
“ဟေ့..... ဟေ့..... ဟိုမှာ အရူးမကြီး လာနေပြီ....... အရူးမကြီးလာနေပြီ” ဆိုကာ ကလေး တစ်ယောက် အော်ပြောရင်း ရပ်ကွက်ထဲ ပြေးလာတော့သည်။
ဒီတွင် သူငယ်ချင်းအိမ်ဆီ အလည်ရောက်နေတဲ့ မျိုးစန္ဒီ တစ်ယောက် ထိုကလေးလေးရဲ့ စကားမှာ စိတ်ဝင်တစား ဖြစ်သွားရပါတော့သည်။ ပြီးတော့ သူငယ်ချင်းဖြစ်သူကို ပြန်မေးရှာလေသည်။
“ဟဲ့..... ခဏက ကလေးလေး အော်သွားတာ.... အရူးမကြီးဆိုတာက ဘယ်သူ့ကို ပြောတာလဲ”
“အော်....... ဒေါ်လေးသောင်းမြရီကို ပြောတာ........”
သောင်းမြရီဆိုတဲ့ နာမည်ကို ကြားလိုက်ရတော့ မျိုးစန္ဒီရဲ့ မျက်ဝန်းအိမ်တွေဟာဆိုရင် ဝင်းလက်တောက်ပလာလေတော့၏။
“နာမည်က သောင်းမြရီတဲ့လား....... ဒါနဲ့ ဘာလို့ အရူးမကြီးလို့ ခေါ်ကြတာလဲ သူငယ်ချင်း”
“အဲ့တာကတော့ ပြောရမှာ အတော်လေးကို ခက်တယ်..... မျိုးရယ်.......”
သူငယ်ချင်းဖြစ်သူ စကားကြောင့် မျိုးစန္ဒီ တစ်ယောက် ပိုလို့စိတ်ဝင်သွားလေသည်။ ဒါနဲ့ မျိုးစန္ဒီလည်း သူငယ်ချင်းကို ပြန်မေးဖို့ ပြင်လိုက်ချိန်မှာဘဲ အပြင်ကနေ ကလေးတစ်သိုက်ရဲ့ ဆူညံသံတွေ ကြားလိုက်ရတော့သည်။ ဒီတော့ မျိုးစန္ဒီနဲ့ သူငယ်ချင်းဖြစ်သူတို့လည်း အပြင်ကို ထွက်ကြည့်ကြလေသည်။ အပြင်မှာ ကလေးတွေ အဒေါ်ကြီးသောင်းမြရီကို ဝိုင်းဖွဲ့ပြီး ဟားတိုက်နေကြတာ ဖြစ်ချေသည်။ မျိုးစန္ဒီမှာ သောင်းမြရီကို မြင်တော့ စိတ်ဝင်တစားနဲ့ စိုက်ကြည့်နေမိလေသည်။ ဘာကြောင့်ဆို သောင်းမြရီရဲ့ ပုံပန်းသွင်ပြင်ကြောင့် ဖြစ်သည်။ သောင်းမြရီမှာ ဆံပင်ကို ဆံထုံးတော်ကြီး တမာသီးလို ထုံးထားသည်။ သနပ်ခါးကို မျက်နှာအပြည့် လိမ်းထားသည်။ မျိုးစန္ဒီ အံ့ဩသည်ကတော့ သောင်းမြရီမှာ ယောကျာ်းလေးဝတ် အင်္ကျီကို ဝတ်ထားပြီး ပုဆိုးကို ထမီလိုမျိုး ဝတ်ထားတာဘဲ ဖြစ်ချေသည်။ မျိုးစန္ဒီမှာ ကလေးတွေ ဘာလုပ်ကြမလဲဆိုတာကို ကြည့်နေလိုက်လေသည်။
“အရူးမကြီး...... အရူးမကြီး....... အရူးမကြီး..........”
“ဟေ...... ငါ့ကို လှတယ်ပြောနေကြတာမလား...... ဟုတ်တယ်လား...... ငါ လှတယ်မလား.........”
ကလေးတွေက အရူးမကြီးလို့ ပြောနေပေမယ့် သောင်းမြရီမှာတော့ သူ့ကို လှတယ်ပြောနေတယ်ထင်ပြီး ပျော်နေရှာလေသည်။
“ဟား.......ဟား....... လှတယ်ပြောတာ မဟုတ်ဘူး....... အရူးမကြီးလို့ ပြောနေတာ...... ဟား.......ဟား”
ကလေးလေး တစ်ယောက်ကနေမှ သောင်းမြရီကို လက်ညိုထိုးပြီး ပြောကာ ရယ်တော့ ကျန်တဲ့ကလေးတွေကပါ လိုက်ရယ်ကြလေသည်။ သောင်းမြရီလည်း ကလေးတွေနဲ့ အတူတူ လိုက်ရယ်လေတော့သည်။
“ဟဲဟဲ....... နင် မဆိုးဘူး...... နင် တော်တယ်...... ငါ့ကို လှတယ် ပြောလို့......... ဒီတော့ နင်နဲ့ အတူတူ ငါဆော့ပေးမယ်”
သောင်းမြရီမှာ ပြောလည်းပြောပြီးရော ထိုကလေးရှေ့သို့ တိုးသွားပါလေသည်။ ထိုကလေးမှာ သောင်းမြရီကို ကြောက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားပါလေသည်။ ကျန်ကလေးများလည်း အသီးသီး နောက်ဆုတ်သွားကြလေသည်။ သောင်းမြရီကတော့ ကလေးတွေ နောက်ဆုတ်သွားတာကို မြင်ပြီး ကြောင်ကြောင်လေးဖြစ်ကာ
“နင်တို့က ဘာလို့နောက်ဆုတ်သွားကြတာလဲ..... အတူတူ ဆော့မယ်လေ” ဆိုကာ ပြောလိုက်ပါလေသည်။
“ဆော့ပါဘူး...... သားတို့ မေမေက ပြောတယ်...... အရူးမကြီးနဲ့ မဆော့ရဘူးတဲ့လေ”
ထိုကလေးရဲ့ စကားက သောင်းမြရီရဲ့ စိတ်ကို ကယောက်ခြောက်ခြား ဖြစ်စေတော့သည်။ သောင်းမြရီမှာ ဘေးပတ်ပတ်လည်ကို ကွက်ကြည့်ကွက်ကြည့် လုပ်လိုက်ပါလေသည်။ ပြီးတော့ သောင်းမြရီ တစ်ယောက် စိတ်ထဲတွင် ကလေးတွေကနေပြီး သူ့ကို အရူးမကြီးလို့ ပြောနေတဲ့ အသံတွေ ကြားလာရလေသည်။
“အရူးမကြီး...... အရူးမကြီး....... အရူးမကြီး.......... အရူးမကြီး...... အရူးမကြီး....... အရူးမကြီး..........”
ဒီတွင် သောင်းမြရီမှာ နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ထားပြီးတော့ မျက်လုံးပြူးကြီးဖြင့် သွေးရူးတန်းရူး စကားတွေ ပြောလာပါတော့သည်။
“ငါ မရူးဘူး...... ငါ မရူးဘူး....... ငါ အရူးမကြီး မဟုတ်ဘူး....... မဟုတ်တာတွေ မပြောနဲ့........ မဟုတ်တာတွေ မပြောကြနဲ့”
သောင်းမြရီမှ အော်ပြောနေတော့ ကလေးတွေမှာ လန့်ပြီး ပြေးကုန်ကြလေသည်။ သောင်းမြရီကတော့ အဲ့နေရာလေးမှာသာ နေပြီး တစ်ယောက်ထဲ ခဏက ပြောတာကိုပင် ထပ်ခါထပ်ခါ ပြောနေပါလေသည်။
“ငါ မရူးဘူး...... ငါ မရူးဘူး....... ငါ အရူးမကြီး မဟုတ်ဘူး....... အရူးမကြီး မဟုတ်ဘူး...... မဟုတ်တာတွေ ပြောနေကြတာ........ မဟုတ်တာတွေ ပြောနေကြတာ”
သောင်းမြရီမှာ သွေးရူးတန်းရူးဖြင့် အော်ပြောနေလေသည်။ မျိုးစန္ဒီမှာ သောင်းမြရီကို ကြည့်ပြီး စိတ်လည်းစိတ်ဝင်စားသလို သနားလည်း သနားလာလေသည်။ ဒါနဲ့ မျိုးစန္ဒီ တစ်ယောက်လည်း သောင်းမြရီနားသို့ သွားဖို့ရန် ပြင်လိုက်လေသည်။ ထိုအချိန်မှာဘဲ မိန်းကလေး တစ်ယောက် သောင်းမြရီနားသို့ ရောက်ချလာလေသည်။
“ဒေါ်လေးသောင်းရယ် ဘာလို့ မပြောမဆိုနဲ့ ထွက်သွားရတာလဲ”
“ငါ မရူးဘူး...... ငါ မရူးဘူး....... ငါ အရူးမကြီး မဟုတ်ဘူး....... မဟုတ်တာတွေ မပြောနဲ့........ မဟုတ်တာတွေ မပြောကြနဲ့”
သောင်းမြရီကတော့ ပါးစပ်ကနေ မရူးဘူးဆိုပြီးတော့တာ တတွတ်တွတ် ရွတ်နေပါလေသည်။ ဒီတွင် မိန်းကလေးမှာ သောင်းမြရီရဲ့ ပုခုံးလေးကို ကိုင်ပြီးတော့
“ဒေါ်လေးသောင်း..... ဒီကိုကြည့်.... ဒီကိုကြည့်...... ပြီးတော့ စိတ်ကို ငြိမ်ငြိမ်ကိုထား...... ပြီးတော့ သမီး ဘယ်သူလဲ” ဆိုကာ ပြောလိုက်လေသည်။
ဒေါင်းမြရီမှာ တတွတ်တွတ် ရွတ်နေတာကိုရပ်ပြီးတော့ သူ့ရှေ့က မိန်းကလေးကို သေချာကြည့်လိုက်ပါလေသည်။ ပြီးတော့ ပြုံးပြီး ပြန်ဖြေလေတော့သည်။
“မလေးညို..... ဟေး..... ဟုတ်တယ်..... မလေးညို........”
“ဟုတ်တယ်...... မလေးညိုဘဲ..... လာ..... အိမ်ပြန်မယ်လာ.......”
“ပြန်ဘူး..... အိမ်ပြန်ဘူး...... လျှောက်လည်မယ်..... ဆော့မယ်.......”
“အိမ်မှာ ဒေါ်လေးသောင်းဖို့ ရေခဲချောင်း ဝယ်ထားတယ်........”
“ရေခဲချောင်း........ စားမယ်...... စားမယ်...... စားချင်တယ်..........”
“ရေခဲချောင်း စားချင်တယ်ဆိုရင် အိမ်လိုက်ခဲ့...... ဟုတ်ပြီလား...... အိမ်ရောက်ရင် ရေခဲချောင်း ကျွေးမယ်နော်”
ရေခဲချောင်း စားရမယ်ဆိုတော့မှ သောင်းမြရီမှာ ပြုံးပျော်ပြီး ထိုမိန်းကလေးနဲ့အတူ လိုက်ပါသွားလေသည်။
သောင်းမြရီတို့ နှစ်ယောက်လည်း သွားတော့ မျိုးစန္ဒီလည်း သူငယ်ချင်းဖြစ်သူကို မေးခွန်းထုတ်လိုက်ပါလေသည်။
“အဲ့ကောင်မလေးက ဘယ်သူလဲ”
“အော်...... အဲ့တာက ဒေါ်လေးသောင်းရဲ့ တူမလေ...... ခင်ညိုတဲ့...... ငယ်ငယ်လေးထဲက ဒေါ်လေးသောင်း ခေါ်မွေးထားတာလေ..... ခုတော့ ခင်ညိုတို့က ဒေါ်လေးသောင်းကို ပြန်ပြီး စောင့်ရှောက်နေကြတာပေါ့”
“အော်..... ဒါနဲ့ ဒေါ်လေးသောင်းက ဘာကြီးလဲ........” ဆိုပြီး မျိုးစန္ဒီ မေးလိုက်ပြန်လေသည်။
“ဘာကိုလဲ......” ဆိုပြီး သူငယ်ချင်းဖြစ်သူမှာ မျိုးစန္ဒီရဲ့ အမေးကို ကြောင်သွားပြီး နောက်မှ သဘောပေါက်ကာ “အော်...... သိပြီ....... နင်မေးချင်တာကို..... ဟုတ်တယ်.... ဒေါ်လေးသောင်းက မိန်းမလျာလေ” ဆိုပြီး ပြန်ဖြေလာပါတော့သည်။
ဒါနဲ့ မျိုးစန္ဒီမှာ သူငယ်ချင်းဖြစ်သူဘက် လှည့်လိုက်ပြီးတော့ အားကိုးတဲ့ အကြည့်တွေဖြင့် ကြည့်လိုက်ပါလေသည်။ သူငယ်ချင်း ဖြစ်သူကလည်း မျိုးစန္ဒီ အကြောင်းကို ကောင်းကောင်းသိသူ ဖြစ်လေသည်။
“ဘာလဲ....... ငါ ဘာလုပ်ပေးရမလဲ”
“ငါ...... ဒေါ်လေးသောင်း အကြောင်းကို ငါ့ရဲ့ ဝတ္ထုတိုထဲမှာ ထည့်ရေးချင်တယ်........”
“နင့်ရဲ့ စိတ်ကို သိလို့...... ငါ နင့်ကို ငါ့ဆီလာခိုင်းလိုက်တာ...... ဟုတ်ပြီ..... နင် ဒေါ်လေးအကြောင်းကို သိစေရမယ်........”
မျိုးစန္ဒီမှာ သူငယ်ချင်း ဖြစ်သူကို ကြည့်နေရာကနေ ခဏက ဒေါ်လေးသောင်း ရှိနေတဲ့ နေရာသို့ ကြည့်လိုက်ပါတော့သည်။
*****
“မကြီးခင်ညို...... မကြီးခင်ညို..........”
“လာပါပြီတော့်....... လာပါပြီ” လို့ ပြောရင်း ခင်ညို တစ်ယောက် အိမ်ခြံရှေ့သို့ အပြေးလေး ရောက်လာလေသည်။
“ဘယ်သူများလဲလို့....... ညည်းနှယ်...... တစ်ခါခေါ် တော်ရောပေါ့........”
“မကြီးခင်ညို မကြားဘူးထင်လို့ပါ” ဆိုကာ မျိုးစန္ဒီရဲ့ သူငယ်ချင်းကနေမှ ပြောလိုက်ပါလေသည်။ မျိုးစန္ဒီကတော့ ဘေးနားတွင် ရပ်လို့နေလေသည်။
“သူငယ်ချင်း ခေါ်လာတာပါလား” ခင်ညိုမှ မျိုးစန္ဒီကို ကြည့်ပြီး ပြောလိုက်လေသည်။
“ဟုတ်တယ်..... မကြီးခင်ညို....... အဲ့ကိစ္စကို အိမ်ထဲရောက်တော့ ပြောပြမယ်”
တံခါးဖွင့်ပြီးလို့ မျိုးစန္ဒီတို့ သူငယ်ချင်း နှစ်ယောက်လည်း ခြံထဲ ဝင်လိုက်ကြလေသည်။ ခင်ညိုကတော့ ခြံတံခါး ပြန်ပိတ်နေလေသည်။ မျိုးစန္ဒီကတော့ အိမ်ကြီးကို တစ်ချက်ကြည့်လိုက်ပါလေသည်။ အိမ်လေးက နှစ်ထပ်တိုက်ပုလေး ဖြစ်သည်။ ခြံလေးနဲ့ဆိုတော့ နေချင်စရာ ကောင်းလေသည်။ ခင်ညိုမှ တံခါးပိတ်ပြီးသွားတော့ အိမ်ထဲလိုက်ခဲ့ဖို့ ပြောလာလေသည်။ ဒါနဲ့ မျိုးစန္ဒီတို့ သူငယ်ချင်း နှစ်ယောက်လည်း ခင်ညို နောက်သို့ လိုက်သွားလိုက်ပါတော့သည်။
အိမ်ထဲကို ရောက်တော့ ခင်ညိုကနေမှ ဧည့်ခန်းမှာ ထိုင်ဖို့ ပြောသည်။ ပြီးတာနဲ့ နောက်ဖေးသို့ ဝင်သွားလေသည်။ ဧည့်ခန်းမှာ ကျန်ခဲ့တဲ့ မျိုးစန္ဒီတို့ သူငယ်ချင်း နှစ်ယောက်ကတော့ ဆိုဖာလေးမှာ ထိုင်နေကြလေသည်။ မျိုးစန္ဒီ တစ်ယောက်ကတော့ အိမ်ထဲက နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေကို လိုက်ကြည့်နေလေသည်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပုံတွေဟာဆိုရင် ဆံထုံးနှင့် မြန်မာဝတ်စုံ ဝတ်ထားသည့် အသက်ခပ်ကြီးကြီး မိန်းမတစ်ယောက်ရဲ့ ပုံတွေသာ ဖြစ်ချေသည်။ မျိုးစန္ဒီ တစ်ယောက် ဓာတ်ပုံတွေကို စိုက်ကြည့်နေတာကို သူငယ်ချင်းဖြစ်သူက မြင်တော့
“အဲ့ပုံတွေက ဒေါ်လေးသောင်းရဲ့ ပုံတွေလေ” ဆိုပြီး ပြောလာလေသည်။
ဒီတွင် မျိုးစန္ဒီမှာ အံ့ဩတဲ့ အကြည့်တွေဖြင့် သူငယ်ချင်းဖြစ်သူကို ကြည့်လိုက်၊ ဓာတ်ပုံတွေကို ကြည့်လိုက် လုပ်နေပါလေသည်။
ထိုချိန် နောက်ဖေးကနေ ခင်ညို တစ်ယောက် အအေးဗန်းလေးကိုင်ပြီး ပြန်ရောက်လာတော့သည်။
“မကြီးခင်ညိုကလည်း အအေးတွေ မလိုပါဘူး....... ရေဆို ရပါပြီ”
ခင်ညိုမှာ အအေးခွက်တွေကို စားပွဲပေါ်မှာ ချပြီးတော့ ဆိုဖာမှာ ဝင်ထိုင်လိုက်ကာ “ကဲ...... လာရင်းကိစ္စက ဘာများလဲကွယ်” ဆိုပြီး မေးလာပါလေသည်။
“ဒီလို မကြီးခင်ညိုရဲ့........” လို့ အစချီပြီး မျိုးစန္ဒီရဲ့ သူငယ်ချင်းဖြစ်သူမှာ အအေးကို တစ်ငုံ သောက်လိုက်လေသည်။ အအေးသောက်ပြီးမှ စကားကို ပြန်ဆက်တော့သည်။
“သမီးရဲ့ သူငယ်ချင်းကလေ..... ဒေါ်လေးသောင်းရဲ့ အကြောင်းကို ဝတ္ထုရေးချင်လို့တဲ့လေ”
မျိုးစန္ဒီရဲ့ သူငယ်ချင်းက ပြောတော့ ခင်ညိုမှာ အနည်းငယ်မျှ စဉ်းစားသွားလေသည်။ ဒီတော့ မျိုးစန္ဒီကနေမှ ဝင်ပြောလေတော့သည်။
“ဒေါ်လေးသောင်းရဲ့ အကြောင်းကို အရှိကိုအရှိတိုင်း ရေးမှာပါ..... ဘာမှပြင်တာမျိုးတွေလည်း မလုပ်ပါဘူး...... ရေးပြီးတာနဲ့ အမတို့ကို အရင်ဆုံး လာပြမှာပါ”
“မကြီးခင်ညိုရယ်..... သမီး သူငယ်ချင်းက စာရေးတာ အရမ်းတော်တာ...... ကိုယ့်သူငယ်ချင်းမလို့ ပြောတာမဟုတ်ဘူးနော်.... တစ်ကယ် တစ်ကယ် စာရေးတော်တာ”
“တစ်ကယ်လို့ အမတို့ဘက်က မရေးနဲ့ဆိုလည်း ရပါတယ်..... ညီမ မရေးပါဘူး...... ဒါပေမယ့် ဒေါ်လေးသောင်း အကြောင်းကိုတော့ ပြောပြလို့ရမလား” ဆိုပြီး မျိုးစန္ဒီ ပြောလိုက်ပါလေသည်။
ဒီတွင် ခင်ညိုမှ မျိုးစန္ဒီကို ကြည့်လာပါတော့သည်။
“တစ်မျိုးမထင်ပါနဲ့...... ဒေါ်လေးသောင်း အကြောင်းကို နားထောင်ပြီး ဆင်တူယိုးမှား ရေးမှာမဟုတ်ပါဘူး..... ဒီအတိုင်း ဒေါ်လေးသောင်းကို စိတ်ဝင်စားလို့ပါ” လို့ မျိုးစန္ဒီ တစ်ယောက် ပြန်ကာပြောရလေသည်။
“ရပါတယ်....... ဒေါ်လေးသောင်း အကြောင်း ရေးလို့ရပါတယ်.... အမတို့က ဘာမှမဖြစ်ပါဘူး..... သူ့အကြောင်းကို ရေးတဲ့သူရှိတယ်ဆိုတာ သိရင် ဒေါ်လေးသောင်းကလည်း ပျော်နေလောက်မှာပါ”
ခင်ညို စကားကြောင့် မျိုးစန္ဒီတို့ သူငယ်ချင်း နှစ်ယောက် ပျော်သွားကြလေသည်။
“ဒါနဲ့ ဒေါ်လေးသောင်းကော အမ” လို့ မျိုးစန္ဒီ မေးလိုက်ပါလေသည်။
“အပေါ်မှာ ရှိတယ်..... တွေ့ချင်လို့လား........”
ဒါနဲ့ မျိုးစန္ဒီလည်း ခေါင်းညိတ်ပြလိုက်လေသည်။ ဒီတော့ ခင်ညိုလည်း ထိုင်ရာကထပြီး မျိုးစန္ဒီတို့ သူငယ်ချင်း နှစ်ယောက်ကို အပေါ်ထပ်သို့ ခေါ်သွားတော့သည်။ အပေါ်ကို ရောက်တော့ ကုလားထိုင်လေးမှာ ထိုင်နေတဲ့ သောင်းမြရီကို မျိုးစန္ဒီကို တွေ့လိုက်ရလေသည်။ ဒီနေ့လည်း သောင်းမြရီမှာ ဆံထုံးလေးနဲ့ သနပ်ခါး အပြည့်လေးနှင့်ပင် ဖြစ်သည်။ ခင်ညိုကတော့ သောင်းမြရီနား သွားလိုက်ပြီးတော့
“ဒီက မိန်းကလေးက ဒေါ်လေးသောင်းကို တွေ့ချင်လို့တဲ့လေ” ဆိုပြီး တိုးတိုးလေး ပြောလိုက်ပါလေသည်။
ဒီတွင် သောင်းမြရီမှာ မျိုးစန္ဒီကို လှည့်ကြည့်လာလေသည်။ ပြီးတာ့ မျိုးစန္ဒီကို ပြုံးပြလာလေသည်။ မျိုးစန္ဒီလည်း ပြန်ပြုံးပြလိုက်တော့သည်။
“ဟဲဟဲ...... မမလှလှတွေ လာတွေ့တယ်...... မမလှလှတွေ လာတွေ့တယ်........”
သောင်းမြရီမှ ထိုသို့ပြောလိုက်တော့ မျိုးစန္ဒီ စိတ်ထဲ အတန်ငယ် စိတ်မကောင်းဖြစ်လို့သွားရပါလေသည်။ ပြီးတော့ သောင်းမြရီရဲ့ လက်ကလေးကို မျိုးစန္ဒီ ညင်ညင်သာသာလေး ကိုင်လိုက်လေသည်။ သောင်းမြရီကတော့ မျိုးစန္ဒီကို ပြုံးပြုံးလေးဖြင့် စိုက်ကြည့်နေလေတော့သည်။ ထိုအချိန်မှာဘဲ ခင်ညိုကနေပြီး
“ဒေါ်လေးသောင်းကလေ........ မကြီးခင်တို့အတွက်တော့ အမေ တစ်ယောက်လည်း ဟုတ်တယ်...... အဖေ တစ်ယောက်ဆိုလည်း ဟုတ်တယ်..... မကြီးခင်တို့ကို ငယ်ငယ်လေးထဲကနေ ခေါ်ပြီးတော့ ကျွေးမွေးစောင့်ရှောက်ထားတာလေ...... ဒေါ်လေးသောင်းရဲ့ ဘဝမှာ ပေးဆပ်ခဲ့ရတာတွေ အရမ်းခဲ့တယ်...... တစ်ကယ်လည်း ဒေါ်လေးသောင်းက အရမ်းကို သနားစရာ ကောင်းခဲ့ပါတယ်” ဆိုကာ ပြောလာပါလေသည်။
မျိုးစန္ဒီမှာ ခင်ညိုကြိ ကြည့်နေရာကနေ သောင်းမြရီကို ကြည့်လိုက်ပါလေသည်။ သောင်းမြရီကတော့ သူ့အကြောင်းကို ပြောလို့ပြောမှန်းမသိ ပြုံးသာပြုံးနေလေသည်။
*****
သောင်းမြရီဟာဆိုရင် ငယ်ရွယ်စဉ်က သိပ်ကို လှခဲ့သူ တစ်ယောက် ဖြစ်လေသည်။ ယောကျာ်းလေးဆိုသော်ငြား ဆံပင်ကလည်း နက်မှောင်ပြီး ရှည်လေသည်။ ဆံပင်ရှည်ထားသည်ကလည်း အကြောင်းရှိလေသည်။ ဘာကြောင့်ဆို သောင်းမြရီသည် မိန်းကလေးလို ဝတ်စားနေထိုင်လို့ပင် ဖြစ်သည်။ ထိုသို့ ဝတ်စားတာကလည်း အသက်အရွယ် ရလာတော့မှ မဟုတ်ဘဲ ဆယ်ကျော်သက်ကတည်းက ဝတ်စားလာခဲ့တာဘဲ ဖြစ်သည်။ ပြီးနောက် သောင်းမြရီတွင် အမကြီး တစ်ယောက် ရှိလေသည်။ အသက်အရွယ်အားဖြင့်လည်း အရမ်းကိုမှ ကွာလေသည်။ သောင်းမြရီတို့ မောင်နှမမှာ မိဘနှစ်ပါးမရှိတော့ပါ။ ငယ်လေးကတည်းက ဆုံးရှုံးခဲ့ရပြီး အဖိုးအဖွားဖြစ်သူတို့နဲ့သာ နေထိုင်ပြီး ကြီးပြင်းလာခဲ့ရလေသည်။ ထိုကတည်းက သောင်းမြရီရဲ့ အမမှာ မောင်တစ်ယောက်ထဲ ရှိတာမို့ အလိုလိုက်ပြီး ချစ်ပေးလေသည်။ အဖိုးအဖွားတို့ကတော့ လယ်ယာလုပ်ကိုင်ပြီး သောင်းမြရီတို့ မောင်နှမကို ကျွေးမွေးပြုစုခဲ့လေသည်။
အဖိုးအဖွားတို့ အသက်အရွယ် ရလာတဲ့အချိန်မှာတော့ သောင်းမြရီတို့ မောင်နှမ နှစ်ယောက်ကနေပြီး လယ်ယာကိစ္စကို လက်လွဲယူခဲ့လေသည်။ နောက်တော့ သောင်းမြရီရဲ့ အမဖြစ်သူမှာ အိမ်ထောင်ရပ်သား ကျသွားခဲ့သည်။ သောင်းမြရီရဲ့ အမမှာ အိမ်ထောင်ကျသွားခဲ့ပေမယ့် သောင်းမြရီတို့ကို ထားမသွားခဲ့ပေ။ ယောကျာ်းဖြစ်သူကို အတူတူခေါ်နေပြီး လယ်ယာကိစ္စကို ဦးစီးခိုင်လေတော့သည်။ အချိန်တွေကြာလာတော့ အဖိုးအဖွားဖြစ်သူတို့နှစ်ယောက်လည်း မရှိကြတော့ပေ။ သောင်းမြရီရဲ့ အမမှာလည်း ကလေးနှစ်ယောက် မွေးခဲ့လေသည်။ ခင်ညိုဆိုတဲ့ မိန်းကလေးနဲ့ သာလှဆိုတဲ့ သားလေး တစ်ယောက် ဖြစ်သည်။ သာလှက အကြီးဖြစ်ပြီး ခင်ညိုက အငယ်လေးဖြစ်သည်။ သောင်းမြရီသည် အမဖြစ်သူရဲ့ ကလေးတွေကို အတော်ချစ်ရှာလေသည်။ ကလေးဆိုလည်း သူသာထိန်းသည်။ အမဖြစ်သူကို နားနားနေနေ နေခိုင်းလေသည်။
ဒီလိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုကလေးဆီကို ကံကြမ္မာဆိုးတွေ ဝင်ရောက်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ကြပေ။ သောင်းမြရီသည်လည်း မထင်ထားခဲ့ပေ။
တစ်နေ့ သောင်းမြရီရဲ့ အမ လင်မယားဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်ဖို့ အရေးကြုံလာခဲ့လေသည်။ စားဝတ်နေရေးအတွက် သွားရမှာ ဖြစ်တာကြောင့် မလွဲသာဘဲ သွားခဲ့ရလေသည်။ သောင်းမြရီရဲ့ အမမှာ ခင်ညိုက လပိုင်းဘဲရှိသေးတာမလို့ သောင်းမြရီနဲ့ ထားခဲ့ပြီး သုံးနှစ်သားအရွယ် သာလှလေးကို ခေါ်သွားခဲ့လေသည်။ ကံကြမ္မာဟာဆိုရင် သောင်းမြရီရဲ့ အမကို မျက်နှသာမပေးခဲ့ပါဘူး။ ကံဆိုးမှုကြီးနဲ့အတူ တစ်ပါတည်းခေါ်သွားခဲ့လေသည်။
သောင်းမြရီမှာဆိုရင် ရက်အတော်ကြာတဲ့အထိ စာမလာ၊ သတင်းမကြားတာကြောင့် စိုးရိမ်လာခဲ့လေသည်။ ရက်တော်တော်ကြာတော့မှ အမဖြစ်သူတို့ စီးနှင်းလိုက်ပါလာတဲ့ ကားလေးဟာ အပြန်လမ်းမှာ မတော်တဆမှုဖြစ်တယ်ဆိုတာကို သောင်းမြရီ ကြားသိခဲ့ရလေသည်။ သောင်းမြရီမှာ ထိုသတင်းကိုကြားပြီး ငယ်ထိပ်ကို မိုးကြိုး ပစ်ချခံလိုက်ရသလို ခံစားလိုက်ရလေသည်။ ပြီးတော့လည်း ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဖြစ်ခဲ့လေသည်။ ခင်ညိုလေးကတော့ ငယ်သေးတော့ ဘာဖြစ်နေမှန်း မသိခဲ့ရှာပါဘူး။ ကလေးတို့ သဘာဝအတိုင်း ဗိုက်ဆာရင် ငိုမယ်၊ လိုချင်တာမရရင် ဂျီကျမယ်ဆိုတာဘဲ သိလေသည်။ သောင်းမြရီမှာ တစ်ကောင်ကြွက် ဖြစ်သွားတော့ စိတ်အားငယ်ပြီး ငူငူငိုင်ငိုင် ဖြစ်ခဲ့လေသည်။ ခင်ညိုလေးကိုလည်း မေ့ပြီး ငူငူငိုင်ငိုင်နဲ့သာ နေနေတော့သည်။ တစ်ရက် ခင်ညိုကနေမှ ဗိုက်ဆာပြီး အော်ငိုတော့မှ သောင်းမြရီ တစ်ယောက်လည်း အသိစိတ် ပြန်ဝင်လာခဲ့တော့သည်။ ဒီတော့မှ ခင်ညိုလေးက သူ့အမရဲ့ သွေးသားဆိုတာကို တွေးမိပြီး ခင်ညိုလေးကို ပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့လေသည်။ ထိုဆုံးဖြတ်ချက်ချတဲ့နေ့မှာဘဲ သောင်းမြရီ တစ်ယောက် မိန်းကလေးလို ဝတ်စားနေထိုင်ခဲ့လေသည်။
သောင်းမြရီမှာ မိသားစု အလုပ်အကိုင်ဖြစ်တဲ့ လယ်တွေကို မရောင်းချင်ပေမယ့်လည်း ခင်ညိုလေးကို ပြုစုရမှာမလို့သာ လယ်ယာတွေကို ရောင်းချခဲ့လေသည်။ လယ်ယာတွေကို ရောင်းချလို့ရတဲ့ ငွေတွေကို ပိုက်ပြီး ခင်ညိုကို ခေါ်ကာ မြို့တက်လာခဲ့လေသည်။ ရွာလေးက အိမ်လေးကိုတော့ ငှားခဲ့လေသည်။ မြို့ရောက်လာတော့လည်း သောင်းမြရီမှာ အခက်အခဲတွေနဲ့ ကြုံတွေခဲ့ရလေသည်။ အသိမိတ်ဆွေက မရှိလေတော့ သောင်းမြရီမှာ နေစရာရှာဖို့ အခက်တွေ့ခဲ့လေသည်။ ခင်ညိုလေးကလည်းပါတော့ သောင်းမြရီမှာ ပိုပြီးတော့ အခက်တွေ့တော့တာပေါ့။ ပထမ မြို့ရောက်ချိန်မှာတော့ ဘုန်းကြီးကျောင်း တစ်ခုမှာ နေခဲ့ရလေသည်။
နောက်တော့ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ရဲ့ ဆွေတော်မျိုးတော်တွေရဲ့ အကူအညီဖြင့် သောင်းမြရီတို့ တူဝရီးနှစ်ယောက်လည်း နေစရာအိမ်လေး ရတော့သည်။ နေစရာရပေမယ့် ဘာလုပ်လို့ဘာကိုင်ရမှန်းလည်း သောင်းမြရီ မသိပေ။ လယ်ယာသာ လုပ်ခဲ့တာဆိုတော့ တစ်ခြားလုပ်ငန်း လုပ်ဖို့ကလည်း မလုပ်တတ်ပေ။ ခင်ညိုလေးကလည်း ရှိနေတော့ သောင်းမြရီအနေနဲ့ လုပ်ငန်းကိုင်ငန်း တစ်ခုခုတော့ လုပ်မှ ဖြစ်ပေမည်။ လယ်ယာလေးတွေ ရောင်းလို့ရလာတဲ့ ငွေလေးတော့ သောင်းမြရီ လက်ထဲ ရှိနေသေးလေသည်။ ဒီတော့ သောင်းမြရီမှာ တစ်ခုခု လုပ်ဖို့ စဉ်းစားရလေတော့သည်။
ဘာလုပ်ရမလဲကြံရင်း သောင်းမြရီမှာ အလုပ်တွေ တစ်ခုပြီးတစ်ခု လိုက်လုပ်ခဲ့လေသည်။ ပထမဆုံး လယ်ယာရောင်းလို့ရလာတဲ့ ငွေလေးနဲ့ အသုပ်ဆိုင်လေး စဖွင့်ခဲ့လေသည်။ တစ်ရက်လောက်သာ ဖွင့်ပြီး သောင်းမြရီမှာ ဆက်မဖွင့်တော့ပေ။ ဘာကြောင့်ဆို လူမနိုင်လို့ပင် ဖြစ်သည်။ ကုန်စုံဆိုင်လေးများ ဖွင့်မလားလို့ စဉ်းစားသော်လည်း အရင်းအနှီးများမှာကို တွေးမိပြီး မဖွင့်တော့ဖို့ကို ဆုံးဖြတ်လိုက်ရသည်။ နောက်ဆုံးမှာတော့ သောင်းမြရီ တစ်ယောက် ငွေတိုးချေးစားဖို့ အကြံရသွားခဲ့သည်။ စစပိုင်းတော့ ငွေလာချေးသူတွေ မရှိကြပေ။ ရပ်ကွက်ထဲ ပြောင်းလာတဲ့ အသစ်ဆိုတော့ ရပ်ကွက်ထဲကသူတွေက သိပ်ပြီးတော့ မယုံကြတာလည်း ပါလေသည်။
နောက်ပိုင်း နေသားကျလာတော့မှ ငွေချေးသူတွေလည်း ရှိလာခဲ့တော့သည်။ တစ်ယောက်စ နှစ်ယောက်စကနေ တစ်ဖြည်းဖြည်းနဲ့ တိုးလာခဲ့လေသည်။ ပြီးတော့ သောင်းမြရီကလည်း ဘယ်သူမှမပေးတဲ့ အတိုးနှုန်းနဲ့ ပေးတာဆိုတော့ ငွေချေးတဲ့သူတွေလည်း ပုံအောလာခဲ့လေသည်။ သောင်းမြရီရဲ့ နာမည်လည်း ထိုရပ်ကွက်လေးထဲတွင် ”ငွေတိုးချေးသောင်းမြရီ” ဆိုပြီးတော့ နာမည်တွင်ခဲ့လေသည်။ ငွေတိုချေးစားရင်းကနေ ခင်ညိုလေးကိုလည်း ကောင်းကောင်းမွန်မွန် ထားလာနိုင်ခဲ့လေသည်။ တစ်ခါတစ်ခါကျတော့ ရပ်ကွက်ထဲကသူတွေမှ အပေါင်ဆိုပြီး လာပေါင်ကျတာလည်း ရှိသည်။ သောင်းမြရီက အစတော့ လက်မခံပေမယ့် နောက်ပိုင်းတော့ အပေါင်လည်း လက်ခံလာခဲ့လေသည်။
ငွေတိုးချေးစားရာကနေ သောင်းမြရီ တစ်ယောက် ပြောင်ပြောင်ရောင်ရောင် ရှိလာခဲ့တော့သည်။ ခင်ညိုလေးကလည်း အရွယ်ရောက်ပြီး ကျောင်းတောင်တက်လို့နေလေပြီ။ သောင်းမြရီကလည်း အသက်အရွယ်ရလာတော့ တစ်ကယ့်ကို မိန်မကြီး တစ်ယောက်လိုပင် ဖြစ်လာပါတော့သည်။ ငွေကြေးကလည်း ရှိလေတော့ သောင်းမြရီ အနားကို ကပ်ချင်ကြတဲ့သူတွေလည်း ရှိလာကြလေသည်။ တစ်ချို့ကြတော့လည်း သောင်းမြရီက ဘာဆိုတာကို သိတော့ အိမ်က တူလေးတွေကို သောင်းမြရီဆီ သွားခိုင်းတာတို့၊ သောင်းမြရီနဲ့ မိတ်ဆက်ပေးတာတို့ လုပ်လာကြလေသည်။ သောင်းမြရီကတော့ ဘာဆိုဘာမှ အဖတ်မလုပ်ဘဲ နေခဲ့လေသည်။
တစ်နေ့ သောင်းမြရီ အိမ်ပြင်ခဲ့သည်။ အိမ်ကိုလာပြင်တဲ့ထဲကမှ ကောင်လေး တစ်ယောက်ကို သောင်းမြရီ စိတ်ဝင်စားသွားခဲ့လေသည်။ ဒီတော့ အိမ်ပြင်နေတဲ့ တစ်လျှောက်လုံး သောင်းမြရီမှာ ပြင်နေတဲ့အိမ်ကိုသာ သွားလေ့ရှိတော့သည်။ တစ်ဖက်က ကောင်လေးကလည်း ရိပ်မိလေသည်။ ဆိုတော့ သောင်းမြရီကို အပိုင်ချုပ်တော့သည်။ သောင်းမြရီကလည်း ပထမဆုံးအကြိမ် အချစ်ကို ခံစားဖူးတာဆိုတော့ ကောင်လေးကို ဖူးဖူးမှုတ် ချစ်လေသည်။ ကောင်လေးကလည်း သောင်းမြရီက ရေလျှံတာသိတော့ တစ်ခုပြီးတစ်ခု ဆင်ခိုင်းတော့သည်။ သောင်းမြရီကလည်း ချစ်တော့ ဆင်ပေးရှာလေသည်။ အိမ်လည်း ပြင်ပြီးရော ထိုကောင်လေးလည်း အိမ်ပေါ် တက်လာနေတော့သည်။ အဲ့ချိန် ခင်ညိုလေးကလည်း ဆယ်ကျော်သက်အရွယ်ကို ရောက်ခဲ့လေပြီ။ ခင်ညိုကတော့ ထိုကောင်လေးကို သဘောမကျပေ။
ထိုကောင်လေးမှာ အိမ်ပေါ်မှာတက်နေပြီး ဘာဆိုဘာမှမလုပ်ပေ။ အလုပ်လည်းမလုပ်တော့ဘဲ ရွှေပေါ်မြတင်ခံထားရသလိုသာ နေနေပါတော့သည်။ ခင်ညိုကတော့ သဘောမကျကြောင်းကို သောင်းမြရီကို ပြောပြပါသည်။ အဲ့ချိန်ဆို တူဝရီး နှစ်ယောက် စကားများကြသည်။ သောင်းမြရီကလည်း ပထမဆုံး ချစ်ရတဲ့သူဆိုတော့ အထိမခံဘဲ ရှိလေသည်။ အဲ့ချိန်ကျရင်တော့ ခင်ညိုကသာ အမြဲတမ်း အလျော့ပေးရလေသည်။ သောင်းမြရီကတော့ ထိုကောင်လေးမှ ထိုကောင်လေး ဖြစ်နေတော့သည်။ ခင်ညို ပြောတာတောင် မရတာ ပတ်ဝန်းကျင်ဆို ဝေလာဝေးသေး။ သောင်းမြရီကို ခင်ကြတဲ့သူတွေကမှ ထိုကောင်လေးက ဘယ်လိုဘာညာဆိုရင် သောင်းမြရီတို့က ငြင်းခုန်ပြီးမှ ပြန်လာခဲ့လေသည်။
နေတာကြာလာတော့ ထိုကောင်လေးမှာ တစ်ဖြည်းဖြည်းနဲ့ လူပါးဝလာခဲ့သည်။ သူ့အမျိုးတွေကို အိမ်ပေါ်ခေါ်တင်လာလေသည်။ ပြီးတော့လည်း အိမ်ထဲမှာ လုပ်ချင်တိုင်း လုပ်လာတော့သည်။ ဖဲရိုက်တာ၊ သောက်တာ၊ စားတာတို့ လုပ်လာကြလေသည်။ တစ်ခါဆို ထိုကောင်လေးရဲ့ အိမ်ပြင်တုန်းက ခင်တဲ့ တစ်ယောက်ကနေပြီး မူးပြီးတော့ ခင်ညိုကို ထိကပါးရိကပါး လုပ်လာခဲ့လေသည်။ အဲ့ချိန်မှာ သောင်းမြရီနဲ့ ထိုကောင်လေးတို့ ရန်ဖြစ်ကြလေသည်။ ခင်ညိုကို ထိတာကိုတော့ သောင်းမြရီ တစ်ယောက် မကြိုက်ပေ။ ဆိုတော့ သောင်းမြရီမှာ ထိုကောင်လေးနဲ့ အပေးအယူ လုပ်ခဲ့လေသည်။ အပေးအယူကလည်း သောင်းမြရီမှ ကုန်ကျရတဲ့ အပေးအယူပင်ဖြစ်လေသည်။ ဘာလို့ဆို သောင်းမြရီမှ ထိုကောင်လေးတို့ အမျိုးတွေ နေဖို့အတွက် အခန်းတစ်ခန်း ငှားပေးရလေသည်။
အိမ်ငှားပေးလိုက်တာက သောင်းမြရီအတွက် အဆိုးဆုံး လုပ်ရပ်လို့ဆိုရပေမည်။ ဘာကြောင့်ဆို အိမ်ငှားပေးပြီးလိုက်ကတည်းက ထိုကောင်လေးမှာ အိမ်ကို မကပ်တော့လို့ပင်ဖြစ်သည်။ ဒါပေမယ့်လည်း ခင်ညိုအတွက်ဆိုတော့ သောင်းမြရီလည်း ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ ယူဆခဲ့လေသည်။ ထိုကောင်လေးမှာ အိမ်မကပ်တော့ပေမယ့် ငွေတော့ ပုံမှန်တောင်းလေသည်။ သောင်းမြရီမှာ ချစ်တော့ ထိုကောင်လေး တောင်းသမျှကို ဘာမှမမေးဘဲ ထုတ်ပေးလေသည်။ တောင်းတိုင်းရတော့ ထိုကောင်လေးမှာ ပိုပြီးတောင်းလာခဲ့တော့သည်။ တစ်ခါတစ်လေမှာ ငွေတောင်းတာ ရပ်ဆက်လာခဲ့လေသည်။ သောင်းမြရီလည်း ပေးမှရပေမည်။ မဟုတ်လျှင် ထိုကောင်လေးမှာ မူးပြီးတော့ လာသောင်းကျန်းလို့ပင် ဖြစ်သည်။ နောက်ပိုင်း အဆင်မပြေလာတော့ သောင်းမြရီလည်း ပင်ပန်းလာခဲ့လေသည်။ ပြီးတော့ ပတ်ဝန်းကျင်ကလည်း သောင်းမြရီကို ထိုကောင်လေးကို မပက်သတ်တော့ဖို့ ပြောလာကြလေသည်။ ခင်ညိုလည်း ပြောလာခဲ့လေသည်။ ဒီတစ်ခါတော့ သောင်းမြရီမှာ အရင်လို ပြန်ခံပြောဖို့ မသင့်တော့တာကို သိလာခဲ့လေသည်။ ဒါနဲ့ဘဲ ထိုကောင်လေးနဲ့ အဆက်အသွယ် ဖြတ်ခဲ့လေသည်။
သို့သော်လည်း သံယောဇဉ်ကတော့ စကားပြောလာခဲ့လေသည်။ ထိုကောင်လေးက ပြန်ပြီးဆက်သွယ်လာပြီး ငွေတောင်းရင် သောင်းမြရီမှာ ထုတ်ပေးခဲ့လေသည်။ အရင်လို တောင်းတိုင်းထုတ်ပေးတာတော့ မဟုတ်ပေ။ ချင့်ချိန်ပြီးတော့သာ ထုတ်ပေးလေတော့သည်။ တစ်ရက်ကြတော့ ထိုကောင်လေးမှာ အိမ်ကိုရောက်ချလာခဲ့လေသည်။ ပြီးတော့ သောင်းမြရီကို မျက်ရည်ခံထိုးတော့သည်။ အလုပ်လေးအတည်တကျ လုပ်မှာမလို့ဆိုကာ ပိုက်ဆံလာတောင်းတာ ဖြစ်လေသည်။ ပြီးတော့ နောက်ဆုံးအကြိမ်လို့လည်း ပြောလာသည်။ ခင်ညိုကတော့ ဘာနေနေ သဘောမကျ ဖြစ်နေခဲ့လေသည်။ သောင်းမြရီကတော့ အတူရှိနေခဲ့တဲ့ သံယောဇဉ်လေးကို ထောက်ထားပြီး ထုတ်ပေးခဲ့လေသည်။ ဒီတစ်ခါတော့ ကောင်လေး တောင်းသလောက်ကို သောင်းမြရီ ထုတ်ပေးလိုက်တော့သည်။ ပြီးတော့ ထိုကောင်လေးမှာ ထပ်ပြီးလည်း ဆက်မသွယ်တော့ဘူးလို့ ပြောကာ ပြန်သွားပါတော့သည်။ သောင်းမြရီမှာ ထိုကောင်လေး စကားကြောင့် ဝမ်းနည်းခဲ့ပါသေးသည်။ ခင်ညိုကတော့ ပျော်လို့နေလေသည်။
လအတန်လောက်ကြာတဲ့အချိန်မှာ သောင်းမြရီ အိမ်ကို လူတစ်အုပ်လိုက်ကြီး ရောက်ချလာခဲ့တော့သည်။ သောင်းမြရီလည်း ဘာမှန်းမသိဘဲ ကြောင်နေခဲ့တော့တာပေါ့။ ပြီးကာမှ လူအုပ်ထဲက တစ်ယောက်ကနေမှ သောင်းမြရီ ဟုတ်၊ မဟုတ်ဆိုတာကို မေးလာခဲ့သည်။ သောင်းမြရီလည်း ဟုတ်ကြောင်း ပြန်ပြောလိုက်တာပေါ့။ အဲ့ချိန်မှာ ထိုလူကနေဘဲ သောင်းမြရီကို တံခါးဖွင့်ဖို့နဲ့ စကားပြောမယ်ဆိုကာ ပြောလာခဲ့လေသည်။ ဘာဆိုဘာမှ မသိတဲ့ သောင်းမြရီကတော့ တံခါးဖွင့်ပေးလိုက်တော့တာပေါ့။ တံခါးဖွင့်ပေးလိုက်ပြီးပြီးချင်းမှာဘဲ ထိုတစ်ယောက်ကနေပြီး အော်ပြောလာပါတော့သည်။
“ရှိသမျှ ပစ္စည်းတွေ အကုန်ယူကြဟေ့” ဆိုပြီးတော့ ဖြစ်သည်။
ဒီတွင် လူအုပ်ကြီးမှာ သောင်းမြရီကို တွန်းတိုက်ပြီး အိမ်ထဲကို ပြေးဝင်သွားကြလေသည်။ သောင်းမြရီမှာ လူအုပ်ကြီးကို လိုက်ဆွဲဖို့တောင် အချိန်မရလိုက်ပါ။ လူအုပ်ကြီး တိုက်တာကြောင့် သောင်းမြရီမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သောင်းမြရီမှာ လဲကျပြီး ချက်ချင်းမထနိုင်ပါ။ ဘာကြောင့်ဆို စိတ်တွေက တုန်လှုပ်နေလို့ပင် ဖြစ်သည်။ ခဏနေတော့ လူအုပ်ကြီးမှ တစ်ချို့ဟာ ပစ္စည်းတွေယူပြီး ပြန်ထွက်လာကြလေသည်။ သောင်းမြရီမှာ ထိုင်နေရာကနေ သူတို့ကို လှမ်းဆွဲပြီး ပစ္စည်းတွေကို ထားခဲ့ဖို့ ပြောလေတော့သည်။
“ဘာလို့ယူသွားမှာလဲ...... သူများပစ္စည်းတွေလေ..... ဘာလို့ယူသွားမှာလဲ..... ထားခဲ့”
“ဘာသူများပစ္စည်းလဲ........ နင့်လင်က ဖဲကြွေးတွေ အများကြီးတင်သွားတာ သိလား...... အကြွေးတွေလာမဆပ်ဘဲ ထွက်ပြေးသွားပြီ..... လိုချင် နင့်ဆီသွားလို့ ပြောလိုက်တယ်”
“နေ.....နေ..... နေကြပါအုန်း..... ဘယ်လောက်အကြွေးတင်ထားတာတဲ့လဲ......”
“လူအုပ်ကြီးကိုဘဲကြည့်လေ....... တော်တော်များတယ်နော်.........” လို့ ပြောပြီး ထိုသူတွေမှာ သောင်းမြရီကို ထားခဲ့ပြီး ထွက်သွားကြလေသည်။
ကျန်တဲ့သူများလည်း ပစ္စည်းတွေကိုင်ပြီး အသီးသီး ထွက်လာကြလေသည်။ သောင်းမြရီမှာ လိုက်လံပြီးတော့ မယူသွားဖို့ကို ပြောနေရှာလေသည်။ တစ်ချို့သူတွေကတော့ သောင်းမြရီကို ဂရုမစိုက်ဘဲ ကျော်သွားကြတော့သည်။ သောင်းမြရီကတော့ ငိုယိုပြီးတော့ လိုက်ပြောနေတော့တာပေါ့။ ရပ်ကွက်ထဲကလူတွေလည်း ဝိုင်းအုံပြီး လာကြည့်ကြလေသည်။ သောင်းမြရီမှာ ငိုရုံဘဲတတ်နိုင်တော့သည်။
ညနေရောက်တော့ ခင်ညိုလည်း ကျောင်းကပြန်လာခဲ့လေသည်။ အိမ်ကိုရောက်တော့ ခြံတံခါးဖွင့်လျက်နှင့် သောင်းမြရီကို မြေပြင်ပေါ် ငုတ်တုတ်လေးထိုင်လျက် ဖြစ်နေတာကို ခင်ညို တွေ့လိုက်ရလေသည်။ ဒါနဲ့ ခင်ညိုမှာ ချက်ချင်းဘဲ သောင်းမြရီနားသို့ သွားပြီးတော့ ဘာဖြစ်ခဲ့သလဲဆိုတာ မေးလေသည်။ သို့သော် သောင်းမြရီကတော့ “ငါ့ပစ္စည်းတွေ” ဆိုပြီးတော့တာ တတွတ်တွတ် ရေရွတ်နေခဲ့တော့သည်။ မေးမရတော့မှ ခင်ညိုလည်း အိမ်ထဲကို ပြေးဝင်ကြည့်လေသည်။ အိမ်ထဲက အခြေအနေကို မြင်ပြီး ခင်ညို တစ်ယောက် အံ့ဩသွားလေသည်။ ဒါနဲ့ သူခိုးကပ်တာလားဆိုပြီး သောင်းမြရီကို ပြန်လာမေးတော့သည်။ သောင်းမြရီကတော့ “ငါ့ပစ္စည်းတွေ” ဆိုပြီးဘဲ ရေရွတ်နေတော့သည်။ ပြီးမှ ခင်ညိုကို ရပ်ကွက်ထဲကသူတွေက ပြန်ပြောပြလေသည်။ အကြောင်းစုံသိတော့မှ ခင်ညိုလည်း သောင်းမြရီကို ဖက်ပြီး ငိုပွဲကျတော့သည်။ ထိုနေ့ကစလို့ သောင်းမြရီမှာ “ငါ့ပစ္စည်းတွေ” ဆိုပြီးတော့သာ ရေရွတ်နေလေသည်။ ခင်ညိုကတော့ ကျောင်းကထွက်လိုက်ပြီး အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတစ်ချို့ကို ရောင်းချကာ အလုပ်တစ်ခုရှာလေသည်။
သောင်းမြရီကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခဲ့ရပါတော့သည်။ ခင်ညိုကတော့ သူတို့တူဝရီးကို ဒီလိုဖြစ်အောင်လုပ်တဲ့သူကို ရေဆုံးမြေဆုံး ရှာလေသည်။ ဒါပေမယ့်လည်း မတွေ့ပေ။ ခင်ညိုမှာ တစ်ဖန်ပြန်ပြီး သောင်းမြရီကို ပြန်လည်စောင့်ရှောက်ဖို့ အကြောင်းဖန်လာပါတော့သည်။
ဒါလေးကတော့ သောင်းမြရီရဲ့ အကြောင်းလေးဘဲ ဖြစ်သည်။
*****
မျိုးစန္ဒီ တစ်ယောက် သောင်းမြရီ အကြောင်းကို ကြားပြီး မျက်ရည်ကျမိလေသည်။ ဘယ်သူမဆို LGBTတွေကို အတည်တကျ တွဲတာမျိုး မရှိကြပေ။ အခုခေတ်ကိုတော့ မျိုးစန္ဒီ မသိ။ အရင်များတော့ ချူစားချင်ရုံသာ ချည်းကပ်ကြလေသည်။ အခု သောင်းမြရီရဲ့ အဖြစ်လည်း အဲ့လိုပင် ဖြစ်သည်။
“မမလှလှက ဘာလို့ငိုနေတာလဲ” လို့ ပြောပြီး သောင်းမြရီမှာ မျိုးစန္ဒီရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်လေးကို သုတ်လိုက်ပါလေသည်။
“ဝမ်းနည်းရလို့ပေါ့..... ဒေါ်လေးသောင်းရဲ့” ဆိုကာ ခင်ညိုမှ ပြန်ပြောလေသည်။
“ဘာလို့ ဝမ်းနည်းတာလဲ....... ဘာလို့ဝမ်းနည်းတာလဲ........”
“ဒေါ်လေးသောင်းရဲ့ အကြောင်းကို နားထောင်ပြီး ဝမ်းနည်းလို့ပေါ့” ဆိုပြီး ခင်ညိုမှ ထပ်ပြောလေသည်။
မျိုးစန္ဒီမှာ သောင်းမြရီကို ပြုံးပြီးတော့သာ ကြည့်နေပါလေသည်။
“ဒေါ်လေးသောင်းရဲ့ အကြောင်းက ဝမ်းနည်းရလို့လား...... ဒေါ်လေးသောင်းရဲ့ အကြောင်းက ပျော်စရာကြီးပါ....... မငိုရဘူး..... မငိုရဘူး....... မငိုနဲ့....... တိတ်...... တိတ်...... မမလှလှ”
သောင်းမြရီ ပြောတော့ မျိုးစန္ဒီ တစ်ယောက် ထပ်ပြုံးမိလေသည်။ ပြီးတော့ သောင်းမြရီရဲ့ လက်လေးကိုကိုင်ပြီး
“မငိုပါဘူး..... ပြီးတော့ ဒေါ်လေးသောင်းရဲ့ အကြောင်းက ဝမ်းနည်းဖို့ မကောင်းပါဘူး”
“ဟုတ်တယ်....... ဝမ်းနည်းဖို့ မကောင်းဘူး........”
“ပြီးတော့ ဒေါ်လေးသောင်းရဲ့ အကြောင်းကို သမီးက ရေးပေးမယ်နော်”
“ဟင်..... မမလှလှ..... မမလှလှ”
သောင်းမြရီမှာ ပြောရင်း တစ်နေရာရာကို ကြည့်သွားပါလေသည်။ ဒါနဲ့ မျိုးစန္ဒီလည်း သောင်းမြရီနား ထိုင်နေရာကနေ ထလာပြီးတော့ ခင်ညိုနား လာလိုက်ပါလေသည်။
“သမီး ရေးပြီးရင် ပို့လိုက်ပါမယ်........”
“ရပါတယ်........” လို့ ခင်ညိုမှ ပြန်ဖြေလေသည်။
“သမီးတို့ ပြန်လိုက်ပါအုန်းမယ်..... ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းကိုပြောပြလို့ ကျေးဇူးပါ” ဆိုပြီး မျိုးစန္ဒီမှ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ပြီးတော့ အိမ်အောက်သို့ ဆင်းလာလိုက်ကြလေသည်။ နောက်ပြီး နှုတ်ဆက်စကား ထပ်ပြောပြီး မျိုးစန္ဒီတို့ သူငယ်ချင်း နှစ်ယောက် ပြန်လာလိုက်ကြပါတော့သည်။ မျိုးစန္ဒီကတော့ ပြန်လာတဲ့ တစ်လျှောက်လုံး ခေါင်းထဲ အတွေးတွေများစွာဖြင့်.........။
တစ်လလောက်ကြာတဲ့အခါ သောင်းမြရီ အိမ်ရှေ့သို့ ကောင်လေး တစ်ယောက် ရောက်လာလေသည်။ ပြီးတော့ အော်ခေါ်နေတော့သည်။
“အိမ်ရှင်တို့...... အိမ်ရှင်တို့.......”
အော်ခေါ်သံကြားတော့ ခင်ညိုလည်း ထွက်လာလေသည်။
“ဘာကိစ္စများ ရှိလို့လဲ”
“ဟုတ်...... ပစ္စည်းလာပို့တာပါ..... အဒေါ်”
“ဟုတ်လား..... အဒေါ် ဘာမှမမှာထားပါဘူး.......”
“ဒီအတိုင်း ပေးလိုက်လို့ ပြောပါတယ်........ ဒေါ်ဒေါ်”
“အေအေ..... ဟုတ်ပြီ.... ဟုတ်ပြီ ပေးခဲ့”
ဒါနဲ့ ခင်ညိုလည်း ကောင်လေးပေးတဲ့ အထုတ်လေးကို ယူလိုက်ပါလေသည်။ ကောင်လေးကတော့ ပစ္စည်းပေးပြီး ပြန်သွားတော့သည်။ ခင်ညိုလည်း ထိုပစ္စည်းလေးကို အိမ်ထဲမရောက်ခင် ချက်ချင်းဘဲ ဖောက်ကြည့်လိုက်လေသည်။ အထုတ်လေးကို ဖောက်လိုက်တော့ စာအုပ်လေး တစ်အုပ် ထွက်လာလေသည်။ ခင်ညိုလည်း စာအုပ်အဖုံးကို ချက်ချင်းဘဲ ကြည့်လိုက်တော့သည်။ စာအုပ်အဖုံးကပုံကြောင့် ခင်ညို မျက်ရည်ဝဲမိလေသည်။
စာအုပ်အဖုံးမှ ပုံလေးဟာ အိမ်ထဲတွင် ချိတ်ထားသည့် သောင်းမြရီရဲ့ သားသားနားနား ဝတ်ဆင်ထားပြီး ခမ်းခမ်းနားနား ဖြစ်နေတဲ့ပုံလေးကို ပန်းချီဆွဲထားဘဲ ဖြစ်ချေသည်။ စာအုပ်အဖုံးမှ ပုံလေးသည် ပိုပြီး အသက်ဝင်လှသည်။ ထိုပုံလေးကို မြင်ပြီး အရင်ကအကြောင်းတွေကို ပြန်သတိရမိတဲ့အထိပင် ဖြစ်သည်။ ခင်ညိုမှာ ပြုံးပြီးတော့ စာအုပ်ကို ထပ်ကြည့်မိလိုက်တော့သည်။ ဒီတော့မှ စာအုပ်နာမည်လေးကို သိရတော့သည်။
စာအုပ်ရဲ့ နာမည်က
“သောင်းမြရီ” တဲ့လေ။
....................................
ထွဋ်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory