Part - 10
အမြဲအနားရှိနေတတ်သည့်လူက ရုတ်တရတ် မရှိတော့တာမျိုးဆို ရင်ထဲ တစ်ခုခုလှစ်ဟသွားတတ်ကြသည် မဟုတ်ပါလား။
တစ်ရက်လဲ ပေါ်မလာ။ နှစ်ရက်လဲ ပေါ်မလာ။
အခုဆို လေးရက်ရှိနေပြီမို့ ပန်း သူ့ကို သိသိသာသာပင် မျှော်မိသည်။ အရင်ကကျ တောက်တဲ့ကပ်ကပ်နေပြီး အခုကျ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိ။ သင်တန်းကဆင်းလာတော့လဲ သူ့ကို မတွေ့ပေ။
" ညီမလေး......."
ကားပေါ်ကနေ လှမ်းခေါ်လိုက်သည့် ကိုကြီးကို မြင်လိုက်တာမို့ ပန်း ကားဆီလျှောက်လာခဲ့သည့်တိုင် မျက်ဝန်းတွေကတော့ တစ်စုံတစ်ယောက်ကို တွေ့လိုတွေ့ငြား ဟိုမှသည်မှလိုက်ကြည့်နေမိသည်။
" ညီမလေး....တက်လေ။ ဘာတွေလိုက်ကြည့်နေတာလဲ။ "
" ဟို....ဘာမှ မဟုတ်ပါဘူး ကိုကြီးရဲ့။ ပန်း ဗိုက်ဆာလို့။ "
စွယ်တော် ပြုံးလိုက်ရင်းမှ ကားထဲဝင်လာသည့် ပန်း၏ပါးလေးကို ဖျစ်ညှစ်လိုက်သည်။
" ကိုကြီး မုန့်လိုက်ဝယ်ကျွေးမယ်လေ။ "
ပန်း ခေါင်းလေးခါပြရင်းမှ ခပ်အေးအေးပြုံးကာ....
" ရပါတယ်.....အိမ်ရောက်မှပဲ စားလိုက်တော့မယ်။ "
စွယ်တော် ညီမလေးကို သေချာငဲ့ကြည့်လိုက်ရင်းမှ နဖူးလေးကိုလက်ဖြင့် လှမ်းစမ်းကြည့်လိုက်သည်။ ဖျားလဲမဖျားပါဘူး။
" နေကောင်းပါတယ် ကိုကြီးရဲ့။ စာသင်တာကြာတော့ လူကငြီးသွားတာ။ "
" အိမ်ရောက်မှ ကိုကြီး သံပုရာရည်လေး ဖျော်ပေးမယ်။ "
ပန်း ပြုံးပြုံးလေး ခေါင်းညိတ်ပြလိုက်သည်။ ကိုကြီ ပန်းကို သိပ်ချစ်တာ ပန်းသိပါသည်။ သူသာကျောင်းထွက်လိုက်ပေမယ့် ပန်းကိုတော့ ဘွဲ့ရသည်အထိ ကြိုးစားထောက်ပံ့ခဲ့သည်။ လူပျိုပေါက်အရွယ်လေးမှာပင် အပျော်မဆိုနှင့် ပိုက်ဆံ၊ပိုက်ဆံဆိုပြီး လုံးပန်းနေခဲ့ရသည့်လူပင်။
----------------
သူရိန် အရက်ခွက်ကို မော့ချလိုက်ရင်း ဇွဲခေတ်ကို လှမ်းကြည့်မိသည်။ ဒီကောင် အခုတလော ပျောက်နေသည်။ ဘာတွေလုပ်နေမှန်းမသိပေမယ့် သူငယ်ချင်းအရင်းကြီးတွေမို့ အကြောင်းသိနေသည်။
" ဇွဲ....မင်း ဘာတွေရှုပ်နေလဲ။ ခုတလောပျောက်တယ်နော်။ "
သူ့စကားကို သကောင့်သားက ခပ်သော့သော့ရယ်ရင်းမှ.....
" ငါ ထောင်ချောက်တစ်ခု ဆင်နေတာကွ။ ရွှေငန်းမလေးတစ်ကောင်ကို ဖမ်းမလို့။ "
သူရိန် ပခုံးတွန့်ပြရင်း နေရာမှထရပ်လိုက်သည်။ သူ ဆေးပြတ်တော့မည်မို့ ကြိုဝယ်ထားမှ ရလိမ့်မည်။ သူ ဆေးသုံးတတ်တာ အဖေမသိပေမယ့် အမေကတော့ သိသည်။ ပထမတော့ တားပေမယ့် အကုန်လုံးက ကိုယ်ထင်ရာကိုယ်စိုင်းကြတာမို့ တစ်ယောက်ကိုတစ်ယောက် မရှုပ်ကြပေ။
ဒါ လွတ်လပ်သည် မဟုတ်လား။
@@@@@@@@@@@
ဧည့်သည်ရောက်နေသည်ဆိုတာမို့ စွယ်တော် အိမ်အောက်ထပ်ဆင်းလာပေမယ့် ဘယ်သူရောက်နေတာမှန်း ပြောစရာမလိုအောင် ကြိုသိနှင့်နေသည်။ သူ ထင်သည့်အတိုင်းပင် ဧည့်ခန်းထဲမှာ စောင့်နေသည့် ဦးချမ်းသာကိုတန်းမြင်လိုက်ရသလို သူ့ကိုမြင်တော့ အမြန်ထရပ်၍ နှုတ်ဆက်ရန် လက်ကမ်းပေးလာသည်။ မသိဟန်ဆောင်လိုက်ရင်းမှ ဆိုဖာပေါ်ခြေချိတ်ကာ ဝင်ထိုင်လိုက်သည်။
" လာရင်းကိစ္စကို ပြောပါ....."
" ဟို.....အန်ကယ့်အကြွေးကိစ္စ..."
" ဆပ်တော့မှာလား။ "
ပိတ်မေးလိုက်တာနဲ့ ဦးချမ်းသာမျက်နှာက ကွက်ခနဲပျက်သွားရသည်။
" အဲ့.....အဲ့လိုတော့လဲ မဆပ်နိုင်သေးပါဘူး။ "
" ဒါဆို အိမ်ပေါ်ကနေ ဖယ်ပေးပေါ့။ "
သူ့စကားအဆုံး ဦးချမ်းသာခမျာ လှုပ်လှုပ်ရှားရှားဖြစ်သွားရင်း ဆက်ပင်မထိုင်နိုင်တော့ပဲ မတ်တတ်ထရပ်လာသည်။
" မ....မလုပ်ပါနဲ့ မောင်ရင်ရယ်။ အန်ကယ့်ကို အချိန်လေး နည်းနည်းထပ်ပေး...."
" ကျုပ်က ဘာလို့ခင်ဗျားကို အချိန်ထပ်ပေးရမှာလဲ။ "
ဦးချမ်းသာ ဘာပြောရမှန်းမသိဖြစ်သွားသလို ထိုပုံစံကို စူးစိုက်ကြည့်နေသည့်စွယ်တော်။ မတ်တတ်ထရပ်လိုက်ရင်းမှ.....
" နှစ်ရက်အတွင်းဆင်းပေးပါ။ "
" နေ.....နေပါဦး မောင်ရင်ရယ်။ အန်ကယ်....အန်ကယ် တောင်းပန်ပါတယ်။ "
စွယ်တော် ဦးချမ်းသာမျက်နှာကို စေ့စေ့စိုက်ကြည့်ရင်းမှ....
" ကျုပ်က ကျုပ်ကိုတောင်းပန်ရင် ရိုကျိူးနေမှ ကြိုက်တာ။ "
နေရာမှာတင် ဒူးထောက်ချလိုက်သည့် ဦးချမ်းသာကိုကြည့်ပြီး သူ့စိတ်ထဲ သိပ်ကျေနပ်သွားသည်။
" အန်ကယ် တကယ်တောင်းပန်ပါတယ်။ အိမ်ကတော့....."
" ခင်ဗျား ကျုပ်ကို မမှတ်မိဘူးထင်တယ်။ "
သူ့စကားကြောင့် ဦးချမ်းသာက နားမလည်သလို မော့ကြည့်လာသည်။
" အေးလေ.....လောကမှာ ပြုလုပ်တဲ့သူတွေက ဘယ်မှတ်မိပါ့မလဲ။ ခံရတဲ့သူပဲ မမေ့နိုင်တာ။ ကျုပ် စွယ်တော်လေ။ ဦးဌေးအောင်နဲ့ဒေါ်သီရိတို့ရဲ့သားကြီး။ "
" ဘာ! "
စွယ်တော် ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ခပ်လှောင်လှောင်ပြုံးပြလိုက်မိသည်။
" ဟုတ်တယ်.....ကျုပ်အိမ်ပေါ်ကနေ နှစ်ရက်အတွင်း ဆင်းပေးပါ။ မဟုတ်ရင် ဘာတွေကြုံမလဲ သိပါတယ်နော်။ "
အခုမှ အနည်းငယ် အစာကြေမှုကို သူခံစားရသည်။ ခံရတဲ့အတိုင်း ပြန်ယူမှာမဟုတ်ဘူး။ နှစ်ဆပြန်ယူမှာ။
@@@@@@@@@@@@
" ဟိတ်! ကောင်မလေး "
အသံနဲ့အတူ အနားရောက်လာသည့်လူကိုကြည့်ပြီး ပန်းရဲ့ မျက်ဝန်းလေးတွေ တောက်ပသွားရသည်။ တစ်ပြိုင်နက်ထဲမှာပင် မကျေမနပ်ကဖြစ်နေသည်မို့ မသိဟန်ဆောင်လိုက်တော့ အတင်းအရှေ့မှ ပိတ်ရပ်လာပြန်သည်။
" ဘာလဲ......"
" ကိုယ့်ကို သတိမရဘူးလား။ "
ပန်း နှာခေါင်းလေးရှုံ့လိုက်သလို.....
" ဘာဆိုင်လို့လဲ....."
" ဟာ! ကိုယ့်မှာ အဲ့နေ့က မိုးမိပြီးဖျားတာ ခုမှပျောက်တယ်။ တကယ် စိတ်မပူဘူးပေါ့ ။ "
ဖျားနေတယ်။
ဟုတ်တာပဲ..... အဲ့နေ့က သူမိုးမိပြီး နှာတွေချေနေခဲ့တာ။ ပန်း နှုတ်ခမ်းလေး တင်းတင်းစေ့မိသွား၏။
" ဒီနေ့ ကိုယ့်မွေးနေ့လေ။ မုန့်လိုက်ဝယ်ကျွေးမယ်။ "
ပန်း တွေတွေလေး ဖြစ်သွား၏။ ကိုကြီးက ကြိုက်မှာ မဟုတ်သလို ခိုးလုပ်ရမှာလဲ မရဲပဲဖြစ်နေသည်။
" ကဲ....လာပါဗျာ။ တစ်ခါတစ်လေပဲကို....."
ပန်း သက်ပြင်းလေးချမိသွား၏။ထိုနေ့က ပန်း သူနဲ့အတူ မုန့်လိုက်စားရင်း သင်တန်းကို ကိုကြီးလာမကြိုခင် အမှီပြန်လာရသည်။ရင်ထိတ်ပေမယ့် ပျော်စရာတော့ကောင်းနေသည်။ ခိုးစားရသည့်မုန့်ဟာ ပို၍အရသာရှိသည် မဟုတ်လား။
တဖြည်းဖြည်းဖြင့် သူနဲ့ပန်းရဲ့ အခြေအနေဟာလဲ တိုးတက်လာသည် ပြောရမည်။ ပန်းကိုသူ အပြင် မရမကခေါ်ထုတ်၍ လျှောက်လည်သည်။ ရုပ်ရှင်သွားကြည့်ကြသည်။ သို့ပေမယ့် တစ်ရက်ကျ စွယ်တော်နဲ့ ထိပ်တိုက်သွားတိုးသည်။ သူ ပန်းကို ကပျာကယာ ပုန်းပြီးခေါ်လာခဲ့ပေမယ့် ပန်းက အိမ်မပြန်ရဲတော့ပေ။
" ပန်း အိမ်မပြန်ရဲဘူး....အဟင့်...ဟင့်။ကိုကြီးနဲ့ မျက်နှာချင်းဆိုင်ရမှာ ကြောက်တယ်။ "
သူ စောင့်နေတာ ဒီလိုဂွင်မျိုးပင်။
" ကိုယ် ပန်းကို တာဝန်ယူမယ်။ ကိုယ့်ကိုယုံနော်။ "
ပန်း မိုက်ခဲ့ပါသည်။ မိုက်မဲတာမှ အစွမ်းကုန် မိုက်မဲခဲ့မိခြင်းပင်။ ကိုကြီးကို ထည့်မတွက်ပဲ ပန်းတစ်ကိုယ်ကောင်းဆန်မိ၏။
စွယ်တော် ပိတ်ထားသည့်ဖုန်းကို အဆက်မပြတ်ဆက်ရင်း ပါးပြင်ပေါ် မျက်ရည်ကစီးကျလာရသည်။ မိုက်လိုက်တာ ညီမလေးရယ်။ ဒီအစ်ကိုရင်ကို မကွဲကွဲအောင်ခွဲရက်သည်။ သူက ဘယ်သူ့အတွက် တောင့်ခံခဲ့ရသလဲ။ဘယ်သူ့ကိုကြည့်ပြီး အသက်ရှင်ခဲ့ရတာလဲ။ သူ့ညီမလေးကောင်းစားတာ ကြည့်ပြီးမှ အနားယူဖို့ရည်ရွယ်ခဲ့တာလေ။
! တောက်!
" အမိုက်မ...လိုက်သွားစမ်းပါ။ နင်တောင်ထားနိုင်သေးတာပဲ ငါကလဲပစ်ထားပြမယ်။ "
@@@@@@@@@@@@@@@@@@@@@@
To be continue P - 11
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ