မြင်မြင်ချင်းအချစ်
lotaya.mpt.com.mm
|
2023-12-27

နေ့လည်မကျ မနက်ခင်းမကျ အချိန်လေးမှာ ပြည့်ဖြိုးနိုင် တစ်ယောက် လက်ဖက်ရည်ဆိုင်ကို ဦးတည်သွားနေလေသည်။ လက်ဖက်ရည်ဆိုင်သို့ ရောက်တာနဲ့ လူရှင်းလောက်တဲ့ နေရာလေးမှာ ဝင်ထိုင်လိုက်ပါတော့သည်။ နေရာယူပြီးတာနဲ့ အနားသို့ ဝိတ်တာကောင်လေး ရောက်လာခဲ့လေသည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်လည်း လက်ဖက်ရည်တစ်ခွက်ရယ်၊ ရှမ်းခေါက်ဆွဲရယ်နဲ့ ပဲပလာတာ တစ်ချပ် မှာလိုက်တော့၏။ ဝိတ်တာကောင်လေးလည်း အမှာစာကိုမှတ်ပြီး တစ်ခြားဝိုင်းကို သွားတော့သည်။ ပြည့်ဖြိုးနိုင်သည်လည်း မှာထားတာတွေကို စောင့်ရင်း သူငယ်ချင်းတွေဆီကို ဖုန်းဆက်ကြည့်လေသည်။

“ဟယ်လို....... ငါ လက်ဖက်ရည်ဆိုင်မှာ မင်းတို့ လာအုန်းမလား” ဆိုကာ ပြည့်ဖြိုးနိုင်မှ သူငယ်ချင်းဖြစ်သူကို လှမ်းမေးနေလေသည်။

“ဟုတ်လား...... ငါတော့ မလာဖြစ်တော့ဘူး ထင်တယ်...... ဒီမှာ အိမ်ကအမေတို့က ဘုရားသွားချင်လို့တဲ့လေ....... အဲ့တာ ငါ လိုက်ပို့ရမှာမလို့.........”

“အော်...... ဟုတ်လား...... ဒါဆိုလည်း ငါ ဟိုကောင်တွေကို ခေါ်ကြည့်လိုက်အုန်းမယ်”

“ဆောရီးကွာ...........”

“ရပါတယ်...... ဒါဆို...... ဒါဘဲလေနော်” လို့ ပြောပြီး ပြည့်ဖြိုးနိုင်လည်း ဖုန်းချလိုက်တော့သည်။

ပြီးတော့ နောက်တစ်ယောက်ကို ဖုန်းလှမ်းဆက်လေသည်။

“အေ...... ငါ လက်ဖက်ရည်ဆိုင်မှာ........ အဲ့တာ လာမလားလို့ လှမ်းမေးတာ........”

ပြည့်ဖြိုးနိုင် တစ်ယောက် ခဏက သူငယ်ချင်းကို မေးသလိုဘဲ ဒီတစ်ယောက်ကို ထပ်မေးလေတော့သည်။

“ဟာ...... မင်းကလည်း ကြိုပြောတာ မဟုတ်ဘူး....... အခု ငါက ဂိမ်းထဲဝင်ပြီးနေပြီ.........”

“ဟုတ်လား...... မင်းက ခုကတည်းက ဂိမ်းဆော့နေပြီလား...... ညမှဆော့တာ မဟုတ်ဘူးလား”

“မဟုတ်ဘူး...... ငါတို့အဖွဲ့က မနက်ပိုင်းဘဲ ဆော့နေကျမလို့ကွ.............”

“အေးကွာ........ ပြီးတာဘဲ......ဂိမ်းဆော့ပြီးရင်တော့ လာမှာမလား.....”

“အေ...... လာခဲ့မယ်လေ..........”

“ဒါဆိုလည်း ငါစောင့်နေမယ်” လို့ ပြောပြီး ပြည့်ဖြိုးနိုင် ဖုန်းထပ်ချလိုက်သည်။

ဖုန်းချပြီးတာနဲ့ ဝိတ်တာကောင်လေးကနေမှ ပြည့်ဖြိုးနိုင် မှာထားတာတွေ လာချပေးလေသည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်လည်း ဖုန်းထပ်မခေါ်တော့ဘဲ မနက်စာကို တည်ခင်းလိုက်ပါတော့သည်။ လက်ဖက်ရည်သောက်ပြီးသွားတော့ ဆေးလိပ်လေးက ဖွာချင်လာလေသည်။ ဒါနဲ့ ပြည့်ဖြိုးနိုင် တစ်ယောက်လည်း အင်္ကျီအိတ်ကပ်ထဲက ဆေးလိပ်နဲ့ မီးခြစ်ကို နှိုက်ထုတ်လေသည်။ ထိုချိန်မှာဘဲ အိတ်ကပ်ထဲက ပစ္စည်းတွေ ထွက်ကျကုန်၏။ ဒါနဲ့ဘဲ ပြည့်ဖြိုးနိုင်မှာ အောက်ကျသွားတဲ့ ပစ္စည်းတွေကို ကုန်းကောက်နေလေသည်။

ပစ္စည်းတွေ ကုန်းကောက်နေချိန်မှာ သူထိုင်နေတဲ့ ဝိုင်းသို့ တစ်ယောက်ယောက် လာထိုင်တော့သည်။ ပြည့်ဖြိုးနိုင်လည်း သူငယ်ချင်း ‌ရောက်လာတာလို့ ထင်မှတ်ပြီး စကားပြောလိုက်ပါလေသည်။

“မင်းတို့ ဂိမ်းကလည်း မြန်လှချည်လား.........”

ပြောလည်းပြောရင်း ပစ္စည်းတွေ ကောက်ပြီးလို့ ထလိုက်တဲ့ အချိန်မှာ ပြည့်ဖြိုးနိုင် တစ်ယောက် အံ့အားသင့်သွားပါတော့သည်။ သူငယ်ချင်းလို့ ထင်မှတ်ပြီး စကားပြောလိုက်ပေမယ့် သူငယ်ချင်း ဟုတ်မနေဘဲ မိန်းကလေး တစ်ယောက် ဖြစ်နေတာကြောင့် ပြည့်ဖြိုးနိုင် ရှက်သွားလေသည်။ ပြီးတော့ ကြောင်အန်းအန်းလည်း ဖြစ်သွားသည်။

“ဟို...... ဟိုဟာ....... ကျွန်တော့် သူငယ်ချင်း ထင်လို့ ပြောလိုက်မိတာပါ” ဆိုပြီး ပြည့်ဖြိုးနိုင် ရှက်ရှက်ဖြင့် ပြောလိုက်သည်။

“ဟုတ်...... ရပါတယ်...... ဒါနဲ့လေ..... စိတ်တော့မရှိနဲ့နော်..... တစ်ခြားဝိုင်းတွေက ပြည့်နေလို့လေ...... အဲ့တာ ကျွန်မ ရှင်နဲ့ အတူတူ ထိုင်လို့ရမလား”

ပြည့်ဖြိုးနိုင် တစ်ယောက် ဘေးဘီကို ဝေ့ကြည့်လိုက်၏။ လက်ဖက်ရည်ဆိုင်လေးဟာ လူပြည့်လို့နေလေရဲ့။ အချိန်တိုအတွင်းမှာ လူပြည့်သွားတာကြောင့် ပြည့်ဖြိုးနိုင်လည်း ကြောင်စီစီ ဖြစ်သွားရ၏။

“ဟိုလေ....... လူလာမယ်ဆိုရင်....... ကျွန်မ ဖယ်ပေးပါ့မယ်”

တစ်ဖက်က မိန်းကလေးကနေပြီး ထပ်ပြောလာတော့မှ ပြည့်ဖြိုးနိုင်လည်း ပြန်ဖြေဖို့ကို သတိရသွားတော့သည်။

“ရပါတယ်..... ထိုင်ပါ...... ဟိုဟာ လူက နောက်ကျမှလာမှာ........ ခုလောလောဆယ်တော့ ထိုင်လို့ရပါတယ်”

“ဟုတ်...... ကျေးဇူးပါနော်........ အကို”

မိန်းကလေးကတော့ ကျေးဇူးတင်စကားပြောပြီး ဝိတ်တာကို ခေါ်ကာ မှာစရာရှိတာ မှာနေတော့၏။

ပြည့်ဖြိုးနိုင် တစ်ယောက်လည်း ဆေးလိပ်သောက်မလို့ လုပ်နေပေမယ့်လည်း ဆေးလိပ်ကို စားပွဲပေါ်ပြန်တင်ကာ လက်ဖက်ရည်ကိုသာ သောက်လိုက်ပါလေသည်။ ထိုအချိန်မှာဘဲ သူရှေ့မှာ ထိုင်နေတဲ့ မိန်းကလေးကနေပြီး ပြုံးပြလာလေသည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်လည်း ပြန်ပြုံးပြလိုက်ရ၏။ ပြီးတော့ နေရခက်တာကြောင့် ပြည့်ဖြိုးနိုင်မှာ ဖုန်းထုတ်ပြီး ဖေ့ဘုတ်စ်ကိုသာ ကြည့်နေလိုက်တော့သည်။

ကောင်မလေးမှာတော့ မှာထားတာတွေကိုသာ အာရုံစိုက်ပြီး စားသောက်နေပါလေသည်။ ပြည့်ဖြိုးနိုင်သည်သာ ဂနာမငြိမ်နိုင် ဖြစ်နေလေ၏။ ဖုန်းကြည့်လိုက်၊ ကောင်မလေးကို ချောင်းကြည့်လိုက်ဖြင့် အလုပ်တွေ ရှုပ်နေတော့သည်။ ကောင်မလေးကတော့ ပြည့်ဖြိုးနိုင်ကို သတိမထားမိ။ ပြည့်ဖြိုးနိုင်ကသာ ကောင်မလေးကို ချောင်းကြည့်ရင်း ရင်တွေခုန်နေလေတော့။ ခဏလောက်ကြာတော့ ကောင်မလေးကနေပြီး ဝိတ်တာကို ခေါ်ကာ ပိုက်ဆံရှင်းနေပါလေသည်။ ပြည့်ဖြိုးနိုင်ကတော့ မသိမသာလေး နေနေတော့တာပေါ့။ ပိုက်ဆံရှင်းပြီးသွားတော့ ကောင်မလေးကနေပြီး ကျေးဇူးတင်စကား ဆိုလာပြန်လေသည်။

“ဟိုလေ....... ကျွန်မကို နေရာလေး ပေးတဲ့အတွက် ကျေးဇူးပါနော် အကို” လို့ ပြောပြီး ကောင်မလေးမှာ ပြည့်ဖြိုးနိုင်ကို ပြုံးပြလိုက်လေသည်။

“ရပါတယ်.......” ဆိုကာ ပြန်ပြောပြီး ပြည့်ဖြိုးနိုင်လည်း တစ်ဖက်က မိန်းက‌လေးကို ပြန်ပြုံးပြလိုက်တော့၏။

ပြီးတော့ ကောင်မလေးမှာ လက်ဖက်ရည်ဆိုင်ကနေ ထွက်သွားပါတော့သည်။ ကောင်မလေး သွားတော့မှ ပြည့်ဖြိုးနိုင် တစ်ယောက်လည်း သက်ပြင်းချပြီး အသက်ကို ဝ‌အောင်ရှူသွင်းလိုက်ရပါ၏။ ပြီးတာနဲ့ ကိုယ့်ရင်ဘက်လေးကို ကိုင်ကြည့်ကာ တိုးတိုးတိတ်တိတ် ရေရွတ်နေပါလေသည်။

“ဝါး.......... ငါ့ရင်တွေ ခုန်နေပါ့လား......... ဘာကြောင့်များလဲ......... မြင်မြင်ချင်း အချစ်ကြောင့်များလား..........”

တစ်ယောက်ထဲ ရေရွတ်ပြီး ပြုံးလိုက်‌လေသည်။ ပြီးတော့ ဝိတ်တာကို ပိုက်ဆံရှင်းဖို့ လှမ်းခေါ်လိုက်လေသည်။ ဝိတ်တာကောင်လေးမှာ အနား‌‌ရောက်လာပြီး ပိုက်ဆံရှင်းပြီးကြောင်း လာပြောတော့သည်။ ပြည့်ဖြိုးနိုင်လည်း ကြောင်သွားပြီး ဝိတ်တာကောင်လေးကို ပြန်မေးလေသည်။ ဒီတော့မှ ဝိတ်တာကောင်လေးကနေပြီး အတူထိုင်တဲ့ မိန်းကလေးကနေမှ ပိုက်ဆံရှင်းသွားကြောင်း ပြောပြလေသည်။ အကြောင်းစုံသိတော့ ပြည့်ဖြိုးနိုင်လည်း မသိမသာလေး ခိုးပြုံးလိုက်ပါလေသည်။ ပြီးမှ ဝိတ်တာကောင်လေးကို သွားခိုင်းလိုက်တော့၏။ ပြီးတော့ ပြည့်ဖြိုးနိုင်လည်း အိမ်ပြန်ခဲ့လေသည်။ သူငယ်ချင်းကို လာခဲ့ဖို ပြောခဲ့တာကို မေ့သွားရင်းနဲ့ပေါ့။

ပြည့်ဖြိုးနိုင်မှာ ကောင်မလေးကို ထပ်တွေ့ရမလား အထင်နှင့် လက်ဖက်ရည်ဆိုင်ကို သွားနေသည်မှာ နှစ်ရက်လောက်ပင် ရှိလေပြီ။ သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်သေးသည်။ သူငယ်ချင်းတွေကတော့ သူ့ကို ဖုန်းနံပါတ်မတောင်းခဲ့လို့၊ မိတ်မဆက်ခဲ့လို့ ပြစ်တင်ပြောဆိုကြလေသည်။ တစ်ချို့ကြတော့လည်း ခဏလောက်ဘဲ တွေ့ခဲ့တာကို ဘဝမှတ်မနေနဲ့ ဆိုကာ ပြောကြသည်။ တစ်ချိူ့ သူငယ်ချင်းတွေကလည်း မိန်းကလေးက အကြောင်းရှိလို့သာလာတာ မျှော်မနေနဲ့ဆိုပြီး ပြောကြသည်။ ဒါပေမယ့် ပြည့်ဖြိုးနိုင်ကတော့ သူငယ်ချင်းတွေ ပြောတာကို နားမထောင်ခဲ့ပါ။ သွားစောင့်နေခဲ့သည်။ တွေ့ပြီး နောက်နေ့မှာ လက်ဖက်ရည်ဆိုင်ကို ပြန်သွားခဲ့ပေမယ့် မိန်းကလေးနဲ့ မတွေ့ခဲ့ရ။ အခုလည်း လက်မလျော့ဘဲ လက်ဖက်ရည်ဆိုင်မှာ ထိုင်‌စောင့်ပြီး ကောင်မလေးကိုများ အမှတ်မထင်ပြန်တွေ့မလားအထင်နှင့် လမ်းသွားလမ်းလာတွေကို လိုက်ကြည့်နေလေရဲ့။

လက်ဖက်ရည် သောက်ရင်း လမ်းသွားလမ်းလာကို ကြည့်နေစဉ်မှာဘဲ ကောင်မလေး လာနေတာကို ပြည့်ဖြိုးနိုင် တွေ့လိုက်ရတော့၏။ ကောင်မလေးမှာ ပြာတိပြာယာဖြင့် တစ်နေရာရာကို သွားနေဟန်တူသည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်လည်း ချက်ချင်း ပိုက်ဆံရှင်းကာ ကောင်မလေး နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ရလေသည်။ လက်ဖက်ရည်ဖိုးကို စားပွဲပေါ်သို့ ကမန်းကတန်းတင်ကာ ဝိတ်တာကောင်လေးကို အော်ခေါ်ရင်း လက်ဖက်ရည်ဆိုင်က ထွက်သွားလိုက်၏။ ပြီးတော့ ဟိုဒီဝေ့ဝဲကြည့်လိုက်၏။ နောက်တော့ ကောင်မလေးကို ထပ်တွေ့လိုက်ရလေသည်။ ဒါနဲ့ဘဲ ကောင်မလေး နောက်သို့ ပြည့်ဖြိုးနိုင် တစ်ယောက် ပြေးလိုက်သွားပါလေသည်။ ကောင်မလေးရဲ့ ဘေးနားကိုလည်း ‌‌ရောက်တာ့ ပြည့်ဖြိုးနိုင်မှ စကားစလေတော့၏။

“ဟိုလေ........ ကျွန်တော့်ကို မှတ်မိလား မသိဘူး ခင်မျ” ဆိုကာ ပြည့်ဖြိုးနိုင် ပြောလိုက်သည်။

ကောင်မလေးမှာ သူ့ဘေးသို့ ရောက်လာတဲ့ ပြည့်ဖြိုးနိုင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ ပြီးတော့ လမ်းသာ ဆက်လျှောက်နေ‌တော့သည်။ ပြည့်ဖြိုးနိုင်လည်း ကောင်မလေး မမှတ်မိဘူး အထင်နှင့် မှတ်မိလာအောင် ဆက်ပြောလေတော့၏။

“ဟိုတစ်နေ့ကလေ......... လူပြည့်နေတယ်ဆိုပြီးတော့ ကျွန်တော် ထိုင်နေတဲ့ ဝိုင်းကို ဒီဘက်က ရောက်လာခဲ့တယ်လေ”

ပြည့်ဖြိုးနိုင်က ပြောနေပေမယ့် ကောင်မလေးမှာ ဘာမှပြန်မဖြေ။ ဒါနဲ့ ပြည့်ဖြိုးနိုင် တစ်ယောက်လည်း ဆက်ပြောဖို့ ဆုံးဖြတ်လိုက်ကာ

အဲ့တာ........ အဲ့နေ့ကလေ............”

ပြည့်ဖြိုးနိုင် ပြောမလို့ လုပ်နေတုန်းမှာဘဲ ကောင်မလေးကနေမှ ဖြတ်ပြောလာလေတော့သည်။

“ဟိုလေ........ စိတ်မရှိနဲ့နော်......... ကျွန်မလေ........ အခု အရေးကြီး ကိစ္စလေး ရှိနေလို့လေ......... အဲ့တာ နောက်မှ ပြန်ပြောလို့ရမလား..........”

ပြည့်ဖြိုးနိုင်မှာ ဘာပြန်ပြောရမလဲ စဉ်းစားနေရင်းမှ ဖုန်းနံပါတ် တောင်းဖို့ကို သတိရသွားလေသည်။

“ဟို....... အဲ့တာဆို....... ဖုန်းနံပါတ်လေးဘဲ ဖြစ်ဖြစ်”

“ကျွန်မ နောက်ကျနေလို့ပါနော်..........” လို့ ပြောပြီး ကောင်မလေးမှာ အရှိန်တင်ပြီး ရှေ့ကနေ အရင် သွားလိုက်ပါတော့သည်။

ပြည့်ဖြိုးနိုင်မှာ နောက်မှာ ကျန်ရစ်ခဲ့လေသည်။ ပြီးမှ နောက်ကနေ တိတ်တဆိတ်‌လေး လိုက်သွားဖို့ ဆုံးဖြတ်လိုက်ကာ ကောင်မလေး နောက်သို့ တိတ်တခိုးလေး လိုက်သွားလေသည်။ နောက်လိုက်သွားရင်း အဆောက်အဦး တစ်ခုထဲ ဝင်သွားတဲ့ ကောင်မလေးကို ပြည့်ဖြိုးနိုင် တွေ့လိုက်ရသည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်ကလည်း အဲ့အအနီးအနားဝန်းကျင်က နေရာလေးမှာ ထိုင်စောင့်ရင်း ကောင်မ‌လေး ထွက်အလာကို စောင့်နေလိုက်လေသည်။ တစ်နာရီလောက် အကြာမှာ အဆောက်အဦးကနေ ကောင်မလေး ပြန်ထွက်လာတော့သည်။ ကောင်မလေး ထွက်လာတာကို မြင်တော့ ပြည့်ဖြိုးနိုင်လည်း ပျော်သွားပြီး ကောင်မလေးနားသို့ သွားလိုက်ပါလေသည်။ ပြည့်ဖြိုးနိုင်ကိုလည်း မြင်‌‌ရော ကောင်မလေးမှာ အံ့ဩသွားလေသည်။

“ရှင်....... ရှင်....... ကျွန်မကို စောင့်နေတာလား.............. ဒီမှာ ထိုင်စောင့်နေခဲ့တာလား”

“ဟုတ်တယ်..........” ဆိုကာ ပြည့်ဖြိုးနိုင် တစ်ယောက် ခေါင်းလေးကုတ်ရင်း ပြန်ဖြေလေသည်။

“အိုး..... ရှင်ရယ်........ ကျွန်မ မနက်ဖြန်လည်း လာမှာဘဲကို...... ဘာလို့ ခုလိုဒုက္ခခံနေရတာလဲ”

“ထပ်မတွေ့ရတော့မှာ ကြောက်လို့....... အဲ့တာကြောင့် စောင့်နေလိုက်တာ..........”

ကောင်မလေးမှာ ပြည့်ဖြိုးနိုင်ကို ကြည့်ပြီး ကြိတ်ရယ်လိုက်၏။

“ရှင်ကလည်း လက်ဖက်ရည်ဆိုင်က စောင့်တာ မဟုတ်ဘူး....... ခုက ဒီနေရာကြီးမှာက တစ်မျိုးကြီး.......... သင်တန်းရှေ့မှာလေ”

“ဟုတ်လား....... အဲ့လိုဖြစ်သွားလား...... ဆောရီး” ဆိုပြီး ပြည့်ဖြိုးနိုင် အားနာနာနဲ့ ပြန်ဖြေလိုက်သည်။

“လာ...... လက်ဖက်ရည်ဆိုင် သွားကြမယ်........”

“ဟုတ်...... ဒီတစ်ခါတော့ ကျွန်တော် ရှင်းမယ်နော်...... ဟိုတစ်ခေါက်က ဒီဘက်က ရှင်းသွားပေးသွားလေ........”

“ဟုတ်ပါပြီ...... ရှင်ပဲ ရှင်းပါ.......” လို့ ပြောပြီး ကောင်မလေးမှာ ပြုံးလိုက်တော့၏။

ပြည့်ဖြိုးနိုင်လည်း ပြန်ပြုံးလိုက်တော့သည်။ ပြီးတော့ နှစ်ယောက်သား လက်ဖက်ရည်ဆိုင်သို့ ဦးတည်လိုက်ကြလေသည်။

ဒီလိုနဲ့ ပြည့်ဖြိုးနိုင်မှာ ကောင်မလေးနဲ့ သူငယ်ချင်း ဖြစ်သွားခဲ့လေသည်။ ပြီးတော့ ကောင်မလေး နာမည်ကိုလည်း သိခွင့်ရသွားခဲ့လေသည်။ ကောင်မလေး နာမည်ကတော့ သက်ထားနွယ်လို့ ခေါ်ပြီး ဂျပန်စာသင်တန်း တက်နေတာလို့ ဆိုလေသည်။ အသက်ကလည်း ပြည့်ဖြိုးနိုင်နှင့် မတိမ်းမယိမ်းလောက်ပင် ဖြစ်သည်။ ဆိုတော့ နှစ်ယောက်သား အဆင်ပြေသွားခဲ့လေသည်။ ပြည့်ဖြိုးနိုင်မှာ နေ့တိုင်း သက်ထားနွယ်နှင့် လက်ဖက်ရည်မှာ ဆုံကြလေသည်။

ပြည့်ဖြိုးနိုင်မှာ သက်ထားနွယ်အကြောင်းကို သူငယ်ချင်း ဖြစ်သူတွေကိုပါ ပြောပြထားလေသည်။ ဒီတော့ သူငယ်ချင်းတွေကနေမှ ပြည့်ဖြိုးနိုင်ကို ဘယ်တော့ အဆင့်တက်မလဲ‌ဆိုတာ မေးလေသည်။ ပြည့်ဖြိုးနိုင်ကတော့ သက်ထားနွယ် စိတ်ဆိုးသွားမှာကို တွေးကြောက်ပြီး ဖွင့်မပြောဖို့ လုပ်ထားလေသည်။ ဒါပေမယ့် သူငယ်ချင်း ဖြစ်သူတွေကနေမှ ခုဖွင့်မပြောရင် သူများနောက်ပါသွားလိမ်းမယ်ဆိုကာ ပြည့်ဖြိုးနိုင်ကို ပြောပြလေသည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်လည်း သူချစ်နေတဲ့ သက်ထားနွယ် သူများဆီ ပါသွားမှာကို စိုးရိမ်ပြီး ဖွင့်ပြောဖို့ သူငယ်ချင်းတွေကို အကူအညီတောင်းတော့သည်။

ဒီတွင် သူငယ်ချင်းတွေကနေမှ ပြည့်ဖြိုးနိုင်ကို ဖွင့်ပြောဖို့ ကိစ္စ ကူစဉ်းစားပေးတော့၏။ စဉ်းစားနေကြရင်း နောက်ဆုံးမှာတော့ နည်းလမ်းကို စဉ်းစားလို့ရသွားခဲ့လေသည်။ နည်းလမ်းကတော့ သက်ထားနွယ်က ဂျပန်စာသင်တန်းတက်နေတော့ ဂျပန်လို ဖွင့်ပြောဖို့ပင် ဖြစ်သည်။ ပြည့်ဖြိုးနိုင်ကတော့ အဆင်မပြေမှာကို တွေးပြီး စိုးရိမ်နေရှာလေသည်။ ဒါပေမယ့် သူငယ်ချင်းတွေက အဲ့နည်းလမ်းက ကောင်းတယ်ဆိုကာ မြှောက်ပေးကြတော့သည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်ရဲ့ ဂျပန်လို ဖွင့်ပြောဖို့က အကြောင်းဖန်လာပါတော့၏။

အဲ့နေ့က ကောင်းကင်မှာ နေသာနေခဲ့သည်။ ပြည့်ဖြိုးနိုင်နဲ့ သက်ထားနွယ်တို့ နှစ်ယောက်လည်း ခါတိုင်းဆုံနေကြအတိုင်း လက်ဖက်ရည်မှာ ဆုံကြလေသည်။ ဒါပေမယ့် ပြည့်ဖြိုးနိုင်ကတော့ သူ့အစီအစဉ်နဲ့သူဆိုတော့ အနေရခက်ဖြစ်လို့နေလေသည်။ သက်ထားနွယ်ကတော့ အအေးသာ သောက်နေတော့၏။ ပြည့်ဖြိုးနိုင်မှာ ဖုန်းကို ခဏခဏလှမ်းကြည့်နေလေ၏။ ထိုသည်ကို သက်ထားနွယ် တစ်ယောက် သတိထားမိသွားလေသည်။

“ဒါနဲ့ ရှင်........ ဒီနေ့ ဘာဖြစ်နေတာလဲ ဂနာမငြိမ်ဘူးနော်........ ဖုန်းကိုဘဲ ခဏခဏ ကြည့်နေတယ်” ဆိုကာ သက်ထားနွယ်မှ ပြည့်ဖြိုးနိုင်ကို စမေးလိုက်ပါလေသည်။

“အော်........ ဟိုလေ……… ဟို.......... deliveryက ပစ္စည်းလာပို့မယ်ဆိုလို့ပါ” ဆိုပြီး ပြည့်ဖြိုးနိုင် တစ်ယောက် လျှောက်ဖြေပြီး ပြုံးလိုက်တော့သည်။

“ဘာများလဲလို့ deliveryဆို ဖုန်းဝင်လာမှာပေါ့........ အရေးကြီး ပစ္စည်းမလို့လား”

“အား........ ဟုတ်တယ်........ အဲ့တာထားပါတော့....... မနေ့က သင်တန်းလည်း ပိတ်တာဆိုတော့ သက်ထား ဘာတွေလုပ်ဖြစ်လဲ” ဆိုကာ ပြည့်ဖြိုးနိုင် စကားလှည့်ပြောလိုက်သည်။

“ဘာမှတော့ ထွေထွေထူးထူး မလုပ်ပါဘူး....... ဒီအတိုင်း သူငယ်ချင်းတွေနဲ့ မုန့်သွားစားတာ ဒါပါဘဲ........ ရှင်ကော”

“သက်ထားနဲ အတူတူပါဘဲ....... သူငယ်ချင်းတွေနဲ့ပါဘဲ”

“ကောင်းတာပေါ့..........”

စကားတွေပြောနေရင်း ပြည့်ဖြိုးနိုင်မှာ ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်တော့၏။ သက်ထားနွယ် သင်တန်းသွားရမယ့်အချိန် ဖြစ်လာတာကြောင့် ပြည့်ဖြိုးနိုင်လည်း အရဲစွန့်ပြောဖို့ ဆုံးဖြတ်လိုက်ပါလေသည်။

“ဟိုလေ........ ကျွန်တော် ပြောစရာလေး ရှိလို့” ဆိုကာ ပြည့်ဖြိုးနိုင် စကားပြန်စလိုက်သည်။

“အင်း ပြောလေ.......... ဘာပြောမလို့လဲ”

သက်ထားနွယ်က ပြောဖို့ လမ်းဖွင့်ပေးလိုက်တော့ ပြည့်ဖြိုးနိုင်လည်း ဆက်ပြောလေတော့သည်။

“ဟိုလေ......... ကျွန်တော် ပြောမယ့်စကားကြောင့် စိတ်ဆိုးသွားမယ်ဆိုရင် ကြိုပြီး တောင်းပန်ပါတယ်နော်”

“ဟင်....... ဘာမှတောင် မပြောရသေးတာကို......... ဘယ်လိုလုပ် စိတ်ဆိုးမယ်, မဆိုးဘူးဆိုတာကို သိမှာလဲလို့”

“ကြိုပြီး တောင်းပန်ထားတာပါ...... ဘာလို့ဆို ကျွန်တော်တို့နှစ်ယောက်က သူငယ်ချင်းဖြစ်တာ သိပ်မကြာသေးလို့လေ”

“ဟုတ်ပါပြီ....... ပြောမှာသာ ပြောပါနော်”

ပြည့်ဖြိုးနိုင်မှာ ပြောဖို့အတွက် အားတစ်ချက်ယူလိုက်၏။ အသက်ကို ပြင်းပြင်းရှူသွင်းပြီး မှတ်ထားတာကို ပြောချလိုက်လေတော့သည်။

“အိုက် စီချ်တဲ မက် (ကိုယ်မင်းကို ချစ်တယ်)”

ပြည့်ဖြိုးနိုင်မှာ သူပြောလိုက်တဲ့ စကားကြောင့် ပါးရိုက်ခံရမယ် ထင်ပြီး မျက်လုံးမှိတ်ထားတော့၏။ သက်ထားနွယ်ကတော့ ပြည့်ဖြိုးနိုင် ပြောတာကို အချိန်ယူ စဉ်းစားပြီး နားလည်သွားတာကြောင့် ရယ်လိုက်ပါတော့သည်။ သက်ထားနွယ်က ရယ်တော့ ပြည့်ဖြိုးနိုင်မှာ မျက်လုံးပြန်ဖွင့်လိုက်ပြီးတော့

“ဘာလို့ရယ်တာလဲဗျ....... ကျွန်တော်ပြောတာ မှားနေလို့လား” ဆိုကာ မေးလိုက်ပါလေသည်။

သက်ထားနွယ်လည်း ပြည့်ဖြိုးနိုင်ကို ပြုံးပြုံးလေး ကြည့်လိုက်ပြီးတော့

“ဟာဂျီးမဲတဲ့ အာနတာ အို မိတ တိုခီ ခါရာ ဝါတာရှီဝ အာနတာ နီ ကိုလ်အို ရှီတဲ အီတဲမက်ဆူ(ကျွန်မလည်း ရှင့်ကို မြင်မြင်ချင်းကတည်းက ချစ်နေမိတာပါ)”

သက်ထားနွယ်က ဂျပန်လို ပြန်ပြောတော့ ပြည့်ဖြိုးနိုင်မှာ ကြောင်အန်းအန်း ဖြစ်သွားရတော့သည်။ သက်ထားနွယ်ကတော့ ပြောပြီး လက်ဖက်ရည်ဆိုင်ကနေ ထသွားဖို့ ပြင်နေလေသည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်လည်း

“ဘာပြောသွားတာလဲဆိုတာ ပြောသွားအုန်းလေ” ဆိုပြီး မေးလိုက်ပါလေသည်။

“ရှင် ခဏကတောင် ဂျပန်လို ပြောခဲ့သေးတာဘဲ....... ဒီတော့ ကျွန်မပြောတာကိုလည်း ရှာကြည့်ပေါ့” လို့ ပြောပြီး သက်ထားနွယ်လည်း ဆိုင်ပြင်ကို ထွက်သွားလိုက်တော့သည်။

“ဘာဘဲဖြစ်ဖြစ် လက်ခံတယ်လို့ မှတ်လိုက်မယ်နော်” လို့ ပြည့်ဖြိုးနိုင်က လှမ်းအော်ပြောတော့ သက်ထားနွယ်လည်း လှည့်လာကာ ပြုံးပြလာတော့သည်။ ဒါနဲ့ ပြည့်ဖြိုးနိုင်လည်း ပြန်ပြုံးပြလိုက်လေတော့၏။

..............................................

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..