
“မြိုင်မာလာ...... မြိုင်မာလာ...... မြိုင်မာလာ........ “
ကတ်စက်ကနေ “မြိုင်မာလာ” ဆိုသည့် သံပြိုင်က ကျယ်လောက်စွာ ထွက်ပေါ်လာသည်နှင့် တစ်ပြိင်နက် ဇာတ်စင်မှ လိုက်ကာလေးဟာလည်း အပေါ်သို့ မြောက်တက်သွားပါတော့သည်။ လိုက်ကာလေး မြောက်တက်သွားသည်နှင့် ဇာတ်စင်ရဲ့ အလယ်တွင် ကြော့မော့စွာဖြင့် ကျောပေးပြီး ရပ်နေတဲ့ အငြိမ့်သမလေးရဲ့ ပုံရိပ်ဟာလည်း ခြေမျက်စိကနေ ထိပ်ခေါင်းပိုင်းထိသို့ တစ်ဖြည်းဖြည်း ပေါ်လာပါတော့သည်။ မှောင်ရိပ်လေးကျနေတာတောင် အငြိမ့်သမလေးရဲ့ ကောက်ကြောင်းမှာ ပေါ်လွင်လှလေသည်။ ခေါင်းကိုလည်း လေးသို့ အနည်းငယ် စောင်းထား၏။ လက်ဟန်အနေအထားကိုလည်း သေသပ်စွာ ချိုးယူထား၏။ ခြေထောက် အထားအသိုကလည်း စေ့စေ့စပ်စပ် နေရာယူထားပြီး တင်လေးပစ်ကာာ ခါးလေးကို ကော့ထားပါသေး၏။ အငြိမ့်သမလေးကို ကြည့်ရတာ ကပြဖျော်ဖြေဖို့ အဆင်သင့်ဖြစ်နေပုံပါဘဲ။ ခဏနေတော့ စလိုက်မီးက အလင်းရောင်တွေမှာ အငြိမ့်သမလေးကို ကျရောက်လာပါတော့သည်။
ထိုအချိန်မှာဘဲ ဆိုင်းဝိုင်းကနေပြီး အတီးအမှုတ်စတင်လာပါလေသည်။ ဆိုင်းဝိုင်းမှ သံစဉ်လေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အငြိမ့်သမလေးဟာလည်း အငြိမ့်သမ ပီပီ စပြီး ကပြဖျော်ဖြေလေတော့သည်။ နောက်ကျောပေးရပ်နေရာကနေပြီး စတင် လှုပ်ရှားလေတော့သည်။ အငြိမ့်သမလေးမှာ အတီးအမှုတ်နှင့် လိုက်ပြီးတော့ လက်လေးတွေကို သေသပ်လှပစွာ ချိုးပြီး ကနေသည်။ ခေါင်းလေးကို လှုပ်ကာ ခါးလေးတွေကိုလည်း ပညာသားပါပါ ကျိုးသည်။ ခြေထောက်လေးဖြင့် ထဘီအနားလေးကို တခတ်ခတ်ဖြင့် လှပစွာ ကနေတော့သည်။ အက တစ်ဖြတ်ပြီးတော့ အငြိမ့်သမလေးဟာ အဆိုဖြင့် ပြန်ဖျော်ဖြေလေသည်။
“မြိုင်မာလာ….. မြိုင်မာလာ……. ဟောဒီက မြိုင်….မာ….လာ……
ရှေ့တော်မှောက်သို့ အရောက် ကြွမြန်းလာပါပြီ…..”
အငြိမ့်သမလေးလေးဟာ ကိုယ့်ရင်ဘက်လေးကို လက်ကလေးဖြင့် ဖိလျက် သီချင်းလေး ဆိုညည်းနေရင်း ဇာတ်စင်ရှေ့နားသို့ ပြေးသွားလိုက်သည်။ ပြီးမှ ထဘီလေး အနားတခတ်ခတ်ဖြင့် နောက်သို့ ပြန်ဆုတ်လေသည်။ နောက်တော့ ဆိုလက်စ သီချင်းကို ပြန်ဆက်ဆိုတော့၏။
“အဆို၊ အက၊ အလှ တို့မှာ နှစ်ယောက်မရှိတဲ့ မြိုင်မာလာ၊ ပရိတ်သတ်တို့ ရင်ထဲ စွဲလမ်းစေမယ့် မြိုင်မာလာ…….
ထင်ပေါ် ကျော်စောလွန်းလှပါပြီ ဆိုတဲ့ မြိုင်မာလာ......၊ မြိုင်မာလာ……. မြိုင်မာလာ……
ဟောဒီက အလှပလေး မြိုင်……မာ….. လာ….. ပါရှင်”
အငြိမ့်သမလေးမှာ ကိုယ့်နာမည်ကို မိတ်ဆက်ပြီးတာနဲ့ ထပ်မံ ကတော့သည်။ အငြိမ့်သမလေးမှာ ဇာတ်စင်ကို ပတ်ပြီးတော့ ကနေပါလေသည်။ ဆိုင်းဝိုင်းက အတီးအမှုတ်နှင့် အငြိမ့်သမလေးဟာလည်း အားကြိုးမာန်တက်ဖြင့် ကတော့သည်။ သိထား၊ တတ်ထား၊ သင်ထားသော အကပညာများကို အစွမ်းကုန် ထုတ်ပြလျက်ရှိတော့သည်။ အငြိမ့်သမလေးမှာ မမောမပန်းဘဲ ကပြဖျော်ဖြေနေလေသည်။ နောက်ပြီး အငြိမ့်သမလေးကို ကြည့်ရသည်မှာလည်း ပြုံးလို့ ပျော်လို့နေလေသည်။ ကပြရတာကို အလွန် နှစ်သက်သည်နှင့် ဟန်တူသည်။ တစ်ချက်တစ်ချက် အငြိမ့်သမလေးမှာ ပြုံးလိုက်ရင် ရင်ထဲကို စွဲသွားသယောင်ယောင်၊ ဟော တစ်ချက်ချက် ဝေ့ယမ်းပြီး ကလိုက်ရင်လည်း အသက်ရှူမေ့သယောင်ယောင် ဖြစ်သွားရအောင်လောက်ထိကို လှလွန်းပေသည်။ အငြိမ့်သမလေးဟာ မွေးလာကတည်းက အငြိမ့်နဲ့ပတ်သက်ပြီး ပါရမီထုံခဲ့သူဟု ဆိုရလောက်ပေမည်။
အငြိမ့်သမလေးမှာ ကနေရင်းနဲ့ အဆုံးသတ်တော့မယ်နဲ့ တူပါရဲ့။ ကကွက်တွေဟာ အငြိမ့်မင်းသမီးကြီးတွေ အဆုံးသတ်မှာ ကပြတဲ့ ပုံစံသို့ ဖြစ်လာသည်။ ဆိုင်းဝိုင်းမှ အတီးအမှုတ်တွေဟာလည်း အဆုံးသတ်သို့ ရောက်လာလေလေ အသံပိုပြီး မြိုင်လာလေလေပါဘဲ။ နောက်ဆုံးတော့ အငြိမ့်သမလေးမှာ အစွမ်းကုန် ကပြဖျော်ဖြေနေရင်းမှ ဇာတ်စင်အလွယ်တွင် အလှပဆုံး ထိုင်ချလျက်ဖြင့် လက်လေးတွေ သေသပ်စွာ ချိုးကာ အဆုံးသတ်လိုက်ပါလေသည်။ အငြိမ့်သမလေးလည်း အဆုံးသတ် ထိုင်ချလိုက်ရော ဆိုင်းဝိုင်းမှ ပတ်မကြီးသံဟာလည်း အချိန်ကိုက် ထွက်ပေါ်လာကာ အတီးအမှုတ်လည်း ရပ်သွားချေတော့သည်။ အငြိမ့်သမလေးဟာ ကပြဖျော်ဖြေပြီးသွားတာတောင် ပြုံးနေဆဲပင်။ တစ်ခဏလောက် ထိုင်အပြီးမှာ ထိုအငြိမ့်သမလေးဟာလည်း ထရပ်လိုက်ပါတော့သည်။ ထိုအချိန်တွင် ဇာတ်စင်နောက်မှ လက်ခုပ်တီးသံ တလွင့်လွင့်က ထွက်ပေါ်လို့လာလေသည်။ လက်ခုပ်တီးသံနှင့် အတူ ချီးမွမ်းစကားပါ တစ်ပါတည်း ပါလာတော့သည်။
“မိမာလာတို့ တယ်ကြိုးစားနေပါ့လား…… အစမ်းလေ့ကျင့်တာတောင် အစိန်ကြီး ကနေပါရောလား”
ဇာတ်ဆရာ ဦးသန်းကြွယ်မှာ အငြိမ့်သမလေး မြိုင်မာလာလေးကို အမွန်းတင်ရင်း အနားသို့ ရောက်လာလေသည်။ ဘေးတွင်လည်း ဇာတ်ဆရာ၏ ဇနီး ဒေါ်ခင်ခင်လှတို့လည်း ပါလာချေသည်။ မြိုင်မာလာမှာ အစမ်းလေ့ကျင့်တုန်းက အသားကုန် ကထားလေတော့ မောဟိုက်နေ၏။ ဒါကြောင့် မြိုင်မာလာ တစ်ယောက် ဇာတ်ဆရာ ဦးသန်းကြွယ်ကို အပြုံးလေးဖြင့် ခွန်းတုံ့ပြန်ရလေသည်။
“အမလေး…… မြိုင်မာလာတို့များနော်…… ပွဲဦးထွက်ကတည်းက မြိုင်မာလာဆိုတဲ့ နာမည်ရင်းနဲ့သာ ထွက်ခဲ့တာ၊ ဟော ခုများတော့ အားလုံးက မြိုင်မာလာမှ မြိုင်မာလာ ဖြစ်ကုန်ကြပြီ…… ညည်းနှယ့် စန်းကလည်းရှိ ဆိုတော့ ဘာပြောကောင်းမလဲ”
မြိုင်မာလာမှာ ဇာတ်ဆရာ၏ ဇနီးဖြစ်သူ ဒေါ်ခင်ခင်လှကို အပြုံးဖြင့် တစ်ချက် ကြည့်လိုက်သည်။ မောဟိုက်နေရာကနေ အမောပြေသွားတော့မှ မြိုင်မာလာလည်း ပြန်ဖြေလေတော့သည်။
“အဆို၊ အကမှာ အားထုတ်လို့ အခုလိုမျိုး နာမည်တစ်ခု ဖြစ်လာရတာပါ….. ဒေါ်လေးခင်”
“အိုး…….. ညည်းမှာ စန်းလည်း ရှိလို့ပါအေ……. တစ်ချို့တွေများ ညည်းလို ပွဲဦးထွက်ပြီး တန်းမပေါက်ပါဘူးတော်….. ညည်းက အထူး…. အထူး”
“ဟုတ်ပါတယ်…… ဒေါ်လေးခင် ပြောတဲ့ စန်းကြောင့် ဆိုတာ မာလာလည်း သိပါတယ်…… ဒါပေမယ့် အဆို၊အကတို့မှာ ပိုပြီး လက်ရည်ထွက်တော့ ပိုသိလာကြတာလည်း ပါပါတယ်”
“အိုး…… ဘယ်လို ဖြစ်ဖြစ်ပါအေ….. ညည်း ငါ့ယောကျာ်းဇာတ်မှာ ရှိနေတာကိုက ကံကောင်းနေပြီလို့ဘဲ ငါတော့ ထင်တယ်…… ညည်းကြောင့်ဘဲ ငါ့ယောကျာ်းဇာတ်က ပိုပြီး နာမည်ရလာတာ မဟုတ်လား….. ပြီးတော့ ညည်းလည်း ငါ့ယောကျာ်းဇာတ်မှာ ကပြီး နာမည်ရလာတာဘဲ မဟုတ်ဘူးလားအေ”
ဒေါ်ခင်ခင်လှ ပြောတော့ မြိုင်မာလာလည်း ပြုံးမိသည်။ ဒေါ်ခင်ခင်လှ ပြောသွားတာတွေက အဟုတ်အမှန်တွေဘဲကိုး။ မြိုင်မာလာက ငယ်ကတည်းက အကမှာ ပါရမီပါသူလေး ဖြစ်ခဲ့သည်။ အထူးသဖြင့် မြန်မာအကမှာ ပို၍ ပါရမီထုံသူ ဖြစ်လေသည်။ ဒါကြောင့် ငယ်ကတည်းက ဘုရားပွဲတို့မှာ မရှက်မကြောက် ၀င်ကခဲ့လေသည်။ ထိုမှတစ်ဆင့် မြိုင်မာလာလေး တစ်ယောက် အရွယ်ရောက်တော့ အငြိမ့်မင်းသမီး မြိုင်မာလာ အဖြစ် ဦးသန်းကြွယ်တို့ ဇာတ်မှာ ပထမဆုံး ၀င်ကခဲ့တော့သည်။ စစချင်းတော့ ခေါင်းဆောင်အငြိမ့်မင်းသမီး ဘယ်ဟုတ်ပါ့မလဲ။ ရှေ့ထွက်ကိုမှ အရံ အဖြစ်နဲ့ စခဲ့ရတာဘဲပေါ့။ အဲ့ဒီလိုကနေ ကြိုးစားပြီး ကလာလိုက်တာ ခေါင်းဆောင်အငြိမ့်မင်းသမီးလေး မြိုင်မာလာ ဆိုပြီး ဖြစ်လာရတဲ့အထိဘဲပေါ့။ အားလုံးက မြိုင်မာလာလေးရဲ့ စွမ်းရည်ကြောင့် ဖြစ်လာခဲ့ရတာကြီးဘဲပေါ့။ ဒေါ်ခင်ခင်လှ ပြောသလို စန်းကြောင့်လည်း ပါမှာပေါ့လေ။
“ကဲပါ မိန်းမရာ…… စကားတွေ သိပ်မများစမ်းပါနဲ့….. မြိုင်မာလာလည်း အစမ်းကျင့်ထားတာ မောနေရောပေါ့…… နားနေနေလေး နေရအောင် ပေးသွားနားစမ်းပါ…… ငါတို့လည်း သွားစရာ ရှိသေးတယ်မဟုတ်လား”
ဇာတ်ဆရာ ဦးသန်းကြွယ်က ပြောလာတော့ မြိုင်မာလာလေးလည်း အရင်က အကြောင်းတွေ တစ်ဖန်ပြန်တွေးနေရာကနေ ဇာတ်ဆရာကို တစ်ချက် ကြည့်မိလိုက်သည်။ ပြီးနောက် ခေါင်းလေးကို အသာလေး ပြန်ငိုက်စိုက်လိုက်လေသည်။
“အေအေ….. မြိုင်မာလာ သွားနားချေ….. မနက်ဖြန်ပွဲနေ့မှာ….. လှနေဖို့ လိုတယ်မလား…… လေ့ကျင့်ပြီးရင်လည်း သွားနားချေတော့”
“ဟုတ်ကဲ့…..”
မြိုင်မာလာလည်း အေးအေးလူလူ ပြန်ဖြေပြီး ဇာတ်စင်နောက်သို့ သွားဖို့ ပြင်လိုက်သည်။ မြိုင်မာလာ တစ်ယောက် စင်နောက်သို့ပင် မရောက်သေး ဇာတ်ဆရာကနေမှ
“ကဲ….ကဲ….. အားလုံး မနက်ဖြန်ပွဲ အတွက် အကောင်းဆုံး ဖြစ်အောင် အစွမ်းကုန် လေ့ကျင့်ထားကြ၊ ရေသာခိုမနေကြနဲ့၊ ယိမ်းသမားတွေ၊ ရှေ့ထွက်တွေနဲ့ အလယ်ထွက်တွေ အပျင်းတစ်မနေကြနဲ့….. မြိုင်မာလာကို အတုယူကြစမ်း……. ဟိုတစ်ယောက် မိသိန်းဖေ…… ညည်း အင်းအဲ လုပ်မနေနဲ့ လေ့ကျင့်ချိန်မှာ လေ့ကျင့်စမ်း……. ဒီလိုပုံနဲ့ ညည်းကို ခေါင်းဆောင်နေရာ ဘယ်လိုတင်ရမလဲ…… မြိုင်မာလာကို ကြည့်ပြီး စံထားကြဟေ့” ဆိုပြီး တစ်ခြားသူတွေကို မြိုင်မာလာနှင့် ခိုင်းနှိုင်းပြီး ပြောနေတော့သည်။ ဟိုဆူဒီဆူ လုပ်နေတော့၏။
မြိုင်မာလာလည်း ဇာတ်ဆရာစကားကို နားထောင်နေရင်း ပြုံးမိတော့တာပေါ့။ မြိုင်မာလာ အနေနဲ့ ချီးမွမ်းစကားတို့၊ ခိုင်းနှိုင်းပြောဆိုတဲ့ စကားတို့ကို ကြားနေကျမြဲပါဘဲ။ ဇာတ်ဆရာနှင့် ဇနီးသည်က တစ်ဖုံ၊ ဆိုင်းဆရာတွေက တစ်လှည့်၊ လူရွှင်တော်တွေလည်း ပါသကိုး၊ ယိမ်းသမလေးတွေလည်း ပါသေးသည်။ အခုလို ချီးမွမ်းစကား၊ ခိုင်းနှိုင်းပြောဆိုတဲ့ စကားတို့ ကြားတိုင်း မာလာသည် နားထောင်ပြီး ပြုံးနေတတ်သည်။ ထိုစကားတွေက မြိုင်မာလာရဲ့ ရင်ထဲကို ပီတိဖြစ်စေလို့ပင် ဖြစ်သည်။ သို့သော်ငြားလည်း တစ်ယောက်သော သူကတော့ မြိုင်မာလာကို ချီးမွမ်းစကား မဆိုဖူးပေ။ ဇာတ်ဆရာမှာ ပြောပြီးသည်နှင့် ဇနှီးသည်နှင့် အတူ ထွက်သွားလေသည်။ စင်နောက်သို့ မသွားသေးဘဲ နားထောင်နေတဲ့ မြိုင်မာလာမှာလည်း ဇာတ်ဆရာတို့ ဇနီးမောင်နှံ သွားတော့မှ စင်နောက်သို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ စင်နောက်သို့ ရောက်ဖို့ စင်ပေါ်က အဆင်းလှေကားလေးမှာ လှသိန်းဖေနှင့် ဆုံမိတော့ မြိုင်မာလာလည်း ပြုံးပြကာ လှေကားက ခပ်မြန်မြန်ဘဲ ဆင်းသွားတော့သည်။ ချိန်းထားဆိုထားသည်ကို သွားတွေ့ရအုန်းမှာ မလို့ပင် ဖြစ်သည်။
လှသိန်းဖေလည်း မြိုင်မာလာကို တွေ့တော့ လုပ်ပြုံးလေးဖြင့် ပြုံးပြသည်။ မြိုင်မာလာလည်း မြင်ကွင်းရှေ မရှိတော့မှ မျက်နှာကြီး မဲ့ရွဲ့ကာ ပွစိပွစိ လုပ်နေတော့၏။
“အလကား…… တစ်ယောက်ထဲ ချီးမွမ်းခံချင်လို့ ကြိုးစားချင် ဟန်ဆောင်နေတာ….. ပွဲနေ့ကြမှ မိသိန်းဖေတို့ ခေါင်းဆောင်မင်းမီးထက် လှနေအောင်ကို ကပြအုန်းမယ်” ဆိုကာ လှသိန်းဖေ တစ်ယောက် ကြုံးဝါးလိုက်သည်။
“ဟဲ့…… မိသိန်းဖေ…… ညည်း ဘာရပ်ငေးနေတာလဲ…. ဆရာကြီးက ညည်းကို လေ့ကျင့်ဖို့ ပြောသွားတယ်မလား……” ဆိုပြီး လူရွှင်တော် ဦးလုတ်ကြီးက အော်ခေါ်လေသည်။
“လာပါပြီ…… ဦးလုတ်ကြီးကလည်း လာပါပြီတော်…..” လို့ လှသိန်းဖေ တစ်ယောက် ပြန်ဖြေရင်း ဇာတ်စင် အလယ်သို့ ပြေးသွားလေတော့၏။
နောက်တော့ ဇာတ်စင်လေးဟာလည်း အတီးအမှုတ်၊ အကအလှဖြင့် တစ်ဖန် ပြန်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာပါတော့သည်။
မြိုင်မာလာ တစ်ယောက် လှလှပပလေး ဝတ်ဆင်ကာ တစ်နေရာရာသို့ သွားနေပါလေသည်။ လမ်းလျှေက်ရင်း ပြုံးနေလေတော့၏။ မြိုင်မာလာသည် ပြုံးပြုံးလေးနေတတ်သူ တစ်ယောက် ဖြစ်သည်။ လမ်းသွားရင်း တွေ့တဲ့သူတွေကိုလည်း ပြုံးပြနေလေသည်။ တစ်ချို့ ရွာသမလေးတွေဆိုရင် မြိုင်မာလာကို ချောကြောင်း၊ လှကြောင်း တီးတိုးလေး ရေရွတ်သွားကြလေသည်။ မြိုင်မာလာ အနေနဲ့ ထိုစကားတွေက ကြားနေကျဖြစ်တဲ့အတွက် သိပ်ပြီးတော့လည်း အထူးအဆန်း မဟုတ်တော့ချေ။ တစ်ကယ်တော့ မြိုင်မာလာမှာ ချစ်သူရည်းစား ဖိုးထင်နှင့် တွေ့ဖို့သွားနေတာ ဖြစ်လေသည်။ အခုက မြိုင်မာလာတို့ ဇာတ်အဖွဲ့ဟာ မြိုင်မာလာရဲ့ ရွာကို ရောက်လို့နေတာဘဲပေါ့။ မြိုင်မာလာတို့ ရွာက လယ်သမားတစ်ဦးကနေမှ အထွက်နှုန်းကောင်းတာကြောင့် မြိုင်မာလာတို့ ဇာတ်ကို ဘုရားပွဲအတွက် ခေါ်လိုက်တာဖြစ်ချေတော့သည်။ မြိုင်မာလာလည်း အိမ်ပြန်မရောက်တာ ဇာတ်အဖွဲ့နဲ့ လိုက်သွားပြီးကတည်းကဘဲဖြစ်သည်။ ဒီတော့ မြိုင်မာလာကတော့ ပျော်နေတော့တာပေါ့။
အခု ရည်းစားဖြစ်သူ ဖိုးထင်နှင် တွေ့ဖို့သွားရင်း အိမ်အရင်ဝင်ဖို့ ဆုံးဖြတ်ထားလေသည်။ ဒီတော့ မြိုင်မာလာ တစ်ယောက် အိမ်ကို အရင် ဦးတည်လိုက်တော့သည်။ အိမ်ကိုရောက်တော့ မိဘများနဲ့ တွေ့ရတဲ့အတွက် မြိုင်မာလာကတော့ ပျော်နေပါလေသည်။ မိဘတွေ၊ ညီမတွေနှင့် စကားလက်ဆုံကြနေတော့သည်။ ပြီးကာမှ မြိုင်မာလာ တစ်ယောက် ဖိုးထင်နှင် တွေ့ဖို့ကို သတိရတော့သည်။ ဒါနဲ့ ရွာထိပ်က ဘုန်းကြီးကျောင်းကို မြိုင်မာလာ ထွက်ခဲ့လိုက်တော့သည်။ ဘုန်းကြီးကျောင်းကို ရောက်တော့ ဖိုးထင်ရောက်နေတာကို မြိုင်မာလာ တွေ့လိုက်ရလေသည်။ ဒီတွင် ဖိုးထင် အနားသို့ မြိုင်မာလာ သွားလိုက်ပြီးတော့
“ရောက်နေတာကြာပြီလား....... ဖိုးထင်” ဆိုကာ မေးလိုက်ပါတော့သည်။
“မကြာသေးပါဘူးဟာ..... ခုနကမှ ရောက်တာ”
ဖိုးထင်က မရွှင်မပျဖြင့် ဖြေနေတော့ မြိုင်မာလာ တစ်ယောက်လည်း စိတ်မကောင်း ဖြစ်သွားရလေသည်။
“မျက်နှာက ဘာဖြစ်တာလဲ...... ငါ ပြန်လာတာကို နင်က မပျော်ဘူးလားလို့”
“ပျော်ပါတယ်..... ဒါပေမယ့် နင်ပြန်လာတာက ခဏဘဲလေ..... ပြီးရင် ဇာတ်အဖွဲ့နဲ့ ပြန်လိုက်သွားရမှာ မဟုတ်ဘူးလား...... ဒါနဲ့ အငြိမ့်မကလို့မရဘူးလား မာလာ.......”
“အငြိမ့်ကတာက ငါ့ရဲ့ ဝါသနာလို့ ပြောပြီးသားဘဲလေ..... ဖိုးထင်ရယ်....... အငြိမ့်မင်းသမီး ဖြစ်ချင်တာက ငါ့ရည်းမှန်းချက်ဆိုပြီး ဇာတ်အဖွဲ့နဲ့ မလိုက်သွာခင်က နင့်ကို ပြောခဲ့ပြီးပြီဘဲလေ......”
“ယောကျာ်းကြီးတွေက နင့်ကို လိုချင်တပ်မတ်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာကို ငါ မလိုလာဘူး မာလာ”
“ဖိုးထင်ကလည်း....... အဲ့တာတော့ ဘယ်ရမလဲ....... ပွဲလာကြည့်တဲ့သူတွေကို မကြည့်နဲ့ဆိုပြီးတော့ နှင်လွတ်လို့လည်းမရဘူးလေ”
“ငါလည်း သိပါတယ်..... ဒီအတိုင်း ငါက မကြိုက်ဘူးလို့ ပြောပြတာပါဟာ........”
“မနက်ဖြန် ပွဲကိုတော့ လာကြည့်မယ်မလား...... ဖိုးထင်”
“အချိန်ရရင် လာခဲ့မယ်လေ..... အိမ်က မေကြီးတို့ကတော့ နင်ကလို့ လာကြည့်ကြမယ်တဲ့လေ.........”
“ဟုတ်လား...... ဒါဖြင့် ဝမ်းသာစရာဘဲပေါ့........”
“ဒါနဲ့ နင့်ပွဲတိုင်း လာလာကြည့်တယ်ဆိုတဲ့ မြို့ကသူဌေးဆိုတဲ့သူကော လာမှာလား........”
“ဘယ်သူ့ကို ပြောတာလဲ...... ရှင်းအောင်ပြောစမ်းပါ ဖိုးထင်ကလည်း”
“နင့်ညီမကတော့ ပြောပြောနေတာဘဲ..... နင့်ပွဲကို သူဌေးသားတစ်ယောက် လာလာကြည့်တယ်ဆိုတာကို”
“အော်...... ကိုကျော်ဌေးကို ပြောတာလား...... သူက အလုပ်ရှုပ်နေရင် မလာပါဘူး...... ခုလည်း လာမှာမဟုတ်လောက်ပါဘူး.......”
“အေးပါ..... ပြီးတာပါဘဲ..... ဒါနဲ့ ပြန်ရအုန်းမယ်မလား...... မနက်ဖြန်အတွက် လိုရမယ်ရတွေ လုပ်ရအုန်းမယ်မလား”
“အင်း ဟုတ်တယ်.........”
ဒီလိုနဲ့ မြိုင်မာလာတို့ သမီးရည်းစားနှစ်ယောက်လည်း ဘုန်းကြီးကျောင်းလေးကနေ ပြန်လာလိုက်ကြလေသည်။ ဖိုးထင်ကတော့ မြိုင်မာလာကို ဇာတ်စင်ရှိတဲ့နေရာထိ လိုက်ပို့လေသည်။ ပြီးတာနဲ့ ပြန်သွားတော့သည်။ မြိုင်မာလာကတော့ ဇာတ်စင်နောက်သို့ ဝင်ပြီး ကိုယ့်နေရာကိုသွားလိုက်ပါလေသည်။ ပြီးနောက် မှန်လေးကို ကြည့်ကာ ဆံထုံးလေးကို ဖြေချလိုက်လေသည်။ ပြီးတာနဲ့ ဘီလေးဖြင့် ဆံပင်ကို ဖြီးလိမ်းနေတော့၏။ ထိုချိန် ယိမ်းသမလေးတစ်ချို့ ဇာတ်စင်နောက်သို့ ရောက်လာကြလေသည်။ ပြီးတာနဲ့ မြိုင်မာလာကို မြင်တော့ စကားတွေ ပြောနေကြတော့၏။
“မမမာလာ ပြန်လာပြီလား” ဆိုပြီး ယိမ်းသမ တစ်ဦးက ဆိုလာလေသည်။
“ဟုတ်ပါ့...... ပြန်ရောက်ပါ့တော်.......” လို့ မြိုင်မာလာ ပြန်ဖြေလိုက်လေသည်။
“ဘယ်လိုလဲ ရည်းစားနဲ့ တွေ့ရတော့ ပျော်ခဲ့ရဲ့လား မမမာလာ”
“အလိုတော်..... ရည်းစားနဲ့ သွားတွေ့တာ မဟုတ်ရဘူး...... အိမ်ကမိဘတွေနဲ့ တွေ့လာတာပါနော်”
“မမမာလာနော်.... သမီးတို့တွေကို လိမ်လို့ရမယ် မထင်နဲ့...... မမမာလာ ရည်းစားက ဒီရွာကဘဲဆိုတာ ကြားထားပါတယ်နော်.....” လို့ ယိမ်းသမ တစ်ဦးက ပြောလိုက်လျှင် ကျန်ယိမ်းသမလေးတွေက “ဟုတ်ပါ့” ဆိုကာ ထောက်ခံလာကြလေသည်။
“’ဟုတ်ပါပြီ...... ပျောခဲ့ပါတယ်ရှင်...... ပျော်ခဲ့ပါတယ်........”
“ဟီး......ဟီး...... တွေ့ရုံဘဲလား..... မမမာလာ” ဆိုကာ ယိမ်းသမကနေ ထပ်မေးလာလေသည်။
“ဟဲ့..... နားရှက်စရာတွေ...... ဘာတွေမေးနေတာလဲ........”
“အော်.... သမီးက လက်တွေဘာတွေ မကိုင်ခဲ့ဖူးလား မေးတာပါ..... မမမာလာကလည်း”
မြိုင်မာလာနဲ့ ယိမ်းသမလေးတွေ စကားကောင်းနေချိန်မှာဘဲ လှသိန်းဖေ တစ်ယောက် ဇာတ်စင်နောက်သို့ ရောက်လာပါလေသည်။ လှသိန်းဖေကတော့ ဘာသိဘာသာဘဲ နေနေလေသည်။ ဒီတွင် မြိုင်မာလာကနေမှ လှသိန်းဖေကို စကားလှမ်းပြောလိုက်တော့သည်။
“ဒီနေ့ အကတိုက်တာ အဆင်ပြေရဲ့လား လှသိမ်း.......”
လှသိမ်းဖေကတော့ မြိုင်မာလာကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ ပြီးမှ ပြန်ဖြေတော့သည်။
“အဆင်ပြေပါတယ်...... မာလာလိုတော့ အရမ်းကြီး ကောင်းမနေဘူးပေါ့လေ”
“မာလာလည်း အရမ်းကတတ်နေတာ မဟုတ်ပါဘူး.... လှသိန်းရယ်...... လှသိန်းလည်း မဆိုးပါဘူး...... ခန္ဓာကိုယ်လေးကို ဒီထက်ပျော့ပြီး ကရင် မာလာထက်တောင် ပိုလှအုန်းမှာ”
ထိုချိန် ယိမ်းသမလေးတွေကနေပြီး စကားဖြတ်ပြောလာကြလေသည်။
“မမမာလာ သမီးတို့ကိုလည်း ဘယ်လိုလေးကရမလဲဆိုတာ သင်ပြပါအုန်း”
သင်ယူလိုစိတ်ပြင်းပြတဲ့ ယိမ်းသမလေးတွေကြောင့် မြိုင်မာလာ ပြုံးမိလေသည်။ ပြီးတော့ ပြောမလို့ ဟန်ပြင်နေချိန်မှာဘဲ နောက်ထပ်ယိမ်းသမလေး ရောက်လာကာ
“မမမာလာ ဇာတ်ဆရာက တွေ့ချင်လို့တဲ့” ဆိုပြီး ပြောလာတော့သည်။
ဒီတော့ မြိုင်မာလာလည်း ယိမ်းသမလေးတွေကို နောက်မှ ပြောပြမယ် ဆိုတဲ့ အပြုံးလေး ပြုံးပြပြီးတော့ ဇာတ်ဆရာဆီသို့ သွားလိုက်ပါတော့သည်။ မြိုင်မာလာ ထွက်သွားတော့ လှသိန်းဖေမှာ ဆူပုတ်ပြီးတော့ တီးတိုး ရေရွတ်လိုက်ပါလေသည်။
“ဘယ်သူက သူ့ဆီက အကြံတောင်းနေလို့လဲ........ မုန်းလိုက်တာ”
မြိုင်မာလာမှာ ဇာတ်စင်နောက်ကနေ ထွက်ပြီး ဇာတ်ဆရာရှိတဲ့ အခန်းကို သွားလိုက်တော့သည်။ ဇာတ်ဆရာ အခန်းရှေ့ကို ရောက်တော့ မြိုင်မာလာမှ အသံပေးလိုက်ပါလေသည်။ အခန်းထဲက ဝင်လာဖို့ အချက်ပေးတော့မှ မြိုင်မာလာလည်း အခန်းထဲ ဝင်သွားလိုက်တော့သည်။ အခန်းထဲတွင် ဇာတ်ဆရာနှင့် ဇာတ်ဆရာဇနီးတို့က ထိုင်နေကြလေသည်။ မြိုင်မာလာလည်း ခေါ်ရတဲ့ အကြောင်းအရင်းကို မေးလိုက်တော့တာပေါ့။
“ခေါ်တယ်ဆို....... ဦးကြီး”
“ဟုတ်တယ်..... ထိုင်” ဆိုပြီး ဇာတ်ဆရာ ဦးသန်းကြွယ်ကပြောတော့ မြိုင်မာလာလည်း အနားက ခုံအလွတ်မှာ ထိုင်လိုကပါတော့သည်။
“ဘာများ ပြောစရာရှိလို့လဲ...... “ ဆိုပြီး မြိုင်မာလာ ထပ်မေးလိုက်ပြန်သည်။
“ပြောမှာပေါ့..... ညည်းကလည်း လောလိုက်တာအေ” လို့ ဇာတ်ဆရာရဲ့ ဇနီး ဒေါ်ခင်ခင်လှမှ ပြောလာလေသည်။
မြိုင်မာလာကတော့ ပြုံးသာပြုံးနေလိုက်တော့တာပေါ့။ ပြီးတော့ ဇာတ်ဆရာ ဦးသန်းကြွယ်ကနေပြီး ပြောလာပါလေတော့သည်။
“မနက်ဖြန် ကိုကျော်ဌေး လာမယ်ဆိုတာကို ပြောမလို့ပါ........”
“ကိုကျော်ဌေး လာမယ်.......” ဆိုပြီး မြိုင်မာလာ တစ်ယောက် အံ့ဩသံဖြင့် ပြောလိုက်ပါလေသည်။
“ဟုတ်တယ်........”
“ပြောတော့ အလုပ်ရှုပ်နေတာဆို........”
“အော်.... အဲ့တာက သူ့ကိစ္စလေ မိမာလာရယ်...... ငါတို့လည်း ဘယ်သိပါ့မလဲ” ဆိုကာ ဒေါ်ခင်ခင်လှ ဝင်ပြောလာလေသည်။
“ဒါနဲ့ ကိုကျော်ဌေး လာတာနဲ့ မာလာနဲ့က ဘာဆိုင်လို့လဲ ဦးကြီး” လို့ မြိုင်မာလာ မေးလိုက်ပါလေသည်။
“အော်..... ညည်းကလည်း.... ကိုကျော်ဌေးက ဒီဇာတ်အဖွဲ့ကို အမြဲထောက်ပံ့နေကျလေ.... အဲ့တော့ ဇာတ်အဖွဲ့ထဲက အလှပဂေးလေးနဲ့ ဧည့်ဝတ်ကျေပွန်ရမှာပေါ့” ဆိုပြီး ဒေါ်ခင်ခင်လှကနေပြီး ထပ်ပြောလာလေသည်။
မြိုင်မာလာကတော့ မျက်နှာညိုးနွမ်းသွားလေသည်။
“မာလာ ကိုကျော်ဌေးကို မကြိုက်ပါရစေနဲ့..... မာလာမှာ ရည်းစားရှိပါတယ်”
“အိုးကွယ့် ညည်းကို မကြိုက်ခိုင်းပါဘူးအေ့...... ညည်းမှာ ရည်းစားရှိတာလည်း သိပါတယ်အေ..... ခုဟာက ညည်းရွာမလို့ ဧည့်ဝတ်ကျေလိုက်လို့ ပြောတာပါ..... ရှင့် အငြိမ့်မင်းသမီးကို ပြောအုန်း ကိုသန်းကြွယ်ရယ်”
“ဟုတ်တယ်..... မာလာ ဒီအတိုင်း ရွာလေးကို လိုက်ပြပေါ့...... ကိုကျော်ဌေးက တစ်ရက်ဘဲ လာမှာပါ” ဆိုပြီး ဇာတ်ဆရာ ဦးသန်းကြွယ်ကပါ ပြောလာလေသည်။
မြိုင်မာလာကတော့ ဇာတ်ဆရာဦးသန်းကြွယ်ကို ကြည့်လိုက်တော့တာပေါ့။ ပြီးတော့ မြိုင်မာလာလည်း မတတ်သာတဲ့အဆုံး ခေါင်းညိတ်လိုက်ရတော့သည်။ ဇာတ်ဆရာဦးသန်းကြွယ်ကို အားနာလို့ လက်ခံလိုက်တာလည်း ဖြစ်ချေသည်။ ပြီးတာနဲ့ မြိုင်မာလာမှာ ဇာတ်ဆရာအခန်းလေးကနေ ထွက်လာလိုက်ပြီး ဇာတ်စင်နောက်သို့ သွားလိုက်ပါတော့သည်။
နောက်နေ့ရောက်တော့ မြိုင်မာလာမှာ မှန်ရှေ့မှာ မျက်နှာညိုးနွမ်းစွာဖြင့် ထိုင်နေပါလေသည်။ တစ်ခြားသူတွေက်တော့ ဇာတ်တိုက်၊ အကတိုက်နေကြလေသည်။ ဇာတ်စင်နောက်တွင် မြိုင်မာလာ တစ်ယောက်ထဲသာ ဖြစ်သည်။ ထိုချိန်တွင် ယိမ်းသမလေး တစ်ယောက်ကနေပြီး ဇာတ်စင်နောက်သို့ ရောက်လာကာ မြိုင်မာလာကို အသိလာပေးတော့သည်။
“မမမာလာ ကိုကျော်ဌေး ရောက်နေပြီလို့ ပြောခိုင်းလိုက်ပါတယ်”
ယိမ်းသမလေး စကားကို ကြားပြီး မြိုင်မာလာ မပျော်သလို ခံစားလိုက်ရပေမယ့် ယိမ်းသမလေးကို မြိုင်မာလာ အတတ်နိုင်ဆုံး ပြုံးပြလိုက်လေသည်။ ပြီးတာနဲ့ ထိုင်နေရာထပြီး ဇာတ်စင်ရှေ့သို့ သွားလိုက်ပါတော့သည်။ ဇာတ်စင်ရှေ့တွင် ဇာတ်ဆရာဇနီးမောင်နှံနှင့် ကိုကျော်ဌေးတို့ စကားပြောနေကြလေသည်။ ဇာတ်စင်ပေါ်တွင်တော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေကြပါတော့သည်။ မြိုင်မာလာလည်း ဇာတ်ဆရာတို့နား သွားလိုက်ပါလေသည်။ အနားရောက်တော့ မြိုင်မာလာကနေမှ ကိုကျော်ဌေးကို နှုတ်ဆက်စကားအရင်ဆိုလိုက်လေသည်။
“နေကောင်းရဲ့လား ကိုကျော်ဌေး”
“ကောင်းပါတယ်..... မာလာကော နေကောင်းတယ်မလား.......”
“ကောင်းပါတယ်ရှင်........ ဒေါင်ဒေါင်မြည်ပါဘဲ”
ပြီးတော့ ဇာတ်ဆရာ ဇနီး ဒေါ်ခင်ခင်လှကနေမှ မြိုင်မာလာကို ကိုကျော်ဌေးကို ခေါ်ပြီး ရွာထဲ လိုက်ပြခိုင်းလေတော့သည်။ ဒီတော့ မြိုင်မာလာလည်း မသွားချင်သွားချင်ဖြင့် ရွာထဲလိုက်ပြရပါလေတော့သည်။ ဇာတ်စင်ပေါ်တွင် ရှိနေသည့် လှသိန်းဖေကတော့ မြိုင်မာလာကို ကြည့်ပြီး မဲ့ပြုံး ပြုံးလိုက်ပါတော့သည်။
“မျက်နှာနှစ်မျိုးနဲ့ မိန်းမ..... မုန်းလိုက်တာ တစ်ကယ်ဘဲ” ဆိုပြီး လှသိန်းဖေ တီးတိုးလေး ရေရွတ်လိုက်လေသည်။
မြိုင်မာလာမှာ ကိုကျော်ဌေးကို ရွာထဲလိုက်ပြလေတော့သည်။ ရွာလေးက လိုက်ပြစရာတော့ သိပ်မရှိလှပါဘူး။ ဘုန်းကြီးကျောင်းရှိသည်။ စမ်းချောင်းလေး ရှိသည်။ လယ်ကွင်းတွေ ရှိသည်။ ဒီလောက်ပါဘဲ။ ပြီးတော့ ရွာလေးက သေးသေးလေးဆိုတော့ တစ်နေရာနဲ့ တစ်နေရာက သွားရတာ သိပ်မဝေးလှပေ။ အရင်ဆုံး မြိုင်မာလာမှာ ကိုကျော်ဌေးကို လယ်ကွင်းတွေဆီ ခေါ်သွားလေသည်။ ရွာတွေရဲ့ လည်ကွင်းက သိပ်ပြီးကို ကြည့်လို့လှကြသည်။ စံပါးပင်လေးတွေ ထိုးထိုးထောင်ထောင် ဖြစ်နေတာက အဓိကလို့ ပြောလို့ရလောက်သည်။ ပြီးတော့ လယ်ကွင်းတွေမှာ လယ်သမားတွေ ကျိုးကြားရှိနေကြတာက တစ်မျိုးလေး ကြည့်လို့လှနေတော့တာဘဲပေါ့။ မြိုင်မာလာကတော့ တစ်နေရာပြီး တစ်နေရာ လိုက်ပြနေလေသည်။ ကိုကျော်ဌေးကတော့ မြိုင်မာလာကို စကားပြောဖို့ ကြိုးစားနေတော့၏။
“ဒီရွာက မြိုင်မာလာတို့ ရွာလေးဆို...... အကို့ကို မြိုင်မာလာအိမ့် လိုက်ပြပါလား”
“အိုး..... အကိုရယ်..... ခုချိန်က မာလာတို့အိမ်မှာ ဘယ်သူမှမရှိကြဘူးရယ်..... လယ်ထဲကို သွားကြတယ်.... ပြီးမှ မာလာ မိတ်ဆက်ပေးပါ့မယ်”
“အကိုက ရောက်တုန်းရောက်ခိုက်လေး နှုတ်ဆက်ချင်လို့ပါ”
“ရပါတယ်..... အကိုကလည်း..... မာလာ့မိဘတွေက သူကြီးတွေလည်း မဟုတ်တာ.... နှုတ်ဆက်စရာမလိုပါဘူး”
“အကိုက.....”
ကိုကျော်ဌေးက စကားပြောမလို့ လုပ်ချိန်မှာ မြိုင်မာလာကနေမှ စကားဖြတ်ပြောလိုက်ပါတော့သည်။
“အကို့ကို ဘုန်းကြီးကျောင်း လိုက်ပို့မယ်...... ဘုန်းကြီးကျောင်းက တစ်ကယ့်ကို အေးအေးချမ်းချမ်းလေး”
ဒါနဲ့ မြိုင်မာလာလည်း ကိုကျော်ဌေးကို ဘုန်းကြီးကျောင်းသို့ လိုက်ပို့လေတော့သည်။ ဘုန်းကြီးကျောင်းသို့ သွားရာလမ်းတွင် ဖိုးထင်နှင့် ပက်ပင်းတိုးလေတော့သည်။ မြိုင်မာလာမှာ ဖိုးထင်ကို မြင်ပေမယ့် ဇာတ်ဆရာဇနီး ဒေါ်ခင်ခင်လှကနေပြီး ဇာတ်စင်နားက မထွက်ခင်တုန်းက ငါပြောတာတွေ သတိရဆိုပြီး မျက်နှာရိပ်မျက်နှာကဲ လုပ်ပြနေတာကြောင့် မြိုင်မာလာလည်း မသိသလို ဟန်ဆောင်ပြီးတော့ ဖြတ်လျှောက်သွားလေသည်။ ဖိုးထင်ကတော့ မြိုင်မာလာမှ မသိသလိုလုပ်ပြီး ဖြတ်လျှောက်သွားတော့ အံ့ဩသလို ဖြစ်သွားရလေသည်။ ဖိုးထင်မှာ သူ့ကိုကျော်သွားတဲ့ မြိုင်မာလာကို လှည့်ကြည့်လိုက်လေသည်။ ပြီးတော့ မြိုင်မာလာတို့နောက်ကို လိုက်သွားလေသည်။ မြိုင်မာလာတို့နားရောက်တော့ ဖိုးထင်မှ လှမ်းခေါ်လိုက်တော့သည်။
“မာလာ......” ဆိုပြီးတော့ပင်။
မြိုင်မာလာမှာ ဖိုးထင် ခေါ်တာကို မကြားချင်ယောင်ဆောင်ပြီး ဆက်သွားနေတော့သည်။ ထိုတွင် ဖိုးထင်ကနေ ထပ်ခေါ်လိုက်ပါလေသည်။
“မာလာ.......”
ဒီတစ်ခါတွင်တော့ ကိုကျော်ဌေး တစ်ယောက်လည်း ရပ်ပြီးတော့ နောက်လှည့်ကြည့်ကာ ဖိုးထင်ကို ပြန်ပြောလေပါတော့သည်။
“ငါ့ညီက မာလာကို သိလို့လား...... ဒါမှမဟုတ်..... မာလာရဲ့ ပရိသတ်လား”
ဖိုးထင်မှာ မြိုင်မာလာကို စူးစူးရဲရဲကြည့်ပြီး အနားသို့ သွားလိုက်ပါတော့သည်။ မြိုင်မာလာကတော့ ဖိုးထင်ကို မျက်နှာညိုးနွမ်းစွာဖြင့် ကြည့်နေလေတော့၏။ အနားရောက်တာနဲ့ ဖိုးထင်လည်း ကိုကျော်ဌေးကို အဖြေပြန်ပေးလိုက်ပါလေသည်။
”မာလာကို သိရုံတင်မကဘူး....... မာလာက ကျွန်တော့် ရည်းစားပါ.........”
“ဟုတ်လား....... မာလာ......” ဆိုကာ ကိုကျော်ဌေးမှ မြိုင်မာလာဆီ အတည်ပြုဖို့ မေးလိုက်ပါတော့သည်။
“ဟုတ်ပါတယ်......” လို့ မြိုင်မာလာ တစ်ယောက် တီးတိုးလေး ရေရွတ်လိုက်ပါလေသည်။
ဒီတွင် ဖိုးထင်မှ မြိုင်မာလာ လက်ကို ဆွဲကိုင်လိုက်ပြီးတော့ တစ်နေရာရာကို ခေါ်သွားဖို့ လုပ်လေတော့သည်။ ကိုကျော်ဌေးကလည်း မြိုင်မာလာ လက်ကို ခပ်မြန်မြန်ဘဲ ဖမ်းဆွဲလိုက်လေသည်။
“ကိုယ့်ညီ....... ပြောစရာရှိရင် ဒီမှာဘဲ ပြောပါ.......”
“ကိုယ့်ရည်းစားဘဲ...... ဘယ်ကို ခေါ်သွားသွား ခင်များနဲ့ ဘာဆိုင်လို့လဲ..........” လို့ ဖိုးထင်က ပြောလိုက်ပါလေသည်။
“ဖိုးထင်..... ဒါ ဒီကို လာတဲ့ ဧည့်သည်...... စကားကို ကောင်းကောင်းလေးပြောပေးပါ” ဆိုကာ မြိုင်မာလာ ပြောလိုက်လေသည်။
ဖိုးထင်ကတော့ မြိုင်မာလာကို လှည့်ကြည့်လိုက်တော့သည်။ မြိုင်မာလာမှာ ဖိုးထင်ကို မျက်နှာငယ်လေးနဲ့ ကြည့်နေပါလေသည်။ ပြီးတော့ ဖိုးထင်ကနေပြီး မြိုင်မာလာ လက်ကို လွတ်ပေးလိုက်လေတော့သည်။ ဒီတွင် ကိုကျော်ဌေးလည်း မြိုင်မာလာ လက့်ကို လွတ်လိုက်တော့သည်။ ပြီးတာနဲ့ မြိုင်မာလာလည်း ကိုကျော်ဌေးကို ကြည့်ကာ
“ပြန်ကြရအောင်..... ကိုကျော်ဌေး..... မာလာလည်း ပွဲအတွက် လုပ်စရာလေး ရှိနေသေးလို့ပါ” လို့ ပြောလိုက်လေသည်။
ပြီးတော့ မြိုင်မာလာနဲ့ ကိုကျော်ဌေးတို့ နှစ်ယောက်လည်း ဇာတ်စင်ဆီသို့ ပြန်သွားလိုက်ကြတော့သည်။ ဖိုးထင်ကတော့ မြိုင်မာလာကို နားမလည်တဲ့ ပုံစံဖြင့် ကြည့်လျက် စိတ်တိုကာ ကျန်ရစ်ခဲ့ပါလေသည်။
ညရောက်တော့ ဇာတ်ပွဲကြီးလည်း စတင်လေတော့သည်။ ဇာတ်စင်ရှေ့တွင် လူတွေကြိတ်ကြိတ်တိုး ဖြစ်လာတော့သည်။ မြိုင်မာလာကတော့ ဇာတ်စင်နောက်တွင် ပြင်ဆင်နေပါလေသည်။ ဇာတ်စင်ပေါ်တွင်လည်း စနေပါလေပြီ။ တီးမှုတ်သံတွေလည်း စုံစုံလင်လင် ကြားနေရချေပြီ။ မြိုင်မာလာကတော့ မှန်ရှေ့လေးတွင် ထိုင်နေလေတော့သည်။ ထိုအချိန်တွင် ယိမ်းသမလေး တစ်ယောက် ရောက်လာပြီး မြိုင်မာလာကို ဇာတ်ဆရာက ခေါ်ကြောင်း လာပြောချေတော့သည်။ ဒီတွင် မြိုင်မာလာလည်း ဇာတ်ဆရာ အခန်းသို့ သွားလိုက်ပါလေသည်။ အခန်းထဲ ရောက်တော့ မြိုင်မာလာလည်း ဇာတ်ဆရာကို ခေါ်လိုက်တော့သည်။
“ဦးကြီး.........”
ထိုအချိန်မှာဘဲ ဇာတ်ဆရာရဲ့ အခန်းတံခါးက ပိတ်ပြီး ကိုကျော်ဌေး ဝင်လာတာကို မြိုင်မာလာ တွေ့လိုက်ရလေသည်။ ကိုကျော်ဌေးကို မြင်တော့ မြိုင်မာလာ အံ့ဩသွားပါတော့သည်။ ပြီးတော့ ဇာတ်ဆရာ ဘယ်မှာလဲဆိုပြီး မေးလိုက်လေသည်။
“ဦးကြီးကော......”
“ကို ခေါ်လိုက်တာပါ.... မာလာ........”
“အော်...... မာလာကို ဘာများပြောစရာရှိလို့လဲ.......”
“ကို မာလာ့ကို လက်ဆောင်လေး ပေးချင်လို့ပါ..... ကို တွေ့ခဲ့တဲ့ ဆွဲကြိုးလေး တစ်ကုံးက မာလာနဲ့ဆို လိုက်မယ် ထင်လို့ပါ”
“အိုး...... ကိုကျော်ဌေးရယ် မာလာ လက်မခံပါရစေနဲ့....... အရင်က ကိုကျော်ဌေး ပေးထားတာနဲ့တင်ကို များနေပါပြီ”
“ယူပါ...... လက်ခံပေးပါ”
“မယူပါရဲ့......” လို့ မြိုင်မာလာ ပြောလိုက်ပြီး “ပွဲကရတော့မှမလို့ သွားရတော့မယ်” လို့ ထပ်ပြောကာ မြိုင်မာလာ အခန်းထဲက ထွက်ဖို့လုပ်တော့သည်။
အဲ့အချိန်မှာဘဲ ကိုကျော်ဌေး တစ်ယောက် မြိုင်မာလာကို ဖမ်းဆွဲထားလိုက်ပါတော့သည်။ မြိုင်မာလာလည်း အံ့ဩပြီး ကိုကျော်ဌေးကို လွတ်ဖို့ ပြောလိုက်ပါလေသည်။
“လွတ်ပါ ကိုကျော်ဌေး....... ဒါဘာလုပ်တာလဲ........”
“ကို မစောင့်နိုင်တော့ဘူး မာလာ...... မာလာကို ကို လိုချင်နေခဲ့တာ ကြာလှပြီ..... ကို့ကို လက်ခံပေးပါ မာလာ”
“ဟင့်အင်း..... ဟင့်အင်း..... မာလာ့မှာ ချစ်ရမယ့်သူရှိတယ်.......” ဆိုပြီး မြိုင်မာလာ ငြင်းလိုက်လေသည်။
“ချစ်ရမယ့်သူဘဲ ရှိတာလေ....... မာလာ့ရဲ့ တရားဝင်လင်ယောကျာ်းမှ မဟုတ်တာ.... ပြီးတော့လည်း အဆင့်အတန်းအရ ကြည့်မယ်ဆိုရင်လည်း ကိုက ပိုသာတယ်လေ.... မာလာ စဉ်းစားပါ”
“ဟင့်အင်း..... မာလာ့ကို လွတ်ပါ”
ကိုကျော်ဌေးမှာ မာလာရဲ့ လက်ကို ကိုင်ထားရာကနေ ပုခုံးကို ပြောင်းကိုင်လိုက်ပြီး အတင်းနမ်းဖို့ ကြိုးစားလေတော့သည်။ မြိုင်မာလာလည်း လက်နှစ်ဖက်ကို အသုံးပြုကာ အတင်းရုန်းလေသည်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာဘဲ မြိုင်မာလာ တစ်ယောက် လက်တစ်ဖက်ကို အားထည့်ပြီးတော့ ကိုကျော်ဌေးကို ပါးရိုက်လိုက်တော့သည်။ ကိုကျော်ဌေးမှာ ပါးရိုက်ခံလိုက်ရတော့ စိတ်တိုသွားပြီး မြိုင်မာလာကို ပြန်ပြီး ပါးရိုက်လိုက်တော့သည်။ အားနဲ့ ရိုက်လိုက်တာကြောင့် မြိုင်မာလာလည်း လဲကျသွားလေသည်။ ကိုကျော်ဌေးက ခဏက အပြုအမှုကြောင့် မြိုင်မာလာကို ကြောင်ပြီး ကြည့်နေပါလေသည်။
ပြီးကာမှ “မြိုင်မာလာ” ဆိုပြီး ထူမလို့ လုပ်တော့ မြိုင်မာလာလည်း ကိုကျော်ဌေးလက်ကို ဖယ်ထုတ်ပြီး အခန်းထဲ ထွက်သွားလိုက်ပါတော့သည်။
အခန်းရှေ့တွင် ဇာတ်ဆရာဇနီးကို မြင်တော့ မြိုင်မာလာလည်း စိတ်နာတဲ့ အကြည့်ဖြင့် လှမ်းကြည့်ပြီး ဇာတ်စင်နောက်သို့ ပြေးသွားလေတော့သည်။ ကိုကျော်ဌေးလည်း ထွက်လာပြီး မြိုင်မာလာနောက် လိုက်သွားလေသည်။ အဲ့ဒီအချိန်မှာ ဖိုးထင်လည်း ဇာတ်စင်နောက်သို့ ရောက်နေပါလေသည်။ မြိုင်မာလာမှာ မျက်ရည်ဝဲလျက် ဇာတ်စင်နောက်သို့ ရောက်လာတော့သည်။ ဇာတ်စင်နောက်မှာ ဖိုးထင်ကို တွေ့တော့ မြိုင်မာလာလည်း ဖိုးထင်ကို ဖက်ပြီးတော့ ဂျုံးပွဲကျ ငိုလေတော့သည်။ ဖိုးထင်ကတော့ အံ့ဩကာနေလေသည်။
အချိန်ကိုက်စွာဘဲ ကိုကျော်ဌေးလည်း “မာလာ” လို့ ခေါ်ရင်း ဇာတ်စင်နောက်သို့ ရောက်ချလာတော့သည်။ ဖိုးထင်မှာ တစ်မျိုးထင်သွားလေသည်။ ဒီတွင် ဖိုးထင်မှ မြိုင်မာလာကို ဖက်ထားရာကနေ တွန်းထုတ်လိုက်တော့သည်။ မြိုင်မာလာလည်း အံ့ဩပြီး နောက်လှည့်ကြည့်မိတော့ ကိုကျော်ဌေးကို တွေ့လိုက်ရလေသည်။ ကိုကျော်ဌေးမှာ ဖိုးထင်ကို မြင်တော့ ရပ်ကြည့်နေရာကနေ ပြေးထွက်သွားတော့သည်။ ဖိုးထင်လည်း ဇာတ်စင်နောက်ကနေ ထွက်သွားမလို့ လုပ်တော့ မြိုင်မာလာမှာ ဖိုးထင်လက်ကို ဆွဲလိုက်ပါလေသည်။
ပြီးတော့ “ဖိုးထင်..... နင် ထင်သလို မဟုတ်ပါဘူး” လို့ ပြောလိုက်လေတော့သည်။
ဖိုးထင်မှာ မြိုင်မာလာလက်ကို ပုတ်ထုတ်လိုက်တော့သည်။ အားနဲ့ဆိုတော့ မြိုင်မာလာလေး လဲကျသွားလေသည်။
“နေ့လည်ကတည်းက ငါ့ကို မမြင်ချင်ယောင်ဆောင်သွားကတည်းက သိလိုက်ရမှာ”
“ငါ နင့်ကိုဘဲ ချစ်တာပါ ဖိုးထင်ရယ်..... နင့်ကိုဘဲ ချစ်တာပါ” လို့ မြိုင်မာလာ တစ်ယောက် လဲကျရာကနေ ထပြီးတော့ ဖိုးထင်ကို ပြောလိုက်ပါလေသည်။
ဖိုးထင်မှာ မြိုင်မာလာဘက် လှည့်ပြီးတော့ မြိုင်မာလာရဲ့ ပုခုံးနှစ်ဖက်ကို ကိုင်ကာ “နင်က မိန်းမပျက်ဘဲ မြိုင်မာလာ” လို့ ပြောပြီး ဆောင့်တွန်းလိုက်တော့သည်။
မြိုင်မာလာလေးမှာ ထပ်မံလဲကျသွားလေသည်။ ဖိုးထင်ကတော့ ထွက်သွားတော့သည်။ မြိုင်မာလာမှ ထိုနေရာလေးမှာ ငိုလေတော့၏။ အဲ့ဒီအချိန်မှာ ယိမ်းသမလေး တစ်ဦးကနေမှ မြိုင်မာလာကို ကဖို့ အလှည့်ရောက်တော့မယ်ဆိုကာ လာပြောလေသည်။ မြိုင်မာလာလည်း ငိုနေရာကနေ မျက်ရည်တွေကို ကမန်းကတမ်း သုတ်လိုက်ပြီးတော့ အနီးအနားက မှန်ကို ယူကာ ကိုယ့်ကိုယ်ကို ကြည့်လိုက်ပါလေသည်။ ပြီးတာနဲ့ ဇာတ်စင်ရှေ့သို့ သွားလိုက်ပါလေသည်။ မြိုင်မာလာမှာ လိုက်ကာနောက်သို့ မသွားမီ ဆိုင်းဝိုင်းက ဆိုင်းဆရာတွေကို သူအချက်ပြမှ အတီးအမှုတ်ရပ်ဖို့ ပြောလိုက်ပါလေသည်။ ပြီးတော့ ဇာတ်စင်အလယ်သို့ အသွား ကပြဖျော်ဖြေပြီးသွားတော့ လှသိန်းဖေနဲ့ ဆုံတော့ အကြံလေး တစ်ခု ပြောပြလိုက်ပါလေသည်။
“လှသိန်း..... ခေါင်းဆောင် မင်းသမီး မဖြစ်ချင်ပါနဲ့” ဆိုသည့် စကားပင် ဖြစ်သည်။ လှသိန်းဖေကတော့ ကြောင်သွားလေသည်။
မြိုင်မာလာလည်း စင်အလယ်မှာ နေရာယူအပြီးမှာ လိုက်ကာလည်း မြင့်တက်လာပြီး အတီးအမှုတ်လည်း တစ်ခါတည်း ထွက်ပေါ်လာတော့သည်။ မြိုင်မာလာလည်း တီးလုံးသံကြားတာနဲ့ စကလေတော့၏။ မြိုင်မာလာမှာ တော်တော်ကြာတဲ့အထိကို ကနေပါလေသည်။ ဆိုင်ဆရာတွေကလည်း မြိုင်မာလာ ပြောတဲ့အတိုင်း အချက်မပြမချင်း တီးမှုတ်နေပါတော့သည်။ မြိုင်မာလာမှာ ကနေရင်း ဖိုးထင်ပြောတဲ့စကားတွေ ကြားယောင်လာပါတော့သည်။ ပြီးတာနဲ့ အားပါပါနဲ့ကပြီး အမောဖောက်ကာ မြိုင်မာလာလည်း စင်ပေါ် လဲကျသွားပါလေတော့သည်။ တီးလုံးနဲ့ သီချင်းသံကတော့ မရပ်ဘဲရှိလေတော့သည်။
“မြိုင်မာလာ...... မြိုင်မာလာ...... မြိုင်မာလာ........ “
....................................
ထွဋ်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory