
သန့်စင်သော် တစ်ယောက် ခါတိုင်းလိုပင် အိမ်မက် မက်ပြီး လန့်နိုးလာတော့သည်။ ပြီးတော့ စိတ်ကို ငြိမ်အောင် လုပ်လိုက်ပါလေသည်။ စိတ်ငြိမ်သွားပြီဆိုတော့မှဘဲ အောက်ထပ်ဆင်းကာ မျက်နှာသစ်၊ သွားတိုက်တာတွေ လုပ်ရတော့သည်။ မျက်နှာသစ်ပြီးသွားတော့ အလုပ်သွားဖို့အတွက် ပြင်ဆင်ရလေသည်။ အလုပ်အတွက် အဝတ်အစား သပ်သပ်ရပ်ရပ်ဖြစ်တာလေး ဝတ်လိုက်ပြီး လွယ်အိတ်ထဲ လိုအပ်တဲ့ ပစ္စည်းတွေ ထည့်လိုက်ပါတော့သည်။ ပြင်ဆင်လို့ ပြီးတာနဲ့ အခန်းထဲက ထွက်ကာ အိမ်အောက် ဆင်းသွားလိုက်လေသည်။ အောက်ထပ်ကို ရောက်တာနဲ့ မီးဖိုခန်းထဲ တန်းသွားလိုက်ပြီး အမေ ပြင်ပေးထားတဲ့ နေ့လည်စာထုပ်လေးကို သန့်စင်သော် ယူလိုက်ပါလေသည်။ ပြီးတာနဲ့ အလုပ်သွားဖို့ ခြေလှမ်းတုန်း ရှိသေး အမေကနေ မနက်စာ စားဖို့ကို လှမ်းပြောတော့သည်။
“သား...... သန့်စင်သော်...... မနက်စာ စားသွားလေ”
သန့်စင်သော် တစ်ယောက် အမေ ဖြစ်သူဘက်သို့ ပြန်လှည့်ပြီး ပြန်ဖြေရတော့သည်။
“တော်ပြီ..... အမေ...... နောက်ကျနေလို့ မစားတော့ဘူးလားလို့..... သွားရင်းနဲ့မှ ကုန်စုံဆိုင်တစ်ဆိုင်ကနေ ပေါင်မုန့်ဝယ်သွားမလားလို့လေ”
“တစ်လုပ်နှစ်လုပ်လောက်တော့ စားလိုက်ပါ သားရယ်.......”
“တော်ပြီ..... နောက်ကျနေပြီ..... ပြီးတော့ အိပ်ယာထကလည်း မဆိုသလောက်လေး နောက်ကျသွားတာလည်း ပါတယ်........”
“အဲ့တာကြောင့် ပြောပြီ.... ညဘက်တွေ စာအုပ်မဖတ်နဲ့လို့..... ခုတော့ အိပ်ယာထ နောက်ကျပြီ”
“အင်းပါ...... နောက်မဖတ်တော့ဘူးနော်...... ခုသွားတော့မယ်..... နောက်ကျနေလို့”
“အေအေ....... အသွားအလာလည်း ဂရုစိုက်သွားအုန်း”
“ဟုတ်..... ဟုတ်......” လို့ လှမ်းအော်ပြောရင်း သန့်စင်သော် တစ်ယောက် အိမ်ရှေ့မှာ ထိုင်ပြီး ဖိနပ် ဝတ်နေပါလေသည်။
ထိုချိန် အိမ်မှာမွေးထားတဲ့ ကြောင်လေး တစ်ကောင်မှ သူ့ခြေထောက်ကို ပွတ်သီးပွတ်သပ် လာလုပ်နေလေသည်။ ဒီတွင် သန့်စင်သော်ကနေပြီး ကြောင်လေးကို ပွတ်သပ်ပေးရင်း စကားပြောနေပါတော့သည်။
”ဝါလေးရေ..... အကို ပြန်လာရင် ကြောင်စာ ဝယ်ခဲ့ပေးမယ်နော်...... အကို့ကို ကံကောင်းအောင် လုပ်ပေးနော်”
သန့်စင်သော်မှ ကြောင်ကို ပြောနေသော စကားကို အိမ်နောက်ဘေးက အမေဖြစ်သူမှ ကြားသွားဟန်တူသည်။ လှမ်းအော်ပြောလာပါတော့သည်။
“ကြောင်ကို ထမင်းကျွေးနေတာကို..... ဘာအစာထုတ်လဲ..... အပိုကုန်အောင်လို့”
အမေဖြစ်သူ လှမ်းအော်သံကို ကြားပြီး သန့်စင်သော် တစ်ယောက် ပြုံးမိလိုက်သည်။ ဖိနပ် ဝတ်ပြီးသွားတော့ ကြောင်လေးကို တစ်ဖန် ပြန်ပွတ်သပ်လိုက်ပါလေသည်။ ပြီးနောက် ကြောင်လေးကို တိုးတိုးလေး ပြောလိုက်သေး၏။
”ကြောင်စာ ဝယ်ခဲ့မယ်နော်........” လို့ ပြောပြီး သန့်စင်သော် အိမ်က ထွက်လာခဲ့လိုက်လေသည်။
အိမ်ကနေ သီချင်းလေး နားထောင်ပြီး ကားမှတ်တိုင်ဆီသို့ သွားလိုက်သည်။ ကားမှတ်တိုင်ကို သွားနေရင်း သန့်စင်သော် တစ်ယောက် မက်ခဲ့တဲ့ အိမ်မက်ကို ပြန်ပြီး သတိရလိုက်လေသည်။ အိမ်မက်လေးကတော့ ခါတိုင်း သန့်စင်သော် မက်နေကျ အိမ်မက်လေးဘဲ ဖြစ်သည်။ သန့်စင်သော် အနေနဲ့ အိမ်မက် တစ်ခုကို ထပ်ခါတလဲလဲ မက်နေတာမျိုး မကြုံဖူးသေးပေ။ ခုမှတာ အိမ်မက်တစ်ခုကို ရက်တိုင်း မက်နေမိတာဖြစ်သည်။ ထိုအိမ်မက်ကလည်း လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ သန့်စင်သော် စမက်ခဲ့တာ ဖြစ်သည်။ အဲ့ချိန်ကစပြီး အဲ့အိမ်မက်တစ်ခုသာ သန့်စင်သော် ခေါင်းထဲ စွဲထင်ခဲ့တော့သည်။ သန့်စင်သော် မက်နေတဲ့ အိမ်မက်လေးက အတော်လေးကို ထူးဆန်းတယ်လို့ ဆိုရမည်။ ဘာကြောင့်ဆို ခါတိုင်း အိမ်မက်မက်လျှင် ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ ပါတဲ့ အိမ်မက်မျိုး၊ ပြီးတော့ ကြည်ခဲ့ဖူးတဲ့ ဇာတ်ကားတစ်ကားမှာ ဝင်ရောက်သွားတဲ့ အိမ်မက်မျိုးကိုသာ မက်လေ့ရှိတာ ဖြစ်လေသည်။ ဒါပေမယ့် အခု သန့်စင်သော် မက်တဲ့ အိမ်မက်က တော်တော်လေးကို ထူးဆန်းတဲ့ အိမ်မက်မျိုးလို့ ပြောလို့ရသည်။
အိမ်မက်ထဲမှာ သူ့ထက် အသက်သုံးလေးနှစ်လောက် ကြီးလောက်ဟန်တူတဲ့ ယောကျာ်းလေး တစ်ယောက်ကို မြင်မက်နေတာ ဖြစ်သည်။ အိမ်မက်က ထိုယောကျ်ားလေးကိုဘဲ မြင်တဲ့ အိမ်မက်မျိုးမဟုတ်ပေ။ သူမြင်မက်တဲ့ အိမ်မက်ထဲမှာ သူနဲ့ ထိုယောကျာ်းလေးတို့ဟာ တရင်းတနှီး ရှိကြတဲ့ အခြေအနေမျိုး ဖြစ်သည်။ ရင်းနှီးတာကလည်း သူငယ်ချင်းလို မဟုတ်။ ချစ်သူသမီးရည်းစားတွေလို လက်တွေကိုင်ထားကြသေးသည်။ ပြီးတော့လည်း ထိုယောကျာ်းကနေမှ သူ့ကို ချစ်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတာကို မက်ခဲ့တာ ဖြစ်သည်။ သူလည်း လိုလိုလားလားနဲ့ ထိုယောကျာ်းပေါ်ကို အချစ်တွေ ထုတ်ပြနေတာကို သန့်စင်သော် မြင်မက်ခဲ့တာ ဖြစ်သည်။ ပြီးတော့ သူမြင်မက်ခဲ့တဲ့ အိမ်မက်က ဒီလောက်မျှနဲ့ မပြီးသွားပေ။ သူနဲ့ ထိုယောကျာ်းတို့ လမ်းအတူတူ ဖြတ်ကူးနေချိန်မှာ ထိုယောကျာ်းကို ကားတိုက်သွားခဲ့သည်ဆိုပြီး မြင်မက်နေတာဘဲ ဖြစ်သည်။ ဒါကြောင့်ဘဲ သန့်စင်သော်မှာ မနက်မနက်ဆို လန့်ပြီးတော့ အိပ်ယာနိုးလာခဲ့တာပင် ဖြစ်ချေသည်။ စစပိုင်းမှာတော့ သူလန့်ပြီး နိုးလာခဲ့သည်။ နောက်ပိုင်းတွေတော့ သူ နည်းလမ်းအမျိုးမျိုးနဲ့ ကယ်ခဲ့ပါသေးသည်။ သို့သော်လည်း အိမ်မက်ကတော့ မပြောင်းသွားခဲ့ပေ။ တစ်ခုမဟုတ် တစ်ခု ထိုယောကျာ်းဟာ အဖြစ်ဆိုးနဲ့ ကြုံနေရတုန်းပါဘဲ။ ဘာမှလုပ်မရတော့ သန့်စင်သော်လည်း အိမ်မက်ဘဲ ဆိုကာ ဒီအတိုင်းထားလိုက်ပါလေသည်။ ပြီးတော့ အိမ်မက်ထဲကသူကို ရှာဖို့ကိုသာ အားခဲထားလိုက်တော့သည်။
သန့်စင်သော် တစ်ယောက် ကားမှတ်တိုင်ကို ရောက်တော့ အလုပ်ကို ရောက်တဲ့ ကားပေါ် တက်သွားလိုက်ပါလေသည်။ အလုပ်နဲ့ နီးတဲ့ မှတ်တိုင်ကို ရောက်တော့ သန့်စင်သော် ကားပေါ်က ဆင်းလိုက်ပါလေသည်။ ပြီးနောက် အလုပ်ရှိတဲ့ တစ်ဖက်လမ်းကို ကူးသွားလိုက်လေသည်။ အလုပ်ကို မသွားမှီ မနက်စာစားဖို့အတွက် မုန့်ဆိုင်လေး တစ်ဆိုင်ကို သန့်စင်သော် သွားလိုက်လေသည်။ မုန့်ဆိုင်မှာ မုန့်ရွေးနေတုန်း သန့်စင်သော် တစ်ယောက် အိမ်မက်ထဲက တစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ပါတော့သည်။ အစပိုင်းတော့ မဟုတ်လောက်ဘူး ထင်ပြီး သန့်စင်သော်လည်း ဒီအတိုင်း မုန့်သာရွေးနေလေသည်။ ပြီးမှ သန့်စင်သော်လည်း သေချာအောင်ဆိုကာ မုန့်ကို ခပ်မြန်မြန်ဘဲရွေးပြီး ထိုသူနောက်သို့ လိုက်သွားလိုက်ပါလေသည်။ ကံဆိုးချင်တော့ ထိုသူမှာ မရှိတော့။ သန့်စင်သော်မှာ မတွေ့လိုက်ရတော့ စိတ်မကောင်း ဖြစ်လို့သွားလေသည်။ နောက်တော့ မုန့်ဝယ်ပြီး အလုပ်ကိုသာ သွားလိုက်တော့သည်။
အလုပ်မှာလည်း သန့်စင်သော် တစ်ယောက် ငူငူငိုင်ငိုင်ဖြစ်လို့ နေလေသည်။ သန့်စင်သော်ရဲ့ အလုပ်က စာအုပ်ဆိုင်မှာ လုပ်ရတာဆိုတော့ သိပ်များများစားစား မလုပ်ရပေ။ ဝယ်သူတွေ မေးတဲ့ စာအုပ်ကို ရှာပေးရတာတို့၊ စာအုပ်တွေ စီရတာတို့၊ စာအုပ်တွေ ခွဲပေးရတာတို့သာ လုပ်ရလေသည်။ ဒီတော့ သန့်စင်သော်မှာ တစ်ခါတစ်လေဆိုရင် အားနေတော့သည်။ သန့်စင်သော် တစ်ယောက် ငူငူငိုင်ငိုင် ဖြစ်နေတုန်းမှာဘဲ ဆိုင်က တစ်ယောက်က စာအုပ်တွေ ရောက်လို့ သွားယူမယ်ဆိုကာ လာခေါ်လေသည်။ ဒါနဲ့ သန့်စင်သော်လည်း လိုက်သွားလိုက်တော့သည်။ စာအုပ်တွေ သွားသယ်လာပြီး ပြန်လာတော့ သန့်စင်သော် တစ်ယောက် စာအုပ်တွေ စီနေပါလေသည်။ စာအုပ်စီနေရင်း ဘေးနားသို့ စာအုပ်ရှာတဲ့သူ တစ်ယောက် ရောက်လာလေသည်။ သန့်စင်သော်လည်း ဘာမှဂရုစိုက်မနေဘဲ ဒီအတိုင်းသာ စာအုပ် စီနေလိုက်လေသည်။ ထိုချိန် စာအုပ်ရှာနေတဲ့သူမှ သန့်စင်သော်ကို စကားစပြောလာပါတော့သည်။
“ဟိုလေ....... ညီလေး...... တစ်ချက်လောက်.......” ဆိုပြီးတော့ပင်။
လှမ်းခေါ်တာကြောင့် သန့်စင်သော်လည်း လှည့်ကြည့်မိလိုက်သည်။ မထင်မှတ်စွာဘဲ အိမ်မက်ထဲကသူကို မြင်လိုက်ရတာကြောင့် သန့်စင်သော် အံ့ဩသွားရတော့သည်။ ပြီးတော့လည်း မနက်က တွေ့ခဲ့တဲ့သူနဲ့ တစ်ပုံစံထဲ ဖြစ်နေတာမလို့ ပိုပြီး သေချာသွားခဲ့လေသည်။ သန့်စင်သော်မှာ ရုတ်တရက်ကြီး တွေ့လိုက်ရတာကြောင့် ဘာပြောရမှန်းမသိဖြစ်ကာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိလေသည်။ စာအုပ်ရှာနေတဲ့ တစ်ယောက်လည်း ကြောင်သွားပါလေသည်။
“အမ်......ဟိုင်း........ဒီမှာ...........”ဆိုပြီး စာအုပ်ရှာတဲ့ တစ်ယောက်မှာ သန့်စင်သော်ကို လက်ဝေ့ပြလေသည်။
ဒီတော့မှဘဲ သန့်စင်သော်လည်း အသိပြန်ဝင်လာကာ ပြန်ပြီး စကားပြောလိုက်ပါတော့သည်။
“အော်...... ဟုတ်...... ဟုတ်..........”
“ဟုတ်....... အကို့ကို စာအုပ်လေး ရှာပေးလို့ရမလားလို့ မေးမလို့ပါ”
“ဟုတ်......ဟုတ်......ရပါတယ်ခင်ဗျ...... စာအုပ်နာမည် ပြောပြလို့ရသလို...... စာအုပ်ပုံလည်း ပြလို့ရပါတယ်........”
“ဟုတ်..... ဒါဆို အကို ပုံပြမယ်လေ.........”
“ဟုတ်ကဲ့ပါ........”
စာအုပ်ရှာတဲ့ တစ်ယောက်မှာ သူ့ဖုန်းကို ထုတ်ပြီး တစ်ခုခု ရှာနေပါလေသည်။ ခဏကြာတော့မှ သန့်စင်သော်ကို ဖုန်းကနေပြီး စာအုပ်ပုံ ပြလာတော့သည်။ သန့်စင်သော်လည်း ဖုန်းကိုယူပြီး စာအုပ်ကို ကြည့်လိုက်လေသည်။ ပြီးတော့ ရှာနေတဲ့ စာအုပ် ဘယ်မှာရှိလဲဆိုတာ သိပြီးသွားတော့ သန့်စင်သော် တစ်ယောက် ဖုန်းကို ပြန်ပေးလိုက်တော့သည်။
ပြီးတာနဲ့ “ဒီဘက်မှာနော် အကို” လို့ ပြောကာ ရှေ့က ဦးဆောင်ပြီး သွားတော့သည်။ စာအုပ်ရှာတဲ့ တစ်ယောက်လည်း သန့်စင်သော် နောက်သို့ လိုက်သွားပါလေသည်။
စာအုပ်ရှိတဲ့ နေရာလည်း ရောက်တာနဲ့ သန့်စင်သော်မှာ ရပ်လိုက်ပြီး စာအုပ်ကို ရှာနေပါလေသည်။ စာအုပ်ရှာတဲ့ တစ်ယောက်လည်း သန့်စင်သော်ကိုသာ ကြည့်နေပါလေသည်။ သန့်စင်သော်ကတော့ စာအုပ်ကိုသာ ကြိုးစားပမ်းစားနဲ့ ရှာနေပါလေသည်။ အတော်တန်ကြာ ရှာပြီးသွားတဲ့ အချိန်မှာဘဲ သန့်စင်သော် တစ်ယောက် စာအုပ်ကို ပေးလိုက်တော့သည်။
“ဒီမှာ အကို ရှာနေတဲ့ စာအုပ်”
စာအုပ်ရှာနေတဲ့ တစ်ယောက်မှာလည်း သန့်စင်သော် ပေးတဲ့ စာအုပ်ကို ကြည့်ပြီး ပြုံးလိုက်ပါလေသည်။ ပြီးတော့ သန့်စင်သော်ကို ကျေးဇူးတင်စကား ဆိုတော့သည်။
“ကျေးဇူးဘဲနော်..... ညီလေး”
ထိုချိန် သူတို့နှစ်ယောက် ရှိတဲ့ လိုင်းထဲသို့ စာအုပ်ဆိုင်မှ ဝန်ထမ်းတစ်ယောက် စာအုပ်ပုံး ထမ်းကာ ဝင်လာလေသည်။
“နဲနဲ.....လောက်ပါ......”
လမ်းလေးက ကျဉ်းတာကြောင့် စာအုပ်ရှာခိုင်းတဲ့ တစ်ယောက်မှာ သန့်စင်သော်နားသို့ ကပ်လိုက်ပါလေသည်။ စာအုပ်ဆိုင်မှ ဝန်ထမ်းမှာ ဖြတ်လျှောက်သွားရင်း တိုက်သွားတော့သည်။ ဒါကြောင့်ဘဲ စာအုပ်ရှာခိုင်းတဲ့ တစ်ယောက်မှာ သန့်စင်သော်နား ပိုကပ်သွားပြီး သန့်စင်သော်ကို အုပ်မိုးလိုက်သလို ဖြစ်သွားပါလေသည်။ သန့်စင်သော်မှာ ရုတ်တရက်ကြီးဆိုတော့ ထိတ်လန့်သွားလေသည်။ ပြီးတော့ ထိုစာအုပ်ရှာခိုင်းတဲ့သူနဲ့ အကြည့်ချင်း ဆုံမိသွားတော့၏။ အတော်ကြာ အကြည့်ချင်းဆုံပြီးသွားတော့မှ သန့်စင်သော်ကနေပြီး ဖယ်ဖို့ ပြောလိုက်ပါလေသည်။
“ဟို..... အကို..... ဟိုလေ..... ဖယ်လို့ ရပြီလား........”
သန့်စင်သော် ပြောတော့မှ ထိုတစ်ယောက်လည်း ချက်ချင်းဘဲ ဖယ်ပေးပြီး တောင်းပန်စကား ဆိုလာပါတော့သည်။
“တောင်းပန်ပါတယ်နော်.......”
“ရပါတယ်..... အကို..... ဟိုလေ.... တစ်ခြား စာအုပ်ကော ရှာပေးရအုန်းမလား”
“အာ...... တစ်ခြားစာအုပ်လား....... အမ်..... လောလောဆယ်တော့ ဒီစာအုပ်ကိုဘဲ အရင် ဖတ်လိုက်အုန်းမယ်..... လိုတော့ ပြန်လာခဲ့လိုက်မယ်လေ”
“ဟုတ်ကဲ့.... အကို.... ဒါဆို စာအုပ်ရှင်းမယ်ဆို ကောင်တာကို သွားပေးပါနော်......”
“အော်..... ဟုတ်ပြီ..... ညီလေး” လို့ ပြောရင်း စာအုပ်ရှာခိုင်းတဲ့ တစ်ယောက်မှာ ကောင်တာသို့ သွားလိုက်ရပါလေသည်။ ပြီးတော့ ငွေရှင်းပြီး ပြန်ဖို့ လုပ်ရတော့သည်။ မပြန်ခင်လည်း စာအုပ်ဆိုင်ထဲကို လှမ်းကြည့်နေသေးသည်။ ပြီးမှ ပြန်သွားလေသည်။
သန့်စင်သော်လည်း ထိုတစ်ယောက်ကို ချောင်းကြည့်နေမိသေးသည်။ ဘာကြောင့်ဆို သူအိမ်မက် မက်တဲ့ထဲက တစ်ယောက်နဲ့ တော်တော်လေးကို ဆင်တူနေလို့ပင် ဖြစ်သည်။ အိမ်မက်ထဲကသူကို ရှာဖို့ အားခဲထားတာဆိုပေမယ့် ခုလို တွေ့လိုက်ရတော့ သန့်စင်သော်ခမျာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရလေသည်။ သန့်စင်သော် အနေနဲ့ ထိုတစ်ယောက်ကို အိမ်မက်အကြောင်း မေးချင်ခဲ့တာဖြစ်သည်။ သူမက်တဲ့အတိုင်း မက်လားဆိုပြီးတော့ပင်။ ဒါပေမယ့် အခု သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံချိန်လေးက တိုတောင်းလွန်းခဲ့သည်။ တွေ့ခွင့်ရတဲ့ အခိုက်အတန့်မှာလည်း ချောချောချူချူ မဖြစ်ခဲ့ပေ။ ဒါကြောင့်ဘဲ သန့်စင်သော်မှာ ထိုတစ်ယောက် အကြောင်းကို တွေးမိနေလေသည်။
အိမ်မက်ထဲက တစ်ယောက် အကြောင်းကို တွေးနေမိသည်မှာ အိမ်ပြန်လာတဲ့အထိပင် ဖြစ်သည်။ အိမ်ပြန်ရောက်တော့မှ ကြောင်ဝါကလေးရဲ့ ကြိုဆိုသံကို ကြားပြီး သန့်စင်သော် တစ်ယောက် သတိပြန်လည်လာခဲ့တော့သည်။ ကြောင်ဝါကလေးမှာ သူ့ကို ပွတ်သပ်နေလေသည်။ ဒီတော့မှ ကြောင်စာထုပ်လေး ဝယ်ခဲ့ဖို့ မေ့ခဲ့တာကို သန့်စင်သော် စဉ်းစားမိတော့သည်။ ဒါနဲ့ ကြောင်ဝါလေးကို ပွတ်သပ်ပေးပြီး ချော့မြူပြောဆိုနေလေသည်။
“ဝါလေးရေ..... ကိုကို ကြောင်စာထုပ်လေး မေ့ကျန်ခဲ့လို့နော်..... မနက်ဖြန်ကျ ဝယ်လာပေးမယ်နော်”
ကြောင်ဝါကလေးကတော့ တညောင်ညောင်နဲ့ သန့်စင်သော်ကို အော်ပြောနေပါတော့သည်။
“အမလေး.... ခဏတုန်းကတော့ ငါ့ပေါ်မှာ အိပ်နေတာ..... သူ့ကို အစာဝယ်ပေးမယ်ပြောတဲ့သူ ပြန်လာတော့ ထသွားရော..... ကဲ အခုတော့ ဟိုက အစာ ပါမလာဘူး..... ငါ့ဆီမလာနဲ့ ကြောင်ချေလေး”
အမေဖြစ်သူ စကားကြောင့် သန့်စင်သော် ပြုံးမိလိုက်သည်။
“ကဲ..... သားလည်း ကြောင်ကို အသာထား..... အလုပ်က ပြန်လာတာမလား..... ပင်ပန်းနေရောပေါ့.... ကဲ အပေါ်တက် လုပ်စရာရှိတာလုပ်..... ပြီးရင် ညစာစားကြမယ်.... ဟုတ်ပြီလား”
“ဟုတ်ပါပြီ ခင်ဗျ.... ဟုတ်ပါပြီ” လို့ ပြန်ဖြေပြီး သန့်စင်သော်လည်း အခန်းရှိရာ အပေါ်ထပ်သို့ တက်သွားလိုက်ပါလေသည်။
ပစ္စည်းတွေထားပြီးတော့ ရေမိုးချိုးဖို့အတွက် သန့်စင်သော် အောက်ပြန်ဆင်းလာလေသည်။ ရေမိုးချိုးပြီးသွားတာနဲ့ အမေဖြစ်သူနဲ့အတူ ညစာ တည်ခင်းကြလေသည်။ ကြောင်ဝါလေးလည်း ပါလေသည်။ ညစာစားပြီးသွားတော့ ပန်းကန်တွေ ဆေးကြောပြီး အခန်းထဲမှာ စာအုပ်ဖတ်နေပါလေသည်။ အမေဖြစ်သူကတော့ ဘုရားရှိခိုးဘာညာ လုပ်နေတော့သည်။ ကြောင်ဝါလေးကတော့ သူ့အခန်းထဲတွင် အိပ်မောကျနေလေသည်။ သန့်စင်သော်ကတော့ စာအုပ်ဖတ်နေရင်း နေ့လည်က အကြောင်းကို စဉ်းစားနေမိတော့သည်။ စာအုပ်ဆိုင်မှာ ဖြစ်ခဲ့တာကို ပြန်တွေးပြီး ပြုံးစိစိ လုပ်နေလေသည်။ ပြီးတော့ ပြုံးစိစိ လုပ်နေရာကနေ မျက်နှာညိုးသွားလေတော့သည်။ အမှန်တော့ ပြန်မတွေ့မှာကို သန့်စင်သော် စိုးရိမ်နေလေသည်။ ပြီးမှ အိမ်မက်ထဲမှာ ပြန်တွေ့ရမှာဘဲလို့ တွေးပြီး သန့်စင်သော် တစ်ယောက်လည်း ဖတ်လက်စ စာအုပ်ကို ပိတ်ကာ အိပ်ယာဝင်လိုက်ပါလေသည်။ ခေါင်းနဲ့ ခေါင်းအုံးနဲ့ ထိလိုက်စဉ်မှာပင် သန့်စင်သော် အိပ်ပျော်သွားပါတော့သည်။
ထုံးစံအတိုင်း သန့်စင်သော် တစ်ယောက် အိမ်မက်မက်ရင်း လန့်နိုးလာလေတော့သည်။ ပြီးတာနဲ့ အလုပ်သွားဖို့ ပြင်ဆင်လေသည်။ ဒီနေ့တော့ အိပ်ယာထ နောက်မကျတာကြောင့် အမေဖြစ်သူနဲ့ အတူ မနက်သာ တူတူစားခဲ့လေသည်။ မနက်စာ စားပြီးတာနဲ့ အလုပ်သွားဖို့ လုပ်တော့သည်။ အိမ်က မထွက်ခင် ကြောင်လေးကိုလည်း ပွတ်သပ်ပြီး ချော့မြူလိုက်သေးသည်။ ပြီးတာနဲ့ အိမ်က ထွက်ခဲ့လိုက်လေသည်။ ကားမှတ်တိုင်ကို ရောက်လို့ ကားစောင့်နေတုန်းမှာ သန့်စင်သော် တစ်ယောက် တစ်ခုခုကို စဉ်းစားနေလေသည်။ ထိုသည်ကတော့ အိမ်မက်ထဲက တစ်ယောက်နဲ့ ထပ်တွေ့ဖို့ပင် ဖြစ်သည်။ ဘာကြောင့်ရယ်မသိ သန့်စင်သော်လည်း ထပ်တွေ့ချင်စိတ်ဖြစ်နေမိသည်။ ထပ်တွေ့မယ်ဆိုပြီးတော့လည်း သန့်စင်သော် ယုံကြည်ထားလေသည်။ စဉ်းစားနေတုန်းမှာ ကားရောက်လာခဲ့လေသည်။ ဒီတော့ သန့်စင်သော်လည်း စဉ်းစားတာရပ်ပြီး ကားပေါ် တက်သွားလိုက်တော့သည်။
အလုပ်ကို ရောက်တော့ သန့်စင်သော်မှာ တမျှော်မျှော်တခေါ်ခေါ်ဖြင့် ဖြစ်လို့နေလေသည်။ စာအုပ်ဆိုင် ရောက်လာသူတိုင်းကို လိုက်ကြည့်နေလေတော့သည်။ အိမ်မက်ထဲကသူမဟုတ်လျှင်လည်း သန့်စင်သော်မှာ စိတ်ပျက်လို့သွားလေသည်။ ဒီလိုနဲ့ နေ့လည်ဘက်ကို ရောက်တော့ သန့်စင်သော်မှာ စာအုပ်တွေကို သပ်သပ်ရပ်ရပ်လေး ပြန်စီနေလေသည်။ ထိုချိန်မှာဘဲ သန့်စင်သော် ဘေးသို့ တစ်ယောက်ယောက် ရောက်လာလေသည်။ သန့်စင်သော်ကတော့ လှည့်မကြည့်ဘဲ ဒီအတိုင်း စာအုပ်သာ စီနေပါလေသည်။ ဒီတွင်ဘဲ သူ့ကို စကားပြောလာတာကို သိလိုက်ရလေသည်။
“ဟို....... ညီလေး.........”
ခေါ်သံကြားလိုက်တာကြောင့် သန့်စင်သော်လည်း လှည့်ကြည့်လိုက်လေသည်။ မထင်မှတ်စွာဘဲ အိမ်မက်ထဲကသူကို ထပ်တွေ့လိုက်ရတာကြောင့် သန့်စင်သော် အနည်းငယ် ဝမ်းသာသွားလေသည်။
“ဟုတ်...... ပြောပါ အကို........ ဘာစာအုပ် ထပ်ရှာပေးရမလဲ” ဆိုကာ သန့်စင်သော် မေးလိုက်သည်။
“ဟို........ ဟိုလေ...... ခုက စာအုပ်ရှာပေးဖို့ မဟုတ်ပါဘူး.......”
“အော်...... ဟုတ်ကဲ့ပါ........ ဒါဆို ဘာများ ကူညီပေးရမလဲ ခင်ဗျ”
“အကို....... ညီလေးကို မုန့်လိုက်ကျွေးလို့ရမလား........ မေးမလို့ပါ”
“ဟို...... အဲ့တာက....... “ ဆိုကာ သန့်စင်သော် တစ်ယောက် စကားထစ်နေလေသည်။
“ဘာကိစ္စမှတော့ မဟုတ်ပါဘူး…….. မနေ့က အကို့ကို စာအုပ်ရှာပေးထားလို့လေ...... အဲ့တာ ကျေးဇူးတင်တဲ့ အနေနဲ့ပါ”
“ဟုတ်...... အခုက အလုပ်ချိန်ကြီးမလို့လေ....... မရလောက်ဘူး”
“ဟုတ်လား...... ဒါဆို ညီလေးက ဘယ်ချိန်လောက် အားမှာလဲ”
“ညနေ ဆိုင်ပိတ်ချိန်လောက်ပေါ့.........”
“ရတယ်လေ..... ခုတောင် နှစ်နာရီရှိနေပြီဘဲ...... အကို စာအုပ်ဖတ်ရင်း စောင့်နေလိုက်မယ်လေ.........”
“အဆင်ပြေပါ့မလား........”
“ပြေပါတယ်....... ညီလေး ပြန်တော့မယ်ဆို လာပြောလိုက်လေ....... ဟုတ်ပြီလား......... အကို ဒီစာအုပ်ဖတ်လို့ရတဲ့ နေရာလေးမှာ စာအုပ်ဖတ်ပြီး စောင့်နေလိုက်မယ်”
ထိုသူလည်း ပြောပြီးသွားတော့ သန့်စင်သော်လည်း စာအုပ်တွေ ပြန်စီနေလိုက်လေသည်။ ထိုသူကတော့ စာအုပ်သွားဖတ်နေလေတော့သည်။ သန့်စင်သော်ကတော့ စာအုပ်တွေ စီလိုက်၊ စာအုပ်တွေ လိုက်ရှာပေးလိုက် လုပ်နေရင်း ထိုသူကို ချောင်းချောင်းကြည့်နေမိလေသည်။ ပြီးတော့လည်း ရင်တွေ ခုန်နေတော့သည်။ ထိုသူကတော့ စာအုပ်ကိုသာ အာရုံစိုက်ပြီး ဖတ်နေလေသည်။ ဒီလိုနဲ့ဘဲ ဆိုင်ပိတ်ချိန် ရောက်တော့ သန့်စင်သော်ကနေပြီး ထိုသူကို သွားပြောရလေတော့သည်။
“အကို..... ညီတို့ ဆိုင်ပိတ်တော့မှာ........”
“ဟုတ်လား..... ဒါဆို မုန့်လိုက်ကျွေးလို့ရပြီပေါ့...................”
“အင်း...... အဲ့လိုဘဲ ဆိုပါတော့......... ဟို အကို အပြင်က စောင့်နေလိုက်ပါလား...... ညီ လုပ်စရာရှိတာ လုပ်ပြီး ထွက်ခဲ့မယ်လေ”
“ဟုတ်ပြီ......” လို့ ပြန်ဖြေပြီး ထိုသူမှာ စာအုပ်ကို သိမ်းပြီး ဆိုင်ပြင် ထွက်သွားတော့သည်။
ဘယ်လောက်မှ မကြာလိုက် သန့်စင်သော်လည်း ဆိုင်က ထွက်လာပါလေသည်။ ပြီးတော့ ထိုသူနားသို့ သွားလိုက်တော့သည်။
“သွားကြမယ်........” ဆိုပြီး ပြောလာတော့ သန့်စင်သော်လည်း ခေါင်းသာညိတ်ပြလိုက်လေသည်။
ဒါနဲ့ နှစ်ယောက်သား လမ်းလျှောက်ပြီး ဆိုင်တစ်ဆိုင်သို့ သွားကြတော့သည်။ သွားနေကြတဲ့ အချိန်မှာလဲ တစ်ယောက်နဲ့ တစ်ယောက် အနေရခက် ဖြစ်နေတာကြောင့် စကားမပြောကြပေ။ လမ်းအတော်ကြာ လျှောက်ပြီး ကော်ဖီဆိုင် တစ်ဆိုင်ကိုရောက်တော့ ရပ်လိုက်ကြလေသည်။
“ဒီကော်ဖီဆိုင်မှာ ထိုင်ကြမလား...... ညီ”
“ဟုတ်....... ရပါတယ်” လို့ သန့်စင်သော် ပြန်ဖြေလိုက်လေသည်။
ကော်ဖီဆိုင်လေးထဲ ရောက်ပြီး ကော်ဖီတွေ မှာပြီးလို့ လာတောင်ချပေးနေပြီကို နှစ်ယောက်သားမှာ စကားမပြောဖြစ်ကြသေးပေ။ ကော်ဖီလေး သောက်ပြီး ဟိုကြည့်ဒီကြည့်သာ လုပ်နေကြလေသည်။ ပြီးကာမှ ဟိုဘက်ကနေပြီး စကားစပြောလာတော့သည်။
“ဟို...... အကို့နာမည်က ပြည့်စုံထွန်း....... ကိုပြည့်လို့ ခေါ်ချင်ခေါ်လို့ရပါတယ်”
“ဟုတ်....... ဟုတ်ကဲ့........ ကျွန်တော့် နာမည်က သန့်စင်သော်ပါ........”
တစ်ယောက်နဲ့ တစ်ယောက် ပြောပြီး ပြန်ငြိမ်သွားကြတော့သည်။ ဘာမှလည်း ဆက်မပြောဖြစ်ကြတော့ပေ။ ဒီတွင်ဘဲ သန့်စင်သော်ကနေပြီး ပြန်စပြောလိုက်ပါလေသည်။
“ဟိုလေ...... အကို့အနေနဲ့ ညီ့ကို ရင်းနှီးနေသလိုမျိုးမခံစားရဘူးလားဟင်.........”
“ဘာလို့လဲ......... ဘာလို့ အဲ့လိုမေးတာလဲ........”
“မဟုတ်ပါဘူး....... ဒီအတိုင်းပါဘဲ....... ညီက အကို့ကို ရင်းနှီးနေသလိုမျိုး ခံစားနေရလို့ပါ............”
“အော်...... ဖြစ်တတ်ပါတယ်...... ဒီအတိုင်း တစ်နေရာရာမှာ တွေ့ဖူးလို့ နေမှာပေါ့” ဆိုကာ ပြည့်စုံထွန်းမှ ပြန်ဖြေလေသည်။
“ဟုတ်....... အကို........”
“အကိုတို့တွေ ဒီနေ့ကစပြီး သူငယ်ချင်း လုပ်ကြမလား..........”
“ဟမ်..... ဟုတ်...... ရပါတယ်........ အကို..........”
“စာအုပ်အကြောင်းတွေ ပြောလို့ရတယ်လေ..... ညီ့ကို ကြည့်ရတာ စာအုပ်ဖတ်မယ့် ပုံဘဲ”
“ဟုတ်....... ဖတ်ပါတယ် အကို.........”
“ဒါဆို အတော်ဘဲ ဖြစ်သွားတာပေါ့...... ညီနဲ့ အားတဲ့ချိန်တွေ စာအုပ်အကြောင်းတွေ ဆွေးနွေးလို့ရသွားတာပေါ့”
သန့်စင်သော်မှာ ဘာမှမပြောဘဲ ပြည့်စုံထွန်းကိုသာ ပြုံးပြပြီး ခေါင်းသာ ညိတ်ပြလိုက်သည်။ ပြီးတော့ နှစ်ယောက်သား ကော်ဖီ ဆက်သောက်ကြလေသည်။ စာအုပ်အကြောင်းလည်း ပြောဖြစ်ခဲ့ကြသည်။ အချိန်တော်တော်လေး ကြာတော့မှ ကော်ဖီဆိုင်က ထွက်လာခဲ့ကြလေသည်။ ပြီးတာနဲ့ နှစ်ယောက်သား လမ်းခွဲကြပြီး အိမ်ပြန်ကြလေသည်။ သန့်စင်သော်ကတော့ ပျော်လို့နေလေသည်။ ဘာကြောင့်ဆို အိမ်မက်ထဲကသူနဲ့ တစ်ကယ် ဆုံတွေ့ပြီး ရင်းနှီးခွင့်ရခဲ့လို့ပင် ဖြစ်သည်။ အဲ့နေ့က သန့်စင်သော် တစ်ယောက် ပျော်ပျော်ကြီးဖြင့် အိမ်ပြန်သွားခဲ့လေသည်။ ကြောင်စာထုပ်လေးကိုလည်း ဝယ်သွားရင်းနှင့်ပေါ့။
ဒီလိုနဲ့ သန့်စင်သော်မှာ ပြည့်စုံထွန်းနှင့် ပိုပြီး ခင်မင်ရင်းနှီးလာပါတော့သည်။ ပြည့်စုံထွန်းမှာ နေ့လည်ဘက်ဆို သန့်စင်သော် အလုပ်လုပ် လုပ်နေတဲ့ စာအုပ်ဆိုင်သို့ ရောက်လာကာ စာအုပ်လာဖတ်လေသည်။ သို့မဟုတ်ရင်လည်း စာအုပ်လာရှာပြီး ထိုစာအုပ်ကို ထိုင်ဖတ်နေတတ်လေသည်။ စာအုပ်ရှာခိုင်းရင်လည်း သန့်စင်သော်ကိုသာ ရှာခိုင်းလေသည်။ စာဖတ်တဲ့အချိန်တွင်လည်း သန့်စင်သော်ကို ချောင်းချောင်းကြည့်လေသည်။ သန့်စင်သော်ကတော့ ရိပ်မိပေမယ့် အလုပ်လုပ်နေရတော့ သိပ်တော့ သတိမထားမိ။ ဆိုင်က ဝန်ထမ်းတစ်ချို့ကတော့ ပြည့်စုံထွန်းရဲ့ အကြည့်တွေက မရိုးသားဘူးဆိုကာ သန့်စင်သော်ကို လာပြောကြပါလေသည်။ သန့်စင်သော်ကတော့ မဟုတ်ကြောင်း ပြန်ပြောရှာလေသည်။ ဒါပေမယ့်လည်း တစ်ခါတစ်လေကြရင်တော့ သန့်စင်သော်လည်း ခံစားမိလေသည်။ ဆိုင်က ဝန်ထမ်းတွေကတော့ သန့်စင်သော်ကို မေးကြည့်ဖို့ ပြောလေသည်။ သန့်စင်သော်ကတော့ မမေးရဲတာကြောင့် ဒီအတိုင်း စာအုပ်အကြောင်းဘဲ ပြောကြလေသည်။
တစ်ရက်ကြတော့ သန့်စင်သော်ရဲ့ နားရက်ဖြစ်တာကြောင့် တွေ့ဖို့ ချိန်းလာပါလေသည်။ ဒီတော့ သန့်စင်သော်တို့ ပထမဆုံးတွေ့ကြတဲ့ ကော်ဖီဆိုင်မှာ တွေ့ကြလေသည်။ ထုံစံအတိုင်း ကော်ဖီတွေ သောက်ရင်း စာအုပ်အကြောင်းပြောကြလေသည်။ ပြီးတော့လည်း သန့်စင်သော်ကို စာအုပ်လက်ဆောင်တွေ ပေးလာပါသေးသည်။ သန့်စင်သော်မှာ အားနာကြောင်း ပြောနေရလေသည်။
“မယူပါရစေနဲ့.......ကို ပြည့်ရယ်........”
“ယူပါ..... အကိုက စာအုပ်ကို ချစ်မြတ်နိုးတဲ့ ဘယ်သူကိုမဆို ချစ်လို့ပါ”
ပြည့်စုံထွန်း စကားကြောင့် သန့်စင်သော် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။
“ဟမ်...... အကို့ စကားကလည်း........”
“အကို ကွေ့ပတ်ပြီး မပြောချင်တော့ဘူး ညီ..... အကို ညီ့ကို ချစ်တယ်......... “
ပြည့်စုံထွန်း စကားကြောင့် သန့်စင်သော်မှာ ကော်ဖီသောက်နေရင်း သီးသွားပါလေသည်။ ပြည့်စုံထွန်းလည်း တစ်ရှူးထုတ်ပြီး သန့်စင်သော်ကို သုတ်ပေးလေသည်။ သန့်စင်သော်လည်း စစချင်းတော့ ရှောင်လိုက်ချင်ပေမယ့် ကိုယ်တိုင်ကလည်း သဘောကျနေတာကြောင့် ငြိမ်နေမိလေသည်။
“ရရဲ့လား......... ညီ”
ပြည့်စုံထွန်းက မေးတော့ သန့်စင်သော်လည်း ခေါင်းသာညိတ်ပြလိုက်လေသည်။
“ဟို...... အဖြေက ချက်ချင်း မပေးလည်း ရပါတယ်....... ညီ့အနေနဲ့ စဉ်းစားချိန်တော့ လိုမှာပေါ့”
“ညီလည်း အကို့ကို ချစ်ပါတယ်...... အမှန်တော့ ညီက အကို့ကို မတွေ့ခင်ကတည်းက ချစ်နေမိတာပါ........ ပြောပြရင် ရှုပ်တော့ရှုပ်တယ်........ ဘယ်လိုပြောပြရမလဲ မသိတော့ဘူး”
“ရပါတယ်..... ရှင်းပြစရာမလိုပါဘူး...... ညီ အကို့ကို ချစ်ရင်ဘဲ ရပါပြီ”
“ဟုတ်........”
“ဘယ်သွားချင်သေးလဲ...... ကို လိုက်ပို့မယ်လေ.........”
“ရပါပြီ...... အကိုနဲ့ ရှိနေရင်ကိုဘဲ ကျေနပ်နေပါပြီ”
“ဟုတ်ပါပြီဗျာ........”
ဒါနဲ့ဘဲ သန့်စင်သော်နဲ့ ပြည့်စုံထွန်းတို့ ချစ်သူ သမီးရည်းစားတွေ ဖြစ်သွားခဲ့ကြလေသည်။ သန့်စင်သော်မှာ ပြည့်စုံထွန်းနဲ့ ချစ်သူတွေ ဖြစ်ပြီးသွားတဲ့ အချိန်မှာဘဲ အိမ်မက်တွေ ထပ်မမက်တော့ပေ။ အိမ်မက်တွေ ထပ်မမက်တော့ အဆိုးတွေ ရောက်လာခဲ့မှာကို သန့်စင်သော်မှာ သတိမေ့နေခဲ့လေသည်။ အိမ်မက်ထဲတွင် သူတို့နှစ်ယောက် ပျော်ရွှင်နေကြတာဆိုပေမယ့် အိမ်မက်ရဲ့ အဆုံးမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သန့်စင်သော်သာ အသိဆုံး ဖြစ်လေသည်။ ထိုသည်ကို မေ့နေခဲ့တော့သည်။
ဒီလိုဘဲ နှစ်ယောက်သား တွေ့ဖို့ ချိန်းကြလေသည်။ သန့်စင်သော်မှာ နားရက်မို့ ဘုရားသွားချင်တယ်ဆိုပြီး ပြောထားသောကြောင့် ဖြစ်သည်။ နှစ်ယောက်သား အတူတူသွားမှာမလို့ တစ်နေရာမှာ အရင်ချိန်းထားလိုက်ကြလေသည်။ ဒီတွင် သန့်စင်သော်မှ ကြိုရောက်နေတော့သည်။ ဘုရားသွားမှာမလို့ ပုဆိုးနဲ့ သပ်သပ်ရပ်ရပ် ဝတ်ထားပြီး ပြည့်စုံထွန်း အလားကို စောင့်နေပါလေသည်။ ထိုချိန် သန့်စင်သော်သို့ ဖုန်းဝင်လာလေသည်။ သန့်စင်သော်လည်း ဖုန်းလေးကို ကြည့်လိုက်ပြီး ချစ်ရသူ ပြည့်စုံထွန်း ဆက်တာဖြစ်တာကြောင့် ကိုင်လိုက်လေသည်။
“ဟယ်လို....... ကို........”
“ကို ရောက်ပြီနော်..........”
“ဘယ်မှာလဲ မမြင်ရဘူး.........”
“ဒီဖက်လမ်းမှာလေ......... ညီရဲ့”
သန့်စင်သော် တစ်ဖက်လမ်းကို လှမ်းကြည့်လိုက်သည်။ တက်စီပေါ်က ဆင်းလာတဲ့ ချစ်ရသူ ပြည့်စုံထွန်းကို တွေ့လိုက်ရတော့ သန့်စင်သော် ပြုံးလိုက်မိလေသည်။ ပုဆိုးနဲ့မို့ ပြည့်စုံထွန်းမှာ သန့်ပြန့်နေတော့သည်။ ဒါနဲ့ သန့်စင်သော်လည်း ဖုန်းချပြီး လက်ပြလိုက်လေတော့၏။ ပြည့်စုံထွန်းလည်း သန့်စင်သော် လက်ပြတာကို မြင်ပြီး ပြန်ပြီး လက်ပြလာလေသည်။ သန့်စင်သော်ကတော့ ပြုံးလိုက်ပါလေသည်။ ပြုံးလိုက်ပြီး မကြာ သန့်စင်သော် ခေါင်းထဲ အိမ်မက် အကြောင်းကြီး ဝင်လာပါတော့သည်။ ဒီတော့ အပြုံးရိပ်သန်းနေတဲ့ သန့်စင်သော်မှာ စိုးရိမ်စိတ်တွေဖြင့် ပြည့်စုံထွန်းကို ကြည့်လိုက်ပါတော့သည်။ ပြည့်စုံထွန်းမှာ လမ်းကူးလာဖို့ ပြင်နေလေသည်။
တစ်ဖက်က လမ်းကူးလာမယ့် ပြည့်စုံထွန်းမှာလည်း သန့်စင်သော်ကို တွေ့ပြီး ပြုံးလိုက်ပါလေသည်။ ပြီးနောက် လမ်းကူးမလို့ လုပ်နေစဉ်မှာ လက်သန်းလေးကနေ ကြိုးနီလေး တစ်ချောင်း ပေါ်လာတာကို ပြည့်စုံထွန်း မြင်လိုက်ရလေသည်။ ကြိုးနီလေးကို မြင်လိုက်တော့ ဘာဆက်ဖြစ်မလဲဆိုတာ ပြည့်စုံထွန်း သိလိုက်ပါတော့သည်။ ဗေဒင်ဆရာမ ပြောထားတဲ့အတိုင်း အရင်ဘဝက ချစ်ကြိုက်ခဲ့တဲ့ သူနဲ့တွေ့လိမ့်မယ်ဆိုတာရယ်၊ အိမ်မက်ရယ်၊ ကြိုးနီလေးရယ် ဖြစ်သည်။ ကြိုးနီလေးကို မြင်တဲ့သူက အရင်ထွက်သွားရမယ် ဆိုတာရယ်ပေါ့။ ပြည့်စုံထွန်းမှာ ကြိုးနီလေးကို မြင်တော့ စိတ်မကောင်း ဖြစ်ပေမယ့် သန့်စင်သော်ကို အပြုံးကိုသာ မြင်စေချင်တဲ့ အတွက် ပြုံးသာပြုံးထားပါလေသည်။ ပြီးတော့ လမ်းဖြတ်ကူးဖို့ လုပ်လိုက်တော့သည်။
လမ်းဖြတ်ကူးလာဖို့ လုပ်နေတဲ့ ပြည့်စုံထွန်းကို မြင်တော့ သန့်စင်သော်မှာ တားဖို့အတွက် လမ်းကူးဖို့ ပြင်လိုက်လေသည်။ ဒါပေမယ့် အခွင့်မသာခဲ့ပေ။ ကားတွေဟာ တရစပ်ဖြတ်သွားနေလို့ပင် ဖြစ်သည်။ သန့်စင်သော်မှာတော့ ပြာပြာသလဲဖြင့် ကားတွေကို ကြည့်လိုက်၊ ချစ်ရသူ ပြည့်စုံထွန်းကို ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။ တစ်ဖက်က ပြည့်စုံထွန်းကလည်း လမ်းဖြတ်ကူးလာနေလေသည်။ ဒီတွင်ဘဲ သန့်စင်သော် တစ်ယောက်လည်း အရဲစွန့်ပြီးတော့ ကားလမ်းပေါ် ဆင်းလိုက်ပြီး ကားဖြတ်ကူးဖို့ ကြိုးစားလေတော့သည်။ ကားသမားတွေကတော့ သန့်စင်သော်ကို ဆဲသွားကြလေသည်။ ဒီတော့ ပြည့်စုံထွန်းလည်း သန့်စင်သော် လမ်းဖြတ်ကူးလာနေတာကို တွေ့လိုက်ရလေသည်။ ဒါနဲ့ဘဲ ပြည့်စုံထွန်းမှာ ခပ်မြန်မြန်ဘဲ လမ်းဖြတ်ကူးပါတော့သည်။ ထိုအချိန်မှာဘဲ သန့်စင်သော် တစ်ခုခု ဖြစ်မှာကိုဘဲ စိုးရိမ်နေတဲ့ ပြည့်စုံထွန်းကို ကုန်ကားတစ်စီးက တိုက်သွားလေတော့သည်။ ကားလမ်းပေါ်တွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။ သန့်စင်သော်လည်း မယုံနိုင် ဖြစ်လျက် တစ်ဖက်လမ်းသို့ ကူးသွားလိုက်လေသည်။ သန့်စင်သော်လည်း ပြည့်စုံထွန်းကို သွေးအိုင်တွေကြားမှာ တွေ့လိုရလေသည်။ ပြီးနောက် ကြောင်အအကြီးဖြင့် ရပ်ကြည့်နေမိလေသည်။ အနီးအနားက ကားသမားတွေကတော့ လူနာတင်ယဉ်ကို လှမ်းခေါ်နေကြလေသည်။ သန့်စင်သော်ခမျာ ကြောင်အအလေးဖြင့် ရပ်ကြည့်နေရာကနေ အသိပြန်ဝင်လာကာ ပြည့်စုံထွန်းနားသို့ သွားပြီး အော်ငိုလေတော့သည်။ သန့်စင်သော်ရဲ့ အင်္ကျီဖြူလေးတွင် ပြည့်စုံထွန်းရဲ့ သွေးသံရဲရဲတွေက နေရာယူလို့ထားလေသည်။ ကားသမားတွေကတော့ ဒီအတိုင်း ကြည့်နေကြလေသည်။ နောက်တော့ လူနာတင်ယာဉ် ရောက်လာတော့သည်။ စေတနာဝန်ထမ်းတွေလည်း သန့်စင်သော်ကို စိတ်အေးဖို့ ပြောပြီး ဆေးရုံသို့ ခေါ်သွားခဲ့လေတော့သည်။
အချိန်ကုန်တာလည်း မြန်လှလေသည်။ ပြည့်စုံထွန်းရဲ့ ရက်လည်နေ့လေးကို ဘုန်းကြီးကျောင်းတွင် အလှူပေးကြလေသည်။ သန့်စင်သော်လည်း ပြည့်စုံထွန်းတို့ မိဘတွေနှင့် အတူတူ လိုက်သွားခဲ့လေသည်။ သန့်စင်သော်ကတော့ ခုထိကို မယုံကြည်နိုင် ဖြစ်လို့နေလေသည်။ ပြီးတော့လည်း ငူငူငိုင်ငိုင်ဖြင့်သာ ဘုန်းကြီးကျောင်းဝန်းထဲက ညောင်ပင်နားလေးမှာ နေနေလေသည်။ ဒီတွက် ပြည့်စုံထွန်းရဲ့ အမေကနေမှ သန့်စင်သော်ကို စကားလာပြောတော့သည်။
“သားလေး.........” ဆိုကာ စခေါ်လာလေသည်။
“ဟုတ်...... အန်တီ” ဆိုပြီး သန့်စင်သော် တိုးညင်းစွာပြန်ဖြေလိုက်သည်။
“သားခံစားနေရမယ်ဆိုတာ..... အန်တီ သိပါတယ်ကွယ်...... အန်တီလည်း...... သားလိုပါဘဲ..... မယုံနိုင်ဘူး...... ဒါပေမယ့်လေ သူက သားကို ချစ်တာတော့ အန်တီ သိတယ်...... သူက သားအကြောင်းတွေကို လာလာပြောပြတယ်”
“အကိုက လူကောင်း တစ်ယောက်ပါ အန်တီ..... လူကောင်း တစ်ယောက်က ဒီလိုမျိုး မထွက်သွားသင့်ဘူး...... အမှန်တော့ အကို့ကို ကယ်ဖို့ ကားလမ်းပေါ် ဆင်းခဲ့လိုက်မိတာ..... မဆင်းခဲ့လိုက်ရင်ကောင်းသား..... ခုတော့”
“သားရယ်...... သားကြောင့် မဟုတ်ပါဘူး..... အမှန်တော့ အန်တီ့သားက သူ့ရဲ့ သေနေ့ကို သိနေခဲ့တာပါ”
ပြည့်စုံထွန်း စကားကြောင့် သန့်စင်သော် အံ့ဩသွားရလေသည်။
“ရော့..... ဒါက အန်တီ့သား သူတစ်ခုခုဖြစ်ခဲ့ရင် သားကိုပေးဖို့ဆိုပြီး အန်တီ့ကို ပေးထားခဲ့တာ”
ပြည့်စုံထွန်းရဲ့ အမေမှာ သန့်စင်သော်ကို စာလေး တစ်စောင်ပေးပြီး ဘုန်းကြီးကျောင်းထဲ ပြန်ဝင်သွားလေသည်။ သန့်စင်သော်ကတော့ မျက်ရည်လေးများဖြင့် စာလေးကို ဖတ်လိုက်ပါတော့သည်။
“အခု ဒီစာကို ညီ ဖတ်နေရပြီဆိုရင် ကို ဒီဘဝမှာ မရှိတော့လို့ပေါ့နော်..... ကို ဒီစာကို မရေးချင်ပေမယ့်လည်း ညီ့ အတွက် ရေးထားခဲ့မယ်လို့ တွေးမိလို့ ရေးလိုက်တာပါ....... ဒီစာကို ဖတ်နေရင်းနဲ့ ကို့ကို စိတ်မဆိုးနဲ့နော်...... ကို ညီ့ကို ချစ်တာ ညီ သိတယ်မလား....... ကို့ ဘဝမှာ ညီ့ကို အချစ်ဆုံးဘဲလေ..... အမှန်တော့ ဒီစာကို ရေးရတဲ့ အကြောင်းအရင်းက ထပ်ရှိသေးတယ် သိလား...... ပြောရရင်တော့ ရှုပ်ပေမယ့်လည်း...... ညီ့ကို အသိပေးရမယ် ထင်ပြီး ရေးလိုက်တာ...... ကိုက ကို့သေနေ့ကို သိနေတဲ့သူလို့ ပြောရင် ညီ ယုံမလား....... ကို့ကို ဟာသပြောနေတယ်လို့ ထင်မှာဘဲမလား....... ပြောရရင် ကို ငယ်ငယ်က အမေတို့ကနေပြီး ကို နေမကောင်းလို့ ဗေဒင်သွားမေးခဲ့တယ်...... အဲ့မှာ ဗေဒင်ဆရာမက ကို့ကို အရင်ဘဝက ချစ်သူနဲ့ ပြန်ဆုံလိမ့်မယ်လို့ ပြောတယ်....... အဲ့တာနဲ့ အသက်အရွယ် ရောက်လာတော့ ကို ညီနဲ့ ဆုံခဲ့တယ် ထင်ပါတယ်..... ကို အိမ်မက်တွေ မက်ခဲ့တယ်..... ညီနဲ့ တစ်ပုံစံထဲသူပေါ့..... ပြီးတော့လည်း အိမ်မက်က အရင်ဘဝက အိမ်မက်တွေလို့ ထင်တာဘဲ...... အိမ်မက်ထဲမှာ အကိုနဲ့ ညီနဲ့က အရမ်းတွေ ပျော်ရွှင်နေကြတာ..... ပြီးတော့ ညီက အကို့ဘဝကနေ စောပြီး ထွက်သွားခဲ့တယ်...... အိမ်မက်အကြောင်း မက်ပြီး ဗေဒင်ဆရာမကို သွားမေးတော့ အကိုနဲ့ ညီနဲ့က အဲ့လိုဖြစ်ဖို့ကံပါလာတဲ့လေ...... ပြန်တွေ့ကြရင်လည်း အရင်ဘဝလို ဖြစ်မှာဘဲတဲ့လေ...... ဒီတစ်ခုကတော့ အရင်ထွက်သွားရမယ့်သူက လက်သန်းက ကြိုးနီလေးကို တွေ့လိမ့်မယ်တဲ့..... ညီ ဒီစာကို ဖတ်နေရရင်တော့ ကိုက ကြိုးနီလေးကို အရင်တွေ့သွားခဲ့လို့နေမယ်..... ညီ့ကို တစ်ယောက်ထဲ ထားခဲ့ရလို့ ကို တောင်းပန်ပါတယ်..... ကိုတို့ အခု မဆုံစည်းရလည်း နောက်ဘဝတော့ စောစောတွေ့ကြရင် ကောင်းမယ်....... ကို မျက်ရည်တွေ ကျလာပြီ ရေးနေရင်းနဲ့....... မငိုဘူးလို့တွေးထားတာ.... ခုတော့ ငိုနေမိပြီ........ ဆိုတော့ ဒီလောက်နဲ့ဘဲ ကို ရေးလိုက်တော့မယ်...... ညီ ကို့ အတွက် ပျော်ရွှင်အောင် နေပေးပါနော်.... ပြီးတော့ နောက်တစ်ယောက် တွေ့ခဲ့ရင်လည်း ကို့ကို မမေ့သွားနဲ့နော်..... ချစ်တယ် ညီ”
စာကို ဆုံးအောင် ဖတ်ပြီးသွားတဲ့ အချိန်မှာ သန့်စင်သော် တစ်ယောက် အားရပါးရ ငိုပါတော့သည်။ ပြီးတော့လည်း ဝူးဝူးဝါးဝါးဖြင့် ပြည့်စုံထွန်းကို မကျေနပ်ချက်တွေ ပြောနေပါလေသည်။
“ဘာလို့ မပြောပြခဲ့တာလဲ....... ဘာလို့လဲ....... ပြောပြရင် ညီတို့ တစ်ခုခု လုပ်နိုင်မှာပေါ့လို့...... ဘာလို့ တစ်ယောက်ထဲ လုပ်နေရတာလဲ...... ဘာလို့လဲ.......... ညီ ဘယ်လိုလုပ်ရမလဲ...... ညီ တစ်ယောက်ထဲ ဘယ်လိုနေရမလဲ........”
သန့်စင်သော်မှာ ငိုပြီးရင်း ငိုနေတော့သည်။ ပြီးတော့လည်း စာရွက်လေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားလေသည်။
ညောင်ပင်ကြီးဟာလည်း လေယူရာ ယိမ်းနွဲ့နေတော့သည်။
.....
နှစ်ငါးဆယ်ခန့်ကြာသော်
“အဖိုး....... ညနေဘက်ကြီး အေးတယ်....... မာဖလာလေး ခြုံထားနော်........”
ဝှီးချဲပေါ်က အဖိုးကို ဘိုးဘွားရိပ်သာမှ ဝန်ထမ်းကနေပြီး ပြောနေပါလေသည်။
“အဖိုးက သနားပါတယ်..... သူ့ကောင်လေးက သူ့ရှေ့တင် အက်ဆီးဒန့်ဖြစ်တာကို မြင်ခဲ့ရတာတဲ့လေ..... အဲ့နေ့ကစပြီး တစ်ယောက်ထဲဘဲ နေတော့တာတဲ့......”
“ဟုတ်လား..... သနားပါတယ်.......”
ဝန်ထမ်းတွေမှာ စကားတွေ ပြောရင်း တစ်ခြားနေရာသို့ သွားတော့သည်။
ဝှီးချဲလေးမှာ ကျန်ခဲ့တဲ့ အဖိုးအရွယ် သန့်စင်သော်မှာတော့ နေဝင်ရီတရောချိန်လေးကို ငေးကြည့်ရင်း ပြုံးနေပါလေသည်။ ပြီးတော့ လက်သန်းလေးကနေ ကြိုးနီလေး ပေါ်လာပါတော့သည်။
.....................................................
ထွဋ်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory