ကဝေပျံရှင်နှောင်း - အတွဲ (၃) အပိုင်း(၁၃)
lotaya.mpt.com.mm
|
2023-10-20

အခန်း (၃၂)

အာလစ်ခန်းမှာ အမှောင်ထုကြီးအတွင်းမှ အမှောင်စွမ်းအင်များ စုစည်းကာ တဖြည်းဖြည်းအင်အားကြီးမားလာပြီဖြစ်သည်။ နန်းဆောင်ကြီးသုံးခုပတ်ပတ်လည်တွင်လည်း အနက်ရောင်တပ်ပေါင်းစုကြီးကိုချထားပြီး ပတ်ပတ်လည် ဝန်းရံထားလေသည်။ ရွှေတောင်ရွာကြီးမှ ရှင်နှောင်းဦးဆောင်သည့် တိုက်ခိုက်ရေးအဖွဲ့များက ထွက်လာကြသည်။ ထိုအဖွဲ့တွင် အယ်လ်ဟုခေါ်သည့် အရဟံဓါးသခင်ဖိုးလုံး၊ ပိလုံနှင့် အခင်တို့သားအဖလည်း ပါဝင်သည်။ ပိလုံနှင့်အတူ ပိလရစစ်သည်တော်များလည်း ပါလာခဲ့သည်။

မြို့အတွင်းတွင် အနက်ရောင်မိစ္ဆာကောင်များ သိပ်မရှိတော့ပေ၊ မိစ္ဆာကောင်များမှာ မြို့ကြီးကိုရှင်းလင်းပြီးသည့်နောက် မြို့ပြင်သို့ဆက်လက်ချဲ့ထွင်နေရာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီဖြစ်သည်။ 

ရှင်နှောင်းဦးဆောင်သည့် လူဆယ့်သုံးယောက်မှာ အမှိုက်ပုံကြီးများနံဘေးသို့ချည်းကပ်လာကြသည်။ ထိုအခါ ထောင်သောင်းချီသည့် အနက်ရောင်မိစ္ဆာကောင်ကြီးများက အနီးတစ်ဝိုက်တွင် လှည့်ပတ်သွားလာကာ အာလစ်ခန်းစွမ်းအင်ပြည့်မည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

"သူတို့က အများကြီးပဲ၊ ကျုပ်တို့က လူလေး လက်တစ်ဆုပ်စာလောက်ရှိတာ၊ ဖြစ်ပါ့မလား"

ပိလုံက စိုးရိမ်စွာဖြင့်ပြောလိုက်သည်။ ထိုအခါ ဖိုးလုံးက မတ်တပ်ရပ်လိုက်ပြီး

"ဒီတပ်တွေကို ကျုပ်ရှင်းထားလိုက်မယ်၊ ခင်ဗျားတို့က ကျုပ်တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့မသိအောင်လို့ အထဲကိုဝင်သွားလိုက်ကြ"

ဖိုးလုံးကပြောလိုက်ပြီးနောက် သူတစ်ယောက်တည်း အရဟံဓါးကို ကိုင်ဆောင်ကာ အမှိုက်ပုံဘေးရှိ လမ်းမကြီးပေါ်သို့ ထွက်လာလိုက်သည်။ ထို့အနောက် အရဟံဓါးကို လက်ဖြင့်ပွတ်လိုက်ပြီး အရဟံဂါထာကို ရွတ်ဖတ်လိုက်သည်။

"ဂျိန်း"

မိုးခြိမ်းသံကြီးကို ကြားလိုက်ရပြီး ဖိုးလုံးလက်ရှိ အရဟံဓါးမှာ တစ်လံခန့်ရှည်ထွက်သွားလေသည်။ ထိုအခါ အနက်ရောင်မိစ္ဆာကောင်များက ဖိုးလုံးဆီသို့ပြေးလာခဲ့ကြသည်။ ထောင်နှင့်ချီသည့် မိစ္ဆာကောင်များက ဖိုးလုံးအားဝိုင်းရံလိုက်သည်။

ငခမ်းက အတောင်ပံဖြန့်ကာ ပျံသန်းလာရင်း မိုးပေါ်မှအော်ဟစ်လိုက်သည်။

"ဒီအထိမင်းလိုက်လာတာ မင်းရူးနေလို့ပဲဖြစ်ရမယ်ဖိုးလုံး"

"ဟား၊ ဟား ကျုပ်ရဲ့အစွမ်းတွေအကုန်လုံးကို ခင်ဗျားမသိသေးဘူးထင်ပါရဲ့"

"ဒီမိစ္ဆာတွေအကုန်လုံးနဲ့ မင်းယှဉ်နိုင်မယ်ထင်လို့လား"

ဖိုးလုံးက ဓါးကိုလက်နှစ်ဖက်နှင့်ကိုင်လိုက်ပြီး မိုးပေါ်မြှောက်တင်လိုက်သည်။

"မိုးကြိုးမုန်တိုင်း၊ လာစမ်း"

ထိုအခါ ကောင်းကင်ရှိ တိမ်မည်းကြီးများအတွင်းမှ မိုးကြိုးသွားများမှာ တစ်ဟုန်ထိုးပြေးဆင်းလာကြသည်။ အနက်ရောင်မိစ္ဆာတပ်ကြီးကို မိုးကြိုးသွားများက ထိမှန်ပေါက်ကွဲကုန်သဖြင့် မိစ္ဆာကောင်များ သေကြေပျက်စီးကြလေသည်။ မိုးကြိုးများထိသွားသည့်နေရာတွင်လည်း မိုးကြိုးစက်ကွင်းကြီးများဖြစ်ကာ ကျန်နေခဲ့သည်။ ဖိုးလုံးကလည်း အရဟံဓါးဖြင့် မိစ္ဆာကောင်များကို ဝေ့ဝိုက်ပြီး ခုတ်လေရာ ဓါးချက်တစ်ချက်ခုတ်လိုက်စဉ်မှာပင် မိစ္ဆာကောင် ဆယ်ကောင်၊ အကောင်နှစ်ဆယ်ခန့်မှာ အထွေးလိုက်ကြီး သေဆုံးကြတော့သည်။ အချိန်ခဏအတွင်းမှာပင် ဖိုးလုံးနှင့်တိုက်ခိုက်နေသည့် မိစ္ဆာတပ်ကြီးမှာ အကုန်အစင်ရှင်းသွားလေသည်။ သို့သော်လည်း အမှောင်အရိပ်များမှာ နန်းဆောင်ကြီးဆီသို့ ပြေးလွှားသွားကြကာ နန်းဆောင်ကြီးအတွင်းမှ မိစ္ဆာကောင်ကြီးများက အသစ်ပြန်လည်ထွက်လာလေသည်။

"သူငယ်ချင်း၊ ခင်ဗျားကျုပ်ကိုမေ့ခဲ့တယ်"

ဖိုးလုံးအနောက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ လှံစက်ြာရန်ရှင်းဖြစ်နေလေသည်။ ရန်ရှင်းက ရဲရဲနီနေသည့် လှံတံကြီးကို ကိုင်စွဲထားလေသည်။ 

"မိစ္ဆာတွေ တိုက်ခိုက်သူရှိတယ်၊ အနောက်ဘက်ကို စုရုံးကြစမ်း"

မိစ္ဆာတပ်များမှာ ဖိုးလုံးတို့တိုက်ခိုက်နေသည့် အနောက်ဘက်ခြမ်းကို ပြေးလွှားကာ စုရုံးလာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖိုးလုံးတို့ မျက်စိရှေ့တွင် သိန်းချီသည့် မိစ္ဆာတပ်ကြီးမှာ မည်းမည်းလှုပ်နေလေသည်။ ဖိုးလုံးက ရယ်မောလိုက်ရင်း ရန်ရှင်းကိုကြည့်လိုက်သည်။ ရန်ရှင်းကလဲ ပြုံးလျှက်

"ကျုပ်တို့ရန်သူတွေ သိပ်များတယ်နော် ဖိုးလုံး"

"အေးကွာ၊ ဒီမိစ္ဆာကောင်တွေကို ပုရစ်တွေလို့သာ စိတ်ထဲမှာ သဘောထားလိုက်စမ်းရန်ရှင်း"

ရန်ရှင်းက မိစ္ဆာကောင်များကိုကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲမှ မီးများတောက်လောင်လာခဲ့သည်။ 

"ဒီပုရစ်တွေကို ကျုပ်တို့ရှင်းကြတာပေါ့"

ရန်ရှင်းက လှံတံကြီးကိုလှည့်ပြီး မိစ္ဆာတပ်ကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။ လှံတံမှာ စက်ြာလက်နက်တစ်ခုသဖွယ် ဝေ့ဝိုက်ပျံသန်းပြီး မိစ္ဆာများကိုထိမှန်ကြလေသည်။ ရန်ရှင်းက လှံတံဆီသို့ ခုန်ပေါက်ဝင်လိုက်ပြီး မိစ္ဆာများအလယ်တွင် တိုက်ခိုက်တော့သည်။ ထို့နောက် လှံတံဖြင့် မြေကြီးတွင် သင်္ကေတစ်ခုကို ရေးဆွဲလိုက်ပြီး မိုးပေါ်သို့ခုန်တက်လိုက်ကာ လက်ထဲမှ လှံတံဖြင့်ပင် ထိုသင်္ကေတာကို ထိုးလွှတ်ကာ ပစ်ချလိုက်သည်။

"ကမ္ဘာတုန်မယ့် လှံချက်ကွ"

လှံတံက သင်္ကေတကို ထိုးစိုက်သွားသည့်အခါ မြေပြင်ကြီးတစ်ခုလုံးတုန်ခါသွားပြီး မိစ္ဆာများမှာ လေပေါ်သို့မြောက်တက်လာကြသည်။ ဖိုးလုံးက အရဟံဓါးကို ထိုးချိန်လိုက်ပြီး

"မိုးကြိုးနဂါး ဂန္ဓာရီခွန်အားတဲ့ဟေ့"

အရဟံဓါးထိပ်မှ မိုးကြိုးနဂါးကြီးတစ်ကောင်က ဝေ့ပတ်ထွက်လာကာ မိုးပေါ်မြောက်နေသည့် မိစ္ဆာများထံသို့ ပြေးဝင်သွားကာ ပေါက်ကွဲသွားလေသည်။ မိစ္ဆာများမှ လျှပ်စစ်ဖြင့်ရှော့တိုက်ခံရသကဲ့သို့ မိုးကြိုးများထိမှန်ပြီးနောက် တဆတ်ဆတ်တုန်ငင်နေကြသည်။ ပြင်းထန်သည့် မိုးကြိုးအားကြောင့် မိစ္ဆာကောင်များမှာ အငွေ့ပျံကာ ပျက်စီးသွားလေသည်။

"ဟား၊ ဟား၊ ပုရစ်တွေတော့ ပုရစ်ကင်တွေ ဖြစ်သွားပြီဟေ့"

ရန်ရှင်းက ထိုအဖြစ်ကိုကြည့်ပြီးရယ်မောနေရာမှ သူ့ကျောကုန်းကို တစ်ချက်အကန်ခံလိုက်ရပြီး လွင့်ထွက်သွားကာ ဖိုးလုံးအနီးတွင် လိမ့်ကျသွားလေသည်၊ ရန်ရှင်းအား ကန်ထည့်လိုက်သူကတော့ ငခမ်းဖြစ်သည်။

"မင်းတို့နှစ်ယောက်ကို ငါကိုယ်တိုင်တားမယ်"

ငခမ်းလက်ထဲတွင် ရှည်လျားသည့် အနက်ရောင်ဓါးကြီးတစ်စင်းက ပေါ်လာခဲ့သည်။ နောက်လက်တစ်ဖက်တွင်တော့ သံကြိုးကြီးတစ်ချောင်းက ဝှေ့ယမ်းလျက်ရှိနေလေသည်။ ဖိုးလုံးက ငခမ်းအားတိုက်ခိုက်ရန်အသင့်ပြင်ထားလိုက်သလို ရန်ရှင်းကလည်း လှံစက်ြာကိုဝှေ့ယမ်းနေလေသည်။ ငခမ်းက ရန်ရှင်းအားလက်ညှိုးထိုးလိုက်ပြီး

"ရန်ရှင်း၊ မင်းကို ပျံချီရဲ့သားဆိုပြီး ငါက ညှာတာခဲ့တာ၊ ဒီတစ်ခါတော့ မင်းကို ငါမညှာတော့ဘူး"

"ကျုပ်ကလည်း ခင်ဗျားကို ညှာမှာမဟုတ်ဘူး မိစ္ဆာကောင်ရဲ့"

ရန်ရှင်းက ပြန်လည်အော်ဟစ်လိုက်ပြီး မြေပေါ်သို့လှံထောက်လျှက် ငခမ်းဆီသို့ ခုန်ဝင်သွားသည်။ ငခမ်းအား လှံချက်ပေါင်းများစွာဖြင့် လေပေါ်တွင် ထိုးနှံသော်လည်း ငခမ်းက သူ့ဓါးဖြင့်ပြန်လည်ခုခံသည်မို့ လှံချက်များတစ်ချက်မှမထိပေ။ ထိုအခါ ဖိုးလုံးက မိုးကြိုးတစ်စင်းဖြင့် ငခမ်းအား ပစ်ခတ်လေသည်။ ငခမ်းက ရန်ရှင်းအား ခြေထောက်နှင့်ကန်ချလိုက်ပြီး သူ့ဆီပြေးဝင်လာသည့် မိုးကြိုးကို လင်းနို့တောင်ပံနှင့် ခတ်ထုတ်လိုက်ရာ မိုးကြိုးသွားမှာ ရန်ရှင်းကို ထိမှန်ကာ ပေါက်ကွဲသွားသည်။

ရန်ရှင်းက ကုန်းထလိုက်လေသည်။ သူ့တစ်ကိုယ်လုံးတွင် မီးခိုးငွေ့များ တထောင်းထောင်းထနေလေသည်။

"ဒီလူက တော်တော်စွမ်းအားရှိသွားတာပဲ"

"အေးကွ၊ ဒါကလည်း အာလစ်ခန်းက ပေးထားတဲ့ အစွမ်းတွေကြောင့်ဖြစ်မှာ"

ထို့နောက် ဖိုးလုံးနှင့် ရန်ရှင်းတို့နှစ်ဦးသား ငခမ်းထံသို့ခုန်ဝင်သွားကာ ပြင်းထန်စွာတိုက်ခိုက်ကြတော့သည်။

တစ်ဖက်ရှိ ရွှေတောင်ရွာကြီးတွင်တော့ ကဲရိသက သူ့လက်နှစ်ဖက်ကိုမိုးပေါ်သို့မြှောက်တင်လိုက်ပြီးနောက် နေမင်းကြီးတစ်စင်းကိုဖန်တီးလိုက်ကာ ရွှေတောင်ရွာကြီး၏ ကောင်းကင်ပေါ်သို့ပစ်လွှတ်တင်လိုက်သည်။ ပူပြင်းလှသည့် နေမင်းကြီးမှာ မိုးပေါ်သို့ပျံတက်သွားကာ တောက်ပနေလေသည်။ ကဲရိသမှာ တစ်ချက်ညည်းညူလိုက်ပြီး လေပူတစ်ချို့ကိုမှုတ်ထုတ်လိုက်လေသည်။ အရီးဒေါင်းက ကဲရိသလုပ်နေသည်များကို ကြည့်နေလေသည်။

"ဒီလောက်ကြီးမားတဲ့ နေလုံးကြီးကို ရှင်တစ်ယောက်တည်းဖန်တီးနိုင်တာ သိပ်အံ့ဩဖို့ကောင်းတာပဲ၊ ကျွန်မတို့လို ကဝေပျံတွေတောင်မှ နှစ်ပေါင်းများစွာ ဖန်တီးမှ ရလောက်မယ့်အတိုင်းအတာပဲ"

ကဲရိသက အားနည်းသွားပုံရပြီး ချောင်းတစ်ချက်ဆိုးလိုက်သည်။ 

"ကျုပ်လည်း ဒီတစ်လုံးကိုဖန်တီးဖို့ နှစ်ပေါင်းများစွာ အချိန်ကြာခဲ့တာပေါ့"

ကဲရိသကပြောလိုက်ရင်း သူဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်စုံရှည်ကြီး၏ လက်ယာဘက်အိတ်ကပ်အတွင်းမှ အချိန်မဲ့ဖန်လုံးကို လက်ဖြင့်နှိုက်ကာ ထိလိုက်လေသည်။ ထို့နောက် ကဲရိသက ရှေ့လာမည့် အနှစ်သုံးဆယ်အချိန်ကို သွားလာလိုက်သည်။ အချိန်မဲ့ဖန်လုံးမှာ အသုံးပြုသူကိုသာ အချိန်များပြောင်းလဲသွားလာနိုင်စေပြီး ဘေးပတ်ဝန်းကျင်ကို မထိခိုက်မပြောင်းလဲစေသည်မို့ အခြားလူများမှာ ဘာမှမဖြစ်ပေ။

ကဲရိသ၏ မျက်နှာကိုလေတစ်ချက်ပင့်တိုက်သလိုဖြစ်သွားကာ ရွှေအိုရောင်ဆံနွယ်များမှာ လေတွင်တစ်ချက်လွင့်ပျံသွားလေသည်။ ကဲရိသမှာ သူ၏ကုန်ဆုံးသွားသည့် မှော်အစွမ်းများကို ချက်ချင်းပြန်လည်ဖြည့်စွက်နိုင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကိုမိုးပေါ်သို့ တင်လိုက်ပြိး နောက်ထပ်နေတစ်စင်းကို ထပ်မံဖန်တီးလေသည်။

"နေတစ်စင်းဆို မလုံလောက်သေးဘူးလား"

အရီးဒေါင်းက မေးမြန်းလိုက်ရာ ကဲရိသက ခေါင်းခါလိုက်ပြီး

"မရဘူး၊ အာလစ်ခန်းအကြောင်းကျုပ်သိတယ်၊ သူ့အစွမ်းတွေကို ကျုပ်အသိဆုံးပဲ၊ သူ့ကိုနေဆယ်စင်းလောက်မှ တားဆီးနိုင်လိမ့်မယ်"

သို့နှင့်ကဲရိသတစ်ယောက် နေတစ်စင်းဖန်တီးလိုက် အချိန်မဲ့ဖန်လုံးဖြင့် အနာဂတ်သို့ခရီးသွားလိုက်နှင့် နေဆယ်စင်းတိတိကို ရွှေတောင်ရွာကြီး၏ ကောင်းကင်တွင်ဖန်တီးလိုက်နိုင်သည်။ ရွှေတောင်ရွာမှာ အလွန်ပူလောင်သွားပြီး မြေကြီးများပင် အငွေ့ပျံတက်လာသလို ရွာပတ်ဝန်းကျင်ရှိ သစ်တောကြီးများမှာလည်း ခြောက်သွေ့သွားကြလေသည်။

အခန်း (၃၃)

တစ်ဖက်တွင်လည်း ပိလရလူမျိုးများက သစ်ရွက်ဝတ်ရုံကြီးများကို ခြုံကွယ်လျက် နန်းဆောင်ကြီးများအနီးသို့ ခိုးဝင်လာကြလေသည်။ လမ်းခရီးတွင် အစောင့်အနည်းအကျဉ်းသာရှိသည်မို့ ထိုအစောင့်များသည်လည်း ပိလရစစ်သည်တော်များ၏ ချောင်းမြောင်းလုပ်ကြံခြင်းကို ခံကြရကာ သေဆုံးသွားကြသည်။ ရှင်နှောင်းက အခင်နှင့်ပိလုံအနီးသို့ကပ်လိုက်သည်။ ထို့နောက် နန်းဆောင်ကြီးသုံးခုကို မော့ကြည့်လိုက်လေသည်။ နန်းဆောင်သုံးခု၏ ခေါင်မိုးပေါ်ရှိ အချွန်ကြီးများပေါ်တွင် အနက်ရောင်စွမ်းအင်တန်းများက စီးဝင်လှုပ်ရှားနေကြသည်။

"ကဲရိသပြောပုံအရဆိုရင် နန်းဆောင်သုံးခုမှာ ဘေးနားက နှစ်ခုက အနက်ရောင်စွမ်းအင်တွေကို တိမ်တိုက်ထဲကို ပို့လွှတ်တယ်၊ တိမ်တိုက်ထဲမှာ အဲဒီအနက်ရောင်စွမ်းအင်တွေက အခြားအနက်ရောင်စွမ်းအင်အသစ်တွေကို စုစည်းပြီးတော့ နောက်ဆုံးအလယ်က နန်းဆောင်ကြီးဆီကို ပြန်လည်ပြီးစီးဝင်နေတာပဲ"

"ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ"

ပိလုံက မေးလိုက်ရာ ရှင်နှောင်းက နံဘေးနားမှ နန်းဆောင်တစ်ခုကိုလက်ညှိုးထိုးပြပြီး

"ပိလုံ ရှင်နဲ့ရှင့်လူတွေက အဲဒီနန်းဆောင်တစ်ခုကို ဖျက်ဆီးရမယ်"

ပိလုံက ခေါင်းညိတ်လိုက်သည်။ ထိုအခါ အခင်က

"ဒါဆို ကျွန်မက ဟိုဘက်ဘေးက နန်းဆောင်တစ်ခုကို သွားဖျက်ဆီးမယ်"

ထိုအခါ ရှင်နှောင်းက ခေါင်းခါလိုက်လေသည်။

"မဟုတ်ဘူးအခင်၊ မင်းက ငါ့အနားမှာပဲနေ၊ မင်းက ငါတို့အကြံအစည်မှာ အရေးကြီးဆုံးနေရာကနေ ပါဝင်နေတယ်"

ထို့နောက် ရှင်နှောင်းက ပိလုံတို့ကို ကြည့်လိုက်ကာ

"ရှင်တို့သွားကြတော့"

ပိလုံခေါင်းဆောင်သည့် ပိလရများလည်း နန်းဆောင်ကြီးတစ်ခုဆီသို့ ပြေးထွက်သွားလေသည်။ ထိုအခါ အခင်က ရှင်နှောင်းကိုကြည့်ရင်း

"ကျွန်မက ဘာလို့အရေးကြီးတာလည်းဆိုတာ စဉ်းစားလို့ကိုမရဘူး"

ရှင်နှောင်းက အခင်လက်ကိုဆွဲလိုက်ကာ

"မင်းတစ်ယောက်တည်းသာ ကဲရိသကို သတ်နိုင်လို့ပဲ၊ ဟောဒီမင်းလက်ထဲက ဓါးကသာ ကဲရိသရဲ့ ဇီဝိန်ကိုချွေနိုင်မှာမို့လို့ပဲ"

အခင်မှာ ရှင်နှောင်းစကားကိုကြားသည့်အခါ အံ့ဩသွားရသည်။

"ကဲရိသက ကျွန်မတို့ဖက်ကမဟုတ်ဘူးလား၊ ကျွန်မတို့နဲ့အတူတူ ပူးပေါင်းပြီးတော့ အာလစ်ခန်းကို တိုက်ခိုက်မယ့်သူမဟုတ်ဘူးလား"

ရှင်နှောင်းက ခေါင်းခါလိုက်သည်။

"ကဲရိသကို ငါမယုံဘူး၊ ဒါကြောင့်မို့ ဒီအခွင့်အရေးမှာ အာလစ်ခန်းကိုရော ကဲရိသကိုရော အပြတ်ရှင်းပစ်ရလိမ့်မယ်၊ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်မသေဘူးဆိုရင် နောင်တစ်ချိန် ကမ္ဘာကြီးအတွက် အနရာယ်ရှိတယ်အခင်"

"ကျွန်မက ဘယ်လိုလုပ်ပြီး သတ်ရမှာလဲ"

"ငါအချက်ပေးလိုက်တာနဲ့ မင်းက ကဲရိသကို အာကာသဓါးနဲ့ထိုးထည့်လိုက်ရမယ်၊ ပြီးတာနဲ့ ကဲရိသကို နောက်ထပ် ဝိညာဉ်ချွေဓါးနဲ့ ထပ်ဆင့်ထိုးရလိမ့်မယ်"

အခင်က ခေါင်းညိတ်လိုက်သည်။

"ကျွန်မသဘောပေါက်ပါပြီ"

"ကောင်းပြီ၊ မင်းအပေါ်မှာ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကြမ္မာက မှီခိုနေတယ်အခင်၊ မင်းသာ ကျရှုံးသွားရင် ကဲရိသက လူသားတွေအပေါ် ဆိုးကျိုးတွေထပ်ပြီးဖြစ်စေလိမ့်မယ်"

"ကောင်းပါပြီရှင်နှောင်း၊ လုပ်ရမယ့်အချိန်မှာသာ ကျွန်မကိုအချက်ပေးလိုက်ပါ"

ထိုအခါ ရှင်နှောင်းက အလယ်ရှိနန်းဆောင်ကြီးကို မော့ကြည့်လိုက်သည်။

"လာ၊ အခုလောလောဆယ်တို့ ငါတို့အာလစ်ခန်းဆီကိုသွားရမယ်၊ မင်းမှတ်ထားဖို့က ငါနဲ့ဝေးဝေးမှာမနေဘဲ နီးနီးကပ်ကပ်မှာပဲနေပါ"

ရှင်နှောင်းနှင့်အခင်တို့ အလယ်နန်းဆောင်ကြီးအပေါ်သို့ ပြေးတက်သွားကြလေသည်။ အလယ်နန်းဆောင်ကြီးတွင် မိစ္ဆာအစောင့်များရှိလေရာ ရှင်နှောင်းက စက်လက်နက်များကို အသုံးပြုပြီး တိုက်ခိုက်ချေမှုန်းသလို အခင်ကလည်း ဓါးညီနောင်ဖြင့် ထိုးခုတ်သတ်ဖြတ်လေသည်။ သို့နှင့် နောက်ဆုံးတော့ နန်းဆောင်အပေါ်ဆုံးသို့ ရောက်သွားကြသည်။ နန်းဆောင်အပေါ်ဆုံးရှိ ပလ္လင်ကြီးတစ်လုံးပေါ်တွင် အာလစ်ခန်းက မျက်လုံးများမှိတ်လျက်ထိုင်နေလေသည်။

သူ့ခေါင်းအပေါ်မှ အနက်ရောင်စွမ်းအင်များက ထိုးဆင်းကျလာလေသည်။ ရှင်နှောင်းက ချက်ချင်းမထွက်သေးဘဲ တစ်ဖက်ရှိ နန်းဆောင်ကြီးမှ ပိလုံတို့အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ ပိလုံနှင့် ပိလရလူမျိုးများလည်း မိစ္ဆာကောင်များနှင့် တိုက်ခိုက်ကြလေသည်။ သို့သော် လူအင်အားချင်းမမျှသဖြင့် ပိလရများအခြေအနေသိပ်မကောင်းလှပေ၊ ပိလုံလည်း အလွန်သေးငယ်သည့် ငှက်ကလေးတစ်ကောင်အဖြစ်ဖန်ဆင်းလိုက်ပြီး နန်းဆောင်ကြီးအပေါ်သို့ ပြေးတက်လာခဲ့သည်။ နန်းဆောင်ထိပ်တွင် ကြီးမားသည့် ပိရမစ်ပုံစံရှိသည့် ကျောက်တုံးကြီးတစ်တုံးရှိပြီး ထိုကျောက်တုံးကြီးမှာ အနက်ရောင်ပြောင်လက်နေလေသည်။ အနက်ရောင်စွမ်းအင်များက ထိုကျောက်တုံးကြီးအတွင်းမှ တိုးထွက်ကာ မိုးပေါ်သို့တက်သွားခြင်းဖြစ်သည်။ ပိလုံက သူ့နှုတ်သီးမှ အပြာရောင်စွမ်းအင်လုံးကြီးဖြင့် ကျောက်တုံးကြီးအားပစ်ခတ်လိုက်သည်။ သို့သော် ဘာမှပင်မဖြစ်ပေ။ 

ပိလုံက လူအဖြစ်ဖန်တီးလိုက်ပြီးနောက် ကျောက်တုံးကြီးအနားတွင်ရပ်လိုက်ကာ ကြီးမားသည့်အပြာရောင်စွမ်းအင်လုံးကြီးကို ဖန်တီးလိုက်ပြီး ကျောက်တုံးကြီးအားပစ်ခတ်လိုက်လေတော့မှ ကျောက်တုံးကြီးမှာ ပေါက်ကွဲသွားကာ အပိုင်းပိုင်းအစစများအဖြစ် ပျက်စီးသွားလေသည်။ ကျောက်တုံးပျက်စီးသွားသည်နှင့် အနက်ရောင်မှော်မိစ္ဆာကောင်ကြီးများမှာ အခန်းအတွင်းသို့ပြေးဝင်လာပြီး ပိလုံအား မှော်လက်နက်များနှင့်ပစ်ခတ်လေသည်။ ကျန်သည့် မှော်မိစ္ဆာကြီးများကတော့ သူတို့လက်အတွင်းမှ အနက်ရောင်စွမ်းအင်များကိုထုတ်လွှတ်လိုက်ကြပြီး ပိလုံ၏ မျက်စိရှေ့တွင်ပင် ပိရမစ်ပုံစံကျောက်တုံးကြီးကို ထပ်မံတည်ဆောက်လိုက်ပြန်သည်။

ပိလုံအတွက် အချိန်သိပ်မရှိတော့ပေ၊ အခင်နှင့် ရှင်နှောင်းတို့ ယခုအချိန်ဆို တစ်ဖက်နန်းဆောင်သို့ ရောက်ရှိနေလောက်ကြပြီဖြစ်သည်။ ပိလုံက မိုက်ရူးရဲဆန်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။ သူ့ကိုယ်သူအလွန်ကြီးမားသည့် ငှက်ကြီးတစ်ကောင်အဖြစ်ဖန်တီးလိုက်ပြီး ပိရမစ်ပုံစံကျောက်တုံးကြီးကို အတောင်ပံနှစ်ဖက်ဖြင့် ဖုံးအုပ်လိုက်ကာ ထွေးပိုက်လိုက်ခြင်းဖြစ်သည်။ ထိုအခါ အနက်ရောင်မှော်မိစ္ဆာကြီးများက ပိလုံအား ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

"ဒါက တကယ်ပဲ နိဂုံးပဲလား၊ ပိလရလူမျိုးတွေရဲ့ နိဂုံးအဆုံးသတ်ဖို့ အချိန်ပဲလား"

ပိလုံတွေးရင်း သူ့နှုတ်သီးတွင် ကြီးမားသည့် အပြာရောင်စွမ်းအင်လုံးကြီးကိုဖန်တီးလိုက်ကာ ဖောက်ခွဲလိုက်တော့သည်။ အပြာရောင်စွမ်းအင်လုံးနှင့် အနက်ရောင်မှော်စွမ်းအင်များ အချင်းချင်းထိတွေ့ကာ ကမောက်ကမဖြစ်ပြီး ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ကာ မှော်နန်းဆောင်ကြီးမှာ ထက်ဝက်ပိုင်းမျှ ကျိုးကျပျက်စီးသွားလေသည်။

"ဂါး၊ ဂရူး"

အာလစ်ခန်းက ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။ ရှင်နှောင်းနှင့်အခင်လည်း ချက်ချင်းထထွက်လိုက်ပြီး အာလစ်ခန်းအား တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ သို့သော် အာလစ်ခန်း၏ သမီးတော်က ခုန်ထွက်လာပြီးနောက် သူတို့အားဟန့်တားလေသည်။ 

"အရူးတွေ၊ မင်းတို့ ငါ့ကိုနိုင်မယ်လို့ထင်နေတာလား"

အာလစ်ခန်းက ကြိမ်းဝါးလိုက်လေသည်။ 

"သမီးတော်၊ သူတို့ကိုကာကွယ်ထားပါ"

"မပူပါနဲ့ ဖခမည်းတော်၊ ဖခမည်းတော် စွမ်းအင်တွေပြည့်ဖို့က အဓိက ကျပါတယ်"

သို့နှင့် အခင်နှင့် ရှင်နှောင်းတို့ အာလစ်ခန်း၏ သမီးတော်ကို တိုက်ခိုက်ကြသည်။ အာလစ်ခန်းကတော့ ဘေးဘီကိုကြည့်လိုက်ရင်း အသံနက်ကြီးနှင့်အော်ဟစ်လိုက်သည်။

"ငခမ်း၊ မင်းဘယ်ရောက်သွားသလဲကွ"

ငခမ်းက ရန်ရှင်း၊ ဖိုးလုံးတို့နှင့် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရခြင်းဖြစ်သဖြင့် အရေးတော့သိပ်မလှပေ၊ သို့သော်လည်း အာလစ်ခန်းပေးထားသည့် စွမ်းအားများရှိနေသည်မို့သာ ဖိုးလုံးတို့ကို တားဆီးနိုင်ခြင်းဖြစ်သည်။ ရန်ရှင်းနှင့် ဖိုးလုံးမှာ ကြာမြင့်စွာတိုက်ခိုက်ရသည့်အတွက် မောပန်းနေပြီး အနောက်သို့ခုန်ဆုတ်သွားကာ အမောဖြေနေရာ ငခမ်းမှာလည်း ထိုအချိန်မှာ အနားရလေသည်။

ရန်ရှင်းက ဖိုးလုံးအနားသို့ကပ်လိုက်ပြီး

"ဒီအတိုင်းဆိုရင်ဖြစ်မှာမဟုတ်ဘူး၊ ဒီတော့ ကျုပ်တို့တစ်ခုလုပ်ရအောင်"

"မင်းဘာလုပ်မလဲရန်ရှင်း"

"ကျားထိုးတဲ့အခါ ငယ်သားကိုစတေးပြီး တစ်ဖက်က ကင်းကို ပြန်စားတဲ့ အကွက်တစ်ကွက်ရှိတယ်မဟုတ်လား ဖိုးလုံး"

ရန်ရှင်း၏ စကားကိုကြားလိုက်သည့်အခါ ဖိုးလုံးက အံ့ဩသွားသည်။

"ဒါဆိုရင် မင်းပြောချင်တာက . . ."

"သူကျုပ်ကိုသတ်ပါစေ၊ ကျုပ်က သူ့လက်နက်ကိုဖမ်းချုပ်ထားပေးမယ်၊ ဒီအချိန် ခင်ဗျားက သူ့ကိုအဆုံးစီရင်ပေးရမယ် ဖိုးလုံး"

ဖိုးလုံး အလွန်ထိတ်လန့်သွားသည်။

"မဖြစ်ဘူးရန်ရှင်း၊ မင်းကလူဆိုတော့ သေလို့မဖြစ်ဘူး၊ လုပ်ချင်းလုပ် ငါပဲလုပ်မယ်"

ထို့နောက် ဖိုးလုံးက ငခမ်းဆီသို့ပြေးဝင်ကာ တိုက်ခိုက်ပြန်သည်။ ရန်ရှင်းလည်း ဝင်တိုက်ခိုက်ရတော့သည်။ သို့သော်တစ်ချီတွင် ဖိုးလုံးက ငခမ်း၏ ဓါးဖြင့်ထိုးချက်ကို မကာကွယ်ဘဲနေလိုက်ရာ ငခမ်း၏ အနက်ရောင်ဓါးရှည်ကြီးမှာ ဖိုးလုံး၏ရင်၀ကို ထုတ်ချင်းခတ် ဖောက်ဝင်သွားလေသည်။ ဖိုးလုံးက သူ့ရင်ဘတ်ကိုဝင်လာသည့် ဓါးသွားကိုဆွဲယူလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ငခမ်းအား ပွေ့ဖက်ထားလေသည်။ ငခမ်းလည်း ရုတ်တရက်မို့ ဘာလုပ်ရမှန်းမသိတော့ပေ၊ ဖိုးလုံးက ငခမ်းကို တင်းကျပ်စွာဖက်ထားသည်မို့ ရုန်းထွက်လည်းမရ။

"ရန်ရှင်း၊ လုပ်လိုက်တော့"

ဖိုးလုံးအော်လိုက်သဖြင့် ရန်ရှင်းမှာ သတိဝင်သွားလေသည်။ ထို့နောက် ငခမ်းအနောက်ဆီသို့ ခုန်သွားလိုက်ပြီး လက်ထဲမှ လှံစက်ြာကို ငခမ်းအနောက်ကျောသို့အားဖြင့်လွှဲကုန်ထိုးစိုက်ချလိုက်သည်။ လှံသွားက ငခမ်းရင်ဘတ်ကိုဖောက်ဝင်ပြီးနောက် ငခမ်းနှင့်ပွေ့ဖက်နေသည့် ဖိုးလုံးရင်ဘတ်ကိုပါ ဖောက်ဝင်ထွက်သွားကာ ငခမ်းတို့နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ပြုတ်ကျသွားလေ၏။

"ဝုန်း"

လှံတံ၏ အားကြောင့် မြေပြင်တွင်ပင် ကျင်းနက်ကြီးဖြစ်သွားသည်။ ငခမ်းက မတ်တပ်ထရပ်လိုက်ပြီး ရင်၀တွင်စိုက်ဝင်နေသည့် လှံကိုဆွဲနှုတ်လိုက်သည်။

"မဖြစ်နိုင်ဘူး၊ ဒီလောက်လှံနဲ့ထိုးထားတာတောင် ဒင်းကမသေဘူးဆိုတာ မဖြစ်နိုင်ဘူး"

ထိုစဉ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး နန်းဆောင်ကြီးသုံးခုအနက် လက်ဝဲဘက်နန်းဆောင်ကြီးမှာ ထက်ပိုင်းမျှ ကျိုးကျသွားလေသည်။ တစ်ပြိုင်နက်တည်းမှာပင် အာလစ်ခန်း၏ အော်သံကြီးကိုလည်း ကြားလိုက်ရသည်။

"ငခမ်း၊ မင်းဘာလုပ်နေတာလဲ"

ငခမ်းလည်း ထိုတော့မှ သတိရသွားပြီး နန်းဆောင်ကြီးဆီသို့ ပျံသန်းလာခဲ့လေသည်။ ရန်ရှင်းက လဲကျနေသည့် ဖိုးလုံးကိုပြေးထူလိုက်သည်။ ဖိုးလုံးက ဖုန်များကိုခါရင်း ထလာသည်။

"တွေ့လား၊ ဒီကောင်က မသေဘူး၊ မင်းသာ ငါ့နေရာမှာဆိုရင် မင်းသေသွားလောက်ပြီ ရန်ရှင်း"

"ကျုပ်တို့ဘာဆက်လုပ်ကြမလဲ ဖိုးလုံး"

"အာလစ်ခန်းဆီ လိုက်သွားကြတာပေါ့ကွာ"

ငခမ်းတစ်ယောက် အလယ်နန်းဆောင်ကြီးဆီသို့ပျံလာပြီး အခင်အားဓါးဖြင့်ခုတ်ထည့်လိုက်သည်။ အခင်က သူ့ဓါးမြှောင်ဖြင့် ပြန်ခံလိုက်သော်လည်း ပြင်းထန်လွန်းသည့်အားကြောင့် အနောက်သို့လွင့်ထွက်သွားသည်။ 

"ရှဲန်ဆိုင်"

အာလစ်ခန်း၏ သမီးတော်မှာ ရှဲန်ဆိုင်ပုံစံ ဖန်ဆင်းထားခြင်းဖြစ်သည်။ ငခမ်းက ခေါ်လိုက်သည့်အခါ ရှဲန်ဆိုင်က လှည့်ကြည့်နေသည့်အချိန်မှာပင် ရှင်နှောင်းက ရှဲန်ဆိုင်၏ လည်ပင်းကိုသူ့လက်နှင့်ဖမ်းဆုပ်ကိုင်လိုက်သည်။ ရှင်နှောင်းလက်အတွင်းမှ အလွန်ပူပြင်းလှသည့် မီးတောက်မီးလျှံများထွက်ပေါ်လာသည့်အတွက် ရှဲန်ဆိုင်မှာ တစ်ကိုယ်လုံးတုန်ယင်လာပြီး မီးများစွဲလောင်လာကာ မီးသွေးတုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ရှဲန်ဆိုင်၊ ခင်ဗျား . . ခင်ဗျား၊ ရှဲန်ဆိုင်ကိုသတ်တယ်"

ငခမ်းက ဓါးအနက်ကြီးဖြင့် ရှင်နှောင်းရင်၀အားပြေးထိုးလိုက်လေသည်။ ရုတ်တရက်တိုက်ခိုက်ခံရသည်မို့ ရှင်နှောင်းမရှောင်တိမ်းနိုင်တော့ဘဲ ငခမ်း၏ ဓါးက ရှင်နှောင်းရင်ခွင်ကို ထိုးဖောက်ဝင်ရောက်သွားလေသည်။ ရှင်နှောင်းက ငခမ်းကိုဖက်လိုက်ပြီး ငခမ်းပုခုံးကို ထိလိုက်သည့်အခါ ငခမ်းပတ်ဝန်းကျင်တစ်ခုလုံးတွင် အဖြူရောင်ဖျော့ဖျော့ကြီးက လွှမ်းခြုံသွားလေသည်။

အခန်း (၃၄)

ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းပုံရိပ်များထင်လာသည်။ ငခမ်းမှာ တောင်ကုန်းကလေးတစ်ခုအပေါ်ရှိ တဲအိမ်ကလေးတစ်ခုအရှေ့တွင် ရပ်နေလေသည်။ တဲအိမ်ကလေး၏ အရှေ့တွင် ဆူးပန်းပင်ကလေးများက ဖြူဝင်းစွာ ပွင့်အာလျက်ရှိသည်။ တောင်ကုန်းကလေးပေါ်တွင် စိုက်ပျိုးထားသည့် မုန်ညင်းခင်းများမှာလည်း မုန်ညင်းပန်းဝါဝါများက ပွင့်နေလေသည်။ ထိုမုန်ညင်းခင်းကြီးအလယ်တွင်တော့ ရှဲန်ဆိုင်က မုန်ညင်းများကို ခူးဆွတ်နေသည်။

"ငါ၊ ငါဘယ်ရောက်သွားတာလဲ"

"ရှင့်ရဲ့ စိတ်ကူးထဲကို ရှင်ရောက်နေတာ"

နောက်ကွယ်မှ အသံကြားလိုက်ရသဖြင့် ငခမ်းလှည့်ကြည့်လိုက်ရာ ရှင်နှောင်းဖြစ်နေလေသည်။ ငခမ်းလည်း ခုနက ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်သတိရသွားသည်။

"ခင်ဗျား၊ ခင်ဗျား ရှဲန်ဆိုင်ကိုသတ်ခဲ့တာပဲ"

"ငါပြောတာနားထောင်စမ်းငခမ်း၊ ရှဲန်ဆိုင်ဆိုတာ တကယ်မရှိဘူး၊ အဲဒါ အာလစ်ခန်းရဲ့သမီးတော်ပဲ၊ သူက ရှဲန်ဆိုင်ပုံစံ ဖန်တီးထားတာ"

"မဖြစ်နိုင်ဘူး၊ အာလစ်ခန်းက ရှဲန်ဆိုင်ကိုသတ်မိသွားတော့ ရှဲန်ဆိုင်ရဲ့ဝိညာဉ်က အာလစ်ခန်းရဲ့ငရဲမှာပိတ်မိသွားတယ်၊ ဒါကြောင့် အာလစ်ခန်းက အလဲအလှယ်အနေနဲ့ သူ့ရဲ့နတ်ဆိုးအစိတ်အပိုင်းတွေကို စုစည်းပေးရင် သူ့ရဲ့ငရဲမှာရောက်နေတဲ့ ရှဲန်ဆိုင်ကို ပြန်ပြီးဖန်ဆင်းပေးမယ်လို့ ကျုပ်ကိုပြောခဲ့တာပဲ"

"နားထောင်စမ်းငခမ်း၊ စိတ်အေးအေးထားပြီးနားထောင်စမ်း၊ အဲဒါ အာလစ်ခန်းက ရှင့်ကိုအသုံးချချင်လို့ တစ်ဖက်လှည့်နဲ့လိမ်ညာခဲ့တာ၊ တကယ်တော့ ရှဲန်ဆိုင်က ဘ၀ပြောင်းသွားတာကြာခဲ့ပြီ၊ အခု ရှဲန်ဆိုင်ဆိုတာ အာလစ်ခန်းရဲ့ သမီးတော်ပဲ၊ နောက်ပြီးတော့ ရှင်လည်း ကျိန်စာမပြယ်သေးဘူးငခမ်း"

ငခမ်းထိုတော့မှ ဒူးထောက်ထိုင်ချလိုက်ကာ စဉ်းစားလိုက်သည်။ ဟုတ်တော့လည်းဟုတ်သည်။ ရန်ရှင်း၏ လှံတံက သူ့ကိုဖောက်ဝင်သွားသော်လည်း သူမသေခဲ့၊ သူသာ လူသားတစ်ယောက်ဆိုလျှင် သေဆုံးသွားရမည်ဖြစ်သည်။ ထိုမျှမကသေး ရှဲန်ဆိုင်နှင့် ပေါင်းဖက်နေရင်း ရှဲန်ဆိုင်က ရှဲန်ဆိုင်အစစ်မဟုတ်ဟု သူရိပ်စားမိနေခဲ့တာ ကြာပြီဖြစ်သည်။ နောက်ဆုံးတော့ အာလစ်ခန်းပြောစကားတစ်ခုကို ပြန်လည်ကြားယောင်မိသွားသည်။

"မင်းတော်တော်တုံးတဲ့ကောင်၊ အေးလေ၊ ဒါကြောင့်လည်း သူများလှည့်တာပတ်တာ ခံနေရတာပေါ့ကွာ"

ငခမ်းအလွန်တုန်လှုပ်သွားမိသည်။

"ဒါဆိုငါလား၊ သူ့ရဲ့လိမ်တာ ပတ်တာကိုခံနေရတာက ငါလား"

ငခမ်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။

"မှန်တာပေါ့ငခမ်း၊ တကယ်တော့ အာလစ်ခန်းက ရှင့်စိတ်ထဲက အစွဲကိုအသုံးပြုပြီး ရှင့်ကိုလိမ်လည်နေခဲ့တာ၊ အခုလည်း သူ့သမီးကို ရှဲန်ဆိုင်လို့ဖန်ဆင်းခိုင်းပြီး ရှင့်ကိုဆက်ပြီးအသုံးချဖို့ စီစဉ်ထားတာပဲ"

"ကျုပ်သတ်မယ်၊ ကျုပ်ဒီကောင်ကြီးကို သတ်မယ်"

ငခမ်းက မတ်တပ်ရပ်လိုက်သည်။ ထိုအခါ ရှဲန်ဆိုင်က တောင်ကုန်းကလေးပေါ်သို့ ပြေးတက်လာသည်။

"ရှင်သူ့ကိုနှုတ်ဆက်လိုက်ပါတော့ငခမ်း၊ ရှင့်စိတ်ထဲမှာ စွဲနေတဲ့ရှဲန်ဆိုင်ကို ရှင်မေ့လိုက်သင့်ပြီ၊ ရှင် ရှဲန်ဆိုင်ကို တကယ်ချစ်တယ်ဆိုရင် သူ့ကိုလွတ်လပ်ခွင့်ပေးလိုက်သင့်ပြီ"

ငခမ်းက သူ့ဆီပြေးလာသည့် ရှဲန်ဆိုင်အားပွေ့ဖက်လိုက်သည်။ ရှဲန်ဆိုင်၏ ကျောကုန်းကလေးကိုပွတ်သပ်နေရင်း

"မင်းပြောတာမှန်တယ်ရှင်နှောင်း၊ ဒီအစွဲက ငါ့ရဲ့အားနည်းချက်ဖြစ်နေခဲ့တာပဲ"

ငခမ်းက ရှဲန်ဆိုင်ကိုကြည့်နေစဉ်မှာပင် ရှဲန်ဆိုင်က သူ့အားပြုံးရယ်ပြလျက် မြူမှုန်များကဲ့သို့ ပျောက်ကွယ်သွားလေသည်။ ထို့နောက်ငခမ်း၏ ပတ်ဝန်းကျင်ရှိ ပုံရိပ်များမှာ မှုန်ဝါးသွားကာ ပျောက်ကွယ်သွားလေသည်။

ငခမ်းသတိပြန်ရသွားတော့ ရှင်နှောင်းက သူ့ဓါးကိုကိုင်ထားသည်။ သို့သော် ရှင်နှောင်းက ဖျော့တော့တော့ ပုံရိပ်ဖြစ်နေလေသည်။

"ခင် . . ခင်ဗျားမသေဘူးနော်"

ရှင်နှောင်းက ငခမ်းကိုတွန်းထုတ်လိုက်သည်။ ထိုအခါ ရှင်နှောင်းလက်ထဲမှ ရှဲန်ဆိုင်က ဦးချိုများပါသည့် မိစ္ဆာတစ်ကောင်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ လှည့်ဖျားခံထားရသော ငခမ်းမှာ အမြင်မှန်ရသွားသည့်အခါ သူလှည့်စားခံရသည့်ပုံရိပ်များကို အမှန်အတိုင်းမြင်လာရခြင်းဖြစ်သည်။ ငခမ်းက ပိုသေချာသွားခဲ့ပြီဖြစ်ပြီး ပလ္လင်ပေါ်တွင် ထိုင်နေသည့် အာလစ်ခန်းအား အလွန်နာကျည်းစွာဖြင့် ကြည့်လိုက်သည်။

"မိစ္ဆာကောင်ကြီး၊ ခင်ဗျားကိုကျုပ်သတ်မယ်"

ငခမ်းလက်ထဲမှ ဓါးကြီးမှာ အဖြူရောင်ဓါးကြီးပြန်ဖြစ်သွားလေသည်။ ငခမ်းက ပလ္လင်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်သွားပြီး သူ့လက်အတွင်းမှ ဓါးကြီးဖြင့် အာလစ်ခန်းရင်၀သို့ထိုးနှက်လိုက်လေသည်။ သို့သော် အာလစ်ခန်းက အနက်ရောင်စွမ်းအင်လုံးကြီးတစ်လုံးကိုဖန်တီးလိုက်ပြီး ငခမ်း၏ဓါးသွားကို တားဆီးထားလေသည်။

"ဟား၊ ဟား ငခမ်း၊ မင်းလိုမလောက်လေးမလောက်စားအကောင်ကများ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလားကွ"

ထို့နောက် နောက်လက်တစ်ဖက်ဖြင့် ငခမ်းအားတွန်းထည့်လိုက်ရာ ငခမ်းမှာ အနောက်သို့လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေလဲကျသွားသည်။ 

"ဟား၊ ဟား၊ ငါ့အစွမ်းတွေပြည့်တော့မယ်ကွ၊ အစွမ်းတွေပြည့်သွားရင် ငါ့ကိုဘယ်သူမှ တားဆီးလို့ရမှာ မဟုတ်တော့ဘူးကွ"

ငခမ်းက အာလစ်ခန်း၏ ခေါင်းထဲသို့စီးဝင်နေသည့် အမှောင်စွမ်းအင်များကိုကြည့်လိုက်ပြီး နန်းဆောင်ကြီး၏ညာဖက်ရှိ နန်းဆောင်ကိုတစ်ချက်ကြည့်လိုက်ပြန်သည်။

"ကျုပ်တို့ ဟိုဖက်နန်းဆောင်ကိုပါ ဖျက်ဆီးပစ်မှရမယ်"

အခန်း (၃၅)

ဒုံးကျည်တစ်စင်းက ဝင်္ကပါမြို့မြေပြင်အနီးမှကပ်ကာ အနိမ့်ပျံသန်းနေလေသည်။ ဒုံးကျည်အပေါ်တွင်တော့ ကံကောင်းက လိုက်ပါလာခြင်းဖြစ်သည်။ ဒုံးကျည်မှာ ပဲ့ထိန်းဒုံးကျည်ဖြစ်သဖြင့် ဝင်္ကပါမြို့၏ လမ်းများပေါ်တွင် ကွေ့ဝိုက်ကာ နန်းဆောင်ကြီးများထံသို့ ပျံသန်းလာလေသည်။

"ငါ့သား သေချာစဉ်းစားနော်၊ ဒီအဖြစ်က ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့အနေသာချည်းပဲ၊ ငါ့သားက ဘာလို့သူတို့ကို ကူညီချင်တာလဲ"

လင်းက ကံကောင်းအား ဆက်သွယ်ပြောဆိုနေခြင်းဖြစ်သည်။ 

"အမေရာ၊ ကျုပ်တို့က လူဆိုးတွေမဟုတ်လား၊ လူဆိုးဆိုတာ လူကောင်းတွေရှိမှ လူဆိုးဖြစ်တာဗျ၊ အခုလူတွေ တစ်ယောက်မှမရှိရင် ကျုပ်တို့က ဘယ်သူ့အပေါ်မှာ သွားဆိုးရမှာလဲ"

"အင်းလေ၊ သားပြောတာလည်းဟုတ်ပါတယ်၊ ဒါနဲ့ သားရဲ့ဦးနှောက်ကို အမေခုနက စစ်ဆေးကြည့်တော့ သားရဲ့ဦးနှောက်မှာ ထူးခြားတာတွေ ပြန်တွေ့နေရတယ်ငါ့သား"

"အမေက ဘာကိုပြောချင်တာလဲ"

"မင်း ကြောင်မလေးအကြောင်း အရမ်းစဉ်းစားလွန်းနေတာပဲ"

ကံကောင်းက ပြုံးလိုက်သည်။

"ဟား၊ ဟား၊ အမေရာ၊ သူ့အကြောင်းစဉ်းစားတယ်ဆိုတာ သူ့ကိုဘယ်လိုတိုက်ခိုက်ရမယ်၊ သူ့အားနည်းချက်က ဘာလဲဆိုတာကို စဉ်းစားနေတာပါဗျ"

လင်းက သက်ပြင်းချလိုက်ပြီး

"ကောင်းပြီလေ၊ မင်းက ဒီလိုစဉ်းစားတယ်ဆိုတော့လဲ ပြီးတာပဲ၊ အမေတစ်ခုမှာချင်တယ်သား၊ ဒီလိုမိန်းကလေးကိုတော့ အမေချွေးမ မတော်ချင်ဘူး"

"တော်ပြီအမေရာ၊ လက်ရှိအလုပ်အကြောင်းပဲ ပြောကြတာပေါ့"

"ဒီဒုံးကျည်မှာ အထူးပေါက်ကွဲစေတတ်တဲ့ စွမ်းအားပြင်း ကျည်ဖူးထည့်သွင်းထားတယ်၊ ဒီဒုံးကျည်ထိပ်ဖူးနဲ့ထိလိုက်တာနဲ့ ဘယ်လောက်ခိုင်ပါတယ်ဆိုတဲ့ တိုက်ကြီးဖြစ်ဖြစ် အကုန်အမှုန့်ဖြစ်သွားစေနိုင်တယ်"

လင်း၏ ပြောစကားကိုကြားသည့်အခါ ကံကောင်းက ပြုံးရယ်လိုက်ပြီးနောက် နန်းဆောင်ကြီးတစ်ခုကိုကြည့်လိုက်လေသည်။

"ဒီနန်းဆောင်ကြီးကိုရော ဖြိုနိုင်မှာတဲ့လား"

ဒုံးကျည်က ညာဖက်ရှိ နန်းဆောင်ကြီးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းဝင်ရောက်သွားသည်။ နန်းဆောင်ကြီးနှင့် မထိမီ ကံကောင်းက ဒုံးကျည်ပေါ်မှခုန်ဆင်းလိုက်လေသည်။ 

"ဝုန်း"

ကျယ်လောင်သည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး ညာဖက်နန်းဆောင်ကြီးမှာ အပိုင်းပိုင်းအစစဖြစ်ပြီး ပျက်စီးပြိုကျသွားလေသည်။ ထိုအခါ အနက်ရောင်စွမ်းအင် ထုတ်လွှတ်မှုများသည်လည်း ရပ်တန့်သွားလေသည်။ 

"အား . . ."

အာလစ်ခန်းက အားမလိုအားမရနှင့် အော်ဟစ်လိုက်ပြီး ပလ္လင်ပေါ်မှ ထလိုက်လေသည်။

"ဒီလောက်အစွမ်းတွေရရင်လည်း တော်ရောပေါ့၊ ရှင်နှောင်း မင်းအခုသေရမယ်"

အာလစ်ခန်းက လက်နှစ်ဖက်ကို နံဘေးသို့ဆန့်တန်းလိုက်သည်။ ထိုအခါ သူ့ကိုယ်လုံးမှာ တဖြည်းဖြည်းကြီးမားသွားပြီး လက်များခြေများတွင်လည်း ထူထဲသည့် အနက်ရောင်အမွှေးကြီးများက ပေါ်ထွက်လာလေသည်။ ခြေထောက်ကြီးများမှာလည်း ကြီးမားသည့်ခွာကြီးများထွက်လာကာ နွားခြေထောက်ကြီးများသဖွယ်ပြောင်းလဲသွားသလို ဦးခေါင်းတွင်လည်း ကွေးကောက်နေသည့် ဦးချိုကြီးနှင့် ဆိတ်ဦးခေါင်းကြီးသဖွယ်ဖြစ်သွားကာ အာလစ်ခန်းက မိစ္ဆာပုံစံပြောင်းလဲသွားတော့သည်။

"အာလစ်ခန်း သူ့နဂိုပုံစံကိုပြောင်းလဲလိုက်ပြီ"

"ဂျိန်း"

ရှင်နှောင်းရေရွတ်လိုက်စဉ်မှာပင် မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီးနောက် အာလစ်ခန်း၏ ညာဖက်ပုခုံးကို မိုးကြိုးထိမှန်သွားလေသည်။ အာလစ်ခန်းက နာကျင်စွာအော်ဟစ်နေသည့်အချိန် ဖိုးလုံးက အရဟံဓါးကိုကိုင်ကာ ပြေးဝင်လာလေသည်။  ထို့နောက် အာလစ်ခန်းအား သုံးလေးချက်ဆင့်ခုတ်လေသည်။ အာလစ်ခန်းမှာ အရဟံဓါးဖြင့် ခုတ်မိသဖြင့် အော်ဟစ်နေရတော့သည်။ နောက်တော့ ဖိုးလုံးအား သူ့လက်ကြီးဖြင့် ပုတ်ထည့်လိုက်ရာ ဖိုးလုံးမှာအရှိန်ဖြင့် ရိုက်မိပြီး လွင့်စင်ထွက်သွားကာ အမှိုက်ပုံကြီးအပေါ်သို့ ကျဆင်းသွားလေသည်။

"ဟား၊ ဟား အရူးလေး၊ မင်းဓါးအစုတ်နဲ့ ငါ့ကိုနိုင်မယ်ထင်လို့လား"

ဖိုးလုံးမှာ အာလစ်ခန်းရိုက်ချက်ကြောင့် မနည်းအားယူပြီးပြန်ထရသည်။

"ကဲရိသပြောတာမှန်တယ်၊ အရင်အာလစ်ခန်းထက် အခုအာလစ်ခန်းက အဆတစ်ရာလောက် ပိုစွမ်းတယ်"

ထိုအခါ လှံစက်ြာရန်ရှင်းက ပြေးဝင်လာပြန်သည်။ မှော်လက်နက်ပုန်းများကို ပစ်လွှတ်လိုက်ရာ လက်နက်ပုန်းများမှာ အာလစ်ခန်းအားထိမှန်သော်လည်း အာလစ်ခန်းမှာ နာကျင်ပုံမရပေ၊ ထို့နောက် အာလစ်ခန်း၏ လက်ပေါ်သို့ခုန်တက်လိုက်ပြီး လှံတံဖြင့်ထိုးထည့်လိုက်သည်။ အာလစ်ခန်းက ရန်ရှင်းအား လက်ဖြင့်တောက်ထုတ်လိုက်ရာ ရန်ရှင်းတစ်ယောက် ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် အာလစ်ခန်းက ဇီဝန်ချွေ ဝါဇရော အစွမ်းဖြင့် ရန်ရှင်းအားပစ်ခတ်လိုက်တော့သည်။

သို့သော် ရန်ရှင်းအားမထိဘဲ ရန်ရှင်းအရှေ့တွင် ငခမ်းပေါ်လာသည်။ ငခမ်းက လင်းနို့တောင်ပံဖြင့် ဝါဇရောအလင်းတန်းကို ပုတ်ထုတ်ချလိုက်သည်။

"မင်းတို့အလှည့်ပြီးရင် ငါ့အလှည့်ပေါ့"

ငခမ်းက အာလစ်ခန်းဆီသို့ ပျံဝင်လိုက်ပြီး အာလစ်ခန်းကို ဓါးဖြူကြီးဖြင့် မိုးခုတ်လိုက်သည်။ အာလစ်ခန်းက လက်ဖျံနှင့် ကာကွယ်လိုက်သော်လည်း ဓါးဖြူကြီးက အာလစ်ခန်းလက်ကို ဖြတ်ပိုင်းချသွားသည်။ အာလစ်ခန်း၏ လက်ဖျံမှာ ပြတ်ကျသွားလေသည်။ 

"ခင်ဗျား ကျုပ်အစွမ်းကိုသိပြီလား"

ငခမ်းက အာလစ်ခန်းကိုယ်ပေါ်သို့ခုန်တက်လိုက်ပြီး အာလစ်ခန်း၏ ဘက်ဖက်လက်ကို လက်မောင်းရင်းမှ ခုတ်ဖြတ်ချလိုက်သည်။ အာလစ်ခန်းမှာ နာကျင်စွာအော်ဟစ်လိုက်ပြီး သူ့ဘယ်ဖက်လက်ကြီးမှာလည်း ပြတ်ကျသွားလေသည်။

ငခမ်းက အာလစ်ခန်း၏ ရင်ဘတ်အား ဓါးဖြင့်ထိုးရန် ခုန်ဝင်သွားရာ အာလစ်ခန်းက သူ့ခြေထောက်ကြီးဖြင့် ငခမ်းအားဆီးကန်လိုက်သောကြောင့် ငခမ်းအနောက်သို့လွင့်ကျသွားသည်။ အာလစ်ခန်းက အသံနက်ကြီးဖြင့် အော်ဟစ်ရယ်မောပြန်သည်။

"အရူးတွေ၊ မင်းတို့အကုန်ပေါင်းတိုက်ရင်တောင် ငါ့ကိုနိုင်ပါ့မလားကွ"

အာလစ်ခန်းရယ်မောနေစဉ်မှာပင် ပြတ်ကျသွားသည့် ဘက်ဖက်ပုခုံးထက်တွင် လက်ကြီးနှစ်ဖက်က ပြန်ထွက်လာလေသည်။ နောက်ထပ် ညာဘက်လက်ကြီးမှာလည်း အကောင်းပြန်ဖြစ်သွားသလို လက်တစ်ဖက်ပါ အဆစ်ထွက်လာကာ လက်လေးဘက်ဖြစ်သွားလေသည်။ ငခမ်းမှာ နာကျင်စွာနှင့် ညည်းညူနေသည်။

"ခွီး . . . ဒီကောင်ကြီးက မလွယ်ပါလား"

ထိုစဉ် အာလစ်ခန်း၏ လက်လေးဘက်တွင် ကြီးမားသည့် ပုဆိန်ကြီးနှစ်လက်နှင့် တင်းပုတ်ကြီးနှစ်လက် ထွက်ပေါ်လာသည်။ အခင်က တိုက်ခိုက်မည်အလုပ်တွင် ရှင်နှောင်းက အခင်၏လက်ကိုဆွဲထားသည်။

"ငါကြံစည်ထားတဲ အချိန်ရောက်လာပြီအခင်"

"ကျွန်မလုပ်ရမှာက ကဲရိသကို ဓါးနဲ့ထိုးရမှာမဟုတ်လား"

ရှင်နှောင်းက ခေါင်းခါလိုက်ပြီး

"ငါက လုပ်ဆိုတာနဲ့ မင်းက ငါ့ရင်ဘတ်တည့်တည့်ကို ဓါးနဲ့ထိုးလိုက်တော့"

အခင် အံ့ဩသွားမိသည်။ အာလစ်ခန်းက ရှင်နှောင်းအားထိုးခုတ်ရန်အတွက် ပုဆိန်ကြီးကို မြှောက်လိုက်လေသည်။

"အခုထိုးတော့"

အခင်လည်း ဘာမှမပြောတော့ဘဲ ရှင်နှောင်း၏ ရင်ဘတ်ကို အာကာသဓါးဖြင့် ထိုးချလိုက်လေသည်။

အပိုင်း (၁၄) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..