
(၁)
"ရှဲ . . .ရှဲ"
တောတိုးသံများက တောနက်အတွင်းဆူညံစွာထွက်ပေါ်နေလေသည်။ တောဝက်တစ်ကောင်က တောအုပ်အတွင်းအသက်လုကာပြေးလွှားနေလျက်ရှိသည်။ တောဝက်ပျိုမှာ အနောက်သို့ပင်လှည့်မကြည့်တော့ဘဲ ခြေကုန်ပြေးလွှားနေလျက်ရှိကာ သူ့အနောက်တွင်တော့ လူနှစ်ဦးက ပြေးလိုက်နေကြသည်။ လူတစ်ဦးမှာ သေနတ်ကိုင်ထားပြီး နောက်ထပ်လူတစ်ဦးမှာတော့ လှံရှည်တစ်လက်ကို ကိုင်စွဲထားသည်။ ထိုသူနှစ်ဦးမှာ အခြားမဟုတ်၊ မုဆိုးစောထီးနှင့် သားဖြစ်သူ ဒီးဒီးပင်ဖြစ်သည်။
မုဆိုးစောထီးက ပြေးလွှားနေရင်း ညာဖက်လက်ကိုအဝိုင်းပုံစံလှည့်ပြကာ ဒီးဒီးကိုအချက်ပေးလိုက်သည်။ တောဝက်အား ပတ်ပြီးလိုက်ခိုင်းခြင်းဖြစ်သည်။ သားကောင်အားပတ်လိုက်မည်ဆိုလျှင် အချက်နှစ်ချက်ရှိသည်။ တစ်ချက်မှာ သားကောင်ထက်မြန်အောင်သွားရမည်၊ နောက်တစ်ချက်မှာ သားကောင်သွားသည့်လမ်း၏အရှေ့သို့ ပိုမိုမြန်ဆန်စွာရောက်ရှိနိုင်သည့်လမ်းကို ရွေးချယ်တတ်ရမည်ဖြစ်သည်။ ဒီးဒီးက သက်လုံကောင်းသူမို့ ညာဖက်တောင်ကြောအတိုင်း ဆင်းချသွားလေရာ ဦးစောထီးပင် ဒီးဒီးကိုသံသယဖြစ်မိသည်။ ယခုဝက်မှာ တောင်ကြောအတွင်းသို့ဆင်းမည့်ပုံမရှိဘဲ တောင်ကုန်းပေါ်သို့ ပြေးတက်မည့်ပုံဖြစ်နေသည်။
သို့သော် ဦးစောထီးထင်ထားသည်မှာ မှားယွင်းခဲ့သည်။ တောင်ကုန်းပေါ်သို့ တက်ပြေးလုဆဲတောဝက်မှာ မတက်ပြေးတော့ဘဲ တောင်ဆင်းဘက်ကို ဦးလှည့်လိုက်ခြင်းကြောင့်ဖြစ်သည်။ တောဝက်များသည့် တိရစ္ဆာန်များထဲတွင် အတော်ဥာဏ်ကောင်းသည့် အကောင်များဟုဆိုရမည်ဖြစ်သည်။ တောင်ကုန်းပေါ်တက်ပြေးပါက သူ့ပြေးနှုန်းကျသွားနိုင်သည့်ဖြစ်ရာ တောင်ဆင်းအတိုင်းပြေးလျှင် ပိုမိုမြန်ဆန်လောက်သည်ဟု တောဝက်က တွေးလိုက်မိခြင်းကြောင့်ဖြစ်မည်။ သို့သော် လူများမှ တောဝက်ထက်ဥာဏ်ကောင်းကြစမြဲပင်ဖြစ်သည်။ ဒီးဒီးက ဝါးရုံကြီးတစ်ခုအနီးတွင် ပုန်းခိုနေလိုက်သည်။
တောဝက်က တောင်ဆင်းအတိုင်းဆင်းပြေးသည့်အခါ ဝါးရုံပင်များကြားမှဆင်းပြေးလေသည်။ ဝါးရုံပင်များမှာ ထူထပ်စွာပေါက်ရောက်နေပြီး လဲကျနေသည့်ဝါးပင်များ၊ ဝါးကိုင်းများရှိသဖြင့် လူတစ်ယောက်မတ်တပ်ရပ်မပြေးနိုင်သော်လည်း ဝက်အနေနှင့်တော့ တိုးဝှေ့ပြေးနိုင်လေသည်။ စင်စစ်အားဖြင့်လည်း တောဝက်မှာ ဝါးရုံများကြားသို့ဝင်သွားသည့်အခါ ဦးစောထီးတစ်ယောက် ပြေးနေသည့်အရှိန်နှုန်းကျဆင်းသွားသည်။ အခက်အလက်ဝေဆာသည့် ဝါးကိုင်းများကြောင့် မတ်တပ်ရပ်ပြေးရန်မဖြစ်နိုင်တော့ပေ၊ ဝါးရုံများကို ပတ်ပြီးလိုက်ပါကလည်း ဝက်နှင့်ပိုပြီးအလှမ်းဝေးသွားတော့မည်ဖြစ်သည်။
တောဝက်မှာ ဝါးရုံပင်တစ်ခုအနီးမှ ဖြတ်ပြေးလိုက်စဉ် လှံရှည်ကိုင်ထားသည့် ဒီးဒီးမှာ ဝါးရုံနောက်မှ လွှားခနဲခုန်ထွက်လာလေသည်။ တောဝက်က ဒီးဒီးကိုမြင်သည့်အခါ တစ်ချက်တန့်သွားလေရာ ဒီးဒီးကလျင်မြန်စွာပင် သူ့လက်အတွင်းကိုင်ထားသည့် လှံရှည်ဖြင့် တောဝက်၏ နံကြားထဲသို့ ထိုးသွင်းလိုက်လေသည်။
"စွီး . . . "
တောဝက်မှာတစ်ချက်အော်ဟစ်ပြီးနောက် လှံတန်းလန်းကြီးဖြင့်ပင် ဆက်ပြေးလေသည်။ ထိုအခါ တောဝက်အနောက်မှပြေးလိုက်လာသည့် ဦးစောထီးနှင့် ဒီးဒီးတို့ဆုံမိကြသည်။ ထို့နောက် သားအဖနှစ်ယောက်မှာ ပြေးသွားသည့် တောဝက်အနောက်သို့ ဆက်လိုက်လာခဲ့ကြသည်။ တောဝက်ခြေလှမ်းများမှာ ဒယိမ်းဒယိုင်ဖြစ်လာပုံရသည်။ နောက်တော့ တောင်ကြားအတွင်းရှိမြက်ရိုင်းများထဲတွင် တောဝက်ကြီးမှာ နံဘေးသို့ဘေးစောင်းလဲကျနေသည်။ ဝင်သက်ထွက်သက်ကို ခက်ခက်ခဲခဲရှူရှိုက်နေပုံရပြီး မျက်လုံးများကလည်း ပြူးကြောင်နေလေသည်။
"နှလုံးကိုတော့မထိဘူးကွ၊ တခြားကလီစာတွေကိုထိသွားတယ်ထင်တယ်"
ဦးစောထီးက ပြောလိုက်သည့်အခါ ဒီးဒီးက ခေါင်းညိတ်လိုက်ပြီး သူ့ခါးတွင်ချိတ်ထားသည့် ကိုးလက်မခန့်ရှိသည့် အမဲလိုက်ဓါးမြှောင်ကိုဖြုတ်လိုက်သည်၊ ထို့နောက် တောဝက်ကြီးအပေါ်သို့ ခုန်အုပ်လိုက်ပြီး ဓါးမြှောင်ကို တောဝက်၏နှလုံးသားနေရာသို့ ချိန်ကာ ထိုးစိုက်ချလိုက်တော့သည်။ တောဝက်မှာ ခြေထောက်များကိုလှုပ်ယမ်းနေပြီး မကြာခင် နောက်ဆုံးထွက်သက် ထွက်သွားလေတော့သည်။
"ဟား၊ ဟား ငါ့သားမဆိုးဘူးကွ၊ တောဝက်တစ်ကောင်ကို ကျည်ဆန်တစ်တောင့်မှ မကုန်ဘဲ ဖမ်းနိုင်တယ်"
ဦးစောထီးက သားဖြစ်သူဒီးဒီးကို ပြုံးလျှက်တောဝက်ဆီသို့လမ်းလျှောက်လာခဲ့သည်။
"ဖျက်မလား၊ သယ်မလား အပါး"
"တောဝက်က သိပ်မကြီးဘူးဆိုတော့ တို့သားအဖနှစ်ယောက် ဝါးလုံးနဲ့လျိုပြီး ထမ်းသွားကြတာပေါ့ကွာ၊ ရွာကလူတွေကိုလည်း ပြရတာပေါ့"
ဒီးဒီးက ဓါးမတစ်လက်ကိုကိုင်ဆွဲကာ ဝါးရုံဆီသို့ လှမ်းသွားလေသည်။ ထိုအခါ ဦးစောထီးက တောဝက်အနားတွင်ထိုင်လိုက်ပြီး တောဝက်၏နှလုံးကို စိုက်ဝင်နေသည့် ဓါးမြှောင်ကိုဆွဲထုတ်လိုက်လေသည်။ ဓါးမြှောင်တွင်ပေနေသည့် သွေးများကို သူဝတ်ထားသည့် ကရင်အကျီအနက်ရောင်တွင် သုတ်လိုက်လေသည်။ ပြီးသည့်နောက်တွင် ဖက်ရွက်တစ်ရွက်ခူးလိုက်ကာ မြေတွင်ဖြန့်ခင်းလိုက်ပြီး တောဝက်၏နားရွက်အစွန်းကို ဓါးထက်ထက်ဖြင့် ဖြတ်တောက်လိုက်သည်။ အလားတူပင် ခွာများ၊ အမြီးထိပ်များကိုလည်း ဖြတ်တောက်လိုက်ကာ ဖက်ရွက်အတွင်းထည့်လိုက်ပြီး လက်နှစ်ဖက်နှင့်ကိုင်ကာ ဖက်ရွက်ကိုမြှောက်လိုက်သည်။
"တောပိုင်၊ တောင်ပိုင်များကို ဖမ်းဆီးရရှိခဲ့သည့် အမဲကောင်၏အသားများကို ဦးဦးဖျားဖျားဆက်သပါတယ်၊ နောက်လည်း အမဲကောင်များများရအောင် ကူညီဆောင်မပေးကြပါ"
ဦးစောထီးက ပြောဆိုလိုက်ပြီး တောဝက်ဖမ်းမိသည့်နေရာမှာပင် ထိုဖက်ရွက်ကိုချထားလိုက်သည်။ ထိုစဉ် ဒီးဒီးက ဝါးလုံးစိမ်းတစ်ခုကိုခုတ်ယူပြီးလာလေရာ အသင့်ယူလာသည့်ကြိုးဖြင့် တောဝက်၏ ခြေများလက်များကို စုစည်းချည်နှောင်ပြီးသော် တောဝက်ကို ဝါးလုံးဖြင့်လျှိုကာ သားအဖနှစ်ယောက်ထမ်းလာခဲ့ကြသည်။ ဒီးဒီးက အရှေ့မှထမ်းပြီး ဦးစောထီးက အနောက်မှထမ်းကာလာခဲ့ကြသည်။
(၂)
ဆယ်စုနှစ်တစ်ခုနီးပါးစာခန့်မျှ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒီးဒီးမှာ အသက်ဆယ့်လေးနှစ်အရွယ်ရှိနေခဲ့ပြီ၊ မြို့မှကလေးများဆိုလျှင် ကျောင်းတက်ရမည့်အရွယ်ဖြစ်သော်လည်း ဒီးဒီးကတော့ တောလည်လိုက်နေရသဖြင့်ကျောင်း
မတက်နိုင်ပေ၊မနိမ့်မမြင့်အရပ်အမောင်းရှိပြီး ကျစ်လျစ်သန်မာလှသည့် ကြွက်သားစိုင်များက တစ်ကိုယ်လုံးကိုဖုံးအုပ်ထားသည်။ အသားအရေက ဖြူသော်လည်း နေလောင်ထားသဖြင့် အနည်းငယ်ညိုမောင်းနေသည်။ တောဝက်အနောက်သို့ပြေးလိုက်ထားရသဖြင့် ချွေးများကရေချိုးသကဲ့လို့ တစ်ကိုယ်လုံးကိုရွဲစိုနေလေသည်။
အရွယ်နှင့်မလိုက်အောင် ကျစ်လျစ်သန်မာနေသည့် သားဖြစ်သူဒီးဒီးကို အနောက်မှကြည့်ရင်း ဦးစောထီးတစ်ယောက် ကျေနပ်ကာ ပြုံးနေမိသည်။
"ဒါနဲ့ သားကဘယ်လိုလုပ်ပြီးတော့ တောဝက်က တောင်အောက်ကိုဆင်းပြေးမှာကိုသိနေတာလဲ"
"ဒီလိုပါအပါးရယ်၊ တောဝက်ပြေးမယ့်လမ်းကိုစဉ်းစားလိုက်တော့ တောင်ပေါ်တက်ပြေးမယ်ဆိုရင် သူသိပ်မပြေးနိုင်လောက်ဘူး၊ ဒီတော့ တောင်ဆင်းအတိုင်း လှိမ့်ဆင်းမယ်လို့ တွေးမိတာ၊ နောက်ပြီးတော့ တောဝက်ဆိုတာ ဥာဏ်များတတ်တော့ ဝါးရုံပင်တွေကြားကနေ ဖြတ်ပြေးမယ်လို့ ထင်လို့ အဲဒီနားမှာ သွားစောင့်နေခဲ့တာ"
"ဟား၊ ဟား ငါ့သားကတော့ စံပါပဲကွာ"
"ဒါနဲ့အပါးရာ၊ အပါးကျတော့ သေနတ်ကိုင်ပြီးတော့ သားကိုကျတော့ ဒူးလေးကိုင်ခိုင်းလိုက်၊ လေးကိုင်ခိုင်းလိုက်၊ လောက်လေးကိုင်ခိုင်းလိုက်နဲ့ အခုလည်းကြည့်၊ လှံတံကြီးတစ်လက်နဲ့လိုက်ရတာ၊ အမှန်ဆိုရင် သေနတ်နဲ့ပစ်လိုက်ရင် ပွဲပြီးပြီမဟုတ်လား အပါးရဲ့"
မုဆိုးစောထီးက သူ့ပါးစပ်ထဲတွင် ဝါးနေသည့် ကွမ်းယာအား ထွေးထုတ်လိုက်ပြီး
"မဟုတ်ဘူးကွ၊ မုဆိုးဆိုတာ လက်နက်တိုင်းကို အသုံးပြုတတ်ရမယ်ကွ၊ ငါ့တုန်းကဆိုလည်း မင်းအဖူး(အဘိုး)က လက်နက်ပေါင်းစုံနဲ့လိုက်ခိုင်းတာကွ၊ နောက်တော့မှ ဟောဒီသေနတ်ကို အမွေပေးခဲ့တာပဲ၊ ပြီးတော့ သေနတ်ဆိုတာမျိုးက သားကောင်တွေမသိခင် ချောင်းမြောင်းပစ်ခတ်တာလောက်ပဲ အသုံးကျတာကွ၊ ခုနကလို ပြေးလွှားနေတဲ့အချိန် သေနတ်နဲ့ပစ်ရင် မထိဖို့များတယ်၊ မုဆိုးဆိုတာ ကျည်ကိုချွေတာရတယ်သား၊ သေနတ်နဲ့ပစ်တာလွဲရင် ကျည်လဲကုန်မယ်၊ သားကောင်လည်းဆုံးမယ် မဟုတ်လား"
"သိပါပြီး အပါးရယ်၊ ဒါနဲ့ ဒီတောဝက်က အချိန်ဘယ်လောက်ရှိမယ်လို့ အပါးထင်သလဲ"
မုဆိုးစောထီးက တစ်ချက်စဉ်းစားရင်း
"အချိန်နှစ်ဆယ်၊ အစိတ်လောက်ရှိမှာပေါ့ကွ"
"မဟုတ်ဘူးအပါး၊ ကျုပ်အထင်ကတော့ အချိန်အစိတ်မပြည့်ဘူးအပါး၊ အလွန်ဆုံးရှိလှ နှစ်ဆယ့်သုံးပဲ"
ထိုအခါ မုဆိုးစောထီးက ရယ်မောလိုက်သည်။
"ဟား၊ ဟား၊ ငါက တစ်သက်လုံးအမဲလိုက်စားလာတဲ့လူပါကွ၊ ဒီတောဝက်က အချိန်အစိတ်ပဲ၊ ကျော်ချင်တောင် နည်းနည်းကျော်အုံးမယ်"
"ဒါဆိုလည်း လောင်းကြတာပေါ့အပါးရာ၊ အချိန်အစိတ်ဆိုရင် အပါးကိုသားက အရက်တစ်ပုလင်းတိုက်မယ်၊ အချိန်အစိတ်မပြည့်ဘူး၊ နှစ်ဆယ့်နဲ့သုံးဆိုရင်တော့ အပါးက သားကိုအရက်တစ်ပုလင်းဝယ်ပေး"
"ဟား၊ ဟား ဟုတ်ပြီဟေ့၊ ဒါမျိုးမှ ငါကကြိုက်တာကွ၊ ဟား၊ ဟား"
"အလို၊ သားအဖနှစ်ယောက် ဘာတွေအော်ရယ်ပြီးတော့ ပြန်လာကြတာတုန်း"
တောစပ်ရောက်သည့်အခါ အနောက်မှအသံကြားသဖြင့် လှည့်အကြည့် ဒီးဒီးအမေ နော်အဲမူဖြစ်နေလေသည်။
"ဟာ၊ အမိုး၊ တောထဲဘာလာလုပ်တာလဲ"
"ဖိုးလေးထော် ကောက်ရိတ်ရင်း တံစဉ်ထိလို့ဟေ့၊ ဘီးစပ်ရွက်လာခူးတာ၊ ဒါနဲ့ နင်တို့သားအဖ တောဝက်ရလာလို့ တော်တော်ပျော်လာတဲ့ပုံပဲ"
"ပျော်တာပေါ့ အဲမူရာ၊ ဒါနဲ့ အလောင်းအစားတောင် လုပ်လာသေးတယ်ကွ"
နော်အဲမူက ဦးစောထီးကိုကြည့်ပြီး
"ဘာအလောင်းအစားတုန်းတော့"
"နင့်သားက ဒီကောင်ကြီးကို အချိန်နှစ်ဆယ့်သုံးလောက်ရှိမယ်မှန်းတယ်၊ ငါကတော့ အချိန်အစိတ်လို့မှန်းထားတယ်"
"ဒါကတော့ အိမ်ရောက်လို့ချိန်ကြည့်ရင် သိမှာပ၊ ကဲ သွားတော့၊ အိမ်မှာစောင့်နေကြ၊ ဖိုးလေးထော်ကို ဘီးစပ်ရွက်ပေးပြီးရင် အိမ်ပြန်လာခဲ့မယ်"
သားအမိသားအဖသုံးယောက် ပျော်ရွှင်စွာဖြင့် တောအတွင်းမှထွက်လာခဲ့ကြလေသည်။ အိမ်ရောက်သည့်အခါ သားအဖနှစ်ယောက်အရင်ဆုံး ချိန်ခွင်ကြီးကိုသွားယူလာခဲ့ကြသည်။ ချိန်ခွင်ဆိုသော်လည်း စပရင်အားဖြင့် ချိတ်ဆွဲကာ ချိန်ရသည့် ချိန်ခွင်အမျိုးအစားဖြစ်သည်။ တောဝက်ကို သံကြိုးများနှင့်ချည်နှောင်ကာ ထိုချိန်ခွင်တွင်ချိတ်ဆွဲလိုက်ပြီးနောက် သားအဖနှစ်ယောက် ချိန်ခင်ကို ထမ်းပိုးနှင့်ထိုးကာ ထမ်းတင်လိုက်သည်။
"အပါးရေကြည့်စမ်းပါဦး နှစ်ဆယ့်သုံးဗျ၊ နည်းနည်းလေးပဲကျော်တယ်"
ဦးစေထီးလည်း ချိန်ခွင်ကိုကြည့်လိုက်ရာ အလွန်အံ့ဩသွားလေသည်။
"ဟာ၊ အတော်မှန်ပါလားငါ့သားရ၊ အံ့ဩစရာကြီးကွာ၊ ငါရှုံးပြီဆိုတော့ ကတိအတိုင်းမင်းကို ညနေကျရင် အရက်တစ်လုံးဝယ်ပေးမယ်ဟေ့"
ဒီးဒီးက ဓါးများကိုဆေးကြောလိုက်ပြီး တောဝက်ကိုဖျက်ရန်ပြင်ဆင်နေလေသည်။ ထိုစဉ် နော်အဲမူက ခြံအတွင်းသို့ဝင်လာသည်။
"အောင်မယ်လေးသားရယ်၊ ထားလိုက်စမ်းပါ အမိုးဖျက်လိုက်ပါ့မယ်"
"မလုပ်ပါနဲ့အမိုးရာ၊ အမိုးပင်ပန်းနေပါ့မယ်၊ သားကတော့ ပင်ပန်းလက်စနဲ့မထူးတော့ဘူး ဒီကောင်ကြီးကိုဖျက်ပြီးတော့မှ ရေမိုးချိုးလိုက်တော့မယ်"
"ဟုတ်ပါတယ်အဲမူရာ၊ မင်းသားကိုလုပ်ခိုင်းစမ်းပါကွ၊ မင်းက လုပ်ချင်သပဆိုရင် ဒီကောင်ကြီးကိုချက်ဖို့သာပြင်ထားစမ်းကွာ၊ ကလီစာကလေးကို အမွှေးအကြိုင်များများနဲ့ စားချင်တယ်ဟေ့"
ကွပ်ပျစ်ပေါ်ထိုင်နေပြီး ရေနွေးသောက်နေသည့် ဦးစောထီးကို နော်အဲမူက မျက်စောင်းတစ်ချက်ထိုးလိုက်ကာ မီးဖိုချောင်ဆီသို့ လှမ်းလျှောက်သွားတော့သည်။ ဒီးဒီးကတော့ သွေးသံရဲရဲဖြင့် တောဝက်ကို ဗိုက်ဖွင့်ကာ ဖျက်နေလိုက်တော့သည်။ ဦးစောထီးကတော့ အားကိုးရသည့် ဒီးဒီးကိုကြည့်ရင်း ပြုံးရွှင်နေမိသည်။
"ဒီကလေးက ငါ့အတွက်နတ်မင်းတွေဖန်ဆင်းပေးတာဖြစ်မယ်၊ အမဲလိုက်တဲ့နေရာမှာလည်း ငါ့ခြေရာကိုနင်းနိုင်သလို၊ ငါတို့အပေါ်လည်း သိပ်ပြီးသိတတ်တဲ့ကလေးပဲ"
(၃)
ခုနစ်နှစ်သားခန့်ကတည်းက ဖခင်ဖြစ်သူနှင့် တောလည်ထွက်ကာအမဲလိုက်ခဲ့သည့် ဒီးဒီးမှာ ယခုအချိန်တွင် မုဆိုးလုံးလုံးဖြစ်ခဲ့ရပြီဖြစ်သည်။ နော်အဲမူက အစကတော့ ဒီးဒီးကို မုဆိုးမဖြစ်စေချင်ပေ၊ ရွာထဲတွင် တောင်သူ၊ လယ်လုပ်ပြီး အေးအေးလူလူနေစေလိုသည်။ သို့သော် ဒီးဒီးကလည်း ထိုသို့မနေတတ်ပေ၊ ငယ်ငယ်ကတည်းက တစ်ရွာလုံး၏အပယ်ခံဖြစ်ခဲ့ရသော ဒီးဒီးမှာ ရွာသားများနှင့် သိပ်မျက်နှာကြောမတည့်ပေ၊ လူနည်းနည်းစုမိသည်နှင့် ဒီးဒီးနှင့်ရန်ဖြစ်ကြစမြဲဖြစ်သည်။ နောက်တော့ ဒီးဒီးကိုယ်တိုင်လည်း ရွာသားများနှင့် သိပ်အဆက်အဆံမလုပ်တော့ဘဲ တောထဲနေရခြင်းကိုသာ သဘောတွေ့နေသဖြင့် နောက်ဆုံးတော့ ဦးစောထီးနည်းတူ မုဆိုးတစ်ယောက်ဖြစ်သွားရတော့သည်။
"အင်း၊ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါဆိုတဲ့ စကားဟာ တကယ်မှန်တာပဲ"
နော်အဲမူက ထမင်းချက်နေရင်း တောဝက်ဖျက်နေပြီး သွေးအလိမ်းလိမ်းပေနေသည့် သားဖြစ်သူ ဒီးဒီးကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။ မိမိရင်သွေးများအား ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်ပြီး အထက်တန်းကျကျနေထိုင်သည်ကို မြင်လိုသည်မှာ မိဘတိုင်း၏ မေတ္တာတရားပင်ဖြစ်သည်။ နော်အဲမူမှာ ဒီးဒီးကို ကိုယ်တိုင်ဝမ်းနှင့်လွယ်ပြီး မွေးမထားသည်ကလွဲလို့ မိဘ၀တ္တရားများကို ကျေပွန်ခဲ့သည့်သူတစ်ယောက်ဖြစ်သည်။
"မတတ်နိုင်ဘူးလေ၊ ဒီကောင်လေး ဒီအိမ်ကိုရောက်လာမှတော့ ဒီလိုဖြစ်ဖို့ ကံပါလာတယ်ထင်ပါ့"
နော်အဲမူတစ်ယောက် ထိုသို့တွေးကာ စိတ်ဖြေလိုက်ပြီး ပွက်ပွက်ဆူနေသော ထမင်းအိုးကို ငှဲ့ရန်ပြင်ဆင်လိုက်လေသည်။ ချက်ပြုတ်ပြီးသော် နော်အဲမူတစ်ယောက် ဒီးဒီးအသင့်ဖျက်ပေးထားသည့် ဝက်သားများကိုယူကာ ရွာထဲပတ်ရောင်းရန်အတွက် ထွက်သွားတော့သည်။ ဒီးဒီးနှင့် ဦးစောထီးတို့က ထမင်းခူးခပ်စားလိုက်ပြီးသော် ထုံးစံအတိုင်း မုဆိုးပညာများကို သားဖြစ်သူအားသင်ကြားပေးနေလေသည်။
"လက်နက်အကြောင်းပြောတော့၊ သေနတ်ဆိုတာ လက်နက်အစစ်မဟုတ်ဘူးကွ၊ မုဆိုးတစ်ယောက်ရဲ့လက်နက်ဆိုတာ တောအုပ်တစ်ခုလုံးပဲ"
ဒီးဒီးမှာ နားမလည်နိုင်တော့ပေ။ ဦးစောထီးက ဆက်လက်ပြီး
"မုဆိုးဆိုတာ တောအုပ်ကြီးရဲ့ တည်နေရာ၊ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်ကို သိထားပြီးတော့ အဲဒီအရာတွေကို လက်နက်အဖြစ်အသုံးချတတ်ရတယ်ကွ"
"အပါးဆိုလိုတာက တောထဲမှာ သုတ်ကိုင်းထောင်တာတို့၊ ကျော့ကွင်းထောင်တာမျိုးတို့ကို ပြောတာလား"
"ဒါတွေလည်းပါတာပေါ့ကွာ၊ လူတွေက မုဆိုးသေနတ်ကိုင်ရင် သားကောင်တွေကို သေနတ်နဲ့ပစ်တယ်လို့ထင်ကြတာကွ၊ တကယ်တော့ နေရာတကာ သေနတ်နဲ့ပစ်စရာမလိုပါဘူးသားရယ်၊ ထောင်ဖမ်းလို့ရတဲ့အကောင်ကို ကျည်ကုန်ခံပြီး ပစ်ဖမ်းနေစရာမလိုဘူး၊ လောက်လေးလောက်နဲ့ တန်တဲ့သားကောင်ကို ကျည်ဆန်နဲ့သွားပစ်လို့မရဘူး၊ မုဆိုးဆိုတာက သေနတ်ပစ်ရရေးက အဓိကမကျဘူး၊ သားကောင်ရရေးက အဓိကပဲသားရဲ့၊ ဒါကြောင့် သားကိုလက်နက်တွေပေါင်းစုံအသုံးပြုပြီးတော့ အမဲလိုက်ခိုင်းတာ၊ ဒါမှ ဘယ်လိုလက်နက်နဲ့ ဘယ်လိုအမဲလိုက်ရသလဲဆိုတာကို သိနိုင်အောင်လို့ပေါ့ကွာ"
"ဟုတ်ပါပြီအပါး၊ ဒူးလေး၊ လောက်လေး၊ ဓါး၊ လှံ၊ အားလုံးနဲ့အမဲလိုက်ပြီးပါပြီ၊ နောက်ဆုံးကျန်တာကတော့ အပါးရဲ့သေနတ်ကြီးပဲ၊ အပါးဘယ်တော့မှ ကျုပ်ကိုသေနတ်ပေးကိုင်မှာလဲ"
ဦးစောထီးက တဲခေါင်မိုးကိုကြည့်လိုက်ပြီး တစ်ချက်စဉ်းစားနေလိုက်သည်။
"ကောင်းပြီငါ့သား၊ ဒါဆိုရင် သန်ဘက်ခါတောလိုက်တော့ ငါ့သားကိုသေနတ်ပေးကိုင်မယ်"
ဒီးဒီးတစ်ယောက်ပျော်ရွှင်သွားမိသည်။ ရုပ်ရှင်၊ ဗွီဒီယိုတွေထဲတွင် ကြည့်ဖူးသလိုမျိုး သေနတ်တဒိုင်းဒိုင်းပစ်ခတ်ချင်နေပြီမှာ ကြာပြီဖြစ်သော်လည်း ဖခင်ဖြစ်သူ၏ အမိန့်ကြောင့် သေနတ်ကိုတစ်ခါမှ မပစ်ခတ်ဖူးသေးပေ။
"ဒါများအပါးရယ်၊ မနက်ဖြန်ပဲ ပေးကိုင်ပါလား"
"အိုကွာ၊ မနက်ဖြန်တော့ ငါတို့တောမလိုက်ဘူး၊ နားမယ်ကွ"
"ဘာလို့နားနေမှာလဲ အပါးရဲ့"
"သားကလည်းကွာ စာဆိုတောင်ရှိသေးတယ် မုဆိုးနားမှ သားကောင်နားရတယ်တဲ့ကွ၊ ငါတို့နေ့တိုင်း တောလိုက်နေရင် သားကောင်တွေနေ့တိုင်းပြေးလွှားနေရမှာပေါ့ကွ၊ နေ့တိုင်းပြေးလွှားနေရတော့ ကြာရင်ငါတို့တောထဲမှာ ဘာသားကောင်မှမကျန်တော့ဘဲ အကုန်လုံးတောပြောင်းပြေးကြမှာပေါ့ကွာ၊ ခုရတဲ့တောဝက်နဲ့ဆို သုံးလေးရက်လောက်တော့ စားလောက်ပါတယ်"
ဒီးဒီးလည်းအထွန့်မတက်တော့ဘဲ ခေါင်းညိတ်လိုက်သည်။ အမှန်တော့ အဖေဖြစ်သူအနားတွင် ထိုင်နေရသည်ကလည်း တစ်နည်းအားဖြင့်နားပူလှသည်။ အဖေဖြစ်သူ ဦးစောထီး ပါးစပ်က ထွက်သမျှ စကားတိုင်းတွင် သားကောင်တို့၊ မုဆိုးတို့ စသည့်အကြောင်းများသာဖြစ်သဖြင့် ကြာတော့ ဒီးဒီးနားတွေပူလာသည်။ သို့နှင့် အိမ်အပြင်သို့ထွက်လိုက်လေသည်။
"ဟဲ့သား ဘယ်သွားမလို့လဲ"
"နည်းနည်းပျင်းနေလို့ ရွာထဲပတ်ဦးမလို့ အပါးရေ"
ဒီးဒီးက ရွာထဲသို့ထွက်လာခဲ့သည်။ တောရိပ်တောင်ရိပ်ကြောင့် နေကျသွားသည်နှင့် ရာသီဥတုက အေးမြသွားလေသည်။ ရွာထဲတွင်လည်း ဒီးဒီးအား အဖက်လုပ်သူသိပ်မရှိပေ၊ ဦးစောထီး၏အကို သူကြီးဦးမြဖီး၊ နောက်ပြီး ရွာရှိ ချက်အရက်ဆိုင်၊ ထို့နောက် လက်ဝှေ့သမား ဦးစေးထူး၏ ခြံဝိုင်းလောက်သာရှိသည်။
ဒီးဒီး၏ တကယ့်ဝါသနာမှတော့ အမဲလိုက်ခြင်းမဟုတ်ဘဲ လက်ဝှေ့ဖြစ်သည်။ ရွာရှိ ဗွီဒီယိုရုံတွင် လက်ဝှေ့ပွဲများကိုပြသသည့်အခါတိုင်း ဒီးဒီးအရှေ့ဆုံးက သွားကြည့်ဖြစ်သည်။ ပိုပြီးအခန့်သင့်ချင်တော့ လက်ဝှေ့ထိုးပြီး အနားယူထားသည့် ဦးစေးထူးဆိုသည့် လူကြီးက ရွာတွင်လာရောက်အခြေချကာ နေထိုင်လေရာ ဒီးဒီးမှာ ထိုအဘိုးကြီးထံတွင် တပည့်ခံလိုက်လေသည်။
ဦးစေးထူးအိမ်တွင် လူတွေစုံလင်လှသည်။ သူ့ထံတွင် တပည့်က ဒီးဒီးတစ်ယောက်တည်းရှိသည်မဟုတ်ပေ၊ ရွာမှလူငယ်များလည်း လက်ဝှေ့ပညာကိုသင်ကြားကြသည်။ ဒီးဒီးက ဦးစေးထူးအိမ်သို့မသွားမီ ရွာအနောက်ပိုင်းရှိ အရက်ဆိုင်သို့ထွက်လာခဲ့သည်။
"ကျုပ်ကို အရက်ပြင်းပြင်းတစ်လုံးပေးဗျာ"
"ဟာ၊ ဒီးဒီးရာ ဒီအရက်တွေအကုန်လုံး အပြင်းတွေချည်းပါပဲကွာ၊ မီးတောက်အရက်တွေကွ၊ မင်းကိုငါ မီးညှိပြရမလား"
ဒီးဒီးက ခေါင်းခါပြပြီးနောက် စားပွဲပေါ်တင်ထားသည့် အရက်ပုလင်းတစ်လုံးကိုဆွဲယူလိုက်လေသည်။
"ဒီပုလင်းဖိုးကိုတော့ ကျုပ်အပါးလာပြီးရှင်းလိမ့်မယ် . .ဟုတ်ပြီလား"
"ဒီးဒီးရာ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအပြင်စားတွေချနေတာလားကွ၊ သောက်ချင်ရင် ဘီယာတို့၊ နောက်ပြီး မြို့ကလာတဲ့ အရက်တွေသောက်ပါလား"
"အိုဗျာ၊ ကျုပ်က ဒီအရက်ကို ကျုပ်သောက်ဖို့ဝယ်တာမှမဟုတ်ဘဲ"
"ဒါဖြင့် ဘယ်သူ့အတွက်လည်း"
အရက်ဆိုင်မှ ကိုဖက်တီးက မေးနေသော်လည်း ဒီးဒီးက ဘာမှမပြောဘဲ အရက်ပုလင်းကိုဆွဲပြီး ထွက်လာခဲ့တော့သည်။ ကိုဖက်တီးလည်း ခေါင်းကုပ်ပြီးကျန်နေခဲ့တော့သည်။
ဦးစေးထူးတို့ခြံမှာ အတော်အတန်ကျယ်ဝန်းသည်။ ခြံနောက်ဘက်တွင် အိမ်ကလေးတစ်လုံးဆောက်ထားပြီး ဦးစေးထူးတို့မိသားစုနေထိုင်သည်။ ခြံအရှေ့မြေကွက်လပ်ကိုတော့ မြေညှိထားပြီး လက်ဝှေ့သင်တန်းဖွင့်ထားသည်။ လက်ဝှေ့ထိုးသည့်အိတ်များ၊ အလေးမသည့် အလေးပြားများကို ထားရှိသည်။ ထို့အပြင် စပါးခွံများခင်းထားသည့် ကြိုးဝိုင်းတစ်ခုလည်းရှိသေးသည်။ ထိုကြိုးဝိုင်းကတော့ လက်ဝှေ့အစမ်းထိုးကာ လေ့ကျင့်နိုင်သည့် ကြိုးဝိုင်းဖြစ်သည်။
"ဆရာကြီးအတွက် လက်ဆောင်ပါတယ်ဗျို့"
ဦးစေးထူးက ခြံဘေးနားရှိ အရိပ်အောက်တွင် ဝါးကုလားထိုင်တစ်လုံးဖြင့် ဇိမ်ကျနေလေသည်။ ဒီးဒီးက ချက်အရက်တစ်လုံးပေးလိုက်သည့်အခါ သူ့မျက်နှာမှာ ရွှင်လန်းသွားသည်။
"ကဲ ဒီးဒီး ဟိုနေ့က သင်ထားတဲ့ထိုးကွက်တွေကို လေ့ကျင့်လိုက်ဦး"
ဒီးဒီးက ခေါင်းညိတ်ပြပြီး အင်္ကျီချွတ်လိုက်ကာ သွေးပူလေ့ကျင့်ခန်းတစ်ချို့ကိုပြုလုပ်လိုက်သည်။ ထို့နောက်လက်ဝှေ့အိတ်များကို ထိုးနှက်လိုက်ကာ လေ့ကျင့်နေမိသည်။ မကြာခင်အချိန်တွင် ရွာထဲမှ လူငယ်တစ်ချို့လည်း ခြံအတွင်းသို့ဝင်လာကြသည်။ ဆရာကြီးကို နှုတ်ဆက်ပြီးနောက် လက်ဝှေ့လေ့ကျင့်ရန်အတွက် လက်ဝှေ့ကွင်းသို့လာကြသည်။
"ဟေ့ကောင်၊ ဒီနေရာကနေဖယ်စမ်း"
ဒီးဒီးအားပြောလိုက်သူကတော့ ဖိုးခွားလေးဖြစ်သည်။ ငယ်စဉ်က သူငယ်ချင်းဖြစ်ခဲ့သော်လည်း အကိုဖြစ်သူ ဖိုးခွားကြီးကို မျက်လုံးဖောက်ခဲ့ခြင်းကြောင့် အခုတော့ ဒီးဒီးနှင့်ဖိုးခွားမှာ ရန်သူတော်ကြီးများဖြစ်နေကြလေသည်။
"ဟေ့ကောင်ဖိုးခွား၊ ဒီနေရာမှာ ငါအရင်ရောက်နေတာကွ၊ မင်းလေ့ကျင့်ချင်ရင် ဟိုဖက်ကိုသွားကျင့်"
ဖိုးခွားက အလွန်ဒေါသထွက်သွားပြီး
"ဟေ့ကောင်ဒီးဒီး၊ ဒီနေရာက ငါအမြဲလေ့ကျင့်နေကျနေရာကွ၊ မင်းသာဖယ်စမ်းကွာ၊ အလကားမုဆိုး ပိုက်ဆံတစ်ပြားမှ မပေးဘဲ လက်ဝှေ့အချောင် သင်နေတဲ့ ကောင်ကများ"
ဖိုးခွားစကားကြောင့် ဒီးဒီးဒေါသထွက်သွားသည်။
"မဖယ်တော့ ဘာလုပ်ချင်သလဲဖိုးခွား"
ဖိုးခွားမှာ လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ပြီး ဒီးဒီးကိုဝင်ထိုးလေသည်။ ဒီးဒီးကလျင်မြန်စွာပင် ဖိုးခွား၏လက်သီးကို ယိမ်းရှောင်လိုက်ပြီး ဖိုးခွား၏ ဗိုက်သားဆီသို့ ဘယ်ဖက်လက်သီးကိုပစ်သွင်းလိုက်သည်။ ပြင်းထန်သည့် ဒီးဒီး၏လက်သီးချက်ကြောင့် ဖိုးခွားအင့်ခနဲဖြစ်သွားလေသည်။
"ဟေ့တော်ကြစမ်း"
ဦးစေးထူးက ထိုင်နေရာမှထလာသည်။
"ငါ့သင်တန်းမှာ စည်းကမ်းထုတ်ထားတာကိုမင်းတို့မသိဘူးလား၊ စည်းကမ်းချက်နံပတ်သုံးအရ၊ သင်တန်းသားအချင်းချင်း မထိုးမကြိတ်ရဘူးလို့ မှာထားတယ်မဟုတ်လား"
ဒီးဒီးရော ဖိုးခွားပါ ခေါင်းငုံ့သွားလေသည်။ ဦးစေးထူးက အလွန်စိတ်ဆိုးနေသည်။
"နှစ်ယောက်စလုံးမှာ အပြစ်ရှိတယ်၊ ဖိုးခွားက ဒိုက်ငါးဆယ်ထိုးစမ်း၊ ဒီးဒီး မင်းကတော့ ဒိုက်အကြိမ်တစ်ရာထိုး"
ဦးစေးထူး၏ ဆုံးဖြတ်ချက်ကို ဒီးဒီးက မကျေနပ်ပေ။
"မဟုတ်ဘူးဆရာကြီး၊ သူအရင် ကျုပ်ကိုစထိုးတာ"
"တော်စမ်းဒီးဒီး၊ မင်းက ငါ့ဆုံးဖြတ်ချက်ကိုမကျေနပ်ဘူးဆိုရင် ငါ့သင်တန်းကနေ အချိန်မရွေးထွက်သွားလို့ရတယ်"
ဒီးဒီးလည်းဒေါသများကို မြိုချလိုက်ပြီးနောက် မြေပြင်ပေါ်သို့လှဲချလိုက်ကာ ဒိုက်ထိုးလိုက်တော့သည်။
"ဆရာကြီးက မျက်နှာလိုက်တယ်၊ ဖိုးခွားက ပိုက်ဆံပေးပြီးသင်တန်းတက်တော့ ဒီကောင့်ကိုမျက်နှာသာပေးတာနေမှာ၊ တောက် . . ."
ဒီးဒီးက စိတ်တိုတိုနှင့် ဒေါသများအား ဒိုက်ထိုးသည့်အတွင်းသို့ပုံချလိုက်လေတော့သည်။ အချက်တစ်ရာမှာ ဘယ်လိုပြည့်သွားမှန်းပင် မသိလိုက်၊ နံဘေးမှ ရေတွက်ပေးနေသည့် လူတစ်ယောက်ရှိသဖြင့်သာ သိခြင်းဖြစ်သည်။
ဒိုက်ထိုးတုန်းက မသိသာသော်လည်း မကြာခင် လက်မောင်းများအလွန်ညောင်းကိုက်လာလေသည်။ ရင်သားများလည်း အောင့်လာသည်။ လက်သီးပင်ဖြောင့်အောင် မထိုးနိုင်တော့ဘဲ သဲအိတ်ကိုထိုးနှက်သည့်လက်မှာ အားပျော့လာလေသည်။
"နင်သိပ်ညောင်းနေပြီလား ဒီးဒီး"
အနားသို့ရောက်လာသူက ဒီးနာဖြစ်သည်။ ဒီးနာက ဦးစေးထူး၏ သမီးဖြစ်ပြီး ဒီးဒီးတို့နှင့် အသက်တူရွယ်တူဖြစ်သည်။ ရွယ်တူဆိုသော်လည်း မိန်းကလေးမို့ ဒီးဒီးတို့ထက် ပိုပြီးဖွံဖြိုးသည်။ ဒီးနာမှာ ဖူးပွင့်စအရွယ်မို့ အသားအရေကြည်လင်နေပြီး ကိုယ်လုံးကိုယ်ပေါက် ပြည့်ပြည့်ဝန်းဝန်းနှင့်ဖြစ်သည်။
"ရပါတယ်၊ သိပ်မနာပါဘူး"
"ငါအကုန်လုံးကိုမြင်တွေ့လိုက်ပါတယ် ဒီးဒီးရာ၊ တကယ်ဆိုရင် အပါးမှားတယ်၊ ဖိုးခွားတို့က တမင်နင့်ကိုရန်လုပ်တာ"
ဒီးဒီးက ဒီးနာ၏ နှက်မှောင်ပြီး ရွှန်းလဲ့နေသည့် မျက်ဝန်းများကိုစိုက်ကြည့်လိုက်ရာ ဒီးနာမှာ ရှက်ရွံ့သွားပြီး ပါးကလေးများသည်ပင် အနည်းငယ်နီမြန်းသွားလေသည်။
"ကျေးဇူးတင်ပါတယ် ဒီးနာရာ၊ တကယ်တော့ ငါ့ကိုနားလည်ပေးနိုင်တာ နင်ဘဲရှိပါတယ်"
"မဟုတ်တာပဲ ဒီးဒီးရယ်၊ ဒါနဲ့ နင်ငါ့အပါးကို စိတ်ဆိုးနေတာလား"
ဒီးဒီးက ခေါင်းကိုခါရမ်းလိုက်ပြီး
"ဆရာကြီးကို စိတ်မဆိုးပါဘူး ဒီးနာ၊ ဟိုကောင်ဖိုးခွားကိုပဲ ငါစိတ်ဆိုးနေတာ"
ထိုအခါ ဒီးနာက သူကိုင်ထားသည့် ဖန်ဘူးအဝိုင်းကလေးတစ်ခုကို ဒီးဒီးအားလှမ်းပေးလေသည်။
"အဲဒါတောင်ပေါ်က ဆေးဆရာကြီးဖော်ထားတဲ့ တောင်ဆိတ်ဆီတဲ့ဟ၊ နာတာကျင်တာညောင်းတာတွေဆိုရင် ယူပစ်သလိုပျောက်တယ်လို့ပြောတယ်၊ နင်ညနေရေချိုးပြီးတော့ လိမ်းလိုက်ပေါ့ဟာ"
ဒီးနာကမ်းပေးသည့် ဆေးဘူးကလေးကို ဒီးဒီးက လှမ်းယူလိုက်သည်။ ထိုအခါ ဒီးဒီး၏လက်နှင့် ဒီးနာ၏ နူးညံ့လှသည့် လက်ဖဝါးနုနုကလေးထိတွေ့သွားကာ နှစ်ဦးစလုံးရှက်ရွံ့သွားကြသည်။ မိန်းကလေးဖြစ်သည့် ဒီးနာမှာ ပိုပြီးရှက်သွားကာ မျက်နှာကြီးတစ်ခုလုံးနီအမ်းသွားကာ ဒီးဒီးအရှေ့မှပြေးထွက်သွားလေသည်။ ဒီးဒီးက ဒီးနာပြေးထွက်သွားသည်ကို အနောက်မှကြည့်နေရင်း ကျေနပ်စွာပြုံးနေမိသည်။
"ဒီးနာ၊ ငါ့အပေါ်ကောင်းတဲ့လူဆိုလို့ ငါ့အပါးရယ်၊ ငါ့အမိုးရယ်၊ ပြီးတော့ နင်ရယ်ပဲရှိတာပါ . . "
ဒီးဒီးပြုံးနေသည်ကိုကြည့်ရင်း ဖိုးခွားတစ်ယောက် တောက်တစ်ချက်ခေါက်လိုက်သည်ကို ဒီးဒီးကြားသိနိုင်မည်မဟုတ်ပေ။
(၄)
"ရှင်တို့သားအဖ တောတက်ရင် ကျုပ်လည်းလိုက်ခဲ့မယ်"
နော်အဲမူကပြောလိုက်ရင်း သူတို့အနားတွင်ဝင်ထိုင်သည်။ ဒီးဒီးကတော့ ရေမိုးချိုးပြီးသည်မို့ ဒီးနာပေးလိုက်သည့် တောင်ဆိတ်ဆီ ဒဏ်ကြေလိမ်းဆေးကို ရင်ဘတ်ကြွက်သားများနှင့် လက်မောင်းများအပေါ်သို့ လိမ်းကျံနေလေသည်။ ဦးစောထီးကတော့ အရက်တစ်ပုလင်းထောင်ပြီး အနည်းငယ်ထွေနေပြီဖြစ်သည်။ နော်အဲမူက တောဝက်အသည်းကို ပါးပါးလှီးကာ ကြော်ပြီး ဦးစောထီးအနားတွင် လာချပေးလေသည်။
"အမိုးက ဘာလို့တောထဲလိုက်ခဲ့မှာတုန်း"
"ဒီအချိန် မိုးတစ်ပြိုက်၊ နေတစ်ပြိုက်နဲ့ဆိုတော့ တောထဲက မှိုကျင်းတွေမှာ မှိုတွေပေါ်နေလောက်ပြီ၊ ကျုံဒွန်းမှာ မှိုတွေဈေးကောင်းနေတယ်တဲ့၊ မှိုရရင် ကျုံဒွန်းတက်ရောင်းမလားလို့"
စီးပွားရေးဈေးကွက်မြင်သည့် နော်အဲမူကိုကြည့်ရင်း ဦးစောထီးက ပြုံးလိုက်မိသည်။
"ဒါမှ မင်းအမိုးကွ၊ မင်းအမိုးကတော့ ဘယ်အချိန်မှာ ဘယ်လိုငွေရှာရမလဲဆိုတာကို အမြဲသိနေတာပဲကွာ"
"ရှာရမယ်တော့၊ အရင်ကတော့ ကျုပ်တို့နှစ်ယောက်ထဲဆိုတော့ ငွေဆိုတာသိပ်လိုတာမဟုတ်ဘူး၊ ခုတော့ ကျုပ်တို့သားလေးရှိသေးတယ်၊ သားလေးရဲ့ ရှေ့ရေးက ရှိသေးတယ်၊ ဪ၊ ဒါနဲ့ သားညနေက ဖိုးခွားတို့နဲ့ ထိုးကြသေးတယ်ဆို"
ရွာထဲလည်နေသည့် မိခင်ဖြစ်သူမှာ အကြောင်းစုံကိုသိပြီးလောက်ပြီးဖြစ်မှန်း ဒီးဒီးသိလိုက်သည်။ သို့သော်လည်း ပိုပြီးသေချာစေရန်အတွက် သူ့ကိုမေးခြင်းဖြစ်မည်၊ ဒီးဒီးကလည်း မလိမ်မညာတတ်ပေ၊ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။ ဦးစောထီးက ထိုအကြောင်းကို သိလိုက်သည့်အခါ အလွန်ဒေါသထွက်သွားသည်။
"တောက်၊ အဲဒီစေးထူးက တော်တော်တရားလွန်တာပဲကွ၊ ဒီကောင်က မျက်နှာကြီးရာ ဟင်းဖတ်ပါချင်တာနေမှာ၊ သားရယ် အဲဒီကောင်ဆီကို သွားမနေပါနဲ့"
ဒီးဒီးက ခေါင်းငိုက်စိုက်ချလိုက်သည်။ သားဖြစ်သူ၏ စိတ်အခြေအနေကို ရိပ်စားမိသော နော်အဲမူက ဦးစောထီးကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးနောက် ဒီးဒီး၏ ကျောကုန်းကိုပွတ်ပေးလိုက်သည်။
"အိုတော်၊ ရှင်က ဘုမသိဘမသိနဲ့ ဝင်ပြောနေပြန်ပါပြီ၊ သားရယ် ဘာမှစိတ်ထဲမထားပါနဲ့"
"ရပါတယ်အမေရာ၊ သားစိတ်ထဲဘာမှမဖြစ်ပါဘူး၊ သူ့သင်တန်းမှာတက်တော့ သူ့စည်းကမ်းကို လိုက်နာရမယ်မဟုတ်လား"
ဦးစောထီးက မကျေနပ်သေးပေ။
"ဟာကွာ၊ သားရာ၊ ဒီကောင့်ဆီ အောက်ကျနောက်ကျခံပြီးသွားမနေနဲ့၊ လက်ဝှေ့လည်းထိုးမနေနဲ့၊ သားအပါးနဲ့အတူတူ မုဆိုးပဲလုပ်စမ်းပါ"
နော်အဲမူက ဦးစောထီးပေါင်ကို ဆွဲပြီးလိမ်လိုက်လေသည်။ ဒီးဒီးက ခေါင်းငိုက်စိုက်ကျလျှက်ပင် ရှိနေသေးသည်။ နော်အဲမူက ဒီးဒီးမျက်နှာကို လက်ဖြင့်ကိုင်ပြီး ဆွဲပင့်လိုက်သည်။
"အမိုးမေးမယ်သား၊ သားမှန်မှန်ဖြေနော်၊ သားဘာကိုဝါသနာပါသလဲ၊ သားဘာဖြစ်ချင်သလဲဆိုတာ အမိုးကိုပြော၊ သားဖြစ်ချင်တာမှန်သမျှ အမိုးလုပ်ပေးမယ်၊ သားအပါး မုဆိုးခိုင်းလို့ သားအတင်းအကြပ် မုဆိုးလုပ်ရမယ်လို့ အမိုးကတော့ မယူဆဘူး"
ထိုတော့မှ ဒီးဒီးမျက်နှာ ပြုံးသယောင်ဖြစ်လာလေသည်။
"တကယ်ပြောတာလား အမိုး"
နော်အဲမူက ခေါင်းညိတ်လိုက်ရာ ဒီးဒီးက ဦးစောထီးကို တစ်ချက်ကြည့်လိုက်ပြီးနောက်
"ဒါဆိုရင် သား လက်ဝှေ့ထိုးချင်တယ် အမိုးရာ၊ သား လက်ဝှေ့သမားလုပ်ချင်တယ်"
ဦးစောထီးမှာ မျက်လုံးကြီးပြူးလျှက်
"တော်စမ်းသား၊ မင်းမုဆိုးပဲလုပ်ရမယ်၊ ဘာလက်ဝှေ့သမားမှ မလုပ်ရဘူး"
"ကိုစောထီး၊ ရှင်တယူသန်မလုပ်နဲ့၊ ရှင်ခေါင်းမမာနဲ့၊ ရှင်မုဆိုးဖြစ်တိုင်း သားလေးကို မုဆိုးဖြစ်ရမယ်လို့ ရှင်မသတ်မှတ်နဲ့၊ လူဆိုတာ သူဝါသနာပါရာ အသက်မွေးရတယ်ရှင့်၊ ကျွန်မကတော့ သားလေးကို ရှင့်လိုမုဆိုးတစ်ယောက် မဖြစ်စေချင်ဘူး"
"တော်စမ်းပါအဲမူရာ၊ မုဆိုးရဲ့သားက မုဆိုးပဲလုပ်ရမှာပေါ့ကွ"
"မိဘဆိုတာ သားသမီးကို ကျွေးမွေးထားရုံတင်မဟုတ်ဘူး၊ သားသမီးဖြစ်ချင်တာကိုလည်း လမ်းကြောင်းပေးပြီး အားပေးအားမြှောက်ပြုရတယ်ရှင့်၊ သားက ရှင်နဲ့တောလိုက်တယ်ဆိုတာ လုပ်စရာမရှိလို့ လိုက်ရတာ၊ ကျွန်မကတော့ သားလေးကို တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ပဲ အသက်မွေးစေချင်တယ်၊ သားလေးကို လူတောမတိုးတဲ့ လူတစ်ယောက်မဖြစ်စေချင်ဘူးရှင့်"
နော်အဲမူအသံတွေက အလွန်တင်းမာနေသဖြင့် ဦးစောထီးပင် အံ့ဩနေမိသည်။ သူနှင့်ပေါင်းသင်းလာသည့် တစ်လျှောက်လုံး နော်အဲမူမှာ ဦးစောထီးပြောသမျှကို နာခံပြီး လိုက်နာနေထိုင်ခဲ့သူဖြစ်သည်။ အခုတော့ သားဇောနှင့် ဦးစောထီးကိုပင် ကန့်လန့်တိုက်ကာ လေသံမာမာနှင့်ပြန်ပြောဆိုနေခဲ့လေပြီ။
"ဟေ့ကောင်ဒီးဒီး၊ မင်းကို ငါတစ်ခုပဲမေးမယ်၊ မင်း မုဆိုးလုပ်မလား၊ လက်ဝှေ့သမားလုပ်မလား"
ဒီးဒီးကစဉ်းစားနေသည်။ နောက်တော့ ခေါင်းငိုက်စိုက်ကျသွားပြန်သည်။ သူ့ပါးစပ်က တစ်ခုခုပြောဖို့အတွက် အားယူနေပုံရသည်။ နောက်ဆုံးတော့ ဒီးဒီးက တုန်တုန်ယင်ယင်ဖြင့်
"သား လက်ဝှေ့ထိုးချင်တယ် အပါး"
"ဘာကွ"
ဦးစောထီးမျက်လုံးကြီးပြူးသွားပြီး အလွန်အံ့ဩနေမိသည်။
"မင်းဘာပြောတယ်ဟေ့ကောင်"
"သားမုဆိုးမလုပ်ချင်ဘူး၊ သားလက်ဝှေ့ပဲ ထိုးချင်တယ်"
"ဘာကွ၊ မင်းကွာ၊ မင်းကို တစ်သက်လုံးကျွေးမွေးပြုစုလာခဲ့ပြီး မင်းကအရွယ်ရောက်တော့ ငါ့ကိုဒီလိုပြန်ပြီးတော့ အာခံတာပေါ့၊ မင်းငါ့ကို ဒီလိုပြန်ပြီး ကျေးဇူးဆပ်လိုက်တာပေါ့၊ ဟုတ်လား"
"တော်ဘာမှမပြောနဲ့တော့၊ သားမှန်တယ်၊ လူဆိုတာ ကိုယ်လုပ်ချင်တာကို ရဲရဲဝံ့ဝံ့ လုပ်နိုင်ရမယ်သား၊ ဘာမှမပူနဲ့ အမိုးမှာ စုထားတဲ့ပိုက်ဆံတွေရှိတယ်၊ မနက်ဖြန်ရောက်တာနဲ့ ဆရာကြီးစေးထူးဆီမှာ သားကိုလိုက်အပ်ပေးမယ်"
သားအမိနှစ်ယောက် အတိုင်အဖောက်ညီနေသဖြင့် ဦးစောထီးဆက်ပြီးမနေချင်တော့ပေ၊ ထို့ကြောင့် အရက်ပုလင်းကိုယူကာ အိမ်မှပြေးထွက်လာခဲ့သည်။ မုဆိုးတစ်ယောက်မို့ သူသွားသည့်နေရာက တောအုပ်အတွင်းသို့ပင်ဖြစ်သည်။ သစ်ငုတ်တိုကြီးတစ်ခုပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး လက်ထဲမှ မီးတောက်ချက်အရက်ကို ဒီအတိုင်းမော့ချလိုက်သည်။
"အပါး . . . အပါး ကျုပ်သားက မုဆိုးမလုပ်ချင်ဘူးတဲ့ အပါးရေ . . အီး . . ဟီး . . ဟီး"
ဦးစောထီးတစ်ယောက် ကလေးတစ်ယောက်သဖွယ် အော်ဟစ်ငိုကြွေးလိုက်မိသည်။ သူ့သက်တမ်းတစ်လျှောက်လုံး ထိုသို့နှစ်ကြိမ်သာငိုဖူးသည်။ တစ်ကြိမ်ကတော့ သူ့အပါးသေဆုံးသွားသည့်အချိန်ကဖြစ်ပြီး ယခုအကြိမ်ကတော့ ဒုတိယအကြိမ်မြောက်ဖြစ်တော့သည်။
မနက်လင်းခဲ့ပြီ၊
ဦးစောထီးက စိတ်မကြည်သေးပေ၊ နံနက်မိုးလင်းသည်နှင့် သေနတ်ကိုလွယ်ပြီး တောအုပ်အတွင်းသို့ခြေဦးလှည့်ခဲ့သည်။ ယနေ့အမဲမလိုက်ရန်ဆုံးဖြတ်ထားသော်လည်း အိမ်တွင်မနေချင်သဖြင့် တောထဲထွက်လာရခြင်းဖြစ်သည်။
နော်အဲမူနှင့် ဒီးဒီးတို့ကတော့ အိမ်တွင်နေခဲ့သည်။ နော်အဲမူက သူစုစောင်းထားသည့် ပိုက်ဆံများကိုထုတ်လိုက်ပြီးနောက် ဒီးဒီးနှင့်အတူ ဦးစေးထူးအိမ်သို့ ထွက်လာခဲ့ကြသည်။
"ကျွန်မသားလေးကို ဆရာကြီးဆီအပ်ပါတယ်"
နော်အဲမူက ပြောဆိုလိုက်ပြီး ပိုက်ဆံများကို ဦးစေးထူးထံသို့ပေးလိုက်သည်။ ဦးစေးထူးကလည်း ပိုက်ဆံကိုယူလိုက်ပြီး
"စိတ်ချပါ၊ အမကြီးသားက အလားအလာရှိပါတယ်၊ သူ့ကို သေသေချာချာမြေတောင်မြှောက်ပေးလိုက်ရင် နိုင်ငံကျော် လက်ဝှေ့သမားတစ်ဦးဖြစ်လာနိုင်ပါတယ်"
နော်အဲမူနှင့် ဒီးဒီးမှာပျော်ရွှင်လျှက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
"သား၊ ဒီနေ့ကစပြီး အမဲမလိုက်နဲ့တော့နော်၊ ဆရာကြီးအိမ်ကိုလာပြီးတော့ လက်ဝှေ့ပညာတွေသာ ကြိုးစားသင်ယူပေတော့"
"စိတ်ချပါအမိုးရာ၊ သား ကြိုးစားပါ့မယ်"
ဦးစေးထူးက ပြုံးလျက်
"အေး၊ ကောင်းတယ်ကွ၊ မင်းသာကြိုးစားရင် မင်းအမိုးတော့ မင်းရဲ့လက်ဝှေ့ပွဲကို တီဗွီမှာ မကြာခင်ကြည့်ရတော့မယ် ထင်ပါရဲ့ကွာ ဟားဟား"
ဦးစေးထူးက ပြောကာရယ်မောလိုက်သည်။ ဦးစေးထူးအနောက်တွင် ရပ်နေသည့် ဒီးနာမှာလည်း ပီတိများဖြစ်ကာ ပြုံးရယ်နေလေရာ ဒီးဒီးနှင့် မျက်လုံးချင်းဆုံတွေ့သွားပြီးသည့်နောက် ရှက်ပြုံးကလေးပြုံးကာ ခေါင်းကိုငုံ့ထားလိုက်လေသည်။
(၅)
"တောက် . . . ဘာကိုမှအဆင်မပြေဘူးကွာ"
ဦးစောထီးက ရေရွတ်လျှက် ကျောက်တုံးတစ်ခုပေါ်တွင်ထိုင်နေလိုက်သည်။ ညက အမူးလွန်သွားသည်မို့ ခေါင်းက တဆစ်ဆစ်နှင့် ကိုက်ခဲနေလေသည်။ ထို့အပြင် ယနေ့အမဲလိုက်ထွက်လာသည့်အခါ အမဲလိုက်ဝတ်စုံလည်းမပါ၊ တောတွင်းလည်း ပူဇော်ပသမှုမလုပ်ခဲ့ရပေ၊ စိတ်နှင့်လူနှင့်မကပ်သဖြင့် အရာရာ အဆင်မပြေဖြစ်နေလေသည်။
တောစပ်တွင် မှိုကျင်းများပွင့်နေကာ ဖွေးဖွေးဖြူအောင် ပွင့်နေကြလေသည်။ ဝါးရုံပင်ကြီးများသို့ တက်လာခဲ့ရာ ဝါးရုံအချို့တွင်လည်း မျှစ်စို့ကြီးများအသစ်ထွက်နေကြလေသည်။ ယခုအချိန်သည် ဝါးရုံပင်ငယ်များ အစို့ထွက်ချိန်ဖြစ်သည်။ ဝါးပင်ကြီးများမှာ မိုးဦးတွင် အစို့ထွက်တတ်ကြသော်လည်း သေးငယ်သွယ်လျှသည့် ဝါးပင်ငယ်များမှာတော့ မိုးနှောင်းပိုင်းမှသာ အစို့ထွက်တတ်ကြသည်။ သို့သော် ထိုဝါးပင်အငယ်များမှ ထွက်သော မျှစ်စို့ကလေးများမှာ မျှစ်စို့ကြီးများထက််အလွန်ဆိမ့်လှသည်။
တောတက်လာရင်း ဝါးရုံပင်တစ်ခုနားအရောက်တွင် တဂျွတ်ဂျွတ် တဖြောင်းဖြောင်းနှင့် အသံများကြားလိုက်သဖြင့် နားစွင့်ကာခြေသံလုံလုံဖြင့်တက်လာခဲ့လေသည်။ တောဝက်များမှာ ထိုမျှစ်စို့ကလေးများကို အလွန်ကြိုက်နှစ်သက်ကြသဖြင့် မျှစ်လာတူးကာ စားသောက်ကြခြင်းဖြစ်မည်။ ထင်သည့်အတိုင်းပင် တောဝက်တစ်အုပ်က ဝါးရုံအောက်ခြေရှိ မြေသားများကိုတူးဖော်လျှက် မျှစ်တူးစားနေကြခြင်းဖြစ်သည်။
"အတော်ပဲဟေ့၊ တောဝက်တစ်ကောင်လောက်တော့ အိမ်ပြန်သယ်သွားရမယ်"
တောဝက်အုပ်ကို ဝက်တောင်းကြီးတစ်ကောင်က ဦးဆောင်ခြင်းဖြစ်သည်။ ဦးစောထီးလည်း ပစ်ကွင်းကောင်းစေရန်အတွက် ဝါးရုံအထက်ဘက်သို့ တက်လာခဲ့သည်။ ထို့နောက် သေနတ်မောင်းကိုတင်လိုက်ပြီး တောဝက်အကြီးတစ်ကောင်ကို ချိန်ရွယ်လိုက်ကာ ခလုပ်ကိုညှစ်ချလိုက်သည်။
"ချောက် . . . "
"ဟာ၊ သွားပြီ၊ သေနတ်ကျည်ထည့်မထားမိဘူး"
ဦးစောထီး အံ့ဩသွားစဉ်မှာပင် တောဝက်တောင်းကြီးက ခေါင်းကိုထောင်လိုက်ကာ အနံ့ခံလိုက်လေသည်။ မကြာခင်မှာပင်ဦးစောထီးကို တွေ့သွားကာ တစ်ဟုန်ထိုးပြေးလာလေသည်။ ဦးစောထီးလည်း သိလိုက်ပြီမို့ ကျည်ဆန်တစ်တောင့်ကို ကျည်အိမ်အတွင်းသို့ထည့်လိုက်ကာ အလျှင်အမြန်မောင်းတင်ပြီး တောဝက်ကြီးထံသို့ ပစ်ချလိုက်တော့သည်။
"ဒိုင်း . . ."
သေနတ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ သို့သော် တောဝက်ကြီး၏ ချက်ကောင်းကို ကျည်ဆန်ကမထိဘဲ ပုခုံးကိုသာ ရှပ်ပြီးမှန်သွားလေသည်။ တောဝက်မှာ ဦးစောထီးဆီပြေးလာရင်း သေနတ်သံကြားလိုက်မိသည်မို့ အနောက်သို့လှည့်ပြေးတော့သည်။ တောဝက်အုပ်မှာလည်း ကစဉ့်ကလျားပြေးလွှားကြလေသည်။
"ဒီကောင့်ကိုလိုက်မှ"
တောဝက်တောင်းကြီး၏ ကျောကုန်းတွင် အဖြူကွက်၊ အနက်ကွက်များရှိသည်။ တောဝက်မို့ သာမန်ဝက်များနှင့်မတူဘဲ အမွှေးကခပ်ထူထူဖြစ်သည်။ တောဝက်ကြီးမှာတောင်ဆင်းအတိုင်း ပြေးဆင်းသွားလေသည်။ ဦးစောထီးလည်း ကျည်အိမ်အတွင်း ကျည်ဆန်တစ်တောင့်ထည့်ပြီး တောဝက်အနောက်သို့ အပြေးလိုက်လာခဲ့လေသည်။
နော်အဲမူမှာ မှိုကျင်းများအနီးတွင် မှိုနှုတ်နေလေသည်။ ဝါးဖြင့်ရက်လုပ်ထားသည့် တောင်းကြီးတစ်လုံးနီးပါးခန့် မှိုများရနေပြီဖြစ်သည်။
"မှိုတွေကောင်းလိုက်တာ၊ ကျုံဒွန်းတက်ရောင်းရင်တော့ ဈေးကောင်းရလောက်ပါရဲ့၊ ပိုက်ဆံများများရှာထားမှဖြစ်မယ်၊ သားလေးက နောက်ဆို လက်ဝှေ့ပွဲတွေ ဘာတွေတက်ထိုးရတော့မှာ၊ သူ့မှာက အဝတ်အစားလည်း ကောင်းကောင်းမရှိရှာဘူးရယ်"
နော်အဲမူစိတ်ကူးနေရင်း မှိုများကို ခပ်မြန်မြန်နှုတ်နေမိသည်။ မှိုနှုတ်သည့်အခါ မြွေကိုလည်း သတိထားရသေးသည်။ ထိုစဉ် သူ့အနောက်မှ အော်သံကြီးတစ်ခုကြားလိုက်ရသည်။
"အဲမူ . . .အဲ . . .မူ"
သူ့နာမည်ကိုခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ တောင်စောင်းပေါ်တွင် သေနတ်ကိုင်ထားပြီး ပြေးဆင်းလာသည့် ဦးစောထီးကိုတွေ့လိုက်ရသည်။
"အလို ကိုစောထီးပါလား"
ထိုစဉ် နော်အဲမူအရှေ့တွင် ချုံတိုးသံကိုကြားလိုက်ရသည်။ မသိလျှင် တောင်ပေါ်မှ ဘောလုံးကြီးတစ်လုံးဆင်းလာသည့်အလား ချုံပင်များမှာ ခပ်မြန်မြန်လှုပ်ရှားနေလိုက်သည်။ ချုံတိုးသည်က နော်အဲမူထံသို့ ဦးတည်ပြီးလာနေခြင်းဖြစ်သည်။ နော်အဲမူ ရှောင်ရှားရန်ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။
ချုံအတွင်းမှ တောဝက်ကြီးတစ်ကောင်ထွက်လာလေသည်။ အစွယ်ချွန်ချွန်နှင့် ဝက်တောင်းကြီးမှာ နော်အဲမူထံသို့ တည့်တည့်ပြေးတိုးလာသည်။ ထို့နောက် နော်အဲမူ၏ ဗိုက်သားကိုအစွယ်ချွန်များနှင့် ပင့်ကာထိုးကော်လိုက်သည်။ ဝက်ပက်သည့်အရှိန်ကြောင့် နော်အဲမူတစ်ယောက် လွင့်ထွက်သွားကာ မှိုကျင်းများအပေါ်သို့ ပက်လက်လဲကျသွားလေသည်။ ဦးစောထီးက မတ်တပ်ရပ်လိုက်ပြီး သေနတ်ဖြင့်အမြန်ပစ်ခတ်လိုက်သော်လည်း ပစ်ချက်ကလွဲသွားလေသည်။ တောဝက်ကြီးမှာ တောအုပ်အတွင်းသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
"အဲမူ . . . အဲမူ"
မှိုကျင်းများဆီသို့ ပြေးဆင်းလာသည့်အခါ ပက်လက်လန်လဲနေသည့် နော်အဲမူကိုတွေ့လိုက်ရသည်။
"အဲမူ . . ."
ဦးစောထီးက ပြေးလာပြီး ပွေ့လိုက်သည့်အခါ နော်အဲမူဗိုက်ကပွင့်ထွက်နေပြီး အတွင်းမှ ကလီစာအချို့က အပြင်သို့ထွက်နေလေသည်။ ဦးစောထီးလည်း ယောင်ယမ်းပြီး ကလီစာများကိုကိုင်ကာ ဗိုက်အတွင်းသို့ပြန်ထိုးထည့်လိုက်ပြီး ဗိုက်ကိုလက်နှင့်ဖိထားလိုက်သည်။ ဝက်ပက်သည့်ဒဏ်ဖြင့် နော်အဲမူတစ်ယောက် ဗိုက်ပွင့်သွားခြင်းဖြစ်သည်။ လက်နှင့်ဖိထားသော်လည်း သွေးတွေက လက်ကြားထဲမှပန်းထွက်နေသည်။
"ကိုစောထီး . . .နာတယ် . . . အရမ်းမဖိနဲ့ နာတယ်"
"ကောင်းသွားမယ်အဲမူ၊ . . အကို အဲမူကိုထမ်းသွားမယ်နော်"
နော်အဲမူက ခေါင်းခါသည်။ ထို့နောက် လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး သူ့ဗိုက်ကိုပွတ်သပ်နေလေသည်။ အလွန်နာကျင်လွန်းလှသဖြင့် နော်အဲမူမှာ လုပ်မိလုပ်ရာ လုပ်ကိုင်နေခြင်းဖြစ်မည်။ ထို့နောက် ခေါင်းကိုထောင်ကြည့်ပြီး သူ့ဗိုက်သူကြည့်ကာ သွေးရူးသွေးတန်းဖြင့် ငယ်သံပါအော် အော်နေလေသည်။
"ကောင်းသွားမှာပဲ အဲမူရာ စိတ်ကိုထိန်းထားနော် . . ."
ဦးစောထီးက နော်အဲမူကိုပွေ့ကာ ရွာဆီသို့ပြေးတော့သည်။ မှိုကျင်းရှိ မှိုဖြူဖြူများမှာ နော်အဲမူထွက်သော သွေးစက်များထိမှန်ကာ ရဲရဲနီသွားလေသည်။
ပြေးသည့်လမ်းတစ်လျှောက်တွင် သွေးစက်များက စီးကျလာလေသည်။ ဦးစောထီးလည်းမျက်ရည်များ တပေါက်ပေါက်ဖြင့်ကျနေမိသည်။ ရွာသို့မရောက်သေးခင်မှာပင် နော်အဲမူက ဦးစောထီးလက်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ နော်အဲမူမျက်နှာမှာ အတော်ဖြူဖျော့နေလေသည်။
"ကိုစောထီး . . ကိုစောထီး . . . ကျုပ်မောတယ်၊ ကျုပ်မောတယ်"
ဦးစောထီးက ပြေးနေသည်ကိုရပ်တန့်လိုက်ပြီး ထိုင်ချလိုက်ကာ နော်အဲမူကိုပွေ့ထားသည်။
"ရွာရောက်တော့မှာပါ အဲမူရာ၊ ဆေးဆရာကြီးနဲ့တွေ့ရင် မင်းပြန်ကောင်းသွားမှာ"
နော်အဲမူက ခေါင်းခါပြီး
"ကျုပ် . . . ကျုပ်မရတော့ဘူး အကိုစောထီး . . . ကျုပ်ပြာပြာတွေပဲ မြင်နေရတယ်"
နော်အဲမူမျက်လုံးတွေက ပြူးကြောင်နေပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေလေသည်။ နောက်တော့ သွေးပေနေသည့်လက်များဖြင့် ဦးစောထီး၏ မျက်နှာကိုစမ်းကြည့်လေသည်။
"ကျုပ် . . ကျုပ်သားလေးကို ရှင် မတားပါနဲ့တော် . . ."
နော်အဲမူအသံက တိမ်ဝင်သွားသည်။
"ကျုပ်သားလေးကို လက်ဝှေ့သမားကြီး လုပ်ခိုင်းပါ ကိုစောထီး . . ."
ဦးစောထီးက ခေါင်းကိုတဆတ်ဆတ်ညိတ်သည်။
"အေးပါ အဲမူရာ စကားမပြောနဲ့ မင်းမောနေပါအုံးမယ်၊ ရွာရောက်တော့မယ်နော်"
သို့သော် နော်အဲမူမှာ တဟင်းဟင်းနှင့် ညည်းညူနေပြီးနောက် အသက်ကိုခပ်ပြင်းပြင်းရှူနေလေသည်။ ဦးစောထီးကတော့ ရွာထဲသို့အမြန်ပြေးလာခဲ့သည်။
"ဆေးဆရာကြီး ကယ်ပါဦး၊ အဲမူကို ကယ်ပါဦးဗျာ"
ဆေးဆရာကြီးအိမ်ရှေ့ကွပ်ပျစ်ပေါ်သို့ နော်အဲမူကိုတင်လိုက်သည့်အခါ ဆေးဆရာကြီးက အိမ်ပေါ်မှဆင်းလာလေသည်။ ထို့နောက် နော်အဲမူကို စမ်းသပ်ကြည့်ကာ ခေါင်းခါလိုက်သည်။
"မရတော့ဘူး စောထီး၊ အဲမူက အသက်ငွေ့ငွေ့ပဲရှိတယ်၊ ဒီလောက်ဒဏ်ရာနဲ့ဆိုတော့ သူမရတော့ဘူး"
"မဟုတ်တာပဲဗျာ၊ ခင်ဗျား မကုနိုင်ရင်လည်း အဲမူကို ကျုံဒွန်းဆေးရုံကိုပို့မယ်"
"ငါစိတ်မကောင်းပါဘူးစောထီးရာ၊ သူခံရင်လည်း မိနစ်ပိုင်းလောက်ပဲကွ"
ဦးစောထီးမှာ နော်အဲမူကို ပွေ့ပိုက်ရင်း ငိုကြွေးနေမိသည်။ နော်အဲမူမှာ သွေးပြန်ကြောမကြီးကို ထိခိုက်သွားသဖြင့် သွေးထွက်လွန်ကာ မကြာခင်မှာပင် ဦးစောထီးလက်အတွင်းဝယ် ငြိမ်ကျသွားလေတော့သည်။
"အဲမူ . . အဲမူ၊ စိတ်ချပါကွာ၊ မင်းကိုငါကတိပေးပါတယ်၊ မင်းသားကို လက်ဝှေ့သမားတစ်ယောက်ဖြစ်အောင်လို့ ငါပျိုးထောင်ပေးပါ့မယ်"
ဦးစောထီးမှာ နော်အဲမူကို ပွေ့လျက် ကလေးတစ်ယောက်သဖွယ် ငိုယိုနေမိသည်။ ထိုအကြိမ်က သူ့ဘ၀တွင် တတိယအကြိမ်မြောက် ငိုယိုမိခြင်းလည်း ဖြစ်ပေသည်။
အခန်း (၄) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်