
လက်ဖက်ရည်ဆိုင်ထဲဝင်လာတဲ့ ပုတုနှင့်စည်သူ တို့ကို ကြည့်ပြီး အောင်မိုး ပျော်သွားသည်။
“မင်းတို့ကလည်းကွာ .. အခုမှ ပေါ်လာတော့တယ်”
“အေးဟ .. လုပ်စရာတွေများနေလို့ ..”
“မင်းတို့ သတင်းတွေကြားပါတယ်။ ဒါနဲ့ မင်းတို့လက်ဖက်ရည်ရော သောက်တတ်သေးရဲ့လား”
“သောက်တတ်ပါတယ်ဟ .. ငါ့ကို ကျဆိမ့်ပေး”
စည်သူကပါ …
“ငါ့ကိုလည်း ကျဆိမ့်ပဲ”
အောင်မိုးက ပုတုတို့ဝိုင်းမှာ ဝင်ထိုင်ပြီး ..
“ဟေ့ကောင်ရေ .. ငါတို့ အခုလို လက်ဖက်ရည်ဆိုင်မထိုင်ရတာဘယ်လောက်ကြာပြီလဲ”
“တော်တော်ကြာပြီကွ …. ဒါနဲ့ ရောင်းကောင်းလား”
“အေး .. မဆိုးပါဘူး”
လက်ဖက်ရည်ဆိုင်မှာ ပုတုနှင့် စည်သူတို့က ရှယ်ယာပါထားတယ်ဆိုပေမဲ့ သူတို့က လုံးဝဝင်မစွက်ဖက်။ အချိန်တန်လို့ အမြတ်ငွေခွဲရင်တောင် အောင်မိုးက ပုတုတို့အိမ်နဲ့ စည်သူတို့အိမ်ကို သွားသွားပို့ပေးလေ့ရှိသည်။
ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ရှေးဟောင်းနှောင်းဖြစ်တွေ၊ ဘောလုံးပွဲအကြောင်းတွေပြောရင်း အချိန်ကုန်နေကြ၏။ ညနေစောင်းတော့မှ ပုတု တို့ပြန်သွားကြသည်။
ပုတုက အိမ်ထဲကို ဝင်လိုက်တော့ .. ဧည့်သည်တွေရောက်နေပြန်သည်။ ဒါပေမဲ့ ဒီတစ်ခါဧည့်သည်တွေကတော့ ရွာကအမျိုးတွေဖြစ်သည်။
“ဟာ .. ငါ့တူ ပုတု .. ရုပ်ရှင်မင်းသားကြီးကျနေတာပဲ ချောလို့ခန့်လို့ပါလားကွ”
“ဦးလေးတို့ ဘယ်တုန်းက ရောက်တာလဲ”
“ဒီနေ့လယ်ကပဲ ရောက်တာ”
ဒီနေ့တနေကုန် ပုတုတယောက် မိတ်ဟောင်းဆွေဟောင်းတွေနှင့်သာ တွေ့ဖြစ်နေသည်။
“ဒါနဲ့ .. ဦးလေးက ဘာလာလုပ်တာတုန်း”
“ငါက .. ဆိုလာတွေလာဝယ်တာ။ ပြီးတော့ … ရွာက လူကြုံထည့်ပေးလိုက်တဲ့ ပိုက်ဆံကိုလည်း တနေရာကို သွားပေးရဦးမယ်”
“ဟုတ်လား .. ဘယ်နေရာလဲ”
အဲဒီအချိန်မှာပဲ ပုတုအမေက ..
“အားရင်… မင်းဦးလေးကို လိုက်ပို့ပေးလိုက်ပါကွယ်။ မင်းဦးလေးလည်း မြို့ပေါ်မရောက်တာဘယ်လောက်ကြာပြီလဲ။ လိပ်စာရှာရင်း ယောင်လည်လည်ဖြစ်နေဦးမယ်”
“ဟုတ် .. အမေ .. မနက်ဖြန်မနက်လိုက်ပို့လိုက်မယ်။ ဒီညတော့ သား သွားစရာလေးရှိလို့”
ပုတုက ရေချိုးပြီး .. ည ရောက်တော့ ဘားကို ပြန်ထွက်လာခဲ့သည်။ ဘားမှာ စည်သူက အလုပ်ရှုပ်နေသည်။ ပုတုက .. အဝင်ဝမှာ ဖုန်းထုတ်ပြီး ဆက်မလို့ဟန်ပြင်နေချိန်မှာ ..
“အို … “
“ခလွမ်း .. “
ပုတုလက်ထဲက ဖုန်း လွတ်ကျသွားသည်။ ကောင်မလေးတစ်ယောက် ဒေါက်ဖိနပ်ခေါက်ပြီး ပုတုကို ဝင်တိုက်မိခြင်းဖြစ်သည်။
“ဆောရီးပါနော် . .. ဆောရီးပါ .. ကျွန်မ ခြေထောက်ခေါက်သွားလို့ပါ”
ပုတုက ဘာမှပြန်မပြော။ ဖုန်းကို ပြန်ကောက်လိုက်ပြီး ဖုန်းထပ်ဆက်ဖို့ပဲ ကြိုးစားနေသည်။ ကောင်မလေးတောင်းပန်တာကို လုံးဝဂရုမစိုက်ဘဲ ဖုန်းပြောရင်း ထွက်သွားသည်။ ကောင်မလေးမှာ လူအများကလည်းဝိုင်းကြည့်၊ သူတောင်းပန်တာကိုပုတုက အဖက်မလုပ်ဘဲထွက်သွားသောကြောင့် ရှက်ရွံ့ပြီး မျက်နှာတစ်ခုလုံး နီမြန်းလာသည်။
“သက်မွန် .. “
သူငယ်ချင်းဖြစ်သူ နေဇော်က ခေါ်လိုက်တော့မှ … သူလည်း သတိပြန်ဝင်လာပြီး …
“အေး .. ငါ ချော်လဲသွားလို့”
“ဟုတ်လား .. ဘာဖြစ်သွားသေးလဲ”
နေဇော်က စိုးရိမ်တကြီးပြာပြာသလဲ မေးတော့ .. သက်မွန် က ဖုန်းပြောနေတဲ့ ပုတုရဲ့ ကျောပြင်ကိုလှမ်းကြည့်ပြီး ..
“ဘာမှမဖြစ်ပါဘူး.. “
“လာ .. လာ .. အထဲမှာ လူစုံနေပြီ”
နေဇော်က သက်မွန်ရဲ့ လက်ကိုဆွဲပြီး ဘားထဲကို ခေါ်သွားတော့သည်။ သက်မွန်စိတ်ထဲမှာတော့ တနုံ့နုံ့ခံရခက်နေသည်။ အဲဒါကတော့ သူ့ရဲ့ တောင်းပန်မှုကို လူတယောက်က အဖက်မလုပ်သွားသောကြောင့်ပင်။ ဒါပေမဲ့ သူဝင်တိုက်ခဲ့မိတဲ့သူက ဘယ်သူမှန်းကိုတော့ သက်မွန်တယောက်မသိခဲ့ပါ။
နောက်တနေ့မနက်မှာ ဦးလေးဖြစ်သူကို သူသွားချင်တဲ့ လိပ်စာကို လိုက်ပို့ရသည်။
“လိပ်စာအရဆိုရင်တော့ ဒီအိမ်ပဲ ဦးလေး”
“အေး .. အေး .. “
ခြံဝကနေ အထဲကို လှမ်းကြည့်လိုက်တော့ .. ခွေးနှစ်ကောင်ကို တွေ့ရသည်။ ဦးလေးဖြစ်သူက ကားပေါ်ပြန်တက်လာပြီး ..
“ခြံထဲမှာ ခွေးနှစ်ကောင်ရှိတယ်ကွ”
ဦးလေးဖြစ်သူက ခွေးကြောက်တတ်သည်။ ပုတုက.. အိမ်ထဲကို လှမ်းကြည့်တော့ .. ကောင်မလေးတစ်ယောက် ထွက်လာတာကို တွေ့လိုက်၏။
“ဒီမှာ .. ဒီမှာ .. “
ကောင်မလေးက ပုတုဘက်ကို လျှောက်လာသည်။ ပုတုက .
“ဦးလေး .. ဟိုမှာ ထွက်လာပြီ”
“မင်းလိုက်ခဲ့လေ .. ငါ ခွေးကြောက်တယ်ဟ”
ပုတုလည်း ကားပေါ်က ဆင်းကာ .. လိုက်သွားတော့ ..
“ရှင် .. ရှင် .. “
ကောင်မလေးက ပုတုကို လက်ညှိုးထိုးပြီး .. ပြောတော့ .. ပုတု က နားမလည်တဲ့ မျက်နှာပေးဖြင့် .မေးဆတ်ပြသည်။
“မနေ့က ရှင့်ကို ကျွန်မ ဝင်တိုက်မိတာလေ”
“အော် .. “
ပုတုဦးလေးက ..
“ဒါနဲ့ .. အေးမော်ရှိလား .. “
“အော် .. မေမေ့ ဧည့်သည်လား.. ရှိတယ်.. လာ.. လာ.. “
ကောင်မလေးက အိမ်ထဲကို ခေါ်တော့ ဦးလေးဖြစ်သူက ..
“တူမကြီး ခွေးတွေကို ထိန်းပေးပါဦး”
“မကြောက်ပါနဲ့ ဦးလေးရဲ့ သူတို့က မကိုက်ပါဘူး”
အဲဒီစကားကြားတော့ ပုတု ဘဝင်မကျဖြစ်သွားသည်။ ခွေးကြောက်တတ်တဲ့သူက ကိုက်ကိုက်မကိုက်ကိုက် ကြောက်ကိုကြောက်တာပင်။ အိမ်ရှင်အနေနဲ့ ခွေးကို ကြိုးချည်တာဖြစ်ဖြစ်၊ လှောင်အိမ်ထဲထည့်တာဖြစ်ဖြစ် လုပ်ကိုလုပ်သင့်သည်။ အဲဒါကြောင့် ပုတုက ..
“သူတို့ ကိုက်ကိုက်မကိုက်ကိုက် ကြိုးချည်တာဖြစ်ဖြစ်၊ လှောင်အိမ်ထဲထည့်တာဖြစ်ဖြစ် လုပ်ပေးလိုက်ပါ။ ကျနော့် ဦးလေးက ကြောက်တတ်လို့ပါ”
ကောင်မလေးက ပုတုကို မျက်စောင်းတချက်ထိုးလိုက်သည်။ ပြီးတော့ ဘာမှမပြောဘဲ .. ခွေးနှစ်ကောင်ကို လှောင်အိမ်ထဲသွားထည့်လိုက်သည်။ ပြီးတော့ ပုတုကို ရွဲ့သလိုစောင်းသလိုနှင့် ..
“ရပြီလား .. “
ပုတုက လက်မထောင်ပြလိုက်သည်။ သူတို့ အိမ်ထဲရောက်တော့ ..
“ဟယ် .. ကိုစံကြီးတို့များ .. မလာတာဘယ်လောက်ကြာပြီလဲ”
“အေးမော် .. နင်ကရော ရွာကို ပြန်မလာတာဘယ်လောက်ကြာပြီလဲ”
“ကျွန်မ မကြာမကြာ ဖုန်းဆက်ပါတယ်”
“ကဲ .. ရော့ .. “
ဦးလေးဖြစ်သူက ပိုက်ဆံထုပ်သုံးထုပ်ကို ကမ်းပေးလိုက်သည်။ အေးမော်ဆိုသူက ပိုက်ဆံထုပ်ကိုလှမ်းယူလိုက်ပြီး ..
“ဒါနဲ့ သူက ဘယ်သူတုန်း”
“ဒါက ကျနော့်တူလေ”
“ကိုဝင်း သား လား”
“သိပ်ဟုတ်တာပေါ့”
“ကိုဝင်း သားက လူချောပဲ .. သမီးရေ .. “
သက်မွန် က ဧည့်ခန်းထဲပြန်ထွက်လာသည်။ အမေဖြစ်သူက..
“သမီး သူ့ကို မှတ်မိလား .. “
“ဘယ်သူလဲ .. မေမေ”
“ငယ်ငယ်တုန်းက ရွာအလှူသွားတုန်းက .. သမီး သူ့ရဲ့ အရုပ်ကို လုပြီး ထွက်ပြေးတာလေ”
အဲဒီတော့မှ သက်မွန် မှတ်မိသည်။ ပုတုကလည်း ..
“အော် .. သူက .. အဲဒီကောင်မလေးလား”
ဒီလိုနှင့် ပုတုဦးလေးနှင့် အေးမော်တို့က ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း .. ပုတုနှင့် သက်မွန်တို့ကလည်း ပြန်ပြီး ရင်းနှီးသွားကြသည်။
သက်မွန်က ..
“မနေ့က .. ညီမ တောင်းပန်တာကို ဘာလို့ အဖက်မလုပ်သွားတာလဲ”
“အစ်ကို .. ဖုန်းဆက်ဖို့ အာရုံများနေလို့ .. တောင်းပန်တယ်ဆိုတာတောင် မသိလိုက်ဘူး”
စကားစမြည်ပြောပြီးနောက် ပုတုတို့တူဝရီးနှစ်ယောက် အိမ်ပြန်လာခဲ့ကြသည်။ ပြီးတော့ ပုတုက သူလုပ်စရာရှိတာတွေ လုပ်ဖို့အတွက် ပြန်ထွက်သွား၏။
ဘားကိုရောက်တော့ .. စည်သူက …
“မင်းကို အခုပဲ ဖုန်းဆက်တော့မလို့”
“ဘာလို့လဲ”
“ဆိပ်ကမ်းမှာ လူတစ်ယောက်အသတ်ခံထားရလို့”
“အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ”
“အသတ်ခံရတဲ့သူက .. မင်းနဲ့ငါကို ဗျင်းသွားခဲ့တဲ့ စိုးကြီးတပည့်တွေထဲက တယောက်”
“အဲဒီတော့ .. “
“ဟ .. ငါ့ဆီကို ခုနက ဖုန်းဝင်လာတယ်။ အလီဘိုင်ကောင်းကောင်းပြဖို့ ပြင်ထားတဲ့။ ရဲတွေက မင်းနဲ့ငါနဲ့ကို အရင်လာစစ်မှာ”
ပုတုလည်း စိတ်ရှုပ်ထွေးသွားတဲ့အမူအရာဖြင့် ..
“ပြီးရောကွာ ..ပြီးရော”
ပုတုရော၊ စည်သူပါ အလီဘိုင်ကောင်းကောင်းပြနိုင်သောကြောင့် ရဲစခန်းမှာ အမေးမြန်းခံရပြီးနောက် ပြန်လာခဲ့ကြသည်။ လမ်းမှာ ပုတုက ..
“ငါတို့ .. လှုပ်ရှားရမယ့်အချိန်ရောက်တော့မယ်နော်”
“အေးပါ .. ဒါနဲ့ ကိုလှဦးနဲ့ ဘယ်တော့တွေ့မှာလဲ”
“သဘက်ခါည ..”
“အေး .. အေး ..”
ပုတု တစ်ယောက်တည်း အတွေးနယ်ချဲ့နေမိသည်။ လက်ရှိမှာ ဘားရော၊ လောင်းကစားရုံရောက ဝင်ငွေတော်တော်ရနေသည်။ သူတို့နောက်ထပ်လုပ်ရမှာက မှောင်ခိုဆေးခြောက်တွေဖြန့်ဖို့ပင်။ ဆိုရရင် ဒီအတွက်လူလိုသည်။ လိုအပ်ရင် ထောင်ထဲအထိဝင်ပေးနိုင်တဲ့လူမျိုး လိုအပ်သည်။ အဲဒီကိစ္စအတွက် လှဦးနှင့်တိုင်ပင်ဖို့ ချိန်းထားခြင်းဖြစ်သည်။
“မင်းလူရှာလို့ရပြီလား”
“မရသေးဘူးဆိုတာထက် ရှာဖို့ကိုမလွယ်သေးတာ”
“ငါ့မှာ တယောက်တော့ရှိတယ်။ လောလောဆယ် သူက ထောင်ထဲမှာ”
“လွတ်ဖို့က ကြာဦးမှာလား”
“သိပ်တော့မလိုတော့ဘူး။ မင်းစိတ်ဝင်စားရင် သူနဲ့ချိတ်ပေးမယ်”
“ဟုတ်ပြီ … ကျနော် တွေ့ကြည့်လိုက်မယ်လေ”
“ဒါဆို .. သူလွတ်လာရင် မင်းဆီဆက်သွယ်ခိုင်းလိုက်မယ်”
“အိုခေ ..”
ပုတု တယောက် လှဦးနှင့် တွေ့ပြီးတဲ့နောက်မှာ အစီအစဉ်အချို့ထပ်ဆွဲရသည်။ စည်သူက ..
“မင်းက … ပစ္စည်းတွေကို ဘားမှာ သိုလှောင်ချင်တာလား”
“ငါလည်း အဲဒီနေရာ စိတ်အချရဆုံးလို့ထင်တာ”
“ရတော့ရပါတယ်။ အရက်တွေထားတဲ့ စတိုခန်းရှိတာပဲ။ အဲဒီသော့က ငါပဲကိုင်တာ။ တခုပဲ .. အဝင်အထွက်တွေကို ပိရိဖို့တော့လိုမယ်”
“အေး .. အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကိုလှဦး ချိတ်ပေးမယ့်တယောက်ကို စောင့်နေတာ”
“ဒါနဲ့ ..ပစ္စည်းတွေက ဘယ်တော့ရောက်မှာလဲ”
“နောက်အပတ် .. “
“ကိုလှဦး ချိတ်ပေးတဲ့သူကရော”
“သူလည်း နောက်အပတ်လောက်ဖြစ်မယ်ထင်တယ်”
အဲဒီအချိန်မှာ ဝိတ်တာကောင်လေးက ရောက်လာပြီး ..
“ကိုစည်သူ ပြဿနာတက်နေလို့”
“ဟေ .. “
စည်သူ ထွက်သွားတော့ ပုတုလည်း နောက်ကနေလိုက်သွားကြည့်သည်။ ပြဿနာကတော့ လူငယ်တွေ မူးပြီး ရန်ဖြစ်ကြတဲ့ ပြဿနာဖြစ်ဖို့များသည်။ ဒါပေမဲ့ ပုတုလှမ်းကြည့်လိုက်တော့ … ကောင်မလေးတစ်ယောက်ကို တွေ့၏။ ဖြစ်နေတာက ကောင်မလေးတွေက ဝိုင်းဆွဲနေကြပုံရပြီး လူငယ်နှစ်ဖွဲ့က ရန်စောင်နေကြသည်။ လူငယ်အဖွဲ့လို့သာဆိုပေမဲ့ ပုတုတို့နှင့် ၃နှစ်လောက်သာ ကွာမည်။ စည်သူကတော့ ကြမ်းသည်။
“ဘယ်ကောင် ဂြိုလ်ကြွနေတာလဲ”
စည်သူရောက်လာတော့ အားလုံးငြိမ်သွားကြသည်။ စည်သူ့အကြောင်းကို အတော်အတန်သင့်သိထားသောကြောင့် ဘယ်သူမှတော့ ထပ်ပြီး ရန်မစောင်ကြတော့။ ဒါပေမဲ့ .. ကောင်မလေးတစ်ယောက်ကတော့ ..
“ရှင်က ဒီဘားပိုင်ရှင်လား”
စည်သူက .. မျက်မှောင်ကျုံ့ပြီး ..
“ဟုတ်တယ် .. “
“အဲဒါဆိုလည်း .. ဘားမှာ လာတဲ့လူတွေကို နည်းနည်းပါးပါးစစ်ဆေးဦး။ ဘားက တဖြည်းဖြည်းနဲ့ လမ်းဘေးဆိုင်လို စရိုက်တွေများနေပြီ”
စည်သူတင်းကနဲဖြစ်သွားသည်။ ဒါပေမဲ့ ဒေါသကို လျှော့လိုက်ပြီး ..
“ကဲ .. မိန်းကလေး .. မင်းကိုယ်တိုင်က စရိုက်မကျဖို့ပဲ လိုတယ်။ ကိုယ့်လူတွေကိုယ်ထိန်းလိုက်တော့”
ပြဿနာက အဲဒီလောက်နှင့်ပြီးသွားသည်။ ပုတုက စည်သူ့ ပခုံးကို ပုတ်လိုက်ပြီး ..
“လာကွာ .. ငါတို့ သောက်ကြရအောင်”
စည်သူက ..
“အဲဒီကောင်မလေးက စွာလိုက်တာ။ ငါ့တောင် ပြန်ဖြဲနေတာဟ”
“ငါနဲ့ သိတယ်”
“ဟမ် .. မင်းနဲ့ ဘယ်လိုသိတာတုန်း”
“သူ့နာမည်က သက်မွန် တဲ့ .. “
ပုတုက သူတို့ ဆုံတွေ့ခဲ့ပုံကို ပြောပြလိုက်သည်။ ပြီးနောက် ..
“ကိုယ့်ဆိုင်ရဲ့ဖောက်သည်လည်းဖြစ်၊ ငါနဲ့ တနယ်တည်းသားလည်းဖြစ်လို့ ..မင်း သည်းခံလိုက်ပါကွာ”
“အေးပါကွာ … “
အဲဒီညက ပုတုအတွေးထဲမှာ သက်မွန်က စိုးမိုးနေတော့သည်။ ငယ်ငယ်တုန်းက သူ့အရုပ်ကို လုခဲ့တဲ့ စွာတေးလန်လေးက အခုထိ စွာတေးလန်လေးဖြစ်နေတုန်းကို သဘောကျပြီး တယောက်တည်းပြုံးနေမိတော့သည်။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg