
တနင်္ဂနွေ ရုံးပိတ်ရက်။ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ အငြင်းအခုံစကားဝိုင်းတစ်ခု။
“ငါပြောမယ်ကွာ … သဘာဝလွန်ဖြစ်ရပ်တွေဆိုတာက တစ်စုံတစ်ယောက်က ဖန်တီးလိုက်တဲ့ ကိစ္စမျိုးတွေမဟုတ်ဘူးကွ”
“ဒါဆို .. မင်းပြောချင်တာက .. “
“သိပ္ပံပညာအရ ဖြစ်ရပ်တိုင်းက ခိုင်လုံတဲ့သက်သေ အကျိုးအကြောင်းရှိကိုရှိတယ်ကွာ။ မရှိဘူးဆိုရင် အဲဒါ လုံးဝမဖြစ်နိုင်တာပဲ”
“မင်း အဲဒီလိုတော့ တဖက်သတ်မပြောနဲ့လေ”
“ဒါဆို ကွာ နတ်ပြည်တွေ၊ ငရဲပြည်တွေ တကယ်ရှိတယ်ဆိုတာ မင်းတို့ယုံလား”
“ယုံတယ်လေ .. စာပေကျန်းဂန်တွေမှာ ဒီလိုပဲ အတိအကျဆိုထားတာပဲ”
“ဒါဆို .. အဲဒီ နတ်ပြည်တွေ ငရဲပြည်တွေက ဘယ်နားမှာလဲ”
“ဟ .. အဲဒီလိုတော့ ကတ်သပ်မပြောနဲ့လေ။ ငါတို့ သေပြီးမှ သိရမှာပေါ့။ ကောင်းမှုကုသိုလ်လုပ်ရင် နတ်ပြည်ရောက်မယ်၊ မကောင်းတာလုပ်ရင် ငရဲပြည်ရောက်မယ်လေ”
“မင်းတို့က တော်တော်ကို လွဲနေတာပဲ”
အဲဒီအချိန်မှာပဲ ရပ်ကွက်ထဲက ဗေဒင်ပညာတီးမိခေါက်မိရှိတဲ့ ဦးကြည်ညွှန့်က ဆိုင်ထဲဝင်လာသည်။
“မင်းတို့အသံ ဟိုးဘက် ကွမ်းယာဆိုင်ကတောင် ကြားရတယ်”
“ဒီမှာလေ … ဒီကောင် .. အရာရာတိုင်းကို လက်တွေ့ပြမှ ယုံမယ်လုပ်နေလို့”
ဦးကြည်ညွှန့်က ပြုံးလိုက်သည်။ ပြီးတော့ ..
“ခုခေတ်လူငယ်တွေက ဒီလိုပါပဲ။”
ဦးကြည်ညွှန့်က လက်ဖက်ရည်တစ်ခွက်မှာလိုက်သည်။ လက်တွေ့သမား .. ဇော်ကြီးက ဦးကြည်ညွှန့်ကို အမြင်ကပ်နေတာကြာပြီ။ ရပ်ကွက်ထဲမှာ အကြောင်းအရာတစ်ခုခုဖြစ်လိုက်တိုင်း… နက္ခတွေနဲ့ပြောလိုက်၊ ယတြာတွေနဲ့ ပြောလိုက်နှင့်မို့ ကြည့်မရတာ ကြာပြီ။ အခုတော့ .. ခွင်ထဲဝင်တုန်း … ဆော်ဦးမည်ဟု တွေးကာ ..
“ဦးလေးတို့က လူငယ်တွေအပေါ်အထင်သေးလွန်းတာပါ”
“ဘာလို့တုန်းဟ ..”
“ဟုတ်တယ်လေ .. လူငယ်တွေ သိချင်တဲ့အရာတွေကို သေချာရှင်းပြမပေးနိုင်ဘဲ .. လူငယ်တွေကပဲ မှားနေသလိုလိုတွေ လျှောက်ပြောနေတာကိုး”
စကားဝိုင်းက နည်းနည်းတင်းမာလာသည်။ ဇော်ကြီးဘက်မှာ လူငယ်နှစ်ယောက်လောက်ရှိပေမဲ့ သူတို့ကလည်း ရဲရဲဝံ့ဝံ့မရပ်တည်ရဲ။ ဇော်ကြီးကို ရပ်ကွက်ထဲက ဘာသာမဲ့လို့တောင် ယူဆထားကြတာ။ ဇော်ကြီးက စာအုပ်တွေဖတ်သည်။ သိပ္ပံပညာကို အကြွင်းမဲ့ယုံသည်။ ဘာသာရေးတွေ၊ ဗေဒင်တွေ၊ ရှေ့ဖြစ်ဟောတွေ၊ နမိတ်တွေ၊ ထူးဆန်းတာတွေကို ဘာမှ အယုံအကြည်မရှိ။ သူ အယုံအကြည်မရှိတဲ့အတိုင်းလည်း အာပေါင်အာရင်း သန်သန် ပြောလေ့ရှိတာကြောင့် ရပ်ကွက်ထဲမှာ သူနဲ့တည့်တဲ့သူသိပ်မရှိ။
“မင်းတို့ ဓမ္မာရုံကလည်း မိုးမလင်းသေးဘူး လော် က စဖွင့်ပြီ။ ဘုန်းကြီးဆွမ်းလောင်းတာပဲ တိုးတိုးတိတ်တိတ်လောင်းလို့မရဘူးလား”
“မင်းက အခုမှ ဘာထဖြစ်။ ငါတို့အဖိုးတွေလက်ထက်ကတည်းက တနင်္ဂနွေအပတ်စဉ်ဆွမ်းလောင်းတိုင်း အခုလိုမျိုးပဲ မနက်စောစော တရားခွေလေးတွေဖွင့်ပြီး လောင်းနေကြပဲလေ”
“အိပ်ရေးပျက်တယ်ကွာ”
“မင်းက တကယ့်ဒိဌိပဲ”
ဇော်ကြီးက လောင်းကစားတော့ နည်းနည်းဝါသနာပါသည်။ အထူးသဖြင့် ဘောလုံးပွဲလောင်းရတာကို ဝါသနာပါ၏။
“ဒီအပတ်တော့ မန်ယူ နိုင်ပွဲရချိန်တန်ပြီကွ”
“အဲဒါဆို ကိုင်လိုက်တော့လေ”
“လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူးကွ။ ပြီးခဲ့တဲ့အပတ်က နည်းနည်းထိသွားလို့”
“ဒါဆိုလည်း ထုံးစံအတိုင်း အတိုးနဲ့ဆွဲကွာ”
မြှောက်ပေးတဲ့ကောင်ကလည်း မြှောက်ပေးသည်။ ဇော်ကြီးကလည်း လောင်းကစားနှင့်ပတ်သက်ရင် ဇ ပြင်းသည်ဆိုရမည်။ အဲဒီနေ့က ပိုက်ဆံ ၅သိန်းသွားဆွဲသည်။ တစ်ဆယ်တိုးနှင့်ဖြစ်သည်။ မန်ယူ ကို ၃သိန်းလောင်းလိုက်သည်။ ကုန်သွားသည်။ ရှုံးမဲမဲပြီး တစ်ညလုံး ကျန်တဲ့ပွဲတွေလောင်းတာလည်း မနိုင်။ မိုးလင်းတော့ ၅သိန်းလုံးပြောင်သည်။ ဇော်ကြီး မှိုင်ကျသွားသည်။ လကုန်ရင် အတိုးကပဲ ၅သောင်းပေးရမည်။ ဒါက အရင်းမပါသေး။ အရင်အကြွေးဟောင်းတွေကလည်း တော်တော်များသည်။ ဆိုတော့ ဒီရက်ပိုင်းဇော်ကြီးကို ကြည့်ရတာ စိတ်ဓာတ်ကျနေမှန်း အရမ်းသိသာသည်။
အဲဒီနေ့က ..ည ၁၂ နာရီထိုးမှ အရက်ဆိုင်က ထ ပြန်လာသည်။ အိမ်ရောက်တော့ .. အိပ်ရာပင်မခင်းနိုင်ဘဲ .. အိမ်ရှေ့မှာ အိပ်ပျော်သွားသည်။ တရေးနိုးတော့ ရေတွေ ဆာလာသည်။ ပြီးတော့ .. အပြင်မှာလိုလို၊ အိပ်မက်လိုလိုနှင့် သူ့နာမည်ခေါ်သံကို ကြားရသည်။ မျက်လုံးက မဖွင့်ဘဲ အသံလာရာကို မှန်းပြီး ထ ထွက်လာခဲ့သည်။ မြင်လိုက်ရတဲ့ မြင်ကွင်းက ဇော်ကြီးကို မျက်လုံးကျယ်သွားစေသည်။ ခေါင်းရင်းခြံထောင့်က ကံ့ကော်ပင်အောက်မှာ တကိုယ်လုံး အဖြူဝမ်းဆက်ဝတ်ထားတဲ့ လူတစ်ယောက်မတ်တပ်ရပ်နေသည်။ ဇော်ကြီးက တဖြည်းဖြည်းချင်းတိုးသွားသည်။ အနားရောက်တော့ .. ဇော်ကြီး ကြက်သီးတွေထသွားသည်။ သူ့ရဲ့ မျက်နှာက တင်းရင်းပြီး မာကျောနေသည်။ ပါးရေနားရေတွေလည်း တွန့်နေသည်။ အသက်ကို ခန့်မှန်းရခက်လွန်းပြီး သူမတ်တပ်ရပ်နေပုံက လူလတ်ပိုင်းတယောက်ပုံစံမျိုးဖြစ်နေကာ အသားအရေကတော့ အသက်ကိုးဆယ်ကျော်အဖိုးတယောက်ရဲ့အသားအရေမျိုး အရေပြားတွေက တွန့်နေသည်။
“ခင်ဗျား .. ဘယ်သူလဲ ..”
“အော် … မိုက်လိုက်တဲ့မြေးလေး …”
အသံက ဂရုဏာသံဖြင့် ပြောလိုက်တော့ ဇော်ကြီးစိတ်ထဲမှာ ဝမ်းနည်းသလိုလိုဖြစ်သွားသည်။ အဆိုပါအဖိုးအိုက …
“ငါ့မြေးလေး အရမ်းပင်ပန်းနေပြီထင်တယ်။ ဒါတွေက မိုက်ပြစ်တွေပေါ့ကွယ်”
“အဖိုးက ဘယ်သူလဲဗျာ”
“ငါ .က မင်းရဲ့ အဖိုးပဲ။ မင်းအခု ဒုက္ခတွေတွေ့နေပြီမလား”
“ဟုတ်တယ် .. ကျနော်အရမ်း ဒုက္ခရောက်နေတယ်”
“ကဲ .. နောက်ဆို .. မမိုက်နဲ့တော့ .. ဒီတစ်ခါ ဒုက္ခတွေကို ကျော်ဖြတ်နိုင်ဖို့ အဖိုးကူညီမယ်”
“ဘယ်လို ကူညီမှာလဲ ..”
အဲဒီအချိန်မှာပဲ ကောင်းကင်က အလင်းတန်းကြီးက အဖိုးအိုရဲ့ ခေါင်းပေါ်ကို ဖြာကျလာသည်။ အဖိုးအိုက ..
“အဖိုးသွားတော့မယ်။ အဖိုးရဲ့ အသက်က မင်းရဲ့ ဒုက္ခတွေကို ကယ်တင်ပေးနိုင်မှာ အသေအချာပါပဲ။ အဖိုးရဲ့ အသက်က ..၉၂ ပါ”
ပြောလည်းပြောပြီး အလင်းတန်းကြီးက ပိုမိုစူးရှလာပြီး .. ဇော်ကြီးက မျက်လုံးကို အတင်းမှိတ်ပစ်လိုက်ရသည်။ အဲဒီအချိန်မှာ အသံအကျယ်ကြီးတသံကို ကြားလိုက်ရကာ မိုးပေါက်တွေကျလာသည်။
“ဝုန်း … ဝုန်း .. ဝုန်း … “
သွပ်ကို လာရိုက်တဲ့ မိုးပေါက်တွေရဲ့ အသံကြောင့် ဇော်ကြီး အခုမှ အိပ်နေရာက တကယ်လန့်နိုးလာတော့သည်။ နာရီကို ကြည့်လိုက်တော့ ၅း၁၅ ပြန်အိပ်ဖို့ ကြိုးစားကြည့်ပေမဲ့ အဆင်မပြေတော့။ အဲဒါနဲ့ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး မိုးရွာတာကို ထိုင်ကြည့်နေမိသည်။ ပြီးတော့ အိပ်မက်အကြောင်းအတွေးရောက်သွားသည်။ အိပ်မက်က ထူးဆန်းလွန်းလှသည်။ တခါမှ အခုလိုမျိုးမမက်ဘူး။ အိပ်မက်ထဲကအတိုင်းများ တွေ့ရမလားဆိုပြီး ခြံခေါင်းရင်းထောင့်က ကံ့ကော်ပင်ကိုလှမ်းကြည့်တော့ မိုးပေါက်တွေကိုသာ တွေ့ရသည်။ အိပ်မက်က ရှင်းလင်းလွန်းလှသည်။ ဒါပေမဲ့ .. ဘာကြောင့် ဒီလိုမက်မှန်းစဉ်းစားလို့မရ။ အိပ်မက်ထဲမှာ ပြောခဲ့တာတွေကို ဆေးလိပ်ဖွာရင်း သေချာပြန်စဉ်းစားကြည့်လိုက်တဲ့ အခါ … ဇော်ကြီး အတွေးပေါက်သွားတော့သည်။
မနှင်း က ဇော်ကြီးကို အံ့ဩသလို ကြည့်သည်။
“ဇော်ကြီး နင် တကယ်ပြောနေတာလား”
“တကယ်ပါဆို .. “
“နင်ကလည်းဟာ .. “
ဇော်ကြီးက သူအလုပ်သွားနေတဲ့ စက်ဘီးနဲ့ ဘောလုံးပွဲကြည့်နေတဲ့ တီဗီကို မနှင်း ဆီမှာ လာရောင်းခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဇော်ကြီးက မနှင်း ဆီက ငွေချေးလေ့ရှိပေမဲ့ တခါမှ ပစ္စည်းတွေလာမရောင်းဖူး။ ဒါတောင် ဇော်ကြီးက အိမ်နဲ့ခြံက ဦးလေးနာမည်နဲ့ဖြစ်နေလို့ မပေါင်တာဆိုပဲ။
“ဒါနဲ့ နင်က ပြီးခဲ့တဲ့၄ရက်လောက်ကမှ ၅သိန်းယူသွားတာလေ”
“အာ .. အဲဒါတွေ ပြောမနေပါနဲ့ဗျာ .. အခု စက်ဘီးနဲ့တီဗီ ဘယ်လောက်ပေးမှာလဲ”
စက်ဘီးရော၊ တီဗီရောက အရည်သွေးကောင်းတဲ့ပစ္စည်းတွေဖြစ်သည်။ အသစ်ဆိုရင် အဲဒီနှစ်ခုကို လက်ရှိပေါက်ဈေးနဲ့ဆို ၁၅သိန်းလောက်ကျနိုင်သည်။ မနှင်းကလည်း ဇော်ကြီးနှင့် ရင်းနှီးနေတာကြောင့် ဈေးသိပ်မနှိမ်ဘဲ ၆သိန်းနှင့် ဖြတ်ပေးလိုက်သည်။
“မနှင်းကလည်းဗျာ .. ကာလပေါက်ဈေး ၁၅သိန်းဝန်းကျင်လောက်တန်တဲ့ဟာကို။ ထက်ဝက်လောက်တော့ပေးလေဗျာ။ ကျနော့်ပစ္စည်းတွေက အကုန်အကောင်းအတိုင်းရှိသေးတာကို”
“အံမယ် .. ငါက နင့်ကို ကူညီတာနော်။ အဲဒီပစ္စည်းတွေ ငါအသုံးမလိုဘူး။ လိုလည်းမလိုချင်ဘူး။ နင်တစ်ပတ်အတွင်း တစ်ဆယ်တိုးနဲ့လာပြန်ရွေးရင် ပြန်ပေးမယ်ဟာ”
“တကယ် .. တစ်ပတ်အတွင်းတော့ ပြန်လာရွေးနော်။ တစ်ပတ်ကျော်ရင်တော့ မပြောတတ်တော့ဘူး။ ငါ့မောင်ကို ပြန်ရောင်းခိုင်းပြီး ငွေဖော်ရတော့မှာ”
“စိတ်ချဗျာ .. “
ဒီလိုနှင့် ဇော်ကြီး တယောက် ပိုက်ဆံခြောက်သိန်းအုပ်ကို ကိုင်ပြီး .. ရပ်ကွက်မြောက်ပိုင်းက ကိုဝိုင်း အိမ်ကို သုတ်ခြေတင်တော့သည်။ ဆိုင်ကယ်ကယ်ရီကလည်း တစ်စီးမှမတွေ့။ ဇော်ကြီးတယောက်မပြေးရုံတမယ် လမ်းလျှောက်နေရသည်။
“ဟောဟဲ … ဟောဟဲ .. “
ကိုဝိုင်းက..
“ဟေ့ကောင် ဇော်ကြီး ဘယ်လိုဖြစ်လာတာလဲ”
“ကျနော် နှစ်လုံးထီထိုးချင်လို့”
“ဟ .. ထူးထူးဆန်းဆန်း .. “
အနီးအနားက ရှိတဲ့သူတွေက အစ အံ့ဩသွားသည်။ ဘာဖြစ်လို့လည်းဆိုတော့ ဇော်ကြီးက နှစ်လုံးထီ၊ သုံးလုံးထီထိုးတာတွေကို အမြဲတမ်းအပြစ်ပြောလေ့ရှိသောကြောင့်ပင်။
“မင်းတို့ကွာ .. လောင်းကစားလုပ်ချင်ရင် ဘောလုံးပွဲလောင်းစမ်းပါ။ ၅၀-၅၀ ပဲ။ နှစ်လုံးထီကကျတော့ တကွက်ထိုးရင် မင်းတို့ ပေါက်နိုင်ခြေက တစ်ရာခိုင်နှုန်းပဲရှိတာ။ သုံးလုံးဆို ပိုဆိုး။ မင်းတို့ပေါက်နိုင်ခြေက တစ် ရာခိုင်နှုန်းတောင်မရှိတော့ဘူး”
“ငါက . အခုက အိပ်မက်ဂဏန်းမို့လို့ထိုးတာပါကွ”
ဇော်ကြီးသူငယ်ချင်းဖြစ်သူ မြင့်သန်းက အဲဒီလိုပြောတော့ .. ဇော်ကြီးက ..
“မင်းတို့ကွာ .. ဘာတွေလျှောက်ယုံနေမှန်းမသိဘူး။ အိပ်မက်ဆိုတာ .. မင်းတို့ဦးနှောက်ထဲက မှတ်သားဖူးခဲ့တဲ့အရာတွေ၊ ကြုံတွေ့ခဲ့ရတဲ့အရာတွေကို အိပ်တဲ့အချိန်မှာ ပြန်သတိရတာပဲ။ အခြားဘာမှမဟုတ်ဘူး။ အိပ်မက်ဂဏန်းထိုးလို့ပေါက်သွားရင်တောင် အဲဒါ တိုက်ဆိုင်မှုပဲ”
အဲဒီတုန်းကလည်း နှစ်လုံးထီလက်ခွဲဒိုင်နဲ့ ဇော်ကြီး တို့ အခြေအတင်စကားများကြသေးသည်။ ဇော်ကြီးပြောတဲ့အပေါက်က နှစ်လုံးထီလက်ခွဲဒိုင်ရဲ့ ထမင်းအိုးကို ရိုက်ခွဲသလို ဖြစ်နေတာကိုး။ အခုတော့ . ဇော်ကြီးက ရပ်ကွက်ထဲက ဒိုင်ချုပ်ဆီထိတောင် ရောက်လာခဲ့ပြီ။ အဲဒီတော့ အားလုံးအံ့အားသင့်မယ်ဆိုလည်း သင့်စရာပင်။
“မင်းက .. ဘာဂဏန်းထိုးမှာတုန်း။ ဘယ်လောက်ဖိုးတောင်ထိုးမှာမလို့လဲ၊ ပြီးတော့ ဘယ်နှစ်နာရီဂဏန်းထိုးမှာလဲ”
“နေပါဦး .. တစ်ရက်ကို နှစ်လုံးထီက ဘယ်နှစ်ခါတောင်ထွက်လို့လဲ”
“လေးခါ ထွက်တယ်”
“ဗျာ .. အဲလောက်တောင် ..”
“အေး .. ကိုးခွဲ၊ ဆယ့်နှစ်နာရီ၊ နှစ်နာရီ၊ လေးခွဲ ..အခုရောင်းနေတာက ကိုးခွဲအတွက်”
“လေးကြိမ်စလုံးထိုးမယ်”
အဲဒါနဲ့ကိုဝိုင်းကလည်း ဘောင်ချာတွေ ဘာတွေဖွင့်ဖို့ စီစဉ်ပြီးတဲ့နောက် ..
“ကဲ .. ပြော”
“၉၂”
“R ဦးမှာလား”
“မ R ဘူး ဒဲ့ပဲ”
“ဘယ်လောက်ဖိုးလဲ”
“တစ်သိန်းခွဲဖိုး”
“ဟမ် .. လေးကြိမ်ကို တသိန်းခွဲဖိုးလား”
“မဟုတ်ဘူး … တကြိမ်ကို တစ်သိန်းခွဲ.. ရော့ ဒီမှာ ခြောက်သိန်း”
အဆိုပါ သတင်းက သူတို့ရပ်ကွက်တင်မဟုတ်။ အခြားရပ်ကွက်တွေထိပါ ပျံ့နှံ့သွားသည်။ ဇော်ကြီးကတော့ နှစ်လုံးထီထိုးပြီးတော့ လက်ဖက်ရည်ဆိုင်ဘက်ကို ထွက်လာခဲ့သည်။ သူ့ရင်တွေ အရမ်းခုန်နေသည်။ မျက်လုံးထဲမှာလည်း ညက အိပ်မက်ကိုပဲ မြင်ယောက်နေမိသည်။ သူ့အနေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံလေ့မရှိပေမဲ့ ညက အဖြစ်အပျက်ဖြစ်ပြီးနောက်မှာတော့ သူ့ရဲ့ ယုံကြည်ချက်က နည်းနည်းတော့ ယိုင်နဲ့လာသည်။ တကယ်လို့များ .. ဒီနေ့ လေးကြိမ်ထွက်မယ့် နှစ်လုံးထီမှာ ၉၂ တစ်ကွက်သာ ပါလိုက်လို့ကတော့ .. သူ့အကြွေးတွေအကုန်ကြေပြီ။ ဆိုင်ကယ်ကောင်းကောင်းလေးတစီးဝယ်နိုင်မည်။ စိတ်ကူးနဲ့တောင် ဇော်ကြီးတယောက် ကြည်နူးနေမိသည်။ အဲဒီနေ့က .. ဇော်ကြီးအတွက် .. ဘဝတသက်တာမှာ လုံးဝမေ့မရတဲ့နေ့လို့လည်း ဆိုရမည်။
နောက် ၃နှစ်ခန့်ကြာသော် ….
သိန်း ၈၀တန် ဆိုင်ကယ်ကြီး စီးလာတဲ့ ဇော်ကြီးနောက်မှာ ကောင်မလေးတစ်ယောက်ပါလာသည်။ ပြီးတော့ လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာသည်။ လက်ဖက်ရည်ဆိုင်ကလည်း အရင်တုန်းကလို ခပ်ချာချာမဟုတ်တော့။ ပိုပြီးတော့ အဆင့်မြင့်လာတဲ့ လက်ဖက်ရည်ဆိုင်ဖြစ်လာသည်။ ဇော်ကြီးက လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး ကောင်တာစားပွဲထိလျှောက်သွားသည်။ ပြီးတော့ ကောင်တာမှာထိုင်နေတဲ့ မန်နေဂျာက ဇော်ကြီးကို ပိုက်ဆံတွေလှမ်းပေးလိုက်သည်။
“ဇော်ကြီးတို့ .. ကြီးပွားချက်ကတော့ကွာ”
လက်ဖက်ရည်သောက်ရင်း နှစ်လုံးထီတွက်နေတဲ့ ဦးကြည်ညွှန့်က ပြောလိုက်ခြင်းဖြစ်သည်။ ဇော်ကြီးက ဦးကြည်ညွှန့်ကို နှစ်နှစ်ကာကာ ပြုံးပြလိုက်ပြီး ..
“ဒီနေ့ ဘာတစ်လုံးကောင်းတုန်းဗျ”
ဇော်ကြီးကား အပြောင်းလဲကြီး ပြောင်းလဲခဲ့ပြီ။ အရင်လို ဘုဂလန့်ဇော်ကြီးမဟုတ်တော့၊ ယုံကြည်ရာကို ဖင်ပိတ်ငြင်းတဲ့ဇော်ကြီးမဟုတ်တော့။ တစ်ရပ်ကွက်လုံးရဲ့ အချစ်တော် ဇော်ကြီးပင် ဖြစ်နေတာ့သည်။ သူ့ကို ပြောင်းလဲခဲ့တဲ့ နေ့တစ်နေ့ကိုလည်း အမြဲတမ်းအမှတ်ရနေမိသည်။ အဲဒီနေ့က .. ငွေ ခြောက်သိန်းနဲ့ ပြောင်းလဲခြင်းကို အစပြုခဲ့တဲ့နေ့ဖြစ်သည်။
“ဟေ့ကောင် ဇော်ကြီး .. “
ခပ်ကျယ်ကျယ်အော်သံကြောင့် .. ဇော်ကြီး တစ်ယောက် စိတ်ကူးယဉ်အိပ်မက်ထဲကနေ နိုးထလာသည်။
“အခု ညနေ ၄နာရီခွဲမှာလည်း မင်းဂဏန်းမထွက်ဘူး”
ဇော်ကြီး ငူငူငိုင်ငိုင်ကြီး ဖြစ်သွားသည်။ ဘောလုံးပွဲကြည့်စရာတီဗီလည်းမရှိတော့ဘူး။ ရုံးသွားရုံးပြန်စရာစက်ဘီးလည်း မရှိတော့ဘူး။ ပြီးတော့ အကြွေးကလည်း လည်ပင်းနစ်နေပြီ။
“ဒါနဲ့ နေပါဦး မင်းက .. အဲဒီ ၉၂ ဆိုတဲ့ ဂဏန်းကို ဘာလို့ အဲဒီလောက်ထိ ထိုးရတာတုန်း”
“မမေးနဲ့တော့ကွာ..”
ဇော်ကြီး ခေါင်းငိုက်စိုက်ပြီး အိမ်ကို ပြန်လာခဲ့သည်။ အိမ်ထဲဝင်ခါနီး ခြံထောင့်က ကံ့ကော်ပင်ကို လှမ်းကြည့်လိုက်သည်။ ပြီးတော့ ခေါင်းခါရမ်းပြီး အိမ်ထဲကို ဝင်သွားတော့သည်။ အချိန်ကာလလေးနည်းနည်းကြာသွားတော့.. မူလလက်ဟောင်း ဇော်ကြီးကို ရပ်ကွက်က ပြန်ပိုင်ဆိုင်သွားသည်။ ဒီတစ်ခါတော့ ဘာသာရေးတွေ၊ ဗေဒင်တွေ၊ ရှေ့ဖြစ်ဟောတွေ၊ နမိတ်တွေ၊ ထူးဆန်းတာတွေကို ဘာမှ အယုံအကြည်မရှိတဲ့ စာတွေ့ဇော်ကြီးတောင်မဟုတ်တော့ဘဲ လက်တွေ့ဇော်ကြီး ဖြစ်နေတော့သည်။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg