ဆိုးပေမယ့်လည်းနှလုံးသားနဲ့ပါ
lotaya.mpt.com.mm
|
2024-01-24

လှပတဲ့ ညနေခင်းတစ်ခုတွင် အေးသီတာ တစ်ယောက် ရုံးက ပြန်လာနေတာဘဲ ဖြစ်လေသည်။ လက်ထဲတွင်လည်း ဈေးကဝယ်လာတဲ့ အထုပ်တွေက အပြည့်ဖြင့်။ အိမ်သို့ ပြန်လာနေရင်း ကုန်စုံဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်တော့ ခဏလောက် ရပ်လိုက်ပြီး ကုန်စုံဆိုင်ကို မော်ကြည့်လိုက်၏။ ဘာများထပ်ဝယ်စရာလိုသေးလဲဆိုပြီး အေးသီတာ စဉ်းစားနေတော့သည်။ တစ်ခဏလောက် စဉ်းစားပြီးသွားတော့မှ ဘာမှထပ်ဝယ်စရာ မရှိတော့ဘူးဆိုကာ အိမ်ကိုပြန်ဖို့ဘဲ ဆုံးဖြတ်လိုက်လေသည်။

အိမ်ပြန်ဖို့လုပ်နေရင်း ကုန်စုံဆိုင်အကျော် လမ်းကြားလေး တစ်ခုကို ‌ရောက်တဲ့အခါမှာ ရန်ဖြစ်နေကြတဲ့ အသံကို အေးသီတာ တစ်ယောက် ကြားလိုက်ရတော့သည်။ ဒါကြောင့် အေးသီတာလည်း ဆက်မသွားသေးဘဲ လမ်းကြားလေးထဲကို တစ်ချက်လှမ်းကြည့်လိုက်၏။ ကောင်လေးသုံးယောက် တစ်ဖွဲ့က ကျန်တစ်ယောက်ကို ထိုးကြိတ်နေကြတာဘဲ ဖြစ်သည်။ အေးသီတာလည်း သူနဲ့ မဆိုင်ဘူးဆိုကာ ကျော်သွားလိုက်၏။ ဒါပေမယ့်လည်း လမ်းတစ်ဝက်ကို ရောက်တဲ့အခါမှာ အင်အားမမျှဘဲ ခံနေရတဲ့ တစ်ယောက်ကို မြင်ယောင်မိပြီးတော့ အေးသီတာလည်း မနေနိုင်တဲ့အဆုံး ဝင်ပါဖို့ ဆုံဖြတ်လိုက်လေတော့၏။ ဒါကြောင့်ဘဲ အေးသီတာမှာ ခဏက လမ်းကြားလေးဆီသို့ ပြန်သွားလိုက်ပါလေတော့သည်။

လမ်းကြားလေးကို ပြန်‌ရောက်တော့ ရန်ဖြစ်နေတဲ့ အဖွဲ့တွေဟာ ရှိနေသေး၏။ အေးသီတာလည်း မမြင်ရတဲ့ နေရာမှာ ကွယ်ပြီး အခြေနေကို စောင့်ကြည့်လိုက်၏။ အခြေနေက တော်တော်လေးကို တင်းမာနေပုံပါဘဲ။ မြေပေါ်လဲနေတဲ့ တစ်ယောက်ကို ကျန်နှစ်ယောက်က အတင်းဆွဲထူပြီး ချုပ်ထားကာ ကျန်တစ်ယောက်က ထိုးနေတာ ဖြစ်သည်။ ဒီပုံအတိုင်းဆို ထိုးခံနေရတဲ့သူဟာ အသက်ပျောက်သွားနိုင်ချေ ရှိ၏။ ဒါကြောင့်ဘဲ အေးသီတာ တစ်ယောက်လည်း ဘာများလုပ်ရမလဲဆိုကာ တွေးနေပါတော့သည်။ ပြီးမှ အကြံတစ်ခု ရသွားလေသည်။

အေးသီတာမှာ မမြင်ရတဲ့ ‌နေရာမှာ ကွယ်နေရာနေ ထွက်လာလိုက်၏။ လက်ထဲတွင်လည်း ဖုန်းကို ကိုင်ထားပြီး တစ်ခုခုနှိပ်နေဟန် ဟန်ဆောင်လိုက်၏။ ပြီးတာနဲ့ ဖုန်းပြောသလို ဟန်ဆောင်လိုက်ပြန်လေသည်။

“ဟယ်လို...... ရဲစခန်းကပါလား...... ဒီမှာ အနိုင်ကျင့်ထိုးကြိတ်နေတာကို တိုင်မလို့ပါ.........”

အသံကျယ်ကျယ်ပြောလိုက်တာကြောင့် အေးသီတာဆီသို့ အကြည့်ရောက်လာကြ၏။ အေးသီတာလည်း လန့်ပေမယ့်လည်း သူစတဲ့ဇာတ်လမ်းမို့ ဆုံးခမ်းတိုင်အောင် ဆက်လျှောက်ဖို့သာ ရှိလေတော့သည်။

“ဟုတ်.......... လမ်းကတော့လေ...... ဒီလမ်းက..... ဘယ်လမ်းလည်းဆိုတော့ ခဏနော် ကြည့်လိုက်အုန်းမယ်နော်”

အေးသီတာရဲ့ အတည်ပေါက်ပြောနေတဲ့ ပုံစံကြောင့် ထိုးကြိတ်နေကြတဲ့သူတွေမှာ ပြဿနာမတက်ချင်တာကြောင့် ချင်ချင်း ထွက်သွားကြတော့၏။ ထိုးကြိတ်နေတဲ့သူတွေ ထွက်သွားတော့မှ အေးသီတာလည်း ဖုန်းကို ပြန်သိမ်းလိုက်ရသည်။ ပြီးတာနဲ့ လှည့်ပြန်ဖို့ လုပ်လိုက်၏။ ဒါပေမယ့်လည်း ထိုးခံရတဲ့သူ အဆင်မှပြေပါ့မလား တွေးမိပြီး ပြန်လှည့်လာပါတော့သည်။ ပြီးတော့ ထိုသူနားသို့ အေးသီတာ တစ်ယောက် ဖြည်းညင်းစွာ သွားလိုက်ပါလေသည်။

အနားကို ရောက်တော့ မြေပေါ်လဲနေတဲ့ သူကို အေးသီတာ တွေ့လိုက်ရသည်။ ထိုးကြိတ်ခံထားရတော့ မျက်နှာမှာက ‌သွေးတွေက ရဲလို့နေလေ၏။ ပြီးတော့ မျော့တော့တော့လေးသာ ရှိတော့သည်။ အေးသီတာမှာ ထိုကောင်လေးကို ကြည့်ပြီး ကိုယ်စားနာကျင်ပေးကာ မျက်နှာရှုံ့မိသွားတော့သည်။ ပြီးမှ ထိုကောင်လေး အသက်ရှိသေးသလားဆိုတာကို သတိရပြီး ခေါ်ကြည့်ဖို့ လုပ်လိုက်လေသည်။

“ဒီမှာ....... ဒီမှာ........ ရှင်အဆင်ပြေရဲ့လား”

အေးသီတာ ခေါ်ပေမယ့်လည်း ထိုသူမှာ ဘာမှတုံ့မပြန်လာခဲ့ပါ။ ဒါကြောင့်ဘဲ အေးသီတာ စိတ်ပူသွားပါတော့သည်။ ပြီးတော့ ထပ်ခေါ်ကြည့်ပြန်လေသည်။

“ဒီမှာ...... ရှင် အဆင်ပြေရဲ့လား........ ဟင်......... တစ်ခုခု ပြောပါအုန်း”

အေးသီတာက ထပ်ပြောပေမယ့် ဒီတစ်ခါလည်း ဘာမှပြန်မထူးလာပါ။ ဒါကြောင့် အေးသီတာ ထူပူသွား၏။ အသက်မရှိတော့ရင် ဘာလုပ်လို့ဘာကိုင်ရမှန်းလည်း အေးသီတာ မသိ။ ဒါနဲ့ဘဲ ပိုပြီးသေချာအောင်ဆိုကာ ထိုသူရဲ့ နှာခေါင်းနားကို တေ့ကြည့်ဖို့ လုပ်လိုက်တော့သည်။ ထိုကောင်လေးရဲ့ နှာခေါင်းနားသို့ အေးသီတာရဲ့ လက်တွေ ရောက်လုဆဲဆဲအချိန်မှာ ထိုကောင်လေးရဲ့ လက်တွေက လျင်မြန်စွာဘဲ အေးသီတာရဲ့ လက်ကို ဖမ်းဆုပ်လိုက်ပါတော့၏။ ရုတ်တရက်ကြီးဆိုတော့ အေးသီတာလည်း လန့်သွားလေသည်။ ပြီးတော့ အေးသီတာ တစ်ယောက် ချက်ချင်းဘဲ သူ့လက်ကို ပြန်သိမ်းလိုက်ပြီး စကားပြောလိုက်ပါလေသည်။

“ရှင်........ ရှင် အသက်ရှိနေသေးတာဘဲ........ တော်သေးတာပေါ့....... ကျွန်မဖြင့် ရှင့်ကို သေသွားပြီ ထင်နေတာ”

ထိုချိန် ထိုသူမှ တိုးညင်းလှတဲ့ အသံတစ်သံ ထွက်လာပါလေသည်။

“ဘာလို့ဝင်ပါတာလဲ...........”

တိုးလွန်းတာကြောင့် အေးသီတာမှာ မနဲလိုက်နားထောင်လိုက်ရပါလေသည်။ ထိုကောင်လေး ပြောတဲ့စကားကို ကြားပြီး အေးသီတာ တစ်ယောက် စိတ်တိုသွားပြီး ပြန်ပြောလိုက်ပါလေတော့သည်။

“ဘာလို့ ဝင်ပါတာတဲ့လား....... ကျွန်မသာ ဝင်မပါဘူးဆိုရင်လေ....... ရှင် အခုလို စကားပြောနေနိုင်မှာတောင် မဟုတ်ဘူး.......”

အေးသီတာ စကားကို ထိုကောင်လေးမှာ ခနဲ့သလိုပုံစံဖြင့် လှောင်ပြုံး ပြုံးလိုက်တော့၏။ ထိုကောင်လေးရဲ့ လုပ်ပုံကြောင့် အေးသီတာ ပိုပြီးခံပြင်သွားလေသည်။

“ဘယ်လိုလူတုန်း......... ကူညီပေးထားတဲ့ လူကိုလာပြီးတော့...........” ဆိုကာ အေးသီတာ ပြောလိုက်ပါလေသည်။

“ဘယ်သူက ကူခိုင်းနေလို့လဲ” ဆိုပြီး ထိုကောင်လေးမှ ပြန်ပြောလာ၏။

“ပြီးတာဘဲလေ........” လို့ ပြောပြီး အေးသီတာလည်း ထိုနေရာက ထွက်လာလိုက်ပါတော့သည်။

လမ်းကြားထိပ်ကို ‌ရောက်တော့ အေးသီတာ နောက်ကို ပြန်လှည့်ကြည့်လိုက်‌သေး၏။ ထိုကောင်လေးမှာ ထိုင်နေဆဲပင်။ ပြီးတော့ အေးသီတာလည်း လမ်းကြားလေးကနေ သွားလိုက်တော့သည်။ အချိန်ခဏလောက်ကြာတော့ အေးသီတာ တစ်ယောက် လမ်းကြားလေးထဲသို့ ပြန်‌ရောက်လာပြီး ထိုကောင်လေး‌ရှေ့သို့ ပြန်ရောက်လာ၏။ နောက်ပြီး ထိုကောင်းလေးရှေ့သို့ အထုပ်တစ်ထုပ်ချပေးခဲ့လိုက်လေသည်။

“ဆေးတွေ........ ဆေးခန်းလည်း သွားလောက်ပုံမပေါ်လို့....... ထည့်ဖြစ်အောင်ထည့်လိုက်......... ဒါဘဲ..........”

ကုန်စုံဆိုင်က ဝယ်လာတဲ့ ဆေးထုပ်တွေကို ချပေးပြီး အေးသီတာလည်း ပြောချင်ရာတွေ ပြောကာ ထိုနေရာကနေ ထွက်လာခဲ့လိုက်ပါလေသည်။ ထိုကောင်လေးကတော့ အေးသီတာ ချပေးသွားတဲ့ ဆေးထုပ်ကို စိုက်ကြည့်နေလေတော့၏။

******

နောက်နေ့ ညနေပိုင်းတွင်လည်း အေးသီတာ တစ်ယောက် ခါတိုင်းလိုပင် ရုံးက ပြန်လာပါလေသည်။ ဒီတစ်ခါတော့ လက်ထဲတွင် အထုပ်တွေ မပါတော့။ အိမ်သို့ လမ်းလျှောက်ပြန်လာနေရင်း ကုန်စုံဆိုင်ကိုလည်း ကျော်ရော လှမ်းခေါ်သံကို အေးသီတာ ကြားလိုက်ရလေသည်။ စစချင်းတော့ သူ့ကို ခေါ်တာမဟုတ်ဘဲ တစ်ခြားသူကို ခေါ်တာလို့ ထင်ပြီး လမ်းသာဆက်လျှောက်နေတော့၏။
ထိုတွင် လှမ်းခေါ်သံကို အေးသီတာ ထပ်ကြားလိုက်ရလေသည်။

“ဒီမှာ..... ဒီမှာ........” ဆိုပြီးတော့ပင်။

ဒီတစ်ခါတော့ အေးသီတာ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ပါတော့၏။ ပြီးမှ ကောင်လေး တစ်ယောက် ခေါင်းငုံ့ပြီး ရပ်နေတာကို တွေ့လိုက်ရလေသည်။ ဒါနဲ့ အေးသီတာလည်း သူ့ကို ခေါ်နေတာက အဲ့ကောင်လေးလားဆိုတာကို မေးလိုက်ပါတော့သည်။

“အဲ့ဘက်က ကျွန်မကို ခေါ်လိုက်တာလား.........”

ထိုချိန်တွင် ထိုကောင်လေးကနေမှ ပြန်ပြောလာပါလေသည်။

“ဟုတ်တယ်လေ....... ဒီလမ်းမှာ ခင်များဘဲ ရှိနေတာမဟုတ်ဘူးလား”

အေးသီတာမှာ ဘေးဘီကို တစ်ချက် ကြည့်လိုက်၏။ ပြီးမှ သူ တစ်ယောက်ထဲ ရှိတာကို သိလိုက်ရပြီး ခဏက ကောင်လေးကို ခေါင်းညိတ်ပြလိုက်လေသည်။ ပြီးတော့လည်း သူ့ကို သိလားဆိုပြီး ပြန်မေးလိုက်လေသည်။

“ဒါနဲ့ ကျွန်မကို သိလို့လား..........”

“အမ်.......... ကျွန်တော်က အကြွေးရှိနေရင် မနေတတ်လို့........”

တစ်ဖက်က ပြောလာတဲ့ ကောင်လေးစကားကြောင့် အေးသီတာ ကြောင်တောင်တောင်ဖြစ်သွားရ၏။

“ဟိုလေ....... ကျွန်မဆီက ပိုက်ဆံယူထားလို့လား........ ဒါနဲ့ ကျွန်မ ပိုက်ဆံချေးပေးဖူးသလား...... သေချာတောင် မသိတော့ဘူး....... ကြာပြီလား” ဆိုကာ အေးသီတာ ပြန်မေးလိုက်သည်။

“ခင်များက....... ဘာလဲ....... ဦးနှောက်မကောင်းတာလား………”

ခုမှ စတွေ့တာကို ပြောတဲ့စကားက ရင့်သီးနေတာကြောင့် အေးသီတာ စိတ်အနည်းငယ်တိုသွားရပါတော့သည်။ ပြီးတော့ ပြန်ပြောမယ်လုပ်ပြီး ထိုကောင်လေးကို သေချာကြည့်မိတော့မှ အေးသီတာတစ်ယောက် မှတ်မိသွားတော့၏။

“အော်....... ရှင်က..... မနေ့ညက လမ်းကြားထဲကဘဲ..........”

အေးသီတာ စကားကြောင့် တစ်ဖက်က ကောင်လေးမှာ နေရခက်သွားလေသည်။

“ရှင်ကနော်...... မနေ့တုန်းကရော....... ဒီနေ့ရော....... လေသံက တစ်ထပ်ထဲဘဲနော်” ဆိုပြီး အေးသီတာ ပြောလိုက်သည်။

“ကျွန်တော်က အဲ့လိုဘဲ ပြောတတ်လို့ပါ” ဆိုကာ တစ်ဖက်က ကောင်လေးမှ ပြန်ဖြေလာသည်။

“ခုလို ပြန်တွေ့ရပုံထောက်ရင်....... ရှင် သက်သာလာပြီလို့ ပြောရမှာပေါ့.........”

“မနေ့က ဘာမှကို...... မဖြစ်တာပါ........”

“ဒီလောက် ထိုးခံထားရတာကို ဘာ..... ဘာမှမဖြစ်တာလဲ......”

“ထားပါ....... ခုက ကျွန်တော့်မှာ ခင်များရဲ့ ကျေးဇူးကြွေးတွေ ရှိတယ်...... ကျွန်တော်ကလည်း......... ကျေးဇူးကြွေးတို့..... ဘာတို့ ရှိနေရင်..... မနေတတ်ဘူး...... အဲ့တော့ ကျွန်တော် ခင်များကို ပြန်ဆပ်မယ်.......”

မထင်မှတ်ထားတဲ့ စကားကို ကြားလိုက်ရတော့ အေးသီတာ ဘာပြန်ပြောရမလဲဆိုတာမသိ ဖြစ်သွားရသည်။ ပြီးတော့မှ အဖြေပြန်ပေးလေတော့သည်။

“အဲ့လိုမျိုးက ဘယ်လိုလုပ်ပြီး ပြန်ဆပ်.........”

အေးသီတာပင် စကားမဆုံးလိုက် တစ်ဖက်ကကောင်လေးကနေပြီး ဖြတ်ပြောလာလေ၏။

“ခင်များ ဘာလိုချင်လဲ....... အိတ်လား...... ဘာလဲ ကျွန်တော် ပေးမယ်........”

အေးသီတာမှာ အတော်တန် စဉ်းစားလိုက်ရသည်။ ပြီးကာမှ အေးသီတာ တစ်ယောက် ပြုံးစိစိလေးလုပ်ရင်း ပြန်ပြောလိုက်လေသည်။

“အင်း........ အိတ်တွေ ဘာတွေမလိုပါဘူး......... တစ်ခုဘဲ”

“အဲ့တာက ဘာလဲ............”

“ဟီး....... ဟိုက ကုန်စုံဆိုင်လေးမှာ မုန့်လိုက်ကျွေးပါလား..............”

“ဟမ်........ အဲ့တာဘဲလား................”

“အင်း.... ဟုတ်တယ်...... ဗိုက်ဆာလာလို့..........”

“‌‌သေချာလို့လား......... နောက်မှ ဘာဘာညာညာဆိုပြီးတော့ မလုပ်နဲ့နော်”

“မလုပ်ပါဘူး.......” လို့ ပြောရင်း အေးသီတာ တစ်ယောက် ထိုကောင်လေးနားသို့ သွားလိုက်ပြီး လက်ယှက်ခေါ်ကာ ရှေ့ကနေ ဦးဆောင်ပြီးသွားတော့သည်။ ကောင်လေးလည်း အေးသီတာ နောက်သို့ လိုက်သွားရပါလေသည်။

ကုန်စုံဆိုင်ထဲမှာ အေးသီတာ တစ်ယောက် စားချင်တာတွေကို ရွေးလို့နေလေသည်။ ကောင်လေးကလည်း အေးသီတာ ယူတဲ့အတိုင်း လိုက်ယူနေလေသည်။ ယူစရာရှိတာတွေ ယူလို့ပြီးသွားတော့ ပိုက်ဆံရှင်းဖို့အတွက် ကောင်တာသို့ သွားလိုက်ကြလေသည်။ ပစ္စည်းတွေကို ကောင်တာမှာ တင်လိုက်ပြီးတော့ အေးသီတာကနေမှ

“နောက်က တစ်ယောက် ရှင်းမှာနော်” ဆိုကာ ပြောလိုက်ပါလေသည်။

“ဟုတ်....... ဒါတွေပါ ထည့်ပေါင်းပေးပါနော်” လို့ ပြောရင်း ကောင်လေးလည်း သူယူလာတွေကို ကောင်တာ‌ပေါ် တင်လိုက်ပါတော့၏။

ပိုက်ဆံရှင်းပြီးသွားတော့ နှစ်ယောက်သားလည်း ယူလာတဲ့ ခေါက်ဆွဲဗူးတွေကို ပြုတ်ဖို့ လုပ်ကြလေသည်။ ခေါက်ဆွဲဗူးထဲ ရေနွေးထည့်ပြီးသွားတာနဲ့ ထိုင်ခုံတစ်ခုံမှာ နှစ်ယောက်သား ထိုင်လိုက်ကြပြီး ခေါက်ဆွဲကျက်လာဖို့ စောင့်နေကြလေသည်။ စောင့်နေရင်း နှစ်ယောက်သား အနေခက်နေကြလေသည်။ ပြီးမှ အေးသီတာဘက်ကနေပြီး စကားစပြောလေတော့၏။

“ဒါနဲ့ ရှင်က ဘာအလုပ်လုပ်တာလဲ.........”

“ဒီအတိုင်း အလုပ်မရှိဘူး......... မင်းကော.......”

ပြန်ပြောပုံက ရင့်ပေမယ့် အေးသီတာလည်း နားလည်ပေးပြီး ထိုကောင်လေး မေးတာကို ပြန်ဖြေလိုက်လေသည်။

“ကျွန်မက ရုံးဝန်ထမ်းလေ........”

“အော်....... ကောင်းတာပေါ့..........”

“ရှင်က အလုပ်လည်းမရှိဘူးဆိုတော့ ပိုက်ဆံတွေ ဘယ်ကရလဲ...... ဒါမှမဟုတ် လူမိုက် လုပ်စားနေတာလား”

အေးသီတာ အမေးကြောင့် တစ်ဖက်က ကောင်လေးမှာ မျက်နှာရှုံ့မဲ့သွားတော့သည်။ ပြီးမှ ပြန်ဖြေလေသည်။

“ဘယ်က လူမိုက်ရမှာလဲ..........”

“အော်....... သိဘူးလေ...... မနေ့က ရန်ဖြစ်တာဆိုတော့”

“ကျွန်တော်က ပိတ်ရက်တိုင်းမှာ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာမှာ အချိန်ပိုင်း သန့်ရှင်းရေး လုပ်တယ်..... အဲ့ကနေ ပိုက်ဆံရတယ်” ဆိုကာ ကောင်လေးမှ ပြောလာလေသည်။

“အော်........... ကောင်းတာဘဲ...... ကုသိုလ်လည်းရ...... ပိုက်ဆံလည်းရတာပေါ့လေ...... မနေ့က ဘယ်လိုဖြစ်တာလဲ ”

“မနေ့တုန်းက အဲ့ကောင်တွေက ချာတိတ်လေး တစ်ယောက်ဆီ ငွေညစ်နေတာလေ...... အဲ့တာ ချာတိတ်ဘက်ကနေ ဝင်ကူပေးလိုက်တော့....... ဟိုကောင်တွေက မကျေနပ်ဘဲ လုပ်တော့တာပေါ့”

“ရှင်က ဝင်ကူရအောင်........ ရှင်က သူရဲကောင်းမလို့လား...........”

“ဒီစကားကို သူက ပြောရတယ် ရှိသေး....... သူလည်း ဝင်ပါပြီးတော့” ဆိုပြီးတော့ ထိုကောင်လေး တီးတိုးလေး ပြောလိုက်တော့၏။

“ဘာပြောလိုက်တာ..........” လို့ ပြောရင်း အေးသီတာ တစ်ယောက် ခေါက်ဆွဲဗူးကို လှမ်းကြည့်လိုက်ပြီး “ခေါက်ဆွဲကျက်ပြီ” ဆိုကာ ထပ်ပြောလေတော့သည်။

ကောင်လေးမှာ အေးသီတာကို ပြုံးပြုံးကြီးဖြင့် ကြည့်လို့နေလေသည်။

“စားလို့ရပြီလေ........ ဒါ‌လေးနဲ့ တွဲစား........ စားကောင်းတယ်” ဆိုပြီး အေးသီတာ တစ်ယောက်ကတော့ စားလည်းစားရင်း ထိုကောင်လေးကိုပါ ဘာနဲ့တွဲစားတာက ပိုအရသာရှိသလဲဆိုတာ ပြောပြနေလေသည်။

ကောင်လေးကတော့ ခေါက်ဆွဲလည်း စားရင်း အေးသီတာကို တစ်ချက်တစ်ချက် ခိုးခိုးကြည့်နေပါတော့သည်။ အေးသီတာကတော့ ထိုကောင်လေး ခိုးကြည့်နေတာကို သတိမထားမိဘဲ ခေါက်ဆွဲကိုသာ စားနေပါလေသည်။ နောက်တော့ ထိုကောင်လေးကနေပြီး စကားစလာပါတော့၏။

“ဒါနဲ့ ခင်များနာမည်ကို သိလို့ရမလား”

ထိုကောင်လေးမှ နာမည်မေးလာတော့ အေးသီတာလည်း စားနေတာကို ရပ်လိုက်ပြီး ပြန်ဖြေလိုက်ပါလေသည်။

“အော်..... ဟုတ်သားဘဲ..... စကားတွေပြောနေတာနဲ့ နာမည်မိတ်ဆက်ဖို့တောင် မေ့နေတာ...... တို့နာမည်က အေးသီတာလို့ ခေါ်တယ်....... ရှင့်နာမည်ကရော”

“ကျွန်တော့် နာမည်က သုတကျော်”

“နာမည်လေးက လှသားဘဲ..... အဲ့တော့ ရှင့်ကို ကျွန်မက သုတလို့ ခေါ်မယ်”

“အင်း...... ရပါတယ်....... ကျွန်တော်လည်း ခင်များကို မအေးလို့ ခေါ်မယ်”

“ဟင်...... ဘာလို့ ‘မ’ တပ်ခေါ်တာလဲ...... အသက်က တူတူလောက်ဘဲကို”

“မသိဘူး...... ခင်များပုံစံက အမကြီးအတိုင်းဘဲ...... အဲ့တာကြောင့်မလို့..........”

“ဟုတ်ပါပြီ........ ဒါနဲ့ ရှင့်ဒဏ်ရာတွေကို ကျွန်မပေးထားတဲ့ ဆေးတွေ ထည့်ရဲ့လား”

“အဲ့တာတွေ မလိုဘူး........ အေးဆေးပေါ့........ ဒီအတိုင်း ကြာရင် ပျောက်သွားလိမ့်မယ်”

သုတကျော် စကားကြောင့် အေးသီတာ လန့်သွားသည်။ ပြီးတော့ သုတကျော် ပြောတာကို လက်မခံတဲ့ ပုံစံဖြင့် ပြန်ပြောလေတော့သည်။

“ဟင်...... အဲ့လိုမရဘူးလေ...... မဖြစ်ဘူး..... ကျွန်မ ကိုယ်တိုင်ဆေးထည့်ပေးမှ ရမယ်....... အဲ့တော့ ဒဏ်ရာ မပျောက်မချင်း ညနေတိုင်းကို ဒီကုန်စုံဆိုင်နားမှာ ကျွန်မကို စောင့်နေ...... ဟုတ်ပြီလား”

“ဘာလို့လုပ်ရမှာလဲ........” ဆိုကာ သုတကျော် မေးလိုက်လေသည်။

“ရှင်ကနော်...... ပြောလိုက်ရင် ဘုကလန့်နဲ့....... ဘာလို့ဆို ကျွန်မတို့က သူငယ်ချင်းတွေ ဖြစ်သွားပြီမလို့ဘဲပေါ့” ဆိုပြီး အေးသီတာ ပြန်ပြောလိုက်ပါလေသည်။

”အဲ့လိုရတယ်ပေါ့” လို့ သုတကျော်က ပြောတော့ အေးသီတာလည်း ခေါင်းတညိတ်ညိတ် လုပ်ပြနေလေသည်။

“အဲ့တာဆို........ ကျွန်တော်လည်း မအေးကို အိမ်ပြန်လိုက်ပို့မယ်”

“ဟမ်..........”

သုတကျော် စကားကြောင့် အေးသီတာလည်း ကြောင်စီစီ ဖြစ်လို့သွားလေသည်။

“ဘာလို့လဲ........”

“မအေးဘဲ သူငယ်ချင်းတွေ ဖြစ်သွားပြီဆို............”

“အမ်....... အင်း....... ရတယ်...... ရတယ်........”

“အဲ့တာဆို........ ရှင့်အလုပ်လုပ်တဲ့ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာကို ကျွန်မ လိုက်ခဲ့လို့ရလား” ဆိုပြီး အေးသီတာ ထပ်မေးလိုက်ပြန်လေသည်။

“ရတယ်ဗျာ...... စကားများလိုက်တာ...... ခေါက်ဆွဲတွေက ပွကုန်ပြီ”

“အမယ်...... ဒီက စားလို့ကုန်နေပါပြီနော်....... သူဘဲ ကျန်နေတာကိုများ”

အေးသီတာ ပြောတော့ သုတကျော်မှာ သူ့ခေါက်ဆွဲဘူးကို ငုံ့ကြည့်လိုက်ပါလေသည်။

“အမ်...... ကျွန်တော်က တော်ပြီဗျ........”

“အများကြီး ကျန်နေသေးတာကို နှမြောစရာကြီး..........”

“ဒါဆိုလည်း ကျွန်တော် ယူခဲ့လိုက်မယ်....... ခုတော့ ပြန်ကြမယ်လေ.......”

ဒီလိုနဲ့ အေးသီတာနဲ့ သုတကျော်တို့ နှစ်ယောက်သား ကုန်စုံဆိုင်က ထွက်လာကြပြီး အိမ်ပြန်ကြလေသည်။ နှစ်ယောက်သား ဘေးချင်းယှဉ်ပြီး လမ်းလျှောက်နေကြလေသည်။ ကောင်းကင်ယံထက်က လမင်းကြီးကလည်း လသာလို့နေလေသည်။ နှစ်ယောက်သားမှာလည်း ကုန်စုံဆိုင်မှာ စကားပြောခဲ့ပေမယ့်လည်း ခုချိန်ကြတော့ စကားမပြောကြတော့ဘဲ ငြိမ်နေကြတော့၏။ လမ်းလျှောက်နေရင်း အိမ်ခြေမဲ့ တစ်ယောက်ကို တွေ့တော့ သုတကျော်ကနေပြီး အနားသို့သွားကာ ထိုအိမ်ခြေမဲ့ကို သူယူလာတဲ့ ခေါက်ဆွဲဗူးလေး သွားပေးလေသည်။

“ရှင်က အပြင်ပန်းကသာ ခက်ထန်ပြီး လူမိုက်ဆန်နေပေမယ့် နှလုံးသားကတော့ နူးညံ့သားဘဲ” ဆိုကာ အေးသီတာက ပြောလိုက်ပါလေသည်။

“ဟက်.......” ဆိုကာ သုတကျော် တစ်ယောက် အသံထွက်မိသွားလေသည်။

“မအေးလည်း........ အရမ်း အမကြီးစတိုင် လုပ်တယ်နော်”

“ဟာ...... ‘မ’ တပ်မခေါ်နဲ့........ ကြားရတာ တစ်မျိုးကြီး.......... အဲ့လိုမခေါ်နဲ့” လို့ ပြောပြီး အေးသီတာ တစ်ယောက် စိတ်ဆိုးပြီး ‌ ဆောင့်ကြီးအောင့်ကြီးဖြင့် ရှေ့ကနေ သွားလိုက်ပါတော့သည်။

သုတကျော်ကတော့ ပြုံးပြုံးကြီးဖြင့် နောက်မှာ ကျန်ရစ်ခဲ့လေသည်။ ပြီးမှ အေးသီတာဘက်သို့ ကြည့်ပြီး

“ဘာလို့လဲ....... ခေါ်လို့ကောင်းပါတယ်....... ‘မအေး’နာမည်ပါတဲ့ သီချင်းတောင် ရှိသေးတာဘဲ” ဆိုကာ လှမ်းအော်ပြောလိုက်ပါတော့သည်။

အေးသီတာကတော့ နားမထောင်ဘဲ ဆက်သာသွားနေတော့၏။ ဒါနဲ့ သုတကျော်ကနေပြီး နောက်ကနေ ထပ်လှမ်းအော်ပြောတော့သည်။

“ဟေ့....... ဒီရက်ပိုင်း ဒီလမ်းကြားလေးမှာ သရဲခြောက်နေတာတဲ့နော်”

သုတကျော် စကားကြောင့် ရှေ့ကသွားနေတဲ့ အေးသီတာ ခြေလှမ်းတွေ တုံ့ခနဲ ရပ်တန့်သွားပါတော့သည်။ ပြီးတာနဲ့ သုတကျော်ဘက် လှည့်လာကာ

“အမြန်လာလေ...... ဘာလုပ်နေတာလဲ” ဆိုပြီး ပြောလာပါလေသည်။

ဒီတော့ သုတကျော်လည်း အေးသီတာဆီသို့ ပြေးသွားလေတော့သည်။ ပြီးနောက် နှစ်ယောက်သား အတူတူ အိမ်ပြန်ကြလေသည်။

အေးသီတာနဲ့ သုတကျော်တို့ နှစ်ယောက်ဟာ ထိုနေ့ကစပြီး အရမ်းကို ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြလေသည်။ အချိန်တွေကြာလာတော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မေတ္တာသက်ဝင်ကြပြီး ပေါင်းဖက်ကြပါတော့သည်။

                                                  ...................................................

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..