First Date – Coffee Date
lotaya.mpt.com.mm
|
2023-11-28

ဒီနေ့ဟာ ကော်ဖီဒိတ်ဖို့အတွက်ကောင်းတဲ့ နေ့လေးပဲ။

များသောအားဖြင့် သူက Live တီးပြတဲ့ ဂီတတွေထက် ဓာတ်ပြားတွေကိုပဲ နားထောင်ရတာ ပိုကြိုက်တယ်။ ဝင်ဝင်လာချင်းတုန်းကတော့ Piano အိုကြီး တစ်လုံးကို တွေ့တွေ့ချင်းပဲ ဒီလို စဉ်းစားလိုက်မိသေးတယ်။ Pianist ပေါက်စလေးတစ်ယောက်ကတော့ လက်စွမ်းပြတော့မယ်လို့။ ဒီမှာက များသောအားဖြင့် ကျောင်းတက်နေရင်း ဂီတကိုလည်း လိုက်စားတဲ့ Musician အလောင်းအလျာလေးတွေဟာ café တွေ၊ church တွေမှာ Part-time သဘောနဲ့ တီးခတ်နေကျ။ ဒါကြောင့် စန္ဒယားအိုကြီးကို တွေ့တွေ့ချင်းမှာ Piano Sonata တွေကို နားထောင်ရတော့မှာပဲ ဆိုပြီး တွေးရင်း သက်ပြင်းချလိုက်မိသေးတယ်။ ဒီလိုဆိုရင်တော့ Moonlight Sonata ကို တောင်းဆိုလိုက်ဉီးမှပဲ လို့ သူတွေးလိုက်မိပါသေးတယ်။

တီးဝိုင်းရှိနေတဲ့ အနေအထားအရ ဒီ Café မှာ Jazz Music လည်း ရှင်သန်နေမှာပဲ။ Piano ရယ်၊ Saxophone ရယ်၊ Trumpet ရယ်၊ Drum ရယ်၊ ဖုန်တက်နေတဲ့ Cello ဘေးနားက Double Bass ရယ်၊ မလိုက်ဖက်တဲ့ Banjo အိုကြီးတစ်လုံးရယ်၊ ပြည့်စုံပြီး။ ခြွင်းချက်မရှိ ဒီ Café ဟာ Jazz Music ကိန်းဝပ်ရာ လန်ဒန် ရဲ့ အရပ်ဒေသတစ်ခုပဲ ဖြစ်ရမယ်။ ဒါပေမယ့် တစ်အောက်အကြာမှာပဲ ရွှေဖြူရောင် မုတ်ဆိတ်တွေနဲ့ ၁၉၄၀ လက်ကျန် Waistcoat ကို ဝတ်ထားတဲ့ အဘိုးအိုကြီးတစ်ယောက်ဟာ ဓာတ်ပြားကြီးတစ်ချပ်ကို တုန်တုန်ယင်ယင်နဲ့ သွားဖွင့်တဲ့နောက် ဖုန်တွေ အလိပ်လိပ်တက်နေတဲ့ Gramophone အိုဟောင်းကြီးကနေ တဆင့် Gone With The Wind ရဲ့ တေးသွားနဲ့ Lyric တွေကို ဆိုညည်းလာတော့တာပါပဲ။

ဒါကြောင့်ပဲ Edward ဟာ မဆိုးဘူး လို့ မှတ်ချက်ပြုလိုက်မိပါတယ်။ သူက ဓာတ်ပြားတွေ နားထောင်ရတာ ပိုကြိုက်ပြီး အားလပ်ရက်များ ဆိုရင်တော့ လန်ဒန် ရဲ့ အိုဟောင်းနေတဲ့ လမ်းတွေထဲက ရှေ့ဟောင်းဆိုင်တွေမှာ LP တွေကို လိုက်ဝယ်နေကျပါပဲ။ များသောအားဖြင့် သူသွားတတ်တာဟာ နာမည်ကျော် Protobello Road …။

Edward ဟာ ခွက်အနားသားမှာ ရွှေရောင် Nemophila ပန်းတွေ ကနုတ်ခတ်ထားတဲ့ ကော်ဖီခွက်ကို ကောက်ယူလို့ တတိယမြောက်တစ်ငုံကို သောက်လိုက်ပါတယ်။ သူဒီနေ့ အချိန်တွေ အများကြီး ပိုနေတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ကို အေးဆေးစောင့်နိုင်ပါတယ်။ ကြွက်တွေကိုပဲ အဖော်ပြုစရာရှိတဲ့ သူ့ရဲ့ တိုက်ခန်းအိုမှာ ရှိနေရင်လည်း ဒီလိုပဲ ကော်ဖီသောက်ရင်း ဓာတ်ပြားသီချင်းကိုပဲ နားဆင်ရင်း တိမ်တွေကို ငေးချင်တိုင်းငေးနေတတ်တာပဲ။ မဟုတ်လည်း စာအုပ်ဖတ်ကောင်းဖတ်မယ်။ ဒီမှာထိုင်နေရင်တော့ မော်ဒယ်မျိုးစုံဖြစ်တဲ့ ကားတွေနဲ့ ပျားပန်းခတ်သွားလာနေတဲ့ လူတွေကို မြင်တွေ့နိုင်ပါသေးတယ်။ မြန်မာပြည်မှာ ရှိနေခဲ့တဲ့ ဘဝတုန််းကနဲ့ ယှဉ်ရင်‌တော့ ဒါဟာ အတော်လေး အဆင်ပြေတဲ့ သုခချမ်းသာလို့ ပြောလို့ရနိုင်ပါတယ်။ အနည်းဆုံးတော့ အခုလို ဓာတ်ပြားသီချင်းကို ကော်ဖီသောက်ရင်း ထိုင်နားထောင်နိုင်တာပဲ။

Gone with the wind

Gone like a leaf that has blown away

ရုတ်တရက် အဝင်မှန်တံခါးလေးရဲ့ ခေါင်းလောင်းလေးက လှုပ်ခတ်သွားတယ်။ သိမှတ်မဲ့စွာပဲ ကျောရိုးကို မတ်လို့ သူလှမ်းကြည့်လိုက်တော့ ဘလောက်အင်္ကျီဖြူပေါ်မှာ Long Coat အညိုကို ထပ်ဝတ်ထားတဲ့ ရွှေအိုရောင် လှိုင်းတွန့် ဆံပင်လေးတွေနဲ့ အမျိုးသမီးတစ်ယောက်ဟာ အထဲကို ဝင်လာပါတယ်။ ရင်ဘတ်မှာတော့ Smeraldo Flower ရင်ထိုးလေးကို ချိတ်တွယ်ထားလို့။

တစ်ချိန်တည်းမှာပဲ ဓာတ်ပြားက သီချင်းသံက တေးသွားညိမ့်ညိမ့်နဲ့အတူ ပြန့်လွင့်တယ်။

Yesterday’s kisses are still on my lips

I’ve had a lifetime of heaven are my fingertips

အမျိုးသမီးရဲ့ အသားဟာ ဖြူပေမယ့် ဘယ်လိုကြည့်ကြည့် အာရှသူပါပဲ။ ရေခဲပြာရောင် မျက်လုံးလေးတွေရှိနေပေမယ့်လည်း ဒါဟာသူမရဲ့ အရှေ့တိုင်းဆန်တဲ့ မျက်နှာအချိုးအစားကို ဖုံးကွယ်ထားဖို့ရာမှာ လုံလောက်တဲ့ အားထုတ်နိုင်စွမ်းမရှိဘူး။ ရွှေအိုရောင်ဆံပင်တွေဟာလည်း သဘာဝရဲ့ ဆံနွယ်ခွေတွေ မဖြစ်နိုင်မှန်း သူမှန်းဆမိနိုင်ပါတယ်။ ဂျပန်မဟုတ်ရင် ကိုရီးယားနိုင်ငံသူ ဖြစ်လိမ့်မယ်လို့ Edward ဟာ ဟောကိန်းထုတ်လိုက်ပါတယ်။

အမျိုးသမီးဟာ နို့နှစ်ရောင်လက်ကိုင်အိတ်လေးကို အသာအယာ ယိမ်းလွှဲလို့ နှစ်လက်မအမြင့် ဘွတ်ဖိနပ်ညိုလေးကို စည်းချက်ကျ လှမ်းစေရင်း သူ့ဆီကိုသာ တန့်တန့်မတ်မတ် လျှောက်လာခဲ့ပါတယ်။ အဲ့နောက် ရေခဲပြာမျက်လုံးလေးတွေဟာ သူ့ကိုယ်တစ်လျှောက်မှာ စုန်ဆင်းတယ်။ တစ်ကိုယ်တည်း ပြောဟန်နဲ့ ရေရွတ်လာပါတယ်။

“မာဖလာ အကွပ်စိပ်အညိုပတ်ထားမဲ့ အာရှသား … အင်၊ ဒီတစ်ယောက်ပဲ ရှိတာပဲ။”

ဘာလဲဟ …၊ သူမ က မြန်မာလား။

Edward ဟာ အသာမျက်မှောင်ကြုတ်သွားရပါတယ်။ ကိုယ့်နိုင်ငံသားချင်း တွေ့ရလိမ့်မယ်လို့ သူ,မထင်ထားခဲ့။ ဒါ့အပြင်ကို ဒီအမျိုးသမီးဟာ ဘယ်လိုကြည့်ကြည့် အရှေ့တောင်အာရှသူရုပ် မပေါက်သလို၊ မြန်မာလူမျိုးကတော့ ပိုလို့တောင် မဖြစ်နိုင်တာပါပဲ။

သူမတင်မကျ ဖြစ်သွားဆဲမှာပဲ အမျိုးသမီးဟာ မတ်တပ်ရပ်ရင်းကနေသာ လက်ကို ဆန့်ထုတ်လို့ ပီပီသသ British လေသံနဲ့ နှုတ်ဆက်လာပါတယ်။

“Hello! This is Rachel… Nice to meet you”

မတ်တပ်ရပ်လိုက်စဉ်ခဏမှာပဲ Edward ဟာ အကြပ်ရိုက်သွားတယ်။ သူဟာ မြန်မာလိုပဲ နှုတ်ဆက်လိုက်သင့်သလား၊ English လိုပဲ ပြန်နှုတ်ဆက်လိုက်သင့်သလား ဆိုတာကို ခဲရာခဲဆစ်တွေးနေရတာပါပဲ။ နောက်ဆုံးမှာတော့ စေခိုင်းချက်ကင်းမဲ့စွာဘဲ သူ့နှုတ်က ထွက်သွားတာက

“ Edward ပါ”

“အို … ရှင်က မြန်မာ လူမျိုးပဲလား”

“ဟုတ်”

အမျိုးသမီးရဲ့ မဟော်ဂနီရောင် နှုတ်ခမ်းတွေဟာ လှပစွာနဲ့ တွန့်ချိုးသွားတယ်။

“သူတို့ မြန်မာလူမျိုးချင်း တွဲပေးလိုက်လိမ့်မယ်လို့ မထင်ထားဘူး”

လို့… ဆိုရင်း နေရာမှာထိုင်ပါတယ်။

“ကျွန်တော်လည်း မသိထားဘူး” လို့ သူပြောနေစဉ်မှာပဲ လက်ကောက်ဝတ်နားမှာမှ အဖျားရှူးလို့ပိတ်ဆို့သွားတဲ့ ၁၉၈၀ စတိုင် လက်ဖောင်းဘလောက်အကျီကို ခါးထိရှည်တဲ့ စကတ်နဲ့ တွဲဝတ်ထားတဲ့ အမျိုးသမီးဟာ Menu စာရွက်ကို လာချပေးပြန်ပါတယ်။ ပထမတစ်ခေါက်တုန်းကလိုပဲ သူ့ကိုကြည့်ပြီး မျက်စပစ်သွားပြန်တယ်။

“Cappuccino Please”

ပြန်ထွက်သွားတဲ့အခါကျပြန်တော့လည်း သူ့ကိုကြည့်ရင်းနဲ့ပဲ အောက်နှုတ်ခမ်းကို ခဲသွားခဲ့ပြန်တယ်။

“ရှင်က အနောက်တိုင်းသူတွေ ကြိုက်တဲ့ ရုပ်မျိုးပဲ”

“အာ … ဟုတ်လား။ ကျွန်တော်လည်း မပြောတတ်ဘူး။”

“အနောက်တိုင်းသူ တချို့က ရှင့်လို အသာညိုညို၊ အရပ်ရှည်ရှည်၊ ဆံပင်နက်နက်နဲ့ အာရှသားတွေကို သဘောကျတတ်ကြတယ်လေ။”

အမျိုးသမီးဟာ ကုတ်အင်္ကျီကို ချွတ်ရင်းကနေ ဆိုပါတယ်။ ဒီစကားလမ်းကြောင်းမျိုးကို ဘယ်လို ဆက်ဆွဲဆန့်သင့်သလဲ သူမသိဘူး။ တစ်စုံတစ်ယောက်နဲ့ မတွေ့ဖြစ်တော့တာဟာ အတော်ကြာနေပြီလေ။

“ဟုတ်မှာပေါ့”

လို့ ဂုတ်ပိုးကို လှမ်းပွတ်ရင်း သူတုံဏှေဘာဝေဆိုလိုက်တော့ အမျိုးသမီးဟာ ရယ်ပါတယ်။ သွားတက်ကလေးကို လှစ်ခနဲ သူမြင်လိုက်ရတယ်။

“မှန်မှန်ပြော။ ရှင် တစ်ယောက်ယောက်နဲ့ မဒိတ်ဖူးတာ ဘယ်လောက်ကြာပြီလဲ”

“အာ”

တဲ့တိုးမေးလာတဲ့ စကားကြောင့်ပဲ သူ့မှာ ထပ်မံ တိတ်ဆိတ်သွားရပါတယ်။ ပွင့်ပွင့်လင်းလင်းရှိလွန်းပြီး ပတ်သက်လို့အဆင်ချောမဲ့ အမျိုးသမီးလို့ပဲ သူမှတ်ချက်ပြုလိုက်ရတယ်။

“ထားပါတော့လေ။ ဒါတွေက အရေးကြီးတာမှ မဟုတ်တာ။ အဲ့တော့ ကျွန်မတို့ ပုံမှန် ဒိတ်တွေလိုပဲ ကိုယ့်ကိုယ်ကိုယ် အကြမ်းဖျင်းမိတ်ဆက်လိုက်ကြမလား။”

“ကျွန်တော်တော့ လန်ဒန်ရောက်နေတာ သိပ်မကြာသေးဘူး။ လပိုင်းလောက်ပဲ ရှိပါသေးတယ်။”

“အင်”

“အလုပ်နဲ့လာတာပါပဲ”

“ကျွန်မတော့ ဒီမေးခွန်းကို ကျော်လိုက်လို့ရမလား။ ကျွန်မထင်တာ ဒါက အဲ့လောက် အရေးမကြီးဘူးလေ”

“အာ … ဟုတ်ပြီ။ ဒါဆို မင်းက ဘာအကြောင်းကို မိတ်ဆက်ပေးချင်လဲ”

“အိမ်နဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့နိုင်ငံမှာ ကိုယ့်လူမျိုးအချင်းချင်း တိုက်တိုက်ဆိုင်ဆိုင်ဆုံရတဲ့ အကြောင်းကိုပဲ အရင်ပြောကြရင်ရော”

“ကောင်းသားပဲ”

“ကျွန်မက Agency မှာ ဖောင်တင်လိုက်တုန်းကတော့ အာရှသားဖြစ်ရမယ်လို့ပဲ ဖြည့်လိုက်တာပါ။ ကျွန်မက အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ဂရိ၊ အဂလိပ်လူမျိုး စစ်စစ်တွေနဲ့ နောက် အစ္စရေးရော … နိုင်ငံစုံက လူတော်တော်များများကို ဒိတ်ခဲ့ပြီးတဲ့အတွက်ကြောင့် ဒီတစ်ခါတော့ ကိုယ့်အာရှသားနဲ့ပဲ ပြန်တွေ့ချင်တယ်လို့ တွေးမိတယ်။ ဒါကြောင့် အာရှလို့ ဖောင်ဖြည့်လိုက်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင် သူတို့က မြန်မာနိုင်ငံသားချင်း တွေ့ပေးလိုက်တာပဲ။ မထင်ထားဘူး။”

“ကျွန်တော့်အတွက်က ဒါက အကြာကြီးနေမှ တစ်ယောက်ယောက်နဲ့ ပြန်တွေ့ဖြစ်တာပါ။ ဒါကြောင့် ကိုယ့်အာရှလူမျိုးအချင်းချင်းဖြစ်ရင် ယဉ်ကျေးမှုတွေ ဓလေ့စရိုက်တွေမှာ အခက်အခဲမရှိလောက်ဘူးလို့ ထင်တာကြောင့် အာရှလို့ ဖြည့်ခဲ့လိုက်တာပဲ။”

“ဘာလို့ dating agency ကို သုံးဖို့ တွေးမိတာပဲ။ ပြောချင်တာက ရှင် Party တွေတက်ပြီး တစ်ယောက်ယောက်နဲ့ တွေ့ကြည့်လို့ရတာပဲ”

“မင်းကရော … ဘာလို့ dating agency ကို သုံးရတာလဲ”

မဟော်ဂနီရောင် နှုတ်ခမ်းတွေဟာ ထပ်မံတွန့်ကွေးသွားပြန်ပါတယ်။

“ကျွန်မက နည်းမျိုးစုံသုံးတယ်။ လူမျိုးစုံနဲ့ တွေ့ဖူးပါတယ်။”

သူမဟာ ပေါ့ပေါ့ပါးပါးပဲ ဆက်ပြောလာတယ်။

“သူငယ်ချင်းတွေကတဆင့်လည်း တွေ့ဖူးတယ်၊ Party တွေ Club တွေကနေလည်း တွေ့ဖူးတယ်၊ ဒီလို Agency ကနေလည်း ချိတ်ဖူးပါတယ်။”

“….”

“အဲ့အကြည့်က မဟုတ်မှလွဲရော ပြည်ပမှာ ပျက်စီးနေတဲ့ မြန်မာမိန်းကလေးလို့ တွေးနေတာတော့ မဟုတ်ဘူး မှတ်လား”

သူခေါင်းခါရင်း ပြုံးလိုက်ရာကနေ …

“ကျွန်တော် အဲ့လောက် အမြင်မကျဉ်းပါဘူးလို့သာ” တုန့်ပြန်လိုက်ပါတယ်။

အဲ့ခဏမှာပဲ သူမ မှာထားတဲ့ ကော်ဖီဟာ ရောက်လာတယ်။ လက်ဖောင်းဘလောက်ဝတ် အမျိုးသမီးက သူ့ကို ကြည့်ရင်း ညု့တုတု ပြုံးသွားပြန်တယ်။

သူမကတော့ ကော်ဖီကို Brown Sugar ထည့်လို့ မွှေရင်းကနေ သူ့ကို ထပ်မေးလာပြန်တယ်။

“Edward ရှင် စာအုပ်တွေ ဖတ်ရတာ သဘောကျလား”

“အင်၊ ကျပါတယ်။”

“တော်သေးတာပေါ့။ Agency ကို စာဖတ်ရတာ သဘောကျတဲ့လူနဲ့ တွေ့ပေးဖို့ ပြောထားခဲ့တာ။ ဘာတွေဖတ်လဲ ကျွန်မမေးလို့ ရမလား”

သူ့အဖြေမှာ သူမက ခေါင်းတညိတ်ညိတ်လုပ်တယ်။

“ကဲပြောပါဉီး။ နောက်ထပ်ရော မင်းရဲ့ ဖောင်မှာ ဘာလိုအပ်ချက်တွေများ ဖြည့်လိုက်သေးလဲ”

“အင် …”

သူမက သံရှည်ဆွဲလို့ မှေးထောက်စဉ်းစားရင်းကနေ နှုတ်ခမ်းကို လျှာဖျားနဲ့ အသာသပ်လိုက်ပါတယ်။

“စာအုပ်တွေသဘောကျတဲ့လူ၊ ဖြစ်နိုင်ရင် instrument တစ်ခုခုလည်း တီးတတ်မဲ့လူ၊ ပန်းချီတွေကြည့်ရတာလည်း သဘောကျတဲ့လူ၊ ဒီလောက်ပါပဲ။ အာ … ပြီးတော့ အရပ် ၆ ပေ ကျော်တဲ့လူ။ ရှင်မြင်တဲ့အတိုင်း ကျွန်မ အရပ်က ၅ ပေ ၇ လောက်ရှိတာကြောင့် အရပ် ၆ ပေကျော်တဲ့ ယောကျ်ားမျိုးနဲ့မှပဲ အဆင်ပြေပြေ တွဲလျှောက်နိုင်လိမ့်မယ်လေ။”

သူခေါင်းတဆက်ဆက်ညိတ်ဖြစ်ပါတယ်။ ပြီးတော့ ရိုးသားစွာနဲ့ပဲ ဝန်ခံချက်ပြုလုပ်ဖြစ်တယ်။

“ကျွန်တော် Piano တော့ တီးတတ်ပေမယ့် အရမ်း ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်ဘူး။ ဒါကိုတော့ အရင်ဆုံးပြောချင်ပါတယ်။”

“ရပါတယ်။ ရှင် Piano တီးပြတာကို ကျွန်မလည်း နားထောင်လိုက်နိုင်မှ နားထောင်နိုင်မှာပဲ”

“ဒီလိုဆို မင်းက ကိုယ့်ကို နောက်တစ်ကြိမ်တွေ့ဖို့အတွက် မစဉ်းစားထားဘူးပေါ့”

သူမ ရဲ့ ခပ်လွန့်လွန့် အပြုံးတွေဟာ တိတ်ဆိတ်သွားပါတယ်။ ဓာတ်ပြားဟောင်းက သီချင်းသံဟာ တိုးလျစွာ ပြန့်လွင့်လာတယ်။

Yesterday’s kisses are still on my lips

I’ve had a lifetime of heaven are my fingertips

“Gone With the Wind ဖွင့်ထားတာပဲ”

သူမက ပြောတယ်။ တိမ်းရှောင်သွားတဲ့ စကားစနောက်မှာ သူဟာ အလိုက်သင့်စွာပဲ တွဲခိုလို့ လိုက်ပါသွားပါတယ်။

“အင် … မင်းဝင်လာကတည်းက ဖွင့်ထားတာပဲ”

“ကျွန်မ လာတုန်းကပဲ Blowing in the wind ကို လမ်းမှာ နားထောင်လိုက်ရသေးတယ်။ အဘိုးကြီးတစ်ယောက် Tanbur Guitar တီးရင်း ဆိုနေခဲ့တာ။ တော်တော်တော့ နားထောင်ကောင်းပါတယ်။ ၁၉၆၀ ဝန်းကျင်က သီချင်းတစ်ပုဒ်ကို ၁ ဒေါ်လာလောက် ထည့်ပြီး အဆင်ပြေပြေနားထောင်ခွင့်ရလိမ့်မယ်လို့ ဒီမနက်နိုးတဲ့အချိန်ထိ မစဉ်းစားထားမိသေးဘူး။ ဒါပေမယ့် အခွင့်ရရင်တော့ Kamancheh တီးတာကို နားထောင်ကြည့်ချင်သား။ နောက်တစ်ခါဆို အီရန်ကောင်လေးနဲ့ Date ကြည့်ရမလား။”

“အရင်ဆုံး မင်းကိုယ်နဲ့ မိနစ် ၂၀ ပြည့်အောင်တောင် စကားမပြောရသေးဘူးဆိုတာတော့ သိတယ် မဟုတ်လား”

ကိုယ် လို့ ပြောင်းလဲ သုံးနှုန်းလိုက်ခြင်းဟာ သူမနဲ့ပိုလို့ ရင်းနှီးသွားစေဖို့ ရည်ရွယ်ပါတယ်။ သူမကလည်း ဟက်ဟက်ပက်ပက်ရယ်တယ်။

“Sorry” တဲ့ …။

“ကိုယ်က အဲ့လောက် ပျင်းဖို့ ကောင်းလို့လား”

“ပထမ မိနစ် ၂၀ အတွင်းမှာ လူတစ်ယောက်ကို တစ်ခုခု သတ်မှတ်လိုက်တာက အရမ်းမတရားရာ မကျလွန်းဘူးလား”

“ကောင်းပါပြီ။ ဒါဆို ဒီမိနစ် ၂၀ ပြီးရင် မင်းက ကိုယ့်ကို ပျင်းဖို့ကောင်းတဲ့လူလို့ မထင်အောင် ကိုယ်ကြိုးစားပါ့မယ်”

“ကိုယ်စောနက မေးတာ မင်းမဖြေရသေးဘူးနော် ရေချယ်။ မင်းက ကိုယ်ကို နောက်တစ်ကြိမ်တွေ့ဖို့ စိတ်မကူးထားဘူးလား။”

ဒီတစ်ခေါက်မှာတော့ မဟော်ဂနီရောင် နှုတ်ခမ်းတွေဟာ ပြုံးလာပါတယ်။ ဒါဟာ အပြုံးပီပီသသ မဟုတ်ပါတဲ့ နှုတ်ခမ်းရဲ့ ခပ်လွယ်လွယ် ဘာသာစကားတစ်ခုဆိုတာ သိတဲ့တိုင် သူဆိတ်ငြိမ်စွာနဲ့ပဲ စောင့်ဆိုင်းဖြစ်တယ်။ တဆက်တည်း မဟော်ဂနီရောင် နှုတ်ခမ်းတွေဟာ မျက်နှာဖြူလွှလွှလေးနဲ့ လိုက်ဖက်တာပဲလို့ သူတွေးပါတယ်။

“ရှင် Gone with the wind ကြည့်ဖူးလား”

“ဖတ်ဖူးပါတယ်။”

“ဒါဆို ရှင် Soundtrack တွေ နားမထောင်ဖူးဘူးပေါ့”

“ကိုယ်က ဓာတ်ပြားတွေ နားထောင်ရတာ သဘောကျတယ်လေ။ ကိုယ့်ဆီမှာ Gone with the Wind ရဲ့ LP လည်း ရှိတာပဲ”

“Tracklist ထဲက ရှင် ဘာကို ပိုသဘောကျလဲ”

“Scarlett’s fall Down the Staircase”

“…”

“အင် … ပြီးတော့ Scarlett’s promises”

“Melanie’s death လား”

“ဆိုပါတော့”

“The death of Melanie ကတော့ မဆိုးပါဘူး။”

“Scralett and Rhett’s first meet လည်း ကိုယ် သဘောကျပါတယ်”

“နောက်တော့ရော Chistmas during the war in Atlanya လို့ ပြောမှာလား”

“အင်၊ သေချာပေါက်ပဲ။ ကိုယ် Gone with the wind ရဲ့ Soundtrack တော်တော်များများကို သဘောကျတယ်။ The O’Hara Family, Twelve Oaks, Ashley Returns”

“ကျွန်မတော့ Rehtt Returns ပဲ သိတယ်။ အင်၊ ဒီလိုဆို ပိုလေ့လာဖို့ လိုသေးတာပဲ”

“မင်းရော ဘာကို အကြိုက်ဆုံးလဲ”

“Afternoon Nap”

သူ မျက်ခုံး တစ်ချက်ပင့်သွားပါတယ်။

“ဒါပဲလား။ Tara’s Theme ရော”

“ဘယ်သူကများ အဲ့ဒီ တေးသွားကို မကြိုက်ဘဲ နေနိုင်မှာလဲ။ ဒါပေမယ့် တစ်ခါတစ်လေ ရှိတယ်လေ။ သဘောကျလွန်းလို့ တကူးတက ထုတ်ပြောရမဲ့ သူသူငါငါ စာရင်းထဲတောင် မထည့်ထားတော့တဲ့ Legendary မျိုးပေါ့”

မိနစ် ၂၀ အတွင်းမှာတင် သူဟာ ဒီအမျိုးသမီးနဲ့ တော်တော် အဆင်ပြေပြေ စကားပြောနိုင်တယ်ဆိုတာ သိလိုက်ရပါတယ်။ သူလိုချင်ခဲ့တာလည်း ဒီလို စကားပြောဖော်မျိုးပဲ။ တစ်ယောက်တည်း နေလာတဲ့ ကြာမြင့်တဲ့ ဘဝမှာ တစ်ချိန်ချိန်တော့လည်း နေ့စဉ်ဘဝအတွက် တစ်စုံတစ်ယောက်ကို တောင့်တလာတာမျိုးပါပဲ။ သူဟာ တစ်ယောက်တည်း နေတာကြာလာလို့ ငြီးငွေ့လာတဲ့အအဆုံး တစ်ယောက်ယောက်နဲ့ တွေ့ကြည့်ချင်လာတာမျိုးပဲ။ ဒီလို မိန်းကလေးမျိုးနဲ့ဆိုရင်တော့ အဆင်ပြေနိုင်မယ်လို့ သူထင်တယ်။

ကြားထဲမှာ သူတစ်ခေါက်ထပ်မေးလိုက်သေးတယ်။

“ကိုယ်မေးထားတဲ့ မေးခွန်းတစ်ခုကို မင်းမဖြေရသေးဘူးနော်”

သူမက မဟော်ဂနီရောင် နှုတ်ခမ်းတွေကို ခပ်လွန့်လွန့်ပြုံးရင်း ပြန်ဖြေလာပါတယ်။

“ကျွန်မ လူတစ်ယောက်ကို အကြာကြီး ချည်ထားဖို့အတွက် စိတ်ကူးမရှိဘူး”

အဲ့နောက်တော့ သူတို့ရဲ့ ကော်ဖီဒိတ်ကလေးမှာ အကြောင်းအရာတွေ ဟိုမှဒီ ကူးလူးလို့ ဆက်ပြောခဲ့ကြတာပဲ။ စကားစပြတ်သွားရင်တော့ နံရံအိုဟောင်းကြီးပေါ်က ချိတ်ဆွဲထားတဲ့ ပန်းချီကားချပ်တွေ နဲ့ Poster တွေကို သူမက ငေးကြည့်ချင်ငေးကြည့်တယ်။ မဟုတ်လည်း ညနေခင်း Jazz တီးဝိုင်းအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ပါးသိုင်းမွှေးတွေနဲ့ အင်္ဂလိပ်အမျိုသားတွေကို ဆိတ်ငြိမ်စွာ ကြည့်ရင် ကြည့်ပါတယ်။ Counter မှာ စက်နဲ့ ချတဲ့ ကော်ဖီတွေကိုလည်း ငေးချင်ငေးတာပဲ။ ဒါမှမဟုတ်လည်း Counter ရှေ့က ခုံရှည်တွေမှာ ကော်ဖီထိုင်သောက်နေကြတဲ့ လူတွေဆီလည်း အာရုံရောက်ချင် ရောက်တတ်ပါသေးတယ်။

လန်ဒန်မြို့ရဲ့ အိုဟောင်းတဲ့ အဆောက်အဉီးတစ်ခုထဲက ဒီဟောင်းနွမ်းတဲ့ Vintage ဆန်ဆန် Café လေးထဲမှာ သူမစိတ်ဝင်စားတဲ့ နွမ်းလျလျ အရာတွေဟာ တကယ်များပြားပါတယ်။ Counter အနောက်ဘက်နားက နံရံကပ်စင်ပေါ်မှာ တင်ထားတဲ့ ကော်ဖီစေ့ပုလင်းတွေနဲ့ ဘီစကွက်မုန့်ပုလင်းတွေကိုလည်း သူမက ခပ်တိုးတိုး ရေတွက်လိုက်သေးတယ်။ ဖန်ပုလင်းထဲက ကော်ဖီစေ့တွေကိုတောင် သူမက ရေတွက်ချင်ရေတွက်နေဉီးမှာပါ။

နောက်ဆုံးမှာတော့ မျက်နှာကြတ်ကနေ တွဲလျောင်းကျနေတဲ့ ဝါကျင့်ကျင့်မီးဆိုင်းအိုကြီးကို ကြည့်ရင်းကနေ ပြန်စကားစလာခဲ့ပါတယ်။

“ရှင် Nude Art တွေကို သဘောကျလား”

“မမိတ်ဆက်ပေးရသေးဘူး ထင်တယ်။ တကယ်တော့ ကျွန်တော် ပန်းချီရေးပါတယ်။”

“တကယ်လား”

သူမက ကော်ဖီတစ်ငုံကို စုပ်ယူရင်း ရှည်လျားတဲ့ မျက်တောင်ဖျားတွေကို ပင့်တင်ပါတယ်။ ထွေထွေထူးထူး အံ့အားသင့်သွားတာမျိုး မရှိခဲ့။

“ဖောင်ဖြည့်တုန်းက အဲ့အချက်ကို ထည့်လိုက်ဉီးမလို့ပဲ။ အရမ်းများ လောဘကြီးသွားရာ ကျမှာစိုးလို့ ထားခဲ့လိုက်တာ။ ဒါဆို အဆင်ပြေတာပေါ့။ ဆိုပါဉီး ဘယ်လို ပန်းချီတွေဆွဲလဲ”

“Abstract Painting မျိုးပါ။ modernism ဘက် နည်းနည်းလေ့လာနေပါတယ်။”

“ရှင်ပြောတဲ့ အလုပ်ဆိုတာ လန်ဒန်မှာ ပန်းချီဆရာ လာလုပ်နေတာတော့ မဟုတ်ဘူး မှတ်လား”

“လန်ဒန်မှာ မြန်မာလူမျိုးတစ်ယောက်က ပန်းချီဆရာ လုပ်လို့မရဘူးလား”

ဒီစကားကြောင့်ပဲ သူမက ခပ်ဟဟရယ်ပါတယ်။

“ထားပါ” တဲ့ … မပွင့်တပွင့်ဆိုရင်း စကားကို နိဂုံးသတ်သွားခဲ့တယ်။

“ကျွန်မ အခုတလော nude art တွေ စိတ်ဝင်စားနေတာလေ”

“မင်းအဆင်ပြေမယ်ဆိုရင် ကိုယ့်အသိတစ်ယောက်ရဲ့ ပန်းချီပြပွဲကို အတူတက်ဖို့ ဖိတ်ချင်ပါတယ်။ အကယ်လို့ မင်းသာ ကိုယ့်ကို နောက်တစ်ကြိမ်တွေ့ဖို့ ဆန္ဒရှိသေးရင်ပေါ့”

“ရှင့်ကိုတော့ နောက်တစ်ကြိမ်တွေ့ဖြစ်မယ်လို့ ကျွန်မ ထင်ပါတယ်”

“နောက်တစ်ကြိမ်မတွေ့ခဲ့တဲ့ လူတွေများ ရှိခဲ့လို့လား”

“ဒီလိုပဲ ဆိုပါတော့”

“ဒါဆို မင်းအများဆုံး လူတစ်ယောက်ကို ဘယ်နှကြိမ်တွေ့ဖူးခဲ့သလဲ”

သူမ ဟာ ပြန်မဖြေလာဘဲ တိတ်သွားခဲ့ပါတယ်။ ဒီတော့မှ Café ထဲမှာ ဖွင့်ထားတဲ့ ဓာတ်ပြားက ပြောင်းလဲသွားပြီဆိုတာ Edward သတိထားလိုက်မိတယ်။ Moonlight Violin Version ကို ဖွင့်ထားတာပဲ။ Lyric ကင်းမဲ့တဲ့ တေးသွားဟာ Café လေးထဲမှာ သက်သက်သာသာနဲ့သာပဲ  ပြန့်လွင့်လို့။ သူဟာ အရမ်းကိုပဲ အချိန်တွေပိုနေတာကြောင့် သူမကို လုံလုံလောက်လောက် အချိန်ပေးထားပါတယ်။

ခဏကြာမှသာ သူမဟာ အဝင်ဝမှာ ထောင်ထားတဲ့ သံပြားပေါ်က ဒီနေ့အတွက် Quote လေးကို ရေရွတ်ပြလာခဲ့တယ်။

“Meeting you was my favorite accident….”

သူဟာ အချိန်တွေ ပိုနေပါတယ်။ ဒါကြောင့် သူမကို စောင့်ဆိုင်းပေးနိုင်တယ်။

သူမကတော့ အနက်ရောင်ဘောင်ကွပ်ထားတဲ့ မှန်ပြတင်းပေါက်ကြီးကနေ တဆင့် အပြင်ဘက်ကို ငေးကြည့်ပြန်ပါတယ်။ သူမ အကြည့်အတိုင်း လိုက်ပါစီးမျောတဲ့နောက်မှာ‌တော့ လမ်းတစ်ဖက်က ဖုန်းရုံအနီလေးဆီမှာ ဉီးတည်ရာအဖြစ် ဆိုက်ရောက်တယ်။

“ကျွန်မ လူတစ်ယောက်ကို သုံးကြိမ်ထက် ပိုမတွေ့ဖူးဘူး”

နောက်ဆုံးမှာတော့ သူလိုချင်တဲ့ အဖြေကို ရရှိလိုက်ပါတယ်။

“ရေချယ် ဆိုတာ နာမည်ရင်းလား”

“Edward ဆိုတာရော နာမည်ရင်းလား”

“ကိုယ့်ရဲ့ English နာမည်လို့ ပြောလို့ရပါတယ်။ မြန်မာပြည်မှာတုန်းကတော့ ကိုယ့် English သင်တန်းက ဆရာက ကိုယ့်ကို Edward လို့ ခေါ်ခဲ့တယ်။ အခုတော့ ဒီက လူ့အသိုင်းအဝိုင်းမှာ ဒီနာမည်ကို သုံးနေတယ်။ မင်း သိချင်ရင် ကိုယ် နာမည်အရင်းနဲ့ မိတ်ဆက်ပေးလို့ရပါတယ်။”

သူမဟာ နားလည်ရခက်စွာ ပြုံးပါတယ်။ တစ်ဖက်တည်း ဆွဲလို့ အသာအယာတွန်းကွေ့လိုက်တဲ့ နှုတ်ခမ်းတစ်စုံရဲ့ ဘာသာစကားဟာ အနက်ပြန်ရခက်ခဲ့ပေမယ့်လို့၊ ရေခဲပြာရောင် မျက်လုံးတွေကပါ ပြုံးလုပြုံးချင်ဖြစ်နေခဲ့တယ်။ သူမဟာ သူ့ကို အခုလို ပြုံးပြုံးလေးကြည့်နေရာကနေ ပြောလာခဲ့တာက …

“ရှင် Smeraldo Flower ရဲ့ အဓိပ္ပာယ်ကို သိလား”

“…..”

“The Truth I could not tell တဲ့ …။ မပြောနိုင်ခဲ့တဲ့ အမှန်တရားလို့ လည်း အနက်ပြန်ချင်ပြန်လို့ ရတယ်။ ဒါမှမဟုတ် မပြောခဲ့တဲ့ အမှန်တရားမျိုး ဆိုရင်ရော …”

“….”

“ကျွန်မ ဆက်ဆံရေးတွေကို မယုံဘူး။ အချိန်တန်ရင် ခိုင်းသွားမဲ့ ကျောပြင်တွေပဲလေ။ မြန်မြန်လေး နှုတ်ဆက်တာနဲ့ နည်းနည်းကြာမှ နှုတ်ဆက်တာပဲ ကွာခြားချက်ရှိတယ် မဟုတ်လား။ မြဲမြံတယ် ဆိုတာမျိုးက ဆက်ဆံရေးတွေမှာ ရှိနိုင်ပါ့မလား။”

ခဏလောက် တိတ်ဆိတ်သွားပါတယ်။ သူလည်း တိတ်တယ်။ သူမလည်း တိတ်တယ်။ အခု ဓာတ်ပြားကနေ လွင့်မျောလာတဲ့ တေးသွားကတော့ ဘယ် Sonata လဲ သူမသိတော့ဘူး။ မိုးဇာတ် ရဲ့ နာမည်ကြီး Opus မဟုတ်ရင်တော့၊ Beethoven ရဲ့ Opus တစ်ခုခု ဖြစ်ရမယ်။ ရင်းရင်းနှီးနှီး ကြားဖူးနေတယ်လို့ ထင်ရပေမယ့် သေချာနားထောင်ကြည့်ပြန်တော့လည်း ဘယ် Sonata မှန်း ရေရေရာရာ မသိနေခဲ့ဘူး။

“ကိုယ်ကတော့ အချစ်ကို မယုံဘူး”

တစ်လျှောက်လုံး မမြှောက်တက်ခဲ့တဲ့ မျက်ခုံးညိုလေးတွေကို သူမက ပင့်တင့်လိုက်ပါတယ်။ ရေခဲပြာရောင် မျက်လုံးလေးတွေမှာ အနည်းငယ် အံ့အားသင့်ရိပ်စွန်းထင်းတယ်။ မပြောပလောက်စွာလေးပဲ။ မဆိုသလောက်လေးပါပဲ။

“ဒါဆို ရှင်ဘာလို့ Date ဖို့ စဉ်းစားခဲ့တာလဲ”

“ကိုယ် တစ်ယောက်တည်းဖြစ်နေခဲ့တာ တော်တော်ကြာပြီလေ။ တစ်ယောက်ယောက်နဲ့ တွေ့ချင်လာလို့ပါ။ ဒီလောက်ပါပဲ။”

“ဆိုရရင် ကော်ဖီအတူသောက်ဖို့၊ ရုပ်ရှင်အတူသွားကြည့်ဖို့၊ မဟုတ်လည်း ပြဇာတ်အတူသွားကြည့်ဖို့နဲ့၊ လမ်းအတူလျှောက်ရင်း စကားပြောဖို့အတွက် တစ်ယောက်ယောက် လိုအပ်တယ်ပေါ့”

“အင် … ကိုယ့်ရဲ့ အထီးကျန်ဆန်လွန်းတဲ့ တိုက်ခန်းအိုကြီးကို လာလည်ဖို့အတွက်လည်း ပါတာပေါ့”

“ရှင်က Sex ကိုရော လိုအပ်နေတာပဲလား”

“နိုး … နိုး မဟုတ်ဘူး။”

သူ ကပျာကယာပဲ လက်ကာပြလိုက်တယ်။

“အိမ်အလည်လာတယ် ဆိုတာဟာ Sex အတွက် သက်သက်မှ မဟုတ်တာပဲ။ မင်းပြောတဲ့ စကားအရပြောရရင် တစ်စုံတစ်ယောက် ။ အပြင်အတူလျှောက်လည်ဖို့အတွက်နဲ့ အိမ်အလည်လာဖို့အတွက် တစ်စုံတစ်ယောက် …။ အဲ့ဒါလေးပဲ။”

“….”

“ကိုယ်က တစ်ယောက်ယောက်နဲ့ တွေ့ကြည့်ချင်တာပါပဲ”

“ဒါပေမယ့် ရှင်က အချစ်ကို မယုံဘူး”

“အင် … “

“Date ရုံပဲပေါ့”

“ဆိုပါတော့။ ဒါပေမယ့် မင်းလို မိန်းကလေးမျိုးနဲ့သာ ဆက် ဒိတ်ရမယ်ဆို ကိုယ် အဆင်ပြေပါတယ်။ မင်းနဲ့ ကိုယ်က တော်တော် အဆင်ပြေပြေရှိနိုင်မယ်လို့ ကိုယ် ထင်တယ်။”

“ဒါကြောင့်လည်း ရှင်ဟာ ကျွန်မ အတွက် နောက်တစ်ကြိမ် တွေ့ဖြစ်ဉီးမဲ့ လူတစ်ယောက်ဖြစ်ခဲ့တာပဲလေ။ ကျွန်မက အဆင်ပြေရင် နောက်တစ်ကြိမ်တွေ့တယ်။ နှစ်ခါအဆင်ပြေရင်တော့ သုံးခါမြောက်တွေ့တယ်။”

“သုံးခါထက်ရော ကိုယ့်ကို အခွင့်အရေးမပေးချင်ဘူးလား”

“ကျွန်မ လူတစ်ယောက်ကို သုံးခါထက် ပိုပြီး ဘဝထဲမှာ မချည်ထားချင်ဘူး။”

လန်ဒန် ရဲ့ မိုးကောင်းကင်ဟာ ရုတ်ချည်း ထစ်ချုန်းပါတယ်။ ဒီမှာက အသိမပေးဘဲ ရွာတဲ့ မိုးတွေဟာ သည်းတတ်သား။

မဟော်ဂနီရောင် နှုတ်ခမ်းတွေက ထပ်ပြောတယ်။

“ကျွန်မက လူတစ်ယောက်ကို သုံးခါထက် ပို မပတ်သက်တတ်ဘူးလေ။”

“ဒါဆို မင်းကရော ဘာကြောင့် date လဲဆိုတာ ကိုယ်မေးခွင့်ရှိမလား”

“ကျွန်မ … Serious ဖြစ်တဲ့ Relationship တွေကို မလိုချင်ဘူး။ ကတိကဝတ်တွေနဲ့ ချုပ်နှောင်ထားကြပြီး အတည် အခြေချပတ်သက်ကြတဲ့ ဆက်ဆံရေးမျိုးတွေကို မတည်ဆောက်ချင်ဘူး။ ဒီအတိုင်း သက်သက်သာသာလေးပေါ့၊ လွတ်လွတ်လပ်လပ်လေးပဲ တွေ့မယ်၊ ကော်ဖီ အတူသောက်ပြီး စကားလေး အတူပြောမယ်။ ပန်းချီပြခန်းတွေ အတူသွားကြည့်ကြဖို့နဲ့ စာအုပ်တွေ အတူဖတ်ကြဖို့။ ဒီလောက်ပဲ။ ရှင့်လိုပဲ တစ်ယောက်ယောက်ကို လိုအပ်တာပါပဲ။ စာအုပ်တွေ အကြောင်း အတူပြောဖို့နဲ့ ဟိုဟိုဒီဒီ အကြောင်းအရာတွေ အပြန်အလှန် ပြောဖို့အတွက်၊ လမ်းတွေ အတူလျှောက်ပြီး နွေဉီးမှာ ပန်းတွေအတူကြည့်ဖို့အတွက် ဒီလို အတူလုပ်နိုင်မဲ့ တစ်စုံတစ်ယောက်ပဲ”

“…..”

“ရှင်က အဲ့တစ်စုံတစ်ယောက်ကို ခပ်ကြာကြာလေး လိုချင်တာနဲ့။  ကျွန်မကတော့ သုံးခါထက် ပိုမလိုချင်ဘဲ လဲလှယ်တတ်တာလေးပဲ ကွာခြားချက်ရှိတာပါ။”

သူတို့ အဲ့ဒီ Café အိုလေးမှာပဲ ငါးနာရီလောက်ကြာအောင် စကားပြောခဲ့ကြပါတယ်။ ဓာတ်ပြားတွေအကြောင်း၊ ပန်းချီတွေအကြောင်း၊ စာအုပ်တွေ အကြောင်း၊ ရုပ်ရှင်တွေအကြောင်းနဲ့ လန်ဒန်ရဲ့ လမ်းအိုတွေအကြောင်း ပြောဖြစ်ခဲ့ကြတယ်။ သူမရဲ့ ဉာဏ်ရည်ဟာ သူပြောလိုတဲ့ အကြောင်းအရာတိုင်းကို လိုက်မီဖလှယ်နိုင်တဲ့အတွက် Edward ဟာ သဘောကျပါတယ်။

မဟော်ဂနီရောင် နှုတ်ခမ်းတွေကို ခပ်လွန့်လွန့်ပြုံးရင်းကနေ ဖြည်းဖြည်းညှင်းညှင်း ပြောလာတတ်တဲ့ အက်ရှရှ လေသံမှာ ညို့ဓာတ်တစ်မျိုးရှိတယ်လို့ Edwrad က ထင်တယ်။ သူမရဲ့ မတိုးမကျယ်၊ မနှေးမမြန် ရှတတ လေသံဟာ အမှန်တကယ်ကို ဆွဲဆောင်မှုရှိတယ်။

လျှာဖျားလေးနဲ့ နှုတ်ခမ်းထောင့်လေး လှမ်းသပ်လိုက်တာက စလို့၊ မျက်တောင်ရှည်တွေကို မှေးစင်းစေရင်း ကြည့်လာတဲ့ ရေခဲပြာရောင် မျက်လုံးတွေ အဆုံး အရာအားလုံးဟာ ဒီအမျိုးသမီးကို သဘောကျစေဖို့အတွက် ရည်ရွယ်ပါတယ်။

တိုင်ကပ်နာရီအိုကြီးရဲ့ သုံးနာရီထိုးပြီဖြစ်ကြောင်း အချက်ပေးသံနဲ့အတူ ကျနေရောင်ဟာ ဆိုင်ထဲကို ဝင်ဖို့အတွက် ကြိုးစားစပြုလာပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ ကော်ဖီခွက်တွေဟာလည်း အကုန်အစင် ခမ်းခြောက်နေခဲ့ပြီး၊ ပန်းကန်ပြားထဲက ဘီစကွတ် မုန့်တွေဟာလည်း ခြွင်းချက်မရှိ ပြုန်းတီးနေခဲ့ပြီ။ သူမဟာ နှုတ်ခမ်းထောင့်လေးကို တစ်ရှူးစနဲ့ တို့လို့ စွန်းပေနေတဲ့ ဘယ်ရီယိုတွေကို လက်စသတ်ပါတယ်။

“ဒီလိုဆို ကျွန်မ တို့ နှုတ်ဆက်ကြတော့မလား”

 “ဒီနေ့အတွက်လား။ ဒါမှမဟုတ် တစ်သက်လုံးစာအတွက်လား”

သူမဟာ မလွန့်တလွန် ပြုံးပြန်ပါတယ်။ ရေခဲပြာရောင် မျက်လုံးလေးတွေကလည်း ထို့နည်းတူ ပြုံးတယ်။

“ကျွန်မ ရှင်နဲ့ ထပ်တွေ့ချင်ပါသေးတယ်။”

“ကိုယ်က ပျင်းစရာ မကောင်းဘူး ထင်တယ်။”

သူတို့ရဲ့ ကော်ဖီဒိတ်ကလေးဟာ ဒီလိုနဲ့ပဲ အဆင်ပြေပြေ ပြီးသွားခဲ့ပါတယ်။ သိပ်ကိုကောင်းမွန်လွန်းတဲ့ အချိန်နာရီနဲ့ ချောမွေ့လွန်းတဲ့ စကားအသွားအလာလေးတစ်ခုကို သူတို့ ရရှိခဲ့တယ်။ ငြိမ့်ညောင်းလွန်းတဲ့ တေးသွားတစ်ပုဒ်ကို နှစ်ချို့သက်တမ်းရှိတဲ့ ဝိုင်တစ်ခွက်နဲ့အတူ နားထောင်လိုက်ရတဲ့ ခံစားချက်လိုမျိုးပဲ အလွန်မှကို ပြည့်စုံပြီး၊ အရမ်းကို ငြိမ့်ညောင်းလွန်းတာပါပဲ။ Edward ဟာ သူမနဲ့ပြောခဲ့ရတဲ့ စကားအသွားအလာလေးတွေကို သိပ်ညင်သာတဲ့ တေးသွားလေးတစ်ပုဒ်အဖြစ် ခံစားခဲ့ရတယ်။

“ဒီလိုဆိုရင် နောက်ထပ်တစ်ကြိမ် ကိုယ်တို့ ဘယ်မှာတွေ့ကြမလဲ ရေချယ်။ ကော်ဖီဒိတ် ပြီးသွားပြီဆိုတော့ နောက်တစ်ခါ မင်းဘာလုပ်ချင်လဲ။ ကိုယ် Piano တီးပြရမလား၊ ဒါမှမဟုတ် ပန်းချီပြခန်းခေါ်သွားပေးရမလား။ Nude Art တွေ ကောင်းကောင်းရှိတဲ့ နေရာ ကိုယ်သိထားတယ်။ မင်းဆန္ဒရှိရင် concert တစ်ပွဲအတွက် ticket ကိုလည်း ကိုယ်စီစဉ်ပေးနိုင်ပါတယ်။”

“စဉ်းစားလိုက်ဉီးမယ်လေ။ သေချာတာကတော့ ရှင့်မျက်လုံးတွေကို နောက်ထပ်တစ်ကြိမ် အေးဆေးလေး ထိုင်ကြည့်ချင်သေးတယ် Edward”

“ကိုယ့်မျက်လုံး”

“ရှင့်မျက်လုံးတွေက သိပ်လှတယ်လေ။ ဒါကို မသိဘူးလို့တော့ ကျွန်မကို မပြောနဲ့နော်”

“မျက်လုံးအစိမ်းရောင်တွေကို လှတယ်လို့ ကိုယ်တစ်ခါမှ မကြားခဲ့ရဖူးဘူး”

“ဘုရားရေ တကယ်လား။ ကောင်းပြီလေ။ ဒီလိုဆို ရှင့် မျက်လုံးတွေ အကြောင်း နောက်မှပဲ သေချာပြောကြတာပေါ့။”

“ကောင်းပါပြီ”

“နောက်တစ်ခါတွေ့ရင် ကျွန်မ နာမည်က ရေချယ် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်နော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ရဲ့ ရေချယ် ကတော့ ရှင့်ကို နှုတ်ဆက်လိုက်ပါတယ်။”

“Smeraldo ပန်းတွေက အမှန် မပြောတာလား”

“မပြောဖြစ်ခဲ့တာပါ။ ကျွန်မရဲ့ Smeraldo ပန်းကိုတော့ မပြောဖြစ်ခဲ့တဲ့ အမှန်တရားလို့ပဲ အနက်သုံးမယ်။ သုံးခါလောက်ပဲ ပတ်သက်ကြမယ့် ဆက်ဆံရေးတစ်ခုမှာ နာမည်အစစ်အမှန်ဆိုတာကရော လိုပါဉီးမလား။”

သူ ဘာမှ ထပ်မပြောခဲ့တော့။ ဒီနေ့အတွက် သူမကို ကော်ဖီ ဝယ်တိုက်ခဲ့ပါတယ်။ သူမကတော့ ကော်ဖီဝယ်တိုက်တဲ့ အဖိုးအခအနေနဲ့ သီချင်းဟောင်းတွေ သွားရှာနိုင်တဲ့ ဓာတ်ပြားဆိုင်တွေရဲ့ လိပ်စာကတ်သုံးခုကို ပေးလာခဲ့ပါတယ်။

သူတို့ ပြန်ခါနီးမှာပဲ Jazz တီးဝိုင်းက အစမ်းလေ့ကျင့်မှု စတင်ပါတယ်။ ဒါကြောင့်ပဲ Edward ဟာ ဆက်နေဖို့အတွက် ဆုံးဖြတ်လိုက်တယ်။

“မင်းအရင်ပြန်နှင့်လိုက်ပါ ရေချယ်။ အာ … ဒီနေ့အတွက် ရေချယ်။ ကိုယ် နည်းနည်းလောက် ဆက်နေလိုက်ဉီးမယ်။”

ဘာကြောင့်လဲ ဆိုတာကို သူမဟာ သိသလိုပါပဲ။ တီးဝိုင်းကို တစ်ချက်လောက် လှမ်းကြည့်ပြီး၊

“Jazz Music ကောင်းကောင်းနားထောင်လို့ ရတဲ့နေရာ ကျွန်မ သိထားတယ်။ ကျွန်မက အင်… ရှင့်ထက်တော့ ဒီမှာ ကြာပြီလို့ ပြောလို့တယ်လေ။ နောက်တစ်ခါကျရင် အဲ့မှာ တွေ့ကြတာပေါ့။”

ရေချယ် ဟာပြောရင်းနဲ့ပဲ သူမရဲ့ Long coat အညိုကို ထပ်ဝတ်ပါတယ်။ ရွှေအိုရောင် လှိုင်းတွန့် ဆံပင်လေးကို လက်တစ်ဖက်နဲ့ သပ်တင်ပြီး သူ့ကို တစ်ချက်ပြုံးပြလာတယ်။ ဒီတစ်ခါတော့ မလွန့်တလွန် အပြုံး မဟုတ်တော့။ အစွန်းနှစ်ဖက်လုံးကို ဆွဲယူလို့ ပီပီသသ ဖြစ်တည်လာခဲ့တဲ့ အပြုံးတစ်စပဲ ဖြစ်ပါတယ်။

သူမထွက်သွားပြီး သိပ်မကြာခင်အထိ Edward က ငြိမ်လျက် ထိုင်နေမိသေးတယ်။ အဲ့နောက်မှာတော့ မာဖလာကို အလျင်အမြန် ကောက်ပတ်လို့ အပြေးလိုက်သွားမိပါတယ်။

“ရေချယ် ခဏလေး”

ရေခဲပြာရောင် မျက်လုံးလေးဟာ ပြန်ဝေ့ကြည့်ပါတယ်။

“ကိုယ် လိုက်ပို့ပါရစေ။ Bus Stop အထိပဲ ဖြစ်ဖြစ်။ ရေချယ် နဲ့အတူ လမ်းလည်း နည်းနည်းလျှောက်ချင်လို့ပါ။”

“ရှင် နားမထောင်တော့ဘူးလား”

“နောက်မှပေါ့ … နောက်မှပဲ ရေချယ် နဲ့ အတူ နားထောင်တော့မယ်။ မင်းနဲ့ တွေ့နေတဲ့ ကာလတစ်လျှောက်မှာ ဘယ်အရာမဆို မင်းနဲ့အတူပဲ ကိုယ်လုပ်မယ်။”

ထင်ထားသလိုပဲ သူမဟာ ခပ်လွန့်လွန့် ပြုံးလာပြန်တယ်။

“ဒီလိုကနေ ချစ်မိသွားမယ်နော်”

“ကိုယ် အချစ်ကို မယုံဘူးလေ။ ပူစရာမရှိပါဘူး။”

ဒီစကားကို သူမလည်း လက်ခံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခုအတွက် တွေ့ဆုံခဲ့ကြတဲ့ လူတွေမဟုတ်ဘူး။ တည်ဆောက်တာတွေ၊ လျှောက်လှမ်းတာတွေ၊ ငြိတွယ်တာတွေ၊ ဘဝသက်တမ်း သုံးဖြုန်းတာတွေနဲ့ အတူတကွ ရှင်သန်ခြင်းတွေ ဘာတစ်ခုမှ သူတို့ ရှုမြင်လိုအပ်ခဲ့ကြတာ မဟုတ်ဘူး။ ဒီအတွက် ဒီလူနှစ်ယောက်ကပဲ တစ်ယောက်အတွက် တစ်ယောက် အံဝင်ဂွင်ကျ အဆင်ပြေနိုင်တယ်လို့ Edward က ထင်ပါတယ်။

ဒိတ်ကလေးရဲ့ လက်ကျန်မှာ သူတို့ လမ်းတွေ အတူလျှောက်ခဲ့ကြတယ်။ ဘာစကားမှတော့ ဆက်မပြောခဲ့ကြပါဘူး။ လမ်းလျှောက်ရုံလျှောက်တယ်။ ဟုတ်တယ်၊ လမ်းလျှောက်ရုံလေးပဲ လျှောက်ပါတယ်။ ခြေလှမ်းတွေကို အတူတကွ လှမ်းစေရင်း၊ ဘေးချင်းအတူ တွဲလို့ ယှဉ်ရင်း ဒီလို တစ်ယောက်ဘေးတစ်ယောက်ရှိနေတယ် ဆိုရုံလေးပဲ … အတူလမ်းလျှောက်ပါတယ်။

တစ်ယောက်ယောက်နဲ့ မလျှောက်ခဲ့ရတဲ့ လမ်းတွေဆိုတာ ဒီနှစ်တွေထဲမှာ ဘယ်လောက်တောင်မှ များလိုက်သလဲ။ သူ့ခြေလှမ်းတွေဘေးနားမှာ အဖော်ပြုလို့ လှမ်းပေးမဲ့ ခြေလှမ်းကလေးတွေ မရှိခဲ့တာ ဘယ်လောက်များ ကြာခဲ့ပြီလဲ။ တစ်ယောက်တည်း လျှောက်ခဲ့ရတဲ့လမ်းတွေနဲ့၊ တစ်ယောက်ထဲ အားပြုလို့ လှမ်းခဲ့ရတဲ့ ခြေလှမ်းတွေ အလွန်မှာ အခု … သူ့ဘေးနားမှာ အဖော်ပြုနေခဲ့တဲ့ ခြေလှမ်းကလေးတွေ ရှိနေခဲ့ပြီ။

တစ်စုံတစ်ယောက် ….ဆိုတာ ဒါပါလားလို့ Edward ခံစားမိပါတယ်။ တစ်ချိန်ချိန် ပျောက်ကွယ်သွားမယ်ဆိုတာ သိနေပေမယ့် ကံကောင်းစွာနဲ့ပဲ သူတို့နှစ်ယောက်လုံးဟာ လက်ရှိကာလတွေကိုသာ မျက်မှောက်ပြုသူတွေဖြစ်နေခဲ့တယ်။

အချစ်ကို မယုံတာဖြစ်တဲ့အတွက် ကြာရှည်စွာ ချည်နှောင်ရမဲ့ ကြိုးတွေကိုလည်း Edward က စိတ်မဝင်စားပါဘူး။ သုံးခါပေါ့ … ဒါဟာ သိပ်လည်း မများသလို၊ သိပ်လည်း မနည်းတဲ့ လုံလောက်မှုတစ်ခုလို့ Edward လည်း ထင်ပါတယ်။

လန်ဒန်ဟာ ပလက်ဖောင်းလျှောက်လမ်းတွေက အစ လှတဲ့ မြို့ပါပဲ။ တန်းစီလို့ ရှိနေတဲ့ အဆောက်အဉီးတွေရှေ့က လျှောက်လမ်းမှာ ပူးတွဲ ခြေရာချန်ထားစေရင်း နောက်ဆုံးတော့ သူတို့ဟာ Bus Stop ကို ရောက်သွားခဲ့ပါတယ်။

ဘာစကားမှ မပြောဘဲ ရောက်လာမဲ့ ကားကို ရပ်စောင့်နေခဲ့ကြတယ်။ ဘေးတစ်စောင်း မျက်နှာအနားသတ်ကို ငေးကြည့်မိမှပဲ သူမရဲ့ နှာတံဟာ ချွန်ထက်လို့ မြင့်မားဖြောင့်စင်းတယ် ဆိုတာ သူသေချာ ဂရုပြုမိပါတယ်။ အညိုရောင် မျက်ခုံးလေးတွေဟာလည်း ခြယ်သထားတာမဟုတ်ဘဲ ဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်ကြောင်း သူထပ်မံ သိရှိလိုက်ရတယ်။

မြန်မာ လိုသာ ပီပီသသ မပြောတတ်ခဲ့ရင် သူမဟာ မြန်မာလူမျိုးဖြစ်တယ်လို့ သူဘယ်လိုမှ ယုံနိုင်ခဲ့မှာ မဟုတ်ဘူး။

“ငါးနာရီဆိုတာ ကျွန်မကို မှတ်မိအောင်ကြည့်ဖို့အတွက် မလုံလောက်တဲ့ အချိန်များလား”

Edward ဟာ အနည်းငယ် ရှက်မိသွားသလို၊ တစ်ချိန်တည်းမှာပဲ အနည်းငယ် ရဲတင်းလာပါတယ်။

“မင်းက အကြည့်ခံတဲ့ အလှတရားမျိုးပဲလေ။ မင်းသာ အဆင်ပြေရင် ကိုယ့်ပန်းချီအတွက် မော်ဒယ်ထိုင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။”

“သုံးခါလောက်ပဲ ပတ်သတ်မဲ့ လူတစ်ယောက်ဆီမှာ ကျွန်မက အငွေ့အသက်အကြွင်းအကျန်တွေ ထားခဲ့လိမ့်မယ်လို့ ထင်တာတော့ မဟုတ်ပါဘူးနော်”

ဒီစကားကြောင့် Edward ဟာ နည်းနည်းဝမ်းနည်းသွားသလို ခံစားရပါတယ်။ ဒါပေမယ့် သူဟာ ဘာမှ ဆက်မပြောတော့ဘဲ သူမရဲ့ နားထင်မှာ ခပ်လွှလွှကလေး စင်းကျနေတဲ့ ရွှေအိုရောင် ဆံပင်စတစ်ချို့ကိုသာ ဆက်ငေးနေလိုက်တယ်။

ကျနေထိုးနေတာကြောင့်ပဲ သူမ နားထင်က ဆံပင်စလေးတွေဟာ နေရောင်ထဲမှာပဲ ပိုပါးလွှနေပြီး၊ ပို သိမ်မွေ့နေပြီး၊ ဖြစ်တည်မှုဟာ ပိုဖျော့တော့နေခဲ့ပြီး၊ ပိုပါးလျစွာနဲ့ ပိုမှိန်ဖျော့စွာနဲ့သာ ပိုလှပနေခဲ့ပြီ။ ဒီဆံပင်စလေးတွေဟာ လွှတတလေးနဲ့ပဲ ပိုလို့ မထိရက်စရာဖြစ်နေခဲ့ပါတယ်။

သူဟာ ရုတ်ချည်း ဒီဆံပင်စလေးတွေကို ထိကိုင်လို့ သပ်တင်ပေးချင်စိတ် ပေါ်လာခဲ့တယ်။ ဒါပေမယ့် ရုတ်ချည်းမှာပါပဲ။ မလိုချင်သေးတဲ့ အရာတွေဟာ မရောက်လာသင့်တဲ့ အချိန်မှာ အမြဲ ရရှိလာတတ်စမြဲ။

Bus ကားဟာ မှတ်တိုင်မှာ လျှင်မြန်စွာနဲ့ ထိုးရပ်လာခဲ့တဲ့နောက် သူမဟာလည်း နှစ်ထပ်ကားနီလေးပေါ်ကို နှုတ်ဆက်ခြင်းကင်းမဲ့စွာနဲ့ တက်သွားခဲ့ပါတယ်။ ကားပေါ်ရောက်မှသာ သူ့ကို လှမ်းပြောလာခဲ့တာက …

“ဆက်သွယ်လိုက်မယ်”

သည်မျှလောက်လေးပါပဲ။ ဒီထက် ဘာမှ မပိုခဲ့။

အဲ့နောက်မှပဲ နှစ်ထပ်ကား အနီရောင်လေးဟာ ထွက်ခွာလို့ သူတို့ရဲ့ ပထမဆုံး ကော်ဖီဒိတ်ကလေးဟာလည်း အဆုံးသတ်သွားပါတော့တယ်။

***********************************************

သတိရခြင်းတွေထဲမှာ မေ့လျော့နေခဲ့တဲ့ ဖုန်းတစ်ကောလ်။

ဒီ Weekend မှာတော့ Edward ဟာ စာအုပ်ဟောင်းဆိုင်တွေကို လှည့်ပတ်သွားလာဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ သူဟာ တစ်ပတ်လုံး အသိတွေရဲ့ ပန်းချီပြပွဲတွေကို လိုက်တက်ခဲ့ရပြီးပြီ။ ပန်းချီသင်တန်းတွေမှာလည်း သွားရောက်ပို့ချခဲ့ရပြီးပြီ။ ဖြစ်နိုင်ရင်တော့ ဒီပိတ်ရက်မှာ သူ့ရဲ့ တိုက်ခန်းအိုလေးထဲက အိပ်ရာလေးပေါ်မှာပဲ စောင်ပုံတွေထဲထွေးလို့ နှပ်ကော်ဖီတစ်ခွက်နဲ့ အတူရှိချင်ပါတယ်။

အကြောင်းမကြားဘဲ ဆိုက်ရောက်လာတဲ့ တိမ်တိုက်တွေနဲ့အတူ ကောင်းကင်ကြီးက ငိုနေရင် ပိုကောင်းမယ်လို့ Edward တွေးမိတယ်။ ကော်ဖီပူပူနဲ့ မိုးအေးအေးဟာ ဘယ်လောက် လိုက်ဖက်ညီလိုက်သလဲ။ ဒီမနက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး စာအုပ်အဟောင်းဆိုင်တွေကို အေးဆေး လိုက်ပတ်သွားလို့ စာအုပ်‌တွေ ရှာဖွေစုဆောင်းပြီးရင်တော့ တိုက်ခန်းကို ပြန်ရောက်တာနဲ့ ကော်ဖီတစ်ခွက်ကို ကောင်းကောင်းဖျော်ပြီး ရွေးဝယ်လာတဲ့ စာအုပ်တွေနဲ့ သုခချမ်းသာကို စံစားပါတော့မယ်။

ဒီအတွေးကို Edward ဟာ အဲ့ဒီဖုန်းမဝင်လာခင် အချိန်ထိ စွဲကိုင်လို့ တွေးထားသေးတယ်။

မရင်းနှီးတဲ့ ဖုန်းအဝင် Call မှာ တစ်ဖြတ်လေးရင်းနှီးဖူးခဲ့တဲ့ အသံကို ကြားလိုက်ရတုန်းက Edward ဟာ Marylebone လမ်းနားက စာအုပ်အဟောင်းဆိုင်တစ်ဆိုင်မှာ ရောက်နေခဲ့တာ။ တစ်ဝက်ကျော်ထိ လျှော့ဈေးပေးထားတဲ့ ပြင်သစ်ဘာသာပြန် ကဗျာစာအုပ်တစ်အုပ်ကို အစမ်းဖတ်နေခဲ့တာပါ။

ဒါကြောင့် အနည်းငယ် စိတ်ညစ်ညူးစွာနဲ့ ဖုန်းကိုင်လိုက်တော့ တစ်ဖက်မှာ ကြားလိုက်ရတာက …

“Edward ကျွန်မပါ”

“….”

“ဟိုတစ်နေ့ရဲ့ ရေချယ်”

“ကိုယ်သိပါတယ်”

လက်ပြလိုက်ရုံ နှုတ်ဆက်ရခြင်းတွေမှာ အသက်ဝိညာဉ်တွေကပါ တစ်ပါတည်း မကပ်ငြိ မလိုက်သွားဖို့အတွက် သုံးခေါက်ဟာ လုံလောက်တဲ့ ပွတ်တိုက်မှုတစ်ခုလို့ ရေးလ် ဟာ ထင်ခဲ့ပါတယ်။

Mine (မှိုင်း) ကိုယ်တိုင်လည်း ဒါဟာ အထိုက်အလျောက်မှန်ကန်တယ်လို့ ယူဆသမှုပြုခဲ့တယ်။

“ကိုယ်မင်းကို လွမ်းနေခဲ့တာ”

“Smeraldo ပန်းတွေက အမှန်ပြောလား”

“တကယ်ပြောတာပါ။ မေ့မေ့ပျောက်ပျောက်နဲ့ကို လွမ်းနေခဲ့တာပါ။”

သတိမရခြင်းတွေထဲမှာတင် မင်းကို လွမ်းဆွတ်နေခဲ့ကြောင်း။

မေ့မေ့ပျောက်ပျောက်ထဲမှာပဲ မင်းကို တမ်းတနေခဲ့ကြောင်း။

            သူတို့တွေဟာ ခရီးသွားဟန်လွှဲ ပုခုံးချင်းတိုက်မိခဲ့ကြတဲ့ လူစိမ်းတွေလို၊ ခရီးတစ်ထောင့်မှာ ကြုံကြိုက်လို့ မျက်လုံးချင်းဆုံမိခဲ့ကြတဲ့ သူသူငါငါလို တစ်ချိန်ကျရင် တစ်ဦးကိုတစ်ဦး ဘဝထဲက အတွန့်အတိုမရှိ ဖယ်ထုတ်ဖြစ်ခဲ့ကြလိမ့်မယ်လို့ အဲ့ဒီ လန်ဒန်မနက်ခင်းတုန်းက ထင်မှတ်ခဲ့ကြဖူးပါလိမ့်မယ်။

            ကော်ဖီဒိတ်တစ်ခုရဲ့ ကော်ဖီခွက်တွေထဲ စိတ်ခံစားချက်တွေ ထည့်မဖျော်တတ်။ သကြားတွေနဲ့၊ နွားနို့တွေသာ ရှိတတ်တယ်။ ကော်ဖီဒိတ်မှာ ဘဝတွေ မရှိတတ်။

            ဒါပေမယ့် ရေခဲပြာမျက်လုံးပိုင်ရှင်မိန်းကလေး သူ့ဘဝထဲ ဘယ်ထိ လိုက်ပါလာလိမ့်မလဲဆိုတာကိုတော့ Edward ဟာ တော်တော်ကိုမှ စိတ်ဝင်စားနေပါတယ်။

S lr i á s

(April , 2021 – ရေးလ်)

ရေခဲပြာရောင်မျက်လုံးနှင့် မိန်းကလေး။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

LTY_MoeNge




Some text some message..