
(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံ၍ ရေးသားတင်ဆက်ထားပါသည်)
(၁)
စက်လှေကြီးက ကျယ်ပြောလှသည့်ရေပြင်ကြီးကို ထိုးခွဲကာ လျင်မြန်စွာမောင်းနှင်နေလေသည်။ ကိုစိန်သောင်းတစ်ယောက် လှေဦးတွင်မတ်တပ်ရပ်ကာ ရေပြင်ကြီးကိုငေးကြည့်နေမိသည်။ ကိုစိန်သောင်းက အုန်းတက်သမားဖြစ်သည်။ အုန်းပင်များကိုတက်ပြီး အုန်းသီးခူးကာ ရောင်းချသည့်လုပ်ငန်းကိုလုပ်ကိုင်သူဖြစ်၏။ ယခုလည်း စစ်တွေဆီသို့ စက်လှေကူးတို့စီးလျက် အုန်းသီးအလုံးနှစ်ရာခန့်ကို သယ်ဆောင်လာခြင်းဖြစ်သည်။
ဆိပ်ကမ်းမှဆင်းသောအခါ ကယ်ရီငှားရသည်။ သုံးဘီးဆိုင်ကယ်များကို အနောက်ခန်းတွင် ကုန်များတင်နိုင်ရန် ပြုလုပ်ထားသည့် ကယ်ရီအပေါ် အုန်းသီးများကို အသေအချာတင်ရသည်။ ထို့နောက် ကယ်ရီသမား၏ ဘေးနားတွင်ထိုင်ကာ စစ်တွေရှိ အုန်းသီးငှက်ပျောသီးများရောင်းချသည့်ဆိုင်ဆီသို့ မောင်းထွက်လာခဲ့ရသည်။
မနက်ခင်းက ထွက်လာသော်လည်း အချိန်လင့်သွားသည်မို့ စစ်တွေကို မွန်းလွဲပြီးမှသာရောက်တော့သည်။ စစ်တွေဈေးက ဈေးကွဲပြီး အေးအေးလူလူဖြစ်နေလေပြီ၊ သို့သော် သူသယ်လာသည့်ကုန်တွေကလည်း အုန်းသီးတွေဆိုတော့ အထားခံသည်။ ဈေးအရှေ့ရောက်တွင် ပလက်ဖောင်းပေါ်တွင် ခေါင်းငိုက်စိုက်ထိုင်နေသည့် ဦးဇင်းတစ်ပါးကိုတွေ့လိုက်သည့်အခါ ကိုစိန်သောင်းစိတ်ဝင်စားမိသွားသည်။
"ခဏရပ်ပါဦးဗျာ"
ကယ်ရီသမားက ဆိုင်ကယ်ရပ်ပေးလိုက်သည့်အခါ ကိုစိန်သောင်းက ကယ်ရီပေါ်မှပြေးဆင်းကာ ဦးဇင်းအနားသို့တိုးကပ်သွားသည်။ အနီးတွင် လမ်းသွားလမ်းလာများမှာ အနည်းငယ်ရှင်းနေသည်။ ဦးဇင်းမှာ နားထင်နှစ်ဖက်ကို လက်နှင့်ဖိထားပြီး ခေါင်းကိုငုံ့ကာညည်းညူနေသဖြင့် ဝေဒနာတစ်ခုခုခံစားနေရခြင်းဖြစ်မည်ဟုတွေးလိုက်ပြီး ကိုစိန်သောင်း ဦးဇင်းအနားကပ်လိုက်သည်။
"အရှင်ဘုရား၊ ဘာဖြစ်လို့ပါလဲဘုရား"
"ခေါင်းတွေမူးနေတယ်ဒကာကြီးရယ်၊ ဘာဖြစ်မှန်းလဲမသိပါဘူး"
ဦးဇင်းလွယ်ထားသည့် သပိတ်မှာလည်း ဟောင်းလောင်းကြီးဖြစ်သည်။ ကိုစိန်သောင်းတစ်ခုခုလုပ်ရမည်မှန်းသိပြီး စဉ်းစားလိုက်သည်။ ထို့နောက် သူသယ်လာသည့် အုန်းသီးများကိုကြည့်လိုက်ကာ အကြံတစ်ခုရသွားသည်။ အုန်းသီးများဆီသို့ပြေးလာပြီး အုန်းသီးအချို့ကို ဟိုပုတ်ဒီပုတ်လုပ်ကြည့်သည်။ ထို့နောက် အုန်းသီးတစ်လုံးကိုဖြုတ်လိုက်ကာ သူ့လွယ်အိတ်အတွင်းထည့်ထားသည့် ဓါးကောက်နှင့် အုန်းသီးထိပ်ပိုင်းကို ကျင်လည်စွာဖြတ်လိုက်သည်။ ကယ်ရီသမားကလည်း ကိုစိန်သောင်းလုပ်သည်များကို ကြည့်နေလေသည်။
"ခင်ဗျားမှာ ရေဘူးပါလား"
ကယ်ရီသမားက သောက်ပြီးသားရေဘူးအခွံတစ်ခုကို ထုတ်ပေးသည့်အခါ ကိုစိန်သောင်းက အုန်းစိမ်းရေများကိုရေဘူးအတွင်းသို့ လောင်းထည့်လိုက်ပြီး ဦးဇင်းဆီသို့ ပြန်ပြေးလာခဲ့သည်။
"ဦးဇင်းဘုရား သုံးဆောင်တော်မူပါ၊ အုန်းစိမ်းရေပါဘုရား၊ အမူးအမောပြေပါတယ်"
ဦးဇင်းက အုန်းစိမ်းရေများအား မော့သောက်ချလိုက်သည်။ သုံးခါခန့်မော့ပြီးသည့်အခါ အုန်းစိမ်းရေကုန်သွားလေသည်။ ကိုစိန်သောင်းလည်း နောက်တစ်လုံးကိုထပ်ဖောက်သည်။ နှစ်လုံးခန့်သောက်ပြီးသောအခါ ဦးဇင်းမှာ သိသိသာသာ ထူထူထောင်ထောင်ဖြစ်လာပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဒကာကြီးရယ်၊ သာဓု၊ သာဓု၊ သာဓု"
"ဒီအုန်းစိမ်းရေက ဆေးဖက်ဝင်တယ်ဘုရား၊ သူက ဓါတ်ဆားရည်လိုပဲ အားပြည့်စေတယ်၊ အုန်းစိမ်းရေတိုင်းလည်းမဟုတ်ဘူးပေါ့ဘုရား၊ အတွင်းမှာ အသားသိပ်မတက်သေးတဲ့ အုန်းစိမ်းရေက ရင်ပူတယ်၊ အသားနည်းနည်းတက်နေပြီဆိုမှ ချိုပြီးတော့ သောက်လို့ကောင်းတဲ့အချိန်ပေါ့ဘုရား၊ အသားအရမ်းများသွားရင်လည်း အုန်းရေတွေက ချဉ်သွားတတ်တယ်ဘုရား၊ ကိုယ်ဝန်ဆောင်တွေ သောက်သုံးလို့ အကောင်းဆုံးပေါ့၊ အခုလို အမူးအမောဖြစ်ရင်လည်း သောက်လိုက်ရင် အားပြည့်စေတာပေါ့ဘုရား"
"အေးပါကွယ်၊ ဒါနဲ့ ဒကာကြီးက အုန်းသီးအကြောင်းတော့ တော်တော်သိပုံရတယ်"
"တင်ပါ့ဘုရား၊ တပည့်တော်က အုန်းတက်စားလာတာ အနှစ် နှစ်ဆယ်နီးပါးရှိပါပြီဘုရား"
ဦးဇင်းက ကိုစိန်သောင်းကို ဆုတွေပေးနေသည်။ ကိုစိန်သောင်းလည်း အလုပ်တစ်ဖက်ရှိသေးသည်မို့ ဦးဇင်းအား အမြန်နှုတ်ဆက်ပြီးပြန်ခဲ့ရသည်။ ဈေးထဲရောက်ပြီး အုန်းသီးများရောင်းချပြီးသောအခါ ကယ်ရီခကိုရှင်းသည်။ ကယ်ရီဆရာက ကိုစိန်သောင်းအား ငွေအချို့ပြန်ပေးသည်။
"ခုနကတည်းက သူတစ်ပါးကို ကူညီတတ်တဲ့အကို့ကိုကြည့်ရင်း လေးစားနေတာဗျ၊ ထားလိုက်ပါ၊ ကျွန်တော်ကယ်ရီခ လျှော့ပေးပါ့မယ်"
ဖြူစင်သောစေတနာမှာ ချက်ချင်းပင် ကိုစိန်သောင်းအား အကျိုးပေးတော့သည်။ ကိုစိန်သောင်းလည်း ထိုကယ်ရီဖြင့်ပင် ဆိပ်ကမ်းသို့ပြန်ဆင်းပြီး မော်တော်စီးကာ ရွာသို့ပြန်လာခဲ့တော့သည်။ ကိုစိန်သောင်း၏ စိတ်ထဲတွင်တော့ သူတစ်ပါးကိုကူညီလိုက်ရသည့်အတွက် ပီတိတစ်မျိုးဖြစ်ကာ ပျော်မြူးနေတော့သည်။
(၂)
"ဟေ့ စိန်သောင်း၊ လာစမ်းပါဦးကွ"
ကိုစိန်သောင်းတစ်ယောက် ရွာပြင်လမ်းကလေးမှ လှည့်အဝင် ဘကြီးသာ၏ ခေါ်သံကိုကြားလိုက်ရသဖြင့် ခြံအတွင်းသို့လှမ်းကြည့်လိုက်သည်။ ခပ်ကုပ်ကုပ်ဆောက်ထားသည့် တဲကလေးအရှေ့တွင် ဘကြီးသာက ငုတ်တုတ်ထိုင်နေကာ ဆေးပေါ့လိပ်တစ်လိပ်ကို အငွေ့တစ်ထောင်းထောင်းနှင့် ဖွာနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကိုစိန်သောင်းက ခြံအတွင်းသို့ဝင်လာခဲ့သည်။ ဘကြီးသာက ကိုစိန်သောင်းကိုကြည့်ပြီး
"မင်းအားရင် ငါ့အုန်းခြံကိုတက်ပေးစမ်းပါကွာ၊ အုန်းမခူးတာကြာပြီကွ"
ကိုစိန်သောင်းက အုန်းပင်တစ်ချို့ကိုမော့ကြည့်လိုက်သည်။
"ဘကြီးသာအုန်းသီးတွေက အရေသောက်မရတော့ဘူးဗျ၊ အသားတွေထူနေပြီ၊ ဈေးကောင်းသိပ်ရမှာမဟုတ်ဘူးနော်"
"အေးပါကွာ၊ မင်းတက်နိုင်တယ်ဆိုရင် ပေးချင်သလောက်သာ ပေးစမ်းပါ၊ ငါ့မှာ အုန်းတောကြီးပိုင်ပြီး အုန်းပင်တက်မယ့်လူမရှိလို့ အုန်းရေတောင် မသောက်ရတာကြာပေါ့ကွ"
"ကောင်းပြီ၊ ဘကြီးသာ၊ ကျုပ်မနက်ဖြန်မိုးမလင်းခင်လာခဲ့မယ်"
ဘကြီးသာက ခေါင်းတဆတ်ဆတ်ညိတ်သည်။ ကိုစိန်သောင်းလည်း အိမ်သို့ပြန်လာခဲ့သည်။
သူတို့ရွာကလေးက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ အုန်းတောရွာကလေးတွင်ဖြစ်သည်။ အုန်းတောဟူသည့် နာမည်အတိုင်း သူတို့ရွာကလေးတွင် အုန်းခြံများ၊ အုန်းတောများ အများအပြားရှိသည်။ တစ်ချိန်က အုန်းသီးလုပ်ငန်းဖြင့် စီးပွားဖြစ်ထွန်းခဲ့သည့် ရွာကလေးဖြစ်သော်လည်း အခုတော့ အုန်းလုပ်ငန်းကိုလုပ်ကိုင်သူမရှိတော့ပေ၊ အုန်းတက်သမားလည်း အလွန်ရှားသွားသဖြင့် အုန်းတောများမှာ သဘာ၀အတိုင်းသာ တည်ရှိနေတော့သည်။
အိမ်ပြန်ရောက်သည့်အခါ အိမ်ရှေ့ရေတိုင်ကီမှ ရေတစ်ခွက်ကိုခပ်လိုက်ကာ ခြေလက်ဆေးလိုက်သည်။ ထိုအခါ အိမ်အတွင်းမှ ကိုစိန်သောင်း၏ ဇနီး မနီထွက်လာလေသည်။
"ဘယ်လိုလဲ အဆင်ပြေရဲ့လားကိုစိန်သောင်း"
"ပြေပါတယ်ကွ၊ ပေါက်တောမှာ အုန်းသီးဈေးမကောင်းတော့ စစ်တွေတက်ရောင်းရတာပဲ၊ အုန်းသီးများတော့ မဆိုးဘူးပေါ့ကွာ"
ကိုစိန်သောင်းက သူ့ရှပ်အင်္ကျီအိပ်ကပ်အတွင်းမှ ပိုက်ဆံများကိုထုတ်လိုက်ပြီး မနီကိုပေးလိုက်ရာ မနီကရေတွက်နေလေသည်။
"ဒါထက် မနက်ဖြန်တော့ ဘကြီးသာတို့ အုန်းခြံကိုတက်မလားလို့ စိတ်ကူးတယ်ကွ"
ငွေရေနေသည့် မနီပင် ရပ်တန့်သွားလေသည်။ ထို့နောက် ကိုစိန်သောင်းကို ထူးဆန်းစွာကြည့်သည်။
"ဖြစ်ပါ့မလား ကိုစိန်သောင်း၊ ဘကြီးသာရဲ့ခြံက သရဲအရမ်းကြမ်းတယ်နော်၊ ရွာထဲက ဘယ်သူမှမတက်ဝံ့ဘူးရှင့်၊ ဘကြီးသာတောင်မှ ခြံထဲမှာမနေဘဲ ရွာထဲက သူ့သမီးအိမ်မှာ နေတာမဟုတ်လား"
ကိုစိန်သောင်းက ခေါင်းညိတ်လိုက်ပြီး မနီနံဘေးတွင်ထိုင်လိုက်ကာ ရေတစ်ခွက်ငှဲ့သောက်လိုက်ရင်း
"မင်းကလည်းကွာ၊ ဘကြီးသာခြံက သရဲခြောက်တယ်ဆိုပြီး ဘယ်သူမှမခူးရဲတော့ သူ့ကိုဈေးနည်းနည်းပါးပါးလျှော့ခိုင်းလို့ရတာပေါ့ကွ၊ အရင်းနည်းတယ်ဆိုတော့ ငါတို့အတွက်ပိုကိုက်တာပေါ့ကွာ"
"ဒါတော့မှန်ပါတယ်ရှင်၊ ဒါပေမယ့် ငွေအတွက်နဲ့ရှင့်ကို မစွန့်စားစေချင်ဘူးရှင်၊ ဘကြီးသာရဲ့ သားတောင်မှ အဲဒီအုန်းခြံတက်ရင်း သဘက်ကြီးကဆွဲချလို့ အုန်းပင်ပေါ်ကကျပြီး သေသွားခဲ့တာမဟုတ်လားတော့"
"မိန်းမရာ ဒါတွေစိတ်ပူမနေစမ်းပါနဲ့၊ မင်းသာဒီညစောစောအိပ်ပြီးအားမွေးထား၊ မင်းသားကိုလည်းပြောထားလိုက်၊ မနက်ဖြန်မိုးမလင်းခင် ငါတို့စောစောအုန်းသွားတက်ကြတာပေါ့ကွာ"
"ရှင်မလည်းနော်၊ ကျွန်မကတော့ ရင်တွေတုန်လိုက်တာ"
"ဘာမှမဖြစ်ပါဘူးမိန်းမရာ၊ ကဲ ငါဗိုက်ဆာတယ်၊ ထမင်းစားတော့မယ်ကွာ"
(၃)
"တီ . . ၊ တီ . . ."
နှိုးစက်နာရီကလေးက အသံမြည်သည်နှင့် ကိုစိန်သောင်းတစ်ယောက် မျက်လုံးများအလိုလိုပွင့်သွားကာ ငေါက်ခနဲကုန်းထလိုက်သည်။ နာရီကိုကြည့်လိုက်တော့ မနက်သုံးနာရီပင် မထိုးသေးပေ၊ နံဘေးတွင်အိပ်နေသည့် ဇနီးဖြစ်သူ မနီကိုနှိုးရလေသည်။
"မိန်းမရေ၊ ထတော့ကွ၊ ဒီနေ့ ဘကြီးသာရဲ့ ခြံကိုတက်ရမယ်မဟုတ်လား"
ဇနီးဖြစ်သူ မနီက စောင်ခြုံကွေးနေရာမှာ ကိုစိန်သောင်းသုံးလေးခါလှုပ်နှိုးလိုက်တော့ နိုးထလာခဲ့သည်။ နွေဦးရာသီဖြစ်သော်လည်း မနက်ခင်းပိုင်းတွင် ဆောင်းအငွေ့အသက်က မကုန်သေးသဖြင့် ချမ်းအေးနေသည်။ ကိုစိန်သောင်း အိမ်ရှေ့ထွက်ပြီး မျက်နှာသစ်နေချိန်တွင် မနီက အိမ်အတွင်းမှ ညည်းညူနေလေသည်။
"ဪ၊ သူများအိပ်ကောင်းနေတဲ့အချိန် ကျုပ်တို့လည်းမအိပ်ရပါလားနော်၊ ဆင်းရဲလိုက်တာ . . ."
ထို့နောက်မနီက သူ့သားကိုနှိုးလိုက်သည်။ သားဖြစ်သူ စိန်ကောင်းမှာ အသက်ဆယ့်ငါးနှစ်ခန့်ရှိနေပြီဖြစ်သည်။ ငွေကြေးချို့တဲ့သဖြင့် မူလတန်းအဆင့်သာကျောင်းနေခဲ့ရပြီး အိမ်အလုပ်များကို ဝိုင်းဝန်းကူညီပေးနေရလေသည်။ မနီက အိပ်ချင်မူးတူးနှင့် သွားတိုက်နေသည့် သူ့သားကိုကြည့်ပြီးသက်ပြင်းချသည်။
"ကျုပ်တို့ဘ၀လည်းနော်၊ သားကိုတောင်မှ ပညာမသင်ပေးနိုင်ဘူး၊ ပညာမတတ်တော့ သူ့အဖေခြေရာနင်းပြီး အစောကြီးထနေရရှာပြီ"
"တော်စမ်းပါမနီရာ၊ မင်းညည်းနေလို့လည်း ပိုက်ဆံတွေမိုးပေါ်က ကျမလာဘူး၊ လုပ်စရာရှိတာလုပ်စမ်းပါ၊ နေမပူခင် အုန်းပင်တက်လို့ပြီးမှ တော်ကာကျမှာကွ၊ နေပူလာရင် တက်ရတာမလွယ်ဘူး"
ကိုစိန်သောင်းဆော်ဩလိုက်ပြီးတော့ မိသားစုသုံးယောက် ထမင်းကြမ်းစားလိုက်ကြသည်။ ထို့နောက် ကိုစိန်သောင်းက ဘုရားစင်ရှေ့တွင်ထိုင်ပြီး ဘုရားရှိခိုးလိုက်ကာ နာရီဝက်ခန့်အကြာတွင်တော့ လိုအပ်သည့် ကိရိယာများကိုယူပြီး သုံးယောက်သား ရွာပြင်သို့ထွက်လာခဲ့သည်။
ဘကြီးသာအုန်းခြံက ရွာအစွန်တွင်တည်ရှိသည်၊ အုန်းခြံဆိုသော်လည်း ပြုပြင်ရှင်းလင်းခြင်းမရှိသဖြင့် အုန်းတောကြီးတမျှဖြစ်နေကာ အောက်ခြေလည်းရှုပ်လှသည်။ မိုးမလင်းသေးသဖြင့် အုန်းတောကြီးအတွင်း ဝင်လိုက်သည်နှင့် စိမ့်ခနဲအေးသွားသည်။ မနီမှာ ကြက်သီးများထလာလေသည်။
"ကိုစိန်သောင်း၊ ကျုပ်တော့ကြောက်တယ်၊ အခုပဲကြည့်လေ၊ ဘကြီးသာက သူ့ခြံကိုတက်ပေးပါလို့သာပြောတယ်၊ သူကျမရှိဘူးမဟုတ်လား"
"မိန်းမရာ၊ သူမရှိလည်းဘာမှမဖြစ်ပါဘူး၊ ငါအပင်ပေါ်တက်ပြီး အုန်းသီးတွေချပေးမယ်၊ မင်းတို့သားအမိ အောက်ကနေ စောင့်သယ်ကြ၊ ပြီးရင် ဟောဒီတဲကလေးရှေ့မှာပုံထားကွာ"
ကိုစိန်သောင်းက ဘောင်းဘီတိုဝတ်လိုက်ပြီးနောက် ခါးပတ်တစ်ခုကိုမြဲမြံစွာပတ်လိုက်သည်။ ထက်မြက်စွာသွေးထားသည့် အုန်းခုတ်ဓါးကို ခါးပတ်တွင်ထိုးချိတ်လိုက်ပြီးနောက် ဂုန်နီအိတ်များကို လိမ်ကျစ်ကာ ကြိုးသဖွယ်လုပ်ထားသည့် ခြေနင်းသည့် အဖတ်ကို ခြေထောက်တွင်ချိတ်လိုက်ပြီး အုန်းပင်ပေါ်သို့ ဓါတ်မီးနှင့်လှမ်းထိုးကြည့်သည်။
အုန်းသီးအရင့်များက ဈေးရသော်လည်း ပိုပြီးဈေးကောင်း အရောင်းသွက်သည်မှာ အရေသောက်အုန်းသီးခေါ် အုန်းသီးစိမ်းနုနုပင်ဖြစ်သည်။ ထို့အပြင် အုန်းသီးကို အကောင်း၊ အပုပ်၊ ခွဲခြားရန်ကလည်း ခက်သေးသည်။ ကိုစိန်သောင်းကတော့ လုပ်သက်ရင့်နေသူပီပီ အုန်းခိုင်အား ဓါတ်မီးနှင့်ထိုးကြည့်ပြိး မည်သည့်အခိုင်က အရေသောက်ရမည်၊ မည်သည့်အလုံးကတော့ ပုပ်နေသည်ဟု ကြည့်ရုံမျှဖြင့် သိနေခဲ့ပြီဖြစ်သည်။
ထို့နောက် ဓါတ်မီးကိုချလိုက်ပြီး အုန်းပင်ပေါ်သို့ စွေ့ခနဲခုန်တက်လိုက်သည်။ အုန်းပင်တက်ရသည်က ထင်သလောက်မလွယ်ကူပေ၊ အုန်းပင်များမှာ ပေတစ်ရာ၊ နှစ်ရာနီးပါး မြင့်မားကြသည်။ အုန်းတက်သည့်အခါ အပင်အောက်သို့ ငုံ့ကြည့်ပြီးမတက်ရပေ၊ အပင်အပေါ်သို့သာ ကြည့်လျှက် တက်သွားရသည်။ အပေါ်ရောက်သည့်အခါ ကိုယ်ခုတ်မည့်အုန်းခိုင်ကိုရွေးပြီး နိုင်မနိုင်ကိုချိန်ဆကြည့်ရသည်။ အုန်းခိုင်အလွန်လေးလံနေပါက ခုတ်သည့်လူအား ဆွဲချသွားတတ်ခြင်းကြောင့်ဖြစ်သည်။
အုန်းခိုင်ခုတ်ရာတွင်လည်း လက်နှစ်ဖက်စလုံးအသုံးပြုမရပေ၊ လက်တစ်ဖက်က ခိုင်မာသည့် အုန်းလက်တစ်ခုအား မြဲမြံစွာကိုင်ထားပြီးမှ တစ်ဖက်က အုန်းခိုင်ခုတ်ရသည်။ ထို့နောက် ကြိုးတပ်ပြီး အောက်သို့ချပေးလိုက်သည်။ အုန်းပင်ပေါ်မှပစ်ချလိုက်လျှင် အုန်းသီးများအထိနာသွားပြီး ဈေးကောင်းမရနိုင်ပေ။
အုန်းခုတ်ရသည်မှာ လွယ်တော့မလွယ်ပေ၊ အုန်းပင်က ယိမ်းထိုးနေသလို လေကလည်းတိုက်လှသည်။ နေထွက်ခါမှ အုန်းပင်တက်လျက် အပူဒဏ်ကိုလည်း ခံစားရသေးသည်။ ထို့ကြောင့် နေမထွက်ခင်ကတည်းက အုန်းပင်ကိုတက်ရသည်။
အုန်းခုတ်ရင်း နားချင်သည့်အခါ အုန်းပင်အပေါ်ရှိ ပလ္လင်ဟုခေါ်သည့် နေရာတွင် တက်နားရသည်။ လေအဝှေ့တွင် အုန်းပင်ကြီးက ယိမ်းထိုးနေတတ်သဖြင့် တော်ရုံလူဆိုလျှင် အုန်းပင်ပေါ်မှမူးပြီး ပြုတ်ကျတတ်သည်။ အုန်းတစ်ပင်ခုတ်ပြီးပါက ထိုအုန်းပင်ပေါ်မှပြန်ဆင်းရသည်။ ဆင်းသည့်အခါတွင်လည်း အောက်ကိုကြည့်မဆင်းရဘဲ အပေါ်သို့သာကြည့်ပြီးပြန်ဆင်းရသည်။ အချို့မှာ အောက်သို့ကြည့်မိပြီး လေဟပ်ကာ ခေါင်းမူးသွားတတ်သည်။ ထိုသို့ခေါင်းမူးပြီး ပြုတ်ကျလျှင် သေသွားနိုင်သလို၊ ပြင်းပြင်းထန်ထန်လည်း ကျိုးသွားနိုင်သည်။ အုန်းတက်သည့်အလုပ်မှာ ထိုမျှခက်ခဲပြီး အသက်အန္တရာယ်ရှိသဖြင့် နောက်ပိုင်းလူငယ်များမှာ အုန်းမတက်ကြတော့ဘဲ နိုင်ငံရပ်ခြားသို့သွားကာ အလုပ်လုပ်ကိုင်ကြသဖြင့် အုန်းဈေးကွက်ပျက်သွားရခြင်းဖြစ်သည်။
အပင်တစ်ပင်ပေါ်တက်ပြီး အောက်ရောက်သောအခါ ခဏနားသည်၊ ငါးမိနစ်ခန့်နားပြီးလျှင် နောက်တစ်ပင်ပေါ်သို့တက်ရပြန်သည်။
ကိုစိန်သောင်းအုန်းပင်ပေါ်တက်နေချိန်တွင် မနီနှင့် သားဖြစ်သူစိန်ကောင်းက အုန်းသီးများကို အပုပ်လား၊ အညံ့လားဟု ခွဲခြားကာ တဲရှေ့တွင်စုပုံထားလေသည်။ ထိုအချိန်တွင် တဲပတ်ပတ်လည်တွင် ခြေသံများကိုကြားရသည်။
"ဘကြီးသာ၊ ရောက်ပြီလား"
မနီက အသံပေးသော်လည်း ဘာသံမှမကြားရ၊ မနီက ဘကြီးသာလာခြင်းဖြစ်မည်ဟု တွေးနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် တဲအားပတ်ကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ရပေ။ မနီတစ်ယောက် ကျောချမ်းသွားမိသည်။
"ရှပ် . .ရှပ် . .ရှပ်"
ဖိနပ်သံက တဲအနောက်တွင်ပေါ်လာပြန်သည်။ သားဖြစ်သူကလည်း မနီအနားတွင်ရှိနေသဖြင့် သားဖြစ်သူမဖြစ်နိုင်၊ ကိုစိန်သောင်းကလည်း အုန်းပင်ပေါ်မှာဖြစ်သည်။ မနီကျောတွေချမ်းလာသည်။ လမ်းလျှောက်သံမှာ ရာဘာဖိနပ်ကို ဆွဲပြီးလျှောက်နေသည့် အသံမျိုးဖြစ်သည်။
သားဖြစ်သူမှာ အပင်အောက်မှ အုန်းခိုင်များကို သွားယူလေရာ တဲအနီးတွင် မနီတစ်ယောက်တည်းကျန်နေခဲ့သည်။
"တောက် . . ."
ကျယ်လောင်သည့် တောက်ခေါက်သံကြီးတစ်ခုကို ပီပီသသကြားလိုက်ရသည်။ မနီကြောက်စိတ်ကိုမနည်းထိန်းထားရသည်။ တဲအနီးတွင် မနေသင့်တော့မှန်းသိလိုက်ပြီးနောက် အုန်းတက်နေသည့်နေရာသို့ လိုက်လာခဲ့သည်။
(၄)
ကိုစိန်သောင်းက အုန်းပင်တစ်ပင်ပေါ်မှပြန်ဆင်းလာပြီးနောက် နောက်ထပ်တက်မည့်အပင်ကိုလိုက်ရှာသည်။ ထိုအခါ တောစပ်အနီးရှိ အုန်းပင်တစ်ပင်ကိုတွေ့လိုက်ရသည်။ ထိုအပင်အား တက်မည်အလုပ်တွင် ထိုအနီးရှိ အခြားအုန်းပင်တစ်ပင်
ပေါ်မှ တဒေါက်ဒေါက်နှင့် ခေါက်နေသည့်အသံကို သုံးယောက်စလုံးကြားလိုက်ရသည်။
"ကိုစိန်သောင်း ရှင်ကြားလား"
"အေးကြားတယ်ကွ"
သူတို့သစ်ပင်ပေါ်သို့ ဓါတ်မီးဖြင့်လှမ်းထိုးလိုက်သည်။ ထိုအခါ အုန်းပင်ပေါ်တွင် လူပုံသဏ္ဍာန်မဲမဲကြီးတစ်ကောင်မှာ ဖက်တွယ်နေသည်ကို ဓါတ်မီးအလင်းရောင်အောက်တွင်မြင်ရသည်။ တစ်ကိုယ်လုံးမဲနက်နေပြီး မျက်လုံးကြီးနှစ်လုံးမှာ ဝါဖန့်ဖန့်ကြီးလင်းထိန်နေလေသည်။
"အောင်မယ်လေး သရဲ၊ သရဲတော့"
ထိုအခါ အုန်းပင်ပေါ်မှ တဒေါက်ဒေါက်အသံသည်လည်း ပိုပြီးကျယ်လောင်လာခဲ့သည်။ မနီတို့သားအမိမှာ ကြောက်လန့်နေသော်လည်း ကိုစိန်သောင်းကတော့ ကြောက်လန့်ရမည့်အစား တစ်ခုခုကိုတွေးတောနေမိသည်။ ကိုစိန်သောင်း တွေးတောနေမိသည်ကတော့ ဖခင်ဖြစ်သူပြောဖူးသည့် အကြောင်းအရာတစ်ခုကိုဖြစ်သည်။
"ချိုးအမြုတေတို့၊ ငုံးအမြုတေလို့ရှိသလို၊ အုန်းပင်မှာလည်း အုန်းအမြုတေဆိုပြီးတော့ ရှိတတ်တယ်ကွ"
ကိုစိန်သောင်းအဖေမှာလည်း အုန်းတက်သမားတစ်ဦးဖြစ်သည်။ ကိုစိန်သောင်းမှာ အဖေဖြစ်သူထံမှ အုန်းတက်နည်းကို အမွေရပြီး အုန်းတက်စားနေသူတစ်ဦးဖြစ်သည်။
"အုန်းအမြုတေက ဘာဖြစ်လို့လဲအဖေရ"
"အမြုတေဆိုတာ ရှားတယ်ကွ၊ နောက်ပြီးတော့ အမြုတေဆိုတာ တောကြမ်း၊ တောင်ကြမ်း၊ အခြောက်အလှန့်ကြမ်းတဲ့နေရာတွေမှာရှိတတ်တယ်ကွ၊ အဲဒီအခြောက်အလှန့်တွေကို ကျော်ဖြတ်နိုင်မှသာ အမြုတေကို ရတတ်တာကွ"
"ဆက်ပြောပါဦးအဖေ၊ ကျုပ်စိတ်ဝင်စားလို့"
အုန်းအမြုတေရှိတဲ့အပင်ဟာ ခြောက်သွေ့နေတတ်တယ်ကွ၊ နောက်ပြီးတော့ အပင်ပေါ်ကနေလည်း တဒေါက်ဒေါက်နဲ့ အသံကြားနေရတတ်တယ်၊ မသိတဲ့လူတွေကတော့ သရဲခြောက်တယ်လို့ ထင်ကြတာပေါ့ကွာ၊ ဒါတင်ဘယ်ကမလဲ လပြည့်လကွယ်လို ညတွေဆိုရင် အလင်းရောင်ထွက်တာ၊ အသံပေးတာတွေပြုလုပ်တတ်တယ်ကွ"
"အဲဒါရရင် ဘာဖြစ်သလဲအဖေ"
"အုန်းအမြုတေက လာဘသိဒ္ဓိပြီးတယ်ကွ၊ အဖေသံတွဲဘက်မှာ တစ်ခုမြင်ဖူးတယ်၊ အုန်းသီးက ခပ်သေးသေးပဲ၊ အုန်းသီးခွံကိုခွာလိုက်ရင် အထဲမှာ မျောက်ခေါင်းလိုလို အစက်ကလေးသုံးစက်ပါတယ်ကွ၊ ရှိနေကျ အုန်းသီးတွေထက် ပိုပြီးထူးခြားတယ်၊ နောက်ပြီး အသံကလည်း အမြဲမြည်နေတတ်တယ်ကွ၊ အဲဒီအသီးလေးကို ဈေးဆိုင်တွေဘာတွေမှာချိတ်ထားရင် အလွန်လာဘ်ရွှင်သတဲ့ကွာ"
"ဒါဆို အဲဒီအုန်းသီးအမြုတေက အမြဲတမ်းအသံမြည်နေတာပဲလား"
"ဒီလိုတော့မဟုတ်ဘူးသားရဲ့၊ သူက ထိုက်တဲ့လူလက်ထဲရောက်ရင် အသံတိတ်သွားတယ်၊ မထိုက်တန်တဲ့လူရဲ့လက်ထဲကိုရောက်သွားရင် အသံကမြည်နေဆဲပဲတဲ့၊ အဲဒီလိုအသံမြည်နေဆဲဆိုရင် အုန်းအမြုတေကို မယူရဘူးတဲ့ကွ၊ အိမ်ခိုက်တတ်တယ်တဲ့"
ထိုစကားများကို ငယ်ရွယ်စဉ်ကသာ ကြားဖူးသဖြင့် တကယ်မရှိခဲ့ဟု ကိုစိန်သောင်းယူဆခဲ့သော်လည်း အခုတော့ မျက်မြင်လက်တွေ့ ကြုံနေရပြီဖြစ်သည်။ ကိုစိန်သောင်းက အသံမြည်နေသည့် အပင်ပေါ်ကို သေချာအောင်ဓါတ်မီးဖြင့်ထိုးကြည့်လိုက်ရာ အုန်းသီးများမှာခြောက်သွေ့နေသလို အရွက်များမှာလည်းခြောက်သွေ့ကာ တွဲလောင်းကျနေလေသည်။
"ယောက်ျား ပြန်ရအောင်ရှင်"
ကိုစိန်သောင်းက သေချာပြင်ဆင်လိုက်ပြီး
"ငါအဲဒီအပင်ကိုရအောင်တက်မယ်ကွ"
မနီတို့သားအမိမှာအလွန်ထိတ်လန့်သွားသည်။
"မသွားပါနဲ့လား ကိုစိန်သောင်းရယ်၊ အပင်ကြီးကလဲ ခြောက်နေတာပဲ၊ နောက်ပြီးအပင်ထက်ဝက်လောက်မှာ သရဲကြီးကလည်းရှိသေးတယ်မဟုတ်လား၊ ကျုပ်အထင်တော့ ဒါကသေသွားတဲ့ ဘကြီးသာရဲ့ သားများ မကျွတ်ဘဲ ခြံစောင့်အဖြစ် ရှိနေတာလားမသိဘူး"
"မင်းတို့အသာနေစမ်းပါကွာ၊ ငါဒီအပင်ကို ရအောင်တက်မယ်"
ကိုစိန်သောင်းက အုန်းပင်ပေါ်သို့တက်သွားသဖြင့် မနီတို့သားအမိလည်းမတားဖြစ်တော့ပေ၊ သားဖြစ်သူစိန်ကောင်းကတော့ အုန်းပင်ပေါ်သို့ဓါတ်မီးဖြင့် ထိုးပေးနေလေသည်။ မကြာခင် အုန်းပင်ပေါ်မှ သရဲကြီးနှင့် လက်တစ်ကမ်းအကွာခန့်ရောက်လာသည်။ ကိုစိန်သောင်းက ခါးကြားတွင်ထိုးထားသည့် ဓါးကိုဆွဲဖြုတ်ပြီး သရဲကြီးအား ဓါးဖြင့်လှမ်းခုတ်လိုက်သည်။ သရဲကြီးမှာ အနောက်သို့တဖြည်းဖြည်းဆုတ်သွားလေသည်။ ဓါးခုတ်ချက်မှာ သရဲကြီးကိုထိသော်လည်း ဖောက်ထွက်သွားပြီး အုန်းပင် ပင်စည်ကိုသာ ထိလေသည်။
သရဲက ဇောက်ထိုးကြီးအပင်ပေါ်သို့တက်သွားရာ အနောက်မှ ကိုစိန်သောင်းက လိုက်လာခဲ့သည်။ သရဲကြီးမှာ သစ်ပင်ထိပ်သို့ရောက်သည့်အခါ အခြားတစ်ပင်ပေါ်သို့ လွှားခနဲခုန်ပြေးသွားကာ အုန်းပင်များအကြားတွင် ပျောက်ကွယ်သွားလေသည်။ အုန်းခိုင်များအတွင်းရှိ အုန်းသီးတစ်လုံးမှာ အနီရောင်မှိန်ဖျော့ဖျော့လင်းလျက်ရှိရာ ကိုစိန်သောင်းလည်း ထိုအုန်းသီးအညှာကိုဓါးဖြင့်ခုတ်ကာ အုန်းသီးကိုလှမ်းဆွဲလိုက်လေသည်။
အုန်းသီးမှာ ထူးဆန်းစွာပင် မှိန်ဖျော့ဖျော့လင်းနေလေသည်။ အုန်းသီးအားကိုင်ပြီး နားနှင့်ကပ်ကြည့်ရာ အတွင်းတွင် တဒေါက်ဒေါက်နှင့် လှုပ်ရှားနေသံကို ကြားရသဖြင့် ကိုစိန်သောင်းလည်း ဝမ်းသာအားရနှင့် အုန်းပင်ပေါ်မှပြန်ဆင်းခဲ့သည်။
"မိန်းမရေ ငါတို့တော့ ထောပြီ၊ ပွပြီကွ"
"ရှင်ဘာတွေပြောနေတာလဲ ကိုစိန်သောင်း"
"ဒီမှာကြည့်စမ်း၊ ဒီအုန်းသီးက ရိုးရိုးအုန်းသီးမဟုတ်ဘူးကွ၊ အုန်းအမြုတေ ကွ"
မနီနှင့် သားဖြစ်သူမှာ အလွန်အံ့ဩနေသည်။ အုန်းသီး၏ ခြောက်သွေ့နေသည့်အခွံများအတွင်းမှ အနီရောင်အလင်းများက လင်းထွက်နေလေရာ ကိုစိန်သောင်းမှာ စောင့်မကြည့်နေနိုင်တော့ဘဲ အုန်းသီးခွံကို ဓါးနှင့်ခုတ်ပစ်လိုက်သည်။
အခွံကိုသိပ်ပြီးခွာစရာမလိုပေ၊ အတွင်းမှ တင်းနစ်ဘောလုံးအရွယ် ချောက်သွေ့နေသည့် အုန်းသီးထွက်လာခဲ့သည်။ အုန်းသီးခွံတွင်တော့ တွင်းနက်ကလေးသုံးပေါက်ပါပြီး အတော်ချိုင့်ဝင်နေလေရာ မျောက်ခေါင်းသဏ္ဌာန်နှင့်ပင်တူနေသည်။ နောက်ဆုံးတော့ ကိုစိန်သောင်းတစ်ယောက် ထိုအုန်းအမြုတေကို သူနှင့် ထိုက်မထိုက် စစ်ဆေးရန်သာကျန်တော့သည်။
"ကျုပ်နဲ့ထိုက်တယ်ဆိုရင် အသံမြည်နေတာရပ်သွားပါစေ"
ကိုစိန်သောင်းရေရွတ်လိုက်ပြီးနောက် အုန်းအမြုတေကို လက်နှစ်ဖက်ဖြင့် သေသေချာချာကိုင်ကြည့်လိုက်သည်။ ထူးဆန်းသည်က တဒေါက်ဒေါက်ဖြင့် ကျယ်လောင်စွာထွက်ပေါ်နေသာအသံမှာ ရပ်တန့်သွားလေတော့သည်။ ကိုစိန်သောင်းအလွန်ပျော်သွားပြီး ကလေးတစ်ယောက်လို အော်ဟစ်ကာ ကခုန်နေမိသည်။ မနီနှင့် သားဖြစ်သူကတော့ သူ့အားကြောင်တောင်တောင်နှင့် ကြည့်နေလေသည်။
"ဟဲ့သား၊ မင်းအဖေရူးသွားတာလား"
"ရူးတာမဟုတ်ဘူးမိန်းမရေ၊ ငါတို့နဲ့ထိုက်လို့ အုန်းအမြုတေရလိုက်ပြီ၊ ငါတို့ချမ်းသာတော့မယ်၊ ချမ်းချမ်းသာသာ နေရတော့မယ်ကွ"
ကိုစိန်သောင်းပြောနေသော်လည်း မနီမှာ ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့်ရှိနေသည်။
"အဲဒါကလေးရှိရုံနဲ့ ကျုပ်တို့က ဘယ်လိုချမ်းသာသွားမှာလဲရှင့်၊ ကျုပ်ဖြင့် နားမလည်နိုင်ပါဘူးတော်"
မနီပြောတာကလည်း ဟုတ်နေပြန်သည်။ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားရသည့်ဘ၀မို့ ချက်ချင်းလက်ငင်းချမ်းသာသွားမည်ဆိုသည်မှာ မယုံကြည်နိုင်စရာကောင်းလှပေသည်။ သို့သော် ကိုစိန်သောင်းကတော့ ယုံကြည်သည်၊ ယနေ့ အုန်းသီးများကို စစ်တွေတက်ရောင်းလျှင် အုန်းအမြုတေကလေးကိုလည်း သယ်ဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
မနက်မိုးလင်းသည့်အခါ အုန်းသီးများနှင့်အတူ ကိုစိန်သောင်းစစ်တွေသို့ တက်လာခဲ့သည်။ လွယ်အိတ်ထဲတွင်တော့ အုန်းအမြုတေကလေးကို ထည့်လာလေသည်။ စစ်တွေဆိပ်ကမ်းတွင်ဆိုက်ပြီး အုန်းသီးတွေချချချင်းပင် လူတစ်ဦးက သူ့ဆီပြေးလာလေသည်။
"အုန်းသီးတွေ လှလိုက်တာ၊ ရောင်းမလို့လားဗျ"
"ဟုတ်တယ်၊ ရောင်းမလို့"
"ဒါဆို ကျုပ်ဆိုင်ကိုရောင်းပါဗျာ၊ ဒီဈေးကလူတွေပေးတာထက် ကျုပ်နည်းနည်းပိုပေးပါ့မယ်"
သို့နှင့် ကယ်ရီငှားပြီး ထိုဆိုင်သို့ရောင်းချလိုက်သည်။ အုန်းသီးတစ်လုံး ငါးရာခန့်ရသည့်အချိန်တွင် ထိုဆိုင်က ခြောက်ရာပေးသည်၊ အလုံးကောင်းလျှင် ရှစ်ရာအထိရလေရာ ကိုစိန်သောင်းအတွက် ဆိုးတော့မဆိုးလှပေ။ ဆိုင်တွင်ရောင်းချပြီး ဆိုင်ရှင်က ပိုက်ဆံချေပေးမည်ကို ထိုင်စောင့်နေချိန်တွင် ဆိုင်အတွင်းသို့ ဈေးဝယ်တစ်ဦးဝင်လာလေသည်။
"အုန်းသီးဘယ်ဈေးလဲ"
"ဟိုအသေးလေးတွေက ထောင့်နှစ်ရာ၊ အကြီးကတော့ ထောင့်ငါးရာ"
ကိုစိန်သောင်းပင် မျက်လုံးပြူးသွားရသည်။ လက်လီရောင်းသည့်ဈေးက သူရောင်းသည့်ဈေးနှင့် ကြောက်ခမန်းလိလိကို ကွာနေသည်။
"ငါသာ လာရောင်းလိုက်လို့ရတော့၊ ပိုပြီးကိုက်မှာပဲ"
ကိုစိန်သောင်းတစ်ယောက် ဆိုင်ဖွင့်ရန်ကြံစည်မိသည်။ ကယ်ရီသမားနှင့် စကားစပ်မိသည့်အခါ ဈေးကလေးအနောက်ဘက်ရှိ အမှိုက်ပုံကြီးအနားတွင် ဆိုင်ခန်းတစ်နေရာရသဖြင့် ကိုစိန်သောင်းဆိုင်ဖွင့်ဖြစ်သွားလေသည်။ ဆိုင်တွင် အုန်းအမြုတေကလေးကို အုန်းဆံကြိုးများဖြင့် သေသေချာချာလှလှပပ ချိတ်ဆွဲထားလေသည်။ အမှိုက်ပုံနံဘေးဆိုသော်လည်း ဝယ်သူများက သူ့ဆိုင်ကိုလာရောက်ဝယ်ယူကြရာ အလွန်စီးပွားဖြစ်လေသည်။
တစ်နှစ်ခန့်ကြာသည့်အခါ ဈေးစည်ပင်သာယာရေးက အမှိုက်ပုံကြီးကိုဖယ်ရှားလိုက်ပြီး ထိုနေရာတွင် ဆိုင်ခန်းများဆောက်ကာ ကွန်ကရစ်လမ်းခင်းပေးလိုက်လေသည်။ ဈေးကိုပတ်ပြီးဝင်ရသည့် အနောက်ဘက်လမ်းမကြီးဖြစ်သွားတော့သည်။ ကိုစိန်သောင်းမှာလည်း ဆိုင်ခန်းတစ်ခန်းကိုငှားရမ်းလိုက်နိုင်ပြီး သူတို့နေရာကလေးမှာ အချက်အချာကျသည့်နေရာဖြစ်သွားလေသည်။
အုန်းအမြုတေကလေးကြောင့်လား၊ ကိုစိန်သောင်း၏ ကြိုးစားမှုကြောင့်လားမပြောတတ်ပေ၊ လေးငါးနှစ်အကြာတွင်ပင် ကိုစိန်သောင်းတို့ဆိုင်မှာ ဆိုင်ကြီးကနားကြီးဖြစ်သွားလေသည်။ ကိုစိန်သောင်းလည်း အုန်းတောရွာတွင်သာမက အခြားနီးစပ်ရာ ကျွန်းများသို့ပါ စက်လှေဖြင့်သွားကာ အုန်းသီးများသယ်ယူလျက် ကုန်ကူးနေရတော့သည်။ ထို့အပြင် အုန်းတောရွာတွင် အုန်းဆီချက်စက်ကိုတည်ထောင်လိုက်ပြီး အုန်းဆီလုပ်ငန်းများကိုလည်းလုပ်ကိုင်တော့သည်။ ယခုဆိုလျှင် ကိုစိန်သောင်းတို့ဆိုင်မှာ အုန်းသီးများကို နယ်များအထိပါ ကားဖြင့်တင်ပို့ရောင်းချရသည်အထိ လုပ်ငန်းတွင်နေပြီဖြစ်သည်။
တစ်သက်လုံး အုန်းပင်တက်ပြီး မချမ်းသာသည့် ကိုစိန်သောင်းမှာလည်း အုန်းလုပ်ငန်းဖြင့်အကျိုးပေးပြီး ကျိကျိတက်မချမ်းသာသည့်တိုင် တဖြည်းဖြည်းနှင့်အဆင်ပြေလာခဲ့ရာ အခုဆို သားဖြစ်သူ စိန်ကောင်းပါ လုပ်ငန်းများကို ဦးစီးလုပ်ကိုင်နိုင်နေပြီဖြစ်သည်။ အကြောင်းညီညွတ်သဖြင့် ကိုစိန်သောင်းတို့ဆိုင်သို့ တစ်ခါတစ်ခေါက်ရောက်ခဲ့မည်ဆိုပါက ဘုရားစင်နံဘေးတွင် တွဲလောင်းဆွဲထားသည့် အုန်းအမြုတေကလေးကို သတိထားမိပါက မြင်တွေ့နိုင်ကြမည် ဖြစ်ပါတော့သည်။
ပြီးပါပြီ။
(အမည်နာမများနှင့် ရပ်ရွာဒေသများကို အနည်းငယ်လွှဲပြောင်း၍ ရေးသားထားပါသည်)
အဂ္ဂဇော်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်