" ညောင်ညိုပင် က သူငယ်ချင်း "
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ”
{အပိုင်း - ၂}
ပြေးလွှားနေတဲ့ ခြေအစုံက ဦးတည်ချက်မယ်မယ်ရာရာမရှိခဲ့ဘူး… ၊
အပယ်ခံ ၊အနှိမ်ခံ ၊ လူတွေကြောက်ရွံ့ ၊ မုန်းတီး ၊ လှောင်ပြောင်ခြင်းတွေရဲ့
အဝေးနေရာဆီကို ရည်ရွယ်ပြီး ပြေးလွှားနေရင်းက ရွာအပြင် ရိုးမတောင်ခြေက
တောနက်ကြီးထဲကို ခင်နန်းတစ်ယောက် ရောက်မှန်းမသိရောက်သွားခဲ့ရပြီ ။
တော်နက်ထဲအတော်လေးရောက်လို့ လူလည်း မောပန်းနွမ်းနယ်လာတာကတစ်မျိုး ၊
စိတ်ထဲ ခံစားရတဲ့ ဝေဒနာ နာကျင်မှုတွေက တစ်သွယ်…ကြောင့်…
ခင်နန်း တစ်နေရာမှာအမောဖြေဖို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တဲ့အခါ…
တောမြိုက်လယ်ထဲမှာ ထူးခြားတဲ့ ညောင်ပင်အိုကြီးတစ်ပင်ကို
မထင်မှန်ပဲတွေ့လိုက်ရတော့တယ် ။
ညောင်ပင်အိုကြီး…. နှစ်ကာလ ဘယ်လောက်ကြာခဲ့ပြီကို ခင်နန်းသေချာမသိ… ၊
ညောင်မုတ်ဆိတ်တွေ ဖွာလန်ကျဲလို့ ၊ ညောင်မြစ်ကြီးတွေက
ယောကျာ်းသန်မာကြီးတွေရဲ့လက်မောင်လုံး နှစ်လုံးစားလောက်ကြီးကြီး ကြီးတွေ
ဟိုဟိုဒီဒီ မြေပြင်မှာ သွယ်လျှက်နေတာများ … ၊ ညောင်ပင်ကြီးအရယ်အစားကလည်း
ညောင်ရွက်တွေ ၊ ညောင်မုတ်ဆိတ်တွေနဲ့ ဝေဆာလို့ ..နေတိုးလို့မပေါက်နိုင်အောင်ရှိနေပြီးတော့
ညောင်ပင်ကြီး လုံးပတ်က ယောကျာ်းရင့်မာကြီးတွေအနည်းဆုံး လေးယောက် ငါးယောက်လောက်
လက်ဆန့်တန်းပြီး ဖက်ယူရလောက်တဲ့အထိ ကြီးမားတဲ့ ညောင်ညိုပင်ကြီး… ၊ ညောင်ပင်အိုကြီးပေါ့… ။
ဝေဒနာအစုံရင်မှာပိုက်လို့ ပတ်ဝန်းကျင်ကိုလည်းဂရုမပြုအားပဲ ခင်နန်းတစ်ယောက်
ညောင်ညိုပင်ကြီးခြေရင်းမှာ ထိုင်ရင်း သူ့ ဒူးခေါင်းလေးနှစ်ယောက်ကို ထောင်ထားပြီး
လက်ကလေးနဲ့အသာပိုက်လို့ သူ့ဘဝသူပြန်တွေးရင်းတွေးရင်းအားတွေငယ်လာလို့
ခြုံးပွဲချ ငိုချမိနေလေရဲ့…. ၊
ရင်ဖွင့်စရာစကားလုံးတွေကလည်းအစီအတန်းလိုက် တစ်ခုပြီးတစ်ခု
အံချလာပုံများ လူမရှိတဲ့ တောနက်ကြီးကို ခင်နန်းရင်ဖွင့်ပြနေသလို.. ၊
“ ငါဘာလို့ လူဖြစ်လာရတာလဲ…
ငါ့ဘဝက သေသွားတာကမှ ကောင်းသေးတယ် ၊
တစ်ရွာလုံးက ပယ်ထားတဲ့အပြင် ၊ မြင်သမျှလူက နှာခေါင်းရှုံ့ပြီး
ဝေးဝေးက ရှောင်သွားကြတယ် ၊ ဆင်းရဲတဲ့အပြင်
မွေးထားတဲ့ မိဘတွေက ဘယ်သူတွေမှန်းတောင်
မသိရပဲအရွယ်ရောက်လာခဲ့ရတဲ့ ငါ့ဘဝ…
သြော်… ငါ့ဘဝဆိုးလိုက်တာ….
အီး…ဟီး…. ဖေကြီး…မေကြီးရယ်…
သမီးကို ဘာလို့ ဒီလိုအထီးကျန်လောကကြီးမှာ
ရှင်သန်စေခဲ့တာလဲ…. ၊ သမီးကိုဘာလို့….
ဘာလို့….အီး.ဟီး…. ”
“ ချွတ် ချွတ် ချွတ် ”
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်
ခင်နန်း တစ်ချက်တွန့်သွားမိတယ် ၊ ..အသံက ခင်နန်းအနောက်ဘက်ကလာတဲ့အသံ…
သစ်ရွက်ခြောက်တွေကို တစ်ယောက်ယောက်ကခြေထောက်နဲ့ နင်းလိုက်တဲ့အသံမျိုး…. ၊
အဲ့ဒီအသံကြားတော့ ခင်နန်းလန့်သွားမိတာအမှန်ပဲ… တောထဲမှာ သူတစ်ယောက်တည်းဆိုပြီး
စိတ်တိုင်းကျအော်ဟစ်ငိုယိုနေမိကာမှ ဘယ်သူများအနောက်က ခိုးနားထောင်နေတာပါလိမ့်
ဆိုတဲ့အတွေးတွေဝင်လာပြီး စိုးထိတ်မိသွားရင်းအနောက်ဘက်ကို လှည့်ကြည့်လိုက်မိတယ်… ။
“ ဘယ်သူလဲ…. ”
“ ဘယ်သူလဲလို့ မေး…မေး..နေတယ်လေ… ”
ပြောပြောဆိုဆိုနဲ့ ခင်နန်း ထိုင်ငိုနေရာက ဆက်ခနဲ့ထလိုက်ပြီး သစ်ပင်ကြီးအနောက်ဘက်ကို
ပြေးကြည့်လိုက်မိတယ်…. ၊ သစ်ပင်ကြီးအနောက်နားကို ခင်နန်းရောက်ခါနီးလေးမှာတင်
ခင်နန်း မျက်စိရှေ့နားမှာ ရိပ်ခနဲ့မြင်လိုက်ရတာကအနီရောင်လေးတစ်ခု ရိပ်ခနဲ့ သစ်ပင်ကြီး
ဟိုဘက်ခြမ်းကို ပတ်ပြေးသွားတာကိုပဲ… ၊ ခင်နန်းလည်း ဒီသစ်ပင်ကြီးအောက်မှာ
သူတစ်ယောက်တည်း ငိုနေတာ မဟုတ်ဘူးဆိုတာ သိလိုက်တဲ့အပြင် ၊ စိုးရိမ်စိတ်ဝင်လာပြီး
သိချင်စိတ်ကပါ တွဲပါလာရင်း သစ်ပင်ကို တစ်ပတ်ပတ်သွားတဲ့အရာလေးနောက်ကို
ပြေးလိုက်မိတော့တယ်… ။
“ ဘယ်သူလဲ…. မပြေးနဲ့…ဟေ့..မပြေးနဲ့လေ… ”
“ ခစ်..ခစ်…ခစ် ”
တစ်ဖက်က မထင်ထားတဲ့ ရယ်သံထွက်လာတာကို ခင်နန်းကြားလိုက်ရတဲ့အပြင်
သူကအနောက်ကလိုက်…တစ်စုံတစ်ခုကအရှေ့က ပြေးနဲ့…
ဆော့ကစားနေသလို ဖြစ်နေပြန်တယ်…. ခြေသံတွေလည်း ကြားနေရတော့
လူတစ်ယောက်ဆိုတာ လုံးဝသေချာနေပြီးမို့ ခင်နန်းအမိဖမ်းဖို့ ကြိုးစားရတော့မယ်လို့
စဉ်းစားလိုက်ရင်းနဲ့ သစ်ပင်ကို လက်ဝဲရစ်အတိုင်း ရှေ့ကပြေး နောက်လိုက်…လုပ်နေရင်းက
ခင်နန်းအတွေးဝင်လာပြီး သစ်ပင်ကို ပြောင်းပြန် လက်ယာရစ်အတိုင်းပြန်ပတ်ပြီး
လိုက်လိုက်တဲ့အခါ… ။
“အို…. ”
“ ဟေ့မပြေးနဲ့ မိပြီ… ”
စိန်ပြေးတန်း ဆော့ကစားသည့်နယ် ပင်ပင်ပန်းပန်းပြေးလွှားပြီးနောက်မှ
ခင်နန်းမိလိုက်တဲ့အရာကို ကလေးပီပီ ဝမ်းသာအားရအော်လိုက်ရင်း
သေချာကြည့်မိတော့မယ် ….. ။
“ ဟင်…. ငါ့ကိုမိသွားပြီ ”
“ ဟာ.. လူ…လူ…လူ..လူနီလေး… ”
တစ်ကိုယ်လုံးအသားအရေကအစ နီရဲနေတဲ့အရောင်ရှိပြီးတော့
ခေါင်းပေါ်မှာ ခေါင်းပေါင်းလိုအဝတ်နီနီလေးစီးလို့
အရှက်လုံဖို့ ကာထားတဲ့ ပုဆိုးသေးသေးလေးကလွဲရင်
တစ်ကိုယ်လုံးအဝတ်အစားမပါတဲ့ လူနီးလေး…
အရပ်က သုံးပေကျော်ကျော်လောက်ပဲရှိမယ့် လူပုလေးတစ်ယောက် ။
“ နင်..နင်…နင် ဘယ်သူလဲ…
ဘာလို့ ငါငိုနေတာကို ချောင်းနားထောင်နေရတာလဲ… ”
အကြောက်အလန့်မရှိသူပီပီ ခင်နန်းက မေးလိုက်တော့
တစ်ဖက်က လူနီလေးက ပြန်ဖြေတယ်…
“ နေပါဦး…ကလေးမ နင်က ငါ့မြေးရဲ့ မြေးရဲ့ မြေးကမွေးတဲ့
ဟိုး….မြေး..မြစ်…တီ…က ထပ်မွေးတဲ့ မြေးရဲ့ မြေးအရွယ်လောက်ပဲရှိမှာပါ..
ငါ့များ… နင် ဆိုတော့ တယ်ရိုင်ပါလား ကလေးမ… ”
လူနီလေးပြောတဲ့စကားကို ခင်နန်း မရှင်းတာနဲ့
“ နေပါဦး..နင်ပြောတာ မြေးရဲ့မြေးတွေဘာတွေ…အာ…
ရှုပ်နေတာပဲ လူကြည့်တော့ ကလေးသာသာပဲရှိသေးတယ်
ဘယ်အိမ်ကပြေးလာတာလဲပြော..ဘယ်ရွာကလဲ… ၊
တစ်ကိုယ်လုံးလဲ နီရဲ့နေတာပဲ ဘာတွေလိမ်းထားတာလဲ…. ၊
နေဦး ထင်းခုတ်အဖွဲ့နဲ့ပါလာပြီးတော့ လူစုကွဲ လမ်းပျောက်နေတာလား…. ”
ခင်နန်းစကားကို တစ်ဖက်က လူနီလေးက
မချေမငံနဲ့ ပြန်တုန့်ပြန်လိုက်ရင်း
“ ဟာကွာ..ကြံကြီးစည်ရာ ငါ့များ ကလေးတဲ့…
ငါကလေ နင့်အဘိုးရဲ့အဘိုးရဲ့အဘေးရဲ့… ”
လူနီလေး စကားမစုံးခင်မှာပဲ ခင်နန်းက
“ သြော်…တော်..တော်..တော်..ပါတော့ရှင်
ဒီအမျိုးစပ်နေတာနဲ့ မိုးချုပ်ပါတော့မယ်…. လိုရင်းပဲပြောပါတော့ ”
ပြောနေဆဲစကားကို ခင်နန်းက ဖြတ်တားလိုက်တော့
လူနီလေးက ရှက်သွားသလိုပုံမျိုးနဲ့အရှက်ပြေ ချောင်းဟန့်လိုက်ရင်း
“ သြော်..အဟမ်း…ဒီလိုလား..
အေး ငါက ဒီအပင်ကြီးမှာနေတဲ့အစောင့်ပဲ…
မှင်စာမျိုးနွယ်နဲ့ နည်းနည်းနီးစပ်တဲ့အမျိုးအနွယ်ထဲက
အနိမ့်စားသစ်ပင်စောင့်နတ်တစ်မျိုးပဲ ကလေးမ… ၊
နင်တို့အခေါ်အဝေါ်နဲ့ပြောရင် ငါက ပြိတ္တာဘုံသားထဲမှာပါတာပေါ့..
နင်မြင်တဲ့အတိုင်းပဲ ငါ့မှာ ဝတ်စရာအဝတ်အစားဘာမှမရှိဘူး… ၊
စားစရာသောက်စရာ နဲ့ နေဖို့က မပူရပေမယ့် တစ်ခြားဒုက္ခတွေကတော့
အများကြီးပဲကွယ်..အထူးသဖြင့် ဒီအပင်ကြီးကိုစွဲနေမိတာကြောင့်ရယ်
ငါလုပ်ခဲ့တဲ့အကုသိုလ်ကြွေးတွေကြောင့်ရယ် ငါ့ဒီလိုဘဝမျိုးရောက်ခဲ့ရတယ် ၊
နင် ငါ့ကို ကြောက်သွားပြီလား ကလေးမ…. ”
လူနီလေး စကားအဆုံးမှာ ခင်နန်းက
ခေါင်းတွင်တွင်ခါရင်း လူနီလေးကိုသေချာကြည့်ပြီးတော့
“ ဟင့်အင်း…မကြောက်ပါဘူး..
နင်က ကြောက်စရာမှ မကောင်းတာ…ချစ်စရာလေး
ကလေးလေးလိုပဲ.. ”
“ ဟား…..အေးပါဟာ…နင်ကတော့
ထူးထူးဆန်းဆန်းပဲ ကလေးမရယ်… ကဲအခုငါမေးရမယ့်အလှည့်…
ငါစိတ်ဝင်စားတာက နင်ပဲ ကလေးမ…ဒီနေရာကို လူသာမန်တွေတော်တော်များများ
ချောချောမွေ့မွေ့နဲ့ မလာနိုင်သလို…ရှာတွေ့ဖို့လဲအင်မတန်ခတ်ခဲကြတဲ့ ဒီနေရာကို
နင်ဘယ်လို ရောက်လာခဲ့တာလဲ… ၊ဒီနေရာကို နင့်အပြင် နင့်ရှေ့ကရောက်သွားတဲ့သူ
တစ်ယောက်ပဲ ရှိခဲ့သေးတယ်အဲ့ဒီလူကတော့ ဒီအပင်အောက်ကရသွားတဲ့
ဂမ္ဘီရ ပစ္စည်းလေးနဲ့ လူသားတွေကိုအကျိုးပြုနေလေရဲ့မို့ တော်သေးတာပေါ့… ၊
ဒါတွေထားပါလေ.. နင်ကရော ဘယ်လိုရောက်လာပြီး ၊ ဘာဖြစ်လို့ ငိုနေရတာလဲ ”
ခင်နန်းလည်း သူ့ငယ်ဘဝကနေစပြီး သူခံစားခဲ့ရတဲ့ ဖြစ်ကြောင်းကုန်စင်ကို
ဝမ်းနည်းစရာ ရင်နင့်စရာ ဇာတ်လမ်းတွဲတစ်ခုလို ငိုလိုက် ပြောလိုက် နဲ့ ဒီသစ်ပင်ဆီ
မမျှော်လင့်ပဲ မျက်စိလည် ရောက်လာပုံတွေကို ရင်ဖွင့်ချလိုက်မိတော့တယ်…. ၊
လူနီလေးကလည်း ခင်နန်းပြောသမျှကို မျက်ရည်လေးဝိုင်းလို့
ပုဆိုးစသေးသေးလေးနဲ့ မျက်ရည်ဥတွေကို ပွတ်လိုက်နဲ့ လုပ်နေလေရဲ့…. ၊
အစအဆုံးသေချာပြောပြပြီးတော့… လူနီလေးကအတော်လေးကြေကွဲနေပုံနဲ့
“အီး..ရွှတ်… က..ကလေးမရယ်.. နင်ပြောတာကြားတော့
ငါရွာဇာတ်ပွဲတွေမှာ ဇာတ်ကြည့်နေရသလိုပဲ ဝမ်းနည်းလိုက်တာဟာ…
မျက်ရည်လွယ်တဲ့ငါနဲ့ သနားစရာ ကလေးမလေးနဲ့အခုမှ စတွေ့တာပဲ… ”
တရွှတ်ရွှတ်ဖြစ်နေပြန်တယ် ထူးထူးဆန်းဆန်းလူနီလေးပုံကိုကြည့်ပြီး
ခင်နန်း ဝမ်းနည်းနေရင်းကအသံထွက်အောင်ရယ်လိုက်မိပြီလေ.. ။
“ ဟီး..ဟီး..ဟီး.. ”
“အောင်မယ် ကလေးမ… ဘာလဲ လူကြီးကို
လာလှောင်နေပြန်တယ်… ”
“ မဟုတ်ပါဘူး.. နင်ရယ်တာ သဘောကျလို့ပါ…
ဒါနဲ့ နင်က တကယ်အသက်ကြီးပြီလား… ”
“ ဟုတ်ပါတယ်ဆိုမှ… စကားမစပ်
ငါငိုတာ လှလားဟင်… ”
မျက်နာနီစပ်စပ်လေးနဲ့ သွားလေးဖြဲပြနေတဲ့ ကလေးသာသာ
လူနီလေးကိုကြည့်ပြီး ခင်နန်း ဝါးလုံးကွဲအောင်ရယ်လိုက်မိတော့တယ် ။
“ နင်ရယ်ပြီမို့လား ကလေးမလေး…ခစ်ခစ်…
ငါက နင့်ကို ပျော်အောင်စတာပါဟ… နင် ငါ့အပင်အောက်မှာ
လာငိုနေကတည်းက ငါနင့်ကို စနောက်မယ်ဆိုပြီး
အပင်ပတ်ပြေးခိုင်လိုက်တာပဲ… ”
ခင်နန်းကပြန်မေးလိုက်တယ်…
“ ဒီလိုကို…. နင့်မှာ နာမည်ရှိလား
နာမည်…နာမည်လား ရှိတာပေါ့…ဒါပေမယ့်
ငါနာမည်ကို နင်ပဲပေးပါတော့ဟာ.. နင်ကြိုက်သလိုသာခေါ်တော့
ငါလည်းဒီနေရာမှာ တစ်ယောက်တည်း ပျင်းနေတာနဲ့ ၊
နင်ကလည်း သူငယ်ချင်းမရှိတာနဲ့အတော်ပဲ ၊
ငါတို့နှစ်ယောက် သူငယ်ချင်းလုပ်ကြတာပေါ့… ”
“ ဟင်…နင်တကယ်ပြောတာနော်…
ပြီးရော.. ဒါဆို နင့်နာမည်ကို မခေါ်တော့ဘူး
နင်က ငါ့ကို ခင်နန်းလို့ခေါ် ငါက နင့်ကို သူငယ်ချင်းလို့ခေါ်မယ်…
ဘာလို့လဲဆိုတော့ ငါ့ဘဝမှာ နင်က ပထမဆုံး
သူငယ်ချင်းမို့လေ…အဲ့ဒီဝေါဟာရလေးကို
ငါသိပ်သုံးချင်ခဲ့တာ…သူ..ငယ်..ချင်း… ”
“ ခင် နန်း .. ခင်နန်း ခေါ်လို့ကောင်းတယ်.. ”
“ သူငယ်ချင်း..ဟီးဟီး..သူငယ်ချင်း…”
နှစ်ယောက်သားအဖော်မင်ကြပြီးအဖော်မဲ့နေကြသူများပီပီ
ပျော်မဆုံးဖြစ်နေကြပုံများ ၊ လောကကို ကြည်ပြာရောင်ခြယ်နေတဲ့
ကောင်ကင်အိုကြီးကတောင် ကြည်နူးနေမိမှာအမှန်…. ၊
“ သူငယ်ချင်းရေ… လူတွေက နင့်ကို မြင်ရလား
အခြားလူတွေကလေ..အခုငါနင့်ကိုမြင်နေရသလို
မြင်ကြရလား ၊ မြင်နိုင်လားဟင် ”
“ ဟင့်အင်း..သူတို့မမြင်ကြဘူး ခင်နန်း ”
“ ဒါဆို ငါက ဘာလို့ မြင်ရတာလဲ ”
“ နင်က..နင်က..နင်…ငါမပြောချင်ပါဘူးဟာ..
ဒါပေမယ့် ပြောရမှာပဲ…ငါမြင်သလောက်ပြောပြမယ်…
ငါနင့်ကိုစမြင်ကတည်းကသိလိုက်တာ နင့်ခန္ဓာကိုယ်ထဲမှာ
မကောင်းတဲ့ ဓါတ်တွေကို မြင်နေရတယ်… ၊အရှင်းဆုံးပြောရရင်
နင့်ရဲကအဘွားက လူတွေပြောကြသလို စုန်းပညာသည်အမှန်ဖြစ်တဲ့အတွက်
နင့်ကို မွေးတုန်းက သူ့ရဲ့ပညာစက်တွေကို ထည့်ပေးထားတယ်လို့
ငါသိနေရတယ် ၊ ဒါကြောင့် ခင်နန်း…နင်ဟာ..
ဝမ်းတွင်းစုန်းမဟုတ်ပေမည့် စုန်းပညာသည်တစ်ယောက်
ဖြစ်တာကို ငါသိလိုက်တယ် ၊ ဒါကြောင့် နင် ငါ့ကို
တန်းမြင်ရတာပဲ…. ”
“ ဟင်..စုန်း..စုန်းပညာဆိုတာ ဘာလုပ်လို့ရလဲဟင်.. ”
“ စုန်းပညာဆိုတာသူတစ်ပါးကို ပျက်စီးစေတဲ့နေရာမှာ
အသုံးပြုနိုင်ရင် ပိုစွမ်းတဲ့ပညာမျိုး.. ၊ လောကအကျိုးအတွက်
သုံးရင် မစွမ်းတဲ့ ပညာမျိုးပါ ၊ ဒီပညာယူထားတဲ့ ပုဂ္ဂိုလ်က
ငရဲပြည်အောက်ဆုံးထပ်ကိုရောက်ဖို့ သေချာနေတဲ့သူပဲမိနန်း ၊
နင်သာ တကယ် ဒီပညာကို မလိုချင်ဘူးဆိုရင် ပညာပျက်အောင်
ငါသင်ပေးနိုင်ပါတယ် ၊ နောက်တစ်ခုက နင်က ပညာသည်ဖြစ်မှန်းမသိ
ဖြစ်နေတဲ့အတွက်ကြောင့် စကားပြောတဲ့နေရာမှာ စည်းစောင့်ရမယ်…
ကိုယ်က စိတ်ထဲကမပါပဲ ပြောလိုက်ပေမယ့် ဒေါသနဲကပြောလိုက်တဲ့စကားက
ကျိန်စာဖြစ်စေပြီးတော့ တစ်ဖက်လူ တကယ် ဒုက္ခရောက်တတ်တယ်
ခင်နန်း…အဲ့ဒီတော့ နင်ဒီနေ့ကစပြီး သီလ လုံအောင်ထိန်းရမယ်… ”
“ နင်ပြောတာတွေက ထူးဆန်းလိုက်တာ သူငယ်ချင်းရာ
ဘာပဲဖြစ်ဖြစ် ငါနင်ပြောတာလိုက်နာမှာပါ…နင်ပြောတဲ့စကားထဲမှာ
မကောင်းတာလုပ်ဖို့တိုက်တွန်းတာ တစ်ခုမှ မှ မပါပဲလေ… ၊
ငါ့ ဘွားဘွားကြီး ငရဲရောက်မှာလဲ ငါစိုးရိမ်တယ်.. သူ့ကိုလည်း
လမ်းမှန်ရောက်အောင်ပို့ဖို့ ငါ့ကိုနင်ကူညီပါနော်… ”
“အေးပါ ခင်နန်းရာ..နင်က ငါ့သူငယ်ချင်းပဲ
ကူညီရမှာပေါ့… ”
“ နေပါဦး သူငယ်ချင်းရ … ငါအရေးကြီးတာမေးမလို့
နက်ဖြန်တွေ..နောက်ရက်တွေ ငါနင်နဲ့တွေ့ချင်ရင် ဘယ်လိုလုပ်ရမလဲ… ”
“ ဒါမေးရမယ့်အချက်ပဲ… ငါတို့တွေက
ကိုယ့်ပိုင်နက်နဲ့ကိုယ်နေကြတဲ့သူတွေမို့ နယ်ကျော်ခင့်မရှိဘူး ခင်နန်း
နင်ငါ့ကိုတွေ့ချင်ရင်တော့ ငါ့နေရာကို ရောက်အောင်လာပြီးတွေ့မှာရမယ်…
ငါဒီညောင်ပင်ညိုကြီးမှာအမြဲရှိတယ်ခင်နန်း… ၊ နင်မလာတတ်တဲ့အခါ
ရော့ ဒီညောင်ရွက်လေးကို ယူထား… ၊ ဒီညောင်ရွက်လေးကို နင်ကိုင်ထားသ၍
ငါ့ဆီလာတဲ့လမ်းမှာညောင်ရွက်လေးတွေ စီတန်းထားပြီး လမ်းပြတာကို
နင်တစ်ယောက်တည်း မြင်ရလိမ့်မယ်… ၊ ငါအထူးသတိပေးချင်တာက
ဒီညောင်ရွက်လေးကို ခင်နန်းရေ… နင့်အပြင်
ဘယ်သူ့ကိုမှ ပေးမကိုင်ပါနဲ့… ”
“ ဟုတ်ပါပြီ သူငယ်ချင်းရယ်… ၊ ဒါဆို ငါပြန်တဲ့အခါလည်း
လမ်းမြင်နေရမှာမှာပေါ့နော်.. ”
“ ဒါပေါ့ သူငယ်ချင်းရ… သြော်..
ငါမေ့တော့မလို့… ငါနင့်ကို ပြောချင်တာရှိသေးတယ်ခင်နန်း…
နင့်ကိုရွာကလူတွေ ပယ်ထားကြတယ်ဆိုတော့ .. ရွာကလူတွေ
အမြင်ကြည်အောင် နင်က ရွာအတွက် လိုတဲ့နေရာက
ကူညီရမယ်… ”
“ ဘယ်လို..လိုတဲ့နေရာက ဟုတ်လား..
ငါ့အနားတောင်လူတွေက မကပ်ချင်ကြတာ ငါက ဘယ်လိုကူညီရမှာလဲ..
နောက်ပြီး ငါ့အရွယ်နဲ့ ငါဘာများလုပ်နိုင်မှာတုန်း
သူငယ်ချင်းရ ”
“ မဟုတ်ဘူးလေ… နင့်ချည်းလုပ်ခိုင်းတာမဟုတ်ဘူး
မိနန်းရ .. ၊ ငါရှိတယ်လေ…နင်အကူညီလိုတဲ့အခါ
ငါ့ဆီလာခဲ့ပေါ့… ငါတတ်နိုင်သမျှကူညီပေးမယ်… ”
“ နင်က ဘာတွေ လုပ်ပေးနိုင်လို့လဲ ”
“ ဟား..ငါ..ငါကလား…
ငါက ပစ္စည်းပျောက်တဲ့သူတွေကို ရှာပေးနိုင်တယ် ၊
အဆိတ်တတ်နေတဲ့ရောဂါတွေကို ကုပေးနိုင်တယ် ၊
အရေးကြီးဆုံးက ငါက သာမန် တစ္ဆေ ၊ သရဲ ၊ ဖုတ် လောက်ဆို
နိုင်နင်းတယ် မိနန်း… ”
“ ဟင်… နင်က စွမ်းလှချည်လား..
ဒါနဲ့ နေပါဦး သူငယ်ချင်း..
နင်ပြောတော့ နင်က ပြိတ္တာမျိုးဆို…
ကိုယ့်အမျိုးချင်း နိုင်လို့လား… ”
“ ခင်နန်း … နင်ကတော့ ခတ်ပြန်ပြီ….
ငါက ပြိတ္တာမျိုးဆိုပေမယ့် နင်နားလည်အောင်ပြောရရင်
နတ်မျိုးနွယ်ထဲကအနိမ့်စားပြိတ္တာမျိုးပါ… ၊
ငါ့ထက် နိမ့်တဲ့ သာမန် တစ္ဆေ ၊ သရဲ ၊ ကွင်းပိုင်လောက်အထိတော့
ငါနိုင်ပါတယ် ခင်နန်းရ … ဒီတော့ နင်လိုတဲ့အချိန်
ငါ့ဆီလာခဲ့ပါ…ငါဒီနေရာလေးမှာအမြဲရှိတယ်… ။
ရောင်နီပျိုးစအလင်းတစ်ပြကိုအရင်းအစပြုရင်း
တစ်ဖြည်းဖြည်း တိုးထွက်လာတဲ့ ရှင်နေမင်းကြီးက ကျေးရွာလေးအပေါ်
စိုးစံတော်မူနေချိန်…. ။
“ ဟဲ့ ဟဲ့… လုပ်ကြပါဦး..ကျုပ်တို့အိမ်က နွားတွေ
ဘယ်သူခိုးသွားလဲမသိပါဘူး… ပျောက်သွားပြီ တော်ရေ… ”
ရွာငယ်လေးမှ ထွက်လာတဲ့အသံရှင်ကြောင့်
တစ်ရွာလုံးတစ်ရုန်းရုန်းဖြစ်သွားကြကာ တစ်ဆင့်စကားတစ်ဆင့်နားဖြင့်
အဲ့ဒီ သတင်းလေးက ခင်နန်းဆီကို ရောက်လာခဲ့တော့တယ်… ။
ပထမဆုံး စမ်းသပ်မှုအဖြစ် ခင်နန်းတစ်ယောက်
လူနီလေးပေးလိုက်တဲ့ ညောင်ရွက်လေးကိုလက်မှာဆုတ်ကိုင်လိုက်တဲ့အခါ
ခင်နန်းအိမ်ရှေ့နေရာကနေစတင်ပြီး တောတွင်းထဲအထိအတန်းလိုက်
အစီအရီ ဖြစ်နေတဲ့ ညောင်ရွက်လေးတွေကို မြင်လိုက်ရတော့တယ်… ၊
မြင်ရတဲ့အတိုင်း ခင်နန်းလည်း ညောင်ရွက်လေးတွေလမ်းအတိုင်း
လျှောက်သွားရင်းက လူနီလေးရှိတဲ့ ညောင်ညိုပင်ကြီးဆီ
ရောက်လာခဲ့ပါလေရော… ။
အပင်ခြေရင်းရောက်တော့
“ သူငယ်ချင်းရေ… သူငယ်ချင်း… ”
ခင်နန်းလှမ်းခေါ်ခေါ်ချင်းမှာပဲ ခင်နန်းအနောက်ကအသံထွက်လာတယ် ၊
“ ဝေ့ ခင်နန်းပါလား ”
ခင်နန်းကို ဝမ်းသာအားကြိုဆိုရင်းကြည့်နေတဲ့
လူနီလေး… ၊
“ ဆိုပါဦး ဘာကိစ္စတုန်း ခင်နန်းရ ”
“ ရွာတောင်ပိုင်းမှာနေတဲ့အရီးလှစိန်တို့အိမ်ကနွားတွေ
ညက နွားသူခိုးဆွဲသွားလို့တဲ့လေ… ”
“ ဟုတ်လား.. ဒါနင့်အတွက်အခွင့်အရေးပဲခင်နန်း…
နေဦး ငါလှမ်းကြည့်လိုက်ဦးမယ်… ”
သုံးစက္ကန့်လောက် လူနီလေး ငြိမ်နေရင်းကနေချက်ချင်း
“ သိပြီ…အဲ့ဒီနွားတွေကို နင်တို့ရွာထဲက
ထန်းရည်သမား လှတိုးတဲ့ ဘိုးစိန် က ဟိုဘက် ရွာတန်းရှည်ရွာက
မြကြီး တို့အဖွဲ့နဲ့ပေါင်းပြီး ခိုးသွားတာ ဟ…
ခိုးတဲ့အပြင် မနက်ဖြန် ည သန်းခေါင်းမှာ
ဒီကောင်တွေအဲ့နွားကို ကမ်းတစ်ဖက်မှာ ဝယ်လက်နဲ့
ရောင်းဖို့ ပြင်ထားပြီးကြပြီဟဲ့..ခင်နန်းရ… ၊ နင်ဒီသတင်းကို
နွားပိုင်ရှင် လှစိန်ဆီအမြန်သွားပြောပြီး ယုံကြည်အောင်ပြော
သူတို့မယုံရင်တောင် ကိုယ့်ဘက်က မယုံယုံအောင်ပြောဖို့လိုတယ်
ပြောတာ ယုံကြည်ပါ..တကယ်လို့ မှားခဲ့ရင် ဒီရွာကနေအပြီး ထွက်သွားပေးပါ့မယ်လို့
ပြော…အဲ့လိုပြောရင် သူသူကိုယ်ကိုယ် ဖြစ်များဖြစ်လာမလား..
ဒီကောင်မလေးပြောတာ ဟုတ်များဟုတ်နေမလားဆိုတဲ့အတွေးလေး
ဝင်လာပြီးတော့ ဝမ်းကြည့်ရအောင်ဆိုတဲ့ တွဲဘက်အတွးနဲ့ပေါင်းပြီး
သူတို့သူခိုးဖမ်းကြလိမ့်မယ် မိသွားတဲ့အခါ… နင့်ကိုလူတွေက
ယုံကြည့်ပြီပဲ ခင်နန်းရေ.. ငါပြောတာယုံစမ်းပါ…သွားပြေးတော့… ”
လူနီလေးစကားအတိုင်း ခင်နန်းလည်းရွာဆီကိုပြေးပြီး
လူနီလေးသင်ပေးတဲ့အတိုင်းလုပ်ကြည့်တဲ့အခါ… ၊
အရီးလှစိန်ကလည်း လူနီလေးကြိုမှန်းထားတဲ့အတိုင်း
ကွက်တိမယုံကြောင်းပြန်ပြောတဲ့အခါ ခင်နန်းက ယုံလာအောင်ကြိုးစားရင်းက
နောက်ဆုံး သူခိုးဖမ်းကြည့်တဲ့အခါ..ခင်နန်းစကားအတိုင်း
အချိန် ၊ နေရာ ၊ လူစာရင်းကအစကွက်တိနဲ့
ဖမ်းမိပြီး နွားပါပြန်ရလိုက်တဲ့အခါ တစ်ရွာလုံးက
ခင်နန်းကိုအံ့သြသင့်သွားကြတဲ့အဖြစ်ရောက်ခဲ့ရပြီ…. ၊
ခင်နန်းရဲကအဘွားဖြစ်သူကတော့ သူ့မြေးမလေးထူးခြားနေတာကို
တစ်ခုခုသတိထားမိနေသလိုပဲ………. ။
ရွာကလူတွေက ခင်နန်းကို ယုံကြည်လက်ခံလာကြပြီး
နောက် ၊ ကျွဲပျောက် ၊ နွားပျောက် ၊ ရွှေပျောက် ၊ လူပျောက်
တစ်မျိုးပြီးတစ်မျိုးလာမေးကြလိုက်.. ခင်နန်းက မေးခွန်းတွေကို စုထားပြီး
လူရှင်းတဲ့အချိန်တွေ တစ်ယောက်တည်း ဆော့သလိုလိုနဲ့
ညောင်ရွက်လေးကိုကိုင်ရင်း တောထဲဝင်သွားပြီးတော့ လူနီလေးကို
သွားမေးလိုက်….ပြီးမှ သူ့ဆီလာမေးတဲ့သူတွေကို
တစ်ယောက်ဆီပြန်ဖြေပေးလိုက်နဲ့အဆင်ကိုပြေနေတာပဲ ၊
ဘာလိုလိုနဲ့ ခင်နန်းတစ်ယောက်အကြားအမြင်ဆရာမလေးခင်နန်း လို့တောင်
ရွာမှာ နာမည်ရစပြုလာပြီ… ၊ တစ်ချိန်က သူ့ကို ဝိုင်းပယ်လာကြတဲ့ရွာ
အခုတော့ သူတိုကမဟုတ်သလိုပဲ ခင်နန်းကို မေးမြန်းလာရင်း
ဟိုပစ္စည်းလေးလက်ဆောင်ယူလာလိုက် ၊ ဒီပစ္စည်းလေးပေးလိုက် ၊
သူတို့ဥစ္စာပြန်တွေ့တဲ့အချိန်မှာလည်း လာပို့လိုက်ကြတဲ့
လက်ဆောင်တွေဆိုတာ ခင်နန်းတို့ တည်းအိုလေးထဲ
လိုလေသေးမရှိလောက်အောင်ပေါ့… ။
အမှန်တကယ် ခင်နန်းကို ကူညီနေတဲ့သူကတော့
ရိုးမ တောနက်ကြီးထဲက ညောင်ညိုပင် က သူငယ်ချင်းလေးမဟုတ်လား… ။
တစ်နေ့တော့ ခင်နန်းတို့ရွာငယ်လေး နဲ့ ခင်နန်းရဲ့ သူငယ်ချင်း လူနီလေးကို
ဒုက္ခဖြစ်စေနိုင်မယ့်ဆိုးဆိုးရွားရွား ကိစ္စတွေ ဖြစ်ဖို့ရာအကြောင်းဖန်လာခဲ့ရပြီ…… ။
{အပိုင်း - ၃} – (ဇာတ်သိမ်းပိုင်း) မျှော်
~ မိုးစွေ ~
စာပြီးချိန် - ( 20 . 12 .2018 )
Myanmar Time 2:30 AM
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို
ဒီလင့်ခ်
ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်