
ဆောင်းရာသီကုန်လို့ နွေရာသီသို့ ကူးခဲ့လေပြီ။ နွေရာသီဆိုတဲ့အတိုင်း ရာသီဥတုက ခပ်ပူပူပင် ဖြစ်သည်။ နွေရူးလေ တစ်ချက်တိုက်အခတ်မှာ သစ်ပင်များဆီမှ သစ်ရွက်ခြောက်တွေဟာ ကြွေကျလျက် ရှိတော့သည်။ ဒီတော့ လမ်းမထက်တွေမှာ သစ်ရွက်ခြောက်လေးတွေက နေရာယူထားလျက်ရှိလေတော့၏။ နွေရာသီလို့ဆိုလိုက်ပြီဆိုရင် ပူပြင်းခြောက်ကပ်နေတဲ့ ပတ်ဝန်းကျင်ကို အရင်ဆုံးပြေးမြင်မိမှာ အသေအချာဘဲပေါ့။ ပြီးတော့ ဆယ်တန်းစာမေးပွဲကြီး ကျင်းပတာရောပေါ့။ မတ်လဆိုတဲ့ နွေအဝင်ဆောင်းအကုန်တွင် ကျောင်းသား၊ ကျောင်းသူတွေဟာဆိုရင် ဘဝကို အဆုံးအဖြတ်ပေးမယ့် စာမေးပွဲကြီးကို ဖြေဆိုကြပါတော့သည်။ ပြီးတွင်တော့ အားလုံးပျော်ရသည့် သင်္ကြန်အခိုက်အတန့်ကို ရောက်ပြီဘဲပေါ့။
ဧပြီလဟာဆိုရင် မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးလဘဲ ဖြစ်ချေသည်။ ဧပြီလမတိုင်ခင် ရှေ့လတွေမှာ အမျိုးမျိုးသော နည်းလမ်းတွေဖြင့် နှစ်သစ်ကို ကူးခဲ့ကြပြီးပြီဘဲ ဖြစ်လေသည်။ ဧပြီလကို ရောက်ရင်တော့ မြန်မာဓလေ့ နှစ်သစ်ကူးဖြစ်သည့် သင်္ကြန်ကို ကျင်းပကြလေသည်။ သင်္ကြန်ဆိုတာက နှစ်ဟောင်းမှ အညစ်အကြေးတွေကို သန့်စင်တဲ့ သဘောအနေနဲ့ တစ်ယောက်ကို တစ်ယောက် ရေပက်ဖျန်းကြတဲ့ ဓလေ့ဘဲဖြစ်လေသည်။ သင်္ကြန်ကို အကြို၊ အကျ၊ အကြတ်၊ အတက်ဆိုပြီး လေးရက်ကျင်းပလေ့ရှိလေသည်။ မြန်မာသက္ကရာဇ် ရက်ထပ်နှစ်ကျရင်တော့ အကြတ်နေ့ကို နှစ်ရက်တွက်ပြီး ငါးရက်တိတိ ကျင်းပကြပါတော့သည်။ သင်္ကြန်ရောက်ပြီဆိုရင် ရုံးတွေလည်း အသီးသီး ပိတ်ပေးကြလေသည်။ သင်္ကြန်ဆိုပြီးတော့ ဆယ်ရက်ပိတ်ပေးလေသည်။ ပြီးတော့ ပြက္ခဒိန်မှာကိုက သင်္ကြန်ရုံးပိတ်ရက်ဆိုပြီး တစ်ခါတည်း ဖော်ပြပေးထားလေသည်။ ဒီတော့ သင်္ကြန်ရောက်ပြီဆိုတာနဲ့ ရုံးဝန်ထမ်းအများစုဟာလည်း သူတို့အစီအစဉ်နဲ့သူတို့ ရှိကြလေသည်။ ခရီးသွားတာတို့၊ မိဘအိမ်ပြန်တာတို့ လုပ်ကြလေသည်။
ထိုလူတစ်စုထဲတွင်တော့ စုမြတ်တို့ မပါဝင်ပေ။ စုမြတ် တစ်ယောက်ကတော့ သင်္ကြန်ကို ဘယ်မှမသွားဘဲ ငှားနေတဲ့ တိုက်ခန်းမှာနေဖို့ကိုသာ ဆုံးဖြတ်ထားလေသည်။ စုမြတ်တို့ ကုမ္မဏီက ပိတ်ရက်မပေးတာမဟုတ်။ ပိတ်ရက်ရှည်ပေးလေသည်။ စုမြတ်နဲ့ အလုပ်အတူတူ လုပ်တဲ့သူတွေကတော့ ခရီးထွက်ကြတာတို့၊ အိမ်ပြန်တာတို့ စီစဉ်ကြလေသည်။ နောက်ပြီး စုမြတ်နဲ့ တူတူ တိုက်ခန်းစပ်တူငှားတဲ့ အခန်းဖော်နှစ်ယောက်ဟာလည်း အလုပ်ပိတ်လို့ဆိုကာ အိမ်ပြန်သွားကြလေသည်။ အမှန်တော့ စုမြတ်လည်း အိမ်ပြန်ချင်ပါလေသည်။ အိမ်ကလည်း စုမြတ်ကို ပြန်လာစေချင်လေသည်။ အိမ်နဲ့ ဝေးတဲ့နေရာမှာ အလုပ်လုပ်နေပြီး အိမ်ကိုပြန်ထောက်နေတဲ့ စုမြတ်ကို နားနားနေနေတော့ နေစေချင်ကြလေသည်။ သို့သော်လည်း အိမ်မပြန်လာဖို့ကို စုမြတ်ကဘဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ချေသည်။ အကြောင်းအရင်းကတော့ တိုက်ခန်းငှားခကြောင့်ဘဲဖြစ်သည်။ တိုက်ခန်းငှားခကို ပေးထားတော့ ဆယ်ရက်လောက် မနေလိုက်ရင် အခန်းပိုင်ရှင်အတွက် အမြတ်ဖြစ်သွားမှာဘဲပေါ့။ စုမြတ်ဟာ ငှားခပေးထားရပြီး လအပြည့်မနေရတာကို မလိုလားပေ။ ဒီတော့ အိမ်ကို မပြန်လာတော့ဖို့ကို သေချာပြောပြလေသည်။ အိမ်ကမိဘတွေကတော့ စုမြတ်ကို ပြန်လာဖို့ကိုသာ ပြောနေတော့တာပေါ့။ ခေါင်းမာတဲ့ စုမြတ်ကတော့ အိမ်မပြန်ဖို့ကိုဘဲ ရွေးချယ်ခဲ့လေသည်။
အတူတူနေတဲ့ အခန်းဖော်နှစ်ယောက်ကတော့ ပိတ်ရက်စတာနဲ့ သူတို့နေရပ်ကို အသီးသီး ပြန်သွားကြလေသည်။ ဒီတော့ တိုက်ခန်းတွင် စုမြတ် တစ်ယောက်သာ ကျန်ခဲ့လေသည်။ မိန်းကလေး တစ်ယောက်ထဲ ကျန်ခဲ့ရတာဆိုတော့ စုမြတ်အနေနဲ့ အတော်လေးကို သတိထားပြီး နေခဲ့ရလေသည်။ အပြင်တွေဘာတွေသွားရင် ပိုပြီး သတိရှိရလေသည်။ အပြင်သွားလို့ရှိရင် စုမြတ်တစ်ယောက် သူနေနေတဲ့ ရပ်ကွက်ထိပ်လေးမှာ သင်္ကြန်အတွက် မဏ္ဍပ်အသေးလေး ဆောက်နေတာကို တွေ့ခဲ့လိုက်ရလေသည်။ စုမြတ်မှာ မိန်းကလေး တစ်ယောက်ထဲကျန်ခဲ့တာကို အသိမခံချင်တာကြောင့် ညနေဘက်ဆိုတာနဲ့ ပြန်လာလေပြီ။ တစ်ခါတစ်လေကျရင်တော့ ရပ်ကွက်ထဲဖွင့်ထားတဲ့ အသုပ်ဆိုင်လေးမှာသာ မနက်၊နေ့၊ညနေ သုံးနပ်စာ ပါဆယ်ဝယ်စားလေသည်။ တစ်ခါတစ်လေတော့ အိမ်နဲ့ဖုန်းပြောရင်း အချိန်ကုန်ဆုံးလေသည်။
ဒီလိုနဲ့ သင်္ကြန်အကြိုနေ့ကို ရောက်လာခဲ့လေသည်။ စုမြတ်ကတော့ ပိတ်ရက်ဆိုပြီး မေ့မေ့ပျောက်ပျောက်နေလိုက်မိတာ သင်္ကြန်အကြိုနေ့ရောက်တာကိုတောင် မသိလိုက်။ အခုလည်း အိပ်ယာထချိန်မှာ သင်္ကြန်သီချင်းတွေ မြိုင်နေအောင်ဖွင့်နေတာကို ကြားတော့မှ ပြက္ခဒိန်ပြေးကြည့်ပြီး သင်္ကြန်အကြိုနေ့ဆိုတာ သိခဲ့လေသည်။ ပြီးတော့လည်း စုမြတ် အိပ်ယာထတဲ့ချိန်က ဆယ်နာရီပင် ထိုးလေပြီ။ ပိတ်ရက်ကြောင့် ကြာကြာအိပ်လိုက်တာလည်းပါလေသည်။ သင်္ကြန်သီချင်းတွေက ဟိုနေရာ၊ ဒီနေရာကနေပြီး အပြိုင်ဟဲနေကြတော့သည်။ ဒီတော့ စုမြတ်လည်း မျက်နှာသစ်ပြီးတော့ ဝရံတာဘက် ထွက်ကြည့်လိုက်လေသည်။ သင်္ကြန်အကြိုနေ့ဆိုပေမယ့် ရပ်ကွက်ထဲက တစ်ချို့ကလေးတွေကတော့ ရေဆော့နေကြတော့သည်။ ဒီပုံအတိုင်းဆို စုမြတ် အောက်ဆင်းလို့မဖြစ်တော့ပေ။ တော်ကြာနေ ရေစိုပြီး ပြန်လာနေရမှာဘဲ ဖြစ်သည်။ စုမြတ် တစ်ယောက် ကလေးတွေ ရေဆော့နေတာကို ကြည့်ပြီး ပြုံးလိုက်မိသည်။ ဘာကြောင့်ဆို ငယ်စဉ်အခါကလည်း သင်္ကြန်အကြိုနေ့ဆိုတာနဲ့ ရေဆော့ချင်တာဘဲသိတဲ့ ကိုယ့်အဖြစ်ကို တွေးလိုက်မိလို့ပင် ဖြစ်သည်။ ပြီးတာနဲ့ စုမြတ် အခန်းထဲ ပြန်ဝင်ကာ မနက်စာအတွက် ရှာကြံလေတော့သည်။
သင်္ကြန်အကြိုနေ့ကို စုမြတ်တစ်ယောက် တစ်နေ့လုံးမထွက်ဘဲ အိမ်တွင်း အောင်းနေခဲ့လေသည်။ ဖုန်းကြည့်လိုက်၊ စာအုပ်လေး ဖတ်လိုက်နဲ့ အလုပ်ရှုပ်နေတော့တာပေါ့။ ကြားနေရတဲ့ သင်္ကြန်သီချင်းဆိုတာကလည်း ရပ်သွားတယ်ကို မရှိပါဘူး။ တစ်ပုဒ်ပြီးတစ်ပုဒ် လာနေတော့သည်။ တစ်ခါတစ်လေတော့ သီချင်းထပ်တာမျိုးတွေ ရှိလေသည်။ သို့သော်လည်း သင်္ကြန်ချိန်အတွင်းမှာ သင်္ကြန်သီချင်းကို ကြားနေရတာက စိတ်ထဲအတော်လေးကို ကြည်နူးစေမိတော့သည်။ ဖုန်းကိုကြည့်ပြန်ရင်လည်း သင်္ကြန်အကြိုဖွင့်ပွဲလုပ်နေကြတာတွေကို တွေ့မြင်နေရမှာဘဲ ဖြစ်သည်။ ဖုန်းကြည့်၊ စာအုပ်ဖတ်ရင်း ပျင်းလာရင်တော့ စုမြတ် တစ်ယောက် ဝရံတာဘက် ထွက်ကာ ရေဆော့နေကြတဲ့ ကလေးတွေကို လိုက်ကြည့်နေလေသည်။ ပြီးတော့ ရပ်ကွက်လမ်းကြားလေးထဲမှာ ဘာတွေလုပ်နေကြသလဲဆိုတာကို စူးစမ်းကြည့်လေသည်။ သင်္ကြန်အကြိုဆိုတော့ စတုဒိသာကျွေးတာတွေလည်း သိပ်မရှိသေးပေ။ ဒီတော့ စုမြတ်လည်း ညနေကျတော့မှ အောက်ဆင်းဖို့ ဆုံးဖြတ်ပြီး စာအုပ်ကိုသာ ပြန်ဖတ်နေလိုက်ပါလေသည်။
သင်္ကြန်အကျနေ့ကို ရောက်ပြန်တော့လည်း စုမြတ် တစ်ယောက် ဘာမှလုပ်စရာမရှိခဲ့။ စာအုပ်ဖတ်တာနဲ့ ဖုန်းကြည့်တာကိုသာ လုပ်စရာရှိလေသည်။ သင်္ကြန်သီချင်းကတော့ တကူးတကကြီး ဖွင့်ပြီး နားထောင်စရာမလိုခဲ့ပေ။ ဘာကြောင့်ဆို သင်္ကြန်သီချင်းသံ တလွင့်လွင့်ကို စုမြတ်ကြားနေရလို့ပင် ဖြစ်သည်။ ဒီတော့ စုမြတ်မှ ဖတ်လို့မပြီးသေးတဲ့ စာအုပ်လေးကို ဖတ်ရင်း သင်္ကြန်သီချင်း လိုက်ဆိုနေခဲ့လေသည်။
“သင်္ကြန်အခါတော် ရေကစားကြတာ ပျော်ရွှင်စရာ၊ လောင်းကာပက်ကာ မောင်ရင်းနှမမှာ ကြည်လင်စွာ.......
အိုး..... ရေကစားမှာ ရေကစားမှာ...... ညိုမြလို့ အခေါ်မခံချင်နဲ့ကွာ.......
သင်္ကြန်အခါတော် ရေကစားကြတာ ပျော်ရွှင်စရာ၊ လောင်းကာပက်ကာ မောင်ရင်းနှမမှာ ကြည်လင်စွာ.......
အိုး..... ရေကစားမှာ ရေကစားမှာ...... ညိုမြလို့ အခေါ်မခံချင်နဲ့ကွာ.......
လောင်း.... လောင်း.... လောင်းလိုက်ပါ..... ရွှဲအောင်လောင်းလိုက်ပါ၊ ပက်.... ပက်.... ပက်လိုက်ပါ မောင်ကြီးတွေလည်းပါ....
လောင်း.... လောင်း.... လောင်းလိုက်ပါ..... ရွှဲအောင်လောင်းလိုက်ပါ၊ ပက်.... ပက်.... ပက်လိုက်ပါ ညီမလေးတွေလည်းပါ....
ထိုချိန် စုမြတ်ရဲ့ ဖုန်းလေးမှ မြည်လာတော့သည်။ ဒါနဲ့ စုမြတ်လည်း အိမ်ကဆက်တာအထင်နဲ့ ဖုန်းယူကြည့်လိုက်လေသည်။ ပြီးမှ အတူနေ အခန်းဖော်ကနေပြီး messengerကနေ video callခေါ်လာခြင်း ဖြစ်လေသည်။ ဒီတော့ စုမြတ်လည်း ကိုင်လိုက်တော့တာပေါ့။ ကိုင်လိုက်ပြီးချင်းချင်းမှာဘဲ အပြင်သွားလည်ဖို့ အလှပြင်ထားတဲ့ အခန်းဖော်ကို မြင်လိုက်ရတော့ စုမြတ် ပြုံးလိုက်လေသည်။
“အမယ်..... အလှတွေဘာတွေ ပြင်ထားတာဆိုတော့ သွားလည်တော့မှာပေါ့” လို့ စုမြတ် လှမ်းစလိုက်လေသည်။
“ဟုတ်တယ်.... မစု..... သွားမလည်မလို့ သူငယ်ချင်းတွေလာခေါ်မှာကို စောင့်နေတာ..... မစုကော သွားမလည်ဘူးလား”
“မလည်တော့ပါဘူး......”
“သွားလည်လေ.... ရန်ကုန်မှာ လမ်းလျှောက်သင်္ကြန်တို့ရှိတာကို မစုကလည်း.........”
“ တော်ပါပြီ...... နေကပူပူနဲ့ အသားတွေ မည်းကုန်ပါလိမ့်မယ်.......”
“ဘာဖြစ်လဲ...... ဒီအချိန်လေးဘဲ ပျော်ရတာနော်...... ပြီးရင် အကြာကြီး စောင့်ရမှာ.......”
“အင်းပါ...... တစ်ရက်တော့ သွားလည်လိုက်ပါမယ်”
“ဟုတ်ပြီ...... မစု..... ဒါဘဲနော်.... သူငယ်ချင်း ဖုန်းခေါ်လာနေလို့ ချလိုက်တော့မယ်နော်”
အခန်းဖော်က video callပြောတာ ရပ်လိုက်တော့မယ်ဆိုတော့ စုမြတ်လည်း တာတာ့ပြလိုက်ပါလေသည်။ ပြီးတာနဲ့ ချသွားတော့သည်။ ဖုန်းချပြီးသွားတော့ အပြင်ဘက်က ဆူညံသံတွေကို စုမြတ် ကြားလိုက်ရလေသည်။ ဒါနဲ့ စုမြတ်လည်း ဝရံတာဘက် ထွက်ကြည့်လိုက်လေသည်။ ဆူညံနေရတဲ့ အကြောင်းရင်းကတော့ စတုဒီတာကျွေးနေလို့ပင် ဖြစ်သည်။ အပေါ်ကနေ ကြည့်နေတဲ့ စုမြတ်ကတော့ ဘာကျွေးတာလဲဆိုတာကို ကောင်းကောင်းမတွေ့ရပေ။ ဒါပေမယ့် ဒယ်အိုးကြီးဆီကနေ ခပ်နေတာဆိုတော့ ကြာဇံဟင်းခါး ဖြစ်ဖို့များလေသည်။ ကလေးတွေရော၊ လူကြီးတွေပါ သွားယူနေတော့ စုမြတ်လည်း ကြာဇံဟင်းခါးကို သောက်ချင်လာလေသည်။ ဒါပေမယ့်လည်း အောက်ဆင်းရင် ကလေးတွေက ရေဝိုင်းပက်ကြမှာဘဲ ဖြစ်သည်။ ရေမစိုချင်တာကြောင့် စုမြတ်လည်း ကြာဇံဟင်းခါး သောက်ချင်စိတ်ကို ဖျောက်ထားဖို့ ဆုံးဖြတ်လိုက်လေသည်။ ပြီးတာနဲ့ ဝရံတာဘက်ကနေ အခန်းထဲကို ပြန်လိုက်လေသည်။ အဲ့ဒီချိန်မှာဘဲ အခန်းတံခါးခေါက်သံကို စုမြတ် ကြားလိုက်ရတော့သည်။ စစချင်းတော့ စုမြတ်လည်း ကြောင်သွားပါလေသည်။ ပြီးတော့ တံခါးကို ချက်ချင်းသွားမဖွင့်သေးဘဲ ခဏလောက် စောင့်ကြည့်နေလိုက်သေးသည်။ ဒီတွင် တံခါးခေါက်သံ နောက်တစ်ခါ ထွက်ပေါ်လာလေသည်။ နှစ်ခါတောင် တံခါးလာခေါက်တာဆိုတော့ စုမြတ်လည်း တံခါနားသို့ သွားလိုက်ပါလေသည်။ ပြီးတော့ ချက်ချင်းကြီး တံခါး မဖွင့်သေးဘဲ ဘယ်သူဆိုတာကို အရင်မေးလိုက်လေသည်။
“ဘယ်သူလဲ မသိဘူးရှင့်”
စုမြတ် မေးပြီး မကြာ ချက်ချင်းဘဲ လူငယ်ယောကျာ်းလေး အသံဖြင့် ပြန်ပြီး အဖြေပေးလာပါလေသည်။
“အော်..... ဟုတ်ကဲ့..... ဟိုလေ..... အောက်မှာ စတုဒီတာ ကြာဇံဟင်းခါးချက်တာလေ..... အဲ့တာ အနီးအနားက တိုက်ခန်းတွေကို လိုက်ဝေပေးနေတာပါ”
စတုဒီတာ ကြာဇံဟင်းခါးဆိုတဲ့ အသံကြားတော့ စုမြတ် တစ်ယောက် အပျော်ကြီးပျော်သွားလေသည်။ သို့သော်လည်း တံခါးကို မဖွင့်ပေးသေး။ အရင်ဆုံး တံခါးရဲ့ လူကြည့်ပြောင်းလေးကနေ သေချာစစ်ကြည့်လိုက်လေသည်။ ကောင်လေး တစ်ယောက် ကြာဇံဟင်းခါးပန်းကန်လေးကို ကိုင်ထားတာ မြင်တော့ စုမြတ်လည်း ပြာပြာသလဲဖြင့် သော့ပြေးယူပြီး တံခါးဖွင့်ရလေတော့သည်။ တံခါးဖွင့်ပြီးတာနဲ့ စုမြတ်မှာ အားနာကြောင်းကို အရင်ပြောရလေသည်။
“အားနာလိုက်တာ...... အကြာကြီး စောင့်ခိုင်းမိလို့.......”
“ရပါတယ်.......... နားလည်ပါတယ်.........”
ပါဂျာတံခါးလေး ဖွင့်အပြီးမှာ ရပ်စောင့်နေတဲ့ ကောင်လေးကို စုမြတ် သေသေချာချာလေး မြင်လိုက်ရတော့သည်။ ကောင်လေးရဲ့ ရုပ်ရည်နဲ့ ဝတ်စားထားပုံကို ကြည့်တာနဲ့ လူရည်သန့်လေးဆိုတာကို တပ်အပ် ပြောနိုင်လေသည်။ ပြီးတော့ အသက်အရွယ်အားဖြင့်ကလည်း စုမြတ်ထက် ငယ်မယ့်ပုံပေါက်သည်။ ကောင်လေးကို စမ်းစစ်ကြည့်နေရင်းမှ ကြာဇံဟင်းခါးပန်းကန် ကိုင်ထားတာကို စုမြတ် တွေ့သွားလေသည်။
“ပေး...... ပေး..... အမကို ပေး..... လက်တွေ ပူနေလောက်ရောပေါ့........” ဆိုပြီး စုမြတ် ပြောလိုက်ပါလေသည်။
ဒီတော့ ကောင်လေးလည်း စုမြတ်ကို ကြာဇံဟင်းခါးပန်းကန် ပေးလိုက်တော့သည်။ ပြီးတော့ ကောင်လေးကနေပြီး ခေါင်းလေးကုတ်ပြီးတော့
“အဲ့လောက်လည်း မပူပါဘူးဗျ..... ဘာလို့ဆို အောက်ကကလေးတွေက ရေခဲရေတွေနဲ့ ပက်တာဗျ..... အဲ့တော့ လက်တွေ အေးစက်နေတာဘဲ” ဆိုကာ ပြောလာပါလေသည်။
ကောင်လေးပြောတာကို သဘောကျတာကြောင့် စုမြတ် ပြုံးမိလိုက်လေသည်။ ပြီးတော့မှ ကောင်လေး ရေစိုနေတာကို စုမြတ် သတိထားမိတော့သည်။ ရေစိုနေတဲ့ ကောင်လေးရဲ့ ပုံစံမှာ တစ်ကယ့်ကို စွဲမက်စရာ ကောင်းလှလေသည်။ စုမြတ်မှာ ငေးကြည့်နေမိတာ ကောင်လေးကနေမှ ပန်းကန်ပြန်တောင်းတော့မှ စုမြတ် သတိပြန်လည်လာခဲ့ရတော့သည်။
“အော်...... အင်း..... ခဏနော်...... အမ ပန်းကန်လှယ်ပေးမယ်...... ခဏဘဲ...... စောင့်နော်”
စုမြတ် တစ်ယောက် ကြာဇံဟင်းခါး ပန်းကန်လေးကို ကိုင်ရင်း မီးဖိုချောင်သို့ အပြေးလေး သွားလိုက်သည်။ ပြီးတာနဲ့ ပန်းကန်လုံး အကြီး တစ်လုံးကို ထုတ်ပြီးတော့ အမြန်လေး လှယ်လိုက်ပါလေသည်။ လုပ်စရာရှိတာကို လုပ်ပြီးတာနဲ့ တံခါးနားကို စုမြတ် ပြန်သွားလိုက်တော့သည်။ ပြီးတော့ ကောင်လေးကို ပန်းကန်ပြန်ပေးလိုက်လေသည်။
“အမရယ်.... ပန်းကန်ဆေးစရာမလိုပါဘူး”
“အော် မောင်လေးရယ်...... လာပေးတဲ့သူက တကူးတကကြီးလာပေးတာကို........ဒီလောက်ကတော့ လုပ်ပေးသင့်ပါတယ်......”
ပြီးတော့ နှစ်ယောက်စလုံး ဘာမှမပြောဖြစ်ကြတော့။ ဒီတွင် ကောင်လေးကနေမှ
“သွားလိုက်ပါအုန်းမယ်...... အမ” လို့ ပြောလာပါလေသည်။
“ကျေးဇူးဘဲနော်....... မောင်လေး” ဆိုကာ စုမြတ်လည်း ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ဒီတော့ ကောင်လေးလည်း လှည့်ပြန်ဖို့ ပြင်လေတော့သည်။ စုမြတ်လည်း ပါဂျာတံခါးလေးကို ပိတ်လိုက်လေသည်။ ထိုချိန် ကောင်လေးကနေမှ ပြန်လှည့်လာပြီး စုမြတ်ကို စကားပြန်ပြောလာတော့သည်။
“အမ...... ဟိုလေ......”
ကောင်လေးမှာ စုမြတ်ကို ခေါ်ပြီး စကားရပ်လိုက်လေသည်။ စုမြတ်ကတော့ ဘာများပြောလာမလဲဆိုကာ စောင့်နေတော့သည်။
“ဟိုလေ...... အမ ပျင်းနေမယ်ဆိုရင် အောက်မှာ လာကူလို့ရတယ်လို့..... ကျွန်တော်က အမ ပျင်းနေမှာစိုးလို့ပါ”
“အော်..... အမက ရေစိုစိုကြီးနဲ့ နေရတာ မကြိုက်လို့ပါ.... အောက်ရောက်ရင် ကလေးတွေက ရေပက်ကျမှာလေ.... အဲ့တာကြောင့်မလို့”
“ရပါတယ်..... အမ လာချင်မှပါ........”
စုမြတ်လည်း ဘာမှပြန်မပြောဘဲ ပြုံးသာပြုံးပြလိုက်လေသည်။ ကောင်လေးကလည်း စုမြတ်ကို ပြုံးပြပြီး အောက်ဆင်းသွားတော့သည်။ ဒါနဲ့ စုမြတ်လည်း တံခါးကို ပြန်ပိတ်လိုက်လေသည်။ တံခါးပိတ်အပြီး ကြာဇံဟင်းခါး သောက်မယ်ဆိုပြီး မီးဖိုခန်းထဲ သွားမယ့်အလုပ် စုမြတ် တစ်ယောက် စိတ်ပြောင်းပြီး ဝရံတာဘက်ကို သွားလိုက်တော့သည်။ ပြီးတော့ ဝရံတာလေးကနေပြီး အောက်ကို ကြည့်လိုက်ပါလေသည်။ ကြည့်နေရင်းမှ စုမြတ်တို့နေနေတဲ့ တိုက်မှ ကောင်လေး ထွက်လာတာကို တွေ့လိုက်ရလေသည်။ ကောင်လေးကတော့ စတုဒီတာလုပ်တဲ့ တဲလေးထဲကို ဝင်သွားတော့သည်။ ခဏနေတော့ ကောင်လေးကနေမှ ပန်းကန်လေးကိုင်ကာ တဲလေးကနေ ထွက်လာပြီး တစ်ခြားနေရာသွားနေတာကို စုမြတ် တွေ့လိုက်ရလေသည်။ ပြီးတာနဲ့ တစ်ချက်လေး ပြုံးလိုက်ပြီး အခန်းထဲ ပြန်ဝင်လာခဲ့လိုက်ပါလေသည်။ သင်္ကြန်အကျနေ့လေးမှာတော့ စုမြတ် အနေနဲ့ သောက်ချင်နေတဲ့ ကြာဇံဟင်းခါးလေးလည်း သောက်ရပြီး ကောင်လေး တစ်ယောက်နဲ့ ဆုံခဲ့ရလေတော့သည်။
သင်္ကြန်အကြတ်နေ့သည်လည်း ခါတိုင်းလိုပင် သီချင်းသံတလွင့်လွင့်နဲ့ စတင်လေသည်။ အကြတ်နေ့လေးမှာ စုမြတ် တစ်ယောက် စောစောထလို့နေလေသည်။ ဘာကြောင့်ရယ်မှန်းလည်း စုမြတ် ကိုယ်တိုင် မသိသေး။ ပြီးတော့ မနက်စာစားပြီးတော့ သပ်သပ်ရပ်ရပ်လေး ဝတ်စားထားလေသည်။ ခါတိုင်းလို ဘောင်းဘီအပွ မဟုတ်တော့ဘဲနဲ့ ထဘီလေးနှင့် ရိုးရိုးယဉ်ယဉ်လေး ဝတ်လို့ထားလေသည်။ နောက်ပြီးတော့လည်း ဝရံတာလေးမှာ ထွက်ပြီး စာအုပ်ဖတ်နေပါတော့သည်။ စုမြတ်ရဲ့ လုပ်ပုံတွေက ထူးဆန်းလို့နေလေသည်။ ကြည့်ရတာတော့ စုမြတ် တစ်ယောက် သင်္ကြန်တွင်းမှာ ချစ်တတ်သွားပြီနဲ့ တူပါရဲ့။ ဒီလိုဆိုရင်တော့ စုမြတ်ရဲ့ အခန်းဖော်နှစ်ယောက်က အပျော်ဆုံးသူတွေ ဖြစ်ကြပါလိမ့်မည်။ ဘာကြောင့်ဆို အခန်းဖော်နှစ်ယောက်ဟာ စုမြတ်ကို သူတို့တွေလို ရည်းစားရှိစေချင်ကြလေသည်။ ချိတ်ပေးသော်လည်း စုမြတ်ဖက်က ရှေ့မဆက်တော့ အခန်းဖော်နှစ်ယောက်လုံးဟာ နောက်တော့ မချိတ်ပေးတော့ဘဲ နေကြလေသည်။ အခုတော့ စုမြတ် တစ်ယောက် ကိုယ့်ဘာသာကိုယ် အချစ်ကို ရှာနေပြီဘဲ ဖြစ်သည်။
စုမြတ်မှာ စာအုပ်လေးဖတ်ရင်း အောက်ကို တငုံ့ငုံ့ဖြင့် ငုံ့ကြည့်နေရှာလေသည်။ အကြောင်းအရင်းကတော့ စတုဒီတာစလုပ်ပြီလား၊ မလုပ်သေးဘူးလားဆိုတာကို လေ့လာနေတာဘဲ ဖြစ်ချေသည်။ စုမြတ်မှာ စတုဒီတာလုပ်တဲ့ တဲလေးထဲမှာ နေရင် ရေမစိုလောက်ဘူးလို့ အပိုင်တွက်ထားလေသည်။ ဒီလိုနဲ့ စုမြတ် တစ်ယောက် စာအုပ်လေး ဖတ်ရင်း အောက်ကိုကြည့်ရင်းနဲ့ အချိန်ကုန်နေပါတော့သည်။ ကလေးတွေတောင် မနက်ပိုင်းရေဆော့ပြီးလို့ နားကုန်ကြပေမယ့် စတုဒီတာတဲလေးမှာတော့ လူတွေမရှိသေးပေ။ စုမြတ်မှာ တွေ့ချင်နေတဲ့ ကောင်လေးကို မတွေ့ရတော့ဘူးဆိုတော့ ဝမ်းနည်းသွားလေသည်။ ဒါနဲ့ စုမြတ်လည်း အခန်းထဲ ပြန်ဝင်ပြီး နေ့လည်စာစားဖို့ လုပ်လေသည်။ နေ့လည်စာ စားပြီးသွားချိန်မှာတော့ အပြင်ဘက်ကနေ ဆူညံသံလေးတွေကြားတော့ စုမြတ် ထွက်ကြည့်လေသည်။ ကံကြမ္မာက စုမြတ်ဘက်မှာ ရှိနေခဲ့လေသည်။ ဒါနဲ့ စုမြတ်လည်း အဝတ်အစားကို သပ်သပ်ရပ်ရပ်လေး ပြန်ပြင်၊ ဆံပင်တွေသေချာသပ်၊ နေ့လည်စာစားထားတော့ အာလုပ်ကျင်း၊ အားလုံးပြီးစီးပြီဆိုတော့မှ တိုက်အောက်ကို ဆင်းသွားလိုက်ပါလေသည်။
တိုက်အောက်ကိုရောက်တာနဲ့ ကလေးတွေ ရေပက်မှာစိုးတာကြောင့် စုမြတ်လည်း စတုဒီတာလုပ်တဲ့ တဲလေးဆီကို တန်းသွားလိုက်တော့သည်။ တဲလေးထဲကိုရောက်တော့ တွေ့ချင်နေတဲ့ ကောင်လေးကို မတွေ့ရတော့ စုမြတ် မျက်မှောင်ကြုတ်မိသွားလေသည်။ ထိုချိန် အန်တီကြီး တစ်ယောက်ကနေမှ စုမြတ်ကို စကားပြောလာတော့သည်။
“လာကူလုပ်ပေးမလို့လား..... သမီးလေး......”
“ဟုတ်ကဲ့.......” ဆိုကာ စုမြတ် ပြန်ဖြေလိုက်လေသည်။
“အော်..... အေအေ..... ဟိုနားလေးမှာထိုင်ပြီးတော့....... အုန်းသီးလေးခြစ်ထားပေးပါလား..... ဒီနေ့က မုန့်လုံးရေပေါ်လေး လုပ်မလို့လေ”
“ဟုတ်ကဲ့” လို့ ပြန်ဖြေပြီး စုမြတ်လည်း အုန်းသီးခြစ်ဖို့ သွားလိုက်တော့သည်။
တွေ့ချင်တဲ့သူကို မတွေ့ရလို့ လှည့်ပြန်တာက မကောင်းဘူးလေ။ ဒီတော့ စုမြတ်လည်း ရောက်လက်စနဲ့ အားလုံးကူဖို့ ဆုံးဖြတ်ထားလေသည်။ ပြီးတော့ မုန့်လုံးရေပေါ်ကလည်း အကြိုက်ဖြစ်နေတာ့ စုမြတ်အနေနဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်သွားတော့တာပေါ့။ အုန်းသီးတွေ ခြစ်ပြီးသွားပေမယ့် တွေ့ချင်နေတဲ့ ကောင်လေးကို စုမြတ် အခုထိ မတွေ့ရသေးပေ။ ဒါနဲ့ စုမြတ်လည်း အုန်းသီးခြစ်ပြီးသွားတော့ ထန်းလျက်ခဲလေးတွေကို အတုံးသေးသေးလေး တုံးနေလိုက်တော့သည်။ အန်တီကြီး တစ်ချို့ကတော့ မုန့်လုံးပြီး ပြုတ်တဲ့အိုးလေးထဲ ထည့်လို့နေလေသည်။ မုန့်လုံးရေပေါ်ရတာနဲ့ အန်တီကြီးတွေက ကူတဲ့သူတွေဖို့ဆိုကာ တစ်ပန်းကန်လာချပေးလေသည်။ ပြီးတာနဲ့ ဖော့ခွက်သေးသေးလေးမှာ ထည့်ပြီး လိုက်ဝေတော့သည်။ ကလေးတွေကတော့ အပြေးအလွှား လာယူကြလေသည်။
ထိုအချိန်မှာဘဲ ရေတွေစိုရွဲလျက် ကောင်လေး ရောက်လာပါတော့သည်။ စစချင်းတော့ ကောင်လေးမှာ စုမြတ်ကို မမြင်သေး။ အန်တီကြီးတွေနဲ့ စကားပြောနေပါသေးသည်။ ပြီးတော့မှ ကောင်လေးလည်း စုမြတ်ကို မြင်သွားပါလေသည်။ စုမြတ်ကတော့ ကောင်လေး ဝင်လာကတည်း သတိထားမိပေမယ့် ဒီအတိုင်း မမြင်လိုက်သလိုဖြင့် နေနေပါလေသည်။ ကောင်လေးမှာ စုမြတ်ကို မြင်တော့ တစ်ချက်ပြုံးလိုက်ပြီး စုမြတ် အနားကို ရောက်လာတော့သည်။
“အမ ဒီနေ့တော့ လာတယ်နော်.......” ဆိုပြီး ကောင်လေးကနေမှ စုမြတ်ကို စကားပြောလိုက်ပါလေသည်။
“အင်း...... ဟုတ်တယ်..... ဒါနဲ့ မောင်လေးကို ခုနက မတွေ့ပါဘူး”
“ဟုတ်တယ်....... ကျွန်တော်က ဟိုဘက် တစ်လမ်းကျော်က သူငယ်ချင်း ရပ်ကွက်မှာ သွားကူလုပ်ပေးနေတာ..... ခုမှ ပြန်လာတာ.... လမ်းမှာ ကလေးတွေ ရေပက်လိုက်ပြန်တယ်လေ”
စုမြတ်မှာ ကောင်လေး ပြောတာကို သဘောကျပြီး ပြုံးလိုက်ပါလေသည်။ ထိုချိန် ကောင်လေးနဲ့ ရွယ်တူ ကောင်မလေးကနေပြီး ကောင်လေးကို မုန့်လုံးရေပေါ် ခွံကျွေးလာတော့သည်။ စုမြတ်လည်း ဘာတွေလဲဆိုပြီး လိုက်ကြည့်ပေမယ့် စကားပြောတာတွေကို နားထောင်ပြီး သူငယ်ချင်းမှန်း စုမြတ် သိလိုက်လေသည်။
“ဘာလဲ..... ငရုတ်သီး ပါတဲ့ဟာကြီးမလား.......”
“မပါပါဘူးဟယ်...... အန်တီတွေက ငါတို့အတွက်ဆိုပြီး သီးသန့် ငရုတ်သီး မပါတာတွေ ထားထားပေးတာ......”
“အေအေ.... နင့်ကို ယုံလိုက်မယ်.....” လို့ ပြောကာ ကောင်လေးလည်း မုန့်လုံးရေပေါ်ကို စားလိုက်ပါလေသည်။
စားစားပြီးချင်း ငရုတ်သီးပါမှန်း ကောင်လေး သိလိုက်တော့သည်။ ကျွေးတဲ့ ကောင်မလေးကတော့ ပြုံးစိစိ လုပ်လို့နေလေသည်။ စုမြတ်လည်း ကောင်လေးကို ကြည့်နေမိတော့သည်။ ခဏနေတော့ ကောင်လေးမှာ စပ်တာကို သည်းမခံနိုင်တော့တာကြောင့် ထန်းလျက်ပါတဲ့ အလုံးတွေကြီး သုံးလေးလောက် ယူစားလိုက်လေသည်။ စုမြတ်တို့ ကောင်မလေး တစ်သိုက်မှာတော့ ကောင်လေးကို ကြည့်ပြီး ရယ်ပွဲကြသွားတော့သည်။
လုပ်စရာတွေ အားလုံးပြီးစီးသွားတော့ မုန့်လုံးရေပေါ်တွေကို အနီးအနားက အိမ်တွေကို လိုက်ပေးပါတော့သည်။ ဒီတော့ စုမြတ်လည်း ကောင်လေးနဲ့ လိုက်သွားလိုက်တာပေါ့။ ခြင်းလေးတစ်ခုထဲ မုန့်လုံးပေါ်ခွက်လေးတွေ ထည့်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ပေးနေလေသည်။ လိုက်ဝေနေရင်း စုမြတ်တို့ နှစ်ယောက် မုန့်လက်ဆောင်းတိုက်တဲ့နေရာလေးကို ရောက်သွားခဲ့ကြလေသည်။ အဲ့နေရာလေးမှာ စုမြတ်တို့ တော်တော်လေး ကြာခဲ့လေသည်။ နှစ်ယောက်သား မုန့်လက်ဆောင်းတွေ သောက်ကြပြီးတော့ တဲလေးမှာ ကျန်ခဲ့တဲ့သူတွေအတွက်ပါ ယူနေလို့ပင် ဖြစ်သည်။ ပြီးတော့ ပြန်ခါနီးမှာလဲ ကလေးတွေက ရေပက်မယ် တကဲကဲ လုပ်နေကြလို့ပင် ဖြစ်သည်။ ကောင်လေးကတော့ စုမြတ်ကို ရေမပက်ဖို့ ကလေးတွေကို နားချနေလေသည်။
“ညီလေးတို့ ဒီအမကို ရေမပက်ရဘူးနော်..... ရေပက်ချင်ရင် အကို့ကိုဘဲ ပက်.......”
“ဟာ...... အကို့ကို မပက်ချင်ပါဘူး...... အကိုက ရေစိုပြီးသားကြီး...... သားတို့က ရေမစိုသေးတဲ့သူကိုဘဲ ပက်တာ......” ဆိုပြီး ကလေး တစ်ယောက်က ထပြောလေသည်။
“အကို့ကို ခုနလေးကမှ ပက်ထားတာ...... ခုလောက်ဆိုအင်္ကျီတွေ ပြန်ခြောက်နေလောက်ပြီ.... အကို့ကိုဘဲ ပက်ပါ”
“ပက်ဘူး..... ပက်ဘူး...... ဒီက အမကိုဘဲ ပက်မှာ.......” ဆိုကာ ကလေးတွေ တစ်သိုက် သံပြိုင်အော်ပြောလာကြတော့သည်။
ဒါနဲ့ စုမြတ်လည်း ရေပက်ခံလိုက်လေသည်။ ကလေးတွေမှာ စုမြတ်ကို ဝိုင်းပြီး ရေပက်ကြတော့သည်။ စုမြတ်ကို ရေပက်နေရင်း ကလေးတစ်ယောက် ခွက်စောင်းခုတ်တော့ ကောင်လေးကနေမှ ဝင်ကာလိုက်လေသည်။ ဒီတော့ ကောင်လေးလည်း ရေပြန်စိုသွားပါတော့သည်။ ကလေးတွေကတော့ ရေပက်ပြီး ပြေးသွားကြလေသည်။ ဒီတွင် ကောင်လေးကနေပြီး စုမြတ်ကို ရေလောင်းဖို့ ခွင့်တောင်းလာတော့သည်။
“အမလည်း ရေစိုသွားပြီဆိုတော့ ကျွန်တော်လည်း အမကို ရေလောင်းလို့ရနိုင်မလား......”
စုမြတ်မှာ ချက်ချင်းဘဲ ခေါင်းညိတ်ပြလိုက်လေသည်။ စုမြတ်က ခွင့်ပြုတာနဲ့ ကောင်လေးလည်း ရေခွက်ကိုယူကာ စည်ပိုင်းထဲကနေ ရေခပ်ယူပြီး စုမြတ် ပုခုံးကနေ ရေစလောင်းချတော့သည်။ စုမြတ်ကတော့ ပြုံးပျော်လို့နေလေသည်။ ပြီးတာနဲ့ နှစ်ယောက်သား မုန့်လက်ဆောင်းတွေ သယ်ပြီး ပြန်ကြတော့သည်။ အိမ်ပြန်လမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြလေတော့သည်။
“ကျွန်တော် အမနဲ့ သိလာတာ ခုထိ မိတ်မဆက်ရသေးဘူးနော်..... ကျွန်တော့် နာမည်က သန့်ဇင်ထွန်းလို့ ခေါ်ပါတယ်”
“အင်း...... အမ နာမည်က စုမြတ်ပါ”
“ဟုတ်ကဲ့ အမ....... ကျွန်တော်က ကျောင်းတက်နေတုန်း......”
“ကျောင်းတက်နေတုန်းဆို အမထက် ငယ်မယ်ထင်တယ်..... အမက ဘွဲ့ရပြီး အလုပ်ဝင်နေပြီ”
“ဟုတ် အမ.......”
“ကျောင်းက ဘယ်မှာ တက်တာလဲ....... မောင်လေး”
“မန္တလေးမှာ တက်တာ အမ.......”
“အော်..... မောင်လေးက ရန်ကုန်က မဟုတ်ဘူးလား........”
“မဟုတ်ဘူး အမ...... ရန်ကုန် အဒေါ်တွေဆီ အလည်လာတာ........”
“အော်...... အဲ့လိုလား........”
“ဒါနဲ့ မနက်ဖြန်ကော အမ လာကူအုန်းမှာလား........”
“အင်း...... အခြေအနေကို ကြည့်အုန်းမယ်လေ........”
“အော်...... ဟုတ် အမ.......”
ဒီလိုနဲ့ နှစ်ယောက်သား ပြန်ရောက်လာကြတော့သည်။ ပြီးတော့ ယူလာတဲ့ မုန့်လက်ဆောင်းတွေကို လိုက်ဝေလေသည်။ သန့်ဇင်ထွန်းကတော့ စုမြတ်ကို ချောင်းချောင်းကြည့်လေတော့သည်။ စုမြတ်ကတော့ မုန့်လက်ဆောင်း ပြန်သောက်နေတော့တာပေါ့။
သင်္ကြန်အတက်နေ့တွင်တော့ စတုဒီတာလုပ်တဲ့ တဲလေးမှာ အစောကြီး ရောက်နေကြလေသည်။ သင်္ကြန်ထမင်းလုပ်ကြမယ်ဆိုကာ မနေ့က ပြောခဲ့လို့ပင် ဖြစ်သည်။ ဒီတော့ စုမြတ်လည်း အစောကြီး ရောက်နေခဲ့လေသည်။ သန့်ဇင်ထွန်းလည်း ရောက်နေတော့သည်။ ပြီးတော့ ဝိုင်းးကူလုပ်ကြလေသည်။ ဗလချောင်ကြော်အတွက် ကြက်သွန်နီတို့၊ ကြက်သွန်ဖြူတို့ ခွာတဲ့သူကခွာ၊ ပုဇွန်ခြောက်ကို ကြိတ်တဲ့သူကကြိတ်နှင့် အသီးသီအလုပ်ရှုပ်နေကြလေသည်။ သရက်သီးကြော်ပါ ထည့်မှာဆိုတော့ သရက်သီးအစိမ်းကို အခွံခွာပြီး ကြိတ်တဲ့သူက ကြိတ်နေကြလေသည်။ သင်္ကြန်နောက်ဆုံးရက်မို့ ပိုပြီး အလုပ်ရှုပ်ကြလေသည်။ စုမြတ်နဲ့ သန့်ဇင်ထွန်းတို့နှစ်ယောက်လည်း စကားတောင် မပြောဖြစ်ကြပေ။ အားလုံးချက်တာပြုတာ ပြီးသွားတော့ စတုဒိသာ အကျွေးအမွေးလည်း စတော့တာပေါ့။ ဒီနေ့က လိုက်ဝေတာ မဟုတ်ဘဲ၊ ဝင်စားကြတာဆိုတော့ လိုက်ပွဲတွေတောင်းကြနဲ့ အလုပ်ရှုပ်ကြလေသည်။ စုမြတ်နဲ့ သန့်ဇင်ထွန်းတို့နှစ်ယောက်မှာလည်း လိုက်ပွဲလေးတွေ ဝေနေရတော့ နောက်ဆုံးကြမှ သင်္ကြန်ထမင်းစားရင်းသာ ဆုံကြရတော့သည်။ နှစ်ယောက်သား ပင်ပန်းနေကြတော့ ဘာမှတောင် သိပ်မပြောဖြစ်ခဲ့ကြပေ။
သင်္ကြန်ရက်တွေ အားလုံးပြီးဆုံးသွားပြီဆိုရင် အများစု အထွဋ်အမြတ်ထားကြတဲ့ နှစ်ဆန်းတစ်ရက်နေ့ကို ရောက်လို့လာခဲ့လေသည်။ ထိုနေ့တွင်တော့ ရေမပက်ကြဘဲ ဘုရားကိုသွားကြလေသည်။ စုမြတ် တစ်ယောက်လည်း နှစ်ဆန်းတစ်ရက်မှ အစောကြီးထပြီး ပြင်ဆင်နေလေသည်။ အကြောင်းအရင်းကတော့ သန့်ဇင်ထွန်းကနေပြီး ဘုရားသွားမယ်ဆိုကာ ချိန်းထားလို့ပင်ဖြစ်သည်။ ဒီတော့ စုမြတ်မှာ သပ်သပ်ရပ်ရပ်လေး ဝတ်စားထားပါတော့သည်။ ပြင်ဆင်ပြီးတာနဲ့ အောက်ကိုဆင်းလာခဲ့လိုက်လေသည်။ တိုက်အောက်ကိုရောက်တာနဲ့ သန့်ဇင်ထွန်းကို တွေ့လိုက်ပါတော့သည်။ သန့်ဇင်ထွန်းလည်း ပုဆိုးနဲ့ အင်္ကျီဖြူလေး ဝတ်လို့ထားလေသည်။ ပြီးတာနဲ့ နှစ်ယောက်သား ရွှေတိဂုံဘုရားသို့ သွားကြတော့သည်။
ရွှေတိဂုံဘုရားကို ရောက်တော့ စုမြတ်တို့ နှစ်ယောက်မှာ ပန်းကပ်ပြီး ဘုရားရင်ပြင်ကို တံမြက်စည်းလှဲကြလေသည်။ ဘုရားကို လာကြတဲ့သူတွေ များလေသည်။ သို့သော်လည်း စုမြတ်တို့က စောသွားတာဆိုတော့ ဘုရားကိုရောက်နေချိန်မှာ လူမများနေခဲ့ပေ။ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ လူများလာခဲ့လေသည်။ လူများလာတော့ ဘုရားရင်ပြင်မှာ နေရာရဖို့ ခက်လာခဲ့လေသည်။ ဒီတော့ စုမြတ်နဲ့ သန့်ဇင်ထွန်းတို့ နှစ်ယောက်မှာလည်း ဘုရားရင်ပြင်ပေါ်က ဆင်းလာပြီးတော့ ဘုရားနဲ့နီးတဲ့ ပန်းခြံကို သွားလိုက်ကြလေသည်။ ပန်းခြံကို ရောက်တော့ နှစ်ယောက်သား ခုံတန်းလေးမှာ ထိုင်နေကြလေသည်။ ပြီးတော့ ဘာမှမပြောဘဲ နေနေကြလေသည်။ ပြီးမှ သန့်ဇင်ထွန်းကနေပြီး စုမြတ်ကို စပြောလာပါလေသည်။
“ရေဆာလား...... အမ......”
“ရပါတယ်...... မဆာပါဘူး....... “ ဆိုကာ စုမြတ် ပြန်ဖြေလိုက်လေသည်။
“အော်..... ရေဆာရင် ကျွန်တော် သွားဝယ်ပေးမလို့ပါ......”
“အာ...... ရတယ်..... မဝယ်နဲ့....... မောင်လေး”
“ဒီနေ့ တော်တော်လေးကို လူများတယ်နော်...... တော်သေးတယ် ကျွန်တော်တို့တွေ့ စောစောထွက်လာခဲ့လိုက်လို့”
“ဟုတ်ပါ့...... နှစ်ဆန်းတစ်ရက်နေ့ဆိုတော့...... လာကြမှာပေါ့”
ပြီးနောက် ခဏ တိတ်ဆိတ်သွားလေသည်။ ဘာမှလည်း မပြောကြတော့ပေ။ ပြီးကာမှ သန့်ဇင်ထွန်းကနေပြီး “မနေ့ကလည်း ပင်ပန်းသွားရပြီနော်” ဆိုကာ ပြန်ပြောလာပါတော့သည်။
“အမဘဲ ပင်ပန်းတာမှမဟုတ်တာ..... မောင်လေးလည်း ပင်ပန်းတာဘဲလေ........”
“ဟုတ်တယ်နော်.......”
နောက်ထပ်တိတ်ဆိတ်သွားလေသည်။ ပြီးမှ စုမြတ်ကနေ ဆက်ပြောလိုက်လေသည်။
“သင်္ကြန်လည်း ပြီးပြီဆိုတော့..... အလုပ်တွေလည်း ပြန်ဖွင့်ကြတော့မယ်.......”
“ဟုတ်တယ်နော်....... ကျွန်တော်လည်း ရန်ကုန်ကို အလည်လာတာ ကြာနေပြီဆိုတော့ မန္တလေးကို ပြန်ရတော့မယ်........”
“အော်...... ဟုတ်သား...... မန္တလေးကလို့ ပြောခဲ့တာဘဲနော်........”
“ဟုတ်.......” လို့ ပြန်ဖြေပြီးတာနဲ့ သန့်ဇင်ထွန်းမှာ စုမြတ်ကို မေးခွန်းတစ်ခု ပြန်မေးလေတော့သည်။
“အမမှာ ရည်းစားရှိလား........”
စုမြတ်မှာ သန့်ဇင်ထွန်းကို တစ်ချက် ကြည့်လိုက်ပါလေသည်။ သန့်ဇင်ထွန်းကတော့ စုမြတ် စိတ်ဆိုးသွားပြီး အထင်နှင့် ပြာပြာသလဲဖြင့်
“အမ မဖြေချင်လည်းရတယ်နော်..... ကျွန်တော်က..... ဒီအတိုင်း......”
သန့်ဇင်ထွန်း ပြောလို့မပြီးသေးခင်မှာဘဲ စုမြတ်ကနေပြီး အဖြေ ပြန်ပေးလိုက်လေပါတော့သည်။
“မရှိပါဘူး...... မောင်လေးက ဘာလို့မေးတာလဲ.......”
“အော်.... ဟို...... ဟို...... ဟိုလေ.......” ဆိုကာ သန့်ဇင်ထွန်းခမျာ စကားထစ်လို့နေလေသည်။
“ဘာလို့ စကားထစ်နေတာလဲ...... အမကို သဘောကျနေတယ်လို့ ပြောမလို့......မဟုတ်ဘူးလား.......”
စုမြတ် စကားကြောင့် သန့်ဇင်ထွန်းမှာ ကြောင်သွားပါလေသည်။ ပြီးတော့ စုမြတ်ကို စိုက်ကြည့်နေပါလေသည်။
“ဘာလို့ စိုက်ကြည့်နေတာလဲ......မောင်လေးရဲ့...... အမ ပြောတာမှားလို့လား”
စုမြတ်က ပြန်ပြောတော့မှ သန့်ဇင်ထွန်းလည်း ပြန်ပြောဖို့ကို သတိရပြီး ပြန်ပြောလေတော့သည်။
“မဟုတ်ပါဘူး...... ကျွန်တော်...... အံ့ဩသွားလို့ပါ”
“ဘာလို့အံ့ဩတာလဲ...... အမှန်ဆို မောင်လေး မရိပ်မိဘူးလား...... အမ သင်္ကြန်ရက်တွေမှာလာကူနေတာက မောင်လေးနဲ့ ထပ်တွေ့ချင်တာမလို့လေ”
“ဟုတ်...... ကျွန်တော်လည်း အမကို ထပ်တွေ့ချင်ခဲ့တာပါ..... အဲ့တာကြောင့် အမကို လာကူမလားဆိုပြီး မေးလိုက်တာ...... ပြီးတော့ စကားထစ်နေတာကလည်း အမက မောင်လေးတွေဆို မကြိုက်လောက်ဘူးထင်လိုက်လို့ပါ”
စုမြတ်မှာ သန့်ဇင်ထွန်းကို ကြည့်ပြီး ပြုံးလိုက်ပါလေသည်။
“အဲ့တော့ အခု အမတို့တွေက ဘာတွေလဲ..... ဒီအတိုင်းခင်တာဘဲလား.......”
“ဟာ...... အမလည်း သဘောကျတယ်...... ကျွန်တော်လည်း သဘောကျတယ်ဆိုတော့ ဘာလို့ခင်နေအုန်းမှာလဲ..... ချစ်သူတွေပေါ့လို့ မမကလည်း”
စုမြတ်မှာ သန့်ဇင်ထွန်းကို ပြုံးပြီးတာ ကြည့်လိုက်တော့သည်။
သင်္ကြန်ရက်တွင်း အိမ်မပြန်ဖြစ်လိုက်တဲ့ စုမြတ်အဖို့ ကံကြမ္မာက ဖန်တီးပေးတဲ့ သင်္ကြန်ဖူးစာရှင်လေးနဲ့ တွေ့ဆုံပြီး ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတော့သည်။
....................................
ထွဋ်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory