ကဝေပျံရှင်နှောင်း - အတွဲ (၃) အပိုင်း(၁၂)
lotaya.mpt.com.mm
|
2023-10-14

 အပိုင်း(၁၂)

ကဲရိသက အရီးဒေါင်းကိုပြန်လည်အသက်သွင်းပေးလိုက်သည့်အခါ အရီးဒေါင်းပြန်လည်နိုးထလာခဲ့သည်။ 

"ကဲရိသ၊ မင်းကိုငါတစ်ခုတောင်းဆိုချင်တယ်၊ ငါတို့ကဝေတွေကို ပြန်လွှတ်ပေးပါ"

"တကယ်လို့သာ ခင်ဗျားတို့ကဝေတွေ ကျုပ်ဘက်ကိုဓါးဦးမလှည့်ဘူးဆိုရင် ကျုပ်ပြန်လွှတ်ပေးပါ့မယ်"

အရီးဒေါင်းက ကဲရိသစကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ကောင်းပြီ၊ ငါကတိပေးတယ်၊ ငါတို့ကဝေတွေ မင်းကိုရန်မပြုစေရဘူး"

ကဲရိသက မှော်ကွန်ချာကြီးဆီသို့ ပျံသန်းသွားလေသည်။ ထို့နောက် မှော်ကွန်ချာကြီးကို သူ့မှော်အစွမ်းများနှင့် ပြန်လည်ရုတ်သိမ်းလိုက်လေသည်။ မှော်ကွန်ချာထဲမှ ကဝေများမှာ မြို့ပျက်ကြီးသဖွယ်ဖြစ်နေသည့် ရွှေတောင်ရွာကြီးကိုကြည့်လိုက်ရင်း အံ့ဩမှင်တက်နေမိသည်။ ထို့နောက် ကဲရိသကိုတွေ့မြင်သည့်အခါ အလွန်စိတ်ဆိုးကြပြီး ကဲရိသအား မှော်စက်လက်နက်များနှင့် တိုက်ခိုက်ရန်အတွက် ပြင်ဆင်လိုက်သည်။

"အားလုံးပဲ ရပ်လိုက်ကြ"

အရီးဒေါင်းက အော်ဟစ်လိုက်သည်။

"သူ့ကိုမတိုက်ခိုက်ကြနဲ့"

အရီးဒေါင်းက ဟန့်တားလိုက်သည့်အခါ ကဝေများက မကျေမနပ်ဖြစ်ကုန်ကြသည်။

"ဘာလဲ၊ ဒီကောင်က ခင်ဗျားကြီးကိုပါ သိမ်းသွင်းလိုက်လို့ကျုပ်တို့ကို မတိုက်ခိုက်ခိုင်းတာလား"

အရီးဒေါင်းက အမျိုးစုံရှင်းပြသော်လည်း ကဝေများက မယုံကြည်ပေ။ ကဲရိသက သက်ပြင်းတစ်ချက်ချလိုက်ပြီး အရီးဒေါင်းကိုကြည့်လိုက်သည်။

"ခင်ဗျားလူတွေကို ခင်ဗျားထိန်းနိုင်မှာပါ"

ကဲရိသက ထွက်ခွာသွားလေသည်။ ကဝေများကတော့ အရီးဒေါင်းအား ကဲရိသနှင့်ပူးပေါင်းသည့်သူဟုထင်မြင်ကြသည်။

"မယ်တော်ရှင်နှောင်းကိုခေါ်လာပေး၊ ကျုပ်တို့ကို မယ်တော်ရှင်နှောင်းလာပြီးရှင်းပြတော့မှ ကျုပ်တို့လက်ခံမယ်"

ကဝေများက ပြောပြောဆိုဆိုနှင့် အရီးဒေါင်းအားတိုက်ခိုက်ကြလေသည်။ မကြာခင် အရီးဒေါင်းနှင့် ထောင်ချီရှိသော ကဝေများအချင်းချင်းတိုက်ပွဲများဖြစ်ပွားကုန်ကြသည်။

အခန်း(၃၀)

အစည်းအဝေးခန်းမကြီးထဲတွင် လွှတ်တော်အမတ်များ၊ စစ်အရာရှိကြီးများနှင့် သမ္မတနှင့် ထိပ်သီးခေါင်းဆောင်များက စုဝေးနေကြသည်။ လတ်တလော ဖြစ်ပွားနေသည့် ဝင်္ကပါမြို့အခက်အခဲအတွက် အဖြေရှာနေကြခြင်းလည်းဖြစ်သည်။ လောလောဆယ်တွင် ဝင်္ကပါမြို့အား အရေးပေါ်အခြေအနေကြေညာလိုက်ပြီး မြို့ဝင်မြို့ထွက်လမ်းများကို ပိတ်ဆို့လိုက်ပြီဖြစ်သည်။

"ကျုပ်တို့ကိုတိုက်ခိုက်နေတာ ဂြိုလ်သားတွေပဲဖြစ်ရမယ်"

"ဂြိုလ်တုတွေကလည်း ကမ္ဘာကိုခြေရာခံလို့မရတော့ဘူး၊ အမှောင်ထုကြီးတစ်ခုကဖုံးလွှမ်းနေတာမို့လို့ မကြာခင်မှာ ဆက်သွယ်ရေးစနစ်တွေပြတ်တောက်သွားနိုင်တယ်"

သူတို့အားလုံး တစ်ယောက်တစ်ပေါက်နှင့် ဆွေးနွေးနေကြသည်။ 

"ကျုပ်တို့ မြို့ထဲကို တိုက်လေယာဉ်တွေလွှတ်ပြီးတော့ ဗုံးကျဲတိုက်ခိုက်မယ်"

စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်က ထပြောလေသည်။ ထိုအခါ အခြားတစ်ဦးက

"မဖြစ်ဘူး၊ မြို့ထဲမှာ အသက်ရှင်ကျန်သူတွေရှိနေနိုင်သေးတယ်၊ ကျုပ်တို့မဆင်မခြင်နဲ့ တိုက်ခိုက်လိုက်လို့ အရပ်သားတွေထိခိုက်သွားရင် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေခံရနိုင်တယ်"

"ဒါဆိုဒီအတိုင်းပဲထိုင်ကြည့်နေရမှာလား၊ အခုတောင်တဖြည်းဖြည်းနဲ့အမှောင်ထုက ပျံနှံ့လာပြီမဟုတ်လား"

အားလုံးဆူညံစွာငြင်းခုန်နေကြသည့်အတွက် သမ္မတကြီးက မတ်တပ်ရပ်လိုက်သည်။

"အားလုံးတော်ကြပါတော့"

"လောလောဆယ်တော့ စစ်ဆင်ရေးတစ်ခုစီဆင်ပြီး မြို့ထဲမှာကျန်တဲ့လူတွေကို ကယ်တင်ပါ၊ မြို့ထဲမှာ အသက်ရှင်ကျန်သူတွေ မရှိတော့ဘူးဆိုတာနဲ့ စစ်ခေါင်းဆောင်များတင်ပြထားတဲ့အတိုင်း မြို့ကိုရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပါ"

သမ္မတကြီးပြောလိုက်တော့မှ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ 

"သမ္မတကြီးခင်ဗျာ၊ အခုဆိုရင် အမှောင်ထုကြီးက အိနိယနဲ့ တရုတ်နိုင်ငံတွေအထိပါ ဖုံးလွှမ်းနေပါပြီ၊ နိုင်ငံတကာခေါင်းဆောင်တွေကလည်း ဒီအဖြစ်အပျက်က မတော်တဆဖြစ်မှုတစ်ခုလား၊ သို့မဟုတ် တိုက်ခိုက်ခံရတာလားဆိုတာကို မေးခွန်းထုတ်လာပါပြီ"

"ကောင်းပြီ၊ အဲဒါတွေကို ငါဖြေရှင်းမယ်၊ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့အသင့်ပြင်ထားပါ"

သမ္မတကြီး၏ အမိန့်ပေးချက်အတိုင်း စစ်စခန်းများမှ ခေတ်မီရဟတ်ယာဉ်များဖြင့် အထူးလေ့ကျင့်ထားသည့် စစ်သားများကိုတင်ဆောင်ကာ ဝင်္ကပါမြို့ဆီသို့ ထွက်ခွာလာခဲ့သည်။ ကောင်းကင်ကြီးတစ်ခုလုံးက အမှောင်ထုဖုံးနေသော်လည်း အနက်ရောင်မိစ္ဆာကောင်များမှာ ဝင်္ကပါမြို့တစ်မြို့လည်းပြည့်အောင် မသိမ်းပိုက်နိုင်ကြသေးပေ။ ရဟတ်ယာဉ်များက ပျံသန်းလာပြီး ဝင်္ကပါမြို့ ကောင်းကင်ယံအပေါ်ချင်းနင်းဝင်ရောက်လာကြသည်။ ထိုအခါ တိမ်တိုက်မည်းမည်းကြီးများက နိမ့်ဆင်းလာသည့်အတွက် ရဟတ်ယာဉ်များက တိမ်တိုက်များအားဖြတ်ဖောက်ထွက်လိုက်ရသည်။ ဖြတ်ဖောက်ထွက်ပြီးသည့်အခါ ရဟတ်ယာဉ်တစ်စီးလုံးကို ထိန်းချုပ်မရတော့ပေ။

"သွားပြီ၊ ဘာဖြစ်တာလဲ၊ ရဟတ်ယာဉ်စက်ချို့ယွင်းသွားပြီ"

ရဟတ်ယာဉ်အား ထိန်းချုပ်မောင်းနှင်မရတော့ဘဲ ရဟတ်ယာဉ်မှာ စက်သေပြီး အောက်သို့ပြုတ်ကျသွားလေသည်။ မြန်ဆန်သည့်အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်မို့ ရဟတ်ယာဉ်ပျက်ကျမှုမှာ ပြင်းထန်လှပြီး ရဟတ်ယာဉ်ပေါ်ပါသည့် အဖွဲ့များအားလုံး သေဆုံးကုန်ကြသည်။ ထိုနည်းတူ အခြားရဟတ်ယာဉ်များမှာလည်း ဝင်္ကပါမြို့သို့ ဝင်ရောက်စဉ်မှာပင် အကုန်ပျက်ကျကုန်လေသည်။

"ဗိုလ်ချုပ်ကြီးခင်ဗျာ၊ စေလွှတ်ထားတဲ့ ရဟတ်ယာဉ်ခြောက်ဆယ့်ငါးစီးစလုံးနဲ့အဆက်အသွယ်ပြတ်တောက်သွားပါပြီ"

"ဘာဖြစ်လို့လဲကွ"

"ရဟတ်ယာဉ်တွေ အကုန်ပျက်ကျသွားတယ်လို့ ယူဆရပါတယ်"

ဗိုလ်ချုပ်ကြီးမှာ အလွန်တုန်လှုပ်သွားသည်။ 

"ဒီဟာက ဘာကြီးလဲကွ၊ ကဲပါ၊ လေကြောင်းကနေမရရင် ကုန်းကြောင်းကနေ စစ်ဆင်ရေးအဖွဲ့စေလွှတ်စမ်း"

စစ်ဆင်ရေးဌာနတစ်ခုလုံးတွင် ပျားပန်းခတ်မျှ ရှုပ်ထွေးနေကြတော့သည်။

အနက်ရောင်မိစ္ဆာတပ်ကြီး ပျက်စီးသွားပြီဖြစ်သဖြင့် အခင်တို့မှာ ဝမ်းသာသွားမိသည်။ သို့သော် ရှင်နှောင်းက မူးဝေကာလဲကျမလိုဖြစ်သွားသဖြင့် အခင်က ရှင်နှောင်းအားထွေးပွေ့လိုက်သည်။

"ရှင်အဆင်ပြေရဲ့လား"

ရှင်နှောင်းနှုတ်ခမ်းတွေ ဖွေးဆွတ်နေသည်။

"မှော်စွမ်းအင်တွေ အများကြီးထုတ်သုံးလိုက်လို့ နည်းနည်းအားနည်းသွားတာပါ၊ ဘာမှမဖြစ်ပါဘူး"

ကံကောင်းက ပျက်စီးသွားသည့် သူ့ဝတ်စုံကြီးကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ မိုးကြိုးဝတ်စုံကြီးက မီးဟုန်းဟုန်းတောက်လောင်နေသော်လည်း ဝတ်စုံကျောဘက်ရှိ လက်သီးဆုပ်ခန့်ရှိသည့် ကျောက်တုံးကြီးတစ်တုံးမှာ ဝင်းလက်တောက်ပနေကာ မီးမသင့်ဘဲရှိနေသည့်အတွက် ကံကောင်းက ထိုကျောက်တုံးကြီးကို လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။

ရှင်နှောင်းက အခင်အားကြည့်လိုက်ပြီး

"အခင်၊ မင်းက အာကာသဓါးသခင်ဆိုတော့ မင်းငါ့ကိုတစ်ခုကူညီပေးရမယ်အခင်"

အခင်က ခေါင်းညိတ်လိုက်သည့်အခါ ရှင်နှောင်းက မနန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်သည်။ 

"အခင်၊ မင်းအဲဒီ မန္တန််ကိုရွတ်ဆိုလိုက်စမ်း"

အခင်က ရှင်နှောင်းရွတ်ပြသည့် မန္တန််ကိုရွတ်ဆိုလိုက်သည်။သို့သော်လည်း ဓါးကဘာမှမထူးခြားပေ၊ ရှင်နှောင်းက ခေါင်းခါလိုက်ပြီး

"တစ်ခုခုတော့ တစ်ခုခုပဲ၊ သုံးလေးကြိမ်လောက် သေသေချာချာအားစိုက်ပြီး ရွတ်ကြည့်ပါအုံး"

အခင်က အာကာသဓါးကို လက်ဝါးနှစ်ဖက်ပေါ်သို့ ဖြန့်တင်လိုက်ပြီး မန္တန််ကိုသေသေချာချာရွတ်ဖတ်လိုက်လေသည်။ သို့သော် ဘာမှထူးထူးခြားခြားမဖြစ်ပေ၊ သူတို့အံ့ဩနေစဉ် အသူတို့အနောက်တွင် အခင်တစ်ယောက်ထပ်ပြီးပေါ်လာလေသည်။ ကံကောင်းလည်း အခင်နှစ်ယောက်ဖြစ်သွားသည်ကို ထူးဆန်းနေလေသည်။ ပေါ်လာသည့်အခင်က ရှင်နှောင်းအနီးတွင်ထိုင်နေသည့်အခင်အား ဓါးမြှောင်ဖြင့် ပြေးထိုးလေသည်။

"အခင် သတိထား"

ကံကောင်းက အော်လိုက်သည်မို့ အခင်က ကျွမ်းထိုးကာရှောင်လိုက်သော်လည်း ဒုတိယအခင်ထိုးလိုက်သည့် ဓါးချက်မှာ လက်မောင်းကိုရှပ်ထိသွားသည်။ အခင်လည်း အာကာသဓါးကိုကိုင်ပြိး မတ်တပ်ရပ်လိုက်ကာ ဒုတိယပေါ်လာသည့်အခင်ကိုကြည့်လျက် အံ့အားသင့်သွားလေသည်။ ထိုအခင်မှာလည်း သူနှင့်တစ်ပုံစံတည်းဖြစ်သလို လက်တွင်လည်း အာကာသဓါးကို ကိုင်ဆောင်ထားသည်။ 

"မင်း၊ မင်းကဘယ်သူလဲ"

အခင်က မေးလိုက်သည့်အခါ ဒုတိယပေါ်လာသည့်အခင်က တစ်ချက်ပြုံးလိုက်ပြီး

"ငါက မင်းပဲလေ"

ထိုသို့ပြောရင်း အခင်ဆီသို့ပြေးဝင်ကာ အတင်းတိုက်ခိုက်တော့သည်။ အခင်ကလည်း ပြန်လည်တိုက်ခိုက်ရသည်။ ပါရကအကောင်ကြီး၏ သွေးရည်ဖြင့် ကုသထားသည်မို့ အခင်က ကြောင်အဖြစ်မပြောင်းလဲနိုင်သေးပေ၊ အခင်နှစ်ယောက်မှာ လမ်းမအလယ်တွင် တစ်ယောက်နှင့်တစ်ယောက် အသေအကြေတိုက်ခိုက်နေကြလေသည်။

"အဲဒါ၊ အဲဒါ ဓါးညီနောင်ပဲ၊ ဝိညာဉ်ချွေဓါးများ ပေါ်လာတာလား"

ရှင်နှောင်းက ရေရွတ်နေလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို မှိတ်ချလိုက်ပြီး ဝိညာဉ်လောကအတွင်းသို့  ချင်းနင်းဝင်ရောက်သွားလေသည်။

"ပညာရှိကြီး၊ ဗွိုက် . . ."

ရှင်နှောင်းက ဝိညာဉ်လောကအတွင်း အော်ဟစ်ခေါ်နေရာ မကြာခင်မှာပင် မျက်နှာကြီးက ပေါ်ပေါက်လာလေသည်။

"ဘယ်လိုဖြစ်တာလဲ၊ ရှင်သင်ပေးလိုက်တဲ့ မန္တန််ကိုရွတ်ပြီးတော့သူတို့နှစ်ယောက် အချင်းချင်းပြန်တိုက်ခိုက်ကုန်ကြပြီ"

"ဟုတ်တယ်၊ ဝိညာဉ်ချွေဓါးကို ပိုင်ဆိုင်ဖို့မလွယ်ဘူး၊ မင်းသိအောင်နည်းနည်းပြန်ပြောရရင် ဒီဓါးတွေကို ပိလရလူမျိုးတွေသွန်းလုပ်တယ်ဆိုပေမယ့် နောက်ဆုံးအချောကိုင်ခဲ့တဲ့လူက ပိဂွန်းဆိုတဲ့ ပန်းပဲဆရာကြီးပဲ၊ သူဓါးကိုပြီးဆုံးအောင်သွန်းလုပ်ပြီးတဲ့အခါ ငါက သူ့ကိုမန္တန််တစ်ခုသင်ပေးလိုက်တယ်၊ဒီအခါမှာ ဓါးကနှစ်လက်ဖြစ်သွားသလို ပိဂွန်းလည်းနှစ်ယောက်ဖြစ်သွားတယ်"

"ဓါးရဲ့အစွမ်းက ရုပ်ခန္ဓာနဲ့ နာမ်ဝိညာဉ်ကို ခွဲခြားဖယ်ထုတ်နိုင်တာမို့လို့ သူနှစ်ယောက်ဖြစ်သွားရတာပဲ၊ဲ၊ တခြားတစ်ယောက်က ကိုယ့်ရဲ့နာမ်ဝိညာဉ်ကောင်ပဲ"

"ဒါဆို ဘယ်လိုလုပ်ရမှာလဲ"

"ဓါးသခင်က ဓါးညီနောင်ကို ပိုင်ဆိုင်ဖို့အတွက် ကိုယ့်ရဲ့နာမ်ဝိညာဉ်ကို အဲဒီဓါးနဲ့ပြန်သတ်လိုက်ဖို့လိုတယ်"

"တကယ်လို့ ပြန်မသတ်နိုင်ခဲ့ရင်ရော"

ရှင်နှောင်းက မေးမြန်းလိုက်ပြန်သည်။

"တကယ်လို့များ နာမ်ဝိညာဉ်ကောင်က ရုပ်ခန္ဓာကိုယ်ကို ပြန်သတ်မိရင် အဲဒီလူဟာသေဆုံးသွားမယ်၊ ရုပ်ခန္ဓာသေဆုံးသွားတာဖြစ်လို့ နာမ်ဝိညာဉ်ကောင်လည်း သေဆုံးသွားလိမ့်မယ်၊ ပိဂွန်းကို သူ့ရဲ့နာမ်ဝိညာဉ်ကောင်က သတ်ဖြတ်ခဲ့လို့ ပိဂွန်းတစ်ယောက် သေဆုံးသွားခဲ့ရတယ်"

"ကျွန်မသိပြီ၊ ဒါဆို အခင်က သူ့ရဲ့နာမ်ဝိညာဉ်ကောင်ကို သတ်ဖြတ်လိုက်မှရမှာပေါ့"

ဗွိုက်က ပြုံးလိုက်ပြီး

"ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ဖို့က မင်းထင်သလောက်မလွယ်ဘူးရှင်နှောင်း"

ရှင်နှောင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။ ထိုအခါ လမ်းမပေါ်တွင် အခင်နှစ်ယောက်က အချင်းချင်းတိုက်ခိုက်နေကြလေသည်။

"အခင်၊ မင်းရဲ့ကိုယ်ပွားကို မင်းပြန်သတ်မှရမယ်"

ရှင်နှောင်းက အော်ပြောလိုက်သည်။ အခင်က သိလိုက်သော်လည်း ကိုယ်ပွားအခင်ကိုသတ်ဖို့မှာ ထင်သလောက်မလွယ်ကူလှပေ၊ ကိုယ်ပွားအခင်က အခင်ထက်ပိုပြီး တိုက်ရည်ခိုက်ရည်ကောင်းသည့်အတွက် အခင်တစ်ကိုယ်လုံးတွင် ဓါးဒဏ်ရာများ ရရှိနေပြီဖြစ်သည်။ ပေါင်များ၊ လက်မောင်းသားများနှင့် ပါးတွင်ပြတ်ရှဒဏ်ရာများရထားပြီး ထိုဒဏ်ရာများမှ သွေးများစီးကျနေလေသည်။

အခင်က မောပန်းသွားသဖြင့် အနည်းငယ်အမောဖြေနေသော်လည်း ကိုယ်ပွားအခင်က မောပန်းခြင်းမရှိဘဲ တရစပ်ဝင်ရောက်တိုက်ခိုက်သည်။ ကိုယ်ပွားအခင်က အခင်၏ရင်ဘတ်ကို ကန်ထည့်လိုက်သည့်အခါ အခင်မှာလဲကျသွားသည်။ ထိုအခါ ကိုယ်ပွားအခင်က သူ့လက်ထဲမှဓါးဖြင့် အခင်၏ရင်၀ကိုအားကုန်ထိုးစိုက်လိုက်လေသည်။

"ချွင်"

ဓါးမှာမီးပွင့်သွားပြီး ကိုယ်ပွားအခင်မှာ အနောက်သို့ခုန်ဆုတ်သွားသည်။ ကံကောင်းက အခင်၏အရှေ့တွင်ဝင်ရပ်လိုက်ကာ ကာကွယ်လိုက်ခြင်းဖြစ်သည်။ 

"မင်းနားဦး၊ သူနဲ့ငါနဲ့ တစ်ပွဲနွှဲရသေးတာပေါ့"

ကံကောင်းက အခင်လက်ထဲမှ အာကာသဓါးကိုဆွဲယူလိုက်ပြီး ကိုယ်ပွားအခင်နှင့်တိုက်ခိုက်ကြပြန်သည်။ ကံကောင်းနှင့်တိုက်ခိုက်နေတုန်း အခင်က မတ်တပ်ရပ်လိုက်ပြီး အမောဖြေလိုက်သည်။ နည်းနည်းသက်သာသွားသည့်အခါ ကံကောင်းဆီသို့ပြေးလာသည်။ ကံကောင်းက သူ့လက်ထဲမှ အာကာသဓါးကို အခင်ထံသို့လှမ်းပစ်ပေးလိုက်သည်။ ထို့နောက် ကိုယ်ပွားအခင်၏ လက်များကိုအတင်းဖမ်းချုပ်လိုက်ပြီး ကိုယ်ပွားအခင်အား ဖက်ထားလေသည်။

"အခင်၊ လုပ်လိုက်တော့"

အခင်က ကံကောင်းပစ်ပေးလိုက်သည့်အာကာသဓါးကို လေပေါ်တွင်ဖမ်းယူလိုက်ပြီး ကံကောင်းဖမ်းချုပ်ထားသည့် ကိုယ်ပွားအခင်၏ ငယ်ထိပ်တည့်တည့်သို့ ဓါးကိုစိုက်ချလိုက်လေသည်။ ထိုအခါ ကိုယ်ပွားအခင်မှာ နာကျင်စွာဟစ်အော်ရင်း မီးခိုးငွေ့များအဖြစ်ပျောက်ကွယ်သွားလေသည်။ 

"ချွင်"

သို့သော် ကိုယ်ပွားအခင်ထံမှ ဓါးတစ်လက်က လမ်းမပေါ်သို့ပြုတ်ကျသွားသည်။ အခင်က ထိုဓါးမြှောင်ကလေးကိုကောက်ယူလိုက်သည်။ အာကာသဓါးနှင့် တစ်ပုံစံတည်းတူညီသော်လည်း ထိုဓါးကလေးမှာ မီးခိုးငွေ့များကဲ့သို့ မွဲခြောက်ခြောက်အငွေ့များ ထွက်ပေါ်နေလေသည်။ ရှင်နှောင်းက အခင်ထံသို့လမ်းလျှောက်လာသည်။

"မင်းအောင်မြင်သွားပြီအခင်၊ မင်းအခု ရုပ်ခန္ဓာဓါးရော၊ ဝိညာဉ်ချွေဓါးကိုပါ အသုံးချနိုင်ပြီ"

ထိုအခါ ကံကောင်းက သူ့ဗိုက်ကိုဖိရင်း ဒူးတစ်ဖက်ထောက်ကျသွားလေသည်။ ကံကောင်း၏ ဗိုက်မှသွေးများက စီးကျလာလေသည်။ ကိုယ်ပွားအခင်နှင့်တိုက်ခိုက်ရင်း ကိုယ်ပွားအခင်၏ ဓါးချက်ထိမှန်သွားခြင်းဖြစ်သည်။ အခင်လည်း မျက်လုံးပြူးသွားသည်။

"ရှင်၊ ရှင် ဒဏ်ရာ ရထားတယ်"

ကံကောင်းက ခေါင်းခါလိုက်ပြီး

"ငါ့အတွက် မပြောပလောက်ပါဘူးကွာ"

ကံကောင်းက မတ်တပ်ရပ်လိုက်ပြီး လမ်းမပေါ်တွင်ကျနေသည့် အလင်းရောင်များထွက်နေသည့် ကျောက်တုံးကြီးကိုကောက်ယူလိုက်သည်။ 

"မင်းနဲ့ငါနဲ့ တစ်နေ့စာရင်းရှင်းကြဦးမယ် ကြောင်မလေး"

ကံကောင်းက ဗိုက်ကိုဖိလျက် ဖြေးညှင်းစွာလမ်းလျှောက်ထွက်သွားလေသည်။

အခန်း (၃၁)

နီနီတစ်ယောက် အသက်လုကာပြေးလွှားနေရသည်။ သူ့အနောက်တွင်တော့ သူ့အဖေ ဦးမောင်တစ်ဖြစ်လဲ အနက်ရောင်မိစ္ဆာကောင်ကြီးက သူ့နောက်လိုက်ကာ သတ်ဖို့ကြိုးစားနေခြင်းဖြစ်သည်။ နီနီက ကားကြီးတစ်စီး၏ ဘေးတွင်ကွယ်နေလိုက်ပြီး ပုန်းခိုနေလိုက်သည်။ ထိုအခါ မိစ္ဆာကောင်ကြီးက ရပ်တန့်သွားပြီး နီနီအားရှာဖွေနေလေသည်။ နီနီလည်း အသက်ကို၀၀မရှူရဲဘဲဖြစ်နေသည်။ 

မိစ္ဆာကောင်ကြီးက အနံ့ခံကာလိုက်ရှာရင်း မတွေ့သည့်အတွက် နောက်သို့ပြန်လှည့်သွားသည်။ ကားလမ်းမပေါ်တွင် ရပ်ထားသည့်ကားများဖြင့် ပြည့်နှက်နေလေသည်။ မိစ္ဆာကောင်ကြီးပြန်သွားတော့မှ နီနီလည်းသက်ပြင်းချလိုက်ရသည်။ သို့သော်မိစ္ဆာကောင်ကြီးမှာ နီနီ၏အရှေ့သို့ခုန်ချလာလေသည်။ စင်စစ်အားဖြင့် မိစ္ဆာကောင်ကြီးမှာ ထွက်သွားခြင်းမဟုတ်ဘဲ နီနီအားတမင်ထွက်သွားဟန်ဆောင်ပြလိုက်ခြင်းဖြစ်သည်။ 

မိစ္ဆာကောင်ကြီးမှာ နီနီဘက်သို့လှည့်လိုက်ပြီး ပါးစပ်ကြီးကိုဖြဲလိုက်ကာ ချွန်ထက်နေသည့် သူ့လက်မှဓါးသွားကြီးဖြင့် နီနီအားထိုးရန် ရွယ်လိုက်သည်။

"အဖေ"

နီနီက မိစ္ဆာကောင်ကြီးအားကြည့်ပြီး အော်ဟစ်လိုက်ရာ မိစ္ဆာကောင်ကြီးမှာရပ်တန့်သွားလေသည်။ တစ်ခုခုထူးခြားမှန်းကို နီနီသတိထားမိသွားသည်။ သို့နှင့် မိစ္ဆာကောင်ကြီးကို သေသေချာချာကြည့်လိုက်ပြီး

"အဖေ၊ အဖေ သမီးကိုသတ်တော့မလို့လား"

"အဖေပဲသမီးကို ချစ်တယ်ဆို"

မိစ္ဆာကောင်ကြီးမှာ တွေဝေသွားပြီး

"ချစ်၊ ချစ်တယ် . . ."

ထိုသို့ပြောလိုက်သည့်အခါ အနက်ရောင်အရိပ်များမှာ ဦးမောင်၏ ဦးခေါင်းမှကွာကျသွားပြီး ဦးမောင်မျက်နှာပြန်လည်ပေါ်ပေါက်လာခဲ့သည်။

"အဖေ၊ အဖေ"

တဖြည်းဖြည်းနှင့် ဦးမောင်မှာ လူတစ်ဦးအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။ နီနီက ကုန်းထလိုက်ပြီး ဦးမောင်ကိုပြေးဖက်လိုက်သည်။

"အဖေ၊ အဖေ ပြန်ကောင်းသွားပြီလား"

ဦးမောင်လည်း နီနီကိုဖက်ထားလိုက်သည်။ သူ့မျက်လုံးကိုပင် သူမယုံကြည်နိုင်အောင်ဖြစ်နေသည်။ ဦးမောင်က သူ့လက်များကိုကြည့်ရင်း

"အဖေ၊ အဖေဘာတွေဖြစ်သွားတာလဲ"

"မိစ္ဆာစွမ်းအင်တွေက အဖေ့ကိုမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းလဲလိုက်တာအဖေ"

ဦးမောင်ခြေထောက်အတွင်းမှ အရိပ်မည်းကြီးတစ်ခုက ထွက်သွားကာ ကားလမ်းမအတိုင်းပြေးလွှားသွားတော့သည်။

"အချစ် . . အချစ်"

"ဟုတ်တယ်အဖေ၊ ဒီမိစ္ဆာတွေရဲ့ အားနည်းချက်ကို သမီးသိခဲ့ပြီ၊ အဲဒါ ချစ်ခြင်းမေတ္တာပဲ၊ ချစ်ခြင်းမေတ္တာက မိစ္ဆာတွေရဲ့ အားနည်းချက်ပဲအဖေ"

သားအဖနှစ်ယောက်ပွေ့ဖက်လိုက်ပြီးနောက်

"အဖေတို့ ဒီကနေမြန်မြန်သွားရမယ်၊ အဖေတို့သိထားတဲ့အကြောင်းအရာတွေကို အထက်လူကြီးတွေကို တင်ပြရမယ်သမီး"

ဦးမောင်နှင့် နီနီလည်းထိုနေရာမှ ဝေးရာသို့ ပြေးထွက်လာခဲ့ကြသည်။

ရှင်နှောင်းနှင့် အခင်တို့လည်း ရွှေတောင်ရွာကြီးဆီ ဝင်သည့်တံခါး၀ကြီးဆီသို့ပြေးလာခဲ့သည်။ သို့သော် တံခါး၀ကြီးအနီးမရောက်ခင်မှာပင် မိုးပေါ်မှအနက်ရောင်စွမ်းအင်လုံးများ ကျဆင်းလာလေသည်။ အခင်က ရှောင်ရှားနိုင်လိုက်ပြီး ရှင်နှောင်းကတော့ ထိုစွမ်းအင်လုံးများကို ကာကွယ်လိုက်နိုင်သည်။ အာလစ်ခန်းက မိုးပေါ်မှခုန်ဆင်းလာကာ ရှင်နှောင်းအရှေ့တွင်ရပ်တန့်လိုက်သည်။

"မင်းသေရမယ် ရှင်နှောင်း"

ရှင်နှောင်းအား အာလစ်ခန်းက လက်ညှိုးထိုးလိုက်ပြီး အနက်ရောင်အရိုးခေါင်းကြီးများကိုထုတ်လွှတ်ကာ ပစ်ခတ်လိုက်လေသည်။ ရှင်နှောင်းက မှော်စက်ဝန်းကြီးတစ်ခုကိုပြုလုပ်လိုက်ပြီး ကာကွယ်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် အခင်က အာလစ်ခန်းဆီသို့ခုန်ဝင်လိုက်ကာ အာကာသဓါးဖြင့် ခုတ်ဖြတ်တော့သည်။ ယခုအခါ အခင်ထံတွင် ဓါးနှစ်လက်ရှိနေပြီဖြစ်သည်။ သို့သော် အာလစ်ခန်းမှာ အခင်၏အလွန်လျှင်မြန်သည့် ဓါးချက်များကို အလွယ်တကူပင် ရှောင်ရှားလိုက်လေသည်။ အခင်မှာ ဓါးဖြင့် အချက်နှစ်ဆယ်ခန့်ထိုးလိုက်သော်လည်း အာလစ်ခန်းအား တစ်ချက်မှပင်မနီးစပ်ပေ။ 

တစ်ချီတွင် အခင်က အာလစ်ခန်း၏ဦးခေါင်းကို ဓါးနှစ်လက်ဖြင့်မိုးပြီးစုံခုတ်ချလိုက်ရာ အခင်၏လက်နှစ်ဖက်ကို အာလစ်ခန်းကဖမ်းယူလိုက်လေသည်။ အခင်က အားအင်သုံးသော်လည်း အာလစ်ခန်း၏ အားအင်ကိုမယှဉ်နိုင်သဖြင့် မရုန်းထွက်နိုင်ဘဲရှိနေသည်။ အာလစ်ခန်းက လက်ကိုလွှဲလိုက်ပြီး အခင်အားမြေကြီးပေါ်သို့ပစ်ပေါက်လိုက်သည်။

အခင်က ကြောင်ကလေးတစ်ကောင်အဖြစ်ပြောင်းလဲလိုက်သဖြင့်သာ အရှိန်ဖြင့်ကျမဆင်းသွားပဲ ကြောင်ကျ ကျသွားလေသည်။

"ဟား၊ ဟား၊ မင်းတို့က မှော်ပညာနဲ့ပဲဖြစ်ဖြစ်၊ သိုင်းပညာအရပဲဖြစ်ဖြစ် ငါ့ကိုမယှဉ်နိုင်ပါဘူးကွာ"

ထိုအချိန်တွင် ရှင်နှောင်းက ဖန်တီးတည်ဆောက်သည့် စက်လက်နက်များကိုထုတ်လိုက်ပြီး 

"ရှင်ကြောက်တဲ့အရာတစ်ခုကို ကျွန်မသိတယ် အာလစ်ခန်း"

ရှင်နှောင်း၏ စက်လက်နက်များတွင် ကြေးဝါဖြင့်ပြုလုပ်ထားသည့် လှံတံကြီးများကိုဖန်တီးလိုက်သည်။ ထို့နောက် အာလစ်ခန်းဆီသို့ ထိုလှံတံများဖြင့် ပစ်ခတ်လိုက်လေသည်။ အာလစ်ခန်းက လှံတံများကို လက်ဖြင့်ပုတ်ချလိုက်ပြီးရှောင်ရှားနေလေသည်။ ရှင်နှောင်းက ထိုစဉ်အလွန်ကြီးမားသည့် လှံကြီးတစ်စင်းကိုဖန်တီးလိုက်ပြီး အာလစ်ခန်းထံသို့ ပစ်သွင်းလိုက်လေသည်။ အာလစ်ခန်းက သူ့ထံပြေးဝင်လာသည့် ကြေးဝါလှံတံကြီးကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကိုင်လိုက်သည်။ ရှင်နှောင်းပစ်လွှတ်လိုက်သည့် အရှိန်မှာ များလွန်းသည်မို့ အာလစ်ခန်းပင် အနောက်သို့အတော်ဝေးဝေးတရွတ်တိုက်ဆွဲပါသွားလေသည်။

"ဟား၊ ဟား မင်းက ငါ့ကိုကြေးဝါနဲ့ စီရင်လို့ရမယ်လို့ ထင်နေလို့လားကွ"

အာလစ်ခန်းက သူ့လက်ထဲတွင်ကိုင်ထားသည့် လှံတံကြီးကို လက်ဖြင့်ညှစ်လိုက်ရာ ကြေးဝါလှံတံကြီးမှာ တစ်စစီကွဲကြေသွားလေသည်။ ရှင်နှောင်းလည်း အံ့ဩနေမိသည်။

"ကြေးဝါဆိုတာ အလင်းကို ကိုယ်စားပြုတယ်လေ၊ ရှင်အရင်တုန်းက ကြေးဝါကိုကြောက်တယ်မဟုတ်လား"

"အရင်ကကြောက်ပေမယ့်၊ အခုက ငါ့အချိန်ပဲလေရှင်နှောင်းရယ်၊ ငါ့ရဲ့နန်းသုံးဆောင် ဆောက်လုပ်လို့ပြီးသွားရင် ပိုပြီးတော့တောင်အစွမ်းထက်အုံးမှာ"

အာလစ်ခန်းက လက်နှစ်ဖက်ကိုစုစည်းလိုက်ပြီးနောက်

"ဝါဇရော"

ဟုအော်ဟစ်လိုက်သည့်အခါ အစိမ်းပုပ်ရောင် မီးခိုးလုံးကြီးများက သူ့လက်အတွင်းမှထွက်လာကာ ရှင်နှောင်းထံသို့ ပြေးဝင်လာသည်။ ရှင်နှောင်းက ကာကွယ်သည့်မှော်အစွမ်းကို အသုံးပြုလျက် ကာကွယ်လိုက်သော်လည်း ထိုဝါဇရောအလင်းတန်းများမှာ ကာကွယ်မှုအားလုံးကိုဖောက်ထွင်းနိုင်လေသည်။ နောက်ဆုံးတော့ ထိုအလင်းတန်းတစ်ချို့က ရှင်နှောင်းကိုထိမှန်သွားပြီး ရှင်နှောင်းမှာလွင့်ထွက်သွားသည်။

"ရှင်နှောင်း"

အခင်က ရှင်နှောင်းကိုပြေးဆွဲလိုက်သည်။ ထိုစဉ် ရွှေတောင်ရွာတံခါးကြီးမှာပွင့်ထွက်သွားပြီး အရီးဒေါင်းထွက်လာလေသည်။ အရီးဒေါင်း၏ ခြေထောက်အောက်တွင်တော့ နေရာရွှေ့ပြောင်းသည့် အစီအရင်တစ်ခုကိုတွေ့လိုက်ရသည်။

"မြန်မြန်၊ ငါ့လက်ကိုဆွဲလိုက်ကြ"

အခင်လည်း ရှင်နှောင်းကိုပွေ့ရင်း အရီးဒေါင်းလက်ကိုဆွဲလိုက်သည်။ ရှင်နှောင်းက 

"ရှင်ကျွန်မကိုသတ်ချင်ရင်၊ ရွှေတောင်ရွာကြီးထဲကို လိုက်ခဲ့ပေတော့"

ထိုသို့ဟစ်အော်လိုက်သည့်အချိန်၊ အာလစ်ခန်းက အမှောင်စွမ်းအင်များကိုထပ်မံပစ်ခတ်လိုက်သည်။ သို့သော်f သူ့အမှောင်စွမ်းအင်များမှာ ရှင်နှောင်းအားမထိမှန်ခင်မှာပင် ရှင်နှောင်းတို့က နေရာရွေ့ပြောင်းအစီအရင်ကြောင့် ပျောက်ကွယ်သွားပြီဖြစ်သည်။ အာလစ်ခန်းမှာ မကျေမနပ်နှင့် အော်ဟစ်လိုက်လေသည်။

"ရှင်နှောင်း၊ ရှင်နှောင်း"

သို့သော် အာလစ်ခန်းအနေနှင့် သူတစ်ယောက်တည်း ရွှေတောင်ရွာကြီးထဲသို့ မဝင်ဝံ့ပေ။

"မင်းတို့ကြည့်နေကြစမ်းပါ၊ ငါ့ရဲ့နန်းသုံးဆောင်ကြီး ပြီးစီးသွားတဲ့အခါကျရင် မင်းတို့နေရာကိုငါလာပြီး မင်းတို့အားလုံးကို ငါအမှုန့်ချေပစ်မယ်ကွ"

အာလစ်ခန်းက ဒေါသထွက်ထွက်နှင့်ပျံသန်းလာခဲ့တော့သည်။ ဝင်္ကပါမြို့အပြင်ရှိ အမှိုက်ပုံကြီးများနေရာတွင် အနက်ရောင်မှော်မိစ္ဆာကြီးများက နန်းဆောင်ကြီးသုံးဆောင်အား အမှောင်စွမ်းအင်များဖြင့် တည်ဆောက်နေကြခြင်းဖြစ်သည်။ နန်းဆောင်ကြီးသုံးဆောင်လုံးမှာ ပြီးစီးလုဖြစ်နေပြီ။ ငခမ်းကတော့ နန်းဆောင်အား စောင့်ရှောက်ရန်နေခဲ့ရသည်မို့ အေးအေးလူလူပင် ရှဲန်ဆိုင်နှင့် အချိန်ဖြုန်းနေလေသည်။

ရှဲန်ဆိုင်မှာ ငခမ်း၏ ချစ်သူတစ်ယောက်ဖြစ်သည်။ သို့သော် အာလစ်ခန်းက မမျှော်လင့်ဘဲ ရှဲန်ဆိုင်အားသတ်မိသွားပြီး သူ၏ငရဲတွင် ရှဲန်ဆိုင်ကိုချုပ်နှောင်ထားလိုက်လေသည်။ အပေးအယူအနေဖြင့် ငခမ်းအား သူ၏ နတ်ဆိုးအစိတ်အပိုင်းခုနစ်ခုကို ပြန်လည်ရှာဖွေစေခဲ့ပြီး နတ်ဆိုးအစိတ်အပိုင်း ခုနစ်ခုရပြီး သူပြန်လည်နိုးထလာသည့်အခါ ငခမ်းကို ကတိပေးထားသည့်အတိုင်း ရှဲန်ဆိုင်အား ပြန်လည်အသက်သွင်းပေးခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းရာနှင့်ချီကာ ကွဲကွာနေရသည့် ချစ်သူနှစ်ဦးမှာ သလွန်ကြီးတစ်ခုပေါ်တွင်ထိုင်နေကြသည်။ ငခမ်းက သလွန်ကြီးပေါ်တွင် လှဲအိပ်နေသလို ရှဲန်ဆိုင်က ငခမ်း၏ရင်ဘတ်ပေါ်တွင် ခေါင်းအုံးကာ ငခမ်းကိုပွတ်သပ်နေလေသည်။

"ဒီပန်းကလေးကို မင်းမှတ်မိလား ရှဲန်ဆိုင်"

ငခမ်းက သူ့လက်ထဲမှ ပန်းပွင့်ကလေးတစ်ပွင့်ကို ထုတ်ပြလိုက်သည်။ ထိုပန်းပွင့်ကလေးမှာ အဖြူရောင်ပွင့်ချပ်ရှည်များရှိပြီး လှပစွာပွင့်နေလေသည်။ ပန်းကလေး၏ ရိုးတံတွင်တော့ မြောက်များစွာသော ဆူးကြီးများရှိလေသည်။

"မှတ်မိတာပေါ့ အကိုကွမ်ခမ်းရဲ့"

"ဒါဆိုရင် ဒီပန်းကလေးရဲ့နာမည်ကို ဘယ်လိုခေါ်သလဲသိလား"

ရှဲန်ဆိုင်က မျက်မှောင်ကြုတ်လိုက်သည်။

"ပန်းအဖြူကလေးလားမသိဘူး"

ရှဲန်ဆိုင်က ခေါင်းကုပ်လိုက်ပြီး 

"နှစ်တွေကြာခဲ့ပြီဆိုတော့ ရှဲန်ဆိုင်လည်း မေ့ကုန်ပြီပေါ့အကိုရယ်"

ငခမ်းမျက်နှာကွက်ခနဲပျက်သွားလေသည်။ ရှဲန်ဆိုင်ကလည်း ငခမ်းမျက်နှာပျက်သွားကြောင်းကို ရိပ်မိလိုက်သည်။

"အဲဒါတွေကိုထားလိုက်ပါတော့အကိုရာ၊ အခုအကိုနဲ့ ရှဲန်ဆိုင်နဲ့အတူတူပေါင်းဖက်နေရပြီမဟုတ်လား"

ရှဲန်ဆိုင်က ငခမ်း၏နှုတ်ခမ်းများကို နမ်းရှုံ့ရန်ပြင်ဆင်လိုက်သော်လည်း ငခမ်းက လက်ဖြင့်တွန်းလိုက်ပြီး သလွန်ပေါ်တွင် ငုတ်တုတ်ထိုင်လိုက်လေသည်။ ထိုစဉ်မှာပင် အာလစ်ခန်းက သူတို့ထိုင်နေသည့် နန်းဆောင်အတွင်းသို့ဝင်ရောက်လာသည်။

"မင်းတို့က ဒီမှာကြည်နူးနေကြ၊ ဟိုကောင်တွေက ငါ့ကိုစိန်ခေါ်သွားပြီကွ"

အာလစ်ခန်းပြန်လာသဖြင့် ငခမ်းတို့မှာ သလွန်ကြီးပေါ်မှအမြန်ဆင်းလိုက်သည်။ အာလစ်ခန်းက ဒေါသထွက်ထွက်နှင့်ငခမ်းတို့ထိုင်နေသည့် ကျောက်သားသလွန်ကြီးအား သူ့လက်ဖြင့်ထိုးထည့်လိုက်ရာ ကျောက်သားသလွန်ကြီးမှာ တစ်စစီကွဲကျေသွားလေသည်။

"ဘာတွေဒေါသဖြစ်လာတာလဲ သခင်ကြီး၊ ရှင်နှောင်းကို မရခဲ့ဘူးလား"

"ငါသူ့ကိုသတ်မလို့လုပ်နေတုန်းရှိသေးတယ်ကွာ၊ ဒီကောင်တွေ လက်မတင်ကလေး လွတ်သွားတာ"

"ဒါဆို အခုရှင်နှောင်းက ဘယ်မှာလဲ"

အာလစ်ခန်းက သက်ပြင်းချလိုက်ပြိး

"သူတို့ ရွှေတောင်ရွာကြီးထဲကို ဝင်သွားပြီ"

"ဒါများဘာခက်လို့လဲ သခင်ကြီးရာ၊ ပိုတောင်ကောင်းသွားသေးတာပေါ့၊ ရွှေတောင်ရွာကြီးထဲကိုလိုက်သွားပြီး သူတို့တွေတစ်သိုက်လုံးကို ရှင်းလို့ရတာပေါ့"

အာလစ်ခန်းက ဒေါသခိုးလျှံနေသည့် မျက်လုံးများဖြင့် ငခမ်းကိုကြည့်လိုက်သည်။

"မင်းတော်တော်တုံးအတဲ့ကောင်ပဲကွာ၊ ဒါကြောင့်လည်း မင်းကိုသူများလှည့်စားတာခံရတာကွ"

ငခမ်းက အံ့ဩသွားလေသည်။ အာလစ်ခန်းကပင် ဆက်လက်ပြီး

"ရွှေတောင်ရွာကြီးမှာ ညဆိုတာမရှိဘူးကွာ၊ အမြဲထွန်းလင်းတောက်ပနေတဲ့ ကောင်းကင်ကြီးပဲရှိတယ်၊ ဒီတော့ အခုအချိန်မှာ ငါအဲဒီအထဲကိုလိုက်သွားတာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့အတူတူပဲ၊ အထဲမှာ ကဲရိသလည်းရှိနေတယ်မဟုတ်လား၊ ကဲရိသနဲ့ရှင်နှောင်း ပူးပေါင်းပြီးတော့ ငါ့ကိုမလုပ်ကြံဘူးလို့ ပြောလို့မရဘူး"

"နေပါဦး သခင်ကြီးရဲ့၊ ကဲရိသနဲ့ သခင်ကြီးနဲ့က မိတ်ဆွေတွေဆို၊ သူကပဲ သခင်ကြီးကို ဆင့်ခေါ်ဖို့အတွက် ပယင်းနက်အစိတ်အပိုင်းတွေကို လိုက်လံရှာဖွေခဲ့တာမဟုတ်ဘူးလား"

"မဟုတ်ဘူးငခမ်း၊ ကဲရိသဆိုတာ မယုံကြည်သင့်တဲ့လူပဲ၊ သူနဲ့ငါတစ်ချိန်တုန်းက မိတ်ဆွေတွေဆိုပေမယ့် ငါ့စိတ်ထင်တော့ သူကငါ့ကိုပျက်စီးအောင်လို့ ကြံစည်ခဲ့တာပဲ၊ သူက ငါ့ကိုဆင့်ခေါ်ချင်လို့ တမင်သက်သက် ဒီပယင်းနက်တွေကို စုဆောင်းခဲ့တာမဟုတ်ဘူးကွ၊ သူလိုချင်တဲ့အရာတစ်ခု ငါ့ဆီမှာရှိနေလို့"

"အဲဒါက ဘာများလဲသခင်ကြီး"

"အမှောင်စွမ်းအင်ပဲကွ၊ ကဲရိသက ငါ့ဆီကအမှောင်စွမ်းအင်တတ်တွေကိုလိုချင်နေတာ၊ သူက အလင်းစွမ်းအင်အတတ်တွေကို တစ်ဖက်ကမ်းခတ်တတ်ခဲ့ပြီ၊ အမှောင်စွမ်းအင်ကိုလည်းတတ်မြောက်ပြီးရင် အချိန်ဆိုတာကို သင်ယူလိုက်ပြီး စကြ၀ဠာတန်ခိုးရှင်တစ်ယောက် ဖြစ်တော့မှာ"

"စကြ၀ဠာတန်ခိုးရှင်က တော်တော်အင်အားကြီးလို့လား"

အာလစ်ခန်းက ခေါင်းညိတ်လိုက်သည်။

"စကြ၀ဠာတန်ခိုးရှင်ဖြစ်သွားရင် စကြ၀ဠာကြီးကို ထိန်းချုပ်လို့ရပြီ၊ အရာအားလုံးကို ဖန်ဆင်းလို့ရပြီ၊ ဖျက်ဆီးချင်ရင်လည်း လွယ်လွယ်လေးပဲ၊ ငါကတော့ သူ့ကိုဘယ်တော့မှ စကြ၀ဠာတန်ခိုးရှင် မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားတယ်၊ ငါ့ရဲ့အမှောင်အစွမ်းတွေကို သူ့ကိုဘယ်တော့မှသင်ပေးမှာမဟုတ်ဘူးကွ"

"ဒါဆိုရင် အခုဘယ်လိုလုပ်မလဲ သခင်ကြီး"

"နန်းဆောင်ကြီးတွေ ပြီးသွားတာကိုစောင့်မယ်၊ နန်းဆောင်ကြီးတွေပြီးသွားရင် ငါ့စွမ်းအင်တွေကို စုစည်းလို့ရပြီ၊ ငါ့အစွမ်းတွေအကုန်ရပြီးတဲ့အချိန်မှာ ငါက ကဲရိသကိုရော၊ ဘယ်သူ့ကိုမှရော ကြောက်စရာမလိုတော့ဘူးကွ"

တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံကြီးများခြုံထားပြီး လက်တံရှည်ရှည်ကြီးများရှိသည့် အရိပ်မှော်မိစ္ဆာကြီးများမှာ သူတို့လက်များမှ အနက်ရောင်စွမ်းအင်များဖြင့် အုတ်ခဲပုံစံအတုံးကြီးများကိုပြုလုပ်ပြီး တစ်လုံးချင်းစီ စီထပ်ကာ နန်းဆောင်ကြီးကိုတည်ဆောက်နေလေသည်။ သူတို့စကားပြောနေစဉ်မှာပင် နန်းဆောင်ကြီးများတည်ဆောက်ခြင်းမှာ ပြီးစီးသွားသည်။ နန်းဆောင်ကြီးများ၏ ထိပ်တွင် အချွန်ကြီးများရှိသည်။ 

အာလစ်ခန်းက အလယ်ဆုံးနန်းဆောင်ပေါ်သို့တက်သွားလိုက်ပြီး ဘေးရှိနန်းဆောင်ခေါင်မိုးပေါ်မှ အချွန်ထံသို့ အနက်ရောင်အလင်းတန်းများကိုပစ်လွှတ်လိုက်သည်။ အာလစ်ခန်းပစ်လွှတ်လိုက်သည့် အနက်ရောင်အလင်းတန်းများမှာ အချွန်ကြီးကိုထိမှန်သွားကာ မိုးပေါ်သို့ထောင်တက်သွားသည်။ တစ်ဖန်အာလစ်ခန်းက နောက်ထပ်နန်းဆောင်တစ်ခုအား ထိုသို့ပြုလုပ်ပြန်သည်။ နောက်ဆုံးတော့ အလယ်နန်းဆောင်ရှိ ပယင်းနက်ဖြင့်ပြုလုပ်ထားသည့် ပလ္လင််ကြီးပေါ်တွင်တက်ထိုင်လိုက်တော့သည်။

"မင်းငါ့ကို ကာကွယ်ပေးထားရမယ် ငခမ်း၊ သွားစမ်း၊ ဒီနေရာတစ်ဝိုက်ကို လုံခြုံရေးတွေ အပြည့်ချထားလိုက်စမ်း"

ငခမ်းက ပျံသန်းကာ နန်းဆောင်ပေါ်မှဆင်းသွားသည်။ မကြာမီ ကောင်းကင်ထက်မှ အနက်ရောင်စွမ်းအင်များက ဝဲကတော့ကြီးတစ်ခုသဖွယ် ဆင်းသက်လာကာ အလယ်ဘက်ရှိနန်းဆောင်ကြီး၏ ထိပ်ရှိ အချိန်ကြီးပေါ်သို့ စီးဝင်လာလေသည်။ တစ်ဖန် ထိုအချွန်ကြီးပေါ်မှ အာလစ်ခန်း၏ ခေါင်းပေါ်တည့်တည့်သို့ အနက်ရောင်စွမ်းအင်များက စီးဝင်လာလေသည်။ ထိုနည်းဖြင့် အာလစ်ခန်းမှာ သူ၏စွမ်းအင်များကို ဖြည့်ဆည်းရခြင်းဖြစ်သည်။

ထိုအခါ ကျန်နေခဲ့သည့် ရှဲန်ဆိုင်ထံမှ မြွေလျှာကဲ့သို့လျှာနှစ်ခွကြီးက ထွက်လာခဲ့သည်။ အာလစ်ခန်းက ရှဲန်ဆိုင်ကိုကြည့်လိုက်ပြီး

"ငါ့သမီး၊ နင့်လျှာကိုသတိထားစမ်း"

ထိုသို့အော်ငေါက်လိုက်တော့မှ ရှဲန်ဆိုင်က လျှာကိုပြန်ခေါက်သွင်းလိုက်သည်။

"နင်သာ ရှဲန်ဆိုင်မှန်းသရုပ်ဆောင်ထားတာကို ငခမ်းသိသွားရင် ဒီကောင်ငြိမ်နေမှာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ နင်ပိပိရိရိနေစမ်း"

ရှဲန်ဆိုင်အဖြစ်သရုပ်ဆောင်ထားသည့် အာလစ်ခန်း၏ သမီးတော်က ခေါင်းညိတ်လိုက်လေသည်။ စင်စစ်အားဖြင့် ရှဲန်ဆိုင်၏ ဝိညာဉ်မှာ အာလစ်ခန်းထံတွင်လည်းမရှိပေ၊ အာလစ်ခန်းက သူ့ထံတွင်ရှိချင်ယောင်ဆောင်ပြီး တစ်ဖက်လှည့်နှင့်ငခမ်းအား အသုံးချနေခြင်းဖြစ်သည်။

ငခမ်းက လှည့်ပတ်ပျံသန်းရင်း နန်းဆောင်ကြီးသုံးခုအနီးတွင် အနက်ရောင်မိစ္ဆာများကို နေရာချထားလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ပန်းကလေးကိုငုံ့ကြည့်လိုက်လေသည်။

"ရှဲန်ဆိုင်၊ မင်းက ဆူးပန်းကလေးတွေကိုတောင် မမှတ်မိတော့ဘူးတဲ့လား၊ ဒီပန်းကလေးတွေက မင်းကိုယ်တိုင်စိုက်ခဲ့တဲ့ ပန်းကလေးတွေမဟုတ်လား"

ငခမ်းက ပန်းကလေးကို လက်ဖြင့်ဆုပ်ချေလိုက်သည်။

"မင်းက ငါသိပ်ချစ်ခဲ့တဲ့ ရှဲန်ဆိုင်မှ ဟုတ်ရဲ့လား"

ငခမ်းက ရေရွတ်လိုက်လေသည်။

အခန်း (၃၂)

"မြန်မြန်ဖယ်ကြစမ်း၊ ရှင်နှောင်းဒဏ်ရာ ရလာတယ်"

ရှင်နှောင်းရင်ဘတ်တွင် ဝါဇရောအလင်းတန်းခေါ် အာလစ်ခန်း၏ အမှောင်လက်နက်က ထိမှန်ထားသဖြင့် ရင်ဘတ်ကြီးတစ်ခုလုံး အနက်ရောင်အငွေ့များက တလူလူထွက်နေလေသည်။ အရီးဒေါင်းကို အခဲမကျေသည့် ကဝေများကလည်း ရှင်နှောင်းအားတွေ့သည့်အခါ တိတ်ဆိတ်သွားကြကာ အနီးတွင်စုရုံးလိုက်ကြသည်။ 

ကဲရိသ၊ ပိလုံ၊ အရီးဒေါင်း၊ အခင်၊ ဖိုးလုံးတို့အားလုံး ရှင်နှောင်းအနီးတွင်စုရပ်လိုက်ကြသည်။ ရှင်နှောင်းက အရီးဒေါင်းလက်ထဲတွင် သေလုမြောပါးဖြစ်နေသည်။ ပိလုံက ရှင်နှောင်း၏ ဒဏ်ရာကို လက်ဖြင့်စမ်းသပ်ကြည့်သည်။

"ဒီလိုဒဏ်ရာမျိုးကို ကျုပ်မတွေ့ဖူးဘူး"

ထိုသို့ပြောလိုက်ပြီး ခေါင်းကိုဖြေးညှင်းစွာခါလိုက်သည်။ ထိုအခါ အခင်က သူ့ခါးရှိပုလင်းကလေးကို ဆွဲလိုက်စဉ် ပိလုံက အခင်လက်ကိုဆွဲထားသည်။

"မလိုတော့ဘူးသမီး၊ ဒါလည်း အသုံးမဝင်ဘူး"

"ဒါဆိုငါတို့ဒီအတိုင်းထိုင်နေပြီး ရှင်နှောင်းသေတာကို စောင့်ကြည့်နေကြမှာလား"

အရီးဒေါင်းက ပြောဆိုလိုက်သည်။ နောက်ဆုံးတော့ သူတို့အားလုံး ကဲရိသကိုကြည့်လိုက်သည်။

"ဒါက အာလစ်ခန်းရဲ့ ဝါဇရော အမှောင်လက်နက် ထိထားတဲ့ဒဏ်ရာပဲ"

"ရှင်က အလင်းရဲ့သခင်ပဲ၊ အလင်းဆိုတာ အမှောင်ရဲ့ဆန့်ကျင်ဘက်၊ အမှောင်ကိုနိုင်တယ်မဟုတ်လား၊ ရှင်တစ်ခုခုလုပ်လို့မရဘူးလား"

ကဲရိသက တွေးနေရင်းသက်ပြင်းချလိုက်သည်။

"ငါက အလင်းကိုပဲတတ်မြောက်တာ၊ အမှောင်အကြောင်းကိုဘာမှသိသေးတာမဟုတ်ဘူး၊ ငါလုပ်တာ တစ်ခုခုလွဲချော်ခဲ့ရင် သူဒီထက်ပိုပြီးဆိုးရွားသွားလိမ့်မယ်"

"ဒါဆိုရှင်နှောင်း၊ ရှင်နှောင်းသေသွားမှာပေါ့၊ ရှင်နှောင်းသေသွားရင် အာလစ်ခန်းကို ဘယ်သူမှ တားဆီးလို့ရမှာမဟုတ်တော့ဘူးပေါ့"

အရီးဒေါင်းက ရေရွတ်နေသည်။ ပိလုံနှင့် အခင်တို့ကတော့ ရှင်နှောင်းအား စိတ်မကောင်းစွာဖြင့်ကြည့်နေကြသည်။ နောက်ဆုံးတော့ ကဲရိသက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့အင်္ကျီအတွင်းမှ ဖန်လုံးကလေးတစ်လုံးကိုထုတ်လိုက်သည်။

"ဒါက အချိန်မဲ့ဖန်လုံးလို့ခေါ်တယ်"

ထိုဖန်လုံးကလေးဖြင့် ရှင်နှောင်းအားထိတွေ့လိုက်သည်။ ထိုအခါ ရှင်နှောင်းမျက်လုံးထဲတွင် ပုံရိပ်များက ပြေးလွှားနေသည်ကိုမြင်ရပြီးနောက် သူရရှိထားသည့်ဒဏ်ရာမှာလည်း ပျောက်ကင်းသွားလေသည်။

"ဘာ၊ ဘာဖြစ်သွားတာလဲ"

"အချိန်မဲ့ဖန်လုံးက တစ်လောကလုံးကအချိန်ကိုတော့ မပြောင်းလဲပေးနိုင်ပေမယ့် လူတစ်ဦးတစ်ယောက်ရဲ့အချိန်ကိုတော့ ပြောင်းလဲနိုင်တယ်၊ အခုကျုပ်က ရှင်နှောင်းရဲ့ခန္ဓာကိုယ်ကို အာလစ်ခန်းရဲ့လက်နက်မထိခင်က အချိန်ကိုပြောင်းလဲပေးလိုက်တာပဲ"

ရှင်နှောင်းမျက်လုံးများ အရောင်လက်သွားပြီး အချိန်မဲ့ဖန်လုံးကို စူးစိုက်စွာဖြင့်ကြည့်နေလေသည်။

"ဒါ ဗွိုက်ဆီကနေ ကဲရိသခိုးယူသွားတဲ့ အရာပဲ"

ရှင်နှောင်းက စိတ်ထဲမှရေရွတ်လိုက်လေသည်။ ကဲရိသက ဖန်လုံးကလေးအား သူ့အက်ျီအတွင်းသို့ ထိုးထည့်လိုက်လေသည်။ ရှင်နှောင်းလည်း ဒဏ်ရာသက်သာသွားပြီဖြစ်သဖြင့် ကုန်းထလာသည်။ ထိုအခါ ကဝေအပေါင်းက ရှင်နှောင်းအား အရိုသေပေးလိုက်ကြသည်။

"မယ်တော်၊ ကျုပ်တို့ကိုဦးဆောင်လမ်းပြတော်မူပါ"

"ကောင်းပြီ၊ မင်းတို့ ငါ့အမိန့်ကိုနာခံကြပါ"

ရှင်နှောင်းက တစ်ဖက်သို့လှည့်လိုက်ပြီး အဝါရောင်မှော်စက်ဝန်းတစ်ခုကိုထုတ်လိုက်ကာ မြေကြီးကိုပစ်ခတ်လိုက်သည်။ ကျောက်တုံးကျောက်သားများက မြေအောက်မှထိုးထွက်လာပြီး တစ်စုံတစ်ခုကိုဖန်တီးနေကြသည်။ ခဏအကြာတွင်တော့ ကျောက်သားစားပွဲဝိုင်းကြီးနှင့် ကျောက်သားထိုင်ခုံကြီးများပေါ်ပေါက်လာသည်။ ထိုစားပွဲဝိုင်းကြီးတွင် ကဲရိသတို့က စုစည်းကာထိုင်လိုက်ကြသည်။ 

"ကျွန်မမှာ အကြံတစ်ခုရှိတယ်"

ရှင်နှောင်းက အားလုံးကိုတစ်ချက်ကြည့်လိုက်ပြီး

"အာလစ်ခန်းက မှော်နန်းဆောင်ကြီးတွေတည်ဆောက်နေတယ်၊ အဲဒီနန်းဆောင်ကြီးတွေပြီးရင် သူ့အစွမ်းတွေ ပိုပြီးရလာမယ်လို့ ပြောတယ်"

ကဲရိသက ခေါင်းညိတ်လိုက်ပြီး

"မျှော်စင်သုံးခုပဲ၊ အရင်ကတည်းက သူကအဲဒီနည်းနဲ့ စွမ်းအင်တွေကို စုဆောင်းခဲ့တာပဲ"

"ဒီတော့လောလောဆယ် သူ့မှာအစွမ်းတွေ မစုံသေးဘူးလို့ ပြောလို့ရတယ်၊ ဒီအချိန်ဟာ ကျွန်မတို့အတွက် အခွင့်ကောင်းပဲ"

"ဒါဆိုရင် မင်းက ဒီအချိန်မှာ သူ့နန်းဆောင်ကို အလစ်ဝင်တိုက်မလို့လား၊ နန်းဆောင်တွေကို ဖျက်ဆီးရတာလွယ်ပေမယ့် အာလစ်ခန်းကို အမှောင်ထဲမှာ တိုက်ခိုက်တာဟာ ရူးမိုက်တာပဲရှင်နှောင်း"

ကဲရိသက ထောက်ပြသည်။

"ကျွန်မအကြံကို ဆုံးအောင်နားထောင်ပါဦးရှင်၊ ကျွန်မတို့တွေ အုပ်စုနှစ်စုခွဲမယ်၊ တစ်စုကတော့ နန်းဆောင်တွေကို တိုက်ခိုက်ဖျက်ဆီးဖို့ပဲ၊ နောက်တစ်စုကတော့ ဒီမှာနေခဲ့ရမယ်၊ ကျွန်မက နန်းဆောင်တွေကို တိုက်ခိုက်တဲ့အဖွဲ့နဲ့လိုက်သွားပြီးတော့ အာလစ်ခန်းနဲ့ရင်ဆိုင်မယ်၊ ပြီးရင် အာလစ်ခန်းကို ဒီကိုမျှားခေါ်လာမယ်"

"မင်းပထမတစ်ခေါက် ခေါ်တာတောင်မှ အာလစ်ခန်းက ဒီကိုလိုက်လာခဲ့တာမှမဟုတ်တာ"

"ကျွန်မသိတာပေါ့၊ ဒီတစ်ခါတော့ သူမလိုက်ချင်လဲ ဒီကိုလိုက်လာရလိမ့်မယ်"

"မင်းက တော်တော်သေချာနေပါလားကွ၊ ကောင်းပြီလေ၊ သူဒီကိုရောက်လာရင် ငါတို့ဘယ်လိုဆက်လုပ်မလဲ"

ရှင်နှောင်းက ကဲရိသကို လက်ညှိုးထိုးလိုက်ပြီး

"ဒီကိုရောက်ရင် သူအားနည်းသွားပြီလေ၊ ဒီတော့ ရှင်က သူ့ဆီကနေလိုချင်တာကို ယူပေါ့၊ ပြီးရင်တော့ အာလစ်ခန်းကို ကျွန်မအဆုံးသတ်လိုက်မယ်၊ ဒီလိုဆို ရှင်လိုချင်တဲ့အရာလည်း ရသလို၊ ကျွန်မတို့ရဲ့ရန်လည်း ငြိမ်းသွားတာပေါ့၊ မကောင်းဘူးလား"

ရှင်နှောင်းပြောသမျှကို ကဲရိသက နားထောင်ပြီး ခေါင်းကိုဖြေးညှင်းစွာညိတ်လိုက်သည်။

"ကောင်းပြီ၊ မင်းအကြံမဆိုးပါဘူး"

"အခုကစပြီး အဖွဲ့ခွဲမယ်၊ အယ်လ်၊ ပိလုံ၊ အခင် နဲ့ ကျွန်မတို့က အာလစ်ခန်းရဲ့ နန်းဆောင်သုံးဆောင်ကို သွားရောက်ဖျက်ဆီးမည့် အဖွဲ့ပဲ"

"အရီးဒေါင်းက ကဝေတွေကို ခေါင်းဆောင်ပြီးတော့ ဒီရွှေတောင်ရွာကြီးမှာ ကဲရိသနဲ့အတူတူနေခဲ့ရမယ်"

ထို့နောက် ရှင်နှောင်းက ကဲရိသကိုကြည့်လိုက်သည်။

"ကဲရိသ ရှင်ကတော့ အာလစ်ခန်းကိုဘယ်လိုအားနည်းအောင်လုပ်ရမယ်ဆိုတဲ့ အချက်ကိုသိမှာပါ"

ကဲရိသကခေါင်းညိတ်သည်။

"ပထမဆုံး ကျွန်မက နန်းဆောင်ဖျက်ဆီးမည့်အဖွဲ့နဲ့လိုက်သွားမယ်၊ ပြီးရင် အာလစ်ခန်းကိုမျှားခေါ်ထုတ်ပြီး ဒီရွှေတောင်ရွာက အဖွဲ့နဲ့လာပြီးပူးပေါင်းမယ်၊ ကျန်နေတဲ့သူတွေက နန်းဆောင်တွေကို အကုန်ဖျက်ဆီးရမယ်"

ရှင်နှောင်း၏ အကြံကိုအားလုံးက ထောက်ခံလိုက်ပြီးခေါင်းညိတ်လိုက်ကြသည်။ 

"ကဲ ကျုပ်တို့ခဏနားမယ်၊ ပြီးတာနဲ့ လုပ်ငန်းစကြမယ်"

ကဲရိသက ထိုင်နေရာမှမတ်တပ်ရပ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို မိုးပေါ်သို့ဆန့်တန်းလိုက်လေသည်။ ထိုအခါ မိုးကောင်းကင်တွင် နေလုံးကြီးတစ်စင်းက ပေါ်ထွက်လာကာ ရွှေတောင်ရွာကြီးတွင် လင်းထိန်သွားလေသည်။

ပိလုံက ကျန်နေခဲ့သည့် ပိလရလူများကိုဦးစီးလိုက်သည်။ ထိုအခါ အခင်က ပိလုံအနားသို့ကပ်လာသည်။

"အဖေ၊ အမေ၊ အမေ . . ."

ပိလုံက အခင်၏ပုခုံးကိုဖက်လိုက်သည်။

"အဖေနားလည်ပါတယ်သမီး၊ သူရဲကောင်းတွေဆိုတာ အများအတွက် ကိုယ့်အသက်ကိုစွန့်ပြီး စွန့်စားဝံ့တဲ့သူတွေပါ"

ပိလုံက အခင်ကိုဖက်လိုက်သည့်အခါ အခင်ကငိုကြွေးနေလေသည်။ ထိုစဉ် ရှင်နှောင်းက ပိလုံတို့သားအဖအနီးသို့ရောက်လာသည်။

"ကျွန်မရှင်တို့နဲ့ တိုင်ပင်စရာရှိတယ်"

အပိုင်း (၁၃) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..