
မြို့အစွန်က ချောင်ကျကျဘီယာဆိုင်မှာ …
“ကျနော်က ကိုလှဦးလွှတ်လိုက်တာပါ”
ပုတုက ရိုရိုသေသေနှုတ်ဆက်စကားဆိုလိုက်သည်။ တဖက်က လူက ပုတု အဖေလောက်ပင်ရှိမည်။ သူ့နာမည်က ကျော်စိုး။
“မင်းက လှဦးပြောထားတဲ့တယောက်လား”
“ဟုတ်ပါတယ်”
“အဲဒီတော့ .. မင်းအစီအစဉ်တွေနဲ့ ငါ့ကိုပေးနိုင်တဲ့ ငွေအမောင့်ရယ်တခါတည်းပြော”
ပုတုက .. ပိုက်ဆံထုပ်တစ်ထုပ်ကို စားပွဲပေါ်တင်လိုက်ပြီး ..
“ဒါက .. သဘောတူညီတာနဲ့ ချက်ချင်းရမယ့် ငွေပဲ။ ပြီးရင်တော့ ကော်မရှင်ပေးမယ်”
ကျော်စိုးက ပိုက်ဆံထုပ်ကိုလှမ်းယူလိုက်ပြီး ..
“ကြိုက်သွားပြီ .. ကဲ .. အစီအစဉ်ပြောတော့”
ပုတု က သူ့ရဲ့ အစီအစဉ်အသေးစိတ်ကို ပြောကြားလိုက်၏။ ကျော်စိုး မျက်လုံးပြူးသွားသည်။ ဘာဖြစ်လို့လည်းဆိုတော့ .. ဒီတစ်ခါလုပ်ရမှာက အကြီးကြီး။ ကံဆိုးရင် ဘဝလက်ကျန်အချိန်အကုန်လုံး ထောင်ထဲမှာ နေသွားရတာမျိုး၊ ဒါမှမဟုတ် သက်တမ်းစေ့မနေရတာမျိုးလည်း ဖြစ်နိုင်သည်။ ကျော်စိုးက ပုတုကို စေ့စ့ကြည့်ပြီး..
“မင်းပြောနေတာက ငါ့အတွက် တော်တော်ကို ကြီးလွန်းတယ်”
“အဲဒါကြောင့်လည်း ကျနော်က လက်မတွန့်ဘဲ ပေးဖို့ ဆုံးဖြတ်ခဲ့တာလေ”
ကျော်စိုး ဆေးလိပ်တလိပ်ကို မီးညှိလိုက်ကာ .. အတန်ငယ်စဉ်းစားပြီနောက် ..
“ငါ သဘောတူတယ်။ ငါလည်း အတွေ့အကြုံရတာပေါ့”
“ဒါဆို ကျနော်နဲ့ တခါတည်းလိုက်ခဲ့မလား”
“ဘာလို့လဲ”
“တခါတည်း တပတ်စာ ပလန်တွေ ဆွဲမလို့။ ပြီးတော့ မိတ်ဆက်ပေးချင်တဲ့သူလည်းရှိလို့”
ပုတုက ကျော်စိုးကို ဘားကို ခေါ်လာခဲ့သည်။ ပြီးတော့ စည်သူနှင့် မိတ်ဆက်ပေး၏။ သူတို့သီးသန့်အခန်းထဲဝင်ပြီး .. ပုတုက ကျော်စိုးကို တပတ်တာ လုပ်ဆောင်ရမယ့် အလုပ်တွေ အသေးစိတ်ပြောပြသည်။ ကျော်စိုးက လုပ်ငန်းအတွက် သူလိုအပ်တဲ့အရာတွေကို ပြန်တောင်းသည်။
ပုတုရဲ့ အစီအစဉ်တွေက ပိရိတယ်လို့ ဆိုရမည်။ ပစ္စည်းတွေကို ဘားမှာ သိုလှောင်မည်။ ကျော်စိုးက ဒီမြို့အပါအဝင်အနီးအနားက မြို့တွေက မှောင်ခိုကုန်သည်တွေနှင့်ချိတ်ဆက်ပြီး ပစ္စည်းတွေကို ဖြန့်ပေးရမှာဖြစ်သည်။ ပစ္စည်းတွေ သိုလှောင်တဲ့နေရာကို စည်သူနှင့် ပုတုသာ သိ၏။ ကျော်စိုးကိုပင် အသိမပေး။ ကျော်စိုးကလည်း စိတ်မဝင်စား။ သူသိတာက ပစ္စည်းတွေကို ဝယ်လက်တွေ၊ မှောင်ခိုကုန်သည်တွေဆီ များများရောက်ဖို့ပင်။ အဲဒါမှ သူ ကော်မရှင်ခမြိုးမြိုးမြက်မြက်ရမည်။
ကျော်စိုးက လူမိုက်လောကမှာ နာမည်အရမ်းကြီး မကြီးပေမဲ့ သူ့ရဲ့ လက်ရဲဇက်ရဲနဲ့ တကိုယ်တော်မိုက်တဲ့ပုံစံကြောင့် သူ့အကြောင်းသိသူတွေက နည်းနည်းတော့ ရှောင်ကြသည်။ ကျော်စိုးက လူတစ်ယောက်ကိုတောင် ဘာရန်ငြှိုးရန်စမှ မရှိဘဲ အချိုးမပြေလို့ဆိုပြီး သတ်ပစ်ခဲ့တဲ့သူ။ ဒါကြောင့် ကျော်စိုးကို တော်တော်များများကတော့ လန့်ကြသည်။ ဂိုဏ်းတွေနဲ့လည်း သိပ်အဆင်မပြေ။ သူ့ကိုဆရာလုပ်တာတွေကိုလည်း မကြိုက်လေ့ရှိတာကြောင့်.. တကိုယ်တော်လူမိုက်အဖြစ်နဲ့ပဲ ထောင်ထဲဝင်လိုက်၊ အပြင်ပြန်ထွက်လာလိုက်နှင့် လုံးလည်ချာလည်လိုက်နေခြင်း ဖြစ်သည်။ အခုတော့ .. သူ အလုပ်တခု အတည်တကျရပြီ။ ဥပဒေနဲ့ မလွတ်ကင်းသလို၊ သူတာဝန်ယူရတဲ့အပိုင်းကလည်း တာဝန်ကြီးသည်။ ပစ္စည်းတွေကို တနေရာက တနေရာကို မှောင်ခိုသည်ရတဲ့ကိစ္စက လမ်းကြောင်းသိဖို့လိုသည်။ အဲဒီ လမ်းကြောင်းတွေ အားလုံးကို ကျော်စိုးက သိသည်။ ဒါကြောင့်လည်း လှဦးက ကျော်စိုးနှင့် ပုတုကို ပေးတွေ့လိုက်ခြင်း ဖြစ်ပုံရသည်။
ပုတုက တဖြည်းဖြည်းနဲ့ သူ့ရဲ့ နယ်ပယ်က ပိုကျယ်ပြန့်လာသည်။ မြောက်ပိုင်းမှာ ခြေကုပ်ယူထားပေမဲ့ သူ့ရဲ့ ဩဇာက မြို့ရဲ့ တဝက်လောက်ထိ ပျံ့နှံ့နေသည်။ အဲဒီအချိန်မှာပဲ ပုတုက သူ့ရဲ့ မူလရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရတော့သည်။ စည်သူရော၊ အောင်မိုးကိုရော .. သူ ခေါ်လိုက်သည်။
“အချိန်အခါကျပြီလို့တော့ ငါယူဆတယ်ကွာ”
စည်သူက ..
“ငါ့အမြင်တော့ မင်းအခုလည်း အေးဆေးဖြစ်နေပြီ မဟုတ်ဘူးလား”
“မဖြစ်သေးဘူး။ လက်ရှိ မြို့တော်ဝန်က နည်းနည်းအကာကွယ်ပေးထားလို့ .. သူတို့ဘက်က ငြိမ်နေတာ”
“ဒီမြို့မှာ မင်းသူတို့နဲ့တော့ ထိပ်တိုက်မတွေ့သင့်ဘူးထင်တယ်။ ငါကြားရသလောက်တော့ သူတို့အင်အားက တော်တော်ကြီးတယ်”
ပုတုက .. စည်သူနှင့် အောင်မိုး တို့ကို သေချာကြည့်လိုက်ပြီး ..
“ငါတို့အတွက် အခုက အခြေအနေကောင်းပဲကွ”
“ဘာလို့လဲ”
“လက်ရှိ နောက်ခံအင်အားမှာ ငါတို့က သာတယ်လေ”
ပုတုက ဒီလောကထဲကို စ ဝင်ကတည်းက သေချာအကွက်ချပြီး ဝင်လာမှန်း စည်သူသိသည်။ အခုထိလည်း ပုတုဆုံးဖြတ်ချက်တွေက အမှားအယွင်းမရှိသေးဘူး။ ဒါပေမဲ့ အခုတခါတော့ အထိအခိုက်များနိုင်တယ်လို့ စည်သူက ယူဆသည်။
“ဒါနဲ့ မင်းရဲ့ အစီအစဉ်တွေကို မြို့တော်ဝန်နဲ့ ကိုလှဦး သိလား”
“သူတို့ သိပြီးပြီ။ ငါတို့ အပေးအယူထဲမှာလည်း အဲဒါ ထည့်ပြောထားတယ်။ တခုတော့ရှိတယ်။ ဒီပွဲမှာ သူတို့က တိုက်ရိုက်ကူညီမှာတော့မဟုတ်ဘူး”
“မင်းက ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ”
“သူတို့ကို ဒီမြို့က မောင်းထုတ်မယ်”
တချိန်လုံး ဘာစကားမှမပြောတဲ့ အောင်မိုးက ..
“မဖြစ်နိုင်ဘူးထင်တယ်။ ငါကြည့်ရသလောက်တော့ .. သူတို့အဖွဲ့ကို ခြေရာခံဖို့တောင်နည်းနည်းခက်တယ်”
ပုတု နည်းနည်းတော့ စဉ်းစားသွားသည်။ လက်ရှိမှာ ပုတုက လူမိုက်လောကမှာ နာမည်ကြီးနေပြီ။ ဒါပေမဲ့ မိုက်လွန်းကြမ်းလွန်းလို့ နာမည်ကြီးတာမျိုးမဟုတ်သေးဘဲ မှောင်ခိုလောကမှာ အကွက်ကြိုမြင်မှာ၊ နောက်ခံကောင်းတာတွေကြောင့် နာမည်ကြီးတာမျိုး။ တဖက်က ရင်ဆိုင်ရမယ့်အဖွဲ့ကတော့ သူတို့လောကသားအချင်းချင်းတောင် ကြောက်ကြရတဲ့အဖွဲ့။ ပုတုက အကြံတစ်ခုရသွားသည်။
“ငါတို့က နီးနီးလေးနဲ့ဝေးနေတာပဲ”
“ဘာကိုလဲ .. “
“အဲဒီအဖွဲ့အကြောင်း .. ငါ့အဖေ ကောင်းကောင်းသိမှာပေါ့ကွ”
“ဟာ .. အေးကွ .. ကျန်း …ငါတို့ မေ့နေတာ”
ညက တော်တော်နက်နေပြီ။ ပုတုက ဆိပ်ကမ်းဘက်က ပြန်လာချိန် လမ်းပေါ်မှာ လူတွေရှင်းနေပြီ။ ဘားကို ဝင်ဖို့စဉ်းစားမိသေးပေမဲ့ ပိတ်လောက်ပြီထင်ပြီး အိမ်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ကားကို ဖြေးဖြေးချင်းမောင်းပြီး သီချင်းတိုးတိုးလေးဖွင့်လာခဲ့သည်။ အဲဒီအချိန်မှာပဲ .. အတွဲတတွဲက ကားကို လှမ်းတားသည်။ ပုတုက ကားရပ်ပေးလိုက်သည်။ ကောင်မလေးက အမူးလွန်နေပုံရသည်။ ခေါင်းငိုက်စိုက်ကျနေသည်။
“အစ်ကို .. ကျနော်တို့ ကားငှားဖို့စောင့်နေတာ တော်တော်ကြာနေပြီ။ ညနက်နေလို့ထင်တယ် တစီးမှမရပ်ပေးဘူး။ ဟိုတယောက်ကလည်းတော်တော်လေးမူးနေပြီ။ အဲဒါ အစ်ကို ကျနော်တို့ကို ကူညီပြီး ပို့ပေးလို့ရမလား”
ပုတုက ကောင်မလေးကို မကြည့်မိ။
“ဘယ်ကို ပို့ပေးရမှာလဲ”
“ဒီနားက အနီးဆုံးဟိုတယ်ပေါ့”
ပုတုက သိပ်တော့ မသင်္ကာ။ အဲဒါနဲ့ .. သေချာအောင်လို့ ..
“မင်းတို့က ဘာတွေလဲ”
“ကျနော်တို့က သူငယ်ချင်းတွေကပါ”
ပုတုက ကောင်မလေးကို လှမ်းကြည့်သည်။ ကောင်မလေးပုံစံက ရင်းနှီးနေသလို ခံစားရသည်။ အဲဒါနှင့် .. ကားအောက်ကို ဆင်းလိုက်ပြီး …
“သက်မွန်လား … “
ကောင်မလေးက မော့ကြည့်သည်။ သက်မွန် ဖြစ်နေသည်။ သက်မွန်က .. ပုတုကို ကြည့်ပြီး ..
“အော် .. “ ဆိုပြီး ဘာမှဆက်မပြောနိုင်ဘဲ ခေါင်းငိုက်စိုက်ကျသွားပြန်သည်။ ပုတုက .. ကောင်လေးကို ..
“မင်းက ဘာလို့ သူ့အိမ်ပြန်မပို့တာလဲ”
“သူက .. ဒီည အိမ်ကို ပြန်မလာတော့ဘူးလို့ပြောထားလို့”
ပုတုလည်း ဘာမှဆက်မပြောတော့ဘဲ။ ကားပေါ်တက်ခိုင်းလိုက်သည်။ စိတ်ထဲမှာတော့ ဘဝင်မကျ။ သမီးရည်းစားလည်း မဟုတ်ဘဲနဲ့ အမူးလွန်ပြီး ဟိုတယ်မှာ အတူအိပ်မယ့်ကိစ္စကို။ ဒါပေမဲ့လည်း သက်မွန်က အရွယ်ရောက်ပြီး အမျိုးသမီးတယောက်ပဲ။ သူတို့ဘာသာ သမီးရည်းစားဖြစ်ဖြစ် သူငယ်ချင်းဖြစ်ဖြစ် သူတို့ ဒီည အတူရှိကြဖို့ သဘောတူကြည်ဖြူရင် ပြီးတာပဲ။ ဟိုတယ်ကို ရောက်တော့ .. သက်မွန်က အမူးမပြေချင်သေး။ ပုတုစိတ်ထဲမှာ ခံစားချက်က ရှင်းရှင်းလင်းလင်းမရှိ။ ပြီးတော့ သက်မွန်က အခုထိ အမူးမပြေသေးတာကိုလည်း သဘောမကျ။ အဲဒါနှင့် ..
“ဒါနဲ့ မင်းက သူနဲ့ တခန်းတည်းငှားမှာလား”
“အင်း .. ဟုတ်တယ်။ သူက မသောက်ခင်ကတည်းက သူမူးသွားရင် အနီးဆုံးဟိုတယ်ကို ပို့ပေးဖို့ ပြောထားလို့”
ပုတုက ပိုပြီး မသင်္ကာဖြစ်လာသည်။ အဲဒါနှင့် ..သက်မွန်ကို သေချာလှုပ်ပြီး နှိုးကြည့်သည်။ သက်မွန်ပုံစံက အရက်မူးနေတဲ့ ပုံစံမျိုးထက် ဆေးတခုခုကို အလွန်ကျွံလုပ်ထားတဲ့ပုံစံမျိုးဖြစ်နေသည်။ ပုတု ထားခဲ့ရမှာကို စိတ်မဖြောင့်။
“သူ့ကို အိမ်ပြန်ပို့မယ်”
“ဗျာ .. “
ကောင်လေး က မျက်စိမျက်နှာပျက်သွားသည်။
“မင်းလည်း လိုက်ခဲ့လေ။ ငါသူ့ကို အိမ်ပြန်ပို့ပြီးရင် မင်းကိုလည်း ပြန်ပို့ပေးမယ်”
“သူ့အမေ သူ့ကို ဆူလိမ့်မယ်ဗျ”
“အမေဆူတာလောက်က ပြဿနာမဟုတ်ပါဘူး။ ဒီမှာဆိုရင် ပိုဆိုးတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်”
ပုတုက သက်မွန်တို့ အိမ်ကို မောင်းသွားပြီး သက်မွန်ကို ပြန်ပို့သည်။ ပြီးတော့ ကောင်လေးကိုလည်း အိမ်ပြန်ပို့သည်။ သူ အိမ်ပြန်ရောက်တော့ .. ည ၂နာရီထိုးနေပြီ။ အဲဒီညက တော်တော်နှင့် အိပ်မပျော်။ စိတ်ထဲမှာ လေးလံနေသလို ခံစားရသည်။
သက်မွန် တယောက် မနက် နိုးလာတော့ ခေါင်းတွေ အုံခဲနေသည်။ မျက်လုံးဖွင့်လိုက်တော့ သူ့အခန်းထဲရောက်နေသည်။ ညက ဘာဖြစ်သွားလဲဆိုတာ မသိ။ ပြန်စဉ်းစားကြည့်တော့လည်း .. တက်ကီလာတွေ စွတ်သောက်နေတာမှတ်မိသည်။ ပြီးတော့ .. နေဇော်က ဘာအမှုန့်မှန်းမသိတာကို ရှူလိုက်တာကို မှတ်မိသည်။ ပြီးတော့ ဘာဆက်ဖြစ်တယ်ဆိုတာကို မမှတ်မိတော့။ အမေဖြစ်သူကို မေးကြည့်တော့ ..
“ညက လာပို့သွားတာ နေဇော်နဲ့ ပုတုနဲ့ လာပို့သွားတာ”
“ဟင် …ကိုပုတုက ဘယ်က ဘယ်လိုပါလာတာလဲ”
“သူပြောတာတော့ .. သူ့ဘားမှာ နင်အမူးလွန်သွားလို့တဲ့။ အဲဒါကြောင့် သူလာပို့ပေးတာတဲ့။ နင့်ကိုလည်း တခါတည်း သတိပေးထားမယ်နော်။ နင်က မိန်းကလေး ညဘက်သွားတာလာတာ ဂရုစိုက်။ ညက နင်ဖြစ်ပျက်နေတာကို ငါမကြိုက်ဘူး”
“ဟုတ်..”
ပုတု က မနက်မိုးလင်းတော့ ဆိပ်ကမ်းကို ပြန်သွားရသည်။ ဒီတစ်ခါတော့ တယောက်တည်းမဟုတ်တော့ ဂျင်နဲ့ ဂျွန်ကို ခေါ်လာခဲ့သည်။ ပြီးတော့ သူ့အဖေပေးထားတဲ့ ဓားကိုလည်း အကျီကြားထဲမှာ ဝှက်လာခဲ့သည်။ ညက အခြေအနေအရ ဒီမနက် ဆိပ်ကမ်းမှာ တခုခုတော့ထူးခြားနိုင်သည်။ ကုတ်အကျီအနက်နဲ့ လူတယောက်က ပုတုဘေးနားရောက်လာပြီး ..
“ခင်ဗျားက .. ပုတုလား”
“ဟုတ်တယ်.. “
“အဲဒါဆို လိုက်ခဲ့”
ပုတုတို့အဖွဲ့ ကုတ်အကျီအနက်နဲ့လူခေါ်ရာနောက်သို့ လိုက်သွားသည်။ တန်ဖိုးတော်တော်ကြီးမယ့် သင်္ဘောပေါ်ကိုရောက်တော့ .. သူတို့ကို စောင့်နေသူတွေနှင့် တွေ့ရလေတော့သည်။ ပုတုလုံးဝမမေ့မယ့် မျက်နှာတွေကိုလည်း မြင်ရသည်။
ပုတုက ..
“မင်းတို့ဆရာက မလာသေးဘူးလား”
“နောက် ၃မိနစ်ဆို ရောက်မယ်”
ပုတု သတိထားမိသလောက် သင်္ဘောပေါ်မှာ လူ ၁၅ယောက်ထိ ရှိသည်။ ပုတုတို့က ၃ယောက်တည်း။ ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒီတွေ့ဆုံမှုကို စီစဉ်ပေးတာက ကိုလှဦး။ ဒါကြောင့် ပုတု လူအင်အားနည်းနည်းနဲ့ လာတွေ့ရဲတာပဲ ဖြစ်သည်။ ပြီးတော့ ဒါက ပုတုရဲ့ ပိုက်နက်ကိုး။ အဲဒီအချိန်မှာပဲ သူတို့ခေါင်းဆောင်ဆိုသူ ရောက်လာသည်။ ပုတု ထင်ထားတာက သူ့အဖေထက်တောင် အသက်ကြီးမယ်လို့ ထင်ထားပေမဲ့ တကယ်တမ်းရောက်လာသူကတော့ .ပုတုနှင့် မတိမ်းမယိမ်းပင်။ ပုတု ဇဝေဇဝါ ဖြစ်သွားသည်။
သူ့အဖေ ပြောတဲ့ စကားတွေကို နားထဲမှာ ပြန်ကြားယောင်လာမိသည်။ အဲဒီတော့မှ ပုတု အခြေအနေကို နားလည်သဘောပေါက်သွားတော့သည်။ အခုသူ့ကို လာတွေ့တာ တကယ့်ခေါင်းဆောင်အစစ်မဟုတ်ဘူးဆိုတာပဲ။ ပုတု ထ ပြန်ဖို့လုပ်တော့ ..
“ဒီမှာ ခင်ဗျား ပြန်သွားရင် နောင်တရမယ်နော်။ ငါက .. ဆုံးဖြတ်ပိုင်ခွင့်အပြည့်နဲ့လာခဲ့တာ”
ပုတုက .. ခနဲ့တဲ့တဲ့ အမူရာနဲ့ကြည့်လိုက်ပြီး …
“မင်းဘာသာ ဘာဆုံးဖြတ်ခွင့်နဲ့ပဲလာလာ .. မင်းတို့ ခေါင်းဆောင်ကိုပြောလိုက်။ သူကိုယ်တိုင်မလာရင် ဘယ်တော့မှ ဆွေးနွေးလို့ရမှာမဟုတ်ဘူးလို့”
အဲဒီနေ့က ဆွေးနွေးပွဲပျက်သွားသည်။ ပုတုတယောက် နောက်ထပ်ပြင်ဆင်စရာတွေအတွက် ဘားကို ပြန်လာခဲ့သည်။ ပြီးနောက် စည်သူနှင့် တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg