
Part - 7
" ဒေါ်လေး.....ညီမလေးကို ဒီနားက ကျောင်းမှာလိုက်အပ်ပေးပါလားဟင်။ ကျွန်တော် ညီမလေးကို ကျောင်းပြန်တက်စေချင်တယ်။ "
စွယ်တော့်စကားကြောင့် ဒေါ်ကြည်ပြာကြီးက သက်ပြင်းချလာသည်။
" ကျောင်းတက်ပြီဆိုရင် စရိတ်စက မနည်းဘူးနော် ငါ့တူ။ စာအုပ်ဖိုး၊ခဲတံခဲဖျက် ကျောင်းကကောက်တာတွေလဲ ရှိလာမှာ။ နင် နိုင်ပါ့မလား။ "
ဒေါ်လေး ပြောတာလဲ ဟုတ်ပေမယ့် သူ ညီမလေးကိုတော့ ကျောင်းဆက်တက်စေချင်သည်။ မောင်နှမနှစ်ယောက်မှာ တစ်ယောက်ကတော့ ပညာရေးကို ဆုံးခန်းတိုင်စေချင်သည်။
" ကျွန်တော် စုထားတာရှိပါတယ် ဒေါ်လေး။ ညီမလေးကိုပဲ ကျောင်းလိုက်အပ်ပေးပါ။ "
စွယ်တော်က ပိုက်ဆံကိုခြစ်ခြုတ်စုတတ်သည့် အကျိုးဟုပင် ပြောရမလိုပင်။ ပန်းကိုကျောင်းဆက်ထားခဲ့သလို သူကိုယ်တိုင်လဲ ရပ်ကွက်ထဲ အလုပ်ကိုအစုံလုပ်သည်။ မြောင်းဖော်၊ခြံရှင်း ၊ ဆိုဒ်ထဲလိုက် အကုန်အစုံလိုက်လုပ်၏။
" အေးပါ......မင်း နိုင်ရင်ပြီးတာပဲ။ ဒေါ်လေးလိုက်အပ်ပေးမယ်။ "
ပန်းကလေးကလဲ လိမ္မာသည်ဟု ပြောရမလိုပင်။ အိမ်မှာလဲ နေတတ်သလို ကျောင်းထားတော့လဲ စာကြိုးစား၏။ နဂိုစာကြိုးစားသည့်ကလေးပီပီ အမှတ်တွေကောင်းသလို စွယ်တော်ကလဲ သူ့ညီမကို တုန်နေအောင်ချစ်သည်။
သို့ပေမယ့် သူတို့မောင်နှမအတွက် ထပ်မံ၍ ဖြစ်ပေါ်လာသော အချိုးအကွေ့သည် မိခင်ဖြစ်သူဆုံးပါးသွားခြင်းပင်။
" အမေ့......အမေရေ......သမီးကို မထားခဲ့ပါနဲ့။ "
အသုဘမှာ ပန်းကလေးက ရှိုက်ကြီးတငင် ငိုရှာသလို မောင်နှမနှစ်ယောက်ထဲသာ ဒီလောကကြီးထဲ ကျန်ခဲ့ရပြီဆိုတဲ့အသိကို ခါးသီးနေအောင် ခံစားရ၏။ မိဘတွေမရှိတော့ဘူးဆိုသည့်အသိက စွယ်တော့် ပုခုံးကို ပို၍လေးပင်လာစေသည်။
သူ မငိုပါ။ သူ အံကိုတင်းတင်းကြိတ်ထားခဲ့သည်။ ရှေ့ဆက်၍ လမ်းတွေက ပိုကြမ်းတမ်းတော့မှာ မဟုတ်လား။
@@@@@@@@@@@
သုံးနှစ်ကြာပြီးနောက်......။
စွယ်တော် အိမ်ထဲဝင်လိုက်သည်နှင့် ထမင်းဝိုင်းကို အသင့်ပြင်ထားသည့် ညီမလေးကို တွေ့လိုက်ရသဖြင့် ပြုံးမိသွား၏။ အခုဆို သူတို့မောင်နှမနှစ်ယောက် အဆောင်ခန်းလေးတစ်ခု သက်သက်ငှားနေကြသည်။ စွယ်တော်က ညဖက်ဆို လုံခြုံရေးအလုပ်ရသဖြင့် သွားရသလို မနက်ဖက်တွေမှာ စံပယ်ကုံးတွေအား ကားကြိုကားကြားပြေးလိုက်၊ကူးလိုက်ဖြင့် လိုက်ရောင်းသည်။
အလုပ်အစုံလုပ်လာသည့်အတွက် အသားတွေဟာ အရင်လိုမဖြူတော့။ နေလောင်ကွက်တွေရှိသလို အသားအရောင်က မညီညာ။ လက်ဖဝါး၊ခြေဖဝါးတွေမှာ အသားမာတွေနေရာယူလာသည်။ တော်ပါသေးသည်။
သူ့ညီမလေးကိုတော့ သူသေချာပျိုးထောင်နေနိုင်သေးသည်။ အသားလေးတွေလဲ ဖြူနေသေးသည်။ လက်ဖဝါးလေးတွေလဲ မကြမ်းတမ်းသေးပါ။
" ကိုကြီးတောင် အလုပ်ကပြန်လာပြီ။ ဒီမှာ ထမင်းကြော်ထားတယ်။ကိုကြီးအတွက်ခူးထားပြီးသား။စားလိုက်နော်။ ပန်း ကျောင်းသွားတော့မယ်။ "
သူ ကပျာကယာအိတ်ကပ်ထဲနှိုက်လိုက်ရင်းမှ တစ်ထောင်တန်နှစ်ရွက်ထုတ်ပေးလိုက်သည်။
" မုန့်ဖိုးယူသွားဦးလေ ညီမလေးရဲ့။ "
" ရတယ် ကိုကြီး။ ပန်းဆီမှာ မနေ့ကမုန့်ဖိုးကျန်သေးတယ်။ "
ခပ်သုတ်သုတ်လေး ပြေးထွက်သွားသည်ကို ကြည့်ရင်း စွယ်တော် မချိတင်ကဲပြုံးမိ၏။ ညီမလေးက သိပ်သိတတ်သည်။ ဘဲဥဟင်းနဲ့ထုပ်ပေးလျှင် တစ်လုံးဆိုတစ်ခြမ်းပဲစားပြီး တစ်ခြမ်းချန်ကာ အိမ်ရောက်မှ ညစာအဖြစ်စားတတ်သည်အထိကို ချွေတာသည်။ ညတိုင်း သူ့ကို ရှိခိုးပြီးမှ အိပ်သည်။ မိဘတွေ မရှိသည့်နောက်ပိုင်း မောင်နှမနှစ်ယောက်ဟာ အချင်းချင်း မျက်စိအောက်ကနေ တစ်ယောက်ကိုတစ်ယောက် အပျောက်မခံတတ်ကြ။
စွယ်တော့် အတွက် ပထမဦးစားပေးဟာ ပန်းကလေးဖြစ်သလို ၊ ပန်းကလေးအတွက် ပထမဦးစားပေးဟာ စွယ်တော်ပင် ဖြစ်သည်။
--------------
" စံပယ်တွေရမယ်......စံပယ်တွေ။ "
မီးပွိုင့်နီနေတုန်း ကားတွေကြား လျှောက်ကာ လက်ထဲမှပန်းကုံးတွေအား မြှောက်၍ရောင်းနေသည့် စွယ်တော်။ ကားတစ်စီးအနားအရောက် ကားမှန်က လျောကျသွားသလို သူတစ်သက်လုံး မမေ့နိုင်သည့် အမုန်းတီးဆုံးမျက်နှာတွေထဲမှ တစ်ခုပေါ်လာသည်။
သူရိန်.....။
သူ့ပုံစံကို ခေါင်းအစခြေအဆုံး ကြည့်နေပုံက ခပ်လှောင်လှောင်ပင်။
" ဘယ်သူများလဲမှတ်တယ်....အရူးမသားကိုး။ ကဲ...ကဲ အားပေးလိုက်ပါမယ်လေ။ တစ်ကုံးဘယ်လောက်လဲ။ "
စွယ်တော် မသိဟန်ဆောင်ကာ လှည့်ထွက်ရန်ပြင်တော့ ကားပြတင်းပေါက်မှနေ၍ ပစ်ချလိုက်သည့် တစ်ထောင်တန်တစ်အုပ်။ ဒေါသတကြီးကြည့်မိတော့ မီးစိမ်းပြီဖြစ်၍ ကားတွေက ထွက်သွားသလို ကားလမ်းမပေါ်မှ ပိုက်ဆံထုပ်ကို သူပြတ်သားစွာပင် ကျောခိုင်းခဲ့သည်။
@@@@@@@@@@@
" စွယ်တော်ရေ.....စွယ်တော်..."
အိမ်ရှေ့မှ မထူးမချင်း အော်ခေါ်နေသည့် ဦးလေးခိုင်စိုး၏ အသံကြောင့် ပန်းရောင်းသွားရန်ပြင်နေရာမှ စွယ်တော်တစ်ယောက် အရှေ့ထွက်လာခဲ့ရသည်။ ဦးလေးခိုင်စိုးနဲ့ ဘေးမှာ လူရည်သန့်ဦးလေးကြီးတစ်ယောက်ပင်။
" ဘာဖြစ်လို့လဲ ဦးလေး။ "
" မင်းနဲ့တွေ့ချင်လို့တဲ့။ မင်းအိမ်လိုက်ရှာနေတာ...."
စွယ်တော် ထိုဦးလေးကြီးကို တစ်ခါမှမမြင်ဖူးတာမို့ ငေးကြည့်နေမိသည်။
" ဦးလေးက မင်းအဖေရဲ့ သူငယ်ချင်းပါ။ မင်းတို့မောင်နှမကို လိုက်ရှာနေတာ ကြာပြီ။ "
အဖေ့သူငယ်ချင်း....။
စွယ်တော် ကပျာကယာ ဖျာခင်းပေးလိုက်ရင်းမှ....
" ဟုတ်ကဲ့ ထိုင်ပါ ဦးလေး။ "
ဖျာပေါ်ဝင်ထိုင်လိုက်ကြရင်းမှ ထိုဦးလေးကြီးက ဟိုဒီကြည့်ရင်း သူတို့နေရသည့်နေရာကိုမြင်တော့ အတော်စိတ်မသက်မသာဖြစ်ပုံရသည်။
" ဒီလိုကွဲ့.....မင်းအဖေက ဦးလေးကို အများကြီး ကူညီခဲ့တာ။ သူ့ကိုပေးစရာ အကြွေးသိန်းသုံးရာရှိတယ်။ "
" ဗျာ! !".
စွယ်တော် မယုံနိုင်ဖြစ်သွားရသည်ထက် အံ့သြသွားခြင်းပင်။
" ဦးလေး ဒီကိုပြန်ရောက်တာ မကြာသေးဘူး။ ရောက်ရောက်ချင်း မင်းတို့အိမ်သွားပေမယ့် မင်းတို့က မရှိတော့ဘူး။ "
ဟုတ်တာပေါ့။ သူရိန်တို့ နဲ့ပဲ တွေ့ခဲ့မှာပေါ့လေ။
" မင်းအဖေနဲ့ဦးလေး စပ်တူဝယ်ထားတဲ့ ခြံတစ်ကွက်လဲရှိတယ်။ အဲ့ဒါအခုဆို သိန်းတစ်ထောင်ကျော်မှာပေါ့။ မင်းကိုဦးလေး လွှဲပေးမယ်။ "
ဘာပြောလို့ပြောရမှန်းပင် မသိအောင်ကို ထိုနေ့က သူစကားတစ်လုံးမှ သေချာမပြောလိုက်နိုင်ပေ။ ပုတ်သင်ညိုပမာ ခေါင်းတညိတ်ညိတ်ဖြင့် အီလည်လည်ကြီးဖြစ်နေသည်။ မယုံမရဲဖြစ်နေပေမယ့် တကယ်လဲ ထိုဦးလေးက သူတို့ကို ငွေသိန်းသုံးရာဖြင့်ခြံကို လွှဲပြောင်းပေးခဲ့သည်။
ကံကြမ္မာအချိုးအကွေ့တွေက မြန်သလို အကဲလဲဆတ်လွန်းသည်။ ပျော်ပေမယ့် ရှိပြီးသားဥစ္စာကို တည်မြဲဖို့နှင့် တိုးပွားဖို့ စွယ်တော် အတော်ကြိုးစားရတော့သည်။ သူ့မှာ အမုန်းဆုံးသူတွေရှိသည် မဟုတ်လား။
လက်စားပြန်ချေချင်မိသည်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 8
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ