Part - 22
ကိုယ်ဝန်လဲ လရင့်လာပြီမို့ မွေးရဖွားရလွယ်အောင် ခြံထဲဆင်းပြီး လမ်းလျှောက်လေ့ရှိသည့် ပန်းအတွက် ကိုကြီးက ခြံထဲမှာ သေချာခင်းကျင်းပေးထားသည်။ လျှောက်လမ်းတွင် ရေညှိရှိမနေဖို့လဲ သူပဲသေချာလုပ်ပေးထားသလို ဘေးကနေလဲ အမြဲကူတွဲလျှောက်ပေး၏။ အိုဂျီပြတိုင်းလဲ လိုက်ပေးသလို သေချာဂရုစိုက်သည်ထက်ပိုအောင်ကို ဂရုစိုက်ပေးသည်။ ပန်း သိပါသည်။ ကိုကြီးစိတ်ထဲ ကိုယ်ဝန်ကြီးနဲ့နှမဖြစ်သူမှာ ခင်ပွန်းယောကျာ်း မရှိ၍ အားငယ်နေမှာ၊ သူပါအိမ်ထောင်ပြုလိုက်၍ အထီးကျန်ဝမ်းနည်းနေမှာ စိုးရိမ်နေပုံရသည်။
" ပန်း ညီမလေး.....ဗိုက်ဆာနေပြီလား။ "
အိမ်ထဲမှထွက်လာကာ ပန်းအနားလာရပ်ရင်း မေးလာသည့် မမနွယ်ကြောင့် ပန်း ခပ်ပြုံးပြုံးလေးဖြင့် ခေါင်းကိုအသာခါယမ်းပြလိုက်သည်။ စောလဲစောသေးတာမို့ တကယ်လဲ ပန်း ဗိုက်သိပ်မဆာသေးပါ။
" မဆာသေးပါဘူး မမရယ်....."
" ခဏနေရင် ဟင်းအကုန်ကျက်ပါပြီ။ အဲ့ကျ မမနွယ် လာခေါ်မယ်နော်။ ပန်းလေးအတွက် ကြက်သဟင်းရွက်နဲ့ကြက်ရိုးဟင်းချိုလေး လုပ်ထားပေးတယ်။ "
" မိနွယ်ရေ.....ညည်းဦးလေးက ဗိုက်ဆာလို့တဲ့။ အဆာပြေစားရအောင် ကော်ဖီနဲ့မုန့်လေး ပြင်ပေးလိုက်ပါဦးအေ။ "
အိမ်ပေါက်ဝမှ လှမ်းအော်နေသည့် အန်တီဘေဘီအသံကြောင့် ပန်းရော မမနွယ်ပါ ပြိုင်တူလှည့်ကြည့်မိ၏။ ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးကို လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်လာရင်း ပန်းအနားရောက်လာသဖြင့် မသိဟန်ဆောင်ကာ လမ်းပြန်လျှောက်နေလိုက်သည်။
" ညီမလေး.....လိုတာရှိရင် လှမ်းခေါ်နော်။ "
" ငါ နေခဲ့ပေးပါ့မယ်အေ....သွား သွား။ ညည်းဦးလေးကိုသာ စားဖို့ပြင်ပေးလိုက်ဦး။ "
ဒေါ်ဘေဘီ လမ်းလျှောက်နေသည့် ပန်းကိုအသာကြည့်လိုက်ရင်းမှ စိတ်ထဲက မနှစ်မြို့နိုင်ပဲ ဖြစ်နေသည်။ တကယ်ဆို မောင်စွယ်တော်ပိုင်သမျှက မယားဖြစ်သည့် မိနွယ်ပိုင်နေပြီပင်။ မောင်နှမပေမယ့် ရှာထားတာလဲ မောင်စွယ်တော်ချည်းပဲ ရှာထားဖွေထားတာပင်။ ရှိနေရင် စည်းစိမ်က ခွဲဝေနေရဦးမည် မဟုတ်လား။ ဒီကလေးမသာ မရှိရင် အကုန်လုံးက ကိုယ့်တူမလက်ထဲမှာချည်းဖြစ်မှာ။ အဲ့လိုဆိုရင် မိနွယ်ကလဲ ကိုယ်တွေကျေးဇူးရှိတော့ လွန်ဆန်နိုင်တာ မဟုတ်။ တကယ့်ကို ပူပန်စရာ ရှိတော့တာမဟုတ်ပေ။
ဒီကလေးမကို ပ ထုတ်ကို ပ ထုတ်မှ ဖြစ်မှာပေ။ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ကလေးမွေးလာရင် တစ်ယောက်ကနေ နှစ်ယောက်ဝန် ဖြစ်ပြီ။ သူ့ယောကျာ်းရှိတာမို့ ပြန်ပေါင်းပြီး လိုက်သွားအောင် လုပ်ရင်လုပ်၊ ဒါမှမဟုတ် သူ့ဘာသာသူ ဆင်းသွားတာမျိုးမှ လူမြင်လဲကောင်းမှာပင်။
" ပန်းလေး....."
" ရှင် အန်တီ...."
" သမီးယောကျာ်းနဲ့ ပြန်မပေါင်းတော့ဘူးလား။ "
ပန်း နှုတ်လေးဆိတ်သွား၏။ ကိုကြီးကို စော်ကားတာရော၊ ပန်းအပူကြီးခဲ့ရတာတွေရော ပြန်တွေးမိရင် အသက်ရှူတွေပါကြပ်သည်။
" မွေးလာမယ့် ကလေးအတွက် စဉ်းစားဦးနော်။ အမေရော ၊ အဖေရော ရှိနေတာကို မိတကွဲ၊ဖတကွဲဖြစ်အောင်အေ။ ကိုယ့်ကလေးမျက်နှာငယ်ရတယ်။ ပြန်ပေါင်းလိုက်ပါလား ။ "
ပန်း ခေါင်းလေးကိုခါယမ်းလိုက်သလို ပူထွက်နေသည့် ဗိုက်ကလေးအား စမ်းကိုင်ထားလိုက်၏။
" ဟင့်အင်း.....ပန်း ပြန်မပေါင်းချင်ဘူး။ ကိုကြီးကို မရိုမသေလုပ်တာ ပန်းစိတ်အဆိုးဆုံးပဲ။ "
" ဒါပေမယ့်အေ...."
" ဟင့်အင်း.....ဟင့်အင်း ပန်း ကို ပေါက်ကရတွေထပ်မပြောပါနဲ့။ ပန်းအိမ်ထဲဝင်တော့မယ်။ "
ပြောလဲပြော အိမ်ထဲတန်းဝင်သွားသည့် ပန်းကိုကြည့်ရင်း ဒေါ်ဘေဘီတစ်ယောက် မဲ့ရွဲ့ကာကျန်နေခဲ့သည်။ တကယ့်ကို စိတ်ကုန်သည်။ပေကတ်ကတ်နဲ့ ကတ်သတ်နေတော့တာပင်။ခွာချလို့ကို မရဘူး။
@@@@@@@@@@@
" အန်တီဘေဘီရယ်....ဘာလို့ အဲ့ကိစ္စတွေ သွားပြောရတာလဲ။ ကိုသိရင်တော့ ဒုက္ခပါပဲ။ "
" ဟဲ့....ငါက အလကားနေ အလကား အားလို့ သွားပြောတာ မဟုတ်ဘူး။ညည်းအတွက်ပြောနေတာ မိနွယ်ရဲ့။ "
အခန်းထဲ တီးတိုးတီးတိုးဖြင့် ကြိတ်ပြောနေရင်း နွယ့်မှာ မျက်လုံးပြူးသွားရသည်။
" အို! နွယ်နဲ့ ဘာဆိုင်လို့လဲ။ "
" ဟဲ့....ဘာကို မဆိုင်ရမှာလဲ။ မိနွယ်ရယ်.....ညည်း ကြည့်ရတာ အိမ်ဖော်ကျနေတာပဲ။ ချက်လိုက်ပြုတ်လိုက်၊သန့်ရှင်းရေးတွေ လုပ်လိုက်နဲ့။ ညည်းက သူဌေးကတော်ဖြစ်နေပြီနော်။ အိမ်ဖော်မဟုတ်ဘူး။ "
" ဒါပေမယ့် ကိုက အိမ်အကူတောင် ထားတာမှ မဟုတ်ပဲ ဒေါ်လေးရဲ့။ "
" ဆင်ခြေတွေပါအေ.....ငါ ပြောမယ်။ ညည်းနဲ့မောင်စွယ်တော့်အတွက် မှန်ပါတယ်ဆိုတဲ့ ဗေဒင်နဲ့ငါ ဇာတာသွားစစ်ကြည့်ပြီးပြီ။ ညည်းတို့ကြားမှာ ကြာသပတေးသမီး၊ သူ့ဆွေမျိုးထဲကပဲ ဝင်နှောက်နေတာတဲ့။ ကွဲကိန်းရှိတယ်တဲ့။ ပန်းကလေးက ကြာသပတေးသမီးလေအေ။ ညည်း ဒုက္ခရောက်မယ် သိလား။ "
အိမ်ထောင်ကွဲမည်ဆိုလာတော့ နွယ် အနည်းငယ် တုန်လှုပ်သွားမိတာ အမှန်ပင်။ သို့ပေမယ့် ကိုက သူ့ညီမကို အထိမခံ အရမ်းချစ်တာ သိနေတော့ ခက်သည်။ အခုဆို တေဇာလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားရ၏။ စားဝတ်နေရေးလဲ အရင်လို ပူပန်နေစရာမလို။ အရင်က စျေးဖိုးနဲ့တင် မနက်တိုင်း ပူပန်ကြောင့်ကြနေရသည် မဟုတ်ပါလား။
" အန်တီဘေဘီရယ်.....မသိတာလဲ မဟုတ်ဘူး။ ကိုက သူ့ညီမကို ဘယ်လောက် ချစ်လိုက်သလဲ။ "
" အဲ့ဒါ ညည်းအသုံးမကျတာလေ။ ကိုယ့်လင်ပဲ။ စည်းရုံးချော့မော့ပြောပေါ့။ အရမ်းကြီးလဲ မသိသာစေနဲ့။ ကျောက်ဆောင်တောင် တိုက်စားပါများရင် နဲ့ပါတယ်အေ။ "
နွယ် သက်ပြင်းလေးသာ ချမိပါသည်။ အန်တီဘေဘီ ပြောတော့လဲ ဟုတ်သလိုပင်။ ထမင်းစားလို့ ဟင်းခပ်ထည့်ပေးတောင် ပထမဆုံး သူ့ညီမပဲ ခပ်ထည့်ပေးတတ်သည်။ ပြန်လာရင်လဲ သူ့ညီမအတွက် ဝယ်လာလိုက်တဲ့ အသီးအနှံ၊အားဆေး၊ဗိုက်ဖုံးအင်္ကျီ။ နွယ့်ကိုတောင် အဲ့လောက် ဂရုမစိုက်တာ တွေးမိတော့ အူကတိုချင်သည်။
" မိနွယ်.....ညည်းယောက်မကို သူ့လင်နဲ့ ပြန်ပေါင်းဖို့ မသိမသာ နားချဦး။ ကြားလား.....ဒါမှ သူ့လင်အိမ်ရောက်သွားမှာ။ အလကား ဝန်ပိုတယ်။ "
နွယ် ခေါင်းလေးသာ ညိတ်ပြလိုက်သည်။ မကောင်းတာမှ မဟုတ်ပဲလေ။ လင်မယားချင်း အဆင်ပြေတော့ ကလေးအတွက်လဲ ကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် နားချကြည့်ရမည်။ အဆင်ပြေတော့လဲ အမြတ်ပေါ့လေ။
@@@@@@@@@@@@@
အခန်းထဲဝင်လိုက်သည်နှင့် အိပ်ယာထက်ခြေဆင်းထိုင်ကာ စာအုပ်ဖတ်နေသည့် ကို့ကို မြင်လိုက်ရသဖြင့် သဘောကျစွာ ပြုံးလိုက်မိသည်။ ကော်ဖီခွက်ကို အနားရှိ စားပွဲခုံပေါ်ချပေးရင်းမှ....
" ကို.....ကော်ဖီလေး ယူလာတယ်။ "
" ကျေးဇူးပါဗျာ။ "
စွယ်တော် ဖတ်လက်စ စာအုပ်ကို အသာချလိုက်ရင်းမှ အိပ်ယာထက်မှဆင်းကာ ကော်ဖီခွက်ကို လှမ်းယူလိုက်သည်။
" နွယ်....."
" ဟင်...."
" ကို မနက်ဖန် မန္တလေးသွားစရာ ရှိတယ်။ သုံးရက်လောက်တော့ ကြာမယ်။ အဝတ်အစားထည့်ပေးပါဦး။ "
" နွယ် ပြင်ထားပေးမယ်နော်။ ဒါနဲ့ ပန်းလေးကိုရော ပြောပြီးပြီလား။ "
" ပြောပြီးတာ ကြာပြီ။ အရင်ရက်တွေထဲကပဲ။ ဆိုင်အသစ်ဖွင့်မှာလေ။ "
နွယ့်စိတ်ထဲ အနည်းငယ် အလိုမကျ ဖြစ်သွားရသည်။ သူ့ညီမကျ အရင်ပေးသိထားပြီး ပန်းလေးကလဲ ပြန်ပြောပြဖော်တောင် မရပေ။
" ဟိုလေ....ကို့ ပန်းလေးကို ဒီအတိုင်း ထားတော့မှာလားဟင်။ သူ့အမျိုးသားနဲ့ ပြန်မပေါင်းခိုင်းတော့ဘူးလား။ "
နွယ့်စကားအဆုံး တွန့်ကျုံ့သွားသည့် မျက်ခုံးတွေကြောင့် အလိုမကျမှန်း ရိပ်မိလိုက်ကာ အမြန်လှီးလွှဲပြောလိုက်ရသည်။
" ကလေးအတွက် တွေးမိလို့ပါ။ မိစုံဖစုံရှိပါလျက်နဲ့ တကွဲတပြားနေနေရမှာ စိုးလို့။ "
ထိုအခါမှ နွယ့်ကို တစ်ချက်ငေးကြည့်လာရင်း ဟင်းခနဲ သက်ပြင်းချ၏။
" ဒါက ညီမလေး သဘောပါပဲ။ ညီမလေးကမှ ပြန်မပေါင်းချင်တာ။ လင်ယောကျာ်း မရှိပေမယ့် ဘာဖြစ်လဲ။ ကိုယ့်ညီမကို ကိုယ်ပြည့်ပြည့်စုံစုံထားနိုင်တယ်။ ကို ရှာသမျှက ညီမလေးနဲ့ နွယ့်အတွက်ပဲလေ။ မဟုတ်ဘူးလား။ "
နွယ် အေးအေးလေးသာ ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ ပန်းလေးကိုလဲ ဂရုစိုက်ရန် တဖွဖွ မှာသေးသည်။
" ညီမလေးကို ဂရုစိုက်ပါ နွယ်ရယ် နော်။ ညီမလေးက ကိုယ့်အတွက် ညီမတင် မဟုတ်ဘူး။ အားအင်ဆိုလဲ မှန်တယ်။ ဒီအခြေအနေအထိ ရောက်အောင်လေ တွန်းအားကို သူပဲပေးခဲ့တာ။ သူ့အတွက် ကိုယ်ကပဲ အဖေ၊ကိုယ်ကပဲ အမေဖြစ်ခဲ့တာ။ "
" နွယ် ဂရုစိုက်ပါ့မယ် ကိုရယ်။ စိတ်မပူပါနဲ့ ။ "
မနက်ခင်းစောစော မန္တလေးကို သွားပေမယ့် ပန်းက အစောကြီးထကာ အစ်ကိုဖြစ်သူ မနက်စာစားသွားရန် လေးနာရီအမှီ ပြင်ဆင်ပေးထားသည်။ သွားခါနီး ထိုင်ပြီးလဲ ရှိခိုးသေးတာမို့ အန်တီဘေဘီဆို တရေးနိုး ထလာရင်း နွယ့်ကို မျက်စပင့်ပြသွား၏။
နွယ် တွေးမိပါသည်။ သူတို့ မောင်နှမကြား နွယ် ဝင်ရန် နေရာရော ရှိပါရဲ့သလား။ နွယ့်ကိုရော နေရာပေးလိုစိတ် ရှိကြပါသလား။
@@@@@@@@@@@@@@@@@@@@@@
To be continued P - 23
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ