မုဆိုးဒီးဒီး၏ တောတွင်းစွန့်စားခန်းများ .........အခန်း (၇) တစ်ပွဲစားစောထီး
lotaya.mpt.com.mm
|
2023-11-17

(၁)

မင်းလွင်တောင်တန်းကြီး၏ အနောက်ဘက်တောင်ကြောကြီးကို နေကွယ်သွားသည်နှင့်တစ်ပြိုင်နက် တောအုပ်အတွင်း အမှောင်ထုက လွှမ်းမိုးလာလေသည်။ နက်ရှိုင်းအုပ်ဆိုင်းကာ ပေါက်နေသည့် သစ်ပင်များကြောင့် ညအသွင်တဖြည်းဖြည်းမှောင်မိုက်သွားလေသည်။ ဒီးဒီးက သေနတ်ဒဏ်ရာ၊ တောင်စောင်းပေါ်မှ ကျသည့် ဒဏ်ရာများဖြင့် မလှုပ်မရှားနိုင်ဖြစ်ကာ ပက်လက်ကြီးဖြစ်နေသည်။ သူ့အနီးတွင်တော့ အသက်မဲ့လျက်သေဆုံးနေသည့် ဖိုးခွားကြီး၏ အလောင်းကြီးကလည်း ဆန့်ဆန့်ကြီးရှိနေလေသည်။

မိုးကောင်းကင်ကို ငေးကြည့်နေရင်း ဒီးဒီးတစ်ယောက် မျက်ရည်များဝဲလာလေသည်။ တစ်ကိုယ်လုံးခံစားနေရသည့် နာကျင်မှုဝေဒနာများကြောင့် နောက်ဆုံးထွက်သက်ကို အားစိုက်ကာ ရှူရှိုက်နေရသည်။

"အမိုး . . . အပါး"

နှုတ်မှ တိုးတိုးကလေးရေရွတ်လိုက်သည်။ ကောင်းကင်ကြီးတစ်ခုလုံး အမှောင်ထုက လွှမ်းခြုံသွားပြီးသည့်နောက် တစ်ဖန် အနီရောင်အလင်းတန်းများက ထွက်ပေါ်လာလေသည်။ ဒီးဒီးမှာကိုယ့်မျက်လုံးကိုပင် ကိုယ်မယုံနိုင်အောင်ဖြစ်နေမိသည်။ နေဝင်ပြီးသွားသော်လည်း နေအလင်းရောင်များက တစ်ဖန်ပြန်ထွက်လာသည်။ နေအလင်းရောင်ဆိုသော်လည်း လင်းလင်းချင်းချင်းမဟုတ်ဘဲ နီဖန့်ဖန့်အရောင်ကြီး ဖြစ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်သည့်အခါတွင်တော့ သစ်ပင်သစ်တောကြီးက မှိန်ဖျော့ဖျော့အရောင်များဖြင့် တောက်ပနေလေသည်။

"ငါ . . . ငါဘယ်ရောက်နေတာလဲ"

မကြာမီ တောအုပ်အတွင်းမှ ဗုံတီးသံများ၊ ဝါးဆစ်ခေါက်သံ၊ လင်းကွင်းတီးသံများ ထွက်ပေါ်လျက် ဆူညံနေလေသည်။ ဒီးဒီးက ခေါင်းကိုငဲ့စောင်းကြည့်သည့်အခါ အဝတ်အစားမပါသည့် လူများက တူရိယာများကိုတီးခတ်ကာ လှည့်လည်သွားလာနေကြခြင်းဖြစ်သည်။ ထိုလူများတွင် အဝတ်အစားမပါသော်လည်း လိင်အင်္ဂါများကိုမူ ထင်ထင်ရှားရှားမတွေ့ရဘဲ ယောက်ျား၊ မိန်းမဟု ခွဲခြားမရနိုင်အောင်ဖြစ်ရသည်။ အားလုံးလိုလိုမှာ ဆံပင်ရှည်ကြီးများနှင့်ဖြစ်ပြီး အချို့လူများမှာ ဆံပင်များကိုစီးနှောင်ဖွဲ့ထားကြသည်။

ထိုလူတစ်ချို့၏လက်တွင် ပန်းပွင့်များကို ကိုင်ဆောင်ထားပြီး ထိုပန်းပွင့်များမှာ ဝါဖန့်ဖန့်အလင်းရောင်များတိုးထွက်နေကြသည်။ တီးမှုတ်သီဆိုလာသည့် ထိုလူများမှာ ဒီးဒီး၏နံဘေးနားတွင် ရပ်လိုက်ကြပြီးနောက် ဒီးဒီးကိုငုံ့ကြည့်နေကြသည်။ သူတို့၏ မျက်နှာတွင် မျက်လုံးမှေးမှေးကလေးများသာရှိသည်။ နှာခေါင်းများမှာ ချွန်ထက်နေလျက် ပါးစပ်ပေါက်များမှာ ဘေးဘက်သို့ပြဲကားနေခြင်းမဟုတ်ဘဲ ဒေါင်လိုက်ပြဲပြဲရှည်ရှည်ကြီးများဖြစ်ကြသည်။ မျက်လုံးနှစ်လုံးမှာလည်း တစ်လုံးနှင့်တစ်လုံး အတော်ကွာဝေးကြသည်ဖြစ်ရာ ဒီးဒီးလည်း ထိုလူများမှာ လူမဟုတ်မှန်းသိလိုက်ကြသည်။

"ထလိုက်စမ်း ငါ့သား"

ကျယ်လောင်သည့် စကားပြောသံကြိးကိုကြားလိုက်ရသည်။ စကားပြောသံ၏ အဆုံးတွင် ပဲ့တင်ထပ်သကဲ့သို့ အသံက ဟိန်းထွက်နေပြီး နှစ်ထပ်ဖြစ်နေလေသည်။ ဒီးဒီးလည်း ပက်လက်လှန်လျက်ပင်။

"ကျုပ်မှ ထလို့မရတာ"

"ရပါတယ်ကွ၊ ထကြည့်စမ်းပါဦး"

ဒီးဒီးက ကုန်းထလိုက်သည့်အခါ သူ့ကိုယ်လုံးက ပေါ့ပါးစွာဖြင့် မတ်တပ်ရပ်လိုက်နိုင်သည်။ သူ့ကိုပြောဆိုသည့် အသံရှင်ကိုကြည့်လိုက်သည့်အခါ ကျားကြီးတစ်ကောင်ကို ခွစီးထားသည့် လူတစ်ဦးဖြစ်နေသည်။ 

"အပါး . . . အပါးလား"

ကျားစီးထားသူကတော့ သူ့အဖေ ဦးစောထီးပင်ဖြစ်သည်။ ဦးစောထီးက ခေါင်းပေါင်းတစ်ခုကိုပေါင်းထားပြီး ကရင်အင်္ကျီအနီရောင်တောက်တောက်အသစ်တစ်ခုနှင့် အပြာရောင်ကရင်ပုဆိုးအသစ်တစ်ထည်ကို ဝတ်ဆင်ထားလေသည်။

"အပါး . . . အပါးက ကျားကြီးစီးလို့ပါလား"

"ဒါပေါ့ သားရဲ့ အပါးက အခုအချိန်ကစပြီး တောအုပ်ကြီးကိုစောင့်ကြပ်ရတော့မှာ"

ဒီးဒီးနားမလည်နိုင်တော့ပေ။

"အပါးက ဘာဖြစ်လို့ တောအုပ်ကိုစောင့်ရမှာလဲ"

"အပါးက တစ်ပွဲစားမို့ပေါ့ သားရဲ့"

"တစ်ပွဲစားတဲ့ . . . တစ်ပွဲစားတဲ့လား"

ဒီးဒီးက ရေရွတ်လိုက်ပြီးနောက် သူ့ဖခင်ပြောဖူးသည့် အကြောင်းအရာများကို ခေါင်းတွင်ပြန်စဉ်းစားနေလိုက်လေသည်။

(၂)

"အပါးကို ရွာထဲကလူတွေက တစ်ပွဲစားလို့ ပြောကြတယ်"

ဒီးဒီးက အမဲလိုက်သည့် ဒူးလေးကိုထမ်းလာရင်း အဖေဖြစ်သူ ဦးစောထီးကိုပြောလိုက်သည်။ ဦးစောထီးက သေနတ်ကိုကိုင်ရင်းပြုံးနေလိုက်သည်။ ထိုစဉ်က ဒီးဒီးအသက် ဆယ်နှစ်ခန့်သာရှိသေးသည်။ သားအဖနှစ်ယောက် မနက်စောစောတွင် တောတက်လာကြခြင်းဖြစ်သည်။

"တစ်ပွဲစားဆိုတာ ဘာကိုပြောတာလဲအပါး"

"အပါးက ထမင်းစားရင် တစ်ပန်းကန်ပဲစားလို့ တစ်ပွဲစားလို့ ပြောတာဖြစ်မှာပေါ့ ငါ့သားရဲ့၊ ဟား၊ ဟား"

ဦးစောထီးပြောသည့်စကားကို ဒီးဒီးကနားထောင်လိုက်ပြီးနောက်သေချာစဉ်းစားလိုက်ကာ

"ဒါဆိုရင်တော့ သားကိုသူများတွေက နှစ်ပွဲစားလို့ ခေါ်ကြတော့မှာပဲ၊ ဘာလို့လဲဆိုတော့ သားက ထမင်းစားရင် နှစ်ပန်းကန်စားတာကိုး"

ဒီးဒီးပြောလိုက်သည့်အခါ ဦးစောထီးက တဟားဟားဖြင့်ရယ်မောလိုက်သည်။

"တစ်ပွဲစားဆိုတာ တကယ်တော့ အဲဒီလိုမျိုးကိုပြောတာမဟုတ်ဘူးသားရဲ့"

"ဒါဆိုရင် ဘာကိုစားတာကိုပြောတာလဲ"

"တစ်ပွဲစားဆိုတာ ဟောဒီတောအုပ်ကြီးကို အပိုင်စားရတဲ့လူကိုပြောတာပေါ့၊ အင်းတွေ၊ အိုင်တွေကို အပိုင်စားရတဲ့လူကိုလည်း တစ်ပွဲစားလို့ ခေါ်ကြသေးတယ်"

"တောအုပ်ကြီးကို အပိုင်စားရတယ်ဆိုဘဲ . . . ဒါဆို အပါးက ဒီတောကြီးကို ပိုင်တာလား"

ဦးစောထီးက ပြုံးလိုက်ကာ

"ဒါပေါ့ကွ၊ ငါ့သားပဲ စဉ်းစားကြည့်လေကွာ၊ အပါးတို့က တောအုပ်ထဲကို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်တယ်၊ တောအုပ်ထဲက သားကောင်တွေကို စိတ်တိုးကျပစ်ခတ်ပြီးတော့ သတ်ဖြတ်စားတာပဲမဟုတ်လား၊ တောအုပ်ကိုမပိုင်ဘဲနဲ့ ဒီလိုလုပ်လို့ရမလားကွ"

အသက်ငယ်သေးသည့် ဒီးဒီးကလေးမှာ ဘာမှနားမလည်သေးသဖြင့် ခေါင်းသာညိတ်လိုက်လေသည်။

"ဟုတ်တာပေါ့အပါး၊ ဒါဆို အပါးက သူတို့ပြောသလို တစ်ပွဲစားပေါ့နော်"

"ဒါပေါ့ တစ်ပွဲစားစောထီးဆိုရင် ရွာကလူတွေတင်မက ကျုံဒွန်းမြို့က လူတွေတောင်မှ မသိသူမရှိကြဘူး ငါ့သားရဲ့"

ထိုအကြောင်းများကို ဒီးဒီးက ပြန်တွေးလိုက်မိပြီး ယခုလည်း ကျားစီးထားသည့် ဖခင်ဖြစ်သူကို အံ့ဩစွာကြည့်နေမိသည်။ သို့နှင့် ဦးစောထီးကို လက်ညှိုးထိုးလိုက်ပြီးနောက်

"အပါးက ဒါဆို တကယ်ပဲ တစ်ပွဲစားလား"

"ဒါပေါ့ကွ အပါးတစ်ပွဲစားဘယ်လိုဖြစ်သလဲဆိုတာကို သားကိုပြောပြရသေးတာပေါ့"

(၃)

မင်းလွင်တောင်တန်းကြီးက တောင်ခိုးတွေအုပ်ဆိုင်းနေသည်။ ဆောင်းတွင်းကြီးမို့ သစ်တောကြီးမှာ အေးစိမ့်နေလေသည်။ ဦးစောထီးတစ်ယောက် ဆတ်ကောင်တစ်ကောင်ကို ပုခုံးပေါ်တင်ထမ်းကာ တောတိုးလာခဲ့သည်။ နေ့တာတိုပြီး ညတာရှည်သည့် ဆောင်းကာလဖြစ်သဖြင့် ညနေလေးနာရီလောက်မှာပင် တောအုပ်အတွင်း အမှောင်ထုဖုံးသွားခဲ့သည်။ ဦးစောထီးလည်း ပင်ပန်းလာသဖြင့် ပုခုံးပေါ်မှ ဆတ်ကောင်ကို သစ်ပင်ခြေရင်းသို့ ပစ်ချလိုက်ပြီး သစ်ပင်ကိုကျောမှီကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။

"တောက်၊ ဒီကောင့်နောက်လိုက်ရင်းနဲ့ ခလောက်တောင်ကြောဖက်ကို ရောက်မှန်းမသိရောက်သွားတယ်ကွာ၊ တောက် . . ."

အခုတော့ မိုးချုပ်တော့မည်၊ ခလောက်တောင်ကြောဆိုသည်မှာ တော်ရုံလူမသွားရဲသည့် တောင်ကြောကြီးဖြစ်ပြီး အခြားနေရာများထက် သစ်ပင်များက ပိုပြီးအုပ်ဆိုင်းနေသလို သားကောင်များလည်းပေါများသည်။ သို့သော် ထိုတောင်ကြောပေါ်တွင် အခြောက်အလှန့်ကြမ်းသဖြင့် ရွာသားများ မသွားဝံ့ကြပေ။

အခုလည်း ဦးစောထီးတစ်ယောက် ခလောက်တောင်ကြောပေါ်တွင် မျက်စိလည်နေပြီဖြစ်သည်။ နေကျသွားသည်နှင့် သစ်ပင်များအောက်ခြေတွင် ရေခိုးရေငွေ့များက မြူထူများကဲ့သို့ ရစ်ဆိုင်းလာခဲ့သလို အချမ်းကလည်း ပိုလာခဲ့သည်။ ဦးစောထီးလည်း အစကတော့ ဆတ်သေကိုထမ်းကာ ရွာပြန်မည်ဟု မှန်းထားသော်လည်း အခုတော့ ဆတ်သေက လေးလံနေပြီး တစ်လမ်းလုံးထမ်းလာရသဖြင့် ပုခုံးတွေလည်း ညောင်းချိနေပြီဖြစ်သည်။ သို့သော် ခဏနားပြီးသည့်အခါ ဦးစောထီးက မတ်တပ်ရပ်လိုက်သည်။ ဆတ်သေကောင်ကို ပြန်လည်ချီပိုးလိုက်ကာ တောအုပ်အတွင်းမှ ထွက်လမ်းကိုရှာရတော့သည်။

လိုက်လေပြေးလေ၊ ရှာလေခက်လေဆိုသလို တောအတွင်းမှထွက်သည့်လမ်းကို ရှာမတွေ့ဘဲ နောက်ဆုံး ကျောက်တောင်ကြီးတစ်ခု၏ အောက်ခြေသို့ရောက်သွားတော့သည်။ ညလည်းနက်လာပြီဖြစ်ရာ နောက်ဆုံးတော့ ဦးစောထီးလက်လျှော့လိုက်ရသည်။ မီးကလည်းမပါသဖြင့် တောအုပ်ထဲသွားလာနေရန်မသင့်တော်တော့ပေ၊ ထို့ကြောင့် အနီးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ကျောက်တောင်ခြေတွင် ကျောက်ဂူပုံသဏ္ဌာန်လှိုဏ်ခေါင်းတစ်ခုကိုတွေ့လိုက်သဖြင့် ထိုနေရာဆီသို့ဦးတည်လာခဲ့သည်။

ဆောင်းလေက တောင်ကြောကြီးပေါ်သို့ ဝေ့ဝိုက်တိုက်ခတ်လိုက်သည့်အခါ ဦးစောထီးမှာ ကျောရိုးအတွင်းမှပင် စိမ့်လျက် အလွန်ချမ်းအေးသွားရသည်။ နောက်ဆုံး ကျောက်လှိုဏ်ဂူကလေးထံသို့ ရောက်တော့မှ အနည်းငယ်နွေးထွေးသွားသည်။ ကျောက်လှိုဏ်ဂူကလေးမှာ ဆယ်ပေပတ်လည်ခန့်သာရှိပြီး တစ်ဖက်ပိတ်လှိုဏ်ဂူဖြစ်သည်။ လှိုဏ်ဂူအတွင်းတွင် လင်းနို့ကောင်များမရှိသောကြောင့်သာ တော်သေးသည်။ ပုခုံးပေါ်မှ ဆတ်သေကိုချလိုက်ပြီး ကွေးကွေးကလေးထိုင်နေလိုက်သည်။

မနက်စာသာ စားထားသည်မို့ ဗိုက်ကလည်း တကျုတ်ကျုတ်နှင့်ဆာလောင်နေလှပြီ၊ ထို့ကြောင့် ဦးစောထီးက အနီးအပါးရှိ တောအုပ်အတွင်းသို့ဆင်းလိုက်ကာ ထင်းခြောက်များကိုစုဆောင်းလိုက်သည်။ ဆောင်းတွင်း ခြောက်သွေ့သည့်ရာသီဖြစ်သည်မို့ ထင်းခြောက်၊ မြက်ခြောက်များကို အလွယ်တကူရရှိနိုင်ပေသည်။ ထို့နောက် လှိုဏ်ဂူကလေးထဲတွင် မီးပုံတစ်ပုံကိုဖိုလိုက်လေသည်။ နီရဲသည့် မီးတောက်မီးလျှံများထွက်ပေါ်လာတော့မှ အအေးဓါတ်ကလျော့ပါးသွားလေသည်။

ဗိုက်ဆာဆာနှင့် ဆတ်ကောင်ကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခါးကြားတွင်ထိုးထားသည့် အမဲလိုက်ဓါးမြှောင်ကိုဖြုတ်လိုက်ကာ ဆတ်သေကောင်အနားတွင်ထိုင်ချလိုက်သည်။ ထိုအချိန် သူ့အဖေမုဆိုးကြီး သင်ပေးဖူးသည့် အရာတစ်ခုကို ခေါင်းတွင်အမှတ်ရလိုက်သည်။

"ငါ့သား၊ တောအုပ်ထဲမှာ သားကောင်ရလာခဲ့ရင်၊ တောပိုင် တောင်ပိုင်တွေအတွက် သားကောင်ရဲ့အစိတ်အပိုင်းတစ်ချို့ကို လှီးဖြတ်ပြီးတော့ ဆက်သရတယ်ကွ"

သို့သော်လည်း ဦးစောထီးက ထိုသို့အယူအဆများကို သိပ်လက်မခံချင်ပေ၊ ယခု အသက်သုံးဆယ်နီးပါးရောက်သည့်တိုင် သူပစ်ခတ်ရသမျှ သားကောင်များကို ဖခင်ပြောသလို တစ်ခါမှ မတင်မြှောက်ဖြစ်ခဲ့ပေ။

"အလကား၊ အယူအဆတွေပါ၊ တောပိုင် တောင်ပိုင်တွေစားချင်မှတော့ ကိုယ့်ဖာသာ ပစ်ခတ်သတ်စားမှာပေါ့"

မုဆိုးစောထီးက ထိုသို့စိတ်ဖြေကာတွေးလိုက်ပြီး ဆတ်ကောင်၏ ဝမ်းဗိုက်ကာ ဓါးထက်ထက်ဖြင့်ထိုးခွဲလိုက်လေသည်။ ဝမ်းဗိုက်အတွင်းမှ ကျက်လွယ်သည့် ဆတ်အသည်းကို ထုတ်လိုက်ရလေသည်။ တစ်တောင်ခန့်ရှိသည့် ဆတ်ကောင်၏ အသည်းမှာ ဦးစောထီးလက်အတွင်းသို့ပါလာခဲ့သည်။ အခြားအသားများမှာ အချိန်ကြာမြင့်အောင်ချက်မှ နူးညံ့နိုင်သည်မို့ ပျော့ပြောင်းနူးညံ့ပြီး ကျက်လွယ်သည့် အသည်းကိုထုတ်လိုက်ခြင်းဖြစ်သည်။ အသည်းအပိုင်းအစတစ်ခုကို ဓါးဖြင့်လှီးဖြတ်ပြီးသော် ထိုအပိုင်းအစကိုပင် ဓါးဦးချွန်တွင်ထိုးလိုက်ကာ မီးပုံအပေါ်တွင်တင်လျက် ကင်လိုက်လေသည်။ 

အသည်းတစ်ခုလုံး ကျက်သည်ကိုပင်မစောင့်တော့ဘဲ အပေါ်ယံသားများ အရောင်ပြောင်းကာ မီးကျွမ်းလာသည်နှင့် တစ်ချက်နှစ်ချက် မှုတ်လိုက်ကာပါးစပ်အတွင်းသို့ ထိုးထည့်ကာ ပူပူလောင်လောင်ကိုက်ဝါးလိုက်လေသည်။

"အား . . . စားလို့ကောင်းလိုက်တာကွာ"

ဗိုက်ကလည်းဆာနေသည်မို့ ဆတ်အသည်းကင်မကျက်တကျက်မှာ အလွန်အရသာရှိလှပေသည်။ ဦးစောထီးလည်း ထိုနည်းအတိုင်းဆတ်အသည်းတစ်ခုလုံး ကုန်စင်သွားအောင်ကင်စားလိုက်တော့မှ ဗိုက်ပြည့်သွားကာ နေသာထိုင်သာရှိသွားတော့သည်။ ခါးတွင်ချိတ်ထားသည့် စစ်သုံးရေဘူးဟောင်းကလေးအတွင်းမှ ရေတစ်ကျိုက်မော့သောက်လိုက်ပြီးနောက် ဂူကြမ်းပြင်တွင် ကျောခင်းကာ လှဲချလိုက်သည်။

တစ်နေ့လုံး ပြေးရလွှားရ၊ သားကောင်မိတော့လည်း ထမ်းလာရသည်မို့ အလွန်ပင်ပန်းနေပြီဖြစ်ရာ ဦးစောထီးတစ်ယောက် မှေးခနဲအိပ်ပျော်ကျသွားတော့သည်။

"ဗုံ . . . ဗုံ . . . တုံ"

နားအတွင်း တီးသံမှုတ်သံ ဆူညံသံများကို ကြားလိုက်တော့မှ ဦးစောထီးမျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုစဉ် သူအိပ်နေသည့် ဂူအဝင်၀တွင် ထူးဆန်းသည့် လူများက မတ်တပ်ရပ်နေကာ တူရိယာများကိုတီးခတ်နေလေသည်။ ဦးစောထီးက သေနတ်ကိုကောက်ယူလိုက်ကာ အသင့်ပြင်ထားပြီးစောင့်ကြည့်နေလေသည်။ မကြာခင် ထိုလူများရှဲသွားပြီး ကျားကြီးတစ်ကောင်က သူ့ထံသို့လျှောက်လာလေသည်။

ဦးစောထီးလည်း ကျားကြီးကိုမြင်သဖြင့် လန့်သွားပြီး သေနတ်နှင့်ထိုးချိန်လိုက်သည်။ ထိုအခါ ကျားကြီးက မာန်ဖီလျှက် အရှေ့တိုးလာပြီး ကျားကိုယ်လုံးပေါ်တွင်လည်းမိန်းကလေးတစ်ယောက်က တင်ပါးလွှဲထိုင်လျှက် လိုက်ပါလာသည်ကို အံ့အားသင့်ဖွယ်မြင်တွေ့လိုက်ရသည်။

"မင်း . . . မင်းဘယ်သူလဲ"

"ငါက ဒီသစ်တောရဲ့အပိုင် လမိုင်းအရှင်ပဲ"

"ခင်ဗျား၊ ဘာလိုချင်လို့လာခဲ့တာလဲ"

"မင်းက သားကောင်ရတာကို တောပိုင်၊ တောင်ပိုင်တွေကို မတင်မြှောက်ဘူး၊ အရင်တုန်းက မင်းကရွာရောက်မှ သားကောင်ကိုဖျက်တာဆိုတော့ ငါတို့အပိုင်မဟုတ်လို့ ငါတို့လုပ်မရပေမယ့်၊ အခုတော့ ငါ့အပိုင်ထဲကို မင်းရောက်လာခဲ့ပြီ"

ဦးစောထီးက မဲ့ပြုံးပြုံးလိုက်ပြီး

"အောင်မာ၊ ခင်ဗျားတို့ တောပိုင်တောင်ပိုင်တွေက သားကောင်ကိုစားချင်ရင် ကိုယ့်ဖာသာဖမ်းဆီးပြီး စားသောက်ကြပါလား၊ သူများဖမ်းဆီးထားတာကိုမှ ဦးဦးဖျားဖျား အချောင်စားချင်သလား"

"တိတ်စမ်း . . . ."

"ဂရား . . ."

ထိုမိန်းကလေးအသံက ပြင်းထန်လွန်းလှသည်။ သူပြောလိုက်သည့်အချိန်တွင် ကျားကြီးကလည်း ထပြီးမာန်ဖီကာ အော်ဟစ်လေသည်။ မိန်းကလေးက ကျားခေါင်းကိုလက်နှင့်သပ်ပေးလိုက်ရင်း

"စိတ်လျော့သားလေး၊ ဒီလူကို မင်းစီရင်စရာမလိုဘူး၊ အမေစီရင်မယ်"

ထို့နောက် ဦးစောထီးကိုလက်ညှိုးထိုးလိုက်ပြိး

"ဟဲ့ကောင်၊ လူ့ရပ်လူ့ရွာမှာ လူ့စည်းလူ့ကမ်းရှိသလို၊ တောတွင်းမှာလည်း တောစည်းဆိုတာရှိတယ်၊ ဒီတောက ငါတို့ပိုင်တဲ့တော၊ ငါတို့တောထဲမှာ ငါတို့ချမှတ်ထားတဲ့စည်းကိုဖောက်တဲ့အတွက် မင်းကိုစီရင်ရမယ်"

ဦးစောထီးက သေနတ်ကိုမောင်းတင်လိုက်ပြီး

"အောင်မာ၊ ခင်ဗျားတို့လုပ်တိုင်း ကျုပ်ကခံရမှာလား၊ ကျုပ်မှာလက်ပါတယ်ဗျ"

ထိုသို့ပြောရင်း ကျားပေါ်မှမိန်းကလေးကို သေနတ်ဖြင့်ထိုးချိန်လိုက်လေသည်။ ထိုမိန်းကလေးက ခပ်ယဲ့ယဲ့ကလေးပြုံးလိုက်ပြီး ကျားပေါ်မှခုန်ဆင်းလိုက်လေသည်။

"ရှင်က အလာသားပဲ၊ ကဲပါ၊ ရှင့်ကိုဒီအတိုင်းတော့ မသတ်ချင်ဘူး၊ ဒီတော့ ရှင်နဲ့ကျုပ်နဲ့ ကစားမယ်"

မိန်းကလေးက ဦးစောထီးထံသို့ လမ်းလျှောက်လာလေရာ ဦးစောထီးက သေနတ်ဖြင့်ထိုးချိန်ကာ ပစ်ချလိုက်လေသည်။

"ဒိုင်း . . ."

သေနတ်သံတစ်ချက်က ဟိန်းထွက်သွားသော်လည်း ကျည်ဆန်က ထိုမိန်းကလေးကို ဖောက်ထွက်သွားလေသည်။ ဦးစောထီးလည်း မယုံသေးသဖြင့် နောက်သုံးလေးချက်ထပ်ပစ်ခတ်သော်လည်း ထိုမိန်းကလေးကို ကျည်ကမထိပေ။

ထိုမိန်းကလေးက အနားသို့ရောက်သည့်အခါ ဦးစောထီးလက်ထဲမှ သေနတ်ကိုဆွဲယူကာ ကျောက်ဂူတစ်နေရာဆီသို့ လွှင့်ပစ်လိုက်လေသည်။ ဦးစောထီးမျက်လုံးကို သေသေချာချာစိုက်ကြည့်ပြီး

"ရှင်နဲ့ကျုပ်နဲ့ တစ်ခုပြိုင်ကြမယ်"

ထို့နောက် ဆတ်သေကောင်ဆီသို့လျှောက်သွားလိုက်ကာ ဆတ်သေကောင်ထဲသို့ ခုန်ဝင်သွားလေသည်။ မကြာခင် ဆတ်သေကောင်ကြီးက ငေါက်ခနဲထလာလေသည်။

"ရှင်ရှုံးရင် ရှင်သေပြီးတော့ ကျွန်မနောက်လိုက်ဖြစ်ရမယ်"

ဦးစောထီးကလည်း အမဲလိုက်ဓါးမြှောင်ကို အသေအချာဆုပ်ကိုင်လိုက်ရင်း

"ကျုပ်နိုင်ရင်ရော . . ."

"ဒါဆိုရှင့်ကို ဟောဒီတောကို အပိုင်စားနိုင်မယ့် အစွမ်းတွေပေးမယ်"

ဆတ်ကြီးက ပြောပြောဆိုဆိုနှင့် ဦးစောထီး ထံသို့ခုန်ဝင်လေသည်၊ ဦးခေါင်းတွင်ရှိသည့် ဆတ်ချိုနှင့် တအားဝှေ့ကာတိုက်ခိုက်လေသည်။ ဦးစောထီးကလည်း လျင်မြန်သူမို့ ဆတ်ဝှေ့သည်ကို မြေတွင်လှိမ့်ရှောင်လိုက်လေသည်။ ထိုမိန်းကလေး၏ နောက်လိုက်များကလည်း သူတို့လက်ထဲမှ တူရိယာများဖြင့် စိတ်အားတက်ကြွဖွယ် တေးသံတစ်ခုကို တီးမှုတ်နေလေသည်။

"လာစမ်းပါကွ"

အားလွန်သွားသည့်ဆတ်မှာ ဦးစောထီးထံသို့တစ်ဖန်ပြန်ဝင်လာပြန်သည်။ ဦးစောထီးက ဆတ်ဦးခေါင်းကို အသာကလေးတိမ်းရှောင်လိုက်ပြီး ဆတ်ကောင်၏ လည်ပင်းကိုဖက်လိုက်ကာ ရင်ဘတ်အတွင်းသို့ ဓါးဖြင့်လေးငါးချက် ခပ်မြန်မြန်ထိုးချလိုက်သည်။  သို့သော် ဆတ်ကောင်မှာ ဘာမှမဖြစ်ဘဲ ဦးစောထီးကိုခါချကာ ခုန်ထွက်သွားလေသည်။ ဦးစောထီးလည်း မြေတွင်လိမ့်သွားလေသည်။

"ဒီကောင်က ဒီအတိုင်းတိုက်လို့မသေပါလား"

ဦးစောထီးကကုန်းထလိုက်ပြီး ဓါးမြှောင်ကိုအသင့်ဆုပ်ကိုင်ထားသည်။ ဆတ်ကောင်က ဦးစောထီးအားတိုက်ခိုက်ရန်ပြင်ဆင်နေပြန်သည်။ ယခုတစ်ကြိမ်တိုးအဝှေ့တွင် ဆတ်ချိုက ဦးစောထီးဗိုက်ကိုထိုးစိုက်မိသွားသည်။ ဆတ်ချိုသိပ်မထက်သဖြင့်သာ ပေါက်မထွက်သွားခြင်းဖြစ်သည်။ ဦးစောထီးလည်း ဓါးမြှောင်ဖြင့် တွေ့သည့်နေရာကို ခုတ်ဖြတ်လိုက်ရာ ဆတ်ကောင်၏ တံခေါက်ကြောကို ဖြတ်မိသွားပြီး ဆတ်ကောင်မှာ ခြေတစ်ဖက်စာသွားသည်ကိုတွေ့လိုက်ရသည်။

"ဟုတ်ပြီ၊ ဒီကောင့်ကို သတ်မရပေမယ့်၊ ဒီကောင့်ကိုယ်လုံးကိုတော့ ပျက်စီးအောင်လုပ်နိုင်တယ်"

သို့နှင့် ဆတ်ကြီးနှင့် ဦးစောထီးတို့ တစ်ချီပြီးတစ်ချီ တိုက်ခိုက်ကြသည်။ ဦးစောထီးက ချက်ကောင်းကိုစောင့်ပြီး ဆတ်ကောင်၏ အကြောများနှင့် ခြေလက်များကို ခုတ်ဖြတ်တိုက်ခိုက်လေရာ ဆတ်ကောင်မှာ မလှုပ်ရှားနိုင်တော့ဘဲ ငြိမ်ကျသွားလေသည်။ ထိုအခါ ထိုမိန်းကလေးက ဆတ်ကောင်ထံမှ ခုန်ထွက်လိုက်ရာ ဦးစောထီးက ထိုမိန်းကလေးကို ပြေးခုန်အုပ်ပြီး နပမ်းဖက်လုံးတော့သည်။

"မင်းကိုငါသတ်မယ်၊ မင်းကိုသတ်မယ်"

ဦးစောထီးက ထိုမိန်းကလေးအား အတင်းဖြစ်ညှစ်ထားရင်း ရေရွတ်နေလေသည်။ ထိုမိန်းကလေးက 

"မသတ်ရဘူး၊ ရှင် ကျုပ်ကိုမသတ်ရဘူး"

သို့သော် ဦးစောထီးက ထိုမိန်းကလေး၏ ဦးခေါင်းကို အကြိမ်ကြိမ်ဓါးဖြင့်ထိုးစိုက်ထည့်လိုက်ရာ ထိုမိန်းကလေးမှာ ငြိမ်သက်သွားပြီးနောက် သစ်ချောင်းတစ်ခုအသွင်ပြောင်းသွားလေသည်။ ထိုမိန်းကလေး သစ်ချောင်းဖြစ်သွားသည်နှင့် ကျားကြီးမှာအော်ဟစ်ပြီး ထွက်ပြေးသလို သူ့နောက်လိုက်များမှာလည်း ခြေဦးတည့်ရာထွက်ပြေးကြသည်။ ဦးစောထီးလည်း မောမောဖြင့် ပက်လက်လဲကျနေသည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။

မကြာခင် အလင်းရောင်တစ်ခုကိုမြင်ရပြီး လူခေါင်းကြီးတစ်ခုက ပျံသန်းလာကာ သူ့အပေါ်တွင်ရစ်ဝဲနေလေသည်။ ထိုလူခေါင်းကြီးထံမှ အဖြူရောင်အလင်းရောင်များက ထိန်လင်းနေသည်။

"မင်း ငါ့လူကိုသတ်ပစ်လိုက်ပြီ"

"ဒီကောင်မက ကျုပ်ကိုသတ်ဖို့လုပ်လို့ ကျုပ်သတ်လိုက်တာ"

"မင်းမှားတယ်၊ မင်းက တောရဲ့စည်းကိုလည်းဖောက်သေးတယ်၊ သူ့ကိုလည်းသတ်လိုက်သေးတယ်၊ ဒီတော့ မင်းအပြစ်ကို မင်းတာဝန်ယူရမယ်"

ဦးစောထီး ဘာမှမပြောနိုင်တော့။

"ခင်ဗျားက ဘယ်သူလဲ"

"ငါက တောင်ပိုင်နတ်မင်းပဲ၊ မင်းက ငါ့လက်အောက်က တောပိုင်လမိုင်းကိုသတ်လိုက်တယ်၊ ဒီအတွက် ငါ့လူတစ်ယောက်လျော့သွားပြီ၊ တောရဲ့စည်းအရ လမိုင်းကိုသတ်တဲ့လူက လမိုင်းနတ်ဖြစ်ရတယ်"

ဦးစောထီးလည်း တစ်သက်လုံးအယုံအကြည်ရှိခဲ့သော်လည်း အခုလိုကိုယ်တွေ့ကြုံတော့မှ ယုံသွားမိသည်။

"တောင်ပိုင်မင်းရယ်၊ ကျုပ်မှာမိန်းမလည်းရှိသေးတယ်၊ အမေအိုကြီးလည်း ရှိပါသေးတယ်၊ ဒါကြောင့် ကျုပ်ကိုမသတ်ပါနဲ့"

ဦးစောထီးက အတန်တန်တောင်းပန်လွန်းတော့မှ တောင်ပိုင်နတ်မင်းက သဘောတူလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် မင်းငါ့ကို ကတိတစ်ခုပေးရမယ်၊ အခုမင်းကို ငါမသတ်ပေမယ့် မင်းသေသွားတဲ့အခါ ငါ့ဆီမှာ တာဝန်ထမ်းဆောင်ပါ့မယ်ဆိုတဲ့ ကတိပေါ့"

ဦးစောထီးလည်း အခုရှုပ်မှ နောင်ရှင်းဟု သဘောထားလိုက်ကာ ခေါင်းညိတ်လိုက်သည်။

"ပေး၊ ပေးပါတယ်"

"ကောင်းပြီ၊ မင်းက ဒီခလောက်တောင်ကြောကနေ ကော့ကဒုံရွာအထိတစ်ကြောကို မင်းပိုင်သွားပြီ၊ မင်းအလိုရှိရာကို အဲဒီတောင်ကြောတွေမှာ လုပ်နိုင်ပြီ"

ထိုသို့ပြောဆိုပြီး တောင်ပိုင်နတ်မင်းမှာပျောက်ကွယ်သွားသည်။ ဦးစောထီးလည်း မြေပြင်တွင်လဲကျလျက် မေ့မြောသွားတော့သည်။

(၄)

မနက်လင်းပြီဖြစ်သည်။ ဦးစောထီးလန့်နိုးသွားသည့်အချိန်တွင် ကျေးငှက်သာရကာများက အစာရှာထွက်ကာ အော်ဟစ်ဆူညံနေလေသည်။ သူ့အနားတွင် ဆတ်သေကောင်ကြီးက တုံးလုံးလဲကျနေသည်။

"ငါ . . . ငါအိပ်မက်မက်နေတာလား"

ဦးစောထီးကလန့်နိုးလာပြီး နံဘေးနားသို့ ဝေ့ကြည့်လိုက်သည်။ ညကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို အိပ်မက်ဟုသာထင်မြင်လေသည်။ သို့သော် မနေ့က အကောင်းအတိုင်းရှိနေခဲ့သည့် ဆတ်ကောင်ကြီးမှာ ယခုတော့ ခြေပြတ်လက်ပြတ်ဖြစ်နေသည်က ထူးဆန်းနေသည်။ ဆတ်ကောင်ကြီးကို ထမ်းပိုးရင်း ကျောက်ဂူအတွင်းမှ ထွက်ခွာလိုက်တော့သည်။ တောအတွင်းလျှောက်လှမ်းလာသော်လည်း သိပ်မြန်မြန်မလျှောက်နိုင်ပေ၊ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလိုဖြစ်နေကာ အားအင်ချိနဲ့နေလေသည်။ ထို့ကြောင့် ဝါးရုံပင်တစ်ပင်အနားတွင် ထိုင်ကာ ရပ်နားလိုက်လေသည်။

"ဟူး၊ မလွယ်ပါလား၊ ဒီကောင်ကြီးထမ်းပြီးတော့ ရွာကိုဘယ်လိုပြန်ရပါ့မလဲ"

ထိုစဉ်မှာပင် ဝါးရုံပင်အနောက်မှ ခြေသံကြားရသည်။ ခြေသံဖွဖွဖြစ်ပြီး ခြေလောင်းချောင်းကို ခပ်မှန်မှန်လျှောက်လာသည်ကိုကြားသဖြင့် လှည့်ကြည့်လိုက်ရာ အဝါရောင်တွင် အနက်အစင်းကြားကြီးဖြင့် ကြီးမားသည့် ကျားကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။ ကျားကြီးကိုတွေ့သဖြင့်  လန့်သွားမိသော်လည်း ထိုကျားကြီးက အေးအေးလူလူပင် သူ့အနားသို့ရောက်လာလေသည်။

"စိတ်မပူပါနဲ့အရှင်၊ ကျောကုန်းပေါ်တက်ပါ"

ကျားပါးစပ်မှ လူစကားထွက်လာသဖြင့် ဦးစောထီးပင် အလွန်အံ့ဩသွားရသည်။

"ငါ အိပ်မက်ထပ်မက်နေတာလား၊ ကျားက လူစကားပြောတယ်လို့"

"အိပ်မက်မဟုတ်ပါဘူးတကယ်ပါ"

ကျားကြီးက ထိုသို့ပြောပြီး ဦးစောထီးအရှေ့တွင် ဝပ်စင်းပေးလိုက်လေသည်။ ဦးစောထီးလည်း မဝံ့မရဲနှင့် ကျားကြီးဆီသို့တိုးသွားပြီး ကျားကျောကုန်းပေါ်ကိုခွတက်လိုက်သည်။ ဆတ်ကောင်ကြီးကိုလည်း ကျားဂုတ်တွင်တင်လိုက်သည့်အခါ ကျားကြီးက စွေ့ခနဲမတ်တပ်ရပ်လိုက်ပြီး အလွန်လျှင်မြန်စွာပြေးတော့သည်။ ဦးစောထီးတစ်ယောက် ပြုတ်ကျမည်စိုးသဖြင့် ကျား၏အမွှေးများကို လက်နှင့်အတင်းညှစ်ကာ ဖမ်းဆုပ်ကိုင်ထားရသည်။ ကျားကြီးမှာ အလွန်လျှင်မြန်သည့်အရှိန်နှုန်းဖြင့်ပြေးလေရာ ဆယ်မိနစ်ခန့် အကြာတွင် တောစပ်အနီးသို့ရောက်သွားလေတော့သည်။ ဦးစောထီးလည်း အလွန်ထိတ်လန့်သွားမိသည်။

"ငါကျားကြီးစီးလာတာကို ရွာကလူတွေတွေ့ရင် ငါ့ကိုတစ်မျိုးထင်ကုန်ကြမယ်၊ ကဲ . . ကျားကြီးရေ ရပ်တော့"

ထိုတော့မှ ကျားကြီးက ရပ်တန့်လိုက်သည်။ ဦးစောထီးလည်း ဆတ်သေကောင်ကြီးထမ်းပြီး တောအုပ်အတွင်းမှထွက်လာခဲ့သည်။ ရွာအဝင်လမ်းတစ်လျှောက် ညကကြုံခဲ့ရသည့်အဖြစ်များကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ်အံ့ဩနေမိသည်။ အိမ်ရောက်တော့ ဇနီးသည် နော်အဲမူမှာ မျက်ရည်စမ်းစမ်းနှင့်ဖြစ်နေချေပြီ၊ ဦးစောထီးတစ်ယောက် တောအတွင်းပျောက်သွားကာ သေဆုံးသွားသည်ဟု ထင်မှတ်နေကြခြင်းဖြစ်သည်။

ထိုနောက်ပိုင်းတွင် ဦးစောထီးက စမ်းသပ်ချင်လာသည်။ သူတောတိုးသည့်အခါတိုင်း တောတွင်းရှိ လူထူးလူဆန်းများကို မြင်မြင်တွေ့နေရသည်။ အထူးသဖြင့် မိုးအုံ့သည့်အချိန်နှင့် လင်းအားနည်းသည့်အချိန်တွင် ထိုလူများကို မြင်တွေ့ရတတ်သည်။

"ဒီတောကို ငါပိုင်တယ်ဆိုပဲ၊ အင်းလေ၊ ဒီတော့လည်း စမ်းသပ်ကြည့်ရတာပေါ့"

ဦးစောထီးက တောတက်လာရင်း တောစပ်အရောက် ကြီးမားသည့် ညောင်ပင်ကြီးအရှေ့တွင်ရပ်လိုက်သည်။ ထိုညောင်ပင်ကြီး၏ သစ်ကိုင်းသစ်ခက်များပေါ်တွင် တူရိယာတီးမှုတ်သည့်လူများ ထိုင်နေကြသည်ကိုတွေ့လိုက်ရသည်။ သို့နှင့် သစ်ပင်ကြီးကိုလက်ဖြင့်ပုတ်လိုက်သည်။

"ဟေ့၊ ဒီနေ့တော့ သားကောင်ကြီးလိုချင်တယ်ကွာ၊ မင်းတို့ကောင်တွေ သားကောင်ကြီးရအောင်လုပ်ပေးကြ"

သစ်ပင်ကိုလက်ဖြင့်သုံးလေးချက်ခန့် ပုတ်လိုက်သည်နှင့် သစ်ပင်ပေါ်မှ လူကလေးများက ခုန်ဆင်းသွားကြလေသည်။ ဦးစောထီးလည်း တောထဲသို့ဆက်တက်လာရင်း တစ်နေရာတွင် ထိုလူကလေးက သူ့အားခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။ ထိုလူကလေးခေါ်ဆောင်သွားသည့်နေရာသို့ လိုက်လာခဲ့သည့်အခါ စိုင်တစ်ကောင်သင်းကွဲပြီး လမ်းပျောက်နေသည်ကိုတွေ့လိုက်ရသည်။ စိုင်မှာ အချိန်သုံးဆယ်ခန့်ရှိမည်ဟုထင်ရသည်။ ဦးစောထီးကိုလည်း သတိပြုမိပုံမရသဖြင့် ဦးစောထီးက သေနတ်ဖြင့်ထိုးချိန်ကာ ပစ်ခတ်လိုက်သည်။

"ဒိုင်း . . ."

ကျည်ဆန်က စိုင်၏ နှလုံးသားကိုဖောက်ထွက်သွားသဖြင့် စိုင်ကောင်မှာ တစ်ချက်လန့်ပြီးခုန်လိုက်ကာ မြေပေါ်သို့လဲကျသွားလေသည်။ ဦးစောထီးလည်း အံ့ဩဝမ်းသာစွာဖြင့် စိုင်အနီးသို့တိုးကပ်ခဲ့သည်။ ထို့နောက် လူသိပ်မစားသည့် စိုင်၏ နားရွက်များ၊ အမြှီးဖျားများကို ခုတ်ဖြတ်လိုက်ပြီးသည့်နောက် ဖက်ရွက်ပေါ်တွင်တင်လိုက်ကာ တောပိုင်၊ တောင်ပိုင်များကို တင်မြှောက်လိုက်လေသည်။

ထိုအချိန်မှစပြီး ဦးစောထီးအမဲလိုက်သည့်အခါတိုင်း ထိုညောင်ပင်ကြိးကိုပုပ်လျက် သားကောင်တောင်းလေ့ရှိသည်။ ထိုသို့တောင်းသည့်အခါတိုင်းလည်း မရသည့်သားကောင်မရှိပေ၊ နောက်တော့ သားကောင်ကြီးများသာ နေ့စဉ်ရက်ဆက်တောင်းနေရသဖြင့် သားကောင်များကိုပင် အားနာသနားလာမိသည်။ ထို့ကြောင့် နေ့တိုင်းတောမတက်တော့ဘဲ တစ်ပတ်လျှင် သုံးလေးရက်သာတက်သည်၊ တောတက်သည့်အခါတိုင်းလည်း သားကောင်တစ်ကောင်မဟုတ်တစ်ကောင် ရလာတတ်သဖြင့် ရွာမှလူများက ဦးစောထီးအား တစ်ပွဲစားစောထီးဟု ခေါ်ဝေါ်ကြလေသည်။ စင်စစ်အားဖြင့်လည်း ဦးစောထီးမှာ တစ်ပွဲစားဖြစ်သွားခဲ့ချေပြီ။

"အဖြစ်ကတော့ အဲဒါပါပဲ ငါ့သားရယ်"

ဦးစောထီးက သူ့ဘ၀ဇာတ်ကြောင်းများကို ဒီးဒီးအားပြောပြနေခြင်းဖြစ်သည်။ ဒီးဒီးမှာ ကိုယ့်နားကိုယ်ပင်မယုံနိုင်ပေ။

"ဒါဆိုရင်၊ အပါးမှာ . . . အပါးမှာ ထူးဆန်းတဲ့အစွမ်းတွေရှိနေခဲ့တာပေါ့"

"ဒါပေါ့ငါ့သားရဲ့၊ ဒါပေမယ့် ဒီအစွမ်းတွေကိုလူသိမခံဘဲ သိုသိုသိပ်သိပ်နေရတာပေါ့"

ဦးစောထီးက ပြုံးလိုက်ပြီး သူ့နံဘေးရှိ လူကလေးများကိုလက်ညှိုးထိုးပြသည်။ ပိန်ပိန်ရှည်ရှည်နှင့် ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိသည့် လူကလေးများမှာ အယောက်သုံးဆယ်ခန့်ရှိသည်။

"ဒီလူကလေးတွေကို တိုတီး လို့ခေါ်တယ်သား၊ ဒီလူကလေးတွေက အပါးရဲ့လက်အောက်က အခိုင်းအစေတွေပေါ့၊ လူတွေပြောသလိုဆိုရင် အပါးတို့က ရွာလူကြီးဆို၊ ဒီ တိုတီး အကောင်လေးတွေက ဆယ်အိမ်ခေါင်းသဘောမျိုးပေါ့၊ တောအုပ်ကြီးထဲမှာ သူတို့ကလည်း နေရာတစ်နေရာပိုင်စားကြတယ်"

"တိုတီးတဲ့လား . . ."

"ကဲပါ၊ အပါးအခုလာတဲ့အကြောင်းအရင်းကိုပြောဖို့မေ့နေတယ်"

"ဘာအကြောင်းလဲအပါး"

"သားကို တစ်ပွဲစားအဖြစ်ပေးမယ် . . ."

ဒီးဒီးမျက်လုံးများ ပြူးကျယ်သွားသည်။ 

"တစ်ပွဲစားအဖြစ် ဘယ်လိုပေးမှာလဲ"

"လွယ်ပါတယ်သားရာ၊ သားနဲ့အပါးနဲ့ စိန်ခေါ်ပြီးတိုက်ခိုက်ကြမယ်၊ အပါးရှုံးပြီဆိုရင် အပါးကိုသားကသတ်လိုက်၊ ဒါဆိုရင် သားက တစ်ပွဲစားဖြစ်သွားလိမ့်မယ်"

"မလုပ်ပါရစေနဲ့အပါး၊ သား အပါးကို မသတ်ချင်ဘူး၊ မသတ်ရက်ဘူး"

"အပါးလုပ်နေတာ သားအတွက်ချည်းပါပဲ၊ တစ်ပွဲစားဆိုတာ သူပိုင်နက်ထဲမှာ ဘယ်တော့မှမသေဘူးတဲ့ကွ၊ အခုသားက ဒဏ်ရာတွေရပြီးတော့ လဲနေပြီမဟုတ်လား၊ ငါ့သား သေဖို့နီးနေလို့ အပါးတို့နဲ့ ဟောဒီက နာနာဘာ၀လောကထဲကို ရောက်နေပြီမဟုတ်လား၊ တကယ်လို့ သားသာ တစ်ပွဲစားဖြစ်ရင် သားအသက်ပြန်ရှင်နိုင်မယ်"

"မလုပ်နိုင်ဘူးအပါး၊ သားအဲဒီလိုမလုပ်နိုင်ဘူး"

"လုပ်လိုက်စမ်းပါသားရာ၊ အပါးကတော့ သားကိုမသေစေချင်ဘူး၊ သားအသက်က အခုမှ ဆယ့်လေးနှစ်ပြည့်ပြီး ဆယ့်ငါးနှစ်ထဲရှိသေးတယ်၊ သားသေတာကို အပါးမကြည့်ရက်ဘူး"

ဒီးဒီးငိုကြွေးလိုက်လေသည်။

"မဖြစ်ဘူးအပါး၊ အပါးကို သားဘယ်လိုမှ မသတ်နိုင်ဘူး၊ သားကိုခွင့်လွှတ်ပါ၊ သားသေမယ်ဆိုရင် အသေခံလိုက်မယ်အပါး"

သားဖြစ်သူခေါင်းမာနေသဖြင့် တစ်ပွဲစားဦးစောထီးတစ်ယောက် အလွန်စိတ်ညစ်လျှက်ရှိသည်။ ဒီးဒီးကလည်း သေချင်အသေခံလိုက်မည် ဦးစောထီးနှင့် မတိုက်ခိုက်မသတ်ဖြတ်လိုတော့ပေ၊ ဦးစောထီး စိတ်ညစ်ပြီး ကျားပေါ်မှဆင်းကာ ဒီးဒီးရုပ်အလောင်းကိုသွားကြည့်လိုက်သည်။

"ဒဏ်ရာတွေတော့ တော်တော်ရထားတယ်၊ ဆေးကုမှဖြစ်မယ်"

ဦးစောထီးက စဉ်းစားလျက် ရေရွတ်နေလေသည်။

"ဆေးကုမှဖြစ်မယ် . . ."

ထို့နောက် ဦးစောထီးက သူ့အနောက်ရှိ တိုတီးများထံသို့လှည့်လိုက်ပြီး

"ဟေ့ တိုတီးတွေ၊ ဒီနားမှာ ဆေးဆရာအိမ်ကိုရှာကြဟေ့"

တိုတီးများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းကုပ်နေကြသည်။ ထိုစဉ် တိုတီးတစ်ယောက်က အကြံရသွားပြီးနောက် ဦးစောထီးကို တိုးတိုးကလေးကပ်ပြောလေသည်။ ဦးစောထီးက ဒီးဒီးကိုကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ကဲ၊ အပါးနည်းလမ်းသိပြီ၊ ငါ့သားပြန်တော့"

ဦးစောထီးက ဒီးဒီးရင်ဘတ်ကိုလက်ဖြင့်ဆောင့်တွန်းလိုက်ရာ ဒီးဒီးမှာ ကိုယ်လုံးကို မထိန်းနိုင်ဘဲ အနောက်သို့ပက်လက်လန်ကာ လဲကျသွားသည်။

ဒီးဒီးသတိရလာသည့်အခါ တစ်ကိုယ်လုံးနာကျင်နေသည်။ ထို့အတူ ခပ်ကြမ်းကြမ်းအမွှေးအမျှင်များကို စမ်းသပ်မိသည်။ တစ်စုံတစ်ခုက သူ့ကိုသယ်ပြီးပြေးလွှားနေသလို ခံစားလိုက်ရပြီး မျက်လုံးများပြန်လည်မှိတ်ကျသွားလေသည်။

စင်စစ်အားဖြင့် ဦးစောထီးက သူ့စီးတော်ကျားပေါ်သို့ ဒီးဒီးကိုသယ်ဆောင်လာကာ တောအုပ်အတွင်းဖြတ်သန်းပြေးလွှားနေခြင်းဖြစ်သည်။ မင်းလွင်တောင်တန်းကြီးတစ်ခွင်ကို ကျားကြီးက ပြေးလွှားနေလေသည်။ တောင်တန်းကြီး၏ တစ်ဖက်စွန်းတွင်တော့ ရွာကလေးများရှိသည်။ ကျားကြီးက တောင်ပေါ်မှ လျှင်မြန်စွာခုန်ပေါက်ပြီး ပြေးဆင်းလာကာ ကျေးရွာတစ်ရွာအစပ်တွင် ရပ်တန့်လိုက်လေသည်။ အမှောင်ထုက ရွာကလေးကို ဖုံးအုပ်ထားပြီး ကျေးရွာကလေးမှာ တိတ်ဆိတ်နေလေသည်။ 

တောအစပ်သို့ရောက်သောအခါ ကျားကြီးမှာဆက်မသွားနိုင်တော့ပေ၊ တောစပ်နှင့် ရွာစပ် ပိုင်နက်နယ်မြေကွာခြားသွားပြီဖြစ်သဖြင့် ရွာအဝင်လမ်းကလေးတွင် ဒီးဒီးအား ချထားခဲ့လိုက်တော့သည်။

"သွားတော့သားရေ၊ သားအသက်ရှင်ပါစေလို့ အပါးဆုတောင်းပေးပါတယ်"

ဦးစောထီးက ကျားကြီးကိုစီးလျှက် တောအုပ်အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ တောနက်ထဲရောက်သည့်အခါ တောင်ပိုင်နတ်မင်းကြီးက သူ့အရှေ့တွင်ပေါ်ပေါက်လာလေသည်။

"မင်း စည်းကိုဖောက်ပြန်ပြီ စောထီး"

"ကျုပ်ဘာစည်းဖောက်လို့လည်း၊ ကျုပ်သားကို ကျုပ်ကယ်တာ စည်းဖောက်တာဆိုရင်လည်း ကျုပ်တောင်ပိုင်နတ်မင်းကြီးပေးတဲ့ အပြစ်ကိုခံယူမယ်"

"မင်းသားကို ကယ်တာအပြစ်မဟုတ်ပေမယ့်၊ မင်းက နယ်တွေအတော်များများကို ကျော်ဖြတ်လာခဲ့တယ်၊ ဒီနယ်တွေက မင်းအပိုင်တွေမဟုတ်တော့ မင်းကျော်ဖြတ်ခွင့်မရှိဘူးစောထီး၊ ဒီအတွက် မင်းအပြစ်ဒဏ်ခံရမယ်"

ဦးစောထီးက ဘာမှမပြောတော့ဘဲ ခေါင်းသာညိတ်လိုက်သည်။

"မင်းကိုပေးမယ့် အပြစ်ဒဏ်ကတော့ မင်းရဲ့သားနဲ့ နောက်ထပ်ဘယ်တော့မှ ထပ်မတွေ့တော့ဖို့ပဲ"

ဦးစောထီးမျက်လုံးများပြူးကျယ်သွားသည်။

"ဘာလဲ မင်းကမလုပ်နိုင်ဘူးလား၊ မင်းဆက်တွေ့နေမယ်ဆိုရင် မင်းရဲ့သားကလည်း မင်းကိုပြတ်နိုင်မှာမဟုတ်ဘူး၊ နောက်ပြီး ငါတို့တွေရှိနေတယ်ဆိုတဲ့အကြောင်းတွေကိုလည်း သူက လျှောက်ပြောနေအုံးမယ်၊ ဒီတော့ ဘ၀လည်းခြားသွားပြီဖြစ်လို့ မင်းရဲ့သားနဲ့ မင်းနဲ့ မတွေ့တာအကောင်းဆုံးပဲ စောထီး"

ဦးစောထီး ခေါင်းကိုတွေတွေကြီးညိတ်လိုက်လေသည်။ ထိုအခါ တောင်ပိုင်နတ်ကြီးမှာလည်း ပြန်လည်ပျောက်ကွယ်သွားသည်။ ဦးစောထီးက နောက်ဆုံးအကြိမ်အဖြစ် ဒီးဒီးအားချထားခဲ့သည့်ရွာကလေးဆီသို့ တောင်စောင်းပေါ်မှ လှမ်းကြည့်လိုက်လေသည်။

"အပါးသွားပြီသား၊ ဒီဘ၀တော့ ဒီမျှနဲ့ပဲ အပါးနှုတ်ဆက်ခဲ့ပါတယ်"

ဦးစောထီးမှာ ကျားကြီးစီးလျှက် တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

မနက်လင်းတော့မည်ဖြစ်သည်။ ဆေးဆရာကြီး ဘိုးတလူနှင့် မောင်ရွှဲတို့က ပလိုင်းကလေးလွယ်ပြီး တောင်ဝှေးတစ်ချောင်းကိုထောက်ကာ ရွာမှထွက်လာခဲ့သည်။ မင်းလွင်တောင်တန်းကြီးပေါ်တွင် သစ်ဥ၊ ဆေးမြစ်များရှာရန်အတွက် နံနက်မိုးမလင်းခင်ကတည်းက ထွက်လာခြင်းဖြစ်သည်။ ရွာအပြင်တောစပ်သို့အရောက်တွင် လဲကျနေသည့် လူတစ်ယောက်အားတွေ့မြင်လိုက်သည်။ ဆေးဆရာကြီးမို့ တွေ့သည့်လူအား ကူညီကယ်ဆယ်ပေးမည်ဆိုသည့် စိတ်ဓါတ်ပြင်းထန်လေရာ ထိုလူကို ပြေးကာပွေ့လိုက်သည်။

ထိုလူငယ်ကတော့ ဒီးဒီးပင်ဖြစ်သည်။ ဒီးဒီးက စနိုက်ပါ ရိုင်ဖယ်သေနတ်လွယ်ကာ လဲကျနေသည်။ ဒီးဒီးကိုယ်အားစမ်းသပ်ကြည့်လိုက်ရာ အသက်ငွေ့ငွေ့ရှိနေသေးသည်။ သို့သော်လည်း ရရှိထားသည့် ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသည်။

"ဆရာကြီး၊ ဒီလူက သေမှာပါပဲ၊ သူ့ကိုကယ်မနေပါနဲ့"

အဖော်အဖြစ်လိုက်ပါလာသည့် မောင်ရွှဲက ဆေးဆရာကြီးအားကြည့်ကာပြောဆိုလိုက်သည်။ ဆေးဆရာကြီး ဘိုးတလူက ခေါင်းခါလိုက်ပြီး

"ဆေးဆရာဆိုတာ လူနာမှာ အသက်ကျန်နေသေးတယ်လို့သိရင် သေခါမှသေရော တတ်နိုင်သလောက်ကုသပေးရတယ်ကွ၊ ကဲ မောင်ရွှဲရေ၊ သူ့ကိုထမ်းလာခဲ့တော့"

မောင်ရွှဲဆိုသည့် လူငယ်က အသက်နှစ်ဆယ်ခန့်ရှိမည်ဖြစ်ပြီး ဗလတောင့်တောင့် တင်းတင်းနှင့်ဖြစ်သောကြောင့် လဲကျနေသည့် ဒီးဒီးကိုအသာကလေးပွေ့ချီလိုက်သည်။ ထို့နောက် ဆရာတပည့်နှစ်ယောက် ရွာဆီသို့ ပြန်လှည့်လာခဲ့သည်။

ဘိုးတလူ၏ တဲနှင့်တွဲဖွင့်ထားသည့် ဆေးကုခန်းအတွင်းသို့ ဒီးဒီးကိုခေါ်သွားကာ ဝါးဖြင့်ပြုလုပ်ထားသည့် ကုတင်ပေါ်တွင်လှဲတင်လိုက်လေသည်။ ထို့နောက် ဆေးဆရာကြီးက ဒီးဒီးထံမှ သေနတ်ကိုဖြုတ်ယူလိုက်သည်။

"သေနတ်ကတော့ အကောင်းစားပဲကွ၊ ဒီသူငယ်က လက်နက်ကိုင်တွေ ဘာတွေနဲ့များအစပ်အဆက်ရှိသလားမသိပါဘူး၊ ရော့ မောင်ရွှဲ ဒီသေနတ်ကို လုံခြုံတဲ့နေရာမှာ သိမ်းထားလိုက်၊ သူသတိရလာတဲ့အခါ သူ့ကိုပြန်ပေးရတာပေါ့"

မောင်ရွှဲက သေနတ်ကိုယူကာ ဆေးကုသသည့် တဲအတွင်းမှပြေးထွက်သွားသည်။ ဘိုးတလူကတော့ သူဖော်စပ်ထားသည့် ဆေးတစ်ချို့ကိုယူပြီး ဒီးဒီး၏ ဒဏ်ရာများကို သုတ်လိမ်းပေးနေသည်။ စပ်ဖျဉ်းဖျဉ်းဝေဒနာခံစားရသဖြင့် ဒီးဒီးနှုတ်ခမ်းတွေလှုပ်ရှားလာပြီး ညည်းညူနေလေသည်။ ဘိုးတလူက ဒီးဒီးပါးစပ်ထဲသို့ ဆေးရည်တစ်ချို့ လောင်းထည့်ပေးလိုက်သည်။

"မပူပါနဲ့ သူငယ်ရယ်၊ မင်းကို အဘိုးရအောင်ကယ်ပါ့မယ်ကွဲ့"

လင်းကြက်တွန်သံများက ရွာအတွင်းဆူညံစွာထွက်ပေါ်လာလေသည်။ တစ်ညလုံး အိပ်မောကျငြိမ်သက်နေသည့်ရွာကလေးမှာ ရွာသူရွာသားများ နိုးထလာသဖြင့် တစ်စတစ်စ အသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

အခန်း (၈) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..