The Days We Buried
lotaya.mpt.com.mm
|
2023-11-15

It’s a Good Day To Keep The Secret

အထက်တန်းကျောင်းပြီးသွားတဲ့နေ့မှာ သူမ သုံးနှစ်တာ တိတ်တခိုးချစ်ခဲ့ရတဲ့ သူငယ်ချင်းကောင်လေးက ကောင်မလေးရသွားခဲ့တယ်။ သူ့ကို ဖွင့်ပြောမယ်လို့ ရည်ရွယ်ထားခဲ့တဲ့ နေ့မှာပဲ။ သူ့မိန်းကလေးရဲ့ ဓာတ်ပုံကိုပြတော့ သူမ ညင်ဖွဖွကလေးပဲ ပြုံးလို့ သူမရဲ့ လက်တွေကြားထဲက ဖန်ပုလင်းလေးကို တင်းတင်းပွေ့ပိုက်လိုက်မိတယ်။

"အလှလေးပဲ။ နင်နဲ့တောင် မတန်ဘူး"

သူမရဲ့ သူငယ်ချင်းကောင်လေးက ခပ်ဟဟရယ်တယ်။ သွေးကြောစိမ်းတွေ ယှက်သွယ်နေတဲ့ သူ့လည်တိုင်ကို မော့လှန်ရင်း အိမ်ပြန်နေတဲ့တိမ်တွေကို မျက်နှာမူလို့ ပင့်သက်ရှိုက်လိုက်တယ်။ ညနေခင်းက ခပ်ဆွေးဆွေးကလေးရယ်။ နွေဦးရဲ့ Tabebuia ပန်းဝါကလေးတွေက ပျင်းရိရိနဲ့ သူတို့ရဲ့နား ကြွေဆင်းသက်နေခဲ့တဲ့အချိန်၊ တိမ်တွေကလည်း စိတ်မပါစွာနဲ့ အိမ်ပြန်နေခဲ့တဲ့အချိန်၊ ဆည်းဆာကလည်း တောင်ကုန်းတွေထက် အိပ်မောကျနေခဲ့တဲ့အချိန်။

"နင်ကရော နင်သဘောကျတဲ့ကောင်လေးကို ဘယ်တော့ဖွင့်ပြောမှာလဲ"

"နောက်မှပေါ့ ...၊ နောက်မှ"

"နင့်ဖန်ပုလင်းလေး ပြည့်နေပြီလေ။"

"...."

"နင်ပြောတော့ ဒီဖန်ပုလင်းလေးထဲ စက္ကူကြယ်ကလေးတွေ ပြည့်တဲ့နေ့ကျရင် အဲ့ကောင်လေးကို နင်ဖွင့်ပြောမယ်ဆို"

"အင်၊ နောက်မှပေါ့... နောက်မှ"

သူတို့ကြားထဲ ခဏတိတ်ဆိတ်သွားကြတယ်။ တိမ်တွေက သူမကို ငုံ့ကြည့်ရင်း နှစ်သိမ့်သွားကြသလိုပဲ။ ပြန်ရမဲ့အချိန်ရောက်ရင် အိမ်ဟာ ပြန်ရမှာပဲ။ ဆက်နေခွင့်မရှိတော့တဲ့ တစ်နေ့ဆိုတာ ရောက်လာလိမ့်မယ်။ သူမက ဘာမို့လို့လဲ။ ဒီအတိုင်း သူငယ်ချင်းမလေးပဲလေ။

"ငါတို့ Time Capsule လုပ်ရအောင် နောင်"

"...."

"အခု ငါတို့က အထက်တန်းပြီးကာစ လူငယ်ကလေးတွေဆိုပေမယ့် အနာဂတ်မှာ ငါတို့ဘာဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး။ အချိန်တွေကို ဆယ်နှစ်မြုပ်နှံပြီးသွားလို့ နင်ရော ငါရော အရွယ်ရောက်တဲ့တစ်နေ့ကျရင် ဒီကိုပြန်လာပြီး အခုရဲ့ ငါတို့ကို ပြန်ရှာကြမယ်။ အဲ့အချိန်ကျရင် နင်လည်း နင့်ရည်မှန်းချက်တွေပြည့်ဝနေပြီးတဲ့ ယောကျ်ားသားတစ်ယောက်ဖြစ်နိုင်သလို... ငါလည်း... "

ငါလည်း နင့်ကို သဘောမကျတော့မဲ့ မိန်းမတစ်ယောက်ဖြစ်နိုင်တာပဲ။

သူမရဲ့ သူငယ်ချင်းကောင်လေးက အဲ့ဒီအကြံကို စိတ်ဝင်စားခဲ့ပါတယ်။ "ငါလည်း အနာဂတ်မှာ ငါဘယ်လိုလူဖြစ်နေမလဲ စိတ်ဝင်စားတယ်" တဲ့ .... ။

ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကျောပေးရင်း စာတစ်စောင်စီချရေးခဲ့ကြတယ်။ သူမ သူငယ်ချင်းကောင်လေးရဲ့ ကျောင်းဝတ်စုံအဖြူစကလေးက သူမဆံပင်ရှည်ရဲ့အဖျားနားမှာ တဖျပ်ဖျပ် လွင့်လို့... ။ ပန်းဝါကလေးတွေကလည်း သူတို့နားမှာ ဆက်လက်ကြွေကျလို့။

ဘာနဲ့ ထည့်မြှုပ်မလဲလို့ သူမ,မေးတဲ့အခါ သူငယ်ချင်းကောင်လေးက သူ့ကျောင်းစာအုပ်တွေကို ကချင်လွယ်အိတ်ထဲက ထုတ်ရင်း တောင်ကုန်းကလေးထိပ်ကနေ လွှင့်ပစ်လိုက်တယ်။

"ငါတော့ စာမေးပွဲကို နောက်တစ်ကြိမ်ပြန်မဖြေတော့ဘူး။"

အံ့သြမှင်သက်ရင်းကနေ သူမ, သူနဲ့အတူ လိုက်ရယ်ဖြစ်ခဲ့သေးတယ်။

"နင်ကတော့ အမြဲ မရိုမသေပဲ"

ဆည်းဆာက တောင်ကုန်းကလေးထိပ်ကို မနှုတ်ဆက်ခင်လုလုမှာပဲ သူတို့ဟာ မျက်စိတွေကို အတူတကွ စုံမှိတ်ထားရင်းကနေ ကချင်လွယ်အိတ်ကလေးထဲကို ထည့်လိုရာ တစုံတရာ ကိုယ်စီ ထည့်သွင်းခဲ့ကြတယ်။ ကချင်လွယ်အိတ် သိုင်းကြိုးကလေးနဲ့ပဲ ကချင်လွယ်အိတ်ကလေးကို ပြန်တုပ်ချည်တယ်။ ခပ်တိမ်တိမ်တွင်းကလေးကို သူတို့လက်တွေနဲ့ပဲ ကြုံရာကိုင်လို့ တူးဆွရင်း သူတို့လက်တွေနဲ့ပဲ မြေအစိုင်အခဲတွေ ပြန်ဖြည့်တင်းခဲ့ကြတယ်။ ကျောက်ခဲလေးတွေကို တစ်ထစ်ချင်း စုပုံလို့ အမှတ်သားပြုလုပ်ခဲ့ကြတယ်။

ဆည်းဆာခခဲ့တဲ့ တောင်ကုန်းထိပ်ကလေးမှာ ပန်းဝါကလေးတွေပွင့်တဲ့ သစ်ပင်ကလေးတစ်ခုရှိခဲ့တယ်။ အဲ့ဒီသစ်ပင်ကလေးအောက်မှာတော့ သူတို့အတူတကွ မြှုပ်ခဲ့တဲ့ ကချင်လွယ်အိတ်ကလေး ရှိခဲ့တယ်။ အဲ့ဒီ လွယ်အိတ်ကလေးထဲမှာတော့ ... ကိုယ်တိုင်သာ သိနိုင်မဲ့ တစ်ခုသော နွေဦးရဲ့ လျှို့ဝှက်ချက်တွေ ရှိခဲ့ကြပါတယ်။

ပြန်ကြရအောင်လို့ သူပြောတဲ့အခါ သူငယ်ချင်းကောင်လေးက သူလဲချထားတဲ့ စက်ဘီးဝါကလေးကို သွားပြန်ထောင်ယူတယ်။

"တက်... ငါနင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ်"

ဒီနေ့က နောက်ဆုံးပဲ။ ဒီစက်ဘီးဝါကလေးမှာ သူမ လိုက်စီးနိုင်မဲ့ အခွင့်အရေး ဒီနေ့က နောက်ဆုံးပဲ... ။ နောက်ဆုံးအနေနဲ့ သစ်ပင်အောက်ကလေးကို ပြန်ငဲ့ကြည့်တယ်။

သူငယ်ချင်းကို သဘောကျမိကြတဲ့ လူတိုင်းဟာ လျှို့ဝှက်ချက်တစ်ခုကို ဘဝမှာ မြှုပ်နှံခဲ့ရကြတယ်။

The Day We Have to Say GoodBye

ဆယ်နှစ်စာ သယ်ဆောင်သွားကြတယ်။ ဆယ်နှစ်ဆိုတဲ့ အချိန်ဟာ ဘာမဆို ပြောင်းလဲဖြစ်ပွားနိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်တစ်ခုပဲ။ လူတွေလည်း ဝင်လာနိုင်တယ်။ လူတွေလည်း ထွက်ခွာသွားနိုင်တယ်။

သူမရဲ့ သူငယ်ချင်း ကောင်လေးဟာ သူဖြစ်ချင်တဲ့ အိပ်မက်တွေကို ရာနှုန်းပြည့်လုလု အကောင်ထည်ဖော်ပြီးနေခဲ့ပြီ။ ကောင်းခြင်း၊ ဆိုးခြင်း မှန်သမျှ, မျှဝေပေးနိုင်မဲ့ လက်တွဲဖော်တစ်ယောက်လည်း ရှိထားပြီးနှင့်ခဲ့ပြီ။

သူမ ကလည်း ... အရင်ထက် တည်ငြိမ်တဲ့ မိန်းမတစ်ယောက်ဖြစ်နေခဲ့ပြီ။ ခံစားချက်တွေကို ဖွင့်ဟဖို့ရော၊ ခံစားချက်တွေကို ထိန်းချုပ်ဖို့ရော.. လုံလုံလောက်လောက် တတ်ကျွမ်းပြီးနှင့်ခဲ့ပြီ။

ဆောင်းအကုန် နွေအကူး တစ်ညနေခင်းမှာပဲ ငါ့သူငယ်ချင်းကောင်လေးက ငါ့ဆီဖုန်းဆက်လာခဲ့ပါတယ်။

"မွန်း... ငါတို့ ပြန်သွားကြမလား"

"...."

"ဒီနေ့က အဲ့နေ့ပဲလေ"

March လ Twenty-Four ,

ဆယ်နှစ်ဆိုတာ သိပ်ကို မြန်တာပဲ။

"ဆယ်နှစ်တောင် ကြာသွားခဲ့ပြီကို" လို့ သူမ ရေရွတ်မိတော့ သူငယ်ချင်းကောင်လေးကလည်း လက်ခံတယ်။ လျှောက်လာခဲ့တုန်းက မသိသာပေမယ့် ပြန်ငဲ့ကြည့်မိမှ သူတို့က တော်တော်ဝေးဝေးကို ရောက်နေခဲ့ပြီ။ အများကြီးလည်း ပြောင်းလဲပြီးနေခဲ့ပြီ။

တစ်ညနေခင်းရဲ့ အပြန်လမ်းလိုပဲ တစ်ညနေခင်းရဲ့ အသွားကလေးမှာ သူမဟာ သူမောင်းတဲ့ ကားထဲမှာပဲ သူ့နံဘေးနား ထိုင်လိုက်ခဲ့တယ်။ ပြန်သွားကြတဲ့ အချိန်မှာ သူတို့ဟာ ကျောင်းစိမ်းတွေ မဝတ်ထားခဲ့ကြဘူး။ သူလည်း အရပ်တွေ ရှည်လာခဲ့သလို၊ သူမဆံပင်တွေလည်း ပိုရှည်နေခဲ့ပြီ။

တောင်ကုန်းကလေးထိပ်ကို တရွေ့ရွေ့ လျှောက်တက်သွားကြရင်းကနေ သူမ,သူ့ကို မေးကြည့်ခဲ့ပါတယ်။

"နင့်ဘဝမှာ နင်မသိခဲ့ရလို့ နောင်တရမယ့် လျှို့ဝှက်ချက်မျိုး ရှိမလား နောင်"

သူမရဲ့ သူငယ်ချင်းကောင်လေးက ဆည်းဆာရဲ့ ရောင်နီတွေလိုပဲ ယဲ့ယဲ့ကလေး ပြုံးရှာတယ်။

"ငါက ဘဝမှာ နောင်တရအောင် မနေဘူးလေ မွန်း"

သူမ တဆတ်ဆတ် ခေါင်းငြိမ့်ခဲ့တယ်။ ကျန်ခဲ့တဲ့ ဆယ်နှစ်ပဲဟာ။ သူတို့ကို ဘာများ ထိခိုက်စေနိုင်မှာလဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကလေ... ။

အဲ့ဒီနေ့ကလိုပဲ တိမ်တွေက ခပ်ပျင်းပျင်းနဲ့ အိမ်ပြန်နေကြတယ်။ အဲ့နေ့ကလိုပဲ ဆည်းဆာက သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ အိပ်မောကျနေခဲ့တယ်။ အဲ့တုန်းကလိုပဲ နွေဦးရဲ့ ပန်းဝါကလေးတွေ ပျင်းရိစွာနဲ့ သူတို့နား ကြွေကျနေခဲ့တယ်။ ပြီးတော့ အဲ့တုန်းကလိုပဲ ဆည်းဆာရိပ် ပွေ့ပိုက်ထားခဲ့တဲ့ တောင်ကုန်းထိပ်ကလေးမှာ သူတို့ဟာ လှဲလျောင်းလို့ ထိုင်နေခဲ့ကြတယ်။

ဆည်းဆာကလည်း အရင်တိုင်း။ တောင်ကုန်းထိပ်ကလေးကလည်း အရင်တိုင်း။ သစ်ပင်အိုကလေးကလည်း အရင်တိုင်း။ ကျောက်ခဲပုံကလေးကလည်း အရင်တိုင်း။ တခဏတာ သူတို့ဟာ ရောက်တက်ရာရာ လိုက်ပြောကြတယ်။ လာမဲ့လ ကျင်းပမဲ့ သူငယ်ချင်းကောင်လေးရဲ့ မင်္ဂလာပွဲအကြောင်းလည်း ပြောဖြစ်ကြသေးတယ်။ သူက သမီးမိန်းကလေးတစ်ယောက် လိုချင်တယ်တဲ့။ နင့်ဇနီးလောင်းကို ပြောပေါ့ဟ လို့ သူမပြောတော့ သူကရယ်ပြန်တယ်။ ဟိုဟိုဒီဒီ လိုက်ပြောနေခဲ့ကြရင်းကမှ သူတို့က ရုတ်ချည်း တိတ်ကျသွားခဲ့ကြတယ်။ ဘာဆက်ပြောရမလဲ ငါစဉ်းစားကြည့်သေးပေမယ့် ရှာမတွေ့ခဲ့ဘူး။

သူတို့ဘာလို့ အတိတ်ဆီကနေ ထွက်ပြေးနေခဲ့ကြတာလဲ။ ပစ္စုပ္ပန်မှာ အားလုံး အဆင်ပြေနေတဲ့အချိန် အတိတ်ကို ပြန်လှည့်ကြည့်သင့်သေးရဲ့လား သူမတွေးမိပါသေးတယ်။ ဒီအတိုင်း ကျောက်ခဲပုံကလေးအောက်က၊ ကချင်လွယ်အိတ်ကလေးထဲက လျှို့ဝှက်ချက်တွေကို သူတို့ ဘယ်တော့မှ ပြန်မတူးဆွတော့ဘဲ တစ်ဘဝလုံး မြှုပ်နှံသွားလိုက်ကြတော့မလား။

"ငါတို့... "

"အချိန်ကျပြီ"

စကားနှစ်ခွန်းဟာ ပြိုင်တူထွက်သွားခဲ့ပြီးတဲ့နောက် သူတို့ တစ်ယောက်ကိုတစ်ယောက် ငဲ့ကြည့်မိကြတယ်။ သူမရဲ့ သူငယ်ချင်းကောင်လေးက ဖွဖွကလေး ပြုံးပြတယ်။

"ငါကတော့ နင်အဲ့တုန်းက ဘာထည့်မြှုပ်ခဲ့သလဲ သိချင်တယ်။"

အသက်ကို ရှိုက်ရှူလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဒါ သူမရင်ဆိုင်ရမဲ့ အရာပဲ။ အဲ့အချိန်တုန်းက သူမကပြောခဲ့တယ်လေ။ "အချိန်တွေကို ဆယ်နှစ်မြုပ်နှံပြီးသွားလို့ နင်ရော ငါရော အရွယ်ရောက်တဲ့တစ်နေ့ကျရင် ဒီကိုပြန်လာပြီး အခုရဲ့ ငါတို့ကို ပြန်ရှာကြမယ်။" လို့.... ။

အခုရဲ့ငါ... ၊ အဲ့တုန်းကငါ... ၊ သူငယ်ချင်းကို သဘောကျမိခဲ့တဲ့ ငါ။ သူမက အဲ့တုန်းကလိုတော့ တွန့်ဆုတ်စွာနဲ့ ထွက်ပြေးမဲ့ ကလေးမလေး မဟုတ်တော့သလို၊ သူကလည်း စာအုပ်တွေကို တောင်ကုန်းထိပ်ကနေ လွှင့်ပစ်မဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူးလေ။

"ငါတို့အရွယ်ရောက်နေကြပြီနော်" လို့ တိမ်လက်ကျန်တွေကိုကြည့်ရင်း သူမ ရေရွတ်မိတော့ သူငယ်ချင်းကောင်လေးက ပြန်နောက်ရှာတယ်။

"အင်၊ သေချာတာပေါ့။ နင်ကလည်း ပါးမှာ သနပ်ခါးမညီမညာနဲ့ မနူးမနပ်ကလေး မဟုတ်တော့ဘူးလေ။"

"နင်ကလည်း စာပေးတိုင်း အငြင်းခံရတဲ့ ချာတိတ်ကလေးမှ မဟုတ်တော့တာ"

လို့ သူမ, သူ့ကို ပြန်ခွပ်လိုက်တယ်။ သဘောကျစွာနဲ့ သူကရယ်တယ်။ ခဏပဲ။ သူပြန်တိတ်ဆိတ်သွားတယ်။ အားယူပြီး သူမပြောလိုက်တယ်။

"အင်း၊ ပြန်ဖော်ကြည့်ကြရအောင်"

ပထမဆုံး ဆွေးမြေ့နေပြီဖြစ်တဲ့ ကချင်လွယ်အိတ်ကလေးက ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမ ဆယ်နှစ်စာ တိတ်တဆိတ်မြှုပ်နှံထားခဲ့ရတဲ့ သူမရဲ့ သုံးနှစ်တာ တိတ်တခိုးအချစ်... ။ စက္ကူကြယ်ကလေးတွေ ပြည့်နေခဲ့တဲ့ ဖန်ပုလင်းလေးကို ကြည့်ရင်း သူမရဲ့ သူငယ်ချင်းကောင်လေးဟာ ငိုင်တွေသွားခဲ့တယ်။

"နင်... ငါ့ကို... သဘောကျခဲ့တာလား"

အဝေးက တိမ်တွေဆီ သူမအကြည့်တွေ လွှဲပစ်လိုက်တယ်။

"ဆယ်နှစ်ဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့အထိ လုံလောက်တဲ့ အချိန်ကာလပါ။"

"....."

"နေ့ရက်တိုင်း နေ့ရက်တိုင်း ငါနင့်ကို ချစ်ခဲ့တဲ့အကြောင်း ဒီကြယ်ကလေးတွေထဲမှာ ငါသက်သေချန်ခဲ့တယ် နောင်။"

ရောင်စုံ စက္ကူရှည်ကလေးတွေဟာ သူမချန်ရစ်ခဲ့တဲ့ သူ့ကို ချစ်ရခြင်းရဲ့ နေ့ရက်တစ်ရက်ပဲ။ ဒီနေ့လည်း သူ့ကို သဘောကျတဲ့အကြောင်း စက္ကူကလေးတွေထက်မှာ သူမဟာ ချရေးခဲ့တယ်။ နေ့ရက်တိုင်း... နေ့ရက်တိုင်း။ ရောင်စုံစက္ကူကလေးတွေထက်မှာ သူ့ရဲ့ အမည်ကို တပ်ဆိုလို့ သူမ ချရေးခဲ့တဲ့ နေ့ရက်တိုင်း။ စက္ကူကြယ်ကလေး တစ်ခုကို ခေါက်လို့ ဖန်ပုလင်းကလေးထဲ ထည့်စုခဲ့တဲ့ နေ့ရက်တိုင်း။

အဲ့ဒီနေ့ရက်တိုင်းမှာ သူမတွေးခဲ့တာဟာ တစ်ခုတည်း။ ဒီဖန်ပုလင်းကလေးထဲ စက္ကူကြယ်ကလေးတွေ ပြည့်သွားတဲ့တစ်နေ့ကျရင် သူမ, သူ့ကို ပြောပြချင်တယ်။

"ငါနင့်ကို ၉၇၅ ရက် ချစ်ခဲ့တယ် နောင်"

သူငယ်ချင်းကောင်လေးဟာ သူမရဲ့ အကြည့်ကို ရှောင်လွှဲသွားခဲ့ပါတယ်။

၉၇၅ ခု။ ၉၇၅ ရက်ရဲ့ ၉၇၅ ခု။ ဒီဖန်ပုလင်းဟာ တကယ်တမ်းမှာတော့ ၉၇၅ ရက်တာ တိတ်တခိုး အချစ်တစ်ခုပဲ။ စက္ကူကြယ်ကလေးတစ်ခုချင်းစီဟာ သူမ, သူ့ကို သဘောကျတဲ့ နေ့ရက်တစ်ရက်ပဲ။

အဆုံးသတ်မှာ ငါပြောခွင့်ရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ သူမရဲ့ သူငယ်ချင်း ကောင်ကလေးဟာ သူမပွေ့ပိုက်ထားခဲ့တဲ့ ဖန်ပုလင်းလေးကို အသာငဲ့ကြည့်ရင်း ငိုင်တွေနေခဲ့ပါတယ်။ နောက်ဆုံးမှာ သူဟာ ဒီတစ်ခွန်းသာ ပြောနိုင်ခဲ့တယ်။

"ငါ မသိခဲ့လို့ တောင်းပန်ပါတယ်။"

"ရပါတယ်၊ ရပါတယ်။ ငါပြောသလို ဆယ်နှစ်ဆိုတာ ဘာမဆို ဖြစ်သွားဖို့အတွက် လုံလောက်တဲ့ အချိန်ကာလပဲလေ။ အဲ့အချိန်တုန်းက ငါဖြစ်ချင်ခဲ့တာ နှစ်ခုပဲ ရှိတယ်။"

"...."

"ငါခံစားချက်တွေကို ရင့်ရင့်ကျက်ကျက် ဝန်ခံချင်တယ်။ ပြီးတော့ ငါနင့်ကို ရင့်ရင့်ကျက်ကျက် လွှတ်ပေးလိုက်ချင်တယ်။"

"....."

သူမ ထုတ်ပေးလာခဲ့တဲ့ စာအိတ်ဝါကလေးကို မမြင်ခင်အထိ သူမရဲ့ သူငယ်ချင်းကောင်ကလေးက သူမကို မော့မကြည့်ဝံ့စွာနဲ့ ရှိနေခဲ့ပါသေးတယ်။ စာအိတ်ကလေးပေါ်က သတို့သမီး နာမည်ကို တွေ့မှသာ သူက သူမကို မော့ကြည့်လာနိုင်တယ်။

"ငါလည်း လက်ထပ်တော့မယ်။ ဆယ်နှစ်ဆိုတာ ဘာမဆိုဖြစ်သွားဖို့အတွက် လုံလောက်တဲ့အချိန်ပါ။ သက်ဆိုင်သူမရှိတဲ့ နင့်ကို ဖွင့်ပြောဖို့အတွက် လုံလုံလောက်လောက် သတ္တိရှိနေတာပဲ ဖြစ်ဖြစ်၊ မဟုတ်လည်း ငါနင့်ကို အခြားမိန်းကလေးဆီကနေ ရဲရဲဝံ့ဝံ့ လုယူနိုင်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါနင့်ကို မချစ်တော့တာပဲ ဖြစ်ဖြစ်... "

"ငါနင့်ကို အခုသဘောမကျတော့ဘူး ဖြစ်လို့ နင်အားမနာပါနဲ့ နောင်"

အဆုံးသတ်မှသာ သူမရဲ့ သူငယ်ချင်းကောင်လေးက ပြန်ပြုံးလာနိုင်ခဲ့ပါတယ်။

"တော်သေးတာပေါ့... "

ဆည်းဆာက ပိုတိတ်ဆိတ်လာတယ်။ အမှောင်ဘက်ရောက်လုလုမှာပဲ သူမရဲ့ သူငယ်ချင်းက ဖန်ပုလင်းလေးကို ညင်ညင်သာသာ ယူကြည့်တယ်။

"နင် ဘာတွေရေးထားတာလဲ"

"အင်... ဒီလိုပဲ။ တစ်နေ့တာ ဒိုင်ယာရီ အတိုကလေးတွေပါပဲ။"

"ငါ့ကို အများကြီး သဘောကျခဲ့တာပဲ"

လို့ သူငယ်ချင်းကောင်လေးက နောက်လာတော့ သူမ, သူကို မလျော့မပြင်း ရိုက်ချပစ်လိုက်တယ်။

"အရင်က ငါမျက်စိမကောင်းတုန်းကပါ"

သူတို့ အတူတကွ ရယ်ခဲ့ကြပါတယ်။

"အင်... အခု နင့်အလှည့်ပဲ.. နင်ရော ဘာထည့်မြှုပ်ခဲ့တာလဲ"

သူငယ်ချင်းကောင်းလေးက ပုခုံးတွန့်ပြလာပါတယ်။ သူ့လည်ဂုတ်ကို လက်နဲ့ပြန်ပွတ်ရင်း နားရွက်ဖျားတွေ နီမြန်းလာတယ်။ နောက်ဆုံးတော့ ဟက်ခနဲ ရယ်ချပြီး ကြည့်ကြည့်ပေါ့လို့ သူမကို ပြန်ဖြေလာတယ်။

သူမ ထုတ်ယူကြည့်လိုက်တဲ့နောက် သူမရဲ့ လက်ထဲပါလာခဲ့တာဟာ ခေါင်းစည်းကြိုးကလေး တစ်ကွင်းပါပဲ။ သူမ, မမှတ်မိတော့တဲ့ ခေါင်းစည်းကြိုးကလေး တစ်ကွင်း။

"ဘယ်မိန်းကလေးရဲ့ ခေါင်းစည်းကြိုးကို ထည့်ထားတာလဲဟ"

လို့ သူမ မကျေမနပ်ပြောမိတော့ သူမရဲ့ သူငယ်ချင်းကောင်လေးက ဆွေးဆွေးကလေး သူမကို ပြန်ကြည့်လာတယ်။

"၈ တန်းနှစ်တုန်းက ငါတို့ အတန်းထဲက မိန်းကလေးတွေက အကုန် ဆံပင်အတိုတွေပဲ။ ကျောင်းပြောင်းလာခဲ့တဲ့ ကျောင်းသူသစ်တစ်ယောက်ပဲ ဆံပင်ရှည်တယ်။"

"....."

"မွန်း... ငါအစကတည်းက နင့်ကို ငါ့သူငယ်ချင်း ဖြစ်စေချင်ခဲ့တာ မဟုတ်ဘူး။ သူငယ်ချင်းလုပ်ကြရအောင်ဆိုပြီး ဖတ်စာအုပ် အတူကြည့်ခဲ့တဲ့ အဲ့အချိန်ကတည်းက... ဒီခေါင်းစည်းကြိုးကို နင်မသိအောင် ခိုးထားခဲ့တဲ့ အဲ့နေ့ကတည်းက... ငါ သူငယ်ချင်းလုပ်ချင်ခဲ့ရုံသက်သက် မဟုတ်ဘူး။"

ဆည်းဆာဟာ ကုန်းထိပ်ကလေးကို နှုတ်ဆက်သွားခဲ့ပြီး ပန်းဝါကြွေကလေးတွေလည်း ခဏ နှုတ်ဆိတ်ပေးခဲ့ကြတယ်။ နွေဦးဟာ သိုဝှက်ထားတဲ့ ပုံပြင်တွေ အပြည့်နဲ့။ သူတို့လျှို့ဝှက်ချက်ကလေးကို ကချင်လွယ်အိတ်ကလေးက ဆယ်နှစ်ကြာသိမ်းထားပေးခဲ့တာပဲ။ လေတွေတိုးလို့ ဆံပင်ရှည်တွေ ခါယမ်းကုန်တယ်။ ဒါကို ကြည့်ရင်း သူငယ်ချင်းကောင်လေးက ပြုံးလာတယ်။

"အစကတော့ ဒီဆံပင်တွေကို ဒီခေါင်းစည်းကြိုးကလေးနဲ့ ငါပြန်စည်းပေးချင်ခဲ့ပေမယ့်... နောက်တော့ ငါသိသွားတယ်။ နင်က ငါ့သူငယ်ချင်းပဲ ဖြစ်သင့်တယ် မွန်း။ ငါအတ္တကြီးပြီး သွေးကြောင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်... ဒါကြောင့်ပဲ အခုထိ ငါ့အရှေ့မှာ နင့်ကို ဆက်မြင်နေနိုင်တာပဲလေ။"

သူမ ယဲ့ပါးစွာ ပြုံးမိပါတယ်။ သူမ ဟာလည်း သူထည့်သွင်းမြှုပ်နှံခဲ့တဲ့ အတိတ်တစ်ခုဖြစ်ခဲ့တာပဲ။

"နင် သူ့ကို အခုချစ်တယ် မဟုတ်လား"

လို့ သူမ မေးတော့ သူငယ်ချင်းကောင်းလေးဟာ တုံ့နှေးခြင်းမရှိ ခေါင်းညိတ်လာခဲ့တယ်။ လက်ထဲက ဖိတ်စာဝါကလေးကိုပါ ငုံ့ကြည့်ရင်း သူမကို ပြန်မေးခွန်းထုတ်တယ်။

"နင်ရော..."

ကြည်လင်စွာ ပြုံးရင်း သူမ ခေါင်းညိတ်ပြတော့ သူကျေနပ်သွားတယ်။ တကယ်တမ်း သူတို့ဟာ Time Capsule လေးထဲမှာ ပုံပြင်တစ်ပုဒ်ကို အတူ မြှုပ်နှံခဲ့ကြတာပဲ။ မလတ်ဆတ်တော့ပေမယ့် လှပခဲ့တဲ့ နွေဦးတစ်ခုရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နွေဦးမှာသာ ပန်းတွေပွင့်ပေးတတ်တဲ့ သစ်ပင်တစ်ပင်ရဲ့ အောက်မှာ မြုပ်ခဲ့တယ်။။ ပြန်လည်တူးဆွကြတဲ့အခါ အဲ့တုန်းက သူမက သူ့ကိုချစ်ခဲ့ပြီး၊ အဲ့ဒီတုန်းက သူကလည်း သူမကိုချစ်ခဲ့တယ်။

အတိတ်ကပါပဲ။ ပစ္စုပ္ပန်မှာတော့ သူမက ဖန်ပုလင်းလေးကို ပိုက်ရင်း၊ သူက ခေါင်းစည်းကြိုးကလေးကို လက်မှာ ပတ်ရင်း လိပ်ပြာလုံစွာနဲ့ သူတို့ မျက်နှာချင်းဆိုင်ရပ်ကြတယ်။

"စာတိုပေါင်း ၉၇၅ ခုကို ငါဖတ်ခွင့်မရတော့တဲ့ အတွက်တော့ ငါဝမ်းနည်းတယ်။"

လို့ သူကပြောတော့ သူမကလည်း ရယ်ရင်း... ၊

"ဆံပင်စည်းပေးတာကို မခံခဲ့ရတဲ့အတွက်လည်း ငါစိတ်မကောင်းပါဘူး"

လို့ ပြန်ဖြေဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ဆည်းဆာဟာ ပိတ်သိမ်းတယ်။ တိမ်တွေက အိပ်တန်းတက်ရင်း၊ တောင်ကုန်းကလေးထက်မှာလည်း နွေဦးရဲ့ ကန့်လန့်ကာ ကျခဲ့။ မျက်လုံးချင်း နှုတ်ဆက်ကြတဲ့အခါ ဖန်ပုလင်းလေးကို ပိုက်ထားတဲ့ သူမက ဆယ်နှစ်တာ လျှို့ဝှက်ချက်ဆီကို ပြုံးပြတော့၊ သူကလည်း သူမ, မမှတ်မိလောက်အောင် ကျန်ရစ်ခဲ့ပြီးတဲ့ ရက်စွဲတွေဆီက ခေါင်းစည်းကြိုးကလေးကို လက်မှာပတ်ရင်း သူမဆီ အသံတိတ် လှမ်းပြောလာတယ်။

"နင်ကလည်း ငါချန်ထားရစ်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပဲ မွန်း" တဲ့။

တောင်ကုန်းကလေးထိပ်ကနေ သူတို့ ပြန်ဆင်းကြတဲ့အခါ တစ်ချိန်က သူတို့မြှုပ်နှံရစ်ခဲ့တဲ့ လျှို့ဝှက်ချက်ကလေးတွေကိုပါ သူတို့ ပြန်လည်ချန်ထားရစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ တစ်ဘဝစာ။

၉၇၅ ရက်တာ ချစ်ခဲ့ရခြင်းရဲ့ စက္ကူကြယ်ကလေးတွေနဲ့။ ကနဦးကတည်းက ချစ်ခဲ့ရခြင်းရဲ့ ခေါင်းစည်းကြိုးကွင်းကလေးနဲ့။ တောင်ကုန်းထိပ်ကလေးက သစ်ပင်ကလေးအောက်မှာ သူတို့အတူ မြေမြှုပ်ချန်ထားရစ်ခဲ့တဲ့ ဇာတ်လမ်းကလေးတစ်ပုဒ်နဲ့.... ။

တစ်ခုသော နွေဦးမှာ ပန်းဝါကလေးတွေပွင့်ခဲ့တယ်။

အဲ့ဒီအချိန်ကရော၊ အခုရော သူတို့မြုပ်ခဲ့တာဟာ ဇာတ်လမ်းတစ်ပုဒ်ပဲ။

 I Lied to  - March

Day 1 : ဒီနေ့ ငါဖတ်စာအုပ်ကျန်ခဲ့လို့ ငါတို့အတူ စာအုပ်တစ်အုပ်တည်း ကြည့်ခဲ့တယ်။

Day 10: ကျောင်းဆင်းတော့ ငါ့ကို သူ့စက်ဘီးနဲ့ လိုက်ပြန်မလားတဲ့။

Day 100: ငါက အခုထိ သူ့စက်ဘီးဝါကလေးနောက်မှာ ထိုင်လိုက်နိုင်တဲ့ တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့အတွက် ငါဝမ်းသာတယ်။

Day 200: ငါဒီနေ့လည်း နင့်ကို ချစ်တယ် နောင်။

Day 300: တစ်နေ့ကျရင် ဒီလောက်ရှည်လျားတဲ့နေ့ရက်တွေထဲမှာ ငါနင့်ကိုချစ်ခဲ့တဲ့ အကြောင်း နင့်ကိုပြောပြမယ်။

Day 400: အဆုံးသတ်မှာ ငါလိုချင်တာက တစ်ခုတည်း။ နင့်ကို ရက်ရာချီ ချစ်ခဲ့တယ်ဆိုတာ သိစေချင်တယ်။

Day 500: ရက်ပေါင်း ၅၀၀ ။ ဒါက ရက်ပေါင်း ၅၀၀ ရှိနေပြီဆိုပေမယ့် ငါအခုထိ နင့်ကို ချစ်နေတုန်းပဲ နောင်။

Day 600: တော်တော် အသက်ရှည်တဲ့ တိတ်တခိုးအချစ်ပဲနော်။

Day 700: ဒီကနေ့အတွက်လည်း ချစ်နေဆဲပါပဲ ….. ငါ့သူငယ်ချင်းကောင်လေး‌ရေ။

Day 800: ငါထင်တာတော့ နင့်ကို ဖွင့်ပြောဖို့အတွက် အချိန်သိပ်မလိုတော့ပါဘူး။

Day 900: ကျောင်းပြီးရင် စက်ဘီးဝါကလေးက ငါ့ကိုလွမ်းနေတော့မှာပဲ။

Day 975: ငါနင့်ကို ၉၇၅ ရက် ချစ်ခဲ့တယ်။

Every Story Has an End

ဘယ်တော့မှ မပိုင်ဆိုင်ခဲ့ရရင်၊ ဘယ်တော့မှ ဆုံးရှုံးရမှာ မဟုတ်ဘူး။ ဒါ ငါနင့်ကို နောင်ဆယ်နှစ်ကြာရင် ပြောချင်တဲ့ စကားပဲ မွန်း။

အဲ့ဒီမှာ ရှိနေမဲ့ငါဟာ နင့်ကို ဆက်ချစ်နေသေးတာလည်း ဖြစ်ကောင်းဖြစ်မယ်။ နင့်ကို မချစ်တော့တာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အခုရဲ့ ငါကတော့ နင့်ကို ချစ်ခဲ့တယ်ဆိုတာ ငါပြောခဲ့ချင်တယ် နောင်။

ဒါဟာ သူတို့ မြုပ်နှံခဲ့တဲ့ နွေဦးတုန်းက အပြန်အလှန်ချန်ရစ်ခဲ့ကြတဲ့ နှုတ်ဆက်စာကြွင်းကလေးတွေပါပဲ။ သူတို့ရဲ့ ခံစားချက်တွေကို Time Capsule လေးက သူတို့ကိုယ်စား ဝှက်ပေးခဲ့ပါတယ်။ ဆယ်နှစ်တိတိ မြုပ်နှံဖွက်သိမ်းပေးထားခဲ့တယ်။

Once Upon a Time

တစ်ခုသော နွေဦးရဲ့ ပန်းဝါပင်ကလေးအောက်မှာ ကျန်ခဲ့ရစ်တော့မဲ့ ဇာတ်လမ်းကလေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။

တောင်ကုန်းကလေးထိပ်မှာ မြှုပ်နှံခဲ့ပါတယ်။

- End –

မိုးငယ်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

LTY_MoeNge




Some text some message..