းလက်ကိုလှမ်းဆွဲလိုက်သည်။

"ငါတို့မှာ ဘာမုန့်မှမပါဘူး၊ နင့်ကိုဘာမှမကျွေးနိုင်ဘူး"

ဒီးဒီးက မာမာထန်ထန်နှင့်ပြောလိုက်သည်။ မိန်းကလေးက

"ဒါဆိုရင်လည်း ကွမ်းလေးတစ်ယာလောက် ကျွေးစမ်းပါ"

ဒီးဒီးက ကွမ်းဝါးနေသည်ကိုမြင်သဖြင့် တောင်းခြင်းဖြစ်မည်။

"ကွမ်းလည်းမပါဘူး"

ထိုအခါ မိုးကောင်းက မိန်းကလေးအား မချေမငံဆက်ဆံနေသည့် ဒီးဒီးကို မကျေမနပ်ဖြစ်နေလေသည်။

"ခင်ဗျားဗျာ၊ ခုနကပဲ ခင်ဗျားပုဆိုးခါးပုံစထဲကနေ ကွမ်းတွေထုတ်ထုတ်ဝါးနေတာမဟုတ်လားဗျ၊ အခုမရှိတော့ဘူးလား"

ဒီးဒီးက မိုးကောင်းကို မိုက်ကြည့် ကြည့်လိုက်ပြီး

"ကုန်ပြီလို့ပြောနေတယ်မကြားဘူးလား၊ ဟေ့ကောင်မိုးကောင်း၊ သွားကြစို့ကွာ"

ဒီးဒီးက မိုးကောင်းကိုအတင်းဆွဲခေါ်လာရသည်။ ထိုမိန်းကလေးက မလျော့သေးပေ။

"ဒါဆိုရင်လည်း ရေလေးနည်းနည်းလောက်တိုက်စမ်းပါ အကိုကြီးတို့ရာ၊ ညီမရေဆာလို့ပါ"

ဒီးဒီးက လှည့်မကြည့်တော့ဘဲ မိုးကောင်းကိုအတင်းဆွဲခေါ်လာခဲ့ရတော့သည်။

(၄)

ခရီးအတော်ပေါက်တော့မှ သူတို့နားကြသည်။ နာရီက သုံးနာရီထိုးနေပြီဖြစ်သည်။ သူတို့ခလောက်တောင်ကြောကြီးပေါ်ကနေ မဆင်းနိုင်ကြသေးပေ၊ မိုးကောင်းက ဒီးဒီးကိုလုံးဝမကျေနပ်ဘဲ တစ်လမ်းလုံး ဘုကြည့် ကြည့်လာခဲ့သည်။ ဦးအံ့ကြီးကတော့ ကြောင်စီစီဖြစ်နေသည်။

"မင်းငါ့ကိုမကျေနပ်လည်း မတတ်နိုင်ဘူးမိုးကောင်း၊ ငါလုပ်ရတာက ငါတို့အားလုံး ဘေးကင်းဖို့ပဲ"

ဦးအံ့ကြီးက အလွန်မောပန်းနေပုံရသည်။

"မင်းဆီမှာ ရေဘူးရှိသေးလားမိုးကောင်းရာ၊ ငါ့ဘူးတော့ ကုန်ပြီကွ"

ဦးအံ့ကြီးက လှမ်းတောင်းသော်လည်း မိုးကောင်းက ဘာမှပြန်မပေးပေ။ ဦးအံ့ကြီး ဒေါသထွက်လာပုံရသည်။

"ရေနည်းနည်းတိုက်စမ်းကွာ မိုးကောင်းရာ"

ထို့နောက် မိုးကောင်းကိုအသေအချာကြည့်သည်။ ဒီးဒီးလည်း တစ်ခုသတိရသွားပြီး မိုးကောင်းဆီသို့ပြေးလာသည်။ မိုးကောင်းကို အသေအချာကြည့်လိုက်ပြီး

"မိုးကောင်း၊ မင်းရေဘူးဘယ်ရောက်သွားသလဲ"

"ခုနက ကောင်မလေးကို တိုက်လိုက်ပြီ"

ဒီးဒီးမျက်လုံးတွေ ပြူးကြောင်သွားသည်။

"ဘာကွ၊ ဘယ်လို"

"ဟုတ်တယ်လေ၊ ခုနက မိန်းကလေးက ရေဆာတယ်ဆိုလို့ ကျုပ်ရေဘူးကို သူ့ဆီကိုလှမ်းပစ်ပေးခဲ့တာ၊ ခင်ဗျားဗျာ၊ မိန်းကလေးတစ်ယောက်ကို မကူညီချင်ဘူးလား"

"သွားပြီ၊ သွားပြီဟ၊ ဟေ့ကောင်ရ၊ တောအုပ်ထဲမှာ ဘယ်သူ့ကိုမှ မကူညီရဘူးကွ၊ အဲဒါ မင်းဆီက စိတ်ကိုတောင်းတယ်လို့ခေါ်တယ်"

ဦးအံ့ကြီးလည်း အံ့သြနေမိသည်။

"စိတ်ကိုတောင်းတယ်ဆိုတာဘာကို ပြောတာလဲ"

"မင်းကို ပြုစားချင်လို့ မင်းဆီကနေ တစ်ခုခုတောင်းတာ၊ မင်းက သနားပြီး တစ်ခုခုပေးလိုက်မယ်ဆိုရင် မင်းကသူ့ကိုသနားတဲ့စိတ်ဖြစ်ရမယ်၊ မင်းစိတ်တွေက သူ့အပေါ်ကိုယိုင်ရမယ်မဟုတ်လား၊ ဒါကြောင့် တောထဲက မကောင်းဆိုးဝါးတွေက လူတွေဆီက တစ်ခုခုတောင်းတတ်ကြတယ်၊ ပေးလိုက်မိပြီဆိုရင် မင်းရဲ့စိတ်က သူ့အပေါ်ကို တိမ်းညွှတ်သွားပြီ၊ သူက မင်းကိုကြိုက်ရာပြုစားလိမ့််မယ်"

ဒီးဒီးပြောသည်ကိုကြားလိုက်ရပြီး ဦးအံ့ကြီးမှာ အလွန်ကြောက်လန့်သွားသည်။ မိုးကောင်းကတော့ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေသည်။ ဒီးဒီးက

"ဟေ့ကောင်မိုးကောင်း၊ မင်းရဲ့ဖိနပ်ကိုချွတ်လိုက်စမ်း"

ထိုသို့ပြောကာ မိုးကောင်းအနီးသို့တိုးကပ်သွားသည်။ မိုးကောင်းက ဒီးဒီး၏ ရင်ဝကိုလက်နှစ်ဖက်ဖြင့်ဆောင့်တွန်းလိုက်လေရာ အမှတ်တမဲ့မို့ ဒီးဒီးမရှောင်နိုင်ဘဲ အနောက်သို့လန်ကာ လဲကျသွားလေသည်။ မိုးကောင်းက ပြူးကြောင်နေသောမျက်လုံးများဖြင့် ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရင်း

"အသံကြားတယ်၊ ကျုပ်ကိုခေါ်နေပြီ၊ ဟေ၊ ငါလာပြီညီမ၊ အကိုလာပြီ"

ထိုသို့အော်ဟစ်လျက် တောအုပ်ထဲသို့ အတင်းပြေးဝင်သွားသည်။ အလွန်လျှင်မြန်သည့်အရှိန်ဖြင့်ပြေးဝင်သွားသည်မို့ ဒီးဒီးတို့ပင် သဲသဲကွဲကွဲမမြင်လိုက်ရပေ၊ မိုးကောင်းမှာမြူထူဆိုင်းနေသည့် တောအုပ်အတွင်းသို့ပြေးဝင်သွားကာ မျက်စိအောက်တွင် ပျောက်ကွယ်သွားလေသည်။

"မိုးကောင်း၊ မိုးကောင်း၊ ငါတို့သူ့နောက်လိုက်ရမယ်"

"မလိုက်နဲ့၊ သူ့နောက်လိုက်သွားရင် ကျုပ်တို့ပါ ဒုက္ခရောက်သွားလိမ့်မယ်"

"ဒါပေမယ့် သူကငါ့တပည့်လေ၊ သူ့ကိုငါတို့က ဒီအတိုင်းထားခဲ့ရမှာလား"

ဒီးဒီးဘာလုပ်ရမှန်းမသိတော့ပေ၊ သေနတ်ကိုကိုင်ရင်း မြေပြင်တွင်ထိုင်ချလိုက်သည်။ သူအကြံထုတ်နေမိသည်။ မလိုက်သွားလို့ကလည်းမဖြစ်၊ သူ့ကိုလမ်းပြမုဆိုးအနေနှင့် အခပေးထားခြင်းဖြစ်သည်။ မိုးကောင်းတစ်ခုခုဖြစ်လျှင် သူ့ထံတွင်တာဝန်ရှိသည်။ ထို့ကြောင့် ဒီးဒီးက ခွေးကြီးဗဂျူးကို အသံပေးလိုက်ကာ မြေပြင်သို့လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် ဦးအံ့ကြီးကိုကြည့်လိုက်ပြီး

"ကျုပ်သူ့နောက်လိုက်သွားမယ်၊ ခင်ဗျားနဲ့ ကျုပ်ရဲ့ခွေးကြီး ဒီနေရာကနေစောင့်နေပါ၊ တကယ်လို့ နောက်တစ်နာရီကြာတဲ့အထိ ကျုပ်ပြန်မလာဘူးဆိုရင် ကျုပ်ခွေးကြီးကို ဗဂျူးရေ အိမ်ပြန်ရအောင်ဟေ့ လို့ပြောပြီး၊ သူ့နောက်ကနေလိုက်သွားပါ၊ ရွာကိုရောက်သွားလိမ့်မယ်"

ဦးအံ့ကြီးက ခေါင်းညိတ်လေသည်။

"ခင်ဗျားတစ်ခုမှတ်ထားနော်၊ ဘယ်နည်းနဲ့ဖြစ်ဖြစ် တောအုပ်ထဲမှာ မိုးမချုပ်စေနဲ့"

ဒီးဒီးက ဦးအံ့ကြီးကို အသေအချာမှာပြီး လက်ကနာရီကိုကြည့်လိုက်ရာ သုံးနာရီကျော်နေပြီဖြစ်သည်။ ရိုင်ဖယ်သေနတ်ထဲသို့ ကျည်ဆန်ငါးတောင့်ထည့်လိုက်ပြီး သေနတ်မောင်းကိုအသင့်ချိန်ကာ မိုးကောင်းပြေးဝင်သွားသည့် တောအုပ်အတွင်းသို့ လိုက်ဝင်ခဲ့သည်။

(၅)

ဒီးဒီးက ပတ်ဝန်းကျင်တစ်ခွင်ကို နားစွင့်နေလေသည်။ ရှေ့မှတောကြီးက သစ်ပင်ကြီးများပေါက်နေသည့်တောကြီးဖြစ်ပြီး ချုံနွယ်များက ခါးအထိထူထပ်လေသည်။ တောအုပ်အတွင်း မိုးကောင်းပြေးထားသည့် ခြေရာများကို ခပ်ကျဲကျဲတွေ့နေရသည်။ ညနေမှောင်လာသည်နှင့် အလင်းရောင်အားနည်းလာပေရာ ရှေ့ဆယ်ကိုက်အကွာခန့်ကိုပင် မနည်းအားယူကာ ကြည့်နေရသည်။ လက်ထဲမှသေနတ်ကိုလည်း သတိနှင့် အသင့်ကိုင်ထားသည်။

"အကိုကြီး"

သူ့နောက်မှ ခေါ်သံကြားသဖြင့် လှည့်ကြည့်ရာ ခုနကတွေ့ခဲ့သည့် မိန်းကလေးကိုတွေ့ရသဖြင့် ဒီးဒီးက သေနတ်နှင့်ထိုးချိန်လိုက်သည်။ သူ့တစ်ကိုယ်လုံး ကျောရိုးထဲမှ အေးစိမ့်တက်လာပြီး ကြက်သီးမွှေးညှင်းတွေ ထောင်ထလာသည်။

"ဟိုကောင်ဘယ်မှာလဲ"

မိန်းကလေးက ပြုံးနေလေသည်။

"သူ့ကို ကျုပ်ပိုင်သွားပြီ"

"ပြန်ပေးစမ်း၊ သူ့ကိုပြန်ပေးရင်ပေး၊ မပေးရင် မင်းကိုငါပစ်ထည့်လိုက်မှာနော်"

"ဟင်း၊ ဟင်း၊ ဟင်း"

မိန်းကလေးက အသံနက်ကြီးဖြင့်ရယ်မောသည်။ သူ့အသံကြီးက တောအုပ်အတွင်းပဲ့တင်ထပ်မျှ ကျယ်လောင်နေလေသည်။ ထို့နောက် မိန်းကလေးက လက်သုံးချောင်းကိုထောင်လိုက်လေသည်။

"ရှင်တို့ သုံးယောက်လာတာ၊ တစ်ယောက်ပဲပြန်ရမယ်"

ဒီးဒီးက ဘာမှပြောမနေတော့ဘဲ ထိုမိန်းကလေး၏ ဦးခေါင်းကိုတည့်တည့်ချိန်ကာ သေနတ်မောင်းခလုပ်ကို ညှစ်ချထည့်လိုက်သည်။

"ဒိုင်း"

ရိုင်ဖယ်သေနတ်သံက တောင်ကြောကြီးပေါ်တွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ထိုမိန်းကလေးက နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားပြီး သူ့ညာဖက်နံဘေး ခပ်လှမ်းလှမ်းတွင် သွားပေါ်လေသည်။ ဒီးဒီးက မောင်းကိုအမြန်တင်လိုက်သည့်အခါ ပူနွေးနေသည့် ရိုင်ဖယ်ကျည်ဆန်ခွံက ပြောင်းအတွင်းမှခုန်ထွက်သွားကာ ကျည်ဆန်အသစ်တစ်တောင့်ကို အသင့်တင်ပြီးသားဖြစ်သွားသည်။ ဒီးဒီးက ညာဖက်သို့လှည့်လိုက်ပြီး မဆိုင်းမတွပင် ထိုမိန်းကလေးအားပစ်ချလိုက်ပြန်သည်။

"ဒိုင်း"

သို့သော် ကျည်ဆန်က ထိုမိန်းကလေးအားမထိမှန်ပေ၊ ထိုစဉ် သူ့နောက်ကျောဘက်တွင် ချုံတိုးသံများကို အတိုင်းသားကြားလိုက်ရသည်။ ဒီးဒီးက သေနတ်နှင့်ထိုးချိန်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ချုံနွယ်များကြားမှ တောဝက်ကြီးတစ်ကောင်ပြေးထွက်လာပြီး သူ့ခြေထောက်ကိုဝင်တိုက်လေသည်။ ဒီးဒီးကလန့်ပြီး ခုန်ထည့်လိုက်ရာ တောဝက်အစွယ်ကြီးက သူ့ခြေဖျားကိုသာထိသွားသည်။ သူသာမခုန်ခဲ့လျှင် သူ့ခြေထောက်နှစ်ဖက်စလုံး သွင်သွင်ကျိုးသွားမည်ဖြစ်သည်။

ခြေထောက်ပေါက်သွားပြီး ဒီးဒီးမှာလဲကျသွားသည်။ တောဝက်ကြီးက သူ့ကိုလွန်သည့်အခါ ရပ်တန့်သွားကာ တစ်ဖန်သူ့ဘက်သို့ပြန်လှည့်ကာ ပြေးလာပြန်သည်။ မြေတွင်လဲနေသည့် ဒီးဒီးအား တောဝက်စွယ်ကြီးဖြင့်ပက်ရန် ပြေးလာနေသည်။ သေနတ်ဖြင့်တိုက်ခိုက်ရန် မမီတော့သည်မို့ ဒီးဒီးက ခါးကြားမှ ကိုးလက်မခန့်ရှိသည့် ဓါးမြှောင်ကိုထုတ်လိုက်ပြီး အသင့်ပြင်ထားလိုက်သည်။ တောဝက်ကြီးက သူ့ကိုပြေးပြီးအပက်တွင် ဒီးဒီးက ဘယ်ဖက်သို့ တစ်ချက်လှိမ့်လိုက်ရာ တောဝက်ကြီးမှာသူ့ကိုမထိဘဲ အနီးမှသစ်ပင်ကြီးတစ်ပင်၏ ပင်စည်ကိုသာထိသွားသည်။ ဒီးဒီးက မဆိုင်းမတွပင် သူ၏ဓါးမြှောင်အား တောဝက်ကြီး၏ နံကြားသို့အားကုန်ထိုးစိုက်ချလိုက်လေသည်။

"စွီး၊ စွီး"

တောဝက်ကြီးမှာ အသံကုန်ဟစ်အော်ပြီး တောအုပ်အတွင်းသို့ပြေးဝင်သွားတော့သည်။ ဒီးဒီးလည်းသေနတ်ကိုကောက်လိုက်သည်။ သူ့ခြေဖမိုးက ဟက်တက်ကွဲသွားပြီး သွေးတွေပန်းထွက်နေလေရာ သူဝတ်ထားသည့် ကရင်ပုဆိုးကို ဖြဲစုတ်လိုက်ပြီး ဖြေဖမိုးကို စည်းနှောင်ထားလိုက်သည်။ ထို့နောက် သေနတ်ကိုအားပြုထောက်ကာ တောအုပ်အတွင်းမှထွက်လာခဲ့သည်။

ဦးအံ့ကြီးအနားသို့ လှမ်းအလာတွင် ခွေးဟောင်သံကို ဆူညံစွာကြားလိုက်ရသည်။ ခွေးအသံကတော့ သူ့ခွေးကြီး ဗဂျူး၏အသံဖြစ်သည်။ ဒီးဒီးလည်း အသံကြားရာဆီသို့ အမြန်ပြေးလာခဲ့သည်။ သူရောက်နေသည့်နေရာက ဦးအံ့ကြီးထိုင်နေသည့်နေရာထက် အနည်းငယ်မြင့်သဖြင့် ဦးအံ့ကြီးတို့ကို အတိုင်းသားမြင်နေရသည်။ ဦးအံ့ကြီးက မတ်တပ်ရပ်နေပြီး တစ်နေရာကိုကြောင်ကြည့်နေသည်။ ထိုနေရာတွင်တော့ မိုးကောင်းကိုမြင်တွေ့ရသည်။

မိုးကောင်းက ဦးအံ့ကြီးဆီသို့ ပြေးလာရန်ကြိုးစားနေသည်။ ဒီးဒီးလည်း မြေပြင်တွင် မုဆိုးထိုင် ထိုင်ချလိုက်ပြီး သေနတ်ကိုမောင်းတင်ကာ မိုးကောင်းကိုထိုးချိန်လိုက်သည်။ မိုးကောင်းမှာ ဦးအံ့ကြီးထံသို့ တစ်ရှိန်ထိုးပြေးလာနေသည်။ ဒီးဒီးက မိုးကောင်းခြေထောက်နားကိုမှန်းလိုက်ကာ သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်သည်။

"ဒိုင်း"

သေနတ်သံနှင့်အတူ မိုးကောင်းမှာပြိုလဲသွားသည်။ ထို့နောက် နံဘေးရှိချုံကြီးအတွင်းသို့ လိမ့်ကျသွားလေသည်။ ဦးအံ့ကြီးမှာ အိပ်ရာမှနိုးထလာသူတစ်ဦးကဲ့သို့ဖြစ်နေသည်။ ဒီးဒီးက ဆင်းသွားပြီး ဦးအံ့ကြီးကို ကိုင်ဆွဲလိုက်သည်။

"မင်း၊ မင်း မိုးကောင်းကိုပစ်လိုက်တယ်"

"ကျုပ်ပစ်တာ မိုးကောင်းမဟုတ်ဘူးဗျ"

သူတို့အသေအချာသွားကြည့်တော့ ချုံပုတ်ကြီးအတွင်းဝယ် ငြိမ်သက်နေသည့် တောဝက်ကြီးကိုတွေ့ရသည်။ တောဝက်ကြီး၏ နံစောင်းတွင် ဒီးဒီး၏ အမဲလိုက်ဓါးမြှောင်က စိုက်ဝင်နေသေးသည်။ ဒီးဒီးက ဓါးကိုဖြုတ်လိုက်သည်။

"ခင်ဗျားကိုပါ သတ်ဖို့ကြံနေတာပဲ၊ မဖြစ်ဘူး၊ ကျုပ်တို့တွေ ဒီကနေအမြန်သွားမှဖြစ်တော့မယ်"

ခြေထောက်တစ်ဖက်နာနေသည့် ဒီးဒီးကို ဦးအံ့ကြီးက တွဲပြီးနောက် တောထဲမှအမြန်ပြန်လာခဲ့ကြတော့သည်။ တောအုပ်အတွင်းမှ ထွက်လိုက်သည့်အချိန်တွင် ညနေငါးနာရီထိုးနေပြီဖြစ်သည်။ သူတို့နှစ်ယောက် တောအုပ်အတွင်းသို့ တစ်ချက်လည်ပြန်ကြည့်လိုက်သည့်အချိန်တွင် သစ်ပင်များကြားတွင် မိုးကောင်းနှင့် ထိုမိန်းကလေး မတ်တပ်ရပ်နေသည်ကိုမြင်တွေ့လိုက်ရသည်။

"ဦးအံ့ကြီး၊ ကျုပ်ပြောတာကိုယုံပါ၊ အဲဒါသူမဟုတ်ဘူး"

သူတို့လှည့်မကြည့်တော့ဘဲ ရွာဆီသို့သာ အမြန်ထွက်လာခဲ့ကြသည်။

(၆)

ရွာပြန်ရောက်တော့ ဒီးဒီးတစ်ယောက်အဖျားတွေတက်သည်။ ဦးအံ့ကြီးလည်း မပြန်ဖြစ်ပေ၊ ထိုညမှာပင် ဦးအံ့ကြီးလည်း အဖျားတွေတက်သည်။ ဒီးဒီး၏ ဇနီးသည်နှင့် ရွာသားများက ပြုစုပေးကြသည်။ ဒီးဒီးအိပ်မက်ထဲတွင် ထိုအသားဖြူဖြူနှင့်မိန်းကလေးကိုသာ မြင်တွေ့နေရသည်။ ထိုမိန်းကလေးမှာ မျက်လုံးနီနီရဲရဲ၊ ပါးစပ်ပြဲပြဲနှင့် ကြောက်စရာကောင်းသည့် သရဲမကြီးတစ်ဦးဖြစ်နေလေသည်။

ဒီးဒီး သတိပြန်ရလာတော့ သုံးရက်ခန့််ပင်ကြာနေပြီဖြစ်သည်။ ဒီးဒီးတစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေလေသည်။

"မိန်းမ၊ ဦးအံ့ကြီးရော"

"သူကံမကောင်းရှာပါဘူး၊ တောထဲကပြန်လာပြီးတော့ အဲဒီညပဲ သူအဖျားတက်တယ်၊ နောက်တစ်နေ့မနက်လင်းလောက်မှာတော့ ပါးစပ်က ကယောင်ကတမ်းတွေအော်ဟစ်ပြီးတော့ သေဆုံးသွားတော့တာပါပဲ၊ သူ့မိသားစုတွေရောက်လာပြီးတော့ ရွာမှာပဲ သဂြိုလ်သွားကြတယ်"

ဒီးဒီးတွေဝေသွားသည်။ သူ့နားထဲတွင်လည်း ထိုမိန်းကလေးပြောလိုက်သည့်် စကားများကိုကြားယောင်နေမိသည်။

"ရှင်တို့သုံးယောက်လာတယ်၊ တစ်ယောက်ပဲပြန်ရမယ်"

ငါးရက်ခန့်ကြာတော့ ဦးအံ့ကြီးကို ရက်လည်ရန်အတွက် မိသားစုဝင်များရောက်လာကြသလို ပျောက်ဆုံးသွားသည့် မိုးကောင်း၏ မိဘများလည်း ရောက်လာကြသည်။ မိုးကောင်းအား လူပျောက်မှုဖြင့်အမှုဖွင့်လိုက်သလို ရွာခံများကလည်း တောနက်ထဲသို့အကြိမ်ကြိမ်သွားကာ မိုးကောင်းအားရှာဖွေကြပေမယ့် လုံးဝမတွေ့ကြရပေ။ ဒီးဒီးမှာ မိမိတာဝန်မကင်းသဖြင့်် မိုးကောင်းမိဘများကိုရော၊ ဦးအံ့ကြီး၏ မိသားစုဝင်များကိုပါ အနူးအညွတ်တောင်းပန်ရလေသည်။

ဦးအံ့ကြီးတို့ ရိုက်ကူးခဲ့သည့် ဗွီဒီယိုများကို ဖွင့်ကြည့်ကြသည့်အခါ ရေတံခွန်အနီးတွင် လူရိပ်သဏ္ဍာန်ဖြူဖြူအရိပ်ကြီးများ ရပ်နေသည်ကိုတွေ့လိုက်ရသလို၊ ရေအိုင်ကလေးတွင်လည်း မည်သူမျှမရှိပဲ ဒီအတိုင်းရိုက်ကူးထားသည်ကိုသာ တွေ့ရလေသည်။ ထိုခရီးစဉ်ကား ဒီးဒီးအတွက် ဆိုးရွားသည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။ ဒီးဒီးကတော့ ထိုမိန်းကလေးကိုမကျေနပ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ မင်းလွင်တောင်တန်းကြီး ခေါင်းမြီးခြုံသည့််အချိန်၊ တောင်ခိုး မြူခိုးတွေဝေနေသည့် လမိုင်းထချိန်မျိုးတွင် တောင်တန်းကြီးတစ်နေရာရှိ ခလောက်တောင်ကြောကြီးပေါ်သို့ ရောက်ရှိခဲ့ပါက အသားဖြူဖြူနှင့် ထိုမိန်းကလေးကို တွေ့ရှိကြရပေဦးမည်။

ပြီးပါပြီ။
အဂ္ဂဇော်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..