Part - 18
လေးလကြာပြီးနောက်။
စွယ်တော် ကားဂိတ်နှင့် မလှမ်းမကမ်းတွင် ကားကို ထိုးရပ်လိုက်သည်။ ကားဆီ ခပ်သုတ်သုတ်လျှောက်လာသည့် နွယ့်ကိုမြင်တော့ သူပြုံးလိုက်မိရင်းမှ ကားထဲဝင်လာသည်အထိ ကြည့်နေလိုက်သည်။
ဟုတ်သည်.....သူနဲ့နွယ် ချစ်သူဖြစ်နေတာ နှစ်လရှိပြီဖြစ်၏။ သူ နွယ့်ကို လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ချစ်မြတ်နိုးသလို နွယ်ကလဲ ထိုနည်းတူပင်။
" ကိုရယ်......နွယ့်မှာ နောက်ကျနေပြီ ထင်လို့ မနည်းပြေးလာရတယ်။ အမလေး.....မောလိုက်တာ။ "
ကားပေါ်ရောက်မှ အသက်လုရှုပြီး အမောဖြေနေသည့် နွယ့်ပုံစံကြောင့် သူ ရယ်ရင်းမှ....
" ဘုရားသွားတာပဲ နွယ်ရယ်။ နောက်ကျလဲ ဘာဖြစ်လဲ။ "
" သြော်.....နေ့လည်ကျရင် မောင်လေးကို ကျူရှင်လိုက်အပ်ပေးရဦးမယ် ကိုရဲ့။ ညနေကျရင် မနက်ဆိုင်ထွက်လို့ရအောင် စျေးပြေးပြီး ငါးဆီသတ်ရဦးမှာ။ "
နွယ်ကလဲ သူ့လိုပင်။ အကြီးပီပီ နွယ့်မောင်လေးကို တာဝန်ယူထားရသည်။ ဦးလေးအိမ်မှာကပ်နေရင်း အလုပ်လုပ်ရသည်။ နွယ့်ကိုကြည့်ရတာ သူ့ကိုယ်သူပြန်မြင်နေရသကဲ့သို့ပင် ခံစားရ၏။
" နွယ်...."
" ဟင်....."
" ကိုယ်တို့ လက်ထပ်ကြရအောင်လား။ "
သူ့စကားကြောင့် နွယ့်ပုံစံလေးက ငြိမ်ကျသွားရင်း သူ့ကို မရဲတရဲ ကြည့်လာသည်။
" ကို့ညီမလေးက လက်ခံပါ့မလားဟင်။ "
စွယ်တော် တစ်ချက်စဥ်းစားလိုက်ရင်းမှ.....
" လက်ခံမှာပါ။ ကိုယ် ညီမလေးကို ပြောထားမယ်။ ကိုယ် နွယ်နဲ့မဝေးချင်ဘူး။ နွယ် ပင်ပန်းနေတာလဲ မမြင်ချင်တော့ဘူး။ "
နွယ် ကို့မျက်နှာကို စိုက်ကြည့်ရင်းမှ အသာပြုံးမိ၏။ နွယ်လဲ နီးချင်လှပါပြီလေ။ ကိုနဲ့သာဆို နွယ်တို့ မောင်နှမ အေးအေးချမ်းချမ်းဖြင့် လုံခြုံမှာ ယုံကြည်သည်။
ဘုရားက ပြန်လာသည်နှင့် ကို မှာလိုက်သည့်အတိုင်းပင် ဦးလေးကို လက်ထပ်တော့မည်ဆိုတာ အသိပေးလိုက်တော့၏။
" ဘာ! ဘယ်ကကောင်လဲ။ ဘာလုပ်တာလဲ။ "
" ကိုဖေသန်းရယ်.....ရှင်ပဲ မသိတာ။ ကျွန်မဖြင့် သိနေတာ ကြာပေါ့။ လမ်းထိပ်နား ဖွင့်ထားတဲ့ ဟိုထမင်းဆိုင်အကြီးကြီးရဲ့ သူဌေးကောင်လေးလေ။ "
နွယ် အံ့သြသွားရသလို အန်တီဘေဘီကို ငေးခနဲ ကြည့်မိသွား၏။
" ကြည့်မနေနဲ့.....ဟိုက သူဌေးမို့ ညည်းကို ငါလွှတ်ထားတာ။ ညည်းတော့ ရွှေဘုံပေါ် ရောက်တာပဲအေ။ "
ဦးလေးတို့က သဘောတူသလို မောင်လေးကတော့ ထူးထွေမပြောပေမယ့် နဂိုအကောင်းကြိုက်တဲ့ကလေးမို့ ပြည့်ပြည့်စုံစုံထားနေနိုင်မည့် အရေးကိုလဲ ဝမ်းသာရပါသည်။ ကို့ကို နွယ်တကယ်ချစ်သလို ပစ္စည်းဥစ္စာမမက်သည့်တိုင် ချမ်းသာပြည့်စုံနေတဲ့လူဖြစ်နေတာတော့ သဘောကျမိ၏။
နွယ်ဟာလဲ မိန်းမသားပဲ မဟုတ်လား။
@@@@@@@@@@@
" လက်ထပ်မယ် ဟုတ်လား ကိုကြီး။ "
မထင်မှတ်ထားသည့်စကားကြောင့် ပန်းရော ဒေါ်လေးပါ တအံ့တသြပင်။ ကိုကြီးမှာ ချစ်သူရှိနေတာလား။ ရင်ထဲ ဝမ်းနည်းခြင်းက ဘယ်လိုရောက်လာမှန်းမသိသလို အထီးကျန်သွားသည့် ခံစားချက်က တစ်မျိုးပင်။
" ညီမလေး သဘောကို ကိုကြီး သိချင်တယ်။ "
ရုတ်တရတ်မို့ ဘာပြန်ဖြေလို့ ဖြေရမှန်းမသိပါ။ တားရအောင်လဲ ကိုကြီးအပေါ် မတရားတာ ပန်းသိနေသည်။
" ကိုကြီး အဲ့မမကို ချစ်လားဟင်။ "
ပန်းအမေးကို အချိန်မဆိုင်းပဲ ခေါင်းညိတ်လာသည့်အခါ ပန်း ခပ်အေးအေးပင် ပြုံးမိသည်။
" ကိုကြီးပျော်ရင် ပြီးတာပါပဲ။ ပန်း ကိုကြီးကို ပျော်စေချင်တယ်။ "
စွယ်တော် ညီမလေး၏ လက်ကို ဖွဖွကိုင်လိုက်ရင်းမှ....
" ကိုကြီး နွယ့်ကို ချစ်တယ်။ အိမ်ထောင်ပြုမယ်ဆိုပေမယ့် အရင်အတိုင်း ညီမလေးက ကိုကြီးအတွက် ပထမဦးစားပေးပဲဆိုတာ သိထားစေချင်တယ်။ အထီးကျန်စရာ၊ဝမ်းနည်းစရာမလိုဘူးနော်.....ကိုကြီးက ငါ့ညီမလေးအနားပဲ ရှိနေမှာ။ "
" ညီမလေး ယုံပါတယ်။ "
မောင်နှမ နှစ်ယောက်၏ ကြားထဲကို သူစိမ်းဝင်လာမည့်အခါ သူ့အနေနဲ့ ပါးနပ်ဖို့လိုမည်ဆိုတာ သူသိသည်။ ပြီးတော့ နွယ်က သူ့ကို တကယ်ချစ်သလို ပစ္စည်းဥစ္စာ မမက်တဲ့မိန်းကလေးပင်။ ထို့ကြောင့်လဲ သူရဲရဲကြီး စိတ်ချလက်ချ ရွေးချယ်နိုင်ခဲ့သည်။
-------------
" တော်သေးတာပေါ့ ကိုရယ်.....နွယ်က စိတ်ပူနေတာ။"
စွယ်တော်ပြုံးလိုက်မိရင်းမှ ...
" ညီမလေးက လိမ္မာပါတယ် နွယ်ရဲ့။ နွယ့်ကိုလဲ သူ တရိုတသေဆက်ဆံမှာပါ။ "
ကိုက ဖျောင်းဖျပေမယ့် နွယ်ကတော့ ရတက်မအေးပဲ ဖြစ်နေသေးသည်။
" ဒါပေမယ့်....."
စွယ်တော် လက်အသာကာပြလိုက်၏။ သူ့ညီမ အကြောင်း သူသိသည်လေ။ ညီမလေးဟာ သူ ချစ်သည်ဆိုသည့် မိန်းကလေးကို ချစ်ပေးနိုင်မည်ဆိုတာ သိသလို တရိုတသေဆက်ဆံပေးမှာလဲ သူကျိန်းသေသိ၏။
" နွယ် ကိုယ့်ညီမလေးကို စိတ်ပူဖို့ မလိုပါဘူး။ ဒါနဲ့ နွယ့်ဦးလေးကရော ဘာပြောသေးလဲ။ "
သူ့အမေးကြောင့် နွယ့် မျက်နှာလေးမှာ ဝင်းလက်သွား၏။ အဆင်ပြေပြီမှန်း သိလိုက်သလို နွယ့်အိမ်ရှိ နွယ့်ဦးလေး လင်မယားကို သွားတွေ့ရန် ပြင်ဆင်ရတော့သည်။
@@@@@@@@@@@@
" တူမကြီးကတော့ ပြောထားပါတယ်။ ဦးလေးတို့ကတော့ သဘောမတူစရာ မရှိပါဘူး။ မောင်ရင်ကရော ဘယ်လိုစီစဥ်ထားလဲ။ "
စွယ်တော် နွယ့်ကို တစ်ချက်ကဲကြည့်လိုက်ရင်းမှ....
" ဒီလထဲပဲ လုပ်လိုက်မလားလို့ပါ။ "
စွယ်တော့်စကားကြောင့် ဦးဖေသန်းဇနီး ဒေါ်ဘေဘီက ထတားလာသည်။
" ဟဲ့....ဘယ်လိုမှီမလဲ ငါ့တူရဲ့။ မင်္ဂလာပွဲတစ်ပွဲ စီစဥ်တယ်ဆိုတာ ဒီလောက်အချိန်လေးနဲ့ ဘယ်လိုရမှာလဲ။ "
" ကြီးကြီးကျယ်ကျယ်တော့ မလုပ်တော့ပါဘူးဗျ။ မင်္ဂလာဆွမ်းကျွေးပြီး ရုံးတက်လက်မှတ်ထိုးမှာပါ။ "
စွယ်တော့်စကားကြောင့် လင်မယားနှစ်ယောက်လုံး၏ မျက်နှာမှာ ကွက်ခနဲပျက်သွားကြသည်။
" ဒါပေမယ့်ကွယ်.....အေးလေ....လက်ထပ်ပြီးဖို့က အဓိကပါပဲ။ "
သူ လက်ထက်ပွဲတွေ ကြီးကြီးကျယ်ကျယ် မလုပ်ချင်ပါ။ မောင်နှမနှစ်ယောက်လုံးက မိဘဆွေမျိုး မရှိတာမို့ အားငယ်တာထက် ညီမလေးလဲ ဝမ်းနည်းမှာပင်။ ပြီးတော့ ညနေကျရင်လဲ သူ ရှေ့နေနဲ့ တွေ့စရာရှိသေးသည်။
-------------
" ကိုကြီး....."
စွယ်တော် အခန်းအပေါက်ဝကို လှမ်းကြည့်မိတော့ ညီမလေး။ သူ ပြုံးလိုက်ရင်းမှ စာချုပ်ကို မီးခံသေတ္တာထဲထည့်သိမ်းကာ...
" လာလေ ညီမလေးရဲ့....."
ပန်း ပြုံးလိုက်မိရင်းမှ ကိုကြီးရဲ့အိပ်ယာထက် အသာထိုင်ချကာ မောင်နှမနှစ်ယောက် ရိုက်ထားသည့်ဓာတ်ပုံလေးကို ငေးကြည့်မိသည်။
" ကိုကြီးကို မေးစရာလေးရှိလို့။ "
" မေးလေ.....ဘာမို့လို့လဲ။ "
" ဟို.....ကိုကြီး နဲ့ အဲ့မမနွယ်ဆိုတာ..ဘယ်လိုတွေ့ကြတာလဲဟင်။ ပန်းကို တစ်ခါမှ မပြောဖူးလို့လေ။ "
စွယ်တော် တဟားဟားအော်ရယ်တော့ ပန်းက နှုတ်ခမ်းလေးစူလာသည်။ စပ်စုမလေးပင်။ သူ ညီမလေးကို အေးဆေးပြောပြရင်းမှ ညီမလေးကလဲ နွယ့်ကိုချစ်သွားပုံရပါသည်။ သို့ပေမယ့် ထိုညက သူ တော်တော်နဲ့ မအိပ်ဖြစ်ခဲ့ပါ။ မေမေနဲ့ဖေဖေ့ပုံကို အချိန်အကြာကြီး ငေးစိုက်ကြည့်နေမိသည်။
သူ မေမေတို့ကို ရှိစေချင်လိုက်တာ။
@@@@@@@@@@@@@@@@@@@@@@
ဆက်ရန် EP - 19
အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ