
(၁)
ဆေးဆရာကြီး ဘိုးတလူအိမ်တွင် ရွာသားများစည်ကားနေကြသည်။ အိမ်နောက်တွင် ရွံ့ဖြင့်မီးဖိုကြီးပြုလုပ်ထားပြီး မိုးပြဲဒယ်အိုးကြီးများဖြင့် အသားဟင်းလျာများကိုချက်ပြုတ်နေကြသည်။ ထိုမျှမကသေး အိမ်ရှေ့တွင်လည်း မီးဖိုကြီးတစ်ခုဖိုထားပြီး ကြီးမားလှသည့် ကြေးအိုးကြီး တစ်အိုးကို မီးဖိုပေါ်တင်ကာ ချက်ပြုတ်ထားသည်။ ကြေးအိုးကြီးအတွင်းတွင်တော့ ပွက်ပွက်ဆူနေသည့် ရေများထည့်ထားလေသည်။ ကြေးအိုးကြီးအနီးတွင် ဝါးဖြင့်ရက်လုပ်ထားသည့် လူကြီးရင်ခေါင်းခန့်ရှိသည့် ရာဇမတ်တစ်ခုကို ကာထားပြီးနောက် ရာဇမတ်၏ ပတ်ပတ်လည်တွင်လည်း ငှက်ပျောပင်ပေါက်များ၊ တောပန်းပင်ကလေးများကို အပင်လိုက်စိုက်ပျိုးထားလေသည်။
ရွာသူရွာသားများမှာ ဘိုးတလူတို့အိမ်ရှေ့ ကွင်းပြင်တွင် စုရုံးရောက်ရှိနေကြသည်။ မကြာခင် ဆယ်ဖောက အဖြူရောင်သင်တိုင်း အင်္ကျီကလေးကို ဝတ်ဆင်ထားပြီး ထွက်လာလေသည်။ ဆယ်ဖော၏ ဦးခေါင်းထက်တွင်လည်း အဖြူရောင်ဂန္ဓမာပန်းပွင့်ကလေးများကို သီကုံးပြီးဘီးကုပ်သဖွယ်ပန်ဆင်ထားရုံသာမက လက်ကောက်ဝတ်များတွင်လည်း အဖြူရောင်ပန်းကလေးများကို ကြိုးဖြင့်သီကာ ဆွဲချိတ်ထားလေသည်။ အဖြူရောင်အဝတ်အစားများ၊ ပန်းများဖြင့် လှပနေသည့် ဆယ်ဖော၏အလှကို ဒီးဒီးကငေးကြည့်နေမိသည်။
ထိုနေ့က အခြားနေ့မဟုတ်ပေ၊ ဆယ်ဖော၏ အသက်ဆယ့်ခြောက်နှစ်ပြည့်မြောက်သည့် မွေးနေ့ပွဲဖြစ်သည်။ မိန်းကလေးများအနေနှင့် အသက်ဆယ့်ခြောက်နှစ်ပြည့်တော့မှ အပျိုဖြစ်သည် အရွယ်ရောက်သည်ဟု သတ်မှတ်ကြသည်၊ ထိုအသက်မတိုင်ခင်တွင် အိမ်ထောင်သားမွေးမပြုနိုင်ဟု ယုံကြည်ကြသည်။ မိန်းကလေးတစ်ယောက် အပျိုဖြစ်သွားပါမှ လက်ထပ်ရေး၊ အိမ်ထောင်ရေးကို စီစဉ်ကြခြင်းဖြစ်သည်။
ဘိုးတလူက ဆယ်ဖော၏ မွေးနေ့တွင် ဆေးအရက်ပေါင်းကို တိုက်ကျွေးမည်ဟု ကြေငြာထားသဖြင့် ရွာမှလူများရော၊ ဘိုးတလူကုသပေးတတ်သည့် အနီးအပါးရွာများမှ ရွာသားများပါ ရောက်ရှိနေသဖြင့် စည်ကားနေခြင်းဖြစ်သည်။ နေ့လည်စာအဖြစ် ဝက်သားချက်ပြီး၊ ငရုတ်သီးထောင်း၊ မျှစ်တာလပေါ့ဟင်းတို့ ချက်ကျွေးမည်ဆိုသဖြင့် ရွာသားများမှာ ပျော်ရွှင်စွာစုရုံးနေကြခြင်းဖြစ်သည်။
"ဒီလုံးရေ ထမင်းကျွေးဖို့အဆင်သင့်ဖြစ်ပြီလား"
ဘိုးတလူကမေးလိုက်သဖြင့် ဒီးဒီးကခေါင်းညိတ်လိုက်သည်။ ဒီးဒီးကိုလည်း ရွာမှလူများက တော်တော်လက်သင့်ခံသွားကြပြီဖြစ်သည်။ ဒီးဒီးနှင့် လူငယ်တစ်ချို့က မြေပြောင်ပြောင်တွင် ဝါးပင်များဖြင့် ထမင်းစားရန်စားပွဲခုံရှည်ကြီးကို ပြုလုပ်နေကြသည်မှာ ပြီးစီးလုပင်ဖြစ်သည်။ ထိုခုံရှည်ကြီးနှင့်အတူ ရွာသားများထိုင်နိုင်ရန်အတွက် ခုံတန်းကြီးကိုပါ ပြုလုပ်ကြသည်။
တစ်ရွာလုံးမှ လူများက ပျော်ရွှင်နေကြသော်လည်း ဆယ်ဖောတစ်ယောက်ကတော့ ပျော်ရွှင်ပုံမရဘဲ မှိုင်တွေငေးမောနေသည်ဖြစ်ရာ ဒီးဒီးက အလုပ်ကြားထဲမှ ဆယ်ဖောအနားသို့တိုးကပ်သွားလေသည်။ ဆယ်ဖောအား ရွာထဲမှ မိန်းကလေးများက အလှပြင်ဆင်ပေးနေကြသည်။
"နင့်ကြည့်ရတာလည်း မပျော်သလိုပါပဲလား အမ"
ဒီးဒီးအမေးတွင် ဆယ်ဖောမျက်နှာတစ်ချက်ကွက်ခနဲပျက်သွားသည်။ ထို့နောက်ခေါင်းခါလိုက်ပြီး
"ပျော်ပါတယ် ငါ့မောင်"
"မဟုတ်ဘူး တစ်ခုခုတော့ ရှိရမယ်၊ ဒီမျက်နှာက ပျော်နေတဲ့မျက်နှာမဟုတ်ဘူး"
"ပျော်ပါတယ်၊ တကယ်တော့ ငါလူတွေအများကြီးအရှေ့ထွက်ရမှာ ရှက်နေလို့ပါ"
"သြော် ဘာမှမရှက်ပါနဲ့အမရာ၊ ငါ့အမ ဒီလောက်လှတာ ရွာသားတွေတော့ အကုန်လုံးမျက်စေ့တွေ ကျွတ်ကျကုန်တော့မှာပဲ"
ဒီးဒီးကပြောဆိုရယ်မောသည့်အခါ ဆယ်ဖောအနားတွင်ရှိသည့် မိန်းကလေးများက ဒီးဒီးကိုဝိုင်းမောင်းထုတ်ကြသည့်အတွက် ဒီးဒီးလည်းအိမ်ပေါ်မှပြေးဆင်းလာခဲ့သည်။
ဘိုးတလူက ရွာလူကြီးများနှင့် စကားပြောနေရင်း နာရီကိုကြည့်လိုက်သည်။
"အချိန်တောင်ကျနေပြီ၊ စကြမယ်ဝေ့"
ဘိုးတလူပြောလိုက်သည့်အခါ ရွာသားနှစ်ယောက်က ကျွဲချိုများကို တဘူဘူနှင့် မှုတ်လိုက်ကြလေသည်။ ထိုအခါ ရွာသားအပေါင်းသည်လည်း စုရုံးသွားတော့သည်။ ထို့နောက် လူနှစ်ဦးက ဖားစည်တီးခတ်လိုက်သည့်အခါ အိမ်ခန်းအတွင်းမှ ဆယ်ဖောက အပျိုများခြံရံလျက်ထွက်လာလေသည်။ ဘိုးတလူက ဆယ်ဖောကိုပြုံးလျှက်ကြည့်နေပြီး မတ်တပ်ထရပ်လိုက်သည်။
"ဒီနေ့က အလွန်မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်တယ်၊ ဖူးငုံနေတဲ့ ပန်းပွင့်ကလေးတစ်ပွင့်က အချိန်တန်အရွယ်ရောက်လို့ ပွင့်အာပြီး လောကကြီးကိုအလှဆင်သလိုပဲ၊ မိန်းကလေးတစ်ယောက်အတွက်လည်း အရွယ်ရောက်ပြီး တင့်တယ်လှပတဲ့အချိန်ကို ကျရောက်တဲ့အခါသမယဖြစ်တယ်"
ဘိုးတလူပြောသည့်အခါ အားလုံးကလက်ခုပ်လက်ဝါးတီးလိုက်ကြလေသည်။
"ကျုပ်မြေးမွေးနေ့မှာ ကျုပ်အားလုံးကို ဧည့်ခံမယ်၊ ထမင်းကိုအဝစား၊ ပြီးရင် ကျုပ်တိုက်မယ့် ဆေးပေါင်းအရက်ကိုလည်း ဆေးဖြစ်ဝါးဖြစ်သောက်ပြီး ဒီနေ့ထူးနေ့မြတ်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြပါစို့"
ထိုအခါ အောက်မှပရိသတ်အပေါင်းကလည်း လက်ခုပ်လက်ဝါးတီးကာ အားပေးကြပြန်သည်။ ထို့နောက် ဘိုးတလူက ပလိုင်းကြီးတစ်လုံးကိုလွယ်လာကာ အိမ်ပေါ်မှဆင်းလာလေသည်။ ထို့နောက် အိမ်ရှေ့ရှိ ကြေးအိုးကြီးဆီသို့ ကခုန်လျက်သွားလာရင်း ကြေးအိုးကြီးအနားရောက်သည့်အခါ သူလွယ်ထားသည့် ပလိုင်းအတွင်းမှ ဆေးမြစ်၊ ဆေးရွက်များကိုထုတ်လျက် ကြေးအိုးကြီးအတွင်းသို့ပစ်ထည့်လေသည်။ ထို့နောက် ဒီးဒီးက ပလိုင်းတစ်လုံးဖြင့် တိရစ္ဆာန်ကလီစာများကိုယူလာခဲ့ရာ ထိုဆေးဖက်ဝင်သည့် တိရာစ္ဆာန်အစိတ်အပိုင်းများကို ဘိုးတလူက ကိုင်မြှောက်လိုက်ပြီး မန္တန်တစ်ချို့ရွတ်ဖတ်လိုက်ကာ ကြေးအိုးကြီးအတွင်းသို့ပစ်ထည့်လိုက်လေသည်။
"ဝုန်း"
ပေါက်ကွဲသံတစ်ချက်ထွက်လာပြီး ကြေးအိုးကြီးအတွင်းမှ မီးခိုးငွေ့လုံးကြီးထွက်လာခဲ့သည်။ ထို့နောက် အလွန်မွှေးကြိုင်သည့် ရနံ့များကိုရရှိလိုက်ပြီးနောက် ကြေးအိုးအတွင်းအရည်များမှာလည်း နီကျင်ကျင်အရောင်ဖြစ်သွားတော့သည်။
"ကဲရပြီ၊ ဆေးပေါင်းအရက်ကို အကြိုက်သောက်ကြ"
လူငယ်လူရွယ်များက စောင့်မနေတော့ဘဲ ဆေးပေါင်းအရက်များကို ယောက်ချိုဇွန်းနှင့်ခပ်ကာ သောက်သုံးကြသည်။ အရက်ဟုဆိုသော်လည်း ပူရှိန်းရှိန်းခပ်ဖျော့ဖျော့သာဖြစ်သည့်အတွက် အချို့က အရက်နှင့်ရောသောက်ကြသည်။ ထို့နောက် လာရောက်ကြသူများက ဆယ်ဖောအား မွေးနေ့လက်ဆောင်များပေးကြသည်။ ဒီးဒီးတို့ပြုလုပ်ထားသည့် ဝါးခုံတန်းကြီးပေါ်တွင် ပန်းကန်များချလိုက်ပြီး ဝက်သားဟင်း၊ တာလပေါ့ဟင်းနှင့် ဧည့်ခံလေရာ ရွာသားများမှာ ခေါင်းမဖော်တမ်းစားသောက်ကြလေသည်။
(၂)
"ဒိုင်း . . ဒိုင်း"
သေနတ်သံများဆူညံသွားသဖြင့် ခြံဝန်းအတွင်းရှိနေသည့်လူများ ထိတ်လန့်ကုန်သည်။ ထိုအခါ ခြံဝတွင် သေနတ်ကိုင်ပြီးမတ်တပ်ရပ်နေသူကတော့ မောင်ရွှဲဖြစ်နေသည်။ မောင်ရွှဲ၏ အနောက်တွင်လက်နက်ကိုင်သုံးဦးခန့်လည်း ပါလေသည်။ သူတို့လာသည့်အခါ ခြံဝိုင်းအတွင်း တီးမှုတ်နေသူများ၊ ပျော်ရွှင်စွာ ကခုန်နေသူများမှာ တိတ်ဆိတ်သွားတော့သည်။
"မကြောက်ပါနဲ့ဗျ၊ ဗိုလ်ကြီးတို့က ခင်ဗျားတို့နဲ့အတူတူပျော်ရအောင်လာခဲ့တာ၊ လုပ်ပါဗျ၊ လုပ်စရာရှိတာ ဆက်လုပ်ကြပါ"
မောင်ရွှဲကပြောဆိုသော်လည်း ရွာသားများမှာ အလွန်ကြောက်လန့်နေကြလေသည်။ ပျောက်ကြားစစ်ဝတ်စုံဝတ်ထားသည့် ဗိုလ်ကြီးမှာ ဘိုးတလူထံသို့ တစ်လှမ်းခြင်းလျှောက်လာလေသည်။ ဘိုးတလူကိုအသေအချာစိုက်ကြည့်ပြီး
"ခင်ဗျားကြီးက အတော်စွမ်းတဲ့ဆေးဆရာဆိုဗျ၊ ဒါနဲ့များ ကျုပ်တို့တပ်သားတွေကို ဘာလို့ဆေးကုမပေးတာလဲ"
ဘိုးတလူမျက်နှာပျက်သွားသည်။ ထို့နောက် အသံကိုနှိမ့်ချလိုက်ပြီး
"မရဘူးလေ ဗိုလ်ကြီးရယ်၊ ကျုပ်တို့က ဘာမှသိတဲ့လူတွေမဟုတ်ဘူး၊ ကျုပ်တို့က ဗိုလ်ကြီးတို့အဖွဲ့ကလူကိုဆေးကုပေးရင် တခြားအဖွဲ့ကလူတွေက ကျုပ်တို့ကို ဒုက္ခပေးမယ်လေ၊ တခြားအဖွဲ့ကလူတွေကို ကုသပေးတယ်ဆိုရင်ရော ဗိုလ်ကြီးတို့အဖွဲ့က ကြိုက်ပါ့မလား"
ဘိုးတလူမေးလိုက်သည့်အခါ ဗိုလ်ကြီးက ခေါင်းခါလိုက်သည်။
"ဒါကြောင့်မို့ ကျုပ်က လက်နက်ကိုင်အဖွဲ့ကလူတွေကိုဆိုရင် ဆေးမကုသပေးတာပါ၊ နောက်ပြီး ဗိုလ်ကြီးတို့ဆီမှာလည်း ဆရာဝန်တွေ၊ ဆေးတပ်သားတွေ ရှိတယ်မဟုတ်ဘူးလား"
ဗိုလ်ကြီးက ခေါင်းညိတ်လိုက်ပြီးနောက်သူ့အကြည့်က ဆယ်ဖောဆီသို့ရောက်သွားလေသည်။ ထို့နောက်ဆယ်ဖောအနီးသို့ လျှောက်လှမ်းသွားပြီး ဆယ်ဖောမျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေလေရာ ဆယ်ဖောက မျက်နှာကိုအောက်ငုံ့လိုက်လေသည်။
"နေစမ်းပါကွာ၊ ကြည့်လို့မပြီးသေးဘူး"
ဗိုလ်ကြီးက ဆယ်ဖောမေးစေ့ကို ကိုင်လိုက်ကာ မျက်နှာကိုအတင်းမော့ကြည့်သည်။ ဆယ်ဖောမှာကြောက်လန့်လွန်းသဖြင့် မျက်ရည်များပင် ကျဆင်းလာသည်။
"မငိုပါနဲ့ မိန်းမလှလေးရယ်၊ မငိုပါနဲ့ . . ဟား . . ဟား"
ထို့နောက် ဗိုလ်ကြီးက သူ့အနောက်တွင်ရပ်နေသည့် မောင်ရွှဲကိုလှည့်ကြည့်လိုက်ပြီး
"ဒီကောင်မလေးက မင်းရဲ့ကောင်မလေးမဟုတ်လား"
မောင်ရွှဲက ကျေနပ်စွာပြုံးလျှက် ခေါင်းညိတ်လိုက်လေသည်။ ထိုအခါ ဗိုလ်ကြီးက ဆယ်ဖောကိုလွှတ်လိုက်ပြီး မောင်ရွှဲပုခုံးကို လက်နှင့်ပုတ်လိုက်ကာ
"မင်းတော်တော်ကံကောင်းတဲ့ကောင်ပဲကွာ၊ မင်းကိုတောင် ငါအားကျလာပြီကွ ဟား၊ ဟား"
ဘိုးတလူက ဆေးပေါင်းအရက်များကိုခပ်ပေးလိုက်ရာ ဗိုလ်ကြီးက သောက်ကြည့်လိုက်သည်။
"ကောင်းလိုက်တာ၊ ဒါနဲ့အဘိုးကြီး၊ ဒီဆေးရည်ကိုသောက်ရင် ဘာကောင်းသလဲ"
"အကုန်ကောင်းတယ်၊ ရောဂါတော်တော်များများကိုကောင်းစေသလို ခန္ဓာကိုယ်ကိုလည်း သန်စွမ်းစေပါတယ် ဗိုလ်ကြီး"
ဘိုးတလူပြောလိုက်မှ ဗိုလ်ကြီးက ကျေနပ်သွားကာ အရက်များကိုလှိမ့််သောက်လေသည်။ ဗိုလ်ကြီးပြောဆိုပြီးတော့ မောင်ရွှဲက ရွာသားများအားလုံးဘက်သို့လှည့်လိုက်သည်။
"ကဲ၊ ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ဖြစ်လို့ ကျုပ်လည်း မင်္ဂလာစကားတစ်ခုပြောချင်တယ်၊ အဲဒါကတော့ ဟောဒီက အပျိုဖြစ်သွားတဲ့ ဆယ်ဖောရဲ့အလှပန်းကို ကျုပ်က ခူးယူဖို့အသင့်ပဲ၊ ဒီနေ့ပဲ ကျုပ်လူကြီးစုံရာနဲ့ ဆယ်ဖောကိုတင်တောင်းပြီးတော့ စေ့စပ်မယ်"
မောင်ရွှဲပြောလိုက်သည့်အခါ ဘိုးတလူက အလွန်အံ့အားသင့်သွားသည်။ ထို့နောက် မောင်ရွှဲကိုလက်ညှိုးထိုးလိုက်ပြီး
"ဒီမှာမောင်ရွှဲ၊ အခုဘဲ အပျိုဖြစ်တဲ့အခမ်းအနားလုပ်တယ်၊ အခုပဲ တင်တောင်းမယ်ဆိုတော့ မင်းဟာက မလွန်လွန်းဘူးလားကွာ"
"အို၊ ဆရာကြီးကလည်း ကျုပ်က ဒီနေ့ကိုစောင့်နေတာ နှစ်တွေကြာနေပြီဗျ၊ ကျုပ်မစောင့်နိုင်တော့ဘူး"
"ထားပါတော့၊ ပြီးတော့ တို့ရဲ့ထုံးတမ်းစဉ်လာအရ မိန်းကလေးဘက်က သူကြိုက်တဲ့သူကို သတို့သားအဖြစ် ရွေးချယ်ရမယ်မဟုတ်လား၊ မင်းက ဒီလိုလာပြောနေတာက တို့ရဲ့ထုံးတမ်းစဉ်လာကို ချိုးဖောက်သလိုဖြစ်နေတယ် မောင်ရွှဲ"
ဘိုးတလူပြောလိုက်သည့်အခါ တစ်ရွာလုံးကလဲ တီးတိုးပြောဆိုကုန်သည်။ ထိုအခါ မောင်ရွှဲက ဝမ်းခေါင်းသံကြီးဖြင့် ရယ်မောလိုက်ပြီး
"ဟား၊ ဟား မိန်းကလေးက သတို့သားကိုရွေးရမယ်တဲ့လား၊ သိပ်ဟုတ်တာပေါ့ဗျာ၊ ကျုပ်လည်း ထုံးတမ်းအစဉ်အလာကိုလက်ခံပါတယ်၊ ထုံးတမ်းအစဉ်အလာအတိုင်းလည်း ဆယ်ဖောက ကျုပ်ကိုလက်ထပ်ပါ့မယ်လို့ ကတိပေးခဲ့ပြီးပြီ"
ဘိုးတလူအလွန်အံ့သြသွားကာ ဆယ်ဖောကိုလှည့်ကြည့်လိုက်သည်။ ဆယ်ဖောက ဘာမှမပြောနိုင်ဘဲ ခေါင်းငုံ့သွားသည်။
"ဖိုးမူ၊ မင်းတကယ်ပဲ သူ့ကိုလက်ထပ်ပါ့မယ်လို့ ကတိပေးခဲ့သလား"
ဆယ်ဖောနှုတ်ဆိတ်နေလေသည်။ ဘိုးတလူက ဆယ်ဖောဆီသို့အမြန်သွားလိုက်ပြီး ဆယ်ဖောပုခုံးကိုဆုပ်ကိုင်လိုက်သည်။
"ပြောစမ်းဖိုးမူ၊ နင်တကယ်ပဲ သူ့ကိုကတိပေးလိုက်သလား"
ဆယ်ဖောက ငိုယိုလျက် ခေါင်းညိတ်ပြလိုက်သည်။ ဘိုးတလူရော၊ ဒီးဒီးရော၊ တစ်ရွာလုံးကပါ အံ့အားသင့်သွားကြလေသည်။
"ဖိုးမူဘာလို့ အဲဒီလိုပြောတာလဲ၊ ဖိုးမူတကယ်ပဲ မောင်ရွှဲကိုချစ်ရဲ့လား၊ မောင်ရွှဲကို တကယ်ပဲလက်ထပ်တော့မှာလား"
မောင်ရွှဲကပြုံးလျက်
"ပြောလိုက်စမ်းပါ အချစ်ကလေးရဲ့၊ မင်းပဲ ငါ့ကိုလက်ထပ်ပါ့မယ်၊ ငါ့ကိုတစ်သက်လုံးချစ်သွားပါ့မယ်လို့ ကတိပေးခဲ့တာမဟုတ်ဘူးလား"
ဆယ်ဖောက ဘာမှမပြောတော့ဘဲ အိမ်ပေါ်သို့ပြေးတက်သွားလေသည်။ မောင်ရွှဲလည်း ဆယ်ဖောအနောက်သို့ လိုက်သွားမည်အလုပ်တွင် ဒီးဒီးက မောင်ရွှဲလက်ကိုလှမ်းဆွဲလိုက်သည်။
"ဟေ့ကောင်၊ မင်းဘာမှလိုက်သွားစရာအကြောင်းမရှိဘူး"
မောင်ရွှဲလည်း ဒေါသထွက်သွားသည်။
"ဟေ့ကောင်ဒီလုံး၊ ဒီအိမ်က နောက်ဆိုငါ့အိမ်ဖြစ်တော့မှာ၊ ဆယ်ဖောက ငါ့မိန်းမဖြစ်မဲ့သူ၊ သူကိုယ်တိုင် ငါ့ကိုရွေးချယ်ခဲ့ပြီးသား၊ ငါ့အိမ်ပေါ် ငါတက်တာဘာဖြစ်လဲ"
မောင်ရွှဲက ဒီးဒီးလက်ကိုပုတ်ချပြီး အိမ်ပေါ်တက်ရန်ပြင်သည်။ ဒီးဒီးကလည်း မောင်ရွှဲဂုတ်ကိုဆွဲလိုက်ပြီး လွင့်ပစ်ထည့်လိုက်ရာ မောင်ရွှဲမှာ မြေပေါ်သို့ ပက်လက်လန်ပြီးလဲကျသွားသည်။ မောင်ရွှဲက အတော်ဒေါသထွက်သွားပြီး ဗိုလ်ကြီးကိုလှည့်ကြည့်လိုက်သည်။ ဗိုလ်ကြီးကတော့ မောင်ရွှဲအား ပြုံးလျှက်ကြည့်နေပြီး
"ဒါကတော့ မင်းတို့ယောက်ဖကြားက ပြဿနာဖြစ်သွားပြီ၊ ငါဝင်မပါချင်ဘူး မောင်ရွှဲ"
မောင်ရွှဲလည်းသိလိုက်ပြီမို့ မတ်တပ်ရပ်ထလိုက်ပြီး ပုဆိုးကိုအသေအချာပြင်ဝတ်သည်။ ထို့နောက် ဒီးဒီးထံသို့ တစ်ဟုန်ထိုးပြေးဝင်လိုက်ကာ ဒီးဒီးအားတိုက်ခိုက်တော့သည်။
သို့သော် ဒီးဒီးက လက်ဝှေ့သမားမို့ မောင်ရွှဲလက်သီးကို လှည့်ရှောင်လိုက်ပြီး အားလွန်သွားသည့် မောင်ရွှဲ၏ မျက်နှာအား တံတောင်ဖြင့် ပင့်ကာခတ်ပေးလိုက်လေသည်။ မောင်ရွှဲပါးတစ်ခြမ်း ပူခနဲဖြစ်သွားပြီး အနောက်သို့ သုံးလေးလှမ်းခန့်ဆုတ်သွားလေသည်။
မောင်ရွှဲက ဒီးဒီးအားဆဲဆိုသော်လည်း ဒီးဒီးက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး မောင်ရွှဲကိုစိန်ခေါ်လိုက်လေသည်။
"ကဲ မောင်ရွှဲ၊ မင်းငါ့ကိုဖြတ်နိုင်မှ ငါ့အမကိုရမယ်ကွ"
မောင်ရွှဲက မကျေနပ်ပေ၊ ထိုအခါ ရွာလူကြီးတစ်ယောက်က
"မောင်ရွှဲ၊ မင်းလည်းထုံးတမ်းစဉ်လာကို သိပြီးသားပါ၊ လက်ထပ်ပွဲတစ်ခုမှာ မိန်းကလေးဘက်က အကိုတွေ၊ မောင်တွေ မကျေနပ်ရင် သူတို့ကိုကျေနပ်သွားအောင် လုပ်ဖို့က သတို့သားရဲ့တာဝန်ပဲ"
"တောက်၊ ဒီအမှိုက်ကောင်ကတော့၊ ငါနဲ့တွေ့အုံးမယ်"
မောင်ရွှဲက ခါးကြားထဲမှ ဓါးမြှောင်ကိုဆွဲထုတ်လိုက်သည်။ ထို့နောက် ဓါးမြှောင်ကိုဝှေ့ယမ်းလျှက် ဒီးဒီးအားဝင်ထိုးလေသည်။ ဒီးဒီးက အသာကလေးပင် မောင်ရွှဲ၏ဓါးချက်ကိုရှောင်တိမ်းလိုက်ပြီးနောက် ဓါးကိုလက်ကိုဖမ်းချုပ်လိုက်ကာ လက်ဖျံအားဒူးနှင့်တိုက်ထည့်လိုက်သည်။ မောင်ရွှဲလည်း လက်ထဲမှ ဓါးက ပြုတ်ကျသွားလေရာ ဒီးဒီးက တစ်ချက်လှည့်ခုန်ပြီး မောင်ရွှဲ၏မျက်နှာအား ခြေဖျားဖြင့် ဖြတ်ကန်ထည့်လိိုက်သည်။ဒီး၏ ပတ်ကန်ချက်ကိုထိပြီး မောင်ရွှဲမှာ အနောက်သို့ဖင်ထိုင်လဲကျသွားလေသည်။ မောင်ရွှဲမျက်ခုံးကွဲသွားပြီး သွေးများစီးကျလာလေသည်။
မောင်ရွှဲက ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။ သို့သော် ဒီးဒီးအားဆက်မတိုက်ခိုက်တော့ဘဲ လက်ညှိုးငေါက်ငေါက်ထိုးပြီး
"ဟေ့ကောင်ဒီးဒီး၊ မင်းအခုတော့ နေနှင့်အုံးပေါ့ကွာ၊ မင်းလိုအမှိုက်ကောင်ကို ဆယ်ဖောအနားကလွင့်သွားအောင် ငါလုပ်ပစ်မယ်ကွ"
ဒီးဒီးက လက်သီးကိုပြင်ဆင်ကာ အရှေ့သို့တိုးလိုက်ပြီး
"ခင်ဗျားကျုပ်ကိုယှဉ်ချင်ရင် အချိန်မရွေးလာခဲ့ ကိုမောင်ရွှဲရာ"
ထိုအခါ ဗိုလ်ကြီးက မတ်တပ်ထိလိုက်ပြီး မောင်ရွှဲကိုလက်ညှိုးထိုးလိုက်ကာ
"မောင်ရွှဲရာ နှမလင်နေရင် မောင်ဖင်ကြိမ်းတယ်ဆိုတာပဲ ကြားဖူးတယ်၊ မင်းအလှည့်ကျတော့မှ မောင်တစ်ယောက်အတွက်နဲ့ ဖင်ကြိမ်းမယ့်သူက မင်းဖြစ်နေပြီကွ၊ ဟား၊ ဟား"
ဗိုလ်ကြီးရယ်မောလိုက်ရာ တစ်ရွာလုံးမှ ရွာသားများကလည်း ဝိုင်းဝန်းရယ်မောကြသည်။ မောင်ရွှဲလည်း သူ့အရှက်သူပြန်ခွဲနေသလိုဖြစ်နေပြီမို့ ဘိုးတလူခြံအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွားလေသည်။
(၃)
ညနေရောက်တော့မှ အခမ်းအနားပြီးဆုံးသွားတော့သည်။ ရွာသားများမှာ ညစာစားသောက်ပြီးသော်အခါ အခမ်းအနားကိုပြန်သိမ်းနေပြီး ဆေးကြောသန့်စင်နေကြသည်။ မနက်က မောင်ရွှဲရောက်လာကတည်းက ဘိုးတလူမှာ မျက်နှာမကောင်းတော့ပေ။
ဒီးဒီးတို့မှာ ရွာသားများစားသောက်ပြီး ကျန်နေခဲ့သည့် စားသောက်ဝိုင်းများကို သိမ်းဆည်းနေရလေသည်။ ထိုအခါ ဘိုးတလူက ဒီးဒီးအနားသို့ရောက်လာပြီး ရွာသားတစ်ချို့သောက်လက်စကျန်ခဲ့သည့် ချက်အရက်တစ်ပုလင်းကို ကောက်ယူလိုက်ကာ မော့ချလိုက်လေသည်။ အရက်ပုလင်း သုံးပုံတစ်ပုံနီးပါးရှိသည့် အရက်များကို ဘိုးတလူက တစ်ကျိုက်တည်းသောက်ချလိုက်လေတော့သည်။
"ဘိုးတလူ၊ ဘာဖြစ်တာလဲ၊ ဘာလို့အရက်တွေသောက်နေတာလဲ"
အတူနေစဉ်အတွင်း ချက်အရက်များကို တစ်ခါမှ မသောက်ဖူးသည့် ဘိုးတလူအားကြည့်ရင်း ဒီးဒီးအံ့သြနေလေသည်။ ဘိုးတလူက ခေါင်းခါလျှက်
"ငါမူးချင်တယ်ဒီလုံး၊ ငါမူးချင်တယ်၊ ငါမူးသွားရင် ငါ့ခေါင်းထဲက အရာတွေအားလုံး မေ့သွားမယ်မဟုတ်လားဟင်"
ထို့နောက် ဘိုးတလူက အရှေ့သို့ဆက်လျှောက်လိုက်ပြီး အရက်တစ်ပိုင်းခန့်ကျန်သည့် အရက်ပုလင်းတစ်လုံးကို ထပ်မံကောက်ယူလိုက်ပြိးနောက် အရက်များအား မော့ချလိုက်ပြန်သည်။ ထိုပုလင်းကိုလွှင့်ပစ်ပြီး နောက်ထပ်ပုလင်းတစ်လုံးကို သွားယူရန်အလုပ်တွင် ဘိုးတလူက ခြေထောက်များညွှတ်ကျသွားပြီး အနောက်သို့ယိုင်လဲသွားလေသည်။ ဒီးဒီးကလက်မြန်သဖြင့်သာ ဘိုးတလူအနောက်သို့လဲကျမသွားခင် ပြေးဆွဲထားနိုင်လိုက်သည်။
"ဘိုးတလူ၊ မဖြစ်သေးပါဘူးဗျာ၊ ဒီအရက်တွေက မီးတောက်အရက်တွေဗျ၊ ဘိုးတလူဒီအတိုင်းဆက်သောက်နေမယ်ဆိုရင် မူးပြီးလဲသွားလိမ့်မယ်"
"လဲပါစေကွာ၊ မူးပြီးလဲကျရုံမကဘဲ ငါသေသွားရင် တစ်ခါတည်းအေးသွားတာပေါ့"
ဘိုးတလူစိတ်အခြေအနေကို ဒီးဒီးခန့်မှန်းမိပြီဖြစ်သည်။ ဘိုးတလူမှာ ဆယ်ဖောနှင့် မောင်ရွှဲတို့ကိစ္စကို အလွန်စိတ်ထိခိုက်နေပုံရသည်။ သို့နှင့် ဒီးဒီးက ကျန်သည့်အလုပ်များကိုဆက်လုပ်ရန် ရွာသားတစ်ချို့ကို မျက်စပစ်ပြလိုက်ပြီးနောက် ဘိုးတလူကို ဆေးကုသသည့် တဲအတွင်းသို့ တွဲခေါ်လာခဲ့သည်။
တဲအတွင်းရှိ ခုံတန်းကလေးပေါ်တွင် ဘိုးတလူက ခြေပစ်လက်ပစ်ထိုင်လိုက်လေသည်။ ထို့နောက် ငူငူငောင်ငေါင်ကြီးဖြစ်နေလေရာ ဒီးဒီးကပင် စကားစလိုက်သည်။
"ဘိုးတလူ ဘာဖြစ်လို့အရက်တွေသောက်နေတာလဲ၊ ဘိုးတလူ ဘာတွေစိတ်မကောင်းဖြစ်နေတာလဲ"
"စိတ်မကောင်းဖြစ်တာပေါ့ကွာ၊ ငါတစ်ချိန်လုံး ယုယုယယနဲ့ ပြုစုလုပ်ကျွေးလာတဲ့ ငါ့ရဲ့မြေးမလေးကို အခုတော့ ဟိုမသူတော်လက်ထဲကို ထည့်ပေးလိုက်ရမှာလေကွာ၊ ဒါကို ငါကစိတ်မကောင်းမဖြစ်ရတော့ဘူးလား"
ဒီးဒီးလည်းခေါင်းညိတ်လိုက်သည်။
"ကျွန်တော်လက်ခံပါတယ်ဘိုးတလူရာ၊ ကျွန်တော်လည်း အမဆယ်ဖောကို အဲဒီမောင်ရွှဲဆိုတဲ့ကောင်နဲ့ သဘောမတူပါဘူး၊ ဘိုးတလူစိတ်ချပါ၊ အဲဒီမောင်ရွှဲဆိုတဲ့ကောင် အမဆယ်ဖောအနားကို ကပ်လို့မရအောင် ကျွန်တော်ကာကွယ်ပေးမယ်"
ဘိုးတလူက ခေါင်းကို ဖြေးညှင်းစွာခါလိုက်သည်။
"မလွယ်တော့ဘူးဒီလုံးရာ၊ အဲဒီမောင်ရွှဲဆိုတဲ့ကောင်အကြောင်းကို ငါအသိဆုံးပါ၊ ဒီကောင်က သူလိုချင်တဲ့အရာကို မရရအောင်လုပ်ယူတတ်တဲ့အကောင်ကွ၊ သူ့လိုဘအတစ်ခုအတွက်နဲ့ သူ့အဖေအရင်းကိုတောင် သူပြန်သတ်ခဲ့တဲ့ကောင်"
ဒီးဒီးမျက်လုံးများပြူးသွားသည်။
"ဒါဆို . . . ဒါဆိုရင် . . ."
"ဒီကောင်က နဂိုကတည်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါင်းသင်းနေပြီး လုပ်စားနေတဲ့ကောင်၊ သေချာတာကတော့ ဒီကောင်က ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် မင်းကိုရအောင်ရှင်းထုတ်မှာပဲ ဒီလုံး၊ ပြီးတော့လည်း ဆယ်ဖောကို မရရတဲ့နည်းနဲ့ ယူမယ့်ကောင်ပဲ"
"ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ဘိုးတလူ"
ဘိုးတလနှုတ်ဆိတ်နေလေသည်။ တကယ်တော့ ဘိုးတလူလည်း ဘာကိုမှမစဉ်းစားရသေးခြင်းဖြစ်ပေမည်။ ဒီးဒီးလည်း သူ့စိတ်ကူးထဲတွင် နည်းလမ်းတစ်ခုကိုရှာဖွေနေမိသည်။ နောက်ဆုံးတော့ ဒီးဒီးက ဖွင့်ပြောလိုက်သည်။
"ဒီလိုလုပ်ဗျာ ဘိုးတလူရာ၊ ကျွန်တော်တို့ထွက်ပြေးကြရအောင်"
ဘိုးတလူက ဒီးဒီးမျက်နှာကိုတစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။
"မင်းအတွေးက ကလေးအတွေးပဲဒီလုံး၊ ထွက်ပြေးတယ်ပဲဆိုပါအုံးတော့ ငါတို့ကဘယ်ကိုပြေးမှာလဲ၊ ဒီနားကရွာတွေမှာ လက်နက်ကိုင်အဖွဲ့တွေအများကြီးရှိတယ်၊ ငါတို့ပြေးတဲ့အချိန် သူတို့က စက်နဲ့လှမ်းပြီးစကားပြောရင် ငါတို့တစ်ရွာမဟုတ်တစ်ရွာ ဖမ်းမိမှာပဲ"
"ကျွန်တော်ပြောတာ တခြားရွာကိုထွက်ပြေးဖို့မဟုတ်ဘူး ဘိုးတလူ၊တောထဲကိုပြေးဖို့ပြောနေတာ"
"ဟေ၊ တောထဲကိုပြေးရမယ် . . . ဟုတ်လား"
"ဒါပေါ့ဗျာ၊ ကျွန်တော်လည်း တောကျွမ်းတယ်၊ ဘိုးတလူလည်း တောကျွမ်းတယ်မဟုတ်လား၊ ကျွန်တော့်စိတ်ကူးက တောထဲမှာကျွန်တော်တို့ တစ်ပတ်ဆယ်ရက်လောက်ပုန်းခိုနေကြမယ်၊ တစ်လကြာရင်လည်း ကြာပေါ့ဗျာ၊ ကျွန်တော်က ဘိုးတလူတို့အတွက် အသားငါးရအောင် အမဲလိုက်ကျွေးမယ်၊ ဒီလူတွေ ကျွန်တော်တို့ကိုရှာမတွေ့နိုင်တဲ့နေရာမှာ ပုန်းနေကြမယ်"
ဘိုးတလူက ဒီးဒီးပြောသည့်စကားများကိုနားထောင်ကာ အသေအချာစဉ်းစားနေလေသည်။ နောက်တော့ တဖြည်းဖြည်းချင်းခေါင်းညိတ်သည်။
"မင်းပုန်းမယ်ဆိုရင်တော့ ဘယ်သူမှမသိတဲ့နေရာတစ်ခုတော့ရှိတယ်"
ဒီးဒီးခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင်ကောင်းတာပေါ့၊ အခုပဲ သွားကြရအောင်"
"နေဦးကွ၊ အခုသွားလို့မဖြစ်သေးဘူး၊ လုပ်အားပေးနေတဲ့ရွာသားတွေလည်း တို့ခြံထဲမှာရှိနေသေးတယ်မဟုတ်လား၊ ငါတို့သုံးယောက်စလုံး ဒီထဲကထွက်သွားရင် သူတို့သင်္ကာမကင်းဖြစ်သွားနိုင်တယ်၊ တကယ်လို့ မောင်ရွှဲနဲ့သင့်မြတ်တဲ့လူက ငါတို့အကြောင်းကို မောင်ရွှဲကိုပြောလိုက်ရင် ငါတော့ တောထဲကိုတောင်မရောက်ဘဲ လမ်းခုလတ်မှာတင် အဖမ်းခံရနိုင်တယ်"
ဘိုးတလူပြောတာလည်း သဘာဝကျသည်။
"ဒါဆိုဘယ်လိုလုပ်ကြမလဲ ဘိုးတလူ"
"ငါတို့အိပ်ချင်ယောင်ဆောင်ကြမယ်၊ ပြီးတော့ မနက်မိုးမလင်းခင် ငါတို့ရွာကနေထွက်ပြေးကြတာပေါ့၊ မနက်သုံးနာရီဆိုတာ လူတွေအိမ်မောအကျဆုံးအချိန်ပဲ"
ဒီးဒီးလည်းခေါင်းညိတ်လိုက်သည်။ ထို့နောက် မူးဝေနေသည့် ဘိုးတလူက ထမည်အလုပ်တွင် ဒီးဒီးက ဘိုးတလူအားပြေးတွဲလိုက်သည်။
"ဖြစ်ပါ့မလားဘိုးတလူ၊ ဒီလိုပုံစံနဲ့ ဒီညပြေးနိုင်ပါ့မလား"
ဘိုးတလူက ခေါင်းညိတ်လိုက်ကာ ဆေးကုသသည့်တဲအတွင်းရှိ အခြောက်လှန်းထားသည့် ဆေးမြစ်တစ်မြစ်ကိုယူလိုက်ပြီးနောက် ပါးစပ်အတွင်းကိုက်ဝါးလိုက်သည်။ ထို့နောက်ဆေးမြစ်ကို ထွေးထုတ်လိုက်ကာ တဲအပြင်သို့ ဟန်ချက်ညီညီထွက်သွားလေသည်ကို ဒီးဒီးကကြည့်ရင်း အံ့သြနေမိသည်။
"လတ်စသတ်တော့ သူ့မှာအမူးပြေဆေးရှိတာကိုး"
ဒီးဒီးက ရေရွတ်လိုက်လေသည်။
(၃)
ဗိုလ်ကြီးစခန်းချရာနေရာသို့ မောင်ရွှဲကရောက်လာခဲ့သည်။ ဗိုလ်ကြီးနှင့် လက်နက်ကိုင်အချို့မှာ ရွာအပြင်ရှိ တဲပျက်တစ်လုံးတွင်ထိုင်နေကြလျက်၊ ဘိုးတလူဖော်စပ်ထားသည့် ဆေးအရက်များကို သောက်သုံးနေကြခြင်းဖြစ်သည်။ မောင်ရွှဲက သေနတ်တစ်လက်ကိုကိုင်လာပြီး ဗိုလ်ကြီးရှေ့တွင်ရပ်သည်။
"ဗိုလ်ကြီး ဟိုငတိကလေးကို ရှင်းပေးပါ။
ဗိုလ်ကြီးက သူ့ရှေ့သို့ဝင်လာသည့် မောင်ရွှဲကိုအသေအချာကြည့်လိုက်သည်။
"မင်းကိုငါပြောထားသားပဲ မောင်ရွှဲရာ၊ မင်းတို့သမီးယောက်ဖကြားထဲကို ငါဝင်မပါချင်ပါဘူးဆို"
မောင်ရွှဲက အံကိုကြိတ်လိုက်ပြီးနောက်
"ကျုပ်လာတာ သမီးယောက်ဖကြားထဲက ရန်ပွဲအတွက်မဟုတ်ဘူး၊ ကျုပ်လာတာ ခင်ဗျားတို့အတွက်ပဲ"
မောင်ရွှဲက အဝတ်စဖြင့်ပတ်ကာထုပ်ပိုးထားသည့် သေနတ်ကို ဗိုလ်ကြီးရှေ့စားပွဲခုံပေါ်သို့တင်လိုက်ပြီး အဝတ်စကိုဖြေလိုက်လေသည်။ ဗိုလ်ကြီးက ထိုသေနတ်ကိုကိုင်ပြီးအသေအချာကြည့်လိုက်သည်။ သေနတ်၏ ဒင်နေရာတွင်စာလုံးများဖြင့်ရေးမှတ်ထားသည့် အမှတ်အသားများကိုတွေ့ရသည်။ ဗိုလ်ကြီးက ထိုအမှတ်အသားများကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မောင်ရွှဲအားကြည့်လိုက်လေသည်။
"မင်းဒီသေနတ်ကို ဘယ်ကရလာတာလဲ မောင်ရွှဲ"
"ဒါကျုပ်သေနတ်မဟုတ်ဘူး၊ ဒီသေနတ်က ဆယ်ဖောရဲ့မောင် ဒီလုံးဆိုတဲ့ကောင်ယူလာခဲ့တဲ့သေနတ်ဗျ"
ဗိုလ်ကြီးက ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး သူ့နောက်လိုက်များကိုဆင့်ခေါ်လိုက်လေသည်။ လက်နက်ကိုင်ဆယ်ဦးခန့်မှာ သေနတ်များကိုအသင့်ပြင်ဆင်ပြီး တန်းစီလိုက်ကြသည်။ ဗိုလ်ကြီးက စနိုက်ပါသေနတ်ကို ထောင်ပြရင်း
"ဒီသေနတ်ကိုမင်းတို့မှတ်မိကြသလား၊ ဒီသေနတ်က တောကျော်ရဲ့သေနတ်ပဲ"
လက်နက်ကိုင်များအချင်းချင်းကြားတွင် တီးတိုးပြောဆိုသံများထွက်ပေါ်လာလေသည်။
"မောင်ရွှဲရဲ့သတင်းပေးချက်အရ၊ ဘိုးတလူတို့အိမ်မှာရောက်နေတဲ့ကောင်လေးက ငါတို့လူတွေကို သတ်သွားတဲ့ကောင်လေးဖြစ်နိုင်တယ်၊ ဒီတော့ ငါတို့အခုပဲ ဘိုးတလူအိမ်ကိုသွားမယ်၊ ဒီကောင်လေးကိုဖမ်းပြီးစစ်မေးမယ်၊ ဟုတ်တယ်ဆိုရင်တော့ သူ့ဦးနှောက်ထဲကို ကျည်ဆန်ထည့်ပြီး အရည်ဖျော်ပစ်မယ်"
ဗိုလ်ကြီးနှင့် မောင်ရွှဲက ဦးဆောင်ပြီး ဘိုးတလူတို့အိမ်သို့ ချီတက်လာခဲ့ကြလေသည်။
(၄)
"အမ ကျုပ်တို့ပြေးကြရအောင်"
ဒီးဒီးက ထရံကိုပုတ်ပြီးပြောလိုက်သဖြင့် ဆယ်ဖောက အခန်းအပြင်သို့ထွက်လာလေသည်။ ဆယ်ဖောမှာလည်း ငိုထားပုံရသဖြင့် မျက်ခွံတွေဖောင်းအစ်နေလေသည်။ ဆယ်ဖောက အခန်းအပြင်ရောက်သည့်အခါ ဘိုးတလူနှင့် ဒီးဒီးကိုကြည့်လိုက်သည်။
"အဖူးတို့က ဘယ်ကိုပြေးကြမှာလဲ"
"မောင်ရွှဲရန်က လွတ်မယ့်နေရာကို ပြေးကြမယ်ငါ့မြေး"
"ဘယ်လိုလုပ်ပြေးလို့ လွတ်မှာလဲ အဖူးရဲ့"
"အမ ကျုပ်ပြောတာနားထောင်ပါ၊ ကျုပ်တို့တောထဲကိုထွက်ပြေးကြမယ်၊ ဘိုးတလူက တောထဲမှာ ပုန်းရှောင်လို့ရမယ့် နေရာတစ်ခုကို သိတယ်လို့ပြောတယ်၊ ကျုပ်တို့အဲဒီမှာ ရက်ပိုင်းလောက်ရှောင်နေပြီးတော့မှာ မင်းလွင်တောင်တန်းကြီးအရှေ့ဖက်ကိုတက်ပြေးရင် တခြားနယ်ရောက်ပြီ"
ဆယ်ဖောက ဒီးဒီးပြောသည်ကို မယုံကြည်သေးသဖြင့် ဘိုးတလူအားကြည့်လိုက်လေသည်။ ဘိုးတလူကလည်း ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်လည်း ပြေးကြတာပေါ့၊ ဘယ်တော့ပြေးမလဲ မောင်လေး"
"ခုပဲ အဝတ်အစားတွေထည့်တော့အမရာ၊ ကျုပ်တို့မိုးမလင်းခင်ထွက်ကြမယ်"
ဆယ်ဖောက အခန်းအတွင်းသို့ဝင်မည်အလုပ်တွင် ဘိုးတလူက ဆယ်ဖောလက်ကိုဆွဲလိုက်သည်။
"ဖိုးမူက အဖူးငယ်ငယ်ကတည်းက မှာထားတယ်မဟုတ်လား၊ ဖိုးမူက အိမ်ထောင်ပြုလို့မရဘူး၊ ဘယ်သူ့ကိုမှ ယူလို့မရဘူးဆိုတာကို မှာထားလျှက်နဲ့ အခုတော့ ဘယ်လိုလုပ်ပြီး မောင်ရွှဲကို လက်ထပ်ပါ့မယ်ဆိုပြီး ကတိပေးလိုက်တာလဲဆိုတာ အဖူးသိချင်တယ်"
ဆယ်ဖောမျက်နှာထိတ်လန့်သွားပြီး ဒီးဒီးကိုတစ်ချက်ကြည့်လိုက်လေသည်။
"ဟုတ်တယ်အမ၊ ကျုပ်လည်းသိချင်တယ်၊ အမ ဒီလူကိုများ တကယ်ချစ်နေတာလားဆိုတာ သိချင်တယ်"
ဆယ်ဖောက ခေါင်းခါရင်း မျက်ရည်များကျလာသည်။ ဒီးဒီးက ဆယ်ဖောလက်ကိုဆွဲလိုက်ပြီး
"ငိုနေလို့မထူးဘူးအမ၊ ပြောစမ်းပါ၊ အမ ဒီကောင်ကို တကယ်ချစ်တာလား"
ဆယ်ဖောက ခေါင်းခါသည်။
"ဒါနဲ့များ သူ့ကိုဘာလို့လက်ထပ်မယ်ဆိုပြီး ကတိပေးလိုက်ရတာလဲ"
ဆယ်ဖောက ဒီးဒီးမျက်နှာကိုအသေအချာကြည့်ရင်း
"အဲဒါနင့်ကြောင့်ပေါ့ မောင်လေးရဲ့"
ဒီးဒီးမျက်လုံးပြူးသွားသည်။
"ဗျာ၊ ကျုပ်ကြောင့် . . . ဟုတ်သလား"
"ဟုတ်တယ်မောင်လေး၊ ကိုမောင်ရွှဲက မောင်လေးက လူဆိုးတစ်ယောက်တဲ့၊ ပြီးတော့ မောင်လေးက လက်နက်ကိုင်အဖွဲ့တွေကို သတ်ခဲ့တဲ့လူတဲ့"
ဒီးဒီးငိုင်ကျသွားသည်။
"ဒါကြောင့် လက်နက်ကိုင်တွေ မောင်လေးဆီကိုလာတဲ့အခါ မောင်လေးကိုသတ်ကြလိမ့်မယ်တဲ့၊ ဒီတော့ မောင်လေးကို မသတ်စေချင်ရင် သူ့ကိုလက်ထပ်ပါ့မယ်လို့ ကတိပေးရမယ်လို့ပြောတယ်"
"တောက်၊ ဒါနဲ့ပဲ ကတိပေးလိုက်ရောလားအမရာ"
"ကတိမပေးလို့လဲ မရဘူးလေမောင်လေး၊ နောက်ရက်တော့ လက်နက်ကိုင်တွေလာပြီး စစ်လားဆေးလားလုပ်တဲ့အချိန်မှာ သူဝင်ပြောခဲ့လို့ မောင်လေးကို အဖူးရဲ့တူတစ်ယောက်ဆိုပြီး ယုံသွားတာမဟုတ်လား"
ဒီးဒီးက အဖြစ်အပျက်များကိုပြန်စဉ်းစားလိုက်သည်။ လွန်ခဲ့သည်hခြောက်လခန့်က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များဆိုသော်လည်း ဒီးဒီးမျက်လုံးထဲတွင် ဓါတ်ပုံရိုက်ယူထားသကဲ့သို့ တစ်ကွက်ခြင်းပြန်လည်ပေါ်လာသည်။
"ဪ၊ ကျုပ်သိပြီ၊ အဲဒီတုန်းက ကျုပ်က ဘိုးတလူရဲ့တူ တကယ်ဟုတ်မဟုတ်မေးတဲ့အချိန်မှာ အမက ကိုမောင်ရွှဲကို ခေါင်းညိတ်ပြလိုက်တာ ဒါကြောင့်ကိုး၊ တောက်၊ ဒီလူ တော်တော်အောက်တန်းကျတဲ့လူပဲ"
ဆယ်ဖောကလည်း ငိုတော့သည်။ ဒီးဒီးကလည်း သူ့ကြောင့်ဆယ်ဖောကတိပေးလိုက်ရတာကို သိတော့ စိတ်မကောင်းဖြစ်နေမိသည်။ ဘိုးတလူက ဒီးဒီးပုခုံးကိုပုတ်ပြီး
"အဲဒါတွေအသာနောက်ထားစမ်းပါ၊ ငါတို့တွေ မြန်မြန်ထွက်သွားမှဖြစ်မယ်၊ မောင်ရွှဲမှာ မင်းကိုနိုင်တဲ့အကွက်ရှိနေပြီ၊ တကယ်လို့သူသာ လက်နက်ကိုင်အဖွဲ့တွေကို မင်းအကြောင်းသွားပြောလိုက်တာနဲ့ လက်နက်ကိုင်တွေ ငါတို့ဆီကိုရောက်လာတော့မှာ"
ဘိုးတလူပြောလိုက်သည့်အတွက် ဆယ်ဖောလည်း အဝတ်အစားများထည့်ရန် အခန်းဆီသို့လှည့်လိုက်လေသည်။ ထိုစဉ်မှာပင် ခြံတံခါးရှေ့တွင် လူသံများကြားရသည်။
"ဘိုးတလူ၊ ဗျို့ ဘိုးတလူ ခြံတံခါးဖွင့်ပါအုံးဗျ"
ကြားလိုက်ရသည့်အသံက မောင်ရွှဲအသံဖြစ်နေသည်။ ဆယ်ဖောဆိုလျှင် တုန်တက်သွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပေ၊ ဒီးဒီးက အပြင်ထွက်သွားရန်ပြင်ဆင်လိုက်စဉ်မှာပင် ဘိုးတလူက ဒီးဒီးလက်ကိုဆွဲလိုက်သည်။
"မောင်ရွှဲတစ်ယောက်တည်းလာတာ မဖြစ်နိုင်ဘူး၊ သူတို့မင်းကိုလာဖမ်းတာပဲဖြစ်မယ်"
"ဒါဆိုရင် အိမ်နောက်ဖေးကနေ ထွက်ပြေးရအောင် အဖူး"
ဘိုးတလူခေါင်းခါသည်။
"ဒီကောင်တွေ ဒီအချိန်လောက်ဆို ငါတို့ခြံကိုဝိုင်းထားလောက်ပြီးပြီ ဖိုးမူ၊ ငါတို့ထွက်ပြေးတာနဲ့ သေနတ်နဲ့အပစ်ခံရလိမ့်မယ်"
"ဒါဆိုဘယ်လိုလုပ်ကြမလဲ"
ဘိုးတလူက စောင်ကြီးတစ်ထည်ကိုယူလိုက်ပြီး သူတို့နှစ်ယောက်အပေါ်လွှားခြုံလိုက်လေသည်။ ထို့နောက် စောင်အပေါ်သို့ သေးများပန်;ချလေတော့သည်။ ဒီးဒီးလည်း ဘိုးတလူလုပ်နေသည်ကို နားမလည်နိုင်တော့ပေ၊ သေးများရွှဲစိုနေသည့် စောင်ကို ဘိုးတလူက လက်ဖြင့်ပွတ်ပြီး တစ်ခုခုကိုမန်းမှုတ်နေလေသည်။
"ဘိုးတလူ ဘာလုပ်တာလဲ"
"ဟောဒါ၊ ကိုယ်ပျောက်တဲ့စောင်အစီအရင်ပဲ၊ ငါအပြင်ကိုထွက်လိုက်မယ်၊ မင်းတို့နှစ်ယောက် ဒီစောင်ခြုံပြီး တောအုပ်ထဲကိုဝင်ပြေးကြ၊ ပြီးရင် ငါ့ကို စိမ့်တောမြောင်ထဲမှာ စောင့်နေကြ"
"ဟာ၊ ဘိုးတလူကလည်း သွားမယ့်အတူတူ အကုန်လုံးသွားကြတာပေါ့၊ ဘိုးတလူလဲ စောင်ထဲကိုဝင်ခဲ့"
ဘိုးတလူက ခေါင်းခါလိုက်သည်။
"ဒီအစီအရင်က လူနှစ်ယောက်ကိုပဲ လုပ်လို့ရတယ်၊ သုံးယောက်လုပ်လို့မရဘူး၊ ကဲပါ၊ ငါ့ကိုမပူစမ်းပါနဲ့၊ ငါကဘာမှဖြစ်ဘူး၊ ဒီကောင်တွေငါ့ကိုလည်း ဘာမှမလုပ်ကြပါဘူး၊ မင်းတို့နှစ်ယောက်သာ သွားကြ"
ထိုစဉ် ခြံပြင်မှအော်သံထပ်ကြားရလေသည်။
"ဘိုးတလူ ခြံတံခါးဖွင့်နော်၊ ကျုပ်ဘာသာကျုပ်ဖွင့်ဝင်လာမှ ဘိုးတလူကျုပ်ကိုအဆိုးမဆိုနဲ့"
မီးအိမ်ကလေးတစ်လုံးဆွဲကာ ဘိုးတလူက ဒီးဒီးတို့ကိုလက်ကာပြလိုက်သည်။ ထို့နောက် ဒီးဒီးအနားသို့ကပ်လာသည်။
"ငါမရှိတုန်း မင်းအမကို မင်းစောင့်ရှောက်ပါကွာ"
"ဟာ၊ ဘိုးတလူဘယ်လိုပြောလိုက်တာလဲ ကျုပ်တို့စိမ့်တောမှာ ပြန်တွေ့ကြမယ်မဟုတ်လား"
ဒီးဒီးမေးလိုက်တော့ ဘိုးတလူကခေါင်းညိတ်လိုက်ပြီးနောက် အပြင်သို့ထွက်သွားလေသည်။ ဒီးဒီးက စောင်ကိုအုပ်ကာခြုံထားလိုက်သည်။ စောင်မှာ ချည်သားစောင်အပါးလေးဖြစ်သည်မို့ အပြင်ကိုဖောက်ထွင်းမြင်နေရလေသည်။
မောင်ရွှဲခေါ်ရင်း အချိန်အတော်ကြာမှ ဘိုးတလူက မီးအိမ်ကလေးထွန်းပြီးဆင်းလာလေသည်။ မောင်ရွှဲက စိတ်မရှည်တော့။
"ကြာလိုက်တာ ဘိုးတလူရာ၊ မြန်မြန်လာစမ်းပါဗျ"
"အောင်မာ၊ ဘယ်သူများလဲလို့ မောင်ရွှဲပါလား၊ မသိပါဘူး ငါကတခြားလူမှတ်နေတာ၊ မင်;က ငါ့ကိုအရင်က ဆရာကြီးလို့ခေါ်ပြီး အခုကျတော့ ဘိုးတလူလေးဘာလေးနဲ့၊ စိမ်းကားတာလား၊ ဟား၊ ဟား"
ဘိုးတလူ ခြံတံခါးဖွင့်ပေးလိုက်သည့်အခါ မောင်ရွှဲနှင့်အတူ ဗိုလ်ကြီးနှင့် လက်နက်ကိုင် နှစ်ဦးသာ ခြံထဲသို့ဝင်လာခဲ့ကြသည်။ ဘိုးတလူမှန်းထားသည့်အတိုင်းပင် အခြားလက်နက်ကိုင်တပ်သားများမှာ ခြံကိုဝန်းရံထားပြီး အမှောင်ကွယ်တွင်ပုန်းအောင်းနေကြလေသည်။ ထွက်ပြေးမည့်သူရှိပါက စောင့်ဖမ်းနိုင်ရန်ဖြစ်သည်။
"ဘိုးတလူ၊ ဟိုကောင် ဒီလုံးရော"
ဘိုးတလူက မသိချင်ယောင်ဆောင်ပြီး
"မသိဘူးလေ၊ အိပ်နေမှာပေါ့ကွ၊ ငါတောင် အရက်နည်းနည်းသောက်ပြီး မူးမူးနဲ့အိပ်ပျော်နေတာ"
မောင်ရွှဲက ဒီးဒီးနေထိုင်သည့် တဲကလေးအတွင်းသို့ဝင်ရှာသည်။ ထိုတဲကလေးမှာ ဆေးကုသဆောင်အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဆယ်ပေခန့်ရှိသည့် တဲကလေးအတွင်း ဒီးဒီးအရိပ်အယောင်ကိုပင်မမြင်ရပေ၊ မောင်ရွှဲက တောက်တစ်ချက်ခေါက်လိုက်သည်။
"တောက်၊ ဒီကောင်ပြေးပြီလားမသိဘူး"
မောင်ရွှဲက ဗိုလ်ကြီးကိုမျက်စပစ်လိုက်သည့်အခါ ဗိုလ်ကြီးက ဘိုးတလူကိုကြည့်ရင်း
"စိတ်မရှိပါနဲ့ ဘိုးတလူ၊ ဒီကောင်က ကျုပ်တို့လူငါးယောက်ကိုသတ်သွားတဲ့ကောင်ပဲ"
ဘိုးတလူက အခုမှကြားဖူးသည့်နှယ် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားလေသည်။
"ဟာ . . . တကယ်ပြောတာလား ဗိုလ်ကြီး၊ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး"
"ဒီတော့ ဒီကောင်လေးကို ကျုပ်တို့ကိုထုတ်ပေးပါ၊ ကျုပ် ဘိုးတလူကို အနှောင့်အယှက်မပေးချင်ဘူး"
"မင်းတို့မြင်တဲ့အတိုင်းပါပဲကွာ၊ ငါလည်း အရက်သောက်ပြီးအိပ်ပျော်သွားပါတယ်ဆိုမှ၊ ဒီကောင်လေး ဘယ်ရောက်နေသလဲဆိုတာ မသိပါဘူးကွာ"
"ဒါဆိုလည်း ကျုပ်တို့ကိုရှာခွင့်ပြုပါ"
လက်နက်ကိုင်နှစ်ဦးက အိမ်ပေါ်သို့တက်သွားလေသည်။ အိမ်အတွင်းမှောင်မဲနေသည်မို့ လက်နှိပ်ဓါတ်မီးများကိုထွန်းဖွင့်လိုက်ကြသည်။
ဒီးဒီးနှင့် ဆယ်ဖောလည်း အိမ်ထဲမှထွက်မည်အလုပ် အိမ်ပေါက်ဝမှ လက်နက်ကိုင်နှစ်ဦးတက်လာသည်ကိုမြင်တွေ့လိုက်သဖြင့် လန့်သွားကာ အနောက်သို့အမြန်ဆုတ်လိုက်ရသည်။ လက်နက်ကိုင်နှစ်ဦးဖွင့်ထားသည့် ဓါတ်မီးရောင်များက ထိန်လင်းနေသည်။ ဒီးဒီးတို့လည်း အိမ်ထောင့်တစ်နေရာတွင် ကပ်နေလိုက်ကြသည်။
ဘိုးတလူ၏ မှော်အစွမ်းမှာ အစွမ်းထက်လှသည်ထင်သည်။ လက်နက်ကိုင်နှစ်ဦးက အိမ်အတွင်းလှည့်ပတ်ကြည့်နေသော်လည်း ဒီးဒီးတို့ကိုမမြင်တွေ့ကြပေ၊ အိမ်အတွင်း ဓါတ်မီးဖြင့်လှည့်ပတ်ထိုးပြီးရှာဖွေနေကြသည်။ ဆယ်ဖောအိပ်ခန်းအတွင်းသို့လည်း ရှာဖွေကြသလို၊ လူများပုန်းခိုအောင်းနေနိုင်သည့် ဘီရိုများ၊ ခြင်းတောင်းများကိုလည်း လှန်လှောရှာကြသည်။
ဒီးဒီးတို့မှာ အလွန်ကြောက်ရွံ့ကာ ရင်ထိတ်နေရသည်။ မကြာမီ လက်နက်ကိုင်တစ်ဦးက လက်နှိပ်ဓါတ်မီးထွန်းထားပြီး သူတို့နေရာတည့်တည့်ကို ထိုးလိုက်လေသည်။
"အောင်မယ် . . ."
ဆယ်ဖောက အော်ဟစ်မည်အပြု ဒီးဒီးက ဆယ်ဖောပါးစပ်ကိုလက်ဖြင့်ပိတ်လိုက်ပြီး ဆယ်ဖောကို ပွေ့ဖက်ထားလိုက်သည်။ အသံတစ်သံကြားလိုက်သဖြင့် လက်နက်ကိုင်က သူတို့အနားတဖြည်းဖြည်းကပ်လာခဲ့သည်။ ဒီးဒီးတို့ကို မမြင်တွေ့သဖြင့် အသံကြားရာသို့ အသေအချာစူးစိုက်ကြည့်နေရင်; ဒီးဒီးတို့နှင့် လက်တစ်ကမ်းအကွာသို့ရောက်လာလေသည်။
ဒီးဒီးတို့မှာ အသက်ပင်မရှူရဲတော့ဘဲ အသက်အောင့်ထားရသည်။ ထိုလက်နက်ကိုင်က လက်ကိုဆန့်တန်းလိုက်ရာ သူတို့စောင်နှင့်ထိမိတော့မလိုဖြစ်သွားသည်။
"ဟေ့ကောင်ဘာလုပ်နေတာလဲ"
ဆယ်ဖောအခန်းအတွင်းမှ လက်နက်ကိုင်တစ်ယောက်က ထွက်လာကာ အော်ဟစ်လိုက်လေရာ ထိုလက်နက်ကိုင်က တစ်ဖက်သို့လှည့်သွားလေသည်။
"ဒီနားက အသံတစ်ခုကြားလိုက်သလားလို့"
အခန်းထဲမှထွက်လာသည့် လက်နက်ကိုင်က အသေအချာကြည့်ပြီး
"အိမ်ထောင့်မှာ ဘာမှမရှိပါဘူးကွာ၊ ကြွက်တွေဘာတွေနေမှာပါ၊ ကဲ သွားစို့၊ တစ်အိမ်လုံးလည်း နှံ့နေပြီ၊ ငါ့အထင် ဒီကောင်တွေပြေးသွားကြပြီထင်တယ်"
လက်နက်ကိုင်များအိမ်ပေါ်ကဆင်းသွားတော့မှ ဒီးဒီးတော့လည်း အနောက်က လိုက်ဆင်းလာခဲ့သည်။ လက်နက်ကိုင်နှစ်ဦးက ဗိုလ်ကြီးကိုအလေးပြုလိုက်သည်။
"တစ်အိမ်လုံးရှာပြီးပါပြီ၊ ဒီလုံးဆိုတဲ့ကောင်ရော၊ ဆယ်ဖောရော မရှိကြပါဘူး"
မောင်ရွှဲက အလွန်ဒေါသထွက်သွားပြီး ဘိုးတလူရင်ဘတ်ကိုဆောင့်ဆွဲလိုက်သည်။
"ကဲပြောစမ်းအဘိုးကြီး၊ ဒီကောင်တွေ ဘယ်ရောက်သွားသလဲ"
"မင်းတို့ကိုပြောပြီးပြီပဲ၊ ငါလည်းမသိပါဘူးလို့"
မောင်ရွှဲက ဘိုးတလူမျက်နှာကို လက်သီးဖြင့်ထိုးမည်အလုပ်တွင် ဗိုလ်ကြီးက မောင်ရွှဲလက်ကိုဆွဲလိုက်လေသည်။
"သူနဲ့ဘာမှမဆိုင်ပါဘူးကွာ၊ ဒီလိုအဘိုးကြီးတစ်ယောက်ကို နှိပ်စက်လို့လဲ ဘာမှမထူးပါဘူး"
မောင်ရွှဲက လက်ကိုရုတ်သိမ်းလိုက်ပြီး
"ဗိုလ်ကြီးတို့က ပြောအားရှိတာပေါ့ဗျာ၊ ကျုပ်ကတော့သွားပြီ၊ ကျုပ်အနှစ်နှစ်အလလက စောင့်ကြည့်ခဲ့ရတဲ့ ပန်းကလေးကို အခုသူများခိုးပြီးပြေးပြီလေဗျာ၊ ကျုပ်ရင်ထဲမှာ ဘယ်လောက်ခံစားနေရတယ်ဆိုတာ ဗိုလ်ကြီးသိရဲ့လား"
"ဒါလည်းဒါပေါ့ကွာ၊ ငါကတော့ ရွာသားတွေအထိတ်တလန့်မဖြစ်စေချင်ဘူး၊ ဒီကောင့်ကို ငါတို့နည်း ငါတို့ဟန်နဲ့ ရအောင်ရှာမယ်"
"ဗိုလ်ကြီးတို့တွေ့တော့ရော၊ ကျုပ်ရဲ့ပန်းကလေးက ကြွေနေလောက်ပြီဗျ"
မောင်ရွှဲက တဟီးဟီးနှင့် ကလေးလေးတစ်ယောက်လို အော်ဟစ်ငိုနေလေသည်။ ဒီးဒီးတို့လည်း အိမ်ပေါ်မှအသာဆင်းခဲ့ပြီး အိမ်နောက်ဖေးခြံစည်းရိုးကိုလျှိုဝင်လိုက်သည်။ ခြံအနောက်ဘက်တွင် ပြောင်းခင်းကြီးတစ်ခုရှိသည်။ ထိုပြောင်းခင်းအနီးတွင်လည်း လက်နက်ကိုင်တစ်ယောက်က အမှောင်ထဲထိုင်နေပြီး ခြံအတွင်းသို့ သေနတ်ကိုထိုးချိန်ထားလေသည်။ ပြောင်းခင်းမှာ ကုန်းမြင့်ပိုင်းဖြစ်သဖြင့် ခြံအတွင်းကို အတိုင်းသားမြင်နေရသည်။
"တောက်၊ သားရေပေါ်အိပ်၊ သားရေနားစားတဲ့ကောင်၊ ပြီးတော့ အဲဒီလိုကောင်ကိုမှ သမက်တော်ချင်လို့ အိမ်ပေါ်ခေါ်တင်ထားတဲ့ အဘိုးကြီး"
မောင်ရွှဲက ဒေါသမထိန်းနိုင်တော့ဘဲ လက်နက်ကိုင်တစ်ယောက်ဆီသို့ပြေးသွားလိုက်ကာ လက်နက်ကိုင်ထံမှ သေနတ်ကိုဆွဲလုလိုက်လေသည်။ လက်နက်ကိုင်မှာလည်း သေနတ်ကိုပေါ့ပေါ့ဆဆကိုင်ထားမိသဖြင့် မောင်ရွှဲဆွဲလိုက်သည့်အခါ မောင်းပြန်ရိုင်ဖယ်သေနတ်မှာ ပါသွားလေသည်။ မောင်ရွှဲက မောင်းပြန်ရိုင်ဖယ်သေနတ်ကို ဘိုးတလူအား ထိုးချိန်လိုက်ပြီးနောက် သေနတ်မောင်းကိုဆွဲညှစ်လိုက်သည်။
"ဒက် . . .ဒက် . . .ဒက်"
အော်တိုမက်တစ်သေနတ်မို့ ကျည်ဆန်များက အတွဲလိုက်ထွက်သွားပြီး ဘိုးတလူရင်ဝကို ဖောက်ထွင်းဝင်ရောက်သွားလေသည်။ ဘိုးတလူမှာ ကျည်အားကြောင့် အနောက်သို့ပက်လက်လန်ကာ လဲကျသွားသည်။ မောင်ရွှဲက မကျေနပ်သေးဘဲ လဲကျသွားသည့် ဘိုးတလူထံသို့ပြေးလာပြီး အပေါ်မှဆီးမိုးလျှက် သေနတ်ကျည်ဆန်မကုန်မချင်း ပစ်ခတ်လိုက်တော့သည်။
"ဒက် . . . ဒက်"
ဘိုးတလူမှာ ကျည်အားကြောင့်တွန့်လိမ်နေလေသည်။
"အဖူး . . . ."
ပြောင်းခင်းအစပ်တွင်ကြည့်နေသည့် ဆယ်ဖောက ဘိုးတလူသေသည်ကိုမြင်တွေ့သည့်အခါ အော်ဟစ်လိုက်မိလေသည်။ ဒီးဒီးက ဆယ်ဖောပါးစပ်ကိုအမြန်ပိတ်ပြီး လှဲချလိုက်ရသည်။ ပြောင်းခင်းအစပ်တွင်စောင့်နေသည့် လက်နက်ကိုင်က ဆယ်ဖောတို့ဖက်ကိုလှည့်ကြည့်လိုက်သည်။
"ဗိုလ်ကြီး၊ ပြောင်းခင်းထဲမှာ မိန်းကလေးအသံကြားတယ်"
မောင်ရွှဲ၊ ဗိုလ်ကြီးနှင့် လက်နက်ကိုင်များမှာ ပြောင်းခင်းဆီသို့ပြေးလာခဲ့ကြသည်။ ဒီးဒီးက ဆယ်ဖောအပေါ် အုပ်လျှက်သားကျနေသည်။ ပြောင်းခင်းထဲသို့ ဓါတ်မီးများဖြင့်ထိုးသဖြင့် ထိန်လင်းနေလေသည်။
"ဒီအတိုင်းဆက်သွားရင် ကျုပ်တို့ကိုမိသွားမှာပဲအမ၊ ဒီတော့ အမက တောစပ်ကိုပြေးတော့၊ ကျုပ်က သူတို့ကိုတခြားနေရာကို မျှားခေါ်သွားမယ်"
"ဖြစ်ပါ့မလားမောင်လေး"
"ရပါတယ်၊ ကျုပ်တို့ တောစပ်မှာပြန်တွေ့ကြမယ်"
ဒီးဒီးက စောင်ခြုံထဲမှထွက်လိုက်လေသည်။ ဗိုလ်ကြီးနှင့် လက်နက်ကိုင်များက ပြောင်းခင်းထဲသို့ ဓါတ်မီးများထိုးကြည့်ကြသည်။ လူတစ်ရပ်ကျော်သည့် ပြောင်းပင်ကြီးများကာ ထူထပ်နေသည်မို့ အတွင်းသို့ သဲသဲကွဲကွဲ မမြင်တွေ့နိုင်ပေ။
ထိုစဉ် ဒီးဒီးက ထပြေးသည်။ ပြောင်းရွက်များနှင့် တိုက်မိပြီး တရှဲရှဲအသံမြည်လာခဲ့သည်။
"ပြေးပြီဟေ့၊ အနောက်ဘက်ကိုပြေးတာဟ"
လက်နက်ကိုင်တစ်ဦးက သေနတ်ဖြင့်ပစ်ရန်ချိန်လိုက်စဉ် မောင်ရွှဲက သေနတ်ပြောင်းကိုပုတ်ချလိုက်သည်။
"ပစ်လို့မဖြစ်ဘူး၊ ငါ့ရဲ့ပန်းကလေးကို ထိသွားမယ်"
ထိုအခါ ဒီးဒီးပြေးသွားသည့်အနောက်သို့ လက်နက်ကိုင်များက ပြေးလိုက်သွားကြလေသည်။ ဆယ်ဖောအခြေအနေကြည့်လိုက်တော့ သူ့အနီးတွင် လက်နက်ကိုင်များမရှိတော့ပေ၊ နောက်ဆုံးအနေဖြင့် ပြောင်းခင်းအစပ်နားသို့သွားလိုက်ကာ မြေပြင်တွင်လဲကျသေဆုံးနေသည့် မိမိအဘိုးဖြစ်သူ ဘိုးတလူကိုလှမ်းကြည့်လိုက်လေသည်။
"အဖူး . . အဖူး"
ဆယ်ဖောက ခပ်တိုးတိုးကလေးရေရွတ်လိုက်သည်။ ဘိုးတလူကတော့သွေးအိုင်ထဲတွင် ခြေပစ်လက်ပစ်နှင့် ကားကားကြီးသေဆုံးနေလေသည်။ ဆယ်ဖောလည်း ပြေးရအုံးမည်မို့ စောင်ကိုပြန်ခြုံလိုက်ပြီးနောက် ပြောင်းခင်;ကြီးအတိုင်း မြောက်ဘက်သို့ဆက်ပြေးတော့သည်။
"လိုက်ကြဟေ့၊ လိုက်ဟ"
ပြောင်းခင်;အတိုင်း အနောက်ဘက်သို့မနားတမ်းပြေးနေသည့် ဒီးဒီးအနောက်သို့ လက်နက်ကိုင်များက ပြေးလိုက်ကြသည်။ ဒီးဒီးပြေးရင်း မကြာခင် ပြောင်းခင်းအဆုံးကိုမြင်တွေ့နေရသည်။ ပြောင်းခင်းအဆုံးတွင် ကွင်းပြင်ကြီးသာရှိရာ သေချာပေါက် သူ့ကိုမြင်သွားနိုင်သည်။ သူ့ကိုသေနတ်နှင့်ပစ်ခတ်လျှင် သူသေတော့မည်ဖြစ်သည်။
ဒီးဒီးလည်းပြေးလွှားရင်း ကွင်းပြင်ကြီးအတွင်းသို့ ခုန်ထွက်လိုက်လေသည်။ ကွင်းပြင်ကြီးအတွင်း ဒူးလောက်အမြင့်ရှိသည့် မြက်ရိုင်းပင်များ၊ ချုံနွယ်ပင်များပေါက်နေကြသည်။ ဒီးဒီးအနောက်မှ လိုက်လာသည့် လက်နက်ကိုင်များမှာ ကွင်းပြင်ကြီးအစပ်သို့အရောက်တွင် ရပ်တန့်သွားကြသည်။
"ဘယ်ရောက်သွားတာလဲ"
"ဒီကောင်ပြောင်းခင်းထဲမှာပုန်းနေသလား၊ ဒါမှမဟုတ် ကွင်းပြင်ထဲကိုများဖြတ်သွားသလား"
လက်နက်ကိုင်များက ကွင်းပြင်ထဲသို့ လက်နှိပ်ဓါတ်မီးများဖြင့် ထိုးကြည့်ကြသည်။ ဒီးဒီးက မြက်တောထူထူတွင် မြေတစ်ကောင်ကဲ့သို့ တွားသွားနေပြီး ချုံတစ်ခုနှင့် ပုန်းကွယ်နေလိုက်လေသည်။ ဗိုလ်ကြီးက ကွင်းပြင်ကိုကြည့်ပြီး
"ဒီကောင် ကွင်းပြင်ထဲပြေးတာပဲဖြစ်မှာ"
"မဟုတ်ဘူးလေဗိုလ်ကြီးရ၊ ကွင်းပြင်ထဲပြေးရင် သူ့ကိုတွေ့ရမှာပေါ့"
"မင်းတို့ တော်တော်တုံးတဲ့ကောင်တွေပဲ၊ မပြေးဘဲ ဒီမြက်တောတွေထဲမှာ ဝပ်နေမယ်ဆိုရင် မင်းတို့တွေ့နိုင်မလားကွ"
ဗိုလ်ကြီးက ချုံတစ်ခုကိုလက်ညှိုးထိုးပြလိုက်သည်။
"အဲဒီချုံကို လေးငါးချက်လောက် ပစ်လိုက်စမ်းကွာ"
လက်နက်ကိုင်တစ်ဦးက ဗိုလ်ကြီးညွှန်ပြသည့်ချုံကို သေနတ်ဖြင့်ပစ်ခတ်လိုက်လေသည်။ သို့သော် ဘာမှမထူးခြားပေ၊ ကွင်းပြင်အတွင်း ချုံက သုံးလေးခုသာရှိသည်။ ဗိုလ်ကြီးက နောက်ထပ်ချုံတစ်ခုကို လက်ညှိုးထိုးပြသည်။
"အဲဒီကိုလည်း ပစ်ကြစမ်း"
လက်နက်ကိုင်နှစ်ဦးက သေနတ်ဖြင့် ဆယ်ချက်ခန့်ပစ်ခတ်လေသည်။ ထိုချုံမှာ ဒီးဒီးပုန်းခိုနေသည့် ချုံနှင့် နီးကပ်နေသဖြင့် ကျည်ဆန်များတရွှီးရွှီးဖြင်h ဖြတ်သန်းသွားသည်ကို အတိုင်းသားကြားနေရသည်။ နောက်တော့ ဗိုလ်ကြီးက ဒီးဒီးပုန်းနေသည့် ချုံကိုလက်ညှိုးထိုးလိုက်သည်။
"အဲဒီချုံကိုပစ်စမ်း"
ဒီးဒီးထလည်းမပြေးနိုင်တော့၊ ထပြေးလျှင်လည်း ကြိမ်းသေပေါက်မြင်မည်၊ ဆက်ပြီးလည်း ဝပ်မနေချင်၊ ခုနက ချုံများကိုပစ်သကဲ့သို့ သူပုန်းခိုနေသည့် ချုံကိုပစ်လျှင် သူ့ကိုကြိမ်းသေထိမှန်တော့မည်ဖြစ်သည်။ ဒီးဒီးလည်း ဘာလုပ်ရတော့မှန်းမသိတော့ပေ။
လက်နက်ကိုင်နှစ်ဦးက ဒီးဒီးပုန်းအောင်းနေသည့် ချုံထံသို့ သေနတ်များထိုးချိန်လိုက်ကြသည်။ သေနတ်မောင်းခလုပ်များကို ညှစ်ချမည်အလုပ်တွင်
"ရှဲ . . ရှဲ . . ရှဲ"
ပြောင်;ခင်းကြီးအတွင်း လူတိုးသွားသဖြင့် လှုပ်ရှားသံများကိုကြားလိုက်ရသည့်အတွက် လက်နက်ကိုင်များမှာ ပြောင်းခင်းကြီးဆီသို့လှည့်ကြည့်လိုက်သည်။
"မြောက်ဘက်ကိုပြေးသွားတာဗိုလ်ကြီး"
"ငါထင်သားပဲ၊ ဒီကောင်ကွင်းပြင်ထဲကို မဆင်းဘဲ ပြောင်းခင်းထဲမှာ ပုန်းနေတာဖြစ်မှာပါ့လို့၊ လိုက်ကြစမ်းကွာ"
လက်နက်ကိုင်များမှာ ပြောင်;ခင်းကြီးဆီသို့ပြေးလိုက်သွားကြလေသည်။ ဒီးဒီးလည်း ထိုတော့မှ သက်ပြင်းချနိုင်သည်။ သို့သော်လည်း စိတ်မအေးရသေးပေ၊ ထွက်ပြေးသွားသူမှာ ဆယ်ဖောဖြစ်နေမလားဟု တွေးနေမိသေးသည်။ သို့သော်လည်း ဆယ်ဖောတွင် ကိုယ်ပျောက်ဝတ်ရုံတစ်ခုရှိနေခြင်းက တပန်းသာနေလေသည်။ သို့နှင့် ဒီးဒီးလည်း ကွင်းပြင်ကြီးအတိုင်းဖြတ်ပြေးကာ တောစပ်ဆီသို့ဦးတည်လိုက်တော့သည်။
"ဆယ်ဖော၊ အမဆယ်ဖော ဘာမှမဖြစ်ပါစေနဲ့"
ပြေးရင်းလွှားရင်း တောစပ်သို့ရောက်လာခဲ့သည်။ အနောက်ဘက်မှ ပတ်ပြေးခဲ့ရသဖြင့် ပုံမှန်ထက်ပိုကြာသည်။ တောစပ်အရောက်တွင် သစ်ပင်များနောက်ကွယ်မှ ပုန်းအောင်းရင်း အခြေအနေကြည့်ရသည်။ အမှောင်ထုကြီးအတွင်းဖြစ်သဖြင့် မမြင်မစမ်းနှင့်ဖြစ်နေသည်။ လရောင်က ခပ်မှိန်မှိန်သာနေသဖြင့်သာ တော်သေးသည်။ ဒီးဒီးလည်း တောအုပ်အတွင်းသို့ဝင်လာခဲ့သည်။ တောစပ်ရှိကြီးမားသည့် သစ်ပင်ကြီးတစ်ပင်အနီးရောက်တွင် ဆယ်ဖောကိုစောင့်နေမည်ဟု တွေးလိုက်ကာ သစ်ပင်ကြီးအနားသို့ ပြေးကပ်ခဲ့လေသည်။
မကြာမီ တောတိုးသံများကိုကြားလိုက်ရသည်။ တောစပ်ရှိချုံပင်များမှာ သူ့အလိုလိုရှဲသွားသည်ကိုသာ မြင်တွေ့ရသဖြင့် ဆယ်ဖောပြေးလာမှန်းသိလိုက်သည်။
"အမဆယ်ဖော၊ အမ"
ဒီးဒီးက ခပ်အုပ်အုပ်ခေါ်လိုက်တော့မှ ဆယ်ဖောက စောင်ခြုံကြီးဖယ်လိုက်သည်။ သူတို့နှစ်ဦး အချင်းချင်းပြေးဖက်မိကြသည်။
"တော်သေးတာပေါ့အမရာ၊ ကျုပ်ဖြင့် အမကိုမိသွားပြီလို့ထင်နေတာ"
"မမိပါဘူးမောင်လေးရာ၊ အမက ပြောင်းခင်းကနေထွက်ပြီး မြောက်ဘက်အတိုင်းပတ်လာတာ"
ဆယ်ဖောစကားကိုကြားသည့်အခါ ဒီးဒီးကထူးဆန်းသွားသည်။
"နေစမ်းပါအုံးအမရာ၊ အမက ပြောင်းခင်းထဲကနေပြေးတာမဟုတ်ဘူးလား"
"မင်းကလည်း ပြောင်းခင်းဆိုတာ တိုးတဲ့အသံမြည်တတ်တယ်မဟုတ်လား၊ ဒီတော့ ပြောင်းခင်းထဲက ထွက်ပြီးလာတာပေါ့"
ဒီးဒီးခေါင်းထဲ အတွေးတွေဝင်လာသည်။
"ဒါဆိုရင် ပြောင်းခင်းထဲကနေ မြောက်ဘက်အတိုင်းပြေးတက်သွားတာ ဘယ်သူလဲ"
ထိုသို့စဉ်းစားနေစဉ်မှာပင် ဓါတ်မီးရောင်များကိုမြင်လိုက်သဖြင့် မောင်နှမနှစ်ယောက် စောင်ကြီးကိုခြုံလိုက်ကြပြန်သည်။ မကြာမီ လက်နက်ကိုင်များက တောစပ်သို့ရောက်လာသည်။ သစ်ပင်ကြီးနားအရောက်တွင် ဗိုလ်ကြီးက ရပ်တန့်လိုက်သည်။
"တော်ပြီ၊ ငါတို့တောထဲကို ဆက်မလိုက်တော့ဘူး"
မောင်ရွှဲက ကျေနပ်ပုံမရ။
"ဘာဖြစ်လို့လဲ ဗိုလ်ကြီး"
"ဒီကောင်က မုဆိုးကွ၊ ငါတို့လူတွေကို တောထဲမှာချည်းသတ်ခဲ့တာ၊ တောထဲဝင်သွားတဲ့ ဒီကောင့်အနောက်ကိုလိုက်တာက ငါတို့ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့အတူတူပဲ"
မောင်ရွှဲကတော့ မကျေနပ်ပေ၊ သို့နှင့် ဗိုလ်ကြီးဆီသို့သွားလိုက်ပြီး
"ဒါဆိုလည်း ဗိုလ်ကြီးကျုပ်ကိုတစ်ခုကူညီပါ၊ ကျုပ်ကိုသေနတ်တစ်လက်ပေးပါ၊ ဗိုလ်ကြီးတို့ ဆက်မလိုက်လည်း ကျုပ်ကတော့ ဒီကောင့်နောက်ကို ရေဆုံးမြေဆုံးအထိလိုက်မယ်"
မောင်ရွှဲရုပ်က တားမရတော့သည့်ပုံစံဖြစ်နေသည်မို့ ဗိုလ်ကြီးက ခါးတွင်ချိတ်ထားသည့် သေနတ်ကလေးတစ်လက်ကိုဖြုတ်လိုက်ကာ မောင်ရွှဲကိုပေးလိုက်သည်။
"ကျည်ဆန်ဆယ့်နှစ်တောင့်ပါတယ်မောင်ရွှဲ၊ ဒါကတော့ ငါမင်းကိုနောက်ဆုံးအနေနဲ့ ကူညီပေးတာပဲ"
မောင်ရွှဲက ခေါင်းညိတ်လိုက်ပြီး သေနတ်ကိုကိုင်ကာ တောအတွင်းသို့ပြေးဝင်သွားလေသည်။ လက်နက်ကိုင်များလည်း တပ်ခေါက်ပြီးပြန်သွားကြလေသည်။
မောင်ရွှဲပြေးသွားသည့်နေရာနှင့် သူတို့ချိန်းဆိုထားသည့် စိမ့်တောကြီးမှာ ဆန့်ကျင်ဘက်ဖြစ်နေသဖြင့်သာတော်သေးသည်။ သူတို့မောင်နှမနှစ်ယောက် မှောင်မှောင်မည်းမည်းနှင့် တောတိုးလာကြသည်။ ညနက်မို့ ခရီးက သိပ်မရောက်ပေ၊ စိမ့်တောကြီးထံသို့ရောက်သည့်အခါ မိုးလင်;စပြုနေပြီဖြစ်သည်။
စိမ့်တောကြီးအဝင်တွင် သစ်ငုတ်တိုကြီးတစ်ခုရှိပြီး ထိုသစ်ငုတ်တိုတွင် လူကြီးတစ်ယောက်ထိုင်နေလေသည်။ ဒီးဒီးတို့လည်း သတိကြီးကြီးထားပြီး အနီးသို့တိုးကပ်လိုက်သည့်အခါ ဘိုးတလူဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
"ဟင် ဘိုးတလူ"
ဘိုးတလူက သူတို့ကိုပြုံးရင်းကြည့်နေသည်။ လက်ထဲတွင်လည်း မီးနီရဲနေသည့် ဆေးတံကိုကိုင်ထားပြီး ဆေးတံကိုတစ်ချက်ဖွာလိုက်သေးသည်။ ထိုအခါ ဆေးတံမှမီးခိုးငွေ့များက ဘိုးတလူလည်ချောင်းအတွင်းမှဝင်သွားပြီး ရင်ဘတ်ရှိကျည်ပေါက်ရာများမှ အငွေ့များပြန်ထွက်သွားလေသည်။ ထိုင်နေသည့် ဘိုးတလူကိုကြည့်ရင်း ဒီးဒီးဇောချွေးပြန်သွားသည်။
"မင်းတို့ကလည်း ကြာလိုက်တာကွာ၊ မင်းတို့ကို ငါစောင့်နေတာကြာပြီကွ"
အခန်း (၁၀) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်