မုဆိုးဒီးဒီး၏ တောတွင်းစွန့်စားခန်းများ .........အခန်း(၂) နတ်ခိုက်သောကလေးငယ်
lotaya.mpt.com.mm
|
2023-10-28

အခန်း() နတ်ခိုက်သောကလေးငယ်

(၁)

"ရွှီး . . .ဝုန်း"

"ဒက် . .ဒက် . .ဒက်"

ထိုညတွင်လည်း တောင်ကြောကြီးပေါ်မှတိုက်ခိုက်သံများကို ထပ်မံကြားရပြန်သည်။ ပုခက်အတွင်းသိပ်ထားသည့် ဒီးဒီးကလေးမှာ လန့်လန့်နိုးသွားသဖြင့် နော်အဲမူတစ်ယောက် ကလေးကိုချီပိုးကာ ချော့မြှူရသည်။ ဒီးဒီးမှာ ယမန်နေ့ညက သူတို့ရွာအနီး တိုက်ပွဲဖြစ်သဖြင့် လက်နက်ကြီးများကျရောက်ပေါက်ကွဲသံများကို ကြားခဲ့ဖူးပြီး လန့်နေခြင်းဖြစ်မည်။ ဦးစောထီးကတော့ တစ်နေ့လုံးတောတိုးထားရသဖြင့် မောပန်းကာ တခေါခေါနှင့် အိပ်မောကျနေလေသည်။

"အိပ်ပါသားလေးရယ်၊ ဘာမှမဖြစ်ဘူးနော်"

နော်အဲမူက ဒီးဒီးကိုချီပိုးထားရင်း ဒီးဒီးမျက်နှာကလေးကိုကြည့်လိုက်မိသည်။ မျက်လုံးမျက်ဆန်နက်နက်၊ ကော့ညွှတ်နေသည့် မျက်တောင်မွှေးများအပြင် နှာတံပေါ်ပေါ်နှင့် ဖြူဝင်းသောအသားအရည်ရှိသဖြင့် ကြည့်ပျော်ရှုပျော်ရှိသည့် ရုပ်ရည်ဖြစ်သည်။

"ငါ့သားလေးက လူချောလေးပဲဟဲ့ . . ."

စိတ်ထဲမှတွေးလိုက်ရင်းပြုံးမိသည်။ ထို့နောက် နော်အဲမူခေါင်းထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာပြန်သည်။

"အို၊ ဒီကလေးက အချိန်တန်ရင် သူ့မိဘဆွေမျိုးတွေလက်ထဲကို ပြန်ထည့်ပေးရမှာပဲ၊ ငါ့သားလို့ တွေးလို့တော့မဖြစ်သေးပါဘူးလေ. . ."

နော်အဲမူစိတ်ကိုဖြေလိုက်ပြီး ကလေးငယ်၏ ကျောကုန်းကိုလက်ဖြင့်ခပ်ဖွဖွကလေး ပုတ်ပေးနေလေရာ ဒီးဒီးကလေးလည်း အိပ်မောကျသွားလေသည်။ ထိုအခါ နော်အဲမူက ကလေးငယ်အား အိပ်ရာထဲသို့ထည့်ရန်ပြင်ဆင်လိုက်သည်။ ကလေးငယ်မှာ နော်အဲမူလက်မှချလိုက်သည့်အခါ သည်းထန်စွာငိုကြွေးသဖြင့် နော်အဲမူလည်း ကလေးငယ်ကို အမြန်ကောက်ချီလိုက်ရသည်။

"အောင်မယ်၊ လူဆိုးလေး၊ လက်ကြိုက်နေပြီလား"

သွေးမတော်၊ သားမစပ်သော်လည်း နော်အဲမူက ကလေးငယ်ကိုချီပွေ့လျက် တစ်ညလုံးအိမ်ပေါ်တွင်လမ်းလျှောက်ကာ ပွတ်သိပ်ပေးနေရလေသည်။ ထိုအခိုက် ခြင်ထောင်ထဲသို့လှမ်းကြည့်လိုက်ရာ ဦးစောထီးမှာ ခြေပစ်လက်ပစ်အိပ်နေပြီး တခေါခေါနှင့်ပင် ဟောက်နေသေးသည်။ နော်အဲမူက ဦးစောထီးကိုကြည့်ပြီး မျက်စောင်းထိုးလိုက်ကာ မဲ့ပြုံးပြုံးလိုက်သည်။

"သူကျတော့ ဇိမ်ယူပြီးနှပ်လို့၊ ငါ့မှာတော့ ကလေးတစ်ကောင်နဲ့"

နော်အဲမူက ခြင်ထောင်အနီးသို့သွားလိုက်ပြီး ဦးစောထီး၏ ခြေဖဝါးကို ခြေထောက်နှင့်ကန်ထည့်လိုက်ရာ ဦးစောထီးမှာ ယောင်ယမ်းပြီး ငုတ်တုတ်ထထိုင်လေသည်။

"မြွေ . . . မြွေကြီး"

ဦးစောထီးက ငုတ်တုတ်ထိုင်ရင်း ယောင်ယမ်းကာ အော်လိုက်သေးသည်။

"ရှင့်မှာလည်း အိပ်မက်ထဲလည်း အမဲလိုက်နေရတာလား၊ အမြဲတမ်း မြွေတွေ့လိုက်၊ ပြောင်တွေ့လိုက်နဲ့"

ဦးစောထီးက ခေါင်းကုပ်ပြီး

"အေးပါ၊ ငါ့ကိုဘာလို့နှိုးတာလဲ၊ အဲမူရဲ့"

"မိုးလင်းတော့မယ်၊ ဒီကလေးက လက်ပေါ်ကချမရဘူးတော်၊ ကျုပ်လည်း တစ်ညလုံးလမ်းလျှောက်ပေးရလို့ ညောင်းချိပြီးသေတော့မယ်၊ အဲဒါ ရှင်တစ်လှည့်ချီ"

ဦးစောထီးလည်း ခြင်ထောင်ထဲမှထွက်လိုက်ပြီး ကလေးငယ်ကိုပွေ့ယူလိုက်သည်။ ထို့နောက် ကလေးမျက်နှာကိုကြည့်လိုက်ကာ

"အလို ငါ့သားက နိုးနေပါရောလား"

"နိုးမှာပေါ့၊ တစ်ညလုံးလူပေါ်မှာအိပ်ထားတာကိုး၊ ရှင့်ကလေးကို ရှင့်ဖာသာရှင်ဆက်ထိန်း၊ ကျုပ်တော့အိပ်ပြီ"

နော်အဲမူက ခြင်ထောင်ထဲသို့ဝင်သွားကာ လှဲချလိုက်သည်နှင့် ခဏအတွင်းအိပ်ပျော်သွားတော့သည်။ ဦးစောထီးက ကလေးငယ်ကိုချီပိုးရင်း သားကောင်များ၏ အော်သံများကို ပါးစပ်ဖြင့်ပြုလုပ်ပြလေရာ ကလေးငယ်မှာ သဘောကျသဖြင့် တခစ်ခစ်နှင့်ရယ်မောနေလေသည်။

"အောင်မယ်၊ ဒီကောင်လေးက သားကောင်တွေကို သဘောကျသား၊ ကြီးလာရင် အဖေ့လို မုဆိုးလုပ်ကွာ၊ ဟုတ်ပြီလား"

ဘာမှသိပ်နားမလည်သေးသည့် ဒီးဒီးကလေးမှာ တခစ်ခစ်နှင့်ရယ်မောနေတော့သည်။

(၂)

မနက်မိုးလင်းခါစရှိသေးသည် ဦးစောထီးအိမ်တွင်ရွာသားများ တရုံးရုံးဖြစ်နေကြသည်။ ကလေးငယ်အား လာရောက်ကြည့်ရှုကြရင်း ဆိတ်နို့ပေးသူကပေး၊ ထမင်းတိုက်ခွံ့သူကခွံ့နှင့် ဗျာများနေကြသည်။ ဦးစောထီးတို့လင်မယားမှာ ကလေးတစ်ယောက်မှ မမွေးဖူးသဖြင့် အခုလိုအသက်ကြီးသည့်အချိန်မှ ကလေးတစ်ယောက်ရသည့်အတွက် အထူးအဆန်းဖြစ်နေကြသည်။ သားသည်မိခင်များက ပြောသည့်စကားများကို နော်အဲမူက အသေအချာလိုက်မှတ်ကာ သင်ယူနေရသည်။

မနက်ကိုးနာရီခန့်တွင် နတ်ဆရာကြီးနှင့် ရွာလူကြီးတို့ရောက်လာကြသည်။ ဦးစောထီးက သူတို့အား နေရာထိုင်ခင်းပေးလိုက်လေသည်။

"ဒါနဲ့ မင်းတို့ဒီကလေးကို ဘယ်တော့သွားပြန်ပေးမှာလဲ"

ရွာလူကြီးကမေးလိုက်သဖြင့် ဦးစောထီးတွေဝေသွားသည်။ စိတ်ရှိသည့်အတိုင်းဆိုလျှင်တော့ ဒီကလေးကို ပြန်မပေးဘဲ တစ်သက်လုံးခေါ်ယူမွေးစားထားလိုက်ချင်သည်။ ဦးစောထီး တွေဝေသွားသည်ကို ရွာလူကြီးဦးမြဖီးကလည်း ရိပ်မိသည်။

"စောထီးရာ၊ မင်းတို့လင်မယားမှာ ကလေးမရှိတော့ ဒီကလေးကို သံယောဇဉ်ဖြစ်နေတယ်ဆိုတာ ငါနားလည်ပါတယ်၊ မင်းတို့ရဲ့အခြေအနေနဲ့ ဒီကလေးကို လူလားမြောက်အောင် ကျွေးမွေးထားနိုင်တယ်ဆိုတာလည်း ငါသိတယ်၊ ဒါပေမယ့် ဒီကလေးက မင်းတို့မွေးထားတဲ့ကလေးမဟုတ်ဘူးကွ"

ဦးစောထီးက အိမ်ပေါ်သို့တစ်ချက်ကြည့်လိုက်သည်။ နော်အဲမူနှင့် ကလေးအမေတစ်ယောက်မှာ ဒီးဒီးကလေးအား ထမင်းခွံ့ရင်း ဒီးဒီးစားသည်ကိုမြင်သည့်အခါ ပျော်ရွှင်ရယ်မောနေကြလေသည်။ တွေဝေနေသည့်ဦးစောထီးကိုကြည့်ကာ ဦးမြဖီးက ဆက်ပြောသည်။

"မင်းတို့တောင် ဒီကလေးကို ဒီလောက်ချစ်တာကွာ၊ သူ့မိရင်း ဖရင်းတွေဆို ဘယ်လောက်တောင်ချစ်ကြမလဲ၊ ပြီးတော့ ဒီကလေးပျောက်သွားလို့ သူတို့ဘယ်လောက်တောင် စိတ်ပူနေကြမလဲကွ"

"ဟာဗျာ၊ အကိုမြဖီးရာ၊ ဒီကလေးအမေက ကလေးကို သူကိုယ်တိုင်ပေးခဲ့တာပါလို့ ကျုပ်ပြောပြီးသားလေ"

"မဟုတ်ဘူးစောထီး၊ သူ့အမေက ပေးတယ်ဆိုအုံးတော့၊ သူ့မှာအဖေရှိရင်ရှိမယ်၊ နောက်ပြီး အဘိုးအဘွားတွေ၊ ဆွေမျိုးတွေရှိရင် ရှိအုံးမယ်လေကွာ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ သူများသားသမီးကို အခုလို ခိုးယူထားသလို မွေးထားတာထက်၊ သူ့ဆွေရင်းမျိုးရင်းတွေလက်ထဲကို ပြန်အပ်လိုက်တာပဲ ကောင်းပါတယ်ကွာ"

ဦးစောထီးတွေဝေသွားသည်။ အိမ်တိုင်ကိုမှီပြီးထိုင်ချလိုက်မိသည်။ သူတစ်ချိန်က အဖြစ်များကို ပြန်လည်တွေးတောနေမိသည်။ ထိုစဉ်က ဦးစောထီးတောလည်ရင်း မျောက်မကြီးတစ်ကောင်ကို ပစ်ခတ်မိသည်။ ကံဆိုးချင်တော့ မျောက်မကြီးကျောကုန်းတွင် မျောက်သားပေါက်ကလေးတစ်ကောင်က တွယ်ကပ်နေလေသည်။ သို့နှင့် ဦးစောထီးတစ်ယောက် မျောက်ကလေးကို အိမ်တွင်မွေးမြူထားသည်။ သို့သော် ထိုမျောက်ကလေးမှာ အိမ်တွင်မပျော်ပေ၊ အားတိုင်း တောအုပ်အတွင်းသို့သာ ပြန်ပြေးချင်နေလေသည်။ ထို့ကြောင့် ဦးစောထီးမှာ မျောက်ကလေး၏ ခြေထောက်ကို သံကြိုးဖြင့်ချည်ကာ အိမ်တိုင်တွင်ချည်ထားခဲ့သည်။

ဦးစောထီး အမဲလိုက်ပြီး မျောက်ကလေးအတွက် ငှက်ပျောတစ်ဖီးကိုင်ကာ အိမ်ပေါ်သို့တက်လိုက်သည့်အချိန် မျောက်ကလေးမှာ အသက်ကင်းမဲ့နေလေသည်။ အိမ်မှထွက်ပြေးရန်ကြိုးစားရင်း ခြေထောက်တွင်ချည်ထားသည့် သံကြိုးမှာ လည်ပင်းကိုပတ်မိကာ တွဲလောင်းဆွဲလျှက်သားဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်သည်။ ထိုစဉ်က ဦးစောထီးမှာ ယောက်ျားကြီးတန်မဲ့မျက်ရည်ကျဖူးသည်။ ထိုအဖြစ်များကိုတွေးရင်း အခုလည်း ကလေးငယ်ကို မျောက်ကလေးလို အဖြစ်မျိုးကို မဖြစ်စေလိုပေ။

"အင်းလေ၊ ငါသာ အဲဒီတုန်းက မျောက်ကလေးကို သူ့အမျိုးတွေရှိတဲ့ တောထဲကိုပြန်ပို့ပေးခဲ့ရင် မျောက်ကလေးသေသွားမှာမဟုတ်ဘူး"

ဦးစောထီးက စိတ်ထဲမှရေရွတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်လေသည်။

"ကောင်းပါပြီအကိုမြဖီးရာ၊ ကျုပ်တို့ သူ့မိဘတွေကိုရှာဖွေပြီး ပြန်ပို့ကြတာပေါ့"

ဦးမြဖီးလည်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ စောထီး၊ ငါလှည်းပြင်ထားလိုက်မယ်၊ တို့တွေ ဒုံက၀ရွာကို သွားကြမယ်"

(၃)

မင်းလွင်တောင်တန်းကြီးက အလျားလိုက်ဖြောင့်တန်းစွာတည်ရှိသည်။ တောင်တန်းကြီးပေါ်တွင်လည်း ချွန်ထွက်နေသည့် တောင်ထွဋ်များ၊ တောင်ကုန်းများလည်း များစွာရှိသည်။ ထိုတောင်ကုန်းများကိုလည်း အမည်အမျိုးမျိုးပေးထားကြသည်။ တောင်ကုန်းများပေါ်တွင် တောင်ပေါ်ရွာကလေးများရှိကြသော်လည်း တောလမ်းခရီးဖြင့်သာ ရွာချင်းနီးကပ်နေပြီး အခြားလမ်းမှသွားလျှင်တော့ မင်းလွင်တောင်တန်းကြီးကို ကွေ့ပတ်ကာ သွားရလေသည်။

ယခုလည်း ကျားခေါင်းတောင်ပေါ်တွင်ရှိသည့် ရွာကလေးမှာ တောအုပ်အတွင်းမှသွားလျှင် နီးကပ်သော်လည်း လှည်းလမ်းကြောင်းမှသွားလျှင်တော့ တောင်တန်းကြီးကို ပတ်ပြီးသွားရောက်ရသဖြင့် အလွန်ဝေးကွာပေသည်။ ကျားခေါင်းတောင်ပေါ်သို့တက်ရန်အတွက် ဒုံက၀ဟူသည့် ရွာကလေးထံမှ တက်ရောက်ရခြင်းဖြစ်သည်။ လှည်းပေါ်တွင် ဦးမြဖီးနှင့် လှည်းမောင်းသမား၊ ဦးစောထီး၊ နော်အဲမူက ဒီးဒီးကလေးကို ပွေ့ချီလျှက်၊ ကာလသားတစ်ယောက်က အဖော်အဖြစ်နှင့် ငါးဦးခန့်လိုက်ပါလာခဲ့ကြလေသည်။ ဦးစောထီးတို့၏ ကော့ကဒုံရွာကလေးမှ လှည်းလမ်းဖြင့်ခရီးနှင်မည်ဆိုပါက ဒုံက၀ရွာသို့ နေ့တစ်ဝက်ခန့် ခရီးနှင်ရလေသည်။

နေ့လည်မွန်းလွဲပြီးတော့မှ ဒုံက၀ရွာသို့ ရောက်လာခဲ့တော့သည်။ ဒုံက၀ရွာကလေးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ဦးမြဖီးက ရွာအတွင်းသို့ဝင်ပြီး စုံစမ်းကြည့်တော့မှ ဒုံက၀ရွာသူကြီးက ထွက်လာလေသည်။

"ကျုပ်တို့ ကျားခေါင်းတောင်ပေါ်က ရွာကလေးဆီကနေ ကလေးလေးတစ်ယောက်ရထားလို့ပါ၊ သူ့မိဘတွေ၊ ဆွေမျိုးတွေရှိမလားလို့ လာရောက်စုံစမ်းတာပါ"

ဦးမြဖီးနှင့် ရွာလူကြီးမှာ အတန်ကြာစကားပြောဆိုပြီးသောအခါ လှည်းကိုရွာအတွင်းသို့မောင်းဝင်လာကြသည်။ တောင်ခြေရွာကလေးတစ်ရွာဖြစ်သော ဒုံက၀ရွာကလေးမှာ အေးချမ်းတိတ်ဆိတ်နေလေသည်။ လှည်းကို ခြံဝန်းအကျယ်ကြီးအတွင်း မောင်းဝင်လာပြီး ခြေတံရှည်အိမ်ကြီးတစ်လုံး၏ အရှေ့တွင်ရပ်လိုက်ကြသည်။ ခြေတံရှည်အိမ်ကြီး အောက်ဘက်တွင်တော့ မြေကြီးတွင်းတူးထားပြီး သစ်လုံးများဖြင့် ထောက်ကန်ထားသည့် ဗုံးခိုကျင်းတစ်ခုရှိသည်။

သူတို့လှည်းပေါ်မှဆင်းလိုက်သည့်အခါ ကလေးတစ်ချို့ပြေးလာကြသည်။

"တောင်ပေါ်ရွာက လူတွေထွက်လာစမ်းဗျ၊ ဒီမှာ နည်းနည်းမေးမြန်းရအောင်"

တောင်ပေါ်ရွာကလေးမှ လူများမှာ စစ်ဘေးဒဏ်ကြောင့် ဒုံက၀ရွာသို့ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။ ထိုအခါ အသက်ခပ်ကြီးကြီးကရင်အဘွားကြီးတစ်ယောက်က တုတ်ကောက်ကြီးအားပြုလျှက် ထွက်လာလေသည်။

"မင်းတို့က ဘာမေးချင်လို့လဲ"

"ကျုပ်နာမည် စောထီးပါ၊ ကျုပ်က မုဆိုးပါ၊ မနေ့တစ်နေ့က တောင်ပေါ်ကိုအမဲလိုက်ထွက်ရင်းနဲ့ ကျားခေါင်းရွာကို ရောက်သွားခဲ့ပါတယ်၊ အဲဒီရွာကနေ ဒီကလေးကိုတွေ့လို့ ခေါ်ယူမွေးထားလိုက်ပါတယ် အဖီး၊ ဒီကလေးက ဘယ်သူ့သားသမီးလဲဆိုတာကို ကျုပ်တို့သိချင်လို့ပါ၊ သူ့ဆွေမျိုးတွေကိုလည်း ဒီကလေးကို ပေးချင်လို့ပါ"

နော်အဲမူက ကလေးကို အဘွားကြီးအနီးသို့ ကပ်ပြလိုက်သည်။ အဘွားကြီးက ဒီးဒီးကို အသေအချာကြည့်ပြီး

"ဒီကောင်လေးက ဒီးဒီးလို့ခေါ်တဲ့ ကောင်ကလေးပဲ"

ဦးစောထီးနှင့် နော်အဲမူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

"ဒါဆိုရင် သူ့မိဘတွေရော၊ သူ့ဆွေမျိုးတွေရော"

အဘွားကြီးက မျက်နှာမသာမယာဖြစ်သွားပြီး ခေါင်းခါလိုက်လေသည်။

"ဒီကလေးလေးက သိပ်ကံဆိုးရှာတာပေါ့ကွယ်၊ သူ့အပါးကိုလက်နက်ကိုင်အဖွဲ့တွေကလွန်ခဲ့တဲ့ ခြောက်လလောက်က ဖမ်းခေါ်သွားကြတယ်ကွဲ့၊ သေသလားရှင်သလား မသိပါဘူးကွယ်၊ သူတို့က တို့ရွာကလေးကို ပြောင်းရွှေ့လာနေကြတဲ့သူတွေ၊ ဆွေမျိုးတွေဘာတွေလည်း မရှိရှာဘူးထင်ပါတယ်"

"တောင်ပေါ်ရွာအနားမှာ တိုက်ပွဲဖြစ်တော့ အဖီးတို့လည်း တောင်ပေါ်ကနေအသက်လုပြီး ပြေးဆင်းလာရတာပဲ၊ သူ့အမိုးကိုတော့ အဖီးတို့သတိမထားမိဘူး၊ တစ်နေရာရာမှာ ပုန်းရှောင်နေတယ်ပဲထင်ခဲ့တာ၊ ဒါနဲ့ မင်းဘယ်ကတွေ့တာလဲ"

"ကျုပ်သွားတော့ သူ့အမိုးက ကလေးကိုပိုက်ပြီး သေနေပြီဗျ၊ ဗုံးဆန်တွေလည်း တစ်ကိုယ်လုံးမှန်ထားတာပဲ၊ ဒါဆိုအဖီး၊ ဒီကလေးမှာ အခုဆွေမျိုးနီးစပ်တွေ မရှိတော့ဘူးပေါ့နော်"

"အေးပေါ့ကွယ်၊ ကောင်လေးက ကံဆိုးရှာပါတယ်"

"ဒါ . .ဒါဆို ဒီကလေးကို ကျုပ်တို့ မွေးစားလို့ရမလား"

အဘွားကြီးက ခေါင်းညိတ်သည်။

"အေးပေါ့ကွယ်၊ မွေးစားနိုင်တဲ့လူရှိရင်တော့ ကောင်းတာပေါ့ကွဲ့"

ထိုအခါ ဦးစောထီးနှင့် နော်အဲမူတို့ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်ကြပြီး အလွန်ကျေနပ်အားရစွာ ပြုံးလိုက်ကြလေသည်။

"ကြားတယ်နော် အကိုမြဖီး၊ ဒီကလေးမှာ အပါးလည်းမရှိတော့ဘူး၊ အမိုး ကလည်း သေပြီ၊ ဆွေမျိုးသားချင်းတွေလည်း မရှိတော့ဘူးတဲ့"

ဦးမြဖီးက ခေါင်းညိတ်သည်။

"အေးပါစောထီးရာ၊ ဒီလိုဆိုတော့လည်း ငါတို့စိတ်ပြတ်သွားတာပေါ့ကွ၊ ကဲကဲ၊ ကလေးကိုမွေးစားမယ်ဆိုရင် တရားဝင်ဖြစ်အောင် လူကြီးစုံရာရှေ့မှာ တောင်းယူရသကွ၊ ကဲ အခုနှစ်ဖက်ရွာလူကြီးအရှေ့မှာ မင်းက ဒီအဖီးဆီကနေ ကလေးကိုတောင်းယူကွာ"

ထိုအခါ ဒုံက၀ရွာမှ ရွာလူကြီးက ပြည်တောင်းတစ်တောင်းတွင် ဆန်ထက်ဝက်ခန့်ထည့်ပြီး အပေါ်မှ ကွမ်းယာ၊ ဆေးလိပ်နှစ်လိပ်နှင့် ဦးစောထီးတို့က ပိုက်ဆံများကို လိပ်ပြီးတင်လိုက်လေသည်။ ထို့နောက် အဘွားကြီးအရှေ့တွင်ချပေးလိုက်သည်။ အဘွားကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက်

"ကဲ၊ ဒီကလေးရဲ့ မိဘများ၊ ဒီကလေးနဲ့သင်တို့ဟာ ဘ၀ချင်းခြားသွားပြီးဖြစ်လို့ ကလေးငယ်ကိုသင်တို့မစောင့်ရှောက်နိုင်တော့ပါ၊ အခုတော့ စောင့်ရှောက်ကျွေးမွေးမယ့်လူရှိပြီး တောင်းယူနေပြီဖြစ်သဖြင့် သင့်ကလေးကို သင်တို့စိတ်ဖြတ်လိုက်ပါ၊ ဒီကနေ့ ဒီအချိန်ကစပြီး ဒီကလေးဟာ သူတို့ရဲ့ကလေးဖြစ်သွားပါပြီ၊ သင်တို့ကျေနပ်ကြပါ"

ထိုအခါ ရွာလူကြီးအိမ်ရှေ့တွင်စိုက်ပျိုးထားသည့် သစ်ပင်များသည် တဖြန်းဖြန်းမြည်အောင်လှုပ်ခါကြလေသည်။ ဦးစောထီးနှင့် အခြားသူများပါ ထိုအဖြစ်ကိုကြည့်ပြီး အံ့ဩကုန်ကြသည်။ ထို့နောက် ဓလေ့ထုံးစံအတိုင်း ကလေးငယ်၏ကိုယ်တွင်ဝတ်ထားသည့် အဝတ်များကိုချွတ်ပစ်လိုက်ပြီးနောက် ရေနွေးထဲတွင် ကွမ်းရွက်များချွေထည့်ကာ စတိအနေဖြင့် ရေချိုးပေးလိုက်လေသည်။ ရေနွေးစပ်ထားသော်လည်း ရေမှာအနည်းငယ်အေးသဖြင့် ဒီးဒီးကလေးမှာ အော်ဟစ်နေလေသည်။ အဘွားကြီးက ကလေးခေါင်းကို လက်နှင့်သုံးချက်သပ်ပေးလိုက်ပြီး 

"မင်းရဲ့ မကောင်းတဲ့ကံတွေ၊ မကောင်းတဲ့အခိုက်တွေအကုန်လုံး ပျောက်ရှင်းသွားပါစေကွယ်"

နောက်တော့မှ နော်အဲမူက သူယူလာသည့်အဝတ်အစားများဖြင့် ကလေးငယ်အားပြန်လည်ဝတ်ပေးလိုက်ပြီးနောက် ဦးစောထီးက အဘွားကြီးနှင့် ရွာလူကြီးအား ငွေသားတစ်ချို့ကန်တော့ခဲ့ပြီး ကော့ကဒုံရွာသို့ ပျော်ရွှင်စွာဖြင့် ပြန်လာခဲ့ကြလေသည်။

ရွာပြင်သို့နွားလှည်းမောင်းထွက်လာပြီး တစ်နေရာရောက်သည့်အခါ တောလမ်းကလေးနံဘေးတွင် မိန်းကလေးတစ်ယောက်ပေါ်လာလေသည်။ ထိုမိန်းကလေးက ဦးစောထီးမြင်တွေ့ခဲ့သည့် ကလေး၏ အမေဖြစ်သူပင်ဖြစ်နေသည်။ ဦးစောထီးက အခြားသူများ မြင်ရသလားဟု အကဲခတ်ကြ့ည့်သော်လည်း အခြားလူများမှာ မမြင်တွေ့ရသည့် ပုံစံမျိုးဖြစ်နေသည်။ ထိုမိန်းကလေးက ဦးစောထီးကိုလက်ပြနှုတ်ဆက်ပြီးနောက်သူတို့လှည်းကြီး ဖြတ်သွားသည်ကို ငေးကြည့်ကာ ပျောက်ကွယ်သွားလေသည်။

"စိတ်ချပါ မိန်းကလေးရာ၊ ငါနင့်သားကို ကောင်းကောင်းမွန်မွန်မွေးပါ့မယ်"

(၄)

နောက်တစ်နေ့မနက်တော့ နတ်ပြဖို့ပြင်ဆင်ရလေသည်။ ကြက်အရှင်နှစ်ကောင်ဝယ်ကာ နတ်ပွဲများကိုလည်းပြင်ဆင်ရသည်။ မနက်နေထွက်စအချိန်တွင် နတ်ဆရာကြီးကြွလာသည်။ ရွာသူရွာသားများလည်း သိချင်သဖြင့် အိမ်သို့လာကြရာ စည်ကားနေတော့သည်။

နတ်ဆရာကြီးက ဖျာပေါ်တွင်ထိုင်လိုက်ကာ ကြက်အရှင်ကို လက်နှစ်ဖက်ဖြင့်ကိုင်လျှက် ဦးခေါင်းပေါ်သို့မြှောက်တင်လိုက်လေသည်။ ကြက်ဖကလည်း အော်ဟစ်နေသလို နတ်ဆရာကြီးကလည်း ဘာတွေအော်မှန်းမသိဘဲ အော်ဟစ်ရေရွတ်နေသည်။ ထို့နောက် ကြက်ဖကြီးကို သူနှင့်မျက်နှာချင်းဆိုင်လိုက်ကာ ထပ်ပြီးရေရွတ်နေလေသည်။ ပြီးသည့်အခါ ဦးစောထီးက ဓါးတစ်လက်ကိုကိုင်ကာ နတ်ဆရာကြီးအနားသို့ ကပ်သွားရသည်။ နတ်ဆရာကြီးက ကြက်ဖဦးခေါင်းကို လက်တစ်ဖက်ဖြင့်ကိုင်လိုက်သည့်အခါ ဦးစောထီးက ကြက်ဖကြီး၏လည်ချောင်းကို ဓါးဖြင့်ခုတ်ဖြတ်ချလိုက်သည်။

ကြက်ခေါင်းမှာ ကြမ်းပြင်ပေါ်သို့ကျသွားပြီး ကြက်ကိုယ်လုံးမှာ ရုန်းကန်နေသေးသည်။ ပြတ်သွားသည့် လည်ချောင်းအတွင်းမှ ထွက်လာသည့်သွေးများကို ပန်းကန်လုံးတစ်ခုဖြင့်ခံယူလိုက်သည်။ ထို့နောက် နတ်ဆရာကြီးက ကြက်သွေးများကို သူ၏လက်ဖျံတွင် စာများရေးသားသည်။ ပါးနှင့် နဖူးတွင်လည်း ကြက်သွေးဖြင့် သင်္ကေတပုံများကို ရေးဆွဲပြီးနောက် လျှာပေါ်သို့ ကြက်သွေးများကို ပွတ်လိမ်းလိုက်လေသည်။ ထိုအခိုက် နတ်ဆရာကြီးမှာ တစ်ကိုယ်လုံး တုန်ယင်လာသည်။

"မကောင်းဘူးဟေ့၊ လုံး၀မကောင်းဘူး"

နတ်ဆရာကြီး၏ မျက်လုံးမှာ မျက်ဖြူလန်နေလေသည်။ ကလေးငယ်ကို လက်ညှိုးထိုးလျှက်

"ဒီကလေးက နတ်ခိုက်နေတဲ့ကလေးပဲ၊ သူ့ရဲ့မကောင်းတဲ့ကံဆိုးတွေကြောင့် သူ့အဖေနဲ့ သူ့အမေကို သူသတ်ခဲ့ပြီးပြီ၊ အခုနင်တို့သူ့ကိုမွေးရင် သူကနင်တို့ကိုပြန်သတ်လိမ့်မယ်"

နော်အဲမူက အလွန်ထိတ်လန့်သွားသော်လည်း ဦးစောထီးကတော့ ဒေါသထွက်သွားသဖြင့် မတ်တပ်ရပ်လိုက်သည်။

"ဟာ၊ တော်စမ်းဗျာနတ်ဆရာကြီး ခင်ဗျားဟန်ဆောင်နေတာတွေ တော်လောက်ပြီ"

ဦးစောထီးက နတ်ဆရာကြီးကို မတ်တပ်ထပြီး ရင်၀ကိုဆောင့်ကန်လိုက်သဖြင့် နတ်ဆရာကြီးမှာ ပက်လက်လန်လဲကျသွားသည်။ ထို့နောက် နတ်ဆရာကြီးက ဦးစောထီးအား အံ့ဩစွာဖြင့်ကြည့်နေလေသည်။ ဦးစောထီးက လက်ညှိုးထိုးပြီး

"ခင်ဗျားကို ကျုပ်တို့မိဘတွေကိုးကွယ်လို့ဆိုပြီး ကျုပ်လည်းအလိုက်အထိုက်ကိုးကွယ်လာတာဗျ၊ ခင်ဗျားပြောတာတွေ တစ်ခုမှကျုပ်မယုံဘူး၊ ခင်ဗျား ဒီလိုပုံစံလုပ်ပြီးတော့ လိမ်စားနေတာတွေ တော်သင့်ပြီ"

ဦးစောထီးပြောသဖြင့် အိမ်ပေါ်မှလူများမှာ ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ နတ်ဆရာကြီးက ကုန်းထလိုက်ပြီး စိတ်ဆိုးဆိုးနှင့် အိမ်ပေါ်မှဆင်းသွားသည်။

"ငါကလည်း ငါ့ကိုမယုံတဲ့သူဆီမှာ တွယ်ကပ်မနေပါဘူးကွာ၊ မယုံမရှိနဲ့ကွ၊ နတ်ပြောတဲ့စကားက အမြဲမှန်တယ်၊ မင်းတို့ ဒီကလေးကိုဆက်မွေးရင် မင်းတို့လင်မယားနှစ်ယောက် အသေဆိုးနဲ့သေရလိမ့်မယ်"

နတ်ဆရာကြီးက အိမ်အတွင်းမှ ခြေလှမ်းကျဲကြီးဖြင့်ထွက်သွားလေသည်။ ဦးစောထီးကတော့ စိတ်ဆိုးနေဆဲဖြစ်သည်။

"ကဲ၊ ကျုပ်လည်း ဒီနေ့ကစပြီး အဲဒီစောက်နတ်တွေကို မယုံကြည်တော့ဘူး၊ မကိုးကွယ်တော့ဘူး၊ သွားစမ်း၊ သွားကြစမ်း"

အိမ်ပေါ်မှလူများက ပြေးဆင်းကြသည်။ ဦးစောထီးက ဒေါသတကြီးနှင့် နတ်ပွဲပြင်ဆင်ထားသည်များကို ခြေထောက်ဖြင့်ကန်ကြောက်လိုက်သဖြင့် အကုန်လဲပြိုကုန်တော့သည်။

"ကိုစောထီး ရှင်ဘာလုပ်လိုက်တာလဲ၊ နတ်တွေက ရှင့်ကိုဝိုင်းပြီး တိုက်ကြတော့မှာပဲ"

"အပိုမပြောနဲ့အဲမူ၊ နင့်နတ်တွေကို နင်ခင်ရင် နင်ပါငါ့အိမ်ပေါ်ကဆင်းသွား၊ ကလေးကို ငါ့ကိုပေးခဲ့၊ ငါ့သားကို ငါမွေးမယ်"

နော်အဲမူလည်း ကလေးချစ်သဖြင့် အိမ်မှမထွက်ခွာနိုင်ပေ၊ သို့နှင့် ဦးစောထီးနှင့် နော်အဲမူတို့မှာ နတ်ကိုးကွယ်မှု အမြစ်ပြတ်သွားပြီး ဘာသာမဲ့များဖြစ်သွားကြလေသည်။ တစ်ရွာလုံးကတော့ ဦးစောထီးတို့ကို မကောင်းသတင်းများ ပြောဆိုကြသော်လည်း ဦးစောထီးကတော့ ဂရုမစိုက်ပေ။

"ဒါငါ့သား၊ ငါ့ခြေရာကို နင်းမယ့် ငါ့သားကွ၊ ဟား၊ ဟား"

ဦးစောထီးရယ်သံကြီးက ရွာအတွင်း ကျယ်လောင်စွာထွက်ပေါ်လာလေသည်။

(၅)

ကလေးမရသည့် ဦးစောထီးတို့လင်မယားမှာ သားကလေးတစ်ယောက်ရသဖြင့် အလွန်ပျော်ရွှင်ကြသည်။ သားဖြစ်သူအား သေသေချာချာပြုစုစောင့်ရှောက်ကာ မွေးမြူကြလေသည်။ သို့နှင့် ဒီးဒီးကလေး ခုနစ်နှစ်အရွယ်သို့ပင်ရောက်လာခဲ့ပြီဖြစ်သည်။ ကလေးသဘာ၀အတိုင်း ရွာထဲမှကလေးငယ်များနှင့် ရွာရိုးကိုးပေါက် ဆော့ကစားကြလေသည်။ ရွာမှလူများကလည်း နတ်ဆရာကြီးပြောထားသည့် စကားကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြလေသည်။

"ပစ်ထားကွ ဖိုးခွားလေးကွ"

ပေတစ်ရာခန့်ဝေးသည့်နေရာတွင် စည်သွပ်ဘူးခွံတစ်ခုကို တိုင်ငုတ်တစ်ခုပေါ်တွင်စွပ်လျက် ကလေးငယ်များမှာ လက်လုပ်လေးခွကလေးများဖြင့် ပစ်ခတ်နေကြလေသည်။ ဖိုးခွားလေးဆိုသည့် ကလေးငယ်က လေးခွဖြင့် အသေအချာချိန်ရွယ်ပြီးနောက် စည်သွပ်ဘူးကိုပစ်ခတ်လိုက်လေသည်။

"ဟာ၊ သွားပြီ မထိဘူးကွာ"

"ကပ်သီးလေး လွဲသွားတယ်ကွာ"

ကလေးငယ်များက ဝိုင်းအော်ပြောကြလေသည်။ ဖိုးခွားလေးက ခေါင်းကုပ်ပြီး နံဘေးဖက်တွင်ထွက်ရပ်နေလေသည်။ နောက်တစ်ခါ အလှည့်ကျသူကတော့ ဒီးဒီး၏ အလှည့်ပင်ဖြစ်သည်။

"ဒီးဒီးကွ၊ ပစ်ထား"

လှည်းဒေါက်ခွသဏ္ဍာန်ဖြစ်နေသည့် သစ်ကိုင်းဖြင့်ပြုလုပ်ထားသည့် လေးခွကလေးကို ကိုင်ကာ ဒီးဒီးက စည်းအနားတွင်ရပ်လိုက်သည်။ ထို့နောက် လေးခွဖြင့် စည်သွပ်ဘူးခွံကိုချိန်လိုက်ကာ လောက်စာအိမ်ကို တင်းနေအောင်ဆွဲလိုက်လေသည်။ အသက်ကိုတစ်ချက်အောင့်ပြီးနောက် လောက်စာအိမ်ကိုလက်မှလွတ်လိုက်ရာ လောက်စာလုံးက အရှိန်ပြင်းပြင်းဖြင့် ပျံသန်းထွက်သွားလေသည်။

"ဒေါင်"

လောက်စာလုံးမှာ စည်သွပ်ဘူးခွံကိုထိမှန်သွားပြီး စည်သွပ်ဘူးခွံပါ လွင့်ထွက်သွားလေသည်။ ဘေးမှကလေးများက လက်ခုပ်တီးက အားပေးကြသည်။

"ဒီးဒီးကွ၊ ဒါပဲလေ"

ဒီးဒီးက ဖိုးခွားလေးအနီးသို့သွားလိုက်ကာ မဲ့ပြုံးပြုံးလိုက်ရင်း

"ကဲ ဘယ်လိုလဲဖိုးခွာလေး၊ မင်းနဲ့ငါနဲ့ ဘယ်သူလက်ပိုဖြောင့်လဲဆိုတာ လက်တွေ့ပဲမဟုတ်လား"

ဖိုးခွားလေးက အလွန်ဒေါသထွက်နေလေသည်။

"မဟုတ်ဘူး၊ မင်းညစ်လို့နိုင်တာ ဒီးဒီး၊ မင်းစည်းခိုးလို့နိုင်တာ"

"အားလုံးမြင်တယ်ဖိုးခွားလေ၊ ငါဘာစည်းမှမခိုးဘူး၊ မင်းက ငါ့ကိုစိန်ခေါ်တာဆိုတော့ အခုမင်းငါ့ကို ဆရာလို့ခေါ်ရမယ်"

"မခေါ်ဘူးကွာ၊ မင်းက တမင်ညစ်ပတ်ကာ"

ဖိုးခွားလေးက ဒီးဒီး၏ရင်ဘတ်ကိုဆောင့်တွန်းလိုက်သော်လည်း ဒီးဒီးမှာခြေခိုင်သဖြင့် လဲပြိုမသွားဘဲ အနောက်သို့တစ်ချက်သာ ယိမ်းယိုင်သွားသည်။ ဒီးဒီးလည်း ဗြောင်ငြင်းသည့် ဖိုးခွားလေးကို သည်းမခံနိုင်တော့ဘဲ ဖိုးခွားလေးမျက်နှာကို လက်သီးဖြင့်တစ်ချက်ထိုးနှက်လိုက်လေသည်။ လက်သီးချက်ပြင်းထန်လွန်းသဖြင့် ဖိုးခွားလေးမှာ အနောက်သို့ဖင်ထိုင်လျက်သား လဲကျသွားသည်။

"အီး . . ဟီး ဒီးဒီးကျုပ်ကိုထိုးတယ်၊ ကျုပ်ကိုအနိုင်ကျင့်တယ်"

ဖိုးခွားလေးက ကုန်းထလိုက်ပြီး ရွာအတွင်းသို့ ပြေးဝင်သွားလေသည်။ ဒီးဒီးအနားတွင်တော့ သူငယ်ချင်းတစ်စုက ကျန်နေခဲ့လေသည်။

"ဒီးဒီး၊ ငါ့ကိုလည်း လေးခွပစ်တာသင်ပေးကွာ"

"ဟုတ်တယ်၊ မင်းပစ်တာလက်ဖြောင့်နေတာပဲ"

ဒီးဒီးကလည်း ရွယ်တူသူငယ်ချင်းများ၏ အထင်ကြီးမှုကိုရရှိသဖြင့် ရယ်မောနေမိသည်။ မကြာမီပင် ရွာအတွင်းမှ လူနှစ်ယောက်လမ်းလျှောက်လာသည်။ တစ်ယောက်မှာတော့ ခုနကထွက်ပြေးသွားသည့် ဖိုးခွားလေးဖြစ်ပြီး၊ နောက်တစ်ဦးမှာတော့ ဓါးမတစ်လက်ကိုင်ဆွဲထားသည့် ဖိုးခွားလေး၏ အကို ဖိုးခွားကြီးဖြစ်သည်။ ဖိုးခွားကြီးမှာ အသက်ဆယ့်ငါးနှစ်ခန့်ရှိနေပြီး ကြီးကောင်ဝင်နေပြီဖြစ်သည်။

"ဟေ့၊ ဘယ်ကောင်လဲကွ၊ ငါ့ညီကိုထိုးလွှတ်တာ"

ဖိုးခွားကြီးမှာ အလွန်ဒေါသထွက်နေလေသည်။ ဒီးဒီးတို့လူစုနှင့် ပေတစ်ရာလောက်အကွာတွင် ရပ်တန့်လိုက်လေသည်။ ဖိုးခွားလေး၏ မျက်လုံးတစ်ဖက်မှာ ဖူးယောင်နေလေသည်။ ဖိုးခွားလေးက ဒီးဒီးကို လက်ညှိုးထိုးပြလိုက်သည်။ ဖိုးခွားကြီးက တံတွေးတစ်ချက်ထွေးလိုက်ပြီး

"ဪ၊ လက်စသတ်တော့ မုဆိုးကြီးရဲ့သား ဂြိုလ်ဆိုးကလေးပဲကွ"

ဒီးဒီးလည်း မခံချင်သဖြင့် လေးခွကိုအသင့်ပြင်ထားလိုက်သည်။

"ဟေ့ကောင်၊ မင်းက စည်းလဲခိုးသေးတယ်၊ ငါ့ညီကိုလည်း အရင်ဆုံးထိုးလွှတ်လိုက်တယ်ပေါ့၊ ဟုတ်သလား"

ဒီးဒီးက ဖိုးခွားလေးကိုကြည့်လိုက်ပြီး

"ဟေ့ကောင်ဖိုးခွားလေး၊ မင်းယောက်ျားမဟုတ်ဘူးလား၊ ဘယ်သူကအရင်လက်စပါတာလဲဆိုတာကို မင်းအကိုကို ပြောလိုက်လေကွာ"

ဖိုးခွားလေးက ဘာမှမပြောတော့ဘဲ သူ့အကိုလက်ကိုဆွဲလိုက်ကာ

"အကို ဒီကောင်ကျုပ်ကိုလုပ်သွားတာကို ကျုပ်မကျေနပ်ဘူး၊ ဒီကောင့်ကို သတ်ပေးဗျာ"

ဖိုးခွားကြီးက ဓါးမကိုဝင့်ပြီး အရှေ့သို့တိုးလာသည်။

"အေးပါ ဖိုးခွားလေးရာ၊ ဒီလိုကောင်မျိုးကို မှတ်လောက်သားလောက်ဖြစ်အောင်လို့ လက်တစ်ဖက်ဖြတ်ပေးလိုက်မယ်ကွာ ဟား ဟား"

"ဟေ့လူ၊ ခင်ဗျားအရှေ့တိုးမလာနဲ့နော်၊ ခင်ဗျားရှေ့တိုးလာရင် ကျုပ်အဆိုးမဆိုနဲ့"

ဒီးဒီးက ဖိုးခွားကြီးကို လေးခွနှင့်ထိုးချိန်လိုက်သည်။ ဖိုးခွားကြီးက မကြောက်ပေ။

"လုပ်စမ်းပါကွ၊ ပစ်လိုက်စမ်းပါ၊ ငါ့အသားထိရင် ငါကငြိမ်နေမယ်ထင်သလားကွ"

ဖိုးခွားကြီးက ဓါးမကြီးမြှောက်ပြီး ဒီးဒီးထံသို့ အပြေးဝင်လာလေသည်။ ပေငါးဆယ်ခန့်ရောက်သည့်အခါတွင် ဒီးဒီးက ဖိုးခွားကြီး၏ မျက်နှာကိုအသေအချာချိန်ရွယ်ကာ လေးခွနှင့်ပစ်ခတ်လိုက်လေသည်။

"ဖောက် . . ."

အရှိန်ပြင်းပြင်းနှင့် ပျံသန်းလာသည့် ကျောက်စရစ်ခဲလောက်စာလုံးကလေးက ပြေးလာသည့် ဖိုးခွားကြီး၏ ဘက်ဖက်မျက်လုံးကိုအရှိန်နှင့် ဖောက်ဝင်သွားရာ ဖိုးခွားကြီးမှာ မြေပေါ်သို့ဖင်ထိုင်လဲကျသွားသည်။ 

"အား၊ မမြင်ရတော့၊ ငါ့မျက်လုံး . . ."

ဖိုးခွားကြီးက မျက်လုံးကိုလက်ဖြင့်အုပ်ထားသည်။ လက်ကြားထဲမှ သွေးရည်များနှင့်အတူ အဖြူရောင်ပျစ်ချွဲချွဲမျက်သားများပါ စီးဆင်းလာလေသည်။ ကလေးငယ်များမှာ သွေးသံရဲရဲကိုမြင်လိုက်သဖြင့် အော်ဟစ်ကာထွက်ပြေးကြလေသည်။ ဒီးဒီးလည်း ကြောက်လန့်သွားပြီး အိမ်သို့ပြန်ပြေးလာခဲ့သည်။

"ခွေးမသား၊ မင်းကိုငါသတ်မယ်၊ မင်းကိုငါသတ်မယ် ဒီးဒီးရေ"

ဖိုးခွားကြီး၏ လှမ်းအော်ဟစ်လိုက်သည့်အသံကိုကြားလိုက်သဖြင့် ဒီးဒီးမှာ ခြေကုန်ပြေးထွက်လာခဲ့တော့သည်။

"ကျုပ်မကျေနပ်ဘူးသူကြီး၊ ကျုပ်သားမျက်လုံးတစ်ဖက်ကန်းပြီ"

သူကြီးဦးမြဖီးအိမ်တွင် ဆူညံဆူညံဖြစ်နေသည်။ သူကြီးကဆင့်ခေါ်ခိုင်းလိုက်သဖြင့် နော်အဲမူလည်း ဒီးဒီးလက်ကိုဆွဲကာ သူကြီးခြံဝိုင်းအတွင်းသို့ ဝင်လာခဲ့လေသည်။ ဦးစောထီးကမရှိ၊ တောတက်သွားသောကြောင့်ဖြစ်သည်။

"အဲမူ၊ နင့်သားလုပ်ပုံက ကောင်းသေးရဲ့လား၊ အခုနင့်သားပစ်လိုက်လို့ ဖိုးခွားကြီး မျက်လုံးကန်းသွားပြီဟဲ့"

နော်အဲမူက မျက်စိမျက်နှာပျက်သွားပြီး

"ဒါ . .ဒါကတော့ သူကြီးရယ်၊ ကလေးအချင်းချင်းဆော့ကစားပြီးတော့ မတော်တဆဖြစ်သွားတာနေမှာပါ"

ထိုအခါ ဖိုးခွားညီအကို၏ အဖေက ပွဲထကြမ်းတော့သည်။

"ဘာမှ မတော်တဆဖြစ်တာမဟုတ်ဘူးသူကြီး၊ သူ့သားက တမင်သက်သက် ကျုပ်သားဖိုးခွားကြီးကို မျက်လုံးပစ်ဖောက်တာဗျ"

ဒီးဒီးကလည်း အဖြစ်အပျက်များကိုဝင်ပြောပြလေသည်။ သို့သော် ဖိုးခွားလေးနှင့် ဖိုးခွားကြီးမှာ ဒီးဒီးပြောသည်များကို ဘူးခံငြင်းနေပြီး တမင်ရန်ငြိုးရန်စမရှိဘဲ ဒီးဒီးက မျက်လုံးကိုပစ်ခွဲသည်ဟုသာ စွပ်စွဲနေတော့သည်။ နောက်ဆုံးတော့ သူကြီးဦးမြဖီး ခေါင်းမီးတောက်ရပြီ။

"ကဲ၊ မင်းတို့နဲ့အတူတူဆော့တဲ့ ကလေးတွေအားလုံးကို သွားခေါ်ခဲ့ကွာ"

သူကြီးအမိန့်ကြောင့် မကြာခင် ကလေးတစ်သိုက်ရောက်လာကြသည်။ သူကြီးက ကလေးများအား ချော့မော့ပြီးမေးရာ ကလေးများကလည်း ဒီးဒီးပြောသည့်အတိုင်းပင် တစ်ထေရာတည်းပြောဆိုကြလေသည်။

"ဒီးဒီးနဲ့ ဖိုးခွားလေးနဲ့ လက်ဘယ်သူဖြောင့်သလဲဆိုပြီး ပြိုင်ငြင်းပြီးတော့ နှစ်ယောက်တည်း ပြိုင်ခဲ့ကြတာပါ၊ ဒီးဒီးက နိုင်တယ်ဆိုပေမယ့် ဖိုးခွားလေးက ဒီးဒီးကို စည်းခိုးတယ်လို့ စွပ်စွဲပြီးတော့ အရင်ဆုံးရင်ဘတ်ကိုစတွန်းပါတယ်၊ နောက်တော့ ဒီးဒီးက ပြန်ထိုးပါတယ်"

ကလေးများစကားကိုကြားရသည့်အခါ သူကြီးဦးမြဖီးက ဖိုးခွားအဖေဘက်သို့လှည့်ကြည့်လိုက်သည်။

"ကဲ ကလေးတွေအားလုံးပြောတာ တစ်ထေရာတည်းပဲ၊ ဒီကလေးတွေအားလုံး လိမ်နေတယ်လို့တော့ ခင်ဗျားမထင်ပါဘူးနော်"

"ဘာပဲဖြစ်ဖြစ်သူကြီးရာ ကျုပ်သားမျက်လုံးတစ်ဖက်ကန်းပြီဗျ"

"ကျုပ်ဆုံးဖြတ်ပေးမယ်၊ ကလေးတွေပြောပုံအရ ခင်ဗျားသားဖိုးခွားကြီးက ဒီးဒီးလက်ကိုဖြတ်မယ်ဆိုပြီးတော့ ပြေးလာခဲ့တယ်မဟုတ်လား၊ ဒီးဒီးကလည်း သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ ပြန်ပြီးပစ်ခဲ့တာပဲမဟုတ်လား။ တကယ်လို့ ခင်ဗျားသားဖိုးခွားကြီးသာ ဒီးဒီးလက်ကိုဖြတ်ခဲ့ရင် ခင်ဗျားဘာလုပ်ပေးမလဲ"

ဖိုးခွားအဖေ ပါးစပ်ပိတ်သွားပြီး ခေါင်းငိုက်စိုက်ကျသွားသည်။

"ဒီတော့ ဒီအမှုမှာ ဒီးဒီးက သူ့ကိုယ်သူကာကွယ်လို့လုပ်တာဆိုတော့ အပြစ်မရှိဘူးလို့ ကျုပ်ယူဆတယ်၊ ဒါပေမယ့် အဲမူ၊ နင်တို့က ဖိုးခွားကြီးအတွက် ဆေးဖိုးတွေ ပြန်လျှော်ပေးရမယ်"

"ဟုတ်၊ ဟုတ်ကဲ့ပါသူကြီး"

ထိုအခါ ဖိုးခွားအဖေက မတ်တပ်ထရပ်ပြီး ပွဲကြမ်းတော့သည်။

"အောင်မာ၊ သူကြီးက ဘက်လိုက်တယ်၊ စောထီးက သူကြီးရဲ့ညီမို့လို့ ကိုယ့်ညီဘက်က လိုက်ပြီးဆုံးဖြတ်တာပေါ့ဟုတ်လားသူကြီး၊ ကျုပ်ကတော့ မကျေနပ်ဘူးဗျာ"

ဖိုးခွားအဖေက လက်သီးလက်မောင်းတန်းပြီးပြောဆိုနေလေသည်။ 

"မင်းက မကျေနပ်တော့ ဘာလုပ်ချင်တုန်းကွာ"

ထိုစဉ် ခြံ၀မှအသံကြားလိုက်ရသဖြင့် အားလုံးလှည့်ကြည့်လိုက်ကြသည်။ တောဝက်ခပ်ရွယ်ရွယ်တစ်ကောင်ကို ထမ်းထားသည့် ဦးစောထီးက သေနတ်ကြီးကိုင်ကာ ခခြံဝန်းအတွ်းသို့ဝင်လာခဲ့သည်။ ထို့နောက် သေဆုံးနေသည့် တောဝက်ကောင်အား မြေကြီးတွင်ဝုန်းခနဲပစ်ချလိုက်သည်။

"မင်းက မကျေနပ်ဘူးဆိုတော့ ဘာလုပ်ချင်သလဲဟေ့ကောင်၊ မင်းနဲ့ငါနဲ့ လက်ရည်ချင်းယှဉ်မလား"

ဦးစောထီးက ဒေါသတကြီးနှင့်ပြောဆိုပြီး သေနတ်ကို မြေကြီးပေါ်သို့ပစ်ချလိုက်ကာ အကျီလက်များကိုခေါက်တင်နေလေသည်။ ထွားကျိုင်းသည့် ဦးစောထီးကိုမြင်တွေ့လိုက်ပြီးနောက် ဖိုးခွားအဖေက လေသံပျော့သွားသည်။

"ဘာ . . ဘာမှမလုပ်ပါဘူး စောထီးရယ် . . . ကျုပ် . . ကျုပ်ကျေနပ်ပါတယ်"

"ကောင်းပြီ၊ မကျေနပ်ဘူးဆိုရင် ကြိုက်တဲ့အချိန်လာခဲ့၊ ဓါးဓါးချင်း၊ တုတ်တုတ်ချင်းယှဉ်ဖို့ စောထီးတို့ကအသင့်ပဲကွ"

ဖိုးခွားအဖေမှာ သားနှစ်ယောက်ကိုခေါ်ပြီး ခြံဝိုင်းအတွင်းမှထွက်သွားလေသည်။ ဦးစောထီးလည်း တောဝက်ကြီးထမ်းပြီး ဒီးဒီးတို့နှင့်အတူ အိမ်ပြန်လာခဲ့သည်။

အိမ်ရောက်တော့ နော်အဲမူက တောဝက်ကိုဖျက်ဖို့ပြင်ဆင်နေလေသည်။ ဦးစောထီးကတော့ ဒီးဒီးကိုကြည့်နေရင်း

"ငါ့သားကဘယ်ဆိုးလို့လဲကွ၊ ပြေးနေတဲ့လူရဲ့ မျက်စိကိုအောင် မှန်အောင်ပစ်နိုင်တယ်ဆိုတော့ ဆရာကြီးပဲ"

နော်အဲမူက မဲ့ရွဲ့လိုက်ပြီး

"ရှင့်သားကို ရှင်မြှောက်ပေးမနေနဲ့၊ နည်းနည်းပါးပါးဆုံးမအုံး၊ အခုတော့ စားဖို့မရှိ၊ လျော်ဖို့ရှိ ဆိုသလိုဖြစ်နေပြီမဟုတ်လား"

"အဲမူရာ၊ အခုဖြစ်သွားတာက ငါ့သားက သူတို့ကိုသွားလုပ်တာမှမဟုတ်ဘဲကွ၊ သူတို့လာလုပ်လို့ပြန်လုပ်တာလေကွာ၊ ငါ့သားမှားသလား"

"မှားတာတော့ မမှားဘူးပေါ့ရှင်၊ ဒါပေမယ့် ကိုယ်မှန်တယ်ဆိုတိုင်း ဒီလိုရန်ရှာနေလို့ကတော့ လူဆိုးလူမိုက်ဖြစ်သွားမှာပေါ့တော်"

နော်အဲမူပြောသည့် စကားကလည်း မှန်သည်မို့ ဦးစောထီးက ဒီးဒီးကိုပုခုံးဖက်လိုက်သည်။

"မင်းအမိုးပြောတာမှန်တယ်သားရဲ့၊ နောက်ဆိုရင် ကိုယ်မှန်တယ်ဆိုရင်လည်း ရန်မဖြစ်ရဘူးသား၊ မင်းကိုရန်ပြုမယ်ဆိုရင်လည်း ပြန်မချနဲ့ လွတ်အောင်သာပြေးကွာ၊ ငါ့သားက အပြေးသန်ပါတယ်"

ဒီးဒီးကတော့ မကျေနပ်ပေ။

"ဟာဗျာ၊ အပါးကလည်း ကိုယ့်ကိုလာရန်ရှာမှာတော့ ကိုယ်ကထွက်ပြေးရင် ကြောက်တယ်လို့ထင်သွားမှာပေါ့ဗျ"

"သူတို့ဘယ်လိုထင်ထင်အရေးမကြီးပါဘူးကွာ၊ ဒီမှာငါ့သား အဖေပြောပြမယ်၊ အဖေတို့ တောထဲသွားလို့ ပြောင်ကြီးနဲ့တွေ့ပြီဆိုပါစို့၊ ပြောင်ကလျှင်ရင် ပြောင်က သားကိုလိုက်မှာပဲ၊ ဒီအချိန် သားလက်ထဲသေနတ်ရှိပေမယ့် ပြန်ပြီးတုန့်ပြန်လို့မရဘူး၊ တုန့်ပြန်တဲ့အခါ မှားသွားနိုင်တယ်ငါ့သား၊ ဒီတော့ သားအတွက်အကောင်းဆုံးနည်းလမ်းက ထွက်ပြေးဖို့ပဲ၊ ထွက်ပြေးတယ်ဆိုတာက ကြောက်တာမဟုတ်ဘူးငါ့သားရဲ့၊ ကိုယ့်ရဲ့အားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းဖို့အချိန်ယူတာကွ၊ ဒါနဲ့ပြောင်ကြီးက သားအနောက်ကိုလိုက်ပြီး သားက သူ့ကိုမျက်ခြေဖြတ်ထားနိုင်ပြီဆိုရင် ဒီတစ်ခါ သားက သူ့ကိုလိုက်ရမယ့်အလှည့်ရောက်ပြီ"

"သားက ဘယ်လိုလိုက်ရမှာလဲ"

"ပြောင်ကြီးမသိအောင် တိတ်တိတ်ကလေးသွားပြီးတော့ အဲဒီပြောင်ကြီးရဲ့ ဟာကွက်ကိုရှာပြီး တစ်ခါတည်း ဒိုင်းဆို သေနတ်နဲ့ပစ်သတ်လိုက်ရမှာပေါ့သားရဲ့"

"တော်စမ်း၊ တိတ်စမ်း"

နော်အဲမူက တောဝက်ကြီး၏ ဗိုက်ကိုဖွင့်ကာ အူများကိုဆွဲထုတ်နေရင်း အော်ဟစ်လိုက်သဖြင့် ဦးစောထီးပင်လန့်သွားသည်။

"ရှင့်ကို သားသမီးကိုသွန်သင်ဆုံးမခိုင်းတာ၊ ရှင့်လုပ်ရပ်က သားသမီးကို သူများကိုချောင်းမြောင်းပြီး သတ်ခိုင်းနေသလိုပဲ"

"မဟုတ်ပါဘူးကွာ၊ ငါက သဘောပြောပြတာပါ"

"သဘောတွေ သဘက်တွေမလိုချင်ဘူး၊ ဟိုကောင်လေး၊ နင်နောက်တစ်ခါ ပြသနာထပ်ဖြစ်လို့ကတော့ နင့်ကိုခုနစ်ရက် ထမင်းမကျွေးဘူး"

နော်အဲမူက ထမင်းမကျွေးဘူးဟု ပြောလိုက်သဖြင့် ဒီးဒီးတစ်ယောက် အလွန်ထိတ်လန့်သွားလေသည်။ 

"မ . . မလုပ်ပါနဲ့အမိုးရာ၊ ကျုပ်ထမင်းမစားရရင် သေသွားမှာပေါ့"

"အေး . . ဒါဆို နောက်ပြသနာမဖြစ်အောင်နေ"

ဦးစောထီးလည်း ထိုတော့မှ သက်ပြင်းချနိုင်သည်။

"ကဲကွာ၊ ငါဗိုက်ဆာလာပြီ၊ ဘာချက်ထားတုန်း"

"တစ်နေ့က ရှင်မိလာတဲ့ ချေသားကို ကျပ်တင်ထားတာရှိပါ့၊ အဲဒါကို ရေခမ်းလေးချက်ထားတယ်၊ ဘူးသီးဟင်းခါးချက်ထားတယ်၊ ငါးပိရည်ဖျော်ပြီး မျှစ်နုလေးတွေ ပြုတ်ထားပါ့"

"ဒါဖြင့် ခူးစမ်းပါကွ၊ ငါမင်းပြောတာနဲ့တင် သရေကျနေပြီ"

"ဟုတ်တယ်အမိုးရာ ကျုပ်လည်းဗိုက်ဆာနေပြီ"

"တကတည်းတော်၊ အစားအသောက်ဆိုလို့ကတော့ သားအဖတွေ အတိုင်အဖောက်ညီနေကြတယ်၊ အေးပါ ခူးပေးပါ့မယ်"

နော်အဲမူက အငွေ့တထောင်းထောင်းနှင့် ထမင်းဟင်းများကို ခူးခပ်ပေးလိုက်သည့်အခါ ဦးစောထီးနှင့် ဒီးဒီးတို့ သားအဖနှစ်ယောက် ခေါင်းမဖော်တမ်း စားကြလေသည်။

"ငါ့သားက ငါ့လိုပဲ အစားကြီးတယ်ကွ၊ ဟီး ဟီး"

နော်အဲမူကတော့ တောဝက်ကိုဖျက်ရင်း သားအဖနှစ်ယောက်ကို မျက်စောင်းထိုးကြည့်လိုက်တော့သည်။ တောဝက်ကိုဖျက်ပြီးလျှင် ရွာထဲရောင်းရအုံးမည်၊ ရလာသည့်ပိုက်ဆံများကိုလည်း သုံးစွဲလို့မဖြစ်သေး၊ ဖိုးခွားကြီးဆေးဖိုးအတွက် ပေးလျော်ရဦးမည်ဖြစ်သဖြင့် နော်အဲမူတစ်ယောက် မပျော်နိုင်ပေ။

ထိုနောက်ပိုင်းမှစပြီး ဒီးဒီးနှင့် ရွာမှကလေးများမှာ အတူတူမဆော့ကြတော့ပေ၊ ဒီးဒီးနှင့် မပေါင်းသင်းဖို့ကိုလည်း မိဘများက သားသမီးများကို မှာထားကြလေသည်။

"နင်တို့ အဲဒီကောင်လေးနဲ့မဆော့နဲ့နော်၊ တော်ကြာနင်တို့လည်း ဖိုးခွားကြီးလို တစ်ဖက်ကန်းဖြစ်နေမယ်"

"ဒီးဒီးက ဂြိုလ်ဆိုးကောင်လေး၊ သူနဲ့တွေ့ရင် မကောင်းတာတွေပဲဖြစ်လာတော့မှာ"

ဆော့ဖော်များမရှိသဖြင့် ဒီးဒီးမှာတစ်နေ့တစ်နေ့ ခြံဝိုင်းထဲတွင်သာ ငုတ်တုတ်ထိုင်လျှက် မှိုင်နေရတော့သည်။ အရင်ကတည်းက ပြေးလွှားဆော့ကစားနေသည့် ကလေးဖြစ်သည်မို့ ဆော့ဖော်မရှိသည့်အခါ အလွန်ပျင်းရိဖွယ်ကောင်းသည်။ နော်အဲမူမှာလည်း စားသောက်ရန်အတွက် အလုပ်လိုက်လုပ်ရသလို ဦးစောထီးမှလည်း တောလယ်ထွက်နေသဖြင့် ဒီးဒီးတစ်ယောက်တည်း အိမ်တွင်ကျန်နေခဲ့ရသည်။

"ငါ့သားက မှိုင်လှချည်လားကွ"

"မှိုင်မှာပေါ့တော်၊ အခုသူနဲ့ ရွာထဲကဘယ်ကလေးမှ မဆော့ကြတော့ဘူး၊ ရှင့်သားလက်ဆကို ကြောက်နေကြလို့ဖြစ်မှာပေါ့"

ဦးစောထီးက ရယ်မောနေလေသည်။

"ဒါဆို သားတစ်ယောက်တည်း ပျင်းနေတာပေါ့"

"ဟုတ်တာပေါ့အပါးရာ"

"ဘာမှမပျင်းနဲ့ငါ့သား၊ ဒါဆို အပါးနဲ့တောလည်လိုက်မလား"

ဒီးဒီးမျက်လုံးများ အရောင်လက်သွားသည်။ 

"တကယ်လားအပါး၊ သားကိုတောထဲခေါ်မယ်တဲ့လား"

"ဒါပေါ့ကွ၊ အိမ်မှာနေတော့လည်း သားပျင်းနေတယ်မဟုတ်လား"

နော်အဲမူက ဦးစောထီးကိုကြည့်လိုက်ပြီး

"ကိုစောထီး၊ ရှင့်သားကို ငယ်ငယ်ရွယ်ရွယ်နဲ့တောထဲခေါ်တော့မလို့လား၊ တော့်လို မုဆိုးလုပ်ခိုင်းမလို့လား"

"အိုကွာ၊ မုဆိုးရဲ့သား မုဆိုးလုပ်တာ ဘာဆန်းသလဲကွ၊ သူ့ကိုငါစမ်းကြည့်မယ်၊ သူဝါသနာပါတယ်ဆိုရင်တော့ မုဆိုးပဲဆက်လုပ်ပေါ့ကွာ၊ ဝါသနာမပါဘူးဆိုလည်း တခြားအတတ်တစ်ခုခုသင်ပေးရမှာပေါ့"

နော်အဲမူလည်း မငြင်းသာတော့သဖြင့် ခေါင်းညိတ်လိုက်သည်။ ဦးစောထီးကတော့ စိတ်ထဲမှတွေးကာ ကြိတ်ပျော်နေလေသည်။

"အပါးရေ၊ အပါးပြောတဲ့အတိုင်း ကျုပ်အကောင်အထည်ဖော်ပေးမယ်ဗျာ၊ ကျုပ်ရဲ့သား ဒီးဒီးကို မုဆိုးမျိုးဆက်ဖြစ်သွားအောင်လို့ ကျုပ်သင်ပေးမယ်အပါးရေ"

ဦးစောထီးက မိုးပေါ်သို့ကြည့်ကာ တစ်ချက်ပြုံးလိုက်လေတော့သည်။

အခန်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..