ဒီ ဘူတာ
lotaya.mpt.com.mm
|
2023-12-06

ဒီနေ့က မောင့်ကို နောက်ဆုံးတွေ့ရမဲ့ ရက်ဆိုတာ ကိုယ်ကောင်းကောင်းနားလည်ထားတယ်။ အိမ်ပြန်ချိန် ခရီးတိုကလေးတစ်ခုအတွက် မဟုတ်မဲ့၊ ခဏတဖြုတ် အလည်အပတ်ခရီးရှည်တစ်ခုအတွက် မဟုတ်မဲ့ တစ်သက်တာ ဒီလက်ကလေးကို လက်လွှတ်ရတော့မဲ့ ခရီးတစ်ခု။ ကိုယ်တို့ဟာ အခုကစ ကျောချင်းပေးလို့ ဆန့်ကျင်ဘက်အရပ်တွေကို ကိုယ်စီလျှောက်ကြရတော့မှာ။

မောင်က သူ့ပုံစံအတိုင်း ရှပ်အဖြူကလေးနဲ့၊ ကိုယ်ကလည်း ကိုယ့်ပုံစံအတိုင်း ဆွယ်တာပါးကလေးနဲ့။ ဆေးလိပ်တစ်လိပ်လောက် သောက်ချင်လိုက်တာလို့ မောင်ပြောတော့ ကိုယ့်အိတ်ထဲက ဆေးလိပ်ဘူးကလေးကို သိမှတ်မဲ့ ထုတ်လိုက်မိတယ်။ ဆေးလိပ်လက်ကျန်ကလေးကလည်း တစ်လိပ်တည်းရယ် …၊ ဒါကိုတွေ့တော့ ကိုယ်မဲ့ရယ်မိသေးတယ်။ ဘယ်သူများ သောက်ဖို့ ကျန်သေးလို့လဲ။

ကိုယ်မောင့်ဆီ ဆေးလိပ်လှမ်းပေးရင်း မတားမြစ်နိုင်စွာ ပြောမိလိုက်တယ်။

“ဆေးလိပ်တွေလျှော့သောက် မောင် …. မောင့် မေမေလည်း မကြိုက်ဘဲနဲ့ …”

မေမေဆိုတဲ့ စကားကို ကြားတော့ ကိုယ်ရော မောင်ရော ကိုယ်တို့ဘာကြောင့်အခုလို ခွဲခွာရသလဲဆိုတဲ့ အကြောင်းကို ပြန်သတိရမိသွားတယ်။ ကိုယ်တို့ကြားထဲမှာ ရှိရင်းစွဲထက် ပိုအေးစက်တိတ်ကျသွားခဲ့ပါတယ်။

မောင့်ဘဝမှာ အရေးကြီးဆုံးနဲ့ အချစ်ခင်ရဆုံး မိန်းမနှစ်ယောက်ရှိတယ်ဆိုရင် မောင့်မေမေကလည်း ဒီထဲက တစ်ယောက်ပဲ။ ဘယ်လိုရွေးချယ်မှုမျိုးကိုမှ ကိုယ်မောင့်ဆီကနေ ထပ်မတောင်းဆိုတော့ဘူး။ ကိုယ့်ကြိုးစားမှုတွေကလည်း ဒီမှာတင် ရပ်တန့်ပြီ။

ဆေးလိပ်ခဲထားတဲ့ မောင့်နှုတ်ခမ်းတွေကို ဆိတ်ငြိမ်စွာနဲ့ ကိုယ်ငေးရင်း အင်မတန့်အင်မတန်ကို နမ်းချင်ခဲ့ပါတယ်။ လည်ချောင်းထဲမှာ တံတွေးတစ်ခဲဟာ လှိမ့်ဆင်းကျသွားခဲ့။

မောင်က မျက်တောင်တွေကို အောက်ငိုက်စိုက်လို့ ဆေးလိပ်ကို နှုတ်ခမ်းကြားမှာခဲရင်း ဆော့ကစားနေခဲ့တယ်။ အတော်ကြာမှသာ အချိုးဆစ်ကျတဲ့ လက်ချောင်းရှည်တွေနဲ့ မီးကို ညှိယူတယ်။

ရထား ဉဩဆွဲသံတွေကလည်း တစ်ချက်ချက် ကျယ်လောင်တယ်။ ကိုယ်ရင်မှာ ပိုမောလာတယ်။ ပျားပန်းခတ်သွားလာနေတဲ့ ဈေးသည်တွေ၊ လက်မှတ်အရောင်းဝန်ထမ်းတွေ၊ တောင်းရမ်းနေတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ၊ အလုံးစုံတူညီနေတဲ့ မြင်ကွင်းထဲမှာပဲ အလုံးစုံခြားနားနေခဲ့တယ်။

ဒီခရီးဟာ ရန်ကင်းကို မောင်ပြန်ဖို့အတွက် မြို့ပတ်ရထား အတူစောင့်ဆိုင်းပေးရတာမျိုးမှ မဟုတ်တာ။ ပဲခူးကို ခဏတဖြုတ် အလည်ပြန်ဖို့အတွက်လည်း လိုက်ပို့ပေးရတာမျိုးလည်းမဟုတ်။ နေရပ်ကို အပြီးပိုင်ပြန်တော့မဲ့ ချစ်သူကို နောက်ဆုံးအနေနဲ့ လိုက်ပါနှုတ်ဆက်ရခြင်းဆိုတာ ကိုယ်ရော၊ မောင်ရော ကောင်းကောင်းသိတယ်။

ဆေးလိပ်ကုန်သွားပြီလား လို့ မောင်မေးတော့မှ မောင့်လက်ချောင်းတွေကြားထဲက ဆေးလိပ်တိုကို ကိုယ်သတိထားမိသွားတယ်။

“အင် ….”

မောင်က ထိုင်ရာက ထပါတယ်။ အနီးက ခြင်းတောင်းနဲ့ဈေးသည်အမျိုးသမီးဆီ မောင်သွားရာနောက် ကိုယ့်အကြည့်ကို လိုက်ပါစေရင်း လွမ်းရတော့မဲ့ ကျောပြင်ကျယ်ကို ကိုယ်ငေးတယ်။ ဒီကျောပြင်ကို အိပ်ရာခင်းတွေပေါ်မှာ ကိုယ်မြတ်နိုးတွယ်တာစွာနဲ့ ဖက်တွယ်ခဲ့ဖူးတယ်။ ပါးကို အပ်ရင်း ကိုယ်ငွေ့ကလေးကိုပဲ တောင်းငှလို့ ကိုယ်မှေးစက်ပျော်ခဲ့ဖူးတာပဲ။ မောင် မေ့ရက်ခဲ့တယ်။

ဥဩဆွဲသံထပ်ကြားတယ်။ ရထားက ထွက်တော့မယ်။ ကိုယ်ပျော်မွေ့ကြည်နူးခဲ့ဖူးတဲ့ ရန်ကုန်ဘူတာကြီးထဲမှာ ကိုယ်ဟာ အသက်ရှူရကြပ်လာတယ်။ မျက်တောင်တွေ ဖြည်းညှင်းစွာ မှိတ်ချလိုက်တော့ လွန်လေသော ပုံရိပ်ယောင်တွေက စိတ်မြင်လွှာမှာ အပြေးအလွှား ထင်ဟပ်ပြန်ရဲ့။

ပြီးတော့ … မနီးမဝေးက မောင့်အသံ …

“Mevius တစ်ဘူးလောက်”

ဒီအသံနောက်မှာပဲ ခိုတွေ အလန့်တကြားထပြေးပျံတဲ့ အသံကို ကြားတယ်။ တရှပ်ရှပ်လျှောက်လာတဲ့ ခြေသံ ….၊ ကိုယ့်နားက ကျောပိုးအိတ်ကို ကောက်ယူလိုက်တဲ့ လှုပ်ရှားသံ၊ ပြီးတော့ နှုတ်ဆက်သံ ….။

“မောင် သွားတော့မယ်။”

ကိုယ့်မျက်လုံးတွေ စိုစွတ်စွာနဲ့ ပြန်လည် ဖွင့်ဟလာခဲ့တယ်။ မရေရာတဲ့ မြင်ကွင်းထဲမှာ မောင်ဟာ သူ့ပုံစံအတိုင်း ရှပ်အဖြူကလေးနဲ့ … ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းမှာ ခပ်ဟဟခဲထားခဲ့တယ်။ တွေးကြည့်မှပဲ ကိုယ်မောင့်ကို တစ်ခါမှ ဆေးလိပ်မီးမညှိပေးခဲ့ဖူးဘူးပဲ။ ကိုယ့်အိတ်ထဲမှာ အမြဲတမ်း မောင်သောက်နေကျ Mevius တစ်ဘူးရှိတဲ့တိုင် … ကိုယ် မောင့်ကို တစ်ခါမှ ဆေးလိပ်မီးမညှိပေးဖူးခဲ့။

ပြန်လာမှာမလားလို့ ကိုယ်မမေးတော့သလို၊ လိုက်မလားလို့လည်း မောင်မခေါ်ခဲ့ဘူး။ နည်းနည်းလေးမှတောင် ထပ်မကြိုးစားချင်တော့တာ မောင်လား ကိုယ်လား မရေရာခဲ့ပါလား။

“မောင့် မေမေကိုလည်း နှုတ်ဆက်တယ်လို့ ပြောပေးပါ။”

မောင့်မျက်နှာဟာ ကွက်ခနဲ ပျက်သွားခဲ့တယ်။ ဆေးလိပ်ကိုခဲလို့ သက်ပြင်းချပြီး အသာခေါင်းညိမ့်တယ်။

တစ်ချိန်တုန်းကတော့ ဒီနေရာမှာ ကိုယ်ပြောခဲ့တဲ့ စကားက မောင်မေမေ့က ကိုယ့်ကို သဘောကျပါ့မလားရယ်လို့ ….။ သစ်သီးခြင်းလှလှကလေးနဲ့ လက်ဆောင်ပစ္စည်းတပွေ့တပိုက်ကို မတင်းတိမ်နိုင်စွာနဲ့ ကိုယ်ညည်းတော့ မောင်က ကိုယ့်ကျောကလေးကို ခပ်ဖွဖွကလေး ပုတ်ရင်း နှစ်သိမ့်ရှာသေးတယ်။

လုံလောက်နေပါပြီတဲ့ …

“ပြင်ထားတာ နည်းများနည်းသွားသလား မောင်ရယ်။”

“အဓိကက သူ့သားပြန်ရောက်လာဖို့ပဲလေ၊ ပြီးတော့ ချွေးမလှလှကလေးကို ခေါ်လာခဲ့ဖို့ပေါ့…”

“မောင့်မေမေက ကိုယ့်ကို သဘောကျပါ့မလား။”

“ကွယ် … ဒီအလှကလေးကို ဘယ်သူက သဘောမကျဘဲ နေနိုင်ပါ့မလဲ”

ဧကန်အမှန်ထင်ခဲ့ဖူးပါတယ်။ မောင်နဲ့ကိုယ်တို့ရဲ့ ခရီးလမ်းဟာ ခလုတ်ကန်သင်းတွေ ပျောက်ရှလိမ့်မယ်လို့။

နွေရာသီကျောင်းပိတ်ရက်တစ်ရက်၊ သိပ်သာယာလွန်းတဲ့ ကောင်းကင်ပြင်ကြီးအောက်မှာ ရထားအိုကြီးကို စီးလို့ မောင့်နောက်ကို ယုံယုံကြည်ကြည်လိုက်ပါရင်း မောင့်ဇာတိမြို့ကလေးကို ကိုယ်လိုက်သွားခဲ့ဖူးသေးတယ်။

လက်ထဲက သစ်သီးခြင်းကလေးကို မောင့်ကဲ့သို့ အဖိုးတန်ရတနာတစ်ခုလို ရင်မှာအပ်လို့ ပွေ့ရင်း စိတ်လှုပ်ရှားစွာနဲ့ ကိုယ်ဗျာများခဲ့ရဖူးတယ်။ ရထားပြတင်းပေါက်ဘေးက ဖြတ်ပြေးသွားတဲ့ မြင်ကွင်းတိုင်းဟာ ကိုယ့်တွက် ကုစားနိုင်စရာလည်း မဟုတ်ခဲ့။ မောင့်မေမေက ကိုယ့်ကို သဘောမှကျပါ့မလားဆိုတာ ကိုယ်တစ်လမ်းလုံး ဖိစီးခဲ့ရတဲ့ Stress တွေပါပဲ။

ကိုယ့်ကို တွေ့တွေ့ချင်းမှာပဲ မသိမသာပျက်ယွင်းသွားတဲ့ မောင့်မေမေ မျက်နှာထားဟာ ကိုယ့်တွက် ချောက်နက်တစ်ခုပဲ။ တခဏပဲ၊ နွေးနွေးထွေးထွေး ပြန်ပြုံးပြလိုက်တဲ့နောက် ကိုယ့်ကိုယ်ကိုယ် အားပေးတာ အရာအားလုံး အဆင်ပြေသွားမှာပါလို့…။ ဘယ်သူကြိုသိနိုင်ပါ့မလဲ။ အချိန်တန်လို့ မောင်ပြောလာတာက …

“မောင့်မေမေက မင်းကို သဘောမကျဘူး …”

တွန်းကန်ဖို့ ခွန်အားရှိနိုင်မှာတဲ့လား ။ အဲ့အချိန်တုန်းကလည်း မောင့်နှုတ်ခမ်းတွေက ဆေးလိပ်ကို ခဲထားခဲ့တယ်။

“သွားတော့ မောင် …”

ဉဩဟာ နောက်ဆုံးအနေနဲ့ ထပ်မံဆွဲခဲ့တယ်။ ဒါဟာ ကျောင်းဆင်းလို့ မောင့်အဆောင်ရှိရာ ရန်ကင်းကို ပြန်မဲ့ ရထားလည်း မဟုတ်ဘူး။ မောင့်အိမ်ရှိရာ ပဲခူးကို နွေရာသီအလည်ပြန်မဲ့ ရထားလည်း မဟုတ်ခဲ့ဘူး။ ဘွဲ့တွေယူပြီးလို့ ဇာတိက အမေ့အိမ်မှာ အခြေပြန်ချတော့မဲ့ ကိုယ်လိုက်ပါစီးနှင်းခွင့်လည်းမရှိတဲ့ ရထားပဲ။

တချို့သော ရထားတွေက တစ်သက်တာ ခွဲရတတ်ပါတယ် မောင်။ ပြန်တွေ့နိုင်မဲ့ မနက်ဖြန်တွေမှ မရှိတော့တာပဲ။ နောက်ဆုံးအနေနဲ့ မောင်က ကိုယ့်နှုတ်ခမ်းတွေကို နမ်းခဲ့တယ်။ အချိန်တိုင်း တပ်မက်စွာ နမ်းလေ့ရှိတဲ့ မောင့်နှုတ်ခမ်းတွေဟာ အခုမှာတော့ အားလျော့ကျစွာနဲ့ လိမ္မာ ရိုကျိုးနေခဲ့တယ်။ ဝတ်ကျေတန်းကျေဆန်လိုက်တာ မောင်ရယ်။

ပြန်လည်သိုင်းဖက်မိတဲ့ ကျောပြင်မှာ ကိုယ့်လက်ချောင်းတွေလည်း တုန်ယင်ချိနဲ့နေခဲ့ရှာတယ်။ လက်သည်းတွေနဲ့ မခြစ်မိအောင် ကိုယ် သတိထားလို့ ဝှက်သိမ်းပေးတယ်။ မောင့် ရှပ်အဖြူကလေး မကြေအောင် ကိုယ်စောင့်ထိန်းပေးတယ်။ အားနည်းစွာနဲ့ ဖက်တွယ်ထားတဲ့ ကိုယ့်ကို မောင်ပွေ့ထားခဲ့ပုံကလည်း သူ့အနမ်းတွေအောက် ကိုယ်ပြိုလဲနေခဲ့စဉ်တုန်းကလိုပဲ။

မစသင့်တဲ့ စကားအသွားအလာကို ကိုယ်ဆင်ခြင်ပေးပါတယ်။ ကိုယ်က မောင့်ကို ဒီလိုနည်းနဲ့ ချည်ရက်မဲ့ မိန်းမမျိုးမှ မဟုတ်တာပဲ။ တငွေ့ငွေ့နွေးနေခဲ့တဲ့ မောင့်ရင်ခွင်ထဲ သက်ဆင်းလဲလှောင်းလို့ မောင့်မေးဖျားကို ခိုးနမ်းခဲ့စဉ်ကလည်း ကိုယ်ရိုးကျိုးခဲ့တာပဲ။ အနာကျင်ရဆုံးအချိန်မှာ လက်သည်းတွေနဲ့ မကုတ်ခြစ်မိအောင် သိမ်းဝှက်ပေးသလို၊ အခုလို နှုတ်ဆက်ပွေ့ဖက်ခြင်းမှာလည်း ကိုယ်ကလည်း မောင်မေ့ဟန်ဆောင်နေသမျှကို အလိုက်သတိ မေ့ထားပေးရတာပဲ။

လိင်မှုကိစ္စနဲ့ ကိုယ်မောင့်ကို ဘယ်တော့မှ မချည်ဘူး မောင်။ မောင့်မေမေ ထင်သလောက် ကိုယ်အဲ့လောက်ထိ မယုတ်မာဘူး။ ဗေဒင်တွေ ယတြာတွေ လုပ်ခဲ့တယ်ဆိုတာ အားကိုးရာမဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ဆုံးဆွဲမိဆွဲရာ လှမ်းဆုပ်မိတဲ့ ကောက်ရိုးမျှင်ကလေးဆိုတာ မောင့်ကိုလည်း ယုံစေချင်တယ်။ လူတွေဟာ အားကိုးရာမဲ့လာရင် ဘာပဲဖြစ်ဖြစ် ဆုပ်ကိုင်လို့ရရင် ပြီးရော … လှမ်းဆုပ်မိတတ်တာ မဟုတ်လား။ ကိုယ့်အားကိုယ် ကိုးတတ်ပါတယ်လို့ တစ်ဘဝလုံး ကြွေးကြော်လာခဲ့တဲ့ မိန်းမကတောင်မှ မောင့်ကို ရဖို့အတွက် လိုက်လံဝပ်တွားခယမိတတ်ခဲ့တာပဲ။

“မောင့်မေမေက ကိုယ့်ရဲ့ဘယ်အချက်ကို သဘောမကျတာတဲ့လဲ မောင်”

“မေမေက …”

“မင်းမျက်လုံးတွေကို သဘောမကျဘူးတဲ့”

ယိုင်လဲချိနဲ့နေလွန်းတဲ့ ခြေထောက်တွေက ရိုးသားခဲ့ပါတယ်။ ဒီလက်တွေကလည်း အစကတည်းက မောင့်ကို ဘာတစ်ခုမှ မထိခိုက်သွားစေချင်ခဲ့ဘူး။

တဖြည်းဖြည်းချင်း လျောကျစွာနဲ့ ကိုယ့်ဆီက ဆုတ်ခွာသွားတဲ့ လက်ချောင်းတွေကို မိုက်မဲစွာ ထပ်မဆွဲမိအောင် ကိုယ်ထိန်းတယ်။ လက်မပြဘူး။ ပြန်လာမှာ မဟုတ်တဲ့လူကို လက်မပြဘူး။ မောင်ကလည်း ပြန်ငဲ့မကြည့်ဘူး။ ရထားပေါ်မှာ မောင် တက်ထိုင်လိုက်ပြီ။ ပြေးသွားမိလုဆဲဆဲ ခြေထောက်တွေကို ကိုယ်ကျားကန်ရပ်ထားခဲ့တယ်။

အရင်တစ်ချိန်ကဆိုရင်တော့ ရထားပေါ် ကိုယ်လိုက်တက်မှာပဲ။ ဘူတာက ခုံတန်းတွေမှာ မောင့်ကို အဖော်လုပ်ပြီးရင်၊ ရထားပေါ်က မောင့်နံဘေးမှာလည်း ရထားမထွက်မချင်း ဒီမိန်းမက ဆက်အဖော်လုပ်ပေးမိတာပဲ။

အခုတော့ ဆေးလိပ်ခဲထားတဲ့ မောင့်နှုတ်ခမ်းတွေက ယတိပြတ်တားမြစ်တယ်။ မင်းလိုက်ပါခွင့်မရှိ …။

အိမ်ပြန်ချိန် ရထားအတူစောင့်ပေးခဲ့တာဖြစ်ဖြစ်၊ မြို့ကလေးကို ပြန်မဲ့ ရထားဆီ လိုက်ပို့ခဲ့တာဖြစ်ဖြစ်၊ အခုလို တစ်သက်စာ နှုတ်ဆက်လိုက်ရတာဖြစ်ဖြစ်၊ တူညီတဲ့ ဘူတာတစ်ခုမှာပဲ မတူညီတဲ့ လမ်းခွဲတွေရှိခဲ့တာပဲ။

အင်း ၊ ရှိခဲ့တာပဲ။ ကိုယ်မှိန်းမောနေချိန်မှာပဲ ရထားဘီးတွေ စလှိမ့်တယ်။ လှည့်မကြည့်တော့ဘူးပေါ့ မောင်။ နည်းနည်းလေးတောင်မှ စောင်းငဲ့ မကြည့်လာတော့ဘူးပေါ့။

ဒီမြို့ကို ပြန်တဲ့ရထားကပဲ အခုကျမှ ရင်နာဖို့ ကောင်းနေခဲ့လိုက်တာ။ ဇာတိကို ပြန်မဲ့လူကို အရင်လိုလည်း လက်မပြမိတော့သလို၊ အရင်လိုလည်း တတ်စွမ်းသရွေ့ ပြေးလိုက်လို့ မနှုတ်ဆက်မိတော့သလို၊ အရင်လိုလည်း … မောင်ပြန်ရောက်လာမဲ့ ခရီးမှ မဟုတ်တော့တာ။ နွေရာသီကျောင်းပိတ်ရက်မှ မဟုတ်တော့တာ။

မနက်ဖြန်ခါကျ ကျောင်းမှာ ပြန်တွေ့နိုင်မဲ့ လူတွေမှ မဟုတ်တော့တာ။

ပြတ်ကျန်ခဲ့မဲ့ ဇာတ်လမ်းတစ်ပုဒ်ရယ်၊ ပြိုလဲကျန်ခဲ့ရတော့မဲ့ မိန်းမတစ်ယောက်ရယ် ဒီရထားနောက်မှာ ရှိ ခဲ့ တယ်။

 ရထားထွက်ခွာပြီ။ မောင် ပါသွားခဲ့ပြီ။ မောင် ပျောက်သွားခဲ့ပြီ။ အသက်မဲ့စွာနဲ့ ရထားကို ကိုယ် ကျောခိုင်းလိုက်တယ်။ လက်မှတ်အရောင်းဌာနမှာ လက်မှတ်ဝယ်နေတဲ့ မောင့်ကို ကိုယ်မြင်နေတယ်။

“ရန်ကင်းကို သွားမဲ့ ရထား၊ လက်မှတ်တစ်စောင်လောက် …”

ဟော … ဖျပ်ခနဲ ပုံရိပ်က ပျောက်သွားပြန်တယ်။ ပျောက်သွားတဲ့ မောင့်ပုံရိပ်ကလေးကို ကိုယ်ပတ်ပတ်လည်မှာ ရှာကြည့်တယ်။ ကိုယ့်အနားက ခုံတန်းကလေးမှာ ပြန်တွေ့ပါတယ်။ ကိုယ်ရယ်၊ မောင်ရယ်၊ မောင့်လက်ထဲက မြို့ပတ်ရထား လက်မှတ်တစ်စောင်ရယ်။

ဈေးသည် အမျိုးသမီးနားမှာ ဆေးလိပ်ဝယ်နေတဲ့ မောင့်ကိုယ်ရိပ်လည်း ကိုယ်တွေ့တာပဲ။ ရပ်ထားတဲ့ ရထားတွေပေါ်မှာလည်း မောင့်အရိပ်ကလေးက ရှိပြန်တာပဲ။ ဆေးလိပ်ခဲထားခဲ့တဲ့ နှုတ်ခမ်းကလေးတွေနဲ့ ကိုယ့်ကို ပြုံးကြည့်ရှာတယ်။

မပစ်ခွာနိုင်ခဲ့ဘူး။ ရူးသွပ်စွာ ကျန်နေခဲ့တယ်။ ကိုယ်ငွေ့ကလေးကိုတောင် မှိန်းမူးခဲ့ရသူမို့၊ ဆေးလိပ်ငွေ့ကလေးတွေကိုတောင် မက်မောခဲ့ရသူမို့။

ရန်ကုန်ဘူတာကြီးထဲမှာ ကိုယ်တိတ်ဆိတ်စွာပဲ ဆက်ထိုင်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နာရီပေါင်းများစွာက ထွက်ခွာသွားခဲ့တဲ့ ရထားရယ်၊ ကိုယ့်နားက တစ်စီးပြီးတစ်စီး ဖြတ်သွားခဲ့တဲ့ ရထားများစွာရယ်။ ဘူတာမှာ ရပ်ပြီးရင် ဆက်ထွက်ကြတာပဲ။ ပြန်မလာတော့မဲ့ ရထားတစ်စင်းပေါ်က ပြန်မလာတော့မဲ့လူကို ကိုယ် နာရီပေါင်းများစွာ စောင့်နေခဲ့မိတယ်။

ညနေစောင်းမှာ ခိုတွေ ထပျံတယ် မောင်။ ကိုယ်အသံတွေကြားတယ်။ Mevius တစ်ဘူးလောက် ဆိုတဲ့ မောင့်အသံတွေလည်း ကိုယ်ကြားတယ်။ မောင့်မေမေက မင်းကို သဘောမကျဘူးဆိုတဲ့ အသံကိုလည်း အထပ်ထပ်အခါခါ ကိုယ်ကြားတယ်။

နေညိုခဲ့ပြီ။ မောင်စွန့်ပြီးရင်လည်း ကိုယ်ခွာရတော့မှာပဲ။ တူညီတဲ့ ဘူတာတစ်ခုထဲမှာပဲ မတူညီတဲ့ ရထားတွေ ရှိခဲ့တယ်။ နောက်ဆုံးရထားက ထွက်သွားခဲ့တာ နာရီများစွာ ကြာနေခဲ့ပြီပဲ။

ခြူး(မြန်မာပြည်)

2021

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..