အပိုင်း (၁၁)
ဝင်္ကပါမြို့ ကောင်းကင်ကြီးတစ်ခုလုံးကို အမှောင်ထုကြီးက အုပ်စိုးသွားလေသည်။ အမှောင်ထုကြီးမှာ သာမန်ညအမှောင်ကဲ့သို့မဟုတ်ဘဲ ပိန်းပိတ်အောင်မှောင်သွားခြင်းဖြစ်သည်။ ထို့အတူ မြေကြီးအတွင်းမှ အရိပ်သဏ္ဌာန် အနက်ရောင်အကောင်ကြီးများက ထွက်လာကြကာ မြို့သူမြို့သားများကို တိုက်ခိုက်ကြလေသည်။
အနက်ရောင်မိစ္ဆာအကောင်ကြီးများက တစ်ကိုယ်လုံးမည်းနက်နေပြီး သားရေနှင့်တူသော အရေပြားရှိသည်။ ထိုအရေပြားပေါ်တွင် အကျိအချွဲများကပ်နေသေးသည်။ လက်တွင်လည်း ဓါး၊ လှံ၊ လက်နက်များကို ကိုင်ဆောင်ထားကြသည်။ ထိုအကောင်ကြီးများက တွေ့ရာလူမှန်သမျှကို ထိုးခုတ်တိုက်ခိုက်ကြသည်။
စည်ကားလှသည့် ဝင်္ကပါမြို့တော်ကြီးတွင် ငရဲပွက်သလို အော်ဟစ်သံများနှင့်ဆူညံနေသည်။ ကားများမှာ အရှိန်မြှင့်တင်ကာ မောင်းနှင်ကြသည်မို့ တစ်စီးနှင့်တစ်စီး ဆင့်ကဲတိုက်မိပြီး ကားလမ်းမကြီးများမှာ ပိတ်ဆို့သွားတော့သည်။
"မြို့ထဲမှာ အမည်မသိတဲ့အကောင်ကြီးတွေ တိုက်ခိုက်နေတယ်၊ ရဲတပ်ဖွဲ့တွေ ချက်ချင်းသွားရောက်ကြတယ်၊ ဦးမောင်ရော လာခဲ့မှဖြစ်မယ်"
ဖုန်းပြောပြီးသည်နှင့် စုံထောက်ဦးမောင်လည်း အခင်းဖြစ်သည့်နေရာသို့ သွားရောက်ရန်အတွက် ဂျာကင်အင်္ကျီကိုဆွဲဝတ်လိုက်သည်။ သမီးငယ်က အသက်ဆယ့်ငါးနှစ်အရွယ် ရောက်နေပြီဖြစ်သည်။
"အဖေ၊ ဘယ်သွားမလို့လဲ"
"မြို့ထဲမှာ တိုက်ခိုက်ခံနေရတယ်သမီး၊ အဖေသွားမှဖြစ်မယ်"
စုံထောက်ဦးမောင်၏ သမီး နီနီက ဖုန်းကိုကြည့်လိုက်သည်။ လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ဗွီဒီယိုများ၊ ရုပ်ပုံများက ပြန့်နှံ့နေသည်။
"အဖေ၊ ကြည့်ပါဦး ဘာကောင်ကြီးတွေလည်းမသိဘူး"
နီနီက ဓါတ်ပုံတစ်ခုကို ပြလိုက်ရာ ဦးမောင်က ထိုဓါတ်ပုံများကိုကြည့်လိုက်သည်။
"ဂြိုလ်သားတွေလားမသိဘူး"
ဦးမောင်က သူ့ကုတင်အောက်မှ သစ်သားပုံးတစ်ခုကိုထုတ်လိုက်သည်။ ထိုပုံးကိုဖွင့်လိုက်သည့်အခါ အတွင်းတွင် စာအုပ်များစီထပ်ထားသည်ကိုတွေ့ရသည်။ စာအုပ်များကို အမြန်ဖယ်ရှားလိုက်သည့်အခါ စာအုပ်များအောက်တွင် ခေတ်မီစက်သေနတ်တစ်လက်ကိုတွေ့လိုက်ရသည်။ ဦးမောင်က စက်သေနတ်ကိုထုတ်လိုက်ကာ ကျည်ဆန်ရှိမရှိစစ်ဆေးလိုက်ပြီး နီနီကိုပေးလိုက်သည်။
"အဖေတို့နေရာနဲ့ဆိုရင် ဝေးတော့ဝေးသေးတယ်၊ သမီး ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ဆောင်ထားပါ"
နီနီက သေနတ်ကိုလှမ်းယူလိုက်လေသည်။ ဦးမောင်က ကျည်ကာဝတ်စုံတစ်ခုကို ဘီရိုထဲမှ ထုတ်ယူလိုက်ပြီး နီနီကိုဝတ်ဆင်ပေးလိုက်သည်။ ကျည်ကာဝတ်စုံအရှေ့ရှိ အိတ်များထဲတွင် ကျည်ကတ်အပိုများကိုထည့်ပေးလိုက်သည်။ နီနီက အဖေလုပ်ပေးသမျှကို အံ့အားသင့်စွာဖြင့်ကြည့်နေလေသည်။
"ဒီကျည်ကာက အဖေ့အတွက်ထုတ်ပေးထားတာလေ၊ အဖေဝတ်မသွားဘူးလား"
ဦးမောင်က ခေါင်းခါလိုက်ပြီး သမီးဖြစ်သူ၏ ပုခုံးကိုပုတ်လိုက်သည်။
"သမီးစောင့်နေပါ၊ အဖေသမီးဆီ ဆက်ဆက်ပြန်လာခဲ့မယ်"
နီနီ၏ မျက်လုံးတွင် မျက်ရည်များဝေ့တက်လာသည်။ ဦးမောင်က ခြောက်လုံးပြူးသေနတ်ကို ကျည်စစ်ဆေးလိုက်ပြီး ချိုင်းကြားရှိ သေနတ်ထည့်သည့်အိမ်အတွင်းသို့ ထည့်လိုက်လေသည်။
"အဖေ၊ အမေ့လိုတော့ သမီးကိုမလုပ်ဘူးမဟုတ်လား၊ အမေ့ကိုလည်း ပြန်လာခဲ့မယ်လို့ ပြောသွားခဲ့တာပဲလေ"
ဦးမောင်တွေဝေသွားမိသည်။ ထို့နောက် ခေါင်းကိုညိတ်လိုက်သည်။
"စိတ်ချပါသမီးရယ်၊ အဖေဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်လာခဲ့မယ်"
ဦးမောင်က ကားကိုမောင်းထွက်လိုက်သည်။ သူတို့နေရာက မြို့ဆင်ခြေဖုံးဖြစ်သဖြင့် မြို့တွင်းလောက်ကားလမ်းမပိတ်သေးပေ၊ သို့သော် ကားလမ်းမပေါ်တွင်တော့ ကားတစ်ချို့က အရှိန်ပြင်းစွာမောင်းနှင်လျက် မြို့ပြင်သို့ထွက်နေကြသည်။ ဦးမောင်ကတော့ ထိုသူများနှင့်ဆန့်ကျင်ဘက် မြို့တွင်သို့ မောင်းနှင်သွားလေသည်။
နီနီက အိမ်တံခါး၀တွင်ရပ်ကြည့်နေစဉ်မှာပင် မိုးမှောင်ကြီးကျသွားလေသည်။ ကောင်းကင်တွင် ခရမ်းပြာရောင်အလင်းတန်းများက မိုးခြိမ်းသကဲ့သို့ လင်းလက်နေလေသည်။ နီနီတို့ ပတ်ဝန်းကျင်မှ လူများလည်း အံ့ဩနေကြကာ အိမ်အပြင်သို့ထွက်ကြည့်ကြသည်။
မှောင်မိုက်နေသည့်ကောင်းကင်ကြီးမှ တစ်ချက်တစ်ချက် လင်းခနဲဖြစ်သွားပြီး ကားဘီးခန့်ရှိသည့် အလုံးကြီးများပြုတ်ကျလာလေသည်။ အလုံးကြီးတစ်လုံးမှာ နီနီတို့အိမ်ရှေ့သို့အရှိန်ဖြင့်ပြုတ်ကျလာပြီး ကွန်ကရိလမ်းပေါ်သို့ကျကာ ကွန်ကရိသားများအက်ကွဲကုန်လေသည်။ အိမ်နီးနားချင်းများလည်း ထိုအလုံးကြီးကို သိချင်သဖြင့် အနားသို့ကပ်လာကြသည်။ ထိုအခိုက် အလုံးကြီးမှာ ပွင့်ထွက်သွားပြီး အတွင်းမှ ပင့်ကူပုံစံ အကောင်ကြီးတစ်ကောင်ထွက်လာသည်။ ကိုယ်အပေါ်ပိုင်းက မိစ္ဆာတစ်ကောင်၏ ကိုယ်ခန္ဓာဖြစ်ပြီး အောက်ပိုင်းကတော့ ပင့်ကူကဲ့သို့ ခြေလက်များရှိသည်။
"ပြေးဟေ့"
လူများက အော်ဟစ်နေစဉ်မှာပင် မိစ္ဆာကောင်ကြီးက အနီးရှိလူတစ်ဦးအပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ထိုလူအားသူ့လက်ထဲမှ ဓါးတစ်စင်းဖြင့်ထိုးနှက်လိုက်လေသည်။ ဓါးချက်ထိသွားသည့် ထိုလူမှာတစ်ကိုယ်လုံးတုန်ယင်လာသည်၊ ထို့နောက် ဓါးချက်နေရာမှ အနက်ရောင်ပျစ်ချွဲချွဲအရည်များက တိုးထွက်လာကာ ထိုလူ၏တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားသည်။ နီနီကြည့်နေရင်းပင် ထိုလူမှာ မိစ္ဆာကောင်တစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ ထိုလူ၏လက်အတွင်း အနက်ရောင်ဓါးကြီးတစ်လက်ပေါ်ပေါက်လာခဲ့သည်။
မိစ္ဆာကောင်အဖြစ် ပြောင်းလဲသွားသည့်လူက သူ့လက်ထဲမှဓါးဖြင့် အနီးရှိလူတစ်ဦးအား ခုန်ပေါက်ကာ ထိုးနှက်လိုက်ရာ ဓါးဖြင့်အထိုးခံရသည့်သူမှာလည်း ထိုလူနည်းတူ မိစ္ဆာကောင်တစ်ကောင်ဖြစ်သွားလေသည်။
"သူတို့က ဒီနည်းနဲ့ပွားနေတာပဲ"
နီနီကြည့်နေရင်းမှာပင် ရပ်ကွက်အတွင်း မိစ္ဆာကောင်များ များပြားလာလေသည်။ ပင့်ကူပုံစံ မိစ္ဆာကောင်က နီနီထံသို့ ခုန်ဝင်လာသဖြင့် နီနီက ကိုယ်ကိုတစ်ပတ်လှည့်ပြီး ခြေထောက်အားဖြင့် ကန်ထုတ်လိုက်သည်။ ပင့်ကူမိစ္ဆာမှာ အနောက်သို့လွင့်ထွက်သွားလေသည်။ နီနီ၏လက်တွင် သေနတ်မရှိပေ၊ သေနတ်မှာ အိမ်ထဲက စားပွဲခုံပေါ်တွင် ကျန်နေခဲ့သည်။ နီနီက ငယ်စဉ်ကတည်းက တိုက်ကွမ်ဒိုသင်တန်းတက်ထားပြီး ဆုလည်းရခဲ့ဖူးသူမို့ တိုက်ခိုက်ရေးတွင် ကျွမ်းကျင်နေသဖြင့်သာ တော်သေးတော့သည်။
ပင့်ကူမိစ္ဆာက ပြန်ထလာရာ နီနီလည်း အိမ်ထဲသို့ပြေးဝင်ပြီး အိမ်တံခါးကိုပိတ်ထားလိုက်သည်။ ထိုအခါ ပင့်ကူမိစ္ဆာက အိမ်ရှေ့မှန်ပြတင်းပေါက်ကို ခွဲပြီး အိမ်ထဲသို့ခုန်ဝင်လာလေရာ နီနီလည်း အိမ်ရှေ့စားပွဲခုံတွင်တင်ထားသည့် စက်သေနတ်ကိုကောက်ယူလိုက်ပြီး အတွဲလိုက်ပစ်ခတ်လိုက်လေသည်။
"ဒက်၊ ဒက်၊ ဒက်"
နီနီပစ်ခတ်လိုက်သဖြင့် ပင့်ကူမိစ္ဆာမှာ ခြေထောက်များကျိုးပြတ်ကာ မြေပြင်တွင်ခုန်နေလေသည်။ နီနီက အနီးသို့ပြေးကပ်သွားလိုက်ပြီး ပင့်ကူမိစ္ဆာ၏ ဦးခေါင်းကိုသေနတ်ဖြင့်ချိန်ရွယ်လိုက်ကာ ကျည်ဆန်ပူပူများကို ပစ်သွင်းလိုက်လေသည်။ ပင့်ကူမိစ္ဆာသေဆုံးသွားသည့်အခါ အရိပ်တစ်ခုအဖြစ်ပြောင်းလဲကာ လျှင်မြန်စွာထွက်ပြေးသွားလေသည်။ နီနီလည်း ကျည်ကတ်ကိုလဲလိုက်ပြီးအိမ်ပြင်သို့ပြန်ထွက်လိုက်သည်။ ထိုအခါ ထူးဆန်းသည်က ပင့်ကူမိစ္ဆာတိုက်ခိုက်ခံခဲ့ရသည့်လူနှင့် မိစ္ဆာအဖြစ်ပြောင်းလဲသွားသော လူများမှာ လူသားများအဖြစ်ပြန်လည်ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။
"ဒီမိစ္ဆာကောင်တွေရဲ့ လက်နက်က လူတွေကို မိစ္ဆာအဖြစ်ပြောင်းလဲစေတာပဲ၊၊ ဒီလိုနည်းနဲ့သူတို့မျိုးပွားကြတာပဲ၊ နောက်ပြီးတော့ သူတို့မှာ အဆင့်အဆင့်တွေရှိရမယ်၊ ကိုယ့်အထက်ကလူ သေဆုံးသွားင် သူလုပ်ထားတဲ့ မိစ္ဆာကောင်တွေအကုန်လုံး လူသားပြန်ဖြစ်သွားကြတာပဲ၊ ဟုတ်ပြီ၊ ဒီအကြောင်းကို အဖေ့ကိုပြောပြရမယ်"
နီနီက အိမ်ဘေးရှိ ကားဂိုဒေါင်တံခါးကိုဖွင့်လိုက်သည်။ အတွင်းတွင် သူစီးနေကျ အနီရောင်ဆိုင်ကယ်လေးတစ်စီးရှိသည်။ ထိုဆိုင်ကယ်ကိုတက်ခွလိုက်ပြီးစက်နှိုးလိုက်ကာ မြို့အတွင်းသို့ဦးတည်လိုက်လေသည်။
အခန်း (၂၇)
ရှင်နှောင်းက ကားတစ်စီးပုံစံ ဖန်တီးပြီး ရွှေတောင်ရွာကြီးဆီသို့ သွားနေခြင်းဖြစ်သည်။ သူ့အနောက်တွင် အခင်လိုက်ပါလာသည်။ သို့သော်ရွှေတောင်ရွာတံခါးပေါက်အနီးသို့မရောက်ခင်မှာပင် သူ့နားအတွင်းမှ အသံတိုးတိုးကလေးကို ကြားလိုကရသည်။
"ရှင်နှောင်း၊ ရှင်နှောင်း"
ရှင်နှောင်းမျက်ခွံတွေလေးလာကာ မျက်လုံးကတစ်ချက်တစ်ချက် မှိတ်ကျသွားသည်။ သူ့အနောက်မှ အခင်ကိုကြည့်လိုက်ပြီး
"မရတော့ဘူး၊ ငါ့ကိုခေါ်နေပြီ၊ ငါသွားရမယ်"
ရှင်နှောင်းက မေ့လဲကျသွားသည့်အခါ သူတို့စီးနေသည့်ကားမှာ လမ်းဘေးပလက်ဖောင်းပေါ်သို့ ထိုးတက်သွားပြီး ရပ်တန့်သွားလေသည်။ ရှင်နှောင်းဖန်တီးထားသည့် ကားကြီးမို့ မကြာခင်မှာပင် ကားတစ်စီးလုံးပျောက်ကွယ်သွားလေသည်။ အခင်က ပလက်ဖောင်းပေါ်တွင်လဲကျနေသည့် ရှင်နှောင်းအား ပွေ့ချီလိုက်ကာ စမ်းသပ်လိုက်သည်။
"ရှင်နှောင်း၊ သတိထားပါဦး၊ ရှင်နှောင်း"
အခင်က လှုပ်နှိုးနေသော်လည်း ရှင်နှောင်းက တုတ်တုတ်ပင်မလှုပ်ပေ၊ ရှင်နှောင်းမှာသေဆုံးနေခြင်းမဟုတ်ဘဲ မေ့မျောနေကြောင်းကို အခင်သိလိုက်ရသည်။ ထိုစဉ် အနက်ရောင်မိစ္ဆာကောင်တစ်စုက သူ့အားဝန်းရံထားလေသည်။ အခင်လည်း ရှင်နှောင်းကိုမြေပြင်ပေါ်သို့ အသာချလိုက်ပြီး အာကာသဓါးကို ကိုင်ဆွဲလျက် တိုက်ခိုက်ရန်အသင့်ပြင်ဆင်လိုက်သည်။
မိစ္ဆာကောင်သုံးကောင်က အခင်ဆီသို့ခုန်ပျံဝင်လာလေသည်။ အခင်ကလည်း အာကာသဓါးဖြင့် ခုတ်ဖြတ်လိုက်လေရာ သုံးကောင်စလုံး ကိုယ်တစ်ပိုင်းမှ ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ကျသွားလေသည်။ ထို့နောက် အရိပ်ကလေးများအဖြစ်ပြောင်းလဲသွားကာ လျင်မြန်စွာ ပြေးလွှားသွားလေသည်။ ထိုအခါ ကျန်သည့် မိစ္ဆာကောင်များမှာ အခင်ထံသို့ အတင်းခုန်ဝင်ကာ တိုက်ခိုက်ကြသည်။
သို့သော် လျင်မြန်ဖြတ်လတ်ရုံသာမက အာကာသဓါးလည်းရှိနေသည့် အခင်ကို မိစ္ဆာကောင်များက မယှဉ်နိုင်ပေ၊ ခဏကြာသည့်အခါ မိစ္ဆာကောင်များမှာ အခင်၏ခြေရင်းတွင်လဲပြိုကျကာ သေဆုံးသွားလေသည်။
"ဟား၊ ဟား မင်းကဘယ်ဆိုးလို့လဲကွ"
အော်ဟစ်ရယ်မောသံကိုကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ ကားလမ်းမပေါ်တွင် စက်ရုပ်ကြီးတစ်ရုပ်က ရပ်တန့်နေလေသည်။ ထိုစက်ရုပ်ကြီးမှာ ငွေရောင်ပြောင်လက်နေပြီး အခင်အား လက်ဖြင့်ထိုးချိန်လိုက်သည်ကိုတွေ့လိုက်ရသည်။ ပြီးနောက် ထိုလက်မှာ အလင်းလုံးကြီးသုံးလုံးက ပျံသန်းထွက်လာရာ အခင်က မနည်းကျွမ်းထိုးပြီး ရှောင်ရှားလိုက်ရလေသည်။
"ကဲ ကြောင်မကလေး၊ မင်းနဲ့ငါ မကျေပွဲ နွှဲရအုံးမယ်ဟေ့"
စင်စစ်အားဖြင့် ထိုစက်ရုပ်ကြီးမှာ ကံကောင်းဝတ်ဆင်ထားသည့် မိုးကြိုးဝတ်စုံကြီးပင်ဖြစ်သည်။ အခင်က ကံကောင်းနှင့်တိုက်ခိုက်ရန်ပြင်ဆင်လိုက်ချိန်မှာပင် မြေပြင်ကြီးက တဝုန်းဝုန်းနှင့်တုန်ခါလာလေသည်။ ထို့နောက် အခင်၏အနောက်တွင် အရိပ်ကြီးတစ်ခုက ပေါ်ပေါက်လာလေရာ အခင်ကလှည့်ကြည့်လိုက်သည်။
"ဟင်၊ ဘာကြီးလဲ"
အိမ်ကြီးတစ်လုံးနီးပါး ကြီးမားသည့် ခန္ဓာကိုယ်ရှိသည့် ဘီလူးကြီးတစ်ကောင်ပင်ဖြစ်သည်။ ဘီလူးကြီးနှင့်အတူ အနက်ရောင်မိစ္ဆာကြီးများလည်း လိုက်ပါလာသည်။ ဘီလူးကြီးက သူ့လက်တွင်ကိုင်ဆွဲထားသည့် ကြီးမားသည့်တင်းပုတ်ကြီးနှင့် အခင်အားလွှဲရိုက်ထည့်လိုက်သည်။ ရုတ်တရက်မို့ အခင်မရှောင်ရှားနိုင်တော့ပေ၊ ထိုစဉ် အလင်းလုံးကြီးတစ်လုံး ပျံသန်းလာပြီး တင်းပုတ်ကြီးနှင့်ထိမှန်ကာ ပေါက်ကွဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ တင်းပုတ်ကြီးမှာ တစ်စစီကွဲကြေသွားပြီး အပိုင်းပိုင်းအစစဖြစ်သွားလေရာ အခင်လည်းသတိဝင်ပြီး အနောက်သို့ကျွမ်းပစ်ကာ ရှောင်ရှားလိုက်လေသည်။ ဘီလူးကြီးအား အလင်းလုံးကြီးဖြင့် ပစ်ခတ်လိုက်သူက ကံကောင်းဖြစ်သည်။ အခင်က ကံကောင်းအားလှည့်ကြည့်လိုက်သည်။
"ရှင်ဘာလုပ်တာလဲ"
"မင်းကို ငါကလွဲလို့ ဘယ်သူမှ မသတ်စေရဘူးကွ"
ဘီလူးကြီးက အခင်အားတိုက်ခိုက်တော့သည်။ ကျန်ရှိနေသည့် အနက်ရောင်မိစ္ဆာများက ကံကောင်းကိုဝိုင်းလာလေသည်။
"ဟေ့ကောင်တွေ၊ မင်းတို့နဲ့ငါနဲ့ ဘာရန်ငြိုးမှမရှိဘူးလေ"
သို့သော် အနက်ရောင်မိစ္ဆာများမှာ ကံကောင်းပြောသည်ကိုနားမလည်ဘဲ ကံကောင်းကို ဝင်ရောက်တိုက်ခိုက်ကြလေသည်။ ကံကောင်းအား လက်နက်များနှင့် ထိုးခုတ်သော်လည်း ကံကောင်းက အနောက်သို့ခုန်ရှောင်လိုက်လေသည်။ တစ်ပြိုင်နက်တည်းမှာပင် ကံကောင်းက လက်နှစ်ဖက်မှ အလင်းလုံးကြီးများနှင့် ပစ်ခတ်တိုက်ခိုက်လိုက်ရာ အနက်ရောင်မိစ္ဆာကောင်ကြီးများမှာ အလင်းလုံးများနှင့်ထိတွေ့သည်နှင့် အငွေ့ပျံကာ ပျောက်ကွယ်သွားကြလေသည်။ ကျန်ရှိနေသည့် အနက်ရောင်မိစ္ဆာကောင်များမှာ ကံကောင်းဆီသို့ပြေးလာကြသည်။
"မင်းတို့စတိုက်လို့ငါကပြန်တိုက်ရတာကွ"
လမ်းမပေါ်တွင် တိုက်ပွဲပြင်းထန်နေလေသည်။ ကံကောင်းနှင့် အနက်ရောင်မိစ္ဆာများကတစ်နေရာတွင် တိုက်ခိုက်နေကြသလို၊ အခြားတစ်ဖက်တွင်တော့ အခင်နှင့် ဘီလူးကြီးက တိုက်ခိုက်နေလေသည်။ ဘီလူးကြီးမှာ ကြီးမားလှသည့် ခြေဖဝါးကြီးဖြင့် အခင်အားဖိနင်းလိုက်လေသည်။ အခင်က ကြောင်ကလေးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး ခြေချောင်းများအကြားတွင်ခိုအောင်းနေလိုက်ကာ ခြေဖမိုးပေါ်သို့ ခုန်တက်လိုက်သည်။ ထိုမှတဆင့် ဘီလူးကြီး၏ ကိုယ်ပေါ်သို့ခုန်တက်သွားတော့သည်။ ဘီလူးကြီးက အခင်အားသူ့လက်နှင့်ဆွဲဖမ်းသော်လည်း အခင်မှာလျင်မြန်လွန်းသဖြင့် ဖမ်းမမိပေ။ အခင်မှာ ကိုယ်လုံးပေါ်မှတဆင့် ဘီလူးကြီး၏ လည်ကုပ်ပေါ်သို့ခုန်တက်လိုက်ပြီး အာကာသဓါးဖြင့် ဘီလူးကြီး၏ နောက်စေ့အားထိုးစိုက်ထည့်လိုက်လေသည်။ ဘီလူးကြီးမှာ နာကျင်စွာဟစ်အော်ပြီး တစ်ကိုယ်လုံးရှိအသားများမှာ ပန်းအိုးတစ်လုံးကွဲကြေသကဲ့သို့ ကွဲကျသွားလေသည်။ အခင်လည်း ဘီလူးကြီးကိုယ်ပေါ်မှ အမြန်ခုန်ဆင်းလိုက်တော့သည်။
တစ်ဖက်တွင်လည်း ကံကောင်းက အနက်ရောင်မိစ္ဆာကောင်ကြီးများကို ရှင်းထုတ်လိုက်တော့သည်။ ကံကောင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး
"ဒီကောင်ကြီးတွေက ဘာကောင်ကြီးတွေလဲ"
အခင်က ခေါင်းခါလိုက်သည်။
"ရှင်မြင်တဲ့အတိုင်းပဲလေ၊ သေချာတာတစ်ခုကတော့ လူကောင်းသူကောင်းတွေမဟုတ်ဘူးဆိုတာပဲ"
အခင်က ရှင်နှောင်းကိုပြေးပြီးပွေ့ချီလိုက်သည်။
"လောလောဆယ်တော့ ရှင်နဲ့မရှင်းနိုင်သေးဘူး၊ ကျွန်မသူ့ကို ကာကွယ်ဖို့လိုအပ်တယ်"
အခင်က ရှင်နှောင်းကိုပွေ့ချီရင်း ဖြည်းဖြည်းချင်းလမ်းလျှောက်သွားစဉ် တိုက်ကြီးတစ်လုံး၏ ခေါင်မိုးပေါ်မှ မီးမြားတံများက ပြေးဆင်းလာကာ အခင်ဆီသို့ပြေးဝင်လာသည်။ သို့သော် ကံကောင်းက အခင်အားဝင်ရောက်ကာကွယ်လိုက်လေရာ မီးမြားတံများက ကံကောင်း၏စက်ရုပ်ကြီးတွင် စိုက်ဝင်သွားသည်။
"ငါက မင်းကိုကူညီတာမဟုတ်ဘူးနော်၊ မင်းသေသွားမှာစိုးလို့ မင်းကိုကယ်လိုက်တာပဲ"
တိုက်ခေါင်မိုးပေါ်တွင် အနက်ရောင်မိစ္ဆာကောင်များပေါ်ထွက်လာသည်။ ထိုမိစ္ဆာကောင်များ၏လက်ထဲတွင် ဒူးလေးကြီးများကို ကိုင်ဆောင်ထားပြီး မီးမြှားတံများဖြင့် အခင်ဆီသို့ပစ်လွှတ်နေလေသည်။ အခင်လည်း
"ကဲ၊ ကူညီလက်စနဲ့ ကူညီလိုက်ပါအုံး ရှင်"
ကံကောင်းက အနီးရှိကားကြီးတစ်စီးကို လက်ဖြင့်ကောက်ကိုင်လိုက်ပြီး မီးမြှားတံများကို ကာကွယ်လိုက်သည်။
"ဒါတွေအားလုံးပြီးသွားတဲ့အခါ ရှင်နဲ့ကျွန်မနဲ့ တစ်ပွဲလောက် နွှဲကြသေးတာပေါ့"
"ကောင်းပြီ၊ မင်းကတိ မင်းတည်ပါစေ"
ကံကောင်း၏ လက်အတွင်းမှ ကားကြီးတွင်မီးမြှားတံများက အများအပြားစိုက်ဝင်နေလျက်ရှိသည်။ သူတို့လျှောက်လာရင်း မကြာခင် ဘဏ်အဆောက်အဦးကြီးတစ်ခုအရှေ့သို့ရောက်လာခဲ့သည်။
"မင်းတို့ ဘဏ်ထဲဝင်နေသင့်တယ်လို့ ငါထင်တယ်"
ကံကောင်းအကြံပေးလိုက်သဖြင့် အခင်လည်း ရှင်နှောင်းကိုပွေ့ကာ ဘဏ်အဆောက်အဦးအတွင်းသို့ဝင်လိုက်သည်။ ဘဏ်တွင် လူတစ်ယောက်မှမရှီတော့ပေ။ ငွေသားစကူများမှာလည်း ဘဏ်ကြမ်းပြင်တွင် ပြန့်ကျဲနေလေသည်။
"မင်းတို့ဟိုအထဲကို ဝင်နေကြ"
ကံကောင်းက ပွင့်နေသည့် မီးလုံအခန်းကြီးတစ်ခုကိုညွှန်ပြသည်။ ထိုအခန်းမှာ ဘဏ်အတွင်းအရေးကြီး စာရွက်စာတမ်းများ၊ ပစ္စည်းများကို ထည့်သွင်းသိမ်းဆည်းသည့် အခန်းတစ်ခုဖြစ်သည်။ အခင်လည်း အခန်းထဲသို့ဝင်လိုက်ပြီး ရှင်နှောင်းအား ကြမ်းပြင်တစ်နေရာတွင် ချထားလိုက်လေသည်။ သူတို့နှစ်ဦး အခန်းထဲရောက်ပြီးသည့်အခါ ဘဏ်ရှေ့သို့အနက်ရောင်မိစ္ဆာကောင်များက တပ်လိုက်ကြီး စုရုံးကာ ရောက်ရှိလာကြသည်။
အခင်လည်း အာကာသဓါးကို ကိုင်ဆွဲလိုက်ပြီး ဘဏ်အရှေ့သို့ပြန်ထွက်လိုက်လေသည်။ ကံကောင်းက မိစ္ဆာကောင်များကို ကြည့်နေလေသည်။
"ပြိုင်ပွဲလေးတစ်ခုလုပ်ရအောင်"
အခင်ပြောလိုက်သည့်အခါ ကံကောင်းက အခင်ကိုလှည့်ကြည့်လိုက်သည်။
"မင်းက ဘာကိုပြိုင်ချင်တာလဲ"
"ဒီကောင်တွေကို ရှင်နဲ့ကျွန်မနဲ့ ဘယ်သူကများများပိုပြီး သတ်ဖြတ်နိုင်သလဲဆိုတာကို ပြိုင်မယ်"
ကံကောင်းက ရယ်မောလိုက်သည်။
"ဟား၊ ဟား၊ ဒါဆိုရင်တော့ ငါနိုင်မှာပေါ့ကွ"
အခင်က ခပ်ထေ့ထေ့ပြုံးလိုက်ပြီး
"သိပ်အပြောမကြီးပါနဲ့ရှင်"
အခင်က အနက်ရောင်မိစ္ဆာကောင်များဆီသို့ ပြေးဝင်သွားလေသည်။ ကံကောင်းလည်း သူ့လက်နှစ်ဖက်မှ စတီးကြာပွတ်ကြီးကိုထုတ်လိုက်ကာ မိစ္ဆာကောင်များထံ ခုန်ဝင်သွားပြန်သည်။
အခန်း (၂၈)
မှိန်ဖျော့ဖျော့ လောကကြီးအတွင်းသို့ ရှင်နှောင်းဝင်ရောက်လာခဲ့သည်။ ထိုအခါ အရီးဒေါင်းနှင့် ကဲရိသတို့ကို တွေ့လိုက်ရသည်။
"မင်းကိုစောင့်ရတာကြာလိုက်တာ"
ကဲရိသက စိတ်မရှည်သလိုဖြင့်ပြောလိုက်သည်။ ရှင်နှောင်းကတော့ ဘာမှပြန်မပြောပေ။
"အစီအစဉ်တွေ အကုန်လွဲချော်ကုန်ပြီရှင်နှောင်း၊ မင်းရဲ့ခန္ဓာကိုယ်က လည်ဆွဲလေးကို တစ်ယောက်ယောက်က ရသွားခဲ့ပြီးတော့ အခု အာလစ်ခန်းကို ပြန်လည်ဆင့်ခေါ်လိုက်ပြီ"
ရှင်နှောင်းက ဘာမှမသိချင်ယောင်ဆောင်နေလေသည်။
"ရှင့်ကို အစောကြီးကတည်းက ကျွန်မပြောသားပဲ၊ ကျွန်မကိုသာ စောစောစီးစီးဒီလောကကြီးထဲက ထုတ်ပေးခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"
ကဲရိသက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အခုမင်းကိုငါပြန်ထုတ်ပေးမယ်၊ မင်းမှာ အရမ်းအရေးကြီးတဲ့ အန္တရာယ်ကျရောက်နေပြီ ရှင်နှောင်း"
ကဲရိသပြောသမျှကို ရှင်နှောင်းက နားထောင်နေလေသည်။
"အာလစ်ခန်းက ပြန်လည်နိုးထလာပြီ၊ သူက လူ့လောကကြီးကို ဖျက်ဆီးတော့မယ်ကွ"
"ဒါများရှင်၊ ရှင်တစ်ယောက်လုံးရှိနေတာပဲ၊ ရှင်က အာလစ်ခန်းကို မနိုင်ဘူးလား"
ကဲရိသက အရီးဒေါင်းကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်သည်။
"ကောင်းပြီလေ၊ ဒီလိုဖြစ်သွားမှတော့ ငါ့အစီအစဉ်တွေအကုန်လုံးကို မင်းကိုပြောပြရတာပေါ့"
"တစ်ချိန်တုန်းက ငါက အာလစ်ခန်းရဲ့အကူအညီကိုယူပြီးတော့ လောကကြီးကိုအုပ်စိုးခဲ့တယ်၊ ကမ္ဘာကြီးတစ်ဝက်ကို ငါကအုပ်စိုးပြီး၊ အာလစ်ခန်းက ကျန်တဲ့ကမ္ဘာကြီးတစ်ဝက်ကိုအုပ်စိုးကြမယ်ပေါ့၊ ဒါပေမယ့် တကယ်တမ်းအုပ်စိုးတဲ့အခါ အာလစ်ခန်းရဲ့ လောဘက အတောမသတ်နိုင်ဘူးဆိုတာကို တွေ့ခဲ့ရတယ်၊ ဒါနဲ့ ငါက အာလစ်ခန်းသေဆုံးဖို့အတွက် ကြံစည်ခဲ့တယ်၊ ငါတို့အကြံအစည်အောင်မြင်သွားတော့ အာလစ်ခန်းရဲ့ကိုယ်ခန္ဓာကို ဖျက်ဆီးခဲ့တယ်၊ ဒါပေမယ့် အကုန်မပျက်စီးဘဲ အစိတ်အပိုင်းခုနစ်ခုကျန်နေခဲ့တယ်၊ အာလစ်ခန်းရဲ့ စိတ်ဝိညာဉ်ကိုတော့ ကမ္ဘာအောက်ထဲက ငရဲပြည်မှာ ပိတ်မိစေခဲ့တယ်၊ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကမ္ဘာကြီးက အာလစ်ခန်းရဲ့ရန်ကနေ ကင်းဝေးခဲ့တယ်"
"ငါလည်း ဆက်ပြီး လေ့လာဆည်းပူးနေရင်း အလင်းရယ်၊ အမှောင်ရယ်၊ အချိန်ရယ်က ဒီစကြ၀ဠာကြီးတစ်ခုလုံးကို ဖန်တီး၊ ဖျက်ဆီးနေတယ်ဆိုတာကို သိလိုက်ရတယ်၊ ဒါနဲ့ပဲ ငါက အလင်းသခင်ဆီကနေ အလင်းကိုလေ့လာသင်ယူခဲ့တယ်၊ အချိန်သခင်ဆီကနေ အချိန်နဲ့ပတ်သက်တဲ့ ပညာတစ်ချို့ကိုရရှိခဲ့ပြီ၊ ငါနောက်ဆုံးကျန်နေတာကတော့ အမှောင်ပညာတွေပဲ၊ အမှောင်နဲ့ပတ်သက်တဲ့ ပညာတွေကို တတ်မြောက်တဲ့ တစ်ယောက်တည်းသောသူက အာလစ်ခန်းပဲ"
"သိတယ်လေ၊ ဒါကြောင့်လည်း ရှင်က အာလစ်ခန်းကိုပြန်ခေါ်ဖို့ ပယင်းနက်ကိုစုဆောင်းခဲ့တာမဟုတ်လား၊ အခုအာလစ်ခန်း ပြန်ရောက်နေပြီဆိုတော့ ရှင်ဝမ်းသာသင့်ပြီ"
ကဲရိသက ခေါင်းကိုဖြေးညှင်းစွာ ခါရမ်းလိုက်သည်။
"မဟုတ်ဘူး၊ ငါကြံစည်ခဲ့တာဒီလိုမဟုတ်ဘူး"
"အာလစ်ခန်းရဲ့ ပယင်းနက်ကိုရရင် သူ့ဝိညာဉ်နဲ့ ငါကဆက်သွယ်နိုင်ပြီ၊ ဒါဆိုရင် သူ့ဆီကနေပြီး ငါလိုချင်တဲ့ အမှောင်ပညာတွေကို သင်ယူမယ်၊ သူ့ကိုပြန်အသက်သွင်းပေးမယ်လို့ အပေးအယူလုပ်ပြီး သင်ယူမှာပေါ့ကွာ၊ ငါလိုချင်တဲ့ ပညာတွေရရင် အာလစ်ခန်းကိုငါဆင့်ခေါ်မယ်၊ ပြီးရင် သူ့ကိုသတ်ပစ်မယ်ပေါ့၊ ဒါကြောင့်လည်း ငါကရွှေတောင်ရွာကြီးကိုရွေးချယ်လိုက်တာ"
"အာလစ်ခန်းနဲ့ ရွှေတောင်ရွာနဲ့က ဘာဆိုင်လို့လဲ"
"ရွှေတောင်ရွာကြီးမှာ နေ့တို့ညတို့မရှိဘဲ အမြဲလင်းလက်နေတယ်မဟုတ်လား"
"ဒါဆိုရင် ရှင်ဆိုလိုချင်တဲ့သဘောက . . ."
"အာလစ်ခန်းကို အမှောင်ထဲမှာသွားရင်ဆိုင်လို့မရဘူး၊ သူကြောက်တာအလင်းပဲ၊ အလင်းရောင်နဲ့တွေ့တာနဲ့ သူ့စွမ်းအင်တွေက ထက်ဝက်လောက်လျော့ကျသွားတယ်ရှင်နှောင်း"
"ဒါဆို အခုဘယ်လိုလုပ်ကြမလဲ"
"မင်းပြန်လည်နိုးထရမယ်၊ ပြီးတော့ အာလစ်ခန်းကို အလင်းထဲရောက်အောင် ခေါ်ဆောင်ရမယ်၊ အခု အပြင်လောက ကမ္ဘာကြီးကို အာလစ်ခန်းက အုပ်စိုးသွားပြီဖြစ်လို့ အမှောင်ထုကလွှမ်းခြုံထားတယ်"
ရှင်နှောင်းက ကဲရိသဆိုလိုချင်သည်ကို နားလည်သွားပြီဖြစ်သည်။
"ဒါဆိုရင်၊ ရွှေတောင်ရွာကြီးဆီကို မျှားခေါ်ရမယ့်သဘောလား၊ သူကသူ့အားနည်းချက်နေရာကို ဘယ်လိုလုပ်ပြီး လိုက်လာမှာလဲ"
"မဟုတ်ဘူးရှင်နှောင်း၊ မင်းသာ မျှားခေါ်ရင် သူလိုက်လာမှာပဲ"
"သူဒီကိုရောက်လာပြီးရင် ရှင်ကသူ့ကိုသတ်မှာလား"
"ငါလိုချင်တာရပြီးရင် သူ့ကိုမင်းသတ်လို့ရပြီ"
"ကောင်းပြီလေ၊ ဒါဆို အပေးအယူတစ်ခုတော့လုပ်မယ်၊ တစ်အချက် ရှင်အရီးဒေါင်းကို လွှတ်ပေးရမယ်၊ နှစ်အချက် ရှင်လိုချင်တာရပြီးရင် ဒီကမ္ဘာနဲ့မပတ်သက်ရတော့ဘူး၊ ဒီကနေထွက်သွားရမယ်"
ကဲရိသက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
"ကောင်းပြီရှင်နှောင်း၊ ငါလိုချင်တာသာရပြီဆိုရင်၊ ငါသာ စကြ၀ဠာတန်ခိုးရှင်ဖြစ်သွားပြီဆိုရင် မင်းတို့ကမ္ဘာနဲ့ မပတ်သက်တော့ဘူး"
"ကဲ ရှင်ဘာကိုစောင့်နေတာလဲ"
ကဲရိသက အလင်းတန်းတစ်ခုနှင့် အရီးဒေါင်းကိုပစ်ခတ်လိုက်ရာ အရီးဒေါင်းမှာ အလင်းတန်းထိမှန်ပြီးသည်နှင့် ပျောက်ကွယ်သွားလေသည်။ တစ်ဖန် ကဲရိသက ရှင်နှောင်းအား အလင်းတန်းတစ်ခုနှင့် ပစ်ခတ်လိုက်သည့်အခါ ရှင်နှောင်းကိုအလင်းတန်းက ထိမှန်သွားသည်။ ကဲရိသလည်း ထိုလောကအတွင်းမှ ပျောက်ကွယ်သွားသည်။ သို့သော် မကြာမီ ရှင်နှောင်းက ပြန်လည်ပေါ်ထွက်လာလေသည်။
"မင်းအခုဆို နားလည်လောက်ပြီပေါ့ရှင်နှောင်း"
အသံကြီးတစ်သံထွက်လာပြီး မျက်နှာကြီးက ပေါ်ပေါက်လာသည်။
"ကျွန်မရှင့်နာမည်ကိုသိပြီ၊ ရှင့်နာမည်က ဗွိုက်ပဲ"
"ဟား၊ ဟား၊ အဲဒါ ကဲရိသက ငါ့ကိုပေးထားတဲ့နာမည်ပါ၊ ကဲပါလေ၊ နာမည်တွေဘာတွေက အရေးမကြီးပါဘူး၊ ဒါနဲ့ မင်းဓါးရပြီလား"
ရှင်နှောင်းက ခေါင်းညိတ်လိုက်ပြီး
"ဓါးရခဲ့ပြီ၊ သူတို့ကတော့ အာကာသဓါးလို့ခေါ်တယ်၊ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"
"ဓါးသခင်က သူ့အမွှာဓါးကို ဆင့်ခေါ်ရမယ်၊ အဲဒါကတော့ ဝိညာဉ်ဓါးပေါ့၊ အဲဒီဓါးတစ်လက်တည်းကသာ ဝိညာဉ်လောကမှာ တိုက်ခိုက်လို့ရနိုင်တယ်၊ မင်းကို အဲဒီဓါးဆင့်ခေါ်တဲ့ မန္တန်် ကိုသင်ပေးလိုက်မယ်"
ဗွိုက်က ရှင်နှောင်းအား မန္တန် တစ်ခုကို ရွတ်ဖတ်ပြလိုက်သည်။ ရှင်နှောင်းလည်း သုံးခါလောက် လိုက်ရွတ်ပြီးသည့်အခါ အလွတ်ရသွားပြီဖြစ်သည်။
"မှတ်ထားရှင်နှောင်း ကဲရိသရဲ့ ခန္ဓာကိုယ်ကို ရုပ်ခန္ဓာဓါးနဲ့ ထိုးစိုက်ရမယ်၊ ဒီလိုဆိုရင် ကဲရိသက သူမသေအောင်လို့ ဟောဒီနာမ်လောကကြီးထဲကို ပြေးဝင်လာမှာပဲ၊ အဲဒီအခါ နာမ်ဝိညာဉ်ဓါးနဲ့ သူ့ကိုထိုးစိုက်ရမယ်၊ ဒါဆိုရင် သူသေပြီ"
"ဒီလောက်ပဲလား"
"ဒီလောက်တော့မရိုးရှင်းသေးဘူး၊ ကဲရိသဆီမှာ ငါ့ဆီက အချိန်မဲ့ဖန်လုံးဆိုတာရှိတယ်၊ အချိန်မဲ့ဖန်လုံးကိုရသွားတဲ့သူက ကြိုက်တဲ့အချိန်ကို ပြန်သွားလို့ရတယ်ရှင်နှောင်း၊ မင်းသူ့ကိုဓါးနဲ့ထိုးပေမယ့် သူက အချိန်မဲ့ဖန်လုံးနဲ့ မင်းဓါးနဲ့မထိုးခင်က အချိန်ကိုပြန်သွားလို့ရတယ်၊ ဒီတော့ အဲဒီအချိန်မဲ့ဖန်လုံးကို မင်းသူ့ဆီက ရဖို့လိုအပ်တယ်"
"ကောင်းပါပြီ"
"မင်းကိုသေသေချာချာမှာလိုက်မယ်ရှင်နှောင်း၊ ကဲရိသကို ဘယ်တော့မှ မယုံပါနဲ့"
ရှင်နှောင်းမှာ ဝိညာဉ်လောကအတွင်းမှ ပြန်လည်ထွက်ခွာလိုက်တော့သည်။ ရှင်နှောင်းမှာ ယခင်ကတည်းက မှော်ရုံတောကြီးအတွင်းတွင် မွန်ဂိုမှော်ဆရာမကြီးများထံမှ ဝိညာဉ်ထုတ်ပြောင်းသည့်အတတ်ပညာကို သင်ယူပြီးဖြစ်သည်။ ပိလုံပေးသည့် ရှေးဟောင်းမှော်ပုရပိုက်ကြီးကို ပြန်လည်ဖွင့်လှစ်လိုက်သည့်အခါ သူတတ်မြောက်ထားသည့် ပညာများအားလုံးကို ပြန်လည်တတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
အခန်း (၂၉)
"ငါတို့ကို ခုခံနေတဲ့သူတွေရှိတယ် ငခမ်း"
အာလစ်ခန်းက ငခမ်းကိုပြောဆိုလိုက်သည်။ အနက်ရောင်ဝတ်ရုံရှည်ကြီးများကို ခေါင်းမြီးခြုံထားကြသည့် မိစ္ဆာကောင်ကြီးများက အမှိုက်ပုံကြီးနေရာတွင် ကြီးမားသည့် နန်းဆောင်ကြီးတစ်ခုကို အရိပ်မှော်အတတ်များဖြင့် ဆောက်လုပ်နေကြလေသည်။
"အိုဗျာ၊ သူတို့ဘယ်လိုပဲ ခုခံပါစေ၊ သခင်ကြီးရဲ့အစွမ်းကိုတော့ ကျော်လွှားနိုင်ပါ့မလား"
အာလစ်ခန်းက ခေါင်းခါလိုက်သည်။
"အမှောင်ထုစိုးမိုးတာ နာရီပိုင်းလောက်ပဲရှိသေးတယ်ငခမ်း၊ ကမ္ဘာကြီးတစ်ခုလုံးကို အမှောင်ထုစိုးမိုးဖို့က သုံးရက်သုံးညကြာအုံးမှာ၊ ဒီကြားထဲမှာ ငါ့ရဲ့အစွမ်းတွေက မပြည့်၀သေးဘူး၊ ဒီတော့ ငါ့ရဲ့အစွမ်းတွေကို မဖြုန်းတီးနိုင်ဘူးငခမ်း"
ငခမ်းက ခေါင်းညိတ်လိုက်သည်။
"ကျုပ်နားလည်ပါပြီ"
"မြို့ထဲက ခုခံနေတဲ့သူတွေအားလုံးကို မင်းလိုက်ပြီးရှင်းလင်းပေးရမယ်ငခမ်း"
အာလစ်ခန်းက သူ့လက်အတွင်းမှ အနက်ရောင်စွမ်းအင်တစ်ချို့ကို ငခမ်း၏ ရင်ဘတ်အတွင်းသို့ထည့်ပေးလိုက်လေသည်။ ငခမ်း၏ မျက်လုံးကြီးမှာ အနက်ရောင်တောက်ပသွားလေသည်။ ငခမ်းတစ်ယောက် မိုးပေါ်သို့ခုန်တက်သွားသည်။ သူ့ကျောကုန်းတွင် လင်းနို့တောင်ပံကြီးများထွက်လာပြီး ဝင်္ကပါမြို့ကြီးအပေါ်သို့ ဝဲပျံသွားလေတော့သည်။
မြို့တွင်းရှိ ကားလမ်းလေးခွဆုံတစ်ခုတွင် ရဲများက ကားများကိုရပ်တန့်ကာလမ်းကိုပိတ်ထားသည်။ လမ်းတစ်ဖက်မှ ချီတက်လာသည့် အနက်ရောင်မိစ္ဆာကောင်များကို သေနတ်များဖြင့် ပစ်ခတ်ကာ ခုခံနေကြလေသည်။ အနက်ရောင်မိစ္ဆာများမှလည်း မီးမြားများ၊ လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ကြသည့်အတွက် ရဲတပ်ဖွဲ့တစ်ချို့မှာ မိစ္ဆာကောင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
"ကျုပ်တို့စစ်ကူလိုတယ်၊ စစ်ကူပို့ပေးပါ"
ရဲများက ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရတော့ပေ၊
"ဦးမောင် ဘာတွေထူးလဲ"
စုံထောက်ဦးမောင်က မိစ္ဆာကောင်များကို သေနတ်နှင့်ပစ်ခတ်နေရင်း
"ဒီကောင်တွေကို တစ်ခုခုက ဦးဆောင်လာတာကွ၊ ဟိုးမှာတွေ့လား၊ အနက်ရောင်အလင်းတန်းတွေက အဲဒီကနေထွက်နေတာဆိုတော့ ငါ့အထင် အဲဒီနေရာမှာသူတို့ရဲ့ ခေါင်းဆောင်ရှိနေမှာပဲ"
ထိုစဉ် အနက်ရောင်မိစ္ဆာတစ်ကောင်က ဦးမောင်အနီးသို့ခုန်ဝင်လာသည်။ ဦးမောင်လည်း သေနတ်နှင့်ထိုးချိန်လိုက်ပြီး ခလုပ်မောင်းကိုညှစ်ချလိုက်သော်လည်း ကျည်ဆန်မထွက်ဘဲ ကျည်အိမ်ကိုသေနတ်မောင်းရိုက်သည့် တချောက်ချောက်အသံသာထွက်လာသည်။
"သွားပြီ၊ ကျည်ကုန်သွားပြီ"
အနက်ရောင်မိစ္ဆာကောင်ကြီးက အော်ဟစ်လိုက်ပြီး ဦးမောင်အားလက်ထဲမှလှံဖြင့်ထိုးရန်ပြင်ဆင်လိုက်သည်။ ထိုစဉ် စက်သေနတ်ကျည်ဆန်များက အနက်ရောင်မိစ္ဆာကောင်ကြီးကိုထိမှန်ပြီး မိစ္ဆာကောင်ကြီး ကွဲကြေကျသွားလေသည်။ ဦးမောင်လည်း ပစ်ခတ်သည့်သူကိုကြည့်လိုက်သည့်အခါ သူ့သမီး နီနီဖြစ်နေသည်။
"သမီး"
"အဖေ"
"သမီးဘာလို့ လိုက်လာတာလဲ"
"သမီး လျှို့ဝှက်ချက်တစ်ခုကိုသိပြီအဖေ၊ ဒီကောင်ကြီးတွေရဲ့ လက်နက်နဲ့ထိတဲ့အခါ လူတွေက မိစ္ဆာကောင်တွေအဖြစ်ပြောင်းလဲသွားကြတယ်"
"ဒါကတော့သမီးပြောမှာလား၊ အဖေတို့တပ်ဖွဲ့ဝင်တွေလည်း ဒီကောင်တွေဖြစ်သွားတာများပြီ"
"ဒါတင်မကသေးဘူးအဖေရဲ့၊ သူတို့ကို မိစ္ဆာဖြစ်အောင်လုပ်တဲ့လူကို သတ်နိုင်ရင် သူတို့တွေက လူပြန်ဖြစ်နိုင်တယ်"
ဦးမောင်မျက်လုံးပြူးသွားသည်။
"ဒါဆိုရင် သူတို့ခေါင်းဆောင်ကိုသာ သတ်နိုင်တယ်ဆိုရင် . . ."
ဦးမောင်ရေရွတ်လိုက်သည့်အတွက် နီနီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ် မိုးကောင်းကင်ထံမှ အနက်ရောင်စွမ်းအင်လုံးများ ပျံသန်းလာပြီး ကားများကိုအကာအကွယ်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို ထိမှန်ကာ ပေါက်ကွဲကြသည်။ ရဲတပ်ဖွဲ့ဝင်များမှာ သူတို့မျက်စိရှေ့တွင်ပင် မိစ္ဆာကောင်များအဖြစ်ပြောင်းလဲသွားသည်။
"အခြေအနေမကောင်းဘူးသမီးရေ၊ ပြေးကြစို့ဟေ့"
မိုးပေါ်မှ တောင်ပံကြီးဖြင့် ဆင်းသက်လာသူက ငခမ်းဖြစ်သည်။ နီနီနှင့် ဦးမောင်တို့ ပြန်လှည့်ပြေးလိုက်စဉ် သူတို့အရှေ့တွင် ငခမ်းကဆင်းသက်လာလေသည်။ နီနီကလည်း သူ့လက်ထဲမှ စက်သေနတ်ကလေးဖြင့် ငခမ်းအားတရစပ်ပစ်ခတ်လိုက်သော်လည်း သေနတ်ကျည်ဆန်များက ငခမ်း၏ကိုယ်တွင်ဝတ်ဆင်ထားသည့် အနက်ရောင်ချပ်ဝတ်ကြီးကို မထိုးဖောက်နိုင်ပေ။ ငခမ်းက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"မင်းရဲ့သေနတ်လောက်နဲ့ ငါ့ကိုထိခိုက်စေမယ်လို့ ထင်လို့လားကွ"
ငခမ်းက သူ့လက်ဝါးကိုဖြန့်လိုက်သည့်အခါ လက်အတွင်းရှည်လျားသည့် အနက်ရောင်ဓါးရှည်ကြီးတစ်ခုပေါ်လာခဲ့သည်။ ထိုအနက်ရောင်ဓါးကြီးမှလည်း အနက်ရောင်အခိုးအငွေ့များက တိုးထွက်နေလေသည်။ ထို့နောက် ငခမ်းကလျင်မြန်စွာဖြင့် ပြေးလာလိုက်ပြီး ဓါးကြီးကို နီနီထံသို့ ထိုးထည့်လိုက်သည်။
"သမီး"
ဦးမောင်က အော်ဟစ်လိုက်ပြီး နီနီ၏အရှေ့တွင်ကျောပေးရပ်လိုက်ကာ နီနီကိုတွန်းထုတ်လိုက်သည်။ နီနီက မြေပြင်တွင်လဲကျသွားသည်။ ရှည်လျားလှသည့် ဓါးကြီးက ဦးမောင်ရင်ဘတ်ကိုထုတ်ချင်းပေါက်စိုက်ဝင်နေလေသည်။ ငခမ်းက ပိုမိုစိုက်ဝင်စေရန်အတွက် ဓါးကိုတဆုံးထိုးထည့်လိုက်တော့သည်။ ဦးမောင်မျက်လုံးတွေက ပြူးကျယ်နေလေသည်။ ငခမ်းက ဦးမောင်၏ နားရွက်အနီးသို့ ပါးစပ်ကိုကပ်လိုက်ပြီး
"ခင်ဗျားကို ကျုပ်အမိန့်ပေးမယ်၊ ဟိုအရှေ့က ကောင်မလေးကို ခင်ဗျားလိုက်သတ်ပေတော့"
"အဖေ"
နီနီက ကျယ်လောင်စွာအော်လိုက်သည်။ သူ့မျက်ဝန်းမှ မျက်ရည်များက စီးကျနေလေသည်။ ငခမ်းက ဦးမောင်ထံမှ ဓါးကိုဆွဲထုတ်လိုက်ပြီး မိုးပေါ်သို့ပျံတက်သွားလေသည်။ ဦးမောင်မှာ ဒူးထောက်ထိုင်ကျသွားသည်။ သူ့လက်ဖျား၊ ခြေဖျားများမှာ တဖြည်းဖြည်းအနက်ရောင်ပြောင်းလာကာ အမွှေးထူထူကြီးများလည်း ထွက်လာလေသည်။
"အဖေ၊ အဖေ"
"မလာနဲ့၊ မလာနဲ့သမီး"
နီနီက ဦးမောင်ထံသို့ပြေးသွားရန်ပြင်ဆင်လိုက်သည့်အခါ ဦးမောင်က ဟစ်အော်လိုက်သည်။ ထို့နောက် ဦးမောင်ကိုယ်လုံးမှာ တဖြည်းဖြည်းမိစ္ဆာကောင်ကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားသည်။ ဦးမောင်၏လက်နှစ်ဖက်မှာ ပျောက်ကွယ်သွားပြီး ရှည်လျားချွန်ထက်နေသည့် ဓါးကြီးနှစ်လက်အဖြစ်သို့ပြောင်းလဲသွားသည်။ တဖြည်းဖြည်းနှင့် အနက်ရောင်စွမ်းအင်များက ဦးမောင်၏ လည်ပင်းဆီသို့ပင် ရောက်လာပြီဖြစ်သည်။
"သမီး၊ ပြေး၊ ပြေးတော့"
ဦးမောင်က အော်ဟစ်ပြီးသည့်အချိန်တွင် သူ့တစ်ကိုယ်လုံးကို အနက်ရောင်စွမ်းအင်များဖုံးလွှမ်းသွားလေသည်။ မျက်လုံးကြီးနှစ်လုံးမှာ ပြူးထွက်နေပြီး နီရဲကာတောက်ပနေသည်။ ပါးစပ်ပြဲကြီးလည်းရှိပြီး ပါးစပ်အတွင်းမှ အစွယ်ကြီးများမှာ ဖွေးလက်နေလေသည်။
"အဖေ၊ အဖေ"
နီနီခေါ်လိုက်သော်လည်း မိစ္ဆာကောင်ကြီးအဖြစ်ပြောင်းလဲသွားသည့် ဦးမောင်မှာ လူစိတ်မရှိတော့ပေ၊ ထို့နောက် ငခမ်းသူ့ကိုအမိန့်ပေးထားသည့်အတိုင်း နီနီထံသို့ ပြေးဝင်လာလေသည်။ နီနီကလည်း အသက်လုပြီးထွက်ပြေးရတော့သည်။
ဘဏ်အရှေ့တွင် ကံကောင်းနှင့် အခင်တို့၏တိုက်ခိုက်မှုကြောင့် မိစ္ဆာကောင်များအတော်အထိနာနေလေသည်။ သို့သော်လည်း လျော့နည်းမသွားဘဲ တဖြည်းဖြည်းတိုးသာလာလေသည်။ ထိုစဉ် ကောင်းကင်မှ ရယ်မောသံတစ်ခုကိုကြားလိုက်ရသည်။
"ဟား၊ ဟား တော်တော်ရူးမိုက်တဲ့လူတွေပါလား"
အခင်တို့မော့ကြည့်လိုက်ရာ လင်းနို့တောင်ပံနှင့် ပျံသန်းနေသည့် ငခမ်းဖြစ်နေသည်။ ငခမ်းက အနက်ရောင်စွမ်းအင်လုံးကြီးများကို ပစ်ခတ်လိုက်လေရာ အခင်က မနည်းရှောင်တိမ်းလိုက်ရသည်။ ငခမ်းက အချိန်စောင့်ဆိုင်းမနေတော့ဘဲ ကံကောင်းဆီသို့ ပြေးခုန်ဝင်သွားသည်။ ကံကောင်း၏ စက်ရုပ်လက်ကို သူကိုင်ထားသည့် ဓါးနက်ရှည်ကြီးဖြင့် ခုတ်ဖြတ်ထည့်လိုက်ရာ စက်ရုပ်ကြီးမှာ လက်တစ်ဖက်ပေါက်ထွက်သွားပြီး စက်ချို့ယွင်းသွားလေသည်။ ကံကောင်းလည်း ဒေါသထွက်သွားသည်။
"ခင်၊ ခင်ဗျား"
ကံကောင်းက ကျန်သည့်လက်နောက်တစ်ဖက်နှင့် ငခမ်းအားထိုးချထည့်လိုက်သည်။ စက်ရုပ်လက်၏ ပြင်းအားကြောင့် ငခမ်းမှာ အနောက်သို့လွင့်ထွက်သွားရသည်။ အခင်က ငခမ်းအား အာကာသဓါးမြှောင်ဖြင့် အတင်းဝင်ထိုးရာ ငခမ်းက သူ့ဓါးဖြင့် ကာလိုက်ရလေသည်။ အာကာသဓါးနှင့် ငခမ်း၏ ဓါးနက်ကြီးထိထားသည့်နေရာတွင် မီးစမီးပွားများက တဖွားဖွားနှင့်လွင့်စင်ထွက်လာသည်။
"မင်းရဲ့ဓါးက ကောင်းသားပဲ ကောင်မလေး"
ငခမ်းက အခင်၏ ရင်ဘတ်အားလက်သီးဖြင့်ထိုးနှက်လိုက်ရာ အခင်မှာအနောက်သို့လွင့်သွားပြီး ဘဏ်နံရံနှင့်တိုက်ကာ ပြုတ်ကျသွားတော့သည်။
ကံကောင်းက လျှပ်စစ်ဓါတ်များစီးဝင်နေသည့် ကြာပွတ်ကြီးဖြင့်ငခမ်းအားရိုက်ထည့်လိုက်ရာ ငခမ်းမှာ ကြာပွတ်ကိုလက်နှင့်ဖမ်းယူလိုက်လေသည်။ ကံကောင်းကလည်း လျှပ်စစ်ဓါတ်များကို ပိုပြီးထုတ်လွှတ်လိုက်သော်လည်း အငမ်းအား ထိခိုက်မှုမဖြစ်စေပေ။ ငခမ်းက နှုတ်ခမ်းများတွန့်သွားအောင် ပြုံးလိုက်ပြီး
"မင်းရဲ့စက်ရုပ်ကလေးကိုတော့ ငါဖျက်ဆီးပေးရမှာပေါ့ကွာ"
ငခမ်းက ဓါးနက်ဖြင့် ကံကောင်း၏ မိုးကြိုးဝတ်စုံအား အချက်ပေါင်းများစွာ ခုတ်ချလိုက်သည်။ ကံကောင်းလည်း ပြန်လည်ခုခံရန်ကြိုးစားနေစဉ်မှာပင် သူ့ဝတ်စုံတွင် စက်ချို့ယွင်းသည့် သတိပေးချက်များ များစွာထွက်ပေါ်လာလေသည်။
"ဝတ်စုံအလွန်ချို့ယွင်းနေပါသည်၊ ဝတ်စုံအားစွန့်ခွာပါ"
ဝတ်စုံထံမှ စက်ရုပ်အသံဖြင့် သတိပေးချက်များထွက်ပေါ်လျှက်ရှိရာ ကံကောင်းလည်း မတတ်သာတော့ဘဲ အနီရောင်ခလုပ်ကိုနှိပ်လိုက်ပြီး ဝတ်စုံထဲမှ ထွက်ခွာလိုက်ရသည်။ ကံကောင်းက ဝတ်စုံထံမှ ခုန်ထွက်ပြီး မကြာခင်မှာပင် ဝတ်စုံကြီးက ပေါက်ကွဲသွားလေသည်။
"ဘယ်သူများလဲလို့ မြေအောက်ဒုစရိုက်လောကရဲ့ မင်းသားလေး၊ ကံကောင်းပါလားကွ"
ကံကောင်းမှာလည်း ငခမ်းကဲ့သို့ပင် ထွားထွားကျိုင်းကျိုင်း အရပ်မြင့်မြင့်နှင့်ဖြစ်သည်။ ကံကောင်းတစ်ကိုယ်လုံးတွင်တော့ ပုံစံစုံ၊ အရောင်စုံ ဆေးမင်ကြောင်များဖြင့် ပြည့်နှက်နေလေသည်။ ငခမ်းက ကံကောင်းအားလှည့်ပတ်ကာ အေးအေးလူလူလမ်းလျှောက်နေလေသည်။
"ကံကောင်းရာ၊ မင်းကိုငါမသတ်ချင်ဘူးကွာ၊ မင်းရဲ့အစွမ်းအစကို ငါသိတယ်၊ တကယ်လို့ မင်းသာငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းအတွက်နေရာကောင်းကောင်းတစ်ခုကို သခင်ကြီးကို ငါပြောပေးမယ်"
"ဟား၊ ဟား၊ ခင်ဗျားက ကျုပ်ကိုနေရာမက်တဲ့လူလို့ ထင်နေတာလား၊ ကျုပ်က ရာထူးတွေ၊ နေရာတွေကို ဘာတစ်ခုမှ မက်တဲ့ကောင်မဟုတ်ဘူး"
"ဒါဆိုရင် မင်းကဘာလို့ ဒုစရိုက်လောကရဲ့ ဥသျှောင် မင်းသားနေရာကို ယူထားတာလဲကွ"
"ဒါကတော့ ငါ့အမေကြောင့်ပေါ့ကွာ၊ အပိုတွေပြောမနေနဲ့ငခမ်း၊ မင်းငါနဲ့ တိုက်မယ်ဆိုရင်လည်း တိုက်"
ကံကောင်းက တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။ ထိုအခါ ဘဏ်နံရံနှင့်တိုက်မိပြီး လဲကျနေသည့်အခင်က သူ့လက်ထဲမှ အာကာသဓါးကို ကံကောင်းဆီသို့လှမ်းပစ်ပေးလိုက်သည်။
"ရှင်က ဓါးသခင်မဟုတ်တော့ ဓါးရဲ့အစွမ်းအပြည့်အဝကို သုံးနိုင်မှာမဟုတ်ပေမယ့်၊ သူနဲ့တော့ ယှဉ်နိုင်မှာပါ"
အခင်က ခါးရိုးကျိုးသွားခြင်းဖြစ်သည်။ သူ့ခါးတွင်ချိတ်ထားသည့် ပုလင်းကလေးထဲမှ အစိမ်းပုပ်ရောင်အရည်တစ်ချို့ကို လက်ဖြင့်နှိုက်လိုက်ပြီး သူ့ခါးတွင် သုတ်လိမ်းလိုက်သည့်အခါ မကြာခင်မှာပင် ခါးရိုးပြန်ကောင်းသွားပြီး မတ်တပ်ပြန်ရပ်နိုင်သည်။ အခင်ကလည်း ငခမ်းအားတိုက်ခိုက်ရန်အတွက် ပြင်ဆင်လိုက်သည်။
"မင်းတို့နှစ်ယောက်မပြောနဲ့၊ မင်းတို့လို ဆယ်ယောက်တောင်မှ ငါ့ကိုနိုင်အောင် မတိုက်နိုင်ဘူးကွ"
အခင်က ငခမ်းအားပြေးဝင်ပြီး ခြေထောက်နှင့်ကန်လိုက်သည်။ ငခမ်းက အခင်၏ခြေထောက်ကို လက်ဖျံနှင့်ပုတ်ထုတ်လိုက်သည့်အခါ ကံကောင်းက အာကာသဓါးဖြင့် ငခမ်းအားဝင်ရောက်ထိုးနှက်လေသည်။ ငခမ်းက လင်းနို့တောင်ပံဖြင့် ကံကောင်းအားပုတ်ချလိုက်သော်လည်း ကံကောင်းမှာ ကျွမ်းထိုးကာ လှိမ့်ရှောင်သွားသည်။ ငခမ်းက ရုတ်ချည်းပင် အခင်၏လည်ပင်းအား ဓါးနက်ရှည်ဖြင့် ပိုင်းဖြတ်လိုက်သော်လည်း အခင်က ကိုယ်ကိုကော့လိုက်ပြီး ရှောင်တိမ်းလိုက်သဖြင့် ဓါးသွားမှာ အခင်၏မျက်နှာအရှေ့မှ ဖြတ်သန်းသွားသည်။ ကံကောင်းက အာကာသဓါးဖြင့် ငခမ်းနံကြားသို့ထိုးသွင်းလိုက်ရာ ဓါးမှာငခမ်းကိုယ်ရှိ ချပ်ဝတ်ကိုဖောက်ထွက်သွားပြီး ငခမ်းဒဏ်ရာရသွားလေသည်။ ကံကောင်းက ခပ်ထေ့ထေ့ရယ်မောလိုက်ပြီး
"ခင်ဗျားပြောတော့ ဆယ်ယောက်ဆို၊ အခုကျုပ်တို့နှစ်ယောက်နဲ့တင် ခင်ဗျားအထိနာနေပြီမဟုတ်လား"
ငခမ်းက နံကြားမှဓါးထိုးသွင်းဒဏ်ရာကို လက်ဖြင့်သပ်လိုက်သည့်အခါ ဓါးဒဏ်ရာမှာ ပျောက်ကွယ်သွာa;လသည်။
"မင်းတို့ကို ငါက လျှော့တွက်လိုက်မိလို့ပါကွ"
ငခမ်းမှာလျှင်မြန်သောအရှိန်ဖြင့် ကံကောင်းထံသို့ပြေးဝင်လိုက်ပြီး ကံကောင်းအားဓါးဖြင့်မိုးကာခုတ်ချလိုက်သည်။ ကံကောင်းကလည်း လျှင်မြန်သဖြင့်သာတော်သေးသည်။ အာကာသဓါးနှင့် ငခမ်း၏ဓါးချက်ကိုပြန်လည်ပင့်တင်ပြီး ခံထားလိုက်သည်။ ထိုအခါ အခင်က ငခမ်း၏နားထင်သို့ ခြေထောက်ဖြင့်ဝိုက်ကာ ကန်ထည့်လိုက်ပြန်ရာ ငခမ်းက အခင်၏ကံချက်ကို လက်တစ်ဖက်နှင့်ပုတ်ထုတ်လိုက်ရသည်။ တစ်ဖန် ငခမ်းက အခင်၏ရင်၀ကိုခြေထောက်ဖြင့်ဆောင့်ကန်လိုက်ရာ အခင်မှာလွင့်ထွက်သွားရသလို ကံကောင်း၏ဇက်ပိုးကိုလည်း လက်ဖြင့်အုပ်ထည့်လိုက်ရာ ကံကောင်းမှာ မြေတွင်သုံးလေးပတ်ခန့် လွင့်ထွက်သွားလေသည်။
ငခမ်းထံမှ တစ်ချက်သာထိသွားသော်လည်း အခင်ပါးစပ်မှ သွေးများစီးကျလာလေသည်။ ကံကောင်းမှာလည်း မြေပြင်မှ အတော်ကလေးအားယူပြီး ကုန်းထရသည်။
"ဘယ့်နှယ့်လဲကွ၊ မထူးပါဘူးကွာ မင်းတို့နှစ်ကောင်စလုံးကို ငါ့လက်အောက်ငယ်သားတွေအဖြစ် ပြောင်းပေးမယ်ကွ"
ငခမ်းက ဓါးနက်ရှည်ကြီးကို အခင်ဆီသို့ထိုးချိန်ကာ ဝင်လာခဲ့လေသည်။ သို့သော် အခင်နှင့်မထိခင်မှာပင် ငခမ်းမှာ ပြင်းထန်သည့် တွန်းအားတစ်ခုနှင့် ထိတွေ့ကာ အနောက်သို့လွင့်ထွက်သွားသည်။ ငခမ်းအံ့ဩသွားပြီးကြည့်လိုက်သည့်အခါ ဘဏ်တံခါးပေါက်၀မှ ရှင်နှောင်းထွက်လာခြင်းဖြစ်သည်။
"ရှင်နှောင်း၊ မင်း၊ မင်းမသေဘူးနော်"
"ဒါပေါ့ရှင်၊ ကျွန်မက လွယ်လွယ်နဲ့သေမလား"
ရှင်နှောင်းက မျက်စိနှစ်လုံးကိုပိတ်လိုက်ပြီး သူ့လက်နှစ်ဖက်တွင် အဝါရောင်စက်ဝန်းကြီးများကိုဖန်တီးလိုက်သည်။ ငခမ်းလည်းသိလိုက်ပြီမို့ အနောက်သို့တဖြည်းဖြည်းဆုတ်သွားလေသည်။ ရှင်နှောင်း၏ မှော်စက်ဝန်းကြီးအတွင်းတွင် အဖြူရောင်မြားတံများက သိန်းသန်းနှင့်ချီပြီး ဖြစ်တည်နေကြလေသည်။ ရှင်နှောင်းက မျက်လုံးများကိုဖွင့်လိုက်ပြိး ငခမ်းထံသို့ လက်ကိုချိန်ရွယ်လိုက်သည်။
"မှော်မြားမိုးတဲ့ဟေ့"
သိန်းနှင့်ချီသည့် မြားတံများက ငခမ်းအားပြေးမှန်လေသည်။ ငခမ်းလည်း မြားတံများထိမှန်သဖြင့် မိုးပေါ်သို့ပျံတက်ပြေးရတော့သည်။ ထိုအခါ ရှင်နှောင်းက မြေပြင်တွင်ကျန်ရှိနေသည့် အနက်ရောင်မိစ္ဆာများကို မြောက်များစွာသော မြားတံများဖြင့် အဆက်မပြတ် ပစ်ခတ်ပြန်ရာ အနက်ရောင်မိစ္ဆာတပ်ကြီးမှာ မြားတံများထိမှန်ပြီးကျိုးပဲ့ပျက်စီးကုန်လေသည်။
ရှင်နှောင်း၏ အစွမ်းကို အခင်နှင့် ကံကောင်းတို့က အံ့အားသင့်စွာဖြင့် ကြည့်နေကြလေသည်။ သောင်းနှင့်ချီသည့် အနက်ရောင်မိစ္ဆာတပ်ကြီးမှာ ရှင်နှောင်း၏ မြားချက်များထိမှန်ပြီး သေဆုံးသွားကြသည်။ အရိပ်နက်ကြီးများက သူတို့ကိုယ်ခန္ဓာအတွင်းမှ ထွက်ခွာသွားပြီး အလစ်ခန်းရှိသည့်နေရာသို့ ပြေးဝင်သွားကြလေသည်။
"ဟား၊ ဟား ၊ မင်းတို့ကအရူးတွေပဲ၊ ဒီအရိပ်တွေက သခင်ကြီးဆီကိုပြန်ရောက်တာနဲ့ မိစ္ဆာအသစ်တွေပြန်ဖြစ်မယ်ဆိုတာကို မင်းတို့မသိဘူးလား"
ငခမ်းက အသံနက်ကြီးဖြင့်အော်ဟစ်ရယ်မောလိုက်ပြီးနောက် လင်းနို့တောင်ပံကိုဖြန့်ကာ လျှင်မြန်စွာပျံသန်းသွားလေသည်။ ရှင်နှောင်းက လက်နှစ်ဖက်ကိုစုစည်းလိုက်ပြီး လက်ချောင်းများကို တြိဂံပုံစံပြုလုပ်လိုက်သည်။ ထို့နောက် ထိုတြိဂံအတွင်းတွင် အဝါရောင်အလင်းများ လင်းလက်လာပြီး တစ်လံခန့်ရှည်သည့် လှံရှည်ကြီးတစ်ချောင်းထွက်ပေါ်လာလေသည်။ ကံကောင်းက ရှင်နှောင်းလုပ်နေသည်ကို အံ့ဩစွာနှင့်ကြည့်နေရင်း
"ခင်ဗျားဘာလုပ်နေတာလဲ"
အခင်က ကံကောင်းလက်ကိုဆွဲလိုက်ပြီး ရှင်နှောင်းအား မနှောင့်ယှက်ရန် ခေါင်းခါပြလိုက်သည်။ ရှင်နှောင်းက မျက်လုံးများပိတ်ထားဆဲမှာပင် လှံရှည်ကြီးမှာ အလွန်လျှင်မြန်သည့်အရှိန်ဖြင့် မိုးပေါ်သို့ပျံတက်သွားလေသည်။
အမှောင်စွမ်းအားများဖြင့် နန်းဆောင်ကြီးသုံးဆောင်တည်ဆောက်နေသည်မှာ ပြီးလုပြီးခင်ဖြစ်နေပြီဖြစ်သည်။ ထိုနန်းသုံးဆောင်အနက် အလယ်ရှိနန်းဆောင်ကြီးတွင် အာလစ်ခန်းကနေထိုင်သည်။ အနက်ရောင်ပယင်းကျောက်သားဖြင့် ပြုလုပ်ထားသည့် ပလင်ကြီးပေါ်တွင် အာလစ်ခန်းက ထိုင်လျက်ရှိသည်။ ထိုစဉ် ငခမ်းတစ်ယောက် မြှားတံများစိုက်လျက် နန်းဆောင်အတွင်းသို့ ပျံသန်းဝင်ရောက်လာလေသည်။ နန်းဆောင်အတွင်းဝင်မိသည်နှင့်ငခမ်းမှာ နန်းဆောင်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
"မင်းအသုံးမကျဘူးငခမ်း၊ ငါ့ရဲ့မိစ္ဆာတွေ တော်တော်အထိအခိုက်များနေတယ်၊ အခုတင်ပြန်လာတဲ့ အရိပ်တွေမနည်းဘူးကွ"
ငခမ်းက အသက်ကို၀အောင်ရှူလိုက်ပြီး
"ကျုပ်၊ ကျုပ်ပြောစရာတစ်ခုရှိတယ်သခင်ကြီး"
ထိုစဉ်နန်းဆောင်အရှေ့နားတွင် ဖြတ်ခနဲအလင်းရောင်တစ်ချက်လင်းသွားသည်ကိုမြင်လိုက်ရသဖြင့် အာလစ်ခန်းက ပလင်ပေါ်မှ အမြန်ခုန်ချလိုက်ရသည်။ အာလစ်ခန်းအကျမှာတွင်ပင် ကြီးမားလှသည့် လှံကြီးတစ်စင်းက ပယင်းနက် ပလင်ကြီးကို အရှိန်အဟုန်ဖြင့် ထိုးစိုက်ဝင်သွားကာ ပယင်းနက်ပလင်ကြီး၏ ကျောမှီတွင် ထိုလှံတံကြီးက ထုတ်ချင်းခတ်စိုက်ဝင်နေလေသည်။
"ကံကောင်းလို့သာပေါ့၊ ငါသာမမြန်ရင် အခုဆိုဒီဟာကြီးထိနေလောက်ပြီ"
အာလစ်ခန်းက မတ်တပ်ရပ်လိုက်ပြီး လှံတံကြီးကိုကြည့်လိုက်သည်။ လှံတံကြီး၏ အရိုးတွင်စာသားတစ်ချို့ရေးသားထားလေသည်။
"ကျွန်မရှင့်ကို အဆုံးသတ်ဖို့လာခဲ့ပြီ၊ ရှင်နှောင်း"
အာလစ်ခန်းမှာ ထိုစာသားကိုဖတ်လိုက်ပြီးနောက် အလွန်ဒေါသထွက်သွားသည်။ ထို့နောက် လှံတံကြီးကို လက်ညှိုးဖြင့်ထိလိုက်သည့်အခါ လှံတံကြီးမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။ အာလစ်ခန်းက ဒေါသမျက်လုံးများဖြင့် ငခမ်းအားကြည့်လိုက်သည်။
"မင်းပြောတော့ ရှင်နှောင်းသေပြီဆို"
"ကျုပ်လည်း သူ့ရင်၀ကို ဓါးနဲ့ထုတ်ချင်းပေါက် ထိုးခဲ့တာပါ၊ သူဘယ်လိုမှ အသက်ရှင်စရာအကြောင်းမရှိဘူး"
"တောက်၊ အသက်ရှင်စရာအကြောင်းမရှိလို့ပဲ ဟိုက မသေဘဲ ပေါ်လာပြီလေကွာ၊ ပြောစမ်း၊ မင်းကိုအခုလိုဒဏ်ရာတွေရအောင် လုပ်လိုက်တာ ရှင်နှောင်းပဲမဟုတ်လား"
ငခမ်းက ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်တွင်စိုက်ဝင်နေသည့် ငွေရောင်မြားတံများကို ဆွဲဖြုတ်လိုက်သည်။
"မင်းအသုံးမကျတဲ့အတွက် အခုငါကိုယ်တိုင် ထွက်ရတော့မယ်"
"ဘယ်ကိုထွက်ရမှာလဲသခင်ကြီး"
"ရှင်နှောင်းဆီကိုပေါ့ကွ၊ ရှင်နှောင်းရှိနေသရွေ့ ငါစိတ်မအေးဘူး၊ သူက ငါ့ရဲ့ရန်သူ၊ ဒီကမ္ဘာကြီးမှာ ငါ့ကိုသတ်နိုင်တဲ့ တစ်ယောက်တည်းသောသူကွ"
လင်းနို့တောင်ပံကြီးများထုတ်ကာ အာလစ်ခန်းက နန်းဆောင်အတွင်းမှ ပျံသန်းထွက်ခွာသွားလေသည်။ ငခမ်းက အာလစ်ခန်းအားကြည့်လိုက်ရင်း
"ကျုပ်လဲ ကူညီပါရစေ သခင်ကြီး"
"မလိုဘူးငခမ်း၊ မင်းကအခုလူဖြစ်သွားပြီ၊ ရှင်နှောင်းကို ယှဉ်နိုင်တဲ့အစွမ်း မင်းမှာမရှိဘူး၊ မင်းက ဒီမှာနေပြီးတော့ နန်းဆောင်တွေဆောက်တာပြီးစီးအောင် စောင့်ရှောက်နေပေတော့"
"မဟုတ်တာပဲသခင်ကြီးရာ၊ ကျုပ်လည်းအရေးပါတဲ့အလုပ် လုပ်ချင်တာပေါ့၊ ဒီလိုအိမ်စောင့်အလုပ်ကို ကျုပ်မလုပ်ချင်ဘူး"
အာလစ်ခန်းက ငခမ်းအရှေ့တွင်ခုန်ဆင်းလိုက်ပြီး ငခမ်း၏လည်ပင်းကို လက်တစ်ဖက်နှင့်ညှစ်လိုက်သည်။
"ဒါဆို မင်းကဘာလုပ်ချင်တာလဲ၊ ရှင်နှောင်းကိုသေအောင်တောင် မသတ်နိုင်တဲ့မင်းကို ငါက ဘာကိုယုံကြည်ရမှာလဲ၊ ဒီနန်းဆောင်တွေက ရှင်နှောင်းထက် ပိုပြီးအရေးကြီးတယ်ကွ၊ ဒီနန်းဆောင်တွေပြီးရင် နန်းဆောင်တွေရဲ့ထိပ်မှာ အမှောင်အင်အားကိုစုစည်းတဲ့ စက်ကိရိယာတွေ တပ်ဆင်လို့ရပြီ၊ ဒီလိုတပ်ဆင်လိုက်တော့မှ ငါ့ရဲ့စွမ်းအင်တွေကို စုစည်းလို့ရနိုင်မှာကွ"
ထို့နောက် အာလစ်ခန်းက ငခမ်းအားတွန်းထုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ပျံတက်သွားလေတော့သည်။
အပိုင်း (၁၂) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်