“ကြေကွဲစရာမှတ်စုတိုများ”
lotaya.mpt.com.mm
|
2024-04-24

[၁]

အချစ်တွေပေးခဲ့ပေမယ့် ကျွန်တော်က သူမအတွက် ဒုတိယလူ ဖြစ်နေတုန်းပါဘဲ။

သူမကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်အောင် ချစ်ခဲ့ပေမယ့် သူမကတော့ ကျွန်တော့်အပေါ်ကို သူငယ်ချင်းထက် မပိုခဲ့ပါဘူး။

သူမက ကျွန်တော့်အတွက် အရာရာပါဘဲ။ ကျွန်တော်ကတော့ သူမ အတွက် လိုသုံးလေးပေါ့လေ။

ကျွန်တော့်ကို ကျွန်တော့်သူငယ်ချင်းတွေက နွားတဲ့လေ။ ခေါ်လည်း မတတ်နိုင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်ကိုက နွားသိုးကြိုးပျက်သလို သူမမှသူမ ဖြစ်နေခဲ့တာကို။ ပြောလည်း သူမကို ချစ်တဲ့ ကျွန်တော့် အချစ်တွေက ပြောင်းသွားမှာမဟုတ်ပါဘူး။

ကျွန်တော့်ကို ဘာလို့ နွားလို့ ခေါ်တာလဲဆိုတော့ သူမ ရည်းစားရှိနေတာတောင် ကျွန်တော်က သူမကိုဘဲ ကြည့်ပြီး သူမ လိုအပ်တာတွေကို လိုက်လုပ်ပေးနေလို့တဲ့လေ။ အချစ်ကြောင့်ကိုး။

သူမ ဝမ်းနည်းနေရင် ကျွန်တော်လည်း မပျော်ဘူးဗျ။

သူမ ရည်းစားနဲ့ ရန်ဖြစ်ပြီး အထီးကျန်နေရင် ကျွန်တော့်ကို အမြဲခေါ်လေ့ရှိတယ်လေ။ သူငယ်ချင်းတွေက ကျွန်တော့်ကို ပိုးစိုးပက်ဆက် ဆဲဆိုပြီး မသွားဖို့ ပြောလည်း ကျွန်တော်ကတော့ နွားလေးပီပီ သွားဖြစ်အောင် သွားခဲ့ပါတယ်။

သူမရဲ့ ရည်းစားကနေမှ ကျွန်တော်ကို ပိုင်းလုံးကောင်၊ ကြောင်တောင်နှိုက်ကောင်လို့ ပြောလဲ ကျွန်တော် မနာပါဘူး။ ကျွန်တော် လိုလားတာက သူမ ပျော်နေဖို့ကိုပါဘဲ။

ဒီကြားထဲ သူမနဲ့ ကျွန်တော် အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ကြည့်ရတာ သူမရဲ့ ကောင်လေးကြောင့်နဲ့ တူပါတယ်။

အဆက်အသွယ်ပြတ်သွားတော့ ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့်အတွက် ပျော်နေကြတော့တာပေါ့လေ။ ဒါပေမယ့် ကျွန်တော်က နွားစစ်စစ်ဆိုတာကို ကျွန်တော့်သူငယ်ချင်းတွေ မေ့သွားခဲ့တယ်လေ။

တစ်ရက် သူမကနေပြီး ငိုယိုပြီး ဆက်သွယ်လာတော့ ကျွန်တော် သွားတွေ့ခဲ့မိတယ်လေ။ ပြီးတော့ သူမကနေပြီး သူမကောင်လေးက ထားသွားကြောင်းကို ပြောပြလာခဲ့တယ်။ အဲ့နေ့က ကျွန်တော် သူမနား ရှိနေခဲ့ပေးတယ်။ ပြီးတော့ ဘာမှ မဖြစ်ကြပါဘူး။

ကျွန်တော့် သူငယ်ချင်းတွေကတော့ မကြိုက်ကြပါဘူး။ မကြိုက်လည်း ကျွန်တော်က ဘာမှမဖြစ်ပါဘူး။ သူမလိုတိုင်း ကျွန်တော်က အမြဲရှိနေပေးမှာပါ။

ကျွန်တော် သူမနား အချိန်တိုင်းရှိနေပေးတာကို သူမကတော့ ကျွန်တော့် အချစ်တွေ၊ ဂရုစိုက်မှုတွေကို လက်မခံသေးပါဘူး။ ဒီအတိုင်း သူငယ်ချင်း အဆင့်ကနေ တက်မလာခဲ့ပါဘူး။

ကျွန်တော်က နွားစစ်စစ်ပါဘဲ။ နွားတောင် ရိုးရိုးနွား မဟုတ်ဘဲ ဂျိုနဲ့ နွား။ ရယ်ရသားဘဲ။

ကျွန်တော်က သူမ အတွက် ဒုတိယလူသာသာဘဲ ထင်ပါတယ်။ သူမကနေ ကျွန်တော့်ကို ဒုတိယလူအနေနဲ့ သတ်မှတ်တာကိုဘဲ ကျေနပ်ပါပြီ။

ခုတော့ သူမလည်း တစ်နေရာရာမှာ ထင်တာပါဘဲ။ ကျွန်တော်လည်း သူမရဲ့ ဒုတိယလူကနေ ရုန်းထွက်လာနိုင်ခဲ့ပြီလို့ဆိုရမယ်။

..........

[၂]

ကျွန်မ ဘဝမှာ ဒီလို တစ်ကယ်ဖြစ်လာလိမ့်မယ်လို့ကို ကျွန်မ မတွေးခဲ့မိဖူးဘူး။ ကျွန်မ တစ်ကယ်ကို အံ့ဩခဲ့ရတယ်။

နှစ်တွေကြာတော့မှ ကျွန်မက ကျွန်မယောကျာ်းအတွက် ဒုတိယလူဖြစ်နေခဲ့တာတဲ့လေ။ အဲ့တာကလည်း သူ့ရဲ့ ပထမ ဇနီးကနေပြီး ကျွန်မကို တိုက်ရိုက်တွေ့ပြီး လာပြောပြလို့သာ သိလိုက်ရတာ။

ဒီနှစ်တွေအတွင်း ကျွန်မ ယောကျာ်းက ကျွန်မကို လိမ်ထားတယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ကျွန်မက ပထမလို့ တွေးထားပေမယ့် တစ်ကယ်တမ်းတော့ ဒုတိယ ဖြစ်နေခဲ့တယ်တဲ့လေ။

ကျွန်မကတော့ ကျွန်မ ယောကျာ်း လိမ်နေခဲ့တာကို မသိဘဲ ပျော်ပျော်ကြီး ပျော်နေမိခဲ့တယ်။ အရူးမကြီးလိုဘဲ။

အားလုံးလည်း သိမှာပါ။ ဒုတိယ ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကိုပေါ့။ အဲ့ခံစားချက်ကြီးက အရမ်းကို ခံရသိပ်ခက်တာ။

ပြီး‌တော့ ကျွန်မ ယောကျာ်းမှာ အရင် အိမ်ထောင်ရှိတာကို ပတ်ဝန်းကျင်တွေ သိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

အားလုံးက ကျွန်မကို ပိုင်းလုံးမ၊ ကြောင်တောင်နှိုက်မလို့ ထင်ကြပြီး ကျွန်မကို ခင်မို့မို့အေးဇာတ်သွင်းကြတော့မှာဘဲပေါ့။ အဲ့ချိန်ကျရင် ပထမ တစ်ယောက်က အလိုလိုနဲ့ ပန်းနုသွေးလေး ဖြစ်သွားတော့မှာလေ။

အမှန်တော့ ကျွန်မက ပန်းနုသွေးလေးပါ။ ကျွန်မ ယောကျာ်းက ကျွန်မနဲ့ ချစ်ကြိုက်ကြတုန်းက လူလွတ်လို့ ပြောခဲ့တာလေ။ ပြန်စဉ်းစားကြည့်တော့ အဲ့စကားကို ကျွန်မ ယုံခဲ့မိတာ အံ့ဩလို့မဆုံးပါဘူး။ အချစ်ကြောင့်ကိုး။

ကျွန်မ မိဘတွေလည်း ဒီအကြောင်းကို သိရင် ကျွန်မကြောင့်နဲ့ အရှက်ရကြတော့မှာဘဲလေ။

ကျွန်မလည်း ကျွန်မ ယောကျာ်းကို ပြောပြီး ရှင်းပြချက်တောင်းတော့ အဲ့တုန်းက ကျွန်မ ယောကျာ်းရဲ့ ပထမ မိန်းမက ကျွန်မနဲ့ ယူမှာကို ခွင့်ပြုခဲ့တယ်တဲ့လေ။ အစမှာ ပြောခဲ့သလိုဘဲ ကျွန်မ ဘဝမှာ တစ်ကယ်ဖြစ်လာလိမ့်မယ်လို့ကို မတွေးခဲ့ဖူးတာ အမှန်ဘဲ။

ခွင့်ပြုပေးခဲ့တယ်ဆိုရင် အခု ကျွန်မ ယောကျာ်းနဲ့ ပြန်ပြီးဆက်သွယ်နေပြီး ကျွန်မကို အသိပေးတာကရော ဘာသဘောလဲ။

ကျွန်မက မေးကြည့်တော့ ကျွန်မ ယောကျာ်းက ပြန်ပြောပါတယ်။ ပထမ မိန်းမမှာ ကိုယ်ဝန်ရှိနေတယ်တဲ့လေ။

ဆိုတော့ သဘောက ကျွန်မ ယောကျာ်းက ပထမ မိန်းမနဲ့ ပြန်ပေါင်းထုတ်နေတာလို့ ဆိုလိုတာဘဲပေါ့။ အလုပ်ခရီးတွေ ကြာနေရတာကလည်း ပထမ မိန်းမကြောင့်ပေါ့။

ပထမ မိန်းမက ကျွန်မကို ပြောသေးတယ်။ ကျွန်မနဲ့ လက်ထပ်တုန်းက သူတောင် ခွင့်ပြုခဲ့သေးတာ၊ သူ ကိုယ်ဝန်လွယ်ချိန်လေးတော့ ကျွန်မယောကျာ်းနဲ့ နေဖို့ကို ခွင့်ပြုပါတဲ့လေ။

ဘယ်မိန်းမကမှ ချည်တိုင်ဇာတ်ကားထဲက သက်မွန်မြင့် ဟုတ်မနေဘူးလေကွယ်။ သူကတော့ ဘာကြောင့် ကျွန်မနဲ့ လက်ထက်မှာကို ခွင့်ပြုခဲ့မှန်း မသိပေမယ့် ကျွန်မတော့ သူ့လို မလုပ်နိုင်ဘူးလေ။ အိုးကွယ်...... ကျွန်မ ဘဝကြီးကလည်းကွယ်။

တစ်ကယ်လို့ ကျွန်မ ယောကျာ်းက သူနဲ့ နေနေစဉ်မှာ ကျွန်မမှာ ကိုယ်ဝန်ရှိနေခဲ့တယ်ဆိုရင်ရော၊ ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ။ ကျွန်မ ကလေးကိုတော့ ဇာတ်ကားထဲကလို အဖေဆီကနေ အချစ်မခံရတာမျိုး မဖြစ်စေချင်ဘူး။

ကျွန်မလောက် ကြေကွဲဖို့ ကောင်းတာ ကျွန်မဘဲ ရှိပါတော့တယ်။

ဘယ်လိုလုပ်ရမလဲလည်း ကျွန်မ မသိတော့ဘူး။ ကျွန်မ ယောကျာ်းကိုလည်း ကျွန်မ မမေးချင်တော့ဘူး။ ပင်ပန်းလာပြီ။

..........

[၃]

ကျွန်တော် သဘောကျနေတဲ့သူက ကျွန်တော့်ကို ကိစ္စတစ်ခုကြောင့် ချည်းကပ်ခဲ့တာတဲ့လေ။ တစ်ကယ်ချစ်လို့ မဟုတ်ဘူးတဲ့။ ကျွန်တော့်လို လူမျိုးကို ဘာကိစ္စကြောင့်နဲ့ ချစ်ရမှာလဲတဲ့လေ။

ကျွန်တော် အဖြစ်လောက် ဆိုးတာ ကျွန်တော်ဘဲ ရှိမယ် ထင်တာပါဘဲ။ ပြောပြရမှာတောင် ခက်လှပါတယ်။

ကျွန်တော်က private universityတက်နေတဲ့ ကျောင်းသား တစ်ယောက် ဖြစ်တယ်။ private universityတက်လို့လည်း ကျွန်တော့်ကို ချမ်းသာတဲ့သူလို့ မထင်လိုက်ပါနဲ့။ ကျွန်တော်က အလယ်အလတ်ပါဘဲ။ ဆယ်တန်းတုန်းက ဆရာတစ်ယောက်ရဲ့ ထောက်ခံပေးမှုရယ် စကောလားရှစ်ရတာရယ်ကြောင့် ကျွန်တော် တက်ခွင့်ရနေတာပါ။

ကျောင်းက အားလုံးအဆင်ပြေပါတယ်။ ဆရာ၊ဆရာမတွေ စာအသင်အပြကလည်း ကောင်းကြပါတယ်။ တစ်ခုပါဘဲ ကျွန်တော်က စကောလားရှစ်နဲ့ ကျောင်းတက်တဲ့သူဆိုတော့ ခင်ကြတဲ့သူ နည်းပါတယ်။ တစ်ချို့ စာကြမ်းပိုးလောက်သာ ကျွန်တော့်ကို ခင်ကြတာ။

ကျောင်းတက်ပြီး တစ်ပတ်လောက်နေမှာ ကျွန်တော် သဘောကျနေတဲ့သူကို စတွေ့လိုက်ရတယ်။ ကျွန်တော် သဘောကျတဲ့သူက ယောကျာ်းလေး တစ်ယောက်ပါ။

ပြောဖို့မေ့တော့မလို့ ကျွန်တော်က LGBT၊ လိင်တူနှစ်သက်တဲ့ တစ်ယောက် ဖြစ်တယ်ဆိုတာပါဘဲ။ ကျွန်တော်နဲ့ခင်တဲ့သူတွေကတော့ ကျွန်တော်က ဘာဆိုတာ သိကြပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ ခင်တဲ့သူတွေက ကျွန်တော် သဘောကျနေတဲ့သူက ချမ်းသာတဲ့ထဲကဆိုတာကို ပြောပြကြပါတယ်။ ပြီး‌တော့လည်း သူ့ကို သဘောမကျဖို့ကိုလည်း ပြောကြတယ်လေ။ ဒါပေမယ့် ကျွန်တော်ကတော့ မပြောင်းခဲ့ပါဘူး။

ကျွန်တော်လည်း အစကတော့ သဘောကျနေရုံလေးသာ သဘောကျဖို့ စဉ်းစားထားခဲ့တာပါ။

တစ်နေ့တော့ သူကနေပြီး ကျွန်တော့်ကို စကားစပြောလာခဲ့တယ်လေ။ ဒီ‌တော့ သဘောကျနေတဲ့ ကျွန်တော့်အဖို့ ဝမ်းသာစရာ အဖြစ်ဘဲပေါ့။ သူငယ်ချင်းတွေကတော့ ရုတ်တရက်ကြီး ချည်းကပ်လာတာက သွေးရိုးသားရိုး မဖြစ်နိုင်ဘူးဆိုကာ ပြောကြတယ်။ ကျွန်တော်ကတော့ အဲ့တာတွေကို နားမထောင်ခဲ့ပါဘူး။

သူကတော့ ကျွန်တော့်ကို စကားတွေပြော၊ ကျွန်တော်နဲ့ ခင်ချင်တယ်ဆိုကာ ပြောလာပါတယ်။ သူ့ကို သဘောကျနေတဲ့ ကျွန်တော်ကတော့ လက်ခံခဲ့တာပေါ့။ ပြီးတော့လည်း သူက ကျွန်တော့်ကို သတိထားမိတယ်ဆိုတာကို တွေးပြီး ကျွန်တော် ပျော်မိတာပေါ့။

ဒါနဲ့ ကျွန်တော်လည်း သူ့ကို သ‌ဘောကျနေကြောင်းကို ပြောလိုက်တော့တာ‌ပေါ့။ သူကလည်း ကျွန်တော် သဘောကျနေတာကို သိပါတယ်တဲ့လေ။ အဲ့လိုပြောလာတော့ ကျွန်တော်က ဘယ်နေတတ်တော့မလဲ။

သူကလည်း ကျွန်တော် သဘောကျနေတာကို သိတယ်။ ပြီးတော့ ကျွန်တော်နဲ့ ခင်ဖို့ကိုလည်း ချည်းကပ်လာတာဆိုတော့ ကျွန်တော် တစ်မျိူး တွေးမိသွားတော့တာပေါ့။  ဒါနဲ့ ကျွန်တော်တို့ အခြေအနေက ဘယ်လိုလဲ၊ တွဲနေတဲ့အခြေအနေလားဆိုပြီး မေးလိုက်တာပေါ့။

သူကတော့ ကျွန်တော့်ကို အခုတော့ မဟုတ်သေးကြောင်းနဲ့ စာမေးပွဲပြီးရင်တော့ အတည်တကျဖြစ်မယ်ဆိုတာကို ပြောလာပါတယ်။ လောလောဆယ်တော့ စာမေးပွဲအတွက် စာသာလုပ်ကြရ‌အောင်တဲ့လေ။

ဒီတော့ ကျွန်တော်တို့တွေ စာမေးပွဲအတွက် ပြင်ဆင်ကြတာပေါ့။ သူကလည်း ကျွန်တော်နဲ့ စာလာလုပ်တယ်လေ။

စာမေးပွဲဖြေပြီးသွားတော့ resultတွေ ထွက်လာတယ်။ အဲ့နေ့က ကျွန်တော်က ကျောင်းလာတာ နောက်ကျခဲ့တယ်။ အိမ်မှာ ကိစ္စလေးရှိနေလို့ဘဲပေါ့။

ကျောင်းရောက်တော့ resultကို boardမှာ ကပ်ထားတော့တယ်။ ကျွန်တော်ကတော့ 1 to 10မှာ 5ရခဲ့တယ်လေ။ ပြီးတော့ သူကတော့ 1 to 10မှာ 8ရခဲ့တယ်။ ကျွန်တော်လည်း ပျော်သွားတာပေါ့။

ဒါနဲ့ ကျွန်တော် အခန်းကို သွားဖို့လုပ်လိုက်တာပေါ့။ အခန်းထဲ မရောက်ခင်မှာ သူ့အသံကို ကျွန်တော် ကြားလိုက်ရတယ်။ ကျွန်တော် ပြုံးမိတော့တာပေါ့။ ဘာလို့ဆို သူပြောတဲ့ စာမေးပွဲပြီးရင် အတည်တကျဖြစ်မယ်ဆိုတာကို တွေးမိလို့ဘဲပေါ့။

ဒါပေမယ့် ကျွန်တော် ထင်သလို မဟုတ်ခဲ့ဘူး။ သူနဲ့ သူ့သူငယ်ချင်းတွေ ပြောနေကြတာကို ကျွန်တော် ကြားခဲ့လိုက်ရတယ်။

အဲ့တာကတော့ သူက 1 to 10ဝင်တဲ့အတွက် ကောင်မလေး တစ်ယောက်ရဲ့ အချစ်ကို ရတော့မှာတဲ့လေ။ ကျွန်တော် တစ်ကယ်ကိုဘဲ ဆွံ့အသွားခဲ့တယ်။ ဒါနဲ့ ကျွန်တော်လည်း အခန်းထဲ ဝင်ပြီး မေးလိုက်တာပေါ့။

အဲ့ဒီမှာ သူက ကျွန်တော့်နားကို ချည်းကပ်လာတဲ့သူမဟုတ်တော့ဘဲ တစ်ခြားတစ်ယောက်လို ပြောင်းသွားခဲ့တာကို ကျွန်တော် တွေ့လိုက်ရတယ်။

ကျွန်တော့်လိုလူကို သူက ကြိုက်စရာလားတဲ့လေ။ စဉ်းစားပေါ့တဲ့။ ဘာတွေမျှော်လင့်နေတာလဲတဲ့လေ။

သူ 1 to 10ဝင်အောင်လုပ်ပေးတဲ့အတွက်တော့ ကျေးဇူးပါဘဲတဲ့။ သူ ကျွန်တော့်ကို သူ့သူငယ်ချင်းတွေရှေ့မှာ အရှက်ခွဲခဲ့တာ။ ကျွန်တော့်ကို လှောင်ပြောင်နေခဲ့တာ။

ကျွန်တော် သဘောကျတဲ့သူကတော့ ဘာမှကိုဝင်မပြောဘဲ သူ့သူငယ်ချင်းတွေနဲ့အတူတူ ရယ်နေခဲ့တယ်လေ။

သူ့သူငယ်ချင်းကနေ ကျွန်တော့်ကို ထိကပါးရိကပါးတောင် လုပ်လာခဲ့သေးတယ်။ အဲ့တာနဲ့ ကျွန်တော်လည်း အခန်းထဲကနေ ထွက်လာခဲ့တော့တာပေါ့။

ကျွန်တော် ဘာလုပ်ရမှန်းတောင် မသိတောဘူး။ ကျွန်တော် ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်သလို ခံစားလိုက်ရတယ်။ ကျွန်တော် ကျောင်းသွားချင်စိတ်တောင် မရှိတော့တဲ့အထိကို ခံစားခဲ့ရတယ်။ ကျောင်းသွားပြန်တော့လည်း သူ့ကို ကောင်မလေး တစ်ယောက်နဲ့ မြင်ရတာက ကျွန်တော်ကို ပိုပြီး ရင်နာစေတယ်။ ဘာလို့ဆို ကျွန်တော့်ကို အသုံးချပြီး ရခဲ့တာလေ။

ကျွန်တော့် အဖြစ်က တော်တော်လေးကို ဆိုးခဲ့တာ။ အတော်ကို ဆိုးခဲ့တာ။ တော်တော်လေးကိုပေါ့။ ပြောပြရင်းနဲ့တောင် ပြန်မပြောချင်တော့တဲ့အထိပါဘဲ။

..........

[၄]

ကျွန်မ ဘဝ တစ်လျှောက်လုံးမှာ သစ္စာဖောက်ခံရမယ်လို့ မတွေးထားခဲ့ဖူးဘူး။ ပြီးတော့ သစ္စာဖောက်တဲ့သူကလည်း ကျွန်မ သိတဲ့သူ ဖြစ်နေခဲ့မယ်လို့ ကျွန်မ မစဉ်းစားထားခဲ့မိဘူး။

အဲ့သစ္စာဖောက်တဲ့သူကတော့ ဘယ်သူလဲဆိုတော့ ကျွန်မ အနီးအနားမှာ ရှိတဲ့သူပါဘဲ။ ကျွန်မ အားကိုးလို့ရတယ်၊ တိုင်ပင်လို့ရတယ်လို့ တွေးထားခဲ့တဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းလေးဘဲပေါ့။

ဟုတ်တယ်။ ကျွန်မ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေခဲ့တယ်တဲ့လေ။ စစသိချင်း ကျွန်မမှာ ယုံတောင် မယုံနိုင်ဘူး။ ကျွန်မ သူငယ်ချင်းက စနိုက်ကျော်လိမ့်မယ်လို့ကို မထင်ထားခဲ့တာ။

ခုတော့ သူက ကျွန်မ နောက်ကျောကို ဓားနဲ့ထိုးပြီး ကျွန်မ ကောင်လေးကို စနိုက်နေခဲ့တယ်လေ။

“လူယုံသတ်လို့သေတယ်” ဆိုတဲ့ စကားပုံက ကျွန်မ အတွက် ‌ရေးထားသလိုပါဘဲ။

ကျွန်မဖြင့် ကိုယ့်နားနဲ့ကိုယ်‌တောင် မယုံနိုင်ပါဘူး။ ကျွန်မဖြင့် ဘယ်လိုဖြစ်တယ်ဆိုတာကို မေးဖို့တောင် မတွေးဝံ့ရဲပါဘူး။

ကျွန်မ ကောင်လေးကတော့ ကျွန်မကို အထပ်ထပ်အခါခါ ရှင်းပြနေခဲ့တယ်လေ။ ဒါပေမယ့် ကျွန်မ လိုချင်နေတာက ကျွန်မ သူငယ်ချင်းဆီက ရှင်းပြချက်ဘဲ။

သူကတော့ ကျွန်မ သိသွားကတည်းက ရေငုံနှုတ်ပိတ်နေခဲ့တယ်လေ။ ဘာတစ်ခွန်းတစ်လေမှတောင်မှ ဟမလာခဲ့ဘူး။ ကျွန်မဖြင့် အရမ်းအသဲပေါက်တာဘဲ။ သူငယ်ချင်း ကောင်လေးကို စနိုက်ပြီးတော့ သူက ငြိမ်နေတယ်တဲ့လေ။ ရယ်စရာဘဲ။

ဒီတော့ ကျွန်မလည်း ကျွန်မ သူငယ်ချင်းဆီ စာပို့လိုက်တာပေါ့။ ကျွန်မ ချိန်းတဲ့နေရာကို လာခဲ့ပါ၊ မလာရင် ကျွန်မကနေပြီး အိမ်လိုက်လာပြီး သောင်းကျန်းမယ်ဆိုပြီးတော့ပေါ့။

သောင်းကျန်းမယ်ဆိုတော့ သူ ကြောက်ရှာပါတယ်။ ကျွန်မ ချိန်းတဲ့ ကော်ဖီဆိုင်ကို ကျွန်မ သူငယ်ချင်း ရောက်လာခဲ့ပါတယ်။

ကျွန်မ သူငယ်ချင်းကို တွေ့တော့ ကိုးရီးယား ဇာတ်လမ်းတွဲတွေထဲကလို ရေနဲ ပက်တာမျိုး လုပ်ပစ်လိုက်ချင်ပေမယ့် ကျွန်မက ကြမ်းကြမ်းတမ်းတမ်းလုပ်မယ့် လူစားမျိုး ဟုတ်မနေခဲ့ဘူး။

ဒါနဲ့ ကျွန်မလည်း ဘယ်ကဘယ်လိုစတာလဲဆိုပြီး တည့်ဘဲမေးလိုက်တာပေါ့။ သူငယ်ချင်း ပြန်ဖြေတဲ့ စကားကြောင့် ကျွန်မ အတော်လေးကို အံ့ဩသွားရတယ်။

သူပြန်ဖြေတာက ကျွန်မက ကျွန်မကောင်လေးနဲ့ သူ့ကို မိတ်ဆက်ပေးလိုက်တဲ့အချိန်ကတဲ့လေ။ ကျွန်မဖြင့် ဘာပြန်ပြောရမလဲတောင် မသိတော့ဘူး။

ကျွန်မ မိတ်ဆက်ပေးလိုက်တာကြောင့် သူတို့နှစ်ယောက် ဒီလိုဖြစ်ရတာပေါ့လေ။ ပြောချင်တာက ကျွန်မကြောင့်ပေါ့။ ကျွန်မသာ မိတ်မဆက်ပေးရင် ဒီလိုတွေ ဖြစ်မလာဘူးပေါ့လေ။ ပြောလည်းပြောတတ်ပါ့။

အမှန်ဆို သူက ကျွန်မ သူငယ်ချင်း ဖြစ်နေပြီးတော့ ကျွန်မရဲ့ မျက်နှာကို ထောက်ရမှာမဟုတ်ဘူးလား။

ကျွန်မ မျက်နှာကို ထောက်မယ့်ပုံလည်း မပေါက်ပါဘူး။ ဘာလို့ဆို သူကနေပြီး ကျွန်မ ကောင်လေးကို စပြီး ဆက်သွယ်ခဲ့တာလေ။ ကျွန်မက ကောင်လေးက ကျွန်မကိုတော့ အဲ့လိုမလုပ်သင့်ဘူးလို့ ထင်ပါတယ်။ တစ်ခြားသူနဲ့ဆို ကျွန်မ ဖြေသာသေးတယ်။ ခုတော့ ကျွန်မရဲ့ သူငယ်ချင်းနဲ့။

ကျွန်မ သူငယ်ချင်းက ကျွန်မ ဆက်မတွေ့တော့နဲ့လို့ ပြောရင် မတွေ့တော့ပါဘူးတဲ့လေ။

အံ့ဩလိုက်တာ။ ပြောချင်တာက ကျွန်မက မတွေ့နဲ့လို့ ပြောမှပေါ့လေ။ ကျွန်မက မပြောရင် ဆက်တွေ့နေအုန်းမယ်ပေါ့လေ။ ကျွန်မသာ မသိသေးရင် သူတို့နှစ်ယောက်ကလည်း ဆက်တွေ့နေမယ့်သဘောမှာရှိတယ်။

ကျွန်မ ကောင်လေးကတော့ ကျွန်မတဲ့ လက်ထပ်ယူမယ်တဲ့လေ။ ခုလို ကိစ္စတွေ ဖြစ်ခဲ့တာကို လက်ထပ်ဖို့ ကိစ္စပြောတာကို အံ့ဩလို့ မဆုံးဘူး။

ကျွန်မက အရမ်းတွေ ခွင့်လွတ်နားလည်ပေးလိုက်ပြီး လက်ထပ်လိုက်မယ်ဆိုရင် ကျွန်မက ဘာဖြစ်သွားမလဲ။ ကျွန်မက ခွေးထက်မိုက်တဲ့သူ ဖြစ်သွားမှာပေါ့။

ပြီးတော့ ဒီကိစ္စတွေသာ လက်ထပ်ပြီးလို့ ပေါ်လာခဲ့ရင် ကျွန်မကို ပတ်ဝန်းကျင်တွေက ပြောဆိုကြတော့မှာပေါ့။

ကျွန်မ ဘာလုပ်ရမလဲ မသိတော့ဘူး။ လောလောဆယ်တော့ ကျွန်မ ကောင်လေးနဲ့လည်း အဆက်အသွယ် ဖြတ်ထားတယ်။ ကျွန်မ သူငယ်ချင်းကိုလည်း သူငယ်ချင်းဆိုတဲ့ အကန့်ထဲကနေ ထုတ်ထားတယ်။

ကျွန်မကိုက မှားတာပါ။ ကျွန်မ အဖြစ်ကနေ “သေခန်းပြတ်ဘဲ သူငယ်ချင်း” ထဲကလိုဘဲ မိတ်ဆက်ပေးလိုက်တော့ သူတို့နှစ်ယောက် ညားသွားကြတယ် ဆိုတာပေါ့။

အဲ့သီချင်းထဲကလို လိုချင်ရင်ပြောပေါ့၊ ပေးမှာပေါ့ ဆိုတာမျိုးလည်း ကျွန်မ မလုပ်နိုင်ဘူး။

ကျွန်မ အဖြစ်က တော်တော်လေးကို ရုပ်ပေါက်တဲ့ အဖြစ်လို့ ဆိုရမယ်။ အရမ်းကို ရုပ်ပေါက်လွန်းတယ်။

..........

[၅]

ကျွန်တော့်ကို ညီအကို နှစ်ယောက်ကနေမှ ပလေးသွားခဲ့တာ။ ဘဝမှာ ခံရအခက်ဆုံးဘဲ။ ဘယ်လိုဖြစ်တယ်ဆိုတာကို ပြောပြမယ်။

အစကတော့ ကျွန်တော်က ညီအကိုနှစ်ယောက်ထဲကမှ ညီဖြစ်တဲ့သူနဲ့ ရည်းစားဖြစ်ခဲ့တာ။ ဘယ်လိုရည်းစားဖြစ်ခဲ့တာလဲဆိုတော့ လိုင်းပေါ်ကနေဘဲ ဖြစ်ခဲ့တာ။

သူကနေ ကျွန်‌တော့် facebookကို လာအပ်တယ်လေ။ ကျွန်တော်က လက်ခံတော့ ကျေးဇူးပါဆိုပြီး ပို့လာတာပေါ့။ အဲ့ကနေ စကားတွေ ပြောကြရင်းနဲ့ ရည်းစားတွေ ဖြစ်သွားခဲ့တယ်ပေါ့နော်။

ရည်းစားတွေ ဖြစ်ခဲ့တာဆိုပေမယ့် ကျွန်တော်နဲ့သူနဲ့က အပြင်မှာ မဆုံဖူးကြသေးဘူး။ လိုင်းပေါ်မှာသာ စကားလေးပြောလိုက်၊ အီစီကလီ လုပ်လိုက်နဲ့ဘဲ ရှိကြတာ။

သူကနေပြီး ကျွန်တော့်ကို သူနေတဲ့ဆီလာဖို့ ပြောတယ်လေ။ ကျွန်တော်ကလည်း ကျောင်းတက်နေတုန်းနလို့ သူ့ဆီ သွားလို့က အဆင်မပြေဘူးလေ။

အဲ့တော့ သူက ကျွန်တော့်ဆီကို လာပြီး အတူတူနေမယ်တဲ့လေ။ ကျွန်တော်က ကျောင်းတက်နေတော့ အဲ့လိုကလည်း မလုပ်ချင်ပြန်ဘူးလေ။

အဲ့ကျတော့ သူနဲ့ကျွန်တော်နဲ့ ကတောက်ကစလေးတွေ ဖြစ်ခဲ့ကြတယ်။ စကားမပြောတာတို့ဘာတို့ပေါ့လေ။

ကတောက်ကစတွေဖြစ်လိုက်၊ ပြန်ပြီးစကားတွေ ပြောလိုက် လုပ်နေရင်းကနေ သူနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။

ကျွန်တော်ကတော့ သူက အတူတူနေဖို့ပြောတာကို လက်မခံလို့ အဆက်အသွယ် ဖြတ်သွားတယ်ဘဲ ထင်ခဲ့တာ။ အဲ့တုန်းက ကျွန်တော့်မှာ သေမလိုဘဲ၊ သူ့ကို စာတွေ အသေပို့ခဲ့တာ။ သူ့ဘက်က ပြန်မပို့လည်း ကျွန်တော်ကတော့ ပို့နေခဲ့တော့တာပေါ့။

အဆက်အသွယ်ပြတ်သွားတာ နှစ်ပတ်လောက်ကြာလိုက်တယ်။ နှစ်ပတ်အပြီးမှာ သူ့ဖက်က ပြန်ဆက်သွယ်လာတယ်လေ။ တမင်အဆက်ဖြတ်တာ မဟုတ်ဘဲနဲ့ ကျန်းမာရေးကြောင့် ဆေးရုံတက်နေရကြောင်း ပြောလာတယ်လေ။

အချစ်ကို အရူးမီးဝိုင်းလို ကိုးကွယ်နေတဲ့ ကျွန်တော်ကတော့ သူ ပြန်လာချော့တာနဲ့ ချက်ချင်းဘဲ စိတ်ပြေသွားတော့တာ‌ပေါ့။ ပြီးတော့ သူနဲ့ ကျွန်တော်နဲ့ ပြန်အဆင်ပြေသွားခဲ့တယ်။

အရင်လို စကားတွေ တီတီတာတာ ပြန်ပြောလာတော့တယ်။ ကတောက်ကဆတ်တွေလည်း မဖြစ်တော့ဘူးပေါ့။

ဒါပေမယ့် တစ်ရက်မှာ သူ့ဘက်က ကျွန်တော့်ကို လမ်းခွဲစကား ပြောလာခဲ့တယ်။ ကျွန်တော်က အကြောင်းအရင်းမေးတော့ သူ့အကိုက ပြောလို့တဲ့လေ။

ကျွန်တော်က အပျော်ဘဲတွဲမှာဆိုပြီးတော့တဲ့လေ။ ကျွန်တော်ဖြင့် အံ့ဩလွန်းလို့။

အဲ့ကနေ သူ ကျွန်တော့်ကို စာမပြန်လာတော့ဘူး။ စာပို့လည်း ထပ်မပို့လာတော့ဘူး။ ဘာဆိုဘာမှ ပို့မလာတော့တာ။ ပြီးတော့ ကျွန်တော့် အကောင့်ကို ဘလော့သွားခဲ့တယ်။ ကျွန်တော့်မှာ စိတ်တိုလွန်းလို့။ သူ့အကို ပြောတဲ့ စကားနဲ့ ကျွန်တော့်ကို ထားခဲ့တာတဲ့လေ။ တော်တော်လေးကိုမှ အံ့ဩလို့မဆုံးဘူး။

စိတ်တွေအရမ်းတိုနေတာနဲ့ သူ့အကိုကို သွားပြီးတော့ ပြောမိတယ်။ သူ့အကိုကလည်း ဒီအတိုင်းဘဲ ပြောလိုက်တာလို့ ပြန်ပြောလာတယ်လေ။ ပြီးတော့ သူ့ညီက အဲ့တိုင်းဘဲ စိတ်မမှန်ဘူးဆိုပြီး ပြောလာတော့တယ်။ ဘာမှလုပ်လို့မရတော့ ကျွန်တော်လည်း ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်တယ်။

ဒါပေမယ့် ချစ်နေတော့လည်း သူ့အကိုကို သူအဆင်ပြေရဲ့လားဆိုတာ သွားမေးခဲ့မိတယ်။ သူ့အကိုကတော့ ပြန်ပြီး ပြောရှာပါတယ်။ သူ့အကိုနဲ့ ပြောနေရင်း အချိန်တွေကြာလာတော့ စိတ်ထဲတစ်မျိုးလေး ခံစားလာရတယ်။

သူ့အကိုကလည်း တစ်ခါတစ်ခါကျ စကားပြောနေရင်းနဲ့ အီစီကလီလေးတွေ ထထလုပ်လာတယ်။ လောလောလတ်လတ် အသည်းခွဲနေတဲ့ ကျွန်တော်ကလည်း အဲ့အီစီကလီကြားမှာ မျောသွားတော့တာပေါ့။

ဒီလိုနဲ့ ကြာလာရင်း ကျွန်တော်လည်း သူ့အကိုဆီ စိတ်ယိုင်မိ‌တော့တယ်။ သူ့အကိုနဲ့ကလည်း အေးအေးဆေးဆေးပါဘဲ။ စကားတွေ ပြောကြတယ်။ ချစ်ကြောင်း ပြောကြတယ်။ ပြီးတော့ တွေ့ဖို့အကြောင်းတွေ ပြောကြတယ်။

အဲ့လိုတွေ ပြောနေရင်းကနေ တစ်ရက်မှာ သူ့အကိုကလည်း ရုတ်တရက်ကြီး ကျွန်တော့်ကို ဘလော့သွားတယ်။

ကျွန်တော်ဖြင့် ယုံတောင် မယုံနိုင်ဘူး။ ညီအကိုနှစ်ယောက် လိုက်လည်းလိုက်ပါပေတယ်။ ဒီတစ်ခါလည်း သူ့ညီက ပြောလိုက်လို့ထင်ပါတယ်။

သူတို့နှစ်ယောက်က ကျွန်တော့်ကို လာပလေးနေတာ။ ညီအကို နှစ်ယောက်ကနော်။ ပြောနေရင်းနဲ့တောင် စိတ်တိုမိတဲ့အထိဘဲ။ တော်တော်လေးကို ခံရခက်တာ။ ပြီးတော့ တော်တော်လေးကို ဆိုးလွန်းတဲ့ အဖြစ်ဘဲ။

..........

အထက်ပါ အကြောင်းအရာများသည် “ရင်ဖွင့်ရာ”သို့ လာကြသော ဧည့်သည်များကနေမှ ပြန်လည်မျှဝေထားသော ကြေကွဲဖွယ်ရာ မှတ်စုတိုလေးများပင် ဖြစ်ပါသည်။

....................................

ထွဋ်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..