
နားနေခန်းသို့ လင်းခန့်မောင် ဝင်လာခဲ့လိုက်သည်။ ပြီးတာနဲ့ နားနေခန်းထဲက နှစ်ထပ်ခုတင်ရဲ့ အောက်ထပ်သို့ ဝင်လှဲလျောင်းလိုက်လေသည်။ နေ့လည်ပိုင်းလေး နားချိန်ရလို့ လင်းခန့်မောင် တစ်ယောက် နားနေခြင်း ဖြစ်သည်။ ထိုချိန် နားနေခန်းသို့ တာဝန်ကျဆရာဝန်ရောက်လာလေသည်။
“ဟာ...... ဆရာ night dutyလား......” ဆိုကာ မေးလာပါလေသည်။
ကိုယ့်လူမျိုးအချင်းချင်းမို့ လင်းခန့်မောင်လည်း ပြန်ဖြေလိုက်လေသည်။
“ငါတို့ဌာနက လူနာတွေများလွန်းလို့ nightတွေ၊ dayတွေ မရှိပါဘူး........”
“ဟုတ်ပါပြီ....... နားလိုက်အုန်း...... ညီမကတော့ သွားလိုက်အုန်းမယ်.........”
“အိုကေ.....”
လင်းခန့်မောင် ပြန်ဖြေပြီးတော့ ထိုမေးတဲ့တစ်ယောက်လည်း ပြန်ထွက်သွားလေသည်။ ဆိုတော့ အခန်းလေးထဲတွင် လင်းခန့်မောင် တစ်ယောက်သာ ကျန်ခဲ့လေသည်။ လင်းခန့်မောင် တစ်ယောက် ခုတင်မှာ လှဲလျောင်းနေရင်း ပြတင်းပေါက်ကို ကြည့်မိလိုက်တော့၏။ အပြင်ဘက်မှာ နှင်းတွေ ဖွေးနေအောင် ကျနေပါလေသည်။ ကယ်လီဖိုးနီးယားမှာ နှင်းတွေကျနေတာကို မြင်တော့ လင်းခန့်မောင် တစ်ခုခုကို သွားသတိရလေသည်။ ဒါနဲ့ လင်းခန့်မောင်လည်း ဖုန်းကို ဖွင့်ကြည့်လိုက်လေသည်။ ခရစ်စမတ်တောင် ရောက်တော့မှာဘဲ ဖြစ်သည်။ ပြီးတာနဲ့ လှဲလျောင်းနေရာကနေ ထကာ သူ့ရဲ့ အထုပ်အပိုးတွေ ထားထားတဲ့နားသို့ သွားလိုက်တော့၏။ ပြီးတော့ ထိုအထုပ်ထဲကနေပြီး မာဖလာအနီလေး ထုတ်လာခဲ့လေသည်။ မာဖလာလေးကို စိုက်ကြည့်ရင်း လင်းခန့်မောင် တစ်ယောက်
“ဒီမှာတောင် နှင်းတွေကျနေပြီဆိုတော့ ဟိုမှာလည်း အေးနေလောက်ပြီ ထင်တာဘဲ” ဆိုကာ တီးတိုးရေရွတ်လိုက်ပါတော့၏။
*****
၂၀၁၈ခုနှစ်ကဖြစ်သည်။ လင်းခန့်မောင် တစ်ယောက် ဆေးဘွဲ့ရပြီး ပထမဆုံးအနေနဲ့ အလုပ်ဆင်းရတဲ့ နှစ်ဖြစ်လေသည်။ ရန်ကုန်မှာ မဟုတ်ဘဲ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အလုပ်ဆင်းရတာ ဖြစ်ချေသည်။ ရန်ကုန်သားဆိုတော့ ရှမ်းပြည်ရဲ့ အထာကို မသိခဲ့။ လက်တိုလေးနှင့်သာ နေနေလေသည်။ လားရှိုးဆောင်းလည်း ဝင်ရောက် လင်းခန့်မောင် တစ်ယောက် မကြုံစဖူး ချမ်းအေးလာပါတော့သည်။ ဒါကြောင့် ဆွယ်တာတွေ အနွေးထည်တွေ ကောက်ဝယ်ခဲ့ရလေသည်။ စစရောက်တုန်းက လင်းခန့်မောင်မှာ လားရှိုးက ရန်ကုန်လောက်တောင် ပူကြောင်း အမြဲပြောတတ်လေသည်။ ဆိုတော့ ဆေးရုံက နာ့စ်တွေကတော့ လင်းခန့်မောင်ကို စကြတော့သည်။
“ဆရာလင်းခန့် ပူသေးသလား” တို့၊ “ပူရင် ဆွယ်တာကို ချွတ်ထားလိုက်လေ”တို့ စတဲ့ စကားတွေဖြင့် လင်းခန့်မောင်ကို စကြလေသည်။
လင်းခန့်မောင်ကတော့ စိတ်မဆိုးပါ။ ပျော်ပျော်နေတတ်တဲ့သူ ဖြစ်တာကြောင့် စိတ်မဆိုးတဲ့ အပြင် ပြန်တောင် စနောက်နေပါသေးသည်။ ပျော်ပျော်နေတတ်ပြီး သဘောကောင်းတာကြောင့် လူနာတွေကပင် ချစ်ခင်ကြလေသည်။ လင်းခန့်မောင်ကတော့ ပြုံးပြုံးလေးဖြင့် စေတနာထားပြီး သေချာကုသပေးလေသည်။ လူလွတ်ဖြစ်တာကြောင့် လင်းခန့်မောင်ကို နာ့စ်တွေထဲပင် ကြွေတဲ့သူတွေလည်း ရှိကြလေသည်။ တစ်ချို့ အဖိုးအဖွား လူနာတွေဆိုရင် လင်းခန့်မောင်ကို သူတို့အိမ်ကနဲ့ အတင်း မိတ်ဆက်ပေးကြလေသည်။ ထိုအချိန်တွေဆိုလျှင် လင်းခန့်မောင် တစ်ယောက် ပြုံးပြုံးလေးဖြင့် ရှောင်ထွက်လာနေကျဖြစ်သည်။ ဒါပေမယ့် တစ်ရက်မှာတော့ သူ့ဘဝထဲကို အနည်းငယ်ဝင်ရောက်လာမယ့်သူနှင့် ဆုံခဲ့လေသည်။
အဲ့နေ့က လင်းခန့်မောင် ညဂျူတီကျတဲ့ နေ့လေးဖြစ်သည်။ ညဘက်ကြီး roundလှည့်ပြီးချိန် ဖြစ်တာကြောင့် လင်းခန့်မောင်လည်း အနားရနေတဲ့ အချိန်လေး ဖြစ်သည်။ ညဘက်ဆိုတော့ လူနာတွေလည်း ဆေးရှိန်ဖြင့် အိပ်မောကျလေပြီ။ လူနာစောင့်တွေလည်း အပြင်ဘက်ထွက်ပြီး စကားကျနေကြလေသည်။ ထိုအချိန်တွင်ဘဲ လင်းခန့်မောင် ရှိနေတဲ့ ဖျားနာဆောင်သို့ မိန်းကလေး တစ်ယောက် အလောတကြီးဖြင့် ရောက်ချလာပါလေသည်။
“ဆရာရေ...... ကယ်ပါအုန်း...... ကျွန်မ ကလေးကို ကယ်ပါအုန်း.........” ဆိုကာ ငိုငိုယိုယိုဖြင့် လင်းခန့်မောင်တို့ ရှိတဲ့ ကောင်တာနားသို့ လာပြောတာဘဲ ဖြစ်ချေသည်။
ထိုအမျိုးသမီးရဲ့ စကားသံကြောင့် လူနာစောင့်တွေပင် ကွက်ကြည့်ကွက်ကြည့် လုပ်လာကြကုန်လေသည်။
“အမ..... အမ...... စိတ်ကို အေးအေးထား..... ဟုတ်ပြီလား...... ပြီးတော့ အေးအေးဆေးဆေးလေး ပြောပေးပါနော်” ဆိုကာ လင်းခန့်မောင် ပြောလိုက်ပါလေသည်။
“ကျွန်မ ကလေး...... ကျွန်မ သမီးလေးကို ကယ်ပါအုန်း ဆရာရေ....... ဘာဖြစ်မှန်း မသိဘူး”
“ဟုတ်ပြီ...... အမ ကလေးက ဘယ်မှာလဲ....... အခု ပါလာလား”
“ပါပါတယ်....... taxiပေါ်မှာပါ ဆရာ........ ကျွန်မ သမီလေးကို ကယ်ပေးပါနော်”
“ဆရာမ.....” လို့ လင်းခန့်မောင် တစ်ယောက် နာ့စ်ကို ခေါ်လိုက်ပြီး ထိုငိုယိုနေတဲ့ အမျိုးသမီးနားကို နေနေဖို့ မျက်နှာအရိပ်အကဲ ပြလိုက်ပါလေသည်။
ပြီးတာနဲ့ လင်းခန့်မောင်လည်း ဆေးရုံ အဆောက်အဦးပြင်သို့ ပြေးထွက်သွားပါလေသည်။
“စိတ်ကိုအေးအေးထားနော်...... ဆရာက အမရဲ့ သမီးလေးကို သွားခေါ်နေပြီနော်” ဆိုပြီး နာ့စ်က ပြောနေပါလေသည်။
ထိုအမျိုးသမီးကတော့ “ကျွန်မ သမီးလေး...... ကျွန်မသမီးလေး........” ဆိုပြီးတော့တာ ပြောနေပါလေသည်။
လင်းခန့်မောင် တစ်ယောက် အပြင်ကိုရောက်တော့ taxiကားပေါ်မှာ လဲနေတဲ့ ကလေးမလေးကို တွေ့လိုက်ရပါလေသည်။ ဒါနဲ့ လင်းခန့်မောင်လည်း ကလေးမလေးကို ပွေ့ချီလိုက်ပြီး taxiသမားကို
“ကျွန်တော့် တာဝန်ထားလိုက်တော့......” ဆိုပြီး ပြောကာ taxiသမားကို ပြန်ဖို့ ပြောလိုက်ပါလေသည်။
ပြီးတော့ လင်းခန့်မောင် တစ်ယောက် ကလေးမလေးကို ပွေ့ချီရင်း အဆောက်အဦးဆီသို့ ပြေးသွားပါလေသည်။ လင်းခန့်မောင်လည်း ကလေးမလေးကို ဖွေ့ချီပြီး ဝင်လာရော အမေဖြစ်သူကနေပြီး အုတ်အောသောင်းနင်း ဖြစ်အောင် လုပ်ပါတော့သည်။
“သမီးလေး...... သမီးလေး..... အမေ့ကို ကြည့်ပါအုန်း”
ထိုအမျိုးသမီးမှာ လင်းခန့်မောင် ပွေ့ထားတဲ့ သူ့သမီးကို အတင်း ဆွဲလုနေပါလေသည်။ နာ့စ်ကလည်း ထိုအမျိုးသမီးကို တားတော့၏။ လင်းခန့်မောင်အနေနဲ့ နားလည်ပေမယ့်လည်း ခုချိန်က ခုလိုမျိုးလုပ်နေရမယ့် အချိန်မဟုတ်ပါ။ မြန်မြန်စစ်ဆေးပြီး ဘာလုပ်ရမလဲဆိုတာ အမြန်ဆုံး ဆုံးဖြတ်ကြရမှာဘဲ ဖြစ်ချေသည်။
“အမ..... ခုလိုမလုပ်ပါနဲ့နော်..... ဆရာလင်းခန့်က အမ သမီးကို ကြည့်ပေးပါလိမ့်မယ်......” ဆိုပြီး နာ့စ်ကတော့ ထိုအမျိုးသမီး ဘေးကနေ တတွတ်တွတ် ပြောနေပါလေသည်။
“ကျွန်မ သမီး..... ကျွန်မ သမီးလေး....... “ ဆိုကာ ပြောရင်း ထိုအမျိုးသမီးမှာ သတိလစ်သွားပါတော့သည်။
သတိလစ်သွားတော့မှ လင်းခန့်မောင်လည်း အထဲကို ဝင်ရတော့သည်။ နာ့စ်ကတော့ အပြင်မှာ ရှိနေတဲ့ လူနာစောင့်ကို အကူအညီတောင်းပြီး ထိုအမျိုးသမီးကို ပွေ့ချီကြလေသည်။ လင်းခန့်မောင်ကတော့ တစ်ချက်ကလေးသာ လှမ်းကြည့်ပြီး ထိုအမျိုးသမီးရဲ့ သမီးလေးကို သေချာကြည့်ပေးပါတော့သည်။
ကလေးမလေးကို အရင်ဆုံး သွေးပေါင်တိုင်းလေသည်။ ပြီးတော့ နားကြပ်တပ်ပြီးတော့ အသက်ရှူနှုန်းကို စမ်းလေသည်။ ပြီးတာနဲ့ မျက်ခွံလန်ပြီး ထပ်စစ်ကြည့်၏။ အာသီးရောင်မရောင်ကိုလည်း စစ်ကြည့်လေသည်။ ထိုသို့ စစ်နေချိန်တွင် ဘေးနားသို့ နာ့စ် ရောက်လာပါလေသည်။ ဒါနဲ့ ဒီကလေးမလေးရဲ့ အမေဖြစ်သူ ဘယ်လိုဖြစ်သွားပြီလဲဆိုတာ သိချင်တာကြောင့် လင်းခန့်မောင်မှ နာ့စ်ကို မေးလိုက်ပါလေသည်။
“ဘယ်လို ဖြစ်သွားပြီလဲ ဆရာမ.......”
“သွေးအားနည်းသွားတာပါ ဆရာ..... ပုလင်းကြီး ချိတ်ခဲ့လိုက်ပါတယ်........”
“ကောင်ပါတယ်........ ကလေးမလေးကိုလည်း ပုလင်းကြီး ချိတ်ရမယ် ထင်တယ်..... အဖျားမြန်မြန်ကျအောင်ပေါ့...... ကြည့်ရသလောက်ကတော့ အဆုတ်အအေးပက်တာ ဖြစ်လောက်မယ်..... သိလား......ကလေးက ငယ်သေးတော့ အသက်ရှူမဝတာတွေ ဖြစ်နေလိမ့်မယ်...... ဆိုတော့ နှာခေါင်းပိုက်တပ်ကြတာပေါ့”
“ဟုတ်ပြီလေ..... ဒါဆိုလည်း ပုလင်းကြီး ချိတ်တာ ဘာညာ..... ကျွန်မ လုပ်လိုက်မယ်လေ...... ဆရာသွားနားလိုက်ပါ”
“ရတယ်နေနေ..... ကျွန်တော် လုပ်လိုက်မယ်...... ဆရာမသာ ကျွန်တော့်ကို ဆေးတွေယူလာပေးပါ...... ကျွန်တော်ဘဲ လုပ်လိုက်ပါ့မယ်”
“ဟုတ်ပါပြီ........”
ဒါနဲ့ နာ့စ်မှာ ဆေးပုလင်းတွေ သွားယူပေးပါတော့သည်။ ပြီးတော့ လင်းခန့်မောင်လည်း ဆေးချိတ်ပေးလိုက်ပါလေသည်။ ထိုည လင်းခန့်မောင်မှာ အမေကိုရော သမီးကိုပါ သေချာလေး ကြည့်ရှူပေးခဲ့ပါလေသည်။
နောက်နေ့မနက်တွင်တော့ အမျိူးသမီးမှာ “သမီးလေး” လို့ ရေရွတ်ရင်း သတိရလာခဲ့လေသည်။ သတိရလာချိန် ဘေးတွင် နာ့စ်လည်း ရှိနေလေသည်။
“ရှင် သတိရလာပြီလား.........”
“ကျွန်မ သမီးလေးကော ဆရာမ........”
“အဲ့လိုမေးမယ်မှန်း သိလို့...... ဆရာလင်းခန့်က ရှင်နဲ့ ရှင်ကလေးကို ဘေးချင်းကပ် ထားဖို့ မှာထားခဲ့တာ..... ရှင့်ဘေးမှာဘဲ”
ထိုအမျိုးသမီးမှာ နာ့စ်ပြောတာကို ပြီးအောင်တောင် မစောင့်ဘဲ ဘေးသို့ လှည့်ကြည့်လိုက်ပါလေသည်။ သမီးဖြစ်သူကို အောက်ဆီဂျင်ပိုက်တပ်ထားတာ မြင်တော့ ထိုအမျိုးသမီးမှာ လန့်သွားခဲ့ရလေသည်။
“ဆရာမ..... ကျွန်မ သမီးက ဘာဖြစ်တာလဲဟင်..... ရောဂါကြီးကြီးမားမားတော့ မဟုတ်ဘူးမလား”
“အရမ်းလည်း စိတ်မပူပါနဲ့ ကလေးက အဆုတ်အအေးပတ်သွားတာပါ...... အဲ့တာက အသက်ရှူရခက်မှာစိုးလို့ တပ်ထားပေးတာပါ”
“တစ်ကယ်ဘာမှမဖြစ်တာလား...........”
“အဲ့တာကိုတော့ ဆရာလင်းခန့်နဲ့ တွေ့ရင် မေးလိုက်ပါနော်.... ခုတော့ ကျွန်မနဲ့ ကောင်တာကို လိုက်ခဲ့ပြီး စာရင်းလေး လိုက်သွင်းပေးပါနော်”
နာ့စ်လည်း ခေါ်တာတော့ ထိုအမျိုးသမီးလည်း သမီးဖြစ်သူကို စိတ်မချတဲ့အကြည့်တွေဖြင့် ကြည့်ရင်း ကောင်တာသို့ လိုက်သွားရပါတော့သည်။
“နာမည်လေး တစ်ချက်ပြောပေးပါနော် အမ”
“မေသွယ်မိုးပါ”
“ဟုတ်ကဲ့....... ပြီးတော့ ကလေးနာမည်နဲ့ အသက်ကို တစ်ချက်ပြောပေးပါနော်”
“သမီးလေး နာမည်က မိုးမေခပါ အသက်ကတော့ ငါးနှစ်ခွဲ ရှိပါပြီ”
နာ့စ်မှ မေသွယ်မိုး ပြောတာကို ရေးမှတ်နေလေသည်။ မေသွယ်မိုးကတော့ သမီးလေး အခြေနေကို သိချင်တာကြောင့် ခဏက နာ့စ်ပြောတဲ့ ဆရာလင်းခန့်ဆိုသူနှင် တွေ့ချင်လှလေပြီ။ ဒါကြောင့် မေသွယ်မိုးလည်း မေးလိုက်ပါတော့သည်။
“ဒါနဲ့ ဆရာမပြောတဲ့ ဆရာလင်းခန့်က ခုဘယ်မှာလဲ”
“ခဏကတော့ ရှိပါသေးတယ်...... ကော်ဖီသောက်ဖို့ အပြင်သွားတယ်နဲ့ တူတယ်...... တစ်ညလုံး ဆရာလင်းခန့်က အမတို့သားအမိကို ကြည့်နေပေးရှာတာ...... သိလား”
“ဟုတ်...... ဟုတ်........ အဲ့တာကြောင့်မလို့ ဆရာ့ကို ကျေးဇူးတင်စကား ပြောမလို့ပါ”
“အော်...... အဲ့တာဆိုရင် ဆရာက ခဏနေ ပြန်လာလောက်မှာပါ...... အမ ပြန်သွားနားရင် နားလိုက်တော့လေ”
နာ့စ်ကပြောတော့ မေသွယ်မိုးလည်း သမီးလေးနားကို ပြန်သွားလိုက်ပါတော့သည်။ ပြီးတော့ သမီးဖြစ်သူရဲ့ မျက်နှာလေးကို စိုက်ကြည့်ပြီး ပါးပြင်လေးကို သာသာလေး ပွတ်သပ်ပေးနေပါလေသည်။ ထိုချိန် လင်းခန့်မောင် တစ်ယောက် အနားသို့ ရောက်လာပါတော့သည်။
“သတိရလာပြီလား...... မမေသွယ်မိုး........”
လင်းခန့်မောင် ပြောလိုက်တာကြောင့် မေသွယ်မိုးလည်း မော်ကြည့်လိုက်ပါလေသည်။
“ဟုတ်ကဲ့..... ဆရာ....... ဆရာက ဆရာလင်းခန့်နဲ့တူတယ်......”
“လင်းခန့်မောင်ပါ........ ရပါတယ်..... ဆရာလင်းခန့်လို့လည်း ခေါ်လို့ရပါတယ်”
“ဟုတ်...... ကျွန်မ သမီးလေးရဲ့ အခြေအနေကို တစ်ချက်လောက် သိလို့ရမလား”
“သမီးလေး နာမည်က မိုးမေခနော်”
“ဟုတ်ပါတယ်...... ဆရာ”
“မိုးမေခလေးက ရောဂါကြီးကြီးမားမား ဖြစ်တာမဟုတ်ပါဘူး...... အဆုတ်အအေးပက်သွားတာပါ......... ကလေးက ရေချိုးတာ ကြာသွားလို့ နေမယ်”
“ဟုတ်လောက်မယ်...... မနေ့က ကျွန်မလည်း အလုပ်ရှုပ်နေတာနဲ့ သမီးလေးကို ကိုယ့်ဘာသာ ရေချိုးခိုင်းလိုက်တာ....... ကလေးက ရေကြိုက်တော့ ကြာနေတာ...... အဲ့တာကြောင့် မနေ့က နှာတွေချေတာ ကလေးက”
“အင်း ဟုတ်တယ်..... အဲ့တာကြောင့်နေမယ်”
“မနေ့ညနက်ကြီးကျမှ ကလေးက ကိုယ်တွေပူလာလို့ ကျွန်မလည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့ ဆေးရုံကိုသာ လာလိုက်တာ...... အသိဆရာဝန်တွေကျတော့ ဖုန်းဆက်ရတာ အားနာလို့ပါ...... အဲ့လိုပြောလို့ ဆရာတို့ကိုတော့ အားနာမှု မဖြစ်ဘူးလို့ ပြောတာ မဟုတ်ဘူးနော်”
“ရပါတယ်..... ကျွန်တော် နားလည်ပါတယ်.........”
“ဒါနဲ့ ကျွန်မ သမီးက ဆေးရုံမှာ အကြာကြီး နေရမှာလား........ ကျွန်မက အလုပ်ကလည်း ရှိနေသေးတာဆိုတော့လေ”
“ဆေးရုံမှာ တစ်ပတ်လောက်တော့ နေရမယ်ထင်တယ်...... ကလေးက အဆုတ်အအေးပက်တာဆိုတော့လေ..... အဆုတ်က ကောင်းသွားပြီဆိုတော့မှဘဲ ဆေးရုံကဆင်းတာက ပိုအဆင်ပြေမယ်လို့ ထင်တယ်...... ဘာလို့ဆိုတော့ ဆေးတွေက ပုံမှန်သောက်ပေးရမှာတွေ ရှိတယ်လေ”
“ရပါတယ်...... ဆရာအဆင်ပြေသလို့လုပ်ပါ..... ကျွန်မ သမီးလေးသာ နေပြန်ကောင်းလာဖို့ အဓိကပါ”
“ဟုတ်ပါပြီ” လို့ ပြောရင်း လင်းခန့်မောင်လည်း မေသွယ်မိုးကို ပြုံးပြလိုက်ပါလေသည်။
မေသွယ်မိုးလည်း လင်းခန့်မောင်ကို ပြန်ပြုံးပြလိုက်လေသည်။ ပြီးတော့ နှစ်ယောက်သား ကလေးကို ကြည့်လိုက်ကြလေသည်။
ဒီလိုနဲ့ လင်းခန့်မောင်လည်း မေသွယ်မိုးနှင့် ခင်သွားခဲ့လေသည်။ သမီးလေးနှင့်ကတော့ လင်းခန့်မောင် အတော်လေး ရင်နှီးဖို့ကို ကြိုးစားလိုက်ရပါသည်။ အဲ့တစ်ခါက မိုးမေခလေးက အမေဖြစ်သူ မေသွယ်မိုး လာတာ နောက်ကျလို့ စိတ်ကောက်လေတော့သည်။ ဒီတော့ အစားကို သေချာမစားဘဲ ဆေးမသောက်ဘူးဆိုကာ ဂျီကျလေသည်။ မေသွယ်မိုးကလည်း အတတ်နိုင်ဆုံး ချော့မြူပြောပေမယ့်လည်း မရပါ။ ဆက်တိုက်ကို ဂျီကျနေလေသည်။ ဒါနဲ့ လင်းခန့်မောင်လည်း ဝင်ပါလိုက်ရပါတော့သည်။
“သမီးလေး...... အဲ့လို မလုပ်ရဘူးလေ...... မေမေက အလုပ်ရှုပ်နေလို့ လာတာနောက်ကျသွားတာ နေမှာပေါ့”
“ဟွန့်...... ဦးဦး ဆရာဝန်နဲ့ စကားမပြောဘူး”
“သမီးလေး ဦးဦးပြောပြမယ်..... သမီးလေးက သမီးလေး မေမေကို မချစ်ဘူးလား”
မိုးမေခမှာ ခဏ စဉ်းစားနေပါလေသည်။ ပြီးမှ ပြန်ဖြေလေသည်။
“အင်း..... ချစ်တယ်........”
“ဒါဆို သမီးလေးက သမီးမေမေ သမီးကို ချစ်တာကို ဘယ်လိုသိလဲ”
“မေမေက သမီးလိုချင်တာကို ဝယ်ပေးတယ်..... အမြဲတမ်း သမီးအတွက် ဝယ်ဝယ်လာပေးတယ်”
“အင်းလေ..... မေမေက ဒီလောက်တောင် သမီးလေးကို ချစ်တာ..... သမီးလေးက ဒီလိုဆိုးနေရင်..... မေမေက မချစ်တော့ရင် ဘယ်လိုလုပ်မလဲ”
“ဟမ်း.............”
“မေမေက သမီးကို မချစ်တော့မှာကို မလိုချင်ဘူးမလား..... အဲ့တဆိုရင် မေမေချစ်နေအောင် သမီးက ပြောစကားနားထောင်နော်........ အဲ့တော့ မေမေ ခွံ့တာကိုစားလိုက်နော်..... အာဟာရရှိမှ ဆေးသောက်လို့ရမယ်လေ..... ဆေးသောက်ပြီး နေကောင်းသွားတော့မှ မေမေနဲ့ နှစ်ယောက်အတူ လျှောက်လည်လို့ရမယ်လေ..... ဟုတ်ဘူးလား”
လင်းခန့်မောင် ပြောတော့ မိုးမေခလေးမှ ခေါင်းညိတ်ပြလာလေသည်။
“အဲ့တော့ ဂျီမကျနဲ့တော့နော်......မေမေလည်း ပင်ပန်းတယ်လေ”
လင်းခန့်မောင် ချော့မြူပြောတော့ ပြောစကားကို နားထောင်လာပါလေသည်။
“ကျေးဇူးပါ ဆရာရယ်.......” ဆိုကာ မေသွယ်မိုးကနေပြီး လင်းခန့်မောင်ကို ကျေးဇူးတင်စကားဆိုနေပါလေသည်။
ထိုချိန် “ဒီတစ်ခါ ဦးဦးဆရာဝန် ခွံ့ကျွေး” ဆိုသည့် မိုးခေမရဲ့ အသံပိစိလေးက ထွက်ပေါ်လာပါလေသည်။
“သမီးကလည်း ဦးဦးက တစ်ခြားသူတွေကို ကြည့်ရအုန်းမယ်လေ”
“ဟာ..... တစ်ယောက်တစ်လှည့်စီ ခွံ့ကျွေးတာလိုချင်တာ”
မေသွယ်မိုးက ထပ်ပြောမလို့ လုပ်ပေမယ့် လင်းခန့်မောင်ကနေပြီး မပြောဖို့ တားလိုက်ပြီး
“အင်း ကျွေးမှာပေါ့..... စားလို့ပြီးရင်တော့ ဆေးသောက်ရမယ်နော်” ဆိုကာ ပြောလိုက်ပါလေသည်။
ဒီတွင် မိုးမေခလေးမှာ ခေါင်းထပ်ညိတ်ပြလာတော့သည်။
ဒါနဲ့ဘဲ လင်းခန့်မောင်လည်း မိုးမေခနှင့် ခင်မင်ရင်းနှီးသွားပါတော့သည်။ ပြီးတော့လည်း မိုးမေခလေးမှာ လင်းခန့်မောင်ကို ပိုခင်သွယ်လာခဲ့လေသည်။ တစ်ရက်ကဆို လင်းခန့်မောင်ကိုသာ ရှာတော့သည်။ အဲ့နေ့က လင်းခန့်မောင်ရဲ့ offdayဖြစ်ချေသည်။ ဒါကြောင့် ဆေးရုံမှာ ရှိမနေခဲ့ပေ။ ထိုနေ့က မိုးမေခလေးမှာ လင်းခန့်မောင်နဲ့ တွေ့ချင်တယ်ဆိုကာ ဂျီကျပါတော့သည်။ မေသွယ်မိုးမှ ချော့မမြူပြောပေမယ့် မရပေ။ လင်းခန့်မောင်ကိုသာ ရှာနေလေသည်။ ဒီတော့ မေသွယ်မိုးမှာ နာ့စ်ကို အကူအညီတောင်းပြီး လင်းခန့်မောင် ဖုန်းနံပါတ်ကို တောင်းကာ ဖုန်းဆက်သွားလေသည်။ ပြီးတော့ အကူအညီလှမ်းတောင်းလိုက်ပါတော့သည်။
လင်းခန့်မောင်လည်း ရောက်လာပေးခဲ့ပါသည်။ ပြီးတော့လည်း မိုးမေခလေးကို သေချာစကားပြောပြီး ထမင်းခွံ့ကျွေးကာ ဆေးသေချာ တိုက်ခဲ့ပါလေသည်။ မေသွယ်မိုးကတော့ လင်းခန့်မောင်ကို အားနာလို့နေလေသည်။ ပိတ်ရက်မှာ နားနေရမှာကို ဆေးရုံကိုလာရတာဆိုတော့ မေသွယ်မိုးလည်း လင်းခန့်မောင်ကို ကျေးဇူးတင်စကားပြောဖို့ တေးထားပါတော့သည်။ လင်းခန့်မောင်မှာ မိုးမေခနှင့် အတော်လေး စကားပြောလိုက်ရလေသည်။ မိုးမေခ အိပ်သွားတော့မှ လင်းခန့်မောင်လည်း ထွက်လာဖို့ အချိန်ရတော့သည်။ လင်းခန့်မောင် ထွက်လာတော့ မေသွယ်မိုးလည်း လိုက်ပို့ခွင့်ရတော့သည်။
“အားနာလိုက်တာ ဆရာရေ...... ဒီနေ့က နားတဲ့ရက်ဆို..........”
“ဟုတ်တယ်.......”
“အဲ့တာကို တကူးတကကြီး လာပေးလို့ ကျေးဇူးတင်ပါတယ် ဆရာရယ်”
“ရပါတယ်...... ကျွန်တော့်အတွက် လူနာက အဓိကပါဘဲ”
“ဟုတ်..... သမီးလေးကလေ မနက်တုန်းက ဆရာဝန်လာစစ်ကြည့်ပြီး ဆေးရုံဆင်းရတော့မယ် ပြောလို့လေ...... အဲ့တာဂျီကျနေတာ...... ဆရာ့ကိုဘဲ တွေ့ချင်တယ် လုပ်နေတာ”
“အော်........ ဆေးရုံက ဆင်းရတော့မှာလား”
လင်းခန့်မောင် တိုးညင်းစွာဖြင့် မေးလိုက်သည်။
“အင်း....... မနက်ဖြန်လို့ပြောတယ်”
“မနက်ဖြန်လား...... မနက်ဖြန်က ခရစ်စမတ်ဘဲ....... ဒါဆို နေ့ကောင်းနေ့မြတ်လေးမှာ ဆင်းရတာဘဲ...... ကောင်းတာပေါ့”
“ဟုတ်သားဘဲ...... ဆရာပြောတော့မှဘဲ သိတော့တယ်...... အလုပ်ရှုပ်နေတာနဲ့ဘဲ ဘာနေ့မှန်း မသိတော့ဘူး”
နှစ်ယောက်သား လမ်းလေးလျှောက်ရင်း စကားတွေ ပြောနေကြလေသည်။
“ခရစ်စမတ်ဆိုတော့ ညဘက်ကျရင် သီချင်းလာဆိုကြမယ် ထင်တယ်..... သမီးလေး ကြိုက်လောက်မယ် ထင်တာဘဲ”
“ဟုတ်လား....... ကြိုက်မယ်ထင်တာဘဲ”
“ဒါနဲ့ ကျွန်တော် တစ်ခုမေးမယ်နော်...... ဟိုလေ....... သမီးလေး အဖေ လာတွေ့တာလဲ မတွေ့မိဘူးကော......”
လင်းခန့်မောင် အမေးကြောင့် မေသွယ်မိုး ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ ပြီးမှ ပြန်ဖြေလေသည်။
“ကျွန်မက single momပါဆရာ...... အဲ့လိုဘဲ သိထားပေးပါ”
မမေးသင့်တာကို မေးလိုက်မိမှန်း လင်းခန့်မောင် ရိပ်မိလိုက်လေသည်။
“ဟုတ်ကဲ့ပါ..........”
အဲ့တာပြီး ဘာမှဆက်မပြောဖြစ်ခဲ့ကြတော့ပေ။ လင်းခန့်မောင်လည်း ဘာမှဆက်မမေးတော့ဘဲ အိမ်ပြန်သွားလိုက်ပါတော့သည်။ မေသွယ်မိုးလည်း သမီးလေးဆီသို့သာ ပြန်သွားလိုက်လေသည်။
နောက်နေ့ရောက်တော့ လင်းခန့်မောင်မှာ မိုးမေခတွက် ခရစ်စမတ်လက်ဆောင်ဆိုကာ အရုပ်လေး ဝယ်ပေးခဲ့လေသည်။ မေသွယ်မိုးကတော့ လင်းခန့်မောင်ကို ဘာလို့ဝယ်ပေးတာလဲဆိုကာ ပြောလေသည်။ လင်းခန့်မောင်ကတော့ နောက်ဆုံးလက်ဆောင်ဆိုပြီး ပြန်ပြောလိုက်ပါလေသည်။ နောက်ပြီး ဆေးရုံမှာ ခရစ်စမတ်ကဖို့ ရှိတာလို့ ပြောတာကြောင့် မေသွယ်မိုးမှာ သမီးလေး မိုးမေခကို နာ့စ်နဲ့အတူတူ ထိုသို့ ထည့်ပေးလိုက်လေသည်။ ပြီးတော့ လင်းခန့်မောင်ကို စကားပြောဖို့ဆိုကာ မေသွယ်မိုးမှ လမ်းလျှောက်ဖို့ ခေါ်သွားလေသည်။
“ဆရာ..... ဒီအတောအတွင်း ကျေးဇူးတင်ပါတယ်........”
“အော်..... မလိုပါဘူး မမေရယ်...... ဒါက ဆရာဝန်တွေ လုပ်ရမယ့် အလုပ်ပါဘဲ”
“ဘယ်လိုဘဲဖြစ်ဖြစ်ပါ..... ဆရာက ကျွန်မသမီးကို ကယ်ထားတာဘဲလေ..... အဲ့တော့ ဒါလေးလက်ခံပေးပါလား”
“လက်မခံရပါစေနဲ့ မမေရယ်........”
“ခရစ်စမတ်လက်ဆောင်ပေးတယ်လို့ဘဲ သဘောထားလိုက်ပေါ့ ဆရာရယ်”
“ဟိုလေ........”
“လက်ခံလိုက်ပါနော်.........”
“အင်း..... ကျွန်တော် မမေ စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ လက်ခံပေးလိုက်မယ်”
“ဆရာလည်း သဘောကျလောက်မှာပါ”
“ဒါဆို..... အခုက မမေတို့နဲ့လည်း မတွေ့ရတော့ဘူးပေါ့နော်......”
“ရှင်......”
“ဟို...... သမီးလေး မိုးမေခနဲ့လည်း မတွေ့ရတော့ဘူးလို့ ပြောတာပါ”
“ရေစက်ဆုံတော့ ထပ်တွေ့ကြတာပေါ့ ဆရာရယ်....... ဒါဆိုရင် ကျွန်မကို ခွင့်ပြုပါအုန်း” လို့ ပြောပြီး မေသွယ်မိုး တစ်ယောက် လင်းခန့်မောင်ကို ကျောပေးကာ ထွက်သွားပါတော့သည်။
မေသွယ်မိုးရဲ့ ကျောပြင်လေးဟာဆိုရင် တစ်ဖြည်းဖြည်းနဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားလေတော့သည်။ ဒီတော့မှ လင်းခန့်မောင်လည်း မေသွယ်မိုးပေးတဲ့ လက်ဆောင်ကို ဖွင့်ကြည့်လိုက်လေသည်။ လက်ဆောင်လေးက မာဖလာအနီလေး ဖြစ်သည်။ လင်းခန့်မောင်မှာ မာဖလာလေးကို ဆုပ်ကိုင်ရင်း ကောင်းကင်ပြင်ကို မော့ကြည့်လိုက်ပါလေသည်။
*****
အခုလောက်ဆိုရင် မိုးမေခလေးလည်း အရွယ်ရောက်လောက်ရောပေါ့။ အဲ့နှစ်က လားရှိုးမှာအလုပ်ကျပြီးတော့ ရန်ကုန်ကို ပြန်ကျလေသည်။ ပြီးတော့ လင်းခန့်မောင်လည်း နိုင်ငံခြားကို အပြောင်းလျှောက်လိုက်ပါတော့သည်။ ကံကောင်းပြီး လင်းခန့်မောင် တစ်ယောက် နိုင်ငံခြားမှာ အလုပ်လုပ်လုပ်ဖို့ ခေါ်ခံရလေသည်။ ဆိုတော့ လင်းခန့်မောင် ကယ်လီဖိုးနီးယားကို ရောက်နေသည်မှာ သုံးနှစ်လောက်ပင် ရှိချေပြီဘဲ ဖြစ်သည်။
လင်းခန့်မောင် တစ်ယောက် မာဖလာလေးကို ကြည့်ရင်း လွမ်းဆွတ်တမ်းတနေတော့သည်။ ထိုချိန်က လင်းခန့်မောင်မှာ ထိုသားအမိကို မေတ္တာရှိခဲ့တာ မှန်သည်။ သို့သော်လည်း မေသွယ်မိုးကို ကြည့်ရတာ ယောကျာ်းတွေကို စိတ်နာသွားတဲ့ပုံ ပေါက်တာကြောင့် လင်းခန့်မောင်လည်း ဇာတ်လမ်းမစခဲ့တာ ဖြစ်သည်။ လင်းခန့်မောင် မာဖလာကို ကြည့်နေတုန်းမှာပင် နားနေခန်း တံခါးဖွင့်လာပါတော့သည်။
“ဆရာရေ...... လူနာတွေ ရောက်လာလို့ တစ်ချက်လောက် ကူကြည့်ပေးပါအုန်း” ဆိုကာ မြန်မာလူမျိုး နာ့စ်ကနေပြီး ပြောလာပါလေသည်။
“ဟုတ်ပြီ...... လာခဲ့မယ်” လို့ ပြောရင်း လင်းခန့်မောင်လည်း မာဖလာကို သိမ်းလိုက်ကာ ထိုနာ့စ်နောက်သို့ လိုက်သွားလိုက်လေတော့၏။
..........................................................
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory