
အချိန်ကျရောက်လာပြီဖြစ်သဖြင့် အရီးဒေါင်းက နေရာရွှေ့ပြောင်းသည့်အစီအရင်ကို ပြုလုပ်လိုက်လေသည်။ အရီးဒေါင်း၏ နံဘေးနားတွင်တော့ ကဲရိသက မတ်တပ်ရပ်နေကာ မျက်လုံးများကိုမှိတ်ထားပြီး နေလုံးများကိုအလင်းရောင်များပို့လွှတ်နေလေသည်။
ထိုစဉ် အရီးဒေါင်း၏ အတွေးထဲဝယ်ရှင်နှောင်းနှင့် ပြောဆိုခဲ့သည့် စကားများကို ပြန်လည်အမှတ်ရနေမိသည်။
"မင်းရဲ့ အကြံအစည်က ဘာလဲရှင်နှောင်း"
"အကြံအစည်ကတော့ ရိုးရှင်းပါတယ်၊ ကျွန်မနဲ့ အဖွဲ့တစ်ဖွဲ့ကာ အာလစ်ခန်းဆီသွားပြီးတိုက်ခိုက်မယ်၊ အရီးဒေါင်းနဲ့ ကဲရိသက ဒီမှာနေခဲ့ပြီးတော့ အာလစ်ခန်းကို တိုက်ခိုက်နိုင်မယ့် အစီအရင်တွေကို စီစဉ်ထားပါ၊ နောက်ပြီးတော့ ကျွန်မက အချက်ပေးလိုက်တာနဲ့ အရီးဒေါင်းက နေရာရွှေ့ပြောင်းအစီအစဉ်တစ်ခုကို လုပ်လိုက်ပါ"
"ပြီးတော့ရော"
"ကျွန်မက အာလစ်ခန်းကို ဒီနေရာကိုခေါ်လာခဲ့လိုက်မယ်၊ အရီးဒေါင်းကတော့ ကဲရိသကို ခေါ်ပြီးတော့ အာလစ်ခန်းရဲ့ နေရာကိုခေါ်လာခဲ့ရမယ်"
အရီးဒေါင်းက တစ်ချက်တွေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ကဲရိသက အမှောင်ထဲကိုရောက်သွားမယ်၊ အာလစ်ခန်းက အလင်းထဲကိုရောက်လာလိမ့်မယ်၊ မင်းအကြံသိပ်ပိုင်တာပဲရှင်နှောင်း၊ မင်းက ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ကိုပစ်ဖို့ ကြံစည်ထားတာပဲ"
အရီးဒေါင်းက ရှင်နှောင်းကိုချီးကျူးလိုက်သည်။ ရှင်နှောင်းက ကောက်ကျစ်စဉ်းလဲသည့် အပြုံးနှင့်ပြုံးလိုက်ကာ
"ဒါပေါ့အရီးဒေါင်းရဲ့ အခင်က သူ့လက်ထဲက ဓါးနဲ့ ကဲရိသကို နိုင်နင်းလိမ့်မယ်၊ ကဲရိသက အမှောင်ထုထဲကိုရောက်နေလို့ သူ့အစွမ်းတွေသိပ်မရှိဘူးဖြစ်နေလိမ့်မယ်၊ ကျွန်မကတော့ အာလစ်ခန်းနဲ့ဒီကိုလာမယ်၊ အာလစ်ခန်းကို အလင်းရောင်ထဲမှာ အနိုင်ယူပြမယ်"
အခုတော့ တစ်ဖက်မှ ရှင်နှောင်းက အချက်ပေးလာခဲ့ပြီမို့ အရီးဒေါင်းက နေရာရွှေ့ပြောင်း အစီအရင်ကိုပြုလုပ်လိုက်ပြီး ကဲရိသလက်ကိုပါ ဖမ်းဆွဲလိုက်သည်။ တစ်ဖက်ကလည်း ရှင်နှောင်းက အာလစ်ခန်း၏ ပုဆိန်ကြီးကို ရှောင်ရှားလိုက်ပြီး အာလစ်ခန်းလက်ကိုပါ ဆွဲထားလိုက်လေသည်။
"အခုလုပ်တော့ အရီးဒေါင်း"
ရှင်နှောင်းက အော်လိုက်သည့်အချိန်တွင် အရီးဒေါင်းက နေရာရွှေ့ပြောင်းအစီအရင်ကို အသုံးပြုလိုက်လေသည်။ တစ်ပြိုင်နက်တည်းမှာပင် အမှောင်ထဲမှ ရှင်နှောင်းနှင့် အာလစ်ခန်းတို့နှစ်ဦး နေဆယ်စင်းတောက်ပနေသည့် ရွှေတောင်ရွာကြီးဆီသို့ ရောက်လာခဲ့လေသည်။ နေရောင်ခြည်က ပူလောင်လွန်းလှသဖြင့် အာလစ်ခန်းက ညည်းညူနေလေသည်။ ရှင်နှောင်းကတော့ အာလစ်ခန်းနှင့် ခပ်လှမ်းလှမ်းဆီသို့ ပြေးလွှားလိုက်သည်။
"မင်းဘာလုပ်တာလဲ၊ ဒါက ဘယ်နေရာလဲ"
"ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်စမ်းပါ အာလစ်ခန်းရဲ့"
အာလစ်ခန်းက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး
"ဟာ၊ နေတွေ၊ နေတွေဆယ်စောင်းတောင်ရှိပါလား"
အာလစ်ခန်းက သူ့ကိုယ်သူပြန်ကြည့်လိုက်သည့်အခါ သူ့ကိုယ်လုံးရှိ အသားအရေများမှာ နေလောင်သဖြင့် တဖြည်းဖြည်းပဲ့ကျနေလေသည်။ ရှင်နှောင်းက ပြုံးလိုက်ပြီး အာလစ်ခန်းနှင့် တိုက်ခိုက်တော့သည်။
အခန်း (၃၅)
"ထိုးလိုက်တော့ အခင်"
အခင်က အာကသဓါးဖြင့် ဆောင့်ထိုးလိုက်လေသည်။ သို့သော် သူ့အရှေ့တွင်ရပ်နေသည့် ရှင်နှောင်းမှာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး ရှင်နှောင်းနေရာတွင် ကဲရိသက ဘွားခနဲပေါ်ထွက်လာလေရာ အခင်ထိုးလိုက်သည့် ဓါးချက်သည် ကဲရိသ၏ ဝမ်းဗိုက်သို့ ထိုးဖောက်ဝင်သွားလေသည်။
ကဲရိသမှာလည်း အတော်ပင်အံ့ဩနေပုံရသည်။ ထိုအခါ အခင်က သူ့ခါးတွင်ချိတ်ထားသည့် ပါရကအကောင်ကြီး၏ သွေးရည်များဖြင့် ကဲရိသမျက်နှာကို အကုန်ဖြန်းပက်လိုက်တော့သည်။ ကဲရိသမျက်နှာကို သွေးရည်စိမ်းစိမ်းကြီးများက စိုသွားလေသည်။
ကဲရိသမှာ အလွန်အံ့ဩစွာဖြင့်
"မင်းတို့ဘာလုပ်လိုက်တာလဲ"
အခင်က အံကြိတ်လိုက်ပြီး
"ရှင်မမြင်ဘူးလား"
ကဲရိသက မှော်အစွမ်းတစ်ခုထုတ်ရန်ကြိုးစားသော်လည်း မှော်ပညာကိုအသုံးပြုမရသဖြင့် အံ့ဩသွားလေသည်။
"ဟား၊ ဟား ပါရက အကောင်ကြီးတွေရဲ့ သွေးနဲ့ထိသွားရင် မှော်ပညာအသုံးပြုလို့ မရနိုင်ဘူးလေ"
ကဲရိသမှာ တစ်ကိုယ်လုံးအေးစက်လာလေသည်။ သူ့ရင်၀တွင် စိုက်ဝင်နေသည့်ဓါးက ရုပ်ခန္ဓာများကို ချွေချဖျက်ဆီးနိုင်သည့် ဓါးဖြစ်နေသည်။ ထိုအခါ ကဲရိသမှာ သူ့အင်္ကျီအိတ်ထဲသို့ လက်နှိုက်ထည့်လိုက်ပြီး အချိန်မဲ့ဖန်လုံးကို နှိုက်ယူလိုက်လေသည်။ ကဲရိသက အချိန်နောက်ပြန်သွားဖို့အတွက် ကြိုးစားနေခြင်းဖြစ်မှန်းကို အခင်သိလိုက်ပြီး ကဲရိသလက်ထဲမှ အချိန်မဲ့ဖန်လုံးကို ခြေထောက်နှင့်ကန်တင်လိုက်လေရာ ဖန်လုံးမှာ ကြမ်းပြင်သို့ကျသွားလေသည်။ ကဲရိသက ဖန်လုံးနောက်သို့ပြေးလိုက်ပြီး ဖန်လုံးကို ကောက်ရန်ကြိုးစားလိုက်သော်လည်း လူတစ်ဦးက ဖန်လုံးအားကောက်ယူသွားလေသည်။
"ကျုပ်ရော ဒါကိုယူလို့ရလား"
ဖန်လုံးအား ကောက်ယူလိုက်သူက ကံကောင်းဖြစ်သည်။ ကံကောင်းက ဖန်လုံးကိုလက်တွင်ဆုပ်ကိုင်လိုက်ပြီး ကဲရိသ၏ မျက်နှာကိုခြေထောက်ဖြင့် ဖြတ်ကန်ထည့်လိုက်ရာ ကဲရိသမှာ အနောက်သို့လွင့်ထွက်သွားလေသည်။
"ဖန်လုံးပြန်ပေး၊ ငါ့ကိုဖန်လုံးပြန်ပေးပါ"
"ဟား၊ ဟား၊ ခင်ဗျားဒီလောက်တောင် လိုချင်နေတယ်ပေါ့"
"ငါ့ကိုဖန်လုံးပြန်ပေးရင် မင်းတို့လိုချင်တာ မှန်သမျှဖြစ်စေရမယ်"
ကံကောင်းက မဲ့ပြုံးပြုံးလိုက်ရင်း
"ဘယ်လိုလုပ်မလဲဗျာ၊ ကျုပ်လည်း ဒီဖန်လုံးကိုပဲလိုချင်တာ"
ထိုအခါ အခင်က ကဲရိသအပေါ်သို့ ခုန်အုပ်လိုက်ပြီးနောက် ကဲရိသအား တိုက်ခိုက်လေသည်။ မှော်အစွမ်းများ အသုံးမပြုနိုင်သည့် ကဲရိသမှာ အခင်တိုက်ခိုက်သမျှကို သဲအိတ်ကြီးအလားခံစားနေရသည်။ နောက်ဆုံးတော့ အခင်က ကဲရိသရင်၀တည့်တည့်သို့ အာကာသဓါးကို ထိုးစိုက်ထည့်လိုက်သည်။
ကဲရိသမှာ ကြည့်နေရင်း သူ့ခြေဖျား၊ လက်ဖျားများမှာ တဖြည်းဖြည်းမှုန်ဝါးလာသည်ကိုတွေ့လိုက်ရသည်။
"မဖြစ်ဘူး၊ ငါဒီအတိုင်းနေလို့မဖြစ်ဘူး"
ထို့နောက် ကဲရိသမှာ လဲကျသွားလေသည်။ အခင်လည်း သိလိုက်ပြီမို့ ဝိညာဉ်ချွေဓါးကို ထုတ်ယူလိုက်ပြီးနောက်
"ရှင်က ဘယ်ကိုပြေးချင်တာလဲ ကဲရိသ"
ကဲရိသ၏ ရင်ဘတ်ဆီသို့ ဝိညာဉ်ချွေဓါးနှင့် ထိုးချလိုက်ရာ အခင်တစ်ယောက်လည်း မျက်လုံးများပြာဝေသွားပြီး လဲကျသွားလေသည်။
"ငါ့ကိုဓါးပေးစမ်း အခင်"
အခင်တစ်ယောက် မှိန်ဖျော့ဖျော့လောကကြီးအတွင်း ဦးတည်ရာမဲ့ လျှောက်လှမ်းနေလေသည်။ ထိုအခါ သူ့ပတ်ပတ်လည်မှ အသံများကိုကြားရသည်။
"ငါ့ကို ဝိညာဉ်ချွေဓါးပေးစမ်းပါ"
"ပေးမယ်၊ ရှင့်ရင်ဘတ် တည့်တည့်ကိုထိုးထည့်ပေးမယ်"
အခင်က ဘောက်ဆတ်ဆတ်ပြောလိုက်သည်။ သူ့အာရုံထဲတွင်တော့ ကဲရိသကို မမြင်တွေ့ရသေးပေ။
"မင်း တော်တော်တုံးအတာပဲအခင်၊ မင်းငါ့ကို အဲဒီဓါးနဲ့ထိုးလိုက်ရင် မင်းလည်း ဒီလောကကြီးထဲကနေ ထွက်ခွာသွားလို့ရမှာမဟုတ်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလောကကြီးက ငါဖန်တီးထားတဲ့ နာမ်လောကကြီးပဲ"
"အဲဒီတော့ဘာဖြစ်လဲ"
"ဟား၊ ဟား၊ မင်းဒီထဲက မထွက်ရမှာတော့ မင်းလည်းငါ့လိုပဲ နှစ်ပေါင်းများစွာကြာအောင် ဒီအထဲမှာပင် ပျင်းရိစွာနဲ့ နေရလိမ့်မယ်ကွ"
ကဲရိသက လှစ်ခနဲပြေးထွက်လာပြီးနောက် အခင့်လက်ထဲတွင် ကိုင်ထားသည့် ဝိညာဉ်ချွေဓါးကို လှမ်းဆွဲယူလေသည်။ အခင်ကလည်း သတိရှိသူပီပီ အနောက်သို့ခုကန်ကာ ရှောင်တိမ်းလိုက်ကာ ကဲရိသ၏ ကျောပြင်ကို နှစ်ချက်ဆင့်ကန်ထည့်လိုက်သည်။ သို့သော် ကဲရိသကို ကန်ရသည်မှာ မီးခိုးငွေ့တစ်ခုကို ကန်ကျောက်ရသလိုဖြစ်ပြီး ဘာမှမထိခိုက်ပေ။
"ဟား၊ ဟား မင်းတို့တော်ပါတယ်၊ ငါ ဒီလောကကြီးထဲမှာ သိမ်းထားတဲ့ ဝိညာဉ်ချွေဓါးကို မင်းဘယ်လိုလုပ်ပြီး ယူနိုင်တာလဲ"
"ဒီဓါးက နှစ်လက်ရှိတယ်၊ တစ်လက်က ရုပ်ခန္ဓာဓါး၊ နောက်ဓါးတစ်လက်က ဝိညာဉ်ချွေဓါးပဲ၊ ဓါးနှစ်လက်က ညီနောင်မို့လို့ ဓါးတစ်လက်ကို ရတာနဲ့ နောက်ထပ်ဓါးတစ်လက်ကိုပါ ဆင့်ခေါ်လို့ရတယ်"
ကဲရိသက ထိုအကြောင်းအရာများကို မကြားဖူးသဖြင့် ထူးဆန်းလျှက်ရှိနေသည်။
"ဒါတွေကို မင်းတို့ချည်းပဲ ဒီအတိုင်းသိစရာအကြောင်းမရှိဘူး၊ ပြောစမ်း မင်းတို့ကိုဒီအကြောင်း ဘယ်သူပြောတာလဲ"
"ငါပြောတာပဲ ကဲရိသ"
ကြီးမားသည့် လူမျက်နှာကြီးတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ ကဲရိသမှာ ထိုမျက်နှာကြီးကိုကြည့်ပြီး
"ဗွိုက်၊ ခင် . . ခင်ဗျား"
"သိပ်ပြီး အံ့ဩသွားသလား ကဲရိသ"
"တောက်၊ ဒါဆို ဒါတွေအားလုံးက ခင်ဗျားအကြံအစည်တွေပေါ့ ဗွိုက်"
"အားလုံးတော့ မဟုတ်ပေမယ့် မင်းကိုသတ်ဖို့ကိုတော့ ငါက ရှင်နှောင်းနဲ့ကြံစည်ခဲ့တာပဲ"
"တောက်၊ ခင်ဗျားတို့ တော်တော်ယုတ်မာတဲ့လူတွေပဲ"
ထိုအခါ ဗွိုက်က ရယ်မောလေသည်။
"ဟား၊ ဟား၊ ငါတို့က မယုတ်မာပါဘူး ကဲရိသရာ၊ ငါတို့က မင်းလုပ်ခဲ့တဲ့အတိုင်းပဲ မင်းကိုပြန်လုပ်ခဲ့တာပဲ ကဲရိသ၊ မင်းလုပ်တုန်းကကျတော့ ဥာဏ်ကောင်းတယ်လို့သတ်မှတ်ပြီး ငါတို့လိုက်လုပ်တာကျတော့ ကောက်ကျစ်ယုတ်မာတာတဲ့လား၊ ဟား၊ ဟား၊ ဟား"
ကဲရိသအလွန်ထိတ်လန့်နေပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အခင်လက်ထဲတွင် ကိုင်ထားသည့်ဓါးမှာသူ့အသက်ဇီဝန်ကို ချွေချနိုင်သည့် ဓါးဖြစ်နေသောကြောင့်ဖြစ်သည်။
"မင်းဘာကိုစောင့်နေတာလဲ ကောင်မလေး၊ ဒီကောင့်ကို ဓါးနဲ့ထိုးပြီး အပြတ်ရှင်းလိုက်တော့"
အခင်က ကဲရိသထံသို့ ခုန်ဝင်လိုက်ပြီး ကဲရိသရင်ဘတ်ကို ဓါးဖြင့်ထိုးစိုက်ချလိုက်လေသည်။ သို့သော် ကဲရိသမှာ ရုတ်ခြည်းပျောက်ကွယ်သွားလေသည်။ အခင်က လှည့်ပတ်ရှာသော်လည်း မတွေ့ရတော့ပေ၊ ထိုစဉ် အခင်ပါးစပ်မှာ သူ့အလိုလိုလှုပ်ရှားသွားကာ အော်ဟစ်ရယ်မောလိုက်လေသည်။
"ဟား၊ ဟား၊ မင်းတို့က ငါ့ကိုလျှော့တွက်ထားကြတာပဲကိုး ဗွိုက်ရဲ့"
ဗွိုက်ရော အခင်ပါ အံ့ဩသွားသည်။
"ဒီလောကကြီးက ငါဖန်တီးထားတဲ့ လောကကြီးပါကွ၊ ဒီတော့ ဒီလောကကြီးထဲမှာ ရှိတဲ့ ဝိညာဉ်တွေအားလုံးထဲကို ငါက စိတ်ကြိုက်ပူးလိုက်ခွာလိုက် လုပ်နိုင်တယ်"
"ဒါ . . ဒါဆို"
အခင်လက်များက လှုပ်ရှားမရတော့ပေ၊ အခင်မှာ သိစိတ်နဲ့ကပ်လိုက်၊ ကင်းလွတ်သွားလိုက်ဖြစ်နေသည်။
"မင်းဘာမှမလုပ်နဲ့တော့ အခင်၊ မင်းစိတ်ကိုလျော့ချလိုက်ပြီး မင်းမျက်လုံးတွေကို မှိတ်ထားလိုက်"
သူ့စိတ်ထဲရောက်နေသည့် ကဲရိသက အခင်အားပြန်ပြီး အမိန့်ပေးနေလေသည်။ အခင်က စိတ်ကိုတင်းထားလေသည်။ ထိုစဉ်အခင်၏ လက်မှာသူ့အလိုလိုရွေ့လျားသွားပြီး ဝိညာဉ်ချွေဓါးနှင့်သူ့ရင်ဘတ်ကို သူ ပြန်လည်ချိန်ထားလေသည်။
"မလုပ်နဲ့ကောင်မလေး၊ မင်းထိုးလိုက်ရင် မင်းဝိညာဉ်ပျက်စီးပြီး မင်းသေသွားလိမ့်မယ်"
"ကျွန်မလုပ်နေတာမဟုတ်ဘူး၊ ကျွန်မဘာကိုမှ ထိန်းချုပ်လို့မရတော့ဘူး"
ထိုအခါ အခင်၏ပါးစပ်မှ ကဲရိသအသံကြီးထွက်ပေါ်လာလေသည်။
"ဟား၊ ဟား မင်းတို့သိပ်ကြောက်နေကြပြီလား၊ မပူပါနဲ့ကွ၊ ငါက မင်းရင်ဘတ်ကိုဓါးနဲ့ထိုးပြီး မင်းကိုအဆုံးစီရင်ပေးမယ်၊ မင်းသေသွားတော့မှ မင်းကိုယ်ထဲကထွက်လိုက်ပြီး ဓါးကိုငါပြန်ယူမယ်"
ဝိညာဉ်ချွေဓါးက တဖြည်းဖြည်းနှင့် အခင်၏ ရင်ဘတ်ဆီသို့ နီးကပ်လာလေသည်။
"မဟုတ်ဘူး၊ ရှင်ကျွန်မကို ချုပ်ကိုင်လို့မရဘူး"
ဗွိုက်က အသံနက်ကြီးဖြင့်
"ဟုတ်တယ်ကောင်မလေး၊ မင်းစိတ်ကို သူစိုးမိုးတာမခံနဲ့၊ မင်းနဲ့သူနဲ့က မတူဘူး၊ ကွဲပြားတယ်"
"ဟုတ်တယ်၊ ရှင်နဲ့ကျွန်မနဲ့မတူဘူး၊ ရှင်ကရှင်ပဲ၊ ကျွန်မက ကျွန်မပဲ"
အခင်က စိတ်ကိုအားတင်းထားပြီး ရေရွတ်လိုက်သည့်အခါ အခင်၏ ကိုယ်လုံးကြီးမှာ တဖြည်းဖြည်းနှစ်ပိုင်းဖြစ်လာလေသည်။ အခင်၏ ဦးခေါင်းအနောက်တွင် ကဲရိသ၏ ဦးခေါင်းက ထွက်ပေါ်လာလေသည်။
"ရှင်က ရှင်ပဲ၊ ကျွန်မက ကျွန်မပဲ"
ကဲရိသမှာ အလွန်အံ့အားသင့်နေလေသည်။ ထိုစဉ်မှာပင် အခင်က ဘာမှမတွေးတော့ဘဲ လက်ကိုလှုပ်ရှားလိုက်ပြီး သူ့ခေါင်းအနောက်တွင်ပေါ်လာသည့် ကဲရိသဦးခေါင်းအား သူ့လက်ထဲမှ ဝိညာဉ်ချွေဓါးဖြင့် ထိုးထည့်လိုက်လေသည်။
"အား . . ."
ကဲရိသမှာ အော်ဟစ်လျက် အနောက်သို့ဆုတ်သွားသည်။ ထို့နောက် သူ့နဖူးကိုသူ့လက်နှင့်ဖိထားရင်း
"မဖြစ်နိုင်ဘူး၊ ကျုပ်မသေရဘူး၊ ကျုပ်က သေခြင်းတရားဆီကနေ နှစ်ပေါင်းများစွာကြာအောင် ပြေးလွှားရှောင်ပုန်းနိုင်ခဲ့တာပဲ"
ထိုအခါ ဗွိုက်က ရယ်မောရင်း
"စကြ၀ဠာကြီးထဲမှာ အရာအားလုံးက ဖြစ်ပျက်မယ်၊ ပြီးရင်တစ်ချိန်က ပျက်စီးရမှာပဲ ကဲရိသ၊ ဒါလောက နိယာမသဘောတရားပဲ"
"ကျုပ်မသေရဘူး၊ ကျုပ်မသေရဘူး"
ကဲရိသမှာအော်ဟစ်နေရင်း သူ့နဖူးမှ လေများတဟုန်ထိုးထွက်လာပြီးနောက် သူ့ကိုယ်လုံးမှာ တဖြည်းဖြည်းမှိန်ဖျော့ကာ ပျောက်ကွယ်သွားလေသည်။
"ကဲ၊ နှုတ်ဆက်လိုက်ပါတယ်၊ ကဲရိသ"
အခင်က တိုးတိုးကလေးရေရွတ်လိုက်သည်။ ထိုအခါ ဗွိုက်က အခင်အနားသို့ရောက်လာပြီး
"မင်းက မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ကိုင်ခဲ့တာပဲ ကောင်မလေး၊ ကဲ ဒီတစ်ခါတော့ ငါ့အလှည့်ပဲ၊ မင်းလည်း ငါ့ကို အဲဒီဓါးနဲ့ထိုးလိုက်တော့"
"တကယ်ပဲ ထိုးရမှာလား"
"ငါသွားချိန်သင့်ပြီ ကောင်မလေး"
"ရှင့်ကိုထိုးပြီးရင် ကျွန်မက ဘာဖြစ်မှာလဲ"
"မင်းက ပျောက်ကွယ်သွားမှာပေါ့၊ ဘာလို့လဲဆိုတော့ အခုကဲရိသသေသွားပြီမဟုတ်လား၊ ဒီတော့ သူဖန်တီးထားတဲ့ ဒီလောကကြီးကလည်း ပျောက်ကွယ်သွားလိမ့်မယ်၊ မင်းက ဒီလောကကြီးထဲမှာ ပိတ်မိနေတဲ့လူဆိုတော့ မင်းလည်းပျောက်ကွယ်သွားမယ်၊ ဒီလိုပျောက်ကွယ်မသွားချင်ရင်တော့ မင်းကိုယ်မင်း အဲဒီဓါးနဲ့စီရင်လိုက်ပါ"
အခင်က လက်ထဲက ဓါးကိုငုံ့ကြည့်သည်။ ထို့နောက် ဗွိုက်၏ မျက်လုံးနှစ်လုံးတည့်တည့်ထံသို့ ဝိညာဉ်ချွေဓါးဖြင့် ထိုးချလိုက်လေသည်။ ဗွိုက်လည်း ကဲရိသနည်းတူ ပျောက်ကွယ်သွားတော့သည်။
နောက်ဆုံးတော့ မှိန်ဖျော့ဖျော့လောကကြီးထဲတွင် အခင်တစ်ယောက်သာ ကျန်နေတော့သည်။ သူကြည့်နေရင်း ကြီးမားသည့် မြေငလျင်များက ဆက်တိုက်လှုပ်ခတ်လာလေသည်။ ကောင်းကင်ကြီးတစ်ခုလုံးက ကြက်ဥခွံတစ်ခုလို အက်ကွဲလာကာ မကြာခင်အပိုင်းအစများအဖြစ် ကွဲကြေကျဆင်းလာလေသည်။ အခင်က သူ့လက်ထဲက ဓါးကိုပြန်ကြည့်လိုက်သည်။
"ဒါလည်း ငါ့ရဲ့ဇာတ်သိမ်းပဲပေါ့"
အခင်က ဓါးဖြင့်ကိုယ့်ရင်ဘတ်ကိုယ် ပြန်ထိုးရန်ကြိုးစားလိုက်စဉ်
"ရပ်လိုက်အခင်"
အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ရှင်နှောင်းဖြစ်နေသည်။
"ရှင်နှောင်း၊ ရှင်က ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်လာတာလဲ"
"ငါတို့အချိန်သိပ်မရဘူးအခင်၊ ငါ့လက်ချောင်းတွေကို ထိလိုက်"
အခင်လည်း ရှင်နှောင်းလက်ချောင်းများကို ထိလိုက်သည်နှင့် သူတို့နှစ်ယောက် လွင့်မြောသွားကျလေသည်။ ကဲရိသဖန်တီးထားသည့် လောကကြီးမှာ တဖြည်းဖြည်းအက်ကွဲကာ ပျက်စီးသွားတော့သည်။
"အခင်၊ အခင်၊ မင်းသတိရလာပြီလား"
အခင်မျက်လုံးများကိုဖွင့်ကြည့်လိုက်တော့ သူ့အား မိုးပြီးကြည့်နေသည့် ကံကောင်းကိုတွေ့လိုက်ရသည်။
"ကံကောင်း၊ ရှင် . . ရှင်"
ကံကောင်းက အခင်ကိုတွဲထူလိုက်သည်။ အခင်တို့အနီးတွင်တော့ ကဲရိသ၏ ရုပ်ခန္ဓာကြီးက ငြိမ်သက်နေလေသည်။ အခင်က ကံကောင်းကိုပွေ့ဖက်လိုက်သည်။
"ကျွန်မအောင်မြင်ခဲ့ပြီ၊ ကျွန်မအောင်မြင်ခဲ့ပြီ ကံကောင်း"
ကံကောင်းလည်း အခင်အားပွေ့ဖက်ထားရင်း သူ့ရင်၀တွင် ဆစ်ခနဲနာကျင်သွားရလေသည်။ နာကျင်မှုက ပြင်းထန်လှသဖြင့် ကံကောင်းတစ်ယောက် အသက်ရှူပင်မ၀တော့ပေ။ ထိုအခါ သူ့နားအတွင်းတပ်ဆင်ထားသည့် ဆက်သွယ်ရေးကိရိယာမှ အသံမြည်လာလေသည်။
"ငါ့သား မင်းစိတ်ကိုလျှော့၊ မင်းကိုယ်မှာ ဟော်မုန်းတွေထွက်နေလို့ မင်းနာကျင်နေရတာပဲ"
လင်းက ကံကောင်းအားလှမ်းဆက်သွယ်ပြီး ပြောကြားခြင်းဖြစ်သည်။
"ဘာဟော်မုန်းတွေလဲအမေ၊ ကျုပ်ဘာဖြစ်နေတာလဲ"
"ဒိုပါမင်းဆိုတဲ့ အချစ်ဟော်မုန်းပေါ့ သားရဲ့"
"အချစ်ဟော်မုန်းတဲ့လား"
ကံကောင်းက အခင်ကိုပွေ့ဖက်လိုက်ပြီး အခင်၏မျက်နှာကို အသေအချာကြည့်လိုက်သည်။ အခင်ကလည်း ကံကောင်း၏ မျက်နှာကိုပြန်လည်ငေးကြည့်နေသည်။ သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းနီးကပ်လိုက်ကြသည့်အခါ သူတို့နှစ်ဦး၏ ဝင်သက်ထွက်သက် လေရှူရှိုက်မှုများကို ခံစားမိလာသည်။
ကံကောင်းက မျက်လုံးများကို မှိတ်လိုက်ပြီး အခင်နှင့်နှုတ်ခမ်းချင်းထိကပ်လိုက်တော့သည်။ သို့သော် နှုတ်ခမ်းချင်းမထိဘဲ လေဟာနယ်ကြီးတစ်ခုကိုသာ ထိတွေ့လိုက်သဖြင့် ကံကောင်းက မျက်လုံးဖွင့်ပြီးကြည့်လိုက်ရာ အခင်က ကြောင်ကလေးတစ်ကောင်အဖြစ်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေလေသည်။
"ဟာကွာ၊ မင်းဘာလုပ်တာလဲအခင်"
"တောင်းပန်ပါတယ်၊ ကျွန်မရှင့်ကိုမချစ်ဘူး"
ကြောင်နက်ကလေးအဖြစ်ပြောင်းလဲထားသည့် အခင်က လှေကားထစ်များအတိုင်း တစ်ထစ်ချင်းဆင်းသွားလေသည်၊ ထိုအခါ လင်းက ရယ်မောလိုက်သည်။
"ကောင်းတယ်ငါ့သား၊ ငါ့သားဘ၀မှာ မိန်းကလေးတစ်ယောက်ရဲ့ ငြင်းဆန်တာကို ခံလိုက်ရဖူးပြီပေါ့"
ထိုအခါ ကံကောင်းက နားထဲမှ ဆက်သွယ်ရေးကိရိယာကလေးကို ဖြုတ်လိုက်ပြီး ကြမ်းပေါ်သို့ပစ်ချလိုက်သည်။
"တောင်းပန်ပါတယ်အမေ၊ ဒီတစ်ခါတော့ ကျုပ်အမေ့စကားကို နားမထောင်တော့ဘူး"
ထို့နောက် ကံကောင်းက အခင်အနောက်သို့ ပြေးလိုက်သွားလေသည်။
အခန်း (၃၆)
အာလစ်ခန်းမရှိတော့သဖြင့် နန်းဆောင်ကြီးများလည်း ပြိုပျက်စီးပြီးနောက် အနက်ရောင်မိစ္ဆာကောင်များမှာလည်း အသစ်ထပ်မံမဖြစ်တော့ပေ၊ အနက်ရောင် မိစ္ဆာတပ်ကြီးမှာ ဖိုးလုံးတို့နှင့် တိုက်ခိုက်နေရင်း တစ်စစီပဲ့ကြွေ ပျက်စီးသွားလေသည်။ ကောင်းကင်တွင် ဖုံးလွှမ်းနေသည့် အမှောင်တိုက်ကြီးမှာလည်း တဖြည်းဖြည်းလေနှင့်လွင့်ပါးကာ ကင်းစင်လာခဲသည်။ ထိုအခါ ကောင်းကင်မှ နေရောင်ခြည်များက ကျရောက်လာပြီးနောက် ဝင်္ကပါမြို့အနှံ့ဖြန့်ကျက်သွားလေသည်။
"ကြည့်စမ်း၊ အမှောင်တွေအုပ်ထားလို့သာ ညကြီးလို့ထင်နေရတာ၊ တကယ်တမ်းတော့ နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေတာပဲ"
ရန်ရှင်းက ရေရွတ်လိုက်သည်။ နေရောင်ခြည်များနှင့် ထိတွေ့သည့်အခါ လူသားများအဖြစ်မှ မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားကြသူများမှာ နဂိုပကတိအတိုင်း လူသားပြန်ဖြစ်သွားကြလေသည်။
"ကဲ ကျုပ်တို့ဘယ်သွားမလဲ ဖိုးလုံး"
"ငါတို့ရွှေတောင်ရွာကြီးကို ပြန်ရမယ်၊ ဟိုမှာ အာလစ်ခန်းကြီးရှိနေသေးတယ်"
ဖိုးလုံးနှင့် ရန်ရှင်းလည်း ရွှေတောင်ရွာကြီးဆီသို့ပြေးလွှားလိုက်သည်။ ထိုအခါ မိုးကောင်းကင်မှလင်းနို့ကြီးတစ်ကောင်ဆင်းသက်လာပြီး ဖိုးလုံးတို့နှစ်ယောက်ကို ဂုတ်မှဆွဲချီလိုက်လေသည်။ ထိုလူကတော့ ငခမ်းပင်ဖြစ်သည်။
"မင်းတို့ပြေးသွားနေရင် ကြာနေမှာစိုးလို့ ငါက မင်းတို့ကိုသယ်ပေးတာကွ"
ငခမ်းကပြောလိုက်သည့်အခါ
"ဒါဆိုလည်း မြင့်မြင့်ကလေးပျံပေးစမ်းပါဗျာ၊ ကျုပ်တို့လည်း မိုးပေါ်ပျံဖူးတယ်ရှိတာပေါ့ဗျ"
ရန်ရှင်းပြောလိုက်သည့်အခါ ငခမ်းက မိုးပေါ်သို့အမြင့်ကြီး ပျံသန်းလိုက်လေသည်။
ရွှေတောင်ရွာကြီးတွင်တော့ အာလစ်ခန်းနှင့် ကဝေများအကြား ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားနေလေသည်။ အာလစ်ခန်းမှာ နေဆယ်စင်းအောက်တွင် ဖြစ်သော်လည်း သူစုပ်ယူထားသည့် အမှောင်စွမ်းအင်များမှာ များပြားနေသေးသဖြင့် အစွမ်းများရှိနေသေးသည်။
အရီးဒေါင်းက ကဝေများကိုဦးဆောင်ပြီး တိုက်ခိုက်နေလေသည်။ ထိုစဉ်ရှင်နှောင်းက လှဲအိပ်နေရာမှ မျက်လုံးများပွင့်သွားပြီး ရုတ်တရက်ကောက်ထိုင်လိုက်လေသည်။
"ကဲရိသသေပြီ၊ အခင်ကို ကယ်ထုတ်လိုက်နိုင်ပြီအရီးဒေါင်း၊ အားလုံးက အစီအစဉ်တကျဖြစ်နေပြီ"
"ဒါဆိုရင် ငါတို့ရဲ့နောက်ဆုံးအစီအစဉ်ကို လုပ်ဖို့ပဲ ကျန်တော့တာပေါ့"
အရီးဒေါင်းက ကွင်းပြင်ကြီးတွင် တိုက်ခိုက်နေသည့် အာလစ်ခန်းကို လက်ညှိုးထိုးပြလိုက်သည်။ ရှင်နှောင်းက ခေါင်းညိတ်လိုက်ပြီး
"ကဲ၊ ဒါကြီးကို အဆုံးသတ်လိုက်ကြစို့"
အာလစ်ခန်းမှာ အရေးနိမ့်နေပြီဖြစ်သည်။ ထို့ကြောင့် နှုတ်မှ အသံထွက်လျှက် ရွတ်ဖတ်လိုက်လေသည်။
"လာလေယု"
အာလစ်ခန်းရေရွတ်လိုက်သည့်အခါ မြေပြင်ကြီးတစ်ခုလုံး အနီရောင်အဖြစ်ပြောင်းလဲသွားကာ မြေပြင်အောက်မှ လက်မည်းကြီးများက ထွက်ပေါ်လာကာ ကဝေများကို ဖမ်းချုပ်လိုက်လေသည်။ ထို့နောက် အာလစ်ခန်းက ပါးစပ်ကြီးကိုဖြဲလိုက်သည့်အခါ ကဝေများထံမှ အစိမ်းရောင်အလင်းတန်းများထွက်ပေါ်လာကာ မှော်စွမ်းအင်များမှာ အာလစ်ခန်း၏ ပါးစပ်အတွင်းသို့ တိုးဝင်ကြလေသည်။
"ဟား၊ ဟား မင်းတို့တွေ ငါ့ကိုနိုင်မယ်လို့ ထင်နေတာလားကွ"
"မဖြစ်ဘူးအရီးဒေါင်း၊ သူဒီလိုနဲ့ မှော်အစွမ်းတွေ ရသွားနိုင်တယ်"
ရှင်နှောင်းက ရေရွတ်လိုက်လေသည်။
"ဂျိန်း"
ထိုစဉ် မိုးခြိမ်းသံကြီးထွက်ပေါ်လာပြီး မိုးကြိုးများက တစ်စင်းပြီးတစ်စင်း အာလစ်ခန်း၏ ဦးခေါင်းကိုထိမှန်သွားလေသည်။ ဖိုးလုံးက မိုးပေါ်မှခုန်ဆင်းလာကာ အာလစ်ခန်းကို တိုက်ခိုက်ခြင်းဖြစ်သည်။ တစ်ဖန် ငခမ်းက အာလစ်ခန်း၏ နားရွက်တစ်ဖက်ကို ဓါးဖြင့်ခုတ်ဖြတ်လိုက်ရာ အာလစ်ခန်းမှာ နာကျင်စွာအော်ဟစ်ရင်း သူစုပ်ယူနေသည့် အစီအရင်ပြတ်တောက်သွားလေသည်။
မှော်စွမ်းအင်များ အစုပ်ယူခံထားရသည့် ကဝေများမှာ မြေပြင်သို့ လဲကျကုန်သည်။ ငခမ်း၊ ဖိုးလုံးနှင့် ရန်ရှင်းတို့မှာ အာလစ်ခန်းအားတိုက်ခိုက်နေကြပြီဖြစ်သည်။ ထိုအခါတွင် ကောင်းကင်ရှိ နေလုံးကြီးတစ်စင်းမှာ ရုတ်တရက်ပေါက်ကွဲသွားလေသည်။ နေလုံးကြီးမှ အလင်းလှိုင်းများက ဖြာထွက်လာပြီး ပြင်းထန်စွာထိမှန်ကြသဖြင့် ကဝေများပင် ဒဏ်ရာရကုန်သည်။
"ဘာဖြစ်တာလဲ"
အရီးဒေါင်းက ရေရွတ်လိုက်သည်။ ရှင်နှောင်းက နေလုံးကြီးများကိုကြည့်ရင်း
"ကဲရိသသေသွားပြီဆိုတော့ သူဖန်တီးခဲ့တဲ့ နေလုံးတွေအကုန်လုံး မကြာခင်ပျက်စီးတော့မှာပဲ အရီးဒေါင်း"
ရှင်နှောင်းက အရီးဒေါင်းလက်ကိုဆွဲထားလိုက်ပြီး
"အရီးဒေါင်း ကဝေတွေကိုခေါ်ပြီးတော့ ဒီကနေထွက်သွားပါ၊ တကယ်လို့ နေဆယ်စင်းစလုံးသာ ပေါက်ကွဲသွားရင် ဒီနေရာကြီးက ကြိမ်းသေပျက်စီးသွားမှာပဲ"
"ဒါဆို မင်းရော ရှင်နှောင်း၊ မင်းဘယ်လိုလုပ်မလဲ"
"ကျွန်မကတော့ ဒီမှာနေခဲ့ပြီးတော့ အာလစ်ခန်းကို ငရဲပြည်ကိုပြန်ပို့မယ်"
အရီးဒေါင်းအလွန်ထိတ်လန့်သွားသည်။
"မဖြစ်ဘူးရှင်နှောင်း၊ မင်းလည်း ငါတို့နဲ့လိုက်ခဲ့ရမယ်"
ရှင်နှောင်းက ခေါင်းခါလိုက်ပြီး
"ဒီတစ်ခါတော့ အာလစ်ခန်းကို အလွတ်ပေးလို့မရတော့ဘူးအရီးဒေါင်း၊ သူသေသွားတာ ကြိမ်းသေမှပဲ ရတော့မယ်၊ နောင်လာနောက်သားတွေ သူ့ရဲ့မကောင်းမှုတွေကို မခံစားစေချင်တော့ဘူး"
အရီးဒေါင်းက ရှင်နှောင်းစိတ်ကို နားလည်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။
"ရှင်နှောင်း၊ မင်းကအရင်တုန်းကလည်း ငါတို့တွေအတွက် ပေးဆပ်ခဲ့ပြီးပြီ၊ အခုလည်း မင်းက ပေးဆပ်ရတော့မှာပေါ့၊ မင်းရဲ့ကံဇာတာကိုက ပေးဆပ်ဖို့ချည်းသက်သက်ပဲလားမှမသိတာရှင်နှောင်းရယ်"
အရီးဒေါင်းက ရှင်နှောင်းကိုပွေ့ဖက်လိုက်သည်။
"ကဲ အရီးဒေါင်း၊ မကြာခင် နေလုံးကြီးတွေ ပေါက်ကွဲလာတော့မယ်၊ ကဝေတွေကိုခေါ်ပြီးတော့ အရီးဒေါင်းထွက်သွားပါ၊ ကျွန်မက အာလစ်ခန်း ရှင်တို့ဘက်ကို အာရုံမရောက်အောင်လို့ အာရုံလွှဲထားလိုက်မယ်"
ရှင်နှောင်းက မိုးပေါ်သို့ ပျံတက်ကာ အာလစ်ခန်းဆီသို့ ပျံဝင်သွားလေသည်။ အရီးဒေါင်းက ဒဏ်ရာရနေသည့် ကဝေများကိုစုစည်းလိုက်ပြီးနောက် အလွန်ကြီးမားကျယ်ဝန်းသည့် နေရာရွှေ့ပြောင်းအစီအရင်ကြီးကိုစီရင်လိုက်သည်။ ကဝေများမှာ အတော်အတန်များသည်မို့ အရီးဒေါင်းက တစ်ခေါက်နှင့်မရနိုင်သဖြင့် အခေါက်ခေါက်ရွှေ့ပြောင်းနေရလေသည်။
"တောက်၊ ဒီကောင်တွေ ထွက်ပြေးတော့မလို့ပဲ"
အာလစ်ခန်းက ကဝေများထံသို့ ဦးတည်လိုက်သည်။ သူလည်း နေရာရွှေ့ပြောင်းအစီအစဉ်ဖြင့် အပြင်လောကသို့ လိုက်ပါသွားရန် စိတ်ကူးခြင်းဖြစ်သည်။ အာလစ်ခန်းက ကဝေများထံသို့ပြေးလွှားသွားသည်။ အရီးဒေါင်းက အစီအရင်ကိုပြီးဆုံးအောင်ပြုလုပ်နေရသည်မို့ အာလစ်ခန်းအား လှည့်မကြည့်နိုင်ပေ။
သို့သော် ရှင်နှောင်းက အလွန်ကြီးမားရှည်လျားသည့် သံကြိုးကြီးတစ်ခုကို ဖန်တီးလိုက်ပြီး အာလစ်ခန်း၏ ခြေထောက်ဆီသို့ ပစ်လွှတ်လိုက်လေရာ အာလစ်ခန်းမှာ ခြေထောက်နှင့် ငြိပြီး လဲကျသွားတော့သည်။ အရီးဒေါင်းတို့က နောက်ဆုံးအခေါက်အနေနှင့် နေရာရွှေ့ပြောင်းအစီအရင်ကို အသုံးပြုကာ ထွက်ခွာသွားပြီဖြစ်သည်။
အာလစ်ခန်းက သံကြိုးကြီးများကိုဆွဲဖြတ်လိုက်သည်။ ရှင်နှောင်းက သံကြိုးများကို ထပ်မံဖန်တီးပြီး အာလစ်ခန်းအား အထပ်ထပ်ရစ်ပတ်လေသည်။ ထို့နောက် အာလစ်ခန်းအား တိုက်ခိုက်နေသည့် ဖိုးလုံး၊ ငခမ်းနှင့် ရန်ရှင်းတို့အနီးသို့ ပျံသန်းလိုက်သည်။
"ရှင်တို့အခုထွက်မှဖြစ်တော့မယ်"
"ဒီကောင်ကြီးမသေမချင်း ကျုပ်မထွက်ဘူး"
"ကျွန်မပြောတာနားထောင်ကြပါ၊ ကဲရိသကို ကျွန်မသုတ်သင်လိုက်ပြီ။ ဒီတော့ မကြာခင်မှာ သူဖန်ဆင်းထားတဲ့ နေမင်းကြီးတွေက ပေါက်ကွဲကုန်မှာပဲ၊ ရှင်တို့ ဒီမှာဆက်နေရင် အကုန်သေသွားကြလိမ့်မယ်"
"မဟုတ်ဘူး၊ ကျုပ်တို့က မသေနိုင်ဘူး၊ ကျုပ်တို့ဒီမှာနေခဲ့မယ်"
ဖိုးလုံးပြောစကားကို နားထောင်ပြီး ရှင်နှောင်းက ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး၊ ရှင်တို့က မသေနိုင်ဘူးဆိုပေမယ့် ဒီနေကိုးစင်းပေါက်ကွဲရင် ရှင်တို့တင်မက ဘယ်လိုသက်ရှိမျိုးမှ အသက်ရှင်နိုင်မှာမဟုတ်ဘူး၊ ဒီတော့ ရှင်တို့သွားကြပါ၊ ကျွန်မအာလစ်ခန်းနဲ့အတူတူ ပျောက်ကွယ်သွားဖို့ ဆုံးဖြတ်ပြီးပြီ"
"ရှင်နှောင်း မင်းတကယ်ပဲ လုပ်တော့မှာပေါ့"
ဖိုးလုံးကမေးလိုက်ရာ ရှင်နှောင်းက တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ အာလစ်ခန်းမှာ ရှင်နှောင်းပြုလုပ်ဖန်တီးထားသည့် သံကြိုးကြီးများကို အားနှင့်ရုန်းကန်ဖျက်ဆီးနေလေသည်။
"မင်းဟာ ကဝေတစ်ယောက်ဆိုပေမယ့် မင်းရဲ့အပြုအမူက မွန်မြတ်လှလွန်းပါတယ် ရှင်နှောင်း"
ဖိုးလုံးက ပြောဆိုလိုက်ပြီး ရန်ရှင်းကိုခေါ်ကာ မတ်တပ်ရပ်နေလိုက်သည်။ ရှင်နှောင်းက ငခမ်းအနားသို့ကပ်လိုက်ပြီး
"ရှင်က မိစ္ဆာဆိုပေမယ့် ကြင်နာတတ်တဲ့နှလုံးသားရှိပြီးသားပါ၊ ရှင့်ရဲ့နှလုံးသားကို ထပ်ပြီးအမှောင်မဖုံးပါစေနဲ့တော့"
ငခမ်းလည်းခေါင်းညိတ်လိုက်ပြီး ဖိုးလုံးတို့နံဘေးတွင် မတ်တပ်ရပ်လိုက်သည်။ အာလစ်ခန်းက ရုန်းကန်နေသဖြင့် သံကြိုးကြီးများမှာ တစ်ဖြောင်းဖြောင်းနှင့်ပြုတ်ထွက်နေလေသည်။ ရှင်နှောင်းက မြေပြင်တွင် အစီအရင်တစ်ခုကို မှော်အတတ်ဖြင့် ဖန်ဆင်းလိုက်သည်။
"ဒါနေရာရွှေ့ပြောင်းတဲ့ အစီအရင်ပဲ၊ ရှင်တို့ သွားကြပါတော့"
ဖိုးလုံး၊ ငခမ်းနှင့် ရန်ရှင်းတို့က စက်ဝန်းထဲသို့ဝင်ရပ်လိုက်သည့်အခါ ရှင်နှောင်းက နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုလိုက်သည့်အတွက် သူတို့သုံးယောက်မှာ ရုတ်ခြည်းပင်ပျောက်ကွယ်သွားသည်။ နောက်ဆုံးတော့ အပျက်အစီးများနှင့် ကွင်းပြင်ကြီးဖြစ်နေသည့် ရွှေတောင်ရွာကြီးတွင် ရှင်နှောင်းနှင့် အာလစ်ခန်းသာ ကျန်နေတော့သည်။
အခင်နှင့် ကံကောင်းမှာ ရွှေတောင်ရွာဝင်ပေါက်ကြီးဆီသို့ ပြေးလာကြသည်။ သို့သော် ထိုနေရာသို့ရောက်သောအခါ မည်သည့်အရာမှမရှိသည့် မြေကွက်လပဲ်ကြီးတစ်ခုကိုသာတွေ့လိုက်ရသည်။
"ဘာ . . ဘာဖြစ်သွားတာလဲ"
"အကုန်ပြီးသွားပြီ"
ငခမ်းက တံခါး၀အနီးမြေကွက်လပ်ကြီးတွင် မတ်တပ်ရပ်နေလေသည်။ ငခမ်း၏ ဖြေဆိုသံကိုကြားသည့်အခါ အခင်က မျက်လုံးပြူးသွားသည်။
"ဒါဆို ရှင်နှောင်းရော၊ အာလစ်ခန်းဆိုတဲ့ မိစ္ဆာကောင်ကြီးရော"
"သူတို့အတူတူအထဲမှာကျန်နေခဲ့တယ်၊ သူတို့အတူတူ ငရဲပြည်ကို ဆင်းသွားကြလိမ့်မယ်"
"မဖြစ်ရဘူး၊ ဒီလိုမဖြစ်ရဘူး၊ ရှင်နှောင်းကို ကျွန်မသွားကယ်မယ်"
ထိုအခါ အခင်၏လက်ကို ကံကောင်းက ဆွဲထားလိုက်သည်။ အခင်က ငိုကြွေးနေမိသည်။
"ကဲ၊ မင်းတို့နေချင်နေခဲ့ကြတော့၊ ငါလည်းသွားပြီ"
ငခမ်းက ဝတ်ရုံနက်ကြီးကို ကိုယ်လုံးတွင်ပတ်လိုက်ပြီးနောက် တစ်လှမ်းချင်းလျှောက်ထွက်သွားလေသည်။ ကံကောင်းက အခင်ကိုထွေးပွေ့ထားလိုက်သည်။
"မပူပါနဲ့ကွာ၊ အားလုံးကောင်းဖို့အတွက် ရှင်နှောင်းက ရွေးချယ်လိုက်တာပါ"
ကံကောင်းက ထိုသို့ပြောပြီး အချိန်မဲ့ဖန်လုံးကို သတိရသွားကာ အင်္ကျီအိတ်ကပ်အတွင်းသို့နှိုက်ကြည့်လိုက်ရာ အချိန်မဲ့ဖန်လုံးမရှိတော့ပေ။
ရှင်နှောင်းက မိုးပေါ်သို့ပျံတက်လိုက်ပြီးနောက် သူ့တွင်ရှိသမျှ မှော်စွမ်းအင်များနှင့် နေလုံးကြီးကိုးလုံးကို ပစ်ခတ်လိုက်ပြီး နေလုံးကြီးများကို အောက်သို့ဆွဲချနေလေသည်။
"ရှင်နှောင်း၊ မင်းလုပ်နေတာတွေ ရပ်တန့်လိုက်ပါ၊ မင်းဒီလိုလုပ်နေရင် ငါပါမဟုတ်ဘူး၊ မင်းပါသေဆုံးသွားမယ် ရှင်နှောင်း"
ရှင်နှောင်းမှော်အစွမ်းများအကုန်လုံးကို ထုတ်သုံးနေရသဖြင့် အလွန်အားနည်းနေပြီဖြစ်သည်။
"ငါ့ကိုအလွတ်ပေးပါရှင်နှောင်း၊ ဒါဆိုရင် ငါတတ်တဲ့ အရိပ်မှော်နည်းပညာတွေကို မင်းကိုသင်ကြားပေးမယ်၊ ငါမင်းရဲ့တပည့်အဖြစ်နဲ့ တစ်သက်လုံး ကျွန်ခံသွားမယ်ရှင်နှောင်း"
ရှင်နှောင်းက ခေါင်းခါလိုက်သည်။
"ရှင့်အထင်မှားသွားပြီအာလစ်ခန်း၊ ကျွန်မမှာ ဘာမှဆုံးရှုံးစရာလည်း မရှိတော့သလို၊ ဘာမှလည်း ထပ်ပြီးရယူစရာလဲ မရှိတော့ဘူး"
ရှင်နှောင်းက နေလုံးကြီးကိုးလုံးကို ဆွဲယူပြီး အာလစ်ခန်းဆီသို့ ပစ်သွင်းလိုက်လေသည်။ အာလစ်ခန်းမှာ နေလုံးကြီးများနှင့်ထိသည်နှင့် အသားအရည်များ အငွေ့ပျံထွက်သွားလေသည်။ အာလစ်ခန်းလည်း အလွန်ကျယ်လောင်သည့် အသံကြီးနှင့် အော်ဟစ်နေတော့သည်။
"အား . . . ဂရား"
ရှင်နှောင်းက အာလစ်ခန်းသေဆုံးပုံကို မမှိတ်မသုန်သော မျက်လုံးများဖြင့်ကြည့်နေလေသည်။ အာလစ်ခန်းမှာ နေလုံးကြီးကိုးစင်း၏ အောက်တွင် အငွေ့ပျံကာ ပျောက်ကွယ်သွားတော့သည်။ မကြာခင် နေလုံးကြီးများမှာ ပြင်းထန်စွာပေါက်ကွဲတော့သည်။ ပေါက်ကွဲသည့်နေရာမှ အလွန်ပြင်းထန်သည့် အပူလှိုင်းလုံးကြီးက မှိုပွင့်ကြီးသဖွယ်ဖြစ်ပေါ်လာကာ ရှင်နှောင်းထံသို့ ပြေးဝင်လာလေသည်။ ထိုအပူလှိုင်းကြီးနှင့် ထိသမျှအရာအားလုံးမှာ အငွေ့ပျံပြီး ပျောက်ကွယ်သွားလေသည်။ နောက်တော့ အပူလှိုင်းကြီးမှာ ရှင်နှောင်းဆီသို့ နီးကပ်လာလေရာ ရှင်နှောင်းမှာ မျက်လုံးအစုံကို မှိတ်ထားလိုက်တော့သည်။
အခန်း (၃၇)
တောအုပ်ကြီးတစ်ခုအတွင်း မင်္ဂလာအခမ်းအနားတစ်ခုကို ကျင်းပနေကြသည်။ တစ်တောလုံးကို အဖြူရောင်ပန်းပွင့်များဖြင့် အလှဆင်ထားသည်။ မကြာမီ အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် သတို့သားထွက်လာခဲ့သည်။ သတို့သား၏ နံဘေးတွင် အဖြူရောင်ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသည့် သတို့သမီးတစ်ယောက်လည်း လိုက်ပါလာသည်။
"မင်းပျော်နေသလားအခင်"
"ကျွန်မဘာမှကို မပြောတတ်တော့ဘူး"
အခင်နှင့် ကံကောင်းတို့မှာ တောအုပ်အတွင်းပြုလုပ်ထားသည့် လျှောက်လမ်းမအတိုင်း လျှောက်လှမ်းလာကြသည်။ ပရိသတ်များအတွက် ခင်းကျင်းပေးထားသည့် စားပွဲဝိုင်းတွင် လင်းက ထိုင်လျှက် သူ့သားကိုကြည့်နေလေသည်။
"ဒီကောင်လေးက တစ်ကယ့်ကောင်လေးပဲ၊ ငါ့ပြောစကားကို ဘယ်တော့မှ နားမထောင်ဘူး"
တစ်ဖက်စားပွဲတွင်တော့ စားသောက်ဖွယ်ရာများကို ခေါင်းမဖော်တမ်း အငမ်းမရစားသောက်နေသည့် ဖိုးလုံးနှင့်ရန်ရှင်းတို့ရှိနေသည်။ ဖိုးလုံးတို့ နှစ်ဦးမှာ မင်္ဂလာပွဲထက် အစားအသောက်များကို ပိုပြီးခုံမင်ကြသူဖြစ်သည်။ ဖိုးလုံးက ပုစွန်ထုပ်ကြီးတစ်ကောင်ကို စားနေစဉ်တွင် သူ့အနောက်ခပ်လှမ်းလှမ်းမှ အရိပ်မဲတစ်ခုကိုမြင်တွေ့လိုက်ရသည်။
"ခင်ဗျားမစားတော့ဘူးလား ငခမ်း၊ သွားတော့မလို့လား"
ငခမ်းက လူအများနောက်ကွယ်တွင် ရပ်နေရာမှ ဖိုးလုံးကိုကြည့်လိုက်ပြီး
"မင်္ဂလာပွဲက စားစရာတွေမှာ လူသွေးမှ မပါတာကွ"
ငခမ်းက လူအုပ်ကြားထဲသို့ တိုးဝင်ကာပျောက်ကွယ်သွားလေသည်။ မင်္ဂလာလျှောက်လမ်းအဆုံးတွင် စင်မြင့်တစ်ခုရှိပြီး ကံကောင်းတို့စုံတွဲ စင်မြင့်ပေါ်သို့တက်လိုက်သည့်အချိန်တွင် အရီးဒေါင်းနှင့် ကဝေများက မှော်ပညာဖြင့် လိပ်ပြာကလေးများစွာကိုဖန်တီးပေးလိုက်ကြလေသည်။
မင်္ဂလာစင်မြင့်ထက်တွင် ဧည့်ပရိသတ်များကို နှုတ်ဆက်ပြီးသောအခါ အခင်က လက်သီးတစ်ချက်ကို ကံကောင်းထံသို့ပစ်သွင်းလိုက်လေသည်။ ကံကောင်းကလည်း အခင်၏ လက်သီးချက်ကို သူ့လက်ဝါးနှင့် တားဆီးလိုက်သည်။ အခင်က ပြုံးလျှက်
"ရှင်နဲ့ကျွန်မနဲ့ အသေအကြေ တိုက်ကြမဲ့ တိုက်ပွဲတစ်ပွဲ ကျန်သေးတယ်မဟုတ်လား"
ကံကောင်းကလည်း အခင်ကို ခြေထောက်ဖြင့်ဝိုက်ကန်လိုက်ရာ အခင်မှာ ကြောင်ကလေးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး တောအုပ်အတွင်းသို့ပြေးဝင်သွားလေသည်။ ကံကောင်းကတော့ ခေါင်းခါရင်း
"ဒီကြောင်မလေးတော့ သိပ်ဆိုးပါလား"
အခင်က တောနက်ကြီးအတွင်းပြေးလွှားနေရင်း ရပ်တန့်လိုက်ပြီး ပြာလဲ့နေသည့် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။
"ရှေ့ဖြစ်ဟောကိန်းတွေက တကယ်မှန်ခဲ့တယ်အဖေ၊ ရှင်နှောင်းနဲ့တွေ့ပြီးတော့ ပိလရလူမျိုးတွေက ပျောက်ကွယ်သွားခဲ့ပြီ၊ ဒါပေမယ့် တစ်ခုပျက်ရင် တစ်ခုဖြစ်တယ်ဆိုသလို အခုတော့ ပိလရလူမျိုးတွေနဲ့ အခြားလူမျိုးတွေ ပေါင်းဖက်ပြီး လူမျိုးစုအသစ်တွေ ထပ်ပြီးဖြစ်လာတော့မယ်ထင်တယ် အဖေ"
အခင်က ရေရွတ်လိုက်တော့သည်။
အရီးဒေါင်းမှာ ပျော်ရွှင်သောအပြုံးများဖြင့် အခင်တို့ကိုကြည့်ပြီးနောက် အရှေ့ဘက်တစ်နေရာတွင် ခင်းကျင်းထားသည့် စားပွဲဝိုင်းမှ ထိုင်ခုံအလွတ်ကလေးကိုကြည့်လိုက်ရင်း မျက်နှာမှာ ညိုးငယ်ကျသွားလေသည်။
"ဪ၊ ရှင်နှောင်း၊ မင်းသာရှိရင် . . . မင်းလည်း ငါတို့နဲ့ထပ်တူ ပျော်ရွှင်ရမှာပါ"
အဖြူရောင်ပန်းကလေးများဖြင့် အလှဆင်ထားသည့် ထိုင်ခုံကလေးတစ်ခုံတွင်တော့ ထိုင်သူမဲ့နေပြီဖြစ်သည်။
အခန်း (၃၈)
"ဆရာမ၊ ဆရာမ . . ."
နားထဲတွင် ခေါ်သံကြားသဖြင့် မရွှေနု မျက်လုံးများကိုဖွင့်လိုက်သည်။ မရွှေနုက မျက်လုံးထဲတွင် ပြာလဲ့ပြီး တိမ်ကင်းစင်နေသည့် ကောင်းကင်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။ မရွှေနုနံဘေးတွင် ကျောင်းသားလေးများက ဝိုင်းထိုင်နေကြသည်။
"ဆရာမ၊ ဘာလို့ဒီနေရာမှာ အိပ်နေတာလဲ"
မရွှေနုက ကျောင်းရှေ့မြက်ခင်းပြင်ပေါ်တွင် အိပ်နေခြင်းဖြစ်သည်။ ထို့နောက် မြက်ခင်းပေါ်မှထလိုက်သည့်အခါ ကလေးများက ကျောင်းခန်းအတွင်းသို့ ပြေးဝင်သွားကြရာ မရွှေနုလည်း ကျောင်းခန်းအတွင်းသို့ ဝင်လိုက်သည်။
"မင်္ဂလာပါဆရာမ"
"မင်္ဂလာပါကွယ်"
မရွှေနုကပြန်လည်နှုတ်ဆက်လိုက်ပြီး စားပွဲပေါ်ရှိ ပြကဒိန်အသေးလေးကို ကြည့်လိုက်လေသည်။
"၂၀၆၇ ခုနှစ်၊ ဖေဖော်ဝါရီ၊ တစ်ဆယ့်သုံးရက်"
မရွှေနုက နေ့စွဲကိုကြည့်ပြီး အသံထွက်ကာ ရေရွတ်နေမိသည်။ ထို့နောက် သူ့လည်ပင်းကိုစမ်းကြည့်သည့်အခါ လည်ပင်းတွင် တစ်ခုခုလိုနေသလို ခံစားလိုက်ရသည်။
"ထူးတော့ ထူးဆန်းနေသလိုပဲ၊ အရင်က ငါ့လည်ပင်းမှာ တစ်ခုခုရှိသလားလို့"
မရွှေနုတွေးနေစဉ် ကျောင်းသားကလေးများက တစ်ယောက်တစ်ပေါက်ဆူညံစွာ စကားပြောနေသည်မို့ မရွှေနုက စာအုပ်တစ်အုပ်ကိုကိုင်ကာ မတ်တပ်ရပ်လိုက်သည်။
"ကဲ ကလေးတို့ ဒီနေ့က ဖေဖော်ဝါရီ ဆယ့်သုံးရက်ဆိုတော့၊ ဒီနေ့မှာ မွေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတစ်ယောက်ကို သိကြသလားကွဲ့"
ကလေးငယ်များက ခေါင်းကုပ်ကုန်ကြသည်။ ကလေးငယ်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး
"သားသိပြီဆရာမ၊ အာဇာနည်ဆိုတော့ ကဝေပျံရှင်နှောင်းကိုပြောတာလား"
မရွှေနုသက်ပြင်းချလိုက်မိသည်။
"ကဝေပျံရှင်နှောင်းက တကယ်မှမရှိတာ၊ အဲဒါ သားဖတ်နေတဲ့ ကာတွန်းစာအုပ်ထဲက အကြောင်းတွေမဟုတ်လား"
ကျောင်းသားလေးမှာ ရှက်ရှက်နှင့်ပြုံးပြီး ပြန်ထိုင်သွားလေသည်။
"ကဲ သားတို့သမီးတို့ မသိဘူးဆိုရင် ဆရာမပြောပြမယ်၊ ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ မွေးဖွားခဲ့တာကတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အာဇာနည်ခေါင်းဆောင်ကြီးပဲ . . ."
ကလေးများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
"ဗိုလ်ချုပ်အောင်ဆန်းက ဘယ်သူလဲဆရာမ"
"အေး၊ သားတို့သမီးတို့ မသိရင် ဆရာမပြောပြမယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်လောက်ကပေါ့ကွယ် . . ."
ဆရာမရွှေနု၏ ကြည်လင်ချိုသာသည့်အသံက ရွာကျောင်းကလေးထဲတွင် ပျံ့လွင့်နေတော့သည်။ ထိုအခါ ခပ်လှမ်းလှမ်းကောင်းကင်တစ်နေရာမှ မျက်နှာကြီးတစ်ခုက ကျောင်းကလေးကို အုပ်မိုးကာကြည့်နေလေသည်။
"ကျုပ်နာမည် ဗွိုက်၊ ကျုပ်က ဘယ်အချိန်ကိုမဆို သွားလာနိုင်တယ်မဟုတ်လား"
ကဝေပျံရှင်နှောင်း အတွဲ(၃) ပြီးပါပြီ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်