သီတင်းကျွတ် ချစ်သက်လက်ဆောင်
lotaya.mpt.com.mm
|
2023-10-26

“ဟဲလို .. ရောက်ပြီလား ..” 

ဖုန်းထဲကနေ လေသံတိုးတိုးဖြင့် မေးလိုက်တဲ့အသံကြောင့် ဝေယံရင်တခုလုံး ဗြောင်းဆန်လှုပ်ရှားသွား၏။ သူ့ဘက်ကတော့ ပုံမှန်လေသံဖြင့် … 

“နောက် ၅မိနစ်လောက်ဆို ရောက်မယ်”

“အာ့ဆို ထွက်ခဲ့တော့မယ်နော်”

အချိန်ကား ည ၈နာရီထိုးလုထိုးခင်။ နှောင်းမိုးကလည်း အငြှိုးတကြီးသည်းသည်းမည်းမည်းရွာနေဆဲ။ အတင့် တယောက်မိုးကာအကျီလေးဝတ်၊ စက်ဘီးလေးကို အသာအယာတွန်းထွက်လာခဲ့သည်။ မီးပျက်နေသလို မိုးကလည်း သည်းသည်းမည်းမည်းရွာနေသောကြောင့် တလမ်းလုံး လူသွားလူလာမရှိ။ ဒါပေမဲ့အတင့်စိတ်ထဲ ကြောက်စိတ်နည်းနည်းလေးမှ မရှိပေ။ စိတ်တွေက ပျော်မြူးတက်ကြွလို့ပင် နေသေး၏။

ဆိုင်ရောက်တော့ ဝေယံ က ရောက်နှင့်နေပြီ။

နှစ်ယောက်သား အကြည့်ချင်းဆုံတာ စက္ကန့်နှစ်ဆယ်လောက်ကြာတဲ့အထိ ဘာစကားမှ မပြောဖြစ်ကြ။ ပတ်ဝန်းကျင်မှာအသံဗလံတွေရှိနေပေမဲ့ သူတို့နှစ်ယောက်ကြားမှာတော့တိတ်ဆိတ်လွန်းသလို ခံစားရပြီး တယောက်ရင်ခုန်သံကို တယောက် အတိုင်းသား ကြားနေရသည်။

“ထွက်လာရတာ အဆင်ရောပြေရဲ့လား”

ဝေယံရဲ့ အကြင်နာစိုးရိမ်ပိုတဲ့ လေသံက အတင့် ရင်ထဲကို နွေးထွေးသွားစေ၏။ အတင့် က ဆံပင်ကို ခါလိုက်ပြီး .. 

“ဒီလိုပါပဲ .. အဆင်ပြေအောင်တော့ လုပ်ရတာပေါ့”

သူတို့ စားသောက်စရာတွေ မှာကြပြီးနောက် .. ဝေယံက .. 

“နောက်နှစ်ရက်လောက်ဆို သီတင်းကျွတ်တော့မယ်” 

“အင်း .. “ 

“ဟိုတယောက်က ဖိအားပေးနေပြီ” 

အတင့် မျက်နှာမှာ စိုးရိမ်သွားတဲ့အရိပ်အယောင်ပေါ်လာပြီး .. 

“ဘယ်လိုလုပ်မလဲ” 

“ဒီလိုပဲ ကြည့်ကျက်လုပ်ရမှာပေါ့” 

နှစ်ယောက်သား ပြန်လည်တိတ်ဆိတ်သွားကြပြန်သည်။ တယောက်နဲ့တယောက် အတူတူရှိနေကြတယ်ဆိုတဲ့အသိနဲ့တင် ပြည့်စုံနေတာကြောင့်လည်း စကားလုံးတွေ တိတ်ဆိတ်နေတာတောင် နှစ်ဦးသား ကျေနပ်နေမိကြသည်။ အတင့်က ဆေးလိပ်ဗူးထဲက ဆေးလိပ်ကိုထုတ်လိုက်တော့ .. ဝေယံကအလိုက်တသိနဲ့ မီးညှိပေးလိုက်ပြီး .. 

“ဆေးလိပ်လည်း လျှော့သောက်ဦး” 

“အင်းပါ .. “ 

ဝေယံက အတင့်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို အကြောင်းမဲ့ငေးကြည့်နေသည်။ အတင့်ကတော့ .. တခုခုကို တွေးတောရင်း ဆေးလိပ်သောက်နေတဲ့ပုံစံပေါက်ပြီး ဒါကပဲ အတင့်ရဲ့ ဆွဲဆောင်မှုအရှိဆုံး ပုံစံလို့ဆိုရမည်။ 

“ပြန်ကြရအောင် .. “ 
“အင်း .. “ 

သီတင်းကျွတ်ခါနီးတော့ ရန်ကုန်မြို့ကြီးက လှုပ်ရှားသက်ဝင်နေသည်။ ခရီးထွက်မယ့်သူတွေ၊ မိဘဆီပြန်မယ့်သူတွေ၊ ဝါထွက်မှအရက်သောက်မည့်သူတွေ၊ မင်္ဂလာဆောင်ဖို့ အားခဲထားကြသူတွေနှင့် တက်ကြွလှုပ်ရှားနေတဲ့ ရန်ကုန်မြို့ကြီးကို မြင်နေရသလိုပင်။ 

လှည်းတန်းစင်တာထဲမှာ ဝေယံနှင့် အတင့်တို့ ကော်ဖီထိုင်သောက်နေကြသည်။ နောက်ငါးမိနစ်လောက်ကြာတော့ .. အရပ်ပုပုနှင့် ကောင်မလေးတစ်ယောက် ရောက်လာသည်။ 

“ကိုကို ရောက်နေတာကြာပြီလား …” 

“အင်း .. မကြာသေးပါဘူး ..” 

“အော် .. ကိုကြီး တင့် လည်း ရောက်နေပြီကိုး.. ဒါနဲ့ .. ကောင်မလေးရော” 

“ခဏနေ လာလိမ့်မယ်” 

ပြောရင်းဆိုရင်းပင် အရပ်ရှည်ရှည်နှင့် ကောင်မလေးတယောက် ဆိုင်ထဲ ထပ်ဝင်လာသည်။ 
အတွဲနှစ်တွဲ၊ လူလေးယောက်၊ ရှော့ပင်းစင်တာတစ်ခုရဲ့ ကော်ဖီဆိုင်မှာရှိနေကြတာက ဘာမှထူးဆန်းတဲ့ အကြောင်းအရာမျိုးတော့ မဟုတ်။ ထုံးစံအတိုင်း အမျိုးသမီးနှစ်ယောက်က စင်တာထဲ ပတ်သည်။ ကော်ဖီဆိုင်မှာတော့ ဝေယံနှင့် အတင့်သာ ကျန်ခဲ့သည်။ 

ဝေယံ က 

“လက်ဆောင်ပေးစရာရှိတယ်” 

“ဘာလက်ဆောင်လဲ .” 

“သီတင်းကျွတ်လက်ဆောင် ..” 

အတင့် မျက်နှာက ပျော်သွားပုံရသည်။ ဝေယံက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး .. 

“လာမယ့် သီတင်းကျွတ်လပြည့်နေ့ည ဆုံနေကြဆိုင်မှာ ဆုံမယ်။ အဲဒီကျမှ လက်ဆောင်ပေးမယ်” 

အဖိတ်နေ့။ 
ရပ်ကွက်ထဲကစေတီမှာ ဆီမီးပူဇော်သူတွေနှင့် စည်ကားနေသည်။ ဝေယံက သူ့ကောင်မလေးနှင့် လက်တွဲပြီး ဘုရားပေါ်ကို တက်လာသည်။ နေ့နံထောင့်မှာ အတူတူဘုရားရှိခိုးပြီး ဆီမီးပူဇော်ကြ၏။ ကောင်းကင်မှာ ရာသီဥတုကလည်း ကြည်လင်နေသလို ချစ်သူနှစ်ဦးတို့ရဲ့ ကြည်နူးတဲ့အပြုံးတွေကလည်း ဆည်းလည်းသံတွေနှင့် သံစဉ်ညီနေလေသည်။ အဲဒီအချိန်မှာပဲ ဝေယံက သက်ပြင်းမောကို ချ ပစ်လိုက်ပြီး .. 

“ကိုယ် ပြောစရာရှိတယ် ရဲရဲ” 

“ပြောလေ ကိုကို ဘာပြောမလို့လဲ” 

“ကိုယ်တို့ … ကိုယ်တို့ .. “ 

ဝေယံက ဆက်မပြောချင်။ အပြစ်ကင်းပြီးပျော်ရွှင်နေတဲ့ ချစ်သူကောင်မလေးရဲ့ မျက်နှာပေါ်က အပျော်တွေကို သူ့ရဲ့စကားလုံးတွေနှင့် မဆိတ်သုန်းစေချင်ဘူး။ ဒါပေမဲ့ .. စိတ်ကူးထဲမှာကလည်း အတင့်ရဲ့ မျက်နှာကို မြင်ယောင်လာမိပြန်သည်။ နောက်ထပ် .. သက်ပြင်းမောကို ထပ်ချလိုက်ပြီး .. 

“ဒီနှစ်.. ကိုကိုတို့ .. မင်္ဂလာဆောင်ဖို့မဖြစ်နိုင်သေးဘူး”  

ရဲရဲ ရဲ့ မျက်နှာမှာ ဝမ်းနည်းသွားတဲ့အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။ သို့သော် ခဏလေးသာ။ ချက်ချင်းပဲ ရဲရဲက မျက်နှာပေါ်မှာ အပြုံးတစ်ခုရောက်လာခဲ့ပြီး .. 


“ဘာဖြစ်လဲ .. ကိုကိုရဲ့ .. နောက်နှစ်ပေါ့” 

အမှန်တကယ်တော့ ဝေယံ ပြောချင်ခဲ့တဲ့ စကားတွေက ဒီထက်ပိုပြီး ရက်စက်မယ့်စကားလုံးတွေဖြစ်သည်။ ဒါပေမဲ့လည်း ဘာအပြစ်တစ်ခုမှမလုပ်ထားရဘဲနှင့် ချစ်သူကောင်မလေးကို ရက်ရက်စက်စက်လမ်းခွဲစကားမပြောရက်ပေ။ အဲဒီလိုပဲ ရဲရဲ အနေနဲ့လည်း ဘာမှမဖြစ်သလိုသာ ဖော့ပြောလိုက်ပေမဲ့ အိမ်ရောက်ရင် လူကြီးတွေမေးတာကို ဘယ်လိုပြန်ဖြေရမလဲဆိုတာ တွေးပြီးစိတ်ညစ်လာမိသည်။ နောက်ထပ်ဝါမဝင်ခင်အထိ အိမ်က “မယူသေးဘူးလား .. မယူသေးဘူးလား ..” ဆိုတဲ့ တဂျီဂျီမေးသံကို ရင်ဆိုင်ရဦးတော့မည်။ 
အဲဒီနေ့က အိမ်ပြန်လာတော့ ဝေယံက အတင့်နှင့် ဖုန်းမပြောဖြစ်။ ဝေယံတစ်ယောက် မပြတ်သားနိုင်တဲ့ ကိုယ့်စိတ်ကိုယ် အားမလိုအားမရဖြစ်ပြီး ခေါင်းအုံးကိုသာ လက်သီးနှင့်တရစပ်ထိုးနေမိတော့သည်။ 

“သီတင်းကျွတ် ..ညလေး .. တစ်ည .. ပြန်လည်ကာ … အမှတ်ရမိပါတယ်..”


သီချင်းသံကပျံ့လွင့်နေသည်။ လပြည့်ညမှာ ဘုရားမှာတင်မဟုတ်။ လမ်းထဲမှာတင် လူတွေစည်ကားနေကြသည်။ ဘီယာဆိုင်မှာတော့ .. ဝေယံနှင့်အတင့်။  

“ချီးယား .. “ 

“ချီးယား .. “ 

နှစ်ယောက်စလုံးကိုယ့်အကြောင်းကိစ္စနှင့်ကိုယ်ဆိုတော့ တရှိန်ထိုးမော့ချပစ်လိုက်ကြတာ ၃ပုံ၂ပုံလောက်အထိ ကျိုးသွားသည်။ ပြီးတော့ .. နှစ်ယောက်စလုံးပြိုင်တူထွက်လာတာက .. 

“ပြောစရာရှိတယ်” 
“ပြောစရာရှိတယ်” 

ပြီးတော့ .. တယောက်ကိုတယောက်ကြည့်ပြီး အရင်ပြောဆိုသည့်သဘောနှင့် မေးဆတ်ကြလိုက်တာကလည်း အတူတူပင်။ နှစ်ယောက်သား အသံထွက်အောင်ရယ်မိကြသည်။ ထုံးစံအတိုင်း ..ဝေယံကပဲ .. အလျှော့ပေးလိုက်ပြီး .. 

“ကဲ.. ပြော.. “ 

“ငါတို့.. မင်္ဂလာပွဲ ဒီနှစ်လည်းမဖြစ်တော့ဘူး .” 

“တကယ် .. “ 

ဝေယံ အရမ်းပျော်သွားသည်။ အတင့်က ဆေးလိပ်တလိပ်ကိုမီးညှိလိုက်ပြီး .. 

“မင်းပေးမယ်ဆိုတဲ့ လက်ဆောင်ကရော.. “ 

“ငါလည်း ဒီနှစ် မင်္ဂလာဆောင်စရာမလိုသေးဘူးဆိုတဲ့လက်ဆောင်လေ” 

အတင့်က လက်ထဲက ဆေးလိပ်ကိုပြာချွေလိုက်ပြီး .. 

“ဒါပဲလား ..” 

“ဘာပဲပြောပြော တစ်နှစ်သက်တမ်းထပ်တိုးတာက ပျော်စရာကောင်းတဲ့လက်ဆောင်ပဲမဟုတ်ဘူးလား” 

အတင့်က မျက်စောင်းတချက်ထိုးပြီး .. 

“ဒါနဲ့ လေးနှစ်ရှိနေပြီ .. ငါ့ဘက်က ပြဿနာမရှိလို့ .. ငါ့ကောင်မလေးကို လမ်းခွဲစရာမလိုဘူး။ မင်းဘက်ကတော့ ပြဿနာရှိတယ်လေ။” 

ဝေယံက ဘီယာခွက်ထဲကို အကြောင်းမဲ့ငေးကြည့်နေရင်း .. 

“ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ လမ်းခွဲစကားပြောရမလဲ မစဉ်းစားတတ်တော့ဘူး” 

“မင်း ပြတ်သားဖို့လိုမယ်နော်” 

“ငါသိပါတယ် .. ဒါပေမဲ့ .. “ 

ဝေယံက စကားတွေ ဆက်မထွက်လာဘဲ … တိတ်ဆိတ်သွားသည်။ 
အဲဒီအချိန်မှာပဲ အတင့်က .. 

“အခု သီတင်းကျွတ်ပြီးရင် .. တန်ဆောင်တိုင်၊ ပြီးရင် ခရစ္စမတ်၊ ဟတ်ပီးနယူးရီယား၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ သင်္ကြန်၊ မေဒေးနေ့၊ ဝါဆိုလပြည့်နေ့ ဒါတွေပြန်လာတော့မှာ .. ငါအရင်လို ခိုးကြောင်ခိုးဝှက်အရက်မသောက်နိုင်တော့ဘူး” 

အတင့်ရဲ့ လေသံတွေက မာသည်။ ပြီးတော့ သူကလည်း တခုခုကို ဆုံးဖြတ်ပြီးသွားပုံရသည်။ ဝေယံက .. မျက်နှာငယ်လေးနှင့် .. 

“ငါ ဆက်ကြိုးစား .. ကြည့် .. “ 

အတင့်က လက်ကာပြလိုက်သည်။ 

“ငါ ၃ရက်အချိန်ပေးမယ်။ အဲဒီ၃ရက်အတွင်း .. အရက်ကိုပေါ်ပေါ်တင်တင်သောက်ခွင့်ရအောင်လုပ်ရင်လုပ်၊ မဟုတ်ရင် မင်းကောင်မလေးကို ဖြတ်လိုက်။ အဲဒီ နှစ်ခုစလုံးမလုပ်နိုင်ရင်တော့ .. နောက်ကို ငါတို့ ဘယ်တော့မှ အရက်တူတူမသောက်တော့ဘူး” 

အတင့်ရဲ့ ပြတ်သားတဲ့ စကားတွေကြောင့် ဝေယံ လည်း ဆုံးဖြတ်ချက်တစ်ခုကို ဒုံးဒုံးချပြီး .. ဖုန်းခေါ်လိုက်သည်။ 

“ဟဲလို .. “ 

“ကိုကိုပြောလေ” 

“အခု .. ဘာလုပ်နေလဲ .. “ 

“ဘုရားဆီမီးပူဇော်နေတယ်” 

“ကိုယ်ဒီနေ့ကနေ စပြီး.. အရက်သောက်ချင်တဲ့အချိန်သောက်မယ် .. အဲဒါကို ခွင့်ပြုမလား .. “ 

ဝေယံရဲ့ အသံက ပြတ်သားရဲရင့်နေသည်။ ရဲရဲက .. 

“အင်း ခွင့်ပြုပါတယ်.. ကိုကို သောက်ချင်တဲ့အချိန်သောက်လေ” 

ဝေယံ အံ့အားသင့်သွားကြသည်။ အဲဒီလောက်ထိ လွယ်ကူလိမ့်မယ်လို့တောင် မထင်ခဲ့။ ဒါပေမဲ့ .. ရဲရဲ ရဲ့ နောက်ဆက်တွဲစကားကတော့ .. 

“ဒါပေမဲ့ ကိုကို .. အရက်သောက်ပြီးရင် .. နွဲ့သွားတာတွေ၊ ခြောက်သွားတာတွေ မဖြစ်ပါဘူးဆိုတဲ့ကတိသာပေး။ ကြိုက်တဲ့အချိန်သောက် .. “ 

ဝေယံမှာ ဖုန်းကို အလျင်အမြန်ချပစ်လိုက်သည်။ ပြီးတော့ .. အတင့်ဘက်လှည့်ကာ .. 

“သောက်ခွင့်ပြုလိုက်တယ်”

အတင့်က .. ဇဝေဇဝါမျက်နှာပေးနှင့် .. 

“သေချာလို့လား ..” 

“သေချာပါတယ် ..တခုပဲ ..” 

“ဘာလဲ .. “ 

“ငါ့ကို မူးသွားရင် နွဲ့နွဲ့မသွားနဲ့၊ ခြောက်ခြောက်မသွားနဲ့တဲ့” 

အတင့်က သူ့ဆံပင်ကို ခါလိုက်ပြီး .. 

“ငါ့ကောင်မလေးကလည်း ငါ့ကို အဲဒီလိုမှာလိုက်တာပဲ.. “ 

နှစ်ယောက်သား အခုမှ စိတ်လက်ပေါ့ပါးစွာရယ်လို့ရတော့သည်။ ပြီးတော့ .. နှစ်ယောက်သား တယောက်ကိုတယောက် နာမည်ပေးလိုက်ကြသည်။ 

“ဟေ့ကောင် .. မူးနွဲ့..” 

“ဟေ့ကောင် .. မူးခြောက်..” 

ပြီးတော့ တယောက်ပုခုံးတယောက်ဖက်ပြီး အိမ်ပြန်လမ်းမှာ .. သီချင်းတွေ‌ အော်ဆိုပြီး ပြန်လာခဲ့ကြသည်။ နှစ်ပေါင်းများစွာလိပ်ခဲတည်းလည်းဖြစ်နေတဲ့အရာ၊ ဖုန်းကွယ်ထားတဲ့အရာတွေကို ဒီနေ့မှာ ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။ ဘာဖြစ်လို့လည်းဆိုတော့ .. သူတို့ အိမ်ထောင်ပြုဖို့ တွေဝေနေတာ၊ တွန့်ဆုတ်နေတာတွေက အရက်သောက်ပြီးရင် ဖြစ်ဖြစ်သွားတတ်တဲ့ သူတို့ရဲ့ စရိုက်တွေကြောင့် ဖြစ်ပြီး .. အခုတော့ .. ကောင်မလေးတွေက ဒီစရိုက်တွေကို သိရှိသွားပြီဆိုတော့ .. ဖုန်းကွယ်ထားစရာမလိုတော့ပေ။ သူတို့ မူးချင်သလောက်မူးမယ်၊ ပြီးရင် နွဲ့ချင်သလောက်နွဲ့မယ်၊ ခြောက်ချင်သလောက်ခြောက်မယ်ဆိုပြီး .. လောကကြီးကို စိန်ခေါ်ကာ အဲဒီ သီတင်းကျွတ်လပြည့်ညမှာ ပလပ်ကျွတ်အောင် တဆိုင်ဝင်တဆိုင်ထွက်အရက်တွေသောက်ပြီး တယောက်ပုခုံးတယောက်ဖက်ပြီး အိမ်ပြန်လမ်းမှာ .. သီချင်းတွေ‌ အော်ဆို၍ ပြန်လာခဲ့ကြသည်။

သူတို့ကောင်မလေးတွေကတော့ ဘုရားမှာ ဆုတောင်းနေကြသည်။ ကိုယ့်ချစ်သူကောင်လေးတယောက် .. ယောကျ်ားပီပီသသနှင့် မနွဲ့မခြောက်ဘဲ .. အရက်မူးတဲ့သူဖြစ်ပါရစေဆိုပြီး … သီတင်းကျွတ်လပြည့်ညမှာ ဆုတောင်းနေကြလေရဲ့။         ။ 

ခြူသစ်မောင် 

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ChuThitMg




Some text some message..