မုဆိုးဒီးဒီး၏ တောတွင်းစွန့်စားခန်းများ .........အခန်း (၁၁) မနုဿမုဆိုး
lotaya.mpt.com.mm
|
2023-12-01

(၁)

တစ်ချက်တစ်ချက် ပေါ်ထွက်လာသည့် သားကောင်များ၏ အော်ဟစ်သံမှတပါး တောအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ဒီးဒီးတစ်ယောက် မြက်ရိုင်းပင်ရှည်ကြီးများအကြားတွင် အသာကလေးတိုးဝှေ့ကာ သွားလာနေလေသည်။ ထိုမြက်ရိုင်းပင်ရှည်ကြီးများ ထူထပ်စွာပေါက်ရောက်နေသည့် တောင်ကုန်းအောက်ခြေအနီးတွင်တော့ စိုင်တစ်အုပ်က ကျက်စားနေလေသည်။ စိုင်အုပ်က ရှစ်ကောင်ခန့်ရှိမည်ဖြစ်ပြီး စိုင်ပေါက်ကလေးများလည်းပါဝင်ကြသည်။ စိုင်ပေါက်ကလေးများမှာတော့ ပြေးလွှားဆော့ကစားနေကြလေသည်။ စိုင်မကြီးက မြက်စားနေသော်လည်း ပတ်ဝန်းကျင်ကို အမြဲမပြတ်အကဲခတ်နေလေသည်။ သူ့နားရွက်များကို လှုပ်ယမ်းလျက် ပတ်ဝန်းကျင်မှ အသံကိုနားစွင့်နေလေသည်။ 

"ချွတ်"

မြက်ရိုင်းတောအတွင်း သစ်ကိုင်းခြောက်တစ်ခုကို ဒီးဒီးနင်းမိသွားသည့်အခါ စိုင်မကြီးက ခေါင်းထောင်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်နေလေသည်။ ဒီးဒီးက မြေကြီးနှင့်ထိလုနီးပါး ကုန်းလိုက်သဖြင့် မြက်ရိုင်းတောကြားတွင်ဖုံးလွှမ်းနေပြီး မမြင်သာခြင်းဖြစ်သည်။ ဒီးဒီးလည်း ရှေ့ဆက်မတိုးရန်စဉ်းစားလိုက်ပြီး မြက်ရိုင်းတောအတွင်းမှပင် သေနတ်ကိုမောင်းတင်လိုက်ကာ ခေါင်းကိုတဖြည်းဖြည်းထောင်ထွက်လိုက်သည်။

စိုင်မကြီးကလည်း ဒီးဒီးရှိသည်ကို ကြိုသိသည့်အလား ပြေးလွှားနေကြသည့် စိုင်ငယ်ကလေးများကို အော်ဟစ်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်သွားကာ ကလေးငယ်များအား လိုက်လံထိန်းကျောင်းနေပုံရသည်။ ဒီးဒီးလည်း အသားဆူဖြိုးလှသည့် စိုင်မကြီးကို သေနတ်ဖြင့်ထိုးချိန်လိုက်သည်။

"မုဆိုးဆိုတာ စည်းစောင့်ရတယ်ကွ၊ ဇီးလွယ်ထားရတဲ့ အကောင်တွေကို ဘယ်တော့မှမပစ်ရဘူး၊ နောက်ပြီး သားသည်အမေတွေကိုပစ်မယ်ဆိုရင်လည်း သူ့သားသမီးအရှေ့မှာ မပစ်သတ်ရဘူး၊ အဲဒါ မုဆိုးတွေစောင့်ထိန်းရမည့် စည်းပဲ"

ဖခင်ဆုံးမဖူးသည့် စကားများကိုပြန်ကြားယောင်လိုက်ပြီးနောက်  သေနတ်ပြောင်းကို စိုင်မကြီးဆီမှဖယ်ခွာလိုက်ကာ စိုင်ထီးတစ်ကောင်ဆိသို့ထိုးချိန်လိုက်သည်။ ထိုစိုင်ထီးမှာ စိုင်မကြီးလောက်မထွးပေ၊ သို့သော်လည်း ရွေးချယ်ရန်မရှိတော့သည်မို့ ထိုစိုင်ထီးကိုသာ ပစ်ရန်ရှိတော့သည်။

"လာစမ်း၊ တစ်ကောင် . . ."

"ဒိုင်း"

သေနတ်ပြောင်း၀မှ ကျည်ဆန်က အရှိန်နှင့်ပြေးထွက်သွားပြီးနောက် စိုင်ကောင်၏ ပုခုံးကိုဖြတ်မှန်သွားသည်။ စိုင်မကြီးမှာ စူးစူးဝါးဝါးအော်ဟစ်ပြီးနောက် စိုင်ကလေးများနှင့်အတူ တောအုပ်ထဲဝင်ပြေးလေသည်။ ကျည်ဆန်ထိသွားသည့် စိုင်ထီးမှာလည်း ခြေထော့ကျိုးဖြင့် တောအုပ်အတွင်းသို့ ဝင်ပြေးလေသည်။ ဒီးဒီးလည်း လျင်မြန်စွာမတ်တပ်ရပ်လိုက်ပြီး မောင်းကိုဆွဲတင်လိုက်သည့်အခါ ကျည်အိမ်အတွင်းမှ ကျည်ဆန်ခွံက ချွင်ခနဲမြည်လျက် ထွက်ခွာသွားပြီး ကျည်ကတ်အတွင်းမှ ကျည်ဆန်တစ်တောင့်က ကျည်အိမ်အတွင်းဝင်ရောက်လာကာ ထပ်မံပစ်ခတ်ရန်အသင့်ဖြစ်သွားသည်။

"ဒိုင်း"

ပြေးလွှားနေသည့် စိုင်ကောင်အား နောက်တစ်ချက်အမိအရပစ်ခတ်ထည့်လိုက်ရာ စိုင်ကောင်၏ နံကြားထဲသို့ ကျည်ဆန်ကတိုးဝင်သွားပြီးနောက် စိုင်ကောင်မှာ ကျွမ်းပစ်လဲကျသွားသည်။ ခြေနှစ်ဖက်ကို မိုးပေါ်ထောင်လျက် ပြေးလွှားသည့်ဟန်ပြုလုပ်နေသေးသည်။ ဒီးဒီးလည်း သေနတ်ကိုလွယ်လိုက်ပြီးနောက် ခါးကြားမှ အမဲလိုက်ဓါးကိုဆွဲဖြုတ်လိုက်ကာ စိုင်ကောင်ဆီသို့ ပြေးဆင်းလာခဲ့သည်။ စိုင်ကောင်မှာ ကျည်ဆန်ထိမှန်ပြီး ကလီစာများပွင့်ထွက်သွားသော်လည်း ရုတ်တရက်မသေဆုံးသေးသဖြင့် ဒီးဒီးကပင် အမဲလိုက်ဓါးကို နှလုံးသားထံသို့ ထိုးစိုက်ချလိုက်ကာ ဘ၀တစ်ခုကို အဆုံးသတ်ပေးလိုက်ရတော့သည်။

(၂)

စိုင်ကောင်ကြီးထမ်းလာပြီး ခြံထဲသို့ဝင်လိုက်ကာ စိုင်ကောင်ကိုမြေတွင်ပစ်ချလိုက်သည်။

"ဒီးနာ၊ အမဆယ်ဖော . . . ဟာ၊ ဘယ်သူမှမရှိကြဘူးလား"

တစ်လမ်းလုံးစိုင်ကောင်ကြီးထမ်းလာရသဖြင့် ဒီးဒီးကမောပန်းနေလေသည်။ အိမ်ရှေ့ကွပ်ပျစ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး သေနတ်ကိုဘေးတွင်ချထားလိုက်သည်။ ထိုအခါ ဒီးနာက အိမ်နောက်ဖေးမှပြေးထွက်လာလေသည်။

"ဟယ်၊ စိုင်ရလာတာပါလား"

"အေးဟ၊ ဒါတောင်မှ စိုင်မကြီးက သူ့သားပေါက်တွေနဲ့မို့ မပစ်ခဲ့ရလို့၊ ဒီအကောင်ကတော့ နည်းနည်းသေးသွားတယ်"

"ရသလောက်နဲ့ပဲ ကျေနပ်ပါယောက်ျားရယ်"

"ဒါနဲ့ အမဆယ်ဖောကိုမတွေ့ပါလား"

ထိုအခါ မဆယ်ဖောက ခြံအတွင်းသို့ပြေးဝင်လာလေသည်။ ထို့နောက်လက်ခုပ်လက်ဝါးတီးလျက်

"ဟေးဟေး၊ ငါ့မောင်က စိုင်ရလာပါလား"

ထိုသို့ပြောပြီး သေဆုံးနေသည့် စိုင်သေကိုလှည့်ပတ်ကြည့်နေလေသည်။ ဒီးဒီးလည်းမဆယ်ဖောကိုကြည့်ရင်း

"ဒါနဲ့ဘာတွေများ ဒီလောက်ပျော်စရာကောင်းနေလို့လဲ"

"ကျုံဒွန်းမြို့က လူတစ်ယောက်က မှာဖူးတယ်၊ သူ့အတွက် စိုင်အူကြမ်းရရင်ပေးစမ်းပါတဲ့၊ ဈေးကောင်းကောင်းပေးပါ့မယ်တဲ့၊ သူက ဒူလာဖြစ်နေတဲ့ စိုင်အူကြမ်းစားရမှာတဲ့ဟ"

"ကဲဗျာ၊ ဒါဆိုရင်လည်း စိုင်ကိုဖျက်ကြတာပေါ့"

ထိုစဉ် ရွာထဲမှ ခွေးဟောင်သံများကိုကြားရသည်။ တစ်ခုခုရုတ်ရုတ်သဲသဲဖြစ်နေပုံရသည်။ ဒီးဒီးလည်း ခြံ၀သို့ထွက်ကြည့်မည်အလုပ်တွင် ခြံရှေ့တွင် လက်နက်ကိုင်များက တန်းစီရပ်လိုက်ကြသဖြင့် ဒီးဒီးရင်ထိတ်သွားသည်။

သူထင်ထားသည့်အတိုင်းပင် လက်နက်ကိုင်များက ခြံထဲသို့ဝင်လာကြသည်။ ဒီးဒီးလည်းအိမ်ဆီသို့ပြန်ပေးပြီး သူ့သေနတ်ကို ကောက်ဆွဲယူလိုက်ကာ လက်နက်ကိုင်များကို ပြန်လည်ချိန်ထားလိုက်သည်။

"ငါတို့က အများကြီး၊ မင်းကတစ်ယောက်တည်းကွ"

ခြံရှေ့တွင် ဗလတောင့်တောင့်နှင့်လူကြီးတစ်ဦးရပ်လိုက်သည်။ ထိုလူကြီးကတော့ သေနတ်ကိုင်မထားပေ၊ ထို့နောက် ခြံထဲသို့ တစ်လှမ်းချင်းဝင်လာလေသည်။ သူ့အနောက်မှလည်း လက်နက်ကိုင်များက လိုက်လာကြသည်။ သူ့ဘေးနားတွင်တော့ လက်နက်ကိုင်ဗိုလ်ကြီးက ပါလာလေသည်။

"ခင်ဗျားတို့ရှေ့ဆက်မတိုးနဲ့၊ ကျုပ်ပစ်ထည့်လိုက်မှာနော်"

"ပစ်လိုက်စမ်းပါကွ၊ မင်းပစ်ရင်ငါသေမယ်၊ ငါ့လူတွေဝိုင်းပစ်ရင် မင်းတို့အကုန်လုံးသေမယ်၊ မင်းလဲရဲတယ်ဆိုရင်တော့ ပစ်လိုက်ပေါ့"

ဒီးဒီးလည်းအပစ်သာတော့ဘဲ သေနတ်ကိုချလိုက်ရတော့သည်။ ထိုအခါ ထိုလူကြီးက ဒီးဒီးအနားသို့ကပ်လာသည်။ ပြီးနောက် သူ့အနောက်တွင်ပါလာသည့် ဗိုလ်ကြီးကိုလှည့်ကြည့်ပြီး

"သူလား"

ဗိုလ်ကြီးက ခေါင်းညိတ်ကာ

"ဟုတ်ပါတယ်"

ထိုအခါ ထိုလူကြီးက ဒီးဒီးနှင့်လက်တစ်ကမ်းအကွာသို့လျှောက်လာပြီး ဒီးဒီးတစ်ကိုယ်လုံးအား စူးစိုက်ကာကြည့်နေသည်။

"လတ်စသတ်တော့မင်းကိုး"

"ခင်ဗျားတို့ဘာဖြစ်ချင်တာလဲ"

"ငါလာတာ မင်းကိုလက်တုံ့ပြန်ဖို့လာတာမဟုတ်ပါဘူးကွ၊ မင်းကိုချီးကျူးဖို့လာခဲ့တာ"

"ဘာဗျ"

"ဟုတ်တယ်၊ ငါ့လူ ငါးယောက်ကို တောထဲခေါ်ပြီးတော့ သတ်သွားတယ်ဆိုတဲ့ မင်းကိုတွေ့ချင်လို့ ငါလိုက်လာခဲ့တာ"

ဒီးဒီးလည်းထိုလူကြီးအားကြည့်ပြီး

"အခုခင်ဗျားတွေ့ဖူးပြီမဟုတ်လား"

"ဟား၊ ဟား၊ မင်းကိုတော့ငါကြိုက်သွားပြီ၊ ဖိုးခွားကြီးတို့ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ငါသိပြီးပါပြီကွာ၊ ငါသာဆိုရင်လည်း မင်းလိုပဲလုပ်မိမှာပဲ၊ ထားလိုက်ပါ ငါဒီအကြောင်းတွေပြန်မပြောချင်တော့ဘူး၊ ဒီတစ်ခေါက်ငါလာရတာက မင်းကိုအလုပ်တစ်ခုပေးစရာရှိလို့"

ဒီးဒီးလည်းမျက်မှောင်ကြုတ်လိုက်ပြီး

"ကျုပ် လက်နက်ကိုင်တွေနဲ့မပတ်သက်ချင်ဘူး၊ လက်နက်ကိုင်တွေအတွက်လဲ ဘာမှမလုပ်ပေးနိုင်ဘူး၊ ခင်ဗျားပြန်ပါတော့"

ထိုအခါ ဗိုလ်ကြီးက ဒီးဒီးအားသေနတ်ဖြင့်ထိုးချိန်လိုက်လေသည်။ ထိုအခါ ဗလတောင့်တောင့်နှင့်လူကြီးက ဗိုလ်ကြီးသေနတ်ကို လက်ဖြင့်ပုတ်ချလိုက်သည်။

"ဗိုလ်မှူး၊ ဒီကောင့်ကို . . . ."

"မင်းအသာနေစမ်းပါကွာ၊ မင်းတို့ကောင်တွေအဲဒါခက်တာပဲ၊ နေရာတကာ သေနတ်ကြီးတကားကားနဲ့၊ စကားဆိုတာ လူတစ်ဖက်သားလက်ခံလာအောင် အေးအေးဆေးဆေးပြောတတ်ရတယ်ကွ"

ဗိုလ်မှူးက ဒီးဒီးထံသို့လှမ်းလျှောက်လာရင်း ဒီးဒီးပုခုံးကိုလက်ဖြင့်ပုတ်လိုက်သည်။

"ဒီမှာကောင်လေး၊ မင်းကိုငါအလုပ်တစ်ခုအပ်ချင်တယ်"

"ကျုပ်ကမလုပ်ဘူးဆိုရင်ရော"

"ဟုတ်ပြီ၊ မင်းမလုပ်ဘူးဆိုရင် မင်းတို့အားလုံးအခုသေရမယ်"

ဒီးဒီးထိတ်လန့်သွားသလို ဆယ်ဖောနှင့် ဒီးနာတို့မှာလည်း ကြောက်လန့်လွန်းသဖြင့် အသားများပင် တဆတ်ဆတ်တုန်ယင်နေကြသည်။

"ကျုပ်လုပ်ပေးမယ်ဆိုရင်ရော"

"မင်းလိုချင်တာကိုသာ ပြော၊ ငါဖြစ်အောင်လုပ်ပေးမယ်"

ဒီးဒီးကို ဗိုလ်မှူးက အကြပ်ကိုင်နေပြီဖြစ်ရာ ဒီးဒီးလက်မခံလို့မရတော့ပေ။

"ဒါဆိုရင်ပြော၊ ကျုပ်ဘာလုပ်ပေးရမှာလဲ"

"ဒီအလုပ်က မင်းနဲ့အလိုက်ဖက်ဆုံးပဲ၊ မင်းကမုဆိုးမို့လို့ မင်းကိုခိုင်းရတာပါကွာ"

ဗိုလ်မှူးက ဘောင်းဘီအိတ်အတွင်းမှ ဓါတ်ပုံတစ်ပုံကိုထုတ်ပေးသည်။ ဆံပင်ဂုတ်ဝဲကလေးနှင့် မိန်းကလေးတစ်ဦး၏ ပုံဖြစ်သည်။ ထို့နောက်

"သူကငါ့သမီး၊ နာမည်က ထားဖိုးလို့ခေါ်တယ်၊ သူဒီမနက်ကပဲ တောထဲကိုထွက်ပြေးသွားတယ်"

ဒီးဒီးက ပုံကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဗိုလ်မှူးကိုတစ်ချက်ပြန်ကြည့်လိုက်သည်။

"ဒါဆိုကျုပ်က သူ့ကိုပြန်ရှာပေးရမယ်ပေါ့"

ဗိုလ်မှူးက ခေါင်းခါရင်း

"သူ့ကိုတောထဲမှာလိုက်ရှာရမယ်၊ ဒါပေမယ့် ငါ့ဆီကိုခေါ်လာစရာမလိုဘူး"

ဗိုလ်မှူးပြောသည့်စကားကို ဒီးဒီးနားမလည်နိုင်ပေ။

"ငါပြောချင်တာက သူ့ကိုတောထဲမှာရှာပြီး တွေ့တာနဲ့ အသေသတ်ပစ်လိုက်ပါ"

"ဗျာ၊ သူ့ကိုကျုပ်က သတ်ပစ်ရမယ်၊ ဟုတ်လား၊ ပြောတော့ ခင်ဗျားသမီးဆို"

"အဲဒါဘာဖြစ်လဲ၊ ငါမွေးထားတဲ့သမီးကို ငါပြန်မသတ်ရဘူးဆိုတဲ့ ဥပဒေရှိလို့လား"

ဒီးဒီး ဗိုလ်မှူးကို ဘာမှမပြောတော့ဘဲ ဓါတ်ပုံပြန်ပေးလိုက်သည်။

"ကျုပ်ကမုဆိုး၊ လူသတ်သမားမဟုတ်ဘူး"

ဗိုလ်မှူးက ဓါတ်ပုံကိုပြန်ယူလိုက်ပြီး

"မုဆိုးတစ်ယောက်အတွက်တော့ တောထဲရောက်ရင် လူဖြစ်ဖြစ်၊ သားကောင်ဖြစ်ဖြစ်အကုန်လုံးအတူတူဖြစ်သွားကြတာပဲမဟုတ်လား၊ ဒီတော့ မင်းလုပ်ရမယ့်အလုပ်က တောထဲကိုဝင်ပြီး သူ့ကိုရှာရမယ်၊ တွေ့တာနဲ့သတ်ပစ်ပြီးတော့ သူ့ခေါင်းကိုငါ့ဆီကိုပြန်ယူလာခဲ့ရမယ်၊ မဟုတ်ရင်တော့ . . ."

ဗိုလ်မှူးက ဆယ်ဖောနှင့် ဒီးနာကိုတစ်ချက်လှည့်ကြည့်ကာ ပြုံးလိုက်လေသည်။ ဒီးဒီးလည်းမငြင်းနိုင်တော့သဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ကျုပ်လုပ်မယ်၊ ဒါပေမယ့် ကျုပ်တစ်ခုတော့ ပြောချင်တယ်၊ ကျုပ်သွားနေတဲ့အချိန်မှာ ခင်ဗျားတို့ သူတို့နှစ်ယောက်ကို ဘာမှမလုပ်ရဘူး"

ဗိုလ်မှူးကခေါင်းညိတ်ရင်း

"ကောင်းပြီ၊ ငါတို့ သူတို့ကို မှဲ့တစ်ပေါက်တောင် မစွန်းစေရဘူးလို့ အာမခံတယ်၊ ဟုတ်ပြီလား"

ထို့နောက် ဗိုလ်မှူးက ဓါတ်ပုံကို ဒီးဒီးအကျီအိတ်ကပ်အတွင်းသို့ ထိုးထည့်ပေးလိုက်သည်။ 

"လာစမ်းပါကွ၊ အလုပ်တစ်ခုလုပ်ကြမယ်ဆိုရင် လက်ဆွဲနှုတ်ဆက်ရတယ်မဟုတ်လား"

ဗိုလ်မှူးက လက်ကမ်းပေးသဖြင့် ဒီးဒီးလည်းမတတ်သာပဲ လက်ဆွဲနှုတ်ဆက်လိုက်ရသည်။ ထိုအခါ ဗိုလ်မှူးက ဒီးဒီးလက်ကိုဆွဲလိုက်ပြီး ဒီးဒီးမျက်နှာအနီးသို့ သူ့မျက်နှာကိုကပ်လိုက်ကာ

"မင်းကိုသုံးရက်အချိန်ပေးမယ်၊ သုံးရက်အတွင် မင်းငါ့သမီးရဲ့ ခေါင်းနဲ့အတူ ဒီကိုပြန်လာရမယ်၊ သုံးရက်ကျော်သွားပြီဆိုရင်တော့ ဒီကောင်မနှစ်ယောက်ရဲ့အသက်ကို ငါအာမ မခံနိုင်ဘူး"

ဒီးဒီးလည်း ဗိုလ်မှူး၏လက်ကိုအတင်းဖြုတ်ချပြီးနောက် သေနတ်ကိုလွယ်လိုက်လေသည်။ ထိုအခါ ဒီးနာက ငိုယိုလေရာ ဒီးဒီးက ဒီးနာအနားသို့ပြေးသွားသည်။

"မငိုပါနဲ့ဒီးနာ"

"ငါကြောက်တယ်၊ ငါသူတို့ကိုကြောက်တယ် ဒီးဒီး"

"မပူပါနဲ့၊ ငါအမြန်ဆုံးပြန်လာခဲ့မယ်"

ထိုအခါ ဗိုလ်မှူးက ကွပ်ပျစ်ပေါ်တွင်ထိုင်ချလိုက်ကာ လက်တွင်ပတ်ထားသည့် လက်ပတ်နာရီကိုကြည့်လိုက်ပြီး

"မင်းမှာအချိန်သိပ်မရတော့ဘူးနော်၊ မင်းနေ့တစ်ပိုင်းအချိန်ကုန်သွားပြီ"

"ဘာ၊ ခင်ဗျားဘာပြောတယ်"

"ငါသာမင်းနေရာမှာဆိုရင် တောထဲကို ခပ်မြန်မြန်သွားမှာပဲ၊ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ရဲ့အသက်က မင်းအပေါ်မူတည်နေတယ်မဟုတ်လား"

ဒီးဒီးလည်းခြံအတွင်းမှ ပြေးထွက်သွားတော့သည်။

(၃)

မနက်က ထွက်ခဲ့သည့်တောအုပ်အတွင်းသို့ တစ်ခါပြန်ပြီးဝင်ခဲ့ရပြီဖြစ်သည်။ ဒီးဒီးက တောစပ်ရောက်သည့်အခါ ကြီးမားလှသည့် သစ်ပင်ကြီးအနီးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ ထို့နောက် သူ့ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာခဲ့သည်။

"အပါး၊ သူ့ကိုတွေ့အောင်လို့ လမ်းညွှန်ပေးပါ"

ထို့နောက် ဒီးဒီးက တောနက်အတွင်းသို့ ဆက်ပြေးဝင်ခဲ့သည်။ နေမွန်းတည့်နေပြီဖြစ်သဖြင့် တောအုပ်အတွင်း နေပူကျနေသည်။ မနက်ပိုင်းက စိုင်ကောင်ကြီးကိုထမ်းထားရသည်မို့ ဒီးဒီးတစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသည်။ မင်းလွင်တောင်တန်းကြီးနှင့် တောအုပ်ကြီးအတွင်း လူတစ်ယောက်ကိုရှာဖွေရသည်မှာ ကောက်ရိုးပုံအတွင်း အပ်ပျောက်ရှာရသည်ထက် ပိုပြီးခက်ခဲသည်။ ဒီးဒီးလည်း တောင်ကုန်းတစ်ခုဆီသို့ဦးတည်လျှက် ပြေးလွှားနေမိသည်။ 

တောင်ကုန်းပေါ်ရောက်သည့်အခါ သစ်ပင်ခပ်မြင့်မြင့်တစ်ပင်ပေါ်သို့ ပြေးတက်သွားပြီး ပတ်ဝန်းကျင်တစ်ခွင်ကို ကြည့်ရှုရသည်။ အမြင့်ပေါ်မှကြည့်သဖြင့် သစ်တောကြီးတစ်ခုလုံးကို အပေါ်စီးမှမြင်နေရသည်။ ဒီးဒီးလည်း သူ့အတွေးစကိုဖြန့်ကျက်လျှက် စဉ်းစားရတော့သည်။

"ဗိုလ်မှူးတို့စခန်းက လွယ်ဆဲရွာနားမှာရှိတာပဲ၊ အရှေ့ဘက်မပြေးဘဲ တောထဲပြေးပုံထောက်ရင် သေချာပေါက်၊ မင်းလွင်တောင်တန်းကိုဖြတ်ကျော်ပြီးတော့ အနောက်ဘက်ကိုပြေးဖို့ကြံစည်ထားပုံရတယ်"

ဒီးဒီးလည်း သစ်ပင်ပေါ်မှပြေးဆင်းလာပြီး မင်းလွင်တောင်တန်းကြီးဆီသို့ ဦးတည်ကာ ပြေးလွှားရတော့သည်။ တောင်တန်းအောက်ခြေသို့ရောက်သည့်အခါ ညနေစောင်းနေပြီဖြစ်သည်။ တစ်နေ့လုံးဘာမှမစားရသေးဘဲ ပြေးလွှားနေရသဖြင့် ဒီးဒီးတစ်ယောက် ဗိုက်တွေဆာနေသည်။ တောင်ခြေစမ်းချောင်းကလေးတွင် ရေကိုလက်ခုပ်ဖြင့် ခပ်သောက်လိုက်ပြီးနောက် ခြေလက်များကိုဆေးကြောလိုက်သည့်အခါမှ လူတစ်ကိုယ်လုံးလန်းဆန်းသွားသည်။ ထို့နောက် ဒီးဒီးက အဝတ်အစားများကိုချွတ်ပစ်လိုက်ပြီး တောင်ကျစမ်းချောင်းကလေးအတွင်းသို့ အသာကလေးလျှောဆင်းလိုက်သည်။

တောင်ကျချောင်းမို့ ကျောက်တုံးကျောက်သားတွေက ထူထပ်လှသည်။ မိုးရာသီမဟုတ်သဖြင့် တောင်ကျရေမဆင်းတော့သော်လည်း ကျောက်အထပ်များအကြားမှ စီးဆင်းလာသည့်ရေများကြောင့် စမ်းချောင်းက လူကြီးခါးလယ်ခန့် ရေနက်သေးသည်။ စမ်းချောင်းအတွင်း ကျောက်ငါးကြင်းများကာ ကူးခတ်နေသည်။ လူသံကြားသဖြင့် ငါးကြင်းများက အလျှင်အမြန်ကူးခတ်ပြေးလေရာ ဖမ်းဖို့မဖြစ်နိုင်ပေ။

ဒီးဒီးက ကျောက်ချပ်များအောက်သို့ လက်ကိုစမ်းနှိုက်ကြည့်လိုက်သည်။ ထိုအခါ သူ့လက်ထိပ်များတွင် စူးရှရှ၊ ကြမ်းကြမ်းသဏ္ဍာန်ကိုစမ်းမိသည်။ ထို့ကြောင့် ထိုအရာကိုလက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး ဆွဲထုတ်လိုက်လေရာ ငါးလက်မခန့်ရှိ ကျောက်ပုစွန်တစ်ကောင်က လက်အတွင်းပါလာလေသည်။ ကျောက်ပုစွန်မှာ လက်မများထောင်လျှက်ဒီးဒီးအား တိုက်ခိုက်ရန်အသင့်ဖြစ်နေသည်။ ဒီးဒီးကလည်း ကျောက်ပုစွန်အား တစ်ဖက်သို့လှည့်လိုက်ပြီး အမြီးပိုင်းကိုပါးစပ်ထဲသို့ထိုးထည့်လိုက်ကာ ကိုက်ဝါးလိုက်လေသည်။

ကျောက်ပုစွန်ကိုအရှင်ကိုက်စားကာ တဂျွတ်ဂျွတ်ဝါးလိုက်သည်။ ပုစွန်အသားက လတ်ဆတ်လွန်းလှသဖြင့် ချိုမြိန်လှသည်။ နောက်တော့မှ ဒီးဒီးက ပုစွန်ဦးခေါင်းကို ဖြုတ်လိုက်ပြီး ဦးခေါင်းခွံအတွင်းမှ ပုစွန်ဆီများကို တရှူးရှူးနှင့်စုပ်သောက်လိုက်သည်။ ပုစွန်ဆီများက ဆိမ့်သက်သောအရသာရှိသည်။ စားသောက်ပြီးတော့မှ ပုစွန်ဦးခေါင်းနှင့် လက်တို့ကို ကုန်းပေါ်သို့ပစ်တင်လိုက်ကာ နောက်ထပ်ကျောက်ပုစွန်များခိုအောင်းနေနိုင်သည့် ရေအောက်ကျောက်တုံးများအကြားသို့ လိုက်လံစမ်းရလေသည်။

ကျောက်ပုစွန်များကို အဝအပြဲဖမ်းယူစားသောက်ပြီးသည့်အခါ နေဝင်သွားပြီဖြစ်သည်။ ဒီးဒီးလည်းကိုယ်လုံးကိုအခြောက်ခံပြီးတော့မှ အဝတ်အစားများပြန်ဝတ်ကာ တောင်ပေါ်သို့ပြေးတက်ခဲ့ရသည်။ ထိုညကိုတောအတွင်းမှာသာ ဖြတ်သန်းရတော့မည်ဖြစ်ရာ တောင်စောင်းရှိ သစ်ပင်ကြီးကြီးတစ်ပင်ပေါ်သို့တက်ခဲ့သည်။ သစ်ပင်ခွဆုံကြားကိုရှင်းလင်းလိုက်ပြီးနောက် ထိုအပေါ်တက်အိပ်လိုက်လေသည်။ တစ်နေ့လုံးပင်ပန်းထားသမျှ ကျောခင်းလိုက်တော့မှ သက်သာသွားသလိုခံစားလိုက်ရသည်။ မှေးခနဲအိပ်ပျော်သွားသလိုဖြစ်သွားတော့မှ ဟိုးအဝေးတွင် မီးရောင်တစ်ခုကို ဝင်းခနဲလက်ခနဲမြင်တွေ့လိုက်ရသဖြင့် ဒီးဒီးမျက်လုံးများကျယ်သွားသည်။

"ဓါတ်မီးရောင်ပါလား၊ ဟိုကောင်မလေးများလား"

ဓါတ်မီးရောင်က ငြိမ်နေဘဲ တောင်တန်းပေါ်သို့ ဆက်လက်တက်သွားနေသည်ကို ကြည့်ခြင်းအားဖြင့် ညအချိန်မှာပါ ခရီးဆက်နေပုံရသည်။ တောအုပ်ထဲညအချိန်ခရီးဆက်သည်က အလွန်ကြောက်မက်ဖွယ်ကောင်းသလို အန္တရာယ်လည်းများလှသည်။ အထူးသဖြင့် အသားစားကောင်များမှာ ညနက်မှ အမဲလိုက်ထွက်တတ်ကြခြင်းဖြစ်သည်။ 

"ငါ့အထင် သူတို့ဒီအတိုင်းဆို ဒီညတောင်ပေါ်ကိုရောက်မယ့်ပုံပဲ၊ ငါဆက်အိပ်နေရင် သူတို့ငါ့ကိုလွန်သွားလိမ့်မယ်"

ဒီးဒီးလည်းဆက်ပြီး မအိပ်သာတော့ဘဲ သစ်ပင်ပေါ်မှဆင်းလိုက်သည်။ ကံကောင်းတာက သူက တောင်ကြောပေါ်ရောက်နေသဖြင့် ထိုနေရာအထိမသွားတော့ဘဲ တောင်ကြောပေါ်မှ သူတို့ဖြတ်ကူးမည့်နေရာကိုမှန်းကာ ပတ်လိုက်ရန်သာရှိတော့သည်။

မီးမပါ ဘာမပါနှင့် တောတိုးရသည်က လွယ်တော့မလွယ်ပေ၊ ညနက်လျှင် မြွေထွက်တတ်သည်ဖြစ်ရာ မြေကြီးကိုလည်းကောင်း၊ ပတ်ဝန်းကျင် သစ်ပင်များကိုလည်းကောင်း သတိကြီးကြီးထားပြီးသွားလာနေရသည်။ ဓါတ်မီးရောင်က တဖြည်းဖြည်းတောင်ကြောကြီးအောက်ခြေသို့ရောက်လာခဲ့သည်။ သို့သော် ထိုတောင်ကြောကြီးပေါ်သို့ တန်းမတက်သေးဘဲ မြောက်ဘက်သို့အနည်းငယ်ဆက်သွားနေပုံရသည်။

"ဟာ၊ သူတို့တွေ စောဖားတောင်နားက ဖြတ်မယ်ထင်တယ်၊ ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ငါသတ်စရာမလိုပဲ တောခွေးတွေက သူတို့ကိုသတ်ကြမှာပေါ့"

စောဖားတောင်အနီးတွင်မင်းလွင်တောင်တန်းကြီးက နိမ့်ဆင်းသွားပြီး တောင်ကြားသဖွယ်ဖြစ်နေလေသည်။ ထို့အတွက် တောင်ပေါ်တက်ရန်မလိုတော့ပေ၊ သာမန်လူများအဖို့ တောင်တန်းကိုဖြတ်ကျော်ရန်အတွက် ထိုနေရာကိုသေချာပေါက် ရွေးကြလိမ့်မည်ဖြစ်သည်။ သို့သော် ထိုနေရာတွင် လူတိုင်းမသိသည့် ဂြိုလ်ဆိုးတစ်ခုက စောင့်ကြိုနေလေသည်။ ထိုအရာကတော့ အခြားမဟုတ်၊ တောခွေးများပင်ဖြစ်သည်။

မင်းလွင်တောင်တန်းကြီးအပေါ်ရှိ တောခွေးများမှာ အုပ်စုဖွဲ့ကာ နေထိုင်ကြသည်။ တစ်အုပ်လျှင် ဆယ်ကောင်မှ အကောင်နှစ်ဆယ်ခန့်အထိရှိသည်။ အမဲလိုက်ရာတွင်လည်း သားကောင်ကိုတစ်ကောင်ချင်းမလိုက်ပေ၊ ထိုသားကောင်အား ပတ်ပတ်လည်ဝိုင်းကာ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် တောခွေးများကို သားကောင်ကြီးမားသာမက ဒီးဒီးတို့လို မုဆိုးများပင် ကြောက်ရွံ့ကြရသည်။

သန်းခေါင်အချိန်ရောက်သောအခါ ထိုမိန်းကလေးကို ဒီးဒီးမီလာခဲ့သည်။ စောဖားတောင်ကြားအတွင်းမှလည်း ခွေးအူသံများကို တစ်ချက်တစ်ချက်ကြားနေရသည်။ ဒီးဒီးက ထိုမိန်းကလေးကို တောင်ကြောပေါ်မှလှမ်းကြည့်လိုက်သည်။ ထိုမိန်းကလေးက တောင်ခြေအနီးတွင် ခဏနားနေပုံရသည်။ 

သစ်ပင်စည်များကို အကာအကွယ်ပြုလျှက်တစ်ဖြည်းဖြည်း နီးကပ်သထက်နီးကပ်အောင်တိုးလာရသည်။ ထိုအခါ ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်နေသည့် ထိုမိန်းကလေးကိုတွေ့လိုက်ရသည်။

"ဟင်"

မိန်းကလေးမှာ တစ်ယောက်တည်းမဟုတ်ပေ၊ သူနှင့်အတူ ယောက်ျားလေးတစ်ယောက်လည်း ပါလာလေသည်။ ယောက်ျားလေးမှာ ရေဘူးထုတ်ကာ ထိုမိန်းကလေးအား ရေတိုက်သည်။ ထိုမိန်းကလေးက ရေဘူးအား အနည်းငယ်သာသောက်ပြီး ထိုယောက်ျားကလေးကို ပြန်တိုက်နေပြန်သည်။ သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ ချစ်သူများနှင့်ဆင်တူနေပြီး တစ်ဦးအပေါ်တစ်ဦး ယုယနေသည်ကိုတွေ့ရသည်။ ထိုမိန်းကလေး၏ ညာဘက်လက်ဖျံတွင်တော့ အသည်းပုံ ပုံစံတစ်ခုကို ဆေးမင်ကြောင်ထိုးထားပြီး လက်စွပ်အဖြူကလေးကိုဝတ်ဆင်ထားသေးသည်။

"ချွတ် . . . ချွတ်"

ထိုစဉ် တောင်ကုန်းပေါ်မှ ခြေသံများကိုကြားရသည်။ ခြေသံများမှာ တိုးတိုးကလေးဖြစ်သော်လည်း ဒီးဒီး၏မုဆိုးနားကို ဖုံးကွယ်မရပေ၊ ခြေသံနှင့်အတူ သစ်ပင်ချုံပင်များကို တိုးခတ်လာသည့်အသံများကိုကြားရသည်။ ဒီးဒီးလည်းခြေသံများကိုနားထောင်နေရင်း မျက်လုံးပြူးသွားသည်။

"ဒါ . . . တောခွေးအုပ်ပဲဖြစ်မယ်"

ဒီးဒီးလည်း သူ့အနီးရှိ သစ်ပင်တစ်ပင်ပေါ်သို့ အသာကလေးတက်ရလေသည်။ ထိုသစ်ပင်မှာ သစ်ကိုင်းများဖြာနေသဖြင့်သာတော်သေးသည်။ တောခွေးအုပ်က ဒီးဒီးကိုမမြင်တွေ့ဘဲ သစ်ပင်အောက်မှ အသာဖြတ်ကျော်သွားသည်။ ဒီးဒီးမှာ သားကောင်များ၏ သွေးများကိုသုတ်လိမ်းထားသည့် အင်္ကျီဝတ်ဆင်ထားသည်ကလည်း တစ်ကြောင်းဖြစ်မည်။

တောခွေးအုပ်မှာ ဆယ်ကောင်ခန့်ရှိသည်။ ထိုချစ်သူနှစ်ဦးမှာ တောခွေးများပတ်ဝိုင်းလိုက်သည်ကို သတိထားမိပုံမရပေ၊ ဒီးဒီးက သတိပေးချင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ခွေးအူသံအကျယ်ကြီးကြားလိုက်ရပြီးနောက် တောခွေးတစ်ကောင်က ကျောက်တုံးကြားမှခုန်ထွက်လာလေသည်။

ကောင်လေးက ခါးကြားတွင်ထိုးထားသည့် သေနတ်ကိုဖြုတ်လိုက်ပြီး တောခွေးကိုချိန်လိုက်လေသည်။ မိန်းကလေးမှာလည်း ကောင်လေး၏ နောက်ကျောသို့ကပ်လိုက်ကာ ပုန်းရှောင်ချင်ပုံရသည်။ သို့သော် တောခွေးများက သူတို့အမဲလိုက်နေကျ ပုံစံအတိုင်း ကောင်လေးနောက်ကျောဘက် ချုံကွယ်အကြားမှ တိုးထွက်လာသည်ကို ကောင်လေးက သတိထားမိပုံမပေါ်ပေ၊ ကျောက်တုံးကြားမှ တိုးထွက်လာသည့်တောခွေးကလည်း ကောင်လေးကိုမကိုက်သေးဘဲ၊ လမ်းပတ်လျှောက်နေလေသည်။

"သွားစမ်း၊ ရှူး . . . ရှူး . . . မသွားရင် ငါပစ်ထည့်လိုက်မှာနော်"

တောခွေးကို စကားပြောရန်ကြိုးစားနေသည့် ကောင်လေးကိုကြည့်ရင်း ဒီးဒီးသက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။ ကောင်လေးအနောက်ကျောဘက်မှ တောခွေးတစ်ကောင်က ခုန်အုပ်ရန်ပြင်ဆင်နေသဖြင့် ဒီးဒီးလည်းမနေသာတော့ဘဲ ထိုတောခွေးကို သေနတ်နှင့်ချိန်ကာ ပစ်ခတ်လိုက်လေသည်။

"ဒိုင်း "

ကျယ်လောင်သည့် သေနတ်သံထွက်ပေါ်လာပြီး ကောင်လေးရော ကောင်မလေးပါ ထိတ်လန့်သွားပုံရသည်။ သူတို့ထံသို့ ပြေးဝင်ရန်ကြိုးစားနေသည့် တောခွေးမှာ ဝုန်းခနဲလဲကျသွားသည်။

"အူ. . . ဝု . . . ဝူး"

တောခွေးအုပ်ခေါင်းဆောင်က အချက်ပေးလိုက်ပုံရပြီး တောခွေးများက သစ်ပင်များကြားမှ ဝိုင်းအုံကာပြေးလာကြသည်။ ဒီးဒီးကလည်း ပြေးထွက်လာသည့် တောခွေးများကို တစ်ကောင်ပြီးတစ်ကောင် ပစ်ချနေရသည်။

"ဒိုင်း . . ."

ပြေးဝင်လာသည့် တောခွေးမှာ ဒီးဒီးပစ်ခတ်လိုက်သည့် ကျည်ဆန်ထိမှန်ပြီး ဒလိမ့်ခေါက်ကွေး လဲကျသွားလေသည်။ ဒီးဒီးမှာ တောခွေးသုံးကောင်ကို ပစ်ခတ်ပြီးသည့်အခါ ကျည်ထိုးချိန်မရတော့ပေ၊ တောခွေးမှာ ထိုမိန်းကလေးဆီသို့ ပြေးဝင်လာသဖြင့် သစ်ပင်ပေါ်မှခုန်ချကာ ထိုနေရာသို့အပြေးခုန်ဝင်လိုက်လေသည်။ 

ခုန်ပြီးဟပ်သည့် တောခွေးကောင်၏ နှာနုကို သေနတ်ဖြင့်လွှဲရိုက်ထည့်လိုက်သည့်အခါ တောခွေးက တကိန်ကိန်ဖြင့်အော်လျှက် လဲကျသွားသည်။ ထိုကောင်လေးကလည်း တောခွေးများကို သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်နေပြန်သည်။

"ဟေ့ကောင်၊ တခြားလိုက်ပစ်မနေနဲ့ ဟိုအကောင်ကိုပစ်ဟ"

ဒီးဒီးက အော်ပြီးလက်ညှိုးထိုးပြလိုက်ရာ ကျောက်တုံးပေါ်တွင် တောခွေးအုပ်ခေါင်းဆောင်က ထိုင်နေလျှက် အူသံပေးကာ ညွှန်ကြားနေသည့်အလားဖြစ်သည်။ ထိုကောင်လေးက တောခွေးအုပ်ခေါင်းဆောင်ကို သေနတ်ဖြင့်ထိုးချိန်ကာ ပစ်ခတ်လိုက်လေသည်။

"ချောက် . . . ချောက်"

"ဟာ၊ ကျည်ကုန်သွားပြီ"

တောခွေးအုပ်ခေါင်းဆောင်ကလည်း ကျည်ဆန်ကုန်သွားမှန်းသိသဖြင့် ကောင်လေးပေါ်သို့ လွှားခနဲခုန်အုပ်လေသည်။ ဒီးဒီးကလည်း အမြန်ပေးဝင်လိုက်ပြီး သေနတ်အားဖြင့် လွှဲရိုက်ချထည့်လိုက်ရာ တောခွေးခေါင်းဆောင်မှာ လွင့်ထွက်သွားလေသည်။

တောခွေးများက ဒီးဒီးတို့ကိုဝိုင်းရံထားကြသည်။ သို့သော် အရှေ့ဆက်မတက်ရဲတော့ပေ၊ ဒီးဒီးက သေနတ်ကိုကိုင်လျှက် သတိကြီးစွာထားနေရသည်။ အဘယ့်ကြောင့်ဆိုသော် တောခွေးအုပ်ခေါင်းဆောင်က ဒီးဒီးအားလှည့်ပတ်ကာ ချောင်းနေသောကြောင့်ဖြစ်သည်။ ယခုနေရာတွင် သေနတ်ကိုကျည်ဖြည့်ပြီး ပစ်ခတ်လိုက်သည်ထက် သေနတ်ကိုအသင့်ကိုင်ပြီး ရိုက်ဖို့ကိုသာ ဦးစားပေးရသည်။ တောခွေးများမှာ အလွန်ပါးနပ်လေရာ ကျည်ထည့်ချိန်တွင် အတင်းခုန်ဝင်ကိုက်ဖြတ်ရန်အတွက် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

"ဂါး"

တောခွေးအုပ်ခေါင်းဆောင်က အသံပေးလျှက် ဒီးဒီးဆီသို့ခုန်ဝင်လေသည်။ ဒီးဒီးမှာ သေနတ်ဖြင့်လွှဲရိုက်သော်လည်း ရိုက်ချက်လွဲသွားပြီး တောခွေးက ဒီးဒီးအပေါ်အုပ်မိသွားသည်။ ဒီးဒီး၏လည်ပင်းကို အစွယ်ကြီးများချွန်ထွက်နေသည့် ပါးစပ်ကြီးဖြင့် ကိုက်ထည့်လိုက်ရာ ဒီးဒီးက သေနတ်ဖြင့်ပြန်တွင်းကာ ခံထားရသည်။ တောခွေးမှာ အကောင်သိပ်မကြီးသော်လည်း အလွန်သန်မာလေသည်။

ဒီးဒီးကတောင့်ထားရင်း လက်တစ်ဖက်က အမဲလိုက်ဓါးမြှောင်ကိုဖမ်းဆွဲထုတ်လိုက်ပြီး တောခွေး၏ လည်ပင်းကိုထိုးစိုက်ချထည့်လိုက်သည်။ တောခွေးမှာ တအိအိအော်မြည်လျက် လဲကျသွားလေရာ ဒီးဒီးက တောခွေး၏လည်ပင်းကို အတင်းညှစ်ချပြီး ဓါးဖြင့်အကြိမ်ပေါင်းများစွာထိုးနှက်လိုက်တော့မှ တောခွေးမှာငြိမ်ကျသွားသည်။ 

ဒီးဒီးက ဓါးကိုဆွဲနှုတ်ပြီး သူတို့အားဝန်းရံထားသည့် တောခွေးများကိုကြည့်ကာ စိန်ခေါ်လိုက်လေသည်။ တောခွေးများမှာ ခေါင်းဆောင်သေသွားပြီဖြစ်သဖြင့် ကြောက်လန့်ကာ တောင်ပေါ်သို့ ပြန်လည်ပြေးတက်သွားကြလေသည်။

(၄)

"ကျေး . . . ကျေးဇူးတင်လိုက်တာရှင်"

ထားဖိုးဆိုသည့်မိန်းကလေးက ဒီးဒီးအားပြောဆိုသည်။ ဒီးဒီးက သူ့ဓါးတွင်ပေနေသည့် တောခွေး၏ သွေးများကို သူ့အင်္ကျီတွင် သုတ်နေလေသည်။ 

"မင်းတို့ငါနဲ့တွေ့တာ ကံကောင်းတယ်မှတ်၊ မဟုတ်ရင် အခုလောက်ဆို တောခွေးတွေဝိုင်းဆွဲလို့ တစ်စစီဖြစ်နေလောက်ပြီ"

ကောင်လေးက သေနတ်ကိုကောက်ရင်း အနားသို့ပြေးလာကာ

"ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ခင်ဗျားက ဘယ်သူလဲ"

"ငါ့နာမည်ဒီးဒီး၊ ငါကမုဆိုး"

ကောင်လေးက သူ့သေနတ်ကိုကျည်ဖြည့်လိုက်ပြီးနောက် ဒီးဒီးကိုထိုးချိန်လိုက်လေရာ ထားဖိုးပင်ထိတ်လန့်သွားသည်။

"အကို၊ ဘာလုပ်တာလဲ"

"ဒီလူ့ကိုမယုံရဘူး၊ ဒီလူက မင်းအဖေလွှတ်လိုက်တဲ့လူဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

ဒီးဒီးက ကောင်လေးကိုတစ်ချက်ကြည့်လိုက်ပြီး

"ငါသာ မင်းတို့ကိုသေစေချင်မှာတော့၊ ခုနက ဒီအတိုင်းထိုင်ပြီး ကြည့်နေလိုက်တာပေါ့ကွ"

ထားဖိုးက ကောင်လေးအနားသို့ပြေးသွားကာ

"ဟုတ်ပါတယ်အကိုရယ်၊ သံသယတွေများမနေပါနဲ့၊ ခုနက သူပဲ ကျွန်မတို့အသက်ကိုကယ်ထားတာမဟုတ်လား"

ထိုတော့မှ ကောင်လေးက သေနတ်ကိုချလိုက်သည်။ ပြီးနောက် ဒီးဒီးထံသို့လျှောက်လာကာ လက်ကမ်းလိုက်သည်။

"ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်နာမည် ဂျော်နီပါ"

ဒီးဒီးလည်းကောင်လေးလက်ကိုဆွဲကာ အားပြုထမလိုလုပ်လိုက်ပြီး ကောင်လေးအား ဆွဲကာ ကိုင်ပေါက်ထည့်လိုက်သည်။ ကောင်လေးလက်တစ်ဖက်မှ သေနတ်ကိုဆွဲလုလိုက်ပြီးနောက် ထိုကောင်လေးရင်ဘတ်ပေါ်သို့ ဒူးဖြင့်ဖိထားလိုက်ကာ ကောင်လေးမျက်နှာကိုသေနတ်နှင့်ချိန်ထားလိုက်သည်။

"ရှင် . . . ရှင်ဘာလုပ်တာလဲ"

"မင်းတို့ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာ ငါမသိဘူး၊ ဒါပေမယ့် တစ်ခုပဲရှိတယ်၊ မင်းသွားချင်တဲ့နေရာကို သွားလို့ရတယ်၊ ဒါပေမယ့် ဒီကောင်မလေးကို ငါ့ဆီမှာထားခဲ့ရမယ်"

"ခင်  . . . ခင်ဗျားဒါဘာသဘောလဲ"

"မင်းပြောတာမှန်တယ်၊ ငါက ဗိုလ်မှူးလွှတ်လိုက်တဲ့လူပဲ"

ထိုအခါ ဂျော်နီက အလွန်အံ့အားသင့်သွားပြီး ထားဖိုးကိုကြည့်လိုက်သည်။

"ပြေးတော့၊ ထားဖိုး ပြေးတော့"

ထားဖိုးက မပြေးဘဲ ခေါင်းခါလျက် ဂျော်နီကိုကြည့်နေလေသည်။ ဒီးဒီးက တစ်ချက်ရယ်မောလိုက်ပြီး

"မင်းပြေးရဲပြေးကြည့်စမ်း၊ မင်းပြေးတာနဲ့ မင်းကောင်လေးကိုသတ်မယ်"

"မလုပ်ပါနဲ့ သူ့ကိုမသတ်ပါနဲ့"

ဒီးဒီးဆင်လိုက်သည့်အကွက်အတွင်းသို့ ထားဖိုးဝင်လာပြီဖြစ်သည်။ ထားဖိုးက ငြိမ်ကျသွားပြီး

"သူ့ကိုလွှတ်ပေးလိုက်ပါ၊ ကျွန်မရှင့်အနောက်ကိုပြန်လိုက်ခဲ့မယ်"

ဂျော်နီက အော်ဟစ်လျက်

"မလိုက်ရဘူးထားဖိုး၊ မင်းပြန်သွားရင် မင်းအဖေက မင်းကိုသတ်လိမ့်မယ်"

ထို့နောက် ဂျော်နီက ဒီးဒီးကိုကြည့်ပြီး 

"ကျုပ်တောင်းဆိုပါတယ်အကိုကြီး၊ ကျုပ်ကိုသတ်ချင်သတ်ပါ၊ ထားဖိုးကိုတော့ လွှတ်ပေးပါဗျာ"

ဒီးဒီးရွေးရခက်နေပြီဖြစ်သည်။ ဒီးဒီးက ဆယ်မိနစ်ခန့်မျှ ငြိမ်သက်ပြီး တစ်စုံတစ်ခုကိုအလေးအနက်စဉ်းစားနေသည်။ ထို့နောက် ဒီးဒီးက ဂျော်နီအပေါ်မှထလိုက်ပြီး သေနတ်ကိုချလိုက်သည်။

"မင်းတို့နှစ်ယောက်စလုံးကို ငါလွှတ်ပေးမယ်၊ မင်းတို့သွားကြတော့"

ထားဖိုးနှင့် ဂျော်နီမှာ ဒီးဒီးပြောဆိုသည်ကို မယုံကြည်နိုင်သလိုဖြစ်နေလေသည်။ 

ဒီးဒီးက တောင်ကြားတစ်နေရာကိုထိုးပြပြီး

"စောဖားတောင်ကိုမဖြတ်နဲ့၊ ဟောဟိုက တောင်ကြားကနေဖြတ်ရင် မင်းတို့မိုးမလင်းခင် တောင်ကြားကိုဖြတ်နိုင်လိမ့်မယ်၊ အဲဒီနားမှာ သားကောင်တွေသိပ်မရှိဘူး"

ဂျော်နီက ဒီးဒီးအနားသို့ကပ်လာပြီး

"ကျေးဇူးတင်ပါတယ်အကိုကြီးရာ၊ ကျုပ်တို့နှစ်ယောက်က ချစ်သူတွေဖြစ်နေကြတာကြာပါပြီ။ ဒါပေမယ့် သူ့အဖေက ကျုပ်တို့ကိုသဘောမတူပါဘူး၊ ဒါနဲ့ပဲ ကျုပ်တို့စခန်းကနေအရဲစွန့်ပြီးထွက်ပြေးလာခဲ့ကြတာပါ၊ အကိုကြီးကျေးဇူးကို ကျုပ်တစ်သက်မမေ့ပါဘူး"

"ငါကလည်း မင်းတို့ချစ်သူတွေကို သေခွဲမခွဲချင်ပါဘူးကွာ၊ ကဲ သွားကြ၊ သွားကြ"

ထားဖိုးနှင့် ဂျော်နီတို့မှာ ထွက်ခွာသွားရန်ပြင်ဆင်ကြသည်။ ထိုစဉ် ဒီးဒီးက 

"နေအုံး၊မင်းတို့ ငါ့အတွက် တစ်ခုတော့ချန်ထားပေးခဲ့ကြ"

(၅)

မိုးလင်းပြီဖြစ်သည်။ လက်နက်ကိုင်များက ဒီးဒီးတို့အိမ်တွင် စခန်းချထားဩဖြင့် ဆယ်ဖောနှင့် ဒီးနာမှာ အလွန်ကြောက်လန့်နေရသည်။ မကြာခင် ခြံ၀တွင် ဒီးဒီးလာရပ်လေသည်။ ဗိုလ်မှူးလည်း အလွန်ထူးဆန်းသွားပြီး ဒီးဒီးကိုကြည့်လိုက်သည်။

"ဘယ့်နှယ့်လဲကွ"

ဒီးဒီးက အပြေးတစ်ပိုင်းဖြင့် အိမ်ထဲသို့ပြေးဝင်လာကာ လက်ပြတ်ကြီးကို ကွပ်ပျစ်ပေါ်သို့ ပစ်ချပေးလိုက်သည်။ ဗိုလ်မှူးက ထိုလက်ပြတ်ကြီးကို အသေအချာကြည့်လိုက်သည်။ လက်ပြတ်၏ လက်ဖျံတွင် အသည်းပုံ ပုံစံ ဆေးမင်ကြောင်ထိုးထားသည်ကိုတွေ့ရပြီး၊ လက်ခလယ်တွင်လည်း ပလက်တီနမ်လက်စွပ်ကလေးတစ်ကွင်းကိုတွေ့ရသည်။

"မင်းကို ငါက ခေါင်းယူလာခိုင်းတာလေ"

"ခေါင်းက ပွင့်ထွက်သွားပြီ၊ ဒါနဲ့ ကျုပ်လက်ပဲဖြတ်ယူလာတယ်၊ ဟောဒီမှာလက်ပြတ်၊ ခင်ဗျားသမီးရဲ့လက်ဟုတ်မဟုတ် စစ်ဆေးကြည့်စမ်းပါ"

ဗိုလ်မှူးက ခေါင်းညိတ်လျက်

"ငါ့သမီးလက်တော့အစစ်ပါပဲ၊ ဒီအသည်းပုံထဲမှာရေးထားတာက ငါ့နာမည်၊ ဟောဒီလက်စွပ်က သူ့မွေးနေ့တုန်းက ငါလုပ်ပေးထားတဲ့လက်စွပ်"

ဗိုလ်မှူးကပြုံးရင်း ဒီးဒီးကိုကြည့်လိုက်သည်။

"မင်းတာဝန်ကျေပါတယ်ကွာ"

"ဒါဖြင့်ရင် ခင်ဗျားတို့သွားလို့ရပြီလား"

ဗိုလ်မှူးက မတ်တပ်ရပ်လိုက်ပြီးနောက် သူ့လူများကိုလက်ပြလိုက်သည့်အခါ သူ့လူများကလည်း အသင့်ပြင်လိုက်ကြသည်။

"ဒါနဲ့ငါမင်းကို တစ်ခုကမ်းလှမ်းချင်တယ်၊ မင်းလိုလူမျိုးက မုဆိုးဖြစ်နေတာ နှမြောစရာပဲ၊ ဒီတော့ ငါ့တပ်ကိုဝင်ပါလား၊ မင်းဝင်တာနဲ့ မင်းကိုရာထူးကောင်းကောင်းငါပေးမယ်"

ဒီးဒီးကခေါင်းခါလိုက်ပြီး

"ကျုပ်ကမုဆိုး၊ ကျုပ်အဖေကလည်းမုဆိုး၊ ဒီတော့ မုဆိုးက မုဆိုးအလုပ်ပဲလုပ်မှာပေါ့"

ဗိုလ်မှူးက ခေါင်းကိုတွင်တွင်ကြီးညိတ်သည်။

"မင်းကိုငါကတိပေးထားတဲ့အတိုင်း မင်းလိုချင်တာသာတောင်းပေတော့"

ဒီးဒီးက အလေးအနက်တွေးလိုက်ပြီး

"ကျုပ်လိုချင်တာ ခင်ဗျားတကယ်လုပ်ပေးမှာလား"

"ပြောလိုက်စမ်းပါကောင်လေးရာ၊ ဒီနယ်မြေမှာ ငါပြီးရင်ပြီးပါတယ်ကွ၊ မင်းဘာလိုချင်လဲ၊ ရွှေလား၊ ကားလား"

"ကျုပ်ဘာမှမလိုချင်ဘူး၊ ကျုပ်လိုချင်တာတစ်ခုကတော့ ခင်ဗျားတို့နောက်ဆို ကျုပ်နဲ့ဘယ်တော့မှ မပတ်သက်တော့ပါဘူးဆိုတဲ့ ကတိစကားတစ်ခုပဲလိုချင်တယ်"

"ဟား၊ ဟား၊ ဟား"

ဗိုလ်မှုးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

"ကောင်းပြီလေ၊ အဲဒီကတိကို ငါတည်ပါ့မယ်"

ထို့နောက် လက်နက်ကိုင်များအားလုံး ခြံအတွင်းမှထွက်ခွာသွားလေသည်။ ဒီးနာက အိမ်ပေါ်မှပြေးဆင်းလာပြီး ဒီးဒီးကိုဖက်ထားလိုက်လေသည်။ လက်ပြတ်ကြီးတစ်ဖက်ကတော့ ကွပ်ပျစ်ပေါ်တွင်ကျန်နေခဲ့တော့သည်။

ပြီးပါပြီ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..