Part - 25
! ပိုင်ဆိုင်မှု လွှဲပြောင်းစာချုပ်!
စားပွဲပေါ်ရှိနေသည့် စာချုပ်ကို နားမလည်သလို ငေးကြည့်နေရင်း မမနွယ်ကို ပြန်ကြည့်မိ၏။ အရေးကြီး ပြောစရာ၊ရှင်းစရာရှိသည်ဆိုပြီး ဧည့်ခန်းထဲ လာခိုင်းထားသဖြင့် ပန်းရော ဒေါ်လေးပါ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ထိုင်နေသလို၊သွားခါနီး အန်တီဘေဘီတို့ လင်မယားပါ ဆုံနေကြ၏။
" မမနွယ် ပြောစရာ ရှိတယ်ဆို။ "
" ခဏနေဦး.......ကို လာနေပြီ။ "
ကိုကြီးကိုပါ ခေါ်ထားတာလား။ သိပ်မကြာလိုက်ခင်မှာပင် ခြံထဲဝင်လာသည့် ကားသံနဲ့အတူ ဧည့်ခန်းထဲ ရောက်လာသည့် စွယ်တော်။
" နွယ့်....အရေးတကြီးနဲ့ ဘာဖြစ်လို့လဲ။ "
နွယ် နှုတ်ခမ်းပါးလေးကို မဲ့ချလိုက်ရင်းမှ စားပွဲပေါ်တင်ထားသည့် စာချုပ်ကို ဆွဲယူကာ သူ့ရင်ဘတ်ဆီ ဆောင့်ပေးပစ်သည်။
" ဒါက ဘာလဲ......"
စွယ်တော် စာချုပ်ကို ကြည့်လိုက်ရင်းမှ ဟင်းခနဲ သက်ပြင်းချမိ၏။
" ဘာဖြစ်လို့လဲ....."
သြော်...။
နွယ် မကျေမနပ်ဖြင့် အောက်နှုတ်ခမ်းလေးကို ဖိကိုက်မိသလို ဆိုဖာပေါ်ထိုင်နေသည့် ပန်းဆီ အကြည့်ရောက်သွားသည်။
" မင်း သိထားပြီးသားလား....."
ပန်း မျက်လုံးလေး ဝိုင်းသွားရသလို စွယ်တော် ကမန်းကတန်း နွယ့်ကိုယ်လေးကို သူ့ဘက်ဆွဲလှည့်လိုက်ရင်းမှ.....
" နွယ့်.....ဒါတွေ ညီမလေး ဘာမှ မသိဘူး။ ကိုယ် စီစဉ်ထားတာတွေချည်းပဲ။ "
" သြော်......တကယ့် အစ်ကိုကောင်းကြီးပါလား ကိုစွယ်တော်ရဲ့။ "
ပန်း ဗိုက်လေးကို ထိန်းကာ ထရပ်လိုက်ရင်းမှ....
" ခဏလေး.....ခဏနေကြပါဦး။ အခုက ဘာဖြစ်ကြတာလဲ.....မမနွယ် ပန်းကို အရင်ပြောပြပါဦးနော်။ ဘာဖြစ်လို့လဲဟင်။ "
" ဘာဖြစ်ရမလဲ......ဒီမှာ ဒီစာချုပ်ကိုကြည့်။ အိမ်၊ဆိုင်၊ ပိုင်ဆိုင်မှုရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းက ပန်းကလေးရဲ့ အမည်နဲ့ အကုန်လွှဲထားတာ။ ဘယ်အချိန်ထဲက လွှဲထားတာလဲ ပြောပြရဦးမလား....နွယ်နဲ့ လက်မထပ်ခင် တစ်ရက်လေးကပဲ လွှဲပစ်လိုက်တာ။ "
စွယ်တော် ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။ သူ နွယ့်ကို မယုံလို့ မဟုတ်ပါ။ ဘယ်အရာမဆို ပုံသေတွက်လို့ မရမှန်း တစ်ဘဝလုံး သိခဲ့ရပြီးပြီမို့ သူသာ တစ်ခုခုဖြစ်သွားခဲ့လျှင်ဆိုပြီး ညီမလေးအတွက် စိတ်ချရအောင် စီမံထားခြင်းပင်။
" ဒါ သက်သက်ယုတ်မာတာပဲအေ......မိနွယ် ညည်း ဘာလုပ်မှာလဲ။ "
စွယ်တော် နွယ့်ကို တစ်ချက်ကြည့်လိုက်ရင်းမှ....
" ညီမလေးကို တိုက်နဲ့ဆိုင်တွေ လွှဲခဲ့တာမှန်တယ်။ ဒါပေမယ့် ကိုယ့်မှာ ဆိုင်တစ်ဆိုင်ကျန်ပါသေးတယ် နွယ်ရယ်။ပြီးတော့ အလုပ်လုပ်နိုင်သမျှက အဲ့ဒါနွယ့်အတွက်ပဲလေ။ နွယ့်မှာ ကိုယ်ရှိတယ်။လင်ယောကျာ်းရှိတယ်။ ညီမလေးမှာ အားကိုးစရာ မရှိဘူး။ "
" ဟုတ်ပါတယ် မမနွယ်ရယ်.....ကိုကြီးက မမနွယ်ကို မကြည်ဖြူတာ မဟုတ်ပါဘူး။ အထင်မလွဲပါနဲ့နော်။ "
နွယ့် လက်မောင်းလေးကို ကိုင်ရင်း ရှင်းပြလာသည့် ပန်းကြောင့် နွယ် နှုတ်ခမ်းပါးလေးကို မဲ့ချမိသည်။
" တော်ပါပြီ.....ဒီအိမ်မှာလဲ ဆက်နေစရာ မလိုတော့ဘူး။ "
စွယ်တော် နွယ့်မျက်နှာကို ဖျတ်ခနဲ ကြည့်မိသွား၏။ ညီမလေးကတော့ အသည်းအသန် တားရှာပါသည်။
" မဟုတ်တာ မမနွယ်ရယ်....အဲ့လို မလုပ်ပါနဲ့။ ပန်း.....ပန်း တောင်းပန်ပါတယ်နော်။ ဒါတွေလဲ ပန်း မယူပါဘူး။ ကိုကြီး....ကိုကြီးကို ထားမသွားပါနဲ့နော်.....အင့်ဟင့်.....ဟီး "
စွယ်တော် ငိုယိုနေသည့် ညီမလေးကို ဆွဲထားလိုက်ရင်းမှ နွယ့်ကို ငဲ့ကြည့်မိ၏။ ခပ်ယဲ့ယဲ့ပြုံးမိရင်းမှ.....
" ကိုယ် ထင်ခဲ့တာက နွယ် ကိုယ်နဲ့အတူ ဒိုးတူဘောင်ဖက် ကြိုးစားကြမယ်ထင်တာ။ နွယ့်ကို ကိုယ် မတားပါဘူး။ "
နွယ် အံလေးကို တင်းခနဲကြိတ်မိ၏။ နွယ် ငွေမက်၍ မဟုတ်ပါ။ အသိမပေးသလို အလေးထားခြင်းလဲ မရှိတာကို စိတ်ဆိုးခြင်းသာ။ လုပ်ရက်သည်ဟု ရင်ဘတ်ထဲက နာနေသည်။ အိမ်ပေါ်တက်ကာ အဝတ်အစားတွေထည့်ပြီးသည်နှင့် မောင်လေးကိုပါ ခေါ်ကာ အန်တီဘေဘီတို့နဲ့အတူ တစ်ခါထဲ ဆင်းချလာခဲ့သည်။
ထိုကိစ္စဟာ ပန်းအတွက်တော့ စိတ်အတော်ထိခိုက်စရာ ဖြစ်သွား၏။ တစ်သက်လုံး အစ်ကိုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်ဆိုသည့် စိတ်က ရှိနေသလို အခုလဲ မိမိကြောင့် အိမ်ထောင်ရေးပြိုကွဲရပြီဆိုကာ စိတ်ထဲ ပြင်းစွာနာကျင်သွားသည်။
" ပန်းကြောင့်.....ပန်းကြောင့်ပါ.....ကိုကြီး....အီး….ဟီး…..ကိုကြီး ပန်း တောင်းပန်ပါတယ်နော်။ ပန်း.... "
သူ့လက်ထဲမှာပင် ပျော့ခွေကျသွားသည့် ညီမဖြစ်သူကြောင့် စွယ်တော် ပျာယာခတ်သွား၏။ သတိလစ်လဲကျသွားသည်မို့ ထိုနေ့မှာပင် ပန်းလေးကို ဆေးရုံတင်လိုက်ရသည်။
@@@@@@@@@@@@
" လူနာက အရမ်းအားနည်းနေတယ်။ စိတ်ဖိစီးမှုတွေ ၊ pressure တွေကြောင့်ရော သွေးတိုးကြောင့်ရော...."
စွယ်တော် အံ့အားသင့်သလို ဆရာဝန်အား ငေးစိုက်ကြည့်ရင်းမှ ခေါင်းကိုခါယမ်းလိုက်သည်။
" မဟုတ်သေးဘူးထင်တယ် ဆရာ.....ကျွန်တော့်ညီမလေးမှာ သွေးတိုး မရှိပါဘူး။ "
သူ့စကားကြောင့် ဆရာဝန်က လူနာမှတ်တမ်းကို ပြန်ကြည့်ရင်း ထောက်ပြလာသည်။
" ဒီမှာ သေချာရေးထားပါတယ် ။ "
သူ မသိပါလား။ သူက ဘာလို့ မသိရတာလဲ။ ဘာလို့ ဒီလောက်ပေါ့လျော့ပြီး ညံ့ဖျင်းရတာလဲ။
" Due Date လဲ ရောက်ခါနီးပြီဆိုတော့ မနက်ဖန် ခွဲမွေးကြတာပေါ့။ သွေးတိုးရှိတဲ့အတွက် မိခင်ရော ကလေးပါ အန္တရာယ်များပါတယ်။ ပြီးတော့ အချင်းကလဲ အောက်ရောက်နေတယ်။ "
စွယ်တော် မျက်နှာပျက်သွားရရင်းမှ.....
" ဆရာ့ကိုပဲ အားကိုးပါတယ်ခင်ဗျာ။ "
လူနာခန်းထဲ ပြန်ရောက်သည်နှင့် အိပ်မောကျနေသည့် ညီမလေးကို ငေးကြည့်ရင်း အပြင်ပန်းက ငြိမ်သက်တိတ်ဆိတ်နေပေမယ့် ရင်ထဲတော့ ဗြောင်းဆန်နေရသည်။ ကိုယ်ဝန်ကြောင့် ဝနေသည်ထင်ပေမယ့် သွေးတိုးကြောင့် အနည်းငယ်ဖောနေသည်ကို သိပ်မသိ။ ပညာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရတာရော ၊ပိုက်ဆံရှာနေတာရော ဖိမဲနေတော့ သူလေ့လာရမှန်းလဲ မသိခဲ့ပါ။
ညီမလေး မနိုးခင်မှာပဲ ဆေးရုံကို ဇွဲခေတ် ရောက်လာသည်။ အိပ်ပျော်နေသည်ကို ကြည့်ပြီး သူ့မြင်လျှင် စိတ်မကြည်မှာစိုး၍ အခန်းအပြင်မှာပဲ စောင့်နေ၏။ မနက်ဆို ခွဲခန်းဝင်မည်မို့ ဒေါ်လေးက အိမ်ပြန်ကာ လိုအပ်တာတွေ ယူသည်။
သို့ပေမယ့် ညမှာတင် ပန်းက ဗိုက်နာလာသည်။
"အား….အား....နာတယ် နာတယ်... အမေရေ...."
နာ၍ အော်တာလဲ အသံကို ပြာတက်နေသည်။ ထွန့်ထွန့်လူးနေသလို နာလွန်း၍ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်နေသည့်ပုံစံကို ကြည့်ရင်း သူ ထိတ်လန့်လာမိသည်။
" အစ်ကို့.....ဆရာဝန်ရော.....မရောက်သေးဘူးလား။ "
ဇွဲခေတ်က ဘေးမှာ ရပ်နေရင်းမှ လောနေပြီဖြစ်၏။
" လူနာရှင် ဒီမှာ လက်မှတ်ထိုးပေးနော်။ "
သူနာပြုဆရာမလေး လာပေးသည့် စာရွက်ကို ကြည့်မိတော့ ခွဲမွေးဖို့ သဘောတူညီမှုပင်။ စွယ်တော် ကပျာကယာ လက်မှတ်ထိုးပေးလိုက်သလို ခွဲခန်းထဲဝင်သွားသည့် ညီမလေးကို ငေးကြည့်ရင်း ပါးစပ်က အဆက်မပြတ်ဘုရားစာရွတ်ကျန်ခဲ့သည်။
အဆင်ပြေပါစေ။ အဆင်ပြေမှာပါ။
မဟုတ်ဘူး.......အဆင်ပြေမှာ။
-------------
" မိနွယ်ရေ.....ညည်းယောက်မ ဆေးရုံရောက်နေတယ်တဲ့။ "
အိပ်ယာခင်းနေစဉ်ဖုန်းကို လှမ်းပေးကာ ပြောလာသည့် ဦးလေးဖေသန်းကြောင့် နွယ် ဖုန်းကိုလှမ်းယူလိုက်သည်။ တစ်ဖက်မှ ဒေါ်ကြည်ပြာ့အသံနဲ့အတူ ပြောပြလာသည့် အခြေအနေကြောင့် နွယ် ကပျာကယာ ဆေးရုံလိုက်သွားရန် ပြင်ရသည်။
" ဟဲ့ ညည်း လိုက်သွား မလို့လား။ "
" မသွားလို့ မရဘူးအန်တီ။ ပန်းလေး အခြေအနေက စိုးရိမ်ရတယ်တဲ့။ "
တစ်ခါတစ်ခါ ကြည့်မရတာ စိတ်အခန့်မသင့်တာ ရှိပေမယ့် နွယ့်အပေါ်တော့ ကောင်းသည့်ကလေးမို့ ပစ်ထားရန်လဲ မလုပ်နိုင်ပေ။ ပြီးတော့ ဘာအပြစ်မှ မရှိတဲ့ ကလေး မဟုတ်လား။ ဒေါ်လေးကြည်ပြာကလဲ အသက်ကြီးနေပြီဖြစ်သလို ကလေးဝေယျာဝစ္စကျ ကိုတို့ယောကျာ်းတွေက ဘာမှလုပ်တတ်တာ မဟုတ်။
@@@@@@@@@@@@@
အချိန်ကြာနေပြီမို့ စွယ်တော်ကို ဖုန်းမှ နာရီကိုကြည့်ရင်း မျက်စိမျက်နှာ ပျက်နေပြီဖြစ်သည်။ ဒေါ်လေးမှာလဲ အင်္ဂုလိမာလသုတ်ရွတ်လိုက် ဘေးကင်းအောင် ဆုတောင်းလိုက်ဖြင့် ကပေါက်တိကပေါက်ချာပင်။
" ကို....."
အသံနဲ့အတူ သူ့အနား အမြန်လျှောက်လာသည့် နွယ်။ ဒေါ်လေး ပြောပြထားသည်ဆိုတာ သူသိပါသည်။
" ပန်းလေးရော....."
" ခုထိ ထွက်မလာသေးဘူး နွယ်။ "
! ကျွီ....!
" ဟာ...အစ်ကို့ ဆရာဝန် ထွက်လာပြီ။ "
ဇွဲခေတ်က သူ့ကို လှမ်းပြောရင်း ဆရာဝန်ဆီ ပြေးသွား၏။ အကုန်လုံး ဆရာဝန်အနား ရောက်သွားသလို ညီမလေးအခြေအနေကို သူ့မှာ အငမ်းမရမေးရသည်။
" ဒေါက်တာ.....ညီမလေး.....ကျွန်တော့်ညီမလေး အခြေအနေ အဆင်ပြေရဲ့လား။ ကလေးရော..."
ဆရာဝန်ကြီးက သူ့ကို စိတ်မသက်သာသလို ကြည့်လာသည်ကို ခံစားမိလိုက်သဖြင့် စွယ်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။
" စိတ်မကောင်းပါဘူးဗျာ။ ယောကျာ်းလေးမွေးပါတယ်။ ရှစ်ပေါင်နဲ့ခြောက်အောင်စပါ။ မိခင်ကတော့ အချင်းအောက်ကျနေတော့ သွေးထွက်တာလဲ အရမ်းများတယ်။သွေးတိုးကလဲရှိတော့ စိတ်ကို အဆင်သင့်ပြင်ထားကြပါ။ "
" ဗျာ......"
ဒိန်းခနဲ မိုးကြိုးပစ်ချခံလိုက်ရသလို နားထင်တွေ ပူတက်သွားသည့် ခံစားချက်ထုံထုံကြီးကို သတိထားမိလိုက်သည်။ ရုတ်ခြည်းဆိုသလို ရင်ထဲစို့နင့်တက်လာကာ အသက်ရှူဖို့ ခက်ခဲသွားသဖြင့် လူပါယိုင်ကျသွား၏။
" ကို.....ကို့ သတိထားလေ...."
နွယ့် အသံကိုလဲ သူ့မှာ ကြားတစ်ချက် မကြားတစ်ချက်ပင်။ ဘီးလှိမ့်သံနဲ့အတူ ခွဲခန်းထဲမှ ထွက်လာသည့် သူနာပြုဆရာမလေးက ညီမလေးရှိနေသည့် လူနာတင်လှည်းလေးကို တွန်းလာ၏။ အခြားသူနာပြုတစ်ယောက်၏ လက်ထဲမှ အနှီးထုပ်လေးနဲ့အတူ ကလေးလာပေးသဖြင့် ဇွဲခေတ်က ပွေ့ချီလိုက်သည်။
" ကို.....ကိုကြီး....."
တိုးညင်းလွန်းပေမယ့် သူ ကောင်းကောင်းကြား၏။ ကပျာကယာ အနားရောက်သွားရင်း ညီမလေး၏ လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ကာ ပြုံးပြလိုက်၏။
" ကိုကြီး ရှိတယ်နော်......"
ဖြူဖျော့သည်ထက်ကို ဖြူဖျော့နေတာမို့ သူ ငေးကြည့်ရင်း ရင်ထဲကနာလာ၏။ သူ ဘယ်လိုအခက်အခဲတွေကြားက ပျိုးထောင်ခဲ့ရသည့် ကလေးလဲ။
မထားသွားပါနဲ့.....သူ့ကို တစ်ယောက်ထဲ မထားသွားရဘူး။
@@@@@@@@@@@@@@@@@@@@@@
To be continued P - 26 ( ဇာတ်သိမ်းပိုင်း )
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ