“ ဓါတ်ပုံအောက်က ပုသင်ညိုလေးတစ်ကောင် ”ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
lotaya.mpt.com.mm
|
2019-05-09

“ ဓါတ်ပုံအောက်က ပုသင်ညိုလေးတစ်ကောင် ”

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

( စ - ဆုံး )

မကွေးတိုင်းရှိမထင်မရှား ရွာသေးသေးလေးတစ်ခု ။

“ သင်းသင်းရယ် ညည်းနယ် နားနားနေနေလုပ်စမ်းပါ ကျန်မာရေးကလည်းကောင်းတာမဟုတ်ဘူး

ဒီကြားထဲအားလေးဘာရေးရှိအောင် နားစမ်းပါဟယ်…..ကျုပ်တစ်ယောက်တည်းလုပ်လည်း

ဒီအလုပ်ကဖြစ်ပါတယ် ”

ရောဂါကြောင့် လူတစ်ကိုယ်လုံးဖျော့လျော့နေပေမယ့်အလုပ်တွေကိုကြုံးလုပ်နေဆဲဖြစ်တဲ့

ဇနီးသည်ကို ယောကျာ်းဖြစ်တဲ့သူ ကိုသာဗျော က ဂရုနာဒေါသောလေးနဲ့ လှမ်းပြောလိုက်တယ် …

“ ကိုသာဗျောရယ်…နှစ်ယောက်လုပ်တော့ နှစ်ဆပြီးတာပေါ့…နှစ်ဆပြီးတော့

နှစ်ဆစာငွေရတာပေါ့….ပြည့်စုံတဲ့ဘဝတွေမဟုတ်တော့ နားချင်တိုင်းနားရင်

ထမင်းငတ်ကုန်မှာပေါ့ ကိုသာဗျာရယ်….သားအကြီးကောင်ကလည်း

အထက်တန်းရောက်နေပြီးအငယ်မလေးကလည်းကျောင်းနေနေရပြီ….

ကလေးတွေအမြန်ကြီးအမြန်ဘွဲ့တွေ့ရပြီးအလုပ်ကောင်းကောင်း လစာကောင်းကောင်းလေးတွေ

ရမှ ကျွန်မ စိတ်ချလက်ချ နားတော့မယ်…အဟွတ်အဟွတ်…အဟွတ်အဟွတ်

ကျွတ်ကျွတ်ကျွှတ်ကျွှတ် ”

ဝေဒနာကိုအံတင်းခံရင်း သားသမီးဇောနဲ့အလုပ်လုပ်ရင်းပြန်ပြောလိုက်တဲ့

ဇနီးသည် မသင်းကြိုင်စကားကြောင့် ကိုသာဗောတစ်ချက်တွေဝေသွားပြီး

“ သားသမီးတွေက ညည်းပြောသလို လိမ္မာရင်ကောင်းသား

ပညာမစုံဘဲကြင်ယာစုံပြီး မိဘကိုပြန်ကြည့်မယ်နေနေသာသာ မိဘက

အသက်ကြီးမှအိုကြီးအိုမနဲ့ မြေးမြစ်တွေအထိ ပြန်လုပ်ကျွေးနေရရင်တောင်

မချောင်ဘူးမိန်းမရေ ညည်းသားအကြီးကောင်အကြောင်းညည်းမသိပါဘူး..

ဒီကောင်သာ သိတတ်ရင်… ”

ကိုသာဗျောစကားမဆုံးခင်မှာပဲ မသင်းကြိုင်က ချက်ချင်းခွန်းတုန့်ပြန်လိုက်တယ်

“ တော်တော့ ကိုသာဗျော…အဟွတ်အဟွတ်…ကျွန်မသားလေးကို

အပြစ်မတင်ပါနဲ့ ဒီကလေးက ငယ်သေးလို့ပါ ဟိုနေ့ကဆိုအမေရေချိုးဖို့ဆိုပြီး

ရေတွေကြိုဖြည့်ပေးထားတာပဲကြည့်…ဘယ်လောက်အလိုက်သိ..လိမ္မာတယ်ဆိုတာ…

ကျန်တာကတော့ ယောကျာ်းလေးပဲလေအသောက်အစားလေးနည်းနည်းပါးပါးတော့ရှိမှာပေါ့

ရှင်တောင် မသောက်လို့လား…အဟွတ်အဟွတ် ”

ကမ္ဘာ့စိတ်ပညာရှင်ဆရာကြီးတွေဖြေရှင်းချက်အတိုင်း

လူတွေရဲ့မသိစိတ်တွေအကြောင်းထဲမှာအမေက သားဖြစ်သူအပါ်အချစ်ပိုတတ်သလို

အဖေက သမီးတွေအပေါ်အချစ်ပိုတတ်တာ သဘာဝတရားဖြစ်နေတာကို

မသင်းကြိုင်က သက်သေပြနေသလိုပဲ…သူ့သားလင်းကျော်အတွက်ဆိုရင်

တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ခံပြီးစစ်ပွဲနွဲမယ်ဆိုတဲ့အမေမျိုး…. ။

မိုးဥတုကိုကျော်လွန်ပြီးနောက်ရာသီလေးက ရွာဘက်မှာမို့

အအေးကဲနေသလို…..

“ ကိုသာဗျော… ကျွန်မသားလေအိမ်ပြန်မလာသေးဘူးလား

ညနက်လိုက်တာာနော်…. ”

“ ညည်းနဲ့ဟယ် ငါလည်းစိတ်ဆင်းရဲ့ပါတယ် ကိုယ်ကနေကောင်းတာမဟုတ်ဘူး

ကလေးတွေကို လိုက်ပူမနေစမ်းပါနဲ့ ငါသိပါတယ်ဟ…ညည်းကိုယ့်ကျန်းမာရေးသာကိုယ်ဂရုစိုက်ပြီးနေ ”

လူကရောဂါကျွမ်းပြီးအိပ်ယာထဲလှဲနေပေမယ့် သားဖြစ်သူအပေါ်အချစ်စိတ်ပိုလွတ်သူမို့

စိတ်က မပြတ်နိုင်ဘဲရှိနေသေးတယ် …

“ ကျွန်မသားလေး ဒီတစ်နှစ်ပြီးရင် တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မှာနော် ”

ရောဂါက ခန္ဓာကိုယ်ကို ဖျက်ဆီးနေပေမယ့် မိခင်တစ်ယောက်ရဲ့မေတ္တာ ပီတိ ဓါတ်တွေကိုတော့

ဘယ်လိုမှ သက်ရောက်မှုမစွမ်းနိုင်ရှာဘူး…. ၊

“ မိန်းမရယ်….ကိုယ်သာကျန်းမာအောင်ကြိုးစားစမ်းပါ…

ငါပြောတယ်..ရောဂါမကျွမ်းခင် ပျောက်အောင်ကုသပါ ကုသပါ ဆေးရုံတက်ပါဆိုတာကို

နားမထောင်ဘူး…သူ့ဆေးဖိုးကိုနှမြောနေတယ်…. ”

“ ဆေးဖိုးနှမြောတာ မဟုတ်ဘူးတော်ရေ…. သားနဲ့သမီးအတွက်

ကျောင်းစရိတ်တွေ ၊အိမ်စရိတ်တွေ ထိခိုက်သွားမှာစိုးလို့ ကျုပ်မကုပဲနေနေတာပါတော် ”

မိသားစုအပေါ် သံယောဇဉ်တွယ်လွန်းတဲ့ဇနီးသည်အတွက်

မမျှော်လင့်ဘဲ ကျလာတဲ့မျက်ရည်စတွေကို ကိုသာဗျာ မသိမသာ ပွတ်သပ်လိုက်ရင်း

မျက်နာလွဲထားမိလိုက်တယ် ။

မသင်းကြိုင်ရဲ့ရောဂါအခြေအနေက မကုဘဲပေခံလေလေ

တိုးလာလေလေဖြစ်လာရာကနေ နောက်ဆုံး မသင်းကြိုင်တစ်ယောက်

သူချစ်လှစွာသော မိသားစုလေးနဲ့ ဘဝခြားရာတစ်ခြားအရပ်ဆီကို

တစ်ကိုယ်တည်းထွက်သွားလိုက်ရတော့တယ် ၊ မသင်းကြိုင် ကွယ်လွန်ရှာပြီ ။

ပင်ကိုယ်စရိတ်က ပျော်ပျော်နေတတ်ပြီး သားသမီး နဲ့ မိသားစုအပေါ်

ချစ်လွန်လို့ ငွေပိုငွေလျံမရှိလို့အပင်ပန်းအဆင်းရဲခံပြီးငွေတွေစုဆောင်း ၊

စုဆောင်းထားတဲ့ငွေတွေနဲ့သားသမီးတွေကို လူတန်းစေ့ကျောင်းတက်နိုင်အောင်ထားပေးရင်း

ယောကျာ်းဖြစ်သူနဲ့ မယ်တထမ်း မောင်တရွက် ကူညီဖေးမပေးခဲ့တဲ့သူတစ်ယောက်မို့

ရပ်ရွာတစ်ခုလုံးကပါ ချစ်ကြခင်ကြတာမို့ မသင်းကြိုင်ကွယ်လွန်သွားတော့

အားလုံးက ဝမ်းနည်းကြေကွဲကြရတယ် ။

မသင်းကြိုင်တစ်ယောက်သားသမီးကိုချစ်တဲ့စိတ်တွေ စိတ်မချတဲ့စိတ်တွေနဲ့

ဘဝကူးသွားသူမို့ စိုးရိမ်စိတ်တွေ ၊ စွဲလမ်းစိတ်တွေကြောင့် ဘဝကူးမလှခဲ့ဘဲ

ပြိတ္တာဘုံသားဘဝကိုရောက်သွားခဲ့ရတယ် ၊ ဒီအကြောင်းကိုလည်း

အားလုံးက ရိပ်စားမိပြီးဖြစ်ကြတယ် ၊ ဘာလို့လဲဆိုတော့

အသုဘ စချတဲ့နေ့ကစပြီး ရက်လည်ပြီးနောက်ပိုင်းအထိကို

ဆွေမျိုးတွေထဲမှာ မသင်းကြိုင် စနောက် ခြောက်လန့်တာကို မခံရတဲ့သူ

မရှိသေးဘူးလို့ဆိုရမယ် ။

အဲ့ဒီ့အထဲကအဆိုးဆုံးအဖြစ်က မသင်းကြိုင်ရဲ့ မောင်ဝမ်းကွဲတော်တဲ့

ဖိုးခွေးဆိုတဲ့ ကာလသားလေးတစ်ယောက် မသင်းကြိုင်နာရေးမှာကူညီရင်း

ညဘက်ကြီး သူများတွေ ဖဲကစားလို့ကောင်းနေတုန်းအပေါ့သွားချင်လာတာနဲ့

အိမ်ထဲဝင်ပြီးအိမ်သာဆီကိုတစ်ယောက်တည်းထွက်သွားဖြစ်ခဲ့တယ် ။

ညဉ်လည်းနက် ၊ ပတ်ဝန်းကျင်ကြီးကလည်း တိတ်ဆိတ်နေပြန်တယ်

တစ်ချက်တစ်ချက်တောထဲက ငှက်တစ်ချိုကတစ်လေအော်မြည်သံကလွဲရင်

အရာရာ ဆိတ်ငြိမ်နေပြန်တယ် ၊ တစ်ခါတစ်လေ တိုက်ခတ်လိုက်တဲ့

လေထဲမှာလည်း ဆောင်းရဲ့အငွေ့အသက်လေးတွေပါလို့ထင်တယ်

ကျောရိုးထဲထိ စိမ့်တက်သွားစေတယ် ။

ဖိုးခွေးအိမ်သာနားကိုရောက်တော့

အိမ်သာကိုဖွင့်မလို့အိမ်သာတံခါးလက်ကိုင်ကို ကိုင်ထားယုံရှိသေးတယ်

မှောင်မဲနေတဲ့အိမ်သာထဲက နားကျင်မှုတစ်ခုုခုကြောင့် ညည်းလိုက်တဲ့ ညည်းသံကြီးကို

ကြားလိုက်ရတယ်… ကြားကြားချင်း နှလုံးခုန်ရပ်မတပ်လန့်သွားပြီး

အော်ဖို့ကြိုးစားလိုက်သေးတယ်…နောက်တော့မှအသိစိတ်ပြန်လည်လာပြီး

အထဲမှာ လူရှိတယ်အထင်နဲ့ လှမ်းမေးလိုက်တယ် …

“အထဲမှာ လူရှိလား ”

တစ်ဖက်က ခဏလောက်ငြိမ်သွားပြီးတော့ မကြာပါဘူး….

“ ဟင်းဟင်းဟင်းဟင်း…………

ဟီးဟီးဟီးဟီး………………

ဟင်း………………

ဟင်း…………….. ”

ဆိုတဲ့အသက်ရှည်ကြီးဆွဲပြီး လူမမာတစ်ယောက် နာနာကျင်ကျင်နဲ့ညည်းတဲ့

အသံကြီးကိုကြားလိုက်ရပြန်တယ်… ၊ ဖိုးခွေးတစ်ယောက်တည်း ဆောင်းတင်းကြီး

ဇောချွေးတွေပြန်လာပြီး တုန်တုန်ယင်ယင်နဲ့ တံခါးကိုခေါက်ရင်းဆက်မေးလိုက်မိတယ်

“ ဒေါက်ဒေါက်…လူလူ…လူ…ရှိလား… ”

မေးရင်းပဲ တံခါးကို ဆွဲဖွင့်ကြည့်လိုက်မိတော့

အိမ်သာထဲမှာ ဘယ်သူမှ ရှိမနေဘူး….. ၊

အဲ့ဒါနဲ့ ခွေးပုလည်း သူ့စိတ်ကြောင့်ဖြစ်နေတာမှန်းသိလိုက်ပြီး

အခုမှ သက်ပြင်းတစ်ချက်ချနိုင်သွားရင်း ဘာရယ်မဟုတ်ဘဲ

ကျောမလုံသလိုနဲ့ ကျောဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာ

သေတုန်းကအခေါင်းထဲထည့်လိုက်တဲ့အတိုင်းအကျီ ၤ ပြောင်းပြန်ကြီးနဲ့

မတ်တပ်ရပ်ပြီးသူ့ကိုကြည့်နေတဲ့အရီးလေးတော်သူကြီး မသင်းကြိုင်ကို

မျက်နာချင်းနီးနီးကပ်ကပ် မြင်တွေ့လိုက်ရတယ် ၊ မသင်းကြိုင် ရဲ့ မျက်လုံးတွေက

အနက်ရောင်အဆံလေးပျောက်နေပြီ လုံးဝအဖြူရောင်ကြီးတွေ ၊ တစ်ကိုယ်လုံးကလည်း

သွေးမရှိတော့လို့ ဖြူဆုတ်ဆုတ်နဲ့ ၊အပုတ်နံ့ကလည်းတစ်ထောင်းထောင်း…. ၊

ဘာပြောကောင်းမလဲ မြင်မြင်ချင်းပဲ ဖိုးခွေးလည်းအော်ပြီး ဖဲဝိုင်းတွေရှိတဲ့အိမ်ထဲကို

ဝင်ပြေးပါလေရော

“အား…………သ…သ…သရဲ………. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွာမှာ တစ်ခြားရွာတွေထက်ဆင်းရဲကြပေမယ့်အလှူအတန်းရက်ရောပြီး

ဘာသာ သာသနာအပေါ်မှာ ယုံကြည်စိတ် ကိုးစားစိတ်ရှိကြတဲ့ ရွာသူရွာသားတွေကြောင့်

ရွှေရောင်တစ်ဝင်းဝင်းကလေးနဲ့ ရွာဦးစေတီလေး ကို ခြေတန်ရှည်ပြီး ထုထည်ကောင်မွန်တဲ့

သစ်ကောင်းဝါးကောင်းတွေနဲ့ဆောက်ထားတဲ့ ရွာဘုန်းကြီးကျောင်းကို တွဲပြီးမြင်တွေ့နိုင်မှာပါ ။

“ လျှောက်စမ်းပါဦး ဒကာကြီးရ… ကျုပ်ဒီရွာကနေပျောက်သွားတုန်း

ဒကာမကြီး သင်းသင်း ဘာတွေများဖြစ်ရတာလဲကွယ်…. ”

“ တင်ပါ့ဘုရား ဦးဇင်းရန်ကုန်ကိုကြွမသွားခင်ကတည်းက

သင်းသင်းတစ်ယောက် ရောဂါဝင်စပြုနေတာအရှင်ဘုရားအသိပါပဲ…

နောက်တော့ တပည့်တော်တိုက်တွန်းပါတယ်ဘုရား ကုပါကုပါဆိုတာကို

သားသမီးတွေအတွက် ချွေတာရင်းချွေတာရင်းကနေ နောက်ဆုံးလုံးပါးပါးပြီးအခုလိုဖြစ်သွားတဲ့အထိ

ဖြစ်သွားတာပါ နောက်ဆုံး သူကွယ်လွန်သွားသည့်တိုင်အောင် မကျွတ်မလွတ်ဘဲ သူ့ဆွေမျိုးတွေကိုရော

တစ်ချို့ရွာသားတွေကိုပါ လိုက်ပြီးတော့ ခြောက်လန့်တာတွေ မကြာမကြာဖြစ်ပါတယ်ဘုရား

တပည့်တော်တို့အိမ်မှာတော့ သူသားသမီးတွေကြောက်မှာစိုးလို့ထင်တယ်

တစ်ခါမှ ခြောက်တာလန့်တာအသံပေး ၊အနံ့ပေးတာ မရှိခဲ့ပါဘူးဘုရား…. ၊

သူကွယ်လွန်ပြီးတော့အဲ့လိုတွေကြားရတော့ တပည်တော်တို့လည်းစိတ်မကောင်းဘူးဘုရား

သူ့အတွက်ရည်စူးပြီး ကုသိုလ်လည်းမကြာမကြာလုပ်ပေးဖြစ်ပါတယ် ၊ ဘုန်းတော်ကြီးတွေပင့်ပြီး

လတိုင်းလည်းသီးသန့် ရေစက်ချအမျှဝေတာတွေလုပ်ပါတယ် ဘုရား… ၊ ဒါပေမယ့်

ခြောက်မြဲခြောက် လန့်မြဲလန့်နေဆဲပါ…သူ့ခဗျာ မကျွတ်ရှာသေးဘူးဘုရား… ”

ကိုသာဗျော မျက်ရည်တွေအူတက်လာပုံရတယ် ၊ ကျောင်းထိုင်ကိုယ်တော်ကလည်း

ဆက်ပြီးမေးပြန်တယ်

“ ဒီလောက်အလှူတွေလုပ်ပေးနေတာ ဒီဒကာမ မကျွတ်ဘူးဆိုတော့

ဘာများမှားနေသလဲ….နေဦး…အလှူလုပ်တော့ ဘယ်နေရာမှာလုပ်ပေးတာလဲ ”

“ တပည့်တော်အိမ်မှာပါ ဘုရား ”

“ ရေစက်ချက်အမျှဝေခါနီးရော ကွယ်လွန်သူကိုနာမည်သေချာခေါ်ပေးရဲ့လား ”

“ တရားပေးတဲ့ ဦးဇင်းကတော့ ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီဖြစ်တဲ့ ဒကာမကြီး သင်းသင်းဆိုပြီး

အမျှဝေဖို့ဖိတ်ပေးပါတယ် ဘုရား ”

ကျောင်းထိုင်ဦးဇင်းနည်းနည်းလောက်တွေဝေသွားသလိုပြုလိုက်ရင်း

“ နေဦး သင်းသင်းလို့ပြောတာလား ”

“ တင်ပါ့ဘုရား ”

“ ဒါကြောင့်များလားမသိဘူး….ဦးဇင်းတိုကအမျှအတန်းဝေတဲ့အခါ

ကွယ်လွန်သူရဲ့ နာမည်အရင်ကိုခေါ်ပေးရတယ်ကွဲ့ သင်းသင်းလို့ခေါ်ရင် ဘယ်တိကျမလဲ

မသင်းကြိုင်လို့သေချာခေါ်ပေးရတယ်… ၊အစိုးရရုံးတွေမှာ ဝန်ထမ်းတွေကွယ်လွန်တဲ့အခါ

အမိန့်စာပြန်ရင် မှတ်ပုံတင်ထဲကနာမည်အတိုင်းအတိအကျပြန်ပေးရတာမျိုးပေါ့လေ ”

ဦးဇင်းစကားကြောင့် ကိုသာဗျောတစ်ယောက်အားတက်သွားရင်း

“ ဒါဆို ဒီအပတ်ထဲ ဦးဇင်း တပည့်တော်တို့အိမ်ကိုကြွပြီး

မသင်းကြိုင်အတွက် ရေစက်ချအမျှဝေပေးပါဦးဘုရား ၊ သြော်…ဦးဇင်းကို

တပည့်တော် ထူးဆန်းတာ တစ်ခုပြောရဦးမယ် ”

“ ဟေ..ဘာများလဲကွယ် ”

“ မသင်းကြိုင်အကြောင်းပါပဲဘုရား မသင်းကြိုင်ကွယ်လွန်သွားပြီး

ရက်လည်ပြီးနောက်ပိုင်းမှာ တပည့်တော် သူ့ပစ္စည်းလေးတွေသိမ်းနေရင်း

မထင်မှတ်ဘဲ သူ့အိပ်ယာခေါင်းရင်းနားမှာ သူ့သားကြီး ရှင်ပြုတုန်းက

မင်းလောင်း(မောင်ရင်လောင်း)ပုံစုံလေးနဲ့ ထီးဖြူဆောင်းပြီးရိုက်ထားတဲ့ပုံလေးရှိတယ်ဘုရား

အဲ့ဒီပုံလေးက ဘယ်သူမှောက်ထားတယ်မသိဘူး…မှောက်လျက်လေးဖြစ်နေတယ် ၊

ဒါကိုတပည့်တော်မြင်တော့အဲ့ပုံလေးကို ကိုင်မကြည့်လိုက်တုန်း

ပုံလေးအောက်မှာ လက်တစ်ထွာလောက်ရှိတဲ့ ပုသင်ညို မဲမဲ ခြောက်ခြောက်လေးတစ်ကောင်ကို

တွေ့လိုက်တယ်ဘုရား..အဲ့ဒါနဲ့တပည့်တော်လည်း သူနေချင်နေပါစေဆိုပြီး

အဲ့ဓါတ်ပုံကို သူ့ကိုယ်ပေါ်ပြန်အုပ်ပေးထားလိုက်တယ် ၊ နောက်တစ်လလောက်ကြာတော့

အဲ့ဓါတ်ပုံကိုပြန်မကြည့်ပြန်တော့လည်းအဲ့ဒီ့ ပုသင်ညိုခြောက်လေးက ဓါတ်ပုံအောက်မှာ

ငြိမ်ငြိမ်လေးရှိနေသေးတယ်ဘုရား… ၊ ဘယ်မှလည်းမသွား ၊ ဘာမှလည်းမစားဘူး ၊

တပည့်တော်စိတ်ထဲ မသင်းကြိုင်…သူ့သားကိုချစ်တဲ့စိတ်နဲ့ နေနေတာလို့ထင်တာနဲ့

စိတ်မကောင်းဖြစ်မိသေးတယ် ၊အခုဆိုအဲ့ဒီအကောင်လေး တပည့်တော်တို့အိမ်က

သားကြီးဓါတ်ပုံအောက်မှာနေနေတာ ၆လကျော်သွားပြီဘုရား ”

“အလို ဒီလိုအဖြစ်မျိုးအပြင်မှာတကယ်ရှိတာလား…

ဒကာကြီးတင်မဟုတ်ဘူး ဦးဇင်းကိုယ်တိုင်တောင်တွေးမိတယ်

ဦးဇင်းလေ့လာဖူးတာ သရဲ ၊ တစ္ဆေ ၊ နာနာဘာဝတွေက တိရစ္ဆာန်အဖြစ်

ဖန်တီးနေထိုင်တဲ့အခါ ဆိတ်တို့ ၊ ခွေးတို့ ၊ နွားတို့ ၊ သမင်တို့ ၊ ပုသင်ညို တို့ စသဖြင့်

ပုံစံပြာင်းတတ်ကြတယ်လို့ သိထားတယ်ကွဲ့…တကယ်ဟုတ်ချင်မှလည်း

ဟုတ်မှာပါလေ….ဒီအပတ်ထဲ ဦဇင်းဒကာကြီးတို့အိမ်ကိုကြွလာပြီးတော့

ဒကာမကြီးအတွက် နာမည်ခေါ်အမျှပေးဝေပေးမယ် ၊အဲ့လိုလုပ်ပြီးနောက်မှာ

ဒကာမကြီးတကယ်ကျွတ်သွားပြီအခြောက်အလန့်လည်းမရှိတော့ဘူး ၊

ဓါတ်ပုံအောက်က ပုသင်ညိုလေးကလည်း မရှိတော့ဘူးဆိုပြီး တိုက်ဆိုင်လာရင်တော့

ဦးဇင်းတို့ လက်ခံရတော့မှာပဲ….. ”

“ တင်ပါ့ဘုရား…ဒီထက် မသင်းကြိုင် ခြောက်လန့်တာတွေထဲက

တော်တော်လေးကြမ်းတာ တစ်ခုရှိသေးတယ်ဘုရား …

တပည့်တော်တို့နဲ့ သုံးအိမ်ကျော်ကွာတဲ့ မသင်းကြိုင်တို့နဲ့ ဆွေးမျိုးနိးစပ်တော်တဲ့

အရီးလေးစိန်ခင်တို့အိမ်မှာ ဖြစ်သွားတာ ဖြစ်ပုံကတော်တော်ဆန်းတယ်ဘုရား

ညကြီးမိုးချုပ်အားလုံးအိပ်တော့မယ်ဆိုပြီးပြင်နေတုန်းအပုတ်နံ့ကြီးဆိုးဆိုးရွားရွားရလာတယ်

ပြီးတော့ ညည်းသံကြီးကိုဆက်တိုက်ကြားလာရတယ်အဲ့အချိန်မှာ သူတို့တစ်အိမ်သားလုံး

လန့်ဖြန့်ကုန်ကြပြီး ခြံတံခါးဝနားကိုကြည့်နေတုန်း ခြံဝင်းမဟုတ်ဘဲအိမ်ထဲကိုဝင်ရတဲ့

အိမ်အဝင်အဝနားကနေ မသင်းကြိုင်ရဲ့ လက်ဖြူဖြူကြီးတစ်ဖက်ကအိမ်တံခါးက ခွေးတွေဘာတွေ

ဝင်မှာစိုးလို့ ကာထားတဲ့ ဝါးကပ်ကို ဆွဲဆွဲခါနေတာတဲ့….ညည်းသံကြီးကလည်းဆက်တိုက်ဆိုသလိုပဲ

ထူးဆန်းတာကအိမ်ထဲတော့ လုံး၀ ဝင်မရဘူးတဲ့အဲ့ဒီ့ လက်ဖြူဖြူကြီးကိုလည်း

တစ်အိမ်သားလုံးသေချာပေါက် ထင်းထင်းကြီး မြင်လိုက်ရတာပါပဲဘုရား ”

“ ဒကာမကြီး မသင်းကြိုင် ….မသင်းကြိုင်….သနားပါတယ်ကွယ်…

သူ့ခမျာ ဒီလိုဘဝကြီးမှာ ဘယ်လောက်ဒုက္ခရောက်နေရှာမလဲမသိဘူး…

လူတွေကသာခြောက်လန့်တယ်ထင်နေကြတာ…ဦးဇင်းအမြင်အရတော့

သူ့ဆွေမျိုးတွေကို သူအကူအညီလိုက်တောင်းနေတာဖြစ်မှာပါ… ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွာကလေးရဲ့ နံနက်ခင်းနေနုနွေးလေးက ထရံပေါက်ကြဲကြဲတွေကြားထဲက

အိမ်ထဲကို တိုးဝင်ဖို့ကြိုးစားနေကြတယ်…အိမ်ကလေးထဲမှာတော့အလှူပစ္စည်းလေးတွေနဲ့အတူ

ရွာဦးကျောင်းဆရာတော်ကြီးက ကွယ်လွန်သူ မသင်းကြိုင်အတွက်ရည်စူးပြီး

အမျှအတန်းပေးဝေဖို့ဟန်ပြင်နေတယ်…

“ ကွယ်လွန်သူ ဒကာမကြီး မသင်းကြိုင်နှင့်တကွ ၃၁တစ်ဘုံသားအားလုံး

ကြားကြားသမျှအမျှအမျှအမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု ၊

ဒကာမကြီး မသင်းကြိုင်နှင့်တကွ ၃၁တစ်ဘုံသားအားလုံး

ကြားကြားသမျှအမျှအမျှအမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု ၊

ဒကာမကြီး မသင်းကြိုင်နှင့်တကွ ၃၁တစ်ဘုံသားအားလုံး

ကြားကြားသမျှအမျှအမျှအမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု ”

ဆရာတော်နဲ့အတူ တရားနာသူတွေအားလုံးက ရေစက်ချအမျှအတန်းပေးဝေပြီးနောက်မှာ

ဆရာတော်က သူ့အနားကိုလာဖို့ ကိုသာဗျောကို လှမ်းခေါ်လိုက်ပြီး တိုးတိုးလေးမေးလိုက်တယ်

“ ဒကာကြီး ဦးဇင်းစကြွခါစက မြင်ထားတဲ့ ဟိုဓါတ်ပုံအောက်က ပုသင်ညိုအမဲခြောက်လေးရော

ရှိသေးလားသွားကြည့်စမ်း ”

ကိုသာဗျောကလည်း မသိမသာ သွားကြည့်လိုက်ရင်း မျက်လုံးပြူးမျက်စံပြူးအံ့သြတကြီးနဲ့

ဦးဇင်းကိုပြန်လာပြောတယ်….

“ ထူးဆန်းတယ် ဘုန်းဘုန်းအဲ့ဒီ့အကောင်လေး လုံးဝမရှိတော့ဘူး…

ခြောက်လကျော်လုံးလုံး သူ့သားဓါတ်ပုံအောက်မှာအစာမစားမလှုပ်မရှားအသက်လေးပဲရှှုနေပြီး

ဝဋ်ကြွေးခံအစွဲအလန်းကြီးတဲ့ ပုသင်ညိုအရောင်ဆောင်ထားတဲ့ သင်းသင်း…. ၊ ဆွေမျိုးတွေဆီမှာ

သွားသွား ခြောက်လန့်နေတတ်တဲ့သင်းသင်းအခုတော့ ကျွတ်လွတ်သွားရှာပြီပေါ့ ….အဟီး…. ”

ကိုသာဗျော ဒီတစ်ခါကျတဲ့မျက်ရည်တွေကတော့ ဇနီးသည်အတွက် ဝမ်းသာလို့ကျတဲ့မျက်ရည်တွေ

ဖြစ်နေမှာအမှန်ပါပဲ….. ။

သင်းသင်း(ခေါ်) မသင်းကြိုင်တစ်ယောက် တကယ်ရော သူ့သားသမီးတွေအပေါ်

စိတ်ပြတ်သွားနိုင်ရဲ့လား… ၊ တကယ်ရော ကျွတ်လွတ်သွားပြီလား… ၊ ဒါမှမဟုတ်

တစ်နေရာရာမှာများ ဆက်ရှိနေလေဦးမလားဆိုတာကတော့………….. ။

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 08.5.2019 ( 01 : 16 Am )

https://www.facebook.com/moeswebutterfly

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်





Some text some message..