
ဒီညအတွက် ထရီဇာ။
ဒီ Weekend မှာတော့ Edward ဟာ စာအုပ်ဟောင်းဆိုင်တွေကို လှည့်ပတ်သွားလာဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ သူဟာ တစ်ပတ်လုံး အသိတွေရဲ့ ပန်းချီပြပွဲတွေကို လိုက်တက်ခဲ့ရပြီးပြီ။ ပန်းချီသင်တန်းတွေမှာလည်း သွားရောက်ပို့ချခဲ့ရပြီးပြီ။ ဖြစ်နိုင်ရင်တော့ ဒီပိတ်ရက်မှာ သူ့ရဲ့ တိုက်ခန်းအိုလေးထဲက အိပ်ရာလေးပေါ်မှာပဲ စောင်ပုံတွေထဲထွေးလို့ နှပ်ကော်ဖီတစ်ခွက်နဲ့ အတူရှိချင်ပါတယ်။
အကြောင်းမကြားဘဲ ဆိုက်ရောက်လာတဲ့ တိမ်တိုက်တွေနဲ့အတူ ကောင်းကင်ကြီးက ငိုနေရင် ပိုကောင်းမယ်လို့ Edward တွေးမိတယ်။ ကော်ဖီပူပူနဲ့ မိုးအေးအေးဟာ ဘယ်လောက် လိုက်ဖက်ညီလိုက်သလဲ။ သူတို့ ငယ်ငယ်တုန်းကတော့ မိုးရွာရင် အမေခင်းပေးတဲ့ သင်းဖြူစောင်လေးပေါ်မှာပဲ ချည်စောင်ပါးလေးနဲ့ လုံးထွေးလို့ မိုးအေးအေးနဲ့ ထိုးအိပ်နေကျ။ ဘယ်လောက်ကောင်းလိုက်တဲ့ သုခချမ်းသာလဲလို့ တွေးမိတော့ Edward ဟာ သူစွန့်ပစ်ထားတဲ့ မြန်မာပြည်ကို ရုတ်ချည်းလွမ်းမိသွားရပါတယ်။
ဒီမနက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး စာအုပ်ဟောင်းဆိုင်တွေကို အေးဆေး လိုက်ပတ်သွားလို့ စာအုပ်တွေ ရှာဖွေစုဆောင်းပြီးရင်တော့ တိုက်ခန်းကို ပြန်ရောက်တာနဲ့ ကော်ဖီတစ်ခွက်ကို ကောင်းကောင်းဖျော်ပြီး ရွေးဝယ်လာတဲ့ စာအုပ်တွေနဲ့ သုခချမ်းသာကို စံစားပါတော့မယ်။
ဒီအတွေးကို Edward ဟာ အဲ့ဒီဖုန်းမဝင်လာခင် အချိန်ထိ စွဲကိုင်လို့ တွေးထားသေးတယ်။
မရင်းနှီးတဲ့ ဖုန်းအဝင် Call မှာ တစ်ဖြတ်လေးရင်းနှီးဖူးခဲ့တဲ့ အသံကို ကြားလိုက်ရတုန်းက Edward ဟာ Marylebone လမ်းနားက စာအုပ်ဟောင်းဆိုင်တစ်ဆိုင်မှာ ရောက်နေခဲ့တာ။ တစ်ဝက်ကျော်ထိ လျှော့ဈေးပေးထားတဲ့ ပြင်သစ်ဘာသာပြန် ကဗျာစာအုပ်တစ်အုပ်ကို အစမ်းဖတ််နေခဲ့တာပါ။
ဒါကြောင့် အနည်းငယ် စိတ်ညစ်ညူးစွာနဲ့ ဖုန်းကိုင်လိုက်တော့ တစ်ဖက်မှာ ကြားလိုက်ရတာက …
“Edward ကျွန်မပါ”
“….”
“ဟိုတစ်နေ့ရဲ့ ရေချယ်”
“ကိုယ်သိပါတယ်”
ပြောရရင်တော့ ဒီတစ်ပတ်လုံး သူမကို မေ့နေခဲ့တာပါပဲ။ ပြီးခဲ့တဲ့ ပိတ်ရက်က ကော်ဖီဒိတ်ကလေးအပြီး ပထမ တစ်ရက်၊ နှစ်ရက်လောက်တုန်းကတော့ သူမများ ဆက်သွယ်လာမလားလို့ သူမျှော်နေခဲ့မိပါသေးတယ်။ နောက်တော့လည်း ပန်းချီတွေရေးရင်း၊ လန်ဒန်ရဲ့ လမ်းတွေပေါ်မှာ Benjo တီးရင်း သီချင်းဆိုနေတဲ့ street Guitarist တွေ … မဟုတ်လည်း၊ လူငယ်တွေရဲ့ လမ်းပေါ်က Street performance တွေကို လိုက်ငေးရင်းနဲ့ပဲ သူမကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။ စိတ်လေးများပါလာရင်တော့ လူငယ်လေးတွေရဲ့ လမ်းပေါ်က တီးဝိုင်းတွေထဲမှာ Edward ဟာ ရံဖန်ရံခါ ဝင်အားဖြည့်လိုက်ပါသေးတယ်။ ကြာသပတေးနေ့တုန်းကတော့ လန်ဒန်ရဲ့ လမ်းတွေပေါ်မှာ ရောက်တက်ရာရာ ပန်းချီထွက်ဆွဲလိုက်သေးတယ်လေ။
သူ့ဘဝက ဒီလို အနှောင်အဖွဲ့ ကင်းကင်းနဲ့ လွယ်လပ်စွာ ဖြစ်တည်နေခဲ့တာ အတော်ကြာပြီး၊ ဒါကိုလည်း Edward က သဘောကျပါတယ်။ သေချာပေါက် တစ်စုံတစ်ရာနဲ့ ချည်နှောင်ထားမှရယ် မဟုတ်ဘူးလေ။
အခုလို တစ်နေ့တာစာမျှလောက်လေးရဲ့ ကြိုးမျှင်တစ်စလေး ရစ်ပတ်လာတဲ့ အခါကျတော့လည်း တခဏစာလောက်လေးအတွက် အချည်ခံလိုက်ရုံလေးပဲပေါ့။ ဒီကြိုးဟာ ခပ်တင်းတင်း ချည်လိမ့်မှာ မဟုတ်မှန်းသိတာကြောင့်လည်း သူက စိတ်ချလက်ချ အချည်ခံနိုင်ပါတယ်။
“ဒီ Friday night, Edward အားလား”
“Friday night ဆိုတာ တစ်ချို့လူတွေအတွက် ပျော်စရာတွေများနေမယ့် ညတစ်ညဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်လို တစ်ယောက်တည်း သမားအတွက်တော့ ကြွက်တွေပဲ စကားပြောစရာရှိတဲ့ တိုက်ခန်းကလွဲလို့ ဘယ်များ သွားစရာ ရှိပါ့မလဲ။”
ဖုန်းထဲကနေ ရယ်သံလေးတစ်ချက်ကို ကြားလိုက်ရပါတယ်။
“ချိန်းထားတာ မရှိရင်လည်း ခပ်ရှင်းရှင်းလေးပဲ ပြောလို့ ရပါတယ်။”
“အထီးကျန်နေတာ သိသာအောင်လို့ပါ”
“ကောင်းပြီလေ။ ဒါဆို ဒီည ကျွန်မနဲ့ ဒိတ်မလား။ ကျွန်မက ဖိတ်ခေါ်ပါတယ်။”
“မင်း ဖုန်းမဆက်ခင် အချိန်အထိတော့ ဒီည ကိုယ်က စာအုပ်တွေထဲ ခေါင်းစိုက်ဖို့ စဉ်းစားထားခဲ့တာ။ ဒါပေမယ့် သိပ်လှတဲ့ မိန်းကလေးက ဖိတ်ခေါ်လာမှတော့ ကိုယ်က ဘယ်လိုလုပ် ငြင်းနိုင်ပါတော့မလဲ။ ကိုယ်တို့ ဘယ်မှာတွေ့ကြမလဲ။”
“Jazz Music ကောင်းကောင်းနားထောင်လို့ ရတဲ့ နေရာ ကျွန်မ သိထားတယ်လို့ ရှင့်ကို ပြောဖူးတယ် မဟုတ်လား။ လိပ်စာပြောပြမယ်။ အဲ့ကိုပဲ လာခဲ့လိုက်လေ”
“ဒါ မင်း ဖုန်းနံပါတ်တော့ မဟုတ်ဘူး မှတ်လား”
“ပါးနပ်သားပဲ။ ကျွန်မ လမ်းဘေးဖုန်းရုံကနေ ဆက်နေတာပါ။”
“ကိုယ်မင်းကို လွမ်းနေခဲ့တာ”
“Smeraldo ပန်းတွေက အမှန်ပြောလား”
“တကယ်ပြောတာပါ။ မေ့မေ့ပျောက်ပျောက်နဲ့ကို လွမ်းနေခဲ့တာပါ။”
ရယ်သံရှတတလေးကို ထပ်မံ ကြားရပြန်ပါတယ်။
အသံလေးကြားမှပဲ လွမ်းနေခဲ့ကြောင်း နားလည်ရပါတယ်။
သတိမရခြင်းတွေထဲမှာတင် မင်းကို လွမ်းဆွတ်နေခဲ့ကြောင်း။
မေ့မေ့ပျောက်ပျောက်ထဲမှာပဲ မင်းကို တမ်းတနေခဲ့ကြောင်း။
ဒါကို နားလည်မဲ့ စကားလုံးတွေအဖြစ် ဘယ်လို ချိန်ညှိလို့ ရှင်းပြရမလဲ ကိုယ်လည်း မသိတာပါပဲ။
နောက်ဆုံးမှာတော့ Edward ဟာ စာအုပ်တွေ ဆက်မရှာတော့ဘဲ တိုက်ခန်းကိုပဲ တန်းပြန်လိုက်ပါတော့တယ်။ သူဟာ ခပ်သွက်သွက်ကလေးပဲ ရေချိုးလို့ အဆင်ပြေမဲ့ အဝတ်တစ်စုံကို ရွေးချယ်လဲလှယ်တယ်။
အရမ်းလည်း မပြင်းရှသလို၊ အရမ်းလည်း မပါးလျလွန်းတဲ့ ရေမွှေးနံ့ကို ရွေးချယ် ဆွတ်ဖြန်းပါတယ်။ ဆံပင်ကို ဂျယ်တစ်မျိုးသုံးရင်းကနေ သပ်သပ်ရပ်ရပ် လှန်တင်ခဲ့တယ်။
သူတို့ရဲ့ ဒုတိယမြောက်ဒိတ်ကလေးကတော့ ဘားဒိတ်ကလေး ဖြစ်ခဲ့ပါတယ်။
“ဟိုတစ်နေ့က အတွက်တော့ ရေချယ်”
“မှန်တယ်”
“ဒီနေ့ရော မင်းက ဘယ်သူလဲ”
“ဒီနေ့အတွက်တော့ ကျွန်မက ထရီဇာ”
“ကောင်းပါပြီ။ ဒီနေ့ရဲ့ ထရီဇာ ..။ ကျွန်တော် Edward ပါ။ မင်းကိုထပ်တွေ့ရတာ ဝမ်းသာပါတယ်။”
ဒီနေ့ရဲ့ ထရီဇာ ဟာ နီညိုရောင် နှုတ်ခမ်းတစ်စုံနဲ့ ဖြစ်ပါတယ်။ ရေခဲပြာရောင် မျက်လုံးလေးတွေကတော့ ရေချယ် ပိုင်ဆိုင်ထားခဲ့တဲ့ အတိုင်းပဲ။ ရွှေအိုရောင် ဆံပင်အလိပ်လေးတွေကို တစ်ဖက်ခြမ်းဆီ ပိုပိုသာသာလေး ခွဲပို့လို့ ရွှေရောင်အနားကွပ်ထားတဲ့ အဖြူရောင် Lily ပန်း ကလစ်လေးနဲ့အတူ ဖိညှပ်ထားခဲ့ပါတယ်။ သူမဝတ်ဆင်ထားခဲ့တဲ့ ဂါဝန်ကိုယ်ကြပ်အနက်လေးဟာလည်း သူမရဲ့ ကောက်ကြောင်းအလှကို သက်သက်သာသာပဲ ဖော်ပြနေနိုင်ခဲ့တယ်။
ဝတ်လာခဲ့တဲ့ Long Coat အညိုကိုပဲ ခေါက်လို့ သူမဟာ ပြန်နှုတ်ဆက်လာတယ်။
“ထရီဇာပါ Edward”
လက်ကမ်းပေးလာတာကြောင့်ပဲ Edward ဟာ ပုခုံးတွန့် ရယ်မောလိုက်ရင်းကနေ လက်ချောင်းရှည်လေးတွေကို လှမ်းဆုပ်ကိုင်လို့ နှုတ်ဆက်ပေးလိုက်ပါတယ်။ ညက်ညောတဲ့ ခံစားချက်ကို လက်ဖဝါးတွေဆီကနေတဆင့် သူဟာ ခံစားလိုက်ရပြီး ဒီလက်တွေကိုသာ ထွေးထားလိုက်ရရင် ဘယ်လောက် သက်သောင့်သက်သာ ဖြစ်မလဲဆိုတဲ့ အတွေးတစ်စကို ရုတ်ချည်း လက်ခံလိုက်ရတယ်။
“ဘယ်လိုလဲ ကျွန်မရွေးထားပေးတဲ့ နေရာကို စိတ်တိုင်းကျရဲ့လား”
သူမ မရောက်လာခင်တုန်းကတော့ Edward ဟာ ဂီတသံတွေကို ဝိုင်ချိုတစ်ခွက်နဲ့ နားထောင်နေခဲ့တာ။ ဒါကြောင့်ပဲ ဒီ Bar ရဲ့ Jazz Music ဟာ အဆင့်အတန်းတစ်ခုမှာ ရှိနေတာပဲလို့ Edward ဟာ စောစီးစွာပဲ သိထားနှင့်ခဲ့ပါတယ်။ မိုက်ရှေ့မှာ ရပ်ရင်း ကိုယ်ကို နွှဲ့လို့ သီချင်းဆိုနေခဲ့တဲ့ အမျိုးသမီးဟာလည်း ၁၉၃၀ နားက အင်္ဂလိပ်အမျိုးသမီးကြီး အသွင်ကို နောက်ပြန်ဆောင်ကြဉ်းထားလို့။ အတန်ငယ် လေးပင်တဲ့ သီချင်းသံနဲ့ ထပ်တူစွာပဲ ဘားရဲ့ မီးရောင်တွေဟာ အနည်းငယ် ပျင်းရိစဖွယ်ကောင်းပြန်ပါတယ်။ လေထု နဲ့ အငွေ့အသက်ကိုက ဒီလိုပဲ မှိန်းမော ယစ်မူးဖွယ်အတိပဲ။
Edward ဟာ ခြေထောက်ရှည်ပြီး နောက်မှီ မပါတဲ့ တစ်ယောက်ခုံမှာ ထိုင်ရင်း Barman ကို အဖော်လုပ်ရာကနေ လွန်ခဲ့တဲ့ နာရီဝက်လုံးလုံး စောင့်နေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူစောင့်နေခဲ့တဲ့ အမျိုးသမီးဟာ သူ့ဘေးက ခုံရှည်မှာပဲ သက်သက်သာသာ ဝင်ထိုင်လာခဲ့တယ်။ Edward ဟာ ခုံကို ဆွဲထုတ်ပြီး ရှေ့ပြန်တိုးပေးခဲ့ပါသေးတယ်။ ဒါကြောင့်ပဲလား မပြောတတ်ပေမယ့် နီညိုရောင် နှုတ်ခမ်းတစ်စုံဟာ ကျေနပ်ခြင်းတစ်ချို့ ချိတ်ဆွဲလို့ လှစ်ခနဲ ပြုံးသွားခဲ့သေးတယ်။ သူဟာ Manner ကောင်းတယ်ဆိုတာ Edward ဟာ သူ့ကိုယ်သူသိပါတယ်။
အဲ့နောက်တော့ သူတို့ဟာ ပေါ့ပေါ့ပါးပါး Red Wine လေးနဲ့ပဲ စတင်ခဲ့တယ်။ သစ်သီးပန်းကန်ထဲကနေ စပျစ်စိမ်းသီးတွေကို နှိုက်ယူရင်းနဲ့ပဲ ထရီဇာ ဟာ စကားဆိုလာပါတယ်။
“ကြက်ဆင်သား စားရရင်ကောင်းမယ်။”
“သွားမလား။ Dinner ကောင်းကောင်းစားလို့ရမဲ့ စားသောက်ဆိုင်တစ်ဆိုင် ကိုယ်သိထားတယ်။”
“ထားလိုက်ပါ။ ဘယ်လောက်ကောင်းကောင်း Mr. Kim ရဲ့ ကြက်ဆင်ပေါင်းသား ကို မှီနိုင်မှာမှ မဟုတ်တာ။ Mr.Kim လုပ်တဲ့ စပါကတီက သိပ်အရသာရှိတာ သိလား။ ရှင် စားကြည့်သင့်တယ်။”
“ဘယ်က Mr.Kim လဲ”
“ကျွန်မတို့ Restaurant က ကိုရီးယား လူမျိုး စားဖိုမှူးပါ။ အာ … သူလုပ်တဲ့ ကင်ချီက ကျွန်မ စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ။”
“မင်းရဲ့ Restaurant”
Edward ဟာ မျက်ခုံးတွေကို မြှောက်ပင့်ပြီး ထောက်ပေးလိုက်တဲ့ အခါမှပဲ ထရီဟာ ဝိုင်ခွက်ကို လက်ထဲမှာ လှုပ်ယမ်းနေရာကနေ ရပ်လို့ ကိုယ်ကို မတ်မတ် ပြန်ထိုင်လာပါတယ်။
“ဒီလိုပဲ … ထားလိုက်ပါတော့။ တကယ်တော့လည်း ရှင့်ကို ကျွန်မအကြောင်းတွေကို တကူးတက ပြောပြစရာမှ လိုမနေတာ။”
ဒီစကားကို Edward ဟာ ဟိုတစ်နေ့တုန်းက လုံလုံလောက်လောက် ကြားဖူးခဲ့တဲ့တိုင်အောင် ဒီညမှာတော့ သိပ်သဘောမကျချင်သလို ခံစားရပါတယ်။ သူဟာ သူမရဲ့ ဘဝ အစိတ်အပိုင်းထဲမှာ အဲ့လောက်ထိ အရေးမပါအရာမရောက်သလို ဖြစ်နေခဲ့တာကို သိပ်မနှစ်မြို့ချင်ခဲ့ပါ။
“ကဲ ပြောပါဉီး Mr.Edward ဒီနေ့ ကျွန်မတို့ ဘာအကြောင်းတွေ ပြောကြဉီးမလဲ။”
Edward ဟာ Jazz တီးဝိုင်းဆီ အာရုံရောက်နေခဲ့တာဖြစ်လို့ ထရီဇာ ပြောလိုက်တဲ့ စကားအပေါ် သေချာကြားလိုက်ခြင်းမရှိပါလေ။ ဒါကြောင့်ပဲ ထရီဇာ ဟာ မျက်ခုံးညိုလေးတွေကို လှပစွာနဲ့ မြှောက်ပင့်လိုက်ပြီး လက်ကာပြလို့ ပြောလာပါတယ်။
“အို ရှင်က ဒီနေ့ စကားပြောဖို့ထက် ဂီတကို နားထောင်ဖို့ ပိုစိတ်အားထက်သန်နေတာပဲ။ ဒီလိုဆိုလည်း ကျွန်မက ရှင့်နားမှာ ရှင်နဲ့ အတူ နားထောင်ပြီးသောက်ပေးပါ့မယ်။”
Edward ဟာ အသာ ပြုံးပါတယ်။
“Jazz က ဘယ်အချိန်ဖြစ်ဖြစ် နားထောင်လို့ ရပါတယ်။ ဒါပေမယ့် မင်းပေးတဲ့ ကိုယ့်အတွက် အခွင့်အရေးကတော့ အများကြီး မရှိနိုင်ဘူးလေ။ ကိုယ်အာရုံလွင့်သွားတာ ဆောရီးပါ။ မင်းဘာအကြောင်းပြောချင်သလဲ၊ ကိုယ်တို့ ပြောကြမယ်လေ။”
“ဒီလိုဆို ကျွန်မတို့ အရက်တွေ အကြောင်းပဲပြောကြမလား။”
Edward ဟာ ပုခုံးတွန့်လို့ လက်ကာပြလိုက်ပါတယ်။
“ကိုယ်ကတော့ ဒီအပိုင်းမှာ နည်းနည်းအားနည်းတယ်။ Red wine ကို စပျစ်သီး အနီကနေထုတ်ပြီး၊ white wine ကို စပျစ်သီးအစိမ်းကနေထုတ်တယ် ဆိုတာတောင် မနေ့တစ်နေ့လောက်ကမှ သိခဲ့တာ။”
“အဲ့လောက်တောင်ပဲလား”
အဲ့နောက်မှာတော့ သူတို့ရဲ့ ကနဉီး ဝိုင်အဖွင့်ပြုမှုလေးကို ချုပ်သိမ်းလို့ အရက်အပြင်းတွေကို ပြောင်းလဲ မှာယူလိုက်ကြပါတယ်။ ထရီဇာ ဟာ ဝီစကီ ထဲ ရေခဲတစ်တုံးသာ ထည့်ပြီး သူ့ကို မေးလာတယ်။
“Edward သောက်နိုင်ရဲ့လား”
“အမှန်အကန်ပဲ”
“ကျွန်မကို စိတ်မပျက်စေနဲ့နော်”
ရမ် ထဲ gas အချိုရည် အနည်းငယ်သာရောထားတဲ့ ခွက်ကို ကိုင်မြှောက်လို့ သူပုခုံးတွန့်ပြလိုက်တယ်။
ဒီနေ့သူတို့ ပြောခဲ့ကြတဲ့ Topic တွေကတော့ နည်းနည်း Deep ဖြစ်ပါတယ်။ သူတို့ဟာ ဘုရားသခင် တကယ် ရှိခြင်းမရှိခြင်း အကြောင်းကို ဆွေးနွေးခဲ့ကြတယ်။ သူကတော့ ဘုရားသခင် တကယ်ရှိတယ် ဆိုတဲ့ အကြောင်းကို ပြောပြီး ထရီဇာ ကတော့ ဘုရားသခင်ဟာ မရှိကြောင်း ပြန်လည်ဆိုလာတယ်။
သွားတက်လေး လွတ်လပ်စွာ ပေါ်လာခွင့်ရတဲ့အထိကို ထရီဇာ ဟာ ရယ်ပါတယ်။ လက်ကျန် ဝီစကီကို အကုန်အစင် မော့သောက်လိုက်တယ်။
“ရှင်က ရယ်ရတာပဲ Edward။ အချစ်ကိုတော့ မယုံပေမယ့် ဘုရားသခင်ကိုတော့ ယုံတယ်တဲ့။ နို့ နှစ်ခုလုံးက မမြင်ရတဲ့ အရာတွေပဲ မဟုတ်ဘူးလား။”
“ဒါပေမယ့် ကိုယ်တို့ ခံစားနိုင်တယ်လေ။”
“ရှင်က ဘုရားသခင်ရှိကြောင်း ခံစားဖူးလို့လား”
သူခေါင်းညိတ်ပြလိုက်ပါတယ်။
“ဒါဖြင့် အချစ်ကို ခံစားဖူးရင်ရော ရှင်က အချစ်ကို ယုံလာမှာလား”
Edward က ငြိမ်သွားပါတယ်။ သူအရှေ့က Bartender တစ်ယောက် ရေခဲခွဲနေတာကိုသာ မမှိတ်မသုန် ငေးကြည့်နေတယ်။ Edward ငြိမ်သက်သွားချိန်မှာပဲ ထရီဇာ ဟာ ဟိုနေ့တုန်းကလို နံရံကပ်စင်ပေါ်မှာ ထောင်ထားတဲ့ အမျိုးအစားများစွာသော အရက်ပုလင်းတွေကို ရေတွက်ခြင်းပြုနေခဲ့တယ်။
“ကိုယ်က မခံစားဖူးလို့ မယုံကြည်တာမျိုး မဟုတ်ဘူး”
ထရီဇာ ဟာ ချိတ်ဆွဲထားတဲ့ Wine Glass တွေကို ရေတွက်နေရာကနေ Edward ဘက်ကို လှည့်ကြည့်လာပါတယ်။
“ဒီလိုဆိုရင် မင်းကရော ဘာလို့ ဆက်ဆံရေးတွေကို မယုံကြည်တာလဲ”
“အာ …”
ရေခဲပြာရောင် မျက်လုံးလေးတွေကို မျက်နှာကြတ်အနက်ရောင်ဆီ ပို့လို့ ထရီဇာ ဟာ စဉ်းစားဟန်ပြုပါတယ်။ အနည်းငယ် မှုန်မှိုင်းရီဝေချင်နေပြီး ဖြစ်တဲ့ ရေခဲပြာမျက်လုံးလေးတွေဟာ သာမန်အချိန်တွေထက် ပိုလို့ညို့ငင်နိုင်စွာပဲ ဆွဲဆောင်မှုတွေ အကြွင်းမဲ့ ပြည့်ဝနေခဲ့တယ်။
“ဘာလို့လဲဆို အားလုံးက ထွက်သွားဖူးလို့ပေါ့။”
“…..”
“မဟုတ်လည်း ကျွန်မက ထွက်လာခဲ့ဖူးလို့ပေါ့”
“….”
“မမြဲမြံတဲ့ အရာကို ဘယ်သူက ယုံကြည်မှာလဲ။ Edward ရှင်ဆိုရင်ရော ယုံကြည်မှာလား။”
“အင်း၊ မမြဲမြံတဲ့အရာကို ဘယ်သူက ယုံကြည်မှာလဲ။”
Edward ဟာ ခွက်ထဲက ရမ် တွေကို အကုန်အစင်မော့လိုက်ပြီး Berman ကို ဝီစကီတစ်ခွက်မှာလိုက်တယ်။ သူမနည်းတူ ရေခဲတစ်တုံးနဲ့သာ။
“ခံစားချက်တွေ အကြောင်းပြောလိုက်ရင်တော့ အမြဲတမ်း အကျိုးအပြတ်တွေပဲ ထွက်လာမယ် ထင်တယ်။ ပြီးတော့ ကျွန်မက နောက်တစ်ကြိမ်ပြန်တွေ့ရမဲ့ လူနဲ့ ခံစားချက်တွေအကြောင်းပြောလေ့မရှိဘူး။”
“မင်းအကြောင်းသိထားမှ မင်းကို ပွေ့ဖက်ပေးနိုင်မှာ မဟုတ်ဘူးလား။”
“မဟုတ်ဘူး။ ကိုယ့်အကြောင်းသိသွားမှ ဘယ်လိုနေရာကနေ ဓားစိုက်ရင် ကိုယ့်ကိုတိုက်ခိုက်နိုင်မလဲ ဆိုတာ ရှာတွေ့သွားကြမှာ။”
“….”
“Edward ကိုယ့်အကြောင်းတွေ ပြောပြဖို့အတွက် ဘယ်သူတွေက အကောင်းဆုံးလဲ သိလား။”
Edward ဟာ Berman ချပေးလာတဲ့ ဝီစကီခွက်ကို ကောက်ယူလိုက်ပြီး ပုခုံးတွန့်ပြလိုက်ပါတယ်။
“လူစိမ်းတွေက အကောင်းဆုံးပဲ။ နောက်တစ်ခါ ပြန်မဆုံရမဲ့ လူစိမ်းတွေ၊ ကိုယ့်ကို မသိတဲ့ လူစိမ်းတွေ၊ အင်… သိလာမှာလည်း မဟုတ်တဲ့ လူစိမ်းတွေ။ ကိုယ့်အကြောင်း ပြောပြဖို့အတွက်က လူစိမ်းတွေက အကောင်းဆုံးပဲ။ ပြီးတော့ လူတစ်ယောက်က အကြောင်းအရာတစ်ခုတည်းကိုပဲ နှစ်ခါ နားထောင်နိုင်စွမ်းမရှိဘူး။”
ဘယ်တော့မှ ရင်းနှီးလာမှာ မဟုတ်တဲ့ လူစိမ်းတွေကို နားထောင်သူအဖြစ် ထရီဇာ ဟာ လိုလားပါတယ်တဲ့ …။
ပွေ့ဖက်ခြင်းနဲ့အတူ ထွေးပွေ့လာမဲ့ လက်တွေကို မလိုအပ်တာ သိသာပါတယ်။
မင်းဘေးနားမှာ အမြဲတမ်းရှိမဲ့ လူကပဲ မင်းကို ကောင်းကောင်းထွေးပွေ့ပေးနိုင်ပြီး၊ ဒီလိုထွေးပွေ့နိုင်ဖို့ အတွက်ကလည်း မင်းကို သိနိုင်မှ ဖြစ်လိမ့်မယ်လေ။ ဒါကြောင့် လူစိမ်းတွေကိုသာ နားထောင်သူအဖြစ် လိုလားတဲ့ ထရီဇာ ဟာ သူ့ဆီ ဆန့်တန်းလို့ ပွေ့ယူလာမဲ့ လက်တွေကို မလိုလား ငြင်းပယ်နေတယ် ဆိုတာ သံသယဝင်စရာ မလိုအောင်ကို အကြွင်းမဲ့ မှန်ကန်ပါတယ်။
သူတို့ဟာ ဘုရားသခင် အကြောင်းကို ဆက်မပြောကြတော့ပါဘူး။ ကောင်းကင်ဘုံ အကြောင်းကိုလည်း ဆက်မပြောကြတော့ဘဲ လက်ရှိ ဘားအတွင်းက ကောင်းကင်ဘုံထဲမှာတင် သုခချမ်းသာကို ရှာဖွေကြပါတယ်။
ထရီဇာ ဟာ ဆိုတယ်။
“ကောင်ကင်ဘုံတကယ် ရှိမရှိတော့ မသေချာပေမယ့် ဒီနေရာကတော့ ကောင်းကင်ဘုံဖြစ်ရမယ်။ အကယ်လို့ ကောင်းကင်ဘုံဆိုတာဟာ သီချင်းသံတွေပဲ ရှိနေတာ ဆိုရင်၊ ကောင်းကင်ဘုံဆိုတာဟာ နှစ်သိမ့်တတ်နိုင်တဲ့ စွမ်းအင်တွေ ရှိနေတာ ဆိုရင်၊ ကောင်းကင်ဘုံ ဆိုတာဟာ မျက်ရည်တွေမရှိတဲ့နေရာဆိုရင်၊ အကယ်လို့ ကောင်းကင်ဘုံ ဆိုတာဟာ ဒီလိုမျိုးဆိုရင် … ဒီလိုဆိုရင်တော့ ကောင်းကင်ဘုံရှိတယ် ဆိုတာ ကျွန်မ ယုံလိုက်မယ်။”
“မင်းက ဘားကို ကောင်းကင်ဘုံနဲ့နှိုင်းနေတာက နည်းနည်းတော့ အပြစ်မကြီးနေဘူးလား။”
ထရီဇာ ဟာ လေးပင်စွာနဲ့ ရယ်ပါတယ်။
“ကျွန်မ အကြောင်းသိလာတာနဲ့ အမျှ ကျွန်မက သဘောကျချင်စရာ မကောင်းဘူးဆိုတာ ရှင်သိလာလိမ့်မယ် အက် …”
“ဒါကြောင့် မင်းက လူတစ်ယောက်ကို သုံးခါပဲ တွေ့တာလား”
“အဲ့လိုတော့ မဟုတ်ဘူး။ ကောင်းကောင်းနှုတ်ဆက်နိုင်တဲ့ ရင်းနှီးမှုလို့ ထင်လို့ပါ။ အရမ်းလည်း မများသလို၊ အရမ်းလည်း မနည်းဘူး။ လူတစ်ယောက်ကိုသာ သုံးခါလောက်ပဲ ပတ်သက်ထားမယ် ဆိုရင် အဲ့လူကို ကျွန်မတို့က ကောင်းကောင်းနှုတ်ဆက်နိုင်မယ်လို့ ထင်တယ်။ အဆင်ပြေပြေနဲ့၊ အခက်အခဲမရှိဘဲနဲ့ ကောင်းကောင်းနှုတ်ဆက်လိုက်နိုင်ဖို့ပေါ့။”
“အဆင်ပြေပြေနဲ့ အခက်အခဲမရှိ လက်လွှတ်ပေးလိုက်နိုင်ဖို့ အတွက်လား”
ပါးလျအားနည်းတဲ့ ညမီးရောင်ထဲမှာပဲ နီညိုရောင်နှုတ်ခမ်းတွေက ပြုံးပြလာပါတယ်။ ဒါဟာ လက်ခံတဲ့သဘော။
“ရှင်တွေးကြည့်ဖူးလား Edward။ လက်လေးပြပြီး နှုတ်ဆက်လိုက်ရမဲ့ ကိစ္စတွေမှာ ကျွန်မတို့က ဘာလို့ လက်လေးပြလိုက်ရုံလောက် မလွယ်ကူနေခဲ့ရတာလဲ။ လက်လေးပြလိုက်ရုံလောက်လေးကိုလေ … ဘာတွေများ ခက်ခဲနေတာလဲ။ ဘာလို့များ အသက်ဝိညာဉ်တွေ ပါသွားရတာလဲ။ လက်လေးပြလိုက်ရုံလေးပဲကိုလေ။”
“မင်းမူးနေပြီလား ထရီဇာ”
“ဟင်အင်း။ ဒါပေမယ့် ရှင်ကိုတော့ စကားတွေ အများကြီး ပြောချင်လာတာပေါ့။”
“…”
“အက် … လူတွေက ဘာလို့ အရက်ကို သောက်ရတာ ကြိုက်လဲ သိလား။”
“ကိုယ်ကတော့ လွင့်နေရတဲ့ ခံစားချက်ကို သဘောကျလို့ ကြိုက်တယ်။”
“ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စရာ မလိုတော့တာကို ကြိုက်တယ်။ အရက်လေးများ ဝင်လာရင် လူတွေက သူတို့ မလုပ်ရဲခဲ့တာတွေကို လုပ်နိုင်လာပြီး၊ မပြောရဲခဲ့တဲ့ စကားတွေကို ထုတ်ပြောလာကြတာပဲ။ ဒါကြောင့်ပဲ မူးနေတဲ့ လူက မညာတတ်ဘူးလို့ ပြောကြတာလား မသိဘူး။”
ရုတ်တရက် Jazz တီးဝိုင်းထဲက အမျိုးသမီး ရဲ့ ဆွဲဆွဲငင်ငင် သီချင်းသံဟာ ဂီတာသံနဲ့ အတူ ဖုံးလွှမ်းလို့ ထွက်ပေါ်လာပါတယ်။ ကောက်ကွေးနေတဲ့ ရွှေဖြူရောင်ဆံပင်ဖွာဖွာတွေနဲ့ အမျိုးသမီးဟာ မိုက် Stand ကိုပဲ လွမ်းချင်စရာကောင်းအောင် ဆွဲယမ်းနေလို့ ဖက်တွယ်မှု အတိနဲ့ မက်မောစွာ ဆိုညည်းနေတယ်။
Fly me to the moon, Let me play among the star …
“Can’t help falling in love ဆိုတဲ့ သီချင်းလေ …”
“သူ အခုဆိုနေတာ Fly me to the moon ပါ”
“ရှင် ယုံလား အက်”
ထရီဇာ ဟာ သူ့ထောက်ပြတဲ့ စကားကို မကြားတဲ့အလား သူမပြောလိုရာကို ဆက်သွားနေခဲ့တယ်။ သူမကို Edward ပြောခွင့်ပေးလိုက်ပါတယ်။
“Can’t help falling in love တဲ့ … မဖြစ်နိုင်လိုက်တာ။ အစမှာတင် ရပ်တန့်နိုင်ခဲ့ရင် ကူရာကယ်ရာမဲ့တဲ့ အခြေအနေမျိုး ဘယ်ရောက်လာနိုင်ပါ့မလဲ။ ကိုယ်တိုင်က အသုံးမကျလို့ တွင်းနက်ထဲ ပြုတ်ကျပြီးတော့မှ မတတ်စွမ်းနိုင်ခဲ့တာပါလို့ အကြောင်းပြချက်ပေးလာတာက သိပ်ကို အဆင်အခြင် မမဲ့လွန်းဘူးလားဟင် Edward …”
မိုက်ကို ဖက်ယမ်းကာ သီချင်းမှ အပ အခြားထဲ မစီးဝင်နိုင်တော့စွာနဲ့ ဆိုနေတဲ့ အမျိုးသမီးကို လှမ်းကြည့်ရင်း ထရီဇာဟာ သူ့ကို မေးလာခဲ့ပါတယ်။
ဒါပေမယ့် ထရီဇာဟာ သူမရဲ့ မျက်စောင်းထိုးဘက်ကျတဲ့ နံရံဆီမှာ ကပ်ထားတဲ့ Poster ထက်က စကားလုံးတွေကို တွေ့ပြီး မေးလာခဲ့တာဖြစ်ကြောင်း သူမစကားဆုံးတဲ့ အခါကျမှ Edawrd ဟာ သတိထားမိလိုက်ပါတယ်။
“လောကမှာ ထိန်းချုပ်ရအခက်ဆုံးက ကိုယ့်ကိုယ်ကိုယ်ပဲလေ”
သူ့အဖြေက လုံလောက်တယ်လို့ Edward က ထင်ပါတယ်။ သူ့အဖြေက လုံလောက်တယ်လို့ ထရီဇာ ကလည်း ထင်တယ်။
Jazz တီးဝိုင်းထဲမှာ တီးခတ်မှုတွေနဲ့အတူ သီချင်းဆိုနေတဲ့ အမျိုးသမီးကို လှမ်းကြည့်နေရာကနေ အရှေ့ကို ပြန်လှည့်လာပြီး လက်ထဲက ခွက်ကို သူမဟာ လက်စသတ်လိုက်တယ်။
“ဒါကြောင့်ပဲ စိတ်ဝိညာဉ်တွေ မပါသွားဖို့ မတတ်စွမ်းနိုင်တာပဲကို။ နှုတ်ဆက်မှုတွေဟာ ….”
ဆက်မပြောဘဲ ခဏတာ ရပ်တန့်နေပါတယ်။
“လက်လေးပြလိုက်ရုံလောက်ပဲ လွယ်ကူနေရင် ကောင်းမယ်။”
Take my hand … take my whole life too
For I can’t help falling in love with you
“ဝမ်း … တူး … သရီး …”
ရေရွတ်သံကြားလို့ ဒုတိယမြောက်ခွက်ကို လက်စသတ်နေရင်းကနေ လှည့်ကြည့်လိုက်တော့မှ သူမဟာ ရှည်လျားတဲ့ လက်ချောင်းလေးတွေထဲက လက်ညိုးလေးတစ်ချောင်းကိုသာ အသုံးပြုလို့ နံရံကစင်ပေါ်မှာ ထောင်ထားတဲ့ ပုလင်းတွေကို ရေတွက်နေပြန်တာကို တွေ့လိုက်ရတယ်။
“ကျွန်မရောက်ကတည်းက အဲ့ဒါတွေကို ရေကြည့်နေတာ။ ပထမတစ်ခေါက်တုန်းက ၃၄ ပုလင်းရှိတယ်။ နောက်ကျတော့ ၃၆ ပုလင်းဖြစ်သွားပြန်ရော။ တကယ့်အမှန်က ဘယ်နှပုလင်းရှိနေတာလဲ။”
“၃၄ ပါ ထရီဇာ။ မင်းကိုယ်စား ကိုယ်ကြိုရေတွက်ထားနှင့်ပါတယ်။”
“အက် … ရှင် ပြောခဲ့တာ ကျွန်မကို အခွင့်ရရင် Piano တီးပြမယ် ဆိုတာလေ။ အခု ရှင် လက်စွမ်းမပြချင်ဘူးလား။”
သူငြင်းလို့ မရနိုင်မှန်း Edward ဟာ သိပါတယ်။ သူမဆီမှာ ပြောတဲ့အရာတိုင်း ဖြစ်နိုင်တဲ့ စွမ်းအင်တစ်မျိုးရှိတယ်။ သူမ နှုတ်က ထွက်ကျသမျှကို တစ်ဖက်လူ မငြင်းဆန်နိုင်တဲ့ အားအင်တစ်မျိုးပါပဲ။
Edward ဟာ မလေ့ကျင့်ခဲ့တာ အရမ်းကို ကြာနေခဲ့ပါပြီ။ သူ့လက်ချောင်းတွေဟာ Piano ခလုတ်ဖြူတွေနဲ့ စိမ်းသက်ဝေးကွာနေခဲ့တာ သိပ်ကို ကြာနေခဲ့ပြီ။ ဒါပေမယ့် သူဟာ Moonlight Sonta လောက်ကိုတော့ ကောင်းကောင်းတီးနိုင်သေးတယ်လို့ သူ့ကိုယ်သူ ခံစားရပါတယ်။
Jazz တီးဝိုင်း တခဏ အနားမှာ Edward ဟာ သွားရောက် ခွင့်တောင်းလိုက်တယ်။ မုတ်ဆိတ်ဖြူနဲ့ ရွှေရောင်မျက်မှန်ကိုင်း ပိုင်ရှင် အဘိုးအိုဟာ လွယ်လင့်တကူပဲ သူ့ကို ခွင့်ပြုခဲ့ပါတယ်။
Piano ခလုတ်ဖြူတွေကို လက်နဲ့ အရင် ပြေးလွှားပွတ်သပ်ကြည့်လိုက်တဲ့နောက် သူ့စိတ်ထဲ လွမ်းဆွတ်တမ်းတခြင်းကို အရင်ခံစားလိုက်ရတယ်။ သူဟာ ပျောက်ဆုံးနေတဲ့ ဝိညာဉ်တစ်ခုကို ပြန်တွေ့လိုက်ရသလိုပါပဲ။ ဒီလက်ချောင်းတွေနဲ့ ဒီခလုတ်တွေဟာ အချင်းချင်း ဘယ်လောက်တောင်များ လွမ်းဆွတ်နေခဲ့ကြသလဲ။ သိပ်ကို ရင်းနှီးကျွမ်းဝင်လွန်းတဲ့ ခံစားချက်ကြောင့်ပဲ Edward ဟာ အားတက်ပျော်မြူးသွားတယ်။
သူကိုယ်ထဲကနေ ကင်းကွာပျောက်ရှနေခဲ့တဲ့ တစ်စုံတစ်ရာလိုပဲ Edward ဟာ လိုက်ရောညီထွေ ဖြစ်စွာနဲ့ Piano တီးပြခဲ့ပါတယ်။ သူမကတော့ ရေခဲတစ်တုံးသာ ထည့်ထားတဲ့ ဝီစကီကို အရသာခံသောက်ရင်း ရေခဲပြာရောင် မျက်လုံးလေးတွေကို မှေးစင်းလို့ သူ့ကို လှမ်းကြည့်နေခဲ့တယ်။ နီညိုရောင်နှုတ်ခမ်းတစ်စုံကတော့ ပြုံးယောင်သမ်းပါတယ်။
ငြိမ်သက်စွာနဲ့ သူ့လက်သံကို နားဆင်နေခဲ့တဲ့ ပရိတ်သတ်ဟာ တေးသွားကို လှလှပပ နိဂုံသတ်လိုက်ချိန်မှသာ လက်ခုပ်သံတွေကို ချီးမြှင့်လာခဲ့တယ်။ သူမကတော့ လက်ခုပ်မတီးခဲ့။ သည်အစား လက်ထဲက ဝီစကီခွက်ကိုသာ သူ့ဆီ မြှောက်ပြခဲ့ပါတယ်။
သူမအနား ပြန်ရောက်သွားတာနဲ့ ချက်ချင်းပဲ သူပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ် ထရီဇာ။ မင်းကျေးဇူးကြောင့် ကိုယ် စန္ဒရား ပြန်တီးဖြစ်ခဲ့တာ။ ပြန်တီးတဲ့အခါမှပဲ ကိုယ်ဘယ်လောက် လွမ်းနေခဲ့ရကြောင်း သတိထားမိတော့တယ်။”
“ရှင်က အဲ့လိုပဲ ထင်တယ်နော်။ လိုက်ရှာဖို့ တော့ မစဉ်းစားဘဲ ပြန်ရှာတွေ့တဲ့ အခါတွေမှပဲ ဘယ်လောက်သတိရနေခဲ့ကြောင်း ခံစားမိတတ်တာမျိုးပဲလား။”
“ဟုတ်မယ် ထင်တယ်”
သူရယ်ရင်း ဆိုလိုက်ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီညမှာ မင်းကျေးဇူးနဲ့ ကိုယ့် ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ပြန်တွေ့နိုင်ခဲ့ပြီ”
“နောက်ဆို နတ်ဆိုးဆီမှာ ကိုယ့်ဝိညာဉ်ကို မရောင်းထားနဲ့ပေါ့”
ပန်းချီဟာ သူ့အသက်ဝိညာဉ်ဖြစ်တယ်လို့ Edward ဟာ အမြဲတမ်းတွေးခဲ့ပါတယ်။ သူမြန်မာပြည်က ထွက်လာကတည်းက Piano တီးတာကို လုံးဝရပ်ဆိုင်းပစ်ခဲ့တာဖြစ်ပြီး၊ အဲ့ဒါဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းကပဲ။ သူဟာ အခု အသက် ၃၀ ရှိတော့မှာ ဖြစ်ပြီး ဖြစ်နိုင်တာတော့ … သူစွန့်ပစ်ထားခဲ့တဲ့ ဝိညာဉ်တစ်ခြမ်းကို ပြန်လည်ကောက်ယူဖို့ အချိန်ပြန်ရောက်လာပြီ ထင်ပါတယ်။
“မင်းကရော အဲ့လိုပဲလား ထရီဇာ”
“ဘာကိုလဲ”
နီညိုရောင် နှုတ်ခမ်းထောင့်က အရက်တစ်စကို လျှာထိပ်ဖျားကလေးနဲ့ သပ်သိမ်းလိုက်ပြီး ထရီဇာဟာ မေးခွန်းပြန်ထုတ်လာတယ်။
ဒါပေမယ့် သူမေးခွန်းထုတ်ဖို့ ချိန်ဆနေချိန်မှာပဲ ထရီဇာဟာ ကစားတဲ့ဘက်ဆီကို အာရုံရောက်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမေးခွန်းကို ပြန်ခေါက်သိမ်းလိုက်တယ်။ ထရီဇာ ဟာ ဘိလက်ဝိုင်းနားမှာ သုံးခွက်မြောက် ဝီစကီခွက်ကို လှုပ်ယမ်းလို့ ပတ်နေတယ်။ သူတော့ လုံလောက်အောင် သောက်ခဲ့ပြီးပြီးလို့ ခံစားရတာကြောင့် အပိတ်အနေနဲ့ မှာထားခဲ့တဲ့ ဝိုင်ဖြူခွက်ကိုသာ လက်ထဲကိုင်လို့ သူမနောက်လိုက်ပါတယ်။
တကယ်တမ်းတော့ ထရီဇာ ဟာ ဘိလက်မထိုးပါ။ အမှောင်ကျတဲ့ဘက်ခြမ်းရဲ့ နံရံပေါ်က မြှားတွေစိုက်နေတဲ့ စက်ဝိုင်းချပ်ဆီကိုပဲ ပိုစိတ်ဝင်စားသွားခဲ့ပါတယ်။
“အက် ရှင်နဲ့ ကျွန်မနဲ့ ပြိုင်ဆော့ကြမလား။”
“လောင်းကြေးက”
“အင် နိုင်တဲ့ လူက ဒီနေ့ ဝယ်တိုက်ကြေး”
“ရှုံးတဲ့လူက ဖြစ်ရမှာ မဟုတ်ဘူးလား”
“ဟင့်အင်း။ ကျွန်မက ရှင့်ကို နိုင်အောင် ဆော့မှာ ဖြစ်ပြီး၊ နိုင်တဲ့လူကပဲ ဝယ်တိုက်မယ်။”
“ကောင်းပြီလေ။ ကိုယ်ကလည်း မိန်းကလေးတစ်ယောက် ဝယ်တိုက်တဲ့ အရက်ကို မသောက်မိဖို့ ကြိုးစားရတော့မှာပေါ့”
ပထမ ကော်ဖီဒိတ်ကလေးဟာ အကြောင်းအရာပေါင်းများစွာကို ဖလှယ်ပြောဆိုလို့ Tara’theme soundtrack လို ညိမ့်ညိမ့်ညောင်းညောင်းခံစားရင်း စိတ်ကျေနပ်စွာ ပြီးဆုံးသွားခဲ့ရတဲ့ ဒိတ်ကလေးဖြစ်တယ် ဆိုရင်၊ အခု ဘားဒိတ်ကလေးကတော့ ခုန်မင်ပျော်ရွှင်စွာနဲ့ လွတ်လပ်စွာ ခံစားလို့ မက်မက်မောမော အဆုံးသတ်သွားခဲ့ရတဲ့ ဒိတ်ကလေးပဲ ဖြစ်ပါတယ်။ ရေချယ် ဟာ သိမ်မွေ့ပြီးတော့၊ ထရီဇာ ကတော့ လန်းဆန်းပါတယ်။ ရေချယ်ဟာ စကားပြောဖော်ကောင်းတစ်ယောက်ဖြစ်ခဲ့တယ် ဆိုရင် ထရီဇာ ဟာ တက်ကြွတဲ့ ဘော်ဒါကောင်းတစ်ယောက် ဖြစ်တယ်။
အဆုံးသတ်မှာတော့ ရေခဲပြာရောင် မျက်ဝန်းတစ်စုံနဲ့ မိန်းကလေးဟာ စကားပြောလို့ ကောင်းခဲ့သလို၊ အတူပျော်ရွှင်ရယ်မောဖို့လည်း ကောင်းတဲ့ တစ်စုံတစ်ယောက်သာ ဖြစ်ပါတယ်။
ထရီဇာ ဟာ ထူးထူးဆန်းဆန်း ဂိမ်းတွေလည်း တီထွင်ဆော့တတ်ပါသေးတယ်။ အဲ့ထဲက တစ်ခုကတော့ အံစာတုံးတွေကို အသုံးပြုပြီး သူနဲ့ ဇယ်ခုတ်ဖို့ စိန်ခေါ်ခဲ့တာပဲ။ ဒီကစားနည်းကို မရင်းနှီးတဲ့ ဘားက တစ်ဖက်နိုင်ငံသားတွေကတော့ သူတို့နားမှာ အထူးအဆန်းနဲ့ ရပ်ကြည့်ခဲ့ကြပါသေးတယ်။ ၁၂ လုံး ဇယ်ကို ရောက်တဲ့အခါမှာတော့ ထရီဇာ ရဲ့ လက်စွမ်းပြမှုအောက်မှာ အားလုံးဟာ ပါးစပ်အဟောင်းသားဖြစ်ရင်း ဒီကစားနည်းကို Bar Game တစ်ခုအနေနဲ့ သတ်မှတ်ဖို့ တီးတိုးပြောဆိုကြတော့တာပါပဲ။
“မင်းကတော့ တကယ့်ကိုပဲ”
လို့ Edward ဆိုတော့ ထရီဇာ ဟာ မျက်လုံးတစ်ဖက်ကို ပြန်မှိတ်ပြလာပါတယ်။
အံစာတုံးနဲ့ ဇယ်ခုတ်တဲ့ ကမ္ဘာ့ပထမဆုံး လူသားဖြစ်ရမယ်လို့ Edward ဟာ ထရီဇာ့ကို မှတ်ချက်ပြုပေးခဲ့တယ်။
Jazz တီးဝိုင်းကို နည်းနည်း ထပ်နားဆင်ပြီးတဲ့ အခါမှသာ အနည်းငယ် ယိုင်ချင်နေတဲ့ ခြေလှမ်းတွေနဲ့ပဲ သူတို့ဟာ အလင်းရောင်အားနည်းရှာတဲ့ ဘားထဲကနေ ထွက်လာခဲ့ကြတယ်။ လန်ဒန်ရဲ့ ညလယ်ဟာ အနည်းငယ်လေကြမ်းပါတယ်။ ဩဂုတ်လဟာ လန်ဒန်မှာ နွေဉတု ဖြစ်နေပေမယ့် လေတိုက်တဲ့ အခါတွေမှာတော့ အနည်းငယ်ချမ်းစိမ့်တယ်။ ထရီဇာ ဟာ သူမ ဝတ်ထားတဲ့ အပါးသား Long Coat လေးကို ရင်ဘတ်ထိ ဆွဲစေ့လိုက်ပါတယ်။
တခဏအကြာမှာ ဓာတ်တိုင်အောက်ကို ပြေးတော့တယ်။ အလိုက်သိစွာနဲ့ပဲ Edward ဟာ လိုက်သွားလိုက်ပြီး ရွှေအိုရောင်ဆံနွယ်ခွေကို ကျောဘက်ဆီ သိမ်းယူ စုကိုင်ထားပေးလို့ သူမရဲ့ ကျောလေးကို ခပ်ဖွဖွ ပုတ်ရင်း ပွတ်သပ်ပေးလိုက်တယ်။
ဓာတ်တိုင်ကို လက်တစ်ဖက်နဲ့ ထောက်ပြုထားရင်း ခါကို ကိုင်းလို့ ကိုယ်ကို ညွတ်ထားခဲ့တဲ့ ထရီဇာ ဟာ အဆုံးသတ်မှာတော့ အန်လာခဲ့ခြင်း မရှိပါဘူး။ သူမဟာ လေတွေကိုသာ အန်ထုတ်နေခဲ့တယ်။
“အဆင်ပြေရဲ့လား”
နားထင်စနားက ရွှေအိုရောင်ဆံစတွေကို သပ်ပေးလိုက်ရင်းကနေ Edward ဟာ မေးတယ်။
“လေတိုက်လို့ နည်းနည်းမူးသွားရုံပါ။ သောက်ပြီး အန်တတ်တဲ့အထဲတော့ ကျွန်မ မပါဘူး။”
မကျေမနပ် နှာကစ်သံစွက်နေခဲ့တဲ့ လေသံကြောင့် Edward ဟာ ရယ်ရင်း ခေါင်းခါမိပါတယ်။
သူဟာ စစချင်းတုန်းက ရေချယ်ဆိုတဲ့ ရေခဲပြာမျက်လုံးပိုင်ရှင်လေးကို အမျိုးသမီးတစ်ယောက်လို့ ထင်ခဲ့တယ်။ အရွယ်ရောက်ကြီးပြင်းတဲ့ စရိုက်ဝသီကို ရေချယ့် ဆီမှာ တွေ့ခဲ့ပေမယ့် ဒီညရဲ့ ထရီဇာ ကတော့ နည်းနည်းကွဲပြားပါတယ်။ ထရီဇာ ဟာ မိန်းကလေးငယ် တစ်ယောက်ပဲ။ အပြည့်အဝ အရွယ်မရောက်သေးတဲ့ ဆိုးနွဲ့နွဲ့ကလေးတစ်ယောက်ကို ထရီဇာ ရဲ့ ကိုယ်ထဲမှာ သူဟာ မြင်တွေ့ခဲ့ရတယ်။
“အက် ရှင် ဟိုနားမှာ ခဏသွားနေပေးပါလား”
“Ok လေ”
Edward ဟာ ပြောပြီး သူ့အိတ်ထဲကနေ အနက်ပြောင် ပိုးသားခေါင်းစည်းကြိုးလေးကို ထုတ်ယူပါတယ်။ ရွှေအိုရောင် ဆံနွယ်ခွေလေးတွေကို တယုတယ သဲ့ယူလို့ ခပ်လျော့လျော့လေးပဲ စည်းနှောင်ပေးခဲ့တယ်။
သူ့လက်ဖဝါးပြင်ကျယ်ကြီးထဲမှာတော့ ဒီဆံနွယ်ခွေလေးတွေဟာ နာခံသမှုနဲ့ သူထားရာ မွေ့လျော်ရှာပါတယ်။ သူ့လက်ဖဝါးထဲမှာ ပွတ်သပ်လို့ ကျီစယ် ပျော်မွေ့နေတဲ့အလား။ တစ်စလောက်လေးတောင် မလျောကျသွားဘဲ အလိုက်သင့် ပဲ့ကိုင်ခံရင်းကနေသာ သူချည်ပေးခဲ့တဲ့အတိုင်း လိမ်လိမ်မာမာနဲ့ ကျန်ရစ်ခဲ့ရှာတယ်။
Edward ဟာ သူမ ကို ဓာတ်တိုင်အောက်မှာ တစ်ယောက်တည်း ချန်ထားရစ်ခဲ့ပြီး မနီးမဝေးမှာ ရပ်စောင့်နေခဲ့တယ်။ ကုတ်အကျီအိတ်ကပ်ထဲက ဆေးလိပ်ဘူးကို ထုတ်ယူတယ်။ ဆေးလိပ်တစ်လိပ်ကို ထုတ်လို့ နှုတ်ခမ်းမှာ ခဲထားလိုက်ရင်း မီးညှိတယ်။ လေတိုးနေတာကြောင့် တော်တော်ညှိယူပြီးမှသာ မီးစွဲသွားခဲ့တယ်။ အောင်မြင်ပြီးစီးသွားတဲ့နောက်မှာပဲ ထိပ်ဖျားကနေ ရှိုက်သွင်းလို့ လက်ချောင်းကြားညှပ်ရင်း ဆေးလိပ်ကို နှုတ်ခမ်းတွေကြားထဲကနေ ပြန်ထုတ်တယ်။ လေထဲမှာ အငွေ့တွေကို ပြန်လည်လို့ စွန့်ပစ်ပါတယ်။
ဆေးလိပ်သောက်ရင်း စောင့်နေပေးခဲ့တာမှာ သုံး၊ လေး၊ ငါး ခါလောက် ရှိုက်လိုက်မိပြီးတဲ့အထိပဲ။ အဲ့နောက်မှာသာ ထရီဇာ ဟာ သူ့အနားကို လျှောက်လာတယ်။
“တစ်လိပ်လောက်”
လို့ ဆိုရင်း သူ့လက်ထဲက ဆေးလိပ်ဘူးကို ဆွဲယူလို့ တစ်လိပ်ကို ထုတ်လိုက်ပြီး နီညိုရောင်နှုတ်ဖျားမှာ ကျွမ်းကျင်စွာနဲ့ပဲ တပ်ဆင်ပါတယ်။ သူအလိုက်သိစွာနဲ့ပဲ သူမနှုတ်ဖျားက ဆေးလိပ်ကို မီးညှိပေးလိုက်တယ်။
“ကျေးဇူး”
အငွေ့တွေကို လေထဲ မှုတ်ထုတ်ရင်း ဆိုလာတယ်။
“အန်လိုက်သေးလား”
“လေတွေပါပဲ။ အစာတွေ မပါဘူး။”
“မင်း ဘယ်လောက်မှလည်း စားခဲ့တာမှ မဟုတ်တာ။”
Edward ဟာ ပြောနေစဉ်မှာပဲ လက်မှာ ချိတ်တွယ်လို့ သူယူထားပေးခဲ့တဲ့ သူမရဲ့ Long Coat အညိုလေးကို သိမှတ်မဲ့စွာနဲ့ပဲ အလိုက်သင့် ပြန်ဝတ်ပေးလိုက်ပါတယ်။ သူဟာ ဘာလုပ်ပေးနေခဲ့မှန်း သူ့ကိုယ်သူသတိမထားမိလောက်တဲ့အထိ အရမ်းကို သဘာဝကျကျ ကျင့်သားရနေခဲ့တယ်။ သူမဟာလည်း သူဝတ်ပေးလာတဲ့ ကုတ်အင်္ကျီကို အလိုက်သင့် ကိုယ်မှာ စွပ်ပါတယ်။
အဲ့နောက် Edward ဟာ သူ့လည်ပင်းမှာ ပတ်ထားခဲ့တဲ့ မာဖလာအကွက်စိပ် အညိုလေးကို ဖြုတ်ယူလို့ သူမရဲ့ လည်တိုင်ဖြူကျော့ကျော့လေးမှာ ပတ်လို့ ချည်နှောင်ပေးလိုက်တယ်။
“ဒါလေးက ချည်သားနဲ့ လုပ်ထားတာလေးလေ။ အရမ်း မထူဘူး။ မင်းလည်ပင်းတွေ အေးနေလိမ့်မယ်။ ပတ်ထားလိုက်။”
ထရီဇာ ခေါင်းငြိမ့်ရင်းကနေ သူမ ဆံပင်တွေဆီ လက်လှမ်းလို့ သူစည်းပေးခဲ့တဲ့ ခေါင်းစည်းကြိုးကို ဆွဲဖြုတ်ယူပါတယ်။ ခေါင်းစည်းကြိုးဟာ ရွှေအိုရောင်ဆံပင်နွယ်လေးတွေဆီကနေ လျှောကျလို့ သူမ လက်ထဲ အလိုက်သင့် ပါလာခဲ့တယ်။ သူမဟာ သူ့ဆီ ခေါင်းစည်းကြိုးကို ပြန်ပေးလာခဲ့ပါတယ်။
“ယူထားလိုက်ပါ။ အစကတည်းက မင်းအတွက်ပဲ။ မိန်းကလေးတစ်ယောက်နဲ့ အတူသောက်တော့မယ်ဆိုရင် ခေါင်းစည်းကြိုးတစ်ကြိုးတော့ လိုလိမ့်မယ် ဆိုတာ ကိုယ်သိထားခဲ့လို့ အစကတည်းက ဝယ်လာခဲ့တာ။”
“ရှင်က မိန်းကလေး ဘယ်နှယောက်နဲ့များ သောက်ဖူးခဲ့လို့လဲ”
ပါးနပ်စွာ နှိပ်ကွပ်လိုက်တဲ့ စကားကြောင့် သူလည်း ရယ်သလို၊ သူမလည်း ကိုယ့်စကားမှာ ကိုယ် ပြန်ရယ်မောပါတယ်။
“လမ်းလျှောက်ကြမလား”
“လျှောက်နိုင်လို့လား”
“ရှင်မထမ်းရပါဘူး။ စိတ်ချပါ”
ပြောခဲ့သလိုပါပဲ။ သူတွဲကူစရာ မလိုအပ်ခဲ့ပါ။ အနည်းငယ်မျှလောက်လေးသာ အခြေမခိုင်တဲ့ ခြေလှမ်းတွေနဲ့ပဲ သူမဟာ အနက်ရောင် လမ်းမထက်မှာ ယိုင်နဲ့နဲ့ လျှောက်လှမ်းပါတယ်။ လန်ဒန်ရဲ့ ညဟာ သိပ်လှတာပဲလို့ Edward ဟာ သုံးလအတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ သိခဲ့ရတယ်။
ခပ်ထွေထွေ ခံစားချက်ထဲမှာ ရီဝေတိမ်မူးစွာနဲ့ပဲ သူတို့ဟာ ညရဲ့ လမ်းတွေထက်မှာ လျှောက်ခဲ့ကြပါတယ်။ မှေးစင်းနေတဲ့ ရေခဲပြာရောင် မျက်လုံးလေးတွေထဲက မှိန်းမူးနေတဲ့ အရိပ်အငွေ့လေးကို Edward ဟာ သဘောကျတယ်။
ထရီဇာ ကတော့ ရေချယ် ပြောခဲ့သလိုပဲ သူ့မျက်လုံးတွေ သိပ်လှကြောင်း ရှင်းပြပါတယ်။
သူမဟာ ဘားမှာ ထိုင်နေတုန်းကလည်း မှေးလေးထောက်ရင်းကနေ သူ့မျက်လုံးတွေထဲ ကြာမြင့်ငြိတွယ်စွာနဲ့ ငေးကြည့်နေခဲ့တာ။ ရေခဲပြာရောင် မျက်လုံးတွေကို မှေးစင်းထားရင်းနဲ့လေ။
“သိပ်လှတဲ့ မျက်လုံးတွေပဲ။ ဘယ်လောက်ကြည့်ကြည့် ထပ်ကြည့်ချင်နေတုန်းပဲ”
လို့ ထရီဇာ က ပြောခဲ့တယ်။
“မင်းဆန္ဒရှိရင် အခေါက်ပေါင်းများစွာ ကြည့်သွားလို့ ရတာပဲ”
လို့ သူပြောတော့ …
“ဒီလိုကနေ ကျွန်မက တွယ်ငြိပြီး မပစ်ပယ်မခွာရက်ဖြစ်လာတဲ့ အခါမှ ရှင်က သဒ္ဒါထားတာတွေကို ရုတ်သိမ်းပစ်လိုက်ရင်ရော”
“ဒါဆို တော်တော် အကျင့်မကောင်းတာပဲ”
“အဟက် … သေချာတာပေါ့”
“မင်းက အကျင့်မကောင်းတဲ့ ကောင်တွေနဲ့ပဲ တွေ့ခဲ့ရတာ ဖြစ်မယ်။”
“Edward ကျွန်မကို သီချင်းဆိုပြပါလား”
ဘေးနားကနေ ကပ်လို့ ပေါ်ထွက်လာတဲ့ အသံခပ်ရှရှလေးကြောင့် Edward ဟာ လက်ရှိကာလဆီကို အပြေးအလွှား ပြန်လည်ရောက်ရှိလာပါတယ်။
Edward ဟာ သူမရဲ့ ခြေထောက်တွေကို ငုံ့ကြည့်လိုက်တယ်။
“အရင်ဆုံး မင်းလမ်းလျှောက်လို့ အဆင်ပြေသေးရဲ့လား”
အနည်းငယ် ထော့နင်းထော့နင်းဖြစ်မှုကို သူဆိုလိုချင်မှန်း သူမလည်း သိရှိပါတယ်။
Edward ဟာ သူမကို လမ်းဘေးပလက်ဖောင်းမှာပဲ ထိုင်စေခဲ့တယ်။ အနားက ဓာတ်တိုင်ကနေ ဖြာကျလာတဲ့ မှိန်ဖျော့ဖျော့ မီးရောင်ဟာ အားနည်းသနားချင့်စရာကောင်းစွာနဲ့ပဲ သူမရဲ့ ညရေးညတာ လှပမှုကို ပံ့ပိုးပေးနေခဲ့ပါတယ်။
ညဘက်အလှလေးပဲ …. လို့ Edward ဟာ တွေးပါတယ်။
ပထမဆုံး သူမရဲ့ သုံးလက်မ ဒေါက်မြင့်ဖိနပ်ကို ချွတ်ပေးလိုက်တယ်။ နီရဲနေပြီဖြစ်တဲ့ သနားချင့်စရာ ခြေချောင်းလေးတွေဟာ ပေါ်လာတဲ့နောက် သူလက်ချောင်းတွေနဲ့ ဆုပ်ထွေးပြီး ခဏကြာအောင် နှိပ်နယ်ပေးလိုက်တယ်။
အနေရခက်တာမျိုးလည်း သူမဆီမှာ ရှာမတွေ့သလို သူကလည်း အသားတကျပဲ ဒီခြေချောင်းဖြူလွှလွှလေးတွေအပေါ်မှာ ယုယပေးခဲ့ပါတယ်။
“ခြေသည်းနီတွေလည်း အကုန်် မဆိုးထားဘူး။ တစ်ဝက်တစ်ပျက်နဲ့။”
“ဆိုးထားခဲ့တယ်။ နောက်တော့ ကုတ်ခြစ်လို့ ပျက်ကုန်တာ”
“ဘာလို့ ကုတ်ခြစ်ရတာလဲ”
“ဒီလိုပဲ … ကျွန်မ လက်က အငြိမ်မနေတတ်လို့။ စာကျက်နေရင် ပိုဆိုးတယ်။”
ထရီဇာ ဟာ ဘာပြောလိုက်လဲ သူ့ကိုယ်သူ သေချာ သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် Edward ကတော့ ဒီထဲက အရေးကြီးတဲ့ အရာတစ်ခုကို ဖမ်းယူမိလိုက်ပါတယ်။
သူမဟာ တကယ်တမ်းတော့ ကျောင်းသူတစ်ယောက်ပဲကို။
ခြေချောင်းတွေမှသည် ခြေကျင်းဝတ်ထိ ဆုပ်နယ်ပေးပြီးတဲ့နောက်တော့ Edward ဟာ သူ့ရဲ့ Sneaker ကို ချွတ်ပြီး သူမရဲ့ ခြေထောက်တွေမှာ ဝတ်ဆင်ပေးလာခဲ့ပါတယ်။
သူလုပ်ပေးသမျှကို သူမဟာ မှေးစင်းနေတဲ့ မျက်လုံးတွေနဲ့ ရီဝေဝေကြည့်ရင်း ငြိမ်သက်နေခဲ့တယ်။
ဖိနပ်ဝတ်ပေးပြီး ဖိနပ်ကြိုးတွေလည်းချည်ပေးပြီးသွားတဲ့နောက်မှာ Edward ဟာ ထရီဇာ့ကို မော့ကြည့်လာပါတယ်။ စောင့်ကြိုနေခဲ့တဲ့ ရေခဲပြာရောင် မျက်လုံးလေးတွေနဲ့ ဆုံကြိုက်တယ်။
သူဟာလည်း မလွဲဖယ်စွာနဲ့သာ ရေခဲပြာရောင် အမူးမျက်လုံးလေးတွေထဲ ငေးနေခဲ့သလို၊ သူမဟာလည်း သူ့ရဲ့ စိမ်းဖန့်ဖန့် မျက်လုံးလေးတွေထဲ ပြန်ငေးတယ်။
“သိပ်လှတယ်”
နီညိုရောင် ခြယ်ထားခဲ့ပါတဲ့ နှုတ်ခမ်းက ဆိုပါတယ်။
“ရှင့်မျက်လုံးလေးတွေက အညိုရောင်လေး … အာ မဟုတ်ဘူး”
ပြောရင်း ခေါင်းခါပစ်တယ်။ အဲ့နောက် ရီဝေဝေ အမူးမျက်လုံးလေးတွေနဲ့ ပြန်ကြည့်လာတယ်။ မျက်မှောင်လေးကို အတန်ကြုတ်လို့။ အညိုရောင် မျက်ခုံးလေးတွေကိုလည်း သိပ်လှစွာနဲ့ တွန့်ချိုးထားလို့။ ရေခဲပြာရောင်ဟပ်ပါတဲ့ အမူးမျက်လုံးလေးတွေဟာ အခုလို ရီဝေဝေဖြစ်နေရင် ပိုလို့ လှတယ်လို့ Edward ဟာ ထင်ပါတယ်။
အမူးမျက်လုံးလေးတွေကပဲ ရေခဲပြာရောင်ထဲမှာ ရီဝေစွာနဲ့ ပိုလှနေခဲ့တာလား။
ရေခဲပြာရောင်မျက်လုံးလေးတွေကပဲ မူးနေရင် ပိုလှနေတတ်တာလားတော့ Edward လည်း သေချာမသိ။
“စိမ်းဖန့်ဖန့်လေး … ဟုတ်တယ်၊ ရှင့်မျက်လုံးလေးတွေက စိမ်းဖန့်ဖန့်လေး။ မပီမသအစိမ်းရောင်ထဲမှာ သေချာကြည့်မှ မြင်ရတဲ့ အညိုရောင်။ အစိမ်းရောင်ထဲက အညိုရောင် … စိမ်းဖန့်ဖန့်ထဲက ညိုမြမြ အရောင် … အင်၊ စိမ်းညို့ရောင်။”
“….”
သူ့ရဲ့မျက်လုံးအရောင်ကို အသေးစိပ်ခွဲခြမ်းစိပ်ဖြာနိုင်တဲ့အထိ သူတို့ရဲ့ မျက်နှာနှစ်ခုဟာ အင်မတန်မှ နီးကပ်နေခဲ့ပြီဆိုတာကို Edward ဟာ သိနေပေမယ့် အမူးသမားကလေးရဲ့ ကောက်ချက်ချနေမှုထဲမှာ သူကိုယ်တိုင်ဟာ အရယ်တစ်ဝက်နဲ့ လိုက်လံမျောပါနေခဲ့တယ်။
“နောက်ဆုံးတော့ ကျွန်မ သိခဲ့ပြီ။ ရှင့်မျက်လုံးအရောင်က စိမ်းညို့ရောင်ပဲ။”
အဲ့နောက် ထရီဇာ ဟာ သူ့ဟာသူသာ ရေရွတ်ပါတယ်။ ကိုယ်တိုင်ရဲ့ ရေခဲပြာ မျက်လုံးလေးတွေကို မူးယစ်ရီဝေစွာ မှေးစင်းထားလို့ ရေရွတ်တယ်။
“အစိမ်းရောင်ထဲမှာ အညိုရောင်။
စိမ်းဖန့်ဖန့်ထဲက အညိုနုရောင်။”
Edward ကတော့ သူမ မျက်လုံးတွေထဲ လိုက်လံလို့ အမိအရ ငေးကြည့်နေစမြဲ။
ဒီရေခဲပြာရောင် အမူးမျက်လုံးလေးတွေဟာ သိပ်ကိုမှ တိမ်မူးလိုက်ချင်စရာ ကောင်းတာပါပဲလို့ သူက တွေးပါတယ်။
ဒီကြိုးလေးဟာ နည်းနည်းထပ်တိုးလို့ ပိုရစ်ပတ်ရင် ကောင်းမယ်။
အဲ့နောက်တော့ ပေါ့ပါးသွားပြီဖြစ်တဲ့ ခြေထောက်လေးတွေနဲ့အတူ သူမဟာ သူ့ Sneaker လေးကို စီးထားရင်း ခုန်ပေါက်လို့ အနက်ရောင် လမ်းမထက်မှာ လျှောက်ပါတယ်။ ကိုယ်လေးကိုလည်း အရှေ့နောက် လှည့်လည် ပတ်ရမ်းရင်း …။ Edward ကတော့ သူမရဲ့ဒေါက်ဖိနပ်လေးတစ်ရံကို ကိုင်လို့ ဗလာဖြစ်နေတဲ့ ခြေထောက်တွေနဲ့သာ ပုံမှန်လေးလှမ်းရင်း မျက်လုံးပြာလေးနောက် လိုက်ပါတယ်။
Talking to the moon သီချင်းစာသားကိုလည်း ခပ်တိုးတိုးလေး ဆိုညည်းရင်းနဲ့…
I know you’re somewhere out there … Somewhere far away …
I want you back, I want you back
My neighbors think I’m crazy, but they don’t understand
You’re all I have, you’re all I have
ထရီဇာ ဟာ လက်ကလေးနှစ်ဖက်ကို ဆန့်တန်းလို့ မေးဖျားလေးကို မော့ပင့်စေရင်း ရပ်လိုက်တယ်။ လန်ဒန်ရဲ့ ညလေတဖြူးဖြူးထဲမှာ ရွှေအိုရောင်ဆံနွယ်ခွေလေးတွေဟာ သက်သက်သာသာနဲ့ လွင့်မျောပါတယ်။
ဒီလို ချစ်ဖို့ ကောင်းစွာနဲ့ ဆွဲဆောင်မှုရှိစွာ မူးနေတတ်တဲ့ မိန်းကလေးမျိုး Edward ဟာ သည့်မတိုင်ခင်က မတွေ့ခဲ့ဖူးဘူး။ သူ့လက်ထဲမှာပဲ ထိုးအန်လို့ ပေရေစွာ အိပ်ပျော်သွားခဲ့တဲ့ မိန်းကလေးတွေကိုသာ တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီမိန်းကလေးကတော့ သူမရဲ့ တိမ်းမူးရီဝေနေတဲ့ ရေခဲပြာရောင် မျက်လုံးလေးတွေကအစ ဆွဲဆောင်မှု သိပ်ရှိတယ်လို့ Edward က ခြွင်းချက်မရှိ ထင်မြင်ပါတယ်။
လန်ဒန်ရဲ့ ညဟာ တက်ကြွစွာနဲ့ တစ်မျိုးတစ်ဖုံလည်း ဆိတ်ငြိမ်စွာနဲ့ လှတယ်။ နီယွန်မီးသီးတွေနဲ့ ၊ ဝေးလိုက်နီးလိုက် ဖြစ်နေတဲ့ ကားမီးရောင်တွေနဲ့ ဝါကျင့်ကျင့် အလင်းရောင်ရှိတဲ့ လမ်းဘေးမီးတိုင်တွေနဲ့ … ရောယှက်လို့ အလှဆင်ထားတဲ့ လန်ဒန်မြို့ရဲ့ ညမှာ ရံဖန်ရံခါ ကားဟွန်းတီးသံတွေကို ကြားတယ်၊ ရံဖန်ရံခါ စက်ဘီး ဘဲလ်သံတွေကို ကြားတယ်။
တိတ်ဆိတ်စွာနဲ့ ဆောင့်ကြောင့်ထိုင်နေခဲ့တဲ့ လန်ဒန်ရဲ့ လန်ဒန်ပီသတဲ့ အဆောက်အဉီးတွေ၊ နှစ်ထပ်ကားနီတွေနဲ့ လမ်းဘေးဖုန်းရုံနီတွေ၊ တစ်ချက်ချက် အသံတွေ ပြန့်လွင့်လာတတ်တဲ့ စားသောက်ဆိုင်တွေ၊ ညနက်ရဲ့ ပြဇာတ်ရုံတွေ၊ တိတ်တဆိတ်ဖြစ်တည်မှုထဲမှာတင် အသက်ဝင်နေတတ်တဲ့ မြို့ရဲ့ ညတစ်ညမှာ သူဟာ တစ်စုံတစ်ယောက်ထဲမှာတင် နောက်ထပ် တစ်စုံတစ်ယောက်ပေါင်းများစွာကို ရှာတွေ့နိုင်စွမ်းရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ အတူ ရှိနေခဲ့တယ်။
လန်ဒန်ဟာ လန်ဒန်ပဲ။
ရေခဲပြာရောင် မျက်လုံးလေးတွေဟာလည်း ရေခဲပြာလေးအတိုင်းပဲ။
ဘဝမှာ ညတစ်ညကို ဒီလို အချိန်ပေးလို့ မခံစားခဲ့ဖူးတာ ကြာလှပါပြီ။ တစ်စုံတစ်ယောက် မရှိဖူးတာလည်း ကြာလှပြီ။ သူဟာ ညတွေကို ကျောပေးလို့ ရှောင်ပုန်းနေခဲ့တာကြာခဲ့ပြီး၊ အခုမှာတော့ ညကို Edward ဟာ ပြန်ရှာတွေ့ပါတယ်။
ညဟာ အရင်အတိုင်း ညပီသစွာပဲ။
ကောင်းကင်နက်ကြီးတစ်ခုရှိမယ်။
ရှည်လျားတဲ့ လမ်းမနက်ကြီးတစ်ခုရှိမယ်။
နီယွန်မီးသီးရောင် အမှုန်အမွှားလေးတွေရှိမယ်။
ကားဟွန်းသံလေးလည်း အနည်းအကျဉ်းလောက်ရှိပြီး ပြန်လည်လို့ တိတ်ဆိတ်မယ်။
အရောင်ပြန်လို့ ငွေရောင်တလက်လက်ထနေတတ်တဲ့ ရေပြင်ကြီးလည်းရှိမယ်။
ပြီးတော့ ဒီမိန်းကလေးလည်း ရှိမယ်။
သူ့အရှေ့နားလောက်မှာ သူ့ဖိနပ်တွေကို ဝတ်ထားရင်း လန်ဒန်ရဲ့ ညနက်ကောင်းကင်ကြီးကို မျက်နှာချင်းဆိုင်လို့ ရပ်နေတဲ့ မိန်းကလေးကို ငေးရင်း Edward က တိုးလျစွာ သီချင်းဆက်ဆိုတယ်။
“At Night, when the stars light up my room
I sit by myself”
ရုတ်တရက် ထရီဇာ ဟာ သူ့ကို လှည့်ကြည့်လာတယ်။
Talking to the moon ……
Trying get to you ….
In hope you’re on the other side, talking to me too or am I a fool, who sit alone, talking to the moon …..
ပြုံးပြလာတာပါပဲ။ နီညိုရောင်နှုတ်ခမ်းလေးတွေဟာ ပကတိ ရှင်းသန့် စွာနဲ့ပြုံးပြလာတယ်။ ပေါ့ပါးညင်သာလွန်းပါတယ်။ နိုဝင်ဘာမှာ အကြိုကျလာတတ်တဲ့ နှင်းမှုန်စလေးတွေလိုပဲ ပကတိ ပေါ့ပါးညင်သာတယ်။
Edward ဟာ သီချင်းဆက်ညည်းဆိုရင်းနဲ့ပဲ သူမနားကို လျှောက်သွားလိုက်တယ်။ အဲ့နောက်တော့ သူမနဲ့ အတူ ကောင်းကင်နက်နက်ကို မော့ကြည့်တယ်။ သူတို့ကိုတော့ လမင်းကြီးက ပြန်ငုံ့ကြည့်နေပါတယ်။ ကြယ်မှုန်စလေးတွေလည်း တဖျောက်ဖျောက်နဲ့ လက်နေခဲ့တယ်။
လမင်းကြီးကို ကြည့်ရင်း သီချင်းညည်းနေခဲ့တဲ့ Edward ရဲ့ အသံနောက်မှာ အသံခပ်ရှရှကလေးတစ်ခုဟာ တိုးလျစွာနဲ့ လိုက်ပါလာတယ်။ တိုးတိတ်စွာနဲ့ပဲ။ တိုက်တိုက်ဆိုင်ဆိုင် အတူ ဆိုညည်းဖြစ်လိုက်တဲ့ စာသားကတော့ …
Talking to the moon …..
Trying get to you …..
In hope you’re on the other side, talking to me too or am I a fool, who sit alone,
မရည်ရွယ်ဘဲ လက်တွေကို အချင်းချင်း ဆုပ်ထွေးလိုက်မိကြတယ်။
အချင်းချင်းတော့ ငဲ့မကြည့်လာခဲ့ကြ။
Talking to the moon …..
လန်ဒန်ရဲ့ ညနက်ဟာ ဘယ်လောက်များ လှလိုက်ပါသလဲ။
လျှောက်လာခဲ့တဲ့ အနက်ရောင် လမ်းမကြီးကလည်း လှတယ်။
သူတို့ မော့ကြည့်မိတဲ့ လမင်းကြီးကလည်း လှတယ်။
ကြယ်မှုန်မွှားလေးတွေကလည်း လှပြီးတော့ …၊
ရေခဲပြာရောင် ရီဝေဝေ မျက်လုံးလေးတွေကလည်း လှပါတယ်။
နောက်ဆုံး သီချင်းတစ်ပုဒ်က အစလှနေခဲ့တာပဲ။
လန်ဒန်ဟာ ဒီလောက်လှတတ်မှန်း Edward ဟာ အခုမှသာ သိနိုင်ခဲ့တာ ညံ့လွန်းတာပါပဲ။ ဒီလို သူဟာ သူ့ကိုယ်သူတွေးတယ်။ ဒီထက်စောစောလေးသိနိုင်ခဲ့ရင် လန်ဒန်ရဲ့ ညတွေထဲမှာ ခုန်မင်ပျော်မွေ့ဖို့ သူဟာ ခပ်မြန်မြန်လေး ကြိုးစားခဲ့မှာပဲ။ သူ့ရဲ့ တိုက်ခန်းက အိပ်ရာထဲမှာတင်နေပြီး ဟိုဒီဖြတ်ပြေးနေတဲ့ ကြွက်တွေကို ထိုင်ကြည့်ရင်း စာဖတ်နေဖို့အတွက်ပဲ သုံးဖြုန်းခဲ့မှာ မဟုတ်ဘူး။
“Edward ကျွန်မကို ကုန်းပိုးမလား”
“အိပ်ချင်လာလို့လား”
“ဟင့်အင်း … ဒီတိုင်း လမ်းမလျှောက်ချင်တော့လို့။ Taxi မငှားခင် ခဏလောက် ကုန်းပိုးသွားပါလား။”
Edward ဟာ ချက်ချင်းထိုင်ချပေးလိုက်ပါတယ်။ ခဏအကြာမှာ ကျောပြင်ထက်မှာ ပါးပြင်လေးတစ်ခု အပ်လာခဲ့ကြောင်း ခံစားသိမှတ်လိုက်ရတယ်။ ဆံနွယ်ခွေလေးတွေလည်း သူ့ကျောမှာ ပြန့်ကြဲနေမှာပဲ။ သူ့ကျောမှာ အပ်ကျလို့ ကပ်နေခဲ့တဲ့ ပါးပြင်ရဲ့ အနွေးဓာတ်လေးကိုပဲ ခပ်ရေးရေး ခံစားရင်း အနောက်ကကိုယ်လေးကို ထိန်းကိုင်လို့ Edward ဟာ ထလိုက်ပါတယ်။
လက်ကလေးနှစ်ဖက်ဟာ သူ့လည်တိုင်ကို အနောက်ဘက်ကနေ သိုင်းဖက်လို့ မှီတွယ်လာခဲ့တယ်။
လက်တစ်ဖက်နဲ့ သူမရဲ့ ဒေါက်ဖိနပ်ကို ကိုင်ရင်း ကျန်လက်တစ်ဖက်နဲ့ သူမကို ထိန်းကိုင်တယ်။
အဲ့နောက်တော့ အနက်ရောင်လမ်းမရှည်ကြီးထက်မှာ Edward ဟာ လျှောက်လှမ်းပါတယ်။
သူဟာ ဖြစ်နိုင်ရင် ဒီညမှာ ဒီလမ်းကို နည်းနည်းပိုလို့ ထပ်ရှည်လျားချင်ခဲ့တယ်။ ဘယ်လောက်ရှည်ရှည်၊ ဘယ်မှာပဲ အဆုံးသတ်သတ် ကိစ္စမရှိတန်ပါဘူး။
သူ့ကျောနောက်မှာ သူထမ်းလို့ ပိုးလာမဲ့ ကိုယ်လေး တစ်ခု ရှိနေတာပဲ။ သူသွားရာ လိုက်ပါလာမဲ့ တစ်စုံတစ်ယောက်ရှိနေခဲ့တာပဲ။ ဒီလမ်းတွေရှည်တော့ရော ဘာအရေးပါလဲ …။
ရှည်လျားစေချင်ခဲ့တဲ့ လမ်းတွေပါပဲ။
ဒီလိုမှသာ ဒီကိုယ်လေးကို ဒီထက်ကြာကြာ ထမ်းပိုးနိုင်ခဲ့လိမ့်မယ်။
“Edward … Lily ပန်း အဖြူရဲ့ ဘာသာစကားကို သိလား”
သူ့လည်တိုင်တွေကို ဖက်တွယ်ထားတဲ့ လက်ပိုင်ရှင်လေးဟာ နောက်ကျောဘက်ဆီကနေ မေးလာခဲ့တယ်။
“ကိုယ် မပြောတတ်ဘူး”
“I’m happy with you တဲ့ ….”
“…..”
“မင်းနဲ့အတူရှိရတာ စိတ်ချမ်းမြေ့စရာပါ။”
ကြယ်စကလေးဟာ မီးမွှားလေးတွေလို တဖျောက်ဖျောက်နဲ့။
ကြယ်မှုန်ကြယ်မွှားလေးတွေ အဖော်ပြုပေးထားတဲ့ လမင်းကြီးကလည်း သူတို့သွားရာ လိုက်ပါလို့။
လန်ဒန်ရဲ့ညဟာ … ညပီသလို့။
********************************************
ဝိညာဉ်နှုတ်ယူသွားသော လမ်းခွဲခြင်းများ။
ဒီတစ်ကြိမ်မှာတော့ Edward ဟာ သူမဆီက နောက်တစ်ကြိမ် ဆက်သွယ်လာဖို့ကို နေ့ရက်တိုင်းမှာ အားတက်သရော စောင့်မျှော်ခဲ့ပါတယ်။ စိတ်အားထက်သန်စွာနဲ့ ရှိနေခဲ့ပေမယ့် နှစ်ပတ်လောက် ကြာမြင့်လာတဲ့ အထိကို သူမဟာ မဆက်သွယ်လာခဲ့ဘူး။ နှစ်ပတ်မြောက်ရဲ့ တနင်္ဂနွေနေ့မှာ Edward ဟာ မျှော်လင့်ချက်မဲ့လာသလို ခံစားရတယ်။ သူဟာ သူမအတွက် သုံးကြိမ်မြောက်အထိတောင် ပတ်သက်ချင်တဲ့ လူမဖြစ်နိုင်ခဲ့ဘူးလားလို့ တွေးမိလိုက်တော့ စိတ်ထဲ တော်တော် နေလို့ထိုင်လို့ မကောင်းဖြစ်သွားခဲ့ရပါသေးတယ်။
သူ့ကျောထက်မှာ သူမရှိစဉ်က အခိုက်အတန့်ကလေးကို Edward ဟာ စိတ်မှန်းနဲ့ ပြန်တွေးကြည့်တယ်။ ဘားမှာတုန်းက သူခေါက်သိမ်းထားခဲ့တဲ့ မေးခွန်းကို သူထုတ်မေးလိုက်မိသလိုပဲ။
“မင်းကျောနောက်ဘက်က ပျက်စီးသွားတဲ့ ဆက်ဆံရေးတွေဆိုတာ မင်းကရပ်နေပေးဖို့ထက် အရင်လှည့်ထွက်ခဲ့တာကြောင့်ရော မဖြစ်နိုင်ဘူးလား ထရီဇာ”
“….”
“အခြားလူကို မယုံကြည်တာလား၊ မင်းကိုယ်မင်း မယုံကြည်တာလား”
“ဘာလို့လဲဆို ကျွန်မက အရင်မထွက်လာရင် တစ်ဖက်က အရင် ထွက်သွားနိုင်တာပဲလေ”
ထရီဇာဟာ မျက်လုံးလေးတွေ မှိတ်ချထားရင်း ဖြေခဲ့တယ်ထင်ပါတယ်။ အိပ်လိုစိတ်ကလေးတစ်ဝက်ဟာ သူ့အသံထဲမှာ ခြေမဖော့တတ်တဲ့ သူခိုးတစ်ယောက်လို ငြိပါလာခဲ့တယ်။
“မတည်မြဲတဲ့အရာတွေကို ဘယ်သူက ယုံကြည်မှာလဲဆိုတာ … ကျွန်မတွေ့ခဲ့ဖူးသလောက်တော့ မျက်နှာချင်းဆိုင်ရပ်နေကြတဲ့ လူနှစ်ယောက်တည်းမှာ အချိန်တန်လာရင် တစ်ယောက်ယောက်ကတော့ထွက်သွားဖို့ ဖြစ်လာတာချည်းပဲ။ ကျွန်မက ကျောဘက်တွေကို မုန်းတယ်။”
“ဘယ်သူမှ မထွက်သွားရတာလည်း ဖြစ်နိုင်တာပဲ။”
ထရီဇာ အိပ်သွားပြီလို့ သူထင်ခဲ့ပါတယ်။ ဒါပေမယ့် စက္ကန့်ကလေးနည်းနည်းအကြာမှာ သူ့ကျောဘက်ဆီက ကိုယ်လေးဟာ လူးလွန့်ရင်း ပြန်ဖြေပေးလာတယ်။
“ကျွန်မ ဘဝမှာ အားလုံးကို နှုတ်ဆက်ခဲ့ရတာချည်းပဲ။ အရင်က ပတ်သက်ဖူးတဲ့ ဘယ်လိုဆက်ဆံရေးမျိုးပဲ ဖြစ်ဖြစ် နှုတ်ဆက်လာခဲ့ရသလို၊ အခု ကျွန်မ ပတ်သက်နေတဲ့ လူအားလုံးကိုလည်း တစ်ချိန်ကျရင် နှုတ်ဆက်သွားရဦးမှာပဲ။ အချို့အရာတွေက ဒီအတိုင်းဖြစ်လာတာ”
“…”
“ကျွန်မ အခုတော့ ရှင်နဲ့ နှုတ်ဆက်တဲ့ အကြောင်းတွေ မဆွေးနွေးချင်သေးဘူး အက်”
“မင်း သဘောပါ ထရီဇာ”
ဒါကြောင့်ပဲ ထရီဇာဟာ သူ့ကို နောက်ထပ်တစ်ကြိမ်ထပ်တွေ့လိုသေးတယ်လို့ Edward ဟာ ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ထင်မြင်ချက်ဟာ လွဲစင်သွားခဲ့သလိုပဲ။
သူဟာ ရေချယ် တစ်ဖြစ်လည်း ထရီဇာ ကို နောက်တစ်ကြိမ်ပြန်တွေ့နိုင်ပါဦးမလားဆိုတာ Edward ဟာ - မသေချာနေခဲ့ပါ။
S lr i á s
(April , 2021 – ရေးလ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
LTY_MoeNge