“ လမ်းဆုံမှာ သူရှိတယ် ” { ဖြစ်ရပ်မှန် } ဇာတ်လမ်း/စာရေးသူ - မိုးစွေ
lotaya.mpt.com.mm
|
2019-05-09

“ လမ်းဆုံမှာ သူရှိတယ် ” { ဖြစ်ရပ်မှန် }

ဇာတ်လမ်း/စာရေးသူ - မိုးစွေ

၂၀၁၉ ခုနှစ်

ရန်ကုန် ၊ မြောက်ဒဂုံရှိအလုပ်ရုံတစ်ခုတွင်ဖြစ်သည် ၊

အလုပ်ချိန် နေ့ဆိုင်း ၊ ညဆိုင်းခွဲထားရာ ၊ ညဆိုင်းဆင်းနေရချိန်တွင်

အလုပ်သမလေးနှစ်ဦးအလုပ်လုပ်ရင်းအိပ်ချင်ပြေ

စကားပြောနေခြင်းပင် ။

“ နင် သရဲရှိတယ်ဆိုတာယုံလား နွေး”

ဝန်ထမ်းအသစ်မိန်းကလေး၏ ရုတ်တရက် မေးလိုက်သည့်

အမေးကြောင့် တစ်ဘက်မှ မိန်းကလေးက

“ ဟင့်အင်း မယုံဘူး…. မယုံကြည်ခဲ့ဘူး

ပြန်ဖြေလိုက်ပုံကိုအလိုမကျဟန်ဖြင့်

မေးခွန်းမေးနေသည့် မိန်းမငယ်ကဆက်၍

“ ဟင်… နင့်ဟာကလည်း မယုံကြည်တာလားဆိုတော့မဟုတ်ဘူး…

မယုံကြည်ခဲ့ဘူးဆိုတော့ … ”

ထိုအခါ ပြန်ဖြေနေသည့် မိန်းကလေးက သက်ပြင်းတစ်ချက်ချလိုက်ရင်း

“ ဟူး….အေးလေ… နှင်းရ …နင်ကအလုပ်ဝင်တာမကြာသေးဘူးဆိုတော့

ဘယ်သိပါ့မလဲ သရဲဆိုတာ ငါကိုယ်တိုင်လည်းအရင်က သိပ်မယုံခဲ့ဘူး

လူတွေ ခြောက်လန့်ဖို့သုံးတဲ့စကားလို့ပဲ ယုံမှတ်ခဲ့တာအခု ”

“အခု…. ဘာဖြစ်လည်း ဆက်ပြောပါဦး…. ”

“အခု.. နင့်ကိုပြောပြမယ့်အဖြစ်အပျက်လေး

မကြုံခင်အထိပေါ့…. ”

“ ဟင်…. ”

အလုပ်ရုံကြီးတစ်ခုလုံး သူလိုကိုယ်လို

ဘေးချင်းယှဉ်လျှက်အလုပ်လုပ်နေကြသည့် လူများစွာရှိသော်လည်း

ရုတ်တရက်အေးစက်စက်နိုင်လွန်းသွားသည်ဟုပင်

ထင်မှတ်မိတော့သည် ၊အရာရာ ထိုင်းမှိုင်းလို့……. ။

၂၀၁၇ ခုနှစ်

“ နွေး ရေ … နွေး လုပ်ပါဦး ငါဘာဖြစ်မှန်းမသိဘူး

အသက်ရှုရတာ တစ်ဆို့ဆို့ကြီးဖြစ်နေတယ် ခေါင်းတွေလည်းမူးလိုက်တာ

ကျွတ် ကျွတ် ကျွတ် ..အမလေး မျက်လုံးတွေ ပြာတက်လာပြီ

နွေးရေ လုပ်ပါဦး ”

ပြောပြောဆိုဆိုနှင့် သဲစု တစ်ယောက်အလုပ်လုပ်နေရာက ထိုင်ချလိုက်တော့သည် ၊

ထိုအခါ နံဘေးမှ နွေးနွေးအိမ် လည်း သူငယ်ချင်းဖြစ်သူကို

ချက်ချင်း ဖေးမလိုက်ရင်း…

“ ဟဲ့ သူငယ်ချင်း သဲစု..သတိထားလေ..သတိထားမှပေါ့…

နင်နေမကောင်ဘူးလား…ဟဲ့..ဟဲ့

အားတင်းထားနော် ငါအခု ဆေးခန်းလိုက်ပို့ပေးမယ်…. ”

အသက်ရှုကြပ်လွန်းသဖြင့် ခြေထောက်ခွေကျသွားသူ

သူငယ်ချင်းအားအသာ တွဲထူလိုက်ပြီးနောက်

အလုပ်အနီးမှ နှစ်ဆယ့်လေးနာရီ ဖွင့်သော ဆေးခန်းကြီးတစ်ခုသို့

တွဲပို့ပေးဖြစ်ခဲ့သည် ။

ဆေးခန်းသို့ရောက်သောအခါ ဆရာဝန်က စစ်ဆေးရာ…

မည်သည့် ရောဂါလက္ခဏာမျှ မတွေ့ရကြောင်း.. သိလိုက်ရသည် ၊

သို့သော်လည်း လူနာမှာအသက်ရှုကြပ်နေဆဲ ဖြစ်သဖြင့်

သက်သာလိုသက်သာငြား ဆေးထိုးပေးလိုက်သည် ၊

နွေးနွေအိမ် လည်း သူငယ်ချင်းကို ပြန်တွဲလာရင်း

အလုပ်ဆီပြန်လာခဲ့ကြသည် ။

“ သူငယ်ချင်း သဲစု..နင်သက်သာလား

အဆင်ပြေရဲ့လား… ”

လူနာမှ သူ၏လည်ပင်းနေရာတစ်ဝိုက်ကို

လက်ဖြင့် ပွတ်သပ်လိုက်ရင်းပြန်ဖြေသည်

“ နွေး….ငါ မသက်သာဘူး..အသက်ရှုရတာမဝဘူး…

အသက်ရှုကြပ်နေတုန်းပဲ… ”

“ ဟင်.. ဆေးလည်းထိုးထားပြီးပြီ

မသက်သာဘူးဆိုရင် ငါတို့ ဆေးရုံကိုပြေးကြရင်ကောင်းမလား…

နေပါဦး နင်အခုဖြစ်နေတာ ဘယ်လိုမျိုးဖြစ်တာလည်း

မသက်သာဘူးဆိုတာ ဘယ်လိုမသက်သာတာလည်း…

အရင်က ရောဂါရောရှိလို့လား.. ၊ ဆရာဝန်စစ်တာတော့

ဘာမှမတွေ့ဘူးပြောတာပဲနော်…. ၊ နင်ငါ့ကို

သေချာပြောစမ်းပါ သဲစုရာ..ငါစိတ်ပူလှပြီ… ”

“ နွေး…ငါပြောရင် နင်ယုံပေးနော်…. ”

နယ်မှ တက်လာသူချင်း ၊ နေကြသည့်အဆောင်နေရာမတူကြသော်လည်း

အလုပ်တွင် ဘေးချင်းကပ်ဖြစ်ကြပြီး သူငယ်ချင်းတစ်ဖြစ်လဲ

သွေးမတော်သားမစပ် သွေးသောက်ညီအစ်မသဖွယ်ဖြစ်ကြသူချင်းမို့

ပိုဂရုစိုက်မှုပေးမိသည် ။

“အေးပါဟာ..နင်ပြောသာပြော

ငါယုံပြီးသားပါ နင်ကငါ့သူငယ်ချင်းပဲလေ…

နင်ဘာဖြစ်တယ်ဆိုတာသိမှ ငါက ကူညီလို့ရမှာ

ပြောသူငယ်ချင်း… ”

“အဟွတ်အဟွတ်… ”

သဲစု တစ်ယောက်အားယူကာအသက်ကို ရှုနေရင်း

“ ဒီနေ့ ငါအလုပ်ကိုလာတော့

မြောက်ဒဂုံ ၇၈လမ်းစုံနားအရောက်

ငါ့အနောက်ကနေအရိပ်မဲမဲကြီး ပြေးလိုက်လာတယ် ၊

ငါအမြင်မမှားဘူး သေချာကိုမြင်လိုက်တာ…

ငါလည်း ကြောက်လန့်ပြီး ခပ်မြန်မြန်လေး မပြေးရုံုတမယ်

ဒီအလုပ်ကိုအရောက်လာခဲ့လိုက်တာ… ၊

အဲ့ဒီလို မြင်ပြီးအလုပ်ရောက်တော့အသက်ရှုကြပ်တော့တာပဲ… ”

ပြောနေရင်းကနေ သဲစု မျက်စိက တဖြည်းဖြည်း

နီရဲလာလိုက် မျက်ဖြူလန်သွားလိုက် ၊အသားတွေက

တုန်တုန်သွားလိုက်နဲ့ မူမမှန်ဖြစ်နေပါလေရော… ၊

သရဲ ၊ တစ္ဆေအကြောင်း စိတ်ဝင်စားပြီး…

သရဲဇာတ်ကား ၊ ရုပ်ရှင် ၊ စာအုပ် ၊ သတင်းတွေကို

မပြတ်လေ့လာထားမိသူ နွေးနွေးအိမ်တစ်ယောက်

သူဘာလုပ်ရမည်ကို ရိပ်စားမိသွားပြီး..

သူငယ်ချင်းဖြစ်သူကို နံရံဘက်မှာအသာ မှီခိုင်းထာားစေရင်း

ကိုယ်တိုင်ကမူ…အလုပ်ခွင် လုံခြုံရေးဂိတ်ရှိရာသို့

ပြေးသွားရင်းအကူအညီတောင်းတော့သည် ။

“ ဦးလေးကြီးရေ ကယ်ပါဦး…

သဲစု..သဲစု သရဲပူးနေတယ်… ၊

သူသေသွားလိမ့်မယ်…လုပ်ပါဦး..

ဘုရားစင်က ရေမန်းလေးတစ်ချက်လောက်

ယူပေးပါ….အမြန်………… ”

လုံခြုံရေး တာဝန်ရှိသူတွေနဲ့တစ်ကွ

သဲစု လက်ထဲမှာ ရေမန်းဘူး ကို ကိုင်ထားပြီး

သူငယ်ချင်းရှိရာကိုအမြန်ပြေးလာခဲ့လိုက်သည် ။

သဲစု…

သူ သဲစုကိုထားခဲ့သည့်နေရာနားတွင်

အလုပ်ရုံမှအခြား မိန်းကလေးများ ဝိုင်းအုံနေကြသည်ကို လှမ်းမြင်လိုက်ပြီး

အော်ဟစ်သံများကိုလည်း ကြားလိုက်လိုက်ရသဖြင့်

သူမ ခြေလှမ်းများကို ခပ်မြန်မြန် လှမ်းလိုက်ရင်း

ရင်ထဲက သောကမီးတောက် ပိုကြီးလာပုံရသည် ။

“ ဟင်း..ဟင်း..ဟင်း..ဟင်း..

ဟီး..ဟီး..ဟီး..ဟီး.. ”

လူပုံအလယ်တွင် သဲစုမှာ ခါးအထိရှည်သည့် ဆံပင်ရှည်အား

အတိုင်းသား ချထားလျှက် သတ္တဝါတစ်ကောင်သဖွယ်

ကုန်းကုန်းကွကွဖြင့် လုပ်နေရင်း ရယ်မော ညည်းတွားနေသည်ကို

မြင်လိုက်ရတော့သည် ။

“ ဖယ်..ဖယ်..ဖယ်…

အမြန်…ဘေးဖယ်ကြ…. ”

နွေးနွေးအိမ် နှင့် လုံခြုံရေးဦးလေးကြီးတို့က

ဝိုင်းကြည့်နေသည့် မိန်းကလေးများအား

ချဲလိုက်ရင်း လူတွေကြား တိုးဝှေ့ရင်း လူအလယ်နေရာသို့အရောက်

ဝင်သွားလိုက်ကြသည့် ၊ လူပုံအလယ်ရှိ သဲစုအနားအရောက်တွင်

နွေးနွေးအိမ်က…

“ သဲစု..သဲစု… သူငယ်ချင်း သတိထားလေ…

သူငယ်ချင်း..ဟဲ…ဟဲ… ”

နွေးနွေးအိမ် စကားအဆုံး

သဲစုက ဖွါလန်ကျဲနေသည့် ဆံပင်များအောက်မှ

မျက်ထောင့်နီကြီးဖြင့် နွေးနွေးအိမ်ကို တစ်ချက်မော့ကြည့်လိုက်ရင်း

“ ဟဲ့…ကောင်မ…ငါသဲစုမဟုတ်ဘူး…

ငါက သဲစုဝိညာဉ် နှုတ်မလို့ ဟဲ့… ”

နွေးနွေးအိမ်လည်းအခြေအနေမကောင်းတော့မှန်း

သတိထားမိလိုက်ပြီး သူငယ်ချင်းအချို့ကိုအနီးဆုံး

ဘုန်းတော်ကြီးကျောင်းဆီက သီလ ၊ သမာဓိနှင့် ပြည့်စုံသည့်

ဘုန်းတော်ကြီး တစ်ပါးကိုအမြန်သွားပင့်ပြီးအကူအညီတောင်းစေရင်း ၊

လုံခြုံရေးတာဝန်ကျ ဦးလေးကြီးများကို…

သဲစု၏ လက်များအား ကိုင်ချုပ်ထားခိုင်းလိုက်သည် ။

ယောကျာ်းလေး ဝန်ထမ်းမရှိသည့်ထိုအလုပ်ခွင်တွင်

ကြောက်လန့်သော်လည်း လုံခြုံရေးတာဝန်ယူထားသူများမို့

ဦးလေးကြီးများက သဲစုကို ဝိုင်းချုပ်ထားလိုက်ကြသည် ၊

ဝိုင်းအုံကြည့်နေကြသည့် မိန်းကလေးများမှာတော့

ရင်တထိတ်ထတ်ဖြင့် … ၊

စိတ်ချရလောက်သည့်အနေအထားရောက်မှ နွေးနွေးအိမ်လည်း

သူငယ်ချင်းဖြစ်သူ ပါးစပ်ကို ဖြဲစေပြီးအသင့်ယူလာသည့်

ရေမန်းများကို လောင်းထည့်လိုက်တော့သည် … ၊

ရေမန်းများ စတိုက်သည့်အချိန်တွင်ပင် သဲစုမှာ

ရုန်းကန်အော်ဟစ် သောင်းကြမ်းရင်း

ပါးစပ်ကိုအတင်းပိတ်ထားလေသည် ၊ တစ်ရံတစ်ခါ သဲစုကဲ့သို့

ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ် မိန်းမငယ်လေး ရုန်းအားတွင်

အလွန် ကြုံခိုင်လှသည့် ယောကျာ်းသား လုံခြုံရေးဦးလေးကြီးများပင်

ယိမ်းယိုင် ပါလာသေးသည် ။

ရုန်းကန်နေရင်း……….

သဲစုပါးစပ်မှအသံနက်ကြီးဖြင့် ပလုံးပထွေးအော်ဟစ်သံများမှာ

ကြောက်ခမန်းလိလိ ကြက်သီးမွှေးညှင်းများထောင်သွားလောက်သည့်

ညနက်၏ တေးသွားပေလော… ။

“ ငါ ဒီ ကောင်မလေးကို ဝိညာဉ် နှုတ်မှဖြစ်မယ်…

ငါလုပ်မှာ…လုပ်ကိုလုပ်မှာ…ငါလုပ်မှရမယ်…

ဘယ်သူမှငါ့ကို မတားကြနဲ့…ဖယ်ကြစမ်း…

ဟီး ဟီး ဟီး ဟီး ”

တစ်ဆက်တည်းဆိုသလိုပင်

နွေးနွေးအိမ် လည်း သူငယ်ချင်းဖြစ်သူ

သဲစုကို စိတ်ပူသွားပြီးနောက် သူဖတ်ဖူးသည့်

ပရစာအုပ်များထဲမှ နည်းများအတိုင်း

လက်တွေကအသုံးချကြည့်လိုက်တော့သည် ။

ထိုနည်းလမ်းမှာ

အလွတ်ရနေမိသော ဘုရားစာတစ်ခုခုဆိုတော့….

နွေးနွေးအိမ်က ပဋ္ဌာန်း၂၄ပစ္စည်းအကျဉ်းကို

ဟေတုပစ္စယော မှစတင်ပြီး ..ဆက်တိုက်ရွတ်ဆိုကာ

လက်ညှိုးကလည်း သူငယ်ချင်းဖြစ်သူ သဲစုအား

ကြိုးဖြင့် ပတ်နှောင်သည့် ဟန် ဝှေ့ပြရင်း

ဘုရားရှင်ကိုအားရုံပြုလျှက် ရွတ်ဆိုနေမိသည် …. ၊

ထိုနောက် သိသာစွာ ကြိုးတစ်ခုခုက သဲစုကို တုပ်နှောင်သည့်နယ်

သဲစု ရုန်းကန်နိုင်ခြင်းမရှိတော့ပဲအော်ဟစ်၍သာနေလေသည် ၊

လုံခြုံရေးဦးလေးကြီးများလည်း ချွေးများတစ်ရွှဲရွှဲဖြင့်

သက်သာရာ ရသွားသလိုအမောဖြေနေကြရတော့သည် … ။

များမကြာမှီမှာပင်အလုပ်မှ ဝန်ထမ်း သမလေးများနှင့်

ဘုန်းတော်ကြီးတစ်ပါးအတူပါလာတော့သည် ။

ဘုန်းတော်ကြီးကြွလာသည်နှင့် ဘုန်းတော်ကြီးအား

အကျိုးအကြောင်းပြောပြလိုက်ပြီးနေက် ဘုန်းကြီးထိုင်ဖို့အတွက်

ထိုင်ခုံတစ်ခုကို သဲစုရှေ့တည့်တည့်တွင် စီစဉ်ပေးလိုက်သည် ၊

ဘုန်းတော်ကြီးမှာ သက်တော် ၃၀၀န်းကျင်သာရှိလောက်သေးသော်လည်း

သံဃာတော်အိန္ဒြေများနှင့် တည်ကြည်လေးနက်မှုတို့ကို

အတိုင်းသားအထင်းသား မြင်တွေ့နေရပြီး ကြည်ညိုဖွယ်ရာပင် ။

“အခု ဒကာမလေး သဲစု ခန္ဓာကိုယ်မှာ ကပ်တွယ်နေတဲ့

ပုဂ္ဂိုလ်ကို ဘုန်းကြီး မေတ္တာနဲ့မေးပါရစေ… ၊ ဘာ ပုဂ္ဂိုလ်များလဲ… ”

ဘုန်းတော်ကြီးကြွလာသည်နှင့် သောင်းကျန်းအော်ဟစ်နေသည့်

သဲစုတစ်ယောက် ခေါင်းငိုက်စိုက်ကျသွားရင်း ဘုန်းတော်ကြီးကို

မော်မဖူးရဲ့သည့်ပုံမျိုးဖြစ်နေသည် ။

ဘုန်းတော်ကြီးက နောက်တစ်ကြိမ်ထပ်မေးလိုက်သည့်အခါမှ

သဲစုထံက ခပ်ပြတ်ပြတ်လေသံဖြင့် စကားသံထွက်လာတော့သည် ။

“ပြိတ္တာဘုံသားအစိမ်းသရဲမ ပါအရှင်ဘုရား ”

သဲစုပြန်ဖြေလိုက်သည့် စကားကြောင့်

ကြောက်လန့်ခြင်း ဓါတ်ခံရှိနေရာမှ ပိုမို

သွေးပျက်သွားမိသူများမှာ ဝိုင်းကြည့်နေကြသည့်

အလုပ်ရုံမှ ဝန်ထမ်းများပင်….

“ ဟင် ”

“အမလေးတော့ ”

“ ဘုရားရေ ”

စသဖြင့်အာမေဋိတ်သံများ တန်းစီထွက်လာကြကာ

အချင်းချင်းလည်းအသားချင်း ထိကပ်နေအောင် ကပ်မိသွားကြရင်း

ပွဲတစ်ခုကို ရင်ခုန်ဖွယ်ကြည့်နေကြသည့်ပုံမျိုးဖြင့် ဘာဆက်ဖြစ်မည်ကို စောင့်နေကြသည် ။

ဆက်လက်၍ ဘုန်းတော်ကြီးက

“ ဒကာမကြီးကအစိမ်းသရဲမ လို့….ဆိုပါတော့ ဘုန်းကြီးကိုတော့

မလိမ်ကောင်းပါဘူးနော်… ၊ ဒါဆို ဒီ..ဒကာမလေး သဲစုကို ဘာလို့

ဒုက္ခပေးနေရတာတုန်း… ”

ဘုန်းတော်ကြီးအမေးကိုအစိမ်းသရဲမက ချက်ချင်းဝမ်းနည်းသံဖြင့် ပြန်ဖြေသည် ။

“ တ..တ…တင်ပါ..တပည့်တော် ဒုက္ခပေးတာမဟုတ်ပါဘူးဘုရား

တပည့်တော် ဒီဘဝဆိုးကြီးက ကျွတ်ချင်လွတ်ချင်လို့ပါဘုရား..

တပည့်တော် ဒီဘဝရောက်နေတာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီဘုရား…

တပည့်တော်မ ဒုက္ခဆင်းရဲမျိုးစုံကို ခံစားခဲ့ရပြီး ..အခုအဆင့်အတန်းတစ်ခုကို

ရောက်နေတဲ့အတွက် လူစားလည်းနိုင်တဲ့အခွင့်အရေးရထားပါတယ်ဘုရား…

လူစားလဲတဲ့အခါမှာလည်း ကြိုက်တဲ့သူနဲ့ လဲလို့မရပါဘူး

တပည့်တော်အနားက ဖြတ်သွားတဲ့သူတွေတော်တော်များများကို

လူစားလဲမလို့ ကြံပြီး လိုက်ကပ်ကြည့်တယ်…

တစ်ယောက်အနားမှ ကပ်လို့မရခဲ့ပါဘူး..ဒီကောင်မလေးကျတော့

အလွယ်တကူကပ်လို့ရတဲ့အတွက် တပည့်တော် ကြံမိကြံရာကြံပြီး

တပည့်တော်နေရာမှာ သူ့ကိုအစားထိုးဖို့ ….လူစားလဲဖို့

လုပ်ရတာပါ ဘုရား… ၊အရှင်ဘုရားတပည့်တော်ကို သနားသောအားဖြင့်

ဒီကောင်မလေးကို တပည့်တော် လူစားလဲခွင့်ပြုပါဘုရား.. ၊

တပည့်တော်က တပည့်တော် ပိုင်စားရထားတဲ့နေရာမှာ စောင့်နေရတဲ့အတွက်

မကျွတ်မလွတ်ဖြစ်နေရပါတယ်… ဒီကောင်မလေးနဲ့သာ လူစားလဲလိုက်ရရင်

တပည့်တော်လက်ရှိနေရာမှာ ဒီကောင်မလေးက တပည့်တော်လိုပဲ

အစိမ်းသရဲမအဖြစ် ဆက်ပြီးရှိနေပါလိမ့်မယ် တပည့်တော်ကတော့

ဒီဘဝဆိုးကနေ ကျွတ်သွားရမှာပါဘုရား…တပည့်တော်ကိုသနားပါဘုရား.. ”

သဲစု ကိုယ်ထဲမှအစိမ်းသရဲမစကားကိုကြားမှအားလုံးလည်း

ပိုထိန်လန့်သွားကြတော့သည် ၊အထူးသဖြင့်

နွေးနွေးအိမ်…သူမ သူငယ်ချင်းအတွက် ပိုစိတ်ပူသွားမိသည်.. ၊

ဒီနေရာမှာ ဘုန်းတော်ကြီးကသာ သဘောတူခဲ့မည်ဆိုလျှင်

သူငယ်ချင်းသေသွားနိုင်တယ်မဟုတ်လား…. ။

တစ်ဖန် ဘုန်းတော်ကြီးက

လွန်စွာ သြဇာပြည့်စသောအသံဖြင့်

“ သြော်…ဒကာမကြီးက နေရာလဲချင်တာပေါ့…

အခု ဒကာမကြီးကိုယ်တောင် ဒီနေရာမှာ

ဘယ်လောက်အထိ ဒုက္ခတွေ ခံပြီးပြီလဲ…ကြည့်စမ်း

အခုလည်း သူတစ်ပါးအသက်ကိုသက်ပြီး

ဒုက္ခဆင်းရဲများတဲ့နေရာကြီးမှာ သူများကို

ဆက်ပြီး စိတ်ဆင်းရဲ့ ကိုယ်ဆင်းရဲဖြစ်အောင်

လုပ်ဦးမယ်ဆိုတော့…ဒကာမကြီးရဲ့အပြစ်တွေက

များသထက်များမသွားဘူးလား…. ၊

ဘုန်းကြီးသိချင်တာက လူစာမလဲပဲနဲ့ရော

ဒကာမကြီး ဒီဘဝက ကျွတ်မယ့်လမ်းမရှိတော့ဘူးလား… ၊

ဒကာမကြီးကိုယ်တိုင်ကရော ဒီဘဝကို ဘယ်လိုများရောက်ခဲ့ရတာလဲကွယ်… ”

“ ဦးတင်ပါတယ်အရှင်မြတ်ဘုရား…

တပည့်တော်မက တစ်ချိန်တုန်းက သူတို့လိုပါပဲ

အလုပ်သမတစ်ယောက်ပါ….

တစ်နေ့ တပည့်တော်မအလုပ်ကို သွားနေကြအတိုင်း

သွားခဲ့တုန်း… မြောက်ဒဂုံ ၇၈ လမ်းစုံအနားအရောက်မှာ

တပည့်တော်မကို ကားတစ်စီးက ဝင်တိုက်သွားခဲ့ပါတယ် … ၊

တပည့်တော်မလည်း ကားတိုက်ခံရတဲ့နေရာမှာတင် ပွဲချင်းပြီး

သေခဲ့ရပါတယ်…တိုက်သွားတဲ့အချိန်က ညဘက် ၊ လူကလည်းရှင်းဆိုတော့

အမှုမှန်လည်း မပေါ်ခဲ့ပါဘူး… ၊ တပည့်တော်မကိုယ်တိုင်က နယ်ကနေ

ရန်ကုန်လာပြီးအလုပ်လုပ်တဲ့သူမို့ နယ်ကမိဘတွေကလည်း

တပည့်တော်မ သေဆုံးပြီးအတော်ကြာမှ သိပါတယ်… ၊

တပည့်တော်မအတွက် ရည်စူးပြီး တစ်ဦးတစ်ယောက်မျှလည်း

ကုသိုလ်လုပ်ပေးခဲ့ခြင်းမရှိခဲ့ပါဘူးအရှင်ဘုရား…အီး..ဟီး…

ဒီ..ဒါကြောင့် ဒီလိုအဖြစ်ဆိုးကြီး..ဘဝဆိုးကြီးမှာ တပည့်တော်မ

မကျွတ်မလွတ်နိုင်ဖြစ်နေပြီး..အခု ကျွတ်ချိန်တန်လာလို့

တပည့်တော်မ ဒီကလေးမနဲ့လူစားလဲခွင့်ရလာခဲ့ပါပြီဘုရား… ”

ငိုယိုရင်း သူကဘဝကိုပြောပြနေပြန်နေပြန်သည့်

သရဲမကိုမြင်ပြန်တော့လည်း လူများ မျက်ရည်စို့ရပြန်ပြီ ၊

လူစားလဲဖို့ကိုသာ တွင်တွင်ချည်းပြောနေပြန်သည့်အတွက်လည်း

သဲစုအတွက် စိုးရိမ်ရပြန်သေးသည် ၊ ဆက်၍ ဘုန်းတော်ကြီးက

“ ဖြစ်မှဖြစ်ရလေကွယ်….အဖြစ်ဆိုးလှချည်လား ဒကာမကြီးရယ်….

ကံကံရဲ့အကျိုးလို့ပဲ မှတ်ပေဦးတော့….. ဘုန်းကြီးတစ်ခုပြောချင်တာက

ဒကာမကြီးဟာ ဒီဘဝဆိုးကြီးက ကျွတ်လွတ်ချင်ယုံပဲမဟုတ်လား… ”

“ တင်ပါ့ မှန်ပါဘုရား…. ”

“ ဒါဆို လူစားလဲစရာမလိုပါဘူး…ဒကာမကြီးကွယ်လွန်တုန်းက

ကုသိုလ်လုပ်ပေးမယ့်သူမရှိတော့ မကျွတ်မလွတ်ဖြစ်ခဲ့ရတယ်ဆိုတော့

အခု ဘုန်းကြီးက ဒကာမကြီးသေဆုံးသွားခဲ့ရတဲ့နေရာမှာ

ဒကာမကြီးနာမည်ကိုခေါ်ပြီး ဒကာမကြီးအတွက် ရည်စူးကုသိုလ်လုပ်ပေးမယ်ဆိုရင်လည်း

ဒီဘဝဆိုးကြီးက ကျွတ်လွတ်နိုင်တာမို့ ဒကာမကြီးကျေနပ်ရဲ့လား… ”

သရဲမက ဟန်ပင်မဆောင်နိုင်တော့ပဲအားရပါးရ ထရယ်လိုက်ရင်း…

“ ဟား..ဟား…ဟား… ကျေနပ်တာပေါ့အရမ်းကို

အားရကျေနပ်ပါတယ်အရှင်မြတ်ဘုရား… တပည့်တော်မနာမည်က

အေးသွယ် လို့ခေါ်ပါတယ်…အလှူအတန်းကုသိုလ်လုပ်ပေးခါနီး

တပည့်တော်မရှိတဲ့ နေရာမှာ နာမည် လာခေါ်ပေးပါ… ၊

နောက်ပြီး တပည့်တော်မလိုပဲအမျှအတန်းမရလိုက်ကြတဲ့

ပရလောကသားတွေအများကြီးကျန်ပါသေးတယ်…

သူတို့အတွက်လည်း တစ်ခါတည်း ရည်စူးကုသိုလ်လုပ်ပေးပါလို့

လျှောက်ပါရစေအရှင်ဘုရား…. ”

“အိမ်း…ကောင်းပြီ…ဘုန်းကြီးကတိပေးပါတယ်…

ဒကာမကြီးဘက်ကလည်း ဒီကလေးမကို

ဘယ်လိုမှ နောက်ထပ် မနှောက်ယှက်ပါဘူး.. ၊

နောက်ဘယ်သူ့ကိုမှ ထိခိုက်ပျကိစီးအောင် မကြံစည်တော့ပါဘူးလို့

ကတိပြန်ပေးရမယ်ဟေ့.. ပေးမလား.. ”

“ တပည့်တော်မ ဝမ်းမြောက်ဝမ်းသာ ကတိပေးပါတယ်အရှင်ဘုရား ”

“ သာဓု..သာဓု..သာဓု ”

“ ဒါဆို ဒကာမကြီး နေရာကို ပြန်ပေဦးတော့..

ဘုန်းကြီးတို့တိုင်ပင်ပြီး ဒီအပတ်အတွင်း

ဒကာမကြီးအတွက် ကုသိုလ်ပြုပေးမယ် ကြားလား… ”

“ တင်ပါ့ဘုရား တပည့်တော် ပြန်ချင်တိုင်းပြန်မရပါ..ဘုရား

တပည့်တော်ကို ဟိုကလေးမ ကြိုးတုပ်ထားပါတယ်ဘုရား ”

ပြောပြောဆိုဆိုနှင့် သရဲမက နွေးနွေးအိမ်ကို လက်ညှိုးထိုးပြလိုက်တော့သည် ၊

နွေးနွေးအိမ်လည်း မှင်သက်နေရာမှအသိဝင်လာပြီးနောက်

ဘုန်းတော်ကြီးကိုတစ်ချက်ကြည့်လိုက်ရာ ဘုန်းတော်ကြီးက

ခေါင်းငြိမ့်ပြသဖြင့် နွေးနွေးအိမ် မြန်စွာဘုရားကို

အာရုံပြုထားရင်းအစက ကြိုးချည်နှောင်ထားသည့်

အနေအထားအတိုင်း လက်ညှိုးကို သရဲမဘက်ထိုးထားရင်း

ပထမအနေအထားနှင့် ပြောင်းပြန်ပြန်ရစ် ကြိုးဖြည်ပေးသည့်ဟန်

ဖြေလျော့ပေးရင်း ပါးစပ်မှ ပဋ္ဌာန်းကိုလည်းပြန်ရွတ်ဆိုလိုက်တော့သည် ၊

ထိုအခါမှ သရဲမလည်း လက်နှစ်ဖက် လှုပ်လာပြီး ဘုန်းတော်ကြီးကို

ဦးတိုက်ကာ သူထွက်သွားသည့်သဘောပြလျှက်…

ဝင်ပူးခံထားရသည့် သဲစုမှာမူ နေရာမှာပင် ပျော့ခွေကျကျန်ခဲ့တော့သည် ။

နောင်ရက်များတွင် ကတိအတိုင်း

ဘုန်းတော်ကြီးက ဦးဆောင်ကာ

နွေးနွေးအိမ်တို့အလုပ်ရုံမှအလုပ်သမားများအားလုံး

သဒ္ဒါအလျှောက်အလှူငွေများစုပြီးအစိမ်းသရဲမအေးသွယ် နှင့်တစ်ကွ

မကျွတ်မလွတ်သေးကြတဲ့ မြင်အပ်မမြင်အပ် ပရလောကသား ၃၁ဘုံသားအားလုံးတို့အတွက်

ရည်စူးကုသိုလ် ပြုဖြစ်ခဲ့ကြသည် ။

“ ကဲ နင်ရော ဘယ်လိုထင်လဲ နှင်း…

သရဲရှိတယ်ဆိုတာကို ငါယုံခဲ့တဲ့အဖြစ်လေးလည်း

နင်မယုံရင် ဒီတစ်ရုံးလုံးကိုမေးကြည့်ပေါ့

ဒါဆို ငါအမှန်ပြောနေတယ်ဆိုတာ နင်သိလိမ့်မယ်…

ဟင်…

ဟဲ့…

ဟဲ့…

နှင်း… ”

တစ်ဖက်မှ မိန်းကလေးက ငိုင်နေသဖြင့်

နွေးနွေးအိမ်က လှမ်းပုတ်လိုက်ရာ

အသိဝင်သွားပြီး

“ သြော်…အေ..အေ..အေး…ဘာဖြစ်လို့လဲနွေး ”

“ နင်ဘာတွေစဉ်းစားနေတာလဲ ၊ ငါပြောနေတာတွေရောကြားရဲ့လား…”

“ င…ငါ..ငါ..ငါလား..

ကြားပါတယ်…ဟီးဟီး.. ”

“ နင်ကအင်းမလုပ်အဲမလုပ်တော့ ငါကအရူးကျနေတာပဲ

တစ်ယောက်တည်းပြောနေရတာ..

ဒါနဲက နင်ကြောက်သွားတာလား…

မကြောက်ပါနဲ့ဟာ..သူလည်း ကျွတ်သွားလောက်ပါပြီ ”

နွေးနွေးအိမ်စကားကိုကြားလိုက်သဖြင့်

နှင်းဆိုသော မိန်းကလေးမှအားရဝမ်းသာဖြင့်

“ သူ..သူ..ကျွတ်သွားပြီဆိုတာတကယ်လား

နင်..နင်..ကဘယ်လိုသိတာတုန်း…. ”

“ ဒါကတော့ ငါလည်းမြင်ရတာမှမဟုတ်ပဲ..

သူပြောသလို ကုသိုလ်လုပ်ပေးပြီးပြီပဲလေ…

သူသေချာပေါက်ရမှာပါ…

သူ သာဓုခေါ်ခဲ့ရင်ပေါ့… ”

“ ဟင်… ဒါဆို သူက သာဓုမခေါ်ခဲ့ရင်ရော… ”

“အူ……………….”

တစ်ချိန်ထဲဆိုသလိုပင် ခွေးအူသံများကို

ဆက်တိုက်ကြားလိုက်ရသဖြင့်

နှင်း တစ်ယောက်အလုပ်ရုံကြီးကို ပတ်ပတ်လည်

တစ်ချက်ကြည့်လိုက်ရင်း

ကြက်သီးေျွှးညှင်းများထောင်ထလာမိကာ

စကားစဖြတ်လိုက်တော့သည် ။

“ ထားပါတော့လေ….ငါတို့အလုပ်ဆက်လုပ်တာပေါ့

ငါအိမ်သာခဏသွားလိုက်ဦးမယ် နွေး ”

ပြောပြောဆိုဆိုနှင့်

ခြေတုန်လက်တုန်ဖြစ်ရင်း

အလုပ်ရုံရှိ နံဘေးမှအခြားဝန်ထမ်းများကို တစ်ယောက်ပြီးတစ်ယောက်

ကျော်ဖြတ်လာရင်း….. နှင်းတစ်ယောက်တည်း

အိမ်သာဘက်ကိုလျှောက်လာခဲ့မိသည် ၊

သူ့အတွေးထဲတွင်မူ……………

လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က………….. ။

************************************

၂၀၀၅ ခုနှစ်၊ သောကြာနေ ၊ ည ၁၀နာရီ

Toyota SE Taxi ကားအဖြူရောင်လေးတစ်စီး

အရှိန်ခပ်ပြင်းပြင်းမောင်းလာရင်း လမ်းတစ်လျှောက်

မင်းမူနေလေသည် ၊ ကားပေါ်တွင်အသက် ၄၀ကျော်ခန့်လူတစ်ဦးနှင့်

ဆယ်ကျော်သက်အရွယ်အပျိုဖော်ဝင်ခါစ မိန်းကလေးတစ်ဦး ။

“ ဖေကြီးအရက်တွေသောက်ပြီးအဲ့လောက်အမြန်မမောင်နဲ့

သမီးကြောက်တယ် ”

“အမလေး ငါ့သမီးက …အဖေ့ကိုမယုံဘူးလား..

အဖေက ကားမောင်ဒီလောက်ကျွမ်းတာကို… ”

“အား…ဖေကြီးရှေ့မှာ….. ”

“အား…………….. ”

“ ဒုန်း……ဝုန်း… ”

သမီးဖြစ်သူကို တစ်ချက်လှည့်စကားပြောလိုက်ရာမှ

ရှေ့က လမ်းဖြတ်ကူးနေသူတစ်ဦးကိုအရှိန်ဖြင့်ဝင်တိုက်မိသွားတော့သည် ။

“ ဖေ..ဖေ..ဖေ..ကြီး….ကားနဲ့လူတစ်ယောက်တိုက်မိသွားတယ် ၊

ကားမှန်မှာလဲ သွေးတွေ…. ”

အဖေလုပ်သူမှာလည်း သွေးရူးသွေးတန်းဖြစ်နေရာက

အားတင်းထားပြီး သမီးကို ....

“ ဟ…ဟ…ဟ….ဟ…ဟ..

တိတ်နေစမ်းသမီး….သမီးလေး နှင်း…

ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောရဘူးနေုုာ်....

သမီးသာပြောလိုက်ရင် ဖေကြီးနဲ့သမီး

တစ်သက်လုံးခွဲနေကြရလိမ့်မယ်…

သမီးလေးဖေကြီးနဲ့ ခွဲချင်လား… ”

“ ဟင့်အင်းမခွဲချင်ဘူး ”

“ ဒါဆိုမပြောရဘူးနော် ဖေကြီးကို ကတိပေး… ”

“ ကတိဖေကြီး…ဖေကြီး..ဒါနဲ့ဖေကြီးတိုက်လိုက်တဲ့လူက

မိန်းကလေးတစ်ယောက်ပဲ သေတော့မသေသွားပါဘူး..

ဘက်မှန်ထဲမှာ သမီးတို့ကားကို ရပ်ကြည့်နေတယ်

တွေ့လား ဖေကြီး……. ”

ကားဘက်သို့ ရပ်ကြည့်နေသည့်

မိန်းကလေးသဏ္ဍန်တစ်ခုမှာ မပြီပြင်ဝိုးတစ်ဝါးဖြင့်

သွေးပျက်ဖွယ်အတိ………. ။

#END

ကြိုးစားသွားပါဦးမည် ….

မိုးစွေ

စာပြီးချိန်(8.1.2019/3:57AM)


ဆောင်းပါးများ

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်





Some text some message..