ရည်းစားဦး
lotaya.mpt.com.mm
|
2023-11-21

စာတစ်ခုထဲမှာ ဖတ်ဖူးသည်။ ကျီးကန်းတွေရဲ့ မှတ်ဉာဏ်က ၃နှစ်လောက်အထိ မှတ်မိတတ်ကြတယ်တဲ့။
သူတို့ချစ်တဲ့သူကိုပဲဖြစ်ဖြစ်၊ သူတို့မုန်းတဲ့သူကိုပဲဖြစ်ဖြစ် ၃နှစ်လောက်အထိ မှတ်မိတတ်တာဖြစ်ပြီး ကျီးကန်းတွေရဲ့ သက်တမ်းက ၇နှစ်၊ ၈နှစ်ဝန်းကျင်ပါ။ ဆိုတော့ … သူတို့ရဲ့ ဘဝတဝက်လောက်က အဖြစ်အပျက်တွေကို ကောင်းကောင်းကြီးမှတ်မိတတ်တဲ့သဘောပေါ့။ လူတွေကတော့ ကျီးကန်းတွေထက် ပိုပြီးတော့ မှတ်သားတတ်တယ်ဆိုတာတော့ အထွေအထူးပြောစရာလိုမယ်တောင် မထင်ဘူး။ ပြီးတော့ .. အကြည်တော်ပြောခဲ့ဖူးတဲ့ “ဒုက္ခဆိုတာ နောင်တစ်ချိန်ဖြစ်လာမယ့်ဟာသပါ” ဆိုတာကလည်း အချစ်ကိစ္စတော့ ပါမယ်မထင်ဘူး။ ဘဝမှာ အချစ်ဦးရည်းစားဦးနဲ့ လွဲခဲ့ဖူးသူတိုင်းအတွက်တော့ အဖြစ်အပျက်တွေဟာ ဟာသ ပြန်ဖြစ်လေ့မရှိကြပါဘူး။ တကယ်လို့ ဟာသ ဖြစ်ခဲ့မယ်ဆိုရင်လည်း ကျွန်တော်တို့ နာနာကျင်ကျင် ရယ်မောကြရမယ့် သဘောပါ။ ဟုတ်တာပေါ့။ ကျွန်တော့်မှာလည်း ရည်းစားဦးရှိခဲ့ဖူးသည်။ မိတ်ဆွေတို့မှာလည်း ရည်းစားဦးရှိခဲ့ဖူးကြလိမ့်မည်။ အချို့ကတော့ ရည်းစားဦးနဲ့ပဲ ညားသွားကြပြီး ကျန်တဲ့ ရာခိုင်နှုန်းအများစုကတော့ ရည်းစားဦးနဲ့ လွဲချော်ခဲ့ကြသူတွေပဲ ဖြစ်ကြလိမ့်မည်။

လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ဖြစ်မည်။ ကျွန်တော်တို့မြို့မှာ လျှပ်စစ်မီးရဖို့ ခက်ခဲတဲ့ကာလ။ ဆက်သွယ်ရေးအတွက် လမ်းဘေးဖုန်းဆိုင်တွေ၊ အခငွေကြေးငွေပေးပြီး ဆက်ရတဲ့ ဖုန်းတွေကို အားကိုးရတဲ့ခေတ်။ အရာရာရှားပါးခက်ခဲတဲ့ ခေတ်ကြီးထဲမှာ လူပျိုပေါက်ဖြစ်လာခဲ့တဲ့ ကျွန်တော့် အံ့ဖွယ်ဖြစ်ရပ်အဖြစ် ရည်းစားလေးတစ်ယောက်ရခဲ့မိသည်။

“ဘာ .. မင်းက .. စော် ရသွားပြီဟုတ်လား ..”

“မဖြစ်နိုင်တာကွာ .. “

“ဒီကောင့် .. သောက်ခွက်နဲ့ .. “

အလုပ်က အပြန် ညဘက် လက်ဖက်ရည်ဆိုင်မှာဖြစ်သည်။ကျွန်တော်ကတော့ ရေနွေးကိုသာ ဂရုတစိုက်မှုတ်သောက်နေသည်။ အခုချိန်မှာ ကျွန်တော့်ရဲ့ ခံစားချက်က ကမ္ဘာ့ဖလားနဲ့ ကမ္ဘာ့အကောင်းဆုံးဆုကို ပိုင်ဆိုင်ထားတဲ့ ဘောလုံးသမားတစ်ယောက်ထက်တောင် ရင်ထဲမှာ ပီတိတွေက ဖြာဝေနေမှာအမှန်ပင်။ ကျွန်တော့်ရဲ့ အောင်နိုင်သူလိုအပြုံးကိုကြည့်ပြီး တစ်ဝိုင်းထဲထိုင်နေတဲ့ ဘော်ဒါတွေကတော့ မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်း၊ အလိမ်ခံနေရတယ်လို့ခံစားရခြင်း၊ မနာလိုခြင်းတွေကို တစ်ပြိုင်ထဲ ခံစားနေကြရရှာသည်။

“မင်းသာ .. တကယ် စော်ရသွားတယ်ဆိုရင် .. ငါတို့ကို တွဲပြကွာ။ အဲဒါမှ ငါတို့ယုံမယ်”

ကျွန်တော်က .. ရေနွေးခွက်ကို အသာအယာချလိုက်ပြီး ..

“တကယ်တော့ မင်းတို့မယုံတာ မဆန်းပါဘူး။ ငါတောင် ငါ့ကိုယ်ငါ ရည်းစားရတယ်ဆိုတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေမိတုန်းကွ”

“ဒါနဲ့ .. မင်းကောင်မလေးက ဘယ်ကလဲ .. “

“ဒီမြို့ကပဲ”

ကျွန်တော့်ဘော်ဒါတွေအနေနဲ့ ကျွန်တော်ရည်းစားရတာကို မယုံကြည်နိုင်ကြဘူးဆိုပေမဲ့လည်း သိချင်ကြပြန်သည်။

“ဘယ်လို စ တွေ့တာလဲ”

“အလုပ်ထဲက တွေ့တာပဲ”

အဲဒီအချိန်မှာ တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေတဲ့ .. သန်းဝင်းက ..

“မင်းက ဘယ်လိုဖွင့်ပြောလိုက်ပြီး .. မင်းကို ဘယ်လို အဖြေပြန်ပေးလိုက်တာလဲ”

“မင်းတို့က မယုံဘူးလည်း ပြောသေးတယ်။ ဘာလို့ သိချင်နေကြရတာလဲ”

“မင်း ဘယ်လိုလိမ်မလဲ ငါတို့က လေ့လာမလို့”

ဒီကောင်‌တွေ လေတော့ မလျှော့။ ကျွန်တော်ကလည်း ကျွန်တော့်ခွင်ထဲ ဝင်လာတော့ .. ဘယ်လို ပိုးပန်းခဲ့ရကြောင်း၊ သူ့ဆီက အဖြေရဖို့ ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ရကြောင်း၊ ဘယ်လောက်ထိပေးဆပ်ခဲ့ရကြောင်း စီကာပတ်ကုံးတွေပြောပြတော့ သူတို့မှာ အားကျတဲ့အကြည့်တွေနဲ့။

“ဒါနဲ့ မင်းကောင်မလေးက လှလား”

“ဟ … လှတာပေါ့ကွ.. လှတာမှ ကမ္ဘာပေါ်မှာ အလှဆုံးလို့တောင်ပြောလို့ရတယ်”

ဒီစကားကိုတော့ ကျွန်တော့်ခံစားချက်အတိုင်း ရိုးရိုးသားသားပြောခဲ့ခြင်းပင်။ အချစ်ဦး၊ ရည်းစားဦး ရင်အခုန်ရဆုံးကောင်မလေးက ကျွန်တော်တို့အတွက်တော့ ကမ္ဘာပေါ်မှာ အလှဆုံးဆိုတာ လွန်မယ်မထင်ပါဘူး။ တခြားသူတွေအတွက်တော့ သာမန်မိန်းကလေးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့အတွက်တော့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးလေးပါပဲ။ အဲဒီနေ့က ကျွန်တော့်အတွက် အချိုမြိန်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။

နောက်တစ်နေ့ မနက်ငါးနာရီထဲက နိုးနေသည်။ အလုပ်က ဘာဖြစ်လို့ မနက် ၆နာရီတွေ ဘာတွေ မဆင်းခိုင်းတာလည်းဆိုပြီးတော့တောင် တွေးနေမိသည်။ ချစ်ရတဲ့အမျိုးသမီးလေးရဲ့ မျက်နှာကို မြင်ချင်လွန်းလှပြီ။ ဆောင်းရာသီဖြစ်လို့ နယ်မြို့လေးက အအေးပိုသည်။ မလင်းတလင်းအခြေအနေမျိုးမှာ မြူတွေကလည်း ကျနေသည်။ မြူတွေကြားမှာ နံရိုးအပြိုင်းပြိုင်းနဲ့ ရေချိုးနေတဲ့ ကောင်လေးတစ်ယောက်ကိုလည်း တွေ့ရလိမ့်မည်။ အနွေးထည်တွေ ဝတ်ပြီး အိမ်ရှေ့ကဖြတ်လျှောက်သွားကြသူတွေက ထူးဆန်းသလို ကြည့်သွားကြသည်။

အိမ်က ထွက်တော့ .. အချိန်က တစ်နာရီလောက်ထိတောင်ပိုနေသေးသည်။ ဈေးထဲဝင်၊ နှင်းဆီပန်းလေးတစ်ပွင့်ဝယ်၊ ပြီးတော့ လက်ဖက်ရည်ဆိုင်ထိုင်၏။ အမှန်ဆို လက်ဖက်ရည်ဆိုင်မထိုင်ချင် သူ့အိမ်ရှေ့က သွားစောင့်ပြီး အလုပ်ကိုတောင် အတူတူသွားလိုက်ချင်သည်။ ဒါပေမဲ့ သူ့အစ်ကိုတွေရှိနေသောကြောင့်သာ။

အလုပ်ထဲရောက်တော့ .. နှင်းဆီပန်းလေးကိုသွားပေး၊ လူလစ်တော့ လက်ကလေးကိုခိုးနမ်း။ ဘဝရဲ့ နေပျော်စရာအကောင်းဆုံးအချိန်တွေပင်။

“မမ ..နှစ်ယောက်ထဲ အေးဆေးတွေ့ချင်တယ်”

“မလောပါနဲ့ဦး ..အခုလည်း တွေ့နေရတာပဲကို”

“အခုက .. ထမင်းစားချိန်လေးပဲ တွေ့ရတာ။ ပြီးတော့ .. ခိုးကြောင်ခိုးဝှက်တွေ့နေရတာ”

“အေးဆေးပေါ့ .. မောင်ရယ်.. အလုပ်တွေကလည်း ဒီအပတ်ထဲပိတ်ရက်မရှိဘူးလေ”

“ခွင့်ယူပြီး တွေ့ကြမယ်လေ..”

“ခွင့်တော့မယူနဲ့လေ။ ရတဲ့လစာလေးက နည်းနည်းလေးကို ပိုက်ဆံအဖြတ်ခံရရင်အများကြီးအဖြတ်ခံရမှာ”

တကယ်တော့ ရယ်စရာလည်း ကောင်းသည်။ ကျွန်တော်က မမ လို့သာ ခေါ်ပေမဲ့ သူက ကျွန်တော့်ထက် ရက်ပိုင်းလောက်သာကြီးသည်။ ဒါပေမဲ့ သူက မမ တစ်ယောက်ရဲ့ ဂုဏ်အင်္ဂါရပ်တွေနှင့်တော့ ပြည့်စုံသည်။ ကျွန်တော့်ထက်ရင့်ကျက်သည်၊ တည်ငြိမ်သည်။ ပြီးတော့ .. ကျွန်တော့်ထက်လည်း ခံစားချက်တွေကို ထိန်းသိမ်းနိုင်သည်။

ကျွန်တော့်မှာလည်း မမရဲ့ လက်ကို ဆွဲပြီး ကျွန်တော့်ဘော်ဒါတွေရှေ့ ခေါင်းမော့ရင်ကော့ပြီး လျှောက်ချင်တဲ့ ဆန္ဒတွေကို မနည်းထိန်းချုပ်ထားရသည်။ အခုဆို ရည်းစားသက်တမ်း ၁လကျော်တဲ့အထိ ကျွန်တော်တို့ အပြင်မှာ ချိန်းမတွေ့ဖူးသေး။ အလုပ်ထဲမှာပဲ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးလေးနဲ့စကားပြောကြရ၊ လူလစ်ရင် လက်ကလေးခိုးကိုင်၊ ပါးလေးခိုးနမ်း နှင့်သာ ကျေနပ်နေရသည်။

တစ်ရက်မှာတော့ ကျွန်တော့်အတွက်အခွင့်အရေးကြီးတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ အဲဒါကတော့..

“မောင် .. ဒီပိတ်ရက် .. အားလား”

“အားတယ်လေ .. “

“ဒီပိတ်ရက်ကျရင် အမေတို့က ပဲခူးဘက်ဘုရားဖူးသွားမလို့ .. အဲဒါ မောင် လိုက်ခဲ့ပါလား”

“မမ အစ်ကိုတွေရော .. “

“သူတို့မပါဘူး။ ဒီရုံးက အစ်မတွေလည်းပါမှာ … ရုံးက လိုက်တဲ့ပုံစံနဲ့ လိုက်ခဲ့ပေါ့”

ကျွန်တော့်မှာ ပျော်လွန်းလို့ ဘော်ဒါတစ်ကောင်ကိုတောင် ခေါ်ပြီး အရက်တိုက်နေမိသည်။ ဘာမှလဲမဆိုင်ဘူးလို့ မတွေးပါနှင့်။ ကျွန်တော်တို့ဟာ အသည်းကွဲတဲ့အခါမှာလည်း ခံစားချက်တွေကို ဖောက်ထုတ်ပစ်လိုက်ဖို့လိုသလို၊ ပျော်ရွှင်ရတဲ့အခါမျိုးမှာလည်း အနီးအနားကလူတွေကို ကြွားပစ်ဖို့ လိုသည်။

ကျွန်တော့်ဘော်ဒါ က ..

“မနက်ကျ ငါ့ဆိုင်ကယ်ယူသွားလိုက်”

“အာ .. မင်းပါ လိုက်ပို့ရမှာ .. စုရပ်ကို မင်းလိုက်ပို့။ ပြီးရင် ငါက အဲဒီက ကားနဲ့လိုက်သွားမှာ”

“မနက် ဘယ်အချိန်လဲ”

“အိမ်က ခြောက်နာရီထွက်မယ်”

“မင်းလာနှိုးမှရမယ်။ ငါမနိုးလောက်ဘူး”

“အေးပါ . စိတ်ချ။ မင်းဆိုင်ကယ်သာ ဆီဖြည့်ထား”

“အေး.. ဒီက ပြန်ရင်ဖြည့်လိုက်မယ်. .. ပေး ..ဆီဖိုး”

ကျွန်တော်ကလည်း ပုံမှန်ဆို တစ်ပြားကနှစ်ပြားခွာတတ်ပေမဲ့ အခုတော့ ၁ထောင်တန်၃ရွက် ပက်ကနဲ။

နောက်တစ်နေ့ကျွန်တော့်ရဲ့အကျင့်အတိုင်း မနက် ၄နာရီကတည်းကတောင် နိုးနေသည်။ တစ်ရပ်ကွက်လုံးတိတ်ဆိတ်နေချိန်မှာ ကျွန်တော်က ရေထချိုးဖို့အတွက်အားနာနေမိသည်။ ဆေးလိပ်တွေထိုင်ဖွာနေသည်။ ဒီဘက်ခေတ်လိုသာဆို ဖေ့ဘွတ်စ်လေးပွတ်ပြီး အချိန်ဖြုန်းလို့ရပေမဲ့ ကျွန်တော်တို့အဲဒီကာလမှာတော့ ဆေးလိပ်သာ အဖော်ဖြစ်၏။ အချိန်တွေကလည်း ကြာလွန်းသလို ခံစားရသည်။

ကျွန်တော့်အနေနဲ့ အချိန်ကျလာတော့ ရေချိုး၊ ဖြီးလိမ်းပြင်ဆင်၊ ယူစရာတွေယူပြီး တစ်လမ်းကျော်က ကျွန်တော့်ဘော်ဒါအိမ်ကို သွားရသည်။ ၅နာရီကျော်ကျော်လေးဆိုပေမဲ့ ဆောင်းတွင်းမို့လို့ အမှောင်ထုက ကြီးစိုးနေဆဲ။

“သန်းဝင်း … သန်းဝင်း .. “

လေသံခပ်အုပ်အုပ်နှင့် ခေါ်နှိုးရသည်။ သူတို့အိမ်က ခြေတံရှည်အိမ်ဖြစ်သည်။ ငတိက .. အိမ်အောက်က ပုခက်မှာ အိပ်နေသည်။

“လခွီးကောင် .. မင်းကြောင့် အပေါ်တောင် တက်မအိပ်ဖြစ်ဘူး။ လာနှိုးရင် မနိုးမှာစိုးလို့”

ဒီလိုမျိုးကျ ဘော်ဒါတွေက ချစ်စရာကောင်းလွန်းပြန်သည်။ ဆိုင်ကယ်အသာယာတွန်းပြီး လမ်းကိုထွက်လာတော့ .. ၅နာရီ ၂၅မိနစ်ဖြစ်နေပြီ။

“ဒက် .. ဒက် … ဒက် … “

ဆိုင်ကယ်က စက်မနှိုး။

“ဟေ့ကောင် ဘာဖြစ်တာလဲ”

“ညက အရမ်းအေးသွားလို့ .. အင်ဂျင်အေးနေလို့ထင်တယ်”

“ဒက် … ဒက် … ဒက် …ဒက် .. “

မထူးခြား။

“ငါ ကစ် နဲ့ နှိုးကြည့်လိုက်ဦးမယ်”

အဲဒါလည်း စက်က မနှိုးလာ။ ကျွန်တော်လည်း မနေနိုင်တော့ ဝင်နှိုးရသည်။ ကြိုးစားပမ်းစားတစ်ယောက်တစ်လှည့်နှိုးလိုက်တာ ဆယ်မိနစ်လောက်နေတော့ စက်ကနိုးသွားသည်။

“တော်ပါသေးရဲ့ကွာ .. “

“မှီပါတယ်ကွ”

“အေး .. မြန်မြန်မောင်းကွာ”

ကျွန်တော့်ဘော်ဒါက ဆိုင်ကယ်အရှေ့က ပုဆိုးခြုံပြီး မောင်းသည်။ ကျွန်တော့် အနောက်က ရှိုးစမိုးအပြည့်နှင့်လိုက်သည်။ အချိန်က ၆နာရီထိုးတော့မည်။ ချိန်းထားတဲ့နေရာကိုရောက်တော့ .. ကားတစ်စီးမှ မတွေ့။ မရောက်သေးတာထင်သည်။ အဲဒီအချိန်မှာပဲ ပြဿနာတစ်ခုက ပေါ်လာသည်။ အဲဒါက အိမ်သာတက်ချင်တာပင်။ မနက်ကတည်းက ဇောကပ်နေတော့ ပုံမှန်အိမ်သာတက်နေကြကို မေ့သွားခြင်းဖြစ်သည်။ အခုတော့ ဗိုက်က ရစ်ရစ်ပြီးနာလာသည်။ ကျွန်တော့်ဘော်ဒါကို ..

“သားကြီး ဒီနေရာ က သေချာလေး စောင့်နေနော်။ ကားတစ်စီးလာရပ်ရင် ခဏစောင့်ပေးဖို့ပြော။ ငါဟိုနားက လက်ဖက်ရည်ဆိုင်မှာ အိမ်သာခဏသွားတက်လိုက်ဦးမယ်”

“အေးပါ … စိတ်ချ .. “

ကျွန်တော့်ရဲ့ ပြဿနာက အိမ်သာတက်ရင် နည်းနည်းကြာတတ်တာပင်။ အခုက စိတ်ကပါလောနေတော့ .. ဗိုက်ကရစ်နေပေမဲ့ ဝမ်းက တော်တော်နှင့်မသွား။ အိမ်သာထဲမှာတင်စိတ်မရှည်လို့ ထလိုက်ထိုင်လိုက် ၃ခါလောက်လုပ်မိသည်။ အိမ်သာထဲက ထွက်လာတော့ ၆နာရီကို ဆယ်မိနစ်ပင် စွန်းနေပြီ။ လှမ်းကြည့်လိုက်တော့ .. ကားတစ်စီးကိုတွေ့သည်။ ကားဒရိုင်ဘာနှင့် ကျွန်တော့်ဘော်ဒါက စကားပြောနေသည်။ ကျွန်တော်လာတာမြင်တော့ ..

“ဟိုမှာ .. လာပြီ ဆရာကြီး”

အနားရောက်တော့ .. ကျွန်တော့်ဘော်ဒါက ..

“ဟေ့ကောင် . မြန်မြန်တက် .. ဒီမှာ စောင့်နေရတာ အားနာစရာကြီး”

ကျွန်တော်လည်း ကားပေါ်ကို မြန်မြန်တက်လိုက်သည်။ ကားက ဝေါကနဲ မောင်းထွက်သွားသည်။
ကားပေါ်မှာ နေရာလွတ်လေးတစ်နေရာတွေ့တော့ ကျွန်တော်ဝင်ထိုင်လိုက်သည်။ ပြီးတော့မှ ကားတစ်စီးလုံးကို မျက်လုံးဝေ့ကြည့်သည်။ ကျွန်တော်နဲ့ သိတဲ့သူ တစ်ယောက်မှ မတွေ့။ မိန်းကလေး တော်တော်များသည်။ တစ်ခုခုတော့ မှားနေသလို ခံစားရသည်။ ဘေးနားက အစ်မကို ..

“အစ်မ ဒါက ဘုရားဖူးကားလား”

“ဘယ်က .. ဘုရားဖူးကားရမှာလဲ .. ဖယ်ရီကား .. ဖယ်ရီကား .. ပိတ်ရက်ကြီး အလုပ်ဆင်းခိုင်းလို့ ဒေါသထွက်နေရတဲ့ ကြားထဲ”

ကျွန်တော့် ခေါင်းကို မိုးကြိုး ၅လုံးလောက် ဆက်တိုက်ပစ်လိုက်သလို ခံစားရသည်။

“ကျွန်တော် .. ဆင်းမယ် .. ကျွန်တော် ဆင်းမယ်… “

“နေဦး ကောင်လေး .. မှတ်တိုင်ရောက်မှဆင်း။ ရှေ့မှာ ဘဲဥတွေရှိတယ်”


ကျွန်တော် ဆင်းလိုက်တဲ့ နေရာက ကျွန်တော်တို့ ရပ်ကွက်ထိပ်။ ကျွန်တော့်မှာ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိ။ ကြောင်တောင်တောင်ဖြစ်နေသည်။ ဆိုင်ကယ်ကယ်ရီတစ်စီးငှားပြီး … ခုန က စုရပ်ကို ပြန်သွားတော့လည်း ကားတစ်စီးမှမတွေ့။ နာရီဝက်လောက်ထိုင်စောင့်နေမိသည်။ စိတ်ထဲမှာလည်း ဝမ်းနည်းလာသည်။ ဒီလိုနေ့မျိုးမှာမှ လွဲရတယ်လို့ဆိုပြီး တွေးမိတော့ ဒေါသပါထွက်မိသည်။ ရပ်ကွက်ထဲလည်း မပြန်ချင်။ စိတ်ညစ်ညစ်နှင့် ပန်းခြံထဲသွားထိုင်နေဖို့ ဆုံးဖြတ်လိုက်သည်။ အခုခေတ်လို ဖုန်းနဲ့လှမ်းဆက်ပြီး ချိတ်ဆက်လို့လည်းမရ။ လွဲရင် လွဲတဲ့ဒဏ်ကို ပြည့်ပြည့်ဝဝခံစားရသည်။ ပြန်လည်ပြင်ဆင်ခွင့်မရှိ။

နောက်တစ်နေ့ အလုပ်ရောက်တော့ ကျွန်တော့် မမ က မျက်နှာမကောင်း။ ကျွန်တော့်ကို စိတ်ကောက်နေသည်ဟု ထင်သည်။ စကားသွားပြောတော့ စိတ်တော့မကောက်။ ဒါပေမဲ့ ရှားရှားပါးပါးအခွင့်အရေးလေးကို လွဲဖြစ်အောင်လွဲတဲ့ ကျွန်တော့်ကိုတော့ နည်းနည်းဆူသည်။ ဆူလည်း ခံရုံသာ။ ဒီလိုနှင့် … နောက်တစ်ခေါက်ထပ်တွေ့ရဖို့ တစ်လလောက် စောင့်လိုက်ရသည်။ ဒီတစ်ခါတော့ .. လုံးဝမလွဲတော့အောင် ..

“ကျွန်တော် အဲဒီနေရာမှာ မလာမချင်း စောင့်နေမှာနော်”

“စိတ်ချပါ .. ဆက်ဆက်လာခဲ့ပါ့မယ်”

နေရာက .. ဘုရားအနောက်ဘက်က စောင်းတန်းမှာ။ ချိန်းထားတာက နေ့လယ် ၁နာရီမှ ဆိုပေမဲ့ ကျွန်တော်က ၁၁နာရီလောက်ကလည်းက ပေါင်မုန့်နှစ်ထုပ်၊ ရေနှစ်ဗူးနဲ့ ရောက်နှင့်နေပြီ။ ပြီးတော့ .. ဝတ္တုစာအုပ်တစ်အုပ်ပါ ထည့်သွားသေးသည်။ အေးဆေး စာအုပ်ဖတ်ပြီးစောင့်ရုံပင်။ အခုခေတ်လို .. ထွက်လာပြီလား.. ဘယ်ရောက်ပြီလဲဆိုတာ သိခွင့်မရှိ။ ဒီနေရာ၊ ဒီအချိန်မှာ ချိန်းထားတာကို ယုံကြည်မှုတစ်ခုနှင့် လာရောက်စောင့်ဆိုင်းရခြင်းပင်။ 

အဲဒီနေ့က .. မမ ရောက်မလာခဲ့ပါ။ ကျွန်တော်လည်း ဘုရားက တံခါးပိတ်မှ ပြန်လာခဲ့သည်။ ဝတ္တုစာအုပ်တောင် နှစ်ကျော့ပြီးသွားသည်။ အဲဒီနားက တောင်းစားနေတဲ့ အဘွားကြီးဆီကတောင် ရေတောင်းသောက်ခဲ့ရသေးသည်။ ရေသွားဝယ်နေချိန် လွတ်သွားမှာစိုးလို့။ ဒါပေမဲ့ .. လွဲတာပါပဲ။

နောက်နေ့အလုပ်ရောက်တော့ ..

“မောင် .. မမ တောင်းပန်ပါတယ်။ အဲဒီနေ့က ထွက်လာခါနီးမှ အစ်ကိုကြီးက ခရီးက ပြန်ရောက်လာတာနဲ့ တည့်တည့်တိုးသွားလို့”

“နောက်တစ်ခေါက်ပေါ့ မမရာ .. “

ချစ်သူသက်တမ်း နှစ်လ သာ ပြည့်လာသည်။ အခုထိ နှစ်ယောက်တည်း တစ်ခါမှ ချိန်းမတွေ့ရသေး။ ရပ်ကွက်ထဲကကောင်တွေကလည်း ဒီကောင် အပိုတွေပြောတာဆိုပြီး ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး အတင်းတုပ်နေပြီ။

“မောင် .. ပြောစရာရှိလို့”

ထမင်းစားချိန်မှာ ကျွန်တော်ဆေးလိပ်သောက်နေတဲ့ နေရာအထိရောက်တော့ အံ့ဩသွားသည်။ အလုပ်ရုံရဲ့ လူရှင်းတဲ့ ခြံထောင့်ကို ကျွန်တော့်ကို လက်ဆွဲခေါ်သွားသည်။ ပြီးတော့ ..

“သေချာ နားထောင်နော် မောင် … ဒီအပတ် သောကြာနေ့က ဒီမှာ လုပ်တာ နောက်ဆုံးပဲ။ မမ မန္တလေးကို အပြီးသွားရတော့မယ်”

“ဗျာ .. “

ကျွန်တော့်ရင်တွေ ပူလောင်သွားသည်။ မမ ကတော့ တည်တည်ကြည်ကြည်ပင်။ ပြီးတော့ လေးလေးနက်နက်ပြောသည်။

“မောင် .. မမ ကို တကယ်ချစ်လား”

“မေးစရာလိုသေးလို့လား .. မမရယ်”

“မမ မေးတာပဲ‌ ဖြေပါ”

“ချစ်တာပေါ့ဗျ”

“အဲဒါဆို မမကို ခိုးပြေးမလား”

“ဗျာ … “

ကျွန်တော် ကြက်သေသေသွားသည်။ လုံးဝမထင်မှတ်ထားတဲ့ စကားကြောင့်။ ကျွန်တော့်အနေနှင့် မမကို အရမ်းချစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ပေမဲ့ ယူဖို့အထိတော့ မစဉ်းစားခဲ့မိ။ ဆိုရရင် ကိုယ်မပြင်ဆင်ထားတဲ့ အရာတစ်ခုအတွက် ရုတ်တရက်အဖြေမရှိ။ ကျွန်တော့်ဘက်က အဖြေကြန့်ကြာနေတော့  မမ မျက်နှာမှာ ဝမ်းနည်းသွားပုံရသည်။

“အင်းပေါ့ … မောင် .. စဉ်းစားဖို့ လိုဦးမှာပေါ့။ အခု အင်္ဂါနေ့ဆိုတော့ .. စဉ်းစားပါဦး .”

မမ က မျက်ရည်တွေ ဝေ့တက်လာတာကို သတိထားမိသည်။ ကျွန်တော့်မှာလည်း အခုထိ အဖြေမပေးနိုင်သေး။ ဒါပေမဲ့ မမ ကိုလည်း အဆုံးရှုံးမခံနိုင်ဘူး။ မမ က လှည့်ထွက်သွားဖို့ ပြင်တော့ .. ကျွန်တော်က လက်ကို လှမ်းဆွဲပြီး ..

“ကျွန်တော် .. မမ ကို ခိုးပြေးမယ်”

မမ မျက်နှာလေး ဝင်းပသွားသည်။ မမနှင့် ကြာသပတေးနေ့ ခိုးပြေးကြဖို့ သဘောတူလိုက်သည်။ ဗုဒ္ဓဟူးညမှာ ဘော်ဒါတွေနှင့် တိုင်ပင်ကြသည်။

“အဓိက ပြဿနာ ငါ့မှာ ပိုက်ဆံသိပ်မလောက်တာပဲ”

သန်းဝင်းက အရက်ကို ခွက်တွေအားလုံးထဲလိုက်ဖြည့်လိုက်ပြီး …

“လာကွာ .. အရင် ချီးယားလိုက်…”

“အေးကွာ .. ချီးယား… “

အရည်လေးဝင်လာတော့ လူက စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ပိုမြင့်လာသလိုခံစားရသည်။ အောင်မင်းက ..

“အခု မင်းလက်ထဲမှာ ဘယ်လောက်ရှိလဲ”

“၂သောင်းလောက်တော့ရှိတယ်”

“မင်း သတ္တိရှိဖို့တော့လိုမယ်။ ပြီးတော့ မင်းသစ္စာဆိုရမယ်”

ကျွန်တော်.. နားမလည်။

“ဘာကိုလဲဟ”

“မင်းကို ငါမေးတယ်။ မင်း မင်းကောင်မလေးကို တကယ်ချစ်တာ သေချာတယ်မလား”

“သေချာတာပေါ့ဟ”

“အေး … အဲဒါဆို .. မင်းသတ္တိရှိလိုက်တော့ .. “

“ဘာကို သတ္တိရှိရမှာလဲ .. ပြောဦးလေ”

“ဒီည … ချန်ပီယံလိဂ်ပွဲတွေရှိတယ်။ မင်း သစ္စာဆိုပြီး ရှိတဲ့ ၂သောင်းကို လောင်းပစ်လိုက်။ မင်းကောင်မလေးကို မင်းတကယ်ချစ်ရင် ..မင်းတို့ တကယ်နီးစပ်ရဖို့ ကံပါလာရင် .. ဒီပွဲက နိုင်ကို နိုင်လိမ့်မယ်ကွာ။”

“တကယ်လို့ ..ရှုံးသွားရင်ရော .. “

“ဒါဆို .. မင်းတို့ နီးစပ်ဖို့ ကံပါမလာလို့ … ဒါမှမဟုတ် မင်းတကယ်ချစ်တာမဟုတ်လို့ပဲလို့ သတ်မှတ်လိုက်ပေါ့”

သန်းဝင်းကလည်း ..

“အေးလေ .. မင်းက ဒါလေးတောင် မရင်းရဲဘူးလား”

အရက်တစ်ခွက်ကို ထပ်သောက်လိုက်ပြီး ..

“ကြာသလားလို့ .. “

အိတ်ထဲက ပိုက်ဆံ ၂သောင်းကို စားပွဲပေါ် ပစ်တင်လိုက်သည်။ အဲဒီညက ချန်ပီယံလိဂ်အုပ်စုပွဲတွေရဲ့ နောက်ဆုံးည ဖြစ်သည်။ ပိုက်ဆံ ၂သောင်းစလုံးကို ရိုးမားနဲ့မန်ယူ ပွဲကို ဂိုးပေါ် ထည့်လိုက်သည်။

“ကဲ .. ငါတို့ အောင်ပွဲခံကြမယ်ကွာ .. ချီးယား .. “


ကျွန်တော်နဲ့ မမ ဇာတ်လမ်းကို ဘာဆက်ဖြစ်သွားလဲဆိုတာ .. ကျွန်တော် ပြောစရာလိုမယ်တောင်မထင်တော့ပါဘူး။ တကယ်လို့ အရမ်းသိချင်ရင်တော့ .. ၂၀၀၈ခုနှစ်၊ ချန်ပီယံလိဂ်အုပ်စု(စ) နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ရိုမား-မန်ယူ ပွဲရလဒ်ကို သာ သွားပြန်ရှာဖို့ အကြံပြုချင်သည်။ ကျွန်တော် ဒီဇာတ်သိမ်းကို ဆက်မပြောနိုင်တော့ပါ။ ကျွန်တော့်ဘဝမှာ ရည်းစားဦးလေးတစ်ယောက်ရှိခဲ့ဖူးပြီး တစ်ခါမှ မချိန်းတွေ့လိုက်ရတဲ့ ရည်းစားဦးလေးပေါ့။ အခုထိ ပြန်ပြောတိုင်း လွဲခဲ့တာတွေအတွက် ရယ်ကာမောကာပြန်ပြောနိုင်ပေမဲ့ .. ရင်ဘတ်ထဲမှာတော့ စူးစူးနင့်နင့်ပါပဲ။          ။

ခြူသစ်မောင်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ChuThitMg




Some text some message..