
"အချစ်ဆိုတာဟာ တစ်ကယ် ဆန်းကြယ်တာဘဲ…….အချစ်ဆိုတဲ့ စကားလုံးကြီးကို စာရေးဆရာတွေကဘဲ ကြည်နူးဖွယ်ကောင်းအောင် ရေးဖွဲ့ထားတာဘဲပေါ့လေ………
တစ်ကယ်တန်းတော့ အချစ်ဆိုတဲ့အရာကို လက်တွေ့ဘ၀မှာ ရှာဖွေဖို့ခက်လှတယ်။ တစ်နည်းပြောရရင် ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ဆိုတာ စာအုပ်ထဲမှာဘဲ အများစု တွေ့ရတတ်တာပေါ့။ လက်တွေ့ဘ၀မှာ လူတစ်ယောက်ကိုချစ်ဖို့ အချစ်ကို ရှာဖွေရာတာဟာ ဆန်စကောထဲက ခဲလုံးကို ရှာနေရသလိုဘဲ" ဟု သက်ဦးမောင် ပြောရင်း ကောင်းကင်ထက်က လမင်းကြီးကို ငေးကြည့်နေတော့သည်။
"ဒါဆို အချစ်က ရှာရတာခက်တာပေါ့ ဟုတ်လား ဖေဖေ" ဆိုပြီး အသံပိစိလေးကြားကာမှ သက်ဦးမောင်မှာ သမီးဖြစ်သူ သက်ထားနွယ်လေးကို ပွေ့ချီပြီးတော့ ပေါင်ပေါ်တင်လိုက်ပါလေသည်။ ပြီးနောက် သမီးလေးရဲ့ မျက်နှာကိုကြည့်ပြီးတော့
"အချစ်ဆိုတာ ရှာရခက်တာမဟုတ်ဘူး သမီး၊ လူတစ်ယောက်ကို ချစ်ဖို့ အချစ်ကိုပြောတာ"
"ဟင် အဲ့တာဆို အဖေနဲ့အမေကရော ဘယ်လိုချစ်ကြတာလဲ"
"ဒါကတော့ ဒီလိုရှိတာပေါ့လေ"
"ဟာ ဖေဖေကလည်း ပြောပြကွာ" ဆိုပြီး သမီးဖြစ်သူက စိတ်မရှည်တော့သည့် အသံဖြင့် ပြောနေသည်ကို သက်ဦးမောင် ပြုံးကာ ကြည့်နေတော့သည်။ ထို့နောက်
"သမီး အချစ်ကို ဖော်ပြဖို့အရာတွေ အများကြီးရှိတယ်၊ ဥပမာ ပြောရရင် သမီးလေးပျော်နေတာကို အဖေတို့ကဘေးကကြည့်ပြီး ချစ်နေတာမျိုးပေါ့"
"အဲ့တာဆို သမီးက ပျော်ပျော်နေရင် ဖေဖေနဲ့မေမေတို့က သမီးကို အများကြီး ချစ်ပေးမှာကို ပြောတာလား"
"ဒါပေါ့ ဒါပေါ့"
"ဒါဆို ရှာဖို့ခက်တာက ဘာကိုပြောတာလဲ သမီးနားမလည်ဘူး ဖေဖေ"
"အော် သမီး ဒါတွေမေးဖို့ အချိန်မရောက်သေးပါဘူးကွယ်၊ သမီး အရွယ်ရောက်လာရင်တော့ သိလာပါလိမ့်မယ်"
"ဟာ ဖေဖေကလည်း ပြောပြပါ" ဟု သမီးဖြစ်သူသည် သက်ဦးမောင်ကို ဆူပုတ်ပုတ်ဖြင့် ပြောနေတော့သည်။
"ကဲ သွားအိပ်တော့ မနက်ဖြန် ကျောင်းနောက်ကျလိမ့်မယ်"
"ဟုတ် ဖေဖေ" ဆိုကာ သမီးဖြစ်သူသည် သက်ဦးမောင်ကို ပြန်ဖြေလိုက်ပြီး အိပ်ခန်းသို့ ပြေးသွားလေတော့သည်။
သက်ဦးမောင် တစ်ယောက် သိပ်စပ်စုလွန်းတဲ့ သမီးဖြစ်သူ ထွက်သွားတာကို ကြည့်ရင်း ပြုံးလိုက်တော့သည်။ ပြီးနောက် စားပွဲပေါ်တင်ထားတဲ့ ရေနွေးကြမ်းလေးကို တစ်ငုံသောက်လိုက်ရင်း လမင်းကြီးကို ငေးကြည့်နေပြန်တော့သည်။
"သမီးရယ် အချစ်ဆိုတဲ့အရာကို သမီးနားလည်ဖို့ အရွယ် မရောက်သေးပါဘူး…… အဖေ့တုန်းက အချစ်ကို ရှာဖွေဖို့ သိပ်ခက်ခဲခဲ့တာဘဲ"
*****
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ခန့်က…….
သက်ဦးမောင် တစ်ယောက် ကျောင်းကို အလျင်အမြန် သွားနေတော့သည်။ ပထမဆုံး ကျောင်းပြန်ဖွင့်သည့်နေ့မလို့ နေရာဦးရန် စောစောထခဲ့ရတာဖြစ်ပြီး ကျောင်းသို့သွားနေရတာ ဖြစ်၏။ သက်ဦးမောင်မှာ ကျောင်း၀င်းထဲ ၀င်ပြီးတော့ ကိုးတန်းအခန်းကို တန်းတန်းမတ်မတ် သွားလိုက်လေသည်။ သက်ဦးမောင် နေရာဦးရန် အိမ်က အစောကြီး ထွက်လာခဲ့ပေမယ့်လည်း အခန်းပေါက်၀သို့ ရောက်သည့်အချိန်တွင် သက်ဦးမောင် ထင်သလို ဖြစ်မလာခဲ့ပါ။ ဘာကြောင့်ဆို အခန်းထဲမှာ တစ်ခြားကျောင်းသူ၊ ကျောင်းသားတွေနဲ့ ပြည့်လို့နေပြီဘဲပေါ့။ ဒါနဲ့ သက်ဦးမောင်လည်း အခန်းထဲ၀င်လိုက်ပြီး နောက်ဆုံးနားက နေရာလွတ်လေးမှာသာ ထိုင်လိုက်ရတော့သည်။
ပထမဆုံး စာပြန်သင်ရမည် ဆိုသောကြောင့် သက်ဦးမောင် တစ်ယောက် စိတ်လှုပ်ရှားကာနေသည်။ ဆရာမတွေကပြောကြတယ်၊ ကိုးတန်းက ဆယ်တန်းရဲ့ အခြေခံဘဲတဲ့လေ။ ဒါကြောင့် သက်ဦးမောင်မှာ ကိုးတန်းစာကို သင်ယူဖို့ စိတ်လှုပ်ရှားနေလေ၏။ သက်ဦးမောင် တစ်ယောက် ဆရာမ မလာခင် ဘေးဘီကို လှည့်လည်ကြည့်လိုက်သည်။ တစ်ချို့ တစ်ချို့တွေက အုပ်စုဖွဲ့ပြီး စကားပြောနေကြတာ ဖြစ်သည်။ အမှန်တိုင်းပြောရရင် အထီးကျန်မိသည်။ ဘာလို့လဲဆိုတော့ သက်ဦးမောင်က ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်ဘဲလေ။ သူငယ်ချင်းကလည်း မရှိသေးတော့ အထီးကျန်ရတာပေါ့။ ပြီးတော့ အရင်ကျောင်းက သူငယ်ချင်းတွေကိုလည်း သတိရသွားတာလည်း ပါတာပေါ့လေ။ ကျောင်းက စတက်သည့်နေ့မလို့လား မသိ စာတွေ သိပ်မသင်ပါ။ ဆရာ၊ဆရာမ မိတ်ဆက်တာရယ် ဘာသာရပ်မိတ်ဆက်တာလေးဘဲ ပြောကြတာ ဖြစ်သည်။
ဒီလိုနဲ့ မုန့်စားဆင်းတော့ သက်ဦးမောင် မုန်းဈေးတန်းဘက် ထွက်လာတော့သည်။ မုန့်လေး၀ယ်ပြီး ကျောင်းကြီးကို လျှောက်ကြည့်နေတုန်းမှာ သက်ဦးမောင် တစ်ယောက် တိတ်ဆိတ်တဲ့ နေရာလေးဖြစ်သည့် ကျောင်း၏ အစွန်နားက ညောင်ပင်ကြီးကို တွေ့သွားလေတော့သည်။ ဒါနဲ့ သက်ဦးမောင်လည်း ညောင်ပင်ကြီးနား သွားကာ ထိုင်ချလိုက်ပြီး ၀ယ်လာတဲ့ မုန့်ကို စားဖို့ ပြင်လိုက်တော့သည်။ တိတ်ဆိတ်တဲ့ နေရာလေးမလို့ ရွေးလိုက်မိတာ မှားသွားတာလားမသိပါဘူး။ ထိုင်လိုက်ပြီး မကြာပါဘူး အသံတွေ ကြားလာရတော့သည်။ ဒါနဲ့ သက်ဦးမောင်လည်း နားထောင်နေလိုက်တော့၏။
"ဟျောင့် မင်းကဘာလဲ လူမိုက်လား၊ အေ မင်းအရင် ကျောင်းမှာဘဲရမယ် ငါတို့ကျောင်းမှာတော့ လာလုပ်လို့မရဘူး"
"ဟား...ဟား...အဲ့တော့ ငါဘာလုပ်ရမှာလဲ"
စကားပြောနေတဲ့ အသံကို ကြားရသလောက်ကတော့ ရန်ဖြစ်နေကြတာဘဲလေ။ သက်ဦးမောင် တစ်ယောက် စိတ်၀င်စားသွားသည် တူပါရဲ့။ ထိုင်နေရာကနေ ထလိုက်လေသည်။
“ဘယ်သူတွေကများ ကျောင်းစဖွင့်တဲ့ နေ့မှာ ရန်ဖြစ်ကြတာလဲ” ဆိုပြီး သက်ဦးမောင် ရေရွတ်ရင်း အသံလာရာဆီကို အပြေးလေး သွားကြည့်လိုက်တော့သည်။ ရန်ဖြစ်နေတဲ့ နေရာလေးက သက်ဦးမောင် ထိုင်နေတဲ့ နေရာနဲ့ နီးနီးလေး ဖြစ်သည်။ သက်ဦးမောင်လည်း အုတ်နံရံ အကွယ်ကနေ ရန်ဖြစ်နေတာကို ချောင်းကြည့်နေလိုက်သည်။
ကျောင်းသား အားလုံးပေါင်း လေးယောက်ရှိနေသည်။ ပြောရရင် ကျောင်းသားတစ်ယောက်ကို ကျန်သုံးယောက်က ဝိုင်းထားတဲ့ အနေအထားပေါ့လေ။
"မင်း ငါတို့အကြောင်းကို မသိသေးဘူးနေမှာ"
"မင်းတို့လည်း ငါ့အကြောင်းမသိဘူးနေမှာ၊ ငါအရင်ကျောင်းမှာ ဘာကောင်လဲ သိရင် ကြောက်ဒူးတုန်မနေကြနဲ့"
"အဲ့တာ ငါတို့က မင်းကိုပြောရမယ့်စကားပါ"
"ဟုတ်လား ငါပြောရမယ့်စကားလား……. မင်းတို့ပြောရမယ့် စကားလားဆိုတာ လက်တွေ့ပြရသေးတာပေါ့"
သက်ဦးမောင် နားထောင်နေရင်းကနေ အခြေအနေက တင်းမာလာသည်ကို ရိပ်မိလိုက်လေသည်။ ဒါနဲ့ သက်ဦးမောင်လည်း ကြည့်မနေတော့ဘူး ဆိုကာ ထိုနေရာကနေ ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်တော့သည်။
ဒါပေမယ့်လည်း သက်ဦးမောင် ထင်ထားသလို ဖြစ်မလာခဲ့ပါ။ နောက်ကိုမကြည့်ဘဲ ဆုတ်လိုက်မိတာကြောင့် ပလက်စတစ်အမှိုက်ကို နင်းမိပြီး အသံ ထွက်သွားတော့သည်။ သက်ဦးမောင် ထိုလေးယောက်ကို ကြည့်လိုက်တော့ သူတို့ကလည်း သက်ဦးမောင် ရှိသည့်ဘက်ကို ကြည့်နေကြလေသည်။ ဒါနဲ့ မထူးပါဘူး ဆိုပြီး သက်ဦးမောင် ထိုနေရာကနေ အခန်းထဲထိ ပြေးလေတော့သည်။
မြန်မာဆရာမက အစပိုင်းမလို့ မိတ်ဆက်နေပေမယ့် သက်ဦးမောင် တစ်ယောက်တော့ အတွေးနယ်ချဲ့နေတော့၏။
“ငါတစ်ယောက်ထဲ ထွက်ပြေးလာတာ မှန်ရဲ့လား၊ ငါဆရာမကို သွားပြောရမလား” ဆိုပြီးတော့ပေါ့။
ဒါပေမယ့်လည်း သက်ဦးမောင် ပြောမထွက်ခဲ့ပါ။ ဘာကြောင့်ဆို ပထမ ကျောင်းစတက်သည့်နေ့မှာ ရန်ပွဲထဲ မပါချင်လို့ဘဲလေ။ ဒါနဲ့ သက်ဦးမောင် ဆရာမ ပြောပြနေသည်ကို နားမထောင်ဘဲ ဘေးဖက်က ပြတင်းပေါက်သို့ လှည့်ကြည့်လိုက်တော့၏။ ချက်ချင်းဆိုသလိုပင် သက်ဦးမောင် ထိုတစ်ယောက်ကို မြင်လိုက်ရသည်။ ဒါနဲ့ ကိုယ်ကို ပြန်လှည့်လိုက်ပြီး စာအုပ်ကို ပြန်ကြည့်လိုက်တော့သည်။ ပြီးနောက် ပြတင်းပေါက်ဖက်ကို ပြန်၍ ချောင်းကြည့်ပြန်လေသည်။
"ကျောင်းရုံးခန်းကို ရောက်သွားပြီထင်တယ်” ဟု တွေးလိုက်ပြီး ဆရာမ စာရှင်းပြနေသည်ကိုသာ အာရုံစိုက်လိုက်တော့သည်။
သက်ဦးမောင် တစ်ယောက် ကျောင်းကနေ အိမ်သို့ ပြန်ရောက်သွားပေမယ့်လည်း ထိုတစ်ယောက် အကြောင်းကိုသာ ဆက်တိုက် တွေးနေမိတော့သည်။ သက်ဦးမောင် တစ်ယောက် အခန်းထဲ ရောက်တော့ ခုတင်ပေါ်လိုက်ပြီး "ကျောင်းများ ထုတ်ခံလိုက်ရပြီလား….. မသိဘူး" ဆိုကာ သူများအကြောင်းကို တွေးကာ တွေးပူနေမိလေသည်။ နောက်တော့ သက်ဦးမောင် တစ်ယောက် သက်ပြင်းချလိုက်ကာ မျက်လုံးများ မှိတ်ထားလိုက်ပါတော့သည်။
သက်ဦးမောင် ထိုတစ်ယောက်ကို ကျောင်းတွင်မတွေ့သည်မှာ နှစ်ရက်လောက်ပင် ရှိနေလေပြီ။ ပြောရရင် ခုထိ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတော့သည်။ သက်ဦးမောင် တစ်ယောက် နှစ်ရက်လောက် မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့အချိန်တွင် ထိုတစ်ယောက်ဟာ သက်ဦးမောင် ဘ၀သို့ ရောက်ရှိလာခဲ့တော့သည်။ သက်ဦးမောင် ထိုင်သည့်နေရာသို့ ထိုတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သက်ဦးမောင်လည်း ဘေးတွင် လာထိုင်သည့် ထိုသူကိုကြည့်ရင်း အံ့ဩနေမိတော့သည်။
"ဟိုင်း ထွက်ပြေးသွားတဲ့ တစ်ယောက်" ဆိုပြီး ပြုံးကာ နှုတ်ဆက်လာလေသည်။ သက်ဦးမောင်လည်း ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းမသိ ဖြစ်သွားတော့၏။
"အမ်...ဟိုင်း"
"ငါ့နာမည် ရှင်းမြတ်၊ မင်းနာမည်ရော"
"သက်........ သက်……..သက်ဦးမောင်ပါ"
"အင်း အဲ့တာဆို သူငယ်ချင်းဖြစ်ပြီနော်"
"အော်……အင်....အင်း" လို့ ဖြေမိသွားသည်။
သက်ဦးမောင် မျက်နှာကို တစ်ဖက်သို့လှည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
"ဘာလို့များ ငါ့ဆီလာတာလဲ"ဆိုပြီး စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
ထိုချိန် ထိုသူမှ "သက်ဦးမောင်မလား" ဆိုပြီး ပြောလာသည်။
"ဟုတ်တယ်"
"ခေါ်ရတာ နာမည်ရှည်တော့ မောင်လို့ခေါ်မယ်"
"ဟင်"
"ဟုတ်တယ်လေ နာမည်ကရှည်လို့လေ၊ ဘာလို့လဲ မကြိုက်လို့လား"
"မ…..မ…..မဟုတ်ပါဘူး"
"အဲ့တာဆို မောင်မောင်လို့ခေါ်ရင်ကော"
"မောင်မောင်ကတော့ မဆိုးပါဘူး"
"အင်း ဟုတ်ပြီ၊ အဲ့တာဆို စာအုပ်လေး ငှားပေးပါလား ကျောင်းနှစ်ရက်ပျက်ထားတော့ စာပြန်ကူးမလို့"
"အင်း ဟုတ်ပြီ" ဟု သက်ဦးမောင်ပြောရင်း စာအုပ်ထုတ်ကာ ငှားပေးလိုက်တော့သည်။
ထိုချိန်ကစပြီး သက်ဦးမောင် ရှင်းမြတ်နဲ့ တော်တော်လေး ခင်မင်လာသည်ဟု ဆိုရမည်။ သွားအတူ လာအတူဖြင့် တစ်တွဲတွဲ ဖြစ်နေတော့သည်။ ပြောရရင် သက်ဦးမောင် တစ်ယောက် ရှင်းမြတ်ကို သံယောဇဉ်တွယ်လာသည်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။ သက်ဦးမောင် ရှင်းမြတ်ကို ဂရုစိုက်သလို၊ ရှင်းမြတ်လည်း သက်ဦးမောင်ကို ဂရုစိုက်လာသည်။
*****
ပြောရရင် အဲ့ဒီချိန်ကစပြီး ကျွန်တော် ရှင်းမြတ်ကို စိတ်၀င်စားနေခဲ့မိတာလား၊ ကြိုက်နေခဲ့မိတာလား၊ ချစ်နေခဲ့မိတာလား ဆိုတာကိုမပြတတ်တော့ဘူး။ သူပျော်နေတာကို မြင်ရင် ကိုယ်တိုင်လည်း လိုက်ပျော်နေမိတော့တာလေ။ သူ့ကို ပျော်အောင် လုပ်ပေးနေရရင် အပျော်ဆုံးလူသားတစ်ယောက် ဖြစ်နေတော့တာလေ။
ကျွန်တော် သူ့ကို ဖွင့်ပြောချင်ခဲ့မိသည်။ ဒါပေမယ့် သူ့ကို ဖွင့်ပြောရလောက်အောင် ကျွန်တော် အချစ်ဆိုတာကို မခံစားမိသေးဘူး။ ပြောရရင် ကျောင်းသားအရွယ်မလို့ အချစ်ရေးကို စိတ်မ၀င်စားတာလား။ ဖွင့်ပြောလိုက်ရင် သူကိုယ့်အနားကနေ ထွက်သွားမှာကို တွေးပူပြီး မပြောချင်တာလား ဆိုတာ ရေရေရာရာ မသိတော့ပါ။ ကျွန်တော် ရှင်းမြတ်ဆိုတဲ့သူရဲ့ ဂရုစိုက်မှုကို လိုချင်သည်။ အဖက်ခံချင်သည်။ မောင်မောင်ဆိုပြီးတော့လည်း အခေါ်ခံချင်သေးသည်။ ထိုအရာတွေမှာ ပျော်မွေ့နေမိတာက သူ့ကို ချစ်မိသွားလို့လား၊ သံယောဇဉ် တွယ်မိသွားလို့လား ကျွန်တော် ကောင်းစွာ မဝေခွဲတတ်တော့ပါ။ သူနဲ့ဝေးရမှာကိုဘဲ ကြောက်နေမိတာတော့ အမှန်ပင်။
အရင်ကအကြောင်းတွေ တွေးနေရင်း မိန်းမဖြစ်သူကနေမှ အိပ်ယာဝင်ဖို့ လှမ်းပြောနေတော့ သက်ဦးမောင်လည်း တွေးနေတဲ့ အတွေးတွေကို ခဏ မေ့ပျောက်ထားပြီးတော့ အိပ်ယာဝင်လိုက်တော့သည်။
မနက်ခင်းဆိုတော့ သက်ဦးမောင် တစ်ယောက် အလုပ်သွားဖို့ ပြင်ဆင်နေလေသည်။ သမီးလေးလည်း ကျောင်းသွားဖို့အတွက် ပြင်ဆင်နေလေ၏။ ပြီးမှ မိန်းမဖြစ်သူ ပြင်ဆင်ပေးတဲ့ ထမင်းချိုင့်ကို ယူပြီး သမီးလေးကို ခေါ်ကာ အလုပ်သွားကြလေသည်။ သက်ဦးမောင်
ကားမောင်းနေတုန်း သမီးလေးက စကားစပြောလာတော့သည်။
"ဖေဖေ"
"ဟေ….. ပြောလေ သမီး…..”
"ဖေဖေ့မှာ ချစ်သူရှိလား"
"ဟေ ဖေဖေ့မှာ သမီး မေမေရှိတယ်လေ"
"ဟုတ်ဘူးလေ မေမေနဲ့မတွေ့ခင် ချစ်သူမရှိဘူးလားမေးတာ"
"မေမေနဲ့ မတွေ့ခင်လား" ဟု ဖြေရင်း သက်ဦးမောင် အနည်းငယ် စဉ်းစားနေလေသည်။
"ဟုတ်တယ်"
"ချစ်သူတော့ မရှိဘူး၊ ငယ်ချစ်ဦးတော့ ရှိခဲ့တယ်"
"ငယ်ချစ်ဦးက ဘယ်လိုမျိုးကိုခေါ်တာလဲ"
"သမီးရေ ကျောင်းရောက်ပြီ နောက်မှမေးတော့နော်"
"ဟာ"
"သွားတော့ နောက်ကျလို့ ဆရာမ ဆူနေအုန်းမယ်"
"ဟုတ်ပါပြီ…… ဒါဆို နောက်ကျရင် ပြောပြနော်”
“ဟုတ်ပါပြီဗျာ……”
“ဒါဆို တာ့တာ့ ဖေဖေ”
“တာ့တာ့ သမီးလေး” ဆိုက သက်ဦးမောင် တစ်ယောက် သမီးဖြစ်သူကို ပြုံးပြုံးလေးဖြင့် နှုတ်ဆက်လိုက်ပါလေသည်။
သမီးလေးဟာ လေးတန်းတက်မည် ဆိုပေမယ့်လည်း စကားပြောတာ အရမ်းသွက်လှသည်။ အဖေဖြစ်တဲ့ သက်ဦးမောင်ကို မေးနေသည်မှာ ရဲတွေ စစ်မေးနေသလိုဘဲလေ။ သက်ဦးမောင် 'ငယ်ချစ်ဦး' ဆိုသည့် စကားကို ပြောလိုက်တော့ တစ်ခုခုကို သတိရသွားတော့သည်။ 'ငယ်ချစ်ဦး' ဆိုသည်မှာ တစ်ခြားသူမဟုတ် ရှင်းမြတ်ကို ပြောတာပင် ဖြစ်ချေသည်။
*****
ကိုးတန်း နောက်ဆုံးစာမေးပွဲကြီးရဲ့ နောက်ဆုံးဘာသာရပ် ဖြေသည့်နေ့မှာ ရှင်းမြတ် ကျွန်တော့်ကို ဖွင့်ပြောလာတော့သည်။ ရှင်းမြတ် ကျွန်တော့်လက်ကို ဆွဲသွားပြီးတော့ သူနဲ့ ကျွန်တော် ပထမဆုံးတွေ့ခဲ့တဲ့ နေရာကိုဆွဲခေါ်သွားပြီးတော့ပေါ့။
"မောင်မောင်" ဆိုပြီး ရှင်းမြတ်က စပြီး ခေါ်လာပါလေသည်။
"အင်း ပြောလေ"
"ဒီနေရာကို မှတ်မိလား"
"မှတ်မိတာပေါ့ ပထမဆုံး ကျောင်းဖွင့်တဲ့နေ့က ရှင်းမြတ် ရန်ဖြစ်တဲ့နေရာလေ"
"အင်း ဟုတ်တယ်"
"ဒါနဲ့ ဒီနေရာကို ဘာလို့ခေါ်လာတာလဲ"
"မောင်မောင်ကို ပြောစရာရှိလို့"
"အင်း ပြောလေ"
"ရှင်းမြတ်လေ မောင်မောင်ကိုချစ်တယ်"
"ဟင်" ဆိုပြီး ကျွန်တော် အံ့ဩသွားရတော့သည်။
"မောင်မောင်ကို ညီအကိုလိုလည်း ချစ်တယ်၊ သူငယ်ချင်းလိုလည်း ချစ်တယ်၊ ချစ်သူလိုလည်း ချစ်တယ်" ဆိုပြီး ကျွန်တော့် လက်လေးကို ကိုင်ပြီး ပြောနေတဲ့ ရှင်းမြတ်ကို ဒီအတိုင်း ကြောင်စီစီဖြင့်သာ ကြည့်နေမိတော့သည်။ နောက်တော့ သက်ဦးမောင် တစ်ယောက် ရုတ်တရက်ကြီး ရှင်းမြတ်ရဲ့ လက်တွေကို ဖြုတ်လိုက်လေသည်။ ထိုသည်ကို ရှင်းမြတ် မြင်ပြီးတော့
"မောင်မောင် ဘာလို့လဲ မကြိုက်လို့လား"
"မဟုတ်ဘူး တွေးစရာပေါ်လာလို့ပါ"
"ဘာကြီးလဲ ရှင်းမြတ်ကို ပြောပြလေ"
"ခုတွေးမိတာက ယောကျာ်းလေးချင်းကြိုက်လို့ရလား"
"ရတာပေါ့ မောင်မောင်ရေ"
"ဒါဆိုရင် ပတ်၀န်းကျင်ကရော ငါတို့ နှစ်ယောက်ကို မြင်ပြီး ဘယ်လိုတွေတွေးကြမလဲ"
"ပတ်၀န်းကျင်ကို ဂရုစိုက်စရာမလိုပါဘူး မောင်မောင်ရာ….. မောင်မောင်နဲ့ ရှင်းမြတ်သာ ချစ်နေရင် ရပြီ….. မဟုတ်ဘူးလား”
"အဲ့တာဆို အချစ်က အရာအားလုံးကို တွန်းလှန်နိုင်တယ်လို့ ဆိုလိုတာလား"
"ဟုတ်တယ်လေ"
"ရှင်းမြတ်ရယ် ဒါတွေက စိတ်ကူးယဉ်သက်သက်ပါဘဲ၊ စိတ်ကူးယဉ် စာအုပ်တွေထဲက အကြောင်းအရာပါဘဲ"
"ဘာလို့လဲ ရှင်းမြတ်ကို ပြန်မချစ်နိုင်ဘူးလား"
"မဟုတ်ပါဘူး၊ ယောကျာ်းလေးချင်း ချစ်တာဟာ လက်တွေ့ဘ၀မှာ အရမ်းခက်ခဲတယ် ရှင်းမြတ်"
"ဘာလို့လဲ မောင်မောင်"
"ရှင်းမြတ် ပတ်၀န်ကျင်က ရှုံ့ချမယ့် စကားတွေကို ခံနိုင်ရည်ရှိပြီလား၊ အတင်းပြောကြမယ့် စကားတွေကိုကောဘဲ"
"ရှင်းမြတ် ကြိုးစားပါ့မယ်"
"ဒါတွေက ကြိုးစားလို့ရတယ်ဆိုတာ သိတယ်၊ ဒါပေမယ့်လည်း ငါတို့ လက်တွဲဖို့ အရွယ်မရောက်သေးဘူး ထင်တယ်….. ငယ်သေးတယ်လို့ မထင်မိဘူးလား ရှင်းမြတ်”
"အင်းပါ မောင်မောင်က စောင့်ဆိုလည်း စောင့်ပါမယ်"
"ငါက စောင့်ခိုင်းတာ မဟုတ်ဘူးနော်၊ ငါ့အတွက် စဉ်းစားဖို့ အချိန်လေးလိုလို့ပါ….. ပြီးတော့ ရှင်းမြတ်ကိုလည်း စဉ်းစားဖို့ အချိန်ပေးနေတာပါ”
"အင်းပါ ရှင်းမြတ်….. စဉ်းစားရင်း စောင့်နိုင်ပါတယ်"
"အင်း ဒါဆိုပြန်ကြမယ်လေ"
"ဟုတ်ပြီ" လို့ ပြောရင်း နှစ်ယောက်သား ကျောင်း၀န်းထဲကနေ ထွက်လာလိုက်ကြသည်။
ရှင်းမြတ် ကျွန်တော့်ကို ဖွင့်ပြောသည့်နေ့က ကျွန်တော်ခေါင်းထဲ အတွေးတွေ ရောက်လာတော့သည်။ ဒါကတော့ ပတ်၀န်းကျင်ဘဲပေါ့။ နှစ်ယောက်သား တွဲနေမယ်ဆိုရင် ပတ်၀န်းကျင်ကနေ တစ်ဆင့် အဖေတို့အမေတို့ဆီ ရောက်လာမှာကို တွေးပူနေမိတာ ဖြစ်သည်။ ကျွန်တော် သူ့ကိုချစ်သလို ငြင်းလည်းမငြင်းရက်ပါ၊ ဒါကြောင့် အချိန်လိုတယ်လို့ ပြောလိုက်တာဘဲလေ။ ခု ရှင်းမြတ်နဲ့ မတွေ့ရသည်မှာ တစ်လလောက်ရှိလေပြီ။ ကိုးတန်း ပြီးခါစတုန်းကတော့ ရှင်းမြတ်နဲ့ အတူတူ လည်ပတ်လိုက်ရသည်။
ခုတော့ ကျောင်းဖွင့်တော့မည်ဆိုတော့ ဆယ်တန်းစာတွေ ကြိုကျက်နေရလို့ဘဲလေ။ ပြောရရင် ကျွန်တော် ရှင်းမြတ်ကို ပြေးပြီး သွားတွေ့ချင်မိသည်။ ဒါပေမယ့်လည်း မဖြစ်နိုင်ပါ။ ကျွန်တော့်ကို ဆယ်တန်းက အရေးကြီးသည်ဟု ချုပ်ထားလို့ဘဲလေ။ ဆယ်တန်း ပြန်တက်မည့်နေ့ကိုသာ စောင့်မျှော်ရတော့မှာပေါ့လေ။ နောက်ဆုံးတော့ ကျွန်တော် စောင့်မျှော်နေရသည့် နေ့လေးက ရောက်လို့လာလေပြီ။ ကျွန်တော်တို့ မိသားစုက ငွေရေးကြေးရေးက အသင့်အတင့် တက်နိုင်ပေမယ့်၊ ကျွန်တော်က အဆောင်မှာ မနေချင်ဘူး ပြောလို့ အဆောင်မထားဘဲ ဂိုက်သာ ခေါ်ပေးလေသည်။ ကျွန်တော့်ရှေ့က အကိုနဲ့ အမနဲ့ကတော့ အဆောင်နေကြတာလေ။
ခုဆို သူတို့လည်း အလုပ်လုပ်နေတော့ ကျွန်တော့ကို အဆောင်ထားဖို့က ဘာမှမပြောပလောက်ဘူးလေ။ ကျွန်တော်ကသာ ရှင်းမြတ်နဲ့ တွေ့ချင်တာကြောင့် အဆောင်ကို မသွားတာဖြစ်သည်။ ရှင်းမြတ် ကျွန်တော့်ကို ကျောင်းပေါက်၀မှာ ရပ်စောင့်နေတော့သည်။ ကျွန်တော် သူ့နား သွားလိုက်သည်။ ဆယ်တန်း စတက်ကတည်းက သူသည် ကျွန်တော်နဲ့သာ အတူတူ ရှိနေပေးလေသည်။ ကျူရှင်တက်လည်း အတူတူ၊ အိမ်ကို ဝိုင်းခေါ်သင်တော့လည်း ကျွန်တော့်အိမ်ကို လာပြီး အတူတူ ရှိနေပေးတော့တာပေါ့။
ဒီလိုနဲ့ သူ့ကို ပိုပြီး သံယောဇဉ်တွယ်လာတော့တာပေါ့။ ကျွန်တော် စတင်ပြီး အချစ်ကို ခံစားလာရတော့သည်။ ကျွန်တော်သူ့ကို ချစ်သထက် ချစ်လာတော့သည်။ ဒါကြောင့်ဘဲ ဆယ်တန်းစာမေးပွဲကြီး ဖြေပြီးသည့်နေ့မှာ ကျွန်တော်သူ့ကို အဖြေပြန်ပေးလိုက်တော့သည်။ ထိုနေ့ကစပြီး ကျွန်တော်တို့ စတွဲကြတယ်ပေါ့လေ။ အဖေတို့ အမေတို့ရယ် ကျွန်တော့် မောင်နှမတွေကတော့ ကျွန်တော် ဘာလဲဆိုတာ ခုထိ မသိကြသေးဘူးလေ။ ကျွန်တော် ရှင်းမြတ်ကို မေးခဲ့ဖူးသည်။
"အကယ်၍ အိမ်ကမိဘတွေ သိသွားရင် ဘယ်လိုလုပ်မလဲ ရှင်းမြတ်"
"ရှင်းမြတ်တို့ လက်ခံလာအောင်ပြောရမှာပေါ့"
"ကန့်ကွက်နေသေးတယ်ဆိုရင်ကော"
"ကန့်ကွက်နေသေးရင် ရှင်းမြတ် မောင်မောင့်ကိုလာခိုးမယ်"တဲ့လေ။
ထိုစကားက တစ်ကယ်တမ်းတော့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့နှစ်ယောက် ဆယ်တန်းအောင်စာရင်း ထွက်ရင် မိဘတွေကို အသိပေးမယ် ဆိုပြီး ကတိပေးခဲ့ကြတာပေါ့။
ထို့နေ့လေးဟာ ကျွန်တော့အတွက်တော့ ၀မ်းသာ၊၀မ်းနည်း ဖြစ်ရတဲ့နေ့လေး ဖြစ်ခဲ့တာတော့ အမှန်ဘဲပေါ့။ ကျွန်တော် သုံးဘာသာ ဂုဏ်ထူးပါကြောင်း ရှင်းမြတ်က ဖုန်းဆက်လှမ်းပြောသည်။ ဆယ်တန်းဖြေပြီးသည်မလို့ အိမ်က ကျွန်တော့်ကို ဖုန်းလေး တစ်လုံး၀ယ်ပေးထားတာလေ။ ကျွန်တော် သိသိပြီးချင်း အခန်းထဲက ထွက်လာခဲ့တော့သည်။ အိမ်ရှေ့ဧည့်ခန်းတွင် ကျွန်တော်ပြောမည့် အဖြေကို စောင်မျှော်နေကြတဲ့ ကျွန်တော့် မိသားစုကို တွေ့လိုက်ရသည်။ ဒါနဲ့ ကျွန်တော်လည်း ဧည့်ခန်းဘက် သွားလိုက်တော့သည်။
"ဘယ်လိုလဲ အောင်လား သားလေ" ဆိုပြီး အဖေဖြစ်သူက မေးလာတော့သည်။
"အောင်တယ်"
"အောင်တယ်ဆိုတော့ ဂုဏ်ထူးကရော" လို့ အဖေက ထပ်မေးလိုက်တော့ ကျွန်တော်
ခေါင်းငုံ့လိုက်မိသည်။
"ဟာ သားရယ် နှစ်ချင်းပေါက်အောင်တာကိုဘဲ ၀မ်းသာရပါပြီ၊ ရိုးရိုးအောင်လည်း ဘာဖြစ်လဲ ဘာမှတွေးပူမနေနဲ့" ဟု ဆိုကာ အဖေက ကျွန်တော့် ကျောပြင်လေးကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးနေလေသည်။
ဒါနဲ့ ကျွန်တော် ခေါင်းပြန်ထောင်လာပြီးတော့
"သုံးဘာသာ ဂုဏ်ထူးထွက်တယ်တဲ့"
"ဟုတ်လား" ဆိုပြီး အဖေကော အမေပါ ထအော်ကြတော့သည်။ အကိုနဲ့ အမတို့ကလည်း ကျွန်တော့်ကို ပြုံးပြီးကြည့်နေတော့တယ်လေ။
"ဟိတ်ကောင် အဖေတို့ကို စစရာလား ငရဲကြီးလိမ့်မယ်"
"အဖေတို့ကို ပျော်စေချင်လို့ပါ"
"အေအေ"
"ခဏနေအုန်း အမေသားကြိုက်တဲ့ ကြာဇံဟင်းခါးလေး ချက်လိုက်အုန်း" ဆိုပြီး အမေထလိုက်တော့ ကျွန်တော်လည်း
"ခဏနေအုန်း ပြောစရာရှိသေးတယ်" ဟု ပြောလိုက်သည်။
"ကဲ ဘာလိုချင်လို့လဲ အငယ်ကောင်" ဆိုပြီး အမကပြောလာလေသည်။
"ကျွန်တော်....ကျွန်တော်က လိင်တူကြိုက်တဲ့သူပါ၊ ပြောရရင် ကျွန်တော် ယောကျာ်းချင်း စိတ်၀င်စားတယ်"
"ဘာ....ဘာပြောလိုက်တယ်" ဆိုကာ အဖေ့ဆီမှ အံ့ဩတဲ့ အသံ ထွက်ပေါ်လာလေသည်။
"ကျွန်တော် ယောကျာ်းချင်း စိတ်၀င်စားတယ်လို့"
"ဟိတ်ကောင် တော်လိုက်တော့ ထပ်မပြောနဲ့တော့"
"ကျွန်တော် အဖေတို့ သိအောင်" ဆိုပြီး စကားပင်မဆုံးသေး ကျွန်တော့်ပါးတစ်ချပ် ထိုးခံလိုက်ရတော့သည်။
"ဟေ့ကောင် မင်းကိုမွေးထားတာ ယောကျာ်းလေးကွ၊ ဘာကို ယောကျာ်းချင်းကြိုက်တာလဲ"
"တော်ပါတော့ ယောကျာ်းရေ"
"မင်းသားက ခွေးစကားပြောနေတာလေ ငါဘယ်လိုလုပ်ရမလဲ" ဆိုပြီး အဖေက ကျွန်တော့ကို အထင်သေးတယ့် အကြည့်တွေနဲ့ ကြည့်နေလေတော့သည်။ ကျွန်တော်လည်း မျက်ရည်ဝဲတက်လာပြီးတော့ ကိုယ့်အခန်းကို သွားလိုက်တော့သည်။ ပြီးတော့ ရှင်းမြတ်ကို ချက်ချင်း ဖုန်းဆက်လိုက်သည်။
"ရှင်းမြတ်...."
"မောင်မောင် ဘာလို့ငိုနေတာလဲ"
"အဖေက ငါ့ကို ထိုးလိုက်တယ်"
"ဟုတ်လား ရှင်းမြတ်လည်း ခုမှ ဖွင့်ပြောပြီးတာ၊ အမေကတော့ ဘာမှမပြောပေမယ့်လည်း ငိုနေတာတော့ တွေ့ရတယ်"
"ဟုတ်လား ရှင်းမြတ်တို့ အမေကကောင်းလိုက်တာ"
"မဟုတ်ပါဘူး၊ မငိုနဲ့တော့နော် မောင်မောင်"
"အင်း"လို့ ပြောပြီးသည်နှင့် အဖေ ကျွန်တော့အခန်းထဲ ရောက်လာတော့သည်။
"မင်း ဒီလောက်ဖြစ်နေတာတောင်မှ ဖုန်းပြောနိုင်သေးတယ် ဟုတ်လား" ဆိုပြီး ကျွန်တော့်ဆီက ဖုန်းလှယူသွားလေသည်။
"ဟိတ်ကောင် မင်းနောက်ငါ့သားကို မဆက်သွယ်ပါနဲ့"
"မောင်မောင်...မောင်မောင်"
"မောင်မောင်တွေ ဘာတွေလုပ်မနေနဲ့" ဟု အဖေပြောပြီး ကျွန်တော့် ဖုန်းကို ပစ်ပေါက်လိုက်တော့သည်။ ဖုန်းလေးဟာ တစ်စစီ ဖြစ်သွားလေရဲ့။
"မင်းကို ထိုးထားတာတောင် မင်းက ငါ့ကို အာခံပြီး ဖုန်းဆက်ရဲသေးတယ် ဟုတ်လား"
"အဖေရယ် ကျွန်တော်တို့ ဘာမှားလို့လဲ၊ ယောကျာ်းလေးချင်း ချစ်မိတာကို"
"အေ အဲ့ယောကျာ်းလေး ချစ်မိတာကိုက မှားနေတာ၊ မင်းကို အခြောက်ဖြစ်ဖို့ ငါတို့ ကျွေးမွေးလာတာမဟုတ်ဘူး"
"အဖေ" ဆိုပြီး ကျွန်တော် အော်လိုက်သည်။
"မင်းသူနဲ့ အဆက်အသွယ်ဖြတ်ရမယ်၊ ပြီးတော့ မင်းဒီထဲမှာနေပြီး ကိုယ့်ကိုယ်ကိုပြန်စဉ်းစား" ဆိုပြီး ကွဲနေတဲ့ ကျွန်တော့် ဖုန်းကိုပါ ယူသွားတော့သည်။ ပြီးတော့ တံခါးကို အပြင်က သော့ခတ်သွားလေသည်။
"အဖေ အဖေ ကျွန်တော့်ကို တံခါးပြန်ဖွင့်ပေးပါနော်၊ ကျေးဇူးပြု၍" ဆိုပြီး ကျွန်တော် ငိုယိုပြီး ပြောနေပေမယ့်လည်း ဘာမှတုံ့မပြန်လာတော့ပါ။ ကျွန်တော် ထိုအခန်းလေးမှာဘဲ ငိုနေမိတော့သည်။ အမေက စားဖို့သောက်ဖို့ ယူလာပေမယ့်လည်း ကျွန်တော် မစားပါ။ မစားတာထက်စာရင် သေသွားတာက ပိုကောင်းလိမ့်မယ်ဆိုပြီးတော့လည်း အကြိမ်ကြိမ် တွေးမိလေသည်။ သေတမ်းစာတွေ ရေးနေမိသည်။ သေဖို့လည်း အကြိမ်ကြိမ်တွေးနေမိခဲ့သည်။ ကျွန်တော် သတ်သေဖို့ လုပ်နေပေမယ့်လည်း လက်လျော့လိုက်ရသည်။ ကျွန်တော့် စိတ်ထဲမှာ ဘာဖြစ်နေမှန်း ကျွန်တော် မခန့်မှန်းမိတော့ပါ။
ကျွန်တော် တစ်နေ့တော့ သေဖို့ရန်အတွက် သေတမ်းစာလေးကို နောက်တစ်ကြိမ် ထပ်ရေးမိသည်။ ရေးနေရင်းကနေ ကျွန်တော် ရပ်တန့်လိုက်တော့သည်။ ကျွန်တော် ပြန်စဉ်းစားလိုက်မိတော့သည်။ ကျွန်တော် ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေရမှာလဲ ဆိုပြီးတော့ပေါ့။ လိင်တူ စိတ်၀င်စားလို့ သတ်သေတာက ထွက်ပေါက်တစ်ခုဖြစ်နေတာလား။ သတ်သေလိုက်ရင် ဒီကိစ္စတွေက ပြီးသွားတော့မှာလားဆိုပြီးတော့ပေါ့။
ကျွန်တော် ရေးလက်စ သေတမ်းစာကို လုံးချေလိုက်သည်။ ကျွန်တော် ချစ်တဲ့ သူအတွက် ရပ်တည်ပေးရမယ်ဟု တွေးပြီး ကျွန်တော် လိင်တူကြိုက်တာဟာ အပြစ်မဟုတ်ကြောင်း စာတိုလေးတွေ ရေးလာတော့သည်။ စိတ်ထဲပေါ်လာတာတွေကို စာအုပ်တစ်အုပ်မှာ ချရေးဖြစ်ခဲ့သည်။ ကျွန်တော် ပြန်စဉ်းစားလိုက်သည်။ ကျွန်တော် သတ်သေလိုက်ရင် ကျွန်တော့်မိဘတွေဘဲ ခံစားရလိမ့်မယ်ဆိုတာကိုပေါ့။ ရှင်းမြတ်လည်း ပါချင်ပါမှာပေါ့လေ။ ဒါကြောင့် ကျွန်တော် အဖေနဲ့ အမေတို့ကို ကတိ တစ်ခုပေးလိုက်တော့သည်။ အဖေတို့ သဘောတူတဲ့ မိန်းကလေးကို လက်ထပ်ယူပါ့မယ်ဆိုပြီးတော့ပေါ့။
ထိုကတိပေးတဲ့နေ့ကစပြီး ဖုန်းပြန်သုံးခွင့်ရလာတော့သည်။ အရင်ဖုန်းမဟုတ်ဘဲနဲ့ ဖုန်းအသစ်တစ်လုံးပေါ့။ ကျွန်တော် လူမှုကွန်ရက်ဖြစ်တဲ့ Facebookမှာ အကောင့်နှစ်ခု ဖွင့်ထားလိုက်သည်။ တစ်ခုကတော့ အမတို့ အကိုတို့ကို အပ်ထားရတာပေါ့။ နောက်တစ်ခုကတော့ ဒီလိင်တူကြိုက်တဲ့စာတွေကို တင်ဖို့ပေါ့လေ။ ကျွန်တော် ဖုန်းအသစ်သုံးလိုက်ပေမယ့် ရှင်းမြတ်ကိုတော့ မေ့မသွားပါ။ အမြဲတမ်းလိုလို တစ်ခြားအကောင့်ကနေ ရှင်းမြတ် အကောင့်ကို ၀င်၀င်ကြည့်နေမိသည်။ လွမ်းတယ်ဆိုတဲ့ စားသားပါတာတွေကိုဘဲ ရှယ်ထား၊ တင်ထားတော့သည်။ ဒါပေမယ့်လည်း လွမ်းတယ်လို့ တင်ထားတဲ့စာတွေကလည်း ခဏလောက်ပါဘဲ။
ကျွန်တော် တက္ကသိုလ်တက်စချိန်မှ မြန်မာနိုင်ငံမှာ လိင်တူကြိုက်တဲ့အတွဲတွေ ထွက်ပေါ်လာသလို၊ လိင်တူကြိုက်တာကို လက်ခံသည့် အစည်းအရုံးပေါ်လာတော့သည်။ "LGBT"ဆိုပြီး social mediaတစ်ခုပေါ့။ ကျောင်းမှာလည်း LGBTတွေ အတွက် activityတွေ လုပ်လာတော့သည်။ LGBT စာပေတွေ ပေါ်လာတော့သည်။ ဒါကြောင့် ကျွန်တော်လည်း LGBTအစည်းအရုံးက သူတွေနဲ့ ပူးပေါင်းပြီး ကျွန်တော်ရေးထားတဲ့ စာတွေကို Facebookပေါ် တင်ဖြစ်တော့သည်။ အတွေ့အကြုံတွေကို မျှဝေတယ်ပေါ့။ တစ်နည်းပြောရရင် LGBTတွေလို့ ခံယူထားတဲ့ သူတွေအတွက် စိတ်ခွန်အား ဖြစ်စေမယ့် စာတွေကို ကျွန်တော်ရေးနေတာ ခုကျွန်တော် အိမ်ထောင်ကျပြီးသည် အထိပါဘဲ။
ကျွန်တော့်လို မဖြစ်စေချင်ဘူး။ ကျွန်တော့်လိုလည်း မပျော့ညံ့စေချင်ဘူး။ LGBTဖြစ်တဲ့သူတွေကို ဂုဏ်ယူစေချင်တယ်။ LGBTဖြစ်ရတယ်ဆိုတာ မကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာ ပြောပြချင်ခဲ့တယ်။ ခုဒီအရာတွေက ကျွန်တော့်မှာ ဖြစ်လာခဲ့ပြီလေ။ ကျွန်တော် မလုပ်လိုက်မိတဲ့ အရာကို တစ်ခြားသူတွေ လုပ်နိုင်ဖို့ ကျွန်တော့် စာတွေနဲ့ လမ်းညွှန်ပေးနိုင်ခဲ့ပြီလေ။
ကျွန်တော် လက်တော့ရှေ့မှာ ထိုင်ပြီး LGBTစာတွေ ရေးနေနိုင်ပြီလေ။ ကျွန်တော် မိန်းမတစ်ယောက်ကို လက်ထက်ယူလိုက်ပေမယ့်လို့ ကျွန်တော်ရင်ထဲမှာတော့ သူက မပျောက်ကွယ်သွားပါဘူး။ သူက ကျွန်တော့် အတွက် ထာ၀ရ အချစ်ဦးပါဘဲ။ ကျွန်တော့်ကို အရင်ချိန်တွေကို ပြန်သွားလို့ရရင် ဘယ်အချိန်ကို သွားမလဲလို့ မေးလာရင် ကျွန်တော်ကတော့ ဆယ်တန်း အောင်စာရင်းထွက်သည့်နေ့လို့ ပြောမိမှာဘဲ။ ဒါပေမယ့်လည်း ဒါကဖြစ်မှ မဖြစ်နိုင်တော့တာ။
"ဒါကြောင့် LGBTဖြစ်နေရင်းနဲ့ လူတစ်ယောက်ကို ချစ်ဖို့ အချစ်ကို ရှာဖွေရတာ လက်တွေ့ဘ၀မှာ သိပ်ခက်ခဲလှတယ်။ တစ်ကယ် ချစ်ခဲ့မိပြန်ကြတော့လည်း နာကျင်ရပြန်ရော"
××××××××××××××
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory