
(၁)
"မုဆိုးတစ်ယောက်ရဲ့လက်နက်က သေနတ်မဟုတ်ဘူးငါ့သား၊ မုဆိုးတစ်ယောက်ရဲ့ တကယ့်လက်နက်ဆိုတာ ဟောဒီတောအုပ်ကြီးပဲ"
ဖခင်ဖြစ်သူ ဦးစောထီး၏ စကားများကိုပြန်လည်ကြားယောင်ရင်း ဒီးဒီးတစ်ယောက် တောအုပ်အတွင်းပြေးလွှားနေမိသည်။ သူ့အနောက်မှ ဖိုးခွားကြီးဦးဆောင်သည့် လက်နက်ကိုင်ငါးယောက်က အတင်းပြေးလိုက်လာကြသည်။ သို့သော် တောအုပ်အတွင်းတွင် မုဆိုးတစ်ယောက်၏ ခြေလှမ်းက သာမန်လူတစ်ယောက်၏ ခြေလှမ်းထက် ပိုပြီးမြန်ဆန်လေရာ တောအုပ်ထဲရောက်ပြီး မကြာခင်မှာပင် လက်နက်ကိုင်များက ဒီးဒီးအား မျက်ခြေပြတ်သွားကြလေသည်။
"တောက်၊ ဒီကောင်ဘယ်ရောက်သွားတာလဲ"
ဖိုးခွားကြီးမှာ ဒေါသထွက်ထွက်နှင့် သေနတ်ကိုမိုးပေါင်ထောင်လျက် အတွဲလိုက်ပစ် ဖောက်လိုက်လေရာ တောအုပ်တစ်ခုလုံး သေနတ်သံများက ဖုံးလွှမ်းသွားလေသည်။ တောအုပ်အတွင်းကျက်စားနေကြသည့် ကျေးငှက်များနှင့် တောကောင်များမှာ သေနတ်သံများကြောင့် ပြေးလွှားကုန်ကြလေသည်။
"မင်းတို့တွေ ဆက်ပြီးလိုက်ကြည့်ထားကြ၊ ငါရွာထဲကိုပြန်ပြီး အခြေအနေပြန်ကြည့်ဦးမယ်၊ ဒီကောင့်ကိုတွေ့တာနဲ့ တွေ့တဲ့နေရာတင် ပစ်သတ်ခဲ့စမ်းကွာ"
ဖိုးခွားကြီးက တောအုပ်အတွင်းမှ ပြန်လည်ထွက်ခွာသွားလေသည်။ သေနတ်သမားလေးဦးသာ တောနက်ထဲတွင်ကျန်နေခဲ့သည်။
"ဘိုပိနဲ့ရိုနဲက နှစ်ယောက်တွဲပြီး အရှေ့ဘက်ကိုသွားကြ၊ ကျုပ်က ဒီကောင့်ကိုဆက်လိုက်မယ် အသဲကတော့ ဒီမှာစောင့်နေခဲ့၊ ကျုပ်တို့ ညနေမစောင်းခင် ဒီမှာပြန်ဆုံကြမယ်"
သေနတ်သမားများအနက် တောကျော်ဟုခေါ်သည့် သေနတ်သမားတစ်ယောက်က ပြောလိုက်ရာ ကျန်သည့်သူများမှာ ခေါင်းညိတ်လိုက်သည်။ ဘိုပိဆိုသည့်လူက အရပ်ခပ်ပုပု၊ ဗလကောင်းကောင်း၊ ဂင်တိုတိုနှင့်ဖြစ်ပြီး အတွဲလိုက်ပစ်ခတ်နိုင်သည့် စက်သေနတ်တစ်လက်ကို ကိုင်ဆွဲထားသည်။
"မင်းတစ်ယောက်တည်း ဖြစ်ပါ့မလားတောကျော်ရ"
ထိုအခါ တောကျော်ဆိုသည့်သူက ပြုံးလိုက်လေသည်။ တောကျော်က တောလိုက်ရာတွင်ဆောင်းသည့် ဦးထုပ်တစ်လုံးကိုဆောင်းထားပြီး ပိန်ပိန်ပါးပါးနှင့်ဖြစ်သည်။ သူကတော့ အဝေးကြည့်စကုပ်တပ်ဆင်ထားသည့် စနိုက်ပါရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်စွဲထားသည်။
"စိတ်ချစမ်းပါ ဘိုပိရာ၊ ကျုပ်နာမည်တောကျော်ပါဗျ၊ စခန်းမှာ ဘိုပိတို့စားဖို့ တောကောင်တွေကိုကျုပ်ပဲလိုက်ပေးခဲ့တာမဟုတ်ဘူးလား၊ တောဆိုရင် ကျုပ်က ကျွမ်းပြီးသားဗျ"
ဘိုပိလည်း ခေါင်းညိတ်လိုက်ပြီး မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက် ကိုင်ဆောင်ထားသည့် ရိုနဲကို အဖော်ခေါ်ကာ အရှေ့ဘက်တောအုပ်သို့ ထွက်ခဲ့သည်။ တောကျော်ကလည်း သူ့အမဲလိုက်စနိုက်ပါရိုင်ဖယ်ကို ကျည်စစ်ပြီးသည့်နောက် အသဲအား နှုတ်ဆက်လေသည်။
"မင်းကတော့ အသက်အငယ်ဆုံး၊ အတွေ့အကြုံအနုဆုံးဆိုရင်တော့ ဒီမှာပဲစောင့်နေကွာ၊ ငါတို့ ဒီကောင့်ကို ရရမရရ ညနေမစောင်းခင် ပြန်လာခဲ့မယ်"
အသဲကခေါင်းညိတ်လိုက်သည်။ အသဲမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့်ဖြစ်ပြီး မောင်းပြန်ရိုင်ဖယ်တစ်လက်ကို ကိုင်ဆွဲထားသည်။ တောကျော်ထွက်သွားသည့်အခါ အနီးအနားတွင်ရှိသည့် သစ်ငုတ်တိုကြီးကို မှီလိုက်ကာ ထိုင်ချလိုက်သည်။ တောအုပ်တစ်ခုလုံးက လေတိုက်သံများ၊ သစ်ရွက်လှုပ်ခတ်သံများနှင့် ဆူညံလျက်ရှိသည်။ အသဲက ရေဘူးအတွင်းမှ ရေကိုထုတ်သောက်လိုက်သည့်အခါ ရေက ကုန်ခမ်းနေလေသည်။
"ရေကလည်းမရှိဘူးကွာ၊ ရေဆာပါတယ်ဆိုနေမှ . . ."
အသဲက နားစွင့်ထောင်လိုက်သည့်အခါ စမ်းချောင်းစီးဆင်းသံတစ်ခုကိုကြားလိုက်ရသည်။ ရေကလည်းဆာနေပြီမို့ မထူးတော့၊ စမ်းချောင်းသို့ခဏဆင်းပြီး ရေဆင်းခပ်မည်ဟုတွေးလိုက်ကာ အသဲက သေနတ်ကိုအသင့်ပြင်လျက် စမ်းချောင်းကလေးဆီသို့ ဆင်းလာခဲ့လေသည်။
စမ်းချောင်းအနီးတွင်တော့ သစ်ပင်များရှင်းလင်းနေပြီး ခါးစောင်းခန့်အမြင့်ရှိသည့် မြက်ရိုင်းများက တောထနေလေသည်။ စမ်းချောင်းနံဘေးတွင် ကျောက်တုံးကြီးများ၊ ကျောက်ဆိုင်ကျောက်သားများရှိသည်။ အသဲလည်း ရေဘူးကိုဖွင့်လိုက်ပြီး အနီးအပါးသို့တစ်ချက်ဝေ့ကြည့်လိုက်သည်။ တောအုပ်ကြီးက တိတ်ဆိတ်လွန်းနေသည်မို့ အသဲက သေနတ်ကိုချလိုက်ပြီး ရေဘူးအဖုံးဖွင့်ကာ စမ်းချောင်းရေကြည်အေးအေးကို ဘူးဖြင့်ခံနေလိုက်သည်။
"ချွတ် . . . ချွတ်"
ထိုစဉ် သူ့နံဘေးမှ ချုံတိုးသံကိုကြားလိုက်ရပြီး ချုံအတွင်းမှ လူတစ်ယောက်က ဘွားခနဲပေါ်လာလေသည်။ အသဲက သူ့နံဘေးနားတွင်ချထားသည့် သေနတ်ကိုလှမ်းယူရန်ကြိုးစားလိုက်သော်လည်း သူလက်နှေးသွားခဲ့သည်။ ဒီးဒီးက အသဲ၏ သေနတ်အား ကောက်ကိုင်ယူကာ အသဲကိုထိုးချိန်လိုက်သည်။ ထို့နောက် အချိန်မဆိုင်းတော့ဘဲ သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်သည်။
"ချောက် . . . ချောက် . . ."
ဒီးဒီး ကိုယ့်မျက်လုံးကိုပင် မယုံနိုင်တော့ပေ၊ မောင်းပြန်ရိုင်ဖယ်မှာ ခလုပ်အချက်ပေါင်းများစွာ နှိပ်နေသည့်တိုင် ကျည်ဆန်မထွက်ပေ၊ အသဲက ဒီးဒီးသေနတ်မှ ကျည်မထွက်သည်ကို သိလိုက်သည်နှင့် ခါးမှ ဓါးမြှောင်ကိုဖြုတ်လိုက်ကာ ဒီးဒီးထံကို ခုန်ဝင်လိုက်သည်။ ဒီးဒီးကလည်း ကြောင်အမ်းနေသဖြင့် အသဲက ဒီးဒီးကိုအုပ်မိသွားပြီး ချောင်းစပ်အတွင်းသို့ နှစ်ယောက်သား လိမ့်ကျသွားလေသည်။
ချောင်းစပ်တွင် ရေကဒူးလောက်ရှိသည်။ အသဲက ဒီးဒီးအား ဓါးမြှောင်ဖြင့်အတင်းထိုးနှက်သော်လည်း ရေအားကခံပြီး ဒီးဒီးကလည်း ရုန်းကန်နေသဖြင့် ဒီးဒီး၏ ချက်ကောင်းနေရာများကို မထိုးမိဘဲ လက်မောင်းနှင့် လက်ဖျံများကိုသာ ရှပ်ထိုးမိသည်။
ဒီးဒီးကလည်း ရေအောက်တွင်လူးလှိမ့်နေရင်း အသဲ၏ ခြေထောက်ကို သူ့ခြေထောက်များနှင့် ခွကာ ဆွဲလှဲလိုက်လေရာ အသဲမှာ လဲပြိုသွားလေသည်။ ဒီးဒီးက လူးလဲထလိုက်သလို အသဲကလည်း အမြန်ကုန်းထပြီး ဓါးမြှောင်ကိုအသင့်ပြင်ထားလေသည်။
"ဟား . . . ဟား၊ မင်းတော်တော်တုံးတဲ့ကောင်ပဲကွာ၊ သေနတ်ကိုတောင် ဆေ့မဖြုတ်တတ်ပဲနဲ့ သူများကိုပစ်ချင်သေးတယ်တဲ့လား"
အသဲက ကြိမ်းဝါးလိုက်ပြီး ဒီးဒီးထံသို့ပြေးဝင်လာလေသည်။ ထို့နောက် ဒီးဒီးအား သူ၏ဓါးဖြင့်မိုးကာ ခုတ်ထည့်လိုက်သည်။ ဒီးဒီးလည်း သူ့လက်ထဲမှ သေနတ်ဖြင့် အသဲ၏ ဓါးထိုးချက်ကို အမြန်ကာကွယ်ထားလိုက်ရသည်။ ကံကောင်းချင်တော့ အသဲ၏ဓါးသွားမှာ သေနတ်၏ ကျည်ကတ်နှင့် မောင်းခလုပ်ကွင်းအကြားတွင် ညပ်နေလေရာ အသဲက ဓါးကိုပြန်ဆွဲထုတ်မရဘဲဖြစ်နေသည်။ ဒီးဒီးက ထိုအခွင့်ကောင်းကိုယူပြီး သေနတ်ကိုဆွဲလှည့်ထည့်လိုက်ရာ အသဲလက်မှ ဓါးမြှောင်မှာ လွတ်ထွက်သွားလေသည်။ လက်လွှတ်ဖြစ်သွားသည့် အသဲကို ဒီးဒီးက လက်သီးဖြင့် လေးငါးချက်ခန့်ဆင့်ထိုးပြီးသည့်နောက် အသဲအားလည်ပင်းမှချုပ်ကိုင်လိုက်ပြီး စမ်းချောင်းရေထဲသို့နှစ်ချလိုက်သည်။ အသဲမှာ စမ်းချောင်းရေထဲတွင် ရုန်းကန်လှုပ်ရှားနေသေးသည်။ ဒီးဒီးလည်း ဒေါသတကြီးဖြင့် အချိန်အတော်ကြာသည်အထိ အသဲကိုရေနှစ်ထားရာ နောက်ဆုံး ဆယ့်ငါးမိနစ်ခန့်ကြာတော့မှ သတိရပြီး ပြန်လွှတ်လိုက်လေသည်။ အသဲမှာ လှုပ်ရှားမှုမရှိတော့ဘဲ စမ်းချောင်းရေအောက်သို့ မှောက်ခုံကြီး နစ်မြုပ်သွားလေသည်။
"တစ်ကောင်တော့ ကြွသွားပြီ၊ ကျန်တဲ့ကောင်တွေ ငါနဲ့တွေ့ကြသေးတာပေါ့ကွာ"
(၂)
ဖိုးခွားကြီးက သေနတ်ကိုင်ပြီး ရွာထဲသို့ပြေးဝင်လာခဲ့သည်။ လက်ဝှေ့ကြိုးဝိုင်းအနီးတွင် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေသည့် ကြက်ပုကိုတွေ့လိုက်ရလေသည်။
"ဟေ့ကောင်၊ ဟေ့ကောင်"
ကြက်ပုအား လှုပ်နိုးသော်လည်း ကြက်ပုမှာ ငြိမ်သက်နေလေရာ ဖိုးခွားကြီးက တောက်တစ်ချက်ခေါက်ပြီး
"ဒီးဒီး . . . မင်းကို . . မင်းကိုငါသတ်မယ်"
ထို့နောက် သူတို့အိမ်သို့ပြေးလာခဲ့လေသည်။ သူတို့အိမ်တွင် လူများစည်ကားနေလေသည်။ ဖိုးခွားကြီး သေနတ်ကြီးကိုင်ပြီး အိမ်ထဲပြေးဝင်လာသဖြင့် လူတစ်ချို့က နေရာဖယ်ပေးလိုက်ကြသည်။ ခြေတံရှည်အိမ်မို့ လှေကားထစ်များအတိုင်းတက်လာပြီး အိမ်ပေါ်ရောက်သည်နှင့် ညီဖြစ်သူ ဖိုးခွားလေးက ဆန့်ဆန့်ကြီးဖြစ်နေသည်။
"ညီလေး၊ ညီလေး . . ."
ဖိုးခွားကြီးက ခေါ်လိုက်သည့်အခါ ဖိုးခွားလေးက မျက်လုံးဖွင့်ကြည့်သည်။ ဖိုးခွားလေးမှာ ဒီးဒီးလက်သီးချက်ကြောင့် မေးရိုးကြိုးသွားပြီး ပါးစပ်က ပုံပျက်နေသည်။ အောက်နှုတ်ခမ်းအနားရှိ သွားများမှာလည်း အကုန်ကျိုးထွက်နေပြီး သွားဖုံးများသာကျန်နေခဲ့လေသည်။ ဖိုးခွားလေးမှာ စကားပင်ပီအောင်မပြောနိုင်ပေ။
"အအိုကြီး . . .ဒီး . . ဒီး . . ."
ဖိုးခွားလေးက ထိုသို့ပြောလျက် မျက်ရည်များစီးကျလာသည့်အခါ ဖိုးခွားကြီးက ညီဖြစ်သူ၏လက်ကိုကိုင်ဆွဲလိုက်ပြီး
"ငါ့ညီဘာမှမပူနဲ့၊ ဒီကောင့်ကို ငါရအောင်ဖမ်းမယ်၊ ဒီကောင့်ကို မင်းရဲ့လက်နဲ့ မင်းကိုယ်တိုင်သတ်စမ်းကွာ"
ဖိုးခွားကြီးက သေနတ်ကိုကောက်လျက် အိမ်ပေါ်မှပြေးဆင်းလာခဲ့သည်။ သူပြေးထွက်လာသည့်နေရာကတော့ သူတို့ရွာအပြင်ဘက်ရှိ တောအုပ်အတွင်းသို့ဖြစ်သည်။
တောအုပ်ထဲရောက်သည့်အခါ သူ့လူများကို မတွေ့ရတော့ပေ။
"တောက်၊ ဒီကောင်တွေ ဘယ်သွားကုန်ကြတာလဲ"
ဖိုးခွားကြီးက ရေရွတ်လိုက်ပြီး အနီးအပါးသို့လှည့်ပတ်ကြသည့်သည့်အခါ ခြေရာတစ်ခုက စမ်းချောင်းဆီသို့ဆင်းသွားသည်ကိုတွေ့လိုက်ရသဖြင့် ဖိုးခွားကြီးက စမ်းချောင်းဆီသို့အပြေးလိုက်လာခဲ့သည်။ စမ်းချောင်းအနီးသို့ရောက်သည့်အချိန်တွင် စမ်းချောင်းတစ်နေရာတွင် သေနတ်တစ်လက်နှင့် ရေဘူးတစ်ခုကျနေသည်ကိုမြင်တွေ့လိုက်ရသည်။ ဖိုးခွားကြီးက သေနတ်ကိုကောက်ကြည့်လိုက်ပြီး
"ဒါ အသဲရဲ့သေနတ်ပဲ၊ ရေဘူးကလည်း သူ့ဟာနေမှာ၊ ဒီကောင်ဘယ်သွားတာလဲ"
စမ်းချောင်းရိုးအတိုင်း တောက်လျှောက်လိုက်ကြည့်မိစဉ် စမ်းချောင်းကြမ်းပြင်တစ်နေရာတွင် ငြိမ်သက်စွာလဲလျှောင်းနေသည့် လူတစ်ဦးကိုတွေ့လိုက်ရသည်။ ဖိုးခွားကြီး စိတ်ပူသွားပြီး ထိုနေရာသို့ပြေးသွားလိုက်ကာ ထိုသူအားဆွဲတင်လိုက်သည်။ အစိမ်းရောင် ပျောက်ကြားဝတ်စုံကို ဝတ်ဆင်ထားသည့် အသဲကိုတွေ့လိုက်ရသည်။ အသဲမှာ ရေနစ်ထားသဖြင့် အသားတွေဖြူဖွေးနေကာ အေးစက်နေလေသည်။
"တောက် . . . အသဲ၊ မင်းဘယ်လိုဖြစ်ရတာလဲကွာ"
ဖိုးခွားကြီးက စိတ်နာနာဖြင့်အော်ဟစ်လိုက်ရာ သူ့အော်သံကြီးက တောအုပ်အတွင်းဆူညံစွာထွက်ပေါ်လာလေသည်။
ဒီးဒီးက တောအတွင်းပြေးလွှားနေရင်း တစ်နေရာအရောက်တွင် ရပ်တန့်လိုက်ပြီးပတ်ဝန်းကျင်အခြေအနေကိုကြည့်လိုက်သည်။ ထို့နောက် အသဲထံမှ ရလာသော ဓါးမြှောင်ဖြင့် ဝါးပင်တစ်ပင်ကိုခုတ်လိုက်လေသည်။ အသဲ၏ဓါးမှာ တစ်ပေခန့်ရှိပြီး တောတိုးရာတွင် အသုံးပြုနိုင်သည့် တောရှင်းဓါးမတစ်ချောင်းဖြစ်သည်။ ဝါးခုတ်နေရင်း တစ်ချိန်က ဖခင်ဖြစ်သူသင်ကြားပေးခဲ့သည့် အရာများမှာ အတွေးထဲရောက်လာပြန်သည်။
"အပါး၊ ဒီနေ့တော့ အမဲလိုက်ထွက်မယ်ဆိုပြီး သေနတ်လည်းယူမလာပါလား"
"အေးလေကွာ၊ ဒီနေ့တော့ သေနတ်မလိုဘူး၊ ထောင်ချောက်နဲ့ထောင်ပြီးဖမ်းမယ်"
ဦးစောထီးက ဒီးဒီးကိုဦးဆောင်သွားပြီး ဝါးရုံပင်တစ်ခုအနီးသို့လာခဲ့သည်။ ထိုဝါးရုံပင်ရှိ ဝါးတစ်ချောင်းကို ခုတ်လိုက်ပြီး ဝါးပင်အလယ်လောက်မှ ဝါးလုံးတစ်ခုကိုဖြတ်လိုက်လေသည်၊ ထိုဝါးလုံးထိပ်ဖျားနားတွင်တော့ သေးငယ်သည့် ဝါးချွန်များကို တစ်တောင်ခန့်အရှည်ပြုလုပ်ထားကာ ဝါးလုံးရှည်ထိပ်တွင် တပ်ဆင်ထားလိုက်သည်။
ထိုဝါးလုံးကို ဝါးရုံကြားတွင် ထိုးစိုက်လိုက်ပြီးနောက် သားအဖနှစ်ယောက် ဝါးလုံးကို အားဖြင့်ကွေးကောက်ထားလိုက်ကြသည်။ ဝါးလုံးထိပ်တွင် ကြိုးချည်ပြီး ထိုကြိုးအား ခလုပ်တိုက်နိုင်ရန်အတွက် သေချာရည်ရွယ်ဆောင်ရွက်ထားကာ ထိုကြိုးအား မမြင်နိုင်အောင် သစ်ရွက်များ၊ မြက်ပင်များဖြင့် ဖုံးထားလေသည်။
"အပါးဟာက ရပါ့မလား"
"အောင်မယ် ဟိုအရင်ကဆို ဒီနည်းနဲ့ ဆတ်တို့၊ ပြောင်တို့တောင် ဖမ်းခဲ့ကြတာကွ၊ ဒီကွေးထားတဲ့ ဝါးလုံးအားကို လျှော့မတွက်နဲ့သားရေ၊ တကယ့်သားကောင်ကြီးတွေတောင် ဒီဝါးလုံးနဲ့ခတ်မိရင် ဖင်ထိုင်လဲကျသတဲ့"
ထို့နောက် ထိုကြိုးတန်းတားထားသည့်နေရာအနီးတွင် ပြေးလမ်းကလေးတစ်ခုလုပ်ထားကာ ထိုလမ်းနံဘေးတွင်တော့ သစ်ကိုင်းသစ်ခက်များ၊ ဝါးအခက်အလက်များကို ခုတ်ထွင်ပြီး ကာရံထားလေသည်။ ထိုမှသာ သားကောင်မှာ ထိုပြေးလမ်းအတိုင်းပြေးရင်း ထောင်ချောက်ခလုပ်ကြိုးကို ဖြတ်မိမည်ဖြစ်သည်။
"ရပြီငါ့သား၊ ကဲ အခုတော့ တစ်ကောင်ကောင်ကို မောင်းသွင်းရအောင်ဟေ့"
တောင်ကြောအပေါ်ဘက်သို့ သားအဖနှစ်ယောက် တက်ရှာကြရာ ဝက်ရိုင်းသုံးလေးကောင်ကိုတွေ့ရသည်။ ဝက်ရိုင်းမှာ တောဝက်နှင့်မတူပေ၊ အိမ်မွေးဝက်များမှာ အရိုင်းစိတ်ဝင်ပြီး တောအုပ်အတွင်းထွက်ပြေးသွားကြရာမှ ဝက်ရိုင်းများဖြစ်သွားကြသည်။ သို့သော် တောအုပ်အတွင်းနေထိုင်ရသည်မို့ အကောင်သိပ်မကြီးသော်လည်း တောဝက်များထက်တော့ အသားဆူလေသည်။
ဝက်ရိုင်းများကို မောင်းထုတ်လိုက်သည့်အခါ ဝက်ရိုင်းများမှာ တောင်ကုန်းအတိုင်းဆင်းပြေးလေသည်။ ဒီးဒီးနှင့် ဦးစောထီးလည်း ဝက်ရိုင်းတစ်ကောင်ကို သူတို့ထောင်ထားသည့် ထောင်ချောက်အတွင်းသို့ ဝင်စေရန်အတွက် မောင်းနှင်ပေးရသည်။ ဝက်ရိုင်းမှာ ပြေးရင်းပြေးရင်းသူတို့ထောင်ထားသည့် နေရာသို့ရောက်ကာ ဝါးရုံကြားမှဖြတ်ပြေးလေသည်။ ဝက်ရိုင်းခြေထောက်က ကြိုးကိုခလုပ်တိုက်မိသည့်အခါ ကြိုးခလုပ်ပြုတ်ပြီး ကွေးထားသည့် ဝါးတံကြီးမှာ အားဖြင့်ပြန်ထောင်မတ်သွားကာ ပြေးလာသည့် ဝက်ရိုင်း၏ ဦးခေါင်းတည့်တည့်ကို စိုက်ဝင်သွားလေသည်။
ဝက်ရိုင်းကြီးမှာ တဆတ်ဆတ်တုန်ခါနေသည်။ တစ်တောင်ခန့်ရှည်လျားသည့် ဝါးချွန်များက ဝက်ကြီး၏ ခေါင်းကိုဖောက်ဝင်နေလေသည်။ ဒီးဒီးနှင့် ဦးစောထီးတို့လည်း အသင့်ပြုလုပ်ထားသည့် ဝါးချွန်များဖြင့် ဝက်ကြီးအား ဝိုင်းဝန်းထိုးနှက်ကာ သတ်ပေးလိုက်တော့မှ ဝက်ကြီးက ငြိမ်ကျသွားတော့သည်။
ယခုလည်း ထိုနည်းအတိုင်း ဒီးဒီးက ဝါးချွန်များပြုလုပ်ပြီး လူတစ်ယောက်၏ ရင်ဘတ်ပိုင်းခန့် တိုင်းညှိလိုက်ကာ ထောင်ချောက်ကိုထောင်ထားလိုက်သည်။ ထောင်ချောက်တော့ ပြီးသွားပြီမို့ မောင်းသွင်းရန်သာ လိုတော့သည်။
ဘိုပိနှင့် ရိုနဲက တောတိုးလာကြသည်။ ထိုစဉ် အနီရောင်အရိပ်တစ်ခုကို ရိပ်ခဲမြင်တွေ့လိုက်ရသဖြင့် ဘိုပိက ရပ်တန့်သွားသည်။
"ရိုနဲ မင်းမြင်လိုက်လား"
ဘိုပိက လေသံလေးဖြင့်ပြောသည့်အခါ ရိုနဲက ခေါင်းညိတ်လိုက်သည်။ သေနတ်ကိုအသင့်ပြင်ဆင်လိုက်ပြီး ဆက်ကြည့်နေစဉ် ဝါးရုံနောက်မှ လူတစ်ယောက်ထွက်လာလေသည်။ ထိုလူမှာ ဒီးဒီးပင်ဖြစ်သည်။ ဘိုပိကလက်မြန်သည်။ ဒီးဒီးအားတွေ့လိုက်သည်နှင့် စက်သေနတ်နှင့်အတွဲလိုက်ပစ်ခတ်လိုက်သည်။ ဒီးဒီးကလည်း ဝါးရုံအနောက်သို့ဝင်ပြေးသွားလေသည်။
" လိုက်ဟေ့၊ ဒီကောင့်နောက် လိုက်ဟ"
ရိုနဲနှင့် ဘိုပိမှာ ဝါးရုံတောကြီးဆီသို့အပြေးတစ်ပိုင်းနှင့် ပြေးလာခဲ့သည်။ ဒီးဒီးက သူတို့နှင့်လက်တစ်ကမ်းတွင်ပင်ရှိနေသည်။ ဝါးရုံနှစ်ခုကြားထဲသို့ ပြေးဝင်သွားလေရာ ရိုနဲက လျှင်မြန်စွာပင် အနောက်မှပြေးလိုက်သည်။ ရိုနဲဝါးရုံပင်နှစ်ခုကြားသို့ရောက်ချိန်တွင် ခြေထောက်တွင် တင်းခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ ရိုနဲငုံ့ကြည့်သည့်အခါ နွယ်ကြိုးတစ်ချောင်းပြုတ်ထွက်သွားသည်ကိုမြင်လိုက်ရသည်။ ရိုနဲမျက်လုံးများပြူးသွားချိန်တွင် ကွေးညွှတ်ထားသည့် ဝါးလုံးကြီးက သူ့ထံသို့ပြေးဝင်လာပြီး တစ်တောင်ခန့်ရှိသည့် ဝါးချွန်များက သူ့ရင်ဘတ်ကို ထိုးဖောက်ကာ စိုက်ဝင်သွားလေသည်။
"အား . . ."
ရိုနဲမှာ အော်ဟစ်လိုက်လေသည်။ ဘိုပိလည်း သေနတ်ကြီးကိုင်ပြီး ရိုနဲဆီသို့ရောက်လာခဲ့သည်။
"ဟာ . . ."
ဘိုပိအလွန်အံ့ဩသွားမိသည်။ ရိုနဲ၏ ရင်ဘတ်ကို ဝါးချွန်များက စိုက်ဝင်နေပြီး ကျောဘက်မှပြန်ပြီး ပေါက်ထွက်နေလေသည်။
"ဘိုပိ၊ ကျုပ်၊ ကျုပ်ကိုကယ်ပါအုံး"
ဘိုပိက လက်ထဲမှ သေနတ်ကိုပစ်ချလိုက်ပြီး ရိုနဲဆီသို့ပြေးသွားလိုက်သည်။ ရိုနဲရင်ဘတ်မှ သွေးတွေမြင်မကောင်းအောင် စီးကျနေလေသည်။
"ကျုပ်ကို ဖြုတ်ပေးစမ်းပါ ဘိုပိရာ . . . အဟွတ် . . အဟွတ်"
ဘိုပိက ရိုနဲကိုကြည့်ပြီးခေါင်းခါလိုက်သည်။ ဝါးချွန်သုံးခုက ရင်ဘတ်ကိုထုတ်ချင်းခတ်ကာ ဖောက်ဝင်နေလေရာ ရိုနဲမှာ တန်းလန်းကြီးဖြစ်နေသည်။ ဘိုပိက ရိုနဲရင်ဘတ်မှ အနောက်သို့အားဖြင့်မနည်းတွန်းထုတ်လိုက်ရသည်။ ရိုနဲ ထောင်ချောက်မှကျွတ်သွားသည့်အခါ ရင်ဘတ်တွင် အပေါက်ကြီးသုံးပေါက်ဖြစ်နေပြီး သွေးများက ဒရဟောပန်းထွက်နေသည်။ ဘိုပိကြည့်နေရင်းပင် ရိုနဲ၏ မျက်နှာများမှာ ဖြူဖပ်လာလေသည်။
"ဘိုပိ . . ဘိုပိ . . ကျုပ် . . ကျုပ်"
ရိုနဲပြောနေရင်းပင် ဘိုပိပါးစပ်အတွင်းမှ ဝါးချွန်ကြီးတစ်ခုတိုးထွက်လာလေသည်။ ရိုနဲအံ့ဩနေစဉ် ဘိုပိမှာငူငူကြီးငြိမ်သက်နေသည်။ ဘိုပိ၏ အနောက်တွင်တော့ ဝါးချွန်တစ်လုံးကိုင်ထားသည့် ဒီးဒီးကိုတွေ့လိုက်ရသည်။ ဒီးဒီးမျက်နှာက တင်းမာနေပြီး အံကိုကြိတ်ထားသည်။ ဝါးချွန်ကို ဘိုပိ၏ နောက်စေ့အတွင်းသို့ ထိုးသွင်းလိုက်သဖြင့် ဝါးချွန်ထိပ်ဖျားမှာ ပါးစပ်အတွင်းမှ ပြန်လည်ထွက်လာရခြင်းဖြစ်သည်။ ဘိုပိ၏ ကျောကုန်းကို ဒီးဒီးက ကန်ထည့်လိုက်ရာ ဘိုပိမှာ မှောက်ခုံကြီးလဲကျသွားပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေသည်။ ရိုနဲမျက်လုံးများကလည်း ပြာဝေလာလေသည်။
ဒီးဒီးက ရိုနယ်အနီးတွင်ရပ်လိုက်ပြီး ရိုနဲကိုငုံ့ကြည့်လိုက်သည်။ ထို့နောက် သူကိုင်ထားသည့် ဝါးချွန်ဖြင့်ပင် ရိုနဲ၏ မျက်လုံးနှစ်လုံးကြားသို့ အားဖြင့်စိုက်ပြီးထိုးချလိုက်လေသည်။ ရိုနဲမှာ အော်ပင်မအော်နိုင်ဘဲ တွန့်လိမ်ပြီးသေဆုံးသွားလေသည်။ ဒီးဒီးက အံကိုကြိတ်ထားရင်း
"အခုလို ဝါးချွန်နဲ့ပဲ အဆုံးသတ်ပေးလိုက်ရတာပေါ့ကွာ"
သေနတ်ပစ်ခတ်သံများကြားသဖြင့် ဖိုးခွားကြီးက အသံကြားရာသို့ အတင်းပြေးလာခဲ့သည်။ ဝါးရုံတောအနီးတွင် နောက်စေ့ပွင့်ကာ မှောက်ခုံကြီးသေဆုံးနေသည့် ဘိုပိအလောင်းကိုတွေ့ရသည်။
"ဘိုပိ၊ ဟေ့ကောင်"
ဘိုပိမှာ မျက်စိဖွင့်လျက်သားကြီးဖြင့်ပင် သေဆုံးနေလေသည်။ လက်နက်များရော ကျည်ဆန်များပါ အကောင်းအတိုင်းဖြစ်သည်။ ဖိုးခွားကြီးမှာ သူ့လူများတဖြုတ်ဖြုတ်သေနေသဖြင့် အလွန်ဒေါသထွက်နေပြီဖြစ်သည်။
(၃)
ဒီးဒီးမှာ ပြေးရင်းလွှားရင်း ကျားခေါင်းတောင်ကြီးအနီးသို့ရောက်လာခဲ့သည်။ တောကျော်မှာလည်း ဒီးဒီး၏ ခြေရာများကို လမ်းသွားရင်းတွေ့သွာaးလသည်။ ဖိနပ်မပါဘဲ ပြေးလွှားနေသည့် ခြေရာများက ရွံ့ဗွက်တွင် ထင်လျှက်ကျန်နေခဲ့သည်။ ခြေရာများကိုကြည့်ရင်း သွေးစက်များပါ တစ်စက်တစ်စက် ကျနေခဲ့သဖြင့် တောကျော်က ဒီးဒီးဒဏ်ရာရထားမှန်းကို မှန်းဆသိနိုင်ပေသည်။
"အရှေ့ကိုသွားရင် တောင်ကြီးပဲရှိတော့တာ၊ ဒီကောင် ငါ့လက်က ပြေးမလွတ်ပါဘူး"
တောကျော်က ဒီးဒီးသွားသည့်အနောက်သို့ ပြေးလိုက်သွားလေသည်။
မကြာခင် တောင်ကြီးတစ်လုံးအနီးသို့ရောက်လာခဲ့သည်။ ခြေလှမ်းများက အနည်းငယ်တုန့်ဆိုင်းသွားကာ နှေးကွေးသွားသည်ကိုတွေ့ရသည်။ တောကျော်က ပစ်ကွင်းကောင်းစေရန်အတွက် သစ်ပင်ကြီးတစ်ပင်အောက်တွင် ဝမ်းလျားထိုးလှဲချလိုက်ကာ တောင်ကြီးကိုအကဲခတ်ပြီးကြည့်နေလေသည်။ ထိုစဉ် တောင်ချိုင့်ကြားတစ်နေရာတွင် ငုတ်တုတ်ထိုင်နေသည့် လူတစ်ဦးကိုလှမ်းတွေ့ရသည်။ ထိုလူမှာ အဝတ်အစားမပါသဖြင့် ဒီးဒီးဖြစ်မှန်းသိလိုက်ပြီး၊ စနိုက်ပါသေနတ်ဖြင့်ထိုးချိန်လိုက်သည်။
စနိုက်ပါမှန်ပြောင်းနှင့် အသေအချာချိန်ဆွဲပြီးကြည့်လိုက်တော့မှ တောကျော်တစ်ယောက် အလွန်အံ့ဩသွားမိသည်။
"ဟင် . . . ရို . . ရိုနဲပါလား"
ထိုစဉ် သူ့နံဘေးဖက်မှ ချုံတိုးသံကိုကြားလိုက်ရပြီး ဒီးဒီးက လွှားခနဲပျံဝင်လာကာ တောကျော်အား ဓါးဖြင့်ခုတ်လေသည်။ တောကျော်ကလည်း သတိကောင်းသူမို့ ဒီးဒီးဓါးချက်ကို ငုံ့ရှောင်ထည့်လိုက်ရာ သူ့လက်မောင်းကိုသာ ဓါးဖြင့်ခုတ်မိသည်။ တောကျော်က ချက်ချင်းသေနတ်ကိုချလိုက်ပြီး သူ့ခါးတွင်ချိတ်ထားသည့် ဓါးမြှောင်ကိုထုတ်လိုက်သည်။ တောကျော်၏ ဓါးမြှောင်မှာတော့ ဂဠုန်လက်သည်းဟုခေါ်သည့် ဓါးမြှောင် ကောက်ကောက်ကွေးကွေးကလေးဖြစ်သည်။
ဒီးဒီးနှင့် တောကျော်တို့ တစ်ယောက်ဓါးတစ်လက်စီဖြင့် ရင်ဆိုင်တွေ့ကြပြီဖြစ်သည်။ ဒီးဒီးကတော့ အသဲ၏ တစ်ပေခန့်ရှည်သည့် တောခုတ်ဓါးကို ကိုင်ထားပြီး တောကျော်ကတော့ ဂဠုန်လက်သည်းဓါးကောက်ကို လက်အတွင်းဝှက်ကိုင်ထားလေသည်။
"ယား . . ."
ဒီးဒီးက အော်လိုက်ပြီး ဓါးဖြင့်မိုးခုတ်ထည့်လိုက်ရာ တောကျော်က ဒီးဒီးဓါးချက်ကို ရှောင်ရှားလိုက်ပြီး သူ့ဓါးကောက်ဖြင့် ဒီးဒီးလက်မောင်းသားကို ဖြတ်တောက်လိုက်လေသည်။ ဒီးဒီးမှာလည်း ပြန်အဆုတ်မြန်လှသဖြင့်သာ လက်မောင်းတစ်ခုလုံးပြတ်ပါမသွားခြင်းဖြစ်သည်။
ဒီးဒီးမှာ အလွန်ထိတ်လန့်နေပြီဖြစ်သော်လည်း တောကျော်ကတော့ အေးအေးလူလူပင် ဓါးကိုဝှေ့ယမ်းနေလေသည်။
"လာစမ်းပါဦးကွ၊ မင်းကိုတော့ ငါချီးကျူးရမယ်၊ မင်းဘယ်လိုလုပ်ပြီးတော့ ငါ့အနားကိုရောက်နေတာလဲ"
"ဟား၊ ဟား မုဆိုးဆိုတာက တခြားသားကောင်တွေကိုလည်း ခြေရာခံရသလို ကိုယ်ကိုယ်တိုင်လည်း ခြေရာဖျောက်ပြီး အသံမကြားအောင် သွားလာနိုင်ရမယ်မဟုတ်လား"
တောကျော်က ဒီးဒီးစကားကို ခေါင်းညိတ်ထောက်ခံသည်။
"ဒါဆို ရိုနဲကရော"
"ခင်ဗျားတို့ကိုလှည့်စားဖို့ပေါ့ဗျာ၊ ဒါကြောင့် သူသေနေတဲ့နေရာကနေ ကျုပ်တစ်လမ်းလုံးပွေ့ချီပြီး ခင်ဗျားတို့လိုက်လာလို့ရအောင် ခြေရာချန်ခဲ့တာဗျ၊ ခင်ဗျားသာ မမြန်ရင် ခုနကတည်းက ခင်ဗျားသေသွားတာကြာပြီ"
ဒီးဒီးက ဓါးဖြင့် ဓါးလွယ်ခုတ်၊ ခုတ်လိုက်လေသည်၊ တောကျော်မှာ ကိုယ်ကိုငုံ့စောင်းကာ ရှောင်ရှားလိုက်ပြီး ဒီးဒီးလည်ပင်းအား လှမ်းခုတ်လိုက်ပြန်သည်။ ဒီးဒီးမှာ ကိုယ်ကိုလှည့်ရှောင်တိမ်းလိုက်သဖြင့် သူ့လည်ပင်းကိုမခုတ်မိဘဲ၊ လည်တွင်ဆွဲထားသည့် တောဝက်အစွယ်၏ ကြိုးကိုဖြတ်မိသွားကာ တောဝက်စွယ်မှာ လွင့်ထွက်သွားလေသည်။
ဂဠုန်လက်သည်းဓါးဖြင့် တိုက်ခိုက်ပုံမှာ တစ်မျိုးတစ်ဖုံထူးဆန်းလှသလို၊ တောကျော်၏ လျှင်မြန်မှုကိုလည်း ဒီးဒီးက ဩချမိသည်။ ဒီတစ်ခါတော့ တောကျော်က စတင်လှုပ်ရှားလေရာ ဒီးဒီးက ဓါးဖြင့်လွှဲခုတ်လိုက်သည်။ ထိုခုတ်ချက်ကိုလည်းတောကျော်က ရှောင်ရှားလိုက်ပြီး ဒီးဒီး၏ ဓါးကိုင်လက်ကို အတင်းဝင်ချုပ်ကိုင်လျက် ဓါးကိုခါချလိုက်သည်။ ထို့နောက် ဒီးဒီးကို ဖမ်းဆုပ်ချုပ်ကိုင်လိုက်ပြီး ဒီးဒီးလက်များကို ချုပ်ထားလေသည်။ ဒီးဒီးမှာ လက်နောက်ပြန်ကြီးဖြစ်သွားသဖြင့် ရုန်းထွက်မရတော့ပေ၊ ထိုအခါ တောကျော်က ဂဠုန်လက်သည်းဓါးကို ဒီးဒီး၏လည်ပင်းကို ထိုးစိုက်ချလိုက်လေသည်။
သို့သော် ဓါးက လည်ပင်းကိုမထိုးစိုက်မိဘဲ လေတွင်ရပ်တန့်သွားလေသည်။ တောကျော်ရော ဒီးဒီးပါအလွန်အံ့ဩသွားရသည်။ တောကျော်က အားကုန်စိုက်သုံးပြီး ဓါးအားထိုးနှက်သောလည်း ဓါးကရပ်တန့်နေလေသည်။ တစ်ဖန်ကြီးမားသည့် အကောင်ကြီးတစ်ကောင်က သစ်ပင်ပေါ်မှ ခုန်ချလာပြီးနောက် တောကျော်အားဆောင့်ကန်ထည့်လိုက်ရာ တောကျော်ရော ဒီးဒီးပါလွင့်ထွက်သွားလေသည်။
"ဘာ . . ဘာကောင်ကြီးလည်း"
လူဝံကြီးကဲ့သို့ အမွှေးကြမ်းကြီးဖြင့်အကောင်ကြီးဖြစ်ပြီး တောကျော်နှင့်လုံးထွေးသတ်ပုတ်နေလေသည်။ ထိုအကောင်ကြီးက ခွန်အားတော့ အတော်ကြီးမားသည်။ တောကျော်ရင်ဘတ်အား သူ့ခြေထောက်နှင့်တက်နင်းပြီး ဆောင့်ထည့်လိုက်ရာ တောကျော်မှာငြိမ်ကျသွားသည်။ ထို့နောက် တောကျော်၏ ခြေထောက်မှကိုင်ပြီး အရုပ်တစ်ရုပ်လို ဝှေ့ယမ်းကာ မြေနှင့်ရိုက်နေလေသည်။ ဒီးဒီးကြည့်နေစဉ်မှာပင် တောကျော်မှာ စိစိညက်ညက်ကျေနေပြီဖြစ်သည်။
"ဘာဖြစ်တာလဲ"
ဒီးဒီးအံ့ဩပြီးကြည့်နေစဉ်ပင်
"သား . . ."
ခေါ်သံတစ်ခုကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ လူအများကြီးမတ်တပ်ရပ်နေကြလေသည်။ လူမျိုးစုံ၊ အရွယ်ပေါင်းစုံတို့သည် ကရင်အင်္ကျီများကိုဝတ်ဆင်ထားကြလေသည်။ ထိုအထဲမှ အသားဖြူဖြူနှင့် မိန်းကလေးတစ်ယောက်က သူ့အား သားဟုခေါ်နေလေသည်။
"သား . . . သားတဲ့လား၊ မဟုတ်ပါဘူး . . . ခင်ဗျားက ကျုပ်အမိုးမဟုတ်ဘူး"
"မဟုတ်ဘူးသား၊ အမိုးက သားကိုမွေးထုတ်ပေးခဲ့တဲ့ အမိုးအစစ်ပါ၊ သားမသိဘူးလား"
ထိုတော့မှ ဒီးဒီးစဉ်းစားမိသည်။ သူအရွယ်ရောက်သည့်အခါ ရွာမှလူတွေရော၊ သူ့အဖေဦးစောထီးပါ သူ့အား ကျားခေါင်းတောင်ရှိ ရွာတစ်ရွာမှ ကောက်ယူမွေးစားသည်ဟု ပြောဆိုခဲ့ဖူးသည်။ အခုသူရောက်နေသည်မှာလည်း ကျားခေါင်းတောင်ကြီးပင်ဖြစ်သည်။ ရွာမရှိတော့ဘဲ တောနက်ကြီးသာ အုပ်စိုးနေလေသည်။
"ဒါဆို . . . ခင်ဗျားက ကျုပ်ကိုမွေးခဲ့တဲ့ အမိုးပေါ့"
ထိုမိန်းကလေးက ပြုံးပြသည်။
"ဟုတ်တာပေါ့သားရယ်၊ သားတောင် တော်တော်ကြီးလာပြီနော်၊ ဟောဒါက အမိုးတို့ရွာက လူတွေ၊ အမိုးတို့ ဒီနားမှာပဲ နေကြတယ်သား"
"ဒါ . . ဒါဆို ခုနက အကောင်ကြီးကရော . . "
"အဲဒါ သားရဲ့အပါးပေါ့"
သူလှမ်းကြည့်လိုက်သည့်အခါ အကောင်ကြီးရော တောကျော်ပါမရှိတော့ပေ၊ ဒီးဒီးလည်း သူ့အမေဘက်သို့ပြန်လှည့်ကြည့်လိုက်ရာ လူများကိုတစ်ယောက်မှမတွေ့ရတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည့် တောအုပ်ကြီးကိုသာ တွေ့လိုက်ရသည်။
"ငါ့စိတ်ထဲမှာထင်နေတာလား . . . ဒါမှမဟုတ် ဒါတွေက တကယ်အမှန်တွေလား"
မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့တွင်ရပ်နေသည့် တောကျော်မရှိတော့ပေ၊ ဒီးဒီးက တောကျော်သေနတ်ကိုကောက်ကြည့်လိုက်သည်။ အခြားလူများ၏ သေနတ်မှာ စစ်တိုက်သည့်သေနတ်ဖြစ်သော်လည်း ထိုသေနတ်ကတော့ အမဲလိုက်ရန်အတွက် အသုံးဝင်လောက်မည်ဟု ဒီးဒီးကတွေးလိုက်ပြီး စနိုက်ပါသေနတ်ကို ကောက်လွယ်လိုက်သည်။ အခုဆိုလျှင် ရန်သူများအားလုံးနီးပါး ကုန်သလောက်ရှိပြီဖြစ်သည်။ နောက်ဆုံးကျန်နေခဲ့သည့်သူကတော့ ဖိုးခွားကြီးပင်ဖြစ်သည်။
(၄)
ဒီးဒီးက တောင်စောင်းကြီးပေါ်တွင် ပြေးလွှားနေမိသည်။ အချိန်က ညနေစောင်းတော့မည်ဖြစ်သည်။ ဖိုးခွားကြီးကို သူတွေ့အောင်လိုက်ရှာရမည်၊ သူ့အဖေကို သတ်သွားသည့် ဖိုးခွားကြီးအား သတ်ပြီး ဖခင်ဖြစ်သူအတွက် လက်စားပြန်ချေပေးရမည်။
ဒီးဒီးက တွေးနေရင်း တောင်ကြောအတိုင်းပြေးလွှားလျှက်ရှိရာ တစ်နေရာရောက်သည့်အခါ သေနတ်သံတစ်ချက်ကိုကြားလိုက်ရသည်။
"ဒိုင်း . . ."
သေနတ်သံကြားလိုက်သည့်အချိန်တွင် သူ့ပုခုံးအား အနောက်မှတစ်ယောက်ယောက်က တွန်းလိုက်သလိုခံစားလိုက်ရကာ အရှေ့သို့ဟပ်ထိုးလဲကျသွားသည်။ တောင်ကြောပေါ်တွင် ပြေးလွှားနေသည်မို့ ခြေလွတ်လက်လွတ်လဲကျရာ တောင်စောင်းအတိုင်းလျှောကျဆင်းသွားတော့သည်။
တောင်ကြောအထက် တစ်နေရာမှာ ဖိုးခွားကြီးက သေနတ်ကိုင်လျှက်ထွက်လာကာ ပြုံးလိုက်လေသည်။ ထို့နောက် ဒီးဒီးလိမ့်ကျသွားသည့် တောင်စောင်းအတိုင်း သတိထားကာ ပြေးဆင်းလာခဲ့သည်။
ဒီးဒီးမှာ တောင်စောင်းအတိုင်း လိမ့်ကျရင်း သစ်ပင်များ၊ ကျောက်တုံးများနှင့် လမ်းတစ်လျှောက်တိုက်သွားလေသည်။ နောက်ဆုံးတော့ တောင်ချိုင့်ကြားထဲရှိ လျှိုကြီးအတွင်းသို့ ပြုတ်ကျသည်။ ကံကောင်းသည်က လျှိုကြီးအတွင်းတွင် စမ်းချောင်းတစ်ခုစီးဆင်းနေသလို မြေပြင်ကလည်း စိမ့်မြေဖြစ်ပြီး ဗွက်ပေါက်နေသဖြင့်သာ အကျသိပ်မနာခြင်းဖြစ်သည်။ ဒီးဒီးတစ်ယောက် ကုန်းထရန်ကြိုးစားသော်လည်း စိတ်သာရှိပြီး ခြေများလက်များက မလှုပ်ရှားနိုင်တော့ပေ။
မကြာမီခြေသံတစ်ခုကြားရသည်။ ဘွတ်ဖိနပ်တစ်ခုက ရွံ့ဗွက်များကို တဗြပ်ဗြပ်နှင့် နင်းလာခြင်းဖြစ်သည်။ ဒီးဒီးက လှည့်ကြည့်ချင်သော်လည်း ခေါင်းလှည့်ဖို့အားမရှိတော့ပေ၊ ထိုလူက သူ့အနားရောက်သည့်အခါ ရယ်မောနေလေသည်။
"ဟား၊ ဟား မင်းအခုဘယ်ကိုပြေးမလဲ ခွေးသား"
ဖိုးခွားကြီးက ဒီးဒီးအနားတွင်ရပ်လိုက်ကာ ဒီးဒီးကိုငုံ့ကြည့်သည်။ ဒီးဒီး၏ ဘယ်ဖက်လက်မောင်းရင်းအနားတွင် ကျည်ဆန်ထိမှန်ထားလေသည်။ ဖိုးခွားကြီးပစ်လိုက်သည့် ကျည်ဆန်က ဒီးဒီးအား အနောက်မှမှန်ကာ ကျည်အားကြောင့် အရှေ့သို့ယိုင်လဲကျရင်း တောင်စောင်းမှတဆင့် လိမ့်ကျခဲ့ခြင်းဖြစ်သည်။
ဒီးဒီးက လက်များခြေများကို အားယူနေသော်လည်း အားကမရှိတော့ပေ၊ စကားပြောချင်သော်လည်း ပါးစပ်က အသံမထွက်တော့။ ထိုအချိန် ဖိုးခွားကြီးအနောက်မှ မိန်းကလေးတစ်ဦးထွက်လာသည်။ ထိုလူကတော့ နော်အဲမူဖြစ်သည်။
"အမိုး . . . အမိုးလား . . ."
နော်အဲမူမှာ အလွန်နုပျိုနေလေသည်။ အသက်လေးဆယ်ဝန်းကျင်ခန့်ဖြစ်ပုံရသည်။ သူ့အားကြည့်ရင်း ပြုံးနေလေသည်။ နောက်တော့ နော်အဲမူ၏ နံဘေးတွင် လူကြီးတစ်ယောက်ပေါ်လာပြန်သည်။ ထိုသူကတော့ ဦးစောထီးပင်ဖြစ်သည်။
"အပါး . . . အပါး"
ဦးစောထီးမှာလည်း ငယ်ရွယ်နုပျိုလျက်ရှိသည်၊ နော်အဲမူ၏ ပုခုံးကိုဦးစောထီးက ဖက်လိုက်သလို နော်အဲမူကလည်း ဦးစောထီး၏ လက်ကိုပြန်ဆွဲထားသည်။
"အမိုး . . .အပါး . . . သားကိုလာခေါ်တာလား၊ သားလည်း အမိုးတို့နဲ့လိုက်မယ်"
နော်အဲမူက ပြုံးလျှက်ခေါင်းညိတ်ပြသည်။
"သားက လိုက်လို့မရသေးဘူးကွဲ့၊ သားအသက်ရှင်ရအုံးမယ်"
"မဟုတ်ဘူးအမိုး၊ အမိုးရော အပါးရော မရှိဘဲနဲ့ သားမနေချင်တော့ဘူး၊ သားလိုက်ချင်တယ်"
"မလိုက်ပါနဲ့ ငါ့သားရယ်၊ အချိန်တန်တော့ သားကိုအမိုးလာခေါ်မှာပေါ့"
နော်အဲမူက ဒီးဒီးအနားတွင် မတ်တပ်ရပ်လိုက်ပြီး ဒီးဒီး၏ ညာဖက်လက်ကိုဆုပ်ကိုင်လိုက်သည်။ ထို့နောက် ဒီးဒီးလဲကျနေသည့် ဗွက်အတွင်းလှုပ်ယမ်းလိုက်ပြီး မာကျောအေးမြသည့်အရာတစ်ခုကို ဒီးဒီးလက်ထဲသို့ ထည့်ပေးလိုက်သည်။ ဒီးဒီးမျက်လုံးများ ပြူးကျယ်သွားသည်။ အဖြစ်အပျက်များမှာ အကြာကြီးဖြစ်ပျက်သဖွယ်ဖြစ်နေသော်လည်း အမှန်တကယ်အားဖြင့် အချိန်ခဏအတွင်းဖြစ်ပျက်နေခြင်းဖြစ်သည်။ ဖိုးခွားကြီးက သေနတ်ကိုသေချာကိုင်လိုက်ပြီး ဒီးဒီးမျက်နှာကိုထိုးချိန်ထားလိုက်သည်။
ဒီးဒီးကလည်း လက်ကိုစမ်းကြည့်ရာ ဓါးမြှောင်တစ်ချောင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုဓါးမြှောင်မှာ သူတောဝက်ကြီးအားလိုက်ရင်း ပျောက်ကျကျန်နေခဲ့သည့် ဓါးမြှောင်တစ်လက်ဖြစ်သည်။ (အခန်း(၄) တွင် ဖတ်ရှုပါ)။ သို့နှင့် ထိုဓါးမြှောင်ကို အသေအချာဆုပ်ကိုင်လိုက်ပြီး ရှိသမျှအားကို လက်တွင်စုစောင်းထားလိုက်ကာ ချက်ချင်းလှုပ်ရှားလိုက်သည်။
ဘက်ဖက်လက်ဖြင့် ဖိုးခွားကြီး၏ သေနတ်ကို ကိုင်ယူကာ ဆောင့်ဆွဲလိုက်ရာ ဖိုးခွားကြီးမှာ ဟန်ချက်ပျက်ပြီး သူ့အပေါ်သို့ လဲကျလာသည်။ ညာဖက်လက်မှ ဓါးမြှောင်ဖြင့် ဖိုးခွားကြီး၏ ရင်၀သို့ အားကုန်ထိုးစိုက်ထည့်ပေးလိုက်ရာ ဖိုးခွားကြီးမှာ သူ့အပေါ်သို့ပိရင်း ဆန့်ဆန့်ကြီးဖြစ်သွားသည်။ ဒီးဒီးက ဖိုးခွားကြီး၏ နံကြားသို့ ဓါးမြှောင်ဖြင့် အဆက်မပြတ် ထိုးသွင်းလိုက်ပြီး ငိုကြွေးနေမိသည်။ ဖိုးခွားကြီးမှာ ဒီးဒီးအပေါ်တွင်ပင်ထပ်လျှက် ငြိမ်သက်သွားတော့သည်။ ဖိုးခွားကြီးကိုယ်မှ ထွက်လာသည့်သွေးများက အိုင်ထွန်းလျှက် စမ်းချောင်းအတွင်းသို့စီးဝင်သွားသည်။ ဒီးဒီးက အသက်မဲ့နေသည့် ဖိုးခွားကြီး၏ ကိုယ်လုံးကြီးကို နံဘေးသို့တွန်းထုတ်လိုက်လေသည်။ ဖိုးခွားကြီးမှာ မျက်လုံးကြီးတစ်ဖက်ပြူးလျက်နှင့်ပင် သေဆုံးနေလေသည်။
ဒီးဒီးက ထရန်ကြိုးစားသော်လည်း မထနိုင်တော့ပေ၊ တောင်ပေါ်မှကျသည့်အရှိန်ကြောင့် တစ်ကိုယ်လုံးရှိ အရိုးများမှာ ကျိုးကျေသွားပုံရသည်။ ဒီးဒီးပက်လက်ကြီးငိုယိုနေမိသည်။ သစ်ပင်၊ သစ်ရွက်များအကြားမှ ကောင်းကင်ကြီးကိုမြင်တွေ့ရသည်။ ကောင်းကင်ကြီးမှာ နေဝင်ခါနီးဖြစ်သဖြင့် နီရဲကာ တောက်ပနေတော့သည်။
ပြီးပါပြီ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်