The Summer I Promise You
lotaya.mpt.com.mm
|
2023-11-08

- Chapter 1 –

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။

၂၀၂၂ ဇွန်လ။

စိတ်ပျက်ဖွယ်ကောင်းအောင် မရပ်မစဲရွာနေတဲ့ ဇွန်လရဲ့ မိုးစက်တွေကို ရပ်ကြည့်ရင်း ဂျိတ် တစ်ယောက် ခေါင်းခါလိုက်မိတယ်။ ဘန်ကောက်မှာ မိုးရွာတဲ့ နေ့တိုင်းဟာ ဒီအတိုင်းပဲ။ သိပ်ကို ရှုပ်ထွေးစိုစွတ်ပြီး စိတ်ပျက်ဖို့ ကောင်းလွန်းတယ်။ သူနေခဲ့တဲ့ မြို့လေးလိုတော့ ဘန်ကောက်ဟာ မနွေးထွေးပါ။

ဘောင်းဘီအိတ်ကပ်ထဲကို လက်နှစ်ဖက်လုံး ထိုးထည့်ပြီး ရှည်လျားတဲ့ ခြေတံတွေကို ခပ်မတ်မတ် ရပ်ထားရင်း အခုထိ ငြိမ်သက်နေမိဆဲပဲ။ ဒီမိုးတိတ်တဲ့အထိ သူစောင့်လို့ မရဘူးဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း ဆေးလိပ်တစ်လိပ်လောက်တော့ သောက်လိုက်ဦးမှပဲ။

ဂျိတ် ဟာ အိတ်ကပ်ထဲက ဆေးလိပ်ဘူးကို ထုတ်လိုက်ပြီး တစ်ထောင့်ကို နှုတ်ဖျားမှာ တပ်လိုက်တယ်။ လေလာရာ အရပ်ကို လက်ကာပြီး မီးခြစ်ကို ခြစ်ပါတယ်။ ဒါပေမယ့် မီးညှိနေတုန်းမှာပဲ ရှည်သွယ်တဲ့ လက်ချောင်းတွေဟာ ရုတ်ချည်း တုန့်ဆိုင်းသွားရှာတယ်။ ရလဒ်အနေနဲ့ကတော့ ဆေးလိပ်ထိပ်ဖျားမှာ စွဲခါနီး မီးတောက်လေးဟာ ပြန်လည်သေဆုံးသွားရတာပဲ။

သွားကြားထဲမှာ ဆေးလိပ်ကို ကိုက်ထားရင်းကနေ ခဏငြိမ်နေမိသေးတယ်။ နောက်ဆုံးတော့ လက်လျှော့လိုက်ပြီး ကိုက်ထားတဲ့ ဆေးလိပ်ကို ပြန်ဖြုတ်လိုက်ပါတယ်။ တကယ်ဆိုရင် ဟိုးအရင်တုန်းက ဒီဆေးလိပ်တွေကို Raz ဟာ ဖြုတ်ယူပေးနေကျ။ Raz ဟာ ဆေးလိပ်သောက်တာကို မကြိုက်တတ်ဘူး။ တွေးမိတော့မှ ဆေးလိပ်ကို ဖြုတ်ယူပြီး သူ့နှုတ်ဖျားမှာ အစားထိုး တပ်ဆင်ပေးလာတဲ့ နို့အေးဘူးလေးရဲ့ ပိုက်ဖျားလေးကို လွမ်းတောင် လွမ်းမိသွားရပါတယ်။   

သက်ပြင်းမျှင်ကို ဖြေလွှတ်လိုက်မိ။ ကတိမတည်မိခဲ့တဲ့ လူတစ်ယောက်အတွက်ကတော့ လိုက်ရှာဖို့ မဝံ့မရဲစွာပါပဲ။ ပြီးခဲ့တဲ့ နွေဦးတုန်းက ပန်းတွေကြည့်ဖို့ ချိန်းထားခဲ့ဖူးသေးတယ်။ ဒါပေမယ့် … ၊ ရောက်မလာခဲ့တဲ့ လူဟာ သူသာ ဖြစ်ရမယ်။

ဆက်လက်ရပ်နေလိုစိတ်လည်း မရှိတော့တာကြောင့် မစဲသေးတဲ့ မိုးစက်တွေကြားထဲကိုပဲ သူတိုးဝင်ပစ်လိုက်တော့တယ်။ အငြိုးကြီးစွာ ရွာချနေတဲ့ မိုးစက်တွေဟာ သူ့တစ်ကိုယ်လုံးကို စိုရွဲသွားစေပေမယ့် သူဟာ ဆက်လက် ပြေးလွှားနေဆဲပဲ။ ဒါကိုသိရင်တော့ Raz ဟာ သိပ်စိတ်ဆိုးဦးမှာပဲ။ သူ့ကိုယ်သူ ကောင်းကောင်းဂရုမစိုက်တတ်ဘူးလို့ Raz က ထင်တယ်။

လက်ရှိ ပန်းမပွင့်တော့တဲ့ Tabebuia အပင်တန်းနားရောက်တဲ့ အခါမှပဲ ဂျိတ် ဟာ ပြေးလွှားနေခြင်းကို ရပ်တန့်ပစ်လိုက်တယ်။ စွန့်ခွာနိုင်ခြင်းမရှိ ရပ်ကြည့်မိတဲ့ Tabebuia အပင်တွေကတော့ ပန်းဝါလေးတွေ ကင်းမဲ့နေခဲ့ရှာပြီး။ နွေဦးတစ်ထောင့်စာလောက် အတွက်ပဲ ဒီပန်းကလေးတွေက ပွင့်တယ်။ ဘန်ကောက်မှာ နွေဦးဆိုရင် သိပ်လှတာ။ သူဟာ ဒါကိုလည်း Razကို ပြချင်ခဲ့ပါတယ်။

ပန်းတွေကြည့်ဖို့ ချိန်းထားခဲ့တယ်။

နွေဦးရဲ့ Tabebuia ပန်းဝါလေးတွေကို အတူကြည့်ဖို့ ချိန်းထားခဲ့တယ်။

Kasesart University က Kamphaengsaen campus ထဲမှာ တောထအောင် ပွင့်နေတဲ့ ကန္တာရချယ်ရီတွေကိုလည်း ကြည့်ဖို့ ချိန်းထားခဲ့ပါတယ်။ ဒါပေမယ့် … အဆုံးသတ်မှာတော့ သူဟာ ရင်မဆိုင်ရဲစွာနဲ့ နောက်ထပ်တစ်ကြိမ် ထွက်ပြေးခဲ့မိပြန်တယ်။

- Chapter 2 –

2011 နွေဦး။

Kanchanaburi မြို့လေးဆိုတာဟာ ထိုင်းနိုင်ငံ အနောက်ပိုင်းမှာ ရှိနေတဲ့ မြို့လေးတစ်မြို့ပါပဲ။ နွေးထွေးပြီးတော့ လှပတယ်။ တောင်တွေနဲ့ ဝိုင်းပတ်ထားတဲ့အပြင် Khwae ဆိုတဲ့ မြစ်တစ်မြစ်ကလည်း ဖြတ်သန်းစီးဆင်းနေသေးတယ်။ အဓိကကတော့ နာမည်ကျော် သေမင်းတံမန် ရထားလမ်း ရှိနေတာပါပဲ။

လူမျိုးမတူတဲ့ မိဘနှစ်ပါးကနေ မွေးလာခဲ့တဲ့ ထိုင်း - ကနေဒါကပြားကလေး ဂျိတ် ဆိုတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ ဇာတိမြို့ကလေးပဲ ဖြစ်ပါတယ်။ ဂျိတ် ရဲ့ မေမေ ဟာ Khwae မြစ်နားမှာ ကပ်လျက်ဆောက်ထားတဲ့ Resort တစ်ခုရဲ့ General Manager ဖြစ်တယ်။ Resort ရဲ့ အတွင်းပိုင်းမှာတော့ သူနဲ့ သူ့မေမေနဲ့ သီးသန့်နေတဲ့ ဘန်ဂလိုလေး တစ်လုံးရှိပါတယ်။

ဒီနေ့တော့ သူ့အတွက် အထူး Mission တစ်ခုရှိနေပါတယ်။ ထွေထွေထူးထူးတော့ မဟုတ်။ အခန်းအောင်းနေတဲ့ Resort ပိုင်ရှင်ရဲ့ သမီးလေး Raisy ကို အခန်းထဲက ရအောင် ခေါ်ထုတ်ရမှာပါပဲ။ သစ်သားလုံးတွေနဲ့ ဆောက်ထားတဲ့ နှစ်ထပ်အိမ်ရဲ့ဘေးမှာ ရပ်ရင်း ဂျိတ် ဟာ Raisy ရဲ့ အခန်းကို မော့ကြည့်လိုက်တယ်။ နှုတ်ခမ်းအတွင်းသားကို မိမိရရ ခဲလိုက်ပြီး ဘောင်းဘီကို ခိုင်အောင် ဆွဲတင်လိုက်ပါသေးတယ်။

နွေဦးဖြစ်လို့ ကြွေနေတဲ့ ရွက်ခြောက်တွေဟာ မြေပြင်မှာ အများသားပဲ။ ရွက်ကြွေဝါတွေ ဖုံးလွှမ်းနေတဲ့ မြေပြင်မှာ အသံမထွက်အောင် လျှောက်ဖို့ဆိုတာ ထင်ထားတာထက်တော့ ပိုခက်တယ်။ ဒါပေမယ့် ဂျိတ် ဟာ ခြေဖွနင်းရင်း သူတက်လိုတဲ့ သစ်ပင်ဆီကို ရောက်အောင် လျှောက်ပါတယ်။ အဲ့နောက်တော့ အမိအရ ကုတ်ခဲတက်ရင်း နောက်ဆုံး Raisy ရဲ့ အခန်းပြတင်းပေါက်နားကို သူရောက်သွားခဲ့တယ်။

မှန်ပြတင်းပေါက်ကနေ တဆင့် မြင်လိုက်ရတာကတော့ Raisy ဟာ Piano ထိုင်တီးနေတာပါပဲ။ တိုးတိတ်စွာ မျောလွင့်လာတဲ့ တေးသွားကို ဖမ်းယူကြည့်ရသလောက်တော့ Raisy တီးနေတာဟာ Moonlight Sonata ဖြစ်ပါလိမ့်မယ်။ Raisy က သူ့ကို Piano ခဏခဏ တီးပြဖူးတာကြောင့် သူဟာ Piano Sonata တော်တော်များများကို တကယ် နားရည်ဝနေခဲ့ပါပြီ။

ပင်စည်ကို မြဲမြံစွာ ဖက်ထားရင်း မှန်တံခါးကို သူခေါက်တယ်။ သုံးချက်လောက် ခေါက်ရပြီးတော့မှ Raisy က လှည့်ကြည့်လာတယ်။ သူ့ကိုတွေ့တယ်ဆိုရင်ပဲ မှိန်ဖျော့နေတဲ့ မျက်လုံးလေးတွေဟာ အရောင်တွေတောက်သွားပြီး စိုးရိမ်မှုနဲ့အတူ ဝိုင်းစက်သွားတော့တာပဲ။ ကပျာကယာပဲ ထလာပြီး ပြတင်းပေါက်မှန်ကို ဖွင့်ပေးတယ်။

“နင်ထပ်လုပ်ပြန်ပြီး”

အပြစ်တင်သံ မပါဝင်တဲ့ အပြစ်တင်စကားဟာ Raisy ရဲ့နှုတ်ဆက်မှု ဖြစ်ပါတယ်။ ဒါကပဲ သူဒီသစ်ပင်ကို တက်ရခြင်းရဲ့ ရည်ရွယ်ချက်ပဲ။ အိမ်မကနေ လူလိုသူလို ဝင်လာပြီး Raisy ရဲ့ အခန်းတံခါးကို ခေါက်မယ်ဆိုရင် Raisy ဟာ တံခါး ဖွင့်ပေးချင်မှ ဖွင့်ပေးလိမ့်မယ်။ နူးနူးညံ့ညံ့လေးကိုမှ အင်မတန်ခေါင်းမာတဲ့ Raisy ရဲ့ စိတ်ကို သူချိူးဖျက်နိုင်မှာ မဟုတ်ဘူး။ အခုတော့ ကြည့်ပါ၊ ဒီသစ်ပင်ကနေ တွယ်တက်လာပြီး ပြတင်းပေါက်တံခါးကို ခေါက်တဲ့အခါကျတော့ ဒီကောင်မလေးဟာ တင်းခံနိုင်ရိုးလား။ ချက်ချင်း ထဖွင့်ပေးရတာပဲ မဟုတ်ပါလား။

“နင်အခန်းအောင်းနေပြန်ပြီလို့ ကြားတယ်”

“…..”

“ဟေ့ .. ခေါင်းငုံ့မနေနဲ့လေ။ ဘယ်သူက နင့်ကို စိတ်ဆင်းရဲအောင် လုပ်ပြန်ပြီလဲ။ ငါ့ကို ပြောပါဦး”

“ဘယ်သူမှ မလုပ်ပါဘူး”

“ညာတာ”

စိတ်အဆင်မပြေမှုတစ်ခုခု ဖြစ်တိုင်း Raisy ဟာ အခန်းထဲကနေ လုံးဝ မထွက်တော့ဘဲ နေလေ့ရှိတယ်။ ဘယ်သူ့ကိုမှလည်း အဝင်မခံဘဲ၊ အဲ့အချိန်မှာ Piano တီးချင်တီးနေလိမ့်မယ်။ ပန်းချီဆွဲချင် ဆွဲနေပါလိမ့်မယ်။

ခေါင်းငုံ့ရပ်နေတဲ့ Raisy ရဲ့ လက်ကို သူငုံ့ကြည့်လိုက်တော့ လက်ကောက်ဝတ်တွေဟာ အနည်းငယ် ယောင်နေပြီး ဖြူဆွတ်တဲ့ အသားအရည်ကို ပိုင်ဆိုင်ထားတာကြောင့် အနည်းငယ်မျှလောက်သော နီးမြန်းမှုလေးကတောင် သိသာလွန်းပါတယ်။ သနားချင့်စရာ ကောင်းလောက်အောင် အချင်းချင်း လိမ်ယှက်ထားတဲ့ လက်နှစ်ဖက်ကို သူအသာ ဆွဲယူကြည့်လိုက်တယ်။ သူ့လက်ထဲမှာ ငြိမ်သက်စွာနဲ့ ပါလာတဲ့ လက်ကလေးတွေရဲ့ ချိနဲ့နေမှုဟာ မသိရင် သတိထားကိုင်တွယ်ပါရန်ဟု ဆိုနေတဲ့အလား။

“ဘယ်လောက်တောင် Piano ထိုင်တီးထားတာလဲ။ နင့်လက်ကောက်ဝတ်တွေတောင် နီရဲကုန်ပြီ။”

Raisy ဟာ ရုတ်ချည်းပဲ လက်ကို ပြန်ရုတ်လိုက်တယ်။ သက်ပြင်းဖွဖွချပြီး အခုထိ သူ့ကို သေချာမကြည့်လာသေးတဲ့ သူ့သူငယ်ချင်းမလေးကို သူငေးငိုင်စွာ ကြည့်လိုက်မိ။

“Raz ငါ့ကို ပြောပါ။ နင့်ကို ဘယ်သူစိတ်ညစ်အောင် လုပ်ပြန်ပြီလဲ။”

တိုးတိတ်စွာ ရပ်နေဆဲပါပဲ။

“နင့် ပထွေးက နင့်ကို စိတ်ဆင်းရဲအောင် ဘာပြောပြန်ပြီလဲ”

ဆိုက်ရောက်လိုရာကို ထိမှန်သွားတဲ့ မြှားချက်လိုပဲ Raisy ရဲ့ ခပ်တိုတို မျက်တောင်လေးတွေဟာ တသိမ့်သိမ့် တုန်ယင်စပြုလာပါတယ်။

ဟုတ်ပါတယ်။ Raisy ဟာ တကယ်တော့ ဒီ Resort ပိုင်ရှင်ရဲ့ သမီးအရင်း မဟုတ်ခဲ့။ မယားပါသမီး, သာ ဖြစ်ပါတယ်။

“နင့်အမေကို နင်ပြောသင့်တယ်”

“ထားလိုက်ပါ၊ ပြဿနာ ကြီးကြီးမားမားမှ မဟုတ်တာ”

“ပြဿနာ မကြီးရင် နင့်အခန်းထဲက မထွက်တဲ့အထိ ဖြစ်ပါ့မလား။”

“ဒီအတိုင်း ငါတွေးစရာလေးတွေ ရှိနေလို့ပါ”

ဒီတစ်ခေါက် သူချမိတဲ့ သက်ပြင်းကတော့ လေးပင်ပါတယ်။ ပြတင်းပေါက်ဘက်ကို ပြန်ကြည့်ပြီး ကောင်းကင်အခြေအနေကို အကဲခတ်ကြည့်တယ်။

“နေဝင်တော့မယ်”

“….”

“ငါနဲ့အတူ မြစ်ထဲမှာ လှေမစီးချင်ဘူးလား”

“…..”

“ဟင် …”

“…..”

“ဒါဆို ငါစောင့်နေမယ်။ ငါတို့ ဆုံနေကျ နေရာကိုပဲ လာခဲ့။”

“ဂျိတ်”

“နင်မလာမချင်း ငါစောင့်နေမယ်”

တုန့်ပြန်တာကို မစောင့်တော့ဘဲ ပြတင်းပေါက်ကနေပဲ သူပြန်ဆင်းဖို့ လုပ်ပါတယ်။ Raisy က လှမ်းအော်တယ်။

“တံခါးကနေ ထွက်လေ”

“တံခါးကနေ ငါဝင်လာခဲ့တာမှ မဟုတ်တာ၊ ဒီအတိုင်း ပြန်ထွက်ရင် ထူးဆန်းစရာတွေ ဖြစ်ကုန်တော့မှာပေါ့။”

Raisy က ဘာမှ ပြန်မပြောတော့။ ပြတင်းပေါက်ဘောင်ကနေသာ လက်ထောက်ရင်း ခေါင်းလေးထွက်လို့ သူမြေပြင်ကို ကောင်းကောင်းမွန်မွန် ရောက်သွားတာကိုသာ ကြည့်နေခဲ့ပါတယ်။ မြေပြင်ကို ခြေချမှသာ ခုထိ ငုံ့ကြည့်နေတဲ့ Raisy ကို မော့ကြည့်ပြီး သူပြန်ပြောလိုက်တယ်။ Raisy သဘောကျတဲ့ ပါးချိုင့်လေးနှစ်ဖက်ကို မြင်တွေ့စေနိုင်ဖို့ငှာ အစွမ်းကုန် ပြုံးပြလိုက်ရင်း …၊

“နင် မလာမချင်း ငါစောင့်နေမှာနော်”

သိပ်တော့ မစောင့်လိုက်ရပါ။ အပြာနုရောင် Shirt လက်တိုလေးနဲ့ ဆင်စွယ်ရောင်‌ စကတ်ကလေးကို ဝတ်ရင်း မနှေးမမြန် လျှောက်လာတဲ့ Raisy ကို သူလှမ်းတွေ့လိုက်ရပါတယ်။ ဒါကြောင့်ပဲ အဆင်သင့်ယူထားတဲ့ လှေပေါ်ကို သူတက်လိုက်တယ်။ Khwae မြစ်မှာ လှေစီးရင်း Sunset ကြည့်ဖြစ်ကြတာကတော့ ပထမဆုံး အကြိမ် မဟုတ်တော့ပါ။ Raisy ကို ဘာမှ မတွေးစေလိုတဲ့ အခါတိုင်း သူဟာ ဒီကို ရောက်အောင် ခေါ်လာနေကျပဲ။ တောင်တွေ၊ သစ်ပင်အုပ်တွေ ဝိုင်းပတ်ခြံရံထားတဲ့ မြစ်ထဲမှာ Sunset ကြည့်ရတယ် ဆိုတာဟာ မှန်းဆတွေးထားတာထက်ကို အများကြီး ပိုလှတဲ့ အရာပါပဲ။ အခြားဘာကိုမှ မတွေးမိနိုင်တော့တဲ့ အထိကိုလေ။

လှေပေါ်တက်ဖို့ ပြင်နေတဲ့ Raisy ကို သူလက်ကမ်းပေးလိုက်တော့ သဘာဝကျစွာပဲ Raisy ဟာ လက်ပြန်လှမ်းလာတယ်။ လှေလှော်တဲ့ လူဟာ သူဖြစ်ပါတယ်။ စိတ်ချလုံခြုံတယ်လို့ သူထင်ပြီး Sunset ကိုလည်း ကောင်းကောင်း မြင်ရတဲ့ နေရာမှာပဲ လှေကို ရပ်လိုက်တယ်။ ခပ်ငြိမ့်ငြိမ့်သာ ရွေ့လျားနေတဲ့ ရေယဉ်ကြောထဲမှာ လှေကလေးကတော့ သိမ်မွေ့စွာနဲ့သာ လူးလွန့်လို့။

Raisy ဟာ ငြိမ်နေတယ်။ ဆိတ်ငြိမ်စွာနဲ့ပဲ ငုပ်ဝင်ပျောက်ကွယ်သွားတော့မဲ့ နေဝန်းကြီးကို မှိန်ဖျော့တဲ့ မျက်ဝန်းအစုံနဲ့ ငေးကြည့်နေတယ်။ နေဝင်ချိန်ကို စောင့်ဆိုင်းဖြစ်ကြတဲ့ လူသားနှစ်ယောက်ဟာ လှေငယ်လေးထဲမှာ မနီးမဝေးစွာနဲ့ ထိုင်နေလို့။ လက်ကျန်ရောင်ခြည်တွေကို နှမြောတသစွာနဲ့ ငေးနေတဲ့ ကောင်မလေးတစ်ယောက်ကို နောက်ထပ်ကောင်လေးတစ်ယောက်ကတော့ လှေဘောင်ကို လက်တင်မှီထားရင်း ပြန်ငေးနေခဲ့တယ်။

ဂျိတ် ဟာ Raisy ကို ပြန်ငေးကြည့်ရင်းကနေ သူ့ဘောင်းဘီတို အိတ်ကတ်ထဲက ဆေးလိပ်ဘူးကို ထုတ်ယူလိုက်တယ်။ ဆေးလိပ်တစ်ထောင့်ကို နှုတ်ဖျားမှာညှပ်ရင်း မီးခြစ်ကို ရှာယူတယ်။ ဒီအထိ Raisy ဟာ စိတ်ဝင်စားဟန် မပြသေးဘူး။ မီးညှိတဲ့ အခါကျမှပဲ ဖြတ်ခနဲ သူ့နှုတ်ဖျားက ဆေးလိပ်ကို ဖြုတ်ယူလိုက်ပြီး ထိုအစား နို့အေးဘူးမှာ ထိုးစိုက်ထားတဲ့ ပိုက်ဖျားလေးကိုသာ အစားထိုး ပြန်ထည့်ပေးလာပါတယ်။

“နင်ဆေးလိပ်သောက်မယ်ဆိုတာ ငါသိလို့ ယူလာတာ။ ဒါပဲ သောက်စမ်းပါဟာ”

Raisy ပြောတဲ့စကားတိုင်း သူနားထောင်တာများပါတယ်။ ဒါပေမယ့် ဆေးလိပ်ကိုတော့ သူတကယ် ဖြတ်လို့မရဘူး။ ထိုအစား Raisy ရှေ့မှာ မသောက်မိအောင်လို့တော့ ဆင်ခြင်ပေမယ့် Raisy ဆီက ဂရုစိုက်မှုကို ရယူလိုတဲ့ အခါမျိုးတွေမှာတော့ သူတမင်တကာ သောက်ပြဖြစ်ပါတယ်။

“ငါ့ရဲ့ ပထမဆုံး ရေဆေးပန်းချီ ပြီးတော့မယ်”

“ဟုတ်လား၊ ဒါဆို ငါကြည့်ရတော့မှာပေါ့။”

“အင်”

“Model ခ ဘယ်လောက်ပေးမှာလဲ”

“နင်ဘာလိုချင်လို့လဲ”

ဒါကိုကြားတော့ ဂျိတ် ဟာ ရယ်တယ်။ အရှေ့က သူငယ်ချင်းမလေးဟာ အတည်ပြောတာလား၊ နောက်တာလားတောင် မခွဲတတ်တဲ့ ကောင်မကလေးပါပဲ။

“ငါလိုချင်တာ … အင်၊ နင်နဲ့ ခရီးအတူသွားချင်တယ်။”

“ဘယ်ကိုလဲ”

“Europe ဘက်ကို သွားချင်တယ်။ ပန်းတွေချိတ်ဆွဲထားတဲ့ တိုက်ဟောင်းတွေကြားထဲက လမ်းကြားလေးတွေလေ၊ လမ်းဘေးမီးတိုင် ပုပုကလေးတွေနဲ့၊ အိုဟောင်းတဲ့ Café တွေလည်း ရှိမယ့်နေရာ”

သူပြောသမျှ ကို Raisy ဟာ ငြိမ်သက်စွာနဲ့ပဲ နားထောင်နေပါတယ်။

“ငါ Pilot ကြီး ဖြစ်လာတဲ့ အခါကျရင် နင့်ကို လေယာဉ်ပေါ်တင်ပြီး တစ်လောကလုံး အနှံ့လျှောက်သွားမယ်”

ဒီအထိတောင် Raisy ဟာ မတုန့်ပြန်လာသေးပါ။

“နင်ရော … ငါနဲ့အတူ လုပ်ချင်တဲ့အရာ တစ်ခုလေးတောင် မရှိဘူးလား။”

“နင်မျှော်လင့်တာက အရမ်းကို ဝေးလွန်းပါတယ်။ မတိုင်ခင် နင်ထွက်မပြေးသွားဘူးလို့ အာမခံနိုင်လို့လား။”

ဒီစကားကြောင့်ပဲ လှေဘောင်ကို မှီထားတဲ့ ဂျိတ် ဟာ မတ်မတ်ပြန်ထိုင်လာတယ်။

“ဘာလို့ လူတိုင်းကို ထွက်ပြေးမယ်လို့ပဲ နင်ထင်နေရတာလဲ”

“ငါက နင့်အတွက် ဘာလဲ ဂျိတ်”

“နင်က ငါ့အတွက် သူငယ်ချင်းလေ။ နင်က ငါ့အတွက် အရေးကြီးဆုံးလူလေ။ Raz … ငါက ဘယ်တော့မှ သူငယ်ချင်းကို ထားပြီး ထွက်မပြေးဘူး။”

Raisy ဟာ ပြန်မပြောလာပါ။ ဒါပေမယ့် သူအခုနေ ဘာတွေးနေမလဲ ဆိုတာကို ဂျိတ် ဟာ ကောင်းကောင်း ခန့်မှန်းမိပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်၊ သူ ၁၀ နှစ် အရွယ်လောက်တုန်းက Raisy နဲ့ စတွေ့တယ်။ ဘန်ကောက်ကနေ ရောက်လာတဲ့ သူဌေးရဲ့သမီးဆိုပြီး အားလုံးသိထားခဲ့ပေမယ့် ဒါဟာ မမှန်ခဲ့မှန်း သူသာ အရင်သိခဲ့ပါတယ်။ အဲ့နေ့က Resort ထဲမှာ လျှောက်ဆော့ရင်း သစ်လုံးနှစ်ထပ်အိမ်လေးနားကို သူရောက်သွားခဲ့တယ်။ မျှင်ပျပျလေးလောက်သာ ကြားရတဲ့ Piano သံလေးနဲ့ ဖိတ်ခေါ်ရာနောက်မှာပဲ အသာဖွင့်ထားတဲ့ အိမ်တံခါးကနေတဆင့် သူဟာ အိမ်ထဲကို ပိုင်စိုးပိုင်နက်ဆန်စွာ ရောက်သွားခဲ့တယ်။

တစ်ဦးတည်းသော ပရိတ်သတ်လေး ဖြစ်ခဲ့ပါတယ်။ Raisy ဟာ ဆယ်နှစ်အရွယ်ထဲက Piano ကို ကောင်းကောင်း တီးတတ်တယ်။ အနားကို ရောက်လာတဲ့ လူတစ်ယောက်လုံးကို သတိမထားမိဘဲ Piano ဆက်တီးနေတဲ့ ကောင်မငယ်ကလေးကို ဂျိတ် ဟာ သဘောကျစွာနဲ့ ကြည့်နေခဲ့တယ်။ တေးသွားတွေ နိဂုံးသတ်သွားတဲ့ အခါမှသာ သူ့ကို သတိထားမိသွားပြီး၊ လှည့်ကြည့်လာတဲ့ မျက်လုံးကလေးတွေထဲမှာ မှိန်ဖျော့တဲ့ မျက်ရည်အစအနလေးတွေ နဲ့ …။

အဲ့ဒီနေ့မှာပဲ သူဟာ Raz လို့ တယုတယ သူခေါ်တဲ့ Raisy Mae ဆိုတဲ့ ကောင်မလေးအတွက် အရင်းနှီးဆုံးနဲ့ တစ်ယောက်တည်းသော သူဖြစ်လာခဲ့ပါတယ်။

အရင်ဆုံး အမေက ပစ်ခွာခဲ့ပြီး နောက်အိမ်ထောင်ပြုခဲ့တယ်။ Raisy ဟာ ဘန်ကောက်မှာ သူ့ဖေဖေနဲ့ ကျန်ခဲ့ပါတယ်။ ၂ နှစ်လောက် အကြာမှာပဲ အဖေဟာလည်း သူ့ကို စွန့်ပစ်ပြီး နောက်အိမ်ထောင်ပြုပြန်တယ်။ အဲ့နောက်တော့ Raisy ဟာ အမေ့ဆီ ပြန်ရောက်လာပြီး ဒီ Kanchanaburi မြို့လေးကို ရောက်လာခဲ့တာပါပဲ။

“ငါ့ဖေဖေက နောက်အိမ်ထောင်ပြုသွားပြီ”

ခပ်ငယ်ငယ် Raisy ဟာ ထိုသို့ပြောလာခဲ့တဲ့ အခါတုန်းက သူက ခေါင်းချွန်ချွန်လေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သေးတယ်။

“အင်း၊ ငါ့ဖေဖေလည်း နောက်အိမ်ထောင်ပြုသွားတာပဲ”

ထိုမှသည် Raisy နဲ့ သူဟာ အရင်းနှီးဆုံးဆိုတဲ့ လူသားတွေ ဖြစ်လာခဲ့တာပါပဲ။

“Raz အများကြီး မစဉ်းစားစမ်းပါနဲ့။ ငါနင့်ကို ဘယ်တော့မှ မထားသွားဘူး၊ ဟုတ်ပြီလား။ ဒါကြောင့် နင်ငါနဲ့ ဘယ်နေရာကိုပဲ ဖြစ်ဖြစ် သွားလို့ရနိုင်တယ်။”

ဆံစတွေကို ထိုးဖွပစ်လိုက်ပြီး သူထပ်ကတိပေးလိုက်မှသာ Raisy က ပြုံးယောင်သမ်းလာပါတယ်။

“ငါ … အများကြီး မလိုချင်ပါဘူး။ ဒီအတိုင်း နင်နဲ့ …”

“….”

“နင်နဲ့ Tabebuia ပန်းဝါတွေကို ကြည့်ချင်တယ်။”

ပြောရရင် Raisy က Tabebuia ပန်းတွေကို ဘယ်လိုစွဲလန်းမှန်းမသိ စွဲလန်းတာပါ။ အမြဲ အဲ့ပန်းတွေအကြောင်း စကားထဲ ထည့်ပြောတတ်ပြီး၊ အဲ့ပန်းတွေကိုလည်း ပုံဆွဲတတ်ပြီး၊ အခု သူ Model ထိုင်ပေးထားတဲ့ ရေဆေးထဲမှာတောင် Tabebuia ပန်းတွေကို ထည့်ဆွဲထားပါလိမ့်ဦးမယ်။

“အင် … ကြည့်ရမှာပေါ့။ နောက်နှစ်နွေဦး၊ ဒါမှမဟုတ် … နောက်နှစ်ရဲ့ နောက်နှစ် နွေဦး၊ မဟုတ်လည်း နောက်နှစ်တွေရဲ့ နွေဦးတစ်ခုခုမှာ ငါတို့ ကြည့်ရမှာပေါ့။ နင့်အိပ်မက်ကတော့ ငါ့အိပ်မက်ထက် ပိုနီးစပ်ပါတယ်။”

နွေဦးတစ်ခုခုမှာ Tabebuia ပန်းဝါတွေကို အတူကြည့်ဖို့အတွက် တစ်ခုသော နွေဦးတုန်းက သူ Raisy ကို ကတိထားခဲ့ပါတယ်။ အဲ့နောက်မှာပဲ ကမ္ဘာမြေကြီးရဲ့ နောက်ဆုံးသော လက်ကျန်ရောင်ခြည်တွေဟာ ချုပ်ငြိမ်းလို့ ငုပ်ဝင်သွားတဲ့ နေဝန်းကြီးနဲ့အတူ သူတို့ကို နှုတ်ဆက်သွားခဲ့တယ်။

- Chapter 3 –

သူဟာ မြစ်ထဲမှာ ရေကူးရတာကို အဲ့လောက်သဘောမကျပေမဲ့ ဂျိတ် ကတော့ ဒါကို တော်တော် သဘောတွေ့ပါတယ်။ Khwae မြစ်က ညင်ဖျဖျလေးသာ စီးဆင်းတတ်တဲ့ မြစ်ဆိုပေမယ့် သူဟာ သူ့ကိုယ်သူတောင် ကောင်းကောင်း ယုံကြည်နိုင်တဲ့ လူမဟုတ်ဘူး။ ဂျိတ် အပေါ်ထားတဲ့ ယုံကိုးမှုတွေကြောင့်သာ မြစ်ထဲမှာ ရေကူးဖြစ်တာပါပဲ။

သူ့ပထွေးဆောက်ထားတဲ့ ဘန်ဂလိုခန်းတွေက တကယ့်ကို မြစ်ဘေးနားလေးတင်ပဲ။ မြစ်ရေတွေဟာ အခန်းတွေကို ဦးတိုက်နေပြီ ဖြစ်တဲ့အထိကို နီးကပ်လွန်းတယ်။ အခန်းထဲကနေ မြစ်ထဲကို တိုက်ရိုက် ခုန်ဆင်းလို့ရတဲ့အထိ ရေပြင်ဟာ အခန်းနဲ့ တစ်သားတည်း ဖြစ်မတတ်ကို ရှိပါတယ်။

အသက် ၁၆ နှစ်ပြည့်မွေးနေ့မှာ ဂျိတ် တောင်းတဲ့ မွေးနေ့လက်ဆောင်ဟာ မြစ်ထဲမှာ သူနဲ့အတူ ရေကူးဖို့ပါတဲ့။ လူလွတ်တဲ့ ဘန်ဂလို တစ်ခုထဲမှာ သူတို့ ရှိနေခဲ့ပါတယ်။ T-shirt ကို လည်ပင်းပေါက်ကနေ ဆွဲချွတ်လိုက်ပြီဖြစ်တဲ့ ဂျိတ် ကို မနိုင်တဲ့ အကြည့်နဲ့ Raisy ကြည့်နေမိတယ်။

“ငါအရင်ဆင်းနှင့်ရတော့မလား”

ဟုတ်မှန်ကြောင်း မှေးဆက်ပြလိုက်တာနဲ့ ပါးချိုင့်လေးတွေ ပေါ်တဲ့အထိ ရယ်ပြလာပြီး မြစ်ထဲ ခုန်ဆင်းသွားတယ်။ ခဏပျောက်သွားပြီး ရေမျက်နှာပြင်မှာ ပြန်ပေါ်လာတဲ့ အချိန်မှာပဲ သူ့ဆီကို ရေပက်လာပြန်တယ်။

“လာခဲ့၊ အရမ်းမအေးဘူး။ နွေးနွေးလေးပဲ။”

ဘာမှ ပြန်ပြောတော့ဘဲ ဝတ်ထားတဲ့ အပေါ်ထပ်လက်ရှည်ကို ချွတ်ပြီး ကြိုးတစ်လုံးအဖြူကလေး နဲ့ ဘောင်းဘီပေါင်တိုကလေးကို ချန်ရစ်လိုက်တယ်။ ရေပေါ်မှာ ပက်လက် ကိုယ်ဖော့ရင်း ဂျိတ် က သူ့ကို မှေးစင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။ ခဏအကြာမှာပဲ ဂျိတ် နား သူရောက်သွားပါတယ်။

စိမ်းမြမြ မြစ်ရေပြင်ပေါ်မှာ နှစ်ယောက်အတူ ပက်လက် ကိုယ်ဖော့ထားရင်း မြင်နေရတဲ့ ကောင်းကင်ပြင်မှာ တိမ်မျှင်စ ဖရိုဖရဲနဲ့…၊ အုပ်မှိုင်းနေအောင် တိမ်မထူထပ်နေဘဲ ခပ်ပါးပါးသာ အလွှာထပ်ယူထားတဲ့ ကြို့တိုးကြဲတဲ တိမ်မျှင်တွေကို ကြည့်ရင်း ဂျိတ် ဟာ စကားစပါတယ်။

“ရည်းစားထားရတာ ဘယ်လိုအရာမျိုးလဲ မသိဘူးနော်”

“B ခန်း က Achara နဲ့ အဆင်ပြေလား။”

“အင်း မနေ့ညကပဲ စတွဲသွားပြီ”

ရုတ်တရက် သူကိုယ်ရှိန်ပျက်ပြီး ရေနစ်မလို ဖြစ်သွားတယ်။ အနည်းငယ် တိုးဝင်လာတဲ့ မြစ်ရေတွေဟာ သူ့ အာခေါင်ထဲထိ ခါးသီးစွာ စီးဝင်သွားပါတယ်။ ဂျိတ် က ဆက်ပြောနေဆဲပဲ။

“နင်ရော ရည်စားထားတာကို ဘယ်လိုထင်လဲ။ ”

“….. မပြောတတ်ဘူး။ ဒါဆို အခု နင့်မွေးနေ့မှာ နင့်ရည်းစားနဲ့ အတူရှိရမှာ မဟုတ်ဘူးလား။”

“ရုတ်တရက် ရည်းစားရသွားတော့ ငါလည်း တမျိုးပဲ။ ဘာပဲဖြစ်ဖြစ်လေ ငါ့ကောင်မလေးဖြစ်သွားပြီဆိုတော့ ငါသူ့ကို ပေါ့ပျက်ပျက်တော့ မလုပ်ချင်ပါဘူး။”

ခါးသက်သက်ပဲ သူတစ်ချက် ရယ်မိလိုက်တယ်။

“ငါလည်း ဒီလောက်မြန်မြန် ရည်းစားရမယ် မထင်ခဲ့ပါဘူး Raisy ရယ်”

ဂျိတ် ဟာ ထိုသို့ ညည်းညူရင်းနဲ့ပဲ မြစ်ရေထဲ ငုပ်ဝင်သွားပါတော့တယ်။ ခဏအကြာမှာပဲ သူ့လက်တစ်ဖက်ဟာ ရေအောက်ကနေ လှမ်းဆွဲခံလိုက်ရပြီး သူလည်း ရေအောက်ထဲ နစ်မြုပ်သွားတယ်။

ဂျိတ် ဟာ ရေငုပ်ရင်း ကူးရတာကို အရမ်းကြိုက်ပါတယ်။ ရေငုပ်ရင်လည်း တစ်ယောက်ထဲ မငုပ်တတ်။ သူ့ကိုပါ အပါခေါ်တတ်ပြန်တယ်။ အခုလည်း သူ့ကို ဆွဲချပြီးတာနဲ့ ရေအောက်မှာ ငါးလို ကူးဖို့အတွက် လုပ်နေခဲ့ပြီး။ ကျောခိုင်းသွားတဲ့ ဂျိတ် ရဲ့ လက်ကို သူဖြတ်ခနဲ လှမ်းဆွဲလိုက်တယ်။

ရေအောက်ထဲမှာ ချစ်ရတဲ့ လူသားရဲ့ ဆံပင်စတွေဟာ ဟိုဒီ ယိမ်းထိုးလို့ …။ မသဲကွဲစွာ မြင်ရတဲ့ မျက်နှာဟာ မစွန့်လွှတ်နိုင်ခြင်း ဖြစ်ပါတယ်။ သူသိပ်သဘောကျတဲ့ ချိုင့်ဝှမ်းကလေးတွေ ဖြစ်တည်ရာ မြေနုပြင်ကလေးပဲ။

“မနေ့ညကပဲ စတွဲသွားပြီ …”

မကြာသေးတဲ့ အချိန်တုန်းက ခါးသက်စွာ ကြားလိုက်ရတဲ့ စကားလုံးတွေဟာ ဓားဦးချွန်လိုပဲ သူ့နားထဲကို နာနာကျင်ကျင် ပြန်တိုးဝင်ပြန်တယ်။ ရိုးသားဖို့ အတွက် တကယ်ကြိုးစားဖူးပါတယ်။ မထိတွေ့မိဖို့ သူတကယ် ကြိုးစားဖူးတယ်။

ဒါပေမယ့် နှစ်ကာလကြာအောင် ထိန်းသိမ်းထားခဲ့ရတဲ့ အရာအားလုံးဟာ Khwae မြစ်ရေပြင်အောက်မှာပဲ တစစီ မွစာကြဲကုန်တယ်။

မမှိတ်မသုန် ကြည့်နေတဲ့ ဂျိတ် ရဲ့ ပါးပြင်ဆီ အရင်လက်ရောက်တယ်။ ငြင်းဆန်ခြင်းကို ရှာမတွေ့တဲ့အခါမှာ လည်ပင်းဆီ ဆက်လက် ဆင်းသက်ပါတယ်။ သူ့မျက်နှာ နီးကပ်လာတာနဲ့ အမျှ မျက်လုံးတွေ မှိတ်လိုက်တဲ့ ဂျိတ် ကြောင့် သူထင်လိုက်တာဟာ ဒါဟာ အဆင်ပြေလိမ့်မယ်လို့။ တကယ်တမ်းမှာလည်း သူ့ခါးကို လက်ချောင်းရှည်တွေက ပြန်ပွေ့ဖက်လာတာပဲ မဟုတ်လား။

နှုတ်ခမ်းတစ်စုံပေါ် နှုတ်ခမ်းတစ်စုံ ဖိကပ်အပ်စပ်ခဲ့တာဟာ အစ၊ အလယ်၊ အဆုံး အရာရာ အဆင်ပြေခဲ့ပါတယ်။ တကယ်ကို အဆင်ပြေခဲ့တယ်။ နက်ရှိုင်းစွာနဲ့ ၊ ရှည်ကြာစွာနဲ့ ၊ အပေးအယူမျှစွာနဲ့ အနမ်းတစ်ခုကို ဖလှယ်ခဲ့သေးတယ်။ ဒီလိုနဲ့ ရေအောက်ထဲမှာ သူတို့ဟာ အနမ်းရှည်တစ်ခုကို ဖန်တီးခဲ့ကြတယ်။

နက်နက်ရှိုင်းရှိုင်း နမ်းနေရင်းကမှ ပထမဆုံး အသိဝင်လာသူဟာ ဂျိတ် ဖြစ်ပါတယ်။ မျက်လုံးတွေကို အလန့်တကြား ဖွင့်လိုက်မိပြီး၊ ခါးကနေ ဆွဲယူဖက်ထားမိတဲ့ Raisy ကို သူတွန်းထုတ်ပစ်လိုက်တယ်။ Raisy ကိုတောင် မစောင့်ဘဲ ရေပေါ် အရင်ပြန်တက်ပါတယ်။ နောက်ဆုံး ဘန်ဂလို‌ ပေါ်ထိ။

“ဂျိတ်”

အဝတ်တွေကို ကောက်ယူပြီး ထွက်သွားဖို့ ပြင်နေတဲ့ ဂျိတ် ရဲ့ လက်ကို Raisy က ဖမ်းဆွဲထားမိတယ်။ ပြန်ဆယ်ယူလို့ မရတော့တဲ့ အမှားတစ်ခုထဲ သူကျွံဝင်မိလိုက်ပြီ။ သိလျက်နဲ့ မှားမိတဲ့အခါ ပိုလို့ အပြစ်ကြီးနိုင်ပါတယ်။ တုန်လှုပ်စွာနဲ့ပဲ ဆုပ်ကိုင်ထားမိတဲ့ လက်ဆီမှာ မြဲစွာ ကုပ်တွယ်ထားဖြစ်တယ်။ သူသိသမျှဟာ အခု ဒီလက်ကို လုံးဝလွှတ်ပေးလို့ မဖြစ်ဘူး။

“ငါ့ကို လွှတ်”

Raisy ဟာ စတင်ငိုချင်နေပြီး။ တစ်ခါမှ မကြားဖူးတဲ့ ဂျိတ် ရဲ့ ဒီလိုလေသံကို ကြားလိုက်ရတဲ့အခါ သူထင်ထားတာထက် အများကြီး ပြိုပျက်ရလိမ့်မယ် ထင်ပါတယ်။

“ငါ့ကို လွှတ်လို့”

Raisy ဟာ မျက်လုံးကို တင်းတင်းမှိတ်ပြီး ခေါင်းခါတယ်။

“Raisy ငါ့ကို လွှတ်”

အဲ့လို မလုပ်ပါနဲ့ ဂျိတ် … နင်ငါ့ကို အမြဲ Raz လို့ ခေါ်ခဲ့တာ မဟုတ်ဘူးလား။ ကျေးဇူးပြုပြီး ငါ့အပေါ် အဲ့လိုမလုပ်ပါနဲ့။

“နင် … နင်လည်း သဘောကျခဲ့တာပဲ မဟုတ်ဘူးလား။”

ဒီစကားဟာ ချုပ်တီးထားရတဲ့ ဂျိတ် ရဲ့ ဒေါသတွေကို လွတ်ထွက်သွားစေခဲ့ပါတယ်။ သဘောကျခဲ့တာ ဖြစ်တဲ့အတွက်လည်း ပိုမုန်းတယ်။ ငါကိုယ်တိုင် လိုလားခဲ့တာ ဖြစ်တဲ့အတွက် သိပ်ကို ရွံရှာမုန်းတီးပါတယ်။

လွတ်ထွက်သွားတဲ့ ဒေါသနောက်မှာ သူ့လက်ဟာ ကြမ်းကြမ်းတမ်းတမ်းကို ခါရုန်းလိုက်မိတယ်။ ကနဦးထဲက ပြိုလဲချင် နေခဲ့တဲ့ Raisy ဟာ ကြမ်းပြင်ပေါ်ပဲ ပစ်စလက်ခတ် ပြိုကျသွားတယ်။ လဲပြိုသွားတဲ့ ချိနဲ့နေဆဲ ကိုယ်လေးကို လက်မောင်းနှစ်ဖက်ကနေ ဆတ်ခနဲ ဆွဲယူပြီး ခပ်ကြမ်းကြမ်း ချုပ်ကိုင်လိုက်မိ။

“နင်သိတယ်။ ငါ ဒီလိုချိုးဖောက်တာကို သိပ်မုန်းတယ်ဆိုတာ နင်သိတယ်။ ငါ ဒီလိုလုပ်ရပ်မျိုးကို သိပ်ရွံတယ်ဆိုတာ နင်သိတယ်။ ငါတို့ မနမ်းသင့်ဘူးဆိုတာ နင်သိတယ်။ နင်ကောင်းကောင်းသိလျက်နဲ့၊ ဘာလို့ … ဒီလို …”

သူဟာ စောနက ဘာဖြစ်သွားခဲ့သလဲ သူကိုယ်တိုင်တောင် မသိပါ။ Raisy က ဘာကို လုပ်လိုမှန်း သူကောင်းကောင်း သိနေတာကိုတောင်မှ အလိုက်သင့် ငြိမ်ခံနေမိခဲ့တာ၊ လက်ရှိထွက်သမျှ ဒေါသတွေ အားလုံးဟာ တကယ်တော့ ကိုယ့်ကိုယ်ကို ပြန်ထွက်နေခဲ့တာပါပဲ။ ဒါပေမဲ့ “နင်လည်း သဘောကျခဲ့တာပဲ မဟုတ်ဘူးလား” ဆိုတဲ့ Raisy ရဲ့ စကားဟာ ယမ်းတစ်စ အဖြစ်နဲ့ သူ့ကို အဆုံးထိ ဆူပွက်လောင်မြိုက်ပြီး ပေါက်ထွက်သွားဖို့ ဖြစ်စေခဲ့ပါတယ်။ သူဟာ အဲ့လို ဖောက်လွှဲဖောက်ပြန်တတ်တဲ့ကောင်မျိုး မဖြစ်ချင်ဘူး။

မျက်စိအောက်မှာ မြင်နေရသမျှဟာ ဖြူရော်နေတဲ့ Raisy ရဲ့ မျက်နှာနဲ့ အခန်းထောင့် အမှောင်ထဲမှာ တိုးတိုးတိတ်တိတ် ထိုင်ငိုနေခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာ …။ သူကိုယ်တိုင်ပါပဲ။ အဖေနဲ့ အမေ ရန်ဖြစ်နေတဲ့ မြင်ကွင်းပေါင်း မြောက်မြားစွာကို သူဟာ အဲ့လိုပဲ အခန်းထောင့် အမှောင်ထဲကနေ ထိုင်ကြည့်နေဖို့ပဲ တတ်နိုင်ခဲ့တယ်။ သိပ်ကို ငယ်လွန်းလို့ အဖြစ်အပျက်တွေကို ကောင်းကောင်း မမှတ်မိပေမယ့် အခုထိ သူ့နှလုံးအိမ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်လို့ ရှိနေခဲ့တဲ့ အရာက အဖေဟာ အမေမဟုတ်တဲ့ အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေလို့တဲ့ …။ ပြီးတော့ သူ့နိုင်ငံကို ပြန်တော့မလို့တဲ့ …။

ဒီလိုကနေ အဖေနဲ့ အမေ ကွဲခဲ့တယ်။ ဖောက်ပြန်တဲ့ အဖေ့ကို သူမုန်းတယ်။ အမေ့ကို မျက်ရည်ကျအောင် လုပ်တဲ့ ဟိုလူဖြူအမျိုးသမီးကိုလည်း မုန်းတယ်။

အမုန်းဆုံးကတော့ အဖေ့လို ဖြစ်လာမှာကိုပါပဲ။ ဒီလိုဆို သူ့ကိုယ်သူ သိပ်ကို ရွံရှာမိလိမ့်မယ်။ ဒါပေမယ့် သူကရော အခု ဘာလုပ်လိုက်မိသလဲ။ ရည်းစားရသွားတဲ့ကောင်က ရည်းစားနောက်မှာ သူငယ်ချင်းမလေးနဲ့ နမ်းရင်း ဒီလိုတစ်ရက်လေးနဲ့ ကျင့်ဝတ်ဖျက်ခဲ့တယ်တဲ့။

မရည်ရွယ်ဘဲ တင်းကြပ်မိတဲ့ လက်တွေကြောင့် နီမြန်းလာတဲ့ Raisy ရဲ့ လက်မောင်းသားလေးတွေကို အတွေ့မှာပဲ ထိတ်လန့်တကြား သူပြန်လွှတ်ပေးလိုက်မိတယ်။ မယုံနိုင်စွာပဲ ကိုယ့်လက်နှစ်ဖက်လုံးကို ကိုယ်ပြန်ဖြန့်ကြည့်မိတယ်။ ကြမ်းပြင်ပေါ် လဲကျနေဆဲ သူ့သူငယ်ချင်းမလေးကတော့ အခုထိ ပြန်ထမလာတော့။ တသိမ့်သိမ့် တုန်ယင်နေတဲ့ ပုခုံးတွေကြောင့်ပဲ ငိုနေပြီထင်ပါတယ်။

ခြေလှမ်းတွေကို ရှေ့တိုးမိလိုက်သေးတယ်။ တစ်လှမ်းစာလေး လောက်မျှသာ။ အဲ့ထက်တော့ သူဟာ ပိုတိုးနိုင်ခဲ့ခြင်း မရှိခဲ့။ ပြန်လည်တွဲထူလိုတဲ့ လက်တွေကို ရုတ်သိမ်းလိုက်ပြီး … ကြောက်လန့်စွာပဲ လှည့်ပြေးမိတယ်။ ဘာကို ကြောက်လို့ ကြောက်မှန်းတော့ သူမသိခဲ့ပါ။ ဒါမှမဟုတ် မစဉ်းစားချင်ခဲ့တာ။

သေချာတာကတော့ Raisy ကို သူ မကြောက်ခဲ့။ သူ့ကိုယ်သူ ကြောက်မိတာ မဟုတ်ရင် Raisy ဆီ ကျရှုံးသွားမှာကိုသာ ကြောက်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ ထိုအချိန်ကစလို့ …

သူဟာ Raisy ဆီကနေ စတင်ထွက်ပြေးခဲ့ပါတယ်။

မခိုင်ချင်တော့တဲ့ ခြေလှမ်းတွေဟာ အိပ်ခန်းထဲထိ ရောက်အောင် သယ်လာပေးတာကပဲ ကျေးဇူးတင်ဖို့ကောင်းနေခဲ့ပါပြီ။ အခုနေ ကြမ်းပြင်ပေါ် ပြိုကျသွားတာကိုတော့ အပြစ်မဆိုသာတော့။ ရေစက်လက်ကျနေတဲ့ ကိုယ်နဲ့ သူကြမ်းပြင်မှာ ဝပ်နေမိသေးတယ်။ နောက်ဆုံးတော့ ဂျိတ် လည်း သူ့ကို ထားသွားတော့မှာပဲ။ သူ့နေရာဟာ ကျဉ်းသထက်ကျဉ်းလာပြီး စိတ်လုံခြုံမှုဟာ လျော့ပါးလာတယ်။ အဆုံးသတ်ကတော့ သူဟာ ပိုတိုးလို့ ကွေးကွေးလေး လဲလျောင်းမိလာတာပဲ။ တကယ့်ကို ကွေးကွေးလေး။ ကူကယ်ရာမဲ့စွာနဲ့ ခပ်ကွေးကွေးလေး။

မလုံခြုံတဲ့ စိတ်နဲ့ ကိုယ်ကို ကွေးသထက် ကွေးနိုင်အောင် သူကြိုးစားတယ်။ အဲ့အချိန်မှာပဲ မြင်လိုက်ရတာဟာ သူ့ရဲ့ ပထမဆုံး ရေဆေး ပန်းဆီကားချပ်လေးပါပဲ။ Tabebuia ပန်းဝါလေးတွေကို နောက်ခံရင်း ဂျိတ် ရဲ့ မျက်နှာလေးဟာ ပြုံးနေခဲ့တယ်။ ပါးချိုင့်လေးတွေထဲမှာတော့ ကြင်နာချိုမြိန်ခြင်းတွေဟာ အပြည့်နဲ့ပဲ။

ထပ်တူကျတဲ့ မြင်ကွင်းတစ်ခုပါပဲ။ မှတ်ဉာဏ်ထဲမှာ စွဲမြဲစွာ ကပ်ညှိပါလာခဲ့တဲ့ တစ်ခုသော မြင်ကွင်းနဲ့ တစ်ထပ်ထဲ တူတယ်။ အဲ့တုန်းကလည်း Tabebuia ပန်းဝါလေးတွေ နောက်ခံထားရင်း … အနှီးကောင်လေးဟာ ပြုံးနေခဲ့တယ်။ သည်ထက်ပိုငယ်ရွယ်ဦးမဲ့ မျက်နှာကလေးကပဲ ကွာခြားမှုရှိပါတယ်။

၈ နှစ်ဆိုတာ သိပ်ကိုငယ်လွန်းတဲ့ အရွယ်ပဲ။ ဒါပေမယ့် အဲ့အရွယ်ဟာ ကောင်းကောင်းမှတ်မိနေနိုင်ပြီး။ ဒဏ်ရာတွေကိုပဲ ဖြစ်ဖြစ်၊ ကြင်နာမှုတွေကိုပဲ ဖြစ်ဖြစ်။ ဘယ်လောက်မှ မထင်ရှားတဲ့ သေး,တိမ်တဲ့ မှတ်ဉာဏ် အပိုင်းအစလေးလောက်ကိုတောင် စွဲမြဲစွာနဲ့ ထုတ်ပိုးသယ်ယူလာနိုင်ဖို့အတွက် လုံလောက်အောင် ကြီးပြင်းနေခဲ့ပြီ။

အဲ့နေ့က ဖေဖေနဲ့ မေမေ ကွာရှင်းတဲ့နေ့။ မေမေ က အထုတ်ဆွဲပြီး အိမ်ကနေ စတင်ထွက်ခွာသွားတဲ့နေ့။ လူတစ်ဦးတစ်ယောက်ရဲ့ စွန့်ခွာသွားမှုကို ပထမဆုံး ခံလိုက်ရတဲ့နေ့လည်း ဖြစ်ပါတယ်။ နွေဦးတစ်ခုပါပဲ။ ခြံရှေ့နားက Tabebuia ပန်းပင်အောက်မှာ သူဟာ ကျုံ့ကျုံ့လေး ထိုင်ငိုနေခဲ့တယ်။

ကြာမြင့်စွာ ထိုင်ငိုနေခဲ့ပြီးချိန်မှာပဲ သူ့မျက်စိအောက်ကို ပန်းဝါလေးတစ်ပွင့်ဟာ ရောက်လာပါတယ်။ လက်သေးသေးကလေးတွေက သယ်ဆောင်လာပေးရင်း …၊ အပွင့်ကြီးကြီးကိုမှ ခပ်လွှလွှလေး လှနေတဲ့ ပန်းဝါလေးကို ကြည့်မိရင်း သူအငိုတိတ်သွားတယ်။ မော့ကြည့်လိုက်မိတဲ့ မြင်ကွင်းဟာ သူတစ်ဘဝလုံး သယ်ဆောင်လာဖြစ်မဲ့ မှတ်ဉာဏ်ပဲ ဖြစ်ပါတယ်။

အပြာရောင်ကောင်းကင်ကိုတောင် မမြင်နိုင်တဲ့အထိ Tabebuia ပန်းဝါတွေဟာ သူ့ကို အုပ်မိုးနေခဲ့ပြီး၊ မြင်နိုင်သမျှဟာ အဝါရောင် မျက်နှာကြတ်တစ်ခုပဲ။ အဲ့မျက်နှာကြတ်ကိုမှ နောက်ခံထားရင်း ငယ်ရွယ်တဲ့ မျက်နှာကလေးတစ်ခုက သူ့ကို စီးမိုးထားခဲ့တယ်။ ပြုံးရယ်နေတဲ့ မျက်နှာကလေးမှာပဲ ချိုမြိန်ကြင်နာပုံပေါ်တဲ့ ပါးချိုင့်ကလေး နှစ်ခုက ချိုင့်ဝင်လို့ …။

“မငိုနဲ့လေ။ ငါနင့်ကို ဒါပေးမယ်”

ယောင်ယမ်းပြီး ယူလိုက်မိတယ် ထင်ပါတယ်။ လက်သေးသေးကလေး နှစ်ခု ထိစပ်သွားတဲ့ ခံစားချက်အရ သူဟာ ယူခဲ့မိလိမ့်မယ်။ မှတ်မိသမျှထဲမှာ အသားဝါဝါလေးလည်း အပါအဝင်ပဲ …။ ခပ်ဝါဝါ အသားရောင်လေးနဲ့ ကောင်လေးဟာ Tabebuia ပန်းဝါလေးတွေနဲ့ တကယ်လိုက်ဖက်တယ်လို့ သူထင်ခဲ့တယ်။ ညှပ်ဖိနပ်စီးထားတဲ့ ခြေထောက်ဝါလေးတွေဟာလည်း ကြွေဆင်းမြေခနေတဲ့ ပန်းဝါလေးတွေကို နင်းဖြတ်လို့ ပြန်လှည့်ပြေးသွားတာကို သူဟာ ငုတ်တုပ်ထိုင်ရင်း ထိုင်ကြည့်နေခဲ့တယ်။

အဲ့နေ့ကစလို့ … ပန်းဝါလေးတွေကို နောက်ခံထားရင်း မြင်ခဲ့ရတဲ့ ပြုံးရယ်နေတဲ့ မျက်နှာဝါဝါကလေးဟာ သူ့ရဲ့ အလှဆုံး မှတ်ဉာဏ်ဖြစ်ခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ကံတရားဟာ သူတို့ကို ပြန်ဆုံတွေ့စေခဲ့ပေမယ့် နည်းနည်းတော့လည်း ရက်စက်တယ်။ ထိုကောင်လေးဟာ သူ့ကို သူငယ်ချင်းလို့သာ သတ်မှတ်ခဲ့ပါတယ်တဲ့။ သူကလည်း ကံခေစွာနဲ့ ထိုကောင်လေး မလိုလားတဲ့ ချစ်ခြင်းတရားထဲ ပြုတ်ကျခဲ့တယ်။

တိုးသဲ့သဲ့ ငိုရှိုက်သံတွေဟာ အခန်းလေးထဲ နာကျင်စွာနဲ့ လွှင့်ပျံ့လို့ …။ စွန့်ပစ်ခံရဖူးတဲ့ မှတ်ဉာဏ်တွေပဲ ပိုင်ဆိုင်ရာရှိခဲ့တဲ့ ကောင်မလေးဟာ ခပ်ကွေးကွေးလေးနဲ့ပဲ တိုးတိုးတိတ်တိတ်‌ ငိုနေခဲ့တယ်။ ဒါပေမယ့် ကြေကွဲစွာနဲ့ ပါပဲ။

အမေက သူ့ကို ထားသွားတယ်။

နောက် အဖေကလည်း သူ့ကို ထားသွားတယ်။

အခုလည်း ဂျိတ် က သူ့ကို ထားသွားလိမ့်မယ် ထင်ပါတယ်။

- Chapter 4 –

သတိလက်လွတ် ရှိုက်လိုက်မိတော့ ခါးသက်သက် အငွေ့တွေဟာ သူ့လည်ချောင်းထဲအထိကို ပြန့်နှံ့ကုန်တယ်။ အခုနေ ဆေးလိပ်သောက်လို့လည်း သူ့ကိုတားမဲ့ Raisy မှ မရှိတော့တာပဲ။ ရေစက်လက်ကျနေတဲ့ ဆံပင်တွေကို မသုတ်သေးဘဲ၊ ယုတ်စွအဆုံး အဝတ်တောင် မလဲဘဲ သူဟာ မိုးရွာတဲ့ မြင်ကွင်းကို ခါးထောက်ကြည့်လို့ ဆေးလိပ်သောက်နေခဲ့တယ်။ တစ်ယောက်ထဲရှိနေတဲ့ အခန်းငယ်လေးဟာ အမြဲတမ်း တိတ်ဆိတ် ခြောက်ကပ်တယ်။

မြို့လေးကို တကယ်ပြန်ချင်ပေမဲ့၊ Raisy မရှိတဲ့ မြို့ကိုတော့ သူပြန်မသွားလို့တော့။ မဟုတ်ရင် မြင်ရသမျှ အရာရာတိုင်းက သူ့ကို သတ်ပါလိမ့်မယ်။ ကတိတည်ခဲ့ဖို့ ကောင်းပါတယ်။ ဒီလိုဆို Raisy လည်း ပျောက်ကွယ်သွားလိမ့်မှာ မဟုတ်ဘူး။

Raisy နဲ့ သူနဲ့ ကြားထဲမှာ ဖြစ်ခဲ့တဲ့ အက်ကြောင်းနောက် … နောက်ရက်ကစလို့ Raisy က အခန်းထဲကနေ မထွက်လာတော့ဘူး။ သူကလည်း မှန်ပြတင်းပေါက်လေးကို သွားမခေါက်ဖြစ်တော့ပါဘူး။ ထိုအစား သူဟာ ဘန်ကောက်မှာ ကျောင်းသွားတက်ဖို့အတွက် ပြင်ဆင်ခဲ့တယ်။

မထွက်သွားခင် အချိန်ပိုင်းလေးမှာပဲ ဘယ်လိုမှ မချုပ်တီးနိုင်စွာနဲ့ အခန်းလေးရဲ့ တံခါးကို သွားခေါက်မိဖို့ ရောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် မဖြစ်မြောက်ခဲ့။ လေထဲမှာတင် ရပ်တန့်သွားတဲ့ လက်ချောင်းတွေဟာ အဆုံးမှာတော့ တံခါးချပ်မှာသာ ဖြည်းညင်းစွာ သွားအပ်ကျတယ်။ တံခါးကို နဖူးနဲ့ မှီချလိုက်ရင်း သူလည်ချောင်းတွေ သေလောက်အောင် ခြောက်ကပ်ခဲ့တယ်။ ဝမ်းတွင်းထဲကနေ ပြင်းပြစွာ ရေဆာနေခဲ့သူလိုပဲ ဖောက်ထွက်လို့မရတဲ့ အရာပေါင်းများစွာဟာ သူ့ကို သေအောင် သတ်နေသလိုပါပဲ။

သူထွက်သွားမယ်ဆိုတာ Raisy လည်း သိမှာပါပဲ။ ဒါနဲ့တောင် အခန်းထဲကနေ အခုထိ မထွက်လာသေးဘူး။ ဖြစ်နိုင်တယ်။ သူတို့ဟာ ဒီလိုနဲ့ပဲ ဝေးသွားရနိုင်တယ်။ အဆုံးသတ်မှာတော့ သူဟာ တံခါးမခေါက်ခဲ့သလို၊ တံခါးကို နဖူးနဲ့ မှီချထားရင်းကနေ ကိုယ်သာကြားလောက်မဲ့ အသံနဲ့ နှုတ်ဆက်ခဲ့ပါတယ်။

“ငါသွားတော့မယ် Raz”

ဒီလိုကနေ သူဟာ မြို့လေးကနေ ထွက်ခွာလာခဲ့တာပဲ။ ဘယ်တော့မှ မထားသွားပါဘူး လို့ ကတိပေးခဲ့တဲ့ Raisy ကို သူကိုယ်တိုင်လည်း ထားသွားမိခဲ့ပါတယ်။

ငါက ဘယ်တော့မှ သူငယ်ချင်းကို ထားပြီး ထွက်မပြေးဘူးလို့ အခိုင်အမာ ဆိုခဲ့ဖူးပေမဲ့ သူငယ်ချင်း မဟုတ်နိုင်တော့တဲ့ လူဆီကနေတော့ သူ ထွက်ပြေးခဲ့ပါတယ်။ ဒီထွက်သွားခြင်းဟာ ထိုသို့ တစ်နည်းတစ်ဖုံတော့ အနက်ရောက်ခဲ့တယ်။ Raisy ဟာလည်း သူ့အတွက် သူငယ်ချင်း မဟုတ်တော့။ ထိုထက်ပို့လို့ … ထို့ထက်ပို့လို့ .. တစ်စုံတစ်ရာ၊ သို့မဟုတ် … အရာရာ။

ဘန်ကောက်ရောက်ပြီးတဲ့နောက် ကျောင်းဆက်တက်ရင်း သူတကယ် Pilot ဖြစ်လာတယ်။ နွေဦးတိုင်း ဘန်ကောက်မှာ ဝါထိန်နေအောင်ပွင့်တဲ့ Tabebuia ပန်းတွေကို တွေ့ရတိုင်းတော့ သေလောက်အောင် ခက်ခဲခဲ့ပါတယ်။ သည်းမခံနိုင်တော့တဲ့ တစ်ခုသော နွေဦးကာလမှာတော့ သူ Raisy ကို ပြန်ဆက်သွယ်ခဲ့တယ်။

အဲ့အချိန်မှာ သူ့မှာလည်း လက်ထပ်ရမဲ့ မိန်းကလေးရှိနေခဲ့ပြီး၊ Raisy နဲ့ သူ့ကြားမှာ ဖြစ်ခဲ့တဲ့ အရာတွေကလည်း မှိန်ဖျော့ပျောက်ကွယ်နေခဲ့ပြီး၊ အရာအားလုံး နေသားတကျ ဖြစ်နိုင်ပြီလို့ သူထင်တဲ့ အခါမှသာ Raisy ကို သူ ဆက်သွယ်ရဲခဲ့တယ်။

“နင်အဆင်ပြေရဲ့လား”

“အင်၊ ပြေပါတယ်။ နင်ရော”

အစစအရာရာ ခက်ခဲခဲ့ကြောင်း အရမ်းပြောပြချင်ပါတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် မတွေ့ရတဲ့အခါ အရာရာတိုင်းက လိမ်လိုက်ဖို့ အတွက် လွယ်ကူနေတယ်။

“အဆင်ပြေပါတယ်”

“အင်”

ခဏ တိတ်ဆိတ်သွားကြတယ်။

“ဒီမှာ Tabebuia ပန်းတွေ ပွင့်နေပြီ”

“ဟုတ်လား”

“အင်၊ နွေဦးရောက်ပြီလေ”

“လှနေမှာပဲ”

“နောက်နှစ်နွေဦး … နင်ကြည့်ချင်လား”

“…….”

“ဒါဆို လာခဲ့လိုက်လေ။ ငါတို့ အတူ ပန်းတွေကြည့်ရအောင်”

ဟုတ်တယ်။ သူအရင် ဖိတ်ခေါ်ခဲ့တယ်။ သူသာ ရှောင်ပြေးမဲ့ ချိန်းချက်မှုတစ်ခုကို သူသာ စတင်ဖိတ်ခေါ်ခဲ့တယ်။

“နင်မှတ်မိသားပဲ” တဲ့ … Raisy က ပြောခဲ့ပါတယ်။

နွေဦးတစ်ခုခုမှာ ပန်းတွေကို အတူကြည့်ဖို့ တစ်ခုသော နွေဦးတုန်းက လှေငယ်လေးတစ်စင်းပေါ်မှာ သူတို့ ကတိထားခဲ့ကြဖူးတယ်။ ဒါဟာ ၁၀ နှစ်တောင် ရှိခဲ့ပြီး။ ဆက်သွယ်ရဲဖို့အတွက် ဆယ်နှစ်ကြာခဲ့ပါတယ်။

ဒီကြားထဲမှာ Raisy ဟာ ဆွိဇာလန်ကို သွားပြီး ဂီတပညာကို သင်ယူခဲ့ပါသေးတယ်။ သူအားလုံး ကြားခဲ့တယ်။ ဒါကြောင့်လည်း ဆွိဇာလန်ကို လမ်းကြုံလို့ ရောက်မိတိုင်း သိပ်လှတဲ့ လမ်းတွေမှာ Piano တီးခတ်နေတဲ့ Pianist တွေကို Raisy များလားလို့ သူဟာ ရူးနှမ်းစွာ လိုက်ကြည့်မိခဲ့ပါသေးတယ်။ Europe ဘက်ကို ရောက်တိုင်းတော့ စိတ်အခြေအနေဟာ တကယ့်ကို မှိုင်းညို့မြဲပဲ။ သိပ်လှတဲ့ လမ်းကြားလေးတွေထဲမှာ သူတစ်ယောက်ထဲ မလျှောက်ချင်ခဲ့ဘူး။

“ဒီက ချတ်တူးချတ် ပန်းခြံမှာ Tabebuia ပန်းပွင့်ချိန်တွေဆို ပန်းကြည့်တဲ့ လူတွေနဲ့ သိပ်စည်ကားတယ်။ နောက်နှစ် နွေဦးကျ နင်လာခဲ့လိုက်လေ။ Kasesart University ထဲမှာလည်း Tabebuia ပန်းပင်တွေ စီတန်းရှိနေတဲ့ လျှောက်လမ်းလေး တစ်ခုလည်းရှိတယ်။ အပင်တန်းလေး ဘေးမှာလည်း ရေမြောင်းတန်းလေးနဲ့။ ဒါပေမဲ့ အဲ့က Tabebuia တွေကတော့ အဝါရောင်တွေ မဟုတ်ဘူး။ ပန်းဖျော့ရောင်တွေ၊ တချို့ဆို အဖြူဘက်တောင် ရောက်လုလုပဲ။ သိပ်လှတယ်။ ငါနင့်ကို လိုက်ပြမယ်လေ။”

“အင်၊ ငါလာခဲ့မယ်လေ”

ဒါပေမယ့် တကယ့်တကယ်မှာ သူဟာ နွေဦးရောက်ခါနီးမှာပဲ ထွက်ပြေးမိခဲ့ပါတယ်။ လေယာဉ်မယ်ဖြစ်တဲ့ သူ့ကောင်မလေးဟာ အဲ့တုန်းက Flight ခရီးစဉ်နဲ့ Europe ဘက် ရောက်နေခဲ့တယ်။ ပြန်လာတာနဲ့ သူဟာ လက်ထပ်ခွင့်တောင်းဖို့ အတွက် စီစဉ်ထားခဲ့ပါတယ်။

သူ,မသေချာခဲ့တာပါ။ သူကြောက်နေခဲ့တာပါ။ သည့်မတိုင်ခင် Raisy နဲ့သာ အရင်တွေ့မိခဲ့ရင် အရာအားလုံးဟာ ပျက်စီးသွားလိမ့်မယ်လို့ သူအတိုင်းသား ခံစားမိနေတယ်။ သူ လက်ထပ်ခွင့်တောင်းနိုင်တော့မှာ မဟုတ်ဘူး။ မဟုတ်ဘူး၊ အဲ့နေ့ရောက်နိုင်တော့မှာတောင် မဟုတ်ဘူး။ သူဟာလည်း ထပ်ပြီး သူမဖြစ်လိုတဲ့ ယောက်ျားမျိုးဖြစ်ရလိမ့်မယ်။ နောက်ဆုံး မိန်းကလေးတစ်ယောက်ကို Raisy ကြောင့် စွန့်ခွာမိသွားလိမ့်မယ်။ သူ သူ့အဖေလို ယောက်ျားမျိုးဖြစ်သွားလိမ့်မယ်။

စိတ်ဝိဉာဉ်အကုန်လုံးဟာ Raisy နောက်ကို လိုက်ပါမိသွားပြီး ၁၀ နှစ်ကျော် ရှောင်ပြေးနေခဲ့သမျှက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်ဆိုတာကို ခံစားမိနေလို့ … သူ မတွေ့ရဲခဲ့ပါဘူး။ သည်လိုဆို … သူ လက်ထပ်ခွင့်တောင်းဖြစ်တော့မယ် မထင်လို့၊ အဲ့မိန်းကလေး လက်ကို ပစ်ချလိုက်ပြီး Raisy လက်ကို လှမ်းဆွဲလိုက်မိမှာ သူကြောက်လို့…။

ဒါကြောင့်ပဲ သူဟာ Raisy နဲ့တွေ့မဲ့အစား မြန်မာကို ထွက်မဲ့ Flight ခရီးစဉ်မှာ လိုက်ပါဖို့ ရွေးချယ်ခဲ့ပါတယ်။ သူ တွေးထားခဲ့တာက နောက်တစ်နှစ် နွေဦး … သူလည်း အိမ်ထောင်ကျပြီး အခြေတည်ပြီး၊ ပြန်လှည့်စရာလမ်း လုံးဝ မရှိတော့ဘူး ဆိုတဲ့အထိ တိုးဝင်ပြီးတော့မှသာ ပြန်တွေ့တော့မယ်လို့။ သည်ကြားထဲ Raisy လုံးဝ ပျောက်သွားလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။

စွန့်ခွာခံရတာတွေကို သည်းမခံနိုင်တဲ့ Raisy ဟာ ဒီတစ်ကြိမ်တော့ အရင်ထွက်သွားခဲ့တယ် ထင်ပါတယ်။ သူ့ကိုရော … မိခင်ကိုရော အဆက်သွယ်ဖြတ်ပစ်ပြီး ပျောက်သွားခဲ့တယ်။

ပြီးခဲ့တဲ့ နွေဦးထဲက ဖြစ်ပါတယ်။ သူလည်း လိုက်မရှာရဲခဲ့။

လက်ထပ်ခွင့်လည်း မတောင်းဖြစ်ခဲ့ပါ။ မဟုတ်၊ တကယ်က မလုပ်နိုင်ခဲ့တာ။ အဆုံးထိ မလုပ်နိုင်ခဲ့တာ။

လက်စွပ်ကို ကမ်းပေးရင်း ဒူးထောက်ထားတုန်းမှာပဲ တစ်စုံတစ်ရာဟာ မှားယွင်းနေသလို သူခံစားလာခဲ့ရတယ်။ ရုတ်တရက်… သူလိုချင်တာဟာ ဒီအရာ မဟုတ်သလို.. ။ တစ်လျှောက်လုံး တည်ဆောက်လာခဲ့သမျှဟာ မှားယွင်းနေပြီး သူအမှန်တကယ် တောင့်တလိုလားပါတဲ့ အရာတစ်ခု မဟုတ်သလို။

အိမ်ကနေ မထွက်သွားခင်မှာ ဖေဖေ ပြောခဲ့တဲ့ စကားကို ပစ်ချထားတဲ့ မှတ်ဉာဏ်ထဲကနေ သူပြန်မှတ်မိလာခဲ့တယ်။ “ဘယ်အရာဖြစ်ဖြစ် အစကတည်းက သေချာမှုရှိခဲ့ပါစေ သား။ မင်းကြီးလာရင် သိလာလိမ့်မယ်။ ဒါဟာ ယောက်ျားတစ်ယောက်အတွက် အရေးကြီးတယ်။ တစ်ယောက်ယောက်ကို ချစ်ခါနီးဖြစ်ဖြစ်၊ တစ်ယောက်ယောက်လက်ကို တွဲခါနီးဖြစ်ဖြစ်၊ တစ်ယောက်ယောက်ဆီမှာ ကတိကဝတ်ထားခါနီးဖြစ်ဖြစ်။ မင်းလိုချင်တာသေချာမှ မင်းယူပါ။ မင်းလိုချင်တဲ့ အရာကိုပဲ အစကတည်းက မင်းယူခဲ့ပါ”

ဒီစကားဟာ အရမ်းငယ်သေးတဲ့ ကလေးတစ်ယောက်အတွက် လိုက်မီဖို့ ခဲယဉ်းပေမယ့် အခုအချိန်မှာတော့ သူခံစားမိပါတယ်။

နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း လိုချင်နေပါတဲ့ အရာတစ်ခုဟာ Piano ကို ပေါ့ပါးစွာ တီးခတ်လေ့ရှိတဲ့ လက်ချောင်းဖြူဖြူကလေးတွေရဲ့ လားရာကိုပါပဲ။ သူအမှန်အကန် လိုချင်တာဟာ ဖြူနုတဲ့ အသားအရည်ပေါ်က သွေးကြောမျှင်စိမ်းကလေးတွေကို နမ်းရှိုက်ခွင့်ပဲ။

ရုတ်ချည်းပဲ လက်စွပ်ကို ပြန်ရုတ်လိုက်မိတယ်။ သိပ်ကို မိုက်ရိုင်းကောင်း မိုက်ရိုင်းသွားနိုင်ပေမယ့် ဧကန်အမှန် သူ နောက်ဆုတ်မိခဲ့တယ်။

သူလိုချင်တာ ဒါမဟုတ်ဘူး။

သူလိုချင်တာလည်း ဒီမိန်းကလေး မဟုတ်ဘူး။

နောက်တော့လည်း အမြဲလုပ်ခဲ့သလို လှည့်ပြေးမိခဲ့ပါတယ်။ သူဟာ အဖေ့လိုပဲ မုန်းတီးဖို့ ကောင်းစွာနဲ့ မိန်းမတစ်ယောက်ကို နာကျင်အောင် လုပ်ခဲ့မိတယ်။ တကယ်တော့ သူဟာ အဖေ့ထက်တောင် ပိုဆိုးရွားနိုင်သေးတယ်။

အဖေကမှ အနည်းဆုံး သူချစ်တဲ့ လူကို နာကျင်အောင် မလုပ်ခဲ့ဘူး။ သူကတော့ ကိုယ်ချစ်တဲ့လူကိုပါ နာကျင်အောင် လုပ်ခဲ့ပါတယ်။

“ငါက နင့်ကို ခက်ခဲအောင် လုပ်ခဲ့မိတာပါ Raz … ငါ့ကိုယ်ငါတင်မက၊ နင့်ကိုပါ အတူတကွ ခက်ခဲအောင် လုပ်မိခဲ့တာပါ။”

- Chpater 5 –

၂၀၂၂ ဆောင်းဦးကာလ။

Khao Yai ဟာ နေလို့ကောင်းတဲ့ နေရာတစ်ခုပဲ။ သူတို့ ထိုင်းနိုင်ငံရဲ့ အထင်ကရ Tourist Attraction တစ်ခုလည်း ဖြစ်ပါတယ်။

သိပ်လှတဲ့ လမ်းကျဉ်းလေးတွေမှာ လျှောက်ချင်ရင် Europe ဘက်ထိ သွားစရာတော့ မလိုပါ။ Khao Yai က Palio Village လေးမှာတင် ဒီအရာကို ခံစားနိုင်ပါတယ်။ ဂျိတ် ဟာ အရင်ဦးဆုံး Primo Pizza ကို သွားခဲ့ပါသေးတယ်။

Shirt အဖြူရောင်နဲ့၊ ဆင်စွယ်ရောင် ဘောင်းဘီရှည်နဲ့၊ Long Coat အညိုကို ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ ရှည်လျားတဲ့ ခြေတံတွေကို ခပ်မတ်မတ် ရပ်စေပြီး ဝန်းခြံထဲက သိုးတွေကို ကြည့်နေခဲ့တယ်။ လှန်တင်ထားတဲ့ ဆံပင်တွေဟာ မပြင်းထန်စွာ တိုက်ခတ်နေတဲ့ လေယဉ်လေးထဲမှာပဲ အိနြေ္ဒရစွာနဲ့ လွင့်နေခဲ့တယ်။

ပျော်ရွှင်ခြင်းတွေ ဆိတ်သုန်းနေခဲ့တဲ့ မျက်လုံးတွေကတော့ ဘယ်အရာဆီမှာမှ မမြဲလိုတော့တဲ့ သဘောထားတွေနဲ့၊ လက်နှစ်ဖက်ကို Long Coat အိတ်ကပ်ထဲ ထိုးထည့်ထားရင်း ခံစားချက်ကင်းမဲ့စွာနဲ့ပဲ တည်ငြိမ်စွာ ရပ်ကြည့်နေပြီးတဲ့နောက် ဂျိတ် ဟာ ရပ်နေရာကို စွန့်ခွာတယ်။ ဒီလတွေထဲမှာ သိပ်လှတယ်ဆိုတဲ့ နေရာတွေကို သူရောက်ခဲ့ပါတယ်။ အလုပ်ကနေတောင် ခွင့်ယူပြီး ထိုင်နိုင်ငံတစ်ခွင်လုံးမှာ အပျော်ခရီးထွက်နေခဲ့ပေမဲ့ သူဟာ မပျော်ရွှင်နိုင်ခဲ့။

ကိုယ်တိုင် ကျူးလွန်မိတဲ့ အမှားကြောင့် မရှာဝံ့ဘူးဆိုတဲ့ လူတစ်ယောက်ကို မမျှော်မှန်းရဲစွာ ရှာနေခဲ့မိမှန်း ကာယကံရှင်တောင် သိနိုင်လိမ့်မယ် မထင်ပါဘူး။ ဒီလိုကနေ ဂျိတ် က တွေးထားပါသေးတယ်။ ထိုင်းနိုင်ငံတစ်ခွင် ခြေဆန့်ပြီးရင် အခြားနိုင်ငံတွေဆီလည်း သူသွားမှာပါပဲ။ ဘယ်လောက်ဖြစ်ဖြစ်၊ ဘယ်ထိဖြစ်ဖြစ် သူသွားမယ်။ ဘယ်လောက်ထိ ကြာမြင့်သွားပါစေ သူဆက်သွားပါမယ်။ မတွေ့မချင်း။ မတွေ့နိုင်မချင်း။ မသိစိတ်တစ်ခုနဲ့အတူ သူလိုက်ရှာနေဖြစ်လိမ့်မယ်။

ရပ်နေရာကနေ ဂျိတ် ထွက်သွားပြီးတဲ့နောက် ဘယ်လောက်မှ မကြာလိုက်ခင်မှာပဲ အမျိုးသမီးတစ်ယောက်ဟာ ဂျိတ် ရပ်ခဲ့တဲ့ နေရာကို ရောက်လာပါတယ်။ သူ့လိုပဲ ရှည်လျားတဲ့ အရပ်နဲ့၊ သူ့ထက်တော့ ပိန်ပါးတဲ့ ကိုယ်လေးနဲ့။ ဖြူဆွတ်တဲ့ အသားအရည်ဟာ ဝတ်ထားတဲ့ ဆွယ်တာအနက်လေးနဲ့ တကယ်လိုက်ဖက်ပါတယ်။

ဆွယ်တာအနက်ရယ်၊ ဘောင်းဘီရှည်အညိုရယ်ကို တွဲဖက်ဝတ်ထားတဲ့ အမျိုးသမီးဟာ မီးခိုးရောင် Long Coat ကို ထပ်လို့ ဝတ်ထားပါသေးတယ်။ လည်ပင်းမှာ ပတ်ထားတဲ့ မာဖလာ အညိုကွက်လေးနဲ့အတူ ကျောပြင်ပေါ်မှာ သက်သက်သာသာ ဝဲကျနေတဲ့ ဆံပင်စတွေဟာလည်း လေမှာ ညင်သာစွာ လွင့်မျောလို့ … ရှိပါတယ်။

ညင်သာမှုထဲမှာ ကြည့်ကောင်းနေပါတဲ့ အမျိုးသမီးဟာ ဝန်းခြံထဲက သိုးကလေးတွေကို ပြုံးယောင်သမ်းတဲ့ မျက်လုံးကလေးတွေနဲ့ ရပ်ကြည့်လာတယ်။ သိုးကလေးတွေကတော့ တစ်ခုသော ချွတ်ချော်မှုကလေးကို ပြောပြနိုင်လိမ့်မယ် မဟုတ်။

ဒီလိုကနေ … တေ့ဆိုင်လွဲချော်မှုကလေးတွေ အဖန်ရေစိပ်လာရင်း တစ်ဘဝစာမျှ ချွတ်ချော်သွားနိုင်ပါတယ်။

Palio Village ဟာ Europe ဆန်စွာ ဆောက်ထားတဲ့ နေရာကလေးပါပဲ။ ဒီနေရာမှာ အာရှရဲ့ အငွေ့အသက်တွေ ဘာတစ်ခုမှ မရှိခဲ့။ နွယ်ပုံစံ သစ်ပျော့ပင်စိမ်းကလေးတွေ တွယ်ကပ်ပေါက်နေတဲ့ တိုက်နံရံ နီ၊ ဝါ၊ ညို လေးတွေရယ်၊ ပန်းပင်တွေ တွယ်တက်ရှိနေတဲ့ ဝရံတာလေးတွေရယ်၊ ကျောက်စရစ်လေးတွေ ခင်းကျင်းထားပါတဲ့ လှေကားထစ်ကျဉ်းကလေးတွေရယ်၊ တေ့ဆိုင် ပြွတ်ကြပ်စွာ ဆောက်လုပ်ထားပြီး လမ်းကျဉ်းကလေးတွေကိုပဲ ချန်ထားရစ်တဲ့ တိုက်အိုကလေးတွေရယ်နဲ့ … ဒီတိုက်ကလေးတွေကြားထဲက လမ်းကျဉ်းကလေးတွေရယ်။

ပန်းခတ်ကလေးတွေ ချိတ်ဆွဲထားတဲ့ လမ်းမီးတိုင် ပုပုကလေးတွေနဲ့ နေရာအနှံ့ ချထားပေးတဲ့ ခုံတန်းလှလှ ကလေးတွေလည်း အပါအဝင်ပါပဲ။ တိုက်နံရံတွေမှာ ချိတ်တွယ်နေတဲ့ ကွေးညွတ်နေတဲ့ မီးအိမ်ကလေးတွေက အစ အလှတရားတွေပဲ။

လမ်းကျဉ်းလေးတွေပေါ်မှာ ခုံလေးတွေ ထုတ်ခင်းထားတဲ့ Vintage ဆန်ဆန် Café လေးတွေနဲ့၊ အပြင်ထုတ် ခင်းကျင်းထားတဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေရယ် ကြားထဲကနေ ဂျိတ် ဟာ ခပ်ဖြည်းဖြည်းလေး လမ်းလျှောက်နေပါတယ်။ အိုးဟောင်းပြီး အပင်တွေတွယ်တက်ပေါက်နေတဲ့ တိုက်တွေကြားထဲက သိပ်လှတဲ့ လမ်းကျဉ်းလေးတွေဟာ တစ်စုံတစ်ယောက်ကို သတိရစေပါတယ်။

မှတ်ဉာဏ်ထဲက တစ်စုံတစ်ယောက်ကို စဉ်းစားရင်း လျှောက်လာတဲ့ ဂျိတ် ဟာ ဈေးဆိုင်ကလေးတစ်ခုရှေ့မှာ ခပ်ကုန်းကုန်းလေးရပ်လို့ ပစ္စည်းရွေးနေခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို မမြင်နိုင်ခဲ့။ သူဟာ အနားက Café လှလှလေး တစ်ခုထဲကို ဝင်သွားခဲ့တယ်။ အကယ်လို့ counter မှာ Take away မှာနေတုန်းသာ အနောက်လှည့်ပြီး ကျယ်ပြန့်တဲ့ မှန်ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကိုသာ ကြည့်ဖြစ်ခဲ့ရင် သူဟာ တစ်စုံတစ်ယောက်ကို အသေအချာ မြင်နိုင်ခဲ့မှာပဲ။

Take Away ရတဲ့နောက် Café က ကြောင်ဖြူလေးကိုတောင် ဂျိတ် ဟာ ကျီစယ်သွားခဲ့ပါသေးတယ်။ အဲ့နောက်တော့ ပန်းခြင်းကလေး ချိတ်ဆွဲထားတဲ့ တံခါးလှလှလေးကို ဆွဲတွန်းလို့ ဂျိတ် ဟာ ထွက်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ .. မီးခိုရောင် Long Coat လေးနဲ့ ကျောပြင်မှာ ဆံပင်လေးတွေ သက်သက်သာသာ ဝေ့ဝဲချထားတဲ့ ကောင်မလေးတစ်ယောက်ဟာ တံခါးလေးကို ဆွဲဖွင့်ရင်း Café လေးထဲ ဝင်လာခဲ့တယ်။ ဝင်ဝင်ချင်း အမွှေးပွ ကြောင်ဖြူကလေးကို စနောက်လိုက်ပါသေးတယ်။ ကြောင်ကလေးကတော့ လွဲချော်မှုကလေး တစ်ခုအကြောင်း ပြောပြတတ်လိမ့်မှာ မဟုတ်။

လမ်းကျဉ်းကလေးတွေဟာ အရမ်းတော့လည်း မရှုပ်ထွေးပါဘူး။ ပြန့်ကြဲနေတဲ့ ကျောက်တုံးကလေးတွေကြားထဲမှာ ဖြန့်ကျက်ပြီး စီးဆင်းသွားတတ်တဲ့ ရေစီးကြောင်းကလေးတွေလိုပဲ၊ စီးတန်းလျက် မဟုတ်ဘဲ ဟိုဟိုဒီဒီ တေ့ဆိုင် ဆောက်ထားတဲ့ တိုက်အိုလှလှကလေးတွေ ကြားထဲမှာပဲ ဟိုမှသည်မှ ပြန်လည် ယှက်သန်း ဖောက်ထွက် နေခြင်းသာ။ ဒီလမ်းကလေးတွေကို တိုက်တွေကြားထဲမှာပဲ ဟိုဟိုဒီဒီ ယှက်သန်းစေလို့ ဖောက်ထွင်းထားခြင်းပါပဲ။

ဒါပေမယ့် လူသားနှစ်ယောက်ကတော့ ဟိုကထွက်၊ ဒီကဝင်နဲ့ တိုက်အိုတွေကြားထဲက လမ်းကျဉ်းကလေးတွေထဲမှာ အကြိမ်ရေပေါင်းများစွာ လွဲချော်ခဲ့ကြပါတယ်။ လမ်းဆုံလမ်းခွတွေဟာလည်း ထင်ထားတာထက် လူတွေကို ဆုံတွေ့စေဖို့ ခဲယဉ်းတတ်တာပဲ။ နောက်ဆုံးတော့ Raisy ဟာ ပြန်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ မပြန်ခင် သူဟာ Main ရင်ပြင်က ရေပန်း ခပ်သေးသေးလေးနားမှာ ပန်းပင်ပုကလေးတွေနဲ့အတူ ဝိုင်းပတ်ချထားတဲ့ ခုံတန်းလေးတွေထဲက တစ်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။ သိပ်လှတဲ့ နေရာလေးဖြစ်လို့ ခပ်စောစောလေး မပြန်ချင်ရုံပါပဲ။ တစ်ယောက်သော သူနဲ့ အတူသွားမယ်လို့ တစ်ချိန်က ပြောခဲ့ဖူးတဲ့ နေရာမျိုးလေး မဟုတ်လား။

ကြည့်ရတာ၊ အိပ်မက်တွေက သိပ်ဝေးကွာ ဈေးကြီးခဲ့ပုံပဲ။ သူဟာ မထိုက်မတန်စွာ မက်ခဲ့မိတာ ဖြစ်ရမယ်။

မနှုတ်ဆက်သွားတဲ့ လူနောက်ကို တုံးအစွာနဲ့ ပြေးလိုက်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ဂျိတ် သူ့ကို ထားသွားခဲ့တုန်းက သူဟာ ကားနောက်ကို ဧကန်အမှန် ပြေးလိုက်ခဲ့တယ်။ နောက်ဆုံးအချိန်ထိ နှုတ်မဆက်ဘူးလို့ ခေါင်းမာစွာနဲ့ အခန်းအောင်းနေခဲ့ပေမယ့် ဒီအချိန်မှာသာ မတွေ့လိုက်ရရင် ဘယ်အချိန်လောက်ထိတောင် ဝေးကွာသွားနိုင်မလဲ သူမသိဘူး။ တစ်သက်လုံးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် နောက်ဆုံးအချိန်ပိုင်းလေးမှာ သူဟာ တံခါးကို ဆွဲဖွင့်ရင်း လှေကားထစ်ပေါ်ကနေ မလှိမ့်ကျရုံတမယ် ပြေးဆင်းခဲ့တယ်။ ကပ်သီးလေး လွတ်ထွက်သွားတဲ့ ကားနောက်ကို ပြေးလိုက်ခဲ့ပါတယ်။ ဂျိတ် ကတော့ သိနိုင်ခဲ့မှာ မဟုတ်၊ သူ့နောက်ကို ချော်လဲကျတဲ့ အထိ ပြေးလိုက်ခဲ့တဲ့ မိန်းကလေးတစ်ယောက် ရှိနေခဲ့လိမ့်မယ်လို့။

ဒါတွေဟာ အတော်တော့ ကြာခဲ့ပါပြီး။ သူတို့ရဲ့ နောက်ဆုံးတွေ့နိုင်ခဲ့ခြင်းကလည်း ဖရိုဖရဲဖြစ်စွာနဲ့ ကောင်းမွန်စွာ တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခုဟာ မထိန်းချုပ်နိုင်ခဲ့တဲ့ အနမ်းတစ်ခုကြောင့် မွစာကြဲခဲ့ရတယ်။ တစ်ခါတစ်လေတော့လည်း သူသိပ်သိချင်တဲ့ အရာတစ်ခု ရှိပါတယ်။ တကယ်ပဲ ဂျိတ် ဟာ အဲ့တုန်းက လိုလားခဲ့ခြင်း မရှိဘူးလား။ တကယ်ပဲ သဘောမကျခဲ့ဘူးလား။ သူကတော့ အဆင်ပြေလောက်မယ် ထင်ခဲ့မိတာပါ။

အရောင်စုံတဲ့ တိုက်အိုကလေးတွေကို လှမ်းကြည့်ရင်း လက်ထဲက Take Away ယူလာတဲ့ ကော်ဖီခွက်ကလေးကို Raisy ဟာ အဖုံးဖွင့်လိုက်တယ်။ ခွက်ကလေးရဲ့ တစ်ဖက်တစ်ချက် လက်နှစ်ဖက်နဲ့ သေချာအုပ်ကိုင်ပြီး ခေါင်းကို ငုံ့လို့ တဖူးဖူးနဲ့ မှုတ်နေလိုက်ပါတယ်။

ရုတ်တရက် အောက်က မြင်ကွင်းထဲကို ရှူးဖိနပ် ထိပ်လေးတစ်ခုက ဝင်ရောက်လာတယ်။ ဖြတ်သွားဖြတ်လာ မဟုတ်ဘဲ အရှေ့မှာ သေချာရပ်နေတဲ့ ဖိနပ်ကလေးတစ်ခုကြောင့် ဝေဝါးစွာ မော့ကြည့်လိုက်မိတယ်။

အဲ့ခဏမှာပဲ အရာအားလုံးဟာ ရပ်တန့်သွားပါတော့တယ်။ တစ်လောကလုံးဟာ သူ့အတွက် ရပ်တန့်ခဲ့တယ်။ ဒီတစ်ခါတော့ Tubebuia အဝါရောင်ကလေးတွေ မဟုတ်တော့၊ ကောင်းကင်ပြာကြီးဟာ နောက်ခံပါတယ်။ တိမ်မျှင်စလေးတွေ ဖရိုဖရဲ ပြန့်ကြဲနေတဲ့ သိပ်သာယာတဲ့ ကောင်းကင်ပြာကြီး၊ အဲ့ကောင်းကင်ပြာကြီးကို နောက်ခံထားရင်း ထိုသူဟာ ရပ်နေခဲ့တယ်။

မပြုံးနေခဲ့ပေမယ့်၊ အရမ်းလည်း မတည်ဘူး။

ဆံပင်လေးတွေ လှန်တင်ထားတဲ့ မျက်နှာကလေးဟာ ကြီးပြင်းခန့်ညားလာခြင်းရဲ့ သက်သေပဲ ထင်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ကြာမြင့်စွာ အထက်အောက် ငေးကြည့်မိပြီးနောက်မှာပဲ ငုံ့ကြည့်နေတဲ့ သူ့ရဲ့ ခန့်ညားမှုကလေးဟာ အရင်ဆုံး လှုပ်ရှားလာတယ်။ မျက်ရည်စတွေ ချိတ်တွယ်နေတဲ့ မျက်လုံးကလေးတွေထဲမှာပဲ ရယ်မြူးခြင်း တစ်ပိုင်းတစ်စနဲ့အတူ ပြုံးလာပါတယ်။ တစ်ချိန်တည်း ပါးချိုင့်ကလေးတွေဟာ မြေနုဝါကလေးမှာ ပွင့်လန်းလာတယ်။

လှပစွာနဲ့ပါပဲ။

နာကျင်ခြင်း ပျော်ရွှင်ခြင်းတွေ အချိူးကျ ရောစပ်ထားတဲ့ မျက်လုံးတွေရယ်၊ ချိုမြိန်နူးညံ့တဲ့ အပြုံးတစ်ခုရယ်နဲ့အတူ ထိုသူဟာ သူ့ကို မယုံနိုင်စွာ မော့ငေးကြည့်နေတဲ့ သူ့ရဲ့ လောကငယ်ကလေးဆီ ပြောလာခဲ့ပါတယ်။

“လွမ်းနေခဲ့တာ”

ထိုမှသည် အရာအားလုံးဟာ ပြန်လည်လို့ ….

နှစ်ပေါင်းများစွာ ရှောင်ပြေးပုန်းနေတဲ့ ကံတရားရဲ့ ပြန်လည်တေ့ဆိုင်မှုနောက်မှာပဲ နှစ်တွေအကြာကြီး တိမ်မြုပ်နေခဲ့ရတဲ့ ချစ်ခြင်းတရား တစ်ခုဟာ ပြန်လည် အစပြုဖို့ ဖြစ်လာပါတယ်။

နည်းနည်းကလေး စောင့်ခဲ့ရပေမယ့် အဆုံးသတ်မှာ ရောက်လာခဲ့တာပဲ။

ကံကြမ္မာထဲက ကံကြမ္မာတစ်ခုပါပဲ။

ဆုံဆည်းမှုတွေထဲက ဆုံဆည်းမှုတစ်ခုပါပဲ။

ဒါကို သိရှိနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရရုံလေးပဲ။

ဒီထက်ပိုလို့တော့ သူတို့ မဝေးကွာနိုင်တော့။

နောက်နှစ် နွေဦးတွေမှာတော့ Tabebuia ပန်းဝါလေးတွေကို သူတို့ အတူ ကြည့်နိုင်လိမ့်မယ်…၊ ထင်ပါတယ်။

“နင် သိလား ဂျိတ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ငါ့ကို Tarot Café တစ်ခုမှာ အဘွားကြီးတစ်ယောက်က ပြောဖူးတယ်။ နင်နဲ့ ငါနဲ့က Twin Flame တွေတဲ့”

            “ဟုတ်လား … အဲ့ဒါဘာလဲ ငါ့ကို ရှင်းပြပါဦး”

#

- Extra Chapter –

တစ်ခုသော နွေဦး။ အတိအကျ ၂၀၂၂ နွေဦး။

တစ်ယောက်သော သူနဲ့ တွေ့ဆုံနိုင်ဖို့ အတွက် မျှော်လင့်အားကြီးခဲ့တဲ့ ကောင်မလေးတစ်ယောက်ဟာ ဘန်ကောက်မြို့ရဲ့ လမ်းမပေါ်မှာ ရောက်နေခဲ့ပါတယ်။ နွေဦးဖြစ်လို့ ရာသီချိန်းချက်မှုအရ အစွမ်းကုန် လှပနေတဲ့ Tabebuia ပန်းဝါလေးတွေနဲ့အတူ ဘန်ကောက်မြို့ရဲ့ လမ်းတွေဟာ လှပနေခဲ့တယ်။ ပန်းကြည့်ဖို့ အတွက် သက်သက် ထွက်လာကြတဲ့ လူတွေဟာလည်း များလှပါတယ်။ Tourist တွေလည်း အများအပြားပဲ။ Tabebuia ပန်းပွင့်ချိန်ဟာ ဘန်ကောက်မြို့ရဲ့ ခရီးသွားကျချိန်ပဲ မဟုတ်လား။

များပြားထူထဲလှတဲ့ လူအုပ်ထဲမှာ ကောင်မလေးဟာ တစ်ယောက်တည်း ရပ်နေခဲ့တယ်။ သူဟာ သည့်မတိုင်ခင်က အများကြီး မျှော်လင့်လာခဲ့ပါတယ်။ ပင်လုံးကျွတ် ခြွင်းချက်မရှိ အကြွင်းမဲ့ ပွင့်လန်းနေမှာဖြစ်တဲ့ ပန်းပင်ဝါဝါ ကလေးအောက်မှာ ရပ်နေမှာဖြစ်တဲ့ အသားဝါဝါလေးနဲ့ လူသားလေးတစ်ယောက်ကို တွေ့နိုင်ဖို့ အလို့ငှာ။

သူချစ်တဲ့လူဟာ ခပ်ဝါဝါ အသားရောင်လေးတစ်ခုကို ပိုင်ဆိုင်ထားပြီး၊ Tabebuia ပန်းဝါလေးတွေနဲ့ ယှဉ်တွဲလို့ ကြည့်ရင် သိပ်လိုက်ဖက်မှာပါပဲ။ အသားဝါလေးနဲ့ ပန်းဝါလေးတွေဟာ ဧကန်အမှန် လိုက်ဖက်ကြည့်ကောင်းလိမ့်မယ်။ နှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပန်းဝါဝါကလေးတွေ အစွမ်းကုန် ပွင့်နေတဲ့ အပင်လေးအောက်မှာ ရပ်စောင့်နေမဲ့ လူသားကလေးကို တွေ့ရဖို့အတွက် သူထပ်မစောင့်နိုင်ခဲ့ဘူး။ ဒီမြင်ကွင်းအတွက်ကို သူဟာ ပျော်ရွှင်ခြင်းအကုန် လောင်းကြေးထပ်ထားခဲ့တယ်။

တကယ်တမ်းမှာတော့ မျှော်နေခဲ့သူဟာ မရောက်လာခဲ့ပါ။ လှပစွာ ပွင့်နေတဲ့ Tabebuia ပန်းဝါလေးတွေကို ဘန်ကောက်မြို့ရဲ့ လမ်းမပေါ်မှာ သူတစ်ယောက်တည်းသာ ဝမ်းနည်းစွာနဲ့ ကြည့်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သူမသိခဲ့တာဟာ အဝေးတစ်နေရာကနေ သူနဲ့အတူ ကြည့်ဖြစ်နေမှာဖြစ်တဲ့ ကောင်ကလေးတစ်ယောက် ရှိလိမ့်မယ် ဆိုတာပါပဲ။ ထိုကောင်ကလေးကလည်း သူ့နည်းတူ ပြွတ်သိပ်စွာ ပွင့်နေတဲ့ Tabebuia ပန်းဝါကလေးတွေကို တစ်ချိန်ထဲမှာ ကြည့်နေခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လမ်းပေါ်မှာတော့ မဟုတ်ခဲ့။

မြန်မာနိုင်ငံ၊ မန္တလေးမြို့ရဲ့ ကျုံးဘေးနားလေးမှာပါပဲ။

ထို့နည်းတူစွာ ပွင့်လန်းနေခဲ့တဲ့ Tabebuia ပန်းဝါကလေးတွေဟာ ကျုံးဘေးနားမှာလည်း လှပစွာ ရှိနေခဲ့ပါတယ်။

ညွတ်ကျစွာနဲ့ အစွမ်းကုန်ပွင့်လန်းရင်း … တစ်ချိန်တည်း လှပနေခဲ့တဲ့ ပန်းဝါကလေးတွေကို အပြန်လှန် လွမ်းဆွတ်နေခဲ့ကြတဲ့ လူသားနှစ်ဦးဟာ မတူညီတဲ့ အရပ်ဒေသနှစ်ခုကနေ အတူတကွ ကြည့်ခဲ့ကြပါတယ်။

တစ်ခုသော နွေဦးမှာ ……။

ပြီးတဲ့နောက် သူတို့ဟာ အပြန်အလှန် ပြောပြဖြစ်ခဲ့ကြလိမ့်မယ်။

သူတို့ချင်း ထားခဲ့ဖူးတဲ့ ကတိတစ်ခုအကြောင်းကို … Tabebuia ပန်းကလေးတွေဆီ ပြောပြဖြစ်ခဲ့ကြပါလိမ့်မယ်။

- End –

မိုးငယ်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

LTY_MoeNge




Some text some message..