
လားရှိုးမြို့လေးရဲ့ ဆောင်းရာသီဟာဆိုရင် အရမ်းကိုဘဲ ခိုက်ခိုက်တုန်ပြီး ချမ်းအေးလှတဲ့ ရာသီဘဲ ဖြစ်ပါသည်။ ဆောင်းရာသီဆိုရင် ပွဲလမ်းသဘင် ပေါများတဲ့ ရာသီလည်း ဖြစ်ပါသည်။ ချမ်းအေးတာကြောင့် လမ်းလျှောက်ပွဲတို့၊ ပြီးရင် Happy New Yearတို့လည်း ကျင်းပကြပါသေးသည်။ သို့ပေမယ့် လားရှိုးမြို့လေးဟာဆိုရင် ရှမ်းပြည်ထဲပါတာကြောင့် ပွဲတွေဟာဆိုရင် များတယ်လို့ ဆိုရပါမည်။ ဆောင်းတွင်းရောက်ပြီး ရှမ်းနှစ်သစ်ကူးပွဲလည်း ရှိသေးလို့ပင် ဖြစ်သည်။ ရှမ်းနှစ်သစ်ကူးဆိုရင်ဖြင့် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလတွင် ကျင်းပလေ့ ရှိကြပါသည်။ နှစ်ကူးတာစောရင် နိုဝင်ဘာလမှာ ကျင်းပတတ်ကြပြီး၊ နောက်ကျရင်တော့ ဒီဇင်ဘာလတွင် ကျင်းပကြပါသည်။ ဒီနှစ်တော့ ရှမ်းနှစ်သစ်ကူးဟာဆိုရင် ဒီဇင်ဘာလမှာ ကျင်းပမှာဘဲ ဖြစ်လေသည်။
ရှမ်းနှစ်သစ်ကူးကို လေးရက်တိတိ ကျင်းပကြတာဘဲ ဖြစ်သည်။ တစ်ကယ့် ရှမ်းနှစ်သစ်ကူးနေ့ကိုတော့ နောက်ဆုံးရက်မှ ကျင်းပလေသည်။ ရှေ့ရက်တွေတော့ ပွဲအကြိုဆိုပြီး ကျင်းပကြလေသည်။ ရှမ်းနှစ်သစ်ကူးကို ရောက်လျှင် ရှမ်းသီချင်းသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားရမှာဘဲ ဖြစ်ချေသည်။ ရှမ်းအိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး သီချင်းဆိုကာ နှစ်သစ်ကူးပြီဆိုတာကို အသိလိုက်ပေးတာဘဲ ဖြစ်ချေသည်။ ရပ်ကွက်အလိုက် သွားရတာဆိုတော့ ပျော်ဖို့ ကောင်းလေသည်။ သီချင်းဆိုပြီး ရက်အနည်းငယ်ဆိုတာနဲ့ ရှမ်းနှစ်သစ်ကူးပွဲကို စတင်ကျင်းပကြတော့သည်။ ထိုပွဲတွင် ဈေးဆိုင်များ အများအပြား လာရောင်းချကြလေသည်။ စားသောက်စရာ အကင်ဆိုင်၊ မာလာဟင်းဆိုင် စသည် ဆိုင်များ အများအပြား လာဖွင့်ကြတော့သည်။ အမှတ်တရဆိုင်များလည်း လာဖွင့်ကြလေသည်။
ထိုဆိုင်တွေ အများအပြားထဲကမှ ထက်ထက်ဝေတို့ နည်းပညာကျောင်းသည်လည်း ပြခန်းလေး ဖွင့်လို့ထားလေသည်။ ကျောင်းအုပ်ကြီးကနေပြီး ပွဲကို လာရောက်တဲ့ လူငယ်တွေ ကျောင်းကို စိတ်ဝင်စားအောင်ဆိုကာ ဖွင့်ခိုင်းထားတာ ဖြစ်သည်။ ပြီးတော့ ထက်ထက်ဝေလည်း မလာချင်ပါ။ သူငယ်ချင်းတွေက အတင်းခေါ်လို့ရယ်၊ ဆရာမကလည်း လာရင် ကျောင်းခေါ်ချိန်တိုးပေးမယ် ပြောလို့သာ ထက်ထက်ဝေ ရောက်လာရတာ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ထက်ထက်ဝေ တစ်ယောက် ချမ်းလို့ဆိုကာ စောင်ပုံထဲ ခွေနေပြီဘဲ ဖြစ်သည်။ ခုတော့ ချမ်းချမ်းအေးအေးကြီးဖြင့် ပြခန်းကို စောင့်နေရလေသည်။ ကျောင်းကနေပြီး အကဖျော်ဖြေဖို့ဆိုပြီး လာကြတာလည်း ရှိကြပါသည်။ သူတို့ကတော့ ပြခန်းမှာ ခဏလောက်သာ နေပြီး ဖျော်ဖြေဖို့ ခေါ်ရင် အဆင်သင့်ဖြစ်ရအောင်ဆိုကာ စတိတ်စင်ဘက်သို့ သွားကြလေသည်။ ထက်ထက်ဝေရဲ့ သူငယ်ချင်းများမှာလည်း ထက်ထက်ဝေ အတွက် မုန့်ဝယ်ပေးသွားပြီး ပွဲဈေးထဲ လျှောက်ပတ်ကြည့်နေကြလေသည်။ ဆရာမကလည်း သူ့ရဲ့ သူငယ်ချင်းတွေ လာတယ်ဆိုကာ ပျောက်သွားတော့သည်။ ဒီတော့ ပြခန်းလေးထဲတွင် ထက်ထက်ဝေ တစ်ယောက်ထဲသာ ကျန်ခဲ့လေသည်။
ထက်ထက်ဝေမှာ သူငယ်ချင်းတွေ ဝယ်လာပေးတဲ့ မုန့်လေးတွေကို စားလိုက်၊ ပွဲဘက်ကို ကြည့်လိုက် လုပ်နေလေသည်။ စတိတ်ရှိုးကလည်း နှစ်ခုတောင် ရှိတော့ အသံတွေက ပိုဆူလေသည်။ တစ်ခုမှာ အဓိက ရှမ်းနှစ်သစ်ကူးအတွက် စတိတ်စင်အကြီး ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အရံအနေနဲ့ စင်ထားတဲ့ စတိတ်စင် အသေးလေးဘဲ ဖြစ်ချေသည်။ စတိတ်စင် အကြီးဘက်တွင် ရှမ်းစစ်စစ်တွေ သွားရောက် ပျော်ပါးကြပြီး၊ စတိတ်စင် အသေးဘက်တွင်တော့ ရှမ်းမဟုတ်တဲ့သူတွေ သွားရောက် ပျော်ပါးကြလေသည်။ ရှမ်းနှစ်သစ်ကူးချိန်ဆိုရင်တော့ စတိတ်စင်အသေးလေးက အသံပိတ်ပေးရလေသည်။ ခုတော့ ညသန်းခေါင်ချိန် မရောက်သေးတော့ စတိတ်စင် နှစ်ခု ပြိုင်တူ ဟဲနေကြလေသည်။ ထက်ထက်ဝေကတော့ ပွဲသွားပွဲလာတွေကိုသာ ကြည့်နေပါလေသည်။
ပွဲသွားပွဲလာသူတွေမှာလည်း အရွယ်စုံလင်လှတယ်လို့ ပြောလို့ရလောက်မည်။ ရှမ်းမလေးတွေဆို ရှမ်းအင်္ကျီဝမ်းဆက်ကိုမှ အနွေးထည်လေးတွေကို ထပ်ဝတ်လို့ ပွဲလျှောက်ကြည့်နေကြလေသည်။ ရှမ်းကောင်လေးတွေဆိုလည်း ရှမ်းဘောင်ဘီလေးတွေနဲ့ ကြည့်လို့ လှနေကြလေသည်။ ကလေးလေးတွေလည်း ရှမ်းဝတ်စုံဝတ်လျက် မိဘတွေနဲ့ အတူ လာကြလေသည်။ တစ်ချို့ကြတော့လည်း ဒီအတိုင်း ရိုးရိုး အဝတ်အစားများဖြင့် လာကြလေသည်။ ပွဲလာတဲ့သူ အများစုမှာ ပျော်ချင်ပါးချင်ကြတာကြောင့် ထက်ထက်ဝေ ရှိနေတဲ့ ကျောင်းပြခန်းကို သိပ်မလာကြပေ။ အစားအသောက်ဘက်ကိုသာ အဓိကသွားကြလေသည်။ တစ်ချို့ကြတော့လည်း ဒီအတိုင်း ဖြတ်သွားရင်း လှည့်ကြည့်သွားကြလေသည်။ ဒါကြောင့် ထက်ထက်ဝေမှာ ဘာမှ ရှင်းပြစရာမလိုတာကြောင့် တစ်ယောက်ထဲ ပျင်းနေပါတော့သည်။
ထိုချိန်မှာဘဲ ပြခန်းတဲလေးထဲသို့ ကောင်လေး တစ်ယောက် ရောက်လာပါလေသည်။ ကောင်လေးကလည်း ပြခန်းတဲလေးမှာ ပြထားတာတွေကို လိုက်ကြည့်နေလေသည်။ ထက်ထက်ဝေ တစ်ယောက်လည်း ဒီအတိုင်းဘဲ ကြည့်ပြီးရင် ပြန်ထွက်သွားမှာလို့ တွေးမိပြီး ဒီအတိုင်း ရှိရင်းအတိုင်းသာ နေလိုက်ပါလေသည်။ ကောင်လေးကတော့ ပြထားတဲ့ ပစ္စည်းတွေကို ကိုင်ကြည့်နေပါလေသည်။ ထက်ထက်ဝေကတော့ မုန့်လေးစားရင်း ဟိုဒီလျှောက်ကြည့်နေတော့တာပေါ့။ ထိုချိန်တွင်ဘဲ ကောင်လေးမှာ ထက်ထက်ဝေရဲ့ မြင်ကွင်းရှေ့သို့ ရုတ်တရက်ကြီး ပေါ်ချလာလေသည်။ ဒီတော့ မုန့်စားဖို့ လုပ်နေတဲ့ ထက်ထက်ဝေ တစ်ယောက် ရှက်သွားပြီး သီးသွားပါတော့သည်။
“အဟွတ်..... အဟွတ်.........”
ထက်ထက်ဝေ ချောင်းဆိုးသွားတာကြောင့် ကောင်လေးလည်း အားနာသွားကာ
“ရရဲ့လား ညီမ’ ဆိုပြီး ပြောလာပါတော့သည်။
ထက်ထက်ဝေကတော့ ဘာမှ ပြန်မပြောဘဲ အအေးဘူးကိုသာ ဖွင့်ပြီး မော့သောက်လိုက်လေသည်။ စားလိုက်တဲ့ မုန့်က အစပ်မှုန့်ပါနေတော့ ထက်ထက်ဝေ တစ်ယောက် မွှန်သွားပုံရသည်။ အအေးလေး သောက်ပြီး အဆင်ပြေသွားပြီဆိုတော့မှ ထက်ထက်ဝေလည်း သူ့ရှေ့လာရပ်တဲ့ ကောင်လေးကို စကားပြန်ပြောလိုက်တော့သည်။
“ဘာများလဲ...... အကို.........”
“အော်...... အကို သိချင်တာလေး မေးမလို့ပါ....... ဒါနဲ့ ညီမလေးက အဆင်ပြေရဲ့လား..... အကို့ကြောင့်နဲ့ဆိုတော့ တောင်းပန်ပါတယ်နော်”
“ရပါတယ်...... အကို...... ညီမ အဆင်ပြေပါတယ်........”
“သေချာရဲ့လား ညီမကို ကြည့်ရတာ စပ်နေသေးတဲ့ပုံဘဲံ”
“အော်..... မစပ်တော့ပါဘူး...... အဆင်ပြေနေပါပြီ အကို...... ဒါနဲ့ ဘာများ သိချင်လို့လဲနော်”
“ဟိုလေ...... ထိုင်မယ်နော်...... ရတယ်မလား ညီမ”
“ရပါတယ်....... ထိုင်ပါ........ အကို”
“တစ်မျိုးတော့ မထင်ပါနဲ့ ညီမကို ကြည့်ရတာ ထိုင်နေရာကနေ ထချင်မယ့်ပုံလည်း မပေါ်တော့လေ..... အဲ့တာကြောင့်ပါ”
တစ်ဖက်က စကားက မှန်နေတော့ ထက်ထက်ဝေပြုံးသာ ပြုံးလိုက်သည်။ ပြီးမှ ကောင်လေးကနေပြီး စကား ပြန်စလာတော့သည်။
“ဟိုနားက တစ်ခုလေ...... အဲ့တာ ဘာကြီးလဲ..... စက်ဘီးစီး အင်္ကျီတွေမှာ မီးတွေ တပ်ထားတာလေ........”
“အော် အဲ့တာလား..... Biker suitပါ အကို..... ပြောရရင် စက်ဘီးစီးတဲ့သူတွေအတွက် လုပ်ထားတာပေါ့နော်..... စက်ဘီးစီးတဲ့ သူတွေက ကားတွေလို အချက်ပြလို့မရဘူးလေ..... အဲ့တော့ ဘယ်ကွေ့မယ်ဆို သူ့အင်္ကျီရဲ့ ဘယ်ဘက်လက်ကိုင်မှာ တပ်ထားတဲ့ ဘုလေးကို နှိပ်ရမှာပေါ့နော်..... အဲ့ကျရင် အင်္ကျီနောက်ဘက်မှာ မီးသွားလင်းမှာလေ.......”
“ဟုတ်လား..... ကောင်းတာပေါ့...... အိုင်ဒီယာလေး မဆိုးဘူးဘဲ...... ဒီလိုဆို စက်ဘီးစီးတဲ့သူတွေအတွက် ကောင်းသွားတာပေါ့”
“ဟုတ်တယ်....... အဲ့တာကို ရည်ရွယ်ပြီးတော့ လုပ်ထားတာလို့ ပြောတယ် အကို”
“မဆိုးဘူး......မဆိုးဘူး........ ဟိုဟာလေးကော.......” ဆိုကာ ကောင်လေးမှာ နောက်တစ်ခုကို လက်ညိုးထိုးပြနေလေသည်။
“ဘယ်တစ်ခုလဲ...... အကို..........”
“ဟိုတစ်ခုလေ...... ခုံးခုံးလေး ဖြစ်နေတဲ့ တစ်ခုလေ....... ဟိုးနားလေးက တစ်ခု”
ကောင်လေး ပြတာကို ထက်ထက်ဝေလည်း လှမ်းကြည့်လိုက်တော့၏။ ပြီးတော့ ကောင်လေး ပြတာကို တွေ့သွားပြီး ပြန်ရှင်းပြတော့သည်။
“ဟို ခုံးခုံးနဲ့ အိမ်ပုံစံလား အကို” ဆိုကာ ထက်ထက်ဝေ ပြန်မေးလိုက်သည်။
“ဟုတ်တယ်...... အဲ့တာလေးကလည်း မျက်စိထဲ ထူးဆန်းနေလို့”
“အဲ့တာက automatic greenhouseလေ..........”
“အဲ့တာက ဘာကြီး”
“အော်......... အဲ့တာက ဘာကြီးလဲဆိုတော့..... ရှင်းရှင်းပြောရရင် ဥယျာဉ်ပါဘဲ အကို...... ဒါပေမယ့် အဲ့မှာက မြေကြီးထဲမှာ sensorတွေ တပ်ထားတာလေ..... အဲ့တော့ ရေတွေသွားလောင်းစရာ မလိုတော့ဘူးပေါ့..... အော်တိုရေဖျန်းပေးမှာလေ.......”
“အော်..... မိုက်သားဘဲ....... အဲ့တာလေးလည်း မဆိုးဘူးနော်”
“ဟုတ်တယ်...... အကို..... သူများနိုင်ငံမှာတော့ သုံးနေကြပြီလေ”
“အင်း....... ဒါနဲ့ ညီမက အကုန်သိတယ်နော်.........”
“အဲ့လောက်လည်း မဟုတ်ပါဘူး အကိုရေ...... ညီမလည်း project showတုန်းက မေးထားတာတွေ ပြန်ပြောပြရုံပါ”
“ဒီလောက် ပြောနိုင်တာဘဲ..... တော်တယ်လို့ ပြောရမှာပေါ့”
“ကျေးဇူးပါ...... အကို........” လို့ ပြောပြီး ထက်ထက်ဝေ ပြုံးလိုက်ပါလေသည်။
“ဒါနဲ့ ညီမက လျှောက်ပတ်မကြည့်ဘူးလား...... ဒီမှာဘဲ နေနေတာ ပျင်းနေတော့မှာပေါ့”
“ဟုတ်...... စောင့်မယ့်သူ မရှိလို့လေ...... အဲ့တာကြောင့်မလို့..... ပြီးတော့ လူလည်း ရှုပ်တော့ ညီမ သိပ်မသွားချင်ဘူး ဖြစ်နေတာ”
“ဟာ..... အဲ့လိုဆို ဘယ်ကောင်းတော့မလဲ..... ပွဲထဲ ရောက်နေပြီး လျှောက်ပတ်မကြည့်ရသေးဘူးဆိုတော့ ဘယ်ဟုတ်မလဲ”
ထိုချိန်မှာဘဲ ပြခန်းတဲလေးဆီသို့ ထက်ထက်ဝေ သူငယ်ချင်း တစ်သိုက် ပြန်ရောက်လာကြလေသည်။ ထက်ထက်ဝေ သူငယ်ချင်းများမှာ ထက်ထက်ဝေကို ကောင်လေး တစ်ယောက်နဲ့ တွေ့လိုက်ရတော့ အံ့ဩကာနေကြလေသည်။ ပြီးတော့လည်း ထက်ထက်ဝေကို စနေပါလေသည်။
“ထက်...... အဲ့တာ ဘယ်သူလဲ မိတ်ဆက်ပေးအုန်းလေ” ဆိုကာ သူငယ်ချင်းမှ ပြောလာပါလေသည်။
“ဟုတ်ပါ့...... လျှိုထားတယ်နော် ထက်မ” ဆိုပြီးတော့ ကျန်တဲ့ သူငယ်ချင်းများလည်း ပြောနေကြလေသည်။
ထက်ထက်ဝေကတော့ တစ်ဖက်က ကောင်လေးကို အားနာလို့ နေလေသည်။ ကောင်လေးကတော့ ကျေနပ်ပီတိဖြာလို့ နေတော့သည်။
“ဘယ်က လျှိုထားရမှာလဲ..... နင်တို့က ဘာသိလို့ ပြောနေတာလဲ...... ဒီအကိုက ငါ့ကို ပြခန်းကပစ္စည်းတွေကို လာမေးနေတာ”
“အော်..... အဲ့လိုလား........” ဆိုပြီး သူငယ်ချင်းများက ထက်ထက်ဝေ ပြောတာကို မယုံသလိုပုံစံနဲ့ ပြောနေကြလေသည်။
“အကိုကလည်း တစ်ခုခု ပြောအုန်းလေ........” ဆိုကာ ထက်ထက်ဝေမှ ပြောလိုက်ပါလေသည်။
“အော်..... ဟို..... ဟုတ်တယ်...... အကိုက ဒီက ညီမကို လာမေးနေတာ”
“အော်..... ဟုတ်ပါပြီရှင့်.....” ဆိုပြီး ထက်ထက်ဝေ သူငယ်ချင်းများ ဖြစ်သွားကြလေသည်။
“နင်တို့တွေနော်...... ငါပြောတုန်းကကြ မယုံကြပြီးတော့” လို့ ထက်ထက်ဝေ တစ်ယောက် သူငယ်ချင်းတွေကို ပြန်ပြောလေတော့သည်။
“အဲ့တာကတော့ ဒီအတိုင်းဘဲ”
ထိုချိန်မှာဘဲ တစ်ဖက်က ကောင်လေးကနေပြီး ထက်ထက်ဝေ သူငယ်ချင်းကို စကား ပြောလိုက်ချေတော့သည်။
“ဒါနဲ့ ဒီက ညီမတို့” ဆိုပြီး စခေါ်လိုက်လေသည်။
“ဟုတ်ကဲ့ ပြောပါ အကို” ဆိုကာ ထက်ထက်ဝေ သူငယ်ချင်းထဲက တစ်ယောက်က ပြန်ဖြေလာလေသည်။
“အကို..... ဒီက ညီမကို ပွဲဈေးထဲ ခေါ်သွားလို့ရမလား မေးမလို့” ဆိုပြီး ထက်ထက်ဝေကို ညွှန်ပြကာ ကောင်လေးမှ ပြောလိုက်ပါလေသည်။
ထက်ထက်ဝေကတော့ ကောင်လေး စကားကို ကြားပြီး အံ့ဩသွားလေသည်။ ထက်ထက်ဝေ သူငယ်ချင်းများတော့ ပြုံးစိစိ လုပ်နေကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေသည်။ ထက်ထက်ဝေကတော့ သူငယ်ချင်းတွေကို ခေါ်သွားလို့ရကြောင်း မပြောဖို့ကို စိတ်ပူလို့နေလေသည်။ သို့ပေမယ့် ထက်ထက်ဝေ ထင်သလို ဖြစ်မလာခဲ့ပါ။ ထက်ထက်ဝေ သူငယ်ချင်းများမှာ ထက်ထက်ဝေကို ပွဲထဲ လျှောက်ပတ်ကြည့်စေချင်ကြလေသည်။ ဒီတော့ ထက်ထက်ဝေကို ခေါ်သွားဖို့ ပြောလာကြပါတော့သည်။
“ရတာပေါ့...... ခေါ်သွားလို့ရတယ်.......”
“အော် ဒီက ညီမက ပြခန်းကို စောင့်မယ့်သူမရှိလို့တဲ့လေ..... အဲ့တာကြောင့်”
“အော်...... ညီမတို့ ရှိနေပြီဘဲ.... အဲ့အတွက် စိတ်မပူနဲ့ သူ့ကိုသာ ခေါ်သွား”
“ဟဲ့..... နင်တို့ကလည်း အားနာစရာကြီး” ဆိုကာ ထက်ထက်ဝေ ပြောလိုက်ပါလေသည်။
“ဘာလဲ..... နင်ကမှ ပွဲထဲ မသွားရသေးတာ..... ငါတို့က သွားပြီးပြီလေ.......”
“ဒါနဲ့ အကို့နာမည်က ဘယ်လို ခေါ်လဲ.........” ဆိုကာ ထက်ထက်ဝေ သူငယ်ချင်းမှ မေးလိုက်တော့သည်။
“အော်..... ဟုတ်ကဲ့...... အကို့ နာမည်က ကောင်းဆက်လို့ ခေါ်ပါတယ်”
“ကောင်းဆက်တဲ့လား....... ဒါဆို ကိုကောင်းဆက်ပေါ့.......... သူ့နာမည်က ထက်ထက်ဝေတဲ့”
ကောင်းဆက်မှာ ထက်ထက်ဝေကို ကြည့်လိုက်ပါလေသည်။ ထက်ထက်ဝေကတော့ ခေါင်းငုံ့ထားလေသည်။
“သွားတော့လေ......” ဆိုပြီး ထက်ထက်ဝေ သူငယ်ချင်းက ပြောတော့မှ ကောင်းဆက်လည်း ထက်ထက်ဝေကို ကြည့်ကာ
“သွားရအောင်လေ ညီမ” ဆိုပြီး ပြောလိုက်ပါတော့သည်။
“ဟုတ်...... ဟုတ်......” လို့ ပြန်ဖြေပြီး ထက်ထက်ဝေလည်း ကောင်းဆက်နဲ့ လိုက်သွားရပါလေသည်။
ထက်ထက်ဝေ သူငယ်ချင်းကတော့ နောက်ကနေ ကောင်းဆက်ကို လှမ်းအော်နေတော့သည်။
“သေချာလေး လိုက်ပြလိုက်နော်...... အကိုရေ” ဆိုပြီးတော့ပင်။
ဒီလိုနဲ့ ထက်ထက်ဝေ တစ်ယောက် သူငယ်ချင်းတွေ ကောင်းမှုနှင့် ပြခန်းကို လာတဲ့ ကောင်းဆက်ဆိုတဲ့သူနဲ့ ပွဲဈေးထဲသို့ လိုက်ပါသွားရပါလေသည်။ ပွဲဈေးလေးထဲမှာ နှစ်ယောက်သား ဘေးချင်းယဉ်လျှောက်ပြီးတော့ ဘာစကားမှ မပြောကြပေ။ ကောင်းဆက်မှာလည်း ခုနက စကားတွေ ပြောနေပေမယ့် ခုတော့ ငြိမ်နေပါလေသည်။ ထက်ထက်ဝေကတော့ အနေရခက်တာကြောင့် ဘာမှမပြောဘဲ လမ်းသာလျှောက်နေလေတော့သည်။ ပွဲဈေးဆိုတော့ တစ်ခါတစ်လေကျ လူတွေကြပ်ရင် နှစ်ယောက်သား ပူးပူးကပ်သွားကြလေသည်။ ပြီးလျှင်တော့ နှစ်ယောက်စလုံး ဘာမှမပြောဘဲ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးတော့ ပြုံးနေကြလေသည်။ ထိုချိန်မှာဘဲ လေလေးက သူတို့နှစ်ယောက်ကြား တိုးဝှေ့တိုက်ခတ်လာပါလေသည်။ ဒီတွင် ကောင်းဆက်မှာ ချမ်းတာကြောင့် ကိုယ်လေးကို ကျုံ့လိုက်တော့သည်။ ပြီးမှ ကောင်းဆက်ကနေပြီး စကားစပြောလိုက်လေသည်။
“အေးတယ်နော်....... ညီမ”
“ဟမ်........ ဘာပြောလိုက်တာလဲ” ဆိုပြီး ထက်ထက်ဝေ တစ်ယောက် မကြားလိုက်တာကြောင့် ကောင်းဆက်ကို ပြန်မေးလိုက်လေသည်။
“ဟို...... လေတိုက်တော့ အေးတယ်လို့ ပြောတာပါ........ ညီမ”
“အော်...... ညီမက ဒီကဆိုတော့ မမှုတော့ပါဘူး အကိုရေ....... ဒါနဲ့ အကိုက ဒီက မဟုတ်ဘူးလား”
“ဟုတ်တယ်...... အကိုက ဒီက မဟုတ်ဘူး...... ရန်ကုန်ကလာတာ.....”
“အော်..... အဲ့တာကြောင့်နေမှာ..... ဒီမှာနေတဲ့သူဆို ဒီလောက်အေးတာလောက်ကတော့ အေးဆေးပါဘဲ”
“အင်း...... ဒါနဲ့ ညီမ တစ်ခုခု စားအုန်းမလား........”
“တော်ပါပြီ.... အကို..... ခဏက တဲမှာတုန်းကလည်း စားထားခဲ့တာဆိုတော့လေ”
“ဟုတ်ပါပြီ”
ဒါနဲ့ နှစ်ယောက်သား လမ်းဆက်လျှောက်ကြလေသည်။ လမ်းလျှောက်နေရင်း ကောင်းဆက်ကနေမှ ဘေးနားလေးမှာ ရောင်းတဲ့ ကောက်ညှင်းကျည်တောက်သည်လေးတွေကို တွေ့လိုက်ပါလေသည်။ ပြီးတော့ ကောင်းဆက်မှ ထက်ထက်ဝေကို မေးလိုက်တော့သည်။
“ညီမ...... ဒီဝါးချောင်းလေးတွေက ဘာတွေလဲ”
ထက်ထက်ဝေလည်း ကောင်းဆက် ပြောတာကို ကြည့်လိုက်ပြီးတော့ အဖြေပြန်ပေးလိုက်လေတော့သည်။
“အော်....... အဲ့တာတွေက ကောက်ညှင်းကျည်တောက်တွေလေ အကိုရဲ့”
“ဟုတ်လား...... တစ်ခါမှ မစားဖူးသေးဘူး....... အဲ့တာက ဘယ်လို စားရတာလဲ”
“ညီမ ပြမယ်” လို့ ပြောရင်း ထက်ထက်ဝေ တစ်ယောက် ကောက်ညှင်းကျည်တောက်ရောင်းတဲ့သူဆီ သွားလိုက်ပြီး ကောက်ညှင်းကျည်တောက် နှစ်ချောင်း ယူလိုက်ပါလေသည်။ ပြီးတော့ ထက်ထက်ဝေမှ ကောင်းဆက်ကို ပိုက်ဆံရှင်းဖို့ ပြောလိုက်တော့သည်။
“အကို အန်တီကို ပိုက်ဆံရှင်းလိုက်အုန်း”
“ဟုတ်ဟုတ်.........”
ကောင်းဆက်လည်း ပိုက်ဆံရှင်းပြီးသွားတော့ ထက်ထက်ဝေမှ ကောင်းဆက်ကို ကောက်ညှင်းကျည်တောက် တစ်ချောင်း ထိုးပေးလိုက်လေသည်။ ကောင်းဆက်လည်း ကောက်ညှင်းကျည်တောက်ကို ယူပြီး ထက်ထက်ဝေကို ကြည့်လိုက်လေသည်။
“ညီမ လုပ်သလို လိုက်လုပ်နော် အကို” လို့ ပြောပြီး ထက်ထက်ဝေမှ ကောက်ညှင်းကျည်တောက်ကို စခွာပြလေသည်။
စစချင်း ထက်ထက်ဝေမှ ကောက်ညှင်းကျည်တောက်ရဲ့ ထိပ်လေးကို ပါးစပ်လေးဖြင့် ကိုက်လိုက်ပါလေသည်။ ပြီးတော့ ကောင်းဆက်ကို ကြည့်လိုက်တော့သည်။ ကောင်ဆက်လည်း ထက်ထက်ဝေ လုပ်တဲ့အတိုင်း ကောင်ညှင်းကျည်တောက်ကို ပါးစပ်လေးဖြင့် ကိုက်လိုက်တော့သည်။ ပါးစပ်လေးဖြင့် ကိုက်လိုက်တာကြောင့် ကောင်ညှင်းကျည်တောက်လေးက အက်သွားလေသည်။ ဒီတွင် ထက်ထက်ဝေမှ အက်သွားတဲ့ ဝါးခြမ်းလေး နှစ်ခုကို ခွာလိုက်ပါတော့သည်။ ကောင်းဆက် တစ်ယောက်မှာ ထက်ထက်ဝေအတိုင်း လိုက်လုပ်လေသည်။ ပြီးတော့ ထက်ထက်ဝေမှ ကောက်ညှင်းချည်တောက် ထိပ်က နှီးလေးကို ဖယ်လိုက်လေသည်။ ကောင်းဆက်လည်း ထက်ထက်ဝေအတိုင်း လိုက်လုပ်ပြန်လေသည်။ ပြီးတာနဲ့ ထက်ထက်ဝေလည်း ကောင်ညှင်းမြေဘဲလေးကို ယူစားလိုက်ပါတော့သည်။ ကောင်းဆက်မှာ ထက်ထက်ဝေ လုပ်တဲ့အတိုင်း ယူပြီး စားလိုက်ပါလေသည်။
“ဘယ်လိုလဲ...... အကို.......... ကောင်းလား” ဆိုပြီး ထက်ထက်ဝေမှ မေးလိုက်သည်။
“အင်း..... ကောင်းတယ်..... စိမ့်စိမ့်လေး....... ပြီးတော့ ကောက်ညှင်းပေါင်းနဲ့ တူသလို ဆိုပေမယ့်လည်း စားရတဲ့ အရသာက သိပ်မတူဘူး”
“အင်း.... ဟုတ်တယ် အကို..... ကောက်ညှင်းကျည်တောက်က ဝါးပိုးလေးတွေကြောင့်လေ”
“ဝါးပိုးတွေ....... “
“ဟုတ်တယ်လေ..... ဒီဖြူဖြူလေးတွေက ဝါးပိုးတွေလေ.......”
“အော်....... အဲ့လိုလား...........”
ထက်ထက်ဝေကတော့ ကောင်းဆက် ပြောတာကို နားထောင်ပြီး ခေါင်းတညိတ်ညိတ်လေးလုပ်ကာ ကောက်ညှင်းမြေပဲကို စားနေလေသည်။ ကောင်းဆက်လည်း စားနေပါလေသည်။ စားလို့ပြီးတာနဲ့ ကောင်းဆက်ကနေမှ အာတာပူစီ ရောင်းတဲ့သူကို သွားတွေ့လေသည်။ ပြီးတာနဲ့ ကောင်လေးမှာ ထက်ထက်ဝေကို ထားခဲ့ပြီး အာတာပူစီ သွားဝယ်လေတော့သည်။ ထက်ထက်ဝေကတော့ ကောင်ညှင်းမြေပဲကို ထိုနေရာလေးမှာ စားကောင်းကောင်းနဲ့ စားနေပါလေသည်။ စားလို့ပြီးတော့ ထက်ထက်ဝေလည်း စကားပြောမယ်ဆိုပြီး ကြည့်လိုက်တော့ ကောင်းဆက်ကို မတွေ့လိုက်ရတော့ ကြောင်သွားလေတော့သည်။ ပြီးတော့ ထက်ထက်ဝေမှ ဘေးပတ်ပတ်လည်ကို လိုက်ရှာကြည့်မိလေသည်။ ဘေးပတ်ပတ်လည်ကို ကြည့်ပြီး မတွေ့တော့ ထက်ထက်ဝေလည်း ပြန်သွားပြီဆိုပြီး ထင်လိုက်လေသည်။ ပြီးတော့ ထက်ထက်ဝေမှ ပြန်လိုက်ရတော့မလားဆိုပြီး တွေးလိုက်လေသည်။ ပြီးမှ ခဏစောင့်လိုက်မယ်လို့ တွေးပြီး စောင့်လိုက်ပါလေသည်။ ခဏလောက်ကြာတော့ အာတာပူစီနှစ်ခု ကိုင်ပြီး လာနေတဲ့ ကောင်းဆက်ကို ထက်ထက်ဝေ တွေ့လိုက်ရလေသည်။ အနားကို ရောက်တော့ ကောင်းဆက်မှ ထက်ထက်ဝေကို အာတာပူစီ တစ်ခု လှမ်းပေးလိုက်ပါတော့သည်။
“ရော့ ညီမ......”
ထက်ထက်ဝေလည်း ကောင်းဆက် လှမ်းပေးတဲ့ အာတာပူစီလေးကို ယူလိုက်ပါလေသည်။
“ညီမက အကို ပြန်သွားပြီး ထင်နေတာ........”
“အကိုက ပြန်လို့မရသေးဘူး........”
“အော်...... ဟုတ်.......”
“ဟိုနားလေးမှာ ပူပေါင်းဖောက်တဲ့ နေရာလေး တွေ့တယ်...... အဲ့ကို သွားကြမလား”
“ဟုတ်....... သွားကြမယ်လေ”
ဒါနဲ့ နှစ်ယောက်သား အာတာပူစီလေး ကိုယ်စီကိုင်ပြီးတော့ ပူပေါင်းဖောက်တဲ့နားသို့ သွားလိုက်ကြလေသည်။ ပူပေါင်းဖောက်တဲ့ နားသို့ရောက်တော့ တစ်ခြားသူတွေမှာ ပူပေါင်းဖောက်ပြီး ကောင်မလေး ဖြစ်သူတွေကို အရုပ်တွေ ပေးနေပါလေသည်။ ထက်ထက်ဝေမှာ ထိုမြင်ကွင်းကို အားကျတဲ့ အကြည့်တွေဖြင့် ကြည့်နေပါလေသည်။ ထိုသည်ကို ကောင်းဆက်လည်း ရိပ်မိလေသည်။
“ညီမ အရုပ်လိုချင်လို့လား.......” ဆိုပြီး ကောင်းဆက်မှ မေးလိုက်ပါတော့သည်။
“ရပါတယ်..... အကိုရဲ့..... မလိုချင်ပါဘူး”
“လိုချင်နေတာပါ” လို့ ပြောပြီး ကောင်းဆက် တစ်ယောက် အာတာပူစီကို ထက်ထက်ဝေကို ပေးလိုက်ပါလေသည်။
ပြီးတာနဲ့ ပူပေါင်းဖောက်ဖို့အတွက် ရောင်းတဲ့သူဆီ သွားပြီး ဖောက်ဖို့အပ် သွားဝယ်လေသည်။ ဝယ်လို့ပြီးတာနဲ့ ထက်ထက်ဝေကို ပြုံးပြီးတော့ ပူပေါင်းဖောက်ဖို့ ပြင်ပါတော့သည်။ ထက်ထက်ဝေလည်း ကောင်းဆက်ကို အားကိုးတဲ့ အကြည့်တွေနဲ့ ကြည့်နေပါလေသည်။ ကောင်းဆက်တော့ အပ်တစ်ခုကို ယူလိုက်ပြီး ပူပေါင်းတွေဆီ လှမ်းပစ်လိုက်ပါလေသည်။ စစချင်းဆိုတော့ ပူဖောင်းတစ်လုံး ပေါက်သွားခဲ့လေသည်။ ပူဖောင်း ပေါက်သွားတော့ ကောင်းဆက်လည်း ထက်ထက်ဝေကို လှည့်ကြည့်လိုက်လေသည်။ ထက်ထက်ဝေလည်း ကောင်းဆက်ကို ပြုံးပြလိုက်တော့သည်။ ဒီတွင် ကောင်းဆက်မှ ဆက်ဖောက်လေသည်။ ဒုတိယတစ်ခုလည်း ပူပေါင်းပေါက်သွားခဲ့လေသည်။ တတိယတော့ လွဲသွားခဲ့လေသည်။ လေးခုမြောက်မှာ ပူပေါင်းပေါက်သွားပြန်သည်။ ငါးခုမြောက်မှာတော့ လွဲသွားပြန်လေသည်။ အရုပ်က ပူပေါင်းငါးလုံးပေါက်မှ ရမှာဆိုတော့ ခုသုံးလုံးဘဲ ပေါက်သေးတော့ အရုပ်မရပေ။ ထက်ထက်ဝေမှာ ဝမ်းနည်းလို့သွားလေသည်။ ဒီတော့ ကောင်းဆက်မှ အပ်ထပ်ဝယ်လေသည်။ အပ်ထပ်ဝယ်တော့ ထက်ထက်ဝေကနေပြီး
“ဘာလို့ ထပ်ဝယ်တာလဲ အကို” ဆိုပြီး မေးလိုက်ပါလေသည်။
“အော်...... နောက်နှစ်ခုပေါက်ရင် အရုပ်ရတော့မှာဘဲလေ......” လို့ ပြန်ဖြေပြီး ကောင်းဆက်မှာ ပူပေါင်းဖောက်တာကို ပြန်ဆော့ချေတော့သည်။
ဒီတစ်ခါတော့ ပူပေါင်းငါးလုံး ပြည့်သွားခဲ့လေပြီ။ ဒီတော့ ကောင်းဆက် အရုပ်ရသွားတော့သည်။ ရသွားတဲ့ အရုပ်ကို ကောင်းဆက်မှ ထက်ထက်ဝေကို ပေးလိုက်ပါလေသည်။ စစတော့ ထက်ထက်ဝေလည်း ယူရမလား၊ မယူရဘူးလားဆိုကာ တွေဝေနေပါလေသည်။
“အော်..... ညီမ မယူပါရစေနဲ့ အကို...... အကို့ ကောင်မလေးကိုဘဲဖြစ်ဖြစ် ပေးလိုက်ပါလား”
“အကို့မှာ ကောင်မလေး မရှိဘူး..... ပြီးတော့ ဒီအရုပ်က ညီမလေးအတွက်ပါ”
ထက်ထက်ဝေလည်း ကောင်းဆက်ပေးတဲ့ အရုပ်လေးကို ယူလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်ပါတော့သည်။
“ကျေးဇူးပါဘဲ အကို”
“ဒါနဲ့ ညီမ စတိတ်ရှိုးဘက် သွားကြည့်ကြမလား........”
“အဲ့ဘက်သိပ်မသွားချင်ဘူး...... လူတွေရှုပ်လို့............”
“ဟုတ်တယ်နော်........” လို့ ကောင်းဆက် ပြောပြီး တစ်ခုခု တွေးနေပါလေသည်။ ပြီးမှ ထက်ထက်ဝေကို ပြန်ပြောတော့သည်။
“လူမရှုပ်တဲ့ နေရာရှိတယ် ညီမ.........”
“ဟမ်...........”
“လာ....... လိုက်ခဲ့” ဆိုကာ ကောင်းဆက် တစ်ယောက် ထက်ထက်ဝေ လက်ကို ကိုင်ပြီး ခေါ်သွားပါတော့သည်။
ထက်ထက်ဝေလည်း လက်ကိုလာကိုင်တော့ စစချင်းမှာ ကြောင်သွားလေသည်။ သို့သော်လည်း ကောင်းဆက်က ခေါ်သွားတော့လည်း ထက်ထက်ဝေ တစ်ယောက် လိုက်သွားရချေတော့သည်။ ကောင်းဆက် ခေါ်သွားတဲ့ နေရာကို ရောက်တော့ ထက်ထက်ဝေ အံ့ဩသွားရချေသည်။ ဘာကြောင့်ဆို စတိတ်စင် နောက်ဘက်ကို ခေါ်သွားလို့ပင် ဖြစ်သည်။ ဒါနဲ့ ထက်ထက်ဝေလည်း ကောင်းဆက်ကို မေးလိုက်တော့သည်။
“အကို ဒီနေရာက စတိတ်စင် နောက်ဘက်ကြီးလေ”
“ဟုတ်တယ်လေ....... ဘာဖြစ်လို့လဲ......”
“ဘာဖြစ်လို့ ဒီကို ခေါ်လာတာလဲ”
“အော်..... ညီမဘဲ လူရှုပ်လို့ဆို..... ဒီနေရာက လူသိပ်မရှုပ်ဘူးလေ...... ပြီးတော့ ဘေးကနေလည်း ကြည့်လို့ရတယ်လေ”
“ဒါပေမယ့် ဒီနေရာက လာလို့ရတဲ့သူဘဲ လာလို့ရတာမလား”
“အင်းလေ..... ဘာဖြစ်လို့လဲ ညီမ”
ထက်ထက်ဝေမှ ပြန်ပြောမလို့ လုပ်နေချိန်မှာ စတိတ်စင်နောက်က တစ်ယောက်ကနေမှ ကောင်းဆက်ကို စကားပြောလာပါတော့သည်။
“ကောင်းဆက်..... ဘယ်တွေရောက်နေတာလဲ..... မင်းကို လိုက်ရှာနေတာ”
“ဒီအတိုင်း ဟိုနားဒီနား လျှောက်ကြည့်နေတာ” ဆိုကာ ကောက်းဆက် ပြန်ဖြေလိုက်သည်။
“အေပါ..... ပြီးတာဘဲ..... မင်းတက်ရမယ့်အလှည့် ရောက်တော့မယ်နော်.... ပြင်ထားအုန်း”
“အိုကေပါဗျာ........”
ကောင်းဆက်တို့ ပြောနေတဲ့ စကားကို ကြားပြီး ထက်ထက်ဝေ တစ်ယောက် ရိပ်စားမိလိုက်တော့သည်။ ဒါနဲ့ ထက်ထက်ဝေလည်း ကောင်းဆက်ကို မေးခွန်းပြန်ထုတ်လိုက်လေသည်။
“အကိုက အဆိုတော်လား......” ဆိုပြီးတော့ပင်။
“ဟုတ်တယ်.... အရမ်းနာမည်ကြီးတော့ မဟုတ်သေးဘူးပေါ့”
“ဟုတ်.....”
“ဘာဖြစ်လို့လဲ ညီမ......”
“အော်..... ဘာမှ မဖြစ်ပါဘူး..... ညီမက အဆိုတော် တစ်ယောက်နဲ့ လျှောက်လည်ခဲ့ရတာကို တွေးမိပြီး ဂုဏ်ယူမိလို့ပါ”
“ဟာ...... ညီမကလည်း ဘာများလဲလို့”
ထိုချိန် စတိတ်စင်က တာဝန်ရှိသူမှ ကောင်းဆက်ကို မိုက်လာပေးလေတော့သည်။
“အကို စင်ပေါ် တက်ရတောမယ် ထင်တယ်.......” လို့ ထက်ထက်ဝေ ပြောလိုက်ပါလေသည်။
“ဟုတ်တယ်.... ညီမ ဒီကနေ ကြည့်လို့ရတယ်လေ..... စောင့်နေနော်...... အကို သွားလိုက်အုန်းမယ်.......”
“အင်း.......”
ဒီတွင် ကောင်းဆက်မှ တက်ကြွတဲ့ ပုံစံဖမ်းပြီး စင်ပေါ်သို့ တက်သွားလေတော့သည်။ ပြီးတော့လည်း ပရိတ်သတ်တွေကို နှုတ်ခွန်းဆက်သနေပါသေးသည်။
“ဘယ်လိုလဲ ပရိတ်သတ်ကြီးတို့..... ပျော်ကြရဲ့လား........ အပျော်တွေ မပျောက်သွားအောင်လို့ ကျွန်တော်ကနေပြီးတော့ မြူးမြူးကြွကြွ သီချင်းလေး တစ်ပုဒ်နဲ့ စလိုက်တော့မယ်နော်”
ကောင်းဆက်လည်း ပြောပြီး သီချင်းတီးလုံးတွေ ထွက်လာတော့သည်။ ပရိတ်သတ်တွေမှာလည်း ဝူးဝူးဝါးဝါး ဖြစ်သွားကြလေသည်။ ထိုတွင် ထက်ထက်ဝေ တစ်ယောက်လည်း စတိတ်စင် ဘေးဘက်ကနေ ကောင်းဆက်ကို လှမ်းကြည့်လိုက်လေတော့သည်။ ကောင်းဆက်ရဲ့ တက်ကြွတဲ့ ပုံစံ၊ ပရိတ်သတ်တွေကို ပြောတဲ့ပုံစံကို မြင်ပြီး ထက်ထက်ဝေ ကြွေသွားတော့သည်။ ကောင်းဆက်ကတော့ တက်တက်ကြွကြွနဲ့ ပရိတ်သတ်ကြီးတွေကို သီဆိုဖျော်ဖြေနေလေသည်။ သီချင်းလည်း ပြီးတော့ နောက်တစ်ပုဒ် အတွက် အစချီနေပါလေသည်။
“ကဲ...... ပထမတစ်ပုဒ် ကျွန်တော် ဆိုသွားတာကို ကြိုက်ရဲ့လား”
“ကြိုက်တယ်.........” ဆိုပြီး ပရိတ်သတ်ကြီးတွေ ပြန်ဖြေလာကြလေသည်။
“ဒီတော့ ရှမ်းပြည်လေးကို ရောက်နေတာဆိုတော့...... ရှမ်းပြည်အကြောင်း ပါတဲ့ သီချင်းလေးနဲ့ ဖျော်ဖြေမှနဲ့တူတယ်..... ကဲ စလိုက်ကြရအောင်” လို့ ကောင်းဆက် ပြောပြီးမကြာ တီးလုံးတွေ ထွက်ပေါ်လာပြန်လေသည်။ ဒီတော့ ကောင်းဆက်လည်း သီချင်းစဆိုလိုက်ပါတော့သည်။
“အေးမြတဲ့ဆောင်းတစ်ညမှာ မီးရောင်ထိန်ထိန်လူအများနဲ့”
ကောင်းဆက်နဲ့အတူ ပရိတ်သတ်တွေလည်း လိုက်ဆိုနေကြလေသည်။
“သီချင်းကလေးနဲ့စောင်းမြောင်းဆို၊ အသည်းထဲနွေးထွေးသွားရမယ်၊ စုံတွဲတွေနဲ့လေတစ်ကယ်၊ အားကျလို့စောင့်နေတယ်
သီချင်းလေးတစ်ခေါက်ဆုံးသွားရင်၊ ပြောစရာတွေ တွေးရင်းကိုယ့်အလှည့်ကွယ်၊ ပြောစရာတွေ တွေးရင်းကိုယ့်အလှည့်ကွယ်
ကုံးက ကုံးက ကုံးက၊ သီချင်းသံတွေကြားမှာကနေမယ်၊ နှစ်ကိုယ်တူယှဉ်ကာကနေ၊ ကုံးကလမ်း(မ်း)မုန်းအကဟန်၊ တောင်ပေါ်ရှမ်းရဲ့ဓလေ့ရိုးရာ
အရှေ့သံလွင်မှာရိုးရာပွဲတွေ၊ ရှိတိုင်းကွယ် ချစ်စရာ ချစ်စရာ၊ ကုံးကလမ်း(မ်း)မုန်းအကဟန်၊ တောင်ပေါ်ရှမ်းရဲ့ဓလေ့ရိုးရာ”
ကောင်းဆက်လည်း သီချင်းဆိုပြီးရော ထက်ထက်ဝေဆီ ပြန်လာခဲ့လေသည်။ ထက်ထက်ဝေလည်း ကောင်းဆက်ကို ကြည့်ပြီး သီချင်းဆိုတာ အသံကောင်းတဲ့အကြောင်း ပြောလိုက်ပါလေသည်။
“အကိုက အသံကောင်းတယ်နော်........”
“ညီမကတော့ မြှောက်ပြောနေပြီ......”
“မဟုတ်ဘူး...... တစ်ကယ်ပြောတာ.......”
“ဒါဆိုလည်း ကျေးဇူးပါဗျာ........”
ထို့နောက် နှစ်ယောက်သား စကားစတွေ ပျောက်ဆုံးသွားကြလေသည်။ ပြီးကာမှ ထက်ထက်ဝေကနေပြီး ပြန်ပြောလိုက်တော့သည်။
“အကို ညီမ သွားရတော့မယ်”
“ဟုတ်လား..........” ဆိုကာ ကောင်းဆက် ဝမ်းနည်းတဲ့ လေသံဖြင့် ပြောလိုက်ပါလေသည်။
“ဟုတ်...... နောက်ကျနေပြီလေ.......”
“အင်း..... ဟုတ်တယ်နော်....... အကိုကတော့ သွားလို့မရသေးဘူး...... နေရအုန်းမှာမလို့”
“အင်း..... ကံမကုန်တော့ အကိုနဲ့ ပြန်ဆုံချင်ပါတယ်.......”
“အကိုကောဘဲ........”
“ဒါဆိုသွားတော့မယ်နော်...... အကိုလည်း အောင်မြင်တဲ့ အဆိုတော်ကြီး ဖြစ်လာပါစေနော်” လို့ ပြောရင်း ထက်ထက်ဝေမှာ အဲ့ကနေ လှည့်ပြန်လာခဲ့လေသည်။ ကောင်းဆက်ကတော့ ထက်ထက်ဝေရဲ့ ကျောပြင်လေးကို ကြည့်ရင်း ကျန်ရစ်ခဲ့လေတော့သည်။
..................
ဆယ်နှစ်ခန့်ကြာသော်
“အခုဆိုရင် ပရိတ်သတ် အချစ်တော် အဆိုတော် ကိုကောင်းဆက်နဲ့ စကားဝိုင်းလေး ပြန်ရောက်လို့လာပါပြီ..... မေးခွန်းတွေ မေးရင်း ခဏနားလိုက်တာဆိုတော့ မေးခွန်းလေးတွေ ပြန်မေးရင်းနဲ့ဘဲ စလိုက်ကြတာပေါ့..... ဆိုတော့..... ပရိတ်သတ်ကြီးတွေလည်း သိချင်နေမယ့် မေးခွန်လေးကို မေးပါမယ်...... ကိုကောင်းဆက်မှာ ချစ်ရတဲ့သူများ ရှိနေပြီလား......”
ကောင်းဆက်မှာ အတန်ကြာ စဉ်းစားနေပါလေသည်။ ပြီးမှ ရေဒီယိုမှ အစီစဉ်တင်ဆက်သူကို ပြန်ဖြေလေတော့သည်။
“ကျွန်တော် အခုချိန်ထိ ရင်ထဲမှာ စွဲစွဲမြဲမြဲရှိနေတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်..... ကြာခဲ့ပြီဆိုတော့ နာမည်တော့ မေ့ချင်သလိုလိုဆိုပေမယ့်..... သူမနဲ့ လျှောက်လည်ခဲ့တာကိုတော့ မှတ်မိနေသေးတယ်..... မှတ်မှတ်ရရ အဲ့နေ့က ရှမ်းနှစ်သစ်ကူးနေ့လေ...... ကျွန်တော်က လားရှိုးမှာ သီချင်းသွားဆိုရတာပေါ့..... အဲ့မှာ အဲ့ကောင်မလေးနဲ့ တွေ့ခဲ့တာဘဲ...... သူနဲ့ထပ်ဆုံချင်သေးတယ်...... တစ်ကယ်လို့ ကျွန်တော်နဲ့ ပြန်ဆုံချင်တယ်ဆိုရင် ဒီရေဒီယိုလှိုင်းကို ဆက်သွယ်ပေးပါလား.....”
“ကဲ..... လားရှိုးသူလေးရေ..... ကိုကောင်းဆက်က ပြန်ဆုံချင်ပါတယ်တဲ့...... ဒီတော့ အမပြောတဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်လာခဲ့ပေးပါနော်”
ရေဒီယိုမှ စီစဉ်တင်ဆက်သူမှာ ဖုန်းနံပါတ်ကို ပြောပြလိုက်ပါလေသည်။ ပြီးတော့ ဖုန်းအလာကို စောင့်ကြလေတော့သည်။ ထိုအချိန်တွင် ကောင်မလေး တစ်ယောက် ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ် တစ်ခုကို နှိပ်လိုက်ပါလေသည်။ နောက်ပြီး ဖုန်းဝင်သွားလေသည်။
ရေဒီလှိုင်းကနေလည်း ဖုန်းလာတဲ့ အသံထွက်ပေါ်လာပါတော့သည်။
..............................................................
ထွဋ်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory